အခန်း (၃၅၅၈-၃၅၆၁)
Vol. 181 Ch. 3558-3561
Chapter 3558
ဤရူးသွပ်နတ်ဆိုးနန်းတော်သည် အလွန်ကျယ်ဝန်းပေ၏။
ပတ်ဝန်းကျင်ကိုကြည့်ပါက အမိုးသည် မြေပြင်နှင့်အနည်းဆုံး မီတာလေးဆယ် ငါးဆယ်ခန့် ကွာဝေးသည်။တစ်စုံတစ်ယောက်သည် ဤနန်းတော်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူ့ကိုယ်သူ အလွန်သေးငယ်သည်ဟု ခံစားရပေမည်။
ရူးသွပ်နတ်ဆိုးနန်းတော် ပင်မခန်းမ၏နံဘေးနှစ်ဘက်စလုံးတွင် ရုပ်ထုများအတန်းလိုက်ရှိနေသည်။ထိုရုပ်ထုများကို ပူးကပ်စွာနေရာချထားပြီး ရုပ်ထုတစ်ရာကျော်ခန့် ရှိနေလေ၏။
ထိုရုပ်ထုများသည် ကွဲပြားခြားနားသောပုံသဏ္ဍာန်များရှိသော်လည်း ချွင်းချက်မရှိဘဲ ရှေးဟောင်းရူးသွပ်နတ်ဆိုးများနှင့် တူညီနေသည်။
ခန်းမ၏အလယ်ဗဟို၌ တခြားရုပ်ထုများထက် ပို၍ကြီးမားသော ရုပ်ထုကြီးတစ်ခုရှိနေသည်။
ဤရုပ်ထုသည် အပြည့်အဝနက်မှောင်နေကာ တခြားရူးသွပ်နတ်ဆိုးရုပ်ထုများကဲ့သို့ ရူးသွပ်နေသော ပုံပန်းသွင်ပြင်မျိုးမရှိဘဲ နတ်ဘုရားတစ်ပါးနှင့်ပို၍တူညီနေသည်။ထိုရုပ်ထုကြီး၏မျက်နှာသည် တည်ကြည်လေးနက်ပြီး ပလ္လင်တစ်လုံးပေါ်၌ ပလ္လင်ခွေထိုင်နေလေ၏။သူ၏မျက်လုံးတစ်စုံသည် ကြည်လင်ပြတ်သားနေကာ အတွင်း၌အသက်စွမ်းအားများ ပျော်ဝင်နေသည့်အလား အသက်ဝင်လှသည်။
တခြားသူများသည် ဤရုပ်ထုကြီး၏ရှေ့၌ မတ်တတ်ရပ်မိသည်နှင့် ဝတ်ပြုကိုးကွယ်လိုစိတ်များ ပေါက်ဖွားလာပေမည်။
"ရှေးဟောင်းနတ်ဘုရား...ဒါက ရူးသွပ်နတ်ဆိုးတွေရဲ့ဘိုးဘေးပဲဖြစ်မယ်"
လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ကျမ်းစာအမြောက်အများကို ဖတ်ရှုပြီးသဖြင့် အတိတ်နှင့်ပစ္စုပ္ပန်ကို နားလည်သဘောပေါက်ထားသည်။သူသည် ရှေးဟောင်းခေတ်အတွင်းရှိ ကိစ္စရပ်များကိုလည်း အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။
အမှန်အားဖြင့် ရှေးဟောင်းခေတ်အတွင်း၌ မိကောင်းကင်ဘုံနယ်မြေရှိ စည်းမျဥ်းဥပဒေသများသည် ယခုခေတ်ကာလထက် များစွာပို၍တင်းကြပ်သည်။
ဤရှေးဟောင်းနတ်ဘုရားသည် ကိစ္စငယ်လေးတစ်ရပ်ကြောင့် ကောင်းကင်ဘုံနယ်မြေ၏စည်းမျဥ်းကို ချိုးဖောက်ခဲ့မိသည်။ထို့ကြောင့် သူသည် သေမျိုးလောကသို့ အဆင့်နှိမ့်ချခြင်းခံရကာ သူ၏သွေးမျိုးဆက်များသည်လည်း နတ်ဘုရားစွမ်းအားများ ပျောက်ကွယ်သွားကာ နတ်ဆိုးများအဖြစ် ပြောင်းလဲသွားပေ၏။
ကောင်းကင်ဘုံနန်းတွင်း၌ အစွမ်းထက်သော နတ်ဘုရားတချို့ကို ရှေးဟောင်းနတ်ဘုရားများဟု ခေါ်ဆိုသည်။
သူတို့ကို ရှေးဟောင်းခေတ်ကာလ၏ရှည်လျားသောသမိုင်းစဥ်အတွင်း၌ မှတ်တမ်းတင်ထားသည်။ဤရှေးဟောင်းနတ်ဘုရားများသည် သာမာန်နတ်ဘုရားများနှင့် ကွဲပြားခြားနားသည်။သူတို့သည် သေမျိုးလောက၏ ယုံကြည်သက်ဝင်မှုကြောင့် ဖွဲ့စည်းလာခြင်းမဟုတ်ဘဲ လောကကြီးအတွင်းတွင် အလိုအလျောက်ဖြစ်တည်လာသော နတ်ဘုရားများဖြစ်သည်။
ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပြိုလဲသွားသည့်တိုင် ရှေးဟောင်းနတ်ဘုရားများကို ယုံကြည်ကိုးကွယ်သူများ ကျန်ရှိနေဆဲပင်။
ယခုချိန်တွင် အထွတ်အထိပ်ဂိုဏ်းသည် ရူးသွပ်နတ်ဆိုးကို ယုံကြည်ကိုးကွယ်သူများဖြစ်သည်။
ခန်းမအတွင်းသို့ တစ်စုံတစ်ယောက်ဝင်လာသည်ကို အာရုံခံမိသည့်အလား နန်းတော်၏အမှောင်ထုအတွင်း၌ ချိပ်ပိတ်ထားသော ကြေးနီမီးအိမ်များ ရုတ်တရက် လင်းလက်တောက်ပလာပေ၏။
ကြေးနီမီးအိမ်များတစ်ခုပြီးတစ်ခု ဆက်တိုက်တောက်ပလာကာ လုယွီ၏ရှေ့ရှိ မြင်ကွင်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။
မှောင်မည်းနေသောခန်းမတစ်ခုလုံး ရုတ်တရက် လင်းလက်တောက်ပသွားသည်။
ဝုန်း...ဝုန်း...
ထိုအလင်းတန်းများ ကျရောက်လာသည်နှင့် ခန်းမအတွင်းရှိ ရုပ်ထုများသည် ထာဝရအိပ်မောကျနေရာမှ နိုးထလာသည့်အလားပင်။သူတို့၏ခန္ဓာကိုယ်များပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်းမှ ခပ်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လှုပ်ရှားမှုမရှိသော ရုပ်ထုများသည် အသက်ဝင်လာသည့်အလားပင်။ထိုရုပ်ထုများ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း တဝုန်းဝုန်းအသံများ ထွက်ပေါ်လာကာ နန်းတော်၏နံရံများအားလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
"မင်းတို့က ငါ့ကို ဒီအထဲကိုမျှားခေါ်ချင်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းတို့က ဒီနေရာကိုအသုံးပြုပြီးတော့ ငါ့ကို သတ်ချင်နေကြတာပါလား"
ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် လုယွီသည် အံ့အားသင့်မှုကို မခံစားရချေ။
သူ ဤနန်းတော်အတွင်းသို့ မဝင်ရောက်မီအချိန်တွင် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် သူ့အား အဆက်မပြတ်ရန်စနေသည်ကို သူ ခံစားမိလေ၏။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် အရည်အချင်းပြည့်ဝကာ ရဲစွမ်းသတ္တိရှိသူတစ်ယောက်ပင်။သူသည် အထွတ်အထိပ်ဂိုဏ်း၏လှည့်စားမှုများကို ထိတ်လန့်ကြောက်ရွံနေမည်မဟုတ်ချေ။
"ဝေါင်း...."
ရုပ်ထုတချို့သည် ပြင်းထန်သောခြေလှမ်းများဖြင့် လုယွီထံဦးတည်၍ လျှောက်လှမ်းလာကာ သူတို့ထံမှနေ၍ ဟိန်းဟောက်သံသဲ့သဲ့ ထွက်ပေါ်လာသည်။
"ဒီရုပ်ထုအားလုံးထဲမှာ အကြွင်းအကျန်စိတ်ဝိညာဥ်တွေကို ချိပ်ပိတ်ထားတယ်...အထွတ်အထိပ်ဂိုဏ်းက ရှေးဟောင်းရူးသွပ်နတ်ဆိုးကို ဆင့်ခေါ်ပြီးတော့ ဒီရုပ်ထုထဲက စိတ်ဝိညာဥ်တွေကို ထိန်းသိမ်းထားနိုင်ဖို့ ဘယ်လိုနည်းစနစ်တွေကို အသုံးပြုလဲဆိုတာ ငါ သိချင်မိတယ်"
လုယွီသည် ထိုရုပ်ထုများကို တစ်ချက်ကြည့်လိုက်သော်လည်း သူ၏ခြေလှမ်းများကို ရပ်တန့်ခြင်းမပြုချေ။သူသည် ပန်းခြံအတွင်း၌ လမ်းလျှောက်နေသည့်အလား ထိုရုပ်ထုများအကြား၌ အေးအေးလူလူ လျှောက်လှမ်းသွားနေသည်။
ဝုန်း...
ထိုအချိန်မှာပင် ရုပ်ထုတစ်ခုသည် ရုတ်တရက် သူ၏လက်သီးကိုဝှေ့ယမ်းကာ လုယွီကို ထိုးနှက်လိုက်၏။
ထိုလက်သီးချက်၏အရှိန်သည် အလွန်အမင်းလျှင်မြန်ကာ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
Chapter 3559
ဘုန်း...
ထိုလက်သီးချက်သည် ပြင်းပြင်းထန်ထန် ကျရောက်လာပေ၏။
သို့ရာတွင် ထိုပြင်းထန်သောလက်သီးချက်သည် လုယွီကို ထိုးနှက်မိခြင်းမရှိဘဲ မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
နန်းတော်တစ်ခုလုံး တုန်ခါသွားသော်လည်း မြေပြင်ပေါ်တွင် မည်သည့်အက်ကွဲကြောင်းမျှ ကျန်ရှိမနေချေ။
ဤရှေးဟောင်းခန်းမသည် ရှေးဟောင်းနန်းတော်နှင့် တူညီသောအမွေအနှစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။တည်ဆောက်သောပစ္စည်းများအရဖြစ်စေ နည်းစနစ်များအရဖြစ်စေ ရှည်လျားသောသမိုင်းကြောင်းရှိကာ အလွန်မြင့်မားသော ဒဏ်ခံနိုင်မှုစွမ်းရည်ရှိသည်။
ထို့ကြောင့် ရုပ်ထု၏ထိုးနှက်ခြင်းကို ခံရသည့်တိုင် မြေပြင်ပေါ်တွင် အရိပ်အယောင်မျှပင် ကျန်ရှိနေခဲ့ခြင်းမရှိချေ။
လုယွီသည် ဤရုပ်ထုများနှင့် အချိန်ဖြုန်းလိုခြင်းမရှိချေ။
သူသည် အနက်ရောင်ပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲကာ ရုပ်ထုများအကြားမှနေ၍ လျှင်မြန်စွာ ဖြတ်သန်းလိုက်သည်။
ဤရုပ်ထုများသည် အရွယ်အစားကြီးမားသော်လည်း သူတို့၏လှုပ်ရှားမှုများသည် အလွန်ပေါ့ပါးသွက်လက်ပေ၏။သူတို့သည် အကြိမ်ရေအနည်းငယ်ခန့် လုယွီကို ဖမ်းမိသွားလုနီးပါးပင်။သို့ရာတွင် လုယွီ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်သည် ထိပ်တန်းအဆင့်၌ရှိနေသည်မှာ ချွင်းချက်မရှိပေ။ရုပ်ထုများ မည်မျှပင်ကြိုးစားနေပါစေ လုယွီကို ဖမ်းဆုပ်နိုင်စွမ်းမရှိချေ။
လုယွီသည် ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီး၏ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။
ထိုရှေးဟောင်းနတ်ဘုရားရုပ်ထုကြီးသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို တည်ကြည်လေးနက်စွာဖြင့် စောင့်ကြည့်နေသည့်အလားပင်။
သို့ရာတွင် လုယွီ ချဥ်းကပ်သွားသောအချိန်အခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီး၏မျက်လုံးများ ရုတ်တရက်လှုပ်ခတ်သွားသည်။
ဘုန်း....
ခန်းမအတွင်း၌ လျှပ်စီးမိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ အသံကြီးတစ်သံ ထွက်ပေါ်လာပေ၏။
ဤအချိန်အခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီးသည် အဆုံးမရှိသော အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်လာသည့်အလား လောကတစ်ခုက ထပ်မံ၍ထွက်ပေါ်လာသည်။လုယွီ မြင်တွေ့နေရသည်မှာ မှောင်မည်းနေသောရူးသွပ်နတ်ဆိုးနန်းတော်မဟုတ်တော့ဘဲ ကျယ်ပြန့်သောလေဟာနယ်ကြီးဖြစ်နေသည်။
ဤလေဟာနယ်အတွင်း၌ တိမ်စိုင်များအကြားတွင် ရှေးဟောင်းနတ်ဘုရား၏ပုံရိပ်သည် မတ်တတ်ရပ်နေကာ လောကကြီးကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ငုံကြည့်နေလေ၏။
"ဒူးထောက်စမ်း..."
ရှေးဟောင်းနတ်ဘုရား၏မှော်မန္တန်က လုယွီ၏စိတ်အတွင်း၌ ပဲ့တင်ထပ်လာသည်။
ဤသည်မှာ ရှေးဟောင်းအက္ခရာများကိုအသုံးပြု၍ တိုက်ရိုက်ရွတ်ဆိုသော မှော်မန္တန်တစ်ပုဒ်ပင်။ဤမှော်မန္တန်ကို အသုံးပြုလိုက်စဥ်တွင် ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်စွမ်းအားများကို သက်ရောက်မှုရှိစေသည်။
သူသည် လောကကြီးအတွင်းရှိ သက်ရှိများအားလုံး၏အထက်တွင်ရပ်တည်နေသော နတ်ဘုရားတစ်ပါးပင်။
လုယွီသည် ဤရှေးဟောင်းနတ်ဘုရား၏ အစစ်အမှန်ပုံပန်းသွင်ပြင်ကို မြင်တွေ့မိလေ၏။
သူ၏ကြီးမားသောခန္ဓာကိုယ်နောက်တွင် ကြီးမားပြီးတောက်ပသော အလင်းဘီးကြီးတစ်ခုရှိနေသည်။
ကောလဟာလများအရ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ခွန်အားသည် သာမာန်အင်မော်တယ်တစ်ယောက်ထက် များစွာပို၍ကျော်လွန်သည်။သာမာန်အားဖြင့် ရှေးဟောင်းရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူများကသာ ရှေးဟောင်းနတ်ဘုရားများကို ထိပ်တိုက်ရင်ဆိုင်နိုင်ပေမည်။
အထွတ်အထိပ်ဂိုဏ်းသည် အတင့်ရဲစွာဖြင့် လုယွီကို ဤနေရာသို့ ဝင်ခွင့်ပြုလိုက်သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
အကယ်၍ လုယွီသည် သာမာန်မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်နေပါက ရှေးဟောင်းကျင့်ကြံနည်းစနစ်များကို ကျင့်ကြံထားလျှင်ပင် ဤနေရာ၌ ရှုံးနိမ့်သွားပေမည်။
ဤရှေးဟောင်းနတ်ဘုရားသည် ကောင်းကင်ဘုံနယ်မြေ၏ကျိန်စာ သက်ရောက်ခြင်းကို ခံထားရသော်လည်း ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ်ရှိနေဆဲပင်။
သူသည် အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်ကာ ရှေးဟောင်းဒဏ္ဍာရီများမှ ဆင်းသက်လာပြီး နှစ်သန်းပေါင်းရာနှင့်ချီ၍ ကြာမြင့်လာသည့်တိုင် ပျောက်ကွယ်သွားခြင်းမရှိချေ။
ဘုန်း..ဘုန်း...
အကန့်အသတ်မရှိသော ဖိအားအရှိန်အဝါများက ဒီရေအလား လုယွီကို လာရောက်ရိုက်ခတ်သည်။
လုယွီသည် ချက်ချင်းဆိုသလိုပင် နေရာ၌တောင့်တင်းသွားပေ၏။ဤသည်မှာ တောင်များထောင်သောင်းချီ၍ သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်ထားသည့်အလား သူ၏ခေါင်းကိုပင် မော့နိုင်ခြင်းမရှိတော့ချေ။
"ဒူးထောက်စမ်း"
ရှေးဟောင်းနတ်ဘုရား၏နှုတ်မှနေ၍ မှော်မန္တန်တစ်ပုဒ် ထပ်မံ၍ထွက်ပေါ်လာသည်။
လုယွီအပေါ် သက်ရောက်နေသော ဖိအားအရှိန်အဝါ ထပ်မံ၍မြင့်တက်လာသည်။
သို့ရာတွင် လုယွီသည် သူ၏မတ်တတ်ရပ်နေသော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားဆဲဖြစ်ကာ သူ့ရှေ့ရှိ ရှေးဟောင်းနတ်ဘုရားကို တန်းတန်းမတ်မတ် စူးစိုက်၍ကြည့်လိုက်၏။
ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များက လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူ၏နောက်၌ ကြီးမားသောမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအဖြစ် သိပ်သည်းသွားသည်။
ရှေးဟောင်းနတ်ဘုရား....
ထိုနတ်ဘုရားများအနက်မှတစ်ပါးသည် လုယွီ အတိတ်ဘဝတွင် ကျင့်ကြံခဲ့ရာမှ ရရှိခဲ့သောအရာပင်။
နတ်ဘုရားနှစ်ပါး ထိပ်တိုက်ရင်ဆိုင်၍ မျက်နှာချင်းဆိုင်ကြည့်လိုက်စဥ်တွင် လေဟာနယ်အတွင်း၌ ဖိအားအရှိန်အဝါများ ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။
ဤသည်မှာ စိတ်ဝိညာဥ်များ၏စွမ်းအားများဖြင့် ယှဥ်ပြိုင်ပွဲတစ်ခုပင်။
လုယွီထံတွင် တာအိုသခင်၏စိတ်ဝိညာဥ်ရှိနေသည်။သူသည် စိတ်ဝိညာဥ်အချင်းချင်း ယှဥ်ပြိုင်တိုက်ခိုက်ရာ၌ ထိုက်တန်သောပြိုင်ဘက်ကို တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံခဲ့ဖူးခြင်းမရှိချေ။
သို့ရာတွင် ယနေ့၌ သူသည် ရှေးဟောင်းခေတ်မှ ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရလေပြီ။
လုယွီသည် မည်သည့်အန္တရာယ်အငွေ့အသက်ကိုမျှ မခံစားရချေ။ထိုအစား သူ၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာသည်။
"ငါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို အနိုင်ယူပြီးကတည်းက စိတ်ဝိညာဥ်အရာမှာ ငါနဲ့ယှဥ်ပြိုင်နိုင်တဲ့ တစ်စုံတစ်ယောက်ကို ရှာမတွေ့ခဲ့တာ အချိန်အတော်ကြာနေပြီ"
Chapter 3560
လုယွီ၏စိတ်နှလုံးသားအတွင်းတွင် မကြုံစဖူးတိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
အတိတ်ဘဝတွင် သူသည် အစွမ်းထက်ကျင့်ကြံသူများကိုစိန်ခေါ်ကာ သူ၏တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်လိုသောကြောင့် တော်ဝင်မြို့တော်သို့ သူတစ်ယောက်တည်းသွား၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို စိန်ခေါ်ခဲ့သည်။သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် သူသည် မတည်မြဲခြင်းဥပဒေသကို နားလည်သဘောပေါက်ခဲ့လေ၏။
သေရေးရှင်ရေးအခြေအနေများကို တွေ့ကြုံခဲ့ဖူးခြင်းမရှိသော တစ်စုံတစ်ယောက်သည် မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်များသို့ ချိုးဖျက်ဝင်ရောက်ရာ၌ အလွန်ခက်ခဲပေလိမ့်မည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နှစ်ဖက်အကြားရှိ စိတ်ဝိညာဥ်စွမ်းအားများ လေဟာနယ်အတွင်း၌ ဖီလာဆန့်ကျင်ရိုက်ခတ်သွားသည်။
လုယွီသည် အတိတ်ဘဝ၌ သူ ကျင့်ကြံခဲ့သော မြေအောက်လောကနတ်ဘုရား၏ပုံရိပ်ယောင်ကို ဆင့်ခေါ်ထားခဲ့သည်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်ဖဝါးကို ဖြန့်ထားလေ၏။ဤတစ်ကြိမ်တွင် သူသည် မည်သည့်မှော်လက်နက်ကိုမျှ ကိုင်ဆောင်ထားခြင်းမရှိဘဲ ထိုအစား ပုံရိပ်ယောင်ကမ္ဘာငယ်လေးရှိနေသည်။
သူ၏လက်ဝါးအတွင်းရှိ ကမ္ဘာငယ်လေးသည် မြေအောက်လောကကမ္ဘာငယ်လေးပင်။
ဤသည်မှာ မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေဖြစ်ကာ နယ်မြေတစ်ခုချင်းစီသည် မြေအောက်လောကနတ်ဘုရား၏ကံကြမ္မာစွမ်းအားများ စုဆောင်းနိုင်သော နေရာတစ်ခုဖြစ်သည်။
မြေအောက်လောကတာအိုသခင် ကြွေလွင့်သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း မြေအောက်လောကနတ်ဘုရား၏ကံကြမ္မာစွမ်းအားများသည် ထိုနေရာ၌ရှိနေဆဲပင်။သူ့အား ယုံကြည်ကိုးကွယ်သူများထံမှစွမ်းအားများကို စုဆောင်းထားနိုင်လေ၏။ထိုကံကြမ္မာစွမ်းအားများသည် မြေအောက်လောကနတ်ဘုရား၏လက်ဝါးအတွင်း၌ စုဝေးသွားကာ ကြီးမားသောစိတ်စွမ်းအားစုပ်ဝဲကြီးအဖြစ် ဖွဲ့စည်းသွားသည်။
"ဘာရှေးဟောင်းနတ်ဘုရားလဲ...အခုက မင်းရဲ့ခေတ်မဟုတ်တော့ဘူး"
လုယွီက ဒေါသတကြီး အော်ငေါက်လိုက်ကာ သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးထံမှလည်း မိုးကောင်းကင်တုန်ခါသွားလုမတတ် ကျယ်လောင်သောဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ထို့နောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်ရှိ အလင်းဘီးကြီး ဖြည်းညှင်းစွာလည်ပတ်လာခြင်းနှင့်အတူ တောက်ပသောအလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်သို့ ဖြာထွက်သွားသည်။
လေဟာနယ်အတွင်း၌ ရှေးဟောင်းနတ်ဘုရားသည် ဘုန်းကြီးအိုတစ်ပါးအလား ထိုင်နေသည်။သူသည် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားကာ သူ့ထံတွင် မငြင်းပယ်နိုင်သော အရှိန်အဝါမျိုးရှိနေသည့်အလားပင်။
ရှေးဟောင်းနတ်ဘုရားများ တိမ်စိုင်များကဲ့သို့ပေါများသော ခေတ်ကာလအတွင်း၌ပင် သာမာန်အင်မော်တယ်များသည် သူတို့ကို ရန်စစော်ကားဝံ့ခြင်းမရှိချေ။
ဤရှေးဟောင်းနတ်ဘုရားများသည် အင်မော်တယ်များနှင့် ကွဲပြားခြားနားပေ၏။သူတို့ မွေးဖွားလာသော အချိန်အခိုက်အတန့်မှစတင်၍ သူတို့ထံတွင် နတ်ဘုရားစွမ်းရည်အမြောက်အများပါရှိသည်။လူအများစု နားလည်သဘောပေါက်နိုင်ခြင်းမရှိသော ထူးဆန်းသည့်မှော်မန္တန်များကို ထိုရှေးဟောင်းနတ်ဘုရားများမှ အသုံးပြုကြသည်။
သူတို့၏ခွန်အားသည် နယ်ပယ်တူတွင်ရှိသော အင်မော်တယ်များထက် များစွာပို၍ကြီးမားသည်။
သို့ရာတွင် လုယွီကမူ နောက်ဆုတ်ခြင်းမရှိချေ။
ဤသည်မှာ စိတ်ဝိညာဥ်နှစ်ခုအကြားမှ တိုက်ပွဲပင်။နှစ်ဖက်စလုံးသည် တိုက်ပွဲအတွင်းသို့ ဝင်ရောက်ပြီးချိန်မှစ၍ သူတို့နောက်ဆုတ်ရန်အတွက် လမ်းကြောင်းမရှိတော့ချေ။
ဤတိုက်ပွဲသည် အစစ်အမှန်ပြင်ပလောက၌ ရုပ်ခန္ဓာကိုယ်အချင်းချင်းအကြားရှိ တိုက်ပွဲမျိုးနှင့် များစွာကွဲပြားခြားနားသည်။တိုက်ပွဲစတင်သည်နှင့် စိတ်ဝိညာဥ်၏စွမ်းအားကို မြှင့်တင်ရန်သာရှိပြီး နောက်ဆုတ်၍မရပေ။
အကယ်၍ တစ်ကြိမ်နောက်ဆုတ်လိုက်ပါက အဖတ်ဆယ်၍မရတော့ဘဲ အလွန်အန္တရာယ်များသောအခြေအနေမျိုးသို့ ကျရောက်သွားပေမည်။
ထို့ပြင် လုယွီသည် ဤရှေးဟောင်းနတ်ဘုရားကို စိန်ခေါ်ရန် ဆုံးဖြတ်ပြီးချိန်မှစ၍ နောက်ဆုတ်ရန်ရည်ရွယ်မထားချေ။အကယ်၍ သူသည် တစ်ဖက်ရန်သူကို အနိုင်မယူနိုင်ပါက သူ၏တာအိုနှလုံးသားတွင် ကြီးမားသောသက်ရောက်မှု ရှိသွားပေမည်။
"သေစမ်း..."
တစ်ချိန်တည်းမှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်ကိုဝှေ့ယမ်းကာ သူ့ရှေ့ရှိ ရှေးဟောင်းနတ်ဘုရားကိုဦးတည်၍ ရိုက်နှက်လိုက်သည်။
ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် ရှေးဟောင်းနတ်ဘုရားနှင့်နီးကပ်သွားသော အချိန်အခိုက်အတန့်တွင် ကြီးမားကျယ်ပြန့်လာသည်။ထိုလက်ဝါးပုံရိပ်ယောင်ကြီးပေါ်ရှိ အမှတ်အသားများသည် အလွန်ပီပြင်ထင်ရှားပေ၏။ထိုလက်ဝါးမှအရေးအကြောင်းတစ်ခုစီသည် လုယွီကျင့်ကြံထားသော နက်နဲသိမ်မွေ့သည့်ဥပဒေသတစ်ခုကို ကိုယ်စားပြုသည်။မဟာတာအိုဥပဒေသများ၏စွမ်းအားများ ရောယှက်နေသော လက်ဝါးပုံရိပ်ယောင်ကြီးသည် နောက်ဆုံး၌ အောက်သို့ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ဘုန်း...
သူတို့နှစ်ယောက်အကြားရှိ လေဟာနယ်မှနေ၍ ရုတ်တရက် အဖြူရောင်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်။
လုယွီ ထုတ်ဖော်အသုံးပြုထားသော စိတ်ဝိညာဥ်စွမ်းအားလှိုင်းများသာ ကြွင်းကျန်ရစ်ပြီး ရှေးဟောင်းနတ်ဘုရား၏စိတ်ဝိညာဥ်ကို အဆက်မပြတ် တိုက်ခိုက်နေလေ၏။
ဤတိုက်ခိုက်မှုသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
လုယွီထံတွင် ယခင်ကတည်းက တာအိုသခင်အဆင့်စိတ်ဝိညာဥ်ရှိနေသည်။လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာမှ ကောင်းချီးပေးမှုကို ရရှိပြီးနောက် နှစ်ပေါင်းများစွာကျင့်ကြံခဲ့သော မျိုးဆက်ဟောင်းများမှ ကျင့်ကြံသူများပင်လျှင် စိတ်ဝိညာဥ်အချင်းချင်းယှဥ်ပြိုင်ပါက ချက်ချင်းသေဆုံးသွားပေမည်။
သို့ရာတွင် လုယွီ၏ရှေ့ရှိစိတ်ဝိညာဥ်သည် မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အကြွင်းအကျန်စိတ်ဝိညာဥ်ဖြစ်နေသည်။
"မြေကမ္ဘာအင်မော်တယ်လေးတစ်ယောက်က ငါ့ရဲ့မြင့်မြတ်တဲ့နတ်ဘုရားစွမ်းအားကို စိန်ခေါ်ဝံ့တာလား"
ဤရှေးဟောင်းနတ်ဘုရား၏မှတ်ဥာဏ်များအားလုံးသည် ပျောက်ကွယ်သွားလေပြီ။
သို့ရာတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏မာနထောင်လွှားမှုသည် သူ တည်ရှိနေသရွေ့ အဆုံးသတ်အချိန်ထိ ဒွန်တွဲနေပေမည်။
မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်သော လုယွီသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးကို စိန်ခေါ်ဝံ့သည်။ဤသည်မှာ သာမာန်ပြည်သူတစ်ယောက်သည် ဧကရာဇ်မင်း၏ရှေ့၌ ပုန်ကန်ရန် ကြိုးစားဝံ့သည့်အလားပင်။ဤသည်မှာ အလွန်ကြီးမားသော အာခံမှုကြီးဖြစ်ပေ၏။
Chapter 3561
"ဖျက်ဆီးစမ်း"
ရှေးဟောင်းနတ်ဘုရားသည် စကားများစွာပြောဆိုခြင်းမပြုဘဲ စကားတစ်ခွန်းသာ ထွက်ပေါ်လာသည်။
"ဖျက်ဆီးစမ်း"ဟူသည်မှာ စကားတစ်ခွန်းသာဖြစ်သော်လည်း စိတ်ဝိညာဥ်လောကအတွင်းမူ မုန်တိုင်းတစ်ခုအလား စတင်၍ပျံ့နှံ့သွားသည်။
"ဖျက်ဆီးစမ်း...ဖျက်ဆီးစမ်း...ဖျက်ဆီးစမ်း..."
ဤစိတ်ဝိညာဥ်လောကအတွင်းတွင် အဆက်မပြတ်ပဲ့တင်ထပ်နေသော အသံများက နားအူလုမတတ်ပင်။
ဤပဲ့တပ်ထပ်သံများ၏တိကျသောအသံကို ဆုံးဖြတ်ရန်မှာ မဖြစ်နိုင်ချေ။
ဤပဲ့တင်သံသည် ထောင်သောင်းချီသောလူများ ကျမ်းစာတပြိုင်နက်တည်း ရွတ်ဖတ်သည်နှင့်တူညီကာ အလွန်ရှုပ်ထွေးပြီး တစ်ဖက်ရန်သူများကို အရှုံးပေးအညံ့ခံလိုသောစိတ်များ ပေါက်ဖွားစေပေမည်။
ရုတ်ချည်းဆိုသလိုပင် ထိုအသံသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်ပေါ်သို့ ဆင်းသက်လာသည်။
ထို့နောက် အစွမ်းထက်သော စိတ်ဝိညာဥ်အားလှိုင်းနှစ်ခု ဖီလာဆန့်ကျင်ရိုက်ခတ်မိတော့သည်။
မြေအောက်လောကနတ်ဘုရားမှ ဖွဲ့စည်းထားသော စိတ်ဝိညာဥ်နယ်ပယ်သည် ထိုအစွမ်းထက်သောအော်ငေါက်သံကြောင့် ချက်ချင်းပြိုကွဲသွားကာ အစိမ်းရောင်အခိုးအငွေ့များအဖြစ်ပြောင်းလဲပြီး လေနှင့်အတူ အဝေးသို့မျောလွင့်သွားတော့သည်။
မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေ၏ ကံကြမ္မာစွမ်းအားများသည် ရှေးဟောင်းနတ်ဘုရားနှင့်ရင်ဆိုင်ရချိန်တွင် အသေးအမွှားအရာတစ်ခုနှင့်တူညီနေကာ အမှုန်အမွှားများအဖြစ်သို့ ကြေမွှပျက်စီးသွားသည်။
ထို့ပြင် ထိုအော်ငေါက်သံသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုပင် အနည်းငယ်သက်ရောက်မှုရှိပုံရသည်။
လုယွီသည် အောက်ဘုံမှတက်လှမ်းလာစဥ်ကတည်းက လမ်းတလျှောက်လုံး၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ပြိုင်ဘက်ကင်းနီးပါးဖြစ်ကာ ထိုက်တန်သောပြိုင်ဘက်နှင့် ဆုံတွေ့ခဲ့ခြင်းမရှိချေ။
သို့ရာတွင် ယနေ့တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရလေပြီ။
ဤရှေးဟောင်းနတ်ဘုရားသည် သေမျိုးလောကအတွင်းသို့ အဆင့်လျှောကျလာခဲ့သည့်တိုင် သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ခွန်အားမျိုး ပိုင်ဆိုင်ထားဆဲဖြစ်သဖြင့် အသေးအမွှားကိစ္စမဟုတ်ချေ။
လုယွီ၏မျက်နှာအမူအယာသည် မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။ဤကိစ္စများအားလုံးသည် သူ မျှော်လင့်ထားသောဘောင်အတွင်း၌ရှိနေသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်ကို အထူးအာရုံစိုက်၍ ပို၍များပြားသောကံကြမ္မာစွမ်းအားများကို မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအတွင်းသို့ ထည့်သွင်းလိုက်၏။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်၌ ပို၍တောက်ပသော အလင်းဘီးကြီးထွက်ပေါ်လာသည်။ထိုအလင်းဘီးပေါ်တွင် မြေအောက်လောက၏ မရေမတွက်နိုင်သောသင်္ကေတအက္ခရာများ ရှိနေသည်။ထိုအရာများသည် ရှေးဆန်ကာ လျှို့ဝှက်ဆန်းကြယ်သောခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
ထိုအလင်းဘီး တစ်ကြိမ်လည်ပတ်ချိန်တိုင်း မြေအောက်လောကနတ်ဘုရားထံမှ ဖိအားအရှိန်အဝါ ပို၍မြင့်တက်လာသည်။အလင်းဘီးကြီး ဆယ်ကြိမ်လည်ပတ်ပြီးနောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ယခင်ထက် အဆများစွာပို၍ ကြီးမားလာပေ၏။
တစ်ချိန်တည်းမှာပင် လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်၌ မတ်တတ်ရပ်နေသည်။မည်သည့်မလိုလားအပ်သော အတွေးမျိုးမျှမရှိဘဲ သူ၏နံဘေးပတ်လည်တွင် လျှို့ဝှက်နည်းစနစ်များကိုဆင့်ခေါ်ကာ သူ၏မှော်စွမ်းအားများအားလုံးကို မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအတွင်းသို့ ထည့်သွင်းလိုက်သည်။
"ရှေးဟောင်းနတ်ဘုရားရဲ့တာအိုက လွှမ်းမိုးချုပ်ကိုင်မှုနဲ့ပြိုင်ဘက်ကင်းမှုကို အဓိကထားတယ်...သူ့ရဲ့အကြွင်းမဲ့စွမ်းအားနဲ့ အနှောက်အယှက်မှန်သမျှကို ဖယ်ရှားနိုင်တယ်...တကယ်လို့ ငါက သူ့ရဲ့စိတ်ဝိညာဥ်ကို ဖျက်ဆီးချင်တယ်ဆိုရင် မာကျောမှုကိုရင်ဆိုင်ဖို့ နူးညံပျော့ပျောင်းမှုကို အသုံးပြုရလိမ့်မယ်...ခွန်အားတစ်ရပ်က ရန်သူရဲ့ခွန်အားဆယ်ဆကို အနိုင်ယူနိုင်တယ်"
လုယွီထံတွင် ထိုအတွေးမျိုးထွက်ပေါ်လာခြင်းနှင့်အတူ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ရှေးဟောင်းနတ်ဘုရားနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုတော့ချေ။ထိုအစား သူသည် သေခြင်းရှင်ခြင်းစာအုပ်ကိုကိုင်ကာ ရှေးဟောင်းနတ်ဘုရား၏အတွေးများကို နှောက်ယှက်ရန်အတွက် ကျမ်းစာများကို စတင်၍ရွတ်ဆိုလိုက်၏။
အတိတ်ဘဝမှ လုယွီ၏မှော်နည်းစနစ်များသည် တစ္ဆေဧကရာဇ်ထံမှ အမွေဆက်ခံထားခြင်းပင်။
ရှောင်မိသားစု၏စိတ်ဝိညာဥ်မီးနယ်မြေအတွင်း၌ လုယွီဖျက်ဆီးခဲ့သော တစ္ဆေဧကရာဇ်၏အကြွင်းအကျန်စိတ်ဝိညာဥ်နှင့်မတူညီဘဲ ရှေးဟောင်းခေတ်မှတစ္ဆေဧကရာဇ်သည် မြေအောက်လောကနယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်သော အစွမ်းထက်ရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည်။
အကယ်၍ တစ္ဆေဧကရာဇ်နှင့်နှိုင်းယှဥ်ပါက ရှေးဟောင်းနတ်ဘုရားသည် အစွမ်းထက်သော်လည်း တစ္ဆေဧကရာဇ်၏အထွတ်အထိပ်အဆင့်တွင်ရှိနေစဥ်ကထက် များစွာပို၍အားနည်းနေဆဲပင်။
"သေခြင်းရှင်ခြင်း...."
"အနိစ္စ..."
"သံသရာ...."
မြေအောက်လောကနတ်ဘုရား ကျမ်းစာတစ်ကြိမ်ရွတ်ဆိုပြီးသည့်အချိန်တိုင်း သရဲတစ္ဆေများ၏ငိုကြွေးမြည်တမ်းသံများကဲ့သို့အသံများက ပတ်ဝန်းကျင်မှထွက်ပေါ်လာသည်။
လုယွီနှင့်ရှေးဟောင်းနတ်ဘုရားအကြားရှိ စိတ်ဝိညာဥ်လောကတွင် ပြောင်းလဲမှုအနည်းငယ် ဖြစ်ပွားလာခဲ့သည်။မူလက တောက်ပသောအလင်းတန်းများသည် ရုတ်တရက် အသူရာငရဲအဖြစ်သို့ ပြောင်းလဲသွားပေ၏။
သူတို့၏ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို အကန့်အသတ်မရှိသောအမှောင်ထုကြီးက လွှမ်းခြုံသွားသည်။မြေအောက်လောကနတ်ဘုရားသည်သာ ရှုပ်ထွေးသောကျမ်းစာများကို ရွတ်ဆိုပြီးဆက်လက်၍တည်ရှိနေသည်။
ရှေးဟောင်းနတ်ဘုရား၏အကြည့် ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။
ဤငိုကြွေးမြည်တမ်းသံများသည် သူ၏ရှေးဟောင်းမှတ်ဥာဏ်များအတွင်းမှ တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရသွားစေသည်။
ထို့နောက် စိတ်ကူးယဥ်တွေးတောကြည့်၍ပင်မရနိုင်သော ဖြစ်ရပ်တစ်ခု ထွက်ပေါ်လာသည်။
ရှေးဟောင်းနတ်ဘုရား၏မျက်လုံးအတွင်းမှ ရွှေရောင်မျက်ရည်တစ်စက် ကျဆင်းလာပေ၏။