← Chapters

အခန်း (၃၅၆၂-၃၅၆၅)

Vol. 181 Ch. 3562-3565

အခန်း (၃၅၆၂-၃၅၆၅)

Vol. 181 Ch. 3562-3565

Chapter 3562

ကောင်းကင်နှင့်မြေပြင်အကြားရှိ ဤသဘာဝလွန်ပုံရိပ်သည် ရှေးဟောင်းနတ်ဘုရားကို မျက်ရည်ကျစေခဲ့သည်။

ကောလဟာလများအရ ရှေးဟောင်းနတ်ဘုရားများသည် ကောင်းကင်နှင့်မြေပြင်အကြားမှ မွေးဖွားလာကာ သူတို့၏အတွေးများအားလုံးသည် လောကကြီး၏ဥပဒေသများအတိုင်းဖြစ်ပြီး သူတို့ထံတွင် ကိုယ်ပိုင်စိတ်ခံစားချက်များမရှိချေ။

သူတို့သည် လောကကြီးမှဥပဒေသများ၏ ထိန်းချုပ်မှုအတိုင်း ထုံထိုင်းစွာနေနေကြကာ သူတို့၏စိတ်ခံစားချက်များ ပြင်းပြင်းထန်ထန်လှုပ်ခတ်ချိန်မှသာ မျက်ရည်ကျလေ့ရှိသည်။

ဤကဲ့သို့အခြေအနေမျိုးကို ရှေးဟောင်းအချိန်ကာလများအတွင်း၌ပင် ရှားရှားပါးပါးတွေ့မြင်ရသည်။ဤဖြစ်စဥ် တစ်ကြိမ်ဖြစ်ပေါ်သည့်အချိန်တိုင်း လောကကြီးအတွင်း၌ သဘာဝလွန်ပုံရိပ်များဖြစ်ပေါ်ကာ ဘုံသုံးဘုံ၏မိုးကောင်းကင်အရောင်များပင် ပြောင်းလဲသွားပေ၏။

"ငါက ငါလျှောက်ရမယ့်လမ်းတလျှောက် သတ်ဖြတ်ပြီးတော့ ကောင်းကင်ဘုံနန်းတွင်းကို ပြန်သွားရမယ်....ငါက ရွှေလေးသည်တော်ရဲ့တိမ်စိုင်နန်းတော်ကို ဖျက်ဆီးဖို့သွားရမယ်...ဟမ့်...ငါ့ကို ဘယ်သူဟန့်တားဝံ့လဲ"

ရှေးဟောင်းနတ်ဘုရားက မျက်မှောင်ကြုတ်ကာ ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်သည်။

ဤအော်ဟစ်ကြုံးဝါးသံသည် သူ၏စိတ်နှလုံးသားအတွင်း၌ အချိန်အတော်ကြာ ချိုးနှိမ်ထားခဲ့သော စိတ်ဆန္ဒတစ်ရပ်ဖြစ်ပုံရသည်။ယခုချိန်တွင် ထိုစိတ်ဆန္ဒသည် နောက်ဆုံး၌ ပွင့်အံ့ထွက်လာသဖြင့် သူ၏အော်ဟစ်ကြုံးဝါးသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားကာ ကောင်းကင်နှင့်မြေပြင်ပင် တုန်ခါသွားလေ၏။

ဤအလှည့်အပြောင်းသည် အသေးအမွှားကိစ္စတစ်ရပ်မဟုတ်ချေ။

ဤရှေးဟောင်းနတ်ဘုရားသည် အကြွင်းအကျန်စိတ်ဝိညာဥ်သက်သက်ဆိုသည်မှာ သိသာထင်ရှားသော်လည်း ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီးနောက် သူ၏ပုံပန်းသွင်ပြင် ပြောင်းလဲသွားကာ အလွန်အမင်းရူးသွပ်စပြုလာသည်။

ဘုန်း...ဘုန်း....ဘန်း....

သူ၏စိတ်ဝိညာဥ်မှစွမ်းအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့လာသော်လည်း လုယွီသည် သေခြင်းရှင်ခြင်းစာအုပ်ကို ပြန်ရုတ်သိမ်းခြင်းမပြုချေ။ထိုအစား သူသည် ကျမ်းစာမှော်မန္တန်များကို ထပ်မံ၍ ကျယ်လောင်စွာရွတ်ဆိုလိုက်၏။

တစ်ချိန်တည်းမှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်လေးဘက်ကိုဆန့်တန်းကာ လက်တစ်ဖက်ဖြင့် စည်းတံဆိပ်တစ်ခုကိုပြုလုပ်ပြီး သူ၏ရှေ့၌ အနက်ရောင်မှော်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။မင်ကဲ့သို့မည်းနက်သောယင်ချီများသည် သူ့ရှေ့၌သိပ်သည်းသွားကာ ဒိုင်းတစ်ခုအသွင်ပြောင်းလဲပြီး မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို အခိုင်အမာ ကာကွယ်လိုက်သည်။

ထိပ်သီးအစွမ်းထက်စိတ်ဝိညာဥ်များအကြားရှိ တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်ရှိလာလေပြီ။

လုယွီသည် ရှေးဟောင်းနတ်ဘုရား၏အတွေးများကိုနှောက်ယှက်သည့် နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။

အစောပိုင်းက ရှေးဟောင်းနတ်ဘုရားသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေကာ သူ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်ပြီး သူ၏စိတ်ဝိညာဥ်သည် ကျစ်လစ်သိပ်သည်းပေ၏။သူ၏အားနည်းချက်ကို ရှာဖွေရန်မှာ လွန်စွာခက်ခဲပေမည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ရှေးဟောင်းနတ်ဘုရားသည် အတိတ်ရှိတစ်စုံတစ်ခုကို တွေးတောမိပုံဖြင့် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ဤသည်မှာ လုယွီကို အသာစီးရရန်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်သည့်အလားပင်။

မြေအောက်လောကနတ်ဘုရား၏နှုတ်မှ ကျမ်းစာများ ဆက်လက်၍ရွတ်ဆိုနေခြင်းနှင့်အတူ ရှေးဟောင်းနတ်ဘုရားသည် အလွန်အမင်းရူးသွပ်နေသောအခြေအနေမျိုးသို့ ကျရောက်သွားကာ လက်လွတ်စပယ်တိုက်ခိုက်မှုများကို စတင်၍ပြုလုပ်တော့သည်။

ဘုန်း...ဘုန်း...ဘုန်း...

ရုတ်ချည်းဆိုသလိုပင် ထိုစွမ်းအားလှိုင်းများသည် ပတ်ဝန်းကျင်ရှိ ရူးသွပ်နတ်ဆိုးများ၏အကြွင်းအကျန်စိတ်ဝိညာဥ် ရုပ်ထုများကိုလည်း သက်ရောက်သွားခဲ့သည်။

ဤရှေးဟောင်းနတ်ဘုရား၏မျိုးဆက်များဖြစ်သော ရူးသွပ်နတ်ဆိုးများသည် စတင်၍ ရူးသွပ်စွာအော်ဟစ်ကြုံးဝါးကြလေ၏။

ရူးသွပ်နတ်ဆိုးရုပ်ထုများသည် ဤကဲ့သို့ပြင်းထန်သောတိုက်ခိုက်မှုဒဏ်ကို တောင့်ခံနိုင်ခြင်းမရှိသဖြင့် အော်ဟစ်ကြုံးဝါးသံနှင့်အတူ အမှုန်အမွှားများအဖြစ်သို့ ပြိုကွဲပျက်စီးသွားတော့သည်။

လုယွီ ထိန်းချုပ်ထားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် မုန်တိုင်း၏အလယ်မှ လှေငယ်လေးတစ်စင်းအလား အချိန်မရွေးစိစိညက်ညက်ကြေသွားနိုင်သော အခြေအနေမျိုးတွင်ရှိနေသည်။

သို့ရာတွင် လုယွီသည် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံနေခြင်းမရှိချေ။

သူသည် ဆက်လက်၍ အခွင့်ကောင်းကိုရှာဖွေနေဆဲပင်။

ရှေးဟောင်းနတ်ဘုရားသည် အချိန်အတော်ကြာသည်အထိ အော်ဟစ်ကြုံးဝါးပြီးနောက် ရုတ်တရက် သူ၏မျက်လုံးအကြည့်သည် မိုးကောင်းကင်ယံထံသို့ ရောက်ရှိသွားကာ တဖြည်းဖြည်းမတ်တတ်ထရပ်လိုက်၏။

သူ၏ခန္ဓာကိုယ်ကြီးသည် အလွန်ကြီးမားသော်လည်း အစမှအဆုံးတိုင် ပလ္လင်ခွေထိုင်နေသောကိုယ်နေဟန်ထားကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ယခု သူ မတ်တတ်ထရပ်လိုက်စဥ်တွင် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထောင်နှင့်ချီသောသံကြိုးကြီးများ ထွက်ပေါ်လာကာ သူ့အားမြေပြင်၌ချည်နှောင်ထားပြီး ရွေ့လျား၍မရအောင် တားဆီးဟန့်တားထားသည်။

ဤသံကြိုးကြီးများကို ယခင်က မြင်တွေ့ရခြင်းမရှိချေ။သို့ရာတွင် ရှေးဟောင်းနတ်ဘုရား ရွေ့လျားလိုက်သည်နှင့် ဤသံကြိုးကြီးများ ထွက်ပေါ်လာကာ သူ၏ကြီးမားသောပုံရိပ်ကြီးကို မြေပြင်၌ အခိုင်အမာတုပ်နှောင်ထားလေ၏။

"ဒါက ရှေးဟောင်းခေတ်က မိုးကောင်းကင်တာအိုရဲ့ အပြစ်ဒဏ်လား"

လုယွီသည် ထိုသံကြိုးကြီးများကိုမြင်တွေ့သည်နှင့် ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။

ဤရှေးဟောင်းနတ်ဘုရားသည် ကောင်းကင်ဘုံနယ်မြေ၏စည်းမျဥ်းများကို ချိုးဖောက်ခဲ့သည်။နှစ်ထောင်သောင်းချီ၍ကြာမြင့်လာပြီး ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားသည့်တိုင် ဤအပြစ်ဒဏ်သည် ပျောက်ကွယ်သွားခြင်းမရှိချေ။

ရှေးဟောင်းနတ်ဘုရားသည် မြေပြင်၌ အခိုင်အမာတုပ်နှောင်ထားခြင်းကို ခံထားရလေ၏။သူသည် သူ၏ပလ္လင်ခွေထိုင်နေသော ကိုယ်နေဟန်ထားအတိုင်းသာ ဆက်လက်၍ရှိနေပြီး မတ်တတ်ထရပ်နိုင်စွမ်းမရှိပေ။

"ဒါက ငါ့အတွက် အခွင့်အရေးပဲ"

လုယွီ၏အတွေးတစ်ချက်နှင့်အတူ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

ထိုဓားရှည် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် စိတ်ဝိညာဥ်လောကအတွင်းရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။လေဟာနယ်အတွင်း၌ လှိုင်းဂယက်များ ထွက်ပေါ်လာပေ၏။

လုယွီ၏လက်အတွင်းရှိဓားရှည်သည် ထိုက်အမ်းဓားပင်။

Chapter 3563

လက်တွေ့အကောင်အထည်ပြနိုင်သော ရုပ်ဝတ္ထုပစ္စည်းများသည် စိတ်ဝိညာဥ်လောကအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်းမရှိချေ။

သို့ရာတွင် လုယွီသည် ထိုက်အမ်းဓားကို ပိုင်ဆိုင်ထားလေ၏။ယခုချိန်တွင် သူ ထိုဓားကို တွေးတောလိုက်သည်နှင့် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်းသို့ ရှေးဟောင်းမသေမျိုးအဆင့်မှော်လက်နက် ရောက်ရှိသွားလေပြီ။

ဤသည်မှာနတ်ဘုရားလက်နက်ဖြစ်ပြီး အတိတ်တွင် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ် ပိုင်ဆိုင်ထားသော ထက်ရှသောဓားတစ်လက်ပင်။

ဤဓားသည် ပုံရိပ်ယောင်သက်သက်ဖြစ်ပြီး အကောင်အထည်မရှိသည့်တိုင် စိတ်ကူးယဥ်တွေးတောနိုင်စွမ်းမရှိသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားဆဲပင်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လက်တစ်ဖက်ဖြင့် ထိုက်အမ်းဓားကိုကိုင်ဆောင်ကာ တခြားလက်တစ်ဖက်မှလက်ချောင်းများဖြင့် စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်၏။သူ၏လက်အတွင်းရှိ ထိုက်အမ်းဓား၏မျက်နှာပြင်ကို ရုတ်တရက် ထူထပ်သိပ်သည်းသော ယင်ချီစွမ်းအားများ လွှမ်းခြုံသွားသည်။

ထိုယင်ချီများသည် အလွန်အားကောင်းကာ ဓားသည် အစွမ်းထက်လှ၏။

ဤဓားနှင့်အတူ ရှေးဟောင်းနတ်ဘုရား၏စိတ်ဝိညာဥ်မှ အားနည်းချက်ကိုရှာဖွေကာ ထိုးစိုက်ရပေမည်။

ယခင်က လုယွီသည် ရှေးဟောင်းနတ်ဘုရား၏တိုက်ခိုက်မှုကို ခုခံနိုင်ရုံမျှသာရှိသည်။

သို့ရာတွင် ယခုချိန်၌ သူသည် ဤရှေးဟောင်းနတ်ဘုရား၏အားနည်းချက်ကို ရှာဖွေတွေ့ရှိသွားလေပြီ။

ဓားချက်တစ်ချက်သည် လေထုကိုဖြတ်သန်းကာ ရှေးဟောင်းနတ်ဘုရား၏စိတ်ဝိညာဥ်ကို ထိုးစိုက်သွားသည်။

ဤရှေးဟောင်းနတ်ဘုရားထံတွင် အစွမ်းထက်သောမှော်စွမ်းအားများရှိကာ သန်မာသောခွန်အားများရှိသော်လည်း အဆုံးသတ်၌ သူသည် အကြွင်းအကျန်စိတ်ဝိညာဥ်သက်သက်ပင်။

သူသည် သူ၏အထွတ်အထိပ်အခြေအနေမျိုး၌ ရှိမနေချေ။ယခုလက်ရှိ ရှေးဟောင်းနတ်ဘုရားသည် နဂိုမူလစွမ်းအား၏ဆယ်ပုံတစ်ပုံကိုပင် ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိပေ။

ရှေးဟောင်းနတ်ဘုရား၏နောက်ရှိ အလင်းဘီးကြီး လှုပ်ခတ်စပြုလာသည်။

သူသည် လုယွီ၏ဓားချက် တိုးဝင်လာသည်ကို အာရုံခံမိပုံဖြင့် ချက်ချင်းဆိုသလိုပင် သူ၏ခေါင်းကိုလှည့်ကြည့်ကာ သူ၏မျက်လုံးအတွင်းမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

"ဖျက်ဆီးခြင်း..."

ရှေးဟောင်းနတ်ဘုရား၏နှုတ်မှ စကားလုံးတစ်လုံး ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် သူ၏နောက်တွင် ဂျင်ထောင်သောင်းချီသောစွမ်းအားများ ရှိနေသည့်အလား ပြင်းထန်သောစွမ်းအားဖြင့် လုယွီကိုဦးတည်ကာ ရိုက်နှက်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ပြင်းပြင်းထန်ထန် တုန်ခါသွားကာ လှုပ်ခတ်စပြုလာသည်။ပုံရိပ်ယောင်ကြီး၏မျက်နှာပြင် တဖျတ်ဖျတ်လှုပ်ခတ်သွားခြင်းနှင့်အတူ မည်သို့​ဆက်ဖြစ်မည်ကို ခန့်မှန်းနိုင်ရန် လွန်စွာခက်ခဲသည်။

"ဒါက ရှေးဟောင်းနတ်ဘုရားရဲ့မန္တရားပဲ...သူက ကောင်းကင်နဲ့မြေပြင်အကြားမှာရှိတဲ့ အစွမ်းထက်ဆုံးဥပဒေသတွေကို ထိန်းချုပ်နိုင်တယ်...သူ့ရဲ့မန္တရားက ရှေးဟောင်းသိုင်းပညာသူတော်စင်ရဲ့မန္တရားထက်တောင်

အစွမ်းပိုထက်တယ်...စိတ်ဝိညာဥ်လောကထဲမှာတောင် သူက ကောင်းကင်နဲ့မြေပြင်အကြားက အစွမ်းထက်ဥပဒေသတွေကို ထိန်းချုပ်နိုင်တုန်းပဲ....လာခဲ့စမ်း"

လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်မှ တိုးဝင်လာသော အစွမ်းထက်သည့်ဖိအားအရှိန်အဝါများကို ခံစားမိချိန်တွင် နားလည်သဘောပေါက်သွားသော အရိပ်အယောင်များက သူ၏မျက်လုံးများအတွင်း၌ ဖြတ်ပြေးသွားသည်။

ရှေးဟောင်းနတ်ဘုရားများ၏စွမ်းအားများအကြောင်းကို ရှေးဟောင်းတာအိုကျမ်းစာများအတွင်း၌ လုံလောက်စွာဖော်ပြထားပြီးဖြစ်သည်။

ဤရှေးဟောင်းနတ်ဘုရားများသည် အင်မော်တယ်ကျင့်ကြံနည်းစနစ်များနှင့် သက်ဆိုင်ခြင်းမရှိချေ။အင်မော်တယ်များသည် မည်မျှပင်အစွမ်းထက်နေပါစေ ဤရှေးဟောင်းနတ်ဘုရားများကို ရန်စလိုခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ စိတ်ဝိညာဥ်နှစ်ခုကြားမှတိုက်ပွဲသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှပင် ရလဒ်ထွက်ပေါ်လာလေပြီ။

ရှေးဟောင်းနတ်ဘုရား၏စိတ်ဝိညာဥ်ထံတွင် သူ ဒေါသထွက်သွားခြင်းနှင့်အတူ ဟာကွက်တစ်ခုထွက်ပေါ်လာသဖြင့် သူ ရှုံးနိမ့်ရန်ကံကြမ္မာဖန်လာခဲ့သည်။

အတိတ်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ မြေအောက်လောကတာအိုသခင်၏စိတ်ဝိညာဥ်နှင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏စိတ်ဝိညာဥ်တို့ တစ်ချိန်တည်းဝင်ရောက်ခဲ့ကြသည်။လုယွီသည် သူ၏စိတ်ရှည်မှုကို မှီခိုအားထား၍ ထိုက်ချမ်၏ဟာကွက်ကိုရှာဖွေကာ နောက်ဆုံး၌အနိုင်ရရှိပြီး ထိုအရာကိုဝါးမျိုနိုင်ခဲ့လေ၏။

ယခုချိန်၌ ရှေးဟောင်းနတ်ဘုရား၏မန္တရကျဆင်းလာသော်လည်း ခြေတစ်လှမ်းခန့် နောက်ကျသွားလေပြီ။

ဝုန်း....

ထိဖိအားအရှိန်အဝါ ကျရောက်လာချိန်တွင် လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်တစ်ဖက်ပေါ်သို့ နေအလင်းရောင်ကျရောက်လာသည့်အလား ထူထပ်သိပ်သည်းသောယင်ချီအအခိုးအငွေ့များကို ထုတ်လွှတ်လိုက်သည်။

မူလက အားကောင်းသန်မာသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်တစ်ဖက်သည် အရည်ပျော်သွားသည့်အလား ညှိုးနွမ်းခြောက်သွေ့သွားကာ အရိုးခြောက်အဖြစ်သာ ကျန်ရှိတော့သည်။

အဆုံးသတ်၌ ထိုလက်တွင် အရိုးများကိုပင် ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ချေ။

ရှေးဟောင်းနတ်ဘုရား၏မန္တရား ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်အတွင်း၌ ပဲ့တင်ထပ်နေပေ၏။

ထိုအသံပဲ့တင်ထပ်လာခြင်းနှင့်အတူ မိုးကောင်ကင်ယံအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသောနေမင်းကြီး ထွက်ပေါ်လာသည့်အလား မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်မှ ခြောက်သွေ့နေသောအရိုးများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်အတွင်းရှိ ထိုက်အမ်းဓားကို ရှေ့သို့ပစ်လွှတ်လိုက်သည်။

ဤသည်မှာ လေးညှို့မှလွှက်လိုက်သော မြှားတစ်စင်းအလား ရှေ့သို့အလျှင်အမြန် တိုးထွက်သွားပေ၏။

ဝှစ်...

ထိုက်အမ်းဓားသည် မြှားတစ်စင်းအလား ​ရှေးဟောင်းနတ်ဘုရား၏မန္တရားမှ စွမ်းအားလှုပ်ခတ်မှုများကို တန်းတန်းမတ်မတ်ထွင်းဖောက်သွားကာ နောက်ဆုံး၌ ရှေးဟောင်းနတ်ဘုရား၏နဖူးပြင်ထံသို့ တိုးဝင်သွားသည်။

ဒုတ်ခနဲမြည်သံနှင့်အတူ ရှေးဟောင်းနတ်ဘုရား၏နဖူးပြင်အတွင်းသို့ ထိုက်အမ်းဓား ထွင်းဖောက်သွားတော့သည်။

Chapter 3564

ရှေးဟောင်းနတ်ဘုရား၏စိတ်ဝိညာဥ်သည် မူလကတည်းက အလွန်ကျစ်လစ်မာကျောပေ၏။

အကန့်အသတ်မရှိသော အချိန်နှင့်လေဟာနယ်များစွာ ကုန်ဆုံးလာခဲ့သည့်တိုင် အားကောင်းသောနတ်ဘုရားစွမ်းအားများ ကျန်ရှိနေဆဲပင်။သူ၏စိတ်ဝိညာဥ်သည် အလွန်ကျစ်လစ်မာကျောကာ လွယ်လင့်တကူထွင်းဖောက်နိုင်မည့်အရာမျိုးမဟုတ်ချေ။

သို့ရာတွင် လုယွီ၏အတွေးဖြင့်ဖန်တီးထားသော ထိုက်အမ်းဓားသည်လည်း သာလွန်ထူးကဲသောအရာတစ်ခုပင်။

ဤဓားချီသည် အလွန်အေးစက်ကာ နှိုင်းယှဥ်ပြစရာမရှိသည်အထိ ထက်ရှပေ၏။ထို့ပြင် လုယွီသည် ရှေးဟောင်းနတ်ဘုရား၏အားနည်းချက်ကို ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။သူ၏ဓားရှည်သည် ပျံဝဲသွားကာ ရှေးဟောင်းနတ်ဘုရား၏နဖူးပြင်ကို ထိုးစိုက်ပြီးလေပြီ။

ထိုက်အမ်းဓားကိုပစ်လွှတ်လိုက်ပြီးနောက် ​အစွမ်းထက်သောဖိအားအရှိန်အဝါများသည် ဒီရေအလား မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို လွှမ်းခြုံသွားသည်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏စွမ်းအားသည် ချက်ချင်းဆိုသလိုပင် အလွန်အမင်းအားနည်းသွားလေ၏။

သို့ရာတွင် လုယွီ၏ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်သွားလေပြီ။

ရှေးဟောင်းနတ်ဘုရား၏နဖူးပြင်ကို ထိုက်အမ်းဓားထွင်းဖောက်သွားပြီးနောက် ကောင်းကင်တပြင်လုံးတုန်ခါသွားလုမတတ် အော်သံကြီး ထွက်ပေါ်လာသည်။သူ၏စိတ်ဝိညာဥ်သည် စိတ်ဝိညာဥ်လောက၏အရပ်မျက်နှာအဘက်ဘက်သို့ ဆက်လက်၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည်။

သို့ရာတွင် ဤတိုက်ခိုက်မှုများအားလုံးသည် ပစ်မှတ်မရှိချေ။ထိုအရာများအားလုံးသည် အဓိပ္ပါယ်မဲ့သော ရောက်တက်ရာရာ တိုက်ခိုက်မှုများပင်။

ရှေးဟောင်းခေတ်အချိန်ကာလ ကုန်ဆုံးခဲ့ပြီးနောက် အထွတ်အထိပ်ဂိုဏ်းသည် ရှေးဟောင်းနတ်ဘုရားအတွက် မကြာခဏယဇ်ပူဇော်ကာ အမွှေးနံ့သာများကိုလည်း ထွန်းညှိခဲ့ကြသည်။သို့ရာတွင် ယခုလက်ရှိရှေးဟောင်းနတ်ဘုရားသည် အတိတ်တွင်ကဲ့သို့ ဂုဏ်ကျက်သရေမျိုးမရှိတော့ချေ။

ယခုလက်ရှိချိန်၌ သူသည် ပြည့်စုံသောအကြွင်းအကျန်စိတ်ဝိညာဥ်ကို ထိန်းသိမ်းထားနိုင်ရုံမျှသာရှိသည်။

"ရှေးဟောင်းကောင်းကင်ဘုံနန်းတော် ပျက်စီးသွားတော့...နှစ်ထောင်သောင်းချီပြီး ကုန်လွန်လာခဲ့တဲ့အချိန်ကာလကိုတောင် အခုရောက်နေပြီ....မင်းရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်လည်း အဆုံးသတ်သွားသင့်ပြီ"

လုယွီက ရှေးဟောင်းဘာသာစကားနှင့် အော်ဟစ်လိုက်၏။

ဤရှေးဟောင်းနတ်ဘုရား၏စိတ်နှလုံးသားအတွင်းတွင် အလွန်ကြီးမားသောအမုန်းတရားများရှိနေသည်။

ထိုသို့မဟုတ်ပါက ဤကဲ့သို့ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် လုယွီ မှော်မန္တန်အနည်းငယ်ရွတ်ဆိုရုံမျှဖြင့် ယခုကဲ့သို့ပြင်းထန်သော စိတ်ခံစားချက်ဆိုင်ရာလှုပ်ခတ်မှုများ ဖြစ်ပေါ်လာမည်မဟုတ်ချေ။

သို့ရာတွင် ရှေးဟောင်းနတ်ဘုရားသည် လုယွီ၏စကားများကြောင့် လှုပ်ရှားသွားခြင်းမရှိချေ။

သူ၏မျက်လုံးအကြည့်သည် အဝေးရှိမိုးကောင်းကင်ယံတစ်နေရာတွင်သာ စူးစိုက်၍ကျရောက်နေကာ သူ၏မျက်လုံးအတွင်း၌ စိတ်ခံစားချက်အရိပ်အယောင်တချို့ ထင်ဟပ်လာသည်။ဤသည်မှာ သူသည် တိမ်တိုက်အလွှာများကိုထွင်းဖောက်ကာ ဤလောကကြီး၏အစစ်အမှန်အရောင်အသွေးများကို တွေ့မြင်လိုသည့်အလားပင်။

"ဒါက အခုထက်ထိ မပြီးသေးဘူးပဲ"

ရှေးဟောင်းနတ်ဘုရားသည် တီးတိုးရေရွတ်ကာ နောက်ဆုံး၌ သူ၏မျက်လုံးအကြည့် အနည်းငယ်ရွေ့လျားသွားသည်။

သူတို့၏တိုက်ပွဲအစမှ ယခုချိန်ထိတိုင် ရှေးဟောင်းနတ်ဘုရားသည် လုယွီကို တစ်ကြိမ်တစ်ခါမျှ ကြည့်ခဲ့ခြင်းမရှိပေ။

သို့ရာတွင် ယခုချိန်၌ ရှေးဟောင်းနတ်ဘုရားသည် တစ်စုံတစ်ခုကို တွေ့မြင်သွားပုံဖြင့် သူ၏အကြည့်သည် နောက်ဆုံး၌ လုယွီထံသို့ ကျရောက်လာပေ၏။

ဤကဲ့သို့ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏စူးစိုက်ကြည့်ခြင်းကိုခံရပါက မည်သူမည်ဝါဖြစ်နေပါစေ သူတို့ထံသို့တိုးဝင်လာသော ကြီးမားသောဖိအားအရှိန်အဝါကို ခံစားရပေမည်။

ဤအချိန်အခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရား၏ကြီးမားသောစိတ်ဝိညာဥ်ခန္ဓာကိုယ်ကြီး ပျက်ပြယ်စပြုနေလေပြီ။

သူသည် ပြိုကွဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေခဲ့သည်။သူသည် မူလကတည်းက အကြွင်းအကျန်စိတ်ဝိညာဥ်ဖြစ်သည့်အပြင် လုယွီနှင့်တိုက်ခိုက်ပြီးနောက် ပြင်းထန်သောဒဏ်ရာကို ရရှိခဲ့သဖြင့် သူ၏စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ချေ။

"မင်းနဲ့အဲ့ဒီပုဂ္ဂိုလ်က....အရမ်းတူတာပဲ"

ရှေးဟောင်းနတ်ဘုရားသည် ပျောက်ကွယ်မသွားမီ သူသည် တစ်စုံတစ်ခုကို လွှတ်ခနဲပြောဆိုလိုက်၏။

လုယွီက မျက်မှောင်ကြုတ်ကာ ချက်ချင်းဆိုသလိုပင် အလျှင်အမြန်မေးမြန်းလိုက်သည်။

"သူက ဘယ်သူလဲ"

ဤကဲ့သို့နတ်ဘုရားတစ်ပါးသည် အကြောင်းပြချက်မရှိဘဲ စကားတစ်ခွန်းကို ပြောဆိုမည်မဟုတ်ချေ။

သူ၏အသက် လွင့်ပြယ်ခါနီး အချိန်အခိုက်အတန့်တွင် နောက်ဆုံး၌ ရူးသွပ်နေသောအခြေအနေမှနေ၍ သူ၏ကိုယ်ပိုင်အသိစိတ်များ နိုးထလာခဲ့သည်။

လုယွီသည် ဤရှေးဟောင်းနတ်ဘုရားကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

သူသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ မည်သူနှင့်တူညီနေသနည်း....

သို့ရာတွင် ရှေးဟောင်းနတ်ဘုရား၏မှတ်ဥာဏ်များ ပြန်အမှတ်ရသည့်အချိန်သည် အလွန်တိုတောင်းပေ၏။

ရှေးဟောင်းနတ်ဘုရားသည် လေးနက်သောအဓိပ္ပါယ်ပါသောအကြည့်ဖြင့် လုယွီကိုတစ်ချက်ကြည့်ပြီးနောက် သူ၏ခန္ဓာကိုယ်ကြီး ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်လောကသည်လည်း ပြိုလဲသွားသည်။

ဝုန်း...

ရှေးဟောင်းနတ်ဘုရား၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားသော အချိန်အခိုက်အတန့်တွင် လုယွီ၏ရှေ့ရှိ ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီးထံမှ အက်ကွဲသံများမြည်ဟီးလာကာ ရုပ်ထု၏မျက်နှာပြင်ပေါ်တွင် ထင်ရှားပြတ်သားသော အက်ကွဲကြောင်းကြီးတစ်ကြောင်း ထွက်ပေါ်လာသည်။

ထိုအက်ကွဲကြောင်းကြီးပျံ့နှံ့သွားကာ ရုပ်ထုကြီးသည် အလယ်မှနေ၍ ပြိုကွဲပျက်စီးသွားတော့သည်။

နက်ရှိုင်းသောအက်ကွဲကြောင်းတစ်ကြောင်းက ရှေးဟောင်းနတ်ဘုရားရုပ်ထု၏ပါးစပ်တလျှောက် ကွဲထွက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီးသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဟားတိုက်၍ရယ်မောနေသည့်အလားပင်။

Chapter 3565

ရှေးဟောင်းနတ်ဘုရား၏အကြွင်းအကျန်စိတ်ဝိညာဥ် လုံးလုံးလျားလျား ပျက်ပြယ်သွားလေပြီ။

ရှေးဟောင်းနတ်ဘုရား၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားသော အချိန်အခိုက်အတန့်တွင် လုယွီ၏နောက်၌ ကြွင်းကျန်သော ရူးသွပ်နတ်ဆိုးရုပ်ထုများသည်လည်း ကံကြမ္မာစွမ်းအား၏ထောက်ပံ့မှု ဆုံးရှုံးသွားပုံဖြင့် တစ်ခုပြီးတစ်ခု ပြိုကွဲပျက်စီးသွားတော့သည်။

မြောက်မြားစွာသော ကျောက်တုံးကျောက်စများ ခန်းမအတွင်း၌ ပျံ့လွင့်နေသော်လည်း လုယွီ၏နံဘေးသို့ တစ်ခုတစ်လေမျှ ကျရောက်လာခြင်းမရှိချေ။

"ဒါဆိုရင် မင်းက ချန်းကျွင်းပေါ့"

ရှေးဟောင်းနတ်ဘုရား၏စိတ်ဝိညာဥ် ပျက်စီးသွားသော အချိန်အခိုက်အတန့်တွင် လုယွီသည် သူ့နောက်ရှိအလင်းဘီးကြီးအတွင်း၌ ထိုစာလုံးနှစ်လုံးကို မြင်တွေ့လိုက်ရသည်။

ချန်းကျွင်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးပင်။

သူသည် ရှေးဟောင်းအရှေ့အောင်နိုင်ခြင်း နတ်ဘုရားနယ်မြေ၏မြင့်မားသောတောင်တစ်လုံးမှ ဖွဲ့စည်းလာသည့် တောင်နတ်ဘုရားတစ်ပါးပင်။အစပထမတွင်တွင် ထိုတောင်မှနေ၍ ကောင်းကင်နှင့်​မြေပြင်၏ စိတ်ဝိညာဥ်ပေါက်ဖွားလာခြင်းနှင့်အတူ သူ တက်လှမ်းနိုင်ခဲ့သည်။ထို့နောက် သူသည် ကောင်းကင်ဘုံနယ်မြေ၏နတ်ဘုရားတစ်ပါးဖြစ်လာကာ အရှေ့အောင်နိုင်ခြင်းနတ်ဘုရားနယ်မြေ၏ အကန့်အသတ်မဲ့နှင်းလွင်ပြင်များကို ကာကွယ်စောင့်ရှောက်ရသည်။

ထိုနေရာတွင် တစ်နှစ်ပတ်လုံး ရေခဲများ ဆီးနှင်းများနှင့် ဖုံးလွှမ်းနေသည်။ချန်းကျွင်း၏ပိုင်နက်ဖြစ်သော မြင့်မားတောင်မှနေ၍ အကန့်အသတ်မဲ့နှင်းလွင်ပြင်များနှင့် အရှေ့အောင်နိုင်ခြင်းနတ်ဘုရားနယ်မြေကို ပိုင်းခြားထားကာ အေးစိမ့်မှုများ တောင်၏တခြားတစ်ဖက်ခြမ်းသို့ ရောက်မသွားစေရန် ပိတ်ဆို့ဟန့်တားရသည်။

ထိုတောင်မြင့်ကြီးပေါ်တွင် အရိုးကွဲမတတ်အေးစိမ့်မှုသာရှိပြီး မည်သည့်သက်ရှိအရိပ်အယောင်မျှရှိမနေချေ။

သို့ရာတွင် ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ် ပတ်ဝန်းကျင်အခြေအနေမျိုးအောက်တွင် သက်ရှိတစ်ကောင်သည် ကြံကြံခံ၍ အသက်ရှင်သန်နေဆဲဖြစ်သည်။

ဤသည်မှာ ရေပေါ်နဂါးပင်။

မူလက သူသည် အရှေ့ပင်လယ်အတွင်းမှ ပုစွန်တစ်ကောင်ဖြစ်ပေ၏။တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် ဘိုးဘေးနဂါးခန်းမအတွင်းသို့ ကူးခတ်သွားမိကာ နဂါးအမြူတေကို ဝါးမျိုမိပြီး ရေပေါ်နဂါးတစ်ကောင်ဖြစ်လာခဲ့သည်။

သူသည် နဂါးအသွင်သို့ ပြောင်းလဲသွားသော်လည်း ဤအေးစက်ပြီး ခြောက်ကပ်သောနေရာတွင်သာ ကွေးကောက်၍နေနေကာ ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့ချေ။

အကြောင်းအရင်းမှာ သူ ထိတွေ့မိခဲ့သည့်အရာသည် ဘိုးဘေးနဂါး၏ရတနာ ဖြစ်နေသောကြောင့်ပင်။

ဘိုးဘေးနဂါး၏လက်အောက်ငယ်သားများသည် သူ့အား နေရာအနှံ့အပြား၌ ရှာဖွေနေကြလေ၏။ထို့ကြောင့် ရေပေါ်နဂါးသည် ချန်းကျွင်းကိုမှီခို၍ တောင်၏နက်ရှိုင်းသောနေရာတွင်သာ ပုန်းအောင်းနေခဲ့ရသည်။

အကန့်အသတ်မဲ့နှင်းလွင်ပြင်များကို ချန်းကျွင်းစောင့်ကြပ်နေသော နှစ်ရာပေါင်းများစွာအတွင်းတွင် နတ်ဘုရားတစ်ပါးနှင့်နဂါးတစ်ကောင်သည် အချင်းချင်းအဖော်ပြုနေကြကာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့်တိုင် နွေးထွေးသောအချိန်တချို့လည်းရှိခဲ့သည်။

နောက်ပိုင်းတွင် ဘိုးဘေးနဂါးခန်းမသည် ရေပေါ်နဂါးကို ရှာဖွေတွေ့ရှိသွားကာ အင်အားသုံး၍ဖမ်းဆီးခေါ်ဆောင်သွားခဲ့လေ၏။သူတို့သည် နဂါးအမြူတေကိုယူဆောင်သွားခြင်းကြောင့် ပြစ်ဒဏ်ပေးသည့်အနေဖြင့် ရေပေါ်နဂါးကို အရှင်လတ်လတ်အရေခွံခွာလိုကြသည်။

ချန်းကျွင်းက တောင်းပန်တိုးလျှိုးခဲ့သည်။သူသည် ဘိုးဘေးနဂါး၏ရန်သူသုံးယောက်ကို သတ်ဖြတ်ပေးမည်ဟု ကတိကဝတ်ပြုခဲ့သည်။ထိုကိစ္စသုံးခုကို သူ ပြုလုပ်ပြီးသည်နှင့် ဘိုးဘေးနဂါးသည် ရေပေါ်နဂါးကို လွှတ်ပေးရပေမည်။

ဘိုးဘေးနဂါးသည် သဘောတူညီလိုက်၏။

ထို့ကြောင့် ချန်းကျွင်းသည် သတ်ဖြတ်ခြင်းလမ်းကြောင်းသို့ဝင်ရောက်ကာ ဘိုးဘေးနဂါး၏ရန်သူများကို မည်သည့်တွန့်ဆုတ်ခြင်းမျှမရှိဘဲ လိုက်လံသတ်ဖြတ်ခဲ့သည်။

သူသည် ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးဖြစ်သော်လည်း ရှေးဟောင်းခေတ်အတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ အလွန်ပေါများလေရာ နတ်ဘုရားများနှင့်အစွမ်းထက်အင်မော်တယ်အမြောက်အများလည်းရှိနေသည်။သူ၏ကတိကို ဖြည့်ဆည်းနိုင်ရန်အလို့ငှာ သူသည် သေရေးရှင်ရေးအခြေအနေအမြောက်အများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။သို့ရာတွင် သူ၏အသက်ကိုရှင်သန်အောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ချန်းကျွင်းသည် ထိုခေါင်းသုံးလုံးကိုယူ၍ ဘိုးဘေးနဂါးခန်းမသို့ ပြန်သွားခဲ့သော်လည်း ရေပေါ်နဂါး၏အလောင်းကိုသာ တွေ့မြင်ခဲ့ရသည်။

ဘိုးဘေးနဂါးသည် ကတိကဝတ်ကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမပြုချေ။

နဂါးများအားလုံး၏အရှင်သခင်ဖြစ်သော သူ့အနေဖြင့် အလိုရှိသည်မှာ သူ၏ဂုဏ်သိက္ခာကိုထိန်းသိမ်းရန်ပင်။

ရေပေါ်နဂါးသည် သူ၏နဂါးအမြူတေကို ယူဆောင်ဝံ့သဖြင့် အရှင်လတ်လတ်အရေခွံခွာခံရသည့်ပြစ်ဒဏ်ကို မဖြစ်မနေပေးရပေမည်။

လုယွီသည် ချန်းကျွင်း၏နောက်ဆုံးရလဒ်ကို လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ဖတ်ရှုခဲ့ရသည်။

ဒေါသူပူန်ထနေသော ချန်းကျွင်းသည် ကောင်းကင်ဘုံနန်းတွင်းသို့ဝင်၍ ဘိုးဘေးနဂါးကို လက်စားချေရန် သွားရောက်၍ရှာဖွေခဲ့သည်။သို့ရာတွင် သူသည် ကောင်းကင်ဘုံနန်းတွင်း၌ တိုက်ခိုက်ခဲ့သောကြောင့် စည်းမျဥ်းများကို ချိုးဖောက်မိသဖြင့် သူ၏နတ်ဘုရားပလ္လင် ပျောက်ကွယ်သွားတော့သည်။

"ဧကရာဇ်မင်းရဲ့အပြစ်ပေးမှုအရ....ချန်းကျွင်းရဲ့မျိုးဆက်တွေအားလုံး မျိုးတုဥ်းပျောက်ကွယ်သွားတဲ့အချိန်ထိ ရာဇဝတ်မှုကျူးလွန်တယ်လို့သတ်မှတ်ပြီး အပြစ်ပေးခံရမယ်"

ဤသည်မှာ ရှေးဟောင်းမှတ်တမ်းများအတွင်း၌ မှတ်တမ်းတင်ထားသော ချန်းကျွင်းနှင့်ပတ်သတ်သည့် အကြောင်းအရာများပင်။

သူသည် တခြားနတ်ဘုရားများကဲ့သို့ ကြီးကျယ်ခမ်းနားသော အခွင့်အာဏာများရရှိအောင် လုပ်ဆောင်ခဲ့ခြင်းမရှိချေ။သူ လုပ်ဆောင်ခဲ့သည့် အကြီးမားဆုံးကိစ္စမှာ ရေပေါ်နဂါးအတွက်နှင့် သူ၏ဘဝကိုစွန့်လွှတ်ခဲ့ခြင်းပင်။

ဤသည်မှာ သူ၏ဘဝတွင်ရှိခဲ့သည့် တစ်ယောက်တည်းသောမိတ်ဆွေဖြစ်ပေ၏။

ဤကိစ္စများကို တခြားလူများ သိနားလည်နိုင်မည်မဟုတ်ပေ။

သို့ရာတွင် လုယွီသည် အတိတ်နှင့်ပစ္စုပ္ပန်ကို နားလည်သဘောပေါက်ထားကာ သူ့ထံတွင် စွဲမြဲစွာမှတ်သားနိုင်သော မှတ်ဥာဏ်မျိုးရှိနေသည်။ဤအရာသည် စကားတိုလေးတစ်ခွန်းဖြစ်သည့်တိုင် လုယွီသည် အမှတ်ရနေဆဲဖြစ်သည်။

"သူ့ရဲ့နောက်ဆုံးစကားတစ်ခွန်းက ဘာကိုဆိုလိုတာလဲ"

လုယွီသည် မျက်မှောင်ကြုတ်ကာ ချန်းကျွင်း၏နောက်ဆုံးစကားတစ်ခွန်းနှင့်ပတ်သတ်ပြီး စဥ်းစားတွေးတောလိုက်၏။

သူသည် တစ်စုံတစ်ယောက်နှင့်တူညီနေသည်ဟု ပြောဆိုခဲ့သလော....

ထိုလူသည် မည်သူဖြစ်သနည်း....

လုယွီသည် ဆက်လက်၍စဥ်းစားတွေးတောခြင်း မရှိတော့ချေ။သူသည် ဤကိစ္စကို သူ၏စိတ်အတွင်း၌သာ သိမ်းဆည်းထားလိုက်သည်။ထို့နောက် သူသည် နန်းတော်၏မြေအောက်သို့ ဆက်လက်၍လျှောက်လှမ်းလိုက်၏။

Thank For Reading.

All Chapters