အခန်း (၃၅၆၆-၃၅၆၉)
Vol. 182 Ch. 3566-3569
Chapter 3566
ရူးသွပ်နတ်ဆိုးနန်းတော်၏မြေအောက်အတွင်း၌ တားမြစ်ကန့်သတ်ချက်များနှင့်ဝင်္ကပါအမြောက်အများရှိနေသည်။
ဤသည်မှာ မြေအောက်သို့တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းမှ ကာကွယ်ဟန့်တားရန်ပင်။
သို့ရာတွင် ဤဝင်္ကပါများသည် အလွန်ပညာသားပါသော်လည်း လုယွီ၏အမြင်အာရုံအောက်၌ ဟွာကွက်များဖြင့် ပြည့်နှက်နေဆဲပင်။လုယွီသည် ဤဝင်္ကပါများအကြားမှ မှန်ကန်သောလမ်းကြောင်းကို အလျှင်အမြန်ရှာဖွေတွေ့ရှိခဲ့သည်။
မီတာတစ်ထောင်ခန့် ရှေ့သို့လျှောက်လှမ်းပြီးနောက် အချင်းဝက်မိုင်အနည်းငယ်ခန့်ရှိသော ကြီးမားသောဝင်္ကပါတစ်ခုကို မြေအောက်၏နက်ရှိုင်းသောနေရာ၌ နှစ်မြှုပ်ထားသည်အား သူ မြင်တွေ့မိသည်။
ဤဝင်္ကပါကြီးကို ကြီးမားသောအနက်ရောင်ကျောက်ပြား၂၈ချပ်ဖြင့် ဖွဲ့စည်းထားသည်။ထိုအနက်ရောင်ကျောက်ပြားများ မြှုပ်နှံ့ထားသောနေရာများသည် ဖရိုဖရဲဆန်ပြီး အစီအစဥ်ကျနခြင်းမရှိချေ။ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ထိုအရာများကို ကြုံရာကျပန်းမြှုပ်နှံ့ထားသည်ဟု ထင်ရသော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာ လျှို့ဝှက်ဆန်းကြယ်သောအစီအစဥ်တစ်ခုနှင့်ဖြစ်သည်။
ထိုကျောက်ပြားတစ်ချပ်စီတိုင်းမှ ခရမ်းရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်နေပြီး အချင်းချင်းချိတ်ဆက်ထားကာ ရှုပ်ထွေးပြီး ခရေစေ့တွင်းကျသော သင်္ကေတတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုကျောက်ပြားအနက်မှတစ်ချပ်ကို မတော်တဆ ထိတွေ့မိပါက ကွင်းဆက်တုံ့ပြန်မှုများ ဖြစ်ပွားလာကာ ဝင်္ကပါတစ်ခုလုံး အကြီးအကျယ်ပြောင်းလဲသွားပေမည်။
လုယွီ၏ပုံရိပ်သည် ဝင်္ကပါ၏ပြင်ပ၌ ထွက်ပေါ်လာပေ၏။
"လန်ဝူရှင်း...ထွက်လာခဲ့စမ်း.."
လုယွီသည် မလိုအပ်သောအပိုအလုပ်များကို လုပ်ဆောင်ရန် ရည်ရွယ်မထားချေ။သူက ဝင်္ကပါရှေ့သို့လျှောက်လှမ်းသွားကာ အော်ဟစ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏အသံသည် မြေအောက်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထိုဝင်္ကပါကြီး၏အလယ်၌ ပြင်းထန်သောလှုပ်ခတ်မှုတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။ထို့နောက် ဝင်္ကပါ၏အလယ်တွင် အလင်းစက်လေးတစ်ခု ထွက်ပေါ်လာကာ ရုတ်တရက်ကြီးမားလာပြီး တဖြည်းဖြည်း ပုံသဏ္ဍာန်တစ်ခုအဖြစ် ထွက်ပေါ်လာကာ နောက်ဆုံးတွင် လန်ဝူရှင်း၏ပုံစံအဖြစ် ဖွဲ့စည်းသွားသည်။
သူ၏ဆံပင်များ လုံးလုံးလျားလျား ဖွာလန်ကျဲနေကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေသည်။သူ့ထံတွင် လက်ဝဲစစ်တပ်ရုံးတော်သို့ ရောက်ရှိလာစဥ်အချိန်မှ လွှမ်းမိုးချုပ်ကိုင်နိုင်သောပုံပန်းသွင်ပြင်မျိုး မရှိတော့ချေ။သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း ဖိနှိပ်ခံထားရပုံရှိသည်။
လန်ဝူရှင်း၏လက်နှစ်ဖက်သည် ဝင်္ကပါမှဖွဲ့စည်းထားသော သံကြိုးကြီးများ၏ချည်နှောင်ထားခြင်းကိုခံရကာ လေဟာနယ်အတွင်း၌မြောက်တက်နေပြီး လှုပ်ရှားနိုင်ခြင်းမရှိချေ။
"မင်းတို့ကောင်တွေက...ငါ အားနည်းနေတဲ့အချိန်ကို အခွင့်ကောင်းယူဖို့ ကြံစည်နေတာမဟုတ်လား...ငါ အပြင်ကိုထွက်နိုင်တာနဲ့ မင်းတို့ကို အရင်ဆုံးသတ်ပစ်မယ်"
လန်ဝူရှင်းသည် ခေါင်းငိုက်စိုက်ကျနေဆဲဖြစ်ကာ မကျေမချမ်းပြောဆိုလိုက်၏။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"လန်ဝူရှင်း...မင်းရဲ့ခေါင်းကိုမော့ပြီး ငါ ဘယ်သူလဲဆိုတာကြည့်စမ်း"
"ဟန်ဆောင်မနေစမ်းနဲ့....."
လန်ဝူရှင်းက အထင်အမြင်သေးသောအကြည့်နှင့် မော့ကြည့်လိုက်သည်။သူ၏ဖွာလန်ကျဲနေသောဆံပင်များက သူ၏မျက်လုံးတစ်လုံးကို ဖုံးအုပ်နေသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိတ်လန့်တုန်လှုပ်သောအရိပ်အယောင်များက လန်ဝူရှင်း၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
"ဘယ်လိုလုပ်ပြီး မင်းဖြစ်နေတာလဲ....မင်းက အထွတ်အထိပ်ဂိုဏ်းထဲကို တကယ်ကြီးဝင်လာဝံ့တာလား"
လန်ဝူရှင်းက မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုသည်။
ယခင်က လက်ဝဲစစ်တပ်တပ်မှူးများအနက်မှ မည်သည့်တစ်ယောက်မဆို အထွတ်အထိပ်ဂိုဏ်းအတွင်းသို့ဝင်ရောက်လာဝံ့ခြင်းမရှိချေ။
အဓိကအကြောင်းအရင်းမှာ အထွတ်အထိပ်ဂိုဏ်းသည် အလွန်အစွမ်းထက်ခြင်းကြောင့်ပင်။အတိတ်မှလက်ဝဲစစ်တပ်တပ်မှူးများသည် အထွတ်အထိပ်ဂိုဏ်းအတွင်းသို့ ဝင်မိပါက အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်ဟု ယုံကြည်ချက်မရှိကြချေ။
သူတို့သည် အစွမ်းထက်ကျင့်ကြံသူအမြောက်အများကို ဦးဆောင်ပြီး အထွတ်အထိပ်ဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ရခြင်းမျိုးမဟုတ်ပါက မည်သူမျှ စွန့်စားဝံ့ခြင်းမရှိချေ။
လန်ဝူရှင်းသည် ရုံးတော်သို့သွား၍ လုယွီကို စိန်ခေါ်ခဲ့သည်မှာ အချိန်သုံးရက်သာ ကြာမြင့်သေးသည်။
လန်ဝူရှင်း မည်မျှပင် တွေးတောကြည့်ပါစေ လုယွီသည် အထွတ်အထိပ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ဝံ့မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
"ဒီနေရာကို မင်းရဲ့စစ်တပ် ခေါ်လာခဲ့တာလား...တော်ဝင်နန်းတွင်းက အထွတ်အထိပ်ဂိုဏ်းကို တိုက်ခိုက်နေပြီလား"
လန်ဝူရှင်းက ရုတ်တရက် ဒေါသတကြီးမေးမြန်းလေ၏။
လုယွီသည် ဤနေရာသို့ လာဝံ့သဖြင့် သူ့ထံတွင် မှီခိုအားထားစရာတစ်ခုခု ရှိနေပေလိမ့်မည်။
အကယ်၍ ယခင်လက်ဝဲစစ်တပ်တပ်မှူးများသည် စစ်သည်များကိုစေလွှတ်၍ အထွတ်အထိပ်ဂိုဏ်းကို တိုက်ခိုက်မည်ဆိုပါက လန်ဝူရှင်းသည် ဤသည်ကို ဟာသပြက်လုံးတစ်ခုဟုသာ တွေးထင်မိပေမည်။
သို့ရာတွင် လုယွီနှင့်တိုက်ခိုက်ပြီးနောက် လန်ဝူရှင်းက ထိုအတွေးကိုစွန့်ပစ်လိုက်သည်။
ဆေဘာနည်းစနစ်ခြင်းယှဥ်ပြိုင်မှုကို အခြေခံ၍ လုယွီ၏ကျင့်ကြံဆင့်သည် သူ့ထက် အဆများစွာပို၍မြင့်မားနေမည်ဟု လန်ဝူရှင်းက ကောက်ချက်ချခဲ့သည်။
သူသည် အထွတ်အထိပ်ဂိုဏ်း၏ယခင်ဂိုဏ်းချုပ်နှင့် ရင်ဆိုင်စဥ်ကပင် လုယွီနှင့်ရင်ဆိုင်ခဲ့ရသကဲ့သို့ ဖိအားမျိုးကို မခံစားခဲ့ရချေ။
ထိုတိုက်ပွဲအတွင်း၌ သူသည် ယခုမှသိုင်းပညာကို စတင်၍သင်ယူနေသော သိုင်းပညာရှင်တစ်ယောက်နှင့် တူညီနေသည်။သူသည် ပြိုင်ဘက်ကင်းသိုင်းပညာနည်းစနစ်များကို ကျင့်ကြံသော်လည်း သူသည် အတွေ့အကြုံကြွယ်ဝသော သိုင်းဆရာကြီးတစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရလေ၏။သူ၏နည်းစနစ်များသည် အလွန်ကောင်းမွန်သော်လည်း တစ်ဖက်ရှိပြိုင်ဘက်ဖြစ်သူ၏မျက်လုံးအတွင်း၌ ဟာကွက်များနှင့် ပြည့်နှက်နေပေမည်။
Chapter 3567
အကယ်၍ ဤကဲ့သို့အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုကသာ အထွတ်အထိပ်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ရန် ဆုံးဖြတ်လိုက်ပါက ဂိုဏ်းအတွက် ဘေးကပ်ဆိုးကြီးတစ်ခုဖြစ်လာမည်မှာ သေချာပေါက်ပင်။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ငါက မင်းကိုခေါ်သွားဖို့ ဒီနေရာကိုတစ်ယောက်တည်းလာခဲ့တာ...အထွတ်အထိပ်ဂိုဏ်းကို ချေမှုန်းဖို့အတွက်ကိုတော့ ငါ စိတ်မဝင်စားဘူး"
သူ၏လက်ရှိစွမ်းအားသည် အကန့်အသတ်ရှိပေ၏။ထိပ်သီးဂိုဏ်းအင်အားစုသုံးစုလုံးကို တပြိုင်နက်တည်းတိုက်ခိုက်ရန်မှာ သူ့အတွက်မဖြစ်နိုင်ချေ။
အထွတ်အထိပ်ဂိုဏ်းသည် မူလက တောင်ပေါ်ဂိုဏ်းတစ်ဂိုဏ်းအဆင့်သာရှိသည်။သို့ရာတွင် နှစ်ပေါင်းများစွာ ဖွံဖြိုးတိုးတက်လာပြီးနောက် ထိုဂိုဏ်း၏ဂိုဏ်းခွဲများသည် လက်ဝဲစစ်တပ်နယ်မြေ၏ကြယ်အသီးသီး၌ ပျံ့နှံ့နေလေပြီ။
ဤသည်မှာ ဝမ်မိသားစုကို အမြစ်ပြတ်သုတ်သင်သည့်ကိစ္စနှင့် ကွဲပြားခြားနားသည်။ထို့ကြောင့် သူသည် အထွတ်အထိပ်ဂိုဏ်းကို ယာယီဘေးဖယ်ထားကာ သူတို့ကိုယ်တိုင်ထိန်းထိန်းသိမ်းသိမ်းနေရန် ခွင့်ပြုထားရပေမည်။
ထိုသို့မဟုတ်ဘဲ သူသည် လျှပ်ပြက်သကဲ့သို့နည်းလမ်းဖြင့် အထွတ်အထိပ်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်လိုက်ပါက ဤဂိုဏ်း၏လက်အောက်မှ နတ်ဆိုးကျင့်ကြံသူများအားလုံး ထိန်းချုပ်မှုလွတ်ကင်းသွားပေမည်။ထိုအချိန်ကျပါက နယ်မြေတစ်ခုလုံး၏အခြေအနေ ပို၍ပင်ဖရိုဖရဲဖြစ်သွားနိုင်သည်။
"လန်ဝူရှင်း...ငါ မင်းကို နောက်တစ်ခေါက်ထပ်မေးမယ်...မင်း ငါ့ရဲ့လက်အောက်ကိုလာဖို့ ဆန္ဒရှိလား"
လုယွီက ပြောင်ပြောင်ဘွင်းဘွင်း မေးမြန်းလိုက်၏။
လန်ဝူရှင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။
"အခု ငါ့မှာတခြားရွေးချယ်စရာရှိသေးတယ်လို့ မင်း ထင်နေတာလား...တကယ်လို့ ငါက မင်းရဲ့လက်အောက်ကိုမဝင်ဘူးဆိုရင်တောင်....အဆုံးသတ်မှာ အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းလုံး မင်းရဲ့လက်ချက်နဲ့ ပျက်စီးမှာပဲမဟုတ်လား"
"မင်း လက်ဝဲစစ်တပ်ကို ပထမဆုံးရောက်တဲ့နေ့မှာပဲ ဝမ်မိသားစုကို မင်း အမြစ်ပြတ်သုတ်သင်ခဲ့တယ်...နောက်ထပ် မင်းဘာတွေဆက်လုပ်မယ်ဆိုတာ ငါ သိထားပြီးပြီ...မင်းက ဆန့်ကျင်ဘက်အင်အားစုတွေအားလုံးကို ဖယ်ရှားမှာပဲ...အထွတ်အထိပ်ဂိုဏ်းက အရမ်းအစွမ်းထက်တာကြောင့် အနှေးနဲ့အမြန် မင်းရဲ့ပစ်မှတ်ဖြစ်လာမှာပဲ...ငါက မင်းရဲ့အစွမ်းအစကို ကြိုပြီးသိချင်ခဲ့တယ်...မင်း နိုင်သွားမှတော့ ငါ လန်ဝူရှင်းက ငါ့ရဲ့ကတိကိုစောင့်ထိန်းရမယ်...ငါက မင်းရဲ့လက်အောက်မှာ အလုပ်လုပ်ပေးမယ်"
လုယွီက အပြုံးနှင့်ပြောဆိုသည်။
"မင်းက ဥာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ...ဒါဆိုရင်လည်း ငါ မင်းကို ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘူး...တကယ်လို့ မင်းက အထွတ်အထိပ်ဂိုဏ်းကို ဦးဆောင်ပြီးတော့...အဲ့ဒီလူတွေကို မင်းရဲ့အမိန့်ကိုနာခံအောင်လုပ်နိုင်မယ်ဆိုရင် မင်းရဲ့အမွေအနှစ်ကို ဆက်ခံခိုင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး...ပြီးတော့ ငါ့ရဲ့အမိန့်ကိုနာခံတဲ့အတွက် မင်း အကျိုးကျေးဇူးတွေကိုလည်း ရနိုင်လိမ့်မယ်"
လန်ဝူရှင်းသည် သူ၏လက်အောက်ခံအဖြစ်ခိုဝင်သည့်အကြောင်းအရင်းမှာ သူ၏လွှမ်းမိုးချုပ်ကိုင်နိုင်သောခွန်အားကြောင့်ဖြစ်သည်ကို လုယွီက ကောင်းစွာသိရှိထားပေ၏။
သို့ရာတွင် ဤမျှဖြင့် လုံလောက်နေလေပြီ။
အကယ်၍ သူသည် တစ်စုံတစ်ယောက်၏သစ္စာစောင့်သိမှုကို လွယ်လင့်တကူ အလိုရှိနေပါက ထိုလူသည် လန်ဝူရှင်းမဖြစ်နိုင်ချေ။
"စကားတွေလည်း အများကြီးပြောပြီးပြီ....ဒါက ငါတို့ဂိုဏ်းရဲ့အဆင့်မြင့်အကြီးအကဲတွေ ပူးပေါင်းပြီးတော့ ခင်းကျင်းထားတဲ့ဝင်္ကပါပဲ...သူတို့ရဲ့နည်းစနစ်တွေကို အသုံးမပြုဘဲနဲ့ ဒီဝင်္ကပါကို ဖြိုခွင်းနိုင်မှာမဟုတ်ဘူး"
လန်ဝူရှင်းက ရုတ်တရက် လုယွီကိုကြည့်လိုက်သည်။
သူသည် လုယွီကို စမ်းသပ်နေခြင်းပင်။
အကယ်၍ လုယွီသည် ဤဝင်္ကပါကိုမဖြိုခွင်းနိုင်ပါက သူသည် လုယွီကို မှီခိုအားထား၍ရမည်မဟုတ်ချေ။
"ငါ့ဆီမှာ ဒီဝင်္ကပါကိုဖြိုခွင်းနိုင်တဲ့နည်းလမ်းတစ်ခုရှိပြီးသားပါ...လန်ဝူရှင်း...မင်း ငါ့ကို မယုံကြည်သေးတဲ့ကိစ္စကို ငါသိတယ်....ဒီနေ့ ငါက မင်းရဲ့ဆေဘာနည်းစနစ်ကိုသုံးပြီးတော့ ဒီဝင်္ကပါကို ဖြိုခွင်းပြမယ်...မင်း အပြည့်အဝယုံကြည်လက်ခံလာအောင် ငါ လုပ်ပြမယ်"
လုယွီသည် သူ၏ခွန်အားကို တဖန်ထပ်၍ပြသရန် ဆုံးဖြတ်လိုက်၏။
သူသည် ခေါင်းဖြတ်ဆေဘာဓားကို ထုတ်ယူလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ထို့နောက် သူ၏အသက်ရှုနှုန်းကို တည်ငြိမ်အောင်ထိန်းသိမ်းကာ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ဓားသွားပေါ်၌ သိပ်သည်းလိုက်သည်။သူ၏လက်အတွင်း၌ ခေါင်းဖြတ်ဓားသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဖျက်ဆီးနိုင်မည့်ပုံရသည့် ထက်ရှသောဓားတစ်လက်အသွင် ပြောင်းလဲသွားသည်။ထိုဓားတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
လုယွီ၏နောက်တွင် ကြီးမားသောဓားရှည်တစ်လက်၏ပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။
ထိုဆေဘာဓားရှည်ပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လန်ဝူရှင်း ကြက်သေသေသွားသည်။
သူ၏မျက်လုံးများ ပြူးကျယ်သွားပေ၏။သူသည် လုယွီ၏နောက်ရှိ ဆေဘာဓားရှည်ပုံရိပ်ယောင်ကြီးကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီဆေဘာဓားနည်းစနစ်ကို သိနေတာလဲ"
ဤဆေဘာဓားနည်းစနစ်သည် သူ၏ကံကြမ္မာကောင်းကြီးတစ်ခုကြောင့် ရရှိခဲ့သော သူ၏ပိုင်ဆိုင်မှုပင်။
ထို့ပြင် သူ၏သိနားလည်ထားမှုအရ လောကကြီးအတွင်းတွင် ဤဆေဘာဓားနည်းစနစ်ကိုတတ်ကျွမ်းသော ဒုတိယလူတစ်ယောက်မရှိနိုင်ချေ။
သို့ရာတွင် လုယွီသည် ထိုနေ့တုန်းက သူ အသုံးပြုခဲ့သော ဆေဘာဓားနည်းစနစ်ကို တဖန်ပြန်၍ ထုတ်ဖော်အသုံးပြုနေလေပြီ။
လုယွီသည် ခေါင်းဖြတ်ဓားကို မြှောက်လိုက်ပြီးနောက် ဆေဘာဓား၏စွမ်းအားသည် ဓားသွားပေါ်၌ သိပ်သည်းသွားလေ၏။
ရုတ်ချည်းဆိုသလိုပင်....
ဓားချက် ကျဆင်းလာလေပြီ။
ထိုဓားချက်သည် လျှပ်ပြက်သကဲ့သို့လျှင်မြန်ကာ ချက်ချင်းကျရောက်လာသည်။
အလွန်ကြီးမားသောဓားချီဖြင့် ဝင်္ကပါကြီးကို ခုတ်ပိုင်းလိုက်သည်။
ထိုဝင်္ကပါကြီးသည် လုယွီ၏အစွမ်းထက်သောဆေဘာဓားချက်ကို တောင့်ခံနိုင်စွမ်းမရှိတော့ဖြင့် ကျယ်လောင်သောဘန်းခနဲမြည်သံကြီးနှင့်အတူ ကြေမွှပျက်စီးသွားတော့သည်။
Chapter 3568
ဝင်္ကပါကြီး ပြိုကွဲပျက်စီးသွားချိန်တွင် လုယွီသည် ဖျတ်ခနဲပျံသန်းကာ လန်ဝူရှင်းကို ဖမ်းဆုပ်လိုက်သည်။
လန်ဝူရှင်းသည် လက်ဝဲစစ်တပ်ရုံးတော်သို့ ရောက်ရှိလာစဥ်တွင် သူ၏သွေးချီများသည် အလွန်အစွမ်းထက်ကာ သူ၏မှော်စွမ်းအားများသည် အလွန်နက်နဲသိမ်မွေ့ပေ၏။
ယခုချိန်တွင် တစ်ရက်ကြာ ပိတ်လှောင်ခြင်းခံရပြီးနောက် လန်ဝူရှင်းသည် အလွန်အမင်းအားနည်းသွားကာ မတ်တတ်ပင်ရပ်နိုင်စွမ်းမရှိတော့ချေ။
"အဲ့ဒီကောင်တွေက ငါ့ရဲ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေအားလုံးကို ချိပ်ပိတ်ထားတယ်...သူတို့က ငါ့ကို လှောင်ပိတ်ခံရပြီးတော့ သေသွားအောင် ကြိုးစားခဲ့တာပဲ"
လန်ဝူရှင်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
လုယွီက လန်ဝူရှင်း၏နောက်ကျောကို သူ၏လက်ဖြင့်ပုတ်လိုက်သည်။လန်ဝူရှင်း၏ခန္ဓာကိုယ်မှနေ၍ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာပေ၏။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချိပ်စည်းတံဆိပ်တချို့ ချက်ချင်းပြိုကွဲပျက်စီးသွားပုံရသည်။
အစွမ်းထက်သော မှော်စွမ်းအားလှိုင်းများက လန်ဝူရှင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ်"
လန်ဝူရှင်းသည် ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်နေသည်။
ဝင်္ကပါကိုဖြိုခွင်းခဲ့ရုံဖြင့် လုယွီ၏ဆေဘာဓားနည်းစနစ် မည်မျှထိအစွမ်းထက်သည်ကိုပြသရန်လုံလောက်သည်။သို့ရာတွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချိပ်စည်းတံဆိပ်များကို လက်ဝါးတစ်ဖက်ဖြင့်ပုတ်၍ ဖြိုခွဲခဲ့သည်မှာ သာမာန်ကိစ္စတစ်ရပ်မဟုတ်တော့ချေ။
အနည်းဆုံးအနေဖြင့် မှော်စွမ်းအားအရာတွင် လန်ဝူရှင်းအား ချိပ်ပိတ်ခဲ့သော မဟာအကြီးအကဲသည် လုယွီထက် များစွာပို၍ အားနည်းနေပေမည်။
……
ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီး ပြိုကွဲပျက်စီးသွားလေပြီ။ဤသည်မှာ တည်ငြိမ်သောရေမျက်နှာပြင်ပေါ်သို့ ကျောက်တုံးတစ်တုံးကျသွားသည့်အလား ကြီးမားသောရုန်းရင်းဆန်ခတ်မှုကြီးကို ဖြစ်ပွားသွားစေသည်။
နန်းတော်၏ပြင်ပ၌...
တဖြည်းဖြည်း ပြန်လည်ငြိမ်သက်စပြုလာသော အထွတ်အထိပ်ဂိုဏ်းအတွင်း၌ ခေါင်းလောင်းသံများ တဖန်ထပ်၍ မြည်ဟီးလာသည်။
နက်ရှိုင်းသောတောင်များအတွင်း၌ ထိုင်နေကြသော အထွတ်အထိပ်ဂိုဏ်းမှအကြီးအကဲများအားလုံး အံ့အားသင့်တုန်လှုပ်သွားကာ ဂိုဏ်းအတွင်းရှိ ခေါင်းလောင်းထံသို့ ကြည့်လိုက်ကြ၏။
ထိုခေါင်းလောင်းသည် ဂိုဏ်းအတွင်း၌ အလွန်အမင်းအရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပွားချိန်မှသာ မြည်ဟီးသည်။
ထို့ပြင် ပို၍အရေးကြီးသောအချက်မှာ ခေါင်းလောင်းသံသည် တစ်ကြိမ်ထက်မက မြည်ဟီးနေခြင်းပင်။
ဒေါင်....ဒေါင်...ဒေါင်...
ကြေးနီခေါင်းလောင်းသံသည် တောင်ကြားအတွင်း၌ အဆက်မပြတ်ပဲ့တင်ထပ်နေကာ အချိန်အတော်ကြာသည့်တိုင် တည်ငြိမ်သွားခြင်းမရှိချေ။
"ဘာဖြစ်တာလဲ.."
"လက်ဝဲစစ်တပ်ရဲ့တပ်မှူး ရောက်နေတဲ့အချိန်ကျမှ ဒီကိစ္စမျိုးက ဘာလို့ရုတ်တရက်ကြီးထဖြစ်တာလဲ"
တောင်ကြားအတွင်း၌ပုန်းအောင်းနေသော အကြီးအကဲတချို့သည် မတ်တတ်ထရပ်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
ထိုအကြီးအကဲများ၏နံဘေးရှိ တပည့်များသည်လည်း သူတို့၏နတ်ဘုရားစိတ်အာရုံများကို ဖြန့်ကျက်ကာ အထွတ်အထိပ်ဂိုဏ်းအတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ဂရုတစိုက် လေ့လာဆန်းစစ်လိုက်သည်။
ထိုတပည့်များသည် အလွန်လိမ္မာပါးနပ်ပေ၏။လုယွီ ရောက်ရှိလာခြင်းနှင့်အတူ အထွတ်အထိပ်ဂိုဏ်းသည် အလုံးစုံပျက်သုဥ်းခြင်းနှင့် ရင်ဆိုင်ရနိုင်ချေများကြောင်း သူတို့ သိရှိထားသည်။ဤအချိန်အခိုက်အတန့်တွင် ပုန်းအောင်းနေခြင်းကသာ ဥာဏ်အရှိဆုံးရွေးချယ်မှုပင်။
ဂိုဏ်းအပေါ်အလွန်အမင်းသစ္စာစောင့်သိသော တပည့်တချို့မှလွဲ၍ အထွတ်အထိပ်ဂိုဏ်း၏တောင်ကြားအတွင်းတွင် အကြီးအကဲတစ်စုကသာ ခေါက်တုံ့ခေါက်ပြန်ပြေးလွှားနေသည်ကို တွေ့မြင်ရပေမည်။
သူတို့သည် နတ်ဘုရားစိတ်အာရုံများကိုအသုံးပြု၍ ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်နေကြသည်။
အထွတ်အထိပ်ဂိုဏ်း၏ပြင်ပ၌ အတားအဆီးဝင်္ကပါကြီးရှိနေဆဲဖြစ်ကာ မည်သည့်ရန်သူမျှ ကျူးကျော်ဝင်ရောက်လာခြင်းမရှိချေ။
ဤသည်မှာ ကြေးနီခေါင်းလောင်းမြည်ဟီးလာခြင်းသည် ပြင်ပရန်သူများ ကျူးကျော်ဝင်ရောက်လာခြင်းကြောင့်မဟုတ်ဟု ဆိုလိုခြင်းပင်။
"အားလုံးပဲ....မင်းတို့တွေ ရူးသွပ်နတ်ဆိုးနန်းတော်ကို တစ်ခေါက်လောက်သွားကြည့်တာ ပိုကောင်းလိမ့်မယ်"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် တခြားအကြီးအကဲများထံသို့ သတင်းပေးလိုက်၏။
သူသည် လုယွီ သူ့ကိုယ်သူအရူးဖြစ်အောင်လုပ်သည်ကို မြင်တွေ့လိုသဖြင့် ရူးသွပ်နတ်ဆိုးနန်းတော်၏ပြင်ပ၌ စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် သူသည် လုယွီကိုစောင့်ကြည့်နေရင်း ခေါင်းလောင်းသံမြည်ဟီးလာသည်ကို ကြားလိုက်ရသည်။
ရုတ်ချည်းဆိုသလိုပင် ခန်းမအတွင်းရှိကြီးမားသောရူးသွပ်နတ်ဆိုးရုပ်ထုကြီး အလိုအလျှောက် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားခဲ့သည်။
ဤသည်မှာ အလွန်အမင်း သာမာန်မဟုတ်သော ကိစ္စတစ်ရပ်ပင်။
ဤရူးသွပ်နတ်ဆိုးရုပ်ထုကို အထွတ်အထိပ်ဂိုဏ်းမှဂိုဏ်းဝင်များအားလုံး ဝတ်ပြုကိုးကွယ်ကာ ရှေးဟောင်းရူးသွပ်နတ်ဆိုး၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဆင့်ခေါ်ထားခဲ့လေ၏။ဤသည်မှာ ရုပ်ထုတစ်ခုနှင့်မတူညီဘဲ ကွဲပြားခြားနားသည်။
ဤရုပ်ထုထံတွင် သူ၏နတ်ဘုရားပလ္လင်ရှိနေလုနီးပါးပင်။အမွှေးနံ့သာပူဇော်ခြင်း ရပ်တန့်သွားလျှင်ပင် ထိုရုပ်ထုသည် ပြိုကွဲပျက်စီးသွားမည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုရူးသွပ်နတ်ဆိုးရုပ်ထုသည် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ၏ရှေ့၌ ပြိုကွဲပျက်စီးသွားခဲ့သည်။
ထိုအကြီးအကဲ၏မှော်စွမ်းအားများသည် နက်နဲသိမ်မွေသည့်တိုင် ဤကဲ့သို့မမျှော်လင့်သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် မည်ကဲ့သို့ဖြစ်ပျက်သွားသည်ကို ဖော်ထုတ်နိုင်ခြင်းမရှိချေ။
ရူးသွပ်နတ်ဆိုးနန်းတော်၏ရှေ့သို့ အကြီးအကဲများ ပို၍ပို၍ရောက်ရှိလာကာ အယောက်သုံးဆယ်ခန့်ရှိနေလေပြီ။
ထိုအကြီးအကဲတစ်ယောက်ချင်းစီသည် အနိမ့်ဆုံးမြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့်အထက် ခွန်အားမျိုးရှိသည်။အကယ်၍ သူတို့သည် တော်ဝင်စစ်တပ်တွင်သာ တာဝန်ထမ်းဆောင်ပါက မဟာစစ်ဗိုလ်ချုပ်ရာထူးကို ရရှိနိုင်ပေမည်။
ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းဖြစ်သော အထွတ်အထိပ်ဂိုဏ်းတွင် ဤကဲ့သို့ခွန်အားမျိုးရှိနေသည်မှာ အံ့အားသင့်ဖွယ်မရှိချေ။
Chapter 3569
"ဘာလို့ ရူးသွပ်နတ်ဆိုးရုပ်ထုက ရုတ်တရက်ကြီး ပြိုကွဲပျက်စီးသွားတာလဲ"
"မင်း အပြင်မှာစောင့်ကြည့်နေတုန်းက မူမမှန်တာတစ်ခုခုကို တွေ့မိသေးလား"
အကြီးအကဲတချို့သည် ဤနေရာသို့ အပြေးရောက်လာပြီးနောက် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲကို မေးခွန်းထုတ်ကြတော့သည်။
သူတို့သည် ပြိုကွဲပျက်စီးနေသော ရူးသွပ်နတ်ဆိုးရုပ်ထုကြီးကို မြင်တွေ့ချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
အထွတ်အထိပ်ဂိုဏ်း၏ကျင့်ကြံနည်းစနစ်များအားလုံးသည် ရှေးဟောင်းခေတ်ကာလအတွင်းရှိ ရူးသွပ်နတ်ဆိုးမျိုးနွယ်ထံမှ အမွေဆက်ခံထားခြင်းဖြစ်သည်။ထိုအကြောင်းအရင်းကြောင့် အထွတ်အထိပ်ဂိုဏ်းအတွက် ရူးသွပ်နတ်ဆိုးနန်းတော်သည် နှိုင်းယှဥ်ပြစရာမရှိသည်အထိ မြင့်မြတ်သောနေရာတစ်နေရာပင်။
ဤအချိန်အခိုက်အတန့်တွင် ရူးသွပ်နတ်ဆိုးရုပ်ထုကြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးနေခဲ့သည်။ဂိုဏ်းအတွင်းရှိခေါင်းလောင်းသံ ရုတ်တရက်ကြီး မြည်ဟီးလာသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက ပြောဆိုသည်။
"လက်ဝဲစစ်တပ်ရဲ့တပ်မှူးက ရူးသွပ်နတ်ဆိုးနန်းတော်ထဲကို ဝင်သွားခဲ့တယ်...အချိန်နှစ်နာရီမပြည့်ခင်မှာ ဒီလိုကိစ္စမျိုး ရုတ်တရက်ကြီးဖြစ်ပွားတော့တာပဲ...ဒါတွေအားလုံးက လက်ဝဲစစ်တပ်ရဲ့တပ်မှူးနဲ့ ပတ်သက်နေမှာကို ငါ စိုးရိမ်မိတယ်"
လက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများသည် ငတုံးငအများမဟုတ်ချေ။အတွေးတစ်ချက်ဖြင့်ပင် လုယွီသည် ရူးသွပ်နတ်ဆိုးနန်းတော်အတွင်း၌ တစ်စုံတစ်ခုပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သူတို့အားလုံး သိရှိသွားသည်။
"အဓိပ္ပါယ်မရှိလိုက်တာ...ရူးသွပ်နတ်ဆိုးနန်းတော်က ငါတို့အထွတ်အထိပ်ဂိုဏ်းရဲ့ အရေးကြီးတဲ့နေရာတစ်နေရာပဲ...မင်းတို့က ဘာလို့ သူလိုအပြင်လူတစ်ယောက်ကို ဝင်ခွင့်ပြုလိုက်တာလဲ....ပြီးတော့ သူက တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်လေ"
အကြီးအကဲတစ်ယောက်က ဆူပူကြိမ်းမောင်းလေ၏။
ထိုအချိန်တုန်းက အကြီးအကဲများအနက်မှတချို့သည် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
သူတို့သည် လောကကြီးအတွင်းရှိ မည်သည့်သတင်းကိုမျှ ရောက်ရှိမလာအောင် ပိတ်ဆို့ဟန့်တားထားကာ လောကကြီး၏အရေးကိစ္စများကို လျစ်လျှူရှုထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အကယ်၍ ဂိုဏ်း၏ကြေးနီခေါင်းလောင်းသံ မြည်ဟီးလာသည့်အချက်ကြောင့်သာမဟုတ်ပါက သူတို့သည်လည်း နိုးထလာမည်မဟုတ်ချေ။
ယခုချိန်၌ သူတို့ထွက်လာသည်နှင့် ရူးသွပ်နတ်ဆိုးရုပ်ထုကြီး ပြိုကွဲပျက်စီးနေသည်ကို မြင်တွေ့ရလေရာ မည်သည်ကြောင့် သူတို့ ဒေါသမထွက်ဘဲနေမည်နည်း။
"အားလုံးပဲ...အရမ်းကြီး မစိုးရိမ်ကြပါနဲ့အုံး....ဒါက မဟာအကြီးအကဲရဲ့အကြံအစည်ပါ.."
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက ပြောဆိုသည်။
တံခါးပိတ်ကျင့်ကြရာမှထွက်လာသော အကြီးအကဲများသည် 'မဟာအကြီးအကဲ'ဟူသော နာမည်ကိုကြားချိန်တွင် သူတို့၏အော်ဟစ်နေခြင်းကို ရပ်တန့်လိုက်ကြ၏။
အထွတ်အထိပ်ဂိုဏ်းအတွင်း၌ မဟာအကြီးအကဲ၏အခွင့်အာဏာသည် အလွန်အမင်းကြီးမားကာ ဂုဏ်သတင်းအရနှိုင်းယှဥ်ပါက လန်ဝူရှင်းထက်ပင် ပို၍မြင့်မားသည်။
ဤသည်မှာ ယခင်ဂိုဏ်းချုပ်ဟောင်း သေအံ့မူးမူးအချိန်တွင် လန်ဝူရှင်းအား ကူညီထောက်ပံပေးရန်အတွက် သစ္စာရှိလူယုံအဖြစ်ခန့်အပ်ထားခဲ့သောလူပင်။
မည်သူမည်ဝါဖြစ်နေပါစေ မဟာအကြီးအကဲ၏ရှေ့ မလေးမစား ပြုမူဆောင်ရွက်ဝံ့ခြင်းမရှိချေ။
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မဟာအကြီးအကဲရဲ့ရည်ရွယ်ချက်က...ရူးသွပ်နတ်ဆိုးနန်းတော်ထဲက မြင့်မြတ်ဝိညာဥ်ကိုအသုံးပြုပြီးတော့ လက်ဝဲစစ်တပ်ရဲ့တပ်မှူးကို ရင်ဆိုင်ဖြေရှင်းဖို့ပဲ....ငါတို့အထွတ်အထိပ်ဂိုဏ်းက သူ့ကိုဘာမှမလုပ်ဘဲနဲ့ ရူးသွပ်နတ်ဆိုးနန်းတော်ထဲမှာ ပိတ်လှောင်ထားတာက အကောင်းဆုံးဖြစ်လိမ့်မယ်....ရူးသွပ်နတ်ဆိုးနန်းတော်ထဲမှာ ဘာရှိလဲဆိုတာ မင်းတို့အားလုံးလည်းသိကြမှာပါ....ဟုတ်တယ်မလား"
ထိုအကြီးအကဲများ၏မျက်နှာအမူအယာများ မသိမသာ ပျက်ယွင်းသွားသည်။
ဤနန်းတော်အတွင်း၌ ပုန်းကွယ်နေသောအရာကို သူတို့အားလုံး သိရှိထားပေ၏။
သူတို့ပင်လျှင် သတ်မှတ်ထားသော အထူးနေ့ရက်တစ်ရက်မှသာ နန်းတော်အတွင်းသို့ ဝင်ရောက်နိုင်သည်။ထိုသို့မဟုတ်ပါက သူတို့သည် ရူးသွပ်နတ်ဆိုးရုပ်ထုများ၏ တိုက်ခိုက်ခြင်းကိုခံရကာ မရှုမလှအခြေအနေမျိုးသို့ ကျရောက်သွားပေမည်။
"ဒါဆိုရင် လက်ဝဲစစ်တပ်ရဲ့တပ်မှူးက အထဲမှာသေသွားပြီလား"
အကြီးအကဲတစ်ယောက်က ရုတ်တရက် မေးမြန်းသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် လက်ဝဲစစ်တပ်နယ်မြေ၏အဆင့်မြင့်ဆုံး အရာရှိတစ်ယောက်ပင်။အကယ်၍ သူသာ အထွတ်အထိပ်ဂိုဏ်းအတွင်း၌ သေဆုံးသွားပါက အဆုံးသတ်တွင်တော်ဝင်နန်းတွင်းကြောင့် ဂိုဏ်းတစ်ဂိုဏ်းလုံး ခက်ခဲသည့်အခြေအနေမျိုးသို့ ရောက်ရှိသွားပေမည်။
"မင်းတို့က ဘာတွေကြောက်နေကြတာလဲ...တကယ်လို့ သူ ဒီနေရာမှာသေသွားရင်တောင် ဘာဖြစ်လာမှာမလို့လဲ...သူက သူ့ဟာသူ ကျူးကျော်ဝင်ရောက်လာတာ....ဒါက ငါတို့အထွတ်အထိပ်ဂိုဏ်းရဲ့အရေးကြီးတဲ့နေရာတစ်ခု...ငါတို့က သူ့ကို ဖိအားပေးပြီး ဝင်ခိုင်းတာမဟုတ်ဘူး"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက သရော်တော်တော် ပြောဆိုသည်။
တခြားအကြီးအကဲများသည် ထိုစကားကိုကြားချိန်တွင် သူတို့၏စိတ်နှလုံးသားများ အနည်းငယ်တည်ငြိမ်သွားပေ၏။
"ဘာကိစ္စပဲရှိနေနေ....ရူးသွပ်နတ်ဆိုးရုပ်ထု ပြိုကွဲပျက်စီးသွားတာက ထိပ်တန်းအရေးပေါ်ကိစ္စပဲ...အထဲကဝင်္ကပါတွေကို ရပ်တန့်ပြီးတော့ ငါတို့ တစ်ချက်တော့ဝင်ကြည့်မှရမယ်"
အကြီးအကဲတစ်ယောက်က ပြောဆိုသည်။
ဤသည်မှာ အလုံခြုံဆုံး စစ်ဆေးမှုပင်။မည်သို့ပင်ဆိုစေကာမူ ရူးသွပ်နတ်ဆိုးနန်းတော်သည် အထွတ်အထိပ်ဂိုဏ်း၏အောင်မြင်မှုနှင့် များစွာဆက်စပ်နေသည်။
"တကယ်တော့ လက်ဝဲစစ်တပ်ရဲ့တပ်မှူးက သေဆုံးမသွားရင်တောင် ဒဏ်ရာအပြင်းအထန်ရနေလောက်ပြီ....အဲ့ဒီအချိန်ကျရင် ငါတို့အားလုံးတိုက်ခိုက်ပြီးတော့ အကြီးအကဲယွဲ့ချင်အတွက် လက်စားချေရမယ်"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုလိုက်၏။
သို့ရာတွင် သူ၏စကားအဆုံးသတ်သွားသော အချိန်မှာပင်.....
ရူးသွပ်နတ်ဆိုးနန်းတော်ရှိနေသော နေရာမှနေ၍ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးလာသည်။
ထို့နောက်မှနေ၍ ရူးသွပ်နတ်ဆိုးနန်းတော်မှ ကြီးမားသောကြေးနီတံခါးကြီးသည် အစွမ်းထက်သောအားလှိုင်းတစ်ရပ်ကြောင့် လွင့်စင်လာသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။