အခန်း (၃၅၇၄-၃၅၇၇)
Vol. 182 Ch. 3574-3577
Chapter 3574
အကြီးအကဲများအားလုံး ကြက်သေသေနေစဥ်မှာပင် ရှည်လျားသောသက်ပြင်းချသံတစ်သံက အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။
"လန်ဝူရှင်း...မင်း ဘာလို့ဒီလိုတွေ လုပ်နေတာလဲ....တကယ်လို့ အရင်ဂိုဏ်းချုပ်အိုကြီးကသာ မင်းကိုမကယ်ခဲ့ဘူးဆိုရင်....စွန့်ပစ်နယ်မြေထဲမှာ မင်း သေနေတာ အချိန်အတော်ကြာနေလောက်ပြီ...တကယ်လို့ မင်းက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် ဒီအချက်ကို နားမလည်ဘူးဆိုရင်...မင်းက တိရစ္ဆာန်တစ်ကောင်နဲ့အတူတူပဲ"
ဤအသံ မည်သည့်နေရာမှထွက်ပေါ်လာသည်ကို ပြောဆိုရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် ထိုအသံမြည်ဟီးလာသော အချိန်အခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိတောင်များအားလုံးတုန်ခါစပြုလာသည်။
တစ်ချိန်တည်းမှာပင် အလွန်ပုသောလူရိပ်တစ်ရိပ်က အကြီးအကဲများအကြားမှနေ၍ ရှေ့သို့လျှောက်လှမ်းထွက်လာပေ၏။
ဤသည်မှာ အသက်ခုနစ်နှစ် ရှစ်နှစ်ခန့်သာရှိမည့် ကောင်လေးတစ်ယောက်ပင်။သူ၏စည်းနှောင်ထားသောဆံပင်များက လေထုအတွင်း၌လူးလွန့်နေသည်။သူ၏ခန္ဓာကိုယ်အရေပြားသည် ကြွေဖယောင်းအလား နူးညံချောမွတ်နေသည်။
ဤကောင်လေးကိုကြည့်ရသည်မှာ အလွန်ချစ်စဖွယ်ကောင်းသော်လည်း သူ၏မျက်လုံးများအတွင်းတွင် ကလေးတစ်ယောက်တွင်ရှိရမည့် ရိုးစင်းမှုမျိုးရှိမနေချေ။ထိုအစား သူသည် တိုက်ပွဲကွင်းပြင်အတွင်း၌ အတွေ့အကြုံများစွာ ဖြတ်သန်းခဲ့ရပုံဖြင့် ဘဝ၏လောကဓံအရိပ်အယောင်များ သူ၏မျက်လုံးအတွင်း၌ ထင်ဟပ်နေသည်။
သူ လူအုပ်အကြားမှထွက်လာသည်နှင့် အကြီးအကဲများအားလုံး သူ့ကို ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"မဟာအကြီးအကဲ..."
အကြီးအကဲများအားလုံး ရိုသေလေးစားစွာ ပြောဆိုလိုက်ကြကာ သူတို့ရှေ့ရှိလူကို ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံဝံ့ခြင်းမရှိချေ။
"မင်းက ခရမ်းမီးတောက်အင်မော်တယ်ကကျီးယန်လား"
လုယွီက ထိုကောင်လေးကိုမြင်တွေ့ချိန်တွင် ရုတ်တရက် မေးမြန်းလိုက်သည်။
သူ ဤနေရာသို့ ရောက်မလာမီကတည်းက ဖေးထျန်ကွမ်းသည် အထွတ်အထိပ်ဂိုဏ်းနှင့်ပတ်သတ်သော သတင်းအချက်အလက်များအားလုံးကို သူ့ထံတင်ပြပြီးဖြစ်သည်။
အထွတ်အထိပ်ဂိုဏ်းအတွင်း၌ အစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ပေါများသော်လည်း အလွန်နည်းပါးသောလူတချို့ထံတွင်သာ အစစ်အမှန်လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားမျိုးရှိသည်။လန်ဝူရှင်းအပြင် သူ့ရှေ့မှ ခရမ်းမီးတောက်အင်မော်တယ်ကကျီးယန်သည်လည်း ထိုလူနည်းစုအနက်မှတစ်ယောက်ပင်။
ခရမ်းမီးတောက်အင်မော်တယ်ကျီးယန်သည် မူလက တာအိုဂိုဏ်းတစ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူသည် ဂိုဏ်းအတွင်း၌ ညစ်ညမ်းရိုင်းစိုင်းသောကိစ္စများကို ကျူးလွန်ခဲ့ကာ ဂိုဏ်းတူတပည့်များကို ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် ပြင်ပကျင့်ကြံခြင်းလောကသို့ နှင်ထုတ်ခြင်းခံခဲ့ရသည်။နောက်ပိုင်းတွင် သူသည် အထွတ်အထိပ်ဂိုဏ်းသို့ ရောက်ရှိလာကာ နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်လာပေ၏။
ကောလဟာလများအရ ခရမ်းမီးတောက်အင်မော်တယ်ကျီးယန်၏ကျင့်ကြံဆင့်သည် ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိနေပြီဟုဆိုကြသည်။တစ်ချိန်တည်းမှာပင် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သော သူသည် ကျင့်ကြံဆင့်ချိုးဖျက်စဥ်၌ အသစ်တဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ဖြစ်သွားသည်။သူသည် ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိသွားကာ သူ၏ဘဝသက်တမ်းသည်လည်း အဆများစွာ ပို၍မြင့်တက်သွားပေ၏။
တခြားဂိုဏ်းအများစုနှင့်တူညီစွာ သူသည် ဂိုဏ်းကိုစီမံအုပ်ချုပ်ကာ တစ်ဖက်အင်အားစုများကို ခြိမ်းခြောက်နိုင်သော မွန်းစတားအိုကြီးတစ်ကောင်ပင်။
ခရမ်းမီးတောက်အင်မော်တယ်ကျီးယန် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏မျက်နှာကို လာရောက်ရိုက်ခတ်သော အန္တရာယ်အငွေ့အသက်ကို ခံစားမိလေ၏။
ဤှလူသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း နယ်မြေသခင်နယ်ပယ်သို့ ခြေလှမ်းတစ်ဝက်ချပြီးလေပြီ။
သူသည် ယခင်က လုယွီရင်ဆိုင်ခဲ့သော ဝမ်မူကျီးနှင့်အဆင့်မြင့်အကြီးအကဲတို့ထက် များစွာပို၍သန်မာအားကောင်းသည်။
"မဟာအကြီးအကဲ...သူတို့ စဥ်းစားဥာဏ်မရှိတာကိုထားတော့...မင်းကတော့ ငါ ဆိုလိုချင်တာကို နားလည်သဘောပေါက်သင့်တယ်မဟုတ်လား"
လန်ဝူရှင်းက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
သူ၏လေသံ များစွာပို၍ပျော့ပျောင်းသွားသည်မှာ သိသာထင်ရှားလှ၏။အထွတ်အထိပ်ဂိုဏ်းအတွင်းတွင် မဟာအကြီးအကဲသည် လန်ဝူရှင်း ရိုသေလေးစားစွာဆက်ဆံသော လူနည်းစုအနက်မှတစ်ယောက်ပင်။
လန်ဝူရှင်းသည် လုယွီအား အရှုံးပေးအညံခံခဲ့သည့်အကြောင်းအရင်းမှာ တော်ဝင်နန်းတွင်းမှ ဂိုဏ်းအင်အားစုများကို တိုက်ခိုက်စဥ်တွင် အထွတ်အထိပ်ဂိုဏ်း ဆက်လက်၍ရှင်သန်နေစေရန်ကြောင့်ဖြစ်သည်။
သို့ရာတွင် မဟာအကြီးအကဲကျီးယန်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"အဓိပ္ပါယ်မရှိလိုက်တာ...မင်းက အပြင်လူကိုတောင် ဂိုဏ်းထဲကို ခေါ်သွင်းလာခဲ့တယ်...ဒါက ငါတို့ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ပျက်ပြားစေတယ်...ပြန်သွားပြီး မင်းကိုယ်မင်း ဆင်ခြင်သုံးသပ်နေစမ်း"
ထိုသို့ပြောဆိုပြီးနောက် ကျီးယန်သည် သူ၏အင်္ကျီလက်ကိုလှုပ်ခတ်ကာ သူ့ရှေ့ရှိ လန်ဝူရှင်းကို လွှမ်းခြုံလိုက်၏။
ဤလှုပ်ရှားမှုသည် အင်္ကျီလက်အတွင်းမှ နေရာလွတ်လေဟာနယ်ကမ္ဘာငယ်လေးပင်။ဤသည်မှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးယန်ကျွင်း အသုံးပြုခဲ့သည့်နည်းစနစ်နှင့် တစ်ထပ်တည်းတူညီသည်။
ယခုချိန်၌ လန်ဝူရှင်းသည် အလွန်အားနည်းသောအခြေအနေမျိုး၌ ရှိနေသည်။သူသည် အစောပိုင်းကမှ ချိပ်ပိတ်ခံထားရမှုမှ လွတ်မြောက်ခဲ့ကာ အကြီးအကဲတစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့သည်။သူသည် အကန့်အသတ်အခြေအနေမျိုးသို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပေ၏။
မိုးကောင်းကင်ယံကိုလွှမ်းခြုံလာသော ကြီးမားသည့်အင်္ကျီလက်ကြီးကိုကြည့်ပြီး သူ ခုခံကာကွယ်နိုင်ရန် နည်းလမ်းမရှိသည်ကို လန်ဝူရှင်းက နားလည်သဘောပေါက်သွားသည်။သူ ထပ်မံ၍ခုခံကာကွယ်ခြင်းမပြုရန် စိတ်ပိုင်းဖြတ်လိုက်သည်။
လန်ဝူရှင်းအား အင်္ကျီလက်ကြီးမှ လွှမ်းခြုံသွားတော့မည့်ဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
သို့ရာတွင် ရုတ်တရက် လန်ဝူရှင်း၏ရှေ့သို့ လူတစ်ယောက်ရောက်ရှိလာကာ ထိုအင်္ကျီလက်ကို ဖယ်ရှားလိုက်၏။
ထို့နောက် လုယွီ၏အသံက ပဲ့တင်ထပ်ပျံ့နှံ့လာသည်။
"ဒီလူက ငါ့ရဲ့လက်အောက်ငယ်သားဖြစ်သွားပြီ ..ခုဏက ငါပြောတာကို မင်း မကြားလိုက်ဘူးလား"
Chapter 3575
လုယွီ၏လက်ချောင်းများ လှုပ်ခတ်လိုက်ခြင်းနှင့်အတူ မမြင်နိုင်သောအားလှိုင်းတစ်ရပ်က ထိုအင်္ကျီလက်ပေါ်သို့ ကျရောက်သွားသည်။
မဟာအကြီးအကဲကျီးယန်သည် မျက်မှောင်ကြုတ်ပြီးနောက် သူ၏အင်္ကျီလက်ကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်သည်။
သူ၏အင်္ကျီလက်ကို ပြန်ရုတ်သိမ်းလိုက်သည်နှင့် အားလှိုင်းတစ်ရပ်ပွင့်အံ့ထွက်လာကာ မဟာအကြီးအကဲကျီးယန်၏နောက်ရှိ မြေပြင်ပေါ်၌ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။
"အရှင်လု...မင်းက ဧည့်သည်တစ်ယောက်အနေနဲ့ ငါတို့အထွတ်အထိပ်ဂိုဏ်းကိုရောက်လာတယ်....ငါတို့က မင်းကို လေးလေးစားစားဆက်ဆံခဲ့တယ်....အရင်ဆုံး မင်းက ငါတို့ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်ကို သတ်ခဲ့တယ်...နောက်ပြီးတော့ ရူးသွပ်နတ်ဆိုးနန်းတော်ကို မင်း ဖျက်ဆီးခဲ့တယ်...ငါ လုံလောက်အောင် သည်းခံခဲ့ပြီးပြီ....လန်ဝူရှင်းရဲ့ကိစ္စကတော့...ဒါက ငါ သူ့ကို သင်ပြပေးရမယ့် မိသားစုကိစ္စပဲ...အရှင်လုက ကျေးဇူးပြုပြီးတော့ ကြားဝင်မစွက်ဖက်ပါနဲ့"
ကျီးယန်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
သူ၏အပြုအမူသည် အလွန်ယဥ်ကျေးသိမ်မွေ့ပုံရသည်။
လုယွီ၏တိုက်ခိုက်မှုကြောင့် သူ ဒေါသထွက်နေခြင်းပင်မရှိချေ။
သူ၏စကားများသည် ယဥ်ကျေးသိမ်မွေ့ပုံရသော်လည်း သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့်ပြည့်နှက်နေသည်။
သူ၏ဆိုလိုရင်းသည် အလွန်သိသာထင်ရှားပေ၏။သူသည် လုယွီကို အကြိမ်ပေါင်းများစွာ သည်းခံပြီးလေပြီ။အကယ်၍ လုယွီသည် ဆက်လက်၍လွန်ကဲလာပါက သူ တိုက်ခိုက်သည့်အတွက် အပြစ်တင်၍ရတော့မည်မဟုတ်ချေ။
လုယွီသည် မဟာအကြီးအကဲကျီးယန်၏ဆိုလိုရင်းကို နားလည်သဘောပေါက်သော်လည်း အရေးစိုက်ရန် ရည်ရွယ်မထားချေ။
"လန်ဝူရှင်းက ငါ့ရဲ့လက်အောက်ကိုရောက်လာမှတော့ ငါက သူ့ကို စစ်ဗိုလ်ချုပ်ရာထူးပေးဖို့ ဆုံးဖြတ်ပြီးပြီ...မင်းက တော်ဝင်နန်းတွင်းရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ကို လူသိရှင်ကြား ဖမ်းဆီးချုပ်နှောင်ထားဖို့ ကြံရွယ်နေတယ်ဆိုတော့ မင်းက ပုန်ကန်ချင်နေတာလား"
လုယွီသည် ခြေလှမ်းရှေ့တိုးကာ မဟာအကြီးအကဲကျီးယန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"ငါက မင်းကို မျက်နှာသာတချို့ ပေးခဲ့ပြီးပြီ...မင်းကိုယ်မင်း အရမ်းကြီးကျယ်ခမ်းနားတဲ့လူလို့ ထင်နေတာလား...ငါတို့အထွတ်အထိပ်ဂိုဏ်းက လက်ဝဲစစ်တပ်နယ်မြေမှာ ရပ်တည်ခဲ့ပြီးတော့ လက်ဆင့်ကမ်းဆင်းသက်လာတာ နှစ်ရာနဲ့ချီပြီးကြာမြင့်နေပြီ...မင်းက အရာရှိလေးတစ်ယောက်သက်သက်ပဲ...တော်ဝင်နန်းတွင်း နောက်ခံရှိနေတာနဲ့ မင်းက မိုးကောင်းကင်ယံကို မင်းရဲ့လက်တစ်ဖက်တည်းနဲ့ အုပ်လို့ရမယ်လို့ ထင်နေတာလား"
မဟာအကြီးအကဲကျီးယန်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလွန်ဒေါသထွက်သွားကာ သူ၏မျက်လုံးများအတွင်းမှ ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာသည်။
သူ၏နောက်၌ ခရမ်းရောင်အလင်းကွင်းများ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ်လှည့်ပတ်နေသည်။ထိုအလင်းကွင်းတစ်ခုစီပေါ်တွင် ခရမ်းရောင်မီးတောက်များက တဟုန်းဟုန်းတောက်လောင်နေပေ၏။
ဤမီးတောက်များ၏အပူရှိန်သည် အလွန်အမင်းမြင့်မားကာ ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် ပုံပျက်စပြုလာကာ လုယွီ မသေဆုံးမချင်း ရပ်တန့်မည့်ပုံမရချေ။
ဤသည်မှာ မီးစွမ်းအင်အထူးပြုကျင့်ကြံသူတစ်ယောက်ပင်။
နှစ်ပေါင်းများစွာကြာမြင့်သည်အထိ ကျင့်ကြံပြီးနောက် ကျီးယန်၏ခရမ်းရောင်မီးတောက်များသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။ထိုမီးတောက်များကို တစ်ကြိမ်ထုတ်လွှတ်လိုက်သည်နှင့် အရာအားလုံးပြာကျသွားတော့မည့်အလား အလွန်စွမ်းအားပြင်းထန်သည်။
"ငါ့ရဲ့တိုက်ခိုက်မှုကိုကြည့်စမ်း...သေပေတော့..."
အကြီးအကဲကျီးယန်က ရုတ်တရက် အော်ဟစ်ကာ သူ၏လက်အတွင်း၌ မြင်းမြှီးကြာပွတ်တစ်ချောင်း ထွက်ပေါ်လာသည်။သူ၏နောက်ရှိ ခရမ်းရောင်မီးကွင်းခုနစ်ကွင်းမှနေ၍ ကြီးမားသောစပါးကြီးမြွေတစ်ကောင် ထွက်ပေါ်လာကာ လုယွီကိုဦးတည်ပြီး ကိုက်လိုက်၏။
ဤစပါးကြီးမြွေကြီးကို ခရမ်းရောင်မီးတောက်များဖြင့် ဖွဲ့စည်းထားခြင်းပင်။ထိုမြွေကြီး၏ခေါင်း ဆန့်ထွက်လာသည်နှင့် လောကကြီးအတွင်းရှိ အရာရာတိုင်းကို မီးရှို့ပြာချတော့မည့်အလား အလွန်အမင်းပူပြင်းသော အပူရှိန်တစ်ရပ် ထွက်ပေါ်လာသည်။
"မီးတောက်...ထွက်လာခဲ့စမ်း"
မဟာအကြီးအကဲကျီးယန်သည် မီးတောက်ကိုအသုံးပြုလိုက်သည်ကို မြင်တွေ့ချိန်၌ လုယွီသည်လည်း မီးတောက်ဖြင့် ပြန်လည်ရင်ဆိုင်လိုက်သည်။
သူသည် မီးနတ်ဘုရားကျူးရုံ၏အစစ်အမှန်ခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်၏။ရုတ်ချည်းဆိုသလိုပင် မီးနတ်ဘုရားကျူးရုံ၏ကြီးမားသောပုံရိပ်ယောင်ကြီးက လုယွီ၏နောက်၌ သိပ်သည်းသွားသည်။မီးနတ်ဘုရားပုံရိပ်ယောင်ကြီး၏မျက်လုံးသည် အေးစက်တင်းမာနေကာ လေဟာနယ်အတွင်းသို့စူးစိုက်ကြည့်ပြီး သူ့ရှေ့ရှိမီးတောက်စပါးကြီးမြွေကို အားကုန်ဆွဲညှစ်လိုက်သည်။
နှစ်ဖက်စလုံးသည် ပေါက်ကွဲနိုင်မှုအမြင့်မားဆုံးမီးတောက်များပင်။ထိုမီးတောက်နှစ်ခု ထိတွေ့မိသည်နှင့် ပြင်းထန်သောမီးတောက်မုန်တိုင်းကြီး တလိမ့်လိမ့်ထွက်ပေါ်လာသည်။
"မြန်မြန် ရှောင်တိမ်းကြစမ်း"
နံဘေးဘက်မှစောင့်ကြည့်နေကြသော အကြီးအကဲများသည် ထိတ်လန့်ကြောက်ရွံမှုကြောင့်တုန်ရီသွားကာ နောက်သို့အလျှင်အမြန် ဆုတ်ခွာလိုက်ကြ၏။
အကြီးအကဲတချို့သည် အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိသဖြင့် ထိုမီးတောက်များ၏လွှမ်းခြုံခြင်းကိုခံရသဖြင့် ခြစ်ခြစ်တောက်ပူပြင်းသောပြာပုံဘဝသို့ ပြောင်းလဲသွားတော့သည်။
ထူထပ်သိပ်သည်းသောညှော်နံများက လေထုအတွင်း၌ပြည့်နှက်သွားကာ အလွန်အမင်းအနံစူးရှသည်။
ရှဲ...ရှဲ...
တဟုန်ဟုန်တောက်လောင်နေသော မီးတောက်နှစ်ခု ပြင်းထန်စွာ ဖီလာဆန့်ကျင်ထိတွေ့မိလေ၏။ထူထပ်သိပ်သည်းသော အဖြူရောင်အခိုးအငွေ့များ တဖြည်းဖြည်းမြင့်တက်သွားကာ လေထုအတွင်းသို့ မျောလွင့်သွားသည်။သူတို့နှစ်ယောက်အကြားရှိလေထုသည် ပြင်းပြင်းထန်ထန်တွန့်လိမ်ပုံပျက်စပြုလာသည်။
"သူ့ရဲ့ခရမ်းရောင်မီးတောက်က တော်တော်လေးထူးခြားတာပဲ...မီးနတ်ဘုရားရဲ့အစစ်အမှန်မီးတောက်ကိုတောင် တောင့်ခံနိုင်တယ်....လက်ဝဲစစ်တပ်နယ်မြေမှာ အထွတ်အထိပ်ဂိုဏ်းက ထိပ်သီးအင်အားစုအဖြစ် ရပ်တည်နေနိုင်တာ တကယ့်ကိုအကြောင်းအရင်းတစ်ခု ရှိနေတာပါလား"
အတွေးတစ်ရပ်က လုယွီ၏စိတ်အတွင်း၌ ဖြတ်ပြေးသွားကာ သူသည် အနည်းငယ်ပို၍ သတိထားလိုက်၏။
Chapter 3576
လုယွီ၏အံ့အားသင့်မှုဖြင့် နှိုင်းယှဥ်ပါက ကျူးယန်သည် ပို၍ပင်ထိတ်လန့်တုန်လှုပ်နေပေ၏။
သူသည် ခရမ်းမီးတောက်ကို တစ်ချိန်လုံးကျင့်ကြံထားသူဖြစ်သဖြင့် သူ့မီးတောက်၏စွမ်းအားကို သူ ကောင်းစွာသိရှိထားသည်။
ထိုခရမ်းမီးတောက် ထွက်ပေါ်လာချိန်တွင် နယ်မြေသခင်တချို့ပင် နောက်သို့ဆုတ်ခွာကြရသည်။
မူလက ကျူးယန်သည် လုယွီကို သင်ခန်းစာတချို့ ပေးလိုခဲ့သည်။သို့ရာတွင် လုယွီသည်လည်း သူ့အားတိုက်ခိုက်ရန် မီးတောက်ကိုအသုံးပြုခဲ့ကာ သူနှင့်လက်ရည်တူအနေအထားတွင်ပင် ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်ကို သူ ယုံကြည်လက်ခံနိုင်ခြင်းမရှိပေ။
အထွတ်အထိပ်ဂိုဏ်း၏သူလျှိုများထံမှ ရရှိသောသတင်းအချက်အလက်များအရ လက်ဝဲစစ်တပ်၏တပ်မှူးသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံရာတွင်သာ အာရုံစိုက်သူဖြစ်သည်။သူသည် ဤကဲ့သို့အစွမ်းထက်သော မီးတောက်မျိုးကို အသုံးပြုနိုင်သည်ဟု မည်သူမျှ ကြိုတင်သိရှိမထားချေ။
"ဒေါသမီးတောက် မိုးကောင်းကင်အားလောင်ကျွမ်းခြင်း"
ကျူးယန်သည် တိုက်ပွဲကို အလျှင်အမြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်၏။အကယ်၍ သူ လက်နှေးနေပါက အရာအားလုံး ပြောင်းလဲသွားနိုင်သည်။
အကြီးအကဲကျူးယန်သည် သူ၏လက်အတွင်းရှိ မြင်းမြှီးကြာပွတ်ကို လေထုအတွင်းသို့ မြှောက်လိုက်သည်။မူလက ကြည်လင်နေသော မိုးကောင်းကင်ယံတွင် ရုတ်တရက် တိမ်မည်းများနှင့်အေးစက်စက်လေပြင်းများ လွှမ်းခြုံသွားသည်။
မိုးကောင်းကင်ယံအတွင်းရှိ တိမ်မည်းများအကြားတွင် ခရမ်းရောင်မီးတောက်များ တောက်လောင်နေပုံရကာ ကြီးကျယ်ခမ်းနားသောမီးတောက်တိမ်တိုက်ကြီးအဖြစ် ဖွဲ့စည်းသွားလေ၏။
"ကျဆင်းလာစမ်း..."
မဟာအကြီးအကဲကျူးယန်သည် သူ၏လက်အတွင်းရှိ လက်စည်းတံဆိပ်ကိုပြောင်းလဲလိုက်သည်။ထို့နောက် သူ၏လက်အတွင်းမှ မြင်းမြှီးကြာပွတ်ကိုဆန့်တန်းကာ လုယွီထံ ညွှန်ပြလေသည်။
ဘုန်း....
မိုးကောင်းကင်ယံအတွင်းရှိတိမ်မည်းများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ပြင်းထန်သောမီးတောက်မုန်တိုင်းကြီးသည် ချက်ချင်းဆိုသလိုပင် မိုးကောင်းကင်ယံမှကျဆင်းလာကာ လုယွီထံဦးတည်၍ တိုးဝင်လာပေ၏။
ပတ်ဝန်းကျင်ကိုကြည့်ပါက ခရမ်းရောင်မီးတောက်များ တဖျတ်ဖျတ်တောက်ပနေသော လေပြင်းမုန်တိုင်းကြီး မိုးကောင်းကင်ယံမှကျဆင်းလာသည်ကိုသာ တွေ့မြင်ရပေမည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ၏နောက်၌ မတ်တတ်ရပ်နေသော မီးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏ပါးစပ်ကိုဖွင့်ဟကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
ထိုခရမ်းရောင်မီးတောက်များကို အစာတစ်ခုအလား မီးနတ်ဘုရားပုံရိပ်ယောင်ကြီးက ဝါးမျိုလိုက်၏။
ဤသို့ဖြစ်လာမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။
မဟာအကြီးအကဲကျူးယန် ထုတ်လွှတ်ထားသော ခရမ်းရောင်မီးတောက်များသည် အလွန်ရုန့်ရင်းကြမ်းတမ်းကာ ဖြတ်သန်းရာလမ်းကြောင်းတလျှောက်ရှိ အရာရာတိုင်းကို လောင်ကျွမ်းပြာချမည့်ပုံရသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုမီးတောက်များသည် လုယွီ၏ဝါးမျိုခြင်းကို ခံလိုက်ရလေပြီ။
မဟာအကြီးအကဲကျူးယန် ထိတ်လန့်တုန်လှုပ်သွားသည်။သူ၏ခန္ဓာကိုယ်အတွင်းရှိမှော်စွမ်းအားများသည် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအရှိန်နှင့် လွင့်ပြယ်စပြုနေသည်ကို သူ ခံစားမိလေ၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏ဂုဏ်သိက္ခာကို သူ ဂရုမစိုက်တော့ချေ။သူ၏တိုက်ခိုက်မှုကို ချက်ချင်းပြန်ရုတ်သိမ်းကာ သူ နောက်သို့ဆုတ်လိုက်သည်။
သူ နောက်ဆုတ်လိုက်သော အချိန်အခိုက်အတန့်တွင် လေထုအတွင်း၌ပေါက်ကွဲနေသော ခရမ်းရောင်မီးတောက်များသည် အမှုန်အမွှားများအလား လွင့်ပြယ်သွားလေ၏။
ဤသည်မှာ အသက်တစ်ရှိုက်စာခန့်သာ ကြာမြင့်ခဲ့သော်လည်း မြောက်မြားစွာသောမီးတောက်များကို လုယွီ၏မီးနတ်ဘုရားပုံရိပ်ယောင်ကြီးမှ ဝါးမျိုပြီးဖြစ်သည်။
လုယွီ၏မျက်လုံးအတွင်းတွင်လည်း တောက်ပသောခရမ်းရောင်မီးတောက်များ လောင်ကျွမ်းနေသည်။
"ဒါဆိုရင် ဒါကသရဲတစ္ဆေစိတ်ဝိညာဥ် မြေအောက်လောကမီးတောက်ပေါ့...ဒါက နည်းနည်းတော့ ထူးဆန်းတယ်....ဒီမီးတောက်ကို ဝါးမျိုပြီးတဲ့နောက်မှာ ငါ့ရဲ့မီးဒြပ်စင်စွမ်းအားတွေက တစ်ဆယ်ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်"
လုယွီသည် သူ၏စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းကာ သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသောမီးစွမ်းအားများကို တဖြည်းဖြည်းချင်းချေဖျက်ကာ စုပ်ယူလိုက်၏။
ဤတိုက်ပွဲမစတင်မီကပင် လုယွီသည် အခြေအနေအရပ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီးလေပြီ။
အကယ်၍ သူသည် အနိုင်ရရှိရန် တခြားနည်းလမ်းများကိုအသုံးပြုပါက မဟာအကြီးအကဲကျူးယန်သည် သူ့အား ယုံကြည်လက်ခံနိုင်ခြင်းမရှိမည်မှာ သေချာပေါက်ပင်။လုယွီသည် လန်ဝူရှင်းကို ဆေဘာနည်းစနစ်ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သကဲ့သို့ တစ်ဖက်လူအသုံးပြုသောနည်းလမ်းအတိုင်း မဟာအကြီးအကဲကျူးယန်ကိုလည်း မီးတောက်ဖြင့် တိုက်ခိုက်ခဲ့သည်။
သူသည် မဟာအကြီးအကဲကျူးယန်၏သာလွန်ထူးကဲသောအရည်အချင်းကို သဘောကျနှစ်ခြိုက်နေသည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
ယခင်က လုယွီကျင့်ကြံခဲ့သော နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်တွင် ဝါးမျိုနိုင်မှုစွမ်းရည်ရှိနေသည်။တခြားသူများနှင့် သူ တိုက်ခိုက်စဥ်တွင် ထိုနည်းစနစ်၏စွမ်းအားဖြင့် တဖြည်းဖြည်းဝါးမျိုခဲ့သည်။အချိန်ကြာလာသည်နှင့်အမျှ သူသည် တဖြည်းဖြည်းအသာစီးရလာကာ အချိန်ကြာကြာ ပို၍တိုက်ခိုက်လေလေ သူ အနိုင်ရရှိရန်အခွင့်အရေး ပို၍များလာလေလေပင်။
ထို့နောက် လုယွီသည် ရှေးဟောင်းတာအိုအင်မော်တယ်လမ်းကြောင်းကို ကျင့်ကြံခဲ့သည်။သို့ရာတွင် ထိုရှေးဟောင်းကျင့်ကြံနည်းစနစ်များအနက်မှအများစုကို လမ်းစဥ်အတိုင်းကျင့်ကြံခြင်းမပြုဘဲ သူ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုများနှင့် ပေါင်းစပ်ခဲ့လေ၏။တစ်ချိန်တည်းမှာပင် သူသည် နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို တခြားကျင့်ကြံနည်းစနစ်များအတွင်းသို့ ပေါင်းစပ်ခဲ့သည်။
ယခင်က ထိုက်ဟွာကျမ်းစာသည်လည်း လုယွီ၏ဤနည်းစနစ်များကြောင့် ခံစားခဲ့ရပြီးလေပြီ။
ယခုလက်ရှိ မဟာအကြီးအကဲကျူးယန်သည်လည်း ချွင်းချက်မရှိချေ။
Chapter 3577
မဟာအကြီးအကဲကျုးယန်သည် ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးကို ပထမဆုံးအကြိမ်ခံစားမိလေ၏။
သူတို့နှစ်ယောက်၏တိုက်ပွဲသည် အရှုံးအနိုင်ကွဲပြားပုံမရသော်လည်း အမှန်အားဖြင့် ရလဒ်သည်သိသာထင်ရှားနေလေပြီ။
လုယွီ တိုက်ခိုက်နေစဥ်တွင် သူသည် တစ်ဖက်ရန်သူ၏မှော်စွမ်းအားများကို အဆက်မပြတ်ဝါးမျိုနိုင်သည်။အချိန်ကြာလာသည်နှင့်အမျှ ကျူးယန်သည် လုယွီကို ယှဥ်ပြိုင်နိုင်တော့မည်မဟုတ်ချေ။
တိုက်ပွဲအဆုံးထိမတိုက်ခိုက်ရသေးသည့်တိုင် မဟာအကြီးအကဲကျူးယန်သည် ရလဒ်ကို ကြိုတင်ခန့်မှန်းပြီးဖြစ်သည်။
"အရှင်လု...မင်းရဲ့ခွန်အားက အရမ်းအားကောင်းပေမယ့် ဒီနေရာက ငါတို့ဂိုဏ်းရဲ့ပိုင်နက်နယ်မြေထဲမှာ ရှိနေတုန်းပဲ...တော်ဝင်နန်းတွင်းက အစွမ်းထက်တယ်ဆိုရင်တောင် ငါတို့အထွတ်အထိပ်ဂိုဏ်းက ဘယ်သူမဆိုထိန်းချုပ်နိုင်တဲ့ ဂိုဏ်းမျိုးမဟုတ်ဘူး...ငါက လက်ဝဲစစ်တပ်နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့နယ်ရုပ်တွေကို ချထားပြီးပြီ....တကယ်လို့ သေရေးရှင်ရေးလွန်ဆွဲတဲ့အခြေအနေမျိုးထိ ရောက်လာမယ်ဆိုရင်...ငါတို့နှစ်ဖက်လုံး အထိနာရမှာပဲ"
မဟာအကြီးအကဲကျူးယန်၏လေသံသည် ယခင်ကဲ့သို့ မောက်မာထောင်လွှားမှုမရှိတော့သော်လည်း သူ၏စကားများအတွင်းတွင် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်း ကြိုးစားကြည့်နိုင်တယ်....မင်းရဲ့အထွတ်အထိပ်ဂိုဏ်း အရင်ပြိုလဲမလား ဒါမှမဟုတ် မင်း ငါ့ကို အနိုင်ယူနိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့"
ထိုသို့ပြောဆိုပြီးနောက် သူသည် မဟာအကြီးအကဲကျူးယန်ကို ထပ်မံ၍အရေးမစိုက်တော့ချေ။သူသည် လန်ဝူရှင်း၏ပခုံးကိုပုတ်ကာ ပြောဆိုလိုက်၏။
"ငါ လန်ဝူရှင်းကို ခေါ်သွားမယ်...တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်မှာ ကန့်ကွက်ချင်တာရှိနေရင် ရှေ့ကိုထွက်လာနိုင်တယ်"
လူတိုင်း တိတ်ဆိတ်ငြိမ်သက်နေသည်။
သူတို့၏ဂိုဏ်းတွင် အစွမ်းထက်ဆုံးဖြစ်သော မဟာအကြီးအကဲကျူးယန်ပင်လျှင် လုယွီကို မည်သို့မျှ လုပ်ဆောင်နိုင်ခြင်းမရှိချေ။
အကယ်၍ သူတို့အားလုံး ရှေ့သို့ထွက်၍တိုက်ခိုက်လျှင်ပင် ရလဒ်သည် အတူတူသာဖြစ်ပေလိမ့်မည်။
"လန်ဝူရှင်း....ဒီနေ့ကနေစပြီးတော့ မင်းက အထွတ်အထိပ်ဂိုဏ်းနဲ့ ဘာမှမသက်ဆိုင်တော့ဘူး...ငါက မင်းရဲ့ဂိုဏ်းချုပ်နေရာအတွက် တခြားတစ်ယောက်ကို ရွေးချယ်လိုက်တော့မယ်"
မဟာအကြီးအကဲသည် အချိန်တခဏခန့် တွေဝေစဥ်းစားနေကာ နောက်ဆုံးတွင် တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုလိုက်၏။
ဤသည်မှာ လုယွီအတွက် သဘောတူညီချက်ပေးလိုက်ခြင်းလည်းဖြစ်သည်။
လန်ဝူရှင်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။သူသည် လက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများအားလုံးကို ကြည့်လိုက်သည်။သူတို့အားလုံးသည် သူ့အား အေးစက်စက်အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို သူ မြင်တွေ့မိလေ၏။
သူသည် တော်ဝင်နန်းတွင်းနှင့်ပူးပေါင်းရန် ဆုံးဖြတ်ချက်ချလိုက်စဥ်ကတည်းက ယခုကဲ့သို့နေ့ရက်မျိုး ရောက်ရှိလာမည်ကို သူ သိရှိထားပြီးလေပြီ။ပြင်ပဂိုဏ်းအင်အားစုများနှင့်တော်ဝင်နန်းတွင်းသည် စေ့စပ်ညှိနှိုင်း၍မရသောအရာများပင်။ယနေ့မှစ၍ သူ လန်ဝူရှင်းသည် တော်ဝင်နန်းတွင်း၏နောက်လိုက်ခွေးဟူသော နာမည်မျိုးရရှိရန် ကံကြမ္မာဖန်သွားလေပြီ။
လန်ဝူရှင်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်ကာ နောက်သို့ချာခနဲလှည့်ပြီး သူ့နောက်ရှိ ရူးသွပ်နတ်ဆိုးနန်းတော်ကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်အရိုအသေပြုလိုက်သည်။
အတိတ်တွင် သူသည် သူ၏အရည်အချင်းများကို ထုတ်ဖော်ပြသလိုက်ခြင်းကြောင့် သူ့အားသတ်ဖြတ်လိုသော လူအမြောက်အများ ရှိခဲ့လေ၏။
အကယ်၍ ယခင်ဂိုဏ်းချုပ်အိုကြီးကသာ ရှေ့သို့ထွက်လာပြီး သူ့အား ကယ်တင်ခဲ့ခြင်းမရှိပါက သူ လန်ဝူရှင်းသည် ယခုကဲ့သို့အဆင့်မျိုးထိ ကြီးထွားလာမည်မဟုတ်ချေ။
လုယွီသည် နံဘေးဘက်၌ မတ်တတ်ရပ်နေကာ လန်ဝူရှင်း၏လုပ်ရပ်များကိုကြည့်ပြီး အသိအမှတ်ပြုလိုက်မိသည်။
လန်ဝူရှင်းသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် မောက်မာထောင်လွှားသော်လည်း အနည်းဆုံးအနေဖြင့် ကျေးဇူးတရားအား မည်ကဲ့သို့ပြန်ပေးဆပ်ရမည်ကို သိရှိသည်။
လန်ဝူရှင်း၏နဖူးမှ သွေးများယိုစီးကျနေသည်။သူ မတ်တတ်ထရပ်လိုက်စဥ်တွင် သူ၏မျက်လုံးများ နီမြန်းနေပေ၏။ဤသံမဏိလူသားသည် မြေအောက်၌ချိပ်ပိတ်ခြင်းခံထားရသည့်တိုင် သူ၏စိတ်ကို သက်ရောက်စေခဲ့ခြင်းမရှိချေ။သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင်မူ သူ၏မျက်လုံးများအတွင်းမှနေ၍ မျက်ရည်များစီးကျနေသည်။
သူသည် ခြေထောက်တစ်ဖက်ကျိုးနေသော ကျန်းခိုင်ကိုကြည့်ကာ တင်းမာခက်ထန်သောလေသံဖြင့် အော်ဟစ်လိုက်သည်။
"ငါ မင်းကို ဒီနေ့မသတ်တော့ဘူး....နောင်အနာဂတ်မှာ ငါ့ရဲ့မျက်လုံးရှေ့မှာ ထပ်ပြီးပေါ်မလာစေနဲ့...ထွက်သွားစမ်း"
ကျန်းခိုင်သည် သူ၏အသက်ကို ချမ်းသာပေးလိုက်သည်ဟူသော စကားကိုကြားသည်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသွားသူအလားပင်။သူသည် သူ၏တပည့်များကို အလျင်စလိုခေါ်၍ သူ့အားတွဲထူခိုင်းကာ အလွန်ဆိုးရွားသောအခြေအနေနှင့် ထွက်ခွာသွားတော့သည်။
"ဒီလက်အောက်ငယ်သားက အရှင့်ကို အရိုအသေပြုပါတယ်"
ထို့နောက် လန်ဝူရှင်းသည် သူ၏စိတ်ခံစားချက်များကို တဖြည်းဖြည်းတည်ငြိမ်အောင်ထိန်းသိမ်းကာ လုယွီကို အရိုအသေပြုလိုက်၏။
လုယွီသည် နံဘေးပတ်ဝန်းကျင်ရှိ ရန်လိုနေသောအကြည့်များကို လျစ်လျှူရှုကာ ကျယ်လောင်စွာပြောဆိုလိုက်သည်။
"လန်ဝူရှင်း...အခုချိန်ကနေစပြီးတော့ မင်းက ငါ့ရဲ့လက်အောက်က စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သွားပြီ...နောင်အနာဂတ်မှာ မင်းအတွက် အကျိုးကျေးဇူးတွေ ပိုပြီးရလာလိမ့်မယ်"
တာယွီတော်ဝင်နန်းတွင်းတွင် စစ်ဗိုလ်ချုပ်များသည် ယေဘုယျအားဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူများဖြစ်သည်။
ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူများကမူ အကယ်၍ သူတို့ထံတွင် လုံလောက်သောတိုက်ပွဲအကျိုးဆောင်ရမှတ်များ ရရှိလာပါက မြင့်မြတ်သူဘွဲ့ထူးကိုခန့်အပ်ခြင်းခံရပေမည်။
လန်ဝူရှင်း၏ခွန်အားဖြင့်ဆိုပါက သူသည် အမတ်ကြီးဘွဲ့ထူးကိုရရှိရန် လိုအပ်သည်ထက်ပင်ပိုနေသည်။
သို့ရာတွင် လန်ဝူရှင်းသည် ဘွဲ့ထူးများနှင့်နာမည်ဂုဏ်သတင်းကို အရေးစိုက်ပုံမရချေ။သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။
"အရှင့်ကို ကျေးဇူးတင်ပါတယ်"
ဤတစ်ကြိမ်တွင် လုယွီသည် ကန့်ကွက်ငြင်းဆန်ခြင်းတစ်ခုတစ်လေမျှ မရှိတော့ဘဲ လန်ဝူရှင်းကို သိမ်းသွင်းနိုင်ခဲ့လေပြီ။
"မဟာအကြီးအကဲကျူးယန်...မင်းက ဥာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ....ငါ လက်ဝဲစစ်တပ်နယ်မြေထဲမှာ ကြီးမားတဲ့ကိစ္စတစ်ခုကို လုပ်ချင်တယ်...မင်းက ငါ စိတ်ပျက်အောင်မလုပ်ဖို့ ငါ မျှော်လင့်တယ်....လန်ဝူရှင်းအတွက်နဲ့ ငါက မင်းတို့အထွတ်အထိပ်ဂိုဏ်းရဲ့အမွေအနှစ်တွေကို ချန်ထားပေးခဲ့မယ်"