အခန်း (၃၅၇၈-၃၅၈၁)
Vol. 182 Ch. 3578-3581
Chapter 3578
လုယွီသည် ထွက်ခွာမသွားမီ သူ၏ခေါင်းကိုနောက်သို့ပြန်လှည့်ပြီး မဟာအကြီးအကဲကျူးယန်ကို ပြောဆိုလိုက်သည်။
ဤသည်မှာ မဟာအကြီးအကဲကျူးယန်ကို ရို့ရို့ကျိုးကျိုးနေပြီး ပြဿနာမရှာရန် သတိပေးလိုက်ခြင်းဟု ယူဆနိုင်သည်။
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် လန်ဝူရှင်းကိုခေါ်ဆောင်ကာ အထွတ်အထိပ်ဂိုဏ်းမှ ထွက်ခွာခဲ့တော့သည်။
ဤအချိန်တွင် အထွတ်အထိပ်ဂိုဏ်း၏နံဘေးပတ်ဝန်းကျင်၌ သူလျှိုအမြောက်အများရှိနေသည်။ဤသူလျှိုများသည် အထွတ်အထိပ်ဂိုဏ်း၏လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်ကာ နားထောင်နေကြ၏။သူတို့သည် ဂိုဏ်းအတွင်းသို့မဝင်ဝံ့သော်လည်း ပြင်ပမှနေ၍ သတင်းတချို့ကို နားစွန်နားဖျားရရှိနေဆဲပင်။
"လန်ဝူရှင်းကို လုယွီက ကယ်ထုတ်သွားပြီလား"
"ငါက အဲ့ဒီနေရာမှာ သွေးမုန်တိုင်းတစ်ခုဖြစ်တော့မယ်လို့ တွေးနေခဲ့တာ....အထွတ်အထိပ်ဂိုဏ်းက သူရဲဘောကြောင်ပြီး သူတို့ရဲ့ဂိုဏ်းချုပ်ကို လက်လွှတ်ပေးလိုက်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"မြန်မြန် သတင်းပြန်ပို့ကြစမ်း"
သူလျှိုများသည် အချင်းချင်းတီးတိုးပြောဆိုကြပြီးနောက် သူတို့ဂိုဏ်းများကို ချက်ချင်းသတင်းပြန်ပို့ကြတော့သည်။
ဤအချိန်အခိုက်အတန့်တွင် အထွတ်အထိပ်ဂိုဏ်းအတွင်း၌....
ရူးသွပ်နတ်ဆိုးနန်းတော်၏ရှေ့တွင် အကြီးအကဲအမြောက်အများစုဝေးနေကာ မည်သည့်စကားကို ပြောဆိုရမည်အား မသိကြတော့ချေ။
အထွတ်အထိပ်ဂိုဏ်းသည် တစ်စုံတစ်ယောက်၏တိုက်ခိုက်ခြင်းကိုခံရကာ သူတို့၏ဂိုဏ်းချုပ်ကိုလည်း လုယူခြင်းခံလိုက်ရသည်။ဤသည်မှာ ကြီးမားသောအရှက်ရဖွယ်ကိစ္စကြီးပင်။
ဤဖြစ်ရပ်ကြီးဖြစ်ပွားသွားပြီးနောက် ကျင့်ကြံခြင်းလောကအတွင်းတွင် အထွတ်အထိပ်ဂိုဏ်း၏နာမည်ဂုဏ်သတင်း အလွန်အမင်း လျော့ကျသွားပေမည်။အထွတ်အထိပ်ဂိုဏ်း၏လက်အောက်ခံများဖြစ်သော နတ်ဆိုးကျင့်ကြံသူများထံတွင်ပင် တခြားအတွေးမျိုးရှိလာနိုင်သည်။
"မဟာအကြီးအကဲ...ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ....ငါတို့ဘက်မှာ လူတွေအများကြီးလေ... အကြီးအကဲတွေရော တပည့်တွေရော အများကြီးရှိနေတယ်...တကယ်လို့ ငါတို့ အတူပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင် သူ ဘယ်လိုမှ အသက်ရှင်ရက်ထွက်သွားနိုင်မှာမဟုတ်ဘူး"
အဆင့်မြင့်အကြီးအကဲတစ်ယောက်က နောက်ဆုံးတွင် သူ၏ပါးစပ်ကိုဖွင့်ဟ၍ မေးမြန်းသည်။
တခြားအကြီးအကဲများသည်လည်း မဟာအကြီးအကဲကို ကြည့်လိုက်ကြ၏။
သူတို့သည် ဝေခွဲရခက်နေကြကာ မဟာအကြီးအကဲသည် မည်သည်ကြောင့် လုယွီကို အလွတ်ပေးလိုက်သည်အား သူတို့ နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။
မဟာအကြီးအကဲကျူးယန်၏ခွန်အားသည် သာမာန်မဟုတ်ချေ။ထို့ပြင် နံဘေးပတ်ဝန်းကျင်၌ ဂိုဏ်းမှအကြီးအကဲအမြောက်အများလည်း ရှိနေသည်။လုယွီ မည်မျှပင်သန်မာအားကောင်းနေပါစေ သူတို့အားလုံး၏ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
"ငါ မင်းတို့ကို တစ်ခုပဲပြောမယ်...တော်ဝင်နန်းတွင်းကို တကယ်ကြီးဆန့်ကျင်လိုက်မယ်ဆိုရင် ငါတို့အထွတ်အထိပ်ဂိုဏ်းက ဒီလိုမြင့်မားတဲ့အဆင့်အတန်းမျိုးနဲ့ ဆက်နေနိုင်မယ်လို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား"
အကြီးအကဲကျူးယန်က တုံ့ဆိုင်းခြင်းလည်းမရှိ အလျင်လိုခြင်းလည်းမရှိသောလေသံဖြင့် ပြောဆိုသည်။
တခြားအကြီးအကဲများအားလုံး အနည်းငယ်ဆွံ့အသွားသည်။သူတို့အနက်မှအများစုသည် တုံ့ပြန်ပြောဆိုလိုသော်လည်း တစ်စုံတစ်ခုကိုပြန်လည်အမှတ်ရသွားပုံဖြင့် သူတို့၏ပါးစပ်မှထွက်လုဆဲဆဲစကားလုံးများကို ပြန်မျိုချလိုက်သည်။
သူတို့၏အထွတ်အထိပ်ဂိုဏ်းသည် အမှန်တကယ်ကိုပင် ဤနှစ်များအတွင်း၌ လက်ဝဲစစ်တပ်နယ်မြေအနှံ့ နယ်ရုပ်များကို ဖုံးကွယ်ထားခဲ့သည်။
အကယ်၍ အုပ်ချုပ်ရေးအဖွဲ့သည် အထွတ်အထိပ်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းလိုပါက ဂိုဏ်း၏မြောက်မြားစွာသောနယ်ရုပ်များမှ တန်ပြန်တိုက်ခိုက်ခြင်းကို ခံရပေမည်။ထိုအချိန်ကျပါက အုပ်ချုပ်ရေးအဖွဲ့သည် ကြီးမားသောပြဿနာများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
သို့ရာတွင် ဤသည်မှာ သူတို့လုပ်ဆောင်နိုင်သမျှ အစွမ်းကုန်ပင်။
အထွတ်အထိပ်ဂိုဏ်းသည် အချိန်ကြာမြင့်စွာတည်ရှိလာကာ နက်ရှိုင်းသောအခြေခံအုတ်မြစ်ရှိသော်လည်း တော်ဝင်နန်းတွင်းကို ရင်ဆိုင်နိုင်မည်မဟုတ်ချေ။
"တကယ်လို့ ငါတို့က လုယွီကို လက်စဖျောက်လိုက်မယ်ဆိုရင်တောင်....တော်ဝင်နန်းတွင်းက နောက်ထပ်လက်ဝဲစစ်တပ်တပ်မှူးအသစ်ကို ရွေးချယ်ပြီး စေလွှတ်လိုက်လိမ့်မယ်....အဲ့ဒီအချိန်ကျရင် ငါတို့က တော်ဝင်နန်းတွင်းရဲ့အရေးယူမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်....တကယ်လို့ တော်ဝင်စစ်တပ်သာရောက်လာရင် ငါတို့အထွတ်အထိပ်ဂိုဏ်းက တောင့်ခံနိုင်မယ်လို့ မင်းတို့ထင်နေကြတာလား"
"မင်းတို့အားလုံးက ဂိုဏ်းကိုအရှက်ရစေတယ်ဆိုပြီးတော့ လန်ဝူရှင်းကို မုန်းတီးနေကြတယ်...ဒါပေမယ့် လန်ဝူရှင်းရဲ့လုပ်ရပ်က ငါတို့အထွတ်အထိပ်ဂိုဏ်းရဲ့ရှင်သန်ရေးကို သူ ဦးစားပေးခဲ့တယ်ဆိုတာ မင်းတို့မသိကြဘူး ...တကယ်လို့ လန်ဝူရှင်းကြောင့်သာမဟုတ်ရင် လုယွီရဲ့ဓားက ငါတို့အထွတ်အထိပ်ဂိုဏ်းပေါ်ကိုကျလာနိုင်ချေ အရမ်းများတယ်...အဲ့ဒီအချိန်ကျရင် အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းလုံး ဘေးကင်းကင်းနဲ့နေနိုင်ကြမယ်လို့ မင်းတို့ထင်နေကြတာလား"
မဟာအကြီးအကဲကျူးယန်က အလေးအနက်ထားသောလေသံဖြင့် ဆက်လက်၍ပြောဆိုသည်။
"အခုချိန်မှာ လန်ဝူရှင်းအကြောင်းကို မပြောကြနဲ့တော့...မင်းတို့က အပြင်မှာရှိနေတဲ့ အဆင့်မြင့်အကြီးအကဲတွေအားလုံးကို ဂိုဏ်းကိုအမြန်ဆုံးပြန်လာဖို့ အကြောင်းကြားလိုက်စမ်း...ငါက ဂိုဏ်းချုပ်အသစ်တစ်ယောက်ကို အမြန်ဆုံးရွေးချယ်ချင်တယ်"
"ဟုတ်ကဲ့"
အကြီးအကဲများသည် လက်ခံလိုခြင်းမရှိသော်လည်း မဟာအကြီးအကဲ၏အခွင့်အာဏာကို သူတို့အားလုံးတွန်းလှန်နိုင်ခြင်း မရှိသဖြင့် အလျှင်အမြန်သဘောတူညီလိုက်ကြ၏။
ထိုအကြီးအကဲများ ထွက်ခွာသွားပြီးနောက် မဟာအကြီးအကဲက သူ၏လက်ဝါးကို ဖြည်းညှင်းစွာဖြန့်လိုက်သည်။
မဟာအကြီးအကဲသည် သူ၏လက်ဝါးကို သူ၏အင်္ကျီလက်အတွင်း၌ အမြဲတစေကွယ်ဝှက်ထားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် မဟာအကြီးအကဲ၏လက်ဝါး ပြင်းပြင်းထန်ထန်တုန်ရီနေကာ အစွမ်းအစမဲ့သည်ဟုခံစားရသောစိတ်က သူ၏စိတ်နှလုံးသားအတွင်း၌ ထင်ဟပ်နေပေ၏။
အစောပိုင်းက လုယွီနှင့်တိုက်ပွဲတွင် အသက်ရှုချိန်အနည်းငယ်အတွင်း၌ သူ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများ၏တစ်ဝက်ကျော်ကို သူ အမှန်တကယ် အသုံးပြုခဲ့ရသည်။
Chapter 3579
အထွတ်အထိပ်ဂိုဏ်း၏ရှေ့၌....
လန်ဝူရှင်းသည် ဂိုဏ်းတံခါးကြီးကို ငေးမောကြည့်နေပြီးနောက် အချိန်အတော်ကြာမှသာ အသိစိတ်ပြန်ဝင်လာသည်။
"ဘယ်လိုလဲ...မင်း ဆုံးဖြတ်ပြီးပြီလား...ငါက မင်းကို အခက်တွေ့အောင် ဖိအားပေးမှာမဟုတ်ဘူး...တကယ်လို့ အခုချိန်မှာ မင်း ပြန်သွားမယ်ဆိုရင်...မင်းက အထွတ်အထိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်အဖြစ် ဆက်ပြီးနေနိုင်လိမ့်မယ်"
လုယွီ၏အသံက လန်ဝူရှင်း၏နားအတွင်း၌ မြည်ဟီးလာသည်။
လန်ဝူရှင်းက သူ၏ခေါင်းကိုခါယမ်းကာ သူ၏စိတ်အတွင်းမှ မလိုလားအပ်သော အတွေးများအားလုံးကို ရှင်းထုတ်လိုက်၏။
"ငါ ပြောခဲ့တဲ့စကားကို ငါက ဘယ်တော့မှ ပြန်ရုတ်သိမ်းမှာမဟုတ်ဘူး...ငါ ဆုံးဖြတ်ပြီးမှတော့ နောက်ကြောင်းပြန်မလှည့်တော့ဘူး...အနာဂတ်မှာ ဒါက မိုးကောင်းကင်ရဲ့စိတ်ဆန္ဒပေါ်ပဲ မူတည်လိမ့်မယ်"
"အရာအားလုံးက လူတွေပေါ်မှာပဲမူတည်တယ်...မိုးကောင်းကင်ရဲ့စိတ်ဆန္ဒက ဘယ်နေရာကနေ ရောက်လာတာလဲ...တကယ်လို့ မင်းက စစ်ရေးအကျိုးဆောင်မှုတွေကိုသာ ရအောင်လုပ်နိုင်မယ်ဆိုရင်...နောင်အနာဂတ်မှာ မင်းက အရမ်းအခွင့်အာဏာကြီးမားတဲ့ အရာရှိတစ်ယောက်ဖြစ်လာဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စမဟုတ်ဘူး"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
လန်ဝူရှင်းက ခေါင်းမော့ကြည့်လေသည်။
"ဒါဆိုရင် အရှင်က နောက်ထပ်ဘာဆက်လုပ်ဖို့ ကြံစည်ထားလဲဆိုတာ ငါ သိချင်မိတယ်...ဖြစ်နိုင်တာတော့ မင်းက ငါ့ကိုလွှတ်ပြီး တစ်ယောက်ယောက်ကို သတ်ခိုင်းမလို့လား"
"ဒါတွေက အရေးမကြီးဘူး...အရင်ဆုံး မင်းရဲ့ခွန်အားတွေ ပြန်ပြီးဖြည့်တင်းနိုင်အောင် မင်းလုပ်သင့်တယ်"
လုယွီသည် သူ၏အင်္ကျီလက်ကြားမှ ဆေးလုံးတစ်လုံးကိုထုတ်ယူကာ လန်ဝူရှင်းထံသို့ ပစ်ပေးလိုက်၏။
ဤဆေးလုံးသည် ရွှေရောင်သန်းနေကာ မျက်နှာပြင်ပေါ်၌ နဂါးတစ်ကောင်ပျံဝဲနေသော ခပ်မှိန်မှိန်ပုံရိပ်တစ်ခုရှိနေသည်။ထိုဆေးလုံးကိုကြည့်ရသည်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်သည်။
လန်ဝူရှင်းသည် အဆိပ်ဖြစ်နေမည်ကို အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ထိုဆေးလုံးကို ဝါးမျိုလိုက်သည်။
သို့ရာတွင် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆေးလုံးဝင်ရောက်သွားသော အချိန်အခိုက်အတန့်တွင် လန်ဝူရှင်း၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မရီးဒါန်းများအတွင်း၌ လှည့်ပတ်နေသည့် ပြင်းထန်သောဆေးစွမ်းအားများကို သူ ခံစားမိလေ၏။
ထိုဆေးစွမ်းအားများသည် အလွန်ပြင်းထန်သဖြင့် သူ ကမန်းကတန်းပလ္လင်ခွေထိုင်ကာ ထိုအရာများကို ဖြည်းညှင်းစွာချေဖျက်လိုက်သည်။
အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော လန်ဝူရှင်းသည် အဖိုးတန်ဆေးလုံးများစွာကို မှီဝဲသုံးစွဲခဲ့ဖူးသည်။
သို့ရာတွင် ဤမျှထိအစွမ်းထက်သောဆေးစွမ်းအားမျိုးပါဝင်သည့် ဆေးလုံးမျိုးကို သူ ယခင်က တွေ့မြင်ခဲ့ဖူးခြင်းမရှိချေ။
ဤဆေးလုံးများကို လုယွီကိုယ်တိုင် သန့်စင်ထားခြင်းဖြစ်ပေ၏။
လုယွီသည် သိုင်းပညာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် သူ့ထံတွင် အလွန်အမင်းအားကောင်းသော မှော်စွမ်းအားသိုလှောင်နိုင်စွမ်းရှိသည်။အကယ်၍ သူ ဒဏ်ရာရရှိပါကလည်း ပြန်လည်ကုသနိုင်ရန်အတွက် အလွန်အမင်းအစွမ်းထက်သောဆေးစွမ်းအားများ လိုအပ်သည်မှာ သေချာပေါက်ပင်။
သာမာန်ဆေးလုံးများသည် ထိုသို့ဖြစ်လာနိုင်ရန်အတွက် လွန်စွာအလှမ်းကွာဟသည်။
အထူးဆေးပင်များဖြင့် ဖော်စပ်ထားပြီးအလွန်အမင်းမြင့်မားသော အရည်အသွေးရှိသည့် ဆေးလုံးများသာလျှင် လုယွီ၏ဒဏ်ရာများကို ကုသပေးနိုင်ပေမည်။
အကယ်၍ ဤဆေးလုံးများကို ရုပ်ခန္ဓာကိုယ်လုံလောက်စွာအားကောင်းသန်မာခြင်းမရှိသည့် တစ်စုံတစ်ယောက်မှ ဝါးမျိုမိပါက ဤပြင်းထန်သောဆေးစွမ်းအားများ၏ဒဏ်ကို တောင့်ခံနိုင်ရန် လွန်စွာခက်ခဲပေမည်။
"မကောင်းတော့ဘူး"
လန်ဝူရှင်း၏မျက်နှာ ရုတ်တရက်ဖြူရော်သွားသည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ တဝုန်းဝုန်းထနေသော ပြင်းထန်သည့်ဆေးစွမ်းအားများသည် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားတော့မည့် အရိပ်အယောင်များ ပြသလာသည်ကို သူ ခံစားမိလေ၏။
အကယ်၍ ထိုဆေးစွမ်းအားများကိုသာ မထိန်းချုပ်နိုင်ပါက သူ၏အဓိကမရီးဒါန်းရှစ်နေရာလုံး ပေါက်ကွဲသွားပေမည်။
ဤဆေးလုံး၏စွမ်းအားမှာ အလွန့်အလွန်ပြင်းထန်သည်။
"ဖူး...."
အချိန်တခဏအကြာတွင် လန်ဝူရှင်းသည် ထပ်မံ၍ တောင့်ခံမထားနိုင်တော့ဘဲ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
လန်ဝူရှင်း၏အဖြစ်အပျက်ကိုကြည့်ပြီး လုယွီသည် အံ့အားသင့်သွားခြင်းမရှိချေ။အရာအားလုံးသည် သူ မျှော်လင့်ထားသည့် အတောအတွင်း၌ ရှိနေလေ၏။
လန်ဝူရှင်းကို မြင်တွေ့ချိန်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချိပ်ပိတ်ခံထားရမှုများ အပြည့်အဝပျက်ပြယ်သွားခြင်း မရှိသေးသည်ကို ခံစားမိသည်။
လန်ဝူရှင်း၏ခွန်အားသည် သန်မာအားကောင်းသော်လည်း ချိပ်စည်းတံဆိပ်များ၏စွမ်းအားမှာ အလွန်ကြီးမားသည်။
ထိုအရာများကို ဖယ်ရှားပြီးသည်နှင့် လန်ဝူရှင်း ထုတ်ဖော်အသုံးပြုနိုင်သောခွန်အားသည် ယခုထက် အဆများစွာပို၍ မြင့်တက်သွားပေမည်။
လုယွီသည် ဤအခြေအနေကိုအခွင့်ကောင်းယူ၍ လန်ဝူရှင်း၏စွမ်းအားများကို နှိုးဆွရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"မင်းရဲ့ကျင့်ကြံနည်းစနစ်ကို အသုံးပြုပြီးတော့ ဆေးစွမ်းအားတွေကို လှည့်ပတ်လိုက်စမ်း"
လုယွီက သူ၏လက်ကို လန်ဝူရှင်း၏ခန္ဓာကိုယ်ပေါ်သို့တင်ကာ ပြောဆိုလိုက်၏။
လန်ဝူရှင်းသည် ဥာဏ်ကောင်းသူတစ်ယောက်ပင်။လုယွီ မည်သို့ပြုလုပ်လိုသည်ကို ချက်ချင်းဆိုသလိုပင် သူ နားလည်သဘောပေါက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် သူသည် မြေပြင်ပေါ်၌ ပလ္လင်ခွေပြန်ထိုင်ကာ မြောက်မြားစွာသော လက်စည်းတံဆိပ်များကို ဆက်တိုက်ဖွဲ့စည်းလိုက်သည်။သူ၏ခန္ဓာကိုယ်အတွင်း၌ ကြွင်းကျန်နေသောဆေးစွမ်းအားများသည် ချက်ချင်းဆိုသလိုပင် ဆွဲဆောင်ခြင်းခံလိုက်ရလေ၏။သူ၏လမ်းညွှန်မှုအောက်တွင် ထိုဆေးစွမ်းအားများသည် သူ၏မရီးဒါန်းများကိုဖြတ်သန်းကာ စတင်၍လှည့်ပတ်စီးဆင်းနေလေပြီ။
Chapter 3580
"အမ်....ဒီကျင့်ကြံနည်းစနစ်မှာ မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ရဲ့အရိပ်အယောင်တွေ ရှိနေပါလား"
လုယွီသည် လန်ဝူရှင်း၏ကျင့်ကြံနည်းစနစ်ကို မြင်တွေ့ပြီးနောက် ချက်ချင်းဆိုသလိုပင် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ဤကျင့်ကြံနည်းစနစ်သည် ယခုခေတ်အချိန်ကာလအတွင်း၌ ပေါက်ဖွားလာသောအရာများနှင့် မတူညီချေ။
အနည်းဆုံးအနေဖြင့် ဤသည်မှာ အလယ်ခေတ်အတွင်းမှဆင်းသက်လာသော ကျင့်ကြံနည်းစနစ်ဖြစ်ပေမည်။
လက်ရှိခေတ်ကာလအတွင်းတွင်ရှိနေသော ကျင့်ကြံနည်းစနစ်အများစုမှာ ကျင့်ကြံသူအများစုသည် သူတို့၏ဘိုးဘေးများထံမှ လက်ဆင့်ကမ်းဆင်းသက်လာသော အမွေအနှစ်များကို စူးစမ်းလေ့လာပြီးနောက် ဖန်တီးထားခြင်းဖြစ်သည်။ထိုကျင့်ကြံနည်းစနစ်များတွင် ဤမျှထိ နက်နဲသိမ်မွေ့ပြီးရှုပ်ထွေးသော လက်စည်းတံဆိပ်မျိုး ဖွံဖြိုးတိုးတက်လာရန်မှာ မဖြစ်နိုင်ချေ။
"မင်းရဲ့စွမ်းအားတွေကို တဖြည်းဖြည်းစုစည်းပြီး အတားအဆီးနေရာတွေကို ချိုးဖျက်လိုက်တော့"
လုယွီက လန်ဝူရှင်းအား ထပ်မံ၍လမ်းညွှန်မှုပေးလိုက်သည်။
လန်ဝူရှင်းသည်လည်း လုယွီ၏စကားကို ကြားမိလေ၏။
သူ၏ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သောဆေးစွမ်းအားများကို မှော်စွမ်းအားများအဖြစ်သို့ပြောင်းလဲကာ သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းမှ ဝေဝါးနေသောနေရာတစ်ခုနှင့် တဖြည်းဖြည်းချိတ်ဆက်လိုက်သည်။
ဤသည်မှာ လုယွီ၏စကားကို လိုက်နာဆောင်ရွက်လိုက်ခြင်းပင်။
လုယွီ၏စကားအဆုံးသတ်ပြီးနောက် လန်ဝူရှင်း၏ခန္ဓာကိုယ်အတွင်း၌ ဆေးစွမ်းအားများ ပွင့်အံ့ထွက်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။
တိုက်ခိုက်မှုတစ်ခုတည်းဖြင့်....
အတားအဆီးသည် အနည်းငယ်မျှပင် လှုပ်ခတ်သွားခြင်းမရှိချေ။
"ဘာမှမစိုးရိမ်နဲ့...ငါ့မှာ ဆေးလုံးတွေ အများကြီးရှိတယ်"
လုယွီသည် နောက်ထပ်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ လန်ဝူရှင်း၏ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ရိုက်ပုတ်၍ ထည့်သွင်းလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် လန်ဝူရှင်း၏ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သောဆေးစွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ရုန့်ရင်းကြမ်းတမ်းသောဆေးစွမ်းအားများသည် လန်ဝူရှင်း၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေကာ သူ၏သွေးကြောများ ပေါက်ကွဲလုမတက် ဖောင်းကားလာကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဖိအားများ ပို၍တိုးပွားလာသည်။
ဘုန်း....
ပြင်းထန်သောဆေးစွမ်းအားများသည် တစ်နေရာတည်း၌ စုဝေးသွားကာ တဖန်ပြန်၍တိုက်ခိုက်လိုက်ချိန်တွင် သူ၏အတားအဆီးကို ချိုးဖျက်သွားနိုင်လေပြီ။
လန်ဝူရှင်း၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ရုတ်တရက် သူ၏ပါးစပ်မှ ထပ်မံ၍ သွေးတစ်လုတ်အန်ထွက်လာသည်။
ထိုသွေးတစ်လုတ်ကို အန်ထုတ်ပြီးချိန်၌ လန်ဝူရှင်း၏အရှိန်အဝါသည် အားနည်းသွားခြင်းမရှိချေ။ထိုအစား သူသည် ယခင်ထက် ပို၍တက်ကြွဖျတ်လတ်လာသည်။
သူ၏ခန္ဓာကိုယ်ရှိ မိုးကောင်းကင်လှိုဏ်ဂူအတွင်းမှ အချိန်အတော်ကြာချိပ်ပိတ်ခြင်းခံထားရသော စွမ်းအားများသည် ဆေးစွမ်းအားများ၏အဆက်မပြတ်သက်ရောက်မှုအောက်တွင် နောက်ဆုံး၌ ပွင့်အံ့ထွက်လာလေပြီ။
ပြင်းထန်သောဆေးစွမ်းအားများသည် လန်ဝူရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားဆဲဖြစ်သဖြင့် သူသည် အထိန်းအကွပ်မဲ့စွာဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"အား......"
ကြည်လင်ပြတ်သားသောအသံနက်ကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
မြေအောက်၌ချိပ်ပိတ်ခြင်းခံရကာ သူ၏မှော်စွမ်းအားများအားလုံး ဖယ်ရှားခံထားရသဖြင့် အားနည်းနေသောအခြေအနေမှနေ၍ မကြုံစဖူးစွမ်းအားများ ပြည့်နှက်လာသော ခံစားချက်မျိုးက အစားထိုးဝင်ရောက်လာလေပြီ။
ရုတ်ချည်းဆိုသလိုပင် လန်ဝူရှင်း၏ခန္ဓာကိုယ်အထက်ရှိ လေထုအတွင်းတွင် ဆေဘာဓားရှည်တစ်လက်၏ပုံရိပ်ယောင်က ဝိုးတဝါးထွက်ပေါ်လာသည်။
ဤဆေဘာဓားရှည်ကို ကြီးကျယ်ခမ်းနားစွာ ထွင်းထုထားခြင်းမရှိသဖြင့် သာမာန်ဆေဘာဓားရှည်များနှင့် ကွဲပြားခြားနားခြင်းမရှိချေ။ဤအရာသည် ရှေးဆန်ပြီး ဟောင်းနွမ်းနေပုံရှိသည်။
ဆေဘာဓား၏လက်ကိုင်ရိုးပေါ်၌ ရှုပ်ထွေးသောရှေးဟောင်းစည်းတံဆိပ်အက္ခရာနှစ်လုံးကို ထွင်းထုထားသည်။
ဤဆေဘာဓားရှည်ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်ပင် တိတ်ဆိတ်ငြိမ်သက်သွားပုံရသည်။တောင်များနှင့်မြစ်ချောင်းများအတွင်းရှိ ပိုးမွှားများ ငှက်များ ငါးများ၏တကျီကျီတကျာကျာအသံများ ဤအချိန်အခိုက်အတန့်တွင် ရပ်တန့်သွားကာ ဆေဘာဓားရှည်၏လျှို့ဝှက်ဆန်းကြယ်မှုကို ထိတွေ့မိမည်အား ထိတ်လန့်ကြောက်ရွံနေကြပုံရသည်။
လုယွီသည် 'ဟုန်း မင်'ဟူသော စာလုံးနှစ်လုံးကို မှတ်မိပေ၏။
"ဒါဆိုရင် မင်းက ဟုန်းမင်ဆေဘာဓားရဲ့အမွေအနှစ်ကို တကယ်ကြီးရထားတာပါလား...ဒါက ကောင်းကင်နဲ့မြေပြင်အကြားမှာရှိတဲ့ ပြိုင်ဘက်ကင်းကံကြမ္မာကောင်းကြီးပဲ"
ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ဟုန်းမင်ဆေဘာဓားသည် ရှေးဟောင်းခေတ်မှမသေမျိုးအဆင့်မှော်လက်နက်ဖြစ်ကာ ယခုလက်ရှိ တာယွီအင်ပါယာ၏ဧကရာဇ်မှ ထိန်းချုပ်ထားသော လူသားဧကရာဇ်ဓားနှင့် အဆင့်တူတွင်ရှိနေသည်။
လန်ဝူရှင်းသည် အသိစိတ်ပြန်ဝင်လာကာ သူ၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။ထို့နောက် သူက ပြောဆိုလေ၏။
"ဒါက ငါ မတော်တဆရခဲ့တဲ့ ကံကြမ္မာကောင်းကြီးတစ်ခုပဲ...အဲ့ဒီအချိန်တုန်းက ငါ ဟုန်းမင်ဆေဘာဓားကို မြင်တွေ့ခဲ့ရတယ်...ဒါပေမယ့် ငါ့ရဲ့အခုလက်ရှိခွန်အားနဲ့ အဲ့ဒါကိုအပြည့်အဝမဖမ်းဆုပ်နိုင်ခဲ့ဘူး....ဟုန်းမင်ဆေဘာဓားက ဆေဘာဓားစိတ်ဆန္ဒတစ်ရပ်ကို ငါ့ကိုပေးခဲ့ပြီးတော့ အချိန်တိုအတွင်းမှာ ငါ့ကိုလေ့လာဆည်းပူးခွင့်ပြုခဲ့တယ်...ဒီဆေဘာဓားစိတ်ဆန္ဒရဲ့အနှစ်သာရကို သင်ယူနိုင်တာနဲ့ ငါ့ရဲ့ခွန်အားက အဆများစွာခုန်ပျံကျော်လွှားပြီးတော့ မြင့်တက်သွားလိမ့်မယ်"
"အရှင်...ငါ လန်ဝူရှင်းက အစွမ်းအစမရှိဘဲနဲ့ မောက်မာထောင်လွှားပြီးတော့ မင်းကို စိန်ခေါ်ခဲ့မိတယ်...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့ပူးပေါင်းမှုကို သက်သေပြတဲ့အနေနဲ့ ဒီဆေဘာဓားစိတ်ဆန္ဒကို မင်း လက်ခံပေးပါ"
လုယွီ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားကာ ငြင်းဆန်ခြင်းမပြုဘဲ တည်ငြိမ်စွာပြောဆိုလိုက်၏။
"ကောင်းပြီလေ...ငါ ဒါကို လက်ခံမယ်"
လန်ဝူရှင်း၏စကားများသည် ကိုးဆယ်ရာခိုင်နှုန်းခန့်မှန်ကန်သော်လည်း သူ မပြောဆိုဘဲကွယ်ဝှက်ထားသော တစ်ဆယ်ရာခိုင်နှုန်းရှိနေသည်။
ဟုန်းမင်ဆေဘာဓားသည် ရှေးဟောင်းမသေမျိုးအဆင့်မှော်လက်နက်ဖြစ်သည့်အပြင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကဲ့သို့ မနူးမနပ်ကလေးငယ်တစ်ယောက်လည်းမဟုတ်ချေ။ထိုဆေဘာဓားသည် အလွန်ကောက်ကျစ်သော မြေခွေးအိုကြီးတစ်ကောင်ဖြစ်ရာ မည်သည်ကြောင့် သူ့ကို လွယ်လင့်တကူ ပေးအပ်နိုင်မည်နည်း။
Chapter 3581
လန်ဝူရှင်းနှင့်ဟုန်းမင်ဆေဘာဓားအကြားတွင် တစ်စုံတစ်ခု ရှိနေနိုင်သည်။
သို့ရာတွင် ဤသည်မှာကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်တစ်ခုဖြစ်ကာ လုယွီသည် လောဘကြီးသည့်လူစားမျိုးမဟုတ်ချေ။သူ့ထံတွင် ထိုက်အမ်းဓားနှင့်သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်တို့ ရှိထားပြီးလေပြီ။ဟုန်းမင်ဆေဘာဓားသည် အလွန်အစွမ်းထက်သော်လည်း အကယ်၍ သူ့ထံတွင် ကံကြမ္မာကောင်းမရှိပါက ဆိုးကျိုးများကိုသာ ရရှိပေလိမ့်မည်။
ဝုန်း...
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ထိုဆေဘာဓားစိတ်ဆန္ဒသည် အလွန်အမင်းထက်ရှပေ၏။
သူ့ရှေ့ရှိဆေဘာဓားစိတ်ဆန္ဒကို အာရုံခံမိသည့်အလား လုယွီ၏မျက်လုံးအတွင်း၌ ဆေဘာဓားအလင်းတန်းတစ်တန်းဖြတ်ပြေးသွားကာ ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒဖြင့် ယှဥ်ပြိုင်လိုက်သည်။
ဤဆေဘာဓားစိတ်ဆန္ဒသည် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ရက်စက်ကြမ်းကြုတ်သည်။
ဤကဲ့သို့အခြေအနေမျိုးတွင် ဆေဘာဓားစိတ်ဆန္ဒ၏အောက်၌ လူတစ်ယောက်သည် ပြင်းထန်သောမုန်တိုင်းအတွင်း၌ ရောက်ရှိသွားကာ အချိန်အရွေးကျွမ်းထိုးမှောက်ခုံဖြစ်သွားနိုင်သည့်အလား ခံစားရပေမည်။
သို့ရာတွင် လုယွီသည် သူ၏စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းကာ အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။သူသည် တည်ငြိမ်စွာဖြင့် ပလ္လင်ခွေထိုင်လိုက်ကာ သူ့ထံတိုးဝင်လာသော ဆေဘာဓားစိတ်ဆန္ဒကို တိတ်ဆိတ်ငြိမ်သက်စွာ လေ့လာဆင်ခြင်လိုက်၏။
ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒသည် အသက်ရှုချိန်အနည်းငယ်သာ ကြာမြင့်ပြီးနောက် ချက်ချင်းပျက်ပြယ်သွားတော့သည်။
လန်ဝူရှင်း၏မျက်နှာ အနည်းငယ်ဖြူရော်သွားသည်။
သူသည် အစောပိုင်းက လုယွီ၏ဆေးလုံးများကြောင့် သူ၏စွမ်းအားများ ပြန်လည်ရရှိလာခဲ့သည်။သို့ရာတွင် ဤမသေမျိုးအဆင့် ရှေးဟောင်းမှော်လက်နက်တစ်ခု၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်ဖော်ရသည်မှာ သူ့အတွက် ခက်ခဲသောတာဝန်တစ်ရပ်ဖြစ်နေဆဲပင်။
လုယွီ တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေသည်ကိုကြည့်ပြီး လန်ဝူရှင်း၏မျက်လုံးအတွင်း၌ အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"သူက တကယ့်ကို ဥာဏ်အလင်းပွင့်တဲ့အခြေအနေမျိုးကိုရောက်သွားပြီလား"
လုယွီ၏အသက်ရှုခြင်းမှတဆင့် ညင်သာသောလေညှင်းများက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စီးဆင်းနေသည်။သူသည် စည်းချက်ကျကျ အသက်ရှုသွင်းရှုထုတ်လုပ်နေကာ သူသည် ပတ်ဝန်းကျင်ရှိလေဟာနယ်နှင့် ပေါင်းစပ်ထားသည့်အလားပင်။
ဤကဲ့သို့အခြေအနေမျိုးသို့ ဝင်ရောက်နိုင်ရန် လွန်စွာခက်ခဲသည်။သာမာန်အားဖြင့် ဥာဏ်အလင်းပွင့်သောအချိန်အတောအတွင်းမှသာ ဤအခြေအနေမျိုးသို့ ရောက်ရှိလေ့ရှိသည်။
ကျင့်ကြံသူများသည် ဥာဏ်အလင်းပွင့်သောအခြေအနေမျိုးသို့ ရောက်ရှိချိန်တွင် သူတို့ကိုယ်သူတို့ မေ့လျော့သွားပေမည်။သူတို့သည် ရှုပ်ထွေးပွေလီသောကိစ္စများကို သိရှိတော့မည်မဟုတ်ချေ။ဤဖြစ်စဥ်အတောအတွင်းတွင် သူတို့သည် တစ်ဝက်ခန့်အင်အားစိုက်ထုတ်ပြီး လေ့လာဆင်ခြင်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆခန့် ရရှိနိုင်ပေမည်။ဤအခြေအနေမျိုးသို့ ဝင်ရောက်နိုင်ရန်အတွက် ကျင့်ကြံသူအများစုသည် မကျင့်ကြံမီ အမွှေးနံသာများကိုထွန်းညှိ၍ သူတို့၏စိတ်များကို အရင်ဆုံးထိန်းညှိရပေမည်။
"အတိတ်တုန်းက...ငါက ဟုန်းမင်ဆေဘာဓားကြောင့် ဥာဏ်အလင်းပွင့်မှုအခြေအနေကို အတင်းအကြပ်ဆွဲသွင်းတာကို ခံလိုက်ရတယ်....လုယွီက အကြည့်တစ်ချက်နဲ့တင် ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒကို လေ့လာဆင်ခြင်နိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လန်ဝူရှင်း၏စိတ်နှလုံးသားတစ်ခုလုံး လှိုင်းထန်နေကာ သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။
လုယွီ၏ဆေဘာဓားစိတ်ဆန္ဒသည် အစွမ်းထက်ရုံသာမက သူ့၏မီးစွမ်းအင်ထိန်းချုပ်မှုစွမ်းရည်သည်လည်း အလွန်အဆင့်မြင့်သည်။
ထိုမျှသာမက သူ၏လေ့လာဆင်ခြင်နိုင်မှုစွမ်းရည်သည်လည်း ကြည့်ရသလောက် အလွန်အစွမ်းထက်ပုံရသည်။
လန်ဝူရှင်းသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဟု ဝံ့ကြွားလေ့ရှိသော်လည်း လုယွီ၏ရှေ့အရောက်တွင် သူသည် အလွန်အားနည်းနေပေ၏။အကယ်၍ ဟုန်းမင်ဆေဘာဓားသည် သူ ဥာဏ်အလင်းပွင့်မှုအခြေအနေမျိုးသို့ဝင်ရောက်ရန် အတွန်းအကြပ်ဆွဲခေါ်ခဲ့ခြင်းမရှိပါက သူသည် ဤမျှထိလျှင်မြန်သောဖြစ်စဥ်မျိုး ပြုလုပ်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
"ဒီဥာဏ်အလင်းပွင့်မှုအခြေအနေက အနည်းဆုံး တစ်လလောက်ကြာမြင့်နိုင်တယ်...သူ့ရဲ့ဘေးမှာ ငါရှိနေတာနဲ့ပတ်သက်ပြီးတော့ သူက စိုးရိမ်ပူပန်ပုံမရဘူး....ဖြစ်နိုင်တာတော့ သူက ငါ့ကိုစမ်းသပ်တဲ့အနေနဲ့ သူ့ကိုကာကွယ်ပေးစေချင်တာများလား"
လန်ဝူရှင်း၏စိတ်အတွင်းတွင် ရုတ်တရက် အတွေးတစ်ခု ထွက်ပေါ်လာသည်။
လုယွီ မည်သည့်အရာအား တွေးတောနေသည်ကို ဖော်ထုတ်ကြည့်ရန် လန်ဝူရှင်းက ကြိုးပမ်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ယခုလက်ရှိအဆင့်အတန်းသည် အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်မဟုတ်တော့သဖြင့် သူ ဆန္ဒရှိသကဲ့သို့ အရာရာတိုင်းကို လုပ်ဆောင်နိုင်သည်။
ဥာဏ်အလင်းပွင့်မှုအခြေအနေမျိုး၌ ကျရောက်နေသူများသည် သူတို့၏လေ့လာဆင်ခြင်မှုအတွင်းသို့ နစ်မြုပ်နေသဖြင့် ပြင်ပလောကအပေါ် သူတို့၏အာရုံခံနိုင်မှုမှာ အလွန်အမင်းအားနည်းသည်။အကယ်၍ သူသည် ယခုလက်ရှိချိန်တွင် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်လိုက်ပါက လုယွီသည် သေဆုံးမသွားလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေမည်။
သို့ရာတွင် လန်ဝူရှင်းသည် ယခုလက်ရှိချိန်၌ လုယွီကို အလစ်အငိုက်ဖမ်း၍တိုက်ခိုက်လိုစိတ်မျိုးရှိမနေချေ။
အကယ်၍ ယခုလက်ရှိချိန်တွင် လုယွီသေဆုံးသွားပါက တော်ဝင်နန်းတွင်း၏ဓားသည် အထွတ်အထိပ်ဂိုဏ်းပေါ်သို့ ကျရောက်လာမည်ကို သူ စိုးရိမ်နေမိသည်။ထို့ပြင် လုယွီ၏အမိန့်အောက်တွင် အစွမ်းထက်စစ်ဗိုလ်ချုပ်အမြောက်အများရှိနေဆဲပင်။လုယွီ သေဆုံးသည့်သတင်းသာ ပျံ့နှံ့သွားပါက ပုန်းကွယ်နဂါးစစ်တပ်သည် အထွတ်အထိပ်ဂိုဏ်းထံသို့ နေ့မကူးဘဲ ရောက်ရှိလာပေလိမ့်မည်။
"ဒါဆိုရင်လည်း ကာကွယ်တာပေါ့...ဒီလိုမျိုးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ကာကွယ်ပေးရတာ ဘာမှရှက်နေစရာမလိုဘူး"
လန်ဝူရှင်းသည် တီးတိုးရေရွတ်ကာ လုယွီ၏နံဘေး၌ထိုင်ချရန် ဟန်ပြင်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ ဥာဏ်အလင်းပွင့်သည့်အခြေအနေ၌ အချိန်အလွန်ကြာမြင့်ခဲ့သည်။ဤသည်မှာ ရှေးဟောင်းမသေမျိုးအဆင့် မှော်လက်နက်ဖြစ်သော ဟုန်းမင်ဆေဘာဓား၏စိတ်ဆန္ဒဖြစ်သည်ကို ထည့်သွင်းဖော်ပြရန်ပင်မလိုတော့ချေ။ဤဆေဘာဓားစိတ်ဆန္ဒကို ဖမ်းဆုပ်နိုင်ရန် ခက်ခဲကာ အလွန်အမင်းထက်ရှပြီး ခန့်မှန်း၍မရသောအရာပင်။