အခန်း (၃၅၈၂-၃၅၈၅)
Vol. 182 Ch. 3582-3585
Chapter 3582
လန်ဝူရှင်း ထိုင်ချရန် ဟန်ပြင်လိုက်စဥ်မှာပင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ကျယ်လောင်သောတုန်ခါသံတစ်သံ မြည်ဟီးလာသည်။
သူ၏မျက်လုံးကိုစုံမှိတ်ကာ ဥာဏ်အလင်းပွင့်မှုအခြေအနေမျိုး၌ ရောက်ရှိနေသော လုယွီက ရုတ်တရက် သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။ထက်ရှသော ဆေဘာဓားစိတ်ဆန္ဒတစ်ရပ်သည် သူ၏မျက်လုံးများအတွင်းမှ ထွက်ပေါ်လာပေ၏။
ထို့နောက် လုယွီသည် သူ၏လက်ဖြင့် လေဟာနယ်အတွင်းသို့ဖမ်းဆုပ်လိုက်ရာ မမြင်နိုင်သောဓားချီတစ်လှိုင်းက သူ၏လက်အတွင်း၌ ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်။သူ၏လက်အတွင်းရှိဓားချီကို သူ့ရှေ့ရှိမြေပြင်ပေါ်သို့ ပစ်လွှက်လိုက်ရာ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ကြောင်းက မြေပြင်ပေါ်၌ ထွက်ပေါ်လာသည်။
ဘုန်း....
မြေပြင်ပေါ်တွင် မီတာပေါင်းများစွာနက်ရှိုင်းသော တုန်လှုပ်ချောက်ချားဖွယ် အက်ကွဲကြောင်းကြီးရှိနေသည်။
မူလက သူတို့နှစ်ယောက် မတ်တတ်ရပ်နေသောမြေပြင်သည် အကန့်အသတ်မရှိသောတောင်တန်းပရဝုဏ်ပင်။ဤဓားချီကျဆင်းလာပြီးနောက် တောင်တစ်လုံးအက်ကွဲကာ လုံးလုံးလျားလျားကွဲထွက်သွားတော့သည်။
ဤဆေဘာဓားစိတ်ဆန္ဒ ဆင်းသက်လာချိန်တွင် ပြင်းထန်သောလေပြင်းတစ်ရပ် ဝှေ့ယမ်းတိုက်ခတ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လန်ဝူရှင်းသည် လုယွီ၏နံဘေး၌ မတ်တတ်ရပ်နေပေ၏။သူ၏ခန္ဓာကိုယ်ပေါ်ရှိအဝတ်အစားများသည် လေတိုက်ခတ်မှုနှင့်အတူ လူးလွန့်သွားသည်။
"မင်း...."
လန်ဝူရှင်းသည် နေရာမှာပင် အမြစ်တွယ်နေသည့်အလား ကြက်သေသေနေသည်။သူသည် လုယွီကို လက်ညှိုးညွှန်ကာ အချိန်အတော်ကြာသည့်တိုင် စကားပြောဆိုနိုင်ခြင်းမရှိချေ။
သူ့အား လက်ဝဲစစ်တပ်နယ်မြေအတွင်းတွင် ရှားပါးသောပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်သည်။သူ၏လေ့လာဆင်ခြင်နိုင်မှုစွမ်းရည်သည် အလွန်အားကောင်းသော်လည်း ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒကို အပြည့်အဝစုပ်ယူရန်အတွက် သူ အချိန်တစ်လခန့် ကြာမြင့်ခဲ့သည်။
ထိုဆေဘာဓားစိတ်ဆန္ဒသည် လုယွီထံသို့ ရောက်ရှိသွားချိန်တွင် သူ၏အမြင် လုံးလုံးလျားလျား ပြောင်းလဲသွားတော့သည်။
ဤသည်မှာ အချိန်မည်မျှ ကြာမြင့်သေးသနည်း.....
လုယွီသည် ဟုန်းမင်ဆေဘာဓား၏စိတ်ဆန္ဒကို အပြည့်အဝ လေ့လာဆင်ခြင်သွားနိုင်ခဲ့သလော....
လုယွီက မတ်တတ်ထရပ်ကာ စိတ်ခံစားချက်များရောထွေးနေသောလေသံဖြင့် ပြောဆိုသည်။
"ရှေးဟောင်းခေတ်က မသေမျိုးအဆင့်မှော်လက်နက်လို့ မပြောရဘူး...စိတ်ဆန္ဒတစွန်းတစကတောင် အရမ်းအစွမ်းထက်တယ်"
သူသည် ဆေဘာဓားပညာရပ်တွင် အစွမ်းထက်ပညာရှင်တစ်ယောက်ပင်။အတိတ်ဘဝတွင် သူသည် ကောင်းကင်ဘုံနယ်မြေအတွင်းမှ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများကို သူ၏လက်အတွင်းမှ ဆေဘာဓားနှင့်အဆုံးသတ်ခဲ့သည်။
ယခုလက်ရှိချိန်တွင် ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒကို လေ့လာဆင်ခြင်ရာ၌ သူ ဆေဘာဓားကိုအသုံးပြုစဥ်တွင် သူ့ထံ၌ရှိသော ဟာကွက်များကို ပြင်ဆင်နိုင်ခဲ့သည်။တခြားဆေဘာဓားပညာရှင်တစ်ယောက်မှ သူ့အား ကိုယ်တိုင်ကိုယ်ကျ သင်ပြပေးခဲ့သည့်အလား ဤဥာဏ်အလင်းပွင့်မှုမှတဆင့် သူ အကျိုးကျေးဇူးအမြောက်အများရရှိခဲ့ပေ၏။
"အရှင်...ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒက တကယ်တော့...."
လန်ဝူရှင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေရာမှ နောက်ဆုံးတွင် စကားပြောဆိုရန်အတွက် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။
သူသည် ထပ်မံ၍ဖုံးကွယ်ထားရန် ရည်ရွယ်မထားတော့ချေ။
ယခုချိန်၌ လုယွီ၏လုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် ဟုန်းမင်ဓားနှင့်ပတ်သတ်၍ သူ ထပ်မံ၍ဖုံးကွယ်မထားနိုင်တော့မည်မှာ သိသာထင်ရှားလှ၏။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"တကယ်လို့ မင်း ထုတ်ပြောဖို့ဆန္ဒမရှိဘူးဆိုရင်...ငါ မင်းကို ဖိအားပေးမှာမဟုတ်ဘူး...ဒါက မင်းပိုင်ဆိုင်တဲ့ ကံကြမ္မာကောင်းကြီးပဲ...မင်း ဒါကို ကောင်းကောင်းဖမ်းဆုပ်ထားသင့်တယ်"
လုယွီ၏စကားများကိုကြားချိန်တွင် လန်ဝူရှင်း အနည်းငယ်အံ့အားသင့်တုန်လှုပ်သွားသည်။
လုယွီသည် ဟုန်းမင်ဆေဘာဓား၏မူရင်းဇစ်မြစ်ကို သိရှိသွားသည့်တိုင် အလွန်တည်ငြိမ်အေးဆေးနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဟုတ်ကဲ့ပါ အရှင်..."
သို့ရာတွင် လန်ဝူရှင်းသည် ချက်ချင်းဆိုသလိုပင် ထိုသံသယစိတ်ကို ဖယ်ရှားလိုက်၏။
လုယွီသည် ထိုသို့ပြောဆိုလာသဖြင့် သူ့ထံတွင် သူ၏ကိုယ်ပိုင်အကြောင်းအရင်းများ ရှိနေပေမည်။ထို့ပြင် လုယွီသည် သူ့အား မည်သည့်အရာမျှ မပြောဆိုလိုသဖြင့် သူ၏ကံကြမ္မာကောင်းကြီးကို သူကိုယ်တိုင်အတွက် ထိန်းသိမ်းထားရပေမည်။
"အခု မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ပြန်ရပြီလား"
လုယွီက ရုတ်တရက် မေးမြန်းသည်။
လန်ဝူရှင်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"အရှင့်ကို ကျေးဇူးတင်ပါတယ်...ကျွန်တော်ရဲ့မှော်စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကျော် ပြန်ရထားပါပြီ"
သူသည် အချိန်ကြာမြင့်စွာ ချိပ်ပိတ်ခံထားရသောကြောင့် သူ၏မှော်စွမ်းအားအမြောက်အများ ပျက်ပြယ်သွားခဲ့ရသည်။ယခုချိန်တွင် လုယွီ၏ဆေးလုံးအကူအညီဖြင့် ထိုချိပ်စည်းတံဆိပ်များကို သူ ချိုးဖျက်နိုင်ခဲ့သော်လည်း ဤသည်မှာ လွယ်လင့်တကူ ပြန်လည်ကောင်းမွန်လာနိုင်သောအရာမျိုးမဟုတ်ချေ။
"ကိုးဆယ်ရာခိုင်နှုန်းဆို လုံလောက်ပြီ"
လုယွီက ခေါင်းညိတ်ပြကာ တည်ငြိမ်စွာပြောဆိုသည်။
"ရေအင်မော်တယ်ဂိုဏ်းက အခုဘာလုပ်နေလဲဆိုတာ မင်း သိလား"
လန်ဝူရှင်းက အချိန်တခဏကြာတွေးတောပြီးနောက် ပြောဆိုလိုက်၏။
"ရေအင်မော်တယ်ဂိုဏ်းက ဂိုဏ်းပေါင်းစုံမဟာမိတ်လို့ခေါ်တဲ့ မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းထားတယ်....သူတို့ရဲ့အပြောအရတော့ ဒါက ထန်အင်ပါယာရဲ့စစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ပဲ"
ရုတ်တရက် လန်ဝူရှင်းက သရော်တော်တော် ရယ်မောလိုက်သည်။
"ဒါပေမယ့် အဲ့ဒီလူတွေ ဘာတွေတွေးနေတာလဲဆိုတာ လူတိုင်းသိတယ်...သူတို့က တော်ဝင်နန်းတွင်းကိုဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့စည်းထားတယ်ဆိုတာ အသိသာကြီးလေ"
"အမှန်ပဲ...ဒီနေ့ ငါတို့က ရေအင်မော်တယ်ဂိုဏ်းဆီကို လမ်းလျှောက်ထွက်ကြရအောင်"
လုယွီက ပြောဆိုသည်။
"နားလည်ပါပြီ"
ထိုစကားကိုကြားချိန်တွင် လန်ဝူရှင်း၏မျက်လုံးများတောက်ပသွားကာ လုယွီနှင့်အတူ ထွက်ခွာခဲ့တော့သည်။
Chapter 3583
လက်ဝဲစစ်တပ်နယ်မြေ....ရှင်းလင်ကြယ်နယ်မြေ(ယုံကြည်ကိုးကွယ်မှုကြယ်နယ်မြေ)
ဤကြယ်နယ်မြေသည် လက်ဝဲစစ်တပ်နယ်မြေ၏ အလွန်ဝေးလံခေါင်သီသောနေရာတွင် တည်ရှိသည်။ဤကြယ်နယ်မြေတစ်ခုလုံး၏မြောက်ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်းတို့သည် လုံးလုံးလျားလျားကွဲပြားခြားနားသောမြင်ကွင်းမျိုး ရှိနေလေ၏။တောင်ဘက်ခြမ်းသည် မည်းမှောင်ကာ အလင်းရောင်ကင်းမဲ့နေပြီး ရေခဲနှင့်ဆီးနှင်းများက တစ်နှစ်ပတ်လုံးဖုံးလွှမ်းနေသဖြင့် အရိုးကွဲလုမတက်အေးစိမ့်သောနေရာဖြစ်သည်။မြောက်ဘက်ခြမ်းတွင် ကျယ်ပြန့်သောကုန်းမြေများရှိကာ အရင်းအမြစ်များ ပေါကြွယ်ဝပြီး စိတ်ဝိညာဥ်စွမ်းအားများ ထူထပ်သိပ်သည်းသည်။
ကြယ်နယ်မြေတစ်ခုလုံး၏သက်ရှိကိုးဆယ်ရာခိုင်နှုန်းကျော်သည် မြောက်ဘက်ခြမ်း၌နေထိုင်သည်။နယ်နှင်ဒဏ်ပေးခံထားရသော ရာဇဝတ်သားတချို့နှင့် ကုန်းမြေမှမောင်းထုတ်ခြင်းခံရသော နတ်ဆိုးသားရဲများသာ မြောက်ဘက်ခြမ်းတွင် ရှိနေလေ၏။
လုယွီနှင့်လန်ဝူရှင်းတို့သည် ရှင်းလင်ကြယ်နယ်မြေ၏အနီးသို့ရောက်သည်အထိ လမ်းတလျှောက်လုံးပျံသန်းလာခဲ့သည်။
သူတို့နှစ်ယောက်လုံးထံတွင် ရွှယ်အင်မော်တယ်နယ်ပယ်စွမ်းအားမျိုးရှိနေသဖြင့် ရှင်းလင်ကြယ်နယ်မြေကိုဖြတ်၍ ပျံသန်းရသည်မှာ သူတို့အတွက် ပြဿနာတစ်ရပ်မဟုတ်ချေ။သို့ရာတွင် သူတို့သည် သိုသိုသိပ်သိပ်နေသည့်အနေဖြင့် ဖြတ်သန်းသွားသော ကုန်သင်္ဘောတစ်စီးကိုစီးနင်း၍ အချိန်တခဏခန့်အနားယူရန် ဆုံးဖြတ်ခဲ့သည်။
"တာဝန်ခံ....မင်းတို့က ဘယ်နေရာကနေလာတာလဲ"
လုယွီသည် ကုန်းပတ်ပေါ်၌ထိုင်ကာ သူ့ရှေ့ရှိ အဖိုးအိုတစ်ယောက်ကို မေးမြန်းလိုက်၏။
လန်ဝူရှင်းသည် သူ၏ယခင်ခွန်အားကို ပြန်လည်ရရှိသွားပြီးနောက် ယခုချိန်တွင် သူ့ထံ၌ အေးစက်စက်မျက်နှာထားမျိုးရှိနေကာ သူ၏အနားသို့ တစ်ယောက်တစ်ယောက် ချဥ်းကပ်လာသည်ကို မလိုလားသည့်အလားပင်။
နှိုင်းယှဥ်ကြည့်ပါက လုယွီထံတွင် သန့်စင်သောအရှိန်အဝါမျိုးရှိကာ သူ၏အနားသို့ရောက်ရှိလာသောလူများအား နွေဦးလေပြေညှင်းဖြတ်သန်းတိုက်ခတ်သကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
ထိုအဖိုးအိုက အပြုံးနှင့်ပြောဆိုသည်။
"ငါတို့က ကျန်းယန်ကြယ်နယ်မြေကနေလာခဲ့တာ...ဒီနေရာကို နတ်ဆိုးသားရဲတွေရဲ့အရေခွံတွေလာရောင်းတာပဲ....ဒီခရီးစဥ်ကနေ ပြန်ရောက်တာနဲ့ ငါ့ရဲ့မိသားစုစီးပွားရေး ပိုပြီးအဆင်ပြေလာလိမ့်မယ်"
နတ်ဆိုးသားရဲအရေခွံများသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ လိုအပ်ချက်မြင့်မားသော ကုန်ပစ္စည်းပင်။
အရေအသွေးမြင့်မားသော နတ်ဆိုးသားရဲအရေခွံများကို သံချပ်ကာဝတ်စုံများနှင့်မှော်ဝတ်စုံများပြုလုပ်ရာတွင် အသုံးပြုသည်။မှော်လက်နက်တချို့ကို သန့်စင်ရာတွင်လည်း ဤပစ္စည်းကို လိုအပ်သည်။ဤပစ္စည်းကို အချောသန့်စင်ပြီးပါက အဆောင်လက်ဖွဲ့များ မှော်ဝင်္ကပါပြားများ အစရှိသဖြင့်ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသဖြင့် အလွန်အသုံးဝင်သောအရာဖြစ်သည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"အရင်က ဒီရှန်းလင်ကြယ်နယ်မြေပေါ်မှာ နတ်ဆိုးသားရဲတွေ တော်တော်များများရှိနေတာကို ငါ မှတ်မိတယ်...ဘာလို့ မင်းတို့ရဲ့နတ်ဆိုးသားရဲအရေခွံတွေကို ဒီနေရာမှာ လာရောင်းတာလဲ...မင်းရဲ့ကုန်ပစ္စည်းတွေ မရောင်းရမှာကို မင်း မစိုးရိမ်ဘူးလား"
ယေဘုယျကျကျပြောဆိုရလျှင် ကုန်သည်များသည် ကုန်ပစ္စည်းတစ်ခုကို ပေါကြွယ်ဝသောနေရာမှဝယ်ယူ၍ ထိုကုန်ပစ္စည်းရှားပါးနေသော နေရာများသို့ သွားရောက်၍ရောင်းချရပေမည်။
ဥပမာအနေဖြင့် ရှန်းလင်ကြယ်နယ်မြေသည် အရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း ပိုးချည်ထုတ်လုပ်နိုင်မှု အလွန်ရှားပါးသည်။အရည်အသွေးကောင်းမွန်သော ပိုးချည်များကို ရရှိနိုင်ရန်အတွက် လက်ဝဲစစ်တပ်နယ်မြေ၏အလယ်ပိုင်းဒေသမှ မှာယူရလေ၏။
ကုန်သည်တာဝန်ခံအဖိုးအိုက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"ကြည့်ရတာတော့ သခင်လေးက စီးပွားရေးလုပ်ငန်းအကြောင်း သိထားပုံပဲ...ဒါပေမယ့် အခုချိန်မှာ လက်ရှိစျေးကွက်အခြေအနေက အရင်နဲ့ကွဲပြားခြားနားသွားပြီ....အခုလက်ရှိချိန်မှာ အဆင့်မြင့်နတ်ဆိုးသားရဲတွေအားလုံး ရေအင်မော်တယ်ဂိုဏ်းရဲ့သတ်ဖြတ်တာကို ခံလိုက်ရပြီ....ရှင်းလင်ကြယ်နယ်မြေပေါ်က ကျင့်ကြံသူတွေက နတ်ဆိုးသားရဲတစ်ကောင်အတွက်တောင် တိုက်ခိုက်လုယက်နေရတယ်လို့ ငါ ကြားထားတယ်....တကယ်လို့ ငါ့ရဲ့နတ်ဆိုးသားရဲအရေခွံတွေက သာမာန်ထက် အဆများစွာပိုပြီး စျေးကြီးနေတယ်ဆိုရင်တောင်.. ရောင်းထွက်သွားမှာပဲ"
"နတ်ဆိုးသားရဲတွေအားလုံးကို သတ်လိုက်တာလား...သူတို့က ဘာလို့ဒီလိုလုပ်ရတာလဲ...တခြားကျင့်ကြံသူတွေ မကျေမနပ်ဖြစ်မှာကို သူတို့က မကြောက်ကြတာလား"
ထိုစကားကိုကြားချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ရှင်းလင်ကြယ်နယ်မြေပေါ်တွင် ယခင်က နတ်ဆိုးသားရဲအမြောက်အများရှိနေသည်။အကယ်၍ အဆင့်မြင့်နတ်ဆိုးသားရဲချည်းသက်သက်ဆိုလျှင်ပင် သန်းဆယ်နှင့်ချီ၍ ရှိနေလေ၏။ရေအင်မော်တယ်ဂိုဏ်းသည် ထိုနတ်ဆိုးမှော်သားရဲများအားလုံးကို သတ်ဖြတ်လိုက်သည်ဟူသည်မှာ ကြီးမားသောလှုပ်ရှားမှုကြီးပင်။
အဖိုးအိုက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
"ငါက ဘယ်လိုသတ္တိမျိုးနဲ့ ဝေဖန်ဝံ့မှာလဲ...ငါကြားရသလောက်တော့ ယုံကျိုးစီရင်စုသခင်ကိုလည်း သူတို့ရေအင်မော်တယ်ဂိုဏ်းက သတ်လိုက်တာပဲ...ရေအင်မော်တယ်ဂိုဏ်းက ရှင်းလင်ကြယ်နယ်မြေမှာ အားအကောင်းဆုံးဂိုဏ်းပဲ...ငါတို့ရဲ့ နတ်ဆိုးမှော်သားရဲအရေခွံတွေ ရောင်းချတာကို အခွန်ကောက်တာသက်သက်နဲ့တင် သူတို့ရဲ့ဝင်ငွေက မနည်းဘူး"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်။
"သူတို့က ဒီလိုမျိုးလုပ်ရပ်တွေကိုတောင် လုပ်ဝံ့တာလား...ရှင်းလင်အုပ်ချုပ်ရေးရုံးတော်ကလူတွေက ဒီကိစ္စကို ဂရုမစိုက်ကြတာလား"
စီးပွားရေးလုပ်ငန်းများ၏အခွန်အခများကို သာမာန်အားဖြင့် အုပ်ချုပ်ရေးရုံးတော်များမှ ကောက်ယူရသည်။
ရေအင်မော်တယ်ဂိုဏ်းသည် အခွင့်အာဏာမရှိဘဲ အခွန်အခများကို ကောက်ယူဝံ့ပေ၏။ဤသည်မှာ သူတို့၏လုပ်ပိုင်ခွင့်အကန့်အသတ်ထက်ကျော်လွန်နေပြီး အုပ်ချုပ်ရေးရုံးတော်၏နေရာကို အစားထိုးဝင်ရောက်နေခြင်းဖြစ်သည်။
"ရှင်းလင်အုပ်ချုပ်ရေးရုံးတော်လား... ဟူး...အုပ်ချုပ်ရေးရုံးတော်နဲ့ရေအင်မော်တယ်ဂိုဏ်းတို့က တစ်ကျိတ်တည်းတစ်ဥာဏ်တည်းဖြစ်နေတာ အချိန်အတော်ကြာနေပြီ"
Chapter 3584
အဖိုးအိုက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောဆိုသည်။
"ဒါဆိုရင် သခင်လေးက တခြားနယ်မြေတစ်ခုကနေလာတာပဲဖြစ်မယ်....ဟုတ်တယ်မလား"
လုယွီက ပြောဆိုသည်။
"ငါက အသိမိတ်ဆွေတစ်ယောက်ကိုရှာဖို့ ဒီနေရာကို ရောက်လာခဲ့တာ"
ထိုအဖိုးအိုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ငါ မင်းကို အကြံတစ်ခုပေးချင်တယ်...တကယ်လို့ အရေးကြီးကိစ္စမဟုတ်ဘူးဆိုရင်...မင်း ဒီနေရာကနေလှည့်ပြန်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်...အခုလတ်တလောအချိန်မှာ ရှင်းလင်ကြယ်နယ်မြေက မငြိမ်းချမ်းဘူး....လေလွင့်ကျင့်ကြံသူအများစုတောင် ဒီနေရာကနေထွက်သွားဖို့ ပြင်ဆင်နေကြပြီ....ငါတို့လို ချမ်းသာကြွယ်ဝဖို့အတွက် အသက်နဲ့ရင်းပြီးစွန့်စားနေတဲ့လူတွေလောက်ပဲ ရှင်းလင်ကြယ်နယ်မြေကို သွားဝံ့တော့တယ်"
လုယွီက မေးမြန်းသည်။
"ဘာလို့ အဲ့ဒီလိုမျိုးတွေ ဖြစ်လာရတာလဲ...ရှင်းလင်ကြယ်နယ်မြေက နယ်စပ်နဲ့အဝေးကြီးလေ....အချိန်တိုအတွင်းမှာ ထန်အင်ပါယာစစ်တပ်က ရောက်လာနိုင်မှာမဟုတ်ဘူး...ဘာလို့ အဲ့ဒီနေရာမှာ မငြိမ်းချမ်းတာလဲ"
"ဒါက ထန်အင်ပါယာကြောင့်မဟုတ်ဘူး....တကယ်လို့ ဒါက ထန်အင်ပါယာကြောင့်ဆိုရင်တောင် လက်ခံနိုင်သေးတယ်....အခုလတ်တလောမှာ ရေအင်မော်တယ်ဂိုဏ်းက မဟာမိတ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ပြင်ဆင်နေတယ်...သူတို့က ဂိုဏ်းတွေအများကြီးကိုစုစည်းပြီးတော့ မဟာမိတ်အဖွဲ့ဖွဲ့စည်းပြီးပြီလို့တောင် ငါ ကြားထားတယ်...ဒါက တော်ဝင်နန်းတွင်းကိုဆန့်ကျင်ဖို့ဖွဲ့စည်းတယ်ဆိုတာ အသိသာကြီးလေ...အခုလတ်တလောမှာ အသစ်ရောက်လာတဲ့ လက်ဝဲစစ်တပ်တပ်မှူးကလည်း လူကောင်းတစ်ယောက် မဟုတ်လောက်ဘူး....နှစ်ဖက်ကြားမှာ တိုက်ပွဲတစ်ခုဖြစ်လာမှာ သေချာတယ်......"
အဖိုးအိုသည် ကိစ္စအမြောက်အများကို နားလည်သဘောပေါက်ထားပုံရကာ မရပ်မနားပြောဆိုနေလေ၏။
လုယွီသည် စိတ်ဆိုးခြင်းမရှိချေ။ဤအဖိုးအို၏စကားများမှတဆင့် သူသည် ရှင်းလင်ကြယ်နယ်မြေ၏အကြောင်းကို အမြောက်အများသိရှိခဲ့ရသည်။
အဖိုးအို၏ဖော်ပြချက်များကိုနားထောင်ပြီးနောက် လုယွီက မျက်မှောင်ကြုတ်လိုက်၏။
ဤအဖိုးအိုသည် မူလက ကုန်သည်အဖွဲ့တစ်ခု၏ခေါင်းဆောင်ပင်။သို့ရာတွင် ထန်အင်ပါယာ ကျူးကျော်သည့်သတင်းပျံ့နှံ့လာသည်နှင့်အတူ သူတို့အပေါ် သက်ရောက်လာမည်ကိုစိုးရိမ်သဖြင့် အဖိုးအိုသည် သူ၏ကုန်သည်အဖွဲ့ကို လက်ဝဲစစ်တပ်နယ်မြေ၏အလယ်ပိုင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ဤသည်မှာ ကုန်သည်အဖွဲ့ကို အနည်းငယ်နစ်နာစေသော်လည်း စစ်ပွဲ၏သက်ရောက်မှုမှ ကာကွယ်ဟန့်တားနိုင်ရန်အလို့ငှာ အဖိုးအိုသည် ပြောင်းရွှေ့ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သည်။
လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ ဤကဲ့သို့ဆုံးဖြတ်ချက်ချခဲ့သော တခြားကုန်သည်အဖွဲ့များလည်း အမြောက်အများရှိနေပေ၏။
"ကြည့်ရတာတော့ မကြာခင်မှာ ငါတို့က နိုင်ပွဲကြီးတစ်ပွဲရအောင်လုပ်ဖို့ လိုအပ်နေပုံပဲ...မဟုတ်ရင် စစ်ပွဲမစခင်မှာ လက်ဝဲစစ်တပ်နယ်မြေရဲ့စီးပွားရေးလုပ်ငန်းတွေအားလုံး ချွတ်ခြုံကျသွားနိုင်တယ်"
လုယွီသည် အဖိုးအို ပြောဆိုခဲ့သမျှ စကားများအားလုံးကိုမှတ်သားကာ တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားအတွင်းမှ တွေးတောလိုက်သည်။
ကုန်သင်္ဘောသည် မကြာမီမှာပင် ရှင်းလင်ကြယ်နယ်မြေ၏အထက်ကောင်းကင်ယံအတွင်းသို့ ရောက်ရှိလာသည်။
ပတ်ဝန်းကျင်ကိုကြည့်ပါက လေဟာနယ်အတွင်း၌ တည်ရှိနေသော ကြီးမားသောဂိတ်တံခါးတစ်ချပ်ကို တွေ့မြင်ရပေမည်။ထိုဂိတ်တံခါးကြီး၏နောက်တွင် အရောင်ငါးရောင်ဖြာထွက်နေသော ကူးပြောင်းရေးဝင်္ကပါကြီးရှိနေသည်။ကုန်သင်္ဘောကြီး၏နံဘေးရှိလေဟာနယ် တဖြည်းဖြည်းပုံပျက်သွားကာ ရှင်းလင်ကြယ်နယ်မြေပေါ်သို့ ဆင်းသက်မည့်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပုံရသည်။
ထိုဂိတ်တံခါးကြီး၏ပြင်ပတွင် အတန်းလိုက်စီ၍စောင့်နေသော လေဟာနယ်သင်္ဘောပျံများရှိနေသည်။
အဖိုးအိုသည် သူ၏လက်အောက်ငယ်သားများကိုခေါ်ယူကာ ကုန်သင်္ဘောကိုထိန်းချုပ်ပြီး ထိုလေဟာနယ်သင်္ဘောများ၏နောက်သို့ ဖြည်းညှင်းစွာ မောင်းနှင်လိုက်၏။
ယနေ့တွင် ရှင်းလင်ကြယ်နယ်မြေထံသို့ လေဟာနယ်သင်္ဘောအမြောက်အများ ဝင်ရောက်နေခဲ့သည်။အဖိုးအို၏အလှည့်သို့ရောက်ရှိရန်အတွက် အချိန်လေးနာရီခန့်ကြာအောင် စောင့်ခဲ့ရသည်။
လုယွီက ဂိတ်တံခါးကြီးကိုတစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ထိုဂိတ်တံခါးကြီး၏ဘေးတစ်ဖက်တစ်ချက်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသောလူများ ရာနှင့်ချီ၍ရှိနေကာ သူတို့သည် ခေါက်တုံ့ခေါက်ပြန်ပျံသန်းပြီး လေဟာနယ်သင်္ဘောများကို စစ်ဆေးနေကြလေ၏။
လေဟာနယ်သင်္ဘောပျံများ၏ပိုင်ရှင်များသည် ထိုကျင့်ကြံသူများကို လျစ်လျှူရှုမထားဝံ့ကြချေ။ထိုပိုင်ရှင်များအနက်မှတချို့သည် ငွေလက်မှတ်များကို ထုတ်ယူကာ ထိုကျင့်ကြံသူများထံ ရိုသေလေးစားစွာဖြင့် လက်ကမ်းပေးလိုက်ကြသည်။
"ရုံးတော်ရဲ့အစောင့်တွေက ကြယ်နယ်မြေတွေရဲ့ဆိပ်ကမ်းတွေမှာ စောင့်ကြပ်သင့်တာ မဟုတ်ဘူးလား....ဘာလို့ ဒီလူတွေဖြစ်နေတာလဲ"
လုယွီက မေးမြန်းလိုက်သည်။
အဖိုးအိုက အလျှင်အမြန် တုံ့ပြန်ပြောဆိုသည်။
"သခင်လေး...ကျေးဇူးပြုပြီးတော့ အသံတိုးတိုးပြောပါ....မင်းပြောတာကို သူတို့ကြားမသွားစေနဲ့....သူတို့က ရေအင်မော်တယ်ဂိုဏ်းရဲ့တပည့်တွေဖြစ်ပြီးတော့....သူတို့ ဒီနေရာကိုရောက်နေတာက အခွန်အခတွေကောက်ခံဖို့ပဲ....ငါတို့က သူတို့ရဲ့အမိန့်ကိုနာခံပြီး ဖြတ်သန်းခကိုပေးဆောင်တာနဲ့...သူတို့က ဘာပြဿနာမှရှာမှာမဟုတ်ဘူး...ငါတို့ကိုအခက်တွေ့အောင်လည်း မလုပ်ဘူး"
"ရုံးတော်ရဲ့အစောင့်တွေလား....အဲ့ဒီကောင်တွေက သူတို့ရဲ့ရုံးတော်ထဲမှာပဲ ပုန်းအောင်းနေတာ အချိန်အတော်ကြာနေပြီ...အပြင်ကိုမထွက်ရဲကြဘူး...ရှင်းလင်ကြယ်နယ်မြေရဲ့ပြင်ပက အစောင့်တပ်တွေကိုတောင် ရေအင်မော်တယ်ဂိုဏ်းကလူတွေ စောင့်ကြည့်နေတယ်လို့ ငါ ကြားထားတယ်...အဲ့ဒီစစ်စခန်းတွေကနေထွက်လာတဲ့ ဘယ်သူမဆို တကယ်လို့ ကြိုတင်ပြင်ဆင်မထားဘူးဆိုရင် အသက်ပြန်ပါသွားမှာမဟုတ်ဘူး"
အဖိုးအိုသည် စကားပြောဆိုနေခြင်းကိုအဆုံးသတ်လိုက်ကာ သူသည် ဤအကြောင်းများကို လုယွီအား များစွာရှင်းပြလိုပုံမရချေ။သူသည် သူ့ရှေ့ရှိ တာအိုကျင့်ကြံသူတစ်ယောက်ကို ကြည့်ကာ အပြုံးနှင့်နှုတ်ဆက်လိုက်၏။
"အရှင်...မင်း အခု လှုပ်ရှားချင်လား"
လန်ဝူရှင်းက မေးမြန်းသည်။
လန်ဝူရှင်း၏မျက်လုံးအတွင်း၌ သူ့ရှေ့ရှိ ရာနှင့်ချီသောတာအိုကျင့်ကြံသူများသည် သူ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်မည်မဟုတ်ချေ။သူသည် သူတို့အားလုံးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်းရှိသည်။
Chapter 3585
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"ငါတို့က ရေအင်မော်တယ်ဂိုဏ်းထဲကိုသွားမှာ...အခုချိန်မှာ ရန်သူကို သတိသွားပေးလို့မဖြစ်ဘူး"
သူတို့ရှေ့ရှိ တာအိုကျင့်ကြံသူများသည် ယင်ကောင်ငယ်တစ်စုသက်သက်ပင်။သူတို့အားလုံးကို သတ်ဖြတ်လိုက်လျှင်လည်း အကြောင်းထူးလာမည်မဟုတ်ချေ။
ကုန်သင်္ဘောချဥ်းကပ်လာသည်ကိုကြည့်ပြီး တာအိုကျင့်ကြံသူနှစ်ယောက်က ပိတ်ဆို့ဟန့်တားလေသည်။
"ဆရာတို့...ငါက သယ်ယူပို့ဆောင်ရေးဌာနခွဲက အသိအမှတ်ပြုထားတဲ့ ကုန်သည်အဖွဲ့ကပါ....ဒါက ငါ့ရဲ့ဖြတ်သန်းခွင့်လက်မှတ်ပါ"
အဖိုးအိုက ရိုသေလေးစားစွာဖြင့် စာတစ်စောင်ကို လက်ကမ်းပေးလိုက်သည်။
ဤဖြတ်သန်းခွင့်စာလွှာပေါ်တွင် ရှန်းလင်ရုံးတော်မှ သယ်ယူပို့ဆောင်ရေးဌာနခွဲ၏စည်းတံဆိပ်ကို ခတ်နှိပ်ထားသည်။ဤကဲ့သို့ဖြတ်သန်းခွင့်စာလွှာရှိမှသာ ကုန်သည်များသည် နေရာဒေသအသီးသီး၌ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့် ရရှိလေ၏။
ပိန်ပါးပြီးအရပ်ရှည်သော တာအိုကျင့်ကြံသူတစ်ယောက်သည် ထိုစာကိုတစ်ချက်ကြည့်လိုက်သည်။သူသည် ထိုစာကိုစစ်ဆေးရန် ရည်ရွယ်ထားပုံမရဘဲ သင်္ဘောကုန်းပတ်ပေါ်မှကုန်ပစ္စည်းများကိုသာ တစ်ချက်ကြည့်လေသည်။
"အထဲမှာ ဘာတွေပါလဲ"
အဖိုးအိုက တောင်းပန်လိုသောအပြုံးနှင့် အလျင်စလိုပြောဆိုသည်။
"ဒါက နတ်ဆိုးမှော်သားရဲအရေခွံတချို့ပါ...အရည်အသွေးမြင့်တဲ့ ကြံ့နဂါးသားရဲအရေခွံတွေပါ...ငါက ဒီကုန်ပစ္စည်းတွေကို အမြန်ဆုံးပို့ဆောင်ရလိမ့်မယ်...ကျေးဇူးပြုပြီးတော့ မင်းတို့က ငါ့ကို ကူညီပေးကြပါအုံး"
ထိုသို့ပြောဆိုပြီးနောက် အဖိုးအိုသည် သူ၏အင်္ကျီလက်ကြားမှငွေလက်မှတ်တစ်ရွက်ကို ထုတ်ယူကာ ပိန်ပါးပြီးအရပ်ရှည်သော တာအိုကျင့်ကြံသူ၏လက်အတွင်းသို့ တိတ်တဆိတ်ထည့်ပေးလိုက်၏။
ဤသည်မှာ လမ်းဖြတ်သန်းခပင်။
ယေဘုယျကျကျပြောဆိုရလျှင် သူတို့သည် လမ်းဖြတ်သန်းခငွေကို ပေးဆောင်သရွေ့ ထိုတာအိုကျင့်ကြံသူများသည် ကြည်ကြည်ဖြူဖြူဖြတ်သန်းခွင့်ပြုပေမည်။
"နတ်ဆိုးသားရဲအရေခွံတွေလား...ငါ တစ်ချက်ကြည့်ကြည့်အုံးမယ်"
ပိန်ပါးပြီးအရပ်ရှည်သော တာအိုကျင့်ကြံသူသည် အေးစက်စက်အော်ငေါက်ကာ သင်္ဘောပေါ်သို့ တိုက်ရိုက်ခုန်တက်လိုက်သည်။
ကုန်းပတ်ပေါ်တွင် ကုန်သည်အဖွဲ့မှ အလုပ်သမားတချို့ရှိနေသည်။လုယွီနှင့်လန်ဝူရှင်းတို့သည် သာမာန်ဝတ်စုံများကို ဝတ်ဆင်ထားသဖြင့် ပတ်ဝန်းကျင်ရှိ အလုပ်သမားများနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။
ထိုတာအိုကျင့်ကြံသူသည် အစပထမ၌ လန်ဝူရှင်းကို စောင်ငဲ့၍ကြည့်လိုက်သည်။အကြောင်းအရင်းမှာ လန်ဝူရှင်းထံမှနေ၍ အန္တရာယ်အငွေ့အသက်ကို ဝိုးတဝါး သူ ခံစားမိသောကြောင့်ပင်။သို့ရာတွင် အချိန်တခဏကြာပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်၏။ကုန်သည်အဖွဲ့၏သာမာန်အလုပ်သမားတစ်ယောက်သည် မည်သည်ကြောင့် သူ့အားအန္တရာယ်ပေးနိုင်မည်နည်း။
သင်္ဘောကုန်းပတ်ပေါ်ရှိ တစ်ဖက်ခြမ်းတွင် ကုန်စည်များအပုံလိုက်ရှိနေသည်။
ထိုနတ်ဆိုးမှော်သားရဲအရေခွံများကို လျှော်ကြိုးများဖြင့်စည်းကာ သေတ္တာများအတွင်းသို့ထည့်၍ သိုလှောင်သိမ်းဆည်းထားသည်။
ကုန်ပစ္စည်းတစ်ခုစီ၏အရည်အသွေးကို ခွဲခြား၍ စနစ်တကျစီရီထားသည်။ဤကုန်သင်္ဘောကို တည်ငြိမ်အောင်ပြုလုပ်သောဝင်္ကပါသည် အားကောင်းခြင်းမရှိသဖြင့် လမ်းခရီးတွင် ရံဖန်ရံခါ၌ တိုးမိဆောင့်မိလေ့ရှိသည်။ထို့ကြောင့် လမ်းခရီးတလျှောက်တွင် ကုန်သည်အဖွဲ့မှအလုပ်သမားများသည် ကုန်စည်များကို မျက်ခြေမပြတ်စောင့်ကြည့်ကာ ဂရုစိုက်နေရလေ၏။
သို့ရာတွင် ထိုတာအိုကျင့်ကြံသူကမူ ထိုကိစ္စများကို ဂရုမစိုက်ချေ။
သူသည် ရှေ့သို့လျှောက်လှမ်းသွားကာ ကုန်စည်များကိုစည်းနှောင်ထားသော လျှော်ကြိုးများကို ဆွဲ၍ဖြတ်လိုက်သည်။ထို့နောက် သူ၏လက်ချောင်းများဖြင့်ထိုးဖောက်ကာကုန်စည်များထည့်ထားသောသေတ္တာတစ်လုံးကို ကျိုးပဲ့သွားစေသည်။
ထိုသေတ္တာကျိုးပဲ့သွားသည်နှင့် အတွင်းရှိနတ်ဆိုးမှော်သားရဲအရေခွံများ သင်္ဘောကုန်းပတ်ပေါ်သို့ ချက်ချင်းပြုတ်ကျလာသည်။
ထိုတာအိုကျင့်ကြံသူသည် နတ်ဆိုးမှော်သားရဲအရေခွံများအနက်မှတစ်ခုကို ကောက်ယူလိုက်၏။ဤနတ်ဆိုးမှော်သားရဲအရေခွံသည် အလွန်မာကြောသည်ဟု ခံစားမိသည်။သူ၏လက်များဖြင့် အားကုန်ဆွဲဖြဲသည့်တိုင် ထိုနတ်ဆိုးမှော်သားရဲသည် စုတ်ပြဲသွားခြင်းမရှိချေ။ဤအရာသည် အလွန်ခိုင်ခန့်မာကြောသည်မှာ သိသာထင်ရှားသည်။
ဤသည်မှာ အရည်အသွေးကောင်းမွန်သော နတ်ဆိုးမှော်သားရဲအရေခွံပင်။ဤအရာကို ခွန်အားအတော်အသင့်သန်စွမ်းသော နတ်ဆိုးမှော်သားရဲထံမှသာ ရရှိနိုင်သည်။
"ဒီနတ်ဆိုးမှော်သားရဲအရေခွံတွေက မဆိုးဘူး...ငါတို့ရေအင်မော်တယ်ဂိုဏ်းက ဒါတွေကိုယူမယ်...မင်း ဒုက္ခခံပြီး ဒါတွေကိုရောင်းမနေနဲ့တော့...ငါတို့ဂိုဏ်းကိုပဲ တိုက်ရိုက်ပို့လိုက်စမ်း"
ပိန်ပါးပြီးအရပ်ရှည်သော တာအိုပညာရှင်၏မျက်လုံးများ တောက်ပသွားသည်။
အဖိုးအို၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။
"အရှင်ကျင့်ကြံသူ...ဒါက သေးငယ်တဲ့စီးပွားရေးလုပ်ငန်းလေးပါ..တကယ်လို့ ငါ့ရဲ့ကုန်စည်တွေအားလုံးကို တာအိုဂိုဏ်းဆီ ဆက်သရမယ်ဆိုရင်...ငါ ဘယ်လိုလုပ်ပြီးတော့ နာလန်ထူနိုင်မှာလဲ"
ထိုတာအိုကျင့်ကြံသူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ အထင်အမြင်သေးသောလေသံနှင့် ပြောဆိုသည်။
"ဟမ့်...ငါက ငွေပေးဝယ်မှာမဟုတ်ဘူးလို့ မင်း ထင်နေတာလား"
ထိုစကားနှင့်အတူ တာအိုကျင့်ကြံသူသည် သူ၏အင်္ကျီလက်မောင်းကြားမှ ငွေလက်မှတ်တစ်ရွက်ကိုထုတ်ယူကာ အဖိုးအိုထံ ပစ်ပေးလေသည်။
အဖိုးအိုသည် ဂရုတစိုက်ကြည့်ရှုလိုက်ရာ အင်မော်တယ်ကျောက်တုံးတစ်သိန်းတန်ငွေလက်မှတ်ဖြစ်နေကြောင်း သတိပြုမိသွားသည်။
အကယ်၍ သင်္ဘောပေါ်ရှိကုန်စည်များကို သာမာန်စျေးနှုန်းဖြင့် ရောင်းချပါက အမြတ်အစွန်းသည် အနည်းဆုံးအင်မော်တယ်ကျောက်တုံးတစ်သန်းခန့်ရှိနေပေမည်။ဤကုန်ပစ္စည်းများကိုဝယ်ယူခဲ့သောကုန်ကျစရိတ်ပင်လျှင် အင်မော်တယ်ကျောက်တုံးတစ်သိန်းထက် များစွာပို၍ကျော်လွန်နေသည်။
တခြားစကားပြောင်းဆိုရလျှင် အဖိုးအိုသည် အလယ်ပိုင်းဒေသမှနေ၍ ကုန်ပစ္စည်းများကို သူ၏လူများဖြင့် ခက်ခက်ခဲခဲသယ်ဆောင်ကာ ဤနေရာသို့ရောက်ရှိလာခဲ့သော်လည်း သူသည် အမြတ်အစွန်း မရရုံသာမက သူ၏အရင်းအနှီးများစွာကိုလည်း ဆုံးရှုံးသွားခဲ့ရသည်။
အနီးအနားရှိ အလုပ်သမားတစ်ယောက်က ညည်းတွားလိုက်၏။
"ဒါက မနည်းလွန်းဘူးလား...သယ်ယူပို့ဆောင်ရေးအခွန်အခအတွက်တောင် ဒီငွေနဲ့မလုံလောက်ဘူး"
Thank For Reading.