အခန်း (၃၅၈၆-၃၅၈၉)
Vol. 183 Ch. 3586-3589
Chapter 3586
ထိုအလုပ်သမားသည် တီးတိုးပြောဆိုလိုက်ခြင်းဖြစ်သော်လည်း အရပ်ရှည်သောပိန်ပါးပါး တာအိုကျင့်ကြံသူသည် အကြားအာရုံအလွန်ကောင်းကာ သူ ပြောဆိုသည့်စကားကို ကြားသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
"မင်း ဘာပြောလိုက်တာလဲ...ပြန်ပြောလိုက်စမ်း.."
ထိုတာအိုကျင့်ကြံသူသည် သူ၏လက်ကိုမြှောက်ကာ လေထုကိုဖြတ်သန်း၍ ထိုအလုပ်သမားထံဦးတည်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
တာအိုကျင့်ကြံသူ၏လက်မှနေ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ပျံ့လွင့်လာကာ အညှာအတာကင်းမဲ့စွာဖြင့် ထိုအလုပ်သမား၏ပါးကို ဖြတ်ရိုက်လိုက်၏။
ထိုအလုပ်သမားသည် နာကျင်မှုကြောင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြောက်တက်ပြီး လေထုအတွင်း၌ တစ်ပတ်လည်သွားကာ သင်္ဘောကြမ်းခင်းပေါ်သို့ ပြင်းထန်စွာ ပြန်ပြုတ်ကျလာသည်။သူသည် ထိုရိုက်ချက်ကြောင့် သတိလစ်မေ့မျောသွားလေပြီ။
ထိုအလုပ်သမား၏နံဘေးတွင်ရှိနေသော ကုန်သည်အဖွဲ့မှ တခြားအလုပ်သမားများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့အားငြိစွန်းမည်ကို စိုးရိမ်သဖြင့် အလျင်စလို ရှောင်တိမ်းလိုက်ကြ၏။
အဖိုးအိုသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူက ရှေ့သို့အလျှင်အမြန်တိုးသွားကာ တောင်းပန်စကား ပြောဆိုလိုက်သည်။
"အရှင်တာအိုကျင့်ကြံသူ...ဒါက မသိနားမလည်တဲ့ လူငယ်လေးတစ်ယောက်ပါ...အရှင့်ရဲ့အဆင့်ကို သူ့ရဲ့အဆင့်မျိုးထိ မနှိမ့်ချလိုက်ပါနဲ့"
ထိုစကားကိုပြောဆိုပြီးနောက် သူသည် တခြားအလုပ်သမားများကို ခြေဟန်လက်ဟန်ပြကာ သတိလစ်နေသောအလုပ်သမားကို အဝေးသို့ အမြန်ဆုံး သယ်ဆောင်သွားခိုင်းလေသည်။
"ဟမ့်...ပုရွက်ဆိတ်လိုကောင်တွေကများ...ငါတို့ရေအင်မော်တယ်ဂိုဏ်းက ဒီပစ္စည်းတွေကို သဘောကျတယ်ဆိုတာ မင်းတို့ကို မျက်နှာသာပေးတာပဲ....အရမ်း စိတ်ကြီးဝင်မနေကြစမ်းနဲ့"
ထိုတာအိုကျင့်ကြံသူသည် ကုန်းပတ်ပေါ်ရှိ တခြားအလုပ်သမားများကိုကြည့်ကာ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသောအမူအယာမျိုး ထင်ဟပ်နေသည်။
"ဟုတ်တယ်....ဟုတ်တယ် ...ဟုတ်ပါတယ်...အရှင်ပြောတာ အမှန်ပါပဲ...ငါတို့က ဒီပစ္စည်းတွေကို အခုချက်ချင်းပို့လိုက်ပါမယ်"
အဖိုးအိုသည် တခြားမည်သည့်စကားကိုမျှ ပြောဆိုဝံ့ခြင်း မရှိတော့ချေ။သူသည် အစောပိုင်းက သူ ရရှိထားသော အင်မော်တယ်ကျောက်တုံးတစ်သိန်းတန်ငွေလက်မှတ်ကိုလည်း ပြန်ပေးလိုက်သည်။
"ရေအင်မော်တယ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးရတာ ငါ့အတွက် ကောင်းချီးတစ်ခုပါပဲ...ဘယ်လိုလုပ်ပြီး အရှင့်ဆီကနေ ငါက ငွေတောင်းခံဝံ့မှာလဲ...အရှင်က တံခါးကိုစောင့်ကြပ်ဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်နေရတာ....ငါက ဒီငွေကို မယူနိုင်ပါဘူး"
ထိုတာအိုကျင့်ကြံသူသည် မထီမဲ့မြင်အမူအယာနှင့် အဖိုးအို၏လက်အတွင်းမှ ငွေလက်မှတ်ကိုယူလိုက်သည်။ထို့နောက် သူက အဖိုးအိုကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောဆိုသည်။
"အနည်းဆုံးတော့ မင်းမှာ အသိတရားတချို့ ရှိနေသေးတယ်...မင်းက သိတwfနားလည်မှုရှိမှတော့ ငါ မင်းကို အလွတ်ပေးလိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက် အရပ်ရှည်သောပိန်ပါးပါးတာအိုကျင့်ကြံသူသည် တခြားတာအိုကျင့်ကြံသူတစ်ယောက်ကိုကြည့်ပြီး အော်ဟစ်လိုက်၏။
"ဂျူနီယာညီလေး....မင်း ဒီနေရာမှာ စောင့်ကြပ်နေလိုက်အုံး....ငါက ဒီနတ်ဆိုးသားရဲအရေခွံတွေကို ဂိုဏ်းဆီကိုပြန်ပို့ဖို့အတွက် လိုက်သွားပြီးစောင့်ကြည့်လိုက်အုံးမယ်"
"ဟုတ်ကဲ့ပါ စီနီယာအကို"
အရပ်ရှည်သောပိန်ပါးပါး တာအိုကျင့်ကြံသူသည် သင်္ဘောပေါ်၌ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ကုန်သည်အဖွဲ့ခေါင်းဆောင်၏မျက်နှာ ဖြူရော်သွားသည်။
သူသည် မူလက ရှင်းလင်ကြယ်နယ်မြေမှခိုးထွက်ကာ သူ၏ကုန်ပစ္စည်းများကို တခြားနေရာများ၌ သွားရောက်ရောင်းချရန် ကြံရွယ်ထားသည်။
သို့ရာတွင် ယခုချိန်၌ ဤတာအိုကျင့်ကြံသူသည် သင်္ဘောပေါ်၌ဆက်၍နေရန် ရွေးချယ်ခဲ့သဖြင့် သူ့အား စောင့်ကြည့်လိုကာ အခွင့်အာဏာမရှိဘဲ ထွက်သွားခွင့်ပေးမည် မဟုတ်သည်မှာ သိသာထင်ရှားလှ၏။
အဆုံးသတ်၌ ဤကုန်စည်များသည် ရေအင်မော်တယ်ဂိုဏ်း၏လက်အတွင်းသို့ ကျရောက်သွားပေတော့မည်။
"မင်းတို့ မဟုတ်တဲ့အတွေးမျိုးတွေတွေးဖို့ မစဥ်းစားကြနဲ့နော်...ငါက သင်္ဘောပေါ်မှာရှိတဲ့ မင်းတို့ပုရွက်ဆိတ်ကောင်တွေအားလုံးကို သတ်ပစ်နိုင်တယ်"
အရပ်ရှည်သော ပိန်ပါးပါးကျင့်ကြံသူက ပလ္လင်ခွေထိုင်လိုက်သည်။သူ၏လေသံတွင် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေသည်။
အဖိုးအိုက အလျင်စလိုပြုံးပြကာ တောင်းပန်စကား ပြောဆိုသည်။
"ငါ မလုပ်ဝံ့ပါဘူး...ငါ မလုပ်ဝံ့ပါဘူး"
ကုန်သည်အဖွဲ့မှအလုပ်သမားများသည် ဤကဲ့သို့အပြောင်းအလဲမျိုးဖြစ်လာမည်ဟု မျှော်လင့်ထားမိခြင်းမရှိချေ။
သင်္ဘောပေါ်၌ ကုန်သည်အဖွဲ့မှအလုပ်သမားအမြောက်အများ ရှိနေသည်။သို့ရာတွင် သူတို့ရင်ဆိုင်ရသည်မှာ ရေအင်မော်တယ်ဂိုဏ်းမှ တပည့်များနှင့်ဖြစ်ကြောင်း သူတို့ ကောင်းစွာသိရှိသည်။ထို့ကြောင့် သူတို့သည် ဤတာအိုကျင့်ကြံသူကို မောင်းထုတ်ဝံ့ခြင်းမရှိချေ။
လန်ဝူရှင်းက လုယွီကို ကြည့်လိုက်၏။လုယွီထံတွင် မည်သည့်တုံ့ပြန်မှုမျိုးမျှ မရှိသည်ကိုကြည့်ပြီး သူသည် ဤအရှုပ်အထွေးကြား၌ ဝင်ပါခြင်းမရှိတော့ချေ။
သူသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ယုတ်မာသောလုပ်ရပ်များကို မုန်းတီးကာ တခြားသူများမှနေ၍ အားနည်းသူများကို အနိုင်ကျင့်သည်ကိုလည်း သူ သဘောမကျပေ။
ထို့ပြင် သူ၏နတ်ဆိုးဂိုဏ်းနှင့်တာအိုဂိုဏ်းတို့သည် အခဲမကြေသောရန်သူတော်ကြီးများပင်။တာအိုဂိုဏ်းသည် နတ်ဆိုးကျင့်ကြံသူများကို သုတ်သင်ဖယ်ရှားသည်ဟု နာမည်ခံ၍ နတ်ဆိုးဂိုဏ်း၏ပိုင်ဆိုင်မှုများကို ထိပါးလေ့ရှိသည်။ထို့ကြောင့် ရေအင်မော်တယ်ဂိုဏ်းနှင့်အထွတ်အထိပ်ဂိုဏ်းအကြားတွင် ပဋိပက္ခများရှိကာ ရန်ငြိုးရန်စများလည်း လွန်စွာများပြားပေ၏။
အကယ်၍ လုယွီကသာ သူ့အားလှုပ်ရှားခြင်းမပြုရန် တားဆီးမထားပါက လန်ဝူရှင်းသည် ဤတာအိုကျင့်ကြံသူများအားလုံးကို သတ်ဖြတ်ပြီးဖြစ်ပေမည်။
"အရှင်တာအိုကျင့်ကြံသူ...ကျေးဇူးပြုပြီးတော့ လဖက်ရည်လေးသောက်ပါအုံး"
အဖိုးအိုသည် လဖက်ရည်ကောင်းကောင်းတစ်အိုးကိုပြင်ဆင်ရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးကာ ထိုတာအိုကျင့်ကြံသူကို ရိုသေလေးစားစွာ ဧည့်ဝတ်ပြုလိုက်သည်။
ထိုတာအိုကျင့်ကြံသူသည် ဟန်ပန်တစ်ခွဲသား လုပ်နေခြင်းမရှိချေ။သူသည် လဖက်ရည်ခွက်ကိုကောက်ယူကာ တစ်ငုံငုံကြည့်ပြီးနောက် ညည်းတွားလိုက်၏။
"ဒါက တော်တော်ဆိုးရွားတဲ့လဖက်ခြောက်ပဲ....နည်းနည်းလေးတောင် အရသာမရှိဘူး....ငါတို့ရေအင်မော်တယ်ဂိုဏ်းရဲ့ နူးညံသိမ်မွေ့စိတ်ဝိညာဥ်လဖက်ခြောက်နဲ့နှိုင်းယှဥ်ရင် မိုးနဲ့မြေလို ကွာခြားတယ်"
Chapter 3587
အဖိုးအိုသည် အလျှင်အမြန် တောင်းပန်စကား ပြောဆိုသည်။
"ငါတို့လိုနိမ့်ကျတဲ့လူတွေက သာမာန်လူတန်းစားတွေပါ...ဒါက အရှင်ကို ဧည့်ခံဖို့အတွက် ငါတို့ဆီမှာရှိတဲ့ အကောင်းဆုံးလဖက်ခြောက်ကို အသုံးပြုထားတာပါ"
အရပ်ရှည်ပြီးပိန်ပါးသော တာအိုကျင့်ကြံသူသည် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သော်လည်း မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။
သင်္ဘောကြီးသည် မကြာမီမှာပင် ရေအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်။
ရေအင်မော်တယ်ဂိုဏ်းသည် ရှင်းလင်ကြယ်နယ်မြေ၏ယို့ကျိုးပြည်နယ်၌ တည်ရှိသည်။ဤနေရာကို ရှင်းလင်ကြယ်နယ်မြေပေါ်၌ ထိပ်သီးရတနာမြေအဖြစ် သတ်မှတ်နိုင်သည်။ရှင်းလင်ကြယ်နယ်မြေ၏လူဦးရေလေးဆယ်ရာခိုင်နှုန်းခန့်သည် ယို့ကျိုးပြည်နယ်အတွင်း၌ စုဝေးနေသည်။
အဝေးမှကြည့်ပါက အဆုံးအစမရှိသော တောင်စဥ်တောင်တန်းများက လူတိုင်း၏အမြင်အာရုံအောက်တွင် ထင်ဟပ်လာပေမည်။
ဤတောင်စဥ်တောင်တန်းများသည် နိမ့်ချည်မြင့်ချည်တည်ရှိကာ အဝေးတစ်နေရာထိ ဆန့်တန်းနေသည်။တောင်ထိပ်တစ်ခုစီပေါ်တွင် တိမ်မြူခိုးများရစ်သိုင်းလွှမ်းခြုံနေကာ လူအများကို ဝေဝါးစေသည့်ခံစားချက်မျိုး ပေးစွမ်းနိုင်ပေ၏။လူအများသည် ဤတောင်စဥ်တန်းများ၏အဆုံးသတ်ကို အကြည့်တစ်ချက်ဖြင့် တွေ့မြင်နိုင်မည်မဟုတ်ချေ။
ရာနှင့်ချီသော ခန်းမများ အဆောက်အအုံများနှင့်တာအိုဘုရားကျောင်းများသည် ထိုတောင်တန်းများအကြားတွင် တည်ရှိသည်။မည်သည့်အဆောက်အအုံမဆို ရှေးကျပြီး သေသပ်ကျနစွာ တည်ဆောက်ထားသော်လည်း ကြီးကျယ်ခမ်းနားမှု လျော့နည်းသွားခြင်းမရှိချေ။
မိုးကောင်းကင်ယံအတွင်းရှိ လေထုအတွင်း၌ ရွှေရောင်သင်္ကေတအက္ခရာများ မျောလွင့်နေကာ ကြီးမားသောဝင်္ကပါကြီးအဖြစ် ချိတ်ဆက်သွားသည်။ဤဝင်္ကပါကြီး၏သင်္ကေတအက္ခရာများသည် လင်းတစ်လှည့် မှောင်တစ်လှည့် တောက်ပနေသဖြင့် ထိုပုံစံများကိုဖမ်းဆုပ်နိုင်ရန် လွန်စွာခက်ခဲပေမည်။
ဤသည်မှာ လက်ဝဲစစ်တပ်နယ်မြေ၏ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ရေအင်မော်တယ်ဂိုဏ်း၏ ပင်မဂိုဏ်းဝင်္ကပါကြီးပင်။
ကုန်သည်အဖွဲ့မှအဖွဲ့ဝင်များသည် ရေအင်မော်တယ်ဂိုဏ်းကို ပထမဆုံးရောက်ရှိလာခြင်းဖြစ်သဖြင့် အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
သူတို့သည် နယ်မြေဒေသအသီးသီးကို လှည့်လည်သွားလာနေသူများဖြစ်သည့်တိုင် ဤကဲ့သို့ဝင်္ကပါကြီးကို တွေ့မြင်နိုင်ရန် လွန်စွာခက်ခဲသည်။
"ဟမ့်...တောသားလူနုံတစ်သိုက်ပဲ"
အရပ်ရှည်ရှည်ပိန်ပါးပါးကျင့်ကြံသူသည် လူတိုင်း၏တုံ့ပြန်မှုကို မြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသော အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
လုယွီသည် သူ့ရှေ့ရှိတောင်တန်းများကို မြင်တွေ့ချိန်တွင် သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။သူသည် ထိုတောင်တန်းများ၏ နက်ရှိုင်းသောတစ်နေရာသို့ကြည့်လိုက်၏။
သူသည် ရေအင်မော်တယ်ဂိုဏ်း၏ဝင်္ကပါကြီးကြောင့် အံ့အားသင့်သွားခြင်းမရှိချေ။အတိတ်ဘဝတွင် လုယွီသည် ဝင်္ကပါပညာရပ်ဆိုင်ရာ မဟာဆရာသခင်အမြောက်အများကို မြင်တွေ့ဖူးသည်။သူကိုယ်တိုင်ခင်းကျင်းသော ဝင်္ကပါများသည်ပင် အလွန်လျှို့ဝှက်ဆန်းကြယ်ကာ မှန်းဆ၍မရချေ။သူ့ရှေ့ရှိ ရေအင်မော်တယ်ဂိုဏ်း၏ဝင်္ကပါကြီးကို ကြည့်ရသည်မှာ အစွမ်းထက်ပုံရသော်လည်း လုယွီ၏မျက်လုံးအတွင်းတွင်မူ အနည်းငယ်မျှပင် အရေးပါခြင်းမရှိချေ။
ယခုချိန်၌ လုယွီ စိုးရိမ်ပူပန်နေသောအရာမှာ ရေအင်မော်တယ်ဂိုဏ်း၏နက်ရှိုင်းသောနေရာမှ ခပ်ဖျော့ဖျော့ထွက်ပေါ်နေသော ပြင်းထန်သည့်ချီစွမ်းအားလှိုင်းများပင်။
ဤချီစွမ်းအားလှိုင်းများကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားသည်။သို့ရာတွင် လုယွီ၏စိတ်ဝိညာဥ်သည် အလွန်အစွမ်းထက်သည့်တိုင် ဂရုတစိုက် စုံစမ်းစစ်ဆေးခြင်းမပြုပါက ထိုအရာကို အာရုံခံနိုင်ရန် လွန်စွာခက်ခဲပေမည်။
သို့ရာတွင် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ထိုက်အမ်းဓားရှိနေသည်။
သူ ရေအင်မော်တယ်ဂိုဏ်းနှင့် နီးကပ်သွားသော အချိန်အခိုက်အတန့်တွင် တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ထိုက်အမ်းဓားသည် ရုတ်တရက် အကြိမ်အနည်းငယ်ခန့် တုန်ခါလာကာ တိုးညှင်းသောဓားသံသဲ့သဲ့ ထွက်ပေါ်လာသည်။
ရှေးဟောင်းနတ်ဘုရားချန်းကျွင်း၏အကြွင်းအကျန်စိတ်ဝိညာဥ်နှင့် ရင်ဆိုင်ရစဥ်ကပင် ထိုက်အမ်းဓားထံတွင် ယခုကဲ့သို့တုံ့ပြန်မှုမျိုးမရှိချေ။
"ဖြစ်နိုင်တာတော့ ဒီနေရာမှာ ရှေးဟောင်းမသေမျိုးအဆင့်မှော်လက်နက်တစ်ခုရဲ့အရိပ်အယောင်တွေ ရှိနေတာများလား"
လုယွီက တွေးတောလိုက်၏။
ရှေးဟောင်းမသေမျိုးအဆင့် မှော်လက်နက်များ၏အရိပ်အယောင်များကို သတိပြုမိမှသာ ထိုက်အမ်းဓားသည် ယခုကဲ့သို့ တုံ့ပြန်လေ့ရှိသည်။
ဤသည်မှာ တိုက်ဆိုင်မှုများ လွန်စွာများပြားနေလေပြီ။
ရှေးဟောင်းမသေမျိုးအဆင့်မှော်လက်နက်များကို တွေ့ရှိနိုင်ရန် အလွန်အမင်းခက်ခဲသည်။သို့ရာတွင် သူ လက်ဝဲစစ်တပ်နယ်မြေသို့ရောက်ရှိပြီး မကြာမီမှာပင် ဟုန်းမင်ဆေဘာဓား၏စိတ်ဆန္ဒနှင့် ကြုံတွေ့ခဲ့ရသည်။ထို့နောက် သူသည် ဤနေရာတွင် ရှေးဟောင်းမသေမျိုးအဆင့်မှော်လက်နက်တစ်ခု၏အရှိန်အဝါကို အာရုံခံမိလေ၏။
"ပြောရမယ်ဆိုရင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ရှေးဟောင်းခေတ်ကနေ ကြွင်းကျန်ခဲ့တဲ့ နယ်မြေတစ်ခုပဲ....ဒီနေရာမှာ ရတနာတွေအမြောက်အများရှိနေပေမယ့် အဲ့ဒီအရာတွေကိုရယူဖို့ မလွယ်ကူဘူး...တကယ်လို့ သာမာန်လူတစ်ယောက်က အဲ့ဒီကံကြမ္မာကောင်းကြီးတွေထဲကတစ်ခုကို ရသွားမယ်ဆိုရင်...သူရဲ့အောင်မြင်မှုတွေ မိုးထိအောင်မြင့်တက်လာပြီးတော့ ထင်ပေါ်ကျော်ကြားလာလိမ့်မယ်"
လုယွီက တိတ်တဆိတ် စဥ်းစားတွေးတောလိုက်သည်။ရုတ်တရက် အတွေးတစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
သူသည် စာပေသူတော်စင်ယီဟန်အား အရိုအသေသွားပြုစဥ် ယီဟန်မှ သူ့အားပေးအပ်လိုက်သော ကံကြမ္မာဟောကိန်းကို သူ အမှတ်ရနေဆဲပင်။
"ချမ်ကကောင်းကင်...မိုးကောင်းကင်က အားကောင်းတယ်...လူတော်တစ်ယောက်က သူ့ကိုယ်သူတိုးတက်အောင် အဆက်မပြတ်လုပ်နေတယ်..."
စာပေသူတော်စင်တစ်ယောက်ဖြစ်သော ယီဟန်အနေဖြင့် တွေးတောစဥ်းစားခြင်းမပြုဘဲ မည်သည့်အရာကိုမျှ ပြောဆိုခြင်းမရှိချေ။ဤကံကြမ္မာဟောကိန်းသည် သူ၏ကွန်ဖြူးရှပ်တာအိုအပေါ် အဆင့်မြင့်မားသွားစေရုံသာမက သူ၏ကံကြမ္မာပေါ်တွင်လည်း သက်ရောက်နေသည်။
လုယွီသည် ဘဝနှစ်ခု၌ အသက်ရှင်နေထိုင်ခဲ့သူဖြစ်သဖြင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် တခြားသက်တူရွယ်တူများထက် ပို၍မြင့်မားသည်။သူနှင့် သက်တူရွယ်တူ လူငယ်များအားလုံးကို သူသည် နောက်ကောက်ချထားနိုင်လေ၏။
ဤကဲ့သို့ကျင့်ကြံမှုအရှိန်နှုန်းသည် လူအများစုထက် များစွာသာလွန်သည်။
Chapter 3588
မည်သို့ပင်ဆိုစေကာမူ စာပေသူတော်စင်ယီဟန်သည် စိတ်ကျေနပ်မှုရှိပုံမရချေ။
သူသည် မမြင်နိုင်သောနည်းလမ်းတစ်ခုဖြင့် လုယွီ၏ကံကြမ္မာကို လွှမ်းမိုးခဲ့သည်။
ထို့ကြောင့် လုယွီသည် ဝမ်မူကျီးကို အမြစ်ပြတ်သုတ်သင်ပြီးနောက် ရှေးဟောင်းကောင်းကင်ဘုံသက်တမ်းဂိုဏ်း၏ နတ်ဆိုးဝင်္ကပါကို ရှာတွေ့ခဲ့သည်။လန်ဝူရှင်းကို လက်အောက်သို့သိမ်းသွင်းပြီးနောက် ဟုန်းမင်ဆေဘာဓား၏အရိပ်အယောင်ကို ရှာတွေ့နိုင်ခဲ့သည်။သူသည် ရေအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိသည့်အချိန်မှာပင် ရှေးဟောင်းမသေမျိုးအဆင့်မှော်လက်နက်၏အရိပ်အယောင်ကို အာရုံခံမိလေ၏။
ဤအရာများသည် လုယွီ၏နောက်ကျောကို တွန်းအားပေးနေသည့် မမြင်နိုင်သောလက်တစ်စုံအလားပင်။သူ့အား ကံကြမ္မာကောင်းများကိုရရှိစေကာ အလွန်အမင်းလျှင်မြန်စွာ တိုးတက်စေသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက တစ်စုံတစ်ခုကို တွေးတောမိသည်။
သူနှင့်ဆရာတူတပည့်များအကြားတွင် ဖူကျစ်ရွှယ်သည် အလွန်ငယ်ရွယ်သော အသက်အရွယ်မှစတင်၍ ထင်ပေါ်ကျော်ကြားလာခဲ့သည်။အသက်သုံးဆယ်အရွယ်၌ သူသည် အတွင်းဝန်ရုံး၏မဟာအကြံပေးအဖြစ် ခန့်အပ်ခြင်းခံရကာ မြင့်မားသောအဆင့်အတန်းရှိသည့် အရာရှိတစ်ယောက် ဖြစ်လာပေ၏။
ဤကိစ္စများ၏နောက်ကွယ်တွင် စာပေသူတော်စင်ယီဟန်၏လမ်းညွှန်မှုများ သေချာပေါက်ရှိနေပေမည်။
"ဆရာသခင့်ကိုကြည့်ရတာ တစ်ခုခုနဲ့ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်နေပုံပဲ"
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် တစ်စုံတစ်ခုကို တွေးတောမိသွားသည်။ဤတစ်စုံတစ်ခုသည် မြူခိုးများအကြား၌ ပုန်းအောင်းနေပုံရသည်။အကယ်၍ သူ ရှေ့သို့ခြေတစ်လှမ်းတိုးနိုင်ပါက ထိုအရာ၏အမှန်တရားကို ရှာတွေ့ကောင်းရှာတွေ့နိုင်ပေမည်။
သို့ရာတွင် ယီဟန်သည် စာပေသူတော်စင်တစ်ယောက်ဖြစ်လေရာ သူ့ထံတွင် စိုးရိမ်ပူပန်စရာကိစ္စဟူ၍ရှိနေရန် လိုအပ်ပါသလော။
"ငါတို့ရောက်ပြီ...မင်းတို့အားလုံး ပစ္စည်းတွေကို မြန်မြန်ရွှေ့ကြစမ်း"
ထိုအချိန်မှာပင် ကုန်သင်္ဘောကြီးသည် ရေအင်မော်တယ်ဂိုဏ်းအတွင်းမှ ဝေးလံခေါင်သီသော တောင်တစ်တောင်၏ထိပ်တွင် ရပ်တန့်သွားလေ၏။
ဤနေရာတွင် သိုလှောင်ရုံတစ်ခုရှိနေကာ နံဘေး၌ အစေခံတပည့်တချို့သည် ပစ္စည်းများကိုရွှေ့ပြောင်းပြီး အလုပ်များနေကြသည်။
ထိုအချိန်မှာပင် အရပ်ရှည်ရှည်ပိန်ပါးပါး တာအိုကျင့်ကြံသူသည် မတ်တတ်ထရပ်ကာ မောက်မာထောင်လွှားသောလေသံဖြင့် သင်္ဘောပေါ်ရှိအလုပ်သမားများကို အမိန့်ပေးလိုက်သည်။
ကုန်သည်အဖွဲ့ခေါင်းဆောင်အဖိုးအိုသည် ဤတစ်ကြိမ်တွင် သူ၏ကုန်ပစ္စည်းများအားလုံးကို ဆုံးရှုံးရတော့မည်ကို သိရှိထားပေ၏။
သို့ရာတွင် သူသည် လျစ်လျှုရှုမထားဝံ့ချေ။ထို့ကြောင့် သူသည် ကုန်ပစ္စည်းများကိုရွှေ့ပြောင်းရန် အလုပ်သမားများကို အမိန့်ပေးလိုက်သည်။
နတ်ဆိုးသားရဲအရေခွံများထည့်ထားသည့် သေတ္တာများ သူ၏မြင်ကွင်းအောက်မှ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကိုကြည့်ပြီး အဖိုးအို၏နှလုံးသွေးများ တစ်စက်စက်ယိုစီးနေသည့်အလားပင်။
"မင်းတို့နှစ်ယောက်က ဘာလို့အလုပ်မလုပ်တာလဲ"
အရပ်ရှည်ရှည်ပိန်ပါးပါးကျင့်ကြံသူသည် ရုတ်တရက် လုယွီနှင့်လန်ဝူရှင်းကိုကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
လုယွီနှင့်လန်ဝူရှင်းတို့သည် သာမာန်ပိုးထည်ဝတ်စုံများကိုသာ ဝတ်ဆင်ထားသော်လည်း အသွင်အပြင်အရကြည့်လျှင် သူတို့သည် ပတ်ဝန်းကျင်ရှိအလုပ်သမားများနှင့် မိုးနှင့်မြေတမျှ ကွာခြားသည်။အကြည့်တစ်ချက်ဖြင့်ပင် သူတို့ကို သာမာန်ထက်သာလွန်ထူးကဲသူများဟု သိရှိနိုင်ပေမည်။အရပ်ရှည်ရှည်ပိန်ပါးပါး တာအိုကျင့်ကြံသူသည် လုယွီတို့နှစ်ယောက်ကို သတိပြုမိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
လန်ဝူရှင်းသည် သွေးဆူသောစိတ်နေစိတ်ထား ရှိသူဖြစ်သဖြင့် ချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။
"ငါတို့အလုပ် လုပ်လုပ်မလုပ်လုပ် မင်းနဲ့ဘာဆိုင်လဲ...တကယ်လို့ မင်း မသေချင်ဘူးဆိုရင် ထွက်သွားစမ်း"
အရပ်ရှည်ရှည်ပိန်ပါးပါးတာအိုကျင့်ကြံသူသည် ဤအချိန်အခိုက်အတန့်တွင် ကြက်သေသေသွားလေ၏။
သူသည် ရှင်းလင်ကြယ်နယ်မြေပေါ်တွင် နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း ရေအင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ယောက်ကို ဤကဲ့သို့ပုံစံမျိုးဖြင့် စကားပြောဆိုဝံ့သော တစ်စုံတစ်ယောက်ကို တွေ့မြင်ခဲ့ဖူးခြင်းမရှိချေ။
သို့ရာတွင် သူသည် အလျှင်အမြန်အသိဝင်လာကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ခွေးမသားလေး....ငါ့အထင်တော့ မင်းက အသက်ရှင်သန်နေရတာကို ငြီးငွေ့နေတဲ့ပုံပဲ"
အဖိုးအိုသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူသည် ထိုတာအိုကျင့်ကြံသူကိုဖြောင့်ဖျရန် ကြိုးပမ်းလိုက်၏။
"တာအိုအရှင်...ဒေါသမထွက်ပါနဲ့...ငါ့ရဲ့မိတ်ဆွေလေးတွေက ရယ်စရာပြောနေတာပါ"
"ဘေးကိုဖယ်နေစမ်း"
အရပ်ရှည်ရှည်ပိန်ပါးပါးကျင့်ကြံသူသည် ထိုအဖိုးအိုကို နံဘေးတစ်ဖက်သို့ ကန်ထုတ်လိုက်သည်။ထို့နောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးသွားကာ လန်ဝူရှင်းကို သင်ခန်းစာပေးရန် ဟန်ပြင်လေသည်။
လုယွီသည် နံဘေးမှနေ၍ အေးစက်စက်အကြည့်ဖြင့် စူးစိုက်၍ကြည့်နေသည်။ထိုမြင်ကွင်းကိုကြည့်ပြီး သူက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"သူ့ကို သတ်လိုက်တော့"
လန်ဝူရှင်းသည် လုယွီ၏စကားကိုကြားချိန်တွင် ပြုံးလိုက်၏။သူ၏မျက်နှာပေါ်တွင် မောက်မာထောင်လွှားသောအမူအယာ ထင်ဟပ်လာသည်။
လူတိုင်းသည် သူ၏လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ သူတို့သည် အနက်ရောင်အရိပ်တစ်ခု ဖြတ်သန်းသွားသည်ကိုသာ တွေ့မြင်လိုက်ရသည်။ရုတ်ချည်းဆိုသလိုပင် လန်ဝူရှင်းသည် ထိုအရပ်ရှည်ရှည်ပိန်ပါးပါးတာအိုကျင့်ကြံသူ၏ရှေ့၌ ထွက်ပေါ်လာပေ၏။
ထို့နောက် လန်ဝူရှင်းသည် သူ၏လက်ကိုဆန့်တန်းကာ ထိုတာအိုကျင့်ကြံသူ၏မျက်နှာကို ဖိနှိပ်လေသည်။ထို့နောက် သူသည် ထိုတာအိုကျင့်ကြံသူအား ပြင်းပြင်းထန်ထန် ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။
ဖြောင်း...
ဖြောင်းခနဲအသံနှင့်အတူ အရိုးကျိုးပဲ့သံများ ထွက်ပေါ်လာသည်။
အရပ်ရှည်ရှည်ပိန်ပါးပါး တာအိုကျင့်ကြံသူ၏ခေါင်း တစ်ပတ်လည်ထွက်သွားကာ အရိုးကျိုးပဲ့သံများကို ကြားရနိုင်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအားများအားလုံး ကုန်ဆုံးသွားပုံရကာ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
အရပ်ရှည်ရှည်ပိန်ပါးပါး တာအိုကျင့်ကြံသူ၏လည်ပင်းသည် လန်ဝူရှင်း၏အတင်းအကြပ် လိမ်ချိုးခြင်းကို ခံလိုက်ရလေပြီ။သူ၏ခန္ဓာကိုယ်ရှိ အရိုးများသည်လည်း အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပုံရသည်။
လန်ဝူရှင်းသည် ထိုတာအိုကျင့်ကြံသူ၏မျက်နှာပေါ်သို့ သူ၏ခြေထောက်ဖြင့်တက်နင်းကာ မထီမဲ့မြင်အပြုံးနှင့် ပြောဆိုလိုက်၏။
"ငါ့ကို ဒီလိုပုံစံနဲ့ စကားပြောဆိုဝံ့တဲ့သတ္တိမျိုး မင်းကို ဘယ်သူက ပေးထားတာလဲ"
Chapter 3589
ထိုအရပ်ရှည်ရှည်ပိန်ပါးပါး တာအိုကျင့်ကြံသူ သတ်ဖြတ်ခံရသည်နှင့် သင်္ဘောတစ်စီးလုံးပေါ်ရှိလူများ ကြက်သေသေသွားသည်။
ဤအချိန်တွင် ကုန်သင်္ဘောသည် သိုလှောင်ရုံ၏ရှေ့သို့ အပြည့်အဝဆိုက်ကပ်ထားခြင်း မရှိသေးချေ။ထို့ကြောင့် သိုလှောင်ရုံရှေ့၌ အလုပ်ရှုပ်နေသော တပည့်များသည် သင်္ဘောပေါ်ရှိအပြောင်းအလဲကို သတိပြုမိခြင်းမရှိချေ။
အဖိုးအိုသည် ယခင်က မတ်တတ်ရပ်နေသော်လည်း ထိုမြင်ကွင်းကိုမြင်တွေ့သည်နှင့် သူသည် ထိတ်လန့်ကြောက်ရွံကာ သင်္ဘောကုန်းပတ်ပေါ်သို့ လဲကျသွားတော့သည်။
"မင်းက ပြဿနာကြီးတစ်ခုကို ရှာခဲ့ပြီ...ဒီတစ်ကြိမ်တော့ ငါ မင်းတို့ကို ကာကွယ်ပေးနိုင်တော့မှာမဟုတ်ဘူး"
အဖိုးအို၏အသံ တုန်ရီနေသည်။
သူတို့သည် ယခုလက်ရှိချိန်တွင် ရေအင်မော်တယ်ဂိုဏ်းတွင်းသို့ ရောက်ရှိနေသဖြင့် ပတ်ဝန်းကျင်တွင် ရေအင်မော်တယ်ဂိုဏ်းမှအစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိနေသည်။
ရေအင်မော်တယ်ဂိုဏ်း၏ပိုင်နက်အတွင်းတွင် သူတို့၏ဂိုဏ်းမှ တပည့်တစ်ယောက်ကို သတ်ဖြတ်လိုက်သည်မှာ ရေအင်မော်တယ်ဂိုဏ်းအား ရန်စစော်ကားခြင်းဖြစ်ကြောင်း သံသယဝင်ဖွယ်မရှိချေ။
ဤကဲ့သို့အခြေအနေမျိုးတွင် သူတို့၏သင်္ဘောပေါ်ရှိ တစ်စုံတစ်ယောက်မျှ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
"ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး...ထွက်သွားတော့"
လုယွီသည် အရပ်ရှည်ရှည်ပိန်ပါးပါး တာအိုကျင့်ကြံသူ၏အလောင်းကို သင်္ဘောပေါ်မှကန်ချကာ လန်ဝူရှင်းနှင့်အတူ သင်္ဘောပေါ်မှဆင်းလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ပိုင်းခြားသိမြင်နိုင်သော အမြင်အာရုံရှိသည့် မည်သူမဆို ဤလူနှစ်ယောက်သည် ရေအင်မော်တယ်ဂိုဏ်းသို့ ပြဿနာရှာရန်လာခြင်းဖြစ်ကြောင်း သိရှိနိုင်ပေမည်။
အဖိုးအို၏လက်ချောင်းများ တုန်ရီနေသည်။လမ်းပေါ်၌ သူ တွေ့ဆုံခဲ့ရကာ လမ်းကြုံတင်လာခဲ့သူနှစ်ယောက်သည် ရှင်းလင်ကြယ်နယ်မြေပေါ်၌ ဤကဲ့သို့လုပ်ရပ်မျိုးကို လုပ်ဝံ့မည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် အရပ်ရှည်ရည်ပိန်ပါးပါးတာအိုကျင့်ကြံသူ၏ ခွန်အားနှင့်ပတ်သက်၍ ကောင်းစွာသိရှိထားသည်။ထိုတာအိုကျင့်ကြံသူဝတ်ဆင်ထားသောဝတ်စုံသည် ရေအင်မော်ဂိုဏ်း၏အပြင်စည်းတပည့်ဝတ်စုံပင်။ထိပ်သီးဂိုဏ်းတစ်ဂိုဏ်း၌ အပြင်စည်းတပည့်တစ်ယောက်၏ခွန်အားကို လျှော့တွက်၍မရချေ။
ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် လန်ဝူရှင်း၏ပါးရိုက်ခံရခြင်းကြောင့် ချက်ချင်းသေဆုံးသွားခဲ့သလော....
အကယ်၍ ဤကိစ္စမျိုးကို ယခင်က တစ်စုံတစ်ယောက်မှ သူ့ကိုပြောဆိုပါက အဖိုးအိုသည် စိတ်ကူးယဥ်စကားများဟုသာ ယူဆမိပေမည်။သို့ရာတွင် ယနေ့၌ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရလေပြီ။
သူ့ရှေ့ရှိ လူငယ်နှစ်ယောက်သည် နက်နဲသိမ်မွေ့ပေ၏။
"ငါ အခုထွက်သွားတော့မယ်...မင်းတို့နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ"
အဖိုးအိုသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ သူ၏လက်အောက်ငယ်သားများကို အလျှင်အမြန် တိုက်တွန်းနှိုးဆော်ပြီး ကုန်သင်္ဘောကို ရွက်လွှင့်ခဲ့တော့သည်။
အရပ်ရှည်ရှည်ပိန်ပါးပါးတာအိုကျင့်ကြံသူ၏အလောင်းကို အနှေးနှင့်အမြန် ရှာဖွေတွေ့ရှိသွားပေမည်။လုယွီနှင့်လန်ဝူရှင်းတို့သည် မည်သည့် ပြဿနာမျိုးရှာရန် ရည်ရွယ်ထားသည်ဖြစ်စေ သူတို့ ပါဝင်ပတ်သက်၍ရသော ကိစ္စမျိုးမဟုတ်ချေ။
သူတို့သည် ရေအင်မော်တယ်ဂိုဏ်းမှ ဤအလောင်းကို ရှာမတွေ့သေးသည့်အချိန်ကို အခွင့်ကောင်းယူ၍ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားရပေမည်။
အဖိုးအိုသည် ကုန်သင်္ဘောကို အမြန်ဆုံးမောင်းနှင်ရန် အလုပ်သမားများကို သတိပေးလိုက်၏။
တခြားတစ်ဖက်တွင်...
လုယွီနှင့်လန်ဝူရှင်းတို့သည် တောင်ထိပ်ပေါ်သို့ဆင်းသက်ကာ ရေအင်မော်တယ်ဂိုဏ်းအတွင်း၌ လျှောက်လှမ်းခဲ့ကြသည်။
ရေအင်မော်တယ်ဂိုဏ်းသည် အလွန်ကြီးမားကာ ဂိုဏ်းအတွင်းရှိလူတိုင်း တာအိုဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိချေ။ထို့ကြောင့် မည်သူကမျှ သူတို့နှစ်ယောက်ကို အာရုံစိုက်ခြင်းမရှိချေ။လမ်းတလျှောက်၌ ဖြတ်သွားဖြတ်လာတာအိုကျင့်ကြံသူတချို့သည် သူတို့အား အကြိမ်ရေအနည်းငယ်ခန့် စောင်းငဲ့ကြည့်ကြသော်လည်း များစွာဂရုစိုက်ခြင်းမရှိပေ။
ယနေ့တွင် ရေအင်မော်တယ်ဂိုဏ်းသည် လွန်စွာသက်ဝင်လှုပ်ရှားနေကာ ပြင်ပဧည့်သည်အမြောက်အများလည်း ရောက်ရှိနေသည်။
အဆောက်အအုံတချို့ပေါ်တွင် အနီရောင်ပိုးချည်စများရှိနေကာ မင်္ဂလာဆုတောင်းစကားများကို ထိုအရာများပေါ်တွင်ကပ်ထားသည်။ခန်းမဆောင်တိုင်းတွင် တပည့်များနှင့်ပြည့်နှက်နေကာ မီးအိမ်များကိုချိတ်ဆွဲနေပြီး အလုပ်ရှုပ်နေကြသည်။
ဤသည်မှာ မင်္ဂလာပွဲတစ်ပွဲ၏မြင်ကွင်းနှင့် တူညီနေသည်။
"ဘာလဲ...ရေအင်မော်တယ်ဂိုဏ်းက ဒီနေ့ မင်္ဂလာပွဲတစ်ပွဲကျင်းပဖို့ ပြင်ဆင်နေတာများလား...ပြောနေကြတာတော့ ရေအင်မော်တယ်ဂိုဏ်းက ငြိမ်းချမ်းမှုနဲ့တိတ်ဆိတ်ငြိမ်သက်မှုကို အာရုံစိုက်ပြီးတော့ တာအိုကိုရှာဖွေတဲ့ဂိုဏ်းတစ်ဂိုဏ်းပဲ....ဒီလောက်ထိ သက်ဝင်လှုပ်ရှားနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုကာ သူ့ကိုကြည့်ရသည်မှာ သူ၏ကိုယ်ပိုင်ခြံဝန်းအတွင်း၌ အေးအေးလူလူလမ်းလျှောက်နေသည့်အလားပင်။
လန်ဝူရှင်းက အထင်အမြင်သေးသောလေသံနှင့် ပြောဆိုသည်။
"သူတို့ရဲ့စကားလုံးတွေက ပြင်ပလူတွေကြားဖို့အတွက် ရည်ရွယ်တယ်...ရေအင်မော်တယ်တာအိုဂိုဏ်းက တာအိုဂိုဏ်းဆိုတာ နာမည်ခံပဲ....တကယ်တမ်းတော့ သူတို့ရဲ့လုပ်ရပ်တွေက နတ်ဆိုးကျင့်ကြံသူတွေထက်တောင် ပိုပြီးရုန့်ရင်းကြမ်းတမ်းတယ်"
"တာအိုဂိုဏ်းကလူတွေက နတ်ဆိုးတွေကို သုတ်သင်ဖယ်ရှားပြီး တာအိုကိုကာကွယ်တယ်လို့ နာမည်ခံပြီးတော့ လုပ်ရပ်တွေအများကြီးကို ကျူးလွန်ခဲ့တယ်...တကယ်တော့ သူတို့က အကြမ်းဖက်ပြီးတော့ မီးရှို့ဖျက်ဆီးနေတာပဲ...ဒါပေမယ့် သူတို့က လူကြီးလူကောင်းတွေလို အယောင်ဆောင်နေတယ်...တကယ်လို့ ဒီနေ့ ငါတို့ မလှုပ်ရှားခဲ့ဘူးဆိုရင် ကုန်သည်ခေါင်းဆောင်က သူ့ရဲ့ငွေကြေးတွေအားလုံးကို ဆုံးရှုံးရလိမ့်မယ်...ဒီလိုလုပ်ရပ်မျိုးက တကယ့်ကို အထင်သေးစက်ဆုပ်စရာပဲ"
သူတို့၏အထွတ်အထိပ်ဂိုဏ်းနှင့် ရေအင်မော်တယ်ဂိုဏ်းအကြားတွင် ပဋိပက္ခများစွာရှိသည်။ယခုချိန်တွင် သူသည် တစ်ဖက်လူ၏ဂိုဏ်းအတွင်းသို့ ရောက်ရှိနေသဖြင့် သူ၏စကားလုံးများတွင် ရေအင်မော်တယ်ဂိုဏ်းအပေါ် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေသည်။