အခန်း (၃၅၉၄-၃၅၉၇)
Vol. 183 Ch. 3594-3597
Chapter 3594
ဒုန်း...ဒုန်း...ဒုန်း...
ထိုစကားနှင့်အတူ ရှင်းလင်ကြယ်နယ်မြေသခင်သည် သူ၏လက်ကိုမြှောက်ကာ သစ်သားသေတ္တာတစ်လုံးကို ပစ်လိုက်သည်။
ထိုသေတ္တာသည် မြေပြင်ပေါ်သို့ရောက်သည်နှင့် အဖုံးပွင့်သွားကာ နတ်ဆိုးနဂါးအမြူတေဆယ်လုံး ထွက်ပေါ်လာသည်။
ဤနတ်ဆိုးနဂါးအမြူတေများမှ အေးစက်စက်ယင်ချီများကို ထုတ်လွှတ်နေကာ လူအများသည် အကြည့်တစ်ချက်ဖြင့်ပင် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာသည်ကို ခံစားရပေမည်။ထိုယင်ချီများတွင် ရုန့်ရင်းကြမ်းတမ်းပြီး နတ်ဆိုးဆန်သောအငွေ့အသက်များနှင့် ပြည့်နှက်နေသဖြင့် တစ်စုံတစ်ယောက်၏နှလုံးသားကို တုန်ရီစေနိုင်စွမ်းရှိသည်။
ဤနတ်ဆိုးနဂါးအမြူတေများ၏စွမ်းအားကို ကြည့်ခြင်းအားဖြင့် ထိုနတ်ဆိုးနဂါးများသည် မသေဆုံးမီအချိန်တွင် မည်မျှထိအစွမ်းထက်သည်ကို သိရှိနိုင်သည်။
"စိတ်ဝင်စားစရာပဲ...မင်းက အားလုံးကိုယူလာနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ သူ၏မျက်လုံးအတွင်း၌ ယုတ်မာကောက်ကျစ်သောအလင်းရောင်များ ဖြတ်ပြေးသွားသည်။
သူ ခန္ဓာကိုယ်အပိုင်စီးထားသောလူသည် ရုပ်ရည်ချောမောခန့်ညားသော လူငယ်တစ်ယောက်ပင်။သို့ရာတွင် သူ၏အသံနှင့် အတူယှဥ်တွဲလိုက်စဥ်၌ သူသည် ရက်စက်ယုတ်မာသည့် လုပ်ရပ်အမြောက်အများကို နောက်ကွယ်မှထိန်းချုပ်နေသည့် လက်မည်းကြီးအလား အလွန်အမင်း ယုတ်မာကောက်ကျစ်ပုံရသည်။
အဆင့်မြင့်အကြီးအကဲအရိုးစုသည် သူ၏လက်ကိုဆန့်တန်းကာ လက်ယပ်ခေါ်သည့်သင်္ကေတမျိုး ပြုလုပ်လိုက်၏။သစ်သားသေတ္တာအတွင်းမှ နတ်ဆိုးနဂါးအမြူတေများ သူ့ရှေ့သို့ ချက်ချင်းပျံသန်းသွားကာ လေထုအတွင်း၌ မျောလွင့်နေသည်။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ရှေ့သို့တိုးသွားကာ နတ်ဆိုးနဂါးအမြူတေတစ်လုံးချင်းစီကို ဂရုတစိုက်ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"မဟုတ်ဘူး...ငါ ပြောခဲ့တာက နှစ်သုံးရာကျော်သက်တမ်းရှိတဲ့ နတ်ဆိုးနဂါးတွေရဲ့အမြူတေတွေကို လိုချင်တယ်လို့ပြောခဲ့တာ...မင်းရဲ့ဟာတွေထဲကသုံးခုက အရည်အချင်းမပြည့်မီဘူး"
ရှင်းလင်ကြယ်နယ်မြေသခင်သည် ထိုစကားကိုကြားချိန်တွင် သူ၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
"မင်း အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့...အရင်က မင်း ငါ့ကို ဒီအချက်မျိုး ထည့်ပြောမထားဘူး"
နတ်ဆိုးနဂါးတောင်ကြားသည် ရှင်းလင်ကြယ်နယ်မြေအတွင်း၌ အန္တရာယ်များသောနေရာတစ်ခုပင်။
ထိုနေရာ၌ နတ်ဆိုးနဂါးများ တစ်နှစ်ပတ်လုံး နေထိုင်လေ့ရှိသည်။ထိုနတ်ဆိုးနဂါးများသည် အစွမ်းထက်ရုံသာမက ရံဖန်ရံခါ၌ အုပ်စုဖွဲ့နေလေ့ရှိသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုနတ်ဆိုးနဂါးများကို သွားရောက်၍ တိုက်ခိုက်ပါက မျိုးနွယ်တစ်စုလုံး၏လိုက်လံဖမ်းဆီးခြင်းကို ခံရနိုင်ချေရှိသည်။
သူသည် ရှင်းလင်ကြယ်နယ်မြေသခင်ဖြစ်သည့်တိုင် ထိုနတ်ဆိုးနဂါးများနှင့် ရင်ဆိုင်စဥ်၌ အလွန်ကြီးမားသောဖိအားကို ရင်ဆိုင်ခဲ့ရသည်။
ဤနတ်ဆိုးနဂါးအမြူတေများကို ရရှိနိုင်ရန် အလွန်အမင်း ခက်ခဲပေ၏။
"နတ်ဆိုးနဂါးအမြူတေ သုံးခုက ငါ့ရဲ့သတ်မှတ်ချက်နဲ့မညီညွတ်ဘူး....ကြယ်နယ်မြေသခင်...အခုချိန်မှာ မင်းဆီမှာ ညှိနှိုင်းနိုင်တဲ့အခြေအနေမျိုးရှိမနေဘူး"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏မျက်နှာပေါ်တွင် ယုတ်မာကောက်ကျစ်သောအမူအယာ ထင်ဟပ်နေသည်။
ဤသည်မှာ သူ့အား တမင်သက်သက် ခက်ခဲအောင်ပြုလုပ်ခြင်းပင်။
သို့ရာတွင် လက်ရှိနေရာ၌ရှိနေသူများအားလုံးသည် သူ့အား မည်သူကမျှ ဂရုမစိုက်ကြချေ။ထိုအစား သူတို့သည် ကျယ်လောင်စွာအော်ဟစ်၍ ရယ်မောလိုက်ကြ၏။
"မြန်မြန်လေးပြန်ပြီး သွားသတ်လေ...နတ်ဆိုးနဂါးအသိုက်မှာ နတ်ဆိုးနဂါးတွေ အများကြီးကျန်သေးတယ်...မင်း အဲ့ဒီအကောင်တွေကို နည်းနည်းလောက်သတ်လိုက်တာနဲ့ နတ်ဆိုးနဂါးအမြူတေတွေ လွယ်လွယ်လေးရလာမှာပါ"
"အမှန်ပဲ...မင်းမှာ စစ်ရေးအခွင့်အာဏာရှိတယ်မဟုတ်လား...အချိန်ကျလာရင် မင်းက စစ်သားတွေကိုစုစည်းပြီးတော့ နတ်ဆိုးနဂါးတောင်ကြားကို ဝိုင်းရံပြီးအမြစ်ပြတ်သုတ်သင်လို့ရတယ်...အဲ့ဒီအချိန်ကျရင် မင်းက အထက်လူကြီးတွေဆီကနေ စစ်ရေးအသုံးစရိတ်တွေ အများကြီးတောင်းခံလို့ရတယ်...ဘယ်လောင်တောင် ကောင်းမွန်တဲ့ အပေးအယူကြီးလဲ...ဟား ဟား ဟား"
ပတ်ဝန်းကျင်ရှိလူများသည် မထီမဲ့မြင်ပြောဆိုကာ လှောင်ပြောင်ရယ်မောနေကြသည်။
သူတို့အားလုံးသည် ရှင်းလင်ကြယ်နယ်မြေသခင်ကို ရယ်စရာကြီးတစ်ခုအဖြစ် ယူဆထားကြ၏။
သူသည် ရှင်းလင်ကြယ်နယ်မြေသခင်ဖြစ်သော်လည်း အုပ်ချုပ်ရေးအဖွဲ့မှာ နာမည်ခံအရသာရှိတော့သည်။
ရှင်းလင်ကြယ်နယ်မြေ၌ စခန်းချထားသော အစောင့်တပ်များသည် ရေအင်မော်တယ်ဂိုဏ်း၏စောင့်ကြည့်ခြင်းကို ခံလာရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးနောက် စစ်သားမည်မျှထိများများ ဖယ်ထုတ်ခြင်းခံရကာ သူတို့အကြားတွင် သူလျှိုမည်မျှထိများများရှိနေသည်ကို မည်သူမျှ မသိနိုင်ချေ။
ရှီးလျန်ကြယ်နယ်မြေသခင်သည် ရာထူးအမည်ခံရှိသော်လည်း သူ၏လက်အတွင်းတွင် စစ်သားတစ်ယောက်တစ်လေမျှမရှိချေ။သူ၏ရှေ့မှ နတ်ဆိုးနဂါးအမြူတေများကိုပင် သူကိုယ်တိုင် နတ်ဆိုးနဂါးတောင်ကြားသို့သွား၍ ယူဆောင်ခဲ့ရခြင်းဖြစ်သည်။
ဤအချိန်တွင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် အခက်အခဲကို တိုးမြှင့်လိုက်ပါက ရှင်းလင်ကြယ်နယ်မြေသခင်ကို သွား၍အသေခံခိုင်းသည်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။
ရှင်းလင်ကြယ်နယ်မြေသခင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါ ဝမ်ပင်းကို အရင်ဆုံး တစ်ခါလောက်တွေ့ချင်တယ်"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏ မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ထားလိုက်တော့...ငါ ဒီနေ့ စိတ်ကောင်းဝင်နေတယ်...သူနဲ့မင်းကို တစ်ခါလောက်တော့ တွေ့ခွင့်ပေးလိုက်မယ်"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"သွားပြီး အဲ့ဒီဧည့်သည်ကို ဒီနေရာဆီ ဖိတ်ခေါ်ခဲ့စမ်း"
ရုတ်ချည်းဆိုသလိုပင် တပည့်တစ်ယောက်က ခေါင်းညိတ်ပြကာ ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။
မင်္ဂလာခန်းမတစ်ခုလုံးသည် ရှင်းလင်ကြယ်နယ်မြေသခင် ရောက်ရှိလာမှုကြောင့် မဆုတ်သာမတိုးသာဖြစ်ကာ တိတ်ဆိတ်ငြိမ်သက်နေသည်။
သို့ရာတွင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် အနည်းငယ်မျှပင် ဂရုမစိုက်ချေ။သူ့ကဲ့သို့လူစားမျိုးအတွက် မင်္ဂလာပွဲဆိုသည်မှာ ထုံးတမ်းတစ်ခုဖြစ်ပြီး ပြင်ပဂိုဏ်းအင်အားစုများ၏အပြုအမူကို မြင်တွေ့လိုရုံသက်သက်ပင်။
Chapter 3595
သူ၏မင်္ဂလာပွဲအပေါ် ပြင်ပဂိုဏ်းအင်အားစုများသည် ရိုသေလေးစားမှုပြရန်လိုအပ်သည်။
ဤနေရာသို့ ရောက်လာသောသူ ရောက်မလာသူ သူတို့ပေးအပ်သော လက်ဆောင်ပဏ္ဍာများမှတဆင့် သူတို့၏ရိုသေလေးစားမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေမည်။
မကြာမီမှာပင် ရေအင်မော်တယ်ဂိုဏ်းမှ တပည့်လေးယောက်သည် အနက်ရောင်သံလှောင်အိမ်တစ်လုံးကို သယ်ဆောင်လာပေ၏။
ထိုသံလှောင်အိမ်အတွင်း၌ အမျိုးသားတစ်ယောက်ကို အကျဥ်းချထားသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့်ပြည့်နှက်နေကာ သွေးသံတရဲရဲဖြစ်နေသည်။
ထိုလူ၏မျက်နှာပေါ်တွင် သွေးများဖုံးလွှမ်းနေကာ သူ၏လက်တစ်ဖက်ကို ဖြတ်တောက်ခြင်းခံထားရသည်။သူသည် သံလှောင်အိမ်အတွင်း၌ လဲလျောင်းနေကာ လူသေတစ်ယောက်အလား လှုပ်ရှားမှုမရှိချေ။
ထိုလူကိုမြင်တွေ့ချိန်တွင် ရှင်းလင်ကြယ်နယ်မြေသခင်၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။သူက ဒေါသတကြီး အော်ငေါက်လိုက်၏။
"ခွေးမသားတွေ...မင်းတို့က တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ကို ခုလိုမျိုးဆက်ဆံဝံ့တာလား...မင်းတို့က သေချင်နေတာလား"
သူသည်လည်း ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။ဤအချိန်အခိုက်အတန့်တွင် သူ ဒေါသထွက်လာသဖြင့် သူ၏ခန္ဓာကိုယ်မှ အေးစက်စက်အရှိန်အဝါများ ပွင့်အံ့ထွက်လာသည်။ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ဂိုဏ်းအင်အားစုများမှလူများ၏ မျက်နှာအမူအယာများ အနည်းငယ်ပျက်ယွင်းသွားသည်။
သို့ရာတွင် မကြာမီမှာပင် သူတို့အားလုံးရယ်မောလိုက်ကြသည်။
ဤနေရာသည် ရေအင်မော်တယ်ဂိုဏ်းဖြစ်သဖြင့် သူတို့ဂိုဏ်းအင်အားစုများ၏ အိမ်ကွင်းပင်။ရှင်းလင်ကြယ်နယ်မြေသခင်သည် တစ်ယောက်တည်းရောက်လာခြင်းဖြစ်သောကြောင့် မည်သည့်အားသာချက်မျိုးမျှ ရှိနိုင်မည်မဟုတ်ချေ။
အမှန်အားဖြင့် ရှင်းလင်းကြယ်နယ်မြေသခင်၏ဒေါသနှင့် ရင်ဆိုင်ရသည့်တိုင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် အနည်းငယ်မျှပင် စိတ်လှုပ်ရှားသွားခြင်းမရှိချေ။ထိုအစား သူက ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"အရှင်...မင်း နားလည်မှုလွဲနေမှာကို ငါ စိုးရိမ်မိတယ်...ငါတို့က ဒီစစ်ဗိုလ်ချုပ်ကို လမ်းတစ်ဝက်ကနေ ကောက်လာခဲ့တာ...သူက ဘယ်သူကိုရန်စစော်ကားမိလို့ ဒီလောက်ထိဆိုးဆိုးရွားရွား အရိုက်ခံရလည်းဆိုတာ ငါလည်း သိချင်မိတယ်...ငါတို့တာအိုကျင့်ကြံသူတွေက ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့လူတွေပါ...ငါတို့က ခုလိုမျိုး ဆိုးဆိုးရွားရွားဖြစ်နေတဲ့သူကို ကြည့်နေနိုင်တဲ့စိတ်မျိုးမရှိဘူး...ဒါကြောင့် ငါတို့က သူ့ကိုခေါ်လာပြီးတော့ ဂိုဏ်းမှာကျွေးမွေးထားတယ်....ဖြစ်နိုင်တာတော့ ဒါက အမှားတစ်ခုဖြစ်သွားတာများလား"
ခွဲခြားသိမြင်နိုင်သောအမြင်အာရုံရှိသည့် မည်သူမဆို ဤစစ်ဗိုလ်ချုပ်၏ဒဏ်ရာများသည် ရေအင်မော်တယ်ဂိုဏ်း၏လက်ချက်ဖြစ်ကြောင်း သိရှိနိုင်သည်။
ရေအင်မော်တယ်ဂိုဏ်းသည် တာအိုဂိုဏ်းဟု နာမည်ခံထားသော်လည်း သူတို့၏လုပ်ရပ်များသည် အလွန်ရက်စက်ကြမ်းကြုတ်ပေ၏။သူတို့ဂိုဏ်းအား အပြစ်ပြုမိသူအများစုသည် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားရသည်။အကယ်၍ သူတို့အား မတော်တဆပြန်တွေ့ရလျှင်ပင် အလွန်ဆိုးရွားသောပုံစံမျိုးဖြင့် တွေ့မြင်ရပေမည်။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ရှင်းလင်ကြယ်နယ်မြေသခင်ကို လိမ်လည်နေခြင်းဖြစ်ပေ၏။
ရှင်းလင်ကြယ်နယ်မြေသခင်သည် ဒေါသကြောင့် သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်သော်လည်း သူ တတ်နိုင်သောအရာဟူ၍မရှိချေ။
ဤနေရာသည် ရေအင်မော်တယ်ဂိုဏ်း၏ပိုင်နက်နယ်မြေဖြစ်နေသဖြင့် သူသည် ရှင်းလင်ကြယ်နယ်မြေသခင်ဖြစ်သည့်တိုင် ဤနေရာတွင် မည်သို့မျှစွမ်းဆောင်နိုင်ခြင်းမရှိပေ။
"ကောင်းပြီလေ....မင်းတို့က သူ့ကို လမ်းပေါ်ကနေကောက်လာတယ်ဆိုမှတော့...အခု ငါ သူ့ကို ပြန်ခေါ်သွားလိုက်မယ်...ဟုတ်ပြီလား"
ရှင်းလင်ကြယ်နယ်မြေသခင်သည် ဤနေရာ၌ သူ ဒေါသထွက်၍မရသည်ကို ကောင်းစွာသိရှိထားသည်။ထို့ကြောင့် သူ၏လေသံသည် နူးညံပျော့ပျောင်းနေပေ၏။
သို့ရာတွင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ဤကဲ့သို့အဆုံးသတ်ရန် ရည်ရွယ်ထားပုံမရချေ။
သူ၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...မင်းက ငါတို့ရေအင်မော်တယ်ဂိုဏ်းကို အရမ်းစိတ်သဘောထားကောင်းပြီးတော့ သွားချင်သလိုသွား ပြန်ချင်သလိုပြန်လိုရတဲ့ နေရာတစ်ခုလို့ ထင်နေတာလား"
ဝုန်း....
အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏စကားကိုကြားချိန်တွင် သူ၏နောက်၌ထိုင်နေသော ရေအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများအားလုံး မတ်တတ်ရပ်ကာ ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ရှင်းလင်ကြယ်နယ်မြေသခင်ကို ကြည့်လိုက်ကြ၏။
ဤအကြီးအကဲများသည် အဆင့်အတန်းအရ အဆင့်မြင့်အကြီးအကဲအဆိပ်မြှားထက် နိမ့်ကျသော်လည်း ပြင်ပလောကတွင်မူ သူတို့သည် ကိုယ်ပိုင်အင်အားဖြင့်ရပ်တည်နိုင်သော အစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။
သူတို့၏နောက်တွင်ရှိနေသည့် ရေအင်မော်တယ်ဂိုဏ်းနှင့်ပူးပေါင်းထားသော ပြင်ပဂိုဏ်းအင်အားစုများမှ လူများသည်လည်း မတ်တတ်ထရပ်ကာ ရှင်းလင်ကြယ်နယ်မြေသခင်ကို ဝိုင်းရံလိုက်ကြသည်။
အုပ်ချုပ်ရေးအဖွဲ့နှင့် ပြင်ပဂိုဏ်းအင်အားစုများ၏ဆက်ဆံရေးသည် အမြဲတစေ မီးနှင့်ရေပင်။
ထို့ပြင် ရေအင်မော်တယ်ဂိုဏ်းသည် သူတို့၏နောက်တွင်ရှိနေသဖြင့် ထိုဂိုဏ်းအင်အားစုများသည် အကြောက်အလန့်မရှိတော့ချေ။
ဤအချိန်အခိုက်အတန့်တွင် မြောက်များစွာသောမျက်လုံးအကြည့်များက ရှင်းလင်ကြယ်နယ်မြေသခင်ကို စူးစိုက်ကြည့်နေကာ ပတ်ဝန်းကျင်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ရှင်းလင်ကြယ်နယ်မြေသခင်၏မျက်နှာ အနည်းငယ်ဖြူရော်သွားသည်။
"မင်း ဘာလိုချင်တာလဲ"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့က ငါ့ရဲ့မင်္ဂလာပွဲနေ့...ဒါကြောင့် ငါက သွေးထွက်သံယိုကိစ္စတွေ မမြင်ချင်ဘူး....ဒီလိုဆိုရင်ရော..ငါက ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့သူဖြစ်တာကြောင့် မင်းကို အခွင့်အရေးတစ်ခုပေးလိုက်မယ်"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် အချိန်တခဏခန့် တွေးတောစဥ်းစားပြီးနောက် ပြောဆိုလိုက်၏။
"မင်းက နောက်ကျမှရောက်လာတာကြောင့်...ဝိုင်အရက်သုံးခွက်သောက်ပြီး မင်းကိုယ်မင်း အပြစ်ပေးရမယ်....မင်း သောက်ပြီးတာနဲ့ ဒီနတ်ဆိုးနဂါးအမြူတေတွေကိုထားခဲ့ပြီးတော့ မင်း သူ့ကို ခေါ်သွားလို့ရပြီ"
Chapter 3596
"ကောင်းပြီလေ...ငါ သဘောတူတယ်"
ရှင်းလင်ကြယ်နယ်မြေသခင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူညီလိုက်သည်။
သို့ရာတွင် သူ၏သတိထားမှုကို လျှော့ချလိုက်ခြင်းမရှိချေ။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကဲ့သို့ မြေခွေးအိုကြီးတစ်ကောင်သည် အလွန်ယုတ်မာကောက်ကျစ်ပေ၏။ဤသည်မှာ ဝိုင်အရက်သောက်ရုံကိစ္စကဲ့သို့ ရိုးရှင်းမည်မဟုတ်ချေ။
မကြာမီမှာပင် သူ၏နံဘေးနားမှ တပည့်တစ်ယောက်သည် ဝိုင်အရက်သုံးခွက်ယူဆောင်လာသည်။
ဤဝိုင်အရက်များသည် ကြည်လင်ပြီး အပြစ်အနာအဆာရှိပုံမရချေ။ထိုအရာများကိုကြည့်ရသည်မှာ သာမာန်ဝိုင်အရက်များနှင့် ကွဲပြားခြားနားခြင်းမရှိပေ။
ထိုဝိုင်အရက်ခွက်များကိုမြင်တွေ့ချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
နံဘေးတွင်ရှိနေသော လန်ဝူရှင်းသည် လုယွီ၏မျက်နှာအမူအယာကို အကဲခတ်မိသဖြင့် မေးမြန်းလိုက်၏။
"အရှင်....ဒီဝိုင်အရက်တွေမှာ ဘာပြဿနာရှိနေလို့လဲ"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားအပေါ် သူ၏နားလည်သဘောပေါက်မှုအရ အခြေခံ၍ ဤမြေခွေးအိုကြီးထံတွင် ရည်ရွယ်ချက်ကောင်းမရှိနိုင်ချေ။ဤသည်မှာ နေမင်းကြီး အနောက်ဘက်မှ ထွက်လာသည့်အလား မည်သို့မျှ မဖြစ်နိုင်သည့်ကိစ္စပင်။
လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်အေးဆေးနေသည်။အချိန်တခဏခန့် စဥ်းစားတွေးတောပြီးနောက် သူ၏လက်ချောင်းများဖြင့် စားပွဲခုံကိုခေါက်ကာပြောဆိုသည်။
"ခဏလောက် ထပ်ပြီးစောင့်ကြည့်ကြစို့"
"ဒီဝိုင်အရက်သုံးခွက်ကို မင်း သောက်ပြီးရင်....ငါ သူ့ကို လွှတ်ပေးမယ်"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဝိုင်အရက်သုံးခွက်သာဖြစ်သည်။
ရှင်းလင်ကြယ်နယ်မြေသခင်သည် ထိုဝိုင်အရက်သုံးခွက်အနက်မှတစ်ခွက်ကိုကောက်ယူကာ အတွင်းရှိဝိုင်အရက်များကို အကုန်အစင်သောက်လိုက်၏။
ဤဝိုင်အရက်၏အရသာသည် အလွန်အမင်းစူးရှသည်။ကံကောင်းထောက်မစွာဖြင့် ရှင်းလင်ကြယ်နယ်မြေသခင်သည် ကြီးမားသောစွမ်းအားရှိသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။အကယ်၍ ဤဝိုင်အရက်သည် ယခုထက် ဆယ်ဆပို၍ပြင်းထန်နေလျှင်ပင် သူသည် မျက်တောင်မခတ်ဘဲ သောက်သုံးနိုင်ပေမည်။
ဝိုင်အရက်ခွက်နှစ်ခွက် ကျန်ရှိနေဆဲပင်။
ရှင်းလင်ကြယ်နယ်မြေသခင်သည် သူ၏လက်ကိုမြှောက်၍ နောက်ထပ်ဝိုင်အရက်တစ်ခွက်ကိုသောက်သုံးရန် ဟန်ပြင်လိုက်၏။
သို့သော် ဤအချိန်အခိုက်အတန့်တွင် သူ၏တည်ငြိမ်နေသောမျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားကာ နာကျင်မှုကိုခံစားနေရပုံဖြင့် သူ၏ဗိုက်ကို ဆုပ်ကိုင်လိုက်သည်။
ဤဝိုင်အရက်များ သူ၏အစာအိမ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် မရေမတွက်နိုင်သော ကူပိုးကောင်များသည် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများကို ဆုတ်ဖြဲနေလေရာ သူ့အား တောင့်မခံနိုင်သော နာကျင်မှုကို ခံစားရစေသည်။
မူလက ရှင်းလင်ကြယ်နယ်မြေသခင်သည် သူ၏မှော်စွမ်းအားများကိုအသုံးပြု၍ ထိုဝိုင်အရက်များကို ပြန်အန်ထုတ်လိုသည်။သို့ရာတွင် သူ၏မှော်စွမ်းအားများကို နှိုးဆွလိုက်သည်နှင့် သူ၏မရီးဒါန်းများ ပြင်းထန်စွာနာကျင်လာသည်ကိုခံစားရကာ မှော်စွမ်းအားတစွန်းတစကိုပင် ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိတော့ချေ။
"မင်း ဒီဝိုင်အရက်ထဲမှာ အဆိပ်ခတ်ထားတာလား"
ရှင်းလင်ကြယ်နယ်မြေသခင်သည် သူ၏ခေါင်းကိုမော့၍ အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကို ရွံရှာမုန်းတီးစွာ စူးစိုက်၍ကြည့်လိုက်သည်။
သို့ရာတွင် အဆင်မြင့်အကြီးအကဲအရိုးစုက တည်ငြိမ်စွာပြောဆိုသည်။
"ဘာဖြစ်လဲ...ငါ ကျင့်ကြံတာက အဆိပ်လေ...အဆိပ်ဝိုင်အရက်ကိုအသုံးပြုတာ ဘာမှားနေလို့လဲ"
ပြင်းထန်သောနာကျင်မှုက ရှင်းလင်ကြယ်နယ်မြေသခင်၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေသည်။သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"မင်း ငါ့ကို သတ်လိုက်ရင်...ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို မင်း သိလား....ငါ တစ်ခုခုဖြစ်တာနဲ့ တော်ဝင်နန်းတွင်းက ချက်ချင်းသိသွားလိမ့်မယ်...အဲ့ဒီအချိန်ကျရင် မင်းတို့ရေအင်မော်တယ်ဂိုဏ်းက အရာရှိတစ်ယောက်ကိုသတ်ဖြတ်တဲ့ ပြစ်မှုကို ရင်ဆိုင်ရမှာပဲ...မင်းတို့ဆီ တော်ဝင်စစ်တပ်ရောက်လာမှာကို စောင့်နေကြစမ်း"
ဤခြိမ်းခြောက်မှုသည် ပြင်ပဂိုဏ်းအင်အားစုများအတွက် အလွန်ပြင်းထန်သောကိစ္စပင်။
သို့ရာတွင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ အထင်အမြင်သေးစွာပြောဆိုသည်။
"ဒီအဆိပ်ဝိုင်အရက်ကိုသောက်ဖို့ မင်းကို ငါ ဖိအားမပေးဘူး....ဒီဝိုင်အရက်ကို မင်းကိုယ်တိုင် လိုလိုလားလား သောက်ခဲ့တာ....ဒါက မင်း ငါ့ကို အပြစ်တင်လို့မရဘူး...နောက်ထပ်ဝိုင်အရက်နှစ်ခွက် ကျန်သေးတယ်...တကယ်လို့ မင်း မသောက်နိုင်ဘူးဆိုရင် ဒီစစ်ဗိုလ်ချုပ်က ငါတို့ရေအင်မော်တယ်ဂိုဏ်းမှာ ဧည့်သည်အနေနဲ့ ဆက်ပြီးနေရမှာကို ငါ စိုးရိမ်မိတယ်"
ရေအင်မော်တယ်ဂိုဏ်းမှ တခြားအကြီးအကဲများသည်လည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။
လက်ရှိနေရာတွင်ရှိနေသူများသည် အရာရှိများကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။
ဤလှောင်ပြောင်သရော်သော စကားလုံးများသည် အလွယ်ပြောပါက ရှင်းလင်ကြယ်နယ်မြေသခင်ကို ကြီးမားစွာအရှက်ခွဲနေခြင်းပင်။
ရှင်းလင်ကြယ်နယ်မြေသခင်သည် အံ့တင်းတင်းကြိတ်ကာ မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိချေ။သူသည် သူ့ရှေ့ရှိ ဝိုင်အရက်နှစ်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်းဖြင့် မော့ချလိုက်၏။
ထိုဝိုင်အရက်နှစ်ခွက် သူ၏ပါးစပ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ပြင်းထန်သောစူးရှရှခံစားချက်က သူ၏နှလုံးသားဆီသို့ ပျံ့နှံ့သွားသည်။
သို့ရာတွင် ဤစူးရှရှခံစားချက်သည် ချက်ချင်းဆိုသလိုပင် အရိုးခိုက်မတတ်နာကျင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ရှင်းလင်ကြယ်နယ်မြေသခင်သည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ယခုချိန်တွင် သူ့ထံ၌ ထိုအဆင့်ကျင့်ကြံသူမျိုးထံတွင်ရှိရမည့်အရှိန်အဝါမျိုး အနည်းငယ်မျှပင်ရှိမနေချေ။ပြင်းထန်သောနာကျင်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေသည်။သူသည် မြေပြင်ပေါ်၌ကွေးကောက်၍ လူးလိမ့်နေကာ မတ်တတ်ထရပ်ရန်ပင် သူ့ထံ၌ အင်အားမရှိတော့ချေ။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ထိုမြင်ကွင်းကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်ရယ်မောလိုက်၏။သူသည် ရှင်းလင်ကြယ်နယ်မြေသခင်ထံသို့ ဖြည်းညှင်းစွာလျှောက်လှမ်းသွားကာ ရန်စစကားပြောဆိုသည်။
"မင်း ဘာလို့ ဒီလိုဖြစ်သွားတာလဲ....ဝိုင်အရက်သုံးခွက်သောက်ရုံလောက်နဲ့ မင်း ဒီလောက်ထိ ဖြစ်သွားရတာလား"
Chapter 3597
"ဒီဝိုင်အရက်တစ်ခွက်စီမှာ ရာနဲ့ချီတဲ့ကူပိုးကောင်တွေပါတယ်....ဒီကူပိုးကောင်တွေက မင်းရဲ့ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ မင်းရဲ့သွေးချီတွေနဲ့မှော်စွမ်းအားတွေကို ဝါးမျိုကြလိမ့်မယ်...သူတို့က အဲ့ဒါတွေအကုန်လုံးကို ဝါးမျိုပြီးတာနဲ့ မင်းရဲ့အသွေးအသားနဲ့မရီးဒါန်းတွေကို ဝါးမျိုလိမ့်မယ်....အဆုံးသတ်ကျရင် သူတို့က မင်းရဲ့အရိုးတွေကို ဝါးမျိုလိမ့်မယ်"
"မင်းရဲ့ရုပ်ခန္ဓာကိုယ် ပျောက်ကွယ်သွားတာနဲ့...သူတို့က မင်းရဲ့စိတ်ဝိညာဥ်ကို ကိုက်ဝါးကြလိမ့်မယ်...မင်း ခုချိန်မှာ တောင့်ခံနိုင်တာက မင်းရဲ့ရုပ်ခန္ဓာကိုယ် နာကျင်ရုံသက်သက်မလို့ပဲ...မင်းရဲ့စိတ်ဝိညာဥ်ကို ကိုက်ဝါးခံရတဲ့အချိန်ကျရင် ဘယ်လိုဖြစ်လာမလဲဆိုတာ မင်း သိလား...မင်းက သေဖို့အတွက်ကို တောင်းပန်နေရမယ်...ဒါက အဆုံးသတ်သွားပြီ"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူသည် တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ၏လုပ်ရပ်များသည် နတ်ဆိုးလမ်းစဥ်လျှောက်လှမ်းသူများနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။
ရှင်းလင်ကြယ်နယ်မြေသခင်သည် အလွန်အမင်းနာကျင်နေသောကြောင့် သူ၏မျက်နှာနီမြန်းသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီစပြုလာသည်။
သူသည် ဤကိစ္စအတွက် မည်သူကိုမျှ အပြစ်တင်၍မရချေ။မည်သို့ပင်ဆိုစေကာမူ ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်တွင် အလွန်အမင်းမြင့်မားသော ခုခံနိုင်မှုစွမ်းရည်ရှိသည်။သာမာန်အားဖြင့် အဆိပ်များသည် သူ၏အနီးသို့ ချဥ်းကပ်နိုင်ခြင်းမရှိချေ။သို့ရာတွင် ဤအဆိပ်ဝိုင်ကို သူကိုယ်တိုင်သောက်ခဲ့ခြင်းဖြစ်သည်။ယခုချိန်တွင် ထိုအဆိပ်များသည် အာနိသင်ပြနေပြီဖြစ်သောကြောင့် သူ ပြင်ဆင်ထားသည့်တိုင် အသုံးဝင်မည်မဟုတ်ချေ။
"မင်း ငါ့ကို ကတိပေးထားတယ်"
ရှင်းလင်ကြယ်နယ်မြေသခင်သည် သူ၏ခေါင်းကို အားယူမော့ကာ အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကို စူးစိုက်၍ကြည့်လိုက်သည်။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက သရော်တော်တော်ရယ်မောကာ ပြောဆိုလိုက်၏။
"ငါ့ရဲ့စကားလုံးတွေက တန်ဖိုးရှိတယ်...ငါ့ရဲ့ကတိကို စောင့်ထိန်းတယ်...တပည့်တွေ...လှောင်အိမ်ကို ဖွင့်ပေးလိုက်စမ်း"
သူ၏နံဘေးရှိ တပည့်များသည် ချက်ချင်းဆိုသလိုပင် ခြေတစ်လှမ်းရှေ့တက်၍ သံလှောင်အိမ်ကို ဖွင့်ပေးလိုက်ကြသည်။
ဘုန်း....
ထိုသော့အားဖွင့်ပြီးသည်နှင့် သံလှောင်အိမ်တံခါးပွင့်သွားကာ ထူထပ်သိပ်သည်းသောသွေးညှီနံများ ထွက်ပေါ်လာသည်။
သို့ရာတွင် လှောင်အိမ်အတွင်းရှိလူသည် ဤကိစ္စကို အနည်းငယ်မျှပင် သတိမပြုမိသည့်အလား လှုပ်ရှားခြင်းမရှိချေ။
ဤစစ်ဗိုလ်ချုပ်သည် ရေအင်မော်တယ်ဂိုဏ်း၏ဖမ်းဆီးခြင်းကို ခံရပြီးချိန်မှစ၍ သူသည် အကြိမ်ပေါင်းများစွာ နှိပ်စက်ညှင်းပန်းခံရသဖြင့် ယခုချိန်တွင် သူ သတိလစ်မေ့မျောနေလေပြီ။
"မင်း သူ့ကို ခေါ်သွားလို့ရပြီ"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏အသံက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ရှင်းလင်ကြယ်နယ်မြေသခင်သည် ခေါင်းညိတ်ပြကာ တွားသွားပြီး ခက်ခက်ခဲခဲအားယူ၍ သံလှောင်အိမ်ထံသို့ သွားလိုက်၏။
သူ၏ပုံစံသည် အလွန်အမင်းအရှက်ရဖွယ်ဖြစ်နေသော်လည်း ယခုလက်ရှိချိန်တွင် သူ မည်သည့်အရာကိုမျှ သူ ဂရုမစိုက်နိုင်တော့ချေ။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှား သန့်စင်ထားသောအဆိပ်သည် သူ့အား သေဆုံးသွားစေရန် လုံလောက်သည်။အကယ်၍ သူသည် အားနည်းသောကျင့်ကြံသူတစ်ယောက်သာဖြစ်ပါက ထိုအဆိပ်ဝိုင်အရက်ကို သောက်ပြီးသည်နှင့် သူ သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
ယခုချိန်တွင် သူ အသက်ရှင်သန်နေရသောအကြောင်းအရင်းမှာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကြောင့်ပင်။
သို့ရာတွင် သူ အချိန်ကြာကြာ တောင့်ခံနိုင်မည်မဟုတ်ချေ။
ရှင်းလင်ကြယ်နယ်မြေသခင်သည် ယခုချိန်၌ သူ၏အသိစိတ်အာရုံကို ထိန်းသိမ်းထားသော်လည်း ကြာရှည်တောင့်ခံနိုင်မည်မဟုတ်ပေ။
သို့ရာတွင် လူတစ်ယောက်က ရုတ်တရက် ရှင်းလင်ကြယ်နယ်မြေသခင်၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားသည်။
ထိုလူသည် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားပင်။သူသည် ရှင်းလင်ကြယ်နယ်မြေသခင်၏ရှေ့သို့ လျှောက်လှမ်းသွားကာ အေးစက်စက်အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်၏။
"ကြယ်နယ်မြေသခင်...ငါက ရုတ်တရက်ကြီး စိတ်ကူးပြောင်းသွားပြီ...တကယ်လို့ မင်း ဒီစစ်ဗိုလ်ချုပ်ကို ခေါ်သွားချင်တယ်ဆိုရင် ငါ့ရဲ့ပေါင်ခြံကြားကနေ ဖြတ်သွားရမယ်"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက ကောက်ကျစ်ယုတ်မာစွာ ပြုံးလိုက်သည်။
"မင်းတို့က မင်းတို့ကိုယ်မင်းတို့ အထင်ကြီးလွန်းတယ်....စစ်ဗိုလ်ချုပ်လေးတစ်ယောက်က ငါ့ရဲ့တပည့်နဲ့ မိန်းကလေးတစ်ယောက်ကို ပြိုင်လုဝံ့တာလား...သူ့ကိုမသတ်တာကပဲ ငါ့ရဲ့သနားကြင်နာမှုကို ပြသပြီးပြီ...ရွေးချယ်စမ်း...မင်းက အဆိပ်ဝိုင်ကိုတောင် သောက်ခဲ့ပြီးပြီ...ဒီအဆင့်က အရမ်းမခက်ခဲလောက်ပါဘူး...ဟုတ်တယ်မလား"
ထို့နောက် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ တပည့်တစ်ယောက်ကို အော်ပြောလေသည်။
"ဘေးကနေပြီးတော့ မှတ်ဥာဏ်သလင်းကျောက်နဲ့ ကြယ်နယ်မြေသခင် ငါ့ရဲ့ပေါင်ခြံကြားကနေ ဖြတ်သွားတာကို မှတ်တမ်းတင်ထားစမ်း"
နံဘေးရှိတပည့်တစ်ယောက်သည် နားလည်သဘောပေါက်သွားကာ မှတ်တမ်းတင်ရန်အတွက် မှတ်ဥာဏ်သလင်းကျောက်ကို ထုတ်ယူလိုက်၏။
နံဘေးမှစောင့်ကြည့်နေကြသော ပြင်ပဂိုဏ်းအင်အားစုများမှလူများသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကြသည်။
လူတိုင်း၏မျက်လုံးများ တောက်ပသွားသည်။
အကယ်၍ ရှင်းလင်ကြယ်နယ်မြေသခင်သာ ထိုသို့ပြုလုပ်လိုက်ပါက ကြယ်နယ်မြေပေါ်တွင် အုပ်ချုပ်ရေးအဖွဲ့၏နာမည်ဂုဏ်သတင်းသည် တစိုးတစိမျှ ကျန်ရှိတော့မည်မဟုတ်ချေ။
ပတ်ဝန်းကျင်ရှိလှောင်ပြောင်ရယ်မောသံများသည် နားဝင်ဆိုးသောဆူညံသံများအဖြစ် အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏နားအတွင်း၌ အဆက်မပြတ်ပဲ့တင်ထပ်နေသည်။