အခန်း (၃၆၀၂-၃၆၀၅)
Vol. 183 Ch. 3602-3605
Chapter 3602
သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် ပုံရိပ်ယောင်များက အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏နံဘေးပတ်လည်၌ ထွက်ပေါ်လာသည်။
သူ၏ပုံရိပ်သည် လျှင်မြန်စွာလှုပ်ရှားသွားကာ သူ ယခင်ရှိနေသောနေရာနှင့် ဆယ်မီတာခန့်အကွာအဝေးသို့ ရောက်ရှိသွားသည်။
အဆင့်မြင့်အကြီးအကဲသည် ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။သူသည် လေဟာနယ်ဥပဒေသများအပေါ် အကြိုနားလည်သဘောပေါက်မှုများရှိသည်။ရုတ်ချည်းဆိုသလိုပင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ကျစ်လစ်သိပ်သည်းသွားစေကာ တခြားလေဟာနယ်တစ်နေရာသို့ ရွှေ့ပြောင်းလိုက်၏။
တခြားလူများသည် သူ ရှောင်တိမ်းလိုက်သည်ကို သိရှိသော်လည်း လေဟာနယ်ဥပဒေသအရိပ်အယောင်များ ရောယှက်နေသည်ကို မသိကြချေ။
"ဝှစ်..."
ခပ်အုပ်အုပ်အသံတစ်သံ မြည်ဟီးလာသည်။
လုယွီ အသုံးပြုလိုက်သော ဆေဘာဓားချီသည် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကို ရိုက်ခတ်မိခြင်းမရှိသည့်တိုင် သက်ရောက်မှုရှိနေဆဲပင်။
အဝတ်အစားများ စုတ်ပြဲသွားသည့်အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် အဆိပ်မြှား၏ခန္ဓာကိုယ်ပေါ်ရှိ မင်္ဂလာဝတ်စုံ စုတ်ပြဲသွားကာ သူ၏လက်များ ထွက်ပေါ်လာသည်။
သွေးစီးကြောင်းတစ်ကြောင်းက အကြီးအကဲအဆိပ်မြှား၏လက်မှနေ၍ ယိုစီးကျလာသည်။
သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။သူသည် သူ့ရှေ့ရှိ အက်ကွဲကြောင်းကြီးကိုကြည့်ကာ ထိတ်လန့်ကြောက်ရွံမှုများ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။
သူသည် ရေအင်မော်တယ်ဂိုဏ်းမှထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် ဤဆေဘာဓားချက်နှင့်ရင်ဆိုင်ရချိန်တွင် မကြုံစဖူးထိတ်လန့်ကြောက်ရွံမှုကို ခံစားမိလေ၏။
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ရေအင်မော်တယ်ဂိုဏ်းထဲမှာ ပြဿနာလာရှာဝံ့တာလဲ"
"မင်းက ဘယ်သူလဲ...မင်းက ဘာလို့ ငါတို့ဂိုဏ်းရဲ့အဆင့်မြင့်အကြီးအကဲတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်တာလဲ"
အဆိပ်မြှား၏နောက်တွင်ရှိနေသော အကြီးအကဲတစ်စုသည် ရှေ့သို့ထွက်လာကာ လုယွီ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်ကြသည်။
သို့ရာတွင် ထိုအကြီးအကဲများအားလုံးသည် အတွင်းစည်းအကြီးအကဲအဆင့်သာရှိသည်။တချို့အကြီးအကဲများသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင်သာရှိကာ သူတို့၏ခွန်အားသည် အဆိပ်မြှားထက် များစွာပို၍အားနည်းသည်။
ဝှစ်...ဝှစ်...ဝှစ်...
ပတ်ဝန်းကျင်ရှိ ရေအင်မော်တယ်ဂိုဏ်းမှတပည့်များသည် ထိုအသံကိုကြားချိန်တွင် ကူညီထောက်ပံပေးရန်အတွက် တဟုန်ထိုးပြေးဝင်လာကြ၏။
ပတ်ဝန်းကိုကြည့်ပါက မိုးကောင်းကင်ယံအတွင်း၌ဖြစ်စေ မြေပြင်ပေါ်၌ဖြစ်စေ ရေအင်မော်တယ်ဂိုဏ်းမှ တပည့်များနှင့် ပြည့်နှက်နေသည်။သူတို့အားလုံးသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် လုယွီကို စူးစိုက်၍ကြည့်နေကြသည်။
သို့ရာတွင် လုယွီသည် ထိုလူများကို အနည်းငယ်မျှပင် အရေးစိုက်ခြင်းမရှိချေ။
သူ၏မျက်လုံးများ အေးစက်တင်းမာနေကာ သူက ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"ငါက လက်ဝဲစစ်တပ်ရဲ့တပ်မှူးလုယွီ...မင်းတို့ရဲ့ဂိုဏ်းချုပ်ကို ထွက်လာဖို့ခေါ်လိုက်စမ်း"
သူ၏အသံသည် မိုးခြိမ်းသံအလား လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားကာ လူများအားလုံး ကြက်သေသေသွားသည်။
နံဘေးမှစောင့်ကြည့်နေကြသည့် ပြင်ပဂိုဏ်းအင်အားစုများမှလူများသည် တပြိုင်နက်တည်းဆိုသလို နောက်သို့ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ကြသည်။လုယွီအား အစိတ်စိတ်အမြွှာမြွှာဆုတ်ဖြဲမည်ဟု ကြုံးဝါးနေသူတချို့သည် ဤအချိန်အခိုက်အတန့်တွင် သူတို့၏မျက်နှာများ ဖြူရော်သွားကာ သူတို့၏နောက်ကျောများမှ ဇောချွေးများ ယိုစီးကျလာသည်။
ဤနေရာ၌ သူတို့စုဝေးနေသောအကြောင်းအရင်းမှာ အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏မင်္ဂလာပွဲကြောင့်သာမဟုတ်ဘဲ မဟာမိတ်အဖွဲ့၏ကိစ္စအဝဝကို တိုင်ပင်ဆွေးနွေးရန်အတွက်လည်းဖြစ်သည်။
ထို့နောက် သူတို့ဂိုဏ်းအင်အားစုများ အတူတကွပူးပေါင်း၍ အုပ်ချုပ်ရေးအဖွဲ့ကို ခုခံတိုက်ခိုက်ကြပေမည်။
သို့ရာတွင် သူတို့သည် အုပ်ချုပ်ရေးအဖွဲ့ကို ပြဿနာရှာရန် တွေးတောနေစဥ်မှာပင် လုယွီသည် ဤနေရာသို့ ရောက်ရှိလာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
"ဒါဆိုရင် အရှင်လုရောက်လာတာပဲ....ငါတို့က မင်းကို ဆီးကြိုနှုတ်မဆက်မိတဲ့အတွက် တောင်းပန်ပါတယ်"
ထိုအချိန်မှာပင် လူရှစ်ယောက်က မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။
ထိုလူရှစ်ယောက်အနက် ယောက်ျားများနှင့်မိန်းမများပါဝင်သော်လည်း သူတို့အားလုံးသည် ခရမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကာ လေတိုက်ခတ်မှုနှင့်အတူ သူတို့၏ဝတ်စုံများ လူးလွန့်နေသည်။သူတို့၏လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါသည် အလွန်ကြီးမားသဖြင့် လူအများ၏စိတ်နှလုံးသားများအတွင်းတွင် ထိတ်လန့်ကြောက်ရွံစိတ်များ ပေါက်ဖွားလာစေသည်။
ထိုလူစုအားဦးဆောင်လာသော အဖိုးအိုတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဒါပေမယ့် အရှင်လုက ငါတို့ရေအင်မော်တယ်ဂိုဏ်းကို ဘာလို့ရောက်လာပြီးတော့ ငါတို့ရဲ့လူကို ထိခိုက်နာကျင်အောင်လုပ်တာလဲ....ကျေးဇူးပြုပြီးတော့ ငါတို့ကို ဖြေရှင်းချက်တစ်ခုလောက် ပေးပါလား"
သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် အဖိုးအိုအပါအဝင် တခြားခရမ်းရောင်ဝတ်ရုံဝတ်လူများအားလုံး မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။
ဝုန်း....
ထိုလူများဆင်းသက်လာသည်နှင့် အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်က သူတို့၏ခန္ဓာကိုယ်များမှ ပွင့်အံ့ထွက်လာသည်။
သူတို့၏မှော်စွမ်းအားများ မြင့်တက်လာသည်နှင့်အတူ ခရမ်းရောင်မြွေ သို့မဟုတ် တဟုန်းဟုန်းတောက်လောင်နေသောမီးတောက် ပုံရိပ်ယောင်များအဖြစ်သို့ ဖွဲ့စည်းသွားသည်။တဖြည်းဖြည်းနှင့် ထူးဆန်းသောပုံရိပ်ယောင်များက လေထုအတွင်း၌ ထွက်ပေါ်လာကာ လူအများ၏မျက်လုံးများကို မူးဝေသွားစေသည်။
လက်ရှိနေရာတွင်ရှိနေသော တခြားတပည့်များသည် ထိုလူများကိုမြင်တွေ့ချိန်တွင် ရိုသေလေးစားစွာ အရိုအသေပြုလိုက်ကြ၏။
"အဆင့်မြင့်အကြီးအကဲတွေကို အရိုအသေပြုပါတယ်"
လုယွီ၏မျက်ခုံးမြင့်တက်သွားကာ ယခုရောက်ရှိလာသောလူရှစ်ယောက်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
Chapter 3603
ရေအင်မော်တယ်ဂိုဏ်းတွင် ဂိုဏ်းချုပ်မှလွဲ၍ ဤလူရှစ်ယောက်၏အဆင့်အတန်းသည် အမြင့်မားဆုံးပင်။
လက်ထောက်ဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူအပြင် တခြားအဆင့်မြင့်အကြီးအကဲများသည် အဓိကခန်းမများ၏မဟာအကြီးအကဲများလည်းဖြစ်သည်။သူတို့သည် မြင့်မားသောအခွင့်အာဏာကို ကိုင်ဆောင်ထားကာ ကြီးမားသောခွန်အားများရှိသည်။
သူတို့သည် ရေအင်မော်တယ်ဂိုဏ်း၏အဓိက ထောက်တိုင်ကြီးများပင်။ထိုလူတစ်စု ထွက်ပေါ်လာမှုကြောင့် ယခုလက်ရှိနေရာတွင်ရှိနေသော တပည့်များအားလုံး၏စိတ်ဓာတ်များ တက်ကြွသွားသည်။လုယွီနှင့်ရင်ဆိုင်ရစဥ်တွင် သူတို့သည် အနည်းငယ်ထိတ်လန့်ကြောက်ရွံ နေခဲ့ရသည်။
လုယွီက သရော်တော်တော် ပြောဆိုသည်။
"မင်းတို့က ဘယ်လိုဖြေရှင်းချက်မျိုးကို လိုချင်တာလဲ...အဆိပ်မြှားက သူ့သေလမ်းကို သူရှာတာ...သူက ဝမ်မူကျီးရဲ့ခန္ဓာကိုယ်ပေါ်မှာ နတ်ဆိုးမျိုးစေ့ကို ပျိုးထောင်ထားဝံ့တယ်...ဝမ်မိသားစုကိုထိန်းချုပ်ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့ကိုရှုပ်ထွေးအောင်လုပ်တဲ့အပြင် ငါ့ကိုတောင် ထိခိုက်နာကျင်အောင် ကြံစည်ဝံ့တယ်...အဲ့ဒီကိစ္စတွေထဲက ဘယ်တစ်ခုမဆို ကြီးလေးတဲ့ပြစ်မှုကြီးပဲ...ဒါတောင် မင်းတို့က ငါ့ဆီကနေ ဖြေရှင်းချက် လိုချင်သေးတာလား"
"ဟမ့်...တော်ဝင်နန်းတွင်းရဲ့ထိပ်သီးကျောင်းတော်သားအသစ်က လူငယ်တစ်ယောက်ဖြစ်ပြီးတော့...ငယ်ရွယ်ပြီး မောက်မာဝံ့ကြွားတယ်လို့ ငါ ကြားထားတယ်...မင်းက ရှီးလျန်မြို့မှာမနေဘဲနဲ့ ဒီနေရာကိုလာပြီးတော့ ငါတို့ကို ပြဿနာလာရှာဝံ့တယ်...မင်းက 'သေခြင်းတရား'ဆိုတဲ့စာလုံးကို ဘယ်လိုရေးတယ်ဆိုတာ တကယ်ကို မသိတာလား"
ထိုလူရှစ်ယောက်အနက်မှ လူလတ်ပိုင်းကြီးတစ်ယောက်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ခြိမ်းခြောက်ဝံ့တာလဲ"
လုယွီ၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။ရုတ်တရက် သူသည် ခြေတစ်လှမ်းရှေ့တိုးကာ တိုက်ခိုက်လိုက်၏။
စူးရှသောရွှေရောင်အလင်းတန်းတစ်တန်းက သူ၏လက်ဝါးမှ ထွက်ပေါ်လာကာ ထိုလူလတ်ပိုင်းကြီးထံဦးတည်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
လူလတ်ပိုင်းကြီး၏ခေါင်းအထက်ရှိလေဟာနယ် ချက်ချင်းတွန့်လိမ်သွားသည်။လုယွီ၏မှော်စွမ်းအားများ လှည့်ပတ်လိုက်သည်နှင့်အတူ ကြီးမားသောအနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီး ကျဆင်းလာကာ ထိုလူလတ်ပိုင်းကြီးကို ဖမ်းဆုပ်လိုက်သည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်...
လုယွီ တိုက်ခိုက်ဝံ့သည်ကိုကြည့်ပြီး သူ၏ရှေ့တွင်ရှိနေသော အဆင့်မြင့်အကြီးအကဲရှစ်ယောက်သည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
သူတို့ ထွက်လာသည်မှာ လုယွီအားခြိမ်းခြောက်၍ ရေအင်မော်တယ်ဂိုဏ်းကို အနည်းငယ်မျှပင် ဆန့်ကျင်တိုက်ခိုက်ဝံ့ခြင်းမရှိစေရန် ရည်ရွယ်ထားသည်။
သို့ရာတွင် လုယွီသည် သူတို့ကို အနည်းငယ်မျှပင် အရေးမစိုက်ဘဲနေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။အဆင့်မြင့်အကြီးအကဲများသည် လုယွီကို ရပ်တန့်ရန်ပင် တောင်းဆိုနိုင်ခြင်းမရှိချေ။
"သူတို့က ငယ်ရွယ်ပြီးတော့ မောက်မာထောင်လွှားတယ်...မင်း ခံစားရတဲ့အချိန်ကျမှ မင်းရဲ့အမှားကို မင်း သိရလိမ့်မယ်"
ခေါင်းဆောင်အဖိုးအိုက သရော်တော်တော် ပြောဆိုသည်။သူက သူ၏လက်ကိုဆန့်တန်းကာ လေဟာနယ်အတွင်း၌ မျဥ်းကြောင်းတစ်ကြောင်း ရေးဆွဲလိုက်၏။ရေငွေ့စီးကြောင်းတစ်ကြောင်းက သူ၏ရှေ့၌ သိပ်သည်းသွားသည်။
ထိုရေငွေ့များသည် မျောလွင့်သွားခြင်းမရှိဘဲ နောက်ဆုံးတွင် အဋ္ဌဂံပုံစံအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ရှေ့၌ လည်ပတ်နေသည်။
တခြားလူများသည်လည်း မှော်မန္တန်များကို တစ်ခုပြီးတစ်ခု ရွတ်ဆိုလိုက်ကြကာ ထိုအဋ္ဌဂံပုံရိပ်ယောင်ကြီးအတွင်းသို့ ကျရောက်သွားပေ၏။
ထိုမှော်မန္တန်များ အဆက်မပြတ်ကျဆင်းလာခြင်းနှင့်အတူ အဋ္ဌဂံပုံရိပ်ယောင်ကြီး ပို၍တောက်ပစပြုလာသည်။ထို့နောက် ဤအရာသည် ဖြည်းညှင်းစွာ လည်ပတ်စပြုလာသည်။ရေငွေ့စီးကြောင်းများသည်လည်း တဖြည်းဖြည်း ထိုပုံရိပ်ယောင်ကြီးပေါ်တွင် ရစ်သိုင်းလွှမ်းခြုံနေပေ၏။
"အဋ္ဌဂံအလင်းပြန်ခြင်းဆီးနှင်း"
အဆင့်မြင့်အကြီးအကဲများအနက်မှတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူသည် သူ၏လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းကာ အားကုန်တွန်းလေသည်။
ထိုအဋ္ဌဂံပုံရိပ်ယောင်ကြီးသည် ချက်ချင်းဆိုသလိုပင် လုယွီထံသို့ ပျံသန်းသွားသည်။ထိုပုံရိပ်ယောင်ကြီးသည် အဆက်မပြတ်လည်ပတ်နေကာ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို ဝါးမျိုလိုသည့်အလားပင်။
"အမ်..ဒါက ရေအင်မော်တယ်ဂိုဏ်းရဲ့လျှို့ဝှက်နည်းစနစ်မဟုတ်လား"
"ဒါက အဆင့်မြင့်အကြီးအကဲရှစ်ယောက် တစ်ချိန်တည်းတိုက်ခိုက်တဲ့ သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုပဲ...ဒါက အရမ်းအစွမ်းထက်ပြီးတော့ ခုခံဖို့ခက်ခဲတယ်...ငါတို့လိုလူတွေ အနားကပ်နိုင်မယ့် တစ်စုံတစ်ခုမဟုတ်တာ သေချာပေါက်ပဲ"
အနီးအနားရှိ ပြင်ပဂိုဏ်းအင်အားစုများမှလူများသည် နောက်သို့ထပ်မံ၍ဆုတ်လိုက်ကြကာ အဝေးမှစောင့်ကြည့်ရန်အတွက် တောင်၏တခြားတစ်ဖက်ခြမ်းဆီသို့ သွားလိုက်ကြ၏။
အချိန်တိုအတွင်းတွင် တောင်ကမ်းပါးစွန်း၌ လုယွီနှင့်လန်ဝူရှင်းတို့သာကျန်ရှိကာ ရေအင်မော်တယ်ဂိုဏ်းမှလူများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်။
လန်ဝူရှင်း၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ မိုးကောင်းကင်ယံအတွင်းမှ တဖြည်းဖြည်းပျံသန်းလာသော အဋ္ဌဂံပုံရိပ်ယောင်ကြီးကို ကြည့်လိုက်သည်။ထို့နောက် သူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုလိုက်၏။
"ဟမ့်...ဒီလှည့်ကွက်ဟောင်းကြီး ထပ်လာပြန်ပြီ...ဒါက နည်းနည်းလေးတောင် စိတ်ဝင်စားဖို့ မကောင်းတော့ဘူး...ဒါပေမယ့် မင်းတို့လူအိုကြီးရှစ်ယောက်က လူတစ်ယောက်တည်းကို ဝိုင်းပြီးတိုက်ခိုက်တာ နည်းနည်းတော့မရိုးသားရာ မကျဘူးလား"
သူသည် အလွန်တည်ငြိမ်အေးဆေးနေကာ ကြားဝင်စွက်ဖက်ခြင်းမရှိချေ။
သူသည် လုယွီ၏လက်အောက်သို့ခိုဝင်ကာ လုယွီသည် သူ့အား လက်ဆောင်ကြီးတစ်ခုပေးခဲ့သော်လည်း လန်ဝူရှင်းသည် လုယွီ၏အကန့်အသတ်ကို တွေ့မြင်လိုဆဲပင်။
သူပင်လျှင် ထိုမြေခွေးအိုကြီးရှစ်ယောက်နှင့် ရင်ဆိုင်ရပါက အင်အားတချို့စိုက်ထုတ်ရပေမည်။
Chapter 3604
လုယွီသည် အထွတ်အထိပ်ဂိုဏ်းအတွင်း၌ မဟာအကြီးအကဲကျီးယန်ကို အနိုင်ယူခဲ့သော်လည်း ယခုချိန်ထိတိုင် လန်ဝူရှင်းသည် လုယွီ၏အကန့်အသတ်ကို ဖော်ထုတ်နိုင်ခြင်းမရှိချေ။
လုယွီသည် အထွတ်အထိပ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများကို ရင်ဆိုင်စဥ်က သူ့ထံတွင် စွမ်းအားများကျန်ရှိနေအုံးမည်ဟူသော ခံစားချက်တစ်ခုကိုပင် လန်ဝူရှင်းရရှိနေသည်။
လုယွီသည် ဤအခြေအနေအား မည်ကဲ့သို့ရင်ဆိုင်မည်ကို သူ မြင်တွေ့လိုသည်။
မိုးကောင်းကင်ယံအတွင်းမှ အဋ္ဌဂံပုံရိပ်ယောင်ကြီးသည် ကျရောက်လုဆဲဆဲအခြေအနေသို့ ရောက်ရှိလာလေပြီ။
လုယွီ၏နံဘေးရှိ လေဟာနယ်သည် အဋ္ဌဂံပုံရိပ်ယောင်ကြီး၏သက်ရောက်ခြင်းကို ခံရသည့်အလား ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားသည်။
ဝုန်း....
လုယွီ အစောပိုင်းက သိပ်သည်းထားသော နဂါးဖမ်းလက်သည် အဋ္ဌဂံပုံရိပ်ယောင်ကြီးနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။အဋ္ဌဂံပုံရိပ်ယောင်ကြီး၏လွှမ်းမိုးမှုအောက်တွင် နဂါးဖမ်းလက်၏စွမ်းအားများ လွင့်ပြယ်သွားတော့သည်။
သို့ရာတွင် လုယွီသည် ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိချေ။
"တကယ်လို့ မင်းတို့က ဒီလှုပ်ရှားမှုတစ်ခုကိုပဲ အသုံးပြုတတ်တယ်ဆိုရင်တော့...ဒါက အဆုံးသတ်သွားပြီ"
လုယွီက ရုတ်တရက် ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။သူ၏လက်ဝဲဘက်လက်ဝါးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ သူ၏လက်ယာဘက်ဘက်လက်ဝါးမှ ခရမ်းရောင်ချီစွမ်းအားလှိုင်းများ တလိမ့်လိမ့်ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏လက်ဝါးနှစ်ဖက်လုံးကို အားကုန်ရိုက်နှက်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး
ရှေးဟောင်းအင်မော်တယ်နည်းစနစ်...မဟာဆုတ်ဖြဲခြင်းလက်သီး....
ကြီးမားသောရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံအတွင်း၌ အဋ္ဌဂံပုံရိပ်ယောင်ကြီးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားကာ အလွန်ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။
ကောင်းကင်နှင့်မြေပြင်အကြားမှနေ၍ အလွန်ကြီးကျယ်ခမ်းနားသော လေလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ဂိုဏ်းအင်အားစုများမှလူများသည် ပြင်းထန်သောလေလှိုင်းများက သူတို့၏ခန္ဓာကိုယ်များကို ဖြတ်သန်းတိုက်ခတ်သွားသည်ကိုသာ ခံစားမိပြီး သူတို့၏အဝတ်အစားများ လေထုအတွင်း၌ လူးလွန့်သွားသည်။
ဝုန်း....
ပေါက်ကွဲသံများက အဆက်မပြတ် မြည်ဟီးလာသည်။
လေထုအတွင်း၌မျောလွင့်နေသည့် အစွမ်းထက်သော အဋ္ဌဂံပုံရိပ်ယောင်ကြီးသည် ထိုအစွမ်းထက်သောအားလှိုင်းနှင့် ရင်ဆိုင်ရချိန်တွင် ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ ကြေမွှပျက်စီးသွားကာ မည်သည့်အရာမျှမရှိခဲ့သည့်အလား ပျောက်ကွယ်သွားတော့သည်။
သို့ရာတွင် မဟာဆုတ်ဖြဲခြင်းလက်သီး၏စွမ်းအားက ထပ်မံ၍ကျရောက်လာသည်။
အဆင့်မြင့်အကြီးအကဲရှစ်ယောက်၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူတို့သည် ခုခံကာကွယ်ခြင်းမှော်မန္တန်များကို အလျှင်အမြန်ရွတ်ဆိုလိုက်ကြ၏။သို့ရာတွင် သူတို့ရှစ်ယောက်သည် အလွန်ကြီးမားသော အားလှိုင်းတစ်ခုနှင့်ရိုက်ခတ်မိပုံဖြင့် ကျယ်လောင်သောမြည်ဟီးသံကြီးတစ်သံကိုသာ ကြားလိုက်ရသည်။သူတို့၏ခန္ဓာကိုယ်များ တုန်ရီသွားကာ နောက်သို့ ခြေလှမ်းခုနစ်လှမ်း ရှစ်လှမ်းခန့် ဆုတ်လိုက်ကြသည်။ထိုအချိန်ကျမှသာ မဟာဆုတ်ဖြဲခြင်းလက်သီး၏စွမ်းအား ပျက်ပြယ်သွားသည်။
"ဖူး..."
"ဖူး..."
အဆင့်မြင့်အကြီးအကဲရှစ်ယောက်သည် ဤမှော်နည်းစနစ်ကို တောင့်ခံနိုင်ခဲ့သော်လည်း အကန့်အသတ်မရှိ ကြီးမားသောစွမ်းအားများက သူတို့၏ခံနိုင်ရည်စွမ်းထက် များစွာပို၍ ကျော်လွန်နေသည်။
သူတို့သည် ဤတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားပြီးနောက် သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာကာ သူတို့၏မျက်နှာများ ဖြူရော်သွားသည်။
တခြားသူများအားလုံး ကြက်သေသေသွားလေ၏။
လက်ဝဲစစ်တပ်၏တပ်မှူးဖြစ်သော လုယွီသည် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကို ဖိနှိပ်နိုင်သည်မှာ အံ့အားသင့်စရာမရှိချေ။
သို့ရာတွင် ဤသည်မှာ အဆင့်မြင့်အကြီးအကဲရှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုပင်။
တိုက်ခိုက်မှုတစ်ခုဖြင့်ပင် ထိုလူရှစ်ယောက်လုံးကို သွေးအန်သွားစေခဲ့သလော...
ဤသည်မှာ မည်မျှထိအစွမ်းထက်သော စွမ်းအားဖြစ်သနည်း....
လူအများသည် မျက်လုံးအပြူးသားဖြစ်နေကာ သူတို့မြင်တွေ့နေရသည့်အရာကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။
လုယွီက အေးစက်စက်မျက်လုံးအကြည့်ဖြင့် အဆင့်မြင့်အကြီးအကဲရှစ်ယောက်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"မင်းတို့အားလုံးက ငါ့ကို ဟန့်တားချင်တာလား"
အစောပိုင်းက လုယွီနှင့်အငြင်းပွားခဲ့သော လူလတ်ပိုင်းကြီးသည် သူ၏ခေါင်းကိုအောက်သို့ငုံသွားကာ သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသည်။
လုယွီ၏ခွန်အားသည် ဤမျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းမည်ဟု သူ အနည်းငယ်မျှ တွေးထင်ထားမိခြင်းမရှိချေ။
အမှန်အားဖြင့် လက်ရှိနေရာတွင်ရှိနေသော အဆင့်မြင့်အကြီးအကဲများသည် ကျင့်ကြံဆင့်အခြေခံအရဆိုလျှင် လုယွီထက် ပို၍သာလွန်သည်။
သို့ရာတွင် ဤတစ်ကြိမ်တွင် သူတို့ရင်ဆိုင်နေရသည်မှာ ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်ပင်။
ဤသည်မှာ အစစ်အမှန်အင်မော်တယ်နှင့်အတုအယောင်အင်မော်တယ်ကြားမှ ကွာဟချက်ပင်။ဤသည်မှာ ကျင့်ကြံဆင့်နယ်ပယ် အနည်းငယ်ကွာခြားရုံမျှဖြင့် ဖြည့်ဆည်းနိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။
ဤလူရှစ်ယောက်အကြားတွင် လုယွီကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲမည်ဟု ယခင်က ကြုံးဝါးခဲ့ဖူးသော လူတချို့ရှိနေသည်။
သို့ရာတွင် ယခုချိန်၌ သူတို့သည် စကားတစ်ခွန်းမျှ မဆိုဝံ့တော့ချေ။
ဤကောင်းကင်ဘုံနယ်မြေအတွင်း၌ ခွန်အားသည်သာ အရေးကြီးဆုံးအရာပင်။
လုယွီ၏ခွန်အားသည် သူတို့ထက် များစွာပို၍ သာလွန်နေသောကြောင့် သူသည် သူတို့အားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်မှာ သဘာဝကျသောကိစ္စပင်။
"အရှင်လု...ငါတို့ကြားမှာ အစောပိုင်းက နားလည်မှုလွဲသွားခဲ့တယ်"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ချောင်းတစ်ချက်ဆိုးကာ ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
Chapter 3605
ဤတစ်ကြိမ်တွင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် အလွန်ရိုသေလေးစားစွာ ဆက်ဆံနေကာ လက်လျှော့အရှုံးပေးနေလေပြီ။
အသစ်ခန့်အပ်ခံရသော လက်ဝဲစစ်တပ်၏တပ်မှူးသည် ငယ်ရွယ်သော်လည်း ခွန်အားအရဆိုပါက အဆင့်မြင့်အကြီးအကဲများထက်သာလွန်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိရှိထားသည်။
သူတို့သည် လုယွီအတွက် ပြိုင်ဘက်များ မည်သို့မျှမဖြစ်နိုင်ချေ။သူတို့သည် အများနှင့်တစ်ယောက် တိုက်ခိုက်သည့်တိုင် လုယွီကို အနိုင်ယူနိုင်ခြင်းမရှိပေ။
"နားလည်မှုလွဲတာလား....မင်းနဲ့ငါကြားမှာ ဘာနားလည်မှုလွဲတာမျိုးမှမရှိဘူး"
လုယွီက အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏ရှေ့သို့ လျှောက်လှမ်းသွားလိုက်၏။
တခြားအဆင့်မြင့်အကြီးအကဲမျှားသည် နေရာမှာပင် မတ်တတ်ရပ်ကာ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း မည်သူကမျှ ခြေလှမ်းရှေ့တိုး၍ သူ့ကိုဟန့်တားဝံ့ခြင်းမရှိချေ။
သူတို့သည် ယခင်တိုက်ခိုက်မှု၌ လုယွီ၏ခွန်အားကို စမ်းသပ်ပြီးလေပြီ။အကယ်၍ ယခုချိန်တွင် သူတို့တိုက်ခိုက်လိုက်ပါက သူတို့၏သေလမ်းကို သူတို့ကိုယ်တိုင်ရှာဖွေခြင်းဖြစ်ပေမည်။
သူတို့ရှစ်ယောက် အတူပူးပေါင်း၍ တိုက်ခိုက်သည်ကပင် တစ်ဖက်လူကို အနိုင်ယူနိုင်ခြင်းမရှိလေရာ အကယ်၍ တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုပါက ဆိုဖွယ်ရာပင်မရှိချေ။
ဤှလူရှစ်ယောက်သည် နာမည်ခံအားဖြင့် ဂိုဏ်းတူရောင်းရင်းများပင်။သို့ရာတွင် ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် သူတို့၏ကိုယ်ပိုင်အသက်ကို ဂရုစိုက်ရန်သာ ရွေးချယ်ခဲ့ကြသည်။
လုယွီ ချဥ်းကပ်သွားသောအချိန်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ခုက အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
ဤအခြေအနေမျိုးတွင် အကယ်၍ သူ တစ်စုံတစ်ခုကို ပြုလုပ်ခြင်းမရှိပါက သူ့သေတွင်းကို သူ တူးနေခြင်းသာဖြစ်ပေမည်။
"မင်းရဲ့အသက်အရွယ်နဲ့...မင်းမှာ သာလွန်ထူးကဲတဲ့ခွန်အားမျိုးရှိနေမယ်လို့ ငါ မယုံဘူး"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက ရုတ်တရက် သူ၏အင်္ကျီလက်ကို ဆန့်တန်းလိုက်၏။မှော်စွမ်းအားများပွင့်အံ့ထွက်လာခြင်းနှင့်အတူ အလွန်နက်မှောင်သောဒူးလေးတစ်လက်က သူ၏လက်အတွင်း၌ ထွက်ပေါ်လာသည်။
ထိုဒူးလေးသည် ပိန်းပိတ်သည်အထိနက်မှောင်နေကာ နှစ်ဖက်စလုံးတွင် အလှဆင်ပစ္စည်းများအဖြစ် ဦးခေါင်းခွံများကိုအသုံးပြုထားသည်။ထိုအရာပေါ်တွင် သင်္ကေတအက္ခရာများကို ရေးထွင်းထားသဖြင့် အကြည့်တစ်ချက်ဖြင့်ပင် ဤသည်မှာ သာမာန်မဟုတ်သော မှော်လက်နက်တစ်ခုဖြစ်ကြောင်း ပြောဆိုနိုင်သည်။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် လက်ယပ်ခေါ်သည့်သင်္ကေတကို လုပ်ဆောင်လိုက်ရာ အနက်ရောင်မြှားတစ်စင်းက ချက်ချင်းဆိုသလိုပင် သူ၏လက်အတွင်းသို့ ရောက်ရှိသွားသည်။
ထိုမြှား သူ၏လက်အတွင်းသို့ ရောက်ရှိသွားသည်နှင့် သူ၏လက်ဝါးအတွင်းမှနေ၍ စွမ်းအားများပြည့်နှက်နေသော အရှိန်အဝါမျိုးရရှိသည်။ထို့နောက် သူသည် လေးညှို့ကိုဆွဲကာ ထိုမြှားကိုလေးကြိုးဖြင့်တေ့လိုက်၏။ထိုမြှားမှနေ၍ ပြင်းထန်သော တုန်ခါသံများထွက်ပေါ်လာကာ အလွန်အမင်းကျယ်လောင်သည်။
ဝီ...ဝီ...ဝီ....
မြှား၏ပြင်းထန်သောတုန်ခါမှုနှင့်အတူ ပတ်ဝန်းကျင်၌ မူလကရှိနေသော အေးစက်စက်လေလှိုင်းများသည် ရုတ်တရက် ခိုနားရာတစ်ခုကို တွေ့ရှိသွားပုံရသည်။ထိုအရာများအားလုံး မြှားထံသို့တိုးဝင်သွားကာ မြှားတစ်စင်းလုံး ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။
ထို့နောက် မြှား ရုတ်တရက် ပစ်လွှက်လိုက်ခြင်းနှင့်အတူ အနက်ရောင်ဝံပုလွေပုံရိပ်ယောင်တစ်ခုက မြှားထိပ်မှထွက်ပေါ်လာကာ လုယွီထံဦးတည်ပြီး ကိုက်ဖြတ်လိုက်၏။
ဝေါင်း..
ထိုမြှားဖြတ်သန်းသွားသည်နှင့်အတူ တုန်လှုပ်ချောက်ချားဖွယ် ဝံပုလွေဟိန်းသံကြီးက ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
"ဒါက အဆင့်မြင့်အကြီးအကဲအဆိပ်မြှားရဲ့ အန္တိမသတ်ဖြတ်ခြင်းလှုပ်ရှားမှုပဲ..."
"အဲ့ဒီမြှားကို ပစ်လွှတ်လိုက်တာနဲ့ ဒီသတ်ဖြတ်မှုရဲ့အောက်မှာ လူတွေအများကြီး သေခဲ့ကြရတယ်"
အဆိပ်မြှား၏လှုပ်ရှားမှုကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိလူအများ၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ထင်ဟပ်လာသည်။
ဤကဲ့သို့စူးရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သူတို့သည် အဝေး၌ပုန်းရှောင်နေသည့်တိုင် ရှင်းရှင်းလင်းလင်း ခံစားမိသည်။
လုယွီသည် ဤတိုက်ခိုက်မှုကို မည်ကဲ့သို့ရင်ဆိုင်မည်အား သူတို့ မတွေးတောတတ်ချေ။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။ထိုမြှား သူ့ထံသို့ ပျံသန်းလာသည်ကို မြင်တွေ့ချိန်တွင် သူသည်လည်း လေးနှင့်မြှားကို အသုံးပြုလိုက်သည်။သူ၏မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်လာခြင်းနှင့်အတူ ရွှေရောင်လေးတစ်လက်က သူ၏လက်အတွင်း၌ ထွက်ပေါ်လာသည်။
ထို့နောက် သူက လေးကြိုးကိုဆွဲလိုက်၏။
မူလက ထိုလေးပေါ်တွင် မည်သည့်လေးကြိုးနှင့်မြှားမျှ မရှိချေ။သို့ရာတွင် လုယွီသည် လေးကြိုးကိုဆွဲသည့်ပုံစံ လုပ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိကောင်းကင်နှင့်မြေပြင်အကြားမှ ယွမ်ချီများသည် ဆင့်ခေါ်ခြင်းခံရပုံဖြင့် ထိုလေးအတွင်းသို့ စီးဝင်သွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက လေးကြိုးကို လွှတ်လိုက်သည်။
ပြင်းထန်သောတုန်ခါသံများမြည်ဟီးလာကာ ထက်ရှသောမြှားတစ်စင်းသည် လေဟာနယ်ကိုဖြတ်သန်း၍ မိုးကောင်းကင်ယံမှတိုးဝင်လာသော ဝံပုလွေပုံရိပ်ယောင်ကြီးနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိတော့သည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...မိုးကောင်းကင်ဖွင့်လှစ်ခြင်းမြှား...
မြှားတစ်စင်းပစ်လွှက်လိုက်ချိန်တွင် ကောင်းကင်နှင့်မြေပြင်၏အရောင် ပြောင်းလဲသွားသည်။
တစ်ချက်ခန့်ထိတွေ့မိရုံဖြင့် အနက်ရောင်ဝံပုလွေပုံရိပ်ယောင်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။
ထို့နောက်မှနေ၍ နတ်ဘုရားမြှား၏စွမ်းအားသည် ကုန်ဆုံးသွားခြင်းမရှိဘဲ ထိုအစား ပို၍ပြင်းထန်လာကာ အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ထိုးစိုက်မိသွားသည်။
ဒုတ်ခနဲမြည်သံနှင့်အတူ ဒဏ်ရာတစ်ခုက အကြီးအကဲအဆိပ်မြှား၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ထို့နောက် အစွမ်းထက်သောအားလှိုင်းတစ်ရပ်က သူ့အားလွင့်ထွက်သွားစေကာ သူ၏ခန္ဓာကိုယ်ကို သံမှိုဖြင့်ထိုးစိုက်ထားသည့်အလား နံရံတစ်ခု၌ စိုက်ဝင်နေစေသည်။
Thank For Reading.