← Chapters

အခန်း (၃၆၀၆-၃၆၀၉)

Vol. 184 Ch. 3606-3609

အခန်း (၃၆၀၆-၃၆၀၉)

Vol. 184 Ch. 3606-3609

Chapter 3606

မြှားတစ်စင်းဖြင့် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကို နံရံတွင် စိုက်ဝင်နေစေသလော....

မင်္ဂလာပွဲခန်းမတွင်ရှိနေသော ရေအင်မော်တယ်ဂိုဏ်းမှတပည့်များဖြစ်စေ ပြင်ပဂိုဏ်းအင်အားစုများမှလူများဖြစ်စေ သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေကြသည်။

"အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက တကယ့်ကို လှုပ်ရှားမှုတစ်ခုတည်းနဲ့ ရှုံးနိမ့်သွားတာလား"

"အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက ရေအင်မော်တယ်ဂိုဏ်းရဲ့လက်ထောက်ဂိုဏ်းချုပ်လေ...ဒီလိုလူမျိုးက သူ့ဆီက တိုက်ခိုက်မှုတစ်ခုကိုတောင် မခုခံနိုင်ဘူးလား"

အံ့အားတသင့်အော်ဟစ်သံများက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။

လန်ဝူရှင်းပင်လျှင် သူ မြင်တွေ့ရသောမြင်ကွင်းကြောင့် ကြက်သေသေနေလေ၏။

သူသည်လည်း ယခင်က အဆိပ်မြှားနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ထိုအချိန်တုန်းက အဆိပ်မြှားကို သူ အနိုင်ယူနိုင်ခဲ့သော်လည်း သူသည် လုယွီကဲ့သို့ ရိုးရှင်းမှုရှိရန် လွန်စွာအလှမ်းကွာဟသည်။

"သူ မသိတဲ့နည်းစနစ်ဆိုလို့ ဘာရှိသေးလဲ"

ဤမေးခွန်းက ရုတ်တရက် လန်ဝူရှင်း၏စိတ်နှလုံးသားအတွင်းတွင် ပေါက်ဖွားလာသည်။

လုယွီသည် မဟာအကြီးအကဲကျီးယန်ကို အနိုင်ယူခဲ့စဥ်က မီးတောက်နည်းစနစ်ကို အသုံးပြုခဲ့သည်။

သူ့အားအနိုင်ယူစဥ်က လုယွီသည် ဆေဘာနည်းစနစ်ကို အသုံးပြုခဲ့လေ၏။

အဆိပ်မြှားကိုအနိုင်ယူစဥ်တွင် လုယွီသည် လေးနှင့်မြှားပညာရပ်ကို အသုံးပြုပြန်သည်။

သူသည် လုယွီကို ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ထိတ်လန့်ကြောက်ရွံခြင်းမရှိဘဲ လုယွီသည် ပညာရပ်နယ်ပယ်တိုင်းတွင် ကျွမ်းကျင်နေခြင်းကြောင့် သူ ထိတ်လန့်ကြောက်ရွံစပြုလာသည်။

ဤခံစားချက်မျိုးသည် တစ်စုံတစ်ယောက်အား စိတ်ပျက်အားငယ်မှုကို ရရှိစေလုနီးပါးပင်။

ဤအချိန်အခိုက်အတန့်တွင် အဆိပ်မြှားသည် နတ်ဘုရားမြှားကြောင့် နံရံအတွင်း၌စိုက်ဝင်နေကာ စူးရှနာကျင်စွာ ငိုကြွေးမြည်တမ်းနေလေ၏။သူ့အားဗဟိုပြု၍ မရေမတွက်နိုင်သောအက်ကွဲကြောင်းများက နံရံပေါ်တွင် ပျံ့နှံ့သွားသည်။

အကြီးအကဲခန်းမသည် ရေအင်မော်တယ်ဂိုဏ်း၏အလွန်ခိုင်မာတောင့်တင်းသော အဆောက်အအုံတစ်ခုပင်။နံရံများကို သံမဏိဖြင့်ပြုလုပ်ထားကာ ဖျက်ဆီး၍မရနိုင်လုနီးပါး ခိုင်မာတောင့်တင်းသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် နတ်ဘုရားမြှား ကျရောက်သွားပြီးနောက် နံရံပေါ်တွင် သိသာထင်ရှားသောအပေါက်ကြီးတစ်ပေါက် ကျန်ရစ်ခဲ့သည်။

"အဟွတ်...အဟွတ်...အဟွတ်..."

သွေးများက အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏ပါးစပ်မှ အဆက်မပြတ် ယိုစီးကျလာသည်။

သူ၏မျက်လုံးများ သွေးနီရောင်သန်းနေကာ သူ၏ခန္ဓာကိုယ်မှ မရေမတွက်နိုင်သောသွေးစက်များ စီးဆင်းလာကာ တဖြည်းဖြည်းမြေပြင်ပေါ်သို့ ကျရောက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် အဆိပ်မြှားသည် မကြုံစဖူးအားနည်းမှုကို ခံစားမိလေ၏။

သူ အပိုင်စီးထားသောခန္ဓာကိုယ်သည် အားနည်းနေဆဲပင်။သူ၏အစွမ်းထက်သောစိတ်ဝိညာဥ်ကို တောင့်ခံနိုင်ရန် လွန်စွာခက်ခဲသည်။

ဤတစ်ကြိမ်တွင် သူသည် လက်ထပ်ပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ တခြားဂိုဏ်းအင်အားစုများ၏အင်အားကို စုစည်းရန်ပင်။မည်သည့်ဂိုဏ်းများသည် သူ့အပေါ်၌ သစ္စာရှိသည်ကို သူ မြင်တွေ့လိုသည်။ထို့ထက်ပို၍အရေးကြီးသောချက်မှာ မိန်းကလေးတစ်ယောက်ကို ရွေးချယ်ရန်ဖြစ်သည်။သူသည် ရိတ်သိမ်းခြင်းနည်းစနစ်ကိုအသုံးပြု၍ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို အလျှင်အမြန်မြှင့်တင်လိုသည်။

သူ လက်ထပ်ရန်ရွေးချယ်ခဲ့သော မိန်းကလေးသည် ယခင်က သူ့အား မြင်တွေ့ဖူးခြင်းမရှိချေ။သူမသည် သူ ခန္ဓာကိုယ်အပိုင်စီးထားသည်အား မသိရှိသည့်အပြင် သူ့အပေါ်တွင်လည်း အနည်းငယ်မျှပင် ခံစားချက်မရှိပေ။

ဤကဲ့သို့ဖြစ်လာရခြင်းမှာ ထိုမိန်းကလေး၏ဂိုဏ်းသည် အဆင့်မြင့်အကြီးအကဲအဆိပ်မြှား စိတ်ကျေနပ်မှုရရှိစေရန်အတွက် သူမအား လက်ထပ်ရန် အတင်းအကြပ်ဖိအားပေးခဲ့ခြင်းဖြစ်သည်။

ဤမိန်းကလေးထံတွင် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိနေသည်။သူသည် ထိုမိန်းကလေးကို အခွင့်ကောင်းယူနိုင်သည်နှင့် သူ၏မူလခွန်အားကို အလျှင်အမြန် ပြန်လည်ရရှိနိုင်ပေမည်။

မူလက အရာအားလုံးသည် အဆိပ်မြှား မျှော်လင့်ထားသည့်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ပေါ်လာခဲ့သည်။

ဤကဲ့သို့အချိန်မျိုးတွင် လုယွီသည် ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။

"တကယ်လို့ မင်း ငါ့ကို သတ်ရင်တောင်...မင်း ဒီနေရာကနေ အသက်ရှင်ရက်ထွက်သွားနိုင်မယ်လို့ မမျှော်လင့်နဲ့...ဂိုဏ်းချုပ်က ငါ့အတွက် လက်စားပြန်ချေပေးလိမ့်မယ်"

အဆိပ်မြှားကိုကြည့်ရသည်မှာ ရူးသွပ်သွားပုံရသည်။

သူသည် ခန္ဓာကိုယ်အပိုင်စီးမှုကို တစ်ကြိမ်ပြုလုပ်ပြီးလေပြီ။

ဤတစ်ကြိမ်တွင် သူ သေဆုံးသွားပါက သူ၏စိတ်ဝိညာဥ် လုံးလုံးလျားလျား ပျက်စီးသွားပေမည်။သူ အသက်ဆက်လက်ရှင်သန်နိုင်ရန်အတွက် မည်သည့်အခွင့်အရေးမျှ မရှိတော့ချေ။

လုယွီသည် သူ့အားသတ်ဖြတ်ရန် ကြိုးစားနေသလော...

"ဒါဆိုရင်ရော ဘာဖြစ်လဲ...ငါက သူ့ကိုသွားရှာရတာတောင် သက်သာသေးတယ်"

လုယွီက သရော်တော်တော် ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် လုယွီ၏လက်အတွင်းမှ ထက်ရှသောဓားချီတစ်လှိုင်း ထွက်ပေါ်လာကာ ရှေ့သို့တိုးထွက်သွားသည်။အနက်ရောင်အရိပ်တစ်ရိပ်သည် လေဟာနယ်ကိုဖြတ်သန်းသွားကာ ထက်ရှသောလေတိုးသံကိုသာ ကြားလိုက်ရသည်။

နံဘေးဘက်တွင်ရှိနေသော တခြားအဆင့်မြင့်အကြီးအကဲများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

အဆိပ်မြှားသည် ဒဏ်ရာရရှိရုံသာဆိုပါက အဆင်ပြေသော်လည်း သူ သတ်ဖြတ်ခံရပါက သူတို့၏ရေအင်မော်တယ်ဂိုဏ်းအတွက် ကြီးမားသောထိခိုက်နစ်နာမှုကြီး ဖြစ်သွားပေမည်။

အဆင့်မြင့်အကြီးအကဲများအနက်မှတစ်ယောက်သည် ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချကာ နံရံတွင်စိုက်ဝင်နေသော အဆိပ်မြှားကိုကယ်တင်ရန်ရည်ရွယ်၍ သူ့ထံသို့ပြေးဝင်လိုက်၏။

"သူ့ကိုဘယ်သူကယ်ဝံ့လဲဆိုတာ ငါ စောင့်ကြည့်မယ်"

လုယွီက ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။ထို့နောက် နဂါးတစ်ကောင်၏ဟိန်းသံကဲ့သို့အသံကြီး ထွက်ပေါ်လာသည်။

Chapter 3607

တုန်ခါသံတစ်သံနှင့်အတူ နဂါးဟိန်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဤသည်မှာ ရှေးဟောင်းသိုင်းပညာနည်းစနစ်ဖြစ်သော နတ်ဘုရားနဂါးဟိန်းသံကို အသုံးပြုလိုက်ခြင်းပင်။ထိုအသံ ရုတ်တရက် ပွင့်အံ့ထွက်လာခြင်းနှင့်အတူ မိုးခြိမ်းသံကဲ့သို့ အလွန်ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

အဆိပ်မြှားကို ကယ်တင်ရန်ကြိုးစားနေသောအကြီးအကဲသည် သူ၏နားအတွင်း၌ ပေါက်ကွဲသံတစ်သံ မြည်ဟီးသွားသည်ကို ခံစားမိကာ သူ၏ဦးနှောက်အတွင်း၌ တုန်ခါသံများဖြင့် ပြည့်နှက်သွားသည်။

ထို့နောက် သူသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကူကယ်ရာမဲ့ထိတ်လန့်ကြောက်ရွံလာသကဲ့သို့ ခံစားမိလေ၏။

ဤသည်မှာ သူသည် လုယွီနှင့်ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ ရှေးဟောင်းရက်စက်ကြမ်းကြုတ်မှော်သားရဲများ၏ဝိုင်းရံခြင်းကို ခံနေရသည့်အလားပင်။ရုတ်ချည်းဆိုသလိုပင် သူသည် မည်သည့်အရာမျှ မကျန်ရှိတော့သည်အထိ ဝါးမျိုခံရသည့် ခံစားချက်မျိုးရရှိလာသည်။

ပုံရိပ်ယောင်မျိုးစုံက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။သူ ပျံသန်းနေစဥ်မှာပင် သူ၏လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ဟန့်တားထားသကဲ့သို့ ခံစားမိသဖြင့် သူ၏မျက်နှာဖြူရော်သွားသည်။သူသည် ထပ်မံ၍နီးကပ်အောင် မချဥ်းကပ်ဝံ့တော့ချေ။

ဝှစ်...

ထက်ရှသောဓားချီသည် နံရံတွင်စိုက်ဝင်နေသော အဆိပ်မြှားထံဦးတည်၍ တိုးဝင်သွားသည်။

ထိုဓားချီသည် အဆိပ်မြှား၏ခေါင်းကို ထွင်းဖောက်သွားတော့မည့်အချိန်မှာပင် တောင်ကြားမှနေ၍ ရုတ်တရက် တုန်ခါသံကြီးတစ်သံ မြည်ဟီးလာသည်။

မြေပြင်အက်ကွဲသွားကာ မြောက်မြားစွာသောအစိမ်းရောင်နွယ်ပင်များ တိုးထွက်လာပြီး ထိုဓားချီ၏နံဘေးတဝိုက်ကို ရစ်ပတ်လိုက်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ထက်ရှသောဓားချီသည် ထိုနွယ်ပင်များအားလုံးကို ခုတ်ပိုင်းလိုက်၏။

သို့ရာတွင် ထိုနွယ်ပင်များသည် အဆုံးမရှိဘဲအဆက်မပြတ်ထွက်ပေါ်နေကာ ထိုအရာများကို ဖျက်ဆီး၍မရနိုင်သည့်အလားပင်။

ရာနှင့်ချီသောနွယ်ပင်များကို ဖယ်ရှားပြီးနောက် ဓားချီသည် တဖြည်းဖြည်းအားပျော့သွားကာ လေထုအတွင်း၌ ပျက်ပြယ်သွားတော့သည်။

ကျွီ...

အကြီးအကဲခန်းမ၏အနောက်ဘက်တံခါး ရုတ်တရက်ပွင့်လာသည်။

ဤအနောက်ဘက်တံခါးကို အစဥ်အမြဲ ပိတ်ထားလေ၏။ရေအင်မော်တယ်ဂိုဏ်း၏ဂိုဏ်းချုပ်သည် ဤတံခါး၏နောက်၌ရှိနေသည်ကို လူတိုင်း သိရှိထားသည်။

ထိုတံခါး၏နောက်မှနေ၍ အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်ထွက်လာသည်။သူသည် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားကာ သူ၏အဖြူရောင်ဝတ်စုံသည် လေတိုက်ခတ်မှုနှင့်အတူ တဖျတ်ဖျတ်လူးလွန့်နေသည်။

ထိုမျက်နှာဖုံးပေါ်တွင် နတ်ဆိုးသရဲတစ္ဆေတစ်ကောင်၏ပုံကို ရေးဆွဲထားသည်။ဤသည်မှာ သူ၏သူတော်စင်တစ်ပါးကဲ့သို့ ဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံနှင့် အလွန်ဆန့်ကျင်ဘက်ဖြစ်နေလေရာ လူအများအား နက်ရှိုင်းသောခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

"မင်းက ငါ့ရဲ့ဂိုဏ်းထဲကိုဝင်လာပြီးတော့ တစ်စုံတစ်ယောက်ကိုသတ်ဝံ့တဲ့ ပထမဆုံးလူပဲ"

အဖြူရောင်ဝတ်စုံဝတ်လူ၏ပါးစပ် ဖွင့်ဟလိုက်သောအချိန်အခိုက်အတန့်တွင် လေးနက်တည်ကြည်သောစကားသံက ဖြည်းညှင်းစွာထွက်ပေါ်လာသည်။

အဖြူရောင်ဝတ်စုံဝတ်လူ ထွက်ပေါ်လာသည်ကိုမြင်တွေ့ချိန်တွင် ရေအင်မော်တယ်ဂိုဏ်းမှ တပည့်များအားလုံး ကြက်သေသေသွားသည်။ထို့နောက် သူတို့သည် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

"ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်"

ဤအချိန်အခိုက်အတန့်တွင် ရိုသေလေးစားစွာ အရိုအသေပြုလိုက်သောအသံများက မိုးကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ထိုအသံကိုကြားချိန်တွင် လန်ဝူရှင်း၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။

သူသည် သူ့ရှေ့ရှိ အဖြူရောင်ဝတ်စုံဝတ်လူကိုကြည့်ကာ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားလေ၏။

"ထန်နတ်ဆိုးဧကရာဇ်...မင်းက တကယ်ကြီး အသက်ရှင်သန်နေတုန်းပါလား"

အဖြူရောင်ဝတ်စုံဝတ်လူသည် ရေအင်မော်တယ်ဂိုဏ်း၏ဂိုဏ်းချုပ်မှတပါး တခြားလူမဟုတ်ချေ။

သူသည် မူလက အဝါရောင်ပန်းလေးတစ်ပွင့်အဖြစ်မှ ဥာဏ်အလင်းပွင့်လာကာ မဟာတာအိုကို ရရှိခဲ့သူပင်။ထို့နောက် သူသည် နတ်ဆိုးဧကရာဇ်အဖြစ် ကောင်းကင်ဘုံနယ်မြေ၌ ခြေကုပ်ယူနိုင်ခဲ့သည်။

နတ်ဆိုးဧကရာဇ်သည် တာအိုကိုရရှိခဲ့စဥ်တွင် မြစ်ကမ်းနံဘေးတစ်နေရာ၌ဖြစ်သည်။ထိုမြစ်၏နာမည်သည် ထန်ဟယ်ဖြစ်သဖြင့် နတ်ဆိုးဧကရာဇ်သည် ထိုအရာကို သူ၏မျိုးရိုးနာမည်အဖြစ် အသုံးပြုခဲ့သည်။

ထန်နတ်ဆိုးဧကရာဇ်သည် ရေအင်မော်တယ်ဂိုဏ်းကို တည်ထောင်ပြီးနောက် သူပိုင်ဆိုင်ထားသော တာအိုသဘောတရားများကို အဆင့်မြင့်အကြီးအကဲတချို့ကို သင်ကြားပေးပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

ရေအင်မော်တယ်ဂိုဏ်းမှနေ၍ ဂိုဏ်းချုပ်သည် နှစ်ရှည်လများတံခါးပိတ်ကျင့်ကြံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

ထန်နတ်ဆိုးဧကရာဇ် မည်သည့်အရာအား ပြုလုပ်နေသည်ကို မည်သူမျှမသိကြချေ။ရေအင်မော်တယ်ဂိုဏ်း၏ကိစ္စအဝဝကို အဆင့်မြင့်အကြီးအကဲဆယ်ယောက်ကသာ ကိုင်တွယ်ဖြေရှင်းလေ၏။

ပြင်ပလောက၌ ထန်နတ်ဆိုးဧကရာဇ်သည် နယ်မြေသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းရင်း ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကြောင့် သေဆုံးသွားခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သည်။

အမှန်အားဖြင့် ဤသည်မှာ ကောလဟာလတစ်ခုသာဖြစ်ပြီး အဖြစ်မှန်ဟုတ်မဟုတ် မည်သူမျှမသိရှိကြချေ။

ယခုချိန်တွင် ထန်နတ်ဆိုးဧကရာဇ် ထွက်ပေါ်လာခြင်းကြောင့် ကောလဟာလများအားလုံး ကြေမွှပျက်စီးသွားလေပြီ။

လန်ဝူရှင်းသည်လည်း ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။

အထွတ်အထိပ်ဂိုဏ်းနှင့်ရေအင်မော်တယ်ဂိုဏ်း နှစ်ဂိုဏ်းလုံးသည် ထိပ်သီးဂိုဏ်းကြီးများဖြစ်သော်လည်း သူတို့ဂိုဏ်း၏အမွေအနှစ်ဆက်ခံမှုသည် ရေအင်မော်တယ်ဂိုဏ်းထက် များစွာပို၍အားနည်းသည်။

အထွတ်အထိပ်ဂိုဏ်း၏အမွေအနှစ်အများစုသည် ရှေးဟောင်းရူးသွပ်နတ်ဘုရားမျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ကျင့်ကြံနည်းစနစ်အများစုတွင် ယဇ်ပူဇော်ခြင်းကိုအသုံးပြုရပြီး ထိုနည်းစနစ်များသည် ပြည့်စုံခြင်းမရှိချေ။

Chapter 3608

သို့ရာတွင် ရေအင်မော်တယ်ဂိုဏ်းကမူ မတူညီချေ။

ထန်နတ်ဆိုးဧကရာဇ်ဟု အမည်တွင်သော ထန်ယောင်ရှင်း၏ဆရာကို မည်သူမျှမသိရှိသော်လည်း သူသည် အမွေအနှစ်များစွာကို ဆက်ခံထားသည်။

ရေအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများအားလုံးနီးပါး ကွဲပြားခြားနားသော အမွေအနှစ်များကို ရရှိထားပေ၏။ထိုမျှသာမက သူတို့ သင်ယူတတ်မြောက်ထားသော ကျင့်ကြံနည်းစနစ်များအားလုံး ပြီးပြည့်စုံသည်။

အထွတ်အထိပ်ဂိုဏ်းရှိ အဆင့်မြင့်အကြီးအကဲများသည် ရေအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲနှင့် အဆင့်အတန်းခြင်းတူညီသော်လည်း သူတို့၏စွမ်းအားသည် တစ်ဖက်လူများထက် ပို၍နိမ့်ကျပေ၏။

လန်ဝူရှင်းသည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့်တိုင် သူသည် လူငယ်မျိုးဆက်ကိုသာ လွှမ်းမိုးနိုင်သည်။အားနည်းသောပြိုင်ဘက်များနှင့်တွေ့ရပါက သူ အဆင်ပြေနိုင်သော်လည်း နှစ်ပေါင်းအတော်ကြာကျင့်ကြံခဲ့သော မွန်းစတားအိုကြီးများကို ရင်ဆိုင်နိုင်ရန်မှာမူ သူ့အတွက် လွန်စွာခက်ခဲပေမည်။

"ငါက တစ်ချိန်လုံးတံခါးပိတ်ကျင့်ကြံနေခဲ့ပေမယ့်....အရိုးစုသေဆုံးတာကို ငါ အာရုံခံမိတယ်...မင်းက သူ့ကိုသတ်လိုက်တဲ့တစ်ယောက်လား"

မျက်နှာဖုံးအောက်ရှိ ထန်ယောင်ရှင်း၏ထူးဆန်းသောမျက်လုံးတစ်စုံမှနေ၍ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်။

"အမှန်ပဲ"

လုယွီက သူ၏လက်များကိုနောက်ပစ်ကာ တည်ငြိမ်စွာ ပြောဆိုသည်။

"ငါ ဒီနေ့ ဒီနေရာကိုရောက်လာတာ မင်းကိုလာရှာဖို့ပဲ"

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံသွားသည်။

အဆိပ်မြှားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်နေသော နတ်ဘုရားမြှားကို အားကုန်သုံး၍ ဆွဲနှုတ်လိုက်၏။ထို့နောက် သူ၏ကြေမွှပျက်စီးလုဆဲဆဲခန္ဓာကိုယ်ကို ထိန်းသိမ်းကာ ထန်ယောင်ရှင်း၏နံဘေးသို့ အပြေးသွားပြီး အော်ဟစ်လိုက်သည်။

"အရှင်...သူက အဆိပ်မြှားကို သတ်ခဲ့ရုံတင်မကဘူး...ကျွန်တော်ကိုလည်း သတ်ဖို့ကြံစည်နေတယ်....သူက ကျွန်တော်တို့တာအိုဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးချင်နေတာ...ကျွန်တော်တို့က သူ့ကို အလွတ်ပေးလို့မဖြစ်ဘူး"

သူသည် မူလက သေအံ့မူးမူးအခြေအနေသို့ ရောက်ရှိနေသဖြင့် စိတ်ပျက်ညှိုးငယ်နေခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ တံခါးပိတ်ကျင့်ကြံရာမှထွက်လာသော ထန်ယောင်ရှင်းကိုမြင်တွေ့ချိန်တွင် သူ၏အသက်ရှင်သန်နိုင်ရန်အတွက် မျှော်လင့်ချက်များ တဖန်ပြန်၍ရလာလေပြီ။

ထန်ယောင်ရှင်း၏မျက်နှာ သုန်မှုန်နေသည်။

"ဒီလိုဆိုမှတော့...မင်း ဒီနေရာကိုလာတာ ပြဿနာလာရှာတာလား"

"မင်း ဘာမှအပိုတွေ ပြောနေစရာမလိုဘူး..ငါ ဒီနေရာကို ဘာရည်ရွယ်ချက်မှမရှိဘဲ ရောက်လာတာ မဟုတ်ဘူး"

လုယွီသည် ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။သူ၏အင်္ကျီလက်မောင်းကြားမှ စာလိပ်တစ်လိပ်ကိုထုတ်ယူကာဖြန့်၍ ပြောဆိုသည်။

"သစ္စာဖောက်နဲ့ပူးပေါင်းပြီးတော့ အုပ်ချုပ်ရေးနယ်မြေထဲမှာ ဖရိုဖရဲဖြစ်အောင်လုပ်တဲ့ ပြစ်မှုတွေထဲက ပထမဆုံးပြစ်မှု....စစ်ဗိုလ်ချုပ်တစ်ယောက်ကို ဖမ်းဆီးပြီးတော့ သီးသန့်အကျဥ်းထောင်ထဲမှာ ပိတ်လှောင်ထားတာက ဒုတိယပြစ်မှု...ပြင်ပလူတွေနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြိုးစားတာက တတိယပြစ်မှု...ထားလိုက်တော့...အဲ့ဒီပြစ်မှုတွေနဲ့တင် မင်းတို့ရေအင်မော်တယ်ဂိုဏ်းကို အကြိမ်ရာနဲ့ချီပြီး အမြစ်ပြတ်သုတ်သင်ဖို့ လုံလောက်တယ်"

အဆုံးသတ်၌ လုယွီသည် ထိုစာလိပ်ကို ဆက်မဖတ်လိုတော့သဖြင့် ထန်ယောင်ရှင်း၏ရှေ့သို့ ပစ်ချလိုက်၏။

ထိုစာလိပ်သည် မြေပြင်ပေါ်သို့ကျသွားပြီးနောက် ချက်ချင်းပြန့်သွားသည်။ထိုအရာပေါ်တွင် ရေအင်မော်တယ်ဂိုဏ်းမှကျူးလွန်ခဲ့သောပြစ်မှုများကို ထူထပ်သိပ်သည်းစွာ ရေးသားထားသည်။

ထိုပြစ်မှုများအနက်မှ အများစုသည် ပေါင်လုံတု တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးဘဝ၌ရှိနေစဥ်တွင် လျှို့ဝှက်၍စုံစမ်းစစ်ဆေးခဲ့သော ကိစ္စများပင်။

သို့ရာတွင် ဝမ်မူကျီး ရှိနေခြင်းကြောင့် ပေါင်လုံတုသည် ရေအင်မော်တယ်ဂိုဏ်း၏ပြစ်မှုများအတွက် သူ့ထံတွင် သက်သေများရှိနေသည့်တိုင် မည်သို့မျှအရေးယူနိုင်ခဲ့ခြင်းမရှိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကွဲပြားခြားနားသွားလေပြီ။

"မင်းနဲ့လန်ဝူရှင်းလောက်နဲ့ ငါ့ရဲ့ဂိုဏ်းကို ဖျက်ဆီးနိုင်မယ်လို့ မင်း ထင်နေတာလား...အရမ်းနုံအတာပဲ"

ထန်ယောင်ရှင်းက အော်ဟစ်ကြုံးဝါးကာ သူ၏ခြေထောက်အောက်မှ နွယ်ပင်များ ထွက်ပေါ်လာသည်။

လုယွီက ထန်ယောင်ရှင်းကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်းတို့ ရေအင်မော်တယ်ဂိုဏ်းက...ငါ့ကိုဆန့်ကျင်ဖို့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ကိုတောင် ပြောင်ပြောင်တင်းတင်း ဖွဲ့စည်းဝံ့တယ်....ဒီနေ့ ငါက မင်းတို့ကို အရင်ဆုံးပညာပေးရမယ်"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ခြေတစ်လှမ်းရှေ့တိုးကာ လက်သီးတစ်ချက်ထိုးနှက်လိုက်၏။

အကြီးအကဲခန်းမ၏မြေပြင်ပေါ်တွင် မူလက ခိုင်ခန့်မာကျောသောကျောက်ပြားများ ခင်းကျင်းထားသည်။ထိုအရာများသည် အလွန်ခိုင်ခန့်မာကျောပေ၏။

သို့ရာတွင် လုယွီ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ရှေ့တိုးလာခြင်းနှင့်အတူ အောက်ရှိကျောက်ပြားများ ကြေမွှပျက်စီးသွားသည်။

ဘုန်း....

ထိုလက်သီးတစ်ချက်နှင့်အတူ ထန်ယောင်ရှင်းသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရကာ အဆက်မပြတ်လည်ပတ်နေသော အဋ္ဌဂံပုံရိပ်ယောင်တစ်ခုက သူ၏လက်ဝါးအတွင်း၌ ထွက်ပေါ်လာသည်။

လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားလှိုင်းတစ်ရပ်သည် ထန်ယောင်ရှင်း၏လက်အတွင်းမှ ထွက်ပေါ်လာကာ လုယွီ၏လက်သီးစွမ်းအားကို တဖြည်းဖြည်း ချေဖျက်လိုက်သည်။

"မင်းမှာ အရည်အချင်းတချို့တော့ ရှိသားပဲ...ဒါပေမယ့် ဒီနေရာက မင်း မောက်မာရိုင်းပျလို့ရတဲ့ နေရာမျိုးမဟုတ်ဘူး"

ထန်ယောင်ရှင်းက ရုတ်တရက် လက်သင်္ကေတတစ်ခုကိုဖွဲ့စည်းကာ သူ့ရှေ့ရှိ လေဟာနယ်အတွင်းသို့ တွန်းပို့လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ တောင်တန်းများ ပြင်းပြင်းထန်ထန် တုန်ခါစပြုလာကာ အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ် သက်ရောက်လာသည်။

တောင်တန်းများပေါ်တွင်ရှိနေသော ရေအင်မော်တယ်ဂိုဏ်းမှတပည့်များ၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ သူတို့သည် အရပ်မျက်နှာအဘက်ဘက်သို့ ချက်ချင်းထွက်ပြေးကြတော့သည်။

Chapter 3609

အကြီးအကဲခန်းမ ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။တိုင်လုံးများပေါ်တွင် သုတ်ထားသော ဆေးနီများကွာကျလာကာ အတွင်းရှိ ရွှေရောင်တောက်ပနေသောမျက်နှာပြင်များ ထွက်ပေါ်လာသည်။

ယခုကြည့်ကြည့်တော့မှ ထိုတိုင်လုံးတစ်လုံးစီပေါ်တွင် ထူထပ်သိပ်သည်းစွာ ရေးထွင်းထားသော မှော်မန္တန်များ ရှိနေသည်။

ထန်ယောင်ရှင်း၏စေ့ဆော်မှုအောက်တွင် ထိုမှော်မန္တန်များသည် တပြိုင်နက်တည်း ရွှေရောင်တောက်ပလာကာ ထိုအရာများ၏ကိုယ်ပိုင်စွမ်းအားများ ထွက်ပေါ်လာသည်။

အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုလိုက်၏။

"ကောင်လေး....မင်း သေချာပေါက် သေရတော့မယ်...ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကို အသက်သွင်းလိုက်တာနဲ့...တကယ်လို့ မင်းမှာ မြေလျှိုးမိုးပျံနိုင်တဲ့ အရည်အချင်းမျိုးရှိနေရင်တောင်....မင်း ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး...မင်း သေရမှာ သေချာပေါက်ပဲ"

ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါ....

ထန်ယောင်ရှင်းသည် ဤဝင်္ကပါကို အသက်သွင်းပြီးနောက် မူလက သူ၏စိတ်အတွင်း၌ ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားလေပြီ။

သူ ထွက်လာစဥ်တွင် မထီမဲ့မြင်စကားများကို ပြောဆိုနေသော်လည်း သူသည် လုယွီအပေါ် သတိကြီးစွာထားနေခဲ့သည်။သို့ရာတွင် ယခုချိန်၌ သူသည် လုယွီကို ဝင်္ကပါအတွင်း၌ ပိတ်လှောင်ထားပြီဖြစ်သဖြင့် သူ စိတ်သက်သာရာရသွားသကဲ့သို့ ခံစားရကာ သူ၏မျက်နှာအမူအယာ တည်ငြိမ်သွားသည်။

"ဒီဝင်္ကပါက ငါတို့ဂိုဏ်းရဲ့အစွမ်းထက်ဆုံးဝင်္ကပါပဲ...အစတုန်းကတော့ ငါ ဒါကို ချန်ထားခဲ့တာက ငါ့ရဲ့ဂိုဏ်းကို အစွမ်းထက်တဲ့ရန်သူတွေ လာပြီးတိုက်ခိုက်တာကို ကာကွယ်ဖို့အတွက်ပဲ...အရှင်လုက ငါတို့ဂိုဏ်းကို ရောက်လာတဲ့အချိန်မှာ ငါ့ကို ဒီဝင်္ကပါအသက်သွင်းတဲ့အထိ လုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒီဝင်္ကပါအောက်မှာသေဆုံးရတာ မင်းအတွက် ဂုဏ်ယူဝင့်ကြွားစရာတစ်ခုပဲ"

ထန်ယောင်ရှင်း စကားပြောဆိုစဥ်တွင် အရာရာတိုင်းသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား သူ၏လေသံသည် တင်းမာပြတ်သားနေပေ၏။

"ဒီဝင်္ကပါက မဆိုးဘူး"

လုယွီက ပတ်ဝန်းကျင်ရှိဝင်္ကပါကြီးကို တစ်ချက်ကြည့်ကာ ပြောဆိုသည်။

ဤရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါသည် အထွတ်အထိပ်ဂိုဏ်း၏မဟာအကာအကွယ်ဝင်္ကပါကြီးထက် များစွာပို၍အဆင့်မြင့်သည်။

ဤဝင်္ကပါကိုခင်းကျင်းသူသည် ဝင်္ကပါပညာရပ်တွင် နက်နဲသိမ်မွေ့သောအရည်အချင်းရှိနေရန် လိုအပ်ရုံသာမက နက်ရှိုင်းသော အမွေအနှစ်ဆက်ခံမှုလည်း ရှိနေရပေမည်။

လုယွီသည် ဤဝင်္ကပါကိုခင်းကျင်းထားသော နည်းစနစ်များမှတဆင့် ပျောက်ဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော ဝင်္ကပါဂိုဏ်းများ၏အရိပ်အယောင်များကိုပင် တွေ့မြင်မိသည်။

ဤဝင်္ကပါကို အသက်သွင်းပြီးနောက် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့်တွင် လုယွီ မတ်တတ်ရပ်နေသောနေရာရှိ ဖိအားအရှိန်အဝါ အဆများစွာမြင့်တက်လာသည်။

လုယွီ၏အဝတ်အစားများသည် လေပြင်းတစ်ရပ်၏ဝှေ့ယမ်းတိုက်ခတ်ခြင်းကို ခံရသည့်အလား စုတ်ပြဲသွားလေ၏။

သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသော ဖိအားအရှိန်အဝါသည် သူ့အား အစိတ်စိတ်အမွှာမွှာခြေမွှဖျက်ဆီးလိုသည့် အလွန်ကြီးမားသော တောင်ကြီးတစ်လုံးအလားပင်။

ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို သာမာန်ကျင့်ကြံသူများ တောင့်ခံနိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီသည် သူ၏မတ်တတ်နေသော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားကာ သူ၏မျက်နှာအမူအယာ အေးဆေးတည်ငြိမ်နေဆဲပင်။သူ့ထံတွင် သိုင်းပညာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့် ရုပ်ခန္ဓာကိုယ်ရှိနေသောကြောင့် ဤဖိအားအရှိန်အဝါကို ခံနိုင်ရည်ရှိသည်။

ထန်ယောင်ရှင်းက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"တကယ်လို့ အခုချိန်မှာ မင်း တောင့်ခံနိုင်သေးတယ်ဆိုရင်တောင်...မင်းက အရှိန်ကုန်တော့မယ့် မြှားတစ်စင်းနဲ့ အတူတူပဲ"

"မကောင်းတော့ဘူး"

အကြီးအကဲခန်းမ၏ပြင်ပတွင်ရှိနေသော လန်ဝူရှင်းနှင့်ရှင်းလင်ကြယ်နယ်မြေသခင်၏ မျက်နှာအမူအယာများ တပြိုင်နက်တည်း ပျက်ယွင်းသွားသည်။

လုယွီသည် တစ်ဖက်ရန်သူများကိုသတ်ဖြတ်နေစဥ်၌ သူတို့သည် နံဘေးဘက်မှစောင့်ကြည့်နေကာ မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ခဲ့ချေ။

သို့ရာတွင် ယခုချိန်၌ လုယွီသည် တစ်ဖက်လူများ၏ဝင်္ကပါအတွင်း၌ ပိတ်မိနေသည်ကို မြင်တွေ့မိသဖြင့် သူတို့နှစ်ယောက်လုံး စိုးရိမ်ပူပန်သွားသည်။

လန်ဝူရှင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"သူ့ကို လွှတ်ပေးစမ်း"

ထိုသို့ပြောဆိုပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို လှည့်ပတ်ကာ ဓားရှည်တစ်လက်အသွင်သို့ပြောင်းလဲပြီး ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါပြီးကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။

"ဘုန်း....ဘုန်း...ဘုန်း..."

လန်ဝူရှင်း၏ဆေဘာဓားချက်သည် အလွန်အမင်း လျှင်မြန်သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပြင်းထန်သောဓားချီလှိုင်းများသည် ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကြီးပေါ်သို့ အကြိမ်ပေါင်းများစွာ ကျရောက်သွားလေပြီ။

သို့ရာတွင် သူ၏အစွမ်းထက်သောဓားချီများသည် ဝင်္ကပါကြီး၏မျက်နှာပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် နွံအိုင်အတွင်းသို့ နစ်ဝင်သွားသည့်အလားပင်။ထိုဓားချီစွမ်းအားများသည် ဝင်္ကပါအတွင်းသို့ လုံးလုံးလျားလျား နစ်မြုပ်သွားကာ အနည်းငယ်မျှပင် ထုတ်လွှတ်နိုင်ခြင်းမရှိတော့ချေ။

ဤသည်မှာ ထိုဓားချီများအားလုံး ဝါးမြိုခံလိုက်ရသည့်အလားပင်။

"ဒါက ဘယ်လိုသောက်ရေးမပါတဲ့ ဝင်္ကပါမျိုးလဲ"

လန်ဝူရှင်းသည် ဒေါသတကြီးအော်ဟစ်ကာ ဆက်လက်၍ ခုတ်ပိုင်းလိုက်၏။

သို့ရာတွင် သူ၏ဆေဘာဓားချက်များ မည်မျှပင်အစွမ်းထက်နေပါစေ ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကြီးကို အနည်းငယ်မျှပင် သက်ရောက်စေခြင်းမရှိချေ။

ဤအချိန်အခိုက်အတန့်တွင် ရှင်းလင်ကြယ်နယ်မြေသခင်ကလည်း စတင်၍လှုပ်ရှားလေသည်။သူ၏လက်ဝါးမှ ကြယ်ရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ဝင်္ကပါကြီးထံသို့ ပြင်းပြင်းထန်ထန် တိုးဝင်သွားသည်။

သူတို့နှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကြီးထံမှ ကျယ်လောင်သောဘုန်းခနဲမြည်သံကြီး ထွက်ပေါ်လာသော်လည်း ပြိုကွဲပျက်စီးသွားခြင်းမရှိချေ။

All Chapters