အခန်း (၃၆၁၈-၃၆၂၁)
Vol. 184 Ch. 3618-3621
Chapter 3618
ဤအကျိုးသက်ရောက်မှုကြောင့် သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်သည် ရေအင်မော်တယ်ဂိုဏ်း၏မြင့်မြတ်နယ်မြေဖြစ်လာပေ၏။
သို့ရာတွင် သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်အတွင်းသို့ လူတိုင်း ဝင်ရောက်နိုင်ခြင်းမရှိချေ။
အကြီးအကဲများအနက်မှ တချို့သာ ဤနေရာသို့ ရှားရှားပါးပါးဝင်ခွင့်ရသည်။အဆင့်မြင့်အကြီးအကဲများသာ ဤနေရာသို့ ဝင်ရောက်ရန် အခွင့်အရေးရှိသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် အဆင့်မြင့်အကြီးအကဲများသည် သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်အတွင်းသို့ဝင်ရောက်ရာ၌ အချိန်အကန့်အသတ်ရှိသည်။
ဤသည်မှာ ထန်ယောင်ရှင်း ချမှတ်ထားသောစည်းမျဥ်းဖြစ်သဖြင့် မည်သည့်အဆင့်မြင့်အကြီးအကဲကမျှ ချိုးဖောက်ဝံ့ခြင်းမရှိချေ။
သို့ရာတွင် ယခုချိန်၌ လုယွီသည် သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်အတွင်းသို့ ဝင်လိုသောကြောင့် စည်းမျဥ်းကိုဖောက်ဖျက်ရာကျသည်။
"မင်းတို့အားလုံး ဂိုဏ်းကိုတည်ငြိမ်အောင် ထိန်းသိမ်းပြီးတော့ ငါ့ဆီကအမိန့်ကို စောင့်ကြစမ်း...ဖုန်းရွှမ် မင်းရဲ့လူတွေကိုခေါ်သွားပြီးတော့....အဆိပ်မြှားတောင်ထိပ်က လူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းပြီး ရှင်းလင်အုပ်ချုပ်ရေးရုံးတော်ကိုပို့လိုက်စမ်း"
ထန်ယောင်ရှင်းက အမိန့်ပေးလိုက်၏။
"အမိန့်အတိုင်းပါ ဂိုဏ်းချုပ်"
အဆင့်မြင့်အကြီးအကဲရှစ်ယောက်သည် နှောင့်နှေးကြန့်ကြာဝံ့ခြင်းမရှိသဖြင့် ချက်ချင်းသဘောတူညီလိုက်ကြသည်။
ပတ်ဝန်းကျင်ရှိတပည့်များအားလုံးလည်း အလျှင်အမြန် ထွက်ခွာသွားကြလေ၏။အလယ်မှပြိုကျနေသောတောင်တစ်လုံးသာ အပျက်အစီးများ၏အလယ်၌ ကျန်ခဲ့တော့သည်။
ထိုပြိုကျပျက်စီးနေသော အကြီးအကဲတောင်၏တောင်ခါးပန်းတွင် အစိမ်းရောင်သစ်ပင်များ ထူထပ်စွာပေါက်ရောက်နေသော တောအုပ်တစ်ခုရှိသည်။ထို့နောက် ဤနေရာတွင် အံ့အားသင့်ဖွယ်ကောင်းအောင် တိတ်ဆိတ်ငြိမ်သက်နေသော ရေအိုင်တစ်အိုင်ရှိနေလေ၏။
ထိုရေအိုင်၏နံဘေးပတ်ဝန်းကျင်တွင် မြူခိုးများ လွှမ်းခြုံနေသည်။
ဤနေရာတွင် ပြင်ပလူများ စုံစမ်းထောက်လှမ်းခြင်းမှ ကာကွယ်ရန်အတွက် ယခင်က ဝင်္ကပါတစ်ခုကို ခင်းကျင်းထားသည်။
သို့ရာတွင် ယခုချိန်၌ လုယွီ၏လက်ချက်ဖြင့် ပတ်ဝန်းကျင်ရှိ တောင်များအားလုံး ပြိုလဲပျက်စီးသွားခဲ့သည်။ဤဝင်္ကပါကြီးသည်လည်း သက်ရောက်ခြင်းခံရသဖြင့် ထိခိုက်ပျက်စီးသွားကာ ဝင်္ကပါ၏နောက်ကွယ်ရှိအရာများ ထွက်ပေါ်လာသည်။
ယခုလက်ရှိချိန်တွင် ပြင်ပရှိမြူခိုးများ ကျဲပါးနေသဖြင့် အတွင်းရှိအရာများကို ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ချေ။
ရေအိုင်အတွင်း၌ စိတ်ဝိညာဥ်စွမ်းအားများရစ်ဝဲနေကာ ရေသည် အောက်ခြေကိုမြင်ရသည်အထိ ကြည်လင်နေပေ၏။
ဤသည်မှာ သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်ပင်။
"ဒီရေအိုင်မှာ တကယ့်ကို မသေမျိုးအဆင့်မှော်ရတနာတစ်ခုရဲ့အရှိန်အဝါမျိုး ရှိနေတာပါလား"
လုယွီ၏စိတ် လှုပ်ခတ်သွားကာ သူ ရေအိုင်ကို ထပ်မံ၍ကြည့်လိုက်သည်။
မူလက သူသည် သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်အတွင်းသို့ ဝင်ရောက်လိုသည်ဟူသော ဆင်ခြေကိုအသုံးပြု၍ ထိုမသေမျိုးအဆင့်မှော်ရတနာကို ရှာဖွေလိုခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် သိုင်းသူတော်စင်အထွတ်အထိပ်အဆင့်ရုပ်ခန္ဓာကိုယ် ရှိနေသည်။သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်သည် မည်ကဲ့သို့အမျိုးအစား ဖြစ်နေပါစေ သူ၏ရုပ်ခန္ဓာကိုယ်အတွက် အနည်းငယ်မျှသာ အကျိုးသက်ရောက်မှုရှိပေမည်။
မသေမျိုးအဆင့်မှော်ရတနာကသာ လုယွီ၏စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့သည်။
သို့ရာတွင် ဤမသေမျိုးအဆင့်မှော်ရတနာ၏အရှိန်အဝါသည် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ဤသန့်ရှင်းစင်ကြယ်ခြင်းရေအိုင်အတွင်းတွင် ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီသည် သူ၏ခြေထောက်ကိုမြှောက်ကာ သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်အတွင်းသို့ဆင်းလိုက်၏။
ပတ်ဝန်းကျင်ရှိရေများသည် ကြည်လင်ပြီးအေးမြကာ သူ၏ခန္ဓာကိုယ်ကိုစိုစွတ်မိသည်နှင့် သူ၏ရိုးတွင်းခြင်ဆီများနှင့်အရွတ်များကို ဆေးကြောသန့်စင်ပေးသည်။
ဤအချိန်အခိုက်အတန့်တွင် သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်မှ အကျိုးသက်ရောက်မှုရှိလာပုံဖြင့် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် နွေးထွေးသောလေစီးကြောင်းတစ်ရပ် စီးဆင်းလာသည်ကို လုယွီက ခံစားမိသည်။
သို့ရာတွင် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ရုပ်ခန္ဓာကိုယ်သည် အပြစ်အနာအဆာ ကင်းမဲ့သလောက်နီးပါးပင်။သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်သည် ရိုးတွင်းခြင်ဆီကိုသန့်စင်ပေးနိုင်သော်လည်း အကျိုးသက်ရောက်မှုသည် ယခုလက်ရှိ လုယွီ၏ရုပ်ခန္ဓာကိုယ်အတွက် သိသာထင်ရှားခြင်းမရှိချေ။
လုယွီသည် ရေအိုင်အတွင်းသို့ဝင်ပြီးနောက် သူ၏မျက်လုံးကိုစုံမှိတ်ကာ အနားယူလိုက်၏။
ထန်ယောင်ရှင်းသည် နံဘေးဘက်၌ထိုင်ကာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်သည်။
အချိန်တစ်နာရီခန့်ကြာပြီးနောက် လုယွီသည် အသက်ရှုသွင်းရှုထုတ်လုပ်ကာ သူ၏ရုပ်ခန္ဓာကိုယ်နှင့်စိတ်ကို အကောင်းဆုံးအခြေအနေသို့ရောက်အောင် ထိန်းညှိလေသည်။
ဤသည်မှာ ချေမှုန်းဖျက်ဆီးသော ခရီးစဥ်ဖြစ်သော်လည်း လုယွီသည် အထွတ်အထိပ်ဂိုဏ်းနှင့်ရေအင်မော်တယ်ဂိုဏ်းတို့တွင် တိုက်ပွဲကြီးနှစ်ပွဲကို ဆက်တိုက်တိုက်ခိုက်ခဲ့ရသောကြောင့် သူ၏မှော်စွမ်းအားအမြောက်အများ ကုန်ဆုံးသွားခဲ့ရသည်။
ယခုချိန်၌ သူသည် ဤရေအိုင်အတွင်း၌ စွမ်းအားများ ပြန်လည်ဖြည့်တင်းနေခြင်းဖြစ်ပေ၏။
"ဒီရေအိုင်အတွင်းမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေကို ဖုံးကွယ်ထားတာလဲ....အခု မင်း ငါ့ကို ပြောပြစမ်း"
လုယွီက ရုတ်တရက် ပြောဆိုသည်။
ထန်ယောင်ရှင်း၏မျက်နှာအမူအယာ တောင့်တင်းသွားကာ သူက ပျာပျာသလဲပြောဆိုလေသည်။
"အရှင်တပ်မှူး....ဘာပြောလိုက်တာလဲ...ငါ နားမလည်ဘူး...ဒီသန့်ရှင်းစင်ကြယ်ခြင်းရေအိုင်က ငါ ဒီနေရာကို ရောက်လာကတည်းကရှိနေတာ...ငါက ပြုပြင်မွမ်းမံမှုတချို့ကို လုပ်ခဲ့ရုံပဲ...အရပ်မျက်နှာအဘက်ဘက်မှာရှိတဲ့ ကောင်းကင်နဲ့မြေပြင်အကြားက စိတ်ဝိညာဥ်စွမ်းအားတွေကို စုဝေးစေပြီးတော့ တဖြည်းဖြည်းနဲ့ ခုမြင်နေရတဲ့ သန့်ရှင်းစင်ကြယ်ရေအိုင် ဖြစ်လာတာပဲ"
ထိုသို့ပြောဆိုပြီးနောက် ထန်ယောင်ရှင်းက တက်လက်၍ တောင်းပန်စကား ပြောဆိုသည်။
"ဂိုဏ်းထဲမှာတော့ ဒါက လျှို့ဝှက်ချက်တစ်ခုပဲ...အဓိက အကြောင်းအရင်းကတော့ ပင်ပင်ပန်းပန်း စုစည်းထားရတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေကို တခြားသူတွေ အလဟဿဖြုန်းတီးပစ်မှာကို စိုးရိမ်လို့ပဲ...တကယ်တော့ ဒါက အရမ်းထူးခြားတဲ့နေရာတစ်ခုမဟုတ်ဘူး....အရှင်တပ်မှူးအတွက် ရယ်စရာဖြစ်နေလောက်ပြီ"
Chapter 3619
ထန်ယောင်ရှင်းသည် အကြွင်းမဲ့ရိုးသားသော အမူအယာမျိုးဖြင့် ပြောဆိုနေခြင်းပင်။
သူသည် မူလက ရေအင်မော်တယ်ဂိုဏ်း၏မြင့်မြတ်သောဂိုဏ်းချုပ် ဖြစ်သည့်တိုင် ယခုချိန်၌ သူသည် လုယွီ၏အစေခံတစ်ယောက်အလား အလွန်ရိုသေလေးစားစွာ ဆက်ဆံနေပေ၏။
လုယွီက နှာတစ်ချက်မှုတ်ကာ သူ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့မှာလာပြီး ဟန်ဆောင်ဝံ့တာလဲ"
ထိုသို့ပြောဆိုပြီးနောက် လုယွီ၏စိတ် လှုပ်ရှားသွားကာ သူသည် ထန်ယောင်ရှင်း၏ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးမျိုးစေ့ကိုအာရုံခံ၍ အသက်သွင်းလိုက်သည်။
"အား..."
မူလက မြေပြင်ပေါ်တွင် ပလ္လင်ခွေထိုင်နေသော ထန်ယောင်ရှင်း၏မျက်နှာ ရှုံမဲ့သွားကာ စူးရှနာကျင်စွာအော်ဟစ်ပြီး လဲကျသွားတော့သည်။
ဤနတ်ဆိုးမျိုးစေ့သည် သူ၏စိတ်ဝိညာဥ်တွင် အမြှစ်တွယ်နေခဲ့လေ၏။ထိုအရာကို အပြည့်အဝ အသက်သွင်းလိုက်ပါက သူ သေဆုံးသွားရန်ကိုသာ ဆုတောင်းနေရပေမည်။
"ဒါက အစစ်အမှန် နတ်ဆိုးမျိုးစေ့ပဲ"
ထန်ယောင်ရှင်း၏မျက်လုံးအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ဤနတ်ဆိုးမျိုးစေ့ကို ထိန်းချုပ်သောနည်းလမ်းသည် အလွန်အမင်းရှားပါးသော ထိန်းချုပ်ခြင်းနည်းစနစ်တစ်ခုပင်။
သူပင်လျှင် ဤနည်းစနစ်ကို တိုက်ဆိုင်မှုတစ်ခုအရ ရရှိခဲ့ခြင်းဖြစ်သည်။
လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ နတ်ဆိုးမျိုးစေ့ကို ထည့်သွင်းခဲ့စဥ်၌ သူ ထိတ်လန့်တုန်လှုပ်သွားခဲ့သော်လည်း များစွာအလေးအနက်မထားခဲ့ချေ။ဤသည်ကို ဖြီးလုံးလှန့်လုံးတစ်ခုဟုသာ သူ ယူဆခဲ့သည်။
သို့ရာတွင် ယခုချိန်၌ သူ သေချာခံစားမိလေပြီ။
ဤကဲ့သို့နာကျင်မှုမျိုးသည် မည်သို့မျှ အတုအယောင်မဖြစ်နိုင်ချေ။
တစ်ဖက်လူသည် နတ်ဆိုးမျိုးစေ့ထိန်းချုပ်ခြင်းစနစ်ကို အမှန်တကယ်ကိုပင် ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ထားပေ၏။
"ငါ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်....မင်းက သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်အောက်ခြေရဲ့ မြေအောက်မှာ ရာနဲ့ချီတဲ့ဝင်္ကပါတွေကို မြှုပ်နှံ့ထားတယ်...မင်း ဒီမြေအောက်မှာ ဘာကိုဖုံးကွယ်ထားတာလဲ"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
သူသည် ချုပ်နှောင်ခြင်း ဝင်္ဂဘာကြီးကို ဖျက်ဆီးခဲ့စဉ်၌ ရေအင်မော်တယ် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ မြေအောက်မှ နဂါးသွေးကြောကို ပျက်ဆီးသွားစေလု နီးပါးပင်။
သို့ရာတွင် ဤစွမ်းအား၏အလယ်ဗဟိုချက်ဖြစ်သော အကြီးအကဲတောင်ထိပ်သည် ပြိုကျပျက်စီးခဲ့သော်လည်း လုံးလုံးလျားလျားကြေမွှသွားခြင်းမရှိချေ။ဤသည်မှာ လုယွီကို အံ့အားသင့်သွားစေရန်လုံလောက်သည်။
ရေအိုင်အတွင်းသို့ဝင်ကာ အချိန်တခဏခန့်ပလ္လင်ခွေထိုင်ပြီးနောက် လုယွီသည် မြေအောက်၌ ရာနှင့်ချီသောဝင်္ကပါများကို မြှုပ်နှံ့ထားသည်အား အာရုံခံမိလေ၏။
ဤဝင်္ကပါများကို နက်ရှိုင်းစွာဖုံးကွယ်ထားသော်လည်း လုယွီ၏အာရုံခံမှုအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။
ထန်ယောင်ရှင်း အလွန်ထိတ်လန့်တုန်လှုပ်နေသည်။သူမ ပြန်လည်ကောင်းမွန်စေရန် အချိန်တခဏခန့်ယူပြီးနောက် သူမ၏မျက်လုံးအတွင်းတွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
သူ အချိန်အတော်ကြာဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်ကြီးကို လုယွီသည် အချိန်တခဏအတွင်း၌ ထုတ်ဖော်နိုင်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။
ထန်ယောင်ရှင်းထံတွင် ဖုံးကွယ်ထားသောကိစ္စများရှိနေသည်ကို လုယွီ သိရှိပြီးဖြစ်သည်။ဤလူသည် အလွန်ရိုသေကျိုးနွံစွာ ဆက်ဆံနေသော်လည်း သူ၏လှုပ်ရှားမှုများသည် အလွန်လျှို့ဝှက်သဖြင့် နောက်ကွယ်တွင် သူ မည်သည့်အရာအား တွေးတောကြံစည်နေသည်ကို မည်သူမျှမသိနိုင်ချေ။
"ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်"
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ထန်ယောင်ရှင်းကို စူးစိုက်၍ကြည့်လိုက်၏။
သူ ဤနတ်ဆိုးကို အသက်ရင်ရက် ချန်ထားသောအကြောင်းအရင်းမှာ လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ တည်ငြိမ်မှုရရှိစေရန်ပင်။
ဤနယ်မြေအတွင်း၌ အထွတ်အထိပ်ဂိုဏ်းနှင့်ရေအင်မော်တယ်ဂိုဏ်းတို့၏ သြဇာအာဏာလွှမ်းမိုးမှု လွန်စွာကြီးမားသည်။လုယွီသည် အစကတည်းက ဆိုးဆိုးရွားရွား ဆူပူအုံ့ကြွမှုများဖြစ်လာစေရန် ရည်ရွယ်မထားချေ။ထိုအစား သူသည် အရှုံးပေးအညံ့ခံစေပြီး ဖိနှိပ်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်။
အကယ်၍ ထန်ယောင်ရှင်းသည် လိမ္မာပါးနပ်မှုရှိကာ ရိုသေကျိုးနွံစွာဖြင့် ပူးပေါင်းဆောင်ရွက်ပါက လုယွီသည် သူ့အား အခွင့်အရေးတစ်ခုပေးရန် ဝန်မလေးချေ။
လုယွီ၏အရှိန်အဝါအောက်တွင် ထန်ယောင်ရှင်းသည် နောက်ဆုံး၌ လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"အရှင်...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့နောက်ကိုလိုက်ခဲ့ပါ"
ဤသည်မှာ ကူကယ်ရာမဲ့သော ဆုံးဖြတ်ချက်တစ်ခုပင်။
ထန်ယောင်ရှင်းကို အလွန်လိမ္မာပါးနပ်ကာ အသိအမြင်ရှိသောသူတစ်ယောက်ဟု ယူဆနိုင်ပေ၏။အကြည့်တစ်ချက်ဖြင့်ပင် လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်နေကြောင်း သူ သိရှိသွားသည်။
ထန်ယောင်ရှင်းသည် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ပြီးနောက် သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်အောက်ရှိ ဝင်္ကပါများ၏လုပ်ဆောင်ချက်များ ရပ်တန့်သွားသည်။
ဤဝင်္ကပါများ ရပ်တန့်သွားချိန်တွင် ထူးဆန်းသောအပြာရောင်အလင်းတန်းတစ်တန်းက ရေအိုင်မှဖြာထွက်လာသည်။
ထန်ယောင်ရှင်း၏မျက်နှာအမူအယာ အလွန်တည်ကြည်လေးနက်နေသည်။ဤအပြာရောင်အလင်းတန်း ထွက်ပေါ်လာချိန်တွင် သူသည် တခြားသူများ မမြင်နိုင်စေရန်အလို့ငှာ အကာအကွယ်အလွှာတစ်ခုကို အလျှင်အမြန်ဖွဲ့စည်းလိုက်၏။
လုယွီသည် သူ၏စူးရှသောမျက်လုံးတစ်စုံဖြင့်ရှိနေရာ ရေအိုင်၏အောက်ခြေတွင် အက်ကွဲကြောင်းတစ်ကြောင်း ရှိနေသည်ကို သူ မြင်တွေ့မိသည်။
ထန်ယောင်ရှင်း၏ဝင်္ကပါများအနက်မှတစ်ဝက်ကျော်သည် ဤအက်ကွဲကြောင်းကိုဖုံးကွယ်ရန် အသုံးပြုထားခြင်းဖြစ်သည်။
သို့ရာတွင် ဤအက်ကွဲကြောင်းကြီး ထွက်ပေါ်လာသည့်တိုင် ရေအိုင်အတွင်းရှိရေများသည် ထိုအရာအတွင်းသို့ အနည်းငယ်မျှ ကျရောက်သွားခြင်းမရှိချေ။
ဤသည်မှာ ရေအိုင်၏အောက်ခြေနှင့်အက်ကွဲကြောင်း၏မျက်နှာပြင်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေခြင်းမရှိသည့် ကွဲပြားခြားနားသောနယ်မြေနှစ်ခုအလားပင်။
ရေအိုင်အတွင်း၌ ရေမည်မျှပင်စီးဆင်းနေပါစေ ထိုအက်ကွဲကြောင်းအတွင်းသို့ စိမ့်ဝင်သွားခြင်းမရှိပေ။
Chapter 3620
"ငါက ဒီနေရာကို မှတ်ဥာဏ်အပိုင်းအစလေးတချို့ကနေတဆင့် သိခဲ့တာပဲ"
ထန်ယောင်ရှင်းက ပြန်လည်တွေးတောရင်း ပြောဆိုသည်။
"အတိတ်မှာ ငါက မြစ်ကမ်းနံဘေးမှာပေါက်တဲ့ အဝါရောင်ပန်းပင်လေးတစ်ပင်ပဲ....တစ်ရက်ကျတော့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်က မြစ်ကမ်းနံဘေးမှာ လာပြီးကျင့်ကြံတယ်....ငါက စိတ်ဝိညာဥ်စွမ်းအားတချို့ကိုရပြီးတော့ နတ်ဆိုးခန္ဓာကိုယ်အဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့တယ်....ငါ့မှာ ကျင့်ကြံနိုင်စွမ်းရှိလာတယ်...အဲ့ဒီထိပ်သီးအစွမ်းထက်ကျင့်ကြံသူက ငါ့ကို ဥာဏ်အလင်းဖွင့်ပေးတဲ့အချိန်မှာ သူ့ရဲ့မှတ်ဥာဏ်အစိတ်အပိုင်းတချို့က ငါ့ရဲ့စိတ်ထဲကို ရောက်ရှိလာခဲ့တယ်...ဒါကြောင့် ငါက သဲလွန်စတချို့ကို မှတ်မိခဲ့တယ်....သူ့ကိုကြည့်ရတာ တစ်ခုခုကို ဖုံးကွယ်ထားပုံပဲ...သိချင်စိတ်ပြင်းပြမှုရဲ့ လွှမ်းမိုးမှုအောက်မှာ ငါ ဒီနေရာကို ရှာတွေ့ခဲ့တယ်"
လုယွီက မေးမြန်းသည်။
"မင်း ဒီနေရာမှာ ဘာကိုရှာတွေ့ခဲ့လဲ"
"အောက်မှာ အချုပ်အနှောင်ကင်းတဲ့ လေဟာနယ်နယ်မြေကြီးရှိနေတယ်...ဒါပေမယ့် အဲ့ဒီအောက်မှာ အရမ်းအန္တရာယ်များတယ်....ငါ့တောင်မှ အဲ့ဒီထဲကို ခုန်မဆင်းရဲဘူး...အရှင်...မင်းရဲ့ခွန်အားက နက်နဲသိမ်မွေ့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မင်း အောက်ကိုဆင်းမသွားတာ ပိုကောင်းလိမ့်မယ်"
ထန်ယောင်ရှင်းသည် အက်ကွဲကြောင်းအောက်ရှိ တစ်စုံတစ်ခုကို ထိတ်လန့်ကြောက်ရွံနေပုံရှိကာ သူ့ထံတွင် တွန့်ဆုတ်မှုတချို့ရှိနေသည်။
"အဲ့ဒီထဲက လျှို့ဝှက်ချက်ကိုရှာနိုင်ဖို့...ငါ့ဆီမှာ ဘာနည်းလမ်းမှ မရှိခဲ့ဘူး...ဒါပေမယ့် အတိတ်မှာ ငါ့ကို ဥာဏ်အလင်းဖွင့်ပေးခဲ့တဲ့ တာအိုပညာရှင်ရွှမ်ရှန်းက ထူးခြားတဲ့အရာတစ်ခုကို ဖုံးကွယ်ထားတယ်ဆိုတာ သေချာတယ်....ဒါက ပြိုင်ဘက်ကင်းရတနာတစ်ပါးတောင် ဖြစ်နေနိုင်တယ်"
"ဒီနေရာကို တခြားသူတွေ ရှာမတွေ့အောင် ကာကွယ်ဟန့်တားနိုင်ဖို့အတွက်...ငါက ရေအင်မော်တယ်ဂိုဏ်းရဲ့အခြေခံအုတ်မြစ်ကို ဒီနေရာဆီ ရွှေ့ပြောင်းခဲ့တယ်...ပြီးတော့ ဒီနေရာကို တားမြစ်နယ်မြေတစ်ခုအဖြစ် ငါ တည်ဆောက်ခဲ့တယ်...တခြားသူတွေက ဒီနေရာကို သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်လို့ပဲ သိထားကြပြီးတော့ တခြားအရာတွေကို မသိကြဘူး...ဒါကြောင့် ငါက ဒါကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းထားနိုင်ခဲ့တယ်"
သူသည် လုယွီကို အရာအားလုံး ပြောပြပြီးလေပြီ။ထို့နောက် သူသည် လုယွီ၏တုံ့ပြန်မှုကိုကြည့်ရန် ဟန်ပြင်လိုက်၏။
"အမှန်ပဲ...ဒီတစ်ကြိမ်တော့ မင်း မလိမ်ဘူး...ဒါပေမယ့် ငါတို့က ဒီနေရာကို ရောက်လာမှတော့...ပြန်ထွက်သွားစရာ အကြောင်းမရှိဘူး"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ပြန်ရုတ်သိမ်းလိုက်သည်။
သူသည် ရေအိုင်၏အောက်ခြေသို့ရောက်ရှိပြီးနောက် ပတ်ဝန်းကျင်ရှိရေအပူရှိန် သိသိသာသာကျဆင်းသွားသည်ကို ခံစားမိသည်။
သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်သည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူသည်။ထိုရေစိုစွတ်သွားသည်နှင့် လူအများကို နွေးထွေးသည့်ခံစားချက်မျိုး ရရှိစေပေမည်။သို့ရာတွင် ရေအိုင်၏အောက်ခြေသို့ သူ ရောက်ရှိသည်နှင့် ပြင်းထန်သောယင်ချီများသည် အဘက်ဘက်မှနေ၍ သူ့ထံတိုးဝင်လာကာ သူ့အား ချမ်းစိမ့်သွားစေသည်။
"ဒီမြေအောက်မှာ ဘာနဂါးသွေးကြောမှ ရှိမနေဘူး"
လုယွီသည် သူ၏စိတ်အတွင်းမှနေ၍ ကွဲပြားခြားနားချက်ကို ခံစားမိသည်။
ရေအင်မော်တယ်ဂိုဏ်းသည် ဤတောင်တန်းပေါ်တွင် မည်သည်ကြောင့် ဂိုဏ်းတည်ထောင်ထားသည်ကို လုယွီက တွေ့မြင်ထားပြီးလေပြီ။ဤသည်မှာ အလွန်ကောင်းမွန်သော ဖုန်းရွှေရတနာမြေတစ်ခုပင်။ဤနေရာရှိတောင်အားလုံးနီးပါး၏မြေအောက်တွင် နဂါးသွေးကြောရှိနေသည်။
သို့ရာတွင် ဤရေအိုင်အောက်ခြေတွင် မည်သည့်နဂါးသွေးကြောမျှမရှိဘဲ အကန့်အသတ်မရှိသော အမှောင်ထုကြီးသာရှိနေသည်။
အက်ကွဲကြောင်းမှနေ၍ အောက်သို့မီတာထောင်အနည်းငယ်ခန့် ငုပ်လျှိုးပြီးနောက် လုယွီသည် ရုတ်တရက် ဗလာဟင်းလင်းဖြစ်သွားသကဲ့သို့ ခံစားမိကာ သူ အောက်သို့ပြုတ်ကျသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အလွန်ဖျတ်လတ်သူတစ်ယောက်ပင်။သူ မြေပြင်ပေါ်သို့ရောက်ရှိသွားသည်နှင့် တည်ငြိမ်စွာ မတ်တတ်ရပ်နိုင်ခဲ့သည်။
သူ၏ရှေ့ရှိ အရာရာတိုင်း ကြည်လင်ပြတ်သားစပြုလာပေ၏။
ပိန်းပိတ်သည်အထိမှောင်မည်းသော မြေအောက်၏အနက်ရှိုင်းဆုံးနေရာ၌ ကြီးမားပြီးမြင့်မားသောမြို့ရိုးတစ်ခု ကိန်းအောင်းနေပေ၏။
ဤမြို့ရိုးများသည် တောင်အောက်ခြေတွင်ရှိနေကာ လုယွီသည် အက်ကွဲကြောင်းမှ ပြုတ်ကျလာခြင်းဖြစ်သည်။ပတ်ဝန်းကျင်ရှိလေဟာနယ်သည် အလွန်အမင်းကျယ်ဝန်းသောလှိုဏ်ဂူကြီးတစ်ဂူဖြစ်ကာ ကျောက်တုံးနံရံပေါ်ရှိ မီးခိုးရောင်ကျောက်တုံးအုတ်ချပ်များမှတဆင့် ဤနေရာတွင် ယခင်ကလူသားများ နေထိုင်ခဲ့ကြောင်း သိရှိနိုင်သည်။
လုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသည်။
ဤမြို့ရိုးသည် မြေအောက်၌နက်ရှိုင်းစွာ နစ်မြုပ်နေပေ၏။ဤအရာသာ နယ်မြေတစ်ခုအတွင်း၌ ထွက်ပေါ်လာပါက ဖီးနစ်ငှက်မွှေး ချီလင်ဦးချိုတို့ကဲ့သို့ ဤမြို့ရိုးကြီး မည်မျှထိကြီးကျယ်ခမ်းနားသည်ကို ပြောပြရန်လုံလောက်သည်။
လုယွီသည် နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏နတ်ဘုရားစိတ်အာရုံသည် အမှန်တကယ်ကိုပင် ထိုမြို့ရိုးမှ ပြန်ကန်ထွက်လာပေ၏။
လုယွီ၏လက်ရှိစိတ်ဝိညာဥ်မှာ အလွန်အစွမ်းထက်သည်။သို့ရာတွင် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ဤမြို့ရိုးအတွင်းသို့ ထွင်းဖောက်နိုင်ခြင်းမရှိချေ။
"အရှင်...ဒါက ငါ အရင်ကရှာတွေ့ခဲ့တဲ့ အပျက်အစီးနယ်မြေပဲ....ကံဆိုးချင်တော့ ငါ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အထဲကိုမဝင်နိုင်ခဲ့ဘူး"
ထိုအချိန်မှာပင် ထန်ယောင်ရှင်းက လုယွီ၏နောက်၌ ထွက်ပေါ်လာကာ ပြောဆိုသည်။
Chapter 3621
လုယွီသည် ထန်ယောင်ရှင်းကို လျစ်လျှူရှုထားကာ သူ၏မျက်လုံးအကြည့်သည် မြို့ရိုးပေါ်ရှိ ကျောက်တုံးအုတ်ချပ်များထံတွင်သာ ကျရောက်နေသည်။
"ဒါက အခုခေတ်ကာလရဲ့လက်ရာမျိုး မဟုတ်ဘူး...ရှေးဟောင်းခေတ်ကာလတုန်းက သွန်းလုပ်ထားတဲ့ လက်ရာပဲ....အလယ်ခေတ်ကာလအတွင်းက နဂါးနက်သံမဏိ ပမာဏအမြောက်အများကို အသုံးပြုထားတယ်....မြို့ရိုးပေါ်က အုတ်ချပ်တွေမှာ ဒီသံမဏိတွေကို ရောစပ်ထားတယ်...ဒါက မဖျက်ဆီးနိုင်လုနီးပါးခိုင်ခန့်တဲ့ မြို့ရိုးလို့ဆိုနိုင်တယ်...စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေနဲ့တောင် ဒါကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"
လုယွီသည် သူ၏လက်ကို မြို့ရိုးပေါ်သို့ တင်ပြီးနောက် ပွတ်သပ်ကြည့်ရာ အလွန်ခိုင်ခန့်မာကြောသည်ဟူသော ခံစားချက်မျိုးကို ရရှိလေ၏။သူက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် အတိတ်နှင့်ပစ္စုပ္ပန်ကာလနှစ်ခုအကြောင်းကို သင်ယူထားသဖြင့် သာမာန်လူများ မသိရှိနိုင်သောကိစ္စတချို့ကို သိရှိထားသည်။
နဂါးနက်သံမဏိသည် ရှားပါးပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကာ တော်ဝင်မိသားစုနှင့် ထိပ်တန်းမိသားစုကြီးတချို့ထံတွင်သာ ပမာဏအနည်းငယ် ကျန်ရှိတော့သည်။ဤသံမဏိမျိုးကို အဖိုးတန်မှော်ရတနာများပြုလုပ်ရာတွင်သာ ထည့်သွင်းအသုံးပြုပြီး မြို့ရိုးများတည်ဆောက်ရန်အတွက်ကိုမူ အသုံးပြုနိုင်ခြင်းမရှိချေ။
ယခုလက်ရှိ အချိန်ကာလတွင် တော်ဝင်မြို့တော်ကဲ့သို့ ထိပ်တန်းမြို့ကြီးများတွင် ကြယ်ပျံသတ္ထုကို မြို့ရိုးများအတွင်း၌ရောစပ်၍ တည်ဆောက်သည်။
မည်သို့ပင်ဆိုစေကာမူ အလယ်ခေတ်အတွင်း၌ပင် နဂါးနက်သံမဏိကို ရှားပါးသောပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ဤကဲ့သို့အဖိုးတန်သတ္ထုတစ်မျိုးကို မြို့ရိုးအတွင်း၌ ရောစပ်၍ တည်ဆောက်ထားသောကြောင့် ဤသည်မှာ သာမာန်မြို့တစ်မြို့ မဖြစ်နိုင်သည်မှာ သေချာပေါက်ပင်။
"နေဦး....ခဏလေး....ရှင်းလင်ကြယ်နယ်မြေက ရှီးလျန်ကြယ်နယ်မြေနားမှာရှိနေတာ...အလယ်ခေတ်အတွင်းမှာ နဂါးနက်သံမဏိကို အသုံးပြုပြီးတည်ဆောက်တဲ့ မြို့ရိုးဆိုလို့အနည်းစုပဲရှိတယ်...ဖြစ်နိုင်တာတော့ ဒါက ရှေးဟောင်းအလယ်ခေတ်ရဲ့မြို့ပျက်တစ်မြို့များလား"
လုယွီ၏နှလုံးခုန်နှုန်း အထိန်းအကွပ်မဲ့စွာ ခုန်ပေါက်သွားသည်။
ရှေးဟောင်းအလယ်ခေတ်အတွင်းရှိ ဖရိုဖရဲတိုက်ပွဲများအကြား၌ တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော မြို့များသည် မြေအောက်၌နစ်မြုပ်သွားခဲ့လေပြီ။
ဤရှေးဟောင်းမြို့များအတွင်းတွင် လူများကို လိုချင်တပ်မက်စေမည့် ရတနာအမြောက်အများရှိနေလေ၏။
ထင်ရှားကျော်ကြားသော မြို့တချို့အတွင်းရှိ ရတနာများသည် တာအိုသခင်များ၏စိတ်အာရုံများကို ဆွဲဆောင်နိုင်ရန်ပင်လုံလောက်သည်။
ဤသည်မှာ အလွန်ကြီးမားသော အခွင့်အရေးတစ်ခုပင်။
လုယွီသည် ကံကြမ္မာတာအိုကိုကျင့်ကြံပြီးနောက် သူ၏ကံကြမ္မာပြောင်းလဲသွားကာ သူ ကြုံတွေ့ခဲ့ရသော အရာရာတိုင်းသည် မယုံကြည်နိုင်ဖွယ်ဖြစ်နေသည်ဟုပင် သူ ခံစားမိသည်။
သူသည် မြို့ရိုးတလျှောက်လမ်းလျှောက်ရင်း မကြာမီမှာပင် ကြီးမားသောမြို့တံခါးကြီးတစ်ခုရှေ့သို့ ရောက်ရှိသွားသည်။
ဤမြို့တံခါးကြီးကို တင်းတင်းကြပ်ကြပ်ပိတ်ထားကာ လုယွီ၏ရှေ့တွင် တံခါးကြီးတစ်ချပ်မှလွဲ၍ မည်သည့်တန်ဆာဆင်ထားမှုမျိုးမျှမရှိချေ။ပတ်ဝန်းကျင်ရှိမြို့ရိုးသည် အေးစက်ပြီးခိုင်ခန့်မာကြောကာ မြို့အတွင်းရှိအရာများကို အခိုင်အမာ ကာကွယ်စောင့်ကြပ်ထားလေ၏။
"ငါ အရင်က နည်းလမ်းမျိုးစုံ အသုံးပြုပြီးပြီ...ဒါပေမယ့် ဒီမြို့တံခါးကြီးကို မဖွင့်နိုင်ခဲ့ဘူး....ဒါကြောင့် ငါက ဒီနေရာမှာနေပြီးတော့ တတိတိနဲ့ ပွတ်တိုက်ကြည့်ရုံပဲတတ်နိုင်တယ်"
နံဘေးဘက်တွင်ရှိနေသော ထန်ယောင်ရှင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
ရတနာတောင်ပေါ်၌ ထိုင်နေရသော်လည်း မည်သို့မျှ ယူဆောင်နိုင်စွမ်းမရှိခြင်းသည် ကူကယ်ရာမဲ့အဖြစ်ဆုံးအရာပင်။
လုယွီက ခေါင်းညိတ်ပြကာ သူ၏လက်ကို မြို့တံခါးပေါ်သို့ ဖိနှိပ်လိုက်၏။
မမျှော်လင့်ဘဲ မြို့တံခါးသည် အနည်းငယ်တုန်ခါသွားရုံမှအပ ပွင့်သွားခြင်းမရှိချေ။
"ဒီမြို့တံခါးကိုလည်း နဂါးနက်သံမဏိနဲ့ရောစပ်ပြီး သွန်းလုပ်ထားတာပါလား...ဘယ်လိုမြို့တံခါးမျိုးမလို့ ဒီလိုလုပ်ထားရတာလဲ"
လုယွီသည် သူ၏လက်ကို မြို့တံခါးပေါ်၌တင်ထားကာ သူ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် လှုပ်ခတ်နေသည်။
"ပွင့်စမ်း..."
လုယွီက အေးစက်စက်အော်ငေါက်ကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ရွှေရောင်အလင်းတန်းများက သူ၏လက်ဝါးမှ ဖြာထွက်လာပေ၏။
သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်၏ခွန်အား ထွက်ပေါ်လာသည်။
သွေးချီများ လေထုအတွင်းသို့ မြင့်တက်သွားသည်။ဤအချိန်အခိုက်အတန့်တွင် လေးညှို့မှလွှက်လိုက်သည့်အလား လုယွီသည် ခွန်အားအကုန်အစင်ကို ရုတ်တရက်ထုတ်လွှက်လိုက်သဖြင့် မယှဥ်သာအောင် အစွမ်းထက်သည့်အားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။
ဘန်း...
သူ၏လက်ဝါးသည် မြို့တံခါးကို ရိုက်ခတ်မိသွားလေ၏။နောက်ဆုံး၌ အလွန်ခိုင်ခန့်မာကြောသော မြို့တံခါးမှ ကျယ်လောင်သောအသံကြီးမြည်ဟီးလာကာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
သတ္ထုအချင်းချင်းထိခတ်သည့်အသံတစ်သံသည် အလွန်အမင်းမှောင်မည်းနေသည့်လှိုဏ်ဂူကြီးအတွင်း၌ ပဲ့တင်ထပ်နေကာ အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိချေ။
မြို့တံခါးကြီး၏တုန်ခါမှု ပို၍ပို၍ပြင်းထန်လာကာ အားလှိုင်းစီးကြောင်းတစ်ရပ်က မြို့တံခါး၏ထိပ်ထိ ပျံ့နှံ့သွားသည်။
ထိုတုန်ခါခြင်းနှင့်အတူ နောက်ဆုံးတွင် မြို့တံခါးကြီးပေါ်၌ အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။
လုယွီ၏ခွန်အားသည် လူတစ်သောင်း၏ခွန်အားနှင့် ညီမျှပေ၏။သူသည် တောင်များနှင့်မြစ်များကိုပင် ရွှေ့လျားနိုင်စွမ်းရှိကာ အလွန်ကြီးမားသောခွန်အားကို ပိုင်ဆိုင်နိုင်သည်။
သို့ရာတွင် သူ၏အလွန်ကြီးမားသောခွန်အားဖြင့်ပင် မြို့တံခါးပေါ်၌ အက်ကွဲကြောင်းတစ်ကြောင်း ကွဲထွက်သွားရုံသာ ပြုလုပ်နိုင်ခဲ့သည်။