အခန်း (၃၆၂၂-၃၆၂၅)
Vol. 184 Ch. 3622-3625
Chapter 3622
ဤသည်မှတဆင့် မြို့တံခါးကြီး မည်မျှထိခိုင်ခန့်မာကြောသည်ကို ပြသရန်လုံလောက်သည်။
"အခွင့်အရေးကောင်းတစ်ခုပဲ"
လုယွီသည် ထိုအက်ကွဲကြောင်းကို မြင်တွေ့သည်နှင့် အတွင်းသို့ သူ၏နတ်ဘုရားစိတ်အာရုံကိုပစ်သွင်းလိုက်၏။
ယခင်က လုယွီသည် ရှီးလျန်မြို့တံခါးကို သူ၏လက်သီးတစ်ချက်တည်းဖြင့် လွယ်လင့်တကူ ဖျက်ဆီးနိုင်ခဲ့သည်။
သို့ရာတွင် သူ့ရှေ့ရှိ မြို့တံခါးကိုမူ သူ၏ခွန်အားကုန် အသုံးပြုခဲ့သည့်တိုင် အက်ကွဲကြောင်းတစ်ကြောင်းအဖြစ်သာ ကွဲအက်စေခဲ့သည်။ဤကဲ့သို့ ခိုင်ခန့်မာကြောမှုအဆင့်သည် တော်ဝင်မြို့တော်၏မြို့တံခါးဖြင့်ပင် နှိုင်းယှဥ်နိုင်ပေ၏။
ဤသည်မှာ မည်ကဲ့သို့မြို့မျိုး ဖြစ်နေသနည်း။
တစ်ချိန်တည်းမှာပင် လုယွီ၏နတ်ဘုရားစိတ်အာရုံသည် ထက်ရှသောဓားတစ်စင်းအလား မြို့တံခါး၏အတွင်းဘက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ဘုန်း....
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏နားအတွင်း၌ ပေါက်ကွဲသံတစ်သံ မြည်ဟီးသွားသကဲ့သို့ ခံစားမိလေ၏။
ရုတ်ချည်းဆိုသလိုပင် ကြီးမားပြီးရက်စက်ကြမ်းကြုတ်သောအမူအယာရှိသည့် မျက်နှာကြီးတစ်ခုက သူ၏နတ်ဘုရားစိတ်အာရုံရှေ့၌ ထွက်ပေါ်လာသည်။
ဤသည်မှာ ချီလင်တစ်ကောင်ဖြစ်ကြောင်း သိသာထင်ရှားလှ၏။
ဤသားရဲ အသက်ရှင်သန်နေသည်မှာ အချိန်ကာလမည်မျှကြာမြင့်ပြီဖြစ်ကြောင်းမသိရှိနိုင်ချေ။သို့ရာတွင် ထိုသားရဲသည် လုယွီ၏နတ်ဘုရားစိတ်အာရုံချဥ်းကပ်လာသည်ကို မြင်တွေ့သည်နှင့် သူ၏ပါးစပ်ကိုဖွင့်ဟကာ ကိုက်လိုက်သည်။
လုယွီသည် သူ၏စိတ်ဝိညာဥ် ပြင်းထန်စွာနာကျင်သွားမှုကို ခံစားမိလေ၏။သူသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ့စိတ်ဝိညာဥ်မှစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူ၏နတ်ဘုရားစိတ်အာရုံသည် ထက်ရှသောဓားအလား သူ့ရှေ့ရှိအမှောင်ထုကြီးကို ဖြတ်တောက်လိုက်သည်။
သူ့ရှေ့ရှိအမှောင်ထုကြီးသည် တိမ်တိုက်တစ်ခုလွင့်ပြယ်သွားသည့်အလား ရုတ်ချည်းဆိုသလိုပင် တစ်ဝက်ခန့်ပျက်ပြယ်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် မြို့တံခါး၏နောက်၌ ချီလင်ဆယ်ကောင်ကျော်ခန့် ပုန်းအောင်းနေသည်ကို လုယွီက မြင်တွေ့မိသည်။
ထိုချီလင်သားရဲများ၏အမွှေးများသည် လုံးလုံးလျားလျား နက်မှောင်နေလေ၏။သူတို့၏မျက်လုံးများအတွင်း၌ ခံစားချက်ကင်းမဲ့နေကာ သွေးဆာမှုများဖြင့်သာ ပြည့်နှက်နေသည်။
ဤသားရဲများသည် မြို့တံခါးကို ကာကွယ်စောင့်ကြပ်နေကြခြင်းပင်။
ဤချီလင်သားရဲတစ်ကောင်စီတိုင်းသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်သောအရှိန်အဝါကို ပိုင်ဆိုင်ထားသည်။လုယွီသည် သူတို့၏ခန္ဓာကိုယ်များမှနေ၍ နယ်မြေသခင်အဆင့်အရှိန်အဝါကိုပင် အာရုံခံမိလေ၏။
လုယွီ၏ယခုလက်ရှိခွန်အားဖြင့် သူသည် နယ်မြေသခင်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။သို့ရာတွင် နယ်မြေသခင်အဆင့်သားရဲဆယ်ကောင်ကျော်သည် သူ့အားဝိုင်းရံတိုက်ခိုက်ပါက သူ သေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
လုယွီသည် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ ပြိုင်ဘက်ကင်းဖြစ်သော်လည်း မောက်မာထောင်လွှားခြင်းမရှိချေ။သူ၏လက်ရှိနယ်ပယ်ဖြင့် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို အနိုင်ယူနိုင်မည်မဟုတ်ပေ။
သို့ရာတွင် လုယွီ၏စိတ်အာရုံကို ဖမ်းစားနိုင်ဆုံးကိစ္စမှာ ထိုချီလင်သားရဲများ၏နောက်၌ရှိသောအရာပင်။
ထိုသားရဲများ၏နောက်၌ ဖုံးကွယ်ထားသော မြို့တံခါးကြီးတစ်ချပ် ထပ်မံ၍တည်ရှိနေသည်။
ထိုမြို့တံခါးကြီးသည် ယခုလက်ရှိတစ်ခုထက်ပင် ပို၍ကြီးမားပေ၏။
လုယွီသည် ထိုမြို့တံခါး၏အထက်ရှိ ကမ္ပည်းပြားကိုကြည့်လိုက်သည်။
ထိုကမ္ပည်းပြား၏အထက်တွင် မပြည့်စုံသော ရွှေရောင်စာလုံးတချို့ရှိနေသည်။နှစ်ထောင်ချီ၍ကြာမြင့်လာခဲ့သည့်တိုင် ထိုစာလုံးများသည် တဖျတ်ဖျတ်တောက်ပနေဆဲပင်။
"ဒီစာလုံးတွေက...."
ထိုစာလုံးများကိုမြင်တွေ့ချိန်တွင် လုယွီ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
သို့ရာတွင် ထိုအချိန်မှာပင် လုယွီ၏ရှေ့ရှိ မြို့တံခါးမှအက်ကွဲကြောင်း ရုတ်တရက်ပြန်စေ့သွားသည်။
လုယွီ၏နတ်ဘုရားစိတ်အာရုံသည်လည်း ပြတ်တောက်သွားကာ သူ မည်သည့်အရာကိုမျှ ထပ်မံ၍ မမြင်တွေ့ရတော့ချေ။
သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်၏လက်ဝါးရိုက်ချက်ဖြင့်ပင် ဤမြို့တံခါးကို အသက်ရူချိန်အနည်းငယ်ခန့်ကြာသည်အထိသာ ကွဲအက်စေနိုင်ခဲ့လေ၏။
"အရှင်....မင်း ဘာကို မြင်ခဲ့ရလဲ"
ထန်ယောင်ရှင်းက သူ၏လည်ပင်းကိုဆန့်ကာ ပျာပျာသလဲမေးမြန်းသည်။
သူ၏မျက်လုံးအတွင်းတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။
ထန်ယောင်ရှင်းသည် ဤနေရာ၌ နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းခဲ့ရသည်။သူ၏စွမ်းအားဖြင့် ဤမြို့တံခါးကို ဖွင့်နိုင်ခဲ့ခြင်းမရှိချေ။တစ်ခါတစ်ရံတွင် သူသည် မြို့တံခါးကို အတင်းအကြပ်အားသုံး၍ အက်ကွဲစေသော်လည်း သူ၏နတ်ဘုရားစိတ်အာရုံသည် အတွင်းသို့ဝင်ရောက်ပြီးသည်နှင့် ပျက်ပြယ်သွားသည်။
သူ၏စိတ်ဝိညာဥ်သည် လုယွီကဲ့သို့ အစွမ်းထက်ခြင်းမရှိသဖြင့် ချီလင်များ၏စွမ်းအားကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် လုယွီ၏စိတ်ဝိညာဥ် ပြန်လည်ရောက်ရှိလာသည်နှင့် သူသည် ခြေလှမ်းရှေ့တိုးကာ ပျာပျာသလဲမေးမြန်းလိုက်၏။
လုယွီသည် သူ့အား တုံ့ပြန်အဖြေပေးခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
မြို့တံခါး၏ထိပ်ရှိ ရွှေရောင်ကမ္ပည်းပြားပေါ်တွင် ရွှေရောင်စာလုံးသုံးလုံးရှိနေသည်။
အချိန်များကုန်လွန်လာသည့်တိုင် ထိုစာလုံးသုံးလုံးမှ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါသည် ပျက်ပြယ်သွားခြင်းမရှိချေ။
ဤသည်မှာ...
'လိပ်နက်ဂိုဏ်း'
Chapter 3623
ထိုစာလုံးသုံးလုံးမှစွမ်းအားများသည် လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်နက်နဲသိမ်မွေ့သည်။
လိပ်နက်ဂိုဏ်းသည် ထန်အင်ပါယာ၏ချန်အန်းမြို့အတွင်းရှိ မဟာဂိုဏ်းကြီးများအနက်မှတစ်ဂိုဏ်းပင်။
အတိတ်ရှိထန်အင်ပါယာအတွင်းတွင် ဧကရာဇ်မင်းမှ ပထမဆုံးအသိအမှတ်ပြုခဲ့သောဂိုဏ်းသည် ဤလိပ်နက်ဂိုဏ်းဖြစ်ပေ၏။
"ဒီနေရာက တကယ့်ကို ချန်အန်းမြို့လား"
လုယွီသည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။
ချန်အန်းမြို့သည် အလယ်ခေတ်အတွင်းရှိ အမွေအနှစ်အများစုနှင့် ဆက်စပ်နေသော အထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။
ဖေးထျန်ကွမ်းထံမှရရှိသော သတင်းအချက်အလက်များအရ ထန်အင်ပါယာသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အားတိုက်ခိုက်ရန် သူတို့၏အင်အားကိုချွေတာခြင်းမရှိသည်မှာ သူတို့၏မြို့တော်ဟောင်းချန်အန်းကို ရှာဖွေရန်အတွက်ပင်။
"ငါ ဘာတစ်ခုကိုမှ ရှာမတွေ့ခဲ့ဘူး...ဒီနေရာအတွင်းမှာ အရမ်းကြီးမားတဲ့အန္တရာယ်တွေ ကိန်းအောင်းနေတယ်...တကယ်လို့ ငါ ဝင်သွားရင်တောင် ငါ့ရဲ့အသက်အန္တရာယ် ရှိလာနိုင်တယ်"
လုယွီက စိတ်ထိခိုက်နေသောအမူအယာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူသည် ချန်အန်းမြို့နှင့်ပတ်သက်သော အကြောင်းအရာကို သူတို့အား ပြောပြမည်မဟုတ်ချေ။
ဤသည်မှာ ကြီးမားသောအခွင့်အရေးကြီးပင်။သူ ဤလျှို့ဝှက်ချက်ကို ကောင်းမွန်စွာထိန်းသိမ်းထားနိုင်ရန် လိုအပ်သည်။
လုယွီသည် အတိတ်ဘဝတွင် အစွမ်းထက်သောတာအိုသခင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။အကယ်၍ ဤကိစ္စကို သူ၏အတိတ်ဘဝအတွင်း၌ သိခဲ့ရလျှင်ပင် သူ ဤအခွင့်အရေးကို လွဲချော်ခံ၍မဖြစ်ကြောင်း သူ တွေးတောမိသည်။
ယခုလက်ရှိ ကောင်းကင်ဘုံနယ်မြေတွင် ရှေးဟောင်းခေတ်မှ ကျင့်ကြံနည်းစနစ်များနှင့်အမွေအနှစ်အများစု ပျောက်ကွယ်နေလေပြီ။အင်မော်တယ်နယ်ပယ်သို့ရောက်ရှိနေသော ကျင့်ကြံသူများပင်လျှင် အတိတ်မှကျင့်ကြံသူများကဲ့သို့ အစွမ်းထက်ခြင်းမရှိတော့ချေ။
အကယ်၍ သူ ချန်အန်းမြို့ကို ရှာဖွေတွေ့ရှိပါက အတွင်းရှိ မြောက်မြားစွာသောအမွေအနှစ်များကို ရရှိနိုင်ပေမည်။
ဤသည်မှာ တာအိုသခင်များကိုပင် ဆွဲဆောင်နိုင်စွမ်းရှိသော နေရာတစ်နေရာဖြစ်ပေ၏။
အကယ်၍ ဤလျှို့ဝှက်ချက်ကိုသာ တခြားသူများသိရှိသွားပါက သူ၏လက်ရှိခွန်အားဖြင့် သူ မည်ကဲ့သို့အသက်ထွက်သွားသည်ကိုပင် သိလိုက်ရမည်မဟုတ်ကြောင်း လုယွီက ကောင်းစွာနားလည်သဘောပေါက်သည်။
"ဒီနေရာက အပျက်အယွင်းနယ်မြေတစ်ခု ဖြစ်နိုင်တယ်...မင်း ဒီကိစ္စကို မင်းရဲ့စိတ်ထဲမှာမျိုသိပ်ထားပြီးတော့ တခြားဘယ့်သူကိုမှ ပြောမပြရဘူး"
လုယွီက ထန်ယောင်ရှင်းကို ညွှန်ကြားလိုက်၏။
ထန်ယောင်ရှင်းက ပျာပျာသလဲ ပြောဆိုသည်။
"အရှင်...ဘာမှမစိုးရိမ်ပါနဲ့....ဒီလိုကိစ္စမျိုးကို ကောင်းကောင်းဖုံးကွယ်ထားရမယ်ဆိုတာ ငါ သိပါတယ်"
"အင်း....အရင်ဆုံး အပြင်ကိုထွက်ကြစို့...မင်းရဲ့လူတွေကို အကြီးအကဲတောင်ထိပ်ကို ပြန်တည်ဆောက်ခိုင်းပြီးတော့ ဒီနေရာကို ဖုံးကွယ်ထားရမယ်....ဒီနေရာကို ငါကလွဲပြီး တခြားဘယ့်သူကိုမှ မချဥ်းကပ်စေနဲ့....အဆင့်မြင့်အကြီးအကဲတွေတောင် မလာရဘူး"
လုယွီသည် နောက်ထပ်အမိန့်တစ်ခုထပ်ပေးကာ သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်မှ ထွက်ခွာခဲ့တော့သည်။
ဤအချိန်အခိုက်အတန့်တွင် ရေအင်မော်တယ်ဂိုဏ်းအတွင်း၌ အလွန်အမင်းရှုပ်ထွေးနေသည်။အစောပိုင်းက တိုက်ပွဲကြီးအတွင်းတွင် လုယွီသည် တောင်အမြောက်အများကို ပျက်စီးပြိုလဲစေခဲ့သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကြီးကျယ်ခမ်းနားသော ရေအင်မော်တယ်ဂိုဏ်းသည် အပျက်အစီးနယ်မြေကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
ကံကောင်းထောက်မစွာဖြင့် ရေအင်မော်တယ်ဂိုဏ်းတွင် တည်ဆောက်ရေး၌ အထူးသီးသန့်တာဝန်ယူထားသော တည်ဆောက်ရေးခန်းမရှိသည်။ထိုခန်းမမှကျင့်ကြံသူများသည် တောင်များကိုပြန်လည်ဖြည့်တင်းခြင်း ကျောက်တုံးများကိုထုခွဲခြင်းနှင့် ပစ္စည်းများရွှေ့ပြောင်းခြင်းတို့တွင် အလွန်ကျွမ်းကျင်ပေ၏။သူတို့အားလုံး အလျှင်အမြန်အလုပ်လုပ်ကိုင်နေခြင်းကြောင့် ခန်းမဆောင်များ အဆောက်အအုံများကို ပြန်လည်တည်ဆောက်ပြီးလေပြီ။
"အရာရှိလျှူချန်းဖူက အရှင်တပ်မှူးကို အရိုအသေပြုပါတယ်"
လုယွီ ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် ရှင်းလင်ကြယ်နယ်မြေသခင်က ဦးညွှတ်အရိုအသေပြုကာ သူ၏မျက်နှာပေါ်တွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် မူလက ဓားတစ်လက်ကိုကိုင်ဆွဲ၍ ဤစားသောက်ပွဲသို့ ရောက်လာစဥ်၌ သူ၏အသက်ကိုစွန့်ရန် စိတ်ပိုင်းဖြတ်ပြီးလေပြီ။အဆိပ်မြှားကို လျှပ်တပြက်တိုက်ခိုက်ရာ၌ သူ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ရေအင်မော်တယ်ဂိုဏ်းအတွင်းမှ အသက်ရှင်ရက်ပြန်ထွက်လာနိုင်ရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် ရလဒ်သည် ပြောင်းပြန်ထွက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လက်ဝဲစစ်တပ်နယ်မြေ၏ထိပ်သီးတာအိုဂိုဏ်းသည် လုယွီ၏ဖျက်ဆီးခြင်းကို ခံလိုက်ရလေပြီ။
ထို့ပြင် ခန့်မှန်းရအလွန်ခက်ခဲသော ထန်ယောင်ရှင်းပင်လျှင် လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။
ရှင်းလင်ကြယ်နယ်မြေ၏အကျပ်အတည်းကို နောက်ဆုံး၌ ဖြေရှင်းနိုင်ခဲ့လေပြီ။
မူလက အလွန်မောက်မာထောင်လွှားသော ထန်ယောင်ရှင်းသည် ယခုချိန်တွင် လုယွီ၏နောက်တွင် အစေခံတစ်ယောက်ကဲ့သို့ လိုက်ပါနေသည်။
အတိတ်တွင် ဤမြင်ကွင်းမျိုးကို မည်သူမျှစိတ်ကူးယဥ်တွေးတောကြည့်မိမည်မဟုတ်ချေ။
"စစ်ဗိုလ်ချုပ် ဘယ်လိုနေသေးလဲ"
လုယွီက မေးမြန်းသည်။
ရှင်းလင်ကြယ်နယ်မြေသခင်က ပြောဆိုသည်။
"အရှင့်ရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်....ငါက သူ့ကိုကုသပေးဖို့အတွက် တောင်အောက်ကိုပို့ဖို့ ငါ့ရဲ့လူတွေကို ညွှန်ကြားပြီးပါပြီ"
Chapter 3624
လုယွီက ထန်ယောင်ရှင်းကို စောင်းငဲ့၍ကြည့်လိုက်သည်။
ထန်ယောင်ရှင်းက ချက်ချင်းနားလည်သဘောပေါက်သွားကာ အလျင်စလို ပြောဆိုသည်။
"အရှင်....ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ....အဲ့ဒီစစ်ဗိုလ်ချုပ်ကို ငါတို့ ဆက်ပြီးကုသပေးမှာပါ...သူ့ကိုကူညီဖို့ ငါတို့စွမ်းဆောင်နိုင်သမျှ အရာအားလုံးကိုလုပ်ပေးမယ်...လျော်ကြေးအတွက်ကတော့ အဆိပ်မြှားရဲ့ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့...ငါတို့က အဲ့ဒီအရာတွေအားလုံးကို ရှင်းလင်အုပ်ချုပ်ရေးရုံးတော်ဆီပို့လိုက်မယ်...ပြီးတော့ ဒီစစ်ဗိုလ်ချုပ်ကို ငါတို့က လျော်ကြေးအနေနဲ့ သူ စိတ်ကျေနပ်အောင် လုပ်ပေးမှာပါ"
ဤသည်မှာ ရေအင်မော်တယ်ဂိုဏ်းသည် တော်ဝင်နန်းတွင်း၏လက်အောက်သို့ အညံ့ခံလိုက်ပြီဟူသော သဘောထားကိုပြသခြင်းနှင့်တူညီသည်။
ရှင်းလင်ကြယ်နယ်မြေသခင်သည် ဤကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားသော်လည်း သူ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားဆဲပင်။
"နည်းလမ်းတကျပြောမယ်ဆိုရင် ရေအင်မော်တယ်ဂိုဏ်းက တော်ဝင်နန်းတွင်းပိုင်ဆိုင်တဲ့ နေရာတွေကို သိမ်းပိုက်ထားခဲ့တယ်...အဲ့ဒီနေရာတွေမှာရှိနေတဲ့ မင်းတို့ရဲ့လူတွေကို ချက်ချင်းပြန်ရုတ်သိမ်းစမ်း....အုပ်ချုပ်ရေးအဖွဲ့က ရှင်းလင်ကြယ်နယ်မြေနဲ့ပတ်သက်တဲ့ အခန်းကဏ္ဏတွေအားလုံးကို ပြန်ပြီးလွှဲပြောင်းယူလိမ့်မယ်....ငါက တပ်မှူးရုံးတော်ကို စာပို့ပြီးတော့ ဒီနေရာကို စစ်သားတွေ စေလွှတ်ခိုင်းထားတယ်...ငါတို့က ဒီရှင်းလင်ကြယ်နယ်မြေမှာ ပြင်ဆင်သင့်တာတွေကို ကြိုပြီးပြင်ဆင်ရမယ်...နောင်အနာဂတ်မှာ ဒီလိုကိစ္စမျိုးတွေ ထပ်ပြီးအဖြစ်ခံလို့မရဘူး"
လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ပေါင်လုံတုထံမှ သတင်းအချက်အလက်များအရ ရှင်းလင်ကြယ်နယ်မြေသခင်လျှူချန်းဖူထံတွင် အရည်အချင်းတချို့ရှိပေ၏။
သူ၏ခွန်အားသည် သန်မာအားကောင်းခြင်းမရှိသော်လည်း ရေအင်မော်တယ်ဂိုဏ်း၏လွှမ်းမိုးမှုအောက်၌ပင် အုပ်ချုပ်ရေးအခွင့်အာဏာကို အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားနိုင်သည်။သူသည် အုပ်ချုပ်ရေးကိစ္စများကို အစီအစဥ်တကျ စီမံဆောင်ရွက်နိုင်ခဲ့ခြင်းမှာ သူ၏အရည်အချင်းကို ပြသနေခြင်းပင်။
ဤလျှူချန်းဖူထံတွင် အတွေ့အကြုံကြွယ်ဝမှုလည်း ရှိနေသည်။ထို့ကြောင့် ယခုချိန်တွင် သူ၏အရည်အချင်းကို ပြသနိုင်ရန်အတွက် သူ့အား အခွင့်အရေးတစ်ခု ပေးရပေမည်။
"အရှင်လျှူ ဘာမှမစိုးရိမ်ပါနဲ့...ငါတို့ဂိုဏ်းရဲ့အစွမ်းထက်ကျင့်ကြံသူတွေအားလုံးကို မင်းရဲ့စိတ်တိုင်းကျ အသုံးပြုနိုင်ပါတယ်"
ထိုအချိန်မှာပင် ထန်ယောင်ရှင်းက အလျှင်အမြန် ဝင်ရောက်ပြောဆိုသည်။
"အမ်....ကောင်းပြီ...ကောင်းပြီလေ"
လျှူချန်းဖူသည် ရေအင်မော်တယ်ဂိုဏ်းချုပ်၏မျက်နှာချိုသွေးနေမှုကို နေသားမကျသဖြင့် သူ၏စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
လုယွီသည် လျှူချန်းဖူ၏အတွေးကို သိရှိနေသဖြင့် ပြောဆိုလိုက်၏။
"မင်း ရဲရဲတင်းတင်းနဲ့ မင်းလုပ်သင့်တဲ့ ဘယ်အရာမဆိုလုပ်ပါ...အကျိုးဆက်တွေကို ဘာမှစဥ်းစားနေစရာမလိုဘူး...တကယ်လို့ ဂိုဏ်းတွေထဲမှာ အမိန့်ကိုမနာခံတဲ့ဂိုဏ်းရှိနေရင် စစ်တပ်ကိုလွှတ်ပြီး ချက်ချင်းချေမှုန်းလိုက်...ငါက တည်ငြိမ်တဲ့ ရှင်းလင်ကြယ်နယ်မြေကို မြင်ချင်တယ်...တကယ်လို့ မင်း မလုပ်နိုင်ဘူးဆိုရင် မင်းရဲ့နေရာမှာ လူစားထိုးတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"
"ဟုတ်ကဲ့ပါ အရှင်တပ်မှူး"
ထိုစကားကိုကြားချိန်တွင် လျှူချန်းဖူသည် ဝမ်းသာပီတိဖြစ်သွားကာ ကျယ်လောင်စွာ တုံပြန်လိုက်သည်။
လုယွီသည် တခြားအမိန့်များထပ်ပေးပြီးနောက် လျှူချန်းဖူကို ထွက်သွားခွင့်ပြုလေသည်။ယခုလက်ရှိ ရှင်းလင်ကြယ်နယ်မြေတွင် လျှူချန်းဖူလုပ်ဆောင်ရန် ကိစ္စအမြောက်အများရှိနေသည်။
ယခုချိန်တွင် ရေအင်မော်တယ်ဂိုဏ်း၏အခွင့်အာဏာကို ရုတ်သိမ်းပြီးဖြစ်သော်လည်း တခြားဂိုဏ်းအင်အားစုများထံတွင် အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ရန်ရည်ရွယ်ချက်များ ရှိနေနိုင်သည်။
လုယွီ ရှင်းလင်ကြယ်နယ်မြေပေါ်တွင် ရှိနေစဥ်၌ ထိုဂိုဏ်းအင်အားစုများသည် အချိန်အတိုင်းအတာတစ်ခုထိ ထိတ်လန့်ကြောက်ရွံနေပေမည်။
သို့ရာတွင် အချိန်များကြာလာသည်နှင့်အမျှ ထိုဂိုဏ်းအင်အားစုများထံတွင် တခြားအတွေးများ ရှိလာနိုင်သည်။
ဤသည်မှာ လုယွီသည် လျှူချန်းဖူကို စမ်းသပ်နေခြင်းလည်းဖြစ်သည်။ယခုချိန်တွင် လျှူချန်းဖူသည် အုပ်ချုပ်ရေးအခွင့်အာဏာကို ပြန်လည်ရရှိသွားပြီဖြစ်သောကြောင့် သူသည် ထိုဂိုဏ်းအင်အားစုများကို ဖိနှိပ်နိုင်ခြင်းရှိမရှိဟူသည်မှာ သူ၏အစွမ်းအစပေါ်တွင်သာ မူတည်သည်။
"ချန်အန်းမြို့...ငါ အချိန်အတိုင်းအတာတစ်ခုထိ အဲ့ဒီထဲကို ဝင်လို့မရသေးဘူး"
လုယွီ၏စိတ် ရှုပ်ထွေးနေသည်။အချိန်အတော်ကြာစဥ်းစားတွေးတောပြီးနောက် သူ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ဤသည်မှာ အလွန်ကြီးမားသောအခွင့်အရေးဖြစ်သော်လည်း ယခုလက်ရှိချိန်တွင် သူ ဆုပ်ကိုင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
စာပေသူတော်စင်ယီဟန်သည် သူ၏ကံကြမ္မာကိုပြောင်းလဲပေးခဲ့ကာ ဤကဲ့သို့အလွန်အဖိုးတန်သော အခွင့်အရေးဖြင့်ပင် သူ့အား ရင်ဆိုင်ကြုံတွေ့စေသည်။
သို့ရာတွင် လိပ်နက်ဂိုဏ်း၏ပြင်ပ၌ ချီလင်ဆယ်ကောင်ကျော် စောင့်ကြပ်နေပေ၏။
လုယွီ၏ယခုလက်ရှိခွန်အားဖြင့် ပြင်ပဂိုဏ်းအင်အားစုများကို ဖိနှိပ်ရန်မှာ ပြဿနာတစ်ရပ်မဟုတ်သော်လည်း အစစ်အမှန် ထိပ်သီးအစွမ်းထက်သက်ရှိများနှင့် ရင်ဆိုင်ရန်မှာမူ သူ့အတွက် ကူကယ်ရာမဲ့ဖြစ်နေဆဲပင်။
ဤလောကကြီးသည် ကျယ်ပြန့်ပြီးအကန့်အသတ်မရှိကာ မြောက်မြားစွာသော သက်ရှိမျိုးနွယ်များရှိနေသည်။ဤလောကကြီးအတွင်း၌ ပေါက်ဖွားလာသည့် ပါရမီရှင်အရေအတွက်ကိုလည်း ရေတွက်၍မရနိုင်ချေ။
နယ်မြေသခင်တစ်ယောက်ဖြစ်လာသည်အထိ မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်မျိုးသို့ ရောက်ရှိမှာသာ အစစ်အမှန်တက်လှမ်းသည်ဟု ယူဆနိုင်ပေ၏။
နယ်မြေသခင်အဆင့်သို့ရောက်လာသူများသည် အတုအယောင်အင်မော်တယ်များကဲ့သို့ ရိုးရှင်းခြင်းမရှိတော့ချေ။သူတို့ ဖမ်းဆုပ်ထားနိုင်သည့် စွမ်းအားများနှင့်ဥပဒေသများကို အတုအယောင်အင်မော်တယ်များ ယှဥ်ပြိုင်၍ရမည်မဟုတ်ပေ။
Chapter 3625
နယ်မြေသခင်အောက်ရှိ ကျင့်ကြံသူများသည် ပုရွက်ဆိတ်များသာဖြစ်ပေ၏။
အမတ်ကြီးတစ်ယောက်ဖြစ်သော မိုးကြိုးဝေလရှားဟိုလီပင်လျှင် တော်ဝင်စစ်ရေးဌာန၏နယ်ရုပ်တစ်ရုပ်အဆင့်သာရှိသည်။သူ့ထံတွင် မြင့်မားသောအဆင့်အတန်း ရှိပုံရသော်လည်း သူ့အား နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်ထားသဖြင့်သူသည် ယခုထိတိုင် နယ်မြေသခင်နယ်ပယ်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးချေ။
လုယွီသည် သူ၏ခွန်အားကို ကောင်းစွာသိရှိထားသည်။
ယခင်က သိမ်းငှက်နက်နတ်ဘုရားကို သတ်ဖြတ်ခဲ့ခြင်းသည် သူ၏အကန့်အသတ်ပင်။ထို့ပြင် ကျီးကန်းနက်နတ်ဘုရားသည် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သည်။သူသည် လုယွီ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ တစ်ဖက်လူကို သူ လျှော့တွက်ခဲ့ခြင်းကြောင့်ဖြစ်ပေ၏။
ဤကဲ့သို့ ပြိုင်ဘက်မျိုးကို နှစ်တစ်ရာအတွင်း၌ တစ်ကြိမ်ကြုံတွေ့ရန်ပင် မလွယ်ကူချေ။
ယေဘုယျကျကျပြောဆိုရလျှင် နယ်မြေသခင်နယ်ပယ်သို့ ရောက်ရှိသွားသော တစ်စုံတစ်ယောက်သည် အလွန်အမင်းရင့်ကျက်ကာ ဤမျှထိနိမ့်ကျသောအမှားမျိုးကို ကျူးလွန်မည်မဟုတ်ချေ။
အကယ်၍ သူသည် နတ်ဘုရားအမတ်ကြီးရှကွေ့ကျုံးကဲ့သို့ အစစ်အမှန်နယ်မြေသခင်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရပါက သူ ထွက်ပြေးလွတ်မြောက်နိုင်ရန် လွယ်ကူမည်မဟုတ်ပေ။
"ဒီနေရာမှာ ငါက ချန်အန်းမြို့ကို ရှာတွေ့ခဲ့မှတော့...ဒီမြို့တော် ပြန်ပြီးထွက်ပေါ်လာဖို့က သိပ်လိုတော့မှာမဟုတ်ဘူး...ထန်အင်ပါယာက လက်ဝဲစစ်တပ်နယ်မြေကိုတိုက်ခိုက်တာ အံ့အားသင့်စရာမရှိတော့ဘူး...အခုကြည့်ကြည့်တော့မှ သူတို့က ဒီအချက်ကို တွက်ချက်ပြီးနေလောက်ပြီ...ဒါပေမယ့် သူတို့ရဲ့ကံကြမ္မာဆရာသခင်တွေက ချန်အန်းမြို့ရဲ့နေရာအတိအကျကို မတွက်ချက်နိုင်တာ ဖြစ်လိမ့်မယ်...မဟုတ်ရင် ရှင်းလင်ကြယ်နယ်မြေ ပျက်စီးသွားတာ အချိန်အတော်ကြာနေလောက်ပြီ"
"ဒါပေမယ့် ဒီနေရာကို သူတို့ ရှာဖွေဖော်ထုတ်သွားနိုင်မှာ အနှေးနဲ့အမြန်ပဲရှိတယ်....လက်ဝဲစစ်တပ်နယ်မြေမှာ ကြယ်နယ်မြေ၃၆ခုပဲရှိတာ...သူတို့ ဒီနေရာကို ရှာတွေ့ဖို့ဆိုတာ အချိန်အတိုင်းအတာတစ်ခုပဲလိုတယ်... အခုချိန်မှ ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို မြှင့်တင်ဖို့ဆိုတာ အရမ်းနောက်ကျနေပြီ"
လုယွီသည် အကျိုးအပြစ်ကိုချိန်ဆပြီးနောက် ယခုချိန်တွင် သူ့အတွက် အချိန်များစွာ မကျန်တော့ကြောင်း နားလည်သဘောပေါက်ထားသည်။
ထန်အင်ပါယာမှသူလျှိုများသည် ရှင်းလင်ကြယ်နယ်မြေပေါ်၌ ချန်အန်းမြို့ဟောင်းရှိနေကြောင်းကို ရှာဖွေတွေ့ရှိပြီးသားပင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ဤကဲ့သို့ ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးတွင် သူ ထပ်မံ၍အဆင့်ချိုးဖျက်ရန်မှာ မဖြစ်နိုင်ချေ။
ယခင်က သူ ချိုးဖျက်ခဲ့သော ကျင့်ကြံဆင့်နယ်ပယ်များအားလုံးသည် သဘာဝအတိုင်းဖြစ်ကာ တခြားသူများ၏ကူညီမှုကို မလိုအပ်ခဲ့ချေ။ဤသည်မှာ သူ၏အံ့အားသွင့်ဖွယ်ကောင်းသော စွမ်းအားစုပ်ယူနှုန်းနှင့်ကံကြမ္မာ၏ကောင်းချီးပေးမှုတို့ကြောင့်ဖြစ်သည်။သို့ရာတွင် ယခုချိန်၌ သူ ကျင့်ကြံဆင့်နယ်ပယ်ကြီးတစ်ခုကို ချိုးဖျက်ဝင်ရောက်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
လုယွီ၏ရုပ်ခန္ဓာကိုယ်နှင့်မှော်စွမ်းအားတို့သည် အံ့အားသင့်ဖွယ်ကောင်းသောအဆင့်သို့ ရောက်ရှိနေသော်လည်း အစစ်အမှန်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို ရင်ဆိုင်ချိန်တွင်မူ လုံလောက်ရန်အတွက် အလှမ်းကွာဟနေဆဲပင်။
"ငါ့ရဲ့အားသာချက်က စိတ်ဝိညာဥ်မှာရှိတယ်....ငါ့ရဲ့စိတ်ဝိညာဥ်က ကျင့်ကြံဆင့်နယ်ပယ်နဲ့ ကန့်သတ်ခံထားရတယ်...တကယ်လို့ ငါက နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်ကို အဆင့်မြှင့်နိုင်ရင် ငါ ထုတ်လွှတ်တဲ့စိတ်ဝိညာဥ်စွမ်းအားက အစစ်အမှန်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို ခုခံတိုက်ခိုက်ဖို့ လုံလောက်သွားလိမ့်မယ်"
အချိန်တခဏအတွင်းမှာပင် လုယွီသည် သူ့ရှေ့တွင်ရှိနေသော ပြဿနာများအားလုံးကို ဆင်ခြင်တွေးတောပြီးလေပြီ။
လုယွီထံတွင် တာအိုသခင်အဆင့်စိတ်ဝိညာဥ်ရှိနေသည်။သို့ရာတွင် သူ၏ကျင့်ကြံဆင့်နယ်ပယ်မှကန့်သတ်ချက် ရှိနေခြင်းကြောင့် သူ၏စိတ်ဝိညာဥ်မှ စွမ်းအားအကုန်အစင်ကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။
သူ နောက်ထပ် ကျင့်ကြံဆင့်နယ်ပယ် တက်လှမ်းနိုင်သည်နှင့် ပို၍ကြီးမားသောစွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်ပေမည်။
"ကြည့်ရတာတော့ ငါ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းကို နည်းနည်းတော့ မြှင့်တင်ရမယ့်ပုံပဲ"
ဤသည်မှာ လုယွီသည် အန္တရာယ်အငွေ့အသက်ကိုခံစားမိသည့် ပထမဆုံးအကြိမ်ပင်။
သူသည် ထန်ယောင်ရှင်းကိုကြည့်ကာ မေးမြန်းလိုက်၏။
"မင်းတို့ဂိုဏ်းမှာ ကျင့်ကြံဖို့အတွက်သင့်တော်တဲ့ ရတနာတစ်ခုတစ်လေ မရှိဘူးလား"
ထန်ယောင်ရှင်းသည် လုယွီ၏လက်အောက်သို့ အညံခံပြီးဖြစ်သော်လည်း သူသည် စိုးရိမ်ပူပန်နေသောအခြေအနေ၌ ရှိနေဆဲပင်။
ထိုစကားကိုကြားချိန်တွင် သူသည် ချက်ချင်းဝမ်းသာပျော်ရွှင်သွားကာ ပြောဆိုလိုက်သည်။
"သန့်ရှင်းစင်ကြယ်ခြင်းရေအိုင်က ငါ ဟန်ပြဖန်တီးထားတဲ့နေရာတစ်ခုပဲ...တကယ်တော့ အဲ့ဒီနေရာရဲ့ အကျိုးသက်ရောက်မှု အများကြီးမရှိဘူး...ဒီတောင်တန်းပရဝုဏ်အတွင်းမှာ မီးတောင်ဝတစ်ခုရှိတယ်...အဲ့ဒီနေရာရဲ့ မြေအောက်မှာ မီးနဂါးသွေးကြောတစ်ခု ပုန်းကွယ်နေတယ်....အဲ့ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအားတွေ အရမ်းပေါကြွယ်ဝပြီးတော့ တစ်ဝက်လောက် အင်အားစိုက်ထုတ်ရုံနဲ့ အကျိုးကျေးဇူးနှစ်ဆ ရနိုင်တယ်"
"ငါ့ကို အဲ့ဒီနေရာဆီ ခေါ်သွားပေးစမ်း"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
သူသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို အလျှင်အမြန်တိုးမြှင့်ရန် လိုအပ်နေသဖြင့် သူ ကျင့်ကြံရန်အတွက် သင့်လျော်သောနေရာကို ရှာဖွေရပေမည်။
ထန်ယောင်ရှင်းသည် ထိုတောင်းဆိုချက်ကို ချက်ချင်းသဘောတူညီကာ လုယွီကို မီးတောင်ဝဆီသို့ အလျှင်အမြန်ခေါ်ဆောင်သွားလေ၏။
ဤနေရာသည် ရေအင်မော်တယ်ဂိုဏ်း၏အဆောက်အအုံများ တည်ဆောက်ထားသော တောင်ထိပ်များနှင့် လွန်စွာအလှမ်းကွာဝေးသည်။
ရေအင်မော်တယ်ဂိုဏ်း၏ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကြီးသည် ဤနေရာရှိနဂါးသွေးကြောနှင့်ချိတ်ဆက်ထားခြင်းမရှိသဖြင့် အနည်းငယ်မျှသက်ရောက်နိုင်ခြင်းမရှိချေ။
လုယွီရောက်ရှိသည်နှင့် ထန်ယောင်ရှင်းသည် မီးတောင်ဝကိုရှင်းလင်းရန် သူ၏လူများကို အမိန့်ပေးလိုက်သည်။ထို့နောက် သူသည် လုယွီကို မီးတောင်အတွင်းသို့ဝင်ရန် ရိုသေလေးစားစွာ ဖိတ်ခေါ်လိုက်၏။
Thank For Reading.