အခန်း (၃၆၂၆-၃၆၂၉)
Vol. 185 Ch. 3626-3629
Chapter 3626
ထန်ယောင်ရှင်း ပြောဆိုသကဲ့သို့ပင် ဤနေရာတွင် စိတ်ဝိညာဥ်စွမ်းအားများ လွန်စွာပေါကြွယ်ဝသည်။
သူ မီးတောင်ဝသို့ မချဥ်းကပ်ရသေးမီမှာပင် မီးဒြပ်စင်စိတ်ဝိညာဥ်စွမ်းအားများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေသည်ကို သူ အာရုံခံမိသည်။
"ဒါက ငါ ဂိုဏ်းတည်ထောင်တဲ့အချိန်မှာ ကံကြမ္မာကောင်းတစ်ခုကြောင့်တွေ့ခဲ့တဲ့ နေရာတစ်ခုပဲ...ငါ့ရဲ့ဂိုဏ်းကို ဒီနေရာမှာတည်ဆောက်ဖို့ ရွေးချယ်ခဲ့တဲ့အကြောင်းအရင်းက ဒီမီးတောင်ထဲမှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေကြောင့်ပဲ....ဒီစိတ်ဝိညာဥ်စွမ်းအားတွေရဲ့ကောင်းချီးပေးမှုကြောင့် ငါ့ရဲ့ကျင့်ကြံမှုမှာ အကျိုးကျေးဇူးတွေ အများကြီးရလာခဲ့တယ်"
ထန်ယောင်ရှင်းသည် လုယွီကို မီးတောင်ဝသို့ ရိုသေလေးစားစွာ ပို့ဆောင်ခဲ့ပြီးနောက် သူသည် အလိုက်တသိ ထွက်ခွာသွားခဲ့ကာ တခြားသူများကိုလည်း ဤနေရာအနီးသို့ ချဥ်းကပ်ခြင်းမပြုရန် အမိန့်ပေးခဲ့သည်။
ဤနေရာသည် မူလက ရေအင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေပင်။ဂိုဏ်းအတွင်း၌ ဤနေရာသို့ဝင်ရောက်လိုသူတစ်ယောက်သည် အကျိုးဆောင်ရမှတ်ပမာဏ အမြောက်အများရှိနေရန် လိုအပ်သည်။ထိုသို့မှသာ ဤနေရာသို့ ဝင်ရောက်ခွင့်ရပေမည်။
သို့ရာတွင် လုယွီအတွက်မူ ထိုကိစ္စမျိုးလုပ်ဆောင်ရန် မလိုအပ်ချေ။
လုယွီသည် အလွန်ပျော်ရွှင်သွားလေ၏။ဤသည်မှာ သူအား အချိန်ကုန်ဆုံးမှုများစွာသက်သာစေနိုင်သည်။
မီးတောင်အတွင်း၌ ပူပြင်းသောချော်ရည်များ ရှိနေသည်။
ထိုချော်ရည်များသည် ကျစ်လစ်သိပ်သည်းပုံရသော်လည်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် ပူပြင်းသောအရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။
ထိုချော်ရည်များ၏အောက်၌ လူးလွန့်လှုပ်ရှားနေသော နဂါးနက်တစ်ကောင်၏ပုံရိပ်ရှိသည်။
မီးတောင်၏ဘေးတစ်ဖက်တစ်ချက်ရှိ ကျောက်တုံးနံရံများပေါ်တွင် ကျင့်ကြံသူများအတွက် အထူးသီးသန့်ပြုလုပ်ထားသည့် အရွယ်အစားအမျိုးမျိုးရှိသော ကျင့်ကြံရေးအခန်းများရှိနေလေ၏။
သို့ရာတွင် လုယွီသည် ထိုကျင့်ကြံရေးအခန်းများအတွင်းသို့ဝင်ရောက်ရန် ရည်ရွယ်မထားချေ။
"ဒီနေရာမှာ ပြီးပြည့်စုံတဲ့ နဂါးသွေးကြောရှိနေတာပဲ...ဒီနေရာက တကယ့်ကို ဖုန်းရွှေရတနာမြေတစ်ခုပဲ"
လုယွီ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သွားသော အမူအယာမျိုးထင်ဟပ်လာကာ သူက ချော်ရည်ပူများအတွင်းသို့ ခုန်ဆင်းလိုက်သည်။
သူ၏ခန္ဓာကိုယ်ရှိအဝတ်အစားများ ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားသည်။ထို့နောက် သူ၏ခန္ဓာကိုယ်ပေါ်ရှိ တောင့်တင်းသန်မာပြီး ကျစ်လစ်သောကြွက်သားများ ထွက်ပေါ်လာပေ၏။
ခြစ်ခြစ်တောက်ပူပြင်းသောအပူရှိန်သည် လုယွီ၏ခန္ဓာကိုယ်ကို တိုက်စားနေသော်လည်း သူသည် မျက်တောင်တစ်ချက်မခတ်ချေ။
သိုင်းပညာသူတော်စင်အဆင့်သို့ရောက်ရှိပြီးနောက် သူ၏ခန္ဓာကိုယ်သည် ရေနှင့်မီးကြောင့် ပျက်စီးသွားနိုင်ခြင်း မရှိတော့ပေ။
ထို့ကြောင့် သူ ချော်ရည်ပူအတွင်းသို့ ခုန်ချခဲ့သည့်တိုင် သူ၏ခန္ဓာကိုယ်ထိခိုက်နာကျင်ခြင်း အနည်းငယ်မျှမရှိချေ။
"ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေက မလုံလောက်သေးဘူး"
လုယွီသည် အချိန်တခဏခန့်အာရုံခံပြီးနောက် အောက်သို့ ဆက်လက်၍ငုပ်လျှိုးလိုက်၏။
သူ ပို၍နက်ရှိုင်းစွာငုပ်လျှိုးလေလေ သူ၏နံဘေးပတ်ဝန်းကျင်ရှိအပူချိန် ပို၍မြင့်မားလာလေလေပင်။မီတာဆယ်နှင့်ချီ ငုပ်လျှိုးပြီးနောက် လုယွီက ရပ်တန့်လိုက်သည်။
သူသည် မီးနဂါးသွေးကြောနှင့် အလွန်နီးကပ်သောနေရာတွင် ရောက်ရှိနေလေပြီ။
ဤမီးနဂါးသွေးကြောတွင် ကိုယ်ပိုင်အသိဥာဏ်ရှိပုံရကာ ခြစ်ခြစ်တောက်ပူပြင်းသော ချော်ရည်များအကြားတွင် လှည့်လည်သွားလာနေပြီး ကြည့်ရသည်မှာ အလွန်အသက်ဝင်ပေ၏။
လုယွီက မီးနဂါးသွေးကြောထံသို့ ကူးခတ်သွားလိုက်သည်။
ဤအလွန်အမင်းပူပြင်းသော ချော်ရည်များအတွင်းတွင် သက်ရှိအများစုသည် မြင့်မားသောအပူရှိန်ကို ခံနိုင်ရည်မရှိကြသဖြင့် ဤနေရာတွင် သက်ရှိတစ်ကောင်တစ်လေမျှ ရှိမနေချေ။
မီးနဂါးသွေးကြောသည် ဤနေရာသို့ သက်ရှိတစ်ယောက် ချဥ်းကပ်လာမည်ဟု မျှော်လင့်ထားပုံမရချေ။
"ဝေါင်း...."
လုယွီ ချဥ်းကပ်လာသည်ကို သိရှိသွားချိန်တွင် မီးနဂါးသွေးကြောသည် ခြိမ်းခြောက်ဟန့်တားသည့်အလား ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ငါ မျှော်လင့်ထားသလိုပဲ...မင်းဆီမှာ အသိဥာဏ်ရှိနေတာပါလား...ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအားတွေ အရမ်းကြွယ်ဝတာကြောင့် မင်းလိုသက်မဲ့တစ်ကောင်တောင် အသိဥာဏ်ပိုင်ဆိုင်သွားခဲ့ပြီ"
လုယွီသည် ချောရည်ပူများအတွင်း၌ကူးခတ်ရင်း မီးနဂါးသွေးကြောထံသို့ သူ၏လက်ကိုဆန့်တန်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူသည် နဂါးဖမ်းလက်ကိုအသုံးပြုကာ မီးနဂါးသွေးကြောကိုဖမ်းဆုပ်ကာ အတင်းအကြပ်ဆွဲထားလေသည်။
ဤမီးနဂါးသွေးကြောသည် မီတာဆယ်နှင့်ချီ၍ကျယ်ပြန့်ကာ အလွန်အမင်းကြီးမားသည်။
လုယွီ၏ထိန်းချုပ်ခြင်းကို ခံရပြီးနောက် မီးနဂါးသွေးကြောသည် ဖမ်းချုပ်မှုအောက်မှလွတ်မြောက်စေရန်အတွက် ပြင်းပြင်းထန်ထန်ရုန်းကန်နေဆဲပင်။
"ဟမ့်...အခုက မင်း ထွက်သွားဖို့ အချိန်မကျသေးဘူး...ငါက ဒီနေရာမှာနေပြီးတော့ အချိန်ခဏလောက် ကျင့်ကြံအုံးမယ်...ငါ ထွက်သွားတဲ့အချိန်ကျရင် ငါ မင်းကို ကံကြမ္မာကောင်းတချို့ ပေးခဲ့မယ်"
သူ၏စကားကို ဤမီးနဂါးသွေးကြော နားလည်သည် နားမလည်သည်ကို လုယွီ ဂရုမစိုက်ချေ။သူ၏နတ်ဘုရားစိတ်အာရုံကို မီးနဂါးသွေးကြောအတွင်းသို့ စေလွှတ်လိုက်၏။
မီးနဂါးသွေးကြောသည် လုယွီ၏ဆိုလိုရင်းကို နားလည်သဘောပေါက်ပုံရသည်။သူသည် ရုန်းကန်နေခြင်းကိုရပ်တန့်ကာ လုယွီ၏နံဘေးပတ်လည်၌ လှည့်ပတ်နေတော့သည်။
Chapter 3627
ဤမီးနဂါးသွေးကြော အနီးအနားတွင်ရှိနေခြင်းနှင့်အတူ လုယွီ၏နံဘေးပတ်ဝန်းကျင်တွင် စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်သွားတော့သည်။
ဤစိတ်ဝိညာဥ်စွမ်းအားများသည် စမ်းရေများအလား လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။
လုယွီသည် တည်ကြည်လေးနက်သောမျက်နှာအမူအယာဖြင့် ချော်ရည်များအကြား၌ ပလ္လင်ခွေထိုင်နေသည်။သူသည် ကျင့်ကြံနည်းစနစ်မှော်မန္တန်များကိုရွတ်ဆို၍ တိတ်ဆိတ်ငြိမ်သက်စွာ စတင်၍ကျင့်ကြံနေလေ၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အရှိန်အဝါ ပြောင်းလဲနေသည်။အကယ်၍ ယခင်က သူသည် နူးညံသိမ်မွေ့ပြီး သာမာန်ဆန်သော်လည်း ယခုချိန်တွင်မူ မြေအောက်လောကနယ်မြေကိုအုပ်ချုပ်ကာ တခြားသူများ၏သေခြင်းနှင့်ရှင်ခြင်းကို ထိန်းချုပ်နိုင်သော မြေအောက်လောကတာအိုသခင်၏အရှိန်အဝါမျိုးရှိနေသည်။
သူ အသက်ရှုသွင်းရှုထုတ်လုပ်သည့်အချိန်တိုင်း စိတ်ဝိညာဥ်စွမ်းအား ပမာဏအမြောက်အများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ တစ်လှိုင်းပြီးတစ်လှိုင်း တလိမ့်လိမ့်စီးဝင်လာသည်။အလွန်လျှင်မြန်စွာဖြင့် သူသည် ဥာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိသွားပေ၏။
မီးတောင်၏ပြင်ပ၌....
ဤနေရာ၌ ကျင့်ကြံနေသော တပည့်များအားလုံး အတင်းအကြပ်မောင်းထုတ်ခြင်းကို ခံလိုက်ရသည်။
ထိုတပည့်များသည် ပင်မတပည့်များပင်။သူတို့အနက်မှအများစုသည် ငယ်ရွယ်ကာ ထူးချွန်သောအရည်အချင်းရှိသူများဖြစ်သည်။
သူတို့အား မောင်းထုတ်ခြင်းခံရသဖြင့် သူတို့၏မျက်နှာများပေါ်တွင် ဒေါသထွက်နေသောအမူအယာများ ထင်ဟပ်နေသည်။
"ဘယ်သူမလို့လဲ...သူက ဘယ်လောက်တောင် အရေးပါနေလို့ မီးတောင်တစ်ခုလုံးကို ချိပ်ပိတ်ပေးရတာလဲ"
"အမှန်ပဲ...အရင်တုန်းက အဆင့်မြင့်အကြီးအကဲတစ်ယောက် လာပြီးကျင့်ကြံတုန်းကတောင် ဒီလိုမျိုး ကိန်းကြီးခမ်းကြီးမနိုင်ဘူး"
ဤပင်မတပည့်များသည် မီးတောင်အတွင်း၌ ကျင့်ကြံနေသဖြင့် ပြင်ပ၌ ဖြစ်ပျက်နေသောကိစ္စများကို မသိရှိကြချေ။
အစောပိုင်းက သူတို့အား ရုတ်တရက် မောင်းထုတ်ခြင်းခံရမှသာ သူတို့အားလုံး နားဝေတိမ်တောင်ဖြစ်သွားကြသည်။
"စီနီယာတို့...ဂိုဏ်းထဲမှာ ပြဿနာကြီးတစ်ခုဖြစ်သွားခဲ့တယ်"
ထိုအချိန်မှာပင် အပြင်စည်းတပည့်တစ်စုက အလျင်စလို ပြေးဝင်လာသည်။
သူတို့သည် ဤပင်မတပည့်များ၏နောက်လိုက်များဖြစ်သဖြင့် မီးတောင်အတွင်းသို့ဝင်၍ ကျင့်ကြံရန် အရည်အချင်းပြည့်မီခြင်းမရှိချေ။
"ဘာတွေ ပျာယာခတ်နေတာလဲ...ဖြည်းဖြည်းပြောကြစမ်း...မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်ကြစမ်း....မသိတဲ့သူဆိုရင် ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးသွားတာကြနေတာပဲ"
ပင်မတပည့်များအနက်မှတစ်ယောက်က ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
သူတို့၏အဆင့်အတန်းသည် မြင့်မားသဖြင့် သူတို့၏နာမည်ဂုဏ်သတင်းနှင့်ပတ်သက်၍ အလွန်ဂရုစိုက်သည်။
သူတို့၏နောက်လိုက်များ ဤမျှထိပျာယာခတ်နေသောကြောင့် တခြားသူများ၏ရှေ့တွင် သူတို့အတွက် အရှက်ရစရာ ဖြစ်သွားနိုင်သည်။
"စီနီယာအကို....ဘယ်လိုလုပ်ပြီး သိနေတာလဲ"
အပြင်စည်းတပည့်တစ်ယောက်သည် အချိန်တခဏခန့် ကြက်သေသေသွားပြီးနောက် မေးမြန်းလေသည်။
"ဘာ...."
လက်ရှိနေရာတွင်ရှိနေသော ပင်မတပည့်များအားလုံး ကြက်သေသေသွားသည်။
မကြာမီမှာပင် ထိုအပြင်စည်းတပည့်များ၏ပါးစပ်များမှနေ၍ လုယွီသည် ဂိုဏ်းအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာကြောင်း သူသည် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကို သတ်ဖြတ်ခဲ့ကြောင်းနှင့် ဂိုဏ်းချုပ်ပင်လျှင် သူ၏လက်အောက်၌ ရှုံးနိမ့်ခဲ့ရကြောင်း စသည့်အကြောင်းအရာများ ထွက်ပေါ်လာသည်။
ပင်မတပည့်များအနက်မှတချို့သည် မယုံကြည်ကြသဖြင့် သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်ကြ၏။
မကြာမီမှာပင် တစ်ချိန်က ကြီးကျယ်ခမ်းနားသော ရေအင်မော်တယ်ဂိုဏ်းသည် အပျက်အစီးနယ်မြေ၏အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
"တော်ဝင်နန်းတွင်းကလူတွေက ငါတို့ရဲ့ဂိုဏ်းကို တကယ်ကြီး တိုက်ခိုက်ဝံ့တာလား"
လက်ရှိနေရာတွင်ရှိနေသော ပင်မတပည့်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ သူတို့၏စိတ်အတွင်းတွင် သိရှိထားသော တော်ဝင်နန်းတွင်းမှအရာရှိများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
"တခြားစကားပြောင်းဆိုရရင်....မီးတောင်ထဲကတစ်ယောက်က လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်ပဲ"
"အဲ့ဒီလူက ဒီနှစ်ရဲ့ ထိပ်သီးကျောင်းတော်သားလို့ ငါ ကြားထားတယ်....သူ့ရဲ့အသက်က နှစ်ဆယ်လောက်ပဲရှိအုံးမယ်"
ပင်မတပည့်များသည် ထိုအချက်ကိုကြားချိန်တွင် သူတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်သောမျက်နှာအမူအယာများ ထင်ဟပ်လာသည်။
သူတို့၏အသက်များသည် လုယွီနှင့်ရွယ်တူခန့်ဖြစ်သောကြောင့် သူတို့သည် တခြားသူများ သူတို့ထက်သာလွန်သည်ကို လက်ခံလိုခြင်းမရှိချေ။ရေအင်မော်တယ်ဂိုဏ်း၏ပင်မတပည့်များဖြစ်သဖြင့် သူတို့၏မာန်မာနများသည် မိုးထိမြင့်လုမတက်ထောင်လွှားနေပေရာ အလွန်အမင်းမောက်မာထောင်လွှားသူများဖြစ်သည်။
သို့ရာတွင် ယနေ့၌ သူတို့၏ဂိုဏ်းသည် လူငယ်တစ်ယောက်၏ဖိနှိပ်ခြင်းကို ခံလိုက်ရပေ၏။ဤသည်မှာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ အလွန်အမင်းမခံမရပ်နိုင်ဖြစ်ခြင်းကို ခံစားရစေသည်။
"ငါတို့ တောင်ပေါ်ကိုပြန်သွားပြီးတော့...လုယွီ ဘယ်လိုကျင့်ကြံလဲဆိုတာ သွားကြည့်ကြမလား"
ရုတ်တရက် ပင်မတပည့်တစ်ယောက်က အကြံပြုသည်။
တခြားတစ်ယောက်က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"မင်း ထပ်ပြီးတော့ အသက်မရှင်ချင်တော့တာလား...မင်း မကြားဘူးလား....အဆင့်မြင့်အကြီးအကဲတွေတောင် သူ့ရဲ့ရိုက်နှက်တာကိုခံရပြီးတော့ သွေးအန်သွားတာ...ဂိုဏ်းချုပ်တောင် ရှုံးနိမ့်သွားခဲ့တယ်...ငါတို့ဂိုဏ်းရဲ့ ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကြီးကိုလည်း သူ ဖျက်ဆီးနိုင်ခဲ့တယ်...သူ့လိုလူတစ်ယောက်ကို သွားကြည့်မယ်ဆိုတော့ မင်းက သေလမ်းသွားရှာမလား"
Chapter 3628
ထိုပင်မတပည့်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကောလဟာလက ကောလဟာလပဲလေ....သူက အရမ်းသန်မာအားကောင်းမယ်လို့ ငါ မယုံဘူး"
သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။
"မင်းနဲ့ငါက ငါတို့ဂိုဏ်းရဲ့လူငယ်မျိုးဆက်သစ်တွေကြားမှာ အားအကောင်းဆုံးလူနှစ်ယောက်ပဲ....လူငယ်မျိုးဆက်သစ်တွေထဲမှာ ငါတို့ကို ယှဥ်ပြိုင်နိုင်တဲ့ပြိုင်ဘက်ဆိုတာ အရမ်းရှားပါးတယ်....သူက ကောလဟာလတွေထွက်နေသလို တကယ်ပဲ နတ်ဘုရားဆန်နေလို့လား....ငါတော့ အဲ့ဒီလိုမထင်ဘူး"
ပင်မတပည့်တချို့၏မျက်နှာများပေါ်တွင် စိတ်ဝင်စားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့သည် ဂိုဏ်းအတွင်း၌ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ကြသဖြင့် ယခုလက်ရှိ ကြားရသောသတင်းများအရ သူတို့အားလုံး အလွန်အမင်း စိတ်ပျက်အားငယ်နေကြသည်။
အကယ်၍ သူတို့သည် လုယွီကိုအနိုင်ယူနိုင်ပါက အလွန်ကြီးမားသော နာမည်ဂုဏ်သတင်းကို ရရှိပေမည်။ထိုအချိန်ကျပါက သူတို့၏နာမည်သည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကိုပင် လှုပ်ခတ်သွားစေနိုင်သည်။
ဤသည်မှာ အလွန်ကြီးမားသော အခွင့်အရေးဖြစ်သဖြင့် သူတို့ မဖြစ်မနေ ဖမ်းဆုပ်ရပေမည်။
"ငါတို့ဝင်သွားပြီး တစ်ချက်ကြည့်ကြည့်ကြမယ်လေ...ငါတို့ ကြည့်တာလောက်နဲ့တော့ သူ ကျင့်ကြံတဲ့နေရာမှာ အနှောက်အယှက်မဖြစ်လောက်ပါဘူး...အချိန်ကျလာရင် သူ ငါတို့ကို အပြစ်မတင်လောက်ပါဘူး"
တစ်စုံတစ်ယောက်က အကြံပေးလိုက်၏။
ဤအကြံပြုချက်သည် လူအများစု၏ထောက်ခံချက်ကို ရရှိသွားသည်။
ထို့ကြောင့် ပင်မတပည့်များသည် မီးတောင်ဝထံသို့ လျှောက်လှမ်းခဲ့ကြတော့သည်။
ဂိုဏ်းချုပ်သည် ဤနေရာသို့ မည်သူမျှမဝင်ရောက်ရန် အမိန့်ပေးသွားခဲ့သည်။သို့ရာတွင် ဤပင်မတပည့်များထံတွင် မြင့်မားသောအဆင့်အတန်းရှိနေလေ၏။သူတို့သည် အစဥ်အမြဲ ဂိုဏ်း၏ရတနာများအဖြစ် တန်ဖိုးထားခံရသူများပင်။ဤကဲ့သို့ ကိစ္စငယ်လေးတစ်ခုအတွက် ဂိုဏ်းမှ သူတို့ကို အပြစ်ပေးမည်ဟု မျှော်လင့်မထားသဖြင့် သူတို့အားလုံး အတင့်ရဲနေကြသည်။
ထို့ကြောင့် သူတို့သည် လူစု၍သတ္တိမွေးကာ မီးတောင်ထံသို့ လျှောက်လှမ်းခဲ့ကြတော့သည်။
အစောပိုင်းက ဂိုဏ်းချုပ်သည် သူတို့အား တောင်အောက်သို့ဆင်းရန် မောင်းထုတ်ခဲ့သည်။
သို့ရာတွင် သူတို့သည် ဤမီးတောင်အတွင်း၌ ကျင့်ကြံခွင့်ရရန် အင်အားများစွာ စိုက်ထုတ်ခဲ့ရလေ၏။တချို့ပင်မတပည့်များသည် ဂိုဏ်းအကျိုးဆောင်ရမှတ်များ ရနိုင်ရန်အတွက် ခက်ခဲကြမ်းတမ်းသော တာဝန်များကို လုပ်ဆောင်ခဲ့ရသည်။
သူတို့သည် ဂိုဏ်းအကျိုးဆောင်ရမှတ်များနှင့် လဲလှယ်ပြီးနောက် ဤှမီးတောင်အတွင်းသို့ ဝင်ရောက်ပြီးချိန်တွင် အဆုံးသတ်၌ တခြားတစ်ယောက်မှ အခန့်သားနေရာဝင်ယူသွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
"အဲ့ဒီနေရာမှာ ရပ်လိုက်ကြစမ်း....ဒီနေရာကို ဘယ်သူ့မှ ဝင်ခွင့်မပြုရဘူးလို့ ဂိုဏ်းချုပ်က အမိန့်ပေးထားတယ်"
မီးတောင်၏နံဘေးတွင်ရှိနေသော အကြီးအကဲတစ်ယောက်က တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
သူ့အား ဤနေရာ၌စောင့်ကြပ်ရန် ထန်ယောင်ရှင်းမှ စေလွှတ်ထားခြင်းဖြစ်သည်။
လုယွီ ထွက်မလာချိန်အထိ သူ ဤနေရာမှ ထွက်ခွာသွား၍မရချေ။
ဤပင်မတပည့်များ၏အဆင့်အတန်းသည် အလွန်မြင့်မားသဖြင့် သာမာန်အကြီးအကဲများနှင့် ထိပ်တိုက်စကားပြောဆိုနိုင်ပေ၏။
ပင်မတပည့်များအနက်မှတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ငါတို့က အထဲကိုဝင်ပြီး တစ်ချက်ကြည့်ရုံပဲ...ဘာပြဿနာမှ ရှာမှာမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူ၏ခြေထောက်ကိုမြှောက်ကာ အတွင်းသို့ အတင်းအကြပ်ဝင်ရန် ကြိုးပမ်းလေသည်။
မည်သို့ပင်ဆိုစေကာမူ ပင်မတပည့်ဟူသော သူတို့၏အဆင့်အတန်းအရ ဤအကြီးအကဲသည် သူတို့အား အခက်တွေ့အောင်လုပ်မည်မဟုတ်ဟု သူတို့ယုံကြည်ထားသည်။
သို့ရာတွင် သူ အံ့အားသင့်သွားရသည်မှာ သူ၏ခြေထောက်ကိုမြှောက်၍ ဝင်ရောက်ရန်ဟန်ပြင်လိုက်စဥ်မှာပင် ကျယ်လောင်သောဟိန်းဟောက်သံတစ်သံက မီးတောင်အတွင်းမှ ထွက်ပေါ်လာသည်။
ထိုဟိန်းဟောက်သံသည် ကျားတစ်ကောင်၏ဟိန်းသံအလား သူတို့၏နားစည်များကို တုန်ခါသွားစေကာ သူတို့အားလုံး ပြိုလဲသွားတော့လုမတတ်ပင်။
"ဒါက ဘာလဲ"
ရုတ်တရက် ပင်မတပည့်တစ်ယောက်သည် သူ၏ခေါင်းကိုမော့ပြီး မိုးကောင်းကင်ယံကိုမော့ကြည့်ကာ တုန်ရီနေသောအသံဖြင့်ပြောဆိုသည်။
ဤအချိန်အခိုက်အတန့်တွင် ပင်မတပည့်များအားလုံး အသိဝင်လာကာ သူတို့၏ခေါင်းများကို အလျှင်အမြန်မော့၍ မိုးကောင်းကင်ယံထံ ကြည့်လိုက်ကြ၏။
မီးတောင်၏အထက်ရှိ မိုးကောင်းကင်ယံအတွင်းတွင် ကြီးမားသောလေလှိုင်းကြီးတစ်ရပ် သိပ်သည်းနေကာ လေထုအတွင်း၌ ပျံ့နှံ့နေသည်။
ဤသည်မှာ လေဆင်နှာမောင်းတစ်ခု တိုက်ခတ်နေသည်နှင့်တူညီကာ မုန်တိုင်းဗဟိုချက်သည် မီးတောင်ပေါက်ဝဖြစ်နေသည့်အလားပင်။ဤအချိန်အခိုက်အတန့်တွင် ပြင်းထန်သောစုပ်အားတစ်ရပ်သည် မီးတောင်ပေါက်ဝမှထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်မှ စိတ်ဝိညာဥ်စွမ်းအားများကို အရူးအမူးစုပ်ယူနေသည်။
မြောက်မြားစွာသောစိတ်ဝိညာဥ်စွမ်းအားများသည် ကွန်းခိုရာရှာတွေ့သွားသည့်အလား အလုံးလိုက်အရင်းလိုက် လုယွီရှိနေသောနေရာသို့ စီးဝင်သွားသည်။
ပင်မတပည့်များအားလုံး ကြက်သေသေသွားလေ၏။
သူတို့ရှေ့ရှိမြင်ကွင်းမျိုးကို သူတို့မြင်တွေ့ရမည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
"ဒါက လူတစ်ယောက် အသက်ရှုတာကနေ ထွက်လာတဲ့ စွမ်းအားလား...ဒါက နည်းနည်းတော့ မလွန်ဘူးလား"
ပင်မတပည့်တစ်ယောက်က ညည်းတွားလိုက်သည်။
သူတို့ မည်မျှပင် တွေးတောကြည့်ပါစေ ဤသည်မှာ လုယွီ ကျင့်ကြံရာမှ ထွက်ပေါ်လာသောမြင်ကွင်းဖြစ်မည်ဟု သူတို့ မယုံကြည်နိုင်ချေ။
လူတစ်ယောက်၏ကျင့်ကြံဆင့် မည်မျှပင်မြင့်မားနေပါစေ သူ တစ်ယောက်တည်း ကျင့်ကြံရာ၌ ပတ်ဝန်းကျင်ကို အနည်းငယ်မျှသာ အနှောက်အယှက်ဖြစ်စေပေမည်။
သို့ရာတွင် လုယွီ၏လက်ရှိအခြေအနေသည် အနည်းငယ်ထူးခြားပေ၏။
Chapter 3629
လက်ရှိနေရာတွင်ရှိနေသူတိုင်းသည် သူတို့၏နံဘေးပတ်ဝန်းကျင်၌ လေပြင်းများတိုက်ခတ်နေသည်ကို ခံစားမိသည်။
မူလက လေထုအတွင်း၌ မျောလွင့်နေသည့် နူးညံသိမ်မွေ့သော စိတ်ဝိညာဥ်စွမ်းအားများသည် လုယွီ၏လွှမ်းမိုးမှုအောက်တွင် ပြင်းထန်လာသည်။
စိတ်ဝိညာဥ်စွမ်းအား ပမာဏအမြောက်အများသည် မီးတောင်အတွင်းသို့ အရူးအမူးစီးဝင်နေသည်။ဤမီးတောင်အတွင်း၌ တက်တူတစ်ကောင် ပုန်းအောင်းနေသည့်အလား စိတ်ဝိညာဥ်စွမ်းအားများကို အရူးအမူးဝါးမျိုနေလေ၏။
ဤနေရာကို စောင့်ကြပ်နေသော အကြီးအကဲပင်လျှင် သူ့နောက်ရှိမီးတောင်ကိုကြည့်ကာ သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူသည် အကြိမ်ရေအနည်းငယ်ခန့်ချောင်းဟန့်ကာ ပင်မတပည့်များကိုဝေ့ဝိုက်ကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဘယ်လိုလဲ...မင်းတို့ အထဲကို ဝင်ကြအုံးမှာလား"
ပင်မတပည့်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤကဲ့သို့ မြင်ကွင်းမျိုးကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက် ယခင်က သူတို့၏မောက်မာဝံ့ကြွားမှုများအားလုံး အစအနမကျန်အောင် ပျောက်ကွယ်သွားလေပြီ။
သူတို့သည် ဤကဲ့သို့ အသက်ရှုသွင်းရှုထုတ်သည့် အဆင့်မျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဘူးသည့်အပြင် အတွေ့အကြုံရင့်ကျက်သော အကြီးအကဲများပင်လျှင် ဤကိစ္စမျိုးကို ကြားဖူးနားဝမရှိချေ။
အကြီးအကဲခန်းမအတွင်း၌....
ထန်ယောင်ရှင်းသည် ယခုလက်ရှိချိန်၌ ဂိုဏ်း၏အတွင်းရေးကိစ္စများကို ရင်ဆိုင်ဖြေရှင်းနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။
ကိစ္စများသည် အလွန်လျှင်မြန်စွာ ဖြစ်ပွားသွားခဲ့လေ၏။
မူလအတိုင်း သူသည် အဆင့်အတန်းမြင့်မားပြီး မြင့်မြတ်သော ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေဆဲပင်။သူ၏လက်အောက်ရှိ အဆင့်မြင့်အကြီးအကဲများသည် တော်ဝင်နန်းတွင်းကို ဆန့်ကျင်ရန် ကြံစည်နေသည်ကို သူ သိရှိထားသည့်အပြင် ဤကိစ္စကို သူကိုယ်တိုင် ညွှန်ကြားထားခြင်းလည်းဖြစ်သည်။
ထန်ယောင်ရှင်းသည် လုယွီကို လျှော့တွက်နေဆဲပင်။
အကယ်၍ လုယွီသည် ရေအင်မော်တယ်ဂိုဏ်းကို ရင်ဆိုင်လိုပါက ကြိုတင်ပြင်ဆင်ရန်အတွက် အချိန်လိုအပ်သည်ဟု သူ မူလက တွေးထင်ခဲ့သည်။
သို့ရာတွင် လုယွီသည် ပုံမှန်လုပ်ရိုးလုပ်စဥ်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိချေ။
သူသည် ရောက်ရှိလာသည်နှင့် ဂိုဏ်းချုပ်ကို ဖိနှိပ်ကာ ဂိုဏ်းတစ်ဂိုဏ်းလုံးကို အရှုံးပေးအညံခံစေခဲ့သည်။
သူ၏ဆက်တိုက်လှုပ်ရှားမှုများသည် ရေအင်မော်တယ်ဂိုဏ်းမှလူများအားလုံးကို မိန်းမောတွေဝေသွားစေကာ သူတို့အားလုံး တန်ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိချေ။
ထိုအချိန်မှာပင် ပြင်းထန်သော မှော်စွမ်းအားစီးဆင်းမှုများက နံဘေးပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။
ထန်ယောင်ရှင်းသည် ထိတ်လန့်တုန်လှုပ်သွားကာ တံခါးမှနေ၍ ပြင်ပသို့အလျှင်အမြန်ကြည့်လိုက်၏။
အကြီးအကဲခန်းမ၏ပြင်ပရှိ မိုးကောင်းကင်ယံအတွင်းတွင် ကြီးမားသောစိတ်ဝိညာဥ်စွမ်းအားမုန်တိုင်းကြီး ထွက်ပေါ်လာကာ မီးတောင်ရှိရာနေ ရာသို့ ဦးတည်၍ရွေ့လျားသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဤသည်မှာ ကောင်းကင်နှင့်မြေပြင်၏ သဘာဝလွန်ပုံရိပ်ဟု ပြောနိုင်သလောက်နီးပါးပင်။
ရေမော်တယ်ဂိုဏ်း၏ မည်သည့်နေရာတွင်မဆိုရှိနေသော ဂိုဏ်းဝင်များအားလုံး ဤအချိန်အခိုက်အတန့်တွင် ပြင်ပသို့ထွက်လာကာ မိုးကောင်းကင်ယံအတွင်းရှိ ထူးဆန်းသောမြင်ကွင်းကို ကြည့်နေကြသည်။
ထန်ယောင်ရှင်းသည် ပြင်ပသို့ထွက်၍ တစ်ချက်ကြည့်သည်ဆိုရုံမျှသာကြည့်ပြီး သူ၏နေရာ၌ ပြန်ထိုင်လိုက်၏။
သူ၏အတွေ့အကြုံအရ ဤသည်မှာ စိတ်ဝိညာဥ်စွမ်းအား ရှုသွင်းရှုထုတ်ခြင်းမှ ဖြစ်ပေါ်လာသော ထူးဆန်းသည့်သဘာဝလွန်ပုံရိပ်ဟု သူ ပြောဆိုနိုင်သည်။
ဤကဲ့သို့ ထူးဆန်းသောသဘာဝလွန်ပုံရိပ်မျိုးသည် မည်သူမဆို ဖြစ်ပွားစေနိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။
"သူက ခုလိုအသက်အရွယ်နဲ့ ကြီးမားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတာ အံ့အားသင့်စရာမရှိတော့ဘူး...သူ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက သာမာန်ကျင့်ကြံသူတစ်ယောက်ထက် အဆတစ်ရာလောက်မြန်နေတယ်"
ထန်ယောင်ရှင်းသည် တိတ်တဆိတ်သက်ပြင်းချကာ သူ၏စိတ်နှလုံးသားအတွင်းမှ အတွေးတစ်ခုကို ဖယ်ရှားလိုက်သည်။
သူ၏စိတ်ဝိညာဥ်အတွင်း၌ နတ်ဆိုးမျိုးစေ့ အမြှစ်တွယ်နေသော်လည်း ထိပ်သီးဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော သူသည် တခြားလူတစ်ယောက်၏လက်အောက်တွင်နေရန် မည်သို့လိုလားနိုင်မည်နည်း။
သို့ရာတွင် သူသည် လုယွီအားရင်ဆိုင်ရန် နည်းလမ်းကောင်းတစ်ခုကို ရှာမတွေ့သေးချေ။
ယခုချိန်တွင် လုယွီ၏တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားကို မြင်တွေ့ပြီးနောက် သူ ပို၍တွေဝေတုံ့ဆိုင်းသွားသည်။
လုယွီ၏ကျင့်ကြံဆင့်အရှိန်နှုန်းသည် အလွန်အမင်း လျှင်မြန်ပေ၏။သူ အမွှေးနံ့သာစွမ်းအား မည်မျှပင်စုဆောင်းမိပါစေ သူ လုယွီကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
ထို့ပြင် လုယွီထံတွင် အဆင့်မြင့်နတ်ဘုရားရှိနေသည်။ဤကဲ့သို့ ပြင်းထန်စွာဖိနှိပ်ခံရသော ခံစားချက်သည် သူ့အား အလွန်အမင်း စိတ်ဓာတ်ကျစေကာ သူ ခုခံတိုက်ခိုက်ရန်ပင် မတွေးတောဝံ့တော့ချေ။
"ဒီလူက အရမ်းနက်နဲ့သိမ်မွေ့တယ်...အခုချိန်မှာ ငါ သူနဲ့ ရန်သူတွေဖြစ်လို့မရဘူး"
ထန်ယောင်ရှင်းသည် သူ့ကိုယ်သူ ထပ်ခါတလဲလဲ သတိပေးလိုက်၏။
အမှန်အားဖြင့် လုယွီ၏လက်အောက်၌ အလုပ်လုပ်ရန်အတွက် သူ ငြင်းဆန်နေမည်မဟုတ်ချေ။မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် ပို၍သန်မာအားကောင်းလေလေ နောင်အနာဂတ်၌ သူ ပို၍အကျိုးအမြတ် ရရှိနိုင်လေလေပင်။
အကယ်၍ လုယွီသည် အမြင့်သို့တက်လှမ်းနေသည့်လမ်းကြောင်း၌ မတော်တဆသေဆုံးသွားပါက သူ လုယွီ၏ထိန်းချုပ်မှုအောက်မှ အလိုအလျောက် လွတ်မြောက်သွားပေမည်။
ထိုအတွေးမျိုး သူ၏စိတ်အတွင်း၌ ရှိလာသည်နှင့် ထန်ယောင်ရှင်း၏နှလုံးခုန်နှုန်း ရုတ်တရက် ပြင်းပြင်းထန်ထန် လျှင်မြန်သွားသည်။ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သောနာကျင်မှုတစ်ရပ်က သူ၏နှလုံးသားအတွင်း၌ တိုးဝင်လာပေ၏။