← Chapters

အခန်း (၃၆၃၄-၃၆၃၇)

Vol. 185 Ch. 3634-3637

အခန်း (၃၆၃၄-၃၆၃၇)

Vol. 185 Ch. 3634-3637

Chapter 3634

ထို့ကြောင့် ရွှမ်ချင်သည် ပြေးလမ်း​ကြောင်းတစ်ခုကို ကြိုတင်စီစဥ်ထားခဲ့သည်။

သူမသည် စောစီးစွာ သေဆုံးခဲ့ရမည်ဟု သူမ ကြိုတင်တွက်ချက်နိုင်ခဲ့ခြင်းမရှိသော်လည်း အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကိုမူ သူမ ခန့်မှန်းနိုင်ခဲ့သည်။

သူမ၏လက်ရင်းတပည့်ဖြစ်သော ပိုင်ဆုချင်တစ်ယောက်တည်းကသာ ဤပြေးလမ်းကြောင်းများကို သိရှိပေ၏။

ရွှမ်ချင် သေဆုံးသွားသည့်သတင်းကိုကြားချိန်တွင် ပိုင်ဆုချင်သည် အလွန်ကြေကွဲဝမ်းနည်းမှုကို ခံစားရသည်။သူမတို့နှစ်ယောက်သည် ဆရာတပည့်အဖြစ် အချိန်ကြာမြင့်စွာ မနေခဲ့ရသော်လည်း သူမတို့အကြားတွင် နက်ရှိုင်းသောဆက်နွယ်မှုတစ်ခု ပေါက်ဖွားနေလေပြီ။

သို့ရာတွင် ရွှမ်ချင်၏တပည့်တစ်ယောက်အနေဖြင့် သူမထံတွင် ကြေကွဲဝမ်းနည်းနေရန် အချိန်မရှိချေ။

ပိုင်ဆုချင်သည် ရွှမ်ချင်ကြိုတင်စီစဥ်ထားသော လမ်းကြောင်းအတိုင်း တလျှောက်လုံးထွက်ပြေးခဲ့သည်။

သို့ရာတွင် သွေးနက်ခန်းမမှလူများသည် အရိုးအတွင်းမှလောက်ကောင်များအလား သူမတို့၏နောက်သို့ လိုက်နေသည်။သူမ မည်သို့ပင်ပြုလုပ်ပါစေ ထိုလူများကို ရှင်းထုတ်နိုင်ခြင်းမရှိချေ။

သူမတို့ ဦးတည်သွားနေသည့် ကူးပြောင်းရေးဝင်္ကပါသည် ရွှမ်ချင်ချန်ခဲ့သော ပြေးလမ်းကြောင်း၏ နောက်ဆုံးပေါင်းဆုံရာနေရာပင်။

သဲရှင်ကြယ်နယ်မြေ၏အုပ်ချုပ်ရေးအဖွဲ့မှ ထိန်းချုပ်ထားသော ကူးပြောင်းရေးဝင်္ကပါသည် အလွန်သိသာထင်ရှားပေ၏။အကယ်၍ သူမတို့သည် ထိုနေရာသို့သွားပါက ရန်သူ၏ပစ်မှတ်များ သေချာပေါက်ဖြစ်လာပေမည်။

သူမတို့သည် ဤကူးပြောင်းရေးဝင်္ကပါကို အသုံးပြု၍ ရှင်းလင်ကြယ်နယ်မြေကိုသွားကာ ရေအင်မော်တယ်ဂိုဏ်းနှင့် ဆက်သွယ်နိုင်ပါက ထိုနေရာတွင် သူမတို့ကိုလက်ခံပေးမည့်လူများ ရှိနေနိုင်သည်။

မိုင်တစ်ထောင်ခန့်သာ လိုတော့သည်ကိုကြားချိန်တွင် ထိုအမျိုးသမီးကျင့်ကြံသူများ စိတ်အားတက်ကြွလာကာ ရှေ့ဆက်ပျံသန်းရန်အတွက် သူမတို့၏မှော်ရတနာများကို ထိန်းချုပ်လိုက်ကြ၏။

ဤနေရာထိလမ်းတလျှောက်တွင် သူမတို့အနက်မှတစ်ဝက်ကျော်ခန့် သေဆုံးခဲ့ရကာ ယခုချိန်တွင် ဆယ်ယောက်ကျော်သာ အသက်ရှင်ရက် ကျန်ရှိတော့သည်။

အသက်ရှင်ကျန်ရစ်သူများသည် သူမတို့နှင့်ဂိုဏ်းတူတပည့်မများ၏ ဆိုးဆိုးရွားရွားသေဆုံးသွားခဲ့ရသော ဖြစ်ရပ်များကို အမှတ်ရနေကာ သူမတို့အားလုံး တုန်လှုပ်ချောက်ချားနေကြသည်။

ဝှီး...

ထိုအချိန်မှာပင် ကြီးမားသောသဲမုန်တိုင်းကြီးတစ်ခုက ရုတ်တရက် သူမတို့၏ရှေ့၌ ထွက်ပေါ်လာသည်။

မျက်စေ့တစ်ဆုံးအကွာအဝေးထိ ကျယ်ပြန့်သောသဲကန္တာရကြီး၏အထက်တွင် ကြီးမားသောသဲမုန်တိုင်းကြီး ရုတ်တရက်ဝှေ့ယမ်းတိုက်ခတ်လာပေ၏။

သဲမုန်တိုင်းကြီးသည် အကန့်အသတ်မရှိဘဲ လေထုအတွင်း၌ ပျံ့လွင့်နေသည်။အေးစက်စက်လေလှိုင်းများ တဝှီးဝှီးမြည်နေကာ ကြမ်းရှသောသဲများက သူမတို့၏ခန္ဓာကိုယ်များကို ဖြတ်သန်းတိုက်ခတ်နေသဖြင့် သူမတို့အား အလွန်အမင်းချမ်းစိမ့်မှုကို ခံစားရစေသည်။

"ဒါက သဲမုန်တိုင်းပဲ"

ဖန်ရှုယွင်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

တခြားအမျိုးသမီးကျင့်ကြံသူများ၏မျက်နှာများပေါ်တွင်လည်း တည်ကြည်လေးနက်သောအမူအယာများ ထင်ဟပ်လာသည်။

သဲရှင်ကြယ်နယ်မြေပေါ်၌ ရာသီဥတုအခြေအနေ လွန်စွာဆိုးရွားပြီး သဲမုန်တိုင်းများ မကြာခဏဖြစ်ပေါ်လာလေ့ရှိသည်။

ထိုသဲမုန်တိုင်းဖြစ်ပေါ်လာချိန်တိုင်း ယခုကဲ့သို့ပင် လေပြင်းနှင့်သဲများက မိုးကောင်းကင်ယံအတွင်းတွင် ပြည့်နှက်သွားပေ၏။သူမတို့သည် ကျင့်ကြံသူများဖြစ်သည့်တိုင် ဤသဲမုန်တိုင်းအတွင်း၌ ရှေ့သို့လျှောက်လှမ်းနိုင်ရန် လွန်စွာခက်ခဲပေမည်။

"ဘုရားကျောင်းသခင်...ကျွန်မတို့ ရှေ့ကိုဆက်သွားကြအုံးမှာလား"

အမျိုးသမီးကျင့်ကြံသူတစ်ယောက်က မေးမြန်းသည်။

ရွှမ်ချင်သေဆုံးသွားပြီးနောက် ပိုင်ဆုချင်သည် ဘုရားကျောင်းသခင်အသစ် ဖြစ်လာခဲ့ပေ၏။

ပိုင်ဆုချင်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိချေ။သူမက ပြတ်ပြတ်သားသားပြောဆိုလိုက်သည်။

"ဒီသဲမုန်တိုင်းအကြားမှာ လုပ်ကြံသတ်ဖြတ်သူတွေ ရှေ့ကိုတိုးလာဖို့ အရမ်းခက်ခဲလိမ့်မယ်...ငါတို့ ရှေ့ဆက်သွားကြစို့....ဒါက ငါတို့လွတ်မြောက်နိုင်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ"

ယခုချိန်၌ သူမတို့ထံတွင် တခြားနည်းလမ်းမရှိတော့ချေ။

သူမတို့၏နောက်မှနေ၍ သွေးနက်ခန်းမမှ လုပ်ကြံသတ်ဖြတ်သူများ လိုက်နေရန်မှာ ဖြစ်နိုင်ချေများသည်။အကယ်၍ ဤနေရာတွင် သူမတို့ အချိန်အနည်းငယ်ခန့် နှောင့်နှေးကြန့်ကြာနေပါက သေစေနိုင်သောဘေးကပ်ဆိုးကြီး ဆိုက်ရောက်လာပေမည်။

"နင်တို့အားလုံး...ဒီဆေးလုံးတွေကို ဝါးမျိုပြီးတော့ နင်တို့ရဲ့မှော်စွမ်းအားတွေကို နည်းနည်းလောက်ပြန်ဖြည့်တင်းကြရမယ်....သဲမုန်တိုင်းတွေကြားမှာ မင်းတို့ရဲ့မှော်စွမ်းအားတွေကိုသုံးပြီးတော့ မင်းတို့ကိုယ်မင်းတို့ ကာကွယ်ထားပါ"

ပိုင်ဆုချင်သည် နောက်ဆုံးလက်ကျန် ဆေးလုံးအနည်းငယ်ကို ခွဲဝေပေးလိုက်၏။

ဤသည်မှာ ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်းတွင် နောက်ဆုံးကျန်ရှိသော ဆေးလုံးများပင်။

ဤဆေးလုံးများမရှိပါက သဲရှင်ကြယ်နယ်မြေပေါ်၌ စိတ်ဝိညာဥ်စွမ်းအားများ လွန်စွာကျဲပါးသဖြင့် သူမတို့အား သေဆုံးခြင်းကသာ စောင့်ဆိုင်းနေပေမည်။

လက်ရှိနေရာတွင်ရှိနေသော အမျိုးသမီးကျင့်ကြံသူများအားလုံး ယခုလက်ရှိအခြေအနေကို ကောင်းစွာသတိပြုမိသည်။ထို့ကြောင့် သူမတို့သည် ဆေးလုံးများကိုရရှိသည်နှင့် ချက်ချင်းဝါးမျိုလိုက်ကြ၏။

သို့ရာတွင် သူမတို့အားလုံးသည် သဲမုန်တိုင်းကိုခုခံရန်အတွက် သူမတို့၏စွမ်းအားများကိုဖြည့်တင်းနေစဥ်မှာပင် စူးရှရှအော်သံတစ်သံက မလှမ်းမကမ်းတစ်နေရာမှ ထွက်ပေါ်လာသည်။

"အား...."

စူးရှရှအော်သံတစ်သံနှင့်အတူ အမျိုးသမီးကျင့်ကြံသူတစ်ယောက်သည် အားလှိုင်းတစ်ရပ်ကြောင့် အဝါရောင်သဲများအကြားလွင့်ပါသွားကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ အဝါရောင်သဲများအကြားတွင် အနက်ရောင်ပုံရိပ်အမြောက်အများ ထွက်ပေါ်လာသည်။

"အဖြူရောင်တာအိုဝတ်စုံဝတ်ထားတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်စမ်း"

မှုန်တေတေအသံတစ်သံက သဲများအကြားမှထွက်ပေါ်လာကာ သူ၏လေသံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

Chapter 3635

ဤအသံတွင် မည်သည့်စိတ်ခံစားချက်မျှမရှိဘဲ သတ်ဖြတ်ရန်အတွက် မွေးဖွားလာသည့်အလားပင်။

ပိုင်ဆုချင်သည် ထိတ်လန့်တုန်လှုပ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မကြောက်နဲ့....နင်တို့အားလုံး ငါ့ရဲ့ဘေးကိုလာခဲ့ကြ"

ဤအမျိုးသမီးကျင့်ကြံသူတစ်စုသည် လမ်းတလျှောက်၌ ကြုံတွေ့ခဲ့ရသောကိစ္စများကြောင့် ထိတ်လန့်ကြောက်ရွံနေသော ငှက်ငယ်လေးများအလားဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။လုပ်ကြံသတ်ဖြတ်သူ၏အသံကိုကြားသည်နှင့် သူမတို့သည် ပိုင်ဆုချင်၏နံဘေးပတ်လည်၌ ချက်ချင်းစုဝေးလာကြ၏။

သို့ရာတွင် လုပ်ကြံသတ်ဖြတ်သူများရောက်ရှိလာသည်မှာ အလွန်လျှင်မြန်သည်။

အမျိုးသမီးကျင့်ကြံသူတချို့သည် မတုံ့ပြန်နိုင်သေးမီမှာပင် သဲမုန်တိုင်းအကြား၌ နစ်မြုပ်သွားသည်။

ကြွင်းကျန်သောအမျိုးသမီးတပည့်များသည် ယခင်ကတည်းက ဓားဝင်္ကပါတစ်ခုကို ကြိုတင်၍လေ့ကျင့်ထားကြ၏။သူမတို့၏ဓားများကိုဆွဲထုတ်ကာ စက်ဝိုင်းပုံစံမတ်တတ်ရပ်လိုက်ကြသည်။သူမတို့သည် ဓားများကိုကိုင်ဆောင်ထားကာ သူမတို့ထံမှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။

ဤသည်မှာ တာအိုဘုရားကျောင်းအတွင်း၌ သူမတို့ကျင့်ကြံထားခဲ့သော ဓားဝင်္ကပါပင်။ဤဝင်္ကပါကို ခုခံရန်နှင့်တိုက်ခိုက်ရန် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်ကာ ခုခံရာတွင် ပို၍ကောင်းမွန်သည်။

"သွေးနက်ခန်းမက တကယ့်ကို အင်အားစိုက်ထုတ်နေတာပဲ....ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူငါးယောက်ကိုတောင် လွှတ်လိုက်တယ်"

ပိုင်ဆုချင်သည် သူမ၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီးနောက် သူမ၏စိတ်နှလုံးသားလေးလံသွားသည်။

ဤသဲမုန်တိုင်းအတွင်း၌ လေထုတွင် အကန့်အသတ်မရှိသောသဲမှုန်များနှင့် ပြည့်နှက်နေသည်။ဤနေရာတွင် နတ်ဘုရားစိတ်အာရုံဖြင့်စူးစမ်းရာတွင်လည်း အလွန်အမင်း အကန့်အသတ်ရှိနေလေ၏။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ပိုင်ဆုချင်သည် သဲမုန်တိုင်းအကြား၌ ပုန်းကွယ်နေသော လူအမြောက်အများကို အာရုံခံမိဆဲပင်။

သွေးနက်ခန်းမ၌ ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူများသည် အစွမ်းထက်ဆုံးအဆင့်တည်ရှိမှုကြီးများပင်။

သူတို့သည် အစွမ်းထက်ရုံသာမက သူတို့၏လုပ်ကြံသတ်ဖြတ်မှုနည်းစနစ်များသည် အလွန်အဆင့်အတန်းမြင့်သည်။သူတို့သည် သာမာန်အခြေအနေမျိုးတွင် လှုပ်ရှားလေ့မရှိဘဲ ခက်ခဲရှုပ်ထွေးသော တာဝန်မျိုးတွင်သာ ပါဝင်ပတ်သက်လေ့ရှိသည်။

ယခုချိန်တွင် သွေးနက်ခန်းမသည် ဤကဲ့သို့လူငါးယောက်ကို စေလွှက်လိုက်သဖြင့် ပိုင်ဆုချင်တို့ကို အလွန်အလေးထားပြီး လိုက်လံဖမ်းဆီးနေသည်မှာ သိသာထင်ရှားလှ၏။

ထိုအချိန်မှာပင် ရက်စက်ကြမ်းကြုတ်သောမျက်နှာရှိသည့် လူလတ်ပိုင်းကြီးတစ်ယောက်က အဝါရောင်သဲများအကြားမှထွက်လာသည်။ဤလူသည် အနက်ရောင်လုပ်ကြံသတ်ဖြတ်သူဝတ်စုံကို ဝတ်ဆင်ထားသည်။သူ၏နောက်ကျောတွင် ဆေဘာဓားခြောက်ချောင်းကိုဝှက်ထားသည့်အပြင် လေးလံသောသံကြိုးတစ်ချောင်းကိုလည်း ရစ်ပတ်ထားသည်။သူ့ကိုကြည့်ရသည်မှာ အလွန်စိတ်အနှောက်အယှက်ဖြစ်ဖွယ် ကောင်းပေ၏။

"ငါတို့လိုချင်တာကို မင်းတို့ ကောင်းကောင်းသိမှာပါ....မင်းရွှမ်ကျမ်းစာကို လက်လွှဲပေးမယ်ဆိုရင် ငါ မင်းတို့ကို အသက်ချမ်းသာခွင့်ပေးမယ်"

လူလတ်ပိုင်းကြီး၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်နေသည်။

သူ၏လက်အတွင်း၌ လူမည်မျှထိများများ သေဆုံးသွားခဲ့သည်ကို မည်သူမျှမသိနိုင်ချေ။သူ ပြုံးလိုက်ချိန်တွင် မမြင်နိုင်သော တုန်လှုပ်ချောက်ချားဖွယ်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။

လက်ရှိနေရာတွင်ရှိနေသော အမျိုးသမီးကျင့်ကြံသူအများစုသည် တာအိုဘုရားကျောင်းအတွင်း၌သာ အစဥ်အမြဲကျင့်ကြံနေကြသဖြင့် ယခင်က ဤကဲ့သို့လူစားမျိုးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။ဤအချိန်အခိုက်အတန့်တွင် လုပ်ကြံသတ်ဖြတ်သူ၏အရှိန်အဝါကြောင့် သူမတို့အားလုံး မြေပြင်ပေါ်တွင်အမြစ်တွယ်နေသည့်အလား ကြက်သေသေနေကြကာ ​စကားတစ်ခွန်းမျှမပြောနိုင်ကြတော့ချေ။

ပိုင်ဆုချင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"အဲ့ဒီအကြောင်းကို စဥ်းတောင်မစဥ်းစားနဲ့"

ထိုသို့ပြောဆိုပြီးနောက် သူမ၏လက်အတွင်းရှိမြင်းမြှီးကြာပွတ်ကိုဝှေ့ယမ်းကာ လေထုအတွင်း၌ ရွှေရောင်တာအိုသင်္ကေတတစ်ခုကို သိပ်သည်းကာ လူလတ်ပိုင်းကြီးထံသို့ ပျံ့လွင့်သွားစေသည်။

သူမသည် နတ်ဆိုးချိပ်ပိတ်သူတာအိုအရှင်၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပေ၏။တစ်ချိန်တည်းမှာပင် သူမသည် တာအိုကျင့်ကြံနည်းစနစ်များကိုလည်း ကျွမ်းကျင်စွာတက်မြောက်သည်အထိ ကျင့်ကြံထားသည်။

ရွှေရောင်အဆောင်သင်္ကေတသည် လူလတ်ပိုင်းကြီး၏ရှေ့သို့ ပျံသန်းသွားကာ ကြီးမားလာပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြင်းထန်စပြုလာသည်။

လူလတ်ပိုင်းကြီးထံတွင် စိတ်အားတက်ကြွလာသော အမူအယာထင်ဟပ်လာသည်။သူ၏လက်အတွင်းရှိ ဆေဘာဓားရှည်ကိုကိုင်မြှောက်ကာ သူ့ထံတိုးဝင်လာသော အဆောင်သင်္ကေတကို ခုတ်ပိုင်းလိုက်၏။

ဘန်း....

ထိုဓားချက်ကျရောက်သွားသည်နှင့်အတူ အစွမ်းထက်သောဆေဘာဓားချီသည် အဆောင်သင်္ကေတကို ထက်ခြမ်းဖြတ်တောက်လိုက်တော့သည်။

သို့ရာတွင် ဤသည်မှာ အဆောင်သင်္ကေတ၏တိုက်ခိုက်မှုစွမ်းအားကို အနည်းငယ်မျှ လျော့ပါးသွားစေရုံသာရှိသည်။

လေထုအတွင်း၌ နှစ်ခြမ်းကွဲသွားသော အဆောင်သင်္ကေတနှစ်ပိုင်းသည် ကွဲပြားခြားနားသောအားလှိုင်းနှစ်ရပ်အဖြစ် ပြောင်းလဲသွားကာ လူလတ်ပိုင်းကြီးကို မတူညီသောဦးတည်ချက်နှစ်နေရာမှ တိုက်ခိုက်လေ၏။

"မကောင်းတော့ဘူး"

လူလတ်ပိုင်းကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။သူသည် သတိလက်လွတ်နေမိသဖြင့် ထိုအဆောင်သင်္ကေတနှစ်ခု၏ရိုက်ခတ်ခြင်းကို ခံလိုက်ရတော့သည်။

ဘန်းခနဲမြည်သံနှင့်အတူ ထိုလူလတ်ပိုင်းကြီးသည် ကြိုးပြတ်သွားသောစွန်တစ်ခုအလား နောက်သို့လွင့်ထွက်သွားကာ အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။သူ၏ပါးစပ်မှ နီမြန်းသောသွေးများ အဆက်မပြတ် အန်ထွက်လာပေ၏။

ထိုအဆောင်သင်္ကေတ၏စွမ်းအားအောက်တွင် လူလတ်ပိုင်းကြီး၏ဆေဘာဓားရှည်သည်လည်း အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။

လမ်းတလျှောက်လုံးတွင် ပိုင်ဆုချင်သည် လုပ်ကြံသတ်ဖြတ်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မတွေ့စေရန် အကောင်းဆုံးကြိုးစား၍ ရှောင်ကြဥ်ခဲ့သည်။ထို့ကြောင့် သူမသည် သူတို့အား တုံ့ပြန်တိုက်ခိုက်ရန် အခွင့်အရေးရရှိခဲ့လေ၏။

Chapter 3636

ထိုလုပ်ကြံသတ်ဖြတ်သူများသည် ကောင်းကင်ဘုံအထွတ်အထိပ်တာအိုဘုရားကျောင်းမှ အမျိုးသမီးတပည့်မများနောက် လိုက်လံဖမ်းဆီးပြီး လမ်းတလျှောက်၌ သူမတို့အနက်မှအမြောက်အများကို သတ်ဖြတ်ခဲ့သည်။သူတို့သည် မောက်မာထောင်လွှားလာကာ သူမတို့အပေါ် အထင်ကြီးခြင်းမရှိတော့ချေ။

သူတို့၏အမြင်အရ သူတို့ရှေ့ရှိ အမျိုးသမီးတပည့်များသည် သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေကြသော သိုးငယ်များသာဖြစ်သည်။သူတို့သည် သူမတို့အား ဂရုစိုက်နေရန် အနည်းငယ်မျှအကြောင်းမရှိချေ။

သို့ရာတွင် ထိုအမျိုးသမီးတပည့်များ၏ခေါင်းဆောင်သည် အလွန်သန်မာအားကောင်းမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

"မကောင်းတော့ဘူး..သူတို့ကြားမှာ အစွမ်းထက်ထိပ်သီးကျင့်ကြံသူတစ်ယောက်ရှိနေတယ်"

လူလတ်ပိုင်းကြီးသည် အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ပင်။သူသည် ပိုင်ဆုချင်၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို သိရှိသွားသည်နှင့် နောက်ရှိအဝါရောင်သဲများအကြားသို့ ဆုတ်ခွာလိုက်၏။သူသည် အစောပိုင်းက တိုက်ခိုက်မှုတွင် ဒဏ်ရာအပြင်းအထန်ရခဲ့သဖြင့် ဆက်လက်တိုက်ခိုက်ရန်အတွက် မသင့်လျော်တော့ချေ။

မကြာမီမှာပင် ထိုလူလတ်ပိုင်းကြီး၏ပုံရိပ်သည် အကန့်အသတ်မရှိသော သဲမုန်တိုင်းအကြား၌ ပျောက်ကွယ်သွားတော့သည်။

သူသည်လည်း ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ပင်။သူ ရှုံးနိမ့်သွားခြင်းကြောင့် မောက်မာဝံ့ကြွားနေသော တခြားလုပ်ကြံသတ်ဖြတ်သူများ နေရာမှာပင်ရပ်တန့်သွားသည်။

သို့ရာတွင် ပိုင်ဆုချင်သည် ဝမ်းသာပျော်ရွှင်နေခြင်းမရှိချေ။

ပတ်ဝန်းကျင်တွင် ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူလေးယောက်ရှိသေးကြောင်း သူမ ကောင်းစွာသိရှိထားသည်။

ပိုင်ဆုချင်၏တိုက်ခိုက်မှုသည် သူတို့၏လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သဖြင့် သူတို့အား အနည်းငယ်ဟန့်တားထားနိုင်ခြင်းဖြစ်သည်။

သို့ရာတွင် ဤဟန့်တားထားနိုင်မှုသည် အချိန်အကန့်အသတ်ရှိပေ၏။

အချိန်တခဏကြာပြီးနောက် ထိုလုပ်ကြံသတ်ဖြတ်သူများ အသိစိတ်ပြန်ဝင်လာကာ ရှေ့သို့တိုးဝင်တိုက်ခိုက်သည်နှင့် သူမတို့ရှုံးနိမ့်ရမည်မှာ အနှေးနှင့်အမြန်ပင်။

"ရှုယွင်...ငါပြောတာကို နားထောင်စမ်း...ငါ မင်းကို အဆောင်လက်ဖွဲ့တစ်ခုပေးမယ်....အဲ့ဒါကို အသက်သွင်းလိုက်တာနဲ့ နင်က ကူးပြောင်းရေးဝင်္ကပါနားကို ရောက်သွားလိမ့်မယ်...အဲ့ဒီကိုရောက်တာနဲ့ ကူးပြောင်းရေးဝင်္ကပါကို ချက်ချင်းအသက်သွင်းပြီး နင် ရှင်းလင်ကြယ်နယ်မြေကိုသွားတော့"

ပိုင်ဆုချင်သည် သူမ၏အသံကို ဖန်ရှုယွင်ထံသို့ ပေးပို့လိုက်သည်။

ဖန်ရှုယွင်သည် သူမ၏ဓားကိုကိုင်ဆွဲကာ သေသည်အထိတိုက်ခိုက်ရန် အဆင်သင့်ပြင်ဆင်ပြီးလေပြီ။ထိုစကားကိုကြားချိန်တွင် သူသည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူမသည် စကားပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း သူမ၏ပါးစပ်ကို ချက်ချင်းပြန်ပိတ်လိုက်သည်။

ဤအချိန်၌ လုပ်ကြံသတ်ဖြတ်သူများသည် ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။ပိုင်ဆုချင် မည်သည့်အရာအား ပြုလုပ်ရန်ပြောဆိုပါစေ သူမ မဆိုင်းမတွ လိုက်နာရပေမည်။အကယ်၍ သူမ မဆင်မခြင်ပြောဆိုမိပါက ပိုင်ဆုချင် ကြိုတင်ပြင်ဆင်ထားသောကိစ္စများ အလဟဿဖြစ်သွားပေမည်။

"ဆရာသခင်...တကယ်လို့ ဆရာ သွားလို့ရမယ်ဆိုရင် ဆရာပဲ သွားလိုက်ပါလား...တပည့်က ဒီနေရာမှာပဲနေပြီး ဆရာဆုတ်ခွာနိုင်အောင် ကာကွယ်ပေးထားမယ်"

ဖန်ရှုယွင်က စိတ်ပိုင်းဖြတ်ထားသောလေသံဖြင့် ပြောဆိုသည်။

"သူတို့ကြားမှာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲရှိတယ်....ငါတို့ သူ့ကို ဟန့်တားထားမယ်...မင်းက ကျန်တဲ့သူတွေကို သတ်လိုက်တော့"

အမှောင်ထုအတွင်းမှနေ၍ အေးစက်စက်အသံ ထွက်ပေါ်လာသည်။

သွေးခန်းမမှလူများသည် လက်ရှိနေရာတွင်ရှိနေသော အမျိုးသမီးကျင့်ကြံသူများ၏အားနည်းချက်ကိုကြည့်သည်မှာ သိသာထင်ရှားလှ၏။

ပိုင်ဆုချင်မှလွဲ၍ တခြားအမျိုးသမီးကျင့်ကြံသူအများစုသည် အစစ်အမှန်တိုက်ပွဲအတွေ့အကြုံမရှိကြချေ။

"တိုက်ခိုက်ကြစမ်း...."

အော်သံတစ်သံနှင့်အတူ အနက်ရောင်အရိပ်များသည် အမှောင်ထုအတွင်းမှ တိုးထွက်လာကာ အမျိုးသမီးကျင့်ကြံသူများထံသို့ တရကြမ်းတိုးဝင်သွားကြတော့သည်။

ထိုလူများသည် အလွန်လျှင်မြန်ကာ အချင်းချင်းပူးပေါင်းဆောင်ရွက်ရာ၌ အလွန်မြင့်မားသောစွမ်းရည်ရှိသည်။သူတို့ စတင်တိုက်ခိုက်သည်နှင့် ထက်ရှသောဓားချီများသည် အမျိုးသမီးကျင့်ကြံသူများဖွဲ့စည်းထားသော ဓားဝင်္ကပါကို ကွဲထွက်သွားစေသည်။

"အား...စီနီယာအစ်မ"

"သူတို့ကို မြန်မြန်ပိတ်ဆို့ဟန့်တားကြစမ်း...မကောင်းတော့ဘူး"

ထိုအမျိုးသမီးကျင့်ကြံသူများသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။

သူမတို့သည် လူစုကွဲသွားကြကာ ထိုလုပ်ကြံသတ်ဖြတ်သူများကို တသီးတခြားစီ ရင်ဆိုင်နေကြရသည်။သူမတို့သည် ခက်ခက်ခဲခဲ ရင်ဆိုင်နေရကာ တောင့်ခံထားနိုင်သည်ဆိုရုံမျှသာရှိတော့သည်။

"နင်တို့က သေလမ်းရှာနေကြတာလား"

ပိုင်ဆုချင်သည် အေးစက်စက်အော်ငေါက်ကာ သူမ၏မြင်းမြှီးကြာပွတ်ကို ဓားချီတစ်လှိုင်းအလား ဝှေ့ယမ်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူမရှေ့ရှိ လုပ်ကြံသတ်ဖြတ်သူသည် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။သူ၏ခန္ဓာကိုယ်တစ်ခုလုံး အကြိမ်ရေအနည်းငယ်ခန့်တုန်ရီသွားကာ သူသည် အစွမ်းအစမဲ့စွာ လဲကျသွားခဲ့သည်။

သူမ၏စွမ်းအားသည် အလွန်အားကောင်းသန်မာသဖြင့် ထိုလုပ်ကြံသတ်ဖြတ်သူများသည် သူမ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

သို့ရာတွင် ပိုင်ဆုချင် လှုပ်ရှားလိုက်သော အချိန်အခိုက်အတန့်တွင် အလွန်အမင်းကြီးမားသော အန္တရာယ်အငွေ့အသက်များက သူမ၏ရှေ့မှ တိုးဝင်လာသည်။

"ကောင်မလေး...ခန်းမသခင်က မင်းရဲ့အသက်ကို ချမ်းသာပေးရမယ်လို့ ပြောထားတယ်...ငါတို့က မင်းကို မသတ်ဘူး...ဒါပေမယ့် မင်းရဲ့ခြေလက်လေးချောင်းကိုဖြတ်ပြီးတော့ မင်းကိုမလှုပ်ရှားနိုင်အောင်လုပ်ထားလို့တော့ ရနေတုန်းပဲ"

ဒေါသတကြီးအော်ဟစ်သံတစ်သံက သဲမုန်တိုင်းအကြားမှ ထွက်ပေါ်လာသည်။

ဤှသည်မှာ သွေးနက်ခန်းမမှ ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူ လူအိုကြီးတစ်ယောက်ပင်။သူသည် အစောပိုင်းက လူလတ်ပိုင်းကြီးထက် များစွာပို၍သန်မာအားကောင်းပေ၏။

Chapter 3637

ပိုင်ဆုချင်ပင်လျှင် သူမထံတိုးဝင်လာသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။

တစ်ဖက်လူသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဖြစ်မည်မှာ သေချာပေါက်ပင်။သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအရ သူ၏လက်တွင် သွေးအမြောက်အများစွန်းထင်းနေပြီး သူ၏နောက်ကျောတွင် အရိုးပုံကြီးရှိနေမည်ကို ​သိရှိနိုင်ပေမည်။

ဤကဲ့သို့ အစွမ်းထက်ကျင့်ကြံသူမျိုးနှင့်ရင်ဆိုင်ရသော မည်သူမဆို သူတို့၏နှလုံးသားအောက်ခြေမှလာသော ထိတ်လန့်ကြောက်ရွံမှုကို ခံစားရပေမည်။

ထိုလူအိုကြီး၏နံဘေးတွင် တခြားကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူများရှိနေသည်။သူတို့အားလုံးထံမှနေ၍ အရိုးခိုက်မတတ်အေးစိမ့်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများထွက်ပေါ်နေကာ ခုခံနိုင်ရန် အလွန်အမင်းခက်ခဲသည်။

"နတ်ဆိုးကြေမွှခြင်း တာအိုအဆောင်..."

ပိုင်ဆုချင်သည် အေးစက်စက်အသံဖြင့် အော်ငေါက်လိုက်၏။သူမသည် မြင်းမြှီးကြာပွတ်ကိုဝှေ့ယမ်းလိုက်ရာ အဆောင်လက်ဖွဲ့ဆယ်ခုကျော် သူမရှေ့၌ ထွက်ပေါ်လာပြီး တောက်ပသောအလင်းရောင်များ အဆက်မပြတ်ဖြာထွက်နေသည်။

ဤအဆောင်လက်ဖွဲ့များ၏စွမ်းအားများသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။ထိုအရာများသည် ဖြတ်သန်းစဥ်လမ်းတလျှောက်၌ ပြင်းထန်သောလေပြင်းနှင့်အတူ တဝှီးဝှီးမြည်နေသည်။

ယခင်ကဆုံးရှုံးမှုကို ခံစားထားရသဖြင့် ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူများသည် ဤအဆောင်လက်ဖွဲ့များ အလွန်အစွမ်းထက်သည်ကို သိရှိထားသည်။သူတို့သည် ထိပ်တိုက်မရင်ဆိုင်ဝံ့သဖြင့် အလျှင်အမြန် နောက်သို့ဆုတ်ခွာလိုက်ကြသည်။

သို့ရာတွင် ထိုလူစု နောက်ဆုတ်လိုက်ချိန်တွင် ပိုင်ဆုချင်သည် ရုတ်တရက် သူမ၏လက်ကိုဆန့်တန်းကာ သူမရှေ့ရှိ အဆောင်လက်ဖွဲ့များကိုကြည့်ပြီး ရေရွတ်လိုက်မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

"လိုက်စမ်း..."

အော်သံတစ်သံနှင့်အတူ ထိုအဆောင်လက်ဖွဲ့များသည် ချက်ချင်းပြန့်ကျဲသွားကာ လုပ်ကြံသတ်ဖြတ်သူများ၏နောက်သို့ ကပ်လိုက်သွားသည်။

ဘုန်း...ဘုန်း....ဘန်း....ဘန်း...

ထိုအဆောင်လက်ဖွဲ့များသည် တစ်ဖက်ရန်သူများအနီးသို့ရောက်သည်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။

"အား...."

ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူများအနက်မှ အားနည်းသူတစ်ယောက်သည် အဆောင်လက်ဖွဲ့၏ကြီးမားသောစွမ်းအားဒဏ်ကို ခံနိုင်ရည်မရှိသဖြင့် လေထုအတွင်းသို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြန်ပြုတ်ကျလာပေ၏။

သို့ရာတွင် ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူများအားလုံးသည် အားနည်းခြင်းမရှိချေ။

ကောင်းကင်အဆင့် တခြားလုပ်ကြံသတ်ဖြတ်သူသုံးယောက်သည် ဒဏ်ရာအနည်းအကျဥ်းရရှိသွားရုံသာရှိပြီး ပြင်းထန်ခြင်းမရှိချေ။

အစောပိုင်းက စကားပြောဆိုခဲ့သောလူအိုကြီးသည် အမှောင်ထုအတွင်းမှ လျှောက်လှမ်းထွက်လာသည်။သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အနည်းငယ်မျှအားပျော့သွားခြင်းမရှိချေ။ထိုအရာသည် ယခင်ကထက်ပင် ပို၍ပြင်းထန်လာပေ၏။

"သွေးနက်ခန်းမရဲ့ လက်ထောက်ခန်းမသခင် ကျင်းချန်မဟုတ်လား"

ထိုလူအိုကြီးကိုမြင်တွေ့ချိန်တွင် ပိုင်ဆုချင်၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤသည်မှာ သူမ၏ဆရာသခင် ရွှမ်ချင်နှင့်ပင် ယှဥ်ပြိုင်နိုင်သော ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

ဤကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် သူမတို့ကို အမဲလိုက်ရာ၌ အမှန်တကယ်ပါဝင်လာခဲ့သလော....

ပိုင်ဆုချင်၏အရည်အချင်းသည် အလွန်မြင့်မားပေ၏။သူမသည် ကောင်းကင်ဘုံနယ်မြေသို့ရောက်ရှိပြီးနောက် အချိန်တိုအတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့်နီးကပ်သောအဆင့်သို့ ရောက်ရှိနေလေပြီ။မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတချို့နှင့် ရင်ဆိုင်ရလျှင်ပင် သူမ ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။

သို့ရာတွင် အကယ်၍ သူမသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်မူ ခုခံတိုက်ခိုက်နိုင်စွမ်းရှိမည်မဟုတ်ချေ။

ရွှယ်အင်မော်တယ်နယ်ပယ်နှင့်မြေကမ္ဘာအက်မော်တယ်တို့သည် ကွဲပြားခြားနားသော အခန်းကဏ္ဏနှစ်ရပ်ပင်။

"မြန်မြန်ထွက်သွားကြတော့"

ပိုင်ဆုချင်သည် ချက်ချင်းဆိုသလိုပင် ဆုံးဖြတ်ချက်ချလိုက်၏။သူမ၏လက်အတွင်း၌ အဆောင်လက်ဖွဲ့တစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ ဖန်ရှုယွင်၏နောက်ကျောသို့ ထိုအရာအားဖိနှိပ်လိုက်သည်။ထို့နောက် ထိုအဆောင်လက်ဖွဲ့၏မျက်နှာပြင်ကို သူမ၏လက်ဖြင့် ညင်သာစွာထိတွေ့လေသည်။ရုတ်ချည်းဆိုသလိုပင် လေဟာနယ်အားလှိုင်းတစ်ရပ်က ဖန်ရှုယွင်၏ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံသွားကာ သူမကို အဝေးတစ်နေရာသို့ လွင့်စင်သွားစေသည်။

ဤသည်မှာ မဟာရွှေ့ပြောင်းခြင်း လေဟာနယ်အဆောင်လက်ဖွဲ့ပင်။

ထိုအရာကိုတစ်ကြိမ်အသုံးပြုသည်နှင့် လူတစ်ယောက်ကို မိုင်ထောင်ချီဝေးကွာသောအကွာအဝေးသို့ ရွှေ့ပြောင်းပေးနိုင်စွမ်းရှိသည်။

ဤသည်မှာ သူမ၏အသက်ကိုကယ်တင်ပေးနိုင်သော အဆောင်လက်ဖွဲ့ဖြစ်သော်လည်း သူမသည် အစကတည်းက အသုံးပြုရန်ရည်ရွယ်မထားချေ။မည်သို့ပင်ဆိုစေကာမူ သူမ၏နံဘေးတွင် သူမနှင့်အတူခေါ်ဆောင်သွားရန်လိုအပ်သည့် တပည့်မတချို့ရှိနေဆဲပင်။

ထို့ကြောင့် ယခုကဲ့သို့ ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးတွင် သူမ ဤဆုံးဖြတ်ချက်ကို ချခဲ့လေ၏။

တစ်ဖက်လူများ၏ပစ်မှတ်သည် သူမထံတွင်ရှိနေသော မင်းရွှမ်ကျမ်းစာသာဖြစ်ပေမည်။ယခုချိန်တွင် သူမသည် ဖန်းရှုယွင် အကူအညီတောင်းခံလာသည်ကို စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းရပေမည်။

"မလုပ်နဲ့....ဆရာသခင်..."

ဖန်ရှုယွင်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

သူမသည် သူမဆရာသခင်၏အသက်ကို ဆုံးရှုံးခံပြီး သူမ အသက်ရှင်ရေးအတွက် ထွက်ပြေးလိုခြင်းမရှိချေ။

သို့ရာတွင် မဟာရွှေ့ပြောင်းခြင်း လေဟာနယ်အဆောင်လက်ဖွဲ့၏စွမ်းအားသည် အသက်ဝင်နေလေပြီ။သူမနံဘေးရှိလေဟာနယ် တွန့်လိမ်စပြုလာသည်။ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်အားလှိုင်းတစ်ရပ်သည် သူမကို ရစ်ပတ်လွှမ်းခြုံသွားကာ သူမအား မိုင်ထောင်နှင့်ချီဝေးကွာသောနေရာသို့ ရောက်ရှိသွားစေသည်။

ဝုန်းခနဲအသံနှင့်အတူ အလွန်ကြီးမားသော အလင်းတန်းကြီးတစ်တန်းက လုပ်ကြံသတ်ဖြတ်သူများ၏ဝိုင်းရံထားမှုကို ထွင်းဖောက်သွားတော့သည်။

All Chapters