အခန်း (၃၆၃၈-၃၆၄၁)
Vol. 185 Ch. 3638-3641
Chapter 3638
ထိုအလင်းတန်းသည် အလွန်ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခြင်းဖြစ်ရာ ပြင်ပ၌စောင့်ကြပ်နေသောအစောင့်များအားလုံးတုံ့ပြန်ရန်အတွက် အချိန်မရှိခဲ့ချေ။
သွေးနက်ခန်းမ၏လက်ထောက်ခန်းမသခင် ကျင်းချန်က ထိုအလင်းတန်းကို တစ်ချက်ကြည့်ကာ သရော်တော်တော်ပြောဆိုသည်။
"မဟာရွှေ့ပြောင်းခြင်း လေဟာနယ်အဆောင်လက်ဖွဲ့လား...စိတ်ဝင်စားစရာပဲ...ကြည့်ရတာတော့ ရွှမ်ချင်က မင်းအတွက် ပစ္စည်းကောင်းတွေအများကြီး ပြင်ဆင်ပေးထားပုံပဲ...ဒါပေမယ့် ဘာလို့ မင်းကိုယ်တိုင် ထွက်မသွားတာလဲ"
ပိုင်ဆုချင်က အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါ သိတယ်....နင်တို့က မင်းရွှမ်ကျမ်းစာကို လိုချင်နေကြတာမဟုတ်လား....အဲ့ဒီပစ္စည်း ဘယ်နေရာမှာရှိနေလဲဆိုတာ ငါ သိတယ်....ဒါပေမယ့် နင်တို့က တခြားတပည့်တွေကို အရင်လွှတ်ပေးရမယ်"
ကျင်းချန်က မျက်မှောင်ကြုတ်လိုက်၏။
"မင်းမှာ ငါနဲ့အပေးအယူလုပ်ဖို့အတွက် အရည်အချင်းရှိတယ်လို့ မင်း ထင်နေတာလား"
နှစ်ဖက်အကြားတွင် အင်အားခြင်းတူညီနေပါက အပေးအယူလုပ်ခြင်းသည် မှန်ကန်သောကိစ္စပင်။
လုံလောက်သောခွန်အားမရှိပါက တစ်စုံတစ်ယောက်ထံတွင် မည်မျှထိကြီးမားသောလောင်းကြေးမျိုးရှိနေပါစေ အပေးအယူလုပ်ရန်အတွက် အသုံးဝင်မည်မဟုတ်ချေ။
ပိုင်ဆုချင်၏မျက်နှာဖြူရော်သွားကာ သူမက လုံးစေ့ပတ်စေ့ပြောဆိုသည်။
"တကယ်လို့ နင်တို့က သူတို့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဝံ့မယ်ဆိုရင်...ငါက နင်တို့ကိုပါ တက်နိုင်သလောက်အပါခေါ်ပြီး အသေခံလိုက်မယ်....သွေးနက်ခန်းမသခင်က ဒီလောက်ထိလူတွေအများကြီးကို လွှတ်လိုက်မှတော့ သူက နင်တို့ လက်ဗလာနဲ့ပြန်လာတာကို မြင်ချင်မှာမဟုတ်ဘူး....တကယ်လို့ ငါ သေသွားရင် မင်းရွှမ်ကျမ်းစာ ဘယ်နေရာမှာရှိနေလဲဆိုတာ ရှာဖို့ကိစ္စကို နင်တို့ မေ့လိုက်တော့"
ဤသည်က အစွမ်းထက်သောခြိမ်းခြောက်မှုတစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
သို့ရာတွင် ကျင်းချန်သည် ကျင့်ကြံခြင်းလောက၌ အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ပင်။ထိုစကားများကိုကြားချိန်တွင် သူက အလျှင်အမြန်ပြောဆိုသည်။
"ငါတို့က သူတို့ကို လွှတ်ပေးနိုင်တယ်...ဒါပေမယ့် ငါတို့လိုချင်တာက မင်းရွှမ်ကျမ်းစာ....အဲ့ဒီကျမ်းစာကို ဘယ်နေရာမှာဝှက်ထားတယ်ဆိုတာ မင်း ပြောပြတာနဲ့...ငါတို့ကိုယ်တိုင် သွားရှာမယ်...ငါတို့ရှာတွေ့တာနဲ့ သူတို့ကိုလွှတ်ပေးမယ်...မင်းကိုတောင် သူတို့နံ့အတူ ငါတို့လွှက်ပေးနိုင်တယ်"
ဤစကားများသည် အနည်းငယ်မျှပင် ရိုးသားဖြောင့်မတ်ခြင်းမရှိချေ။
ပိုင်ဆုချင်သည် မထီမဲ့မြင်ပြုကာ သဘောတူညီခြင်းမရှိပေ။ထိုအစား သူမက ပြောဆိုသည်။
"ကြည့်ရတော့ နင်တို့က ငါတို့ကို အသက်ရှင်ခွင့်ပေးဖို့ ရည်ရွယ်ထားပုံမရဘူး"
အကယ်၍ မင်းရွှမ်ကျမ်းစာကို သူတို့ထံ လက်လွှဲပေးလိုက်ပါက သူမတို့ဆက်ရှိနေရန် မလိုအပ်တော့ချေ။
ထိုအချိန်ကျပါက သွေးနက်ခန်းမသည် လက်စားပြန်ချေခံရခြင်းမှ ကာကွယ်တားဆီးနိုင်ရန်အလို့ငှာ သူမတို့အား သတ်ဖြတ်မည်မှာ သေချာပေါက်ပင်။
ကျင်းချန်၏မျက်ခွံများ မှေးစင်းသွားသည်။
"ထားလိုက်တော့...ငါက မင်းတို့တွေနဲ့ အဓိပ္ပါယ်မရှိတာတွေ ပြောမနေတော့ဘူး...လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ မင်းနဲ့ ပွင့်ပွင့်လင်းလင်း အပေးအယူလုပ်လိုက်မယ်ဆိုရင် စည်းမျဥ်းတွေကို ဖောက်ဖျက်ရာကျမယ်....ငါ တခြားသူတွေအားလုံးကို သတ်ဖြတ်ပြီးတာနဲ့...မင်းကို ဖမ်းခေါ်သွားမယ်"
တခြားလုပ်ကြံသတ်ဖြတ်သူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထပ်မံပြီး ရှေ့သို့တိုးဝင်လိုက်ကြ၏။
ဤအချိန်တွင် လုပ်ကြံသတ်ဖြတ်သူများသည် မည်သည့်စွမ်းအားမျှ ထိန်ချန်ခြင်းမရှိဘဲ အမျိုးသမီးတပည့်များထံသို့ အားကုန်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။
ဘာ...
အမျိုးသမီးတပည့်များအားလုံး တပြိုင်နက်တည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။သူမတို့အနက်မှအများစုသည် အချိန်အတော်ကြာ ပြေးလွှားခဲ့ရခြင်းကြောင့် မောပန်းနွမ်းနယ်နေလေပြီ။ယခုချိန်တွင် သူမတို့ထံသို့ လုပ်ကြံသတ်ဖြတ်သူများ တိုးဝင်လာသည်ကိုမြင်တွေ့ချိန်၌ သူမတို့ထံတွင် ခုခံတိုက်ခိုက်လိုစိတ်ပင်မရှိတော့ချေ။
ဝှစ်...ဝှစ်...ဝှစ်...
ရုတ်ချည်းဆိုသလိုပင် အသားများအတွင်းသို့ ဓားရှည်များစိုက်ဝင်သွားသည့်အသံများ တစ်သံပြီးတစ်သံထွက်ပေါ်လာသည်။
ထိုဓားရှည်များစိုက်ဝင်သွားခြင်းနှင့်အတူ အမျိုးသမီးတပည့်များ၏ခန္ဓာကိုယ်များ သွေးသံတရဲရဲဖြစ်သွားကာ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းတစ်ခုပင်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အမျိုးသမီးတပည့်ဆယ်ယောက်ကျော်အနက် ပိုင်ဆုချင်၏နံဘေးတွင်ရှိသော သုံးယောက်သာကျန်ရှိတော့သည်။
"ခွေးသူတောင်းစားတွေ...."
ပိုင်ဆုချင်သည် သူမနှင့်အတူ ရက်ပေါင်းများစွာအတူကုန်ဆုံးခဲ့သည့် တပည့်မများ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူမတို့၏ခေါင်းနှင့်ခန္ဓာကိုယ် တခြားစီဖြစ်သွားသည်ကို မြင်တွေ့မိလေ၏။သူမသည် မျက်မှောင်ကြုတ်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
ဤလုပ်ကြံသတ်ဖြတ်သူများသည် အလွန်ရုန့်ရင်းကြမ်းတမ်းကာ ညှိနှိုင်းရန်ပင် အခွင့်အရေးမပေးမည်ဟု သူမ မျှော်လင့်မထားမိချေ။
ယခုချိန်တွင် သူတို့၏ဟန်ဆောင်မျက်နှာဖုံးများအားလုံး ကွာကျသွားကာ အားကုန်သုံး၍ တိုက်ခိုက်ကြတော့သည်။
ပိုင်ဆုချင်သည် သူမ၏မြင်းမြှီးကြာပွတ်ကိုဝှေ့ယမ်းကာ လေဟာနယ်အတွင်း၌ သင်္ကေတအက္ခရာများကို သိပ်သည်းလိုက်၏။
တစ်ချိန်တည်းမှာပင် သူမ၏လက်ချောင်းထိပ်ကိုကိုက်ဖြတ်ကာ တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။ရှည်လျားရှုပ်ထွေးသော မှော်မန္တန်တစ်ပုဒ်က သူမ၏နှုတ်မှ ထွက်ပေါ်လာသည်။
"စစ်သားနဲ့သူရဲကောင်းတွေ ဖွဲ့စည်းပုံအတိုင်း ချီတက်စမ်း"
ပိုင်ဆုချင်၏ပါးစပ်မှနေ၍ အစွမ်းထက်သော စကားလုံးတချို့ ထွက်ပေါ်လာသည်။သူမသည် သူမ၏လက်ယာဘက်လက်ဖြင့် လက်ဟန်သင်္ကေတတချို့ကိုဖွဲ့စည်းကာ ထိုမှော်မန္တန်ကို သုံးကြိမ်ဆက်တိုက် ရွတ်ဆိုလိုက်၏။ထိုသင်္ကေတအက္ခရာများမှ တောက်ပသောရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သူမ၏ရှေ့၌ မျောလွင့်နေသည်။
Chapter 3639
ဤသည်မှာ ပိုင်ဆုချင်၏လျှို့ဝှက်နည်းစနစ်ဖြစ်သော စကားလုံးကိုးလုံးမှော်မန္တန်ပင်။
ဤစကားလုံးကိုးလုံးကို တပြိုင်နက်တည်းရွတ်ဆိုလိုက်ပါက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သောမှော်မန္တန်တစ်ပုဒ်ဖြစ်လာသည်။
တောက်ပသောရွှေရောင်အလင်းတန်းများဖြာထွက်နေသည့် သင်္ကေတအက္ခရာများ အတူတကွစုဝေးသွားခြင်းနှင့်အတူ ရှည်လျားသောမှော်စွမ်းအားအလင်းတန်းကြီးအဖြစ် ဖွဲ့စည်းသွားကာ ပတ်ဝန်းကျင်နေရာတဝိုက်၌ အဆက်မပြတ် လှည့်ပတ်နေသည်။ဤသည်မှာ တစ်စုံတစ်ယောက်သည် တိုးညှင်းသောအသံနှင့် မှော်မန္တန်များကို ရွတ်ဆိုနေသည့်အလား လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သောစွမ်းအားများ ထွက်ပေါ်လာသည်။
ယခင်က သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့်ပြည့်နှက်နေသော ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူတချို့သည် ချက်ချင်းဆိုသလိုပင် ထိုသင်္ကေတအက္ခရာများအကြား၌ ချောင်ပိတ်မိသွားလေ၏။
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် မည်သည့်နေရာ၌ရှိနေပါစေ ချိပ်ပိတ်ခံထားရသည့်အလား မလှုပ်ရှားနိုင်တော့ချေ။
သူတို့သည် အချင်းချင်းကြည့်လိုက်ကာ တစ်ယောက်၏မျက်လုံးအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို ကျန်တစ်ယောက်က အထင်းသားတွေ့မြင်နေရသည်။
ကျင့်ကြံဆင့်နယ်ပယ်အရဆိုပါက သူတို့သည် ပိုင်ဆုချင်ထက် များစွာအားနည်းခြင်းမရှိချေ။
သို့ရာတွင် တိုက်ပွဲစတင်ချိန်မှစ၍ ပိုင်ဆုချင်အသုံးပြုလိုက်သောမှော်မန္တန်များသည် တစ်ခုထက်တစ်ခုပိုပြီး အလွန်လျှို့ဝှက်ဆန်းကြယ်ကာ အစွမ်းထက်လာပေ၏။
ထိုမှော်မန္တန်များအနက်မှတချို့ကို အတွေ့အကြုံရင့်ကျက်သော လုပ်ကြံသတ်ဖြတ်သူများပင်လျှင် ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းမရှိချေ။
ကျင်းချင်၏မျက်လုံးများ တောက်ပသွားသည်။
"ကြည့်ရတာတော့ မင်းမှာ လျှို့ဝှက်ချက်တွေအများကြီး ကျန်နေသေးပုံပဲ....ဒါက အရမ်းကောင်းတယ်"
ကျင်းချန်၏ခန္ဓာကိုယ်မှ ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများ ရုတ်တရက်ပွင့်အံ့ထွက်လာကာ သူ၏နဂိုမူလပုံပန်းသွင်ပြင်ကို မမြင်တွေ့နိုင်စေရန် တားဆီးဟန့်တားထားလေသည်။
မြူခိုးများအကြား၌ ကျင်းချန်၏ခန္ဓာကိုယ်ပုံရိပ်ကို ဝိုးတဝါးမျှသာ တွေ့မြင်နိုင်တော့သည်။သို့ရာတွင် သူသည် သူ၏စွမ်းအားကိုအသုံးပြုကာ ချိပ်ပိတ်ထားမှုမှ အမှန်တကယ် လွတ်မြောက်နိုင်ခဲ့လေ၏။
ခရက်...ခရက်...
တိုးညှင်းသောအသံနှစ်သံက ကျင်းချန်၏နံဘေးမှ ထွက်ပေါ်လာသည်။
စကားလုံးကိုးလုံးမှော်မန္တန်သည် တခြားလုပ်ကြံသတ်ဖြတ်သူများကို ချိပ်ပိတ်ထားနိုင်သော်လည်း ကျင်းချန်အပေါ်တွင် သက်ရောက်မှုမရှိချေ။
"ကောင်မလေး....ငါ မင်းကို မသတ်ချင်တော့ဘူး...မင်း ဒီမှော်မန္တန်ကို ဘယ်နေရာကနေသင်လာတာလဲ"
ကျင်းချန်သည် လျှင်မြန်စွာဖြင့် ရှေ့သို့ရွေ့လျားသွားကာ ပိုင်ဆုချင်ကိုဖမ်းဆုပ်ရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
သူသည် ပိုင်ဆုချင်ကိုဖမ်းဆီးကာ ဤမှော်မန္တန်၏မူရင်းဇစ်မြစ်ကို သူမအားဖိအားပေး၍ မေးမြန်းလိုခြင်းပင်။
ပိုင်ဆုချင်က မျက်မှောင်ကြုတ်လိုက်ကာ သူမ၏မျက်နှာ ဖြူရော်သွားသည်။
ဤှစကားလုံးကိုးလုံးမှော်မန္တန်ကို အသုံးပြုရန်အတွက် သူမ၏မှော်စွမ်းအားအမြောက်အများ ကုန်ဆုံးခဲ့ရသည်။
မူလက သူမသည် ဤလူတစ်စုကို အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်မည်ဟု သူမ တွေးထင်ခဲ့သည်။သို့ရာတွင် ကျင်းချန်သည် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင်
စကားလုံးကိုးလုံးမှော်မန္တန်၏ချုပ်နှောင်ထားမှုကို ချိုးဖျက်နိုင်ခဲ့မည်ဟု သူမ မျှော်လင့်မထားမိချေ။
နှစ်ဖက်ကြားမှကွာဟချက်သည် အလွန်ကြီးမားနေဆဲပင်။
"နင်တို့တွေ...မြန်မြန်ထွက်သွားကြတော့"
ပိုင်ဆုချင်က နောက်သို့လှည့်ကာ အော်ဟစ်လိုက်သည်။
သို့ရာတွင် သူမ နောက်သို့လှည့်ကြည့်လိုက်စဥ်တွင် ကြွင်းကျန်သောအမျိုးသမီးတပည့်သုံးယောက်လုံး မရှုမလှသေဆုံးနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
အစောပိုင်းက သူမ အနိုင်ယူခဲ့သော လူလတ်ပိုင်းကြီးသည် သွေးများတစ်စက်စက်စီးကျနေသော ဆေဘာဓားရှည်တစ်လက်ကို ကိုင်ထားလေ၏။သူက ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာနှင့် ပြောဆိုသည်။
"ဒီနေ့ မင်း ဘယ်နည်းနဲ့မှ မလွတ်စေရဘူး"
သူမသည် ရှေ့တွင် အစွမ်းထက်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရချိန်၌ ထိုလူလတ်ပိုင်းကြီးသည် ကျန်ရှိသောအမျိုးသမီးတပည့်များကို နောက်မှဝင်၍ သတ်ဖြတ်လိုက်ခြင်းပင်။
စိတ်ပျက်အားငယ်သော အရိပ်အယောင်တချို့က ပိုင်ဆုချင်၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
သူမသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်လာခဲ့စဥ်ကတည်းက နက်ရှိုင်းသောတောတောင်များအတွင်း၌ ကျင့်ကြံနေခဲ့ကာ ယခုကဲ့သို့ ဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းမရှိချေ။
ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် ပုံရိပ်တစ်ခုက သူမ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ထိုပုံရိပ်သည် ငယ်ရွယ်သော်လည်း ကြီးကျယ်ခမ်းနားပြီး ထင်ရှားပေါ်လွင်ကာ အခက်အခဲများအားလုံးကို သူ ပိတ်ဆို့ဟန့်တားပေးနိုင်သကဲ့သို့ပင်။
ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိပြီးနောက် ပိုင်ဆုချင်သည် နေရာအနှံ့အပြားသို့ လူလွှတ်၍ရှာဖွေခဲ့သော်လည်း လုယွီ၏အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ချေ။
ဤသည်မှာ လူတစ်ယောက်သည် ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားသည့်အလား သူ၏သတင်းအစအနကိုပင် သူမ မရရှိတော့ပေ။
"တကယ်လို့သာ သူ ဒီနေရာမှာရှိနေရင် အရမ်းကောင်းမှာပဲ"
ပိုင်ဆုချင်က တီးတိုးရေရွတ်ကာ သူမ၏နုတ်ခမ်းထောင့်၌ ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
သူမသည် ယနေ့တွင် ဘေးကပ်ဆိုးကြီးမှ မလွတ်မြောက်နိုင်မည်ကို သူမ စိုးရိမ်နေမိသည်။
ဤလုပ်ကြံသတ်ဖြတ်သူများ၏လက်အတွင်းသို့ အရောက်ခံမည့်အစား နောင်အနာဂတ်တွင် အရှက်ခွဲခံရခြင်းမှ ရှောင်ကြဥ်နိုင်ရန်အတွက် သူမကိုယ်သူမသတ်သေရန် ဆုံးဖြတ်လိုက်၏။
ပိုင်ဆုချင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူမ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများစွာမကျန်ရှိတော့သည်ကို ခံစားမိသည်။သူမသည် တိုက်ခိုက်ခြင်းနှင့်ထွက်ပြေးခဲ့ရခြင်းမှတဆင့် ပင်ပန်းနွမ်းနယ်နေလေပြီ။
သူမ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းရှိ စိတ်ဝိညာဥ်စမ်းရေအိုင်သည်လည်း ခမ်းခြောက်နေကာ သူမ၏ခန္ဓာကိုယ်တွင် မှော်စွမ်းအားများစွာမကျန်ရှိတော့ချေ။
Chapter 3640
"ခဏနေကြအုံး"
ထိုအချိန်မှာပင် ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံတစ်သံက ရုတ်တရက် မိုးကောင်းကင်ယံထံမှ ထွက်ပေါ်လာသည်။
လက်ရှိနေရာတွင်ရှိနေသော လုပ်ကြံသတ်ဖြတ်သူများအားလုံး၏မျက်လုံးအကြည့်များသည် ပိုင်ဆုချင်ထံတွင်သာ ကျရောက်နေသည်။တစ်စုံတစ်ယောက်မှ ကြားဝင်စွက်ဖက်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး၏လှုပ်ရှားမှုများ ရုတ်တရက်ရပ်တန့်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် အကန့်အသတ်မဲ့ပြီး ကြီးမားကျယ်ပြန့်သော အရှိန်အဝါတစ်ရပ်က သူတို့၏ခေါင်းထက်သို့ သက်ရောက်နေသည်။ဤသည်မှာ အနက်ရောင်တိမ်တိုက်တစ်ခုမှ အရာရာတိုင်းကို ဝါးမျိုတော့မည့်အလားပင်။ဤတုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်တွင် လူတိုင်းကြက်သေသေသွားကြလေ၏။
ဘုန်း...ဘုန်း...ဘုန်း...
ရုတ်ချည်းဆိုသလိုပင် ပိုင်ဆုချင်သည် သူမ၏နံဘေးပတ်လည်ရှိလေဟာနယ် အေးခဲသွားသကဲ့သို့ ခံစားရကာ သူမ၏ခန္ဓာကိုယ် လေထုအတွင်းသို့မြောက်တက်သွားပြီး တောင်ထိပ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။
သူမ၏ရှေ့တွင် သင်္ကန်းတစ်ထည်ကိုဝတ်ဆင်ထားသော ဘုန်းတော်ကြီးတစ်ပါးမတ်တတ်ရပ်နေသည်။
ဤဘုန်းတော်ကြီးသည် အလွန်အမင်းဝဖြိုးကာ ထူထပ်သောပုတီးကုံးတစ်ကုံးကို သူ၏လည်ပင်း၌ ဆွဲထားလေ၏။သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေကာ သူ၏နဖူးပြင်ပေါ်တွင် အရေးအကြောင်းများရှိနေသည်။ထိုဘုန်းကြီးကို တစ်ချက်ကြည့်မိသော မည်သူမဆို သနားကြင်နာတက်သောမျက်နှာရှိပြီး လူကောင်းတစ်ယောက်ဖြစ်သည်ဟု တွေးထင်မိပေမည်။
ဤဘုန်းတော်ကြီးက ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။သူသည် ပိုင်ဆုချင်ကို ဤတောင်ထိပ်သို့ ခေါ်ဆောင်ခဲ့သောသူဖြစ်ပေမည်။
"အာမီတောဖော...ဒီအမျိုးသမီးကျင့်ကြံသူက နွမ်းပါးတဲ့ဘုန်းတော်ကြီးနဲ့ ရေစက်ပါတယ်...မင်းတို့အားလုံး ခုချက်ချင်းထွက်သွားကြတော့"
ဘုန်းတော်ကြီးသည် ဗုဒ္ဓမန္တန်တစ်ပုဒ်ကိုရွတ်ဆိုနေရင်းမှ အပြုံးနှင့်ပြောဆိုသည်။
သူသည် အလွန်ယဥ်ကျေးသိမ်မွေ့ကာ သူ၏လေသံတွင် မေးခွန်းထုတ်ဖွယ်မရှိသော မြင့်မြတ်မှုမျိုးနဲ့ ပြည့်နှက်နေသည်။
"ဒီ ဘုန်းကြီးစုတ်က ဘယ်နေရာက ရောက်လာတာလဲ...ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး...ထွက်သွားစမ်း"
"ဒါက အမှန်ပဲ...တကယ်လို့ ငါတို့ရဲ့ကိစ္စထဲကို မင်း ဝင်ရှုပ်ဝံ့ရင် ငါတို့က မင်းကိုပါသတ်ပစ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး"
လုပ်ကြံသတ်ဖြတ်သူများ၏စိတ်အခြေအနေသည် ကောင်းမွန်နေခြင်းမရှိချေ။သူတို့၏ကိစ္စကို ဘုန်းတော်ကြီးတစ်ပါးမှ ဝင်ရှုပ်ဝံ့သည်ကိုမြင်တွေ့ချိန်တွင် သူတို့အားလုံးဒေါသထွက်သွားကာ ကျယ်လောင်စွာအော်ဟစ်ပြီး ဆဲဆိုလိုက်ကြ၏။
သို့ရာတွင် ကျင်းချန်သည် အတွေ့အကြုံရင့်ကျက်သော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်သဖြင့် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲပင်။
သူက ဘုန်းတော်ကြီးကိုစူးစိုက်ကြည့်ကာ ပြောဆိုသည်။
"ဒီမိန်းကလေးက ငါတို့ရဲ့ပစ်မှတ်ပဲ....အခုချက်ချင်း သူ့ကို ငါတို့ဆီပြန်ပြီး လက်လွှဲပေးပါ...ဘုန်းတော်ကြီးက လူတော်တစ်ယောက်ဖြစ်တာကြောင့် ကြားဝင်စွက်ဖက်မှာမဟုတ်ဘူးလို့ ငါ ထင်တယ်...မဟုတ်ရင် ငါတို့နှစ်ဖက်လုံး ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်"
ဘုန်းတော်ကြီးက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"မဖြစ်နိုင်ဘူး...ဒီနေ့ မင်းတို့ထဲကဘယ်သူမှ သူ့ကိုခေါ်သွားဖို့ မစဥ်းစားကြနဲ့"
ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာမှုသည် လုပ်ကြံသတ်ဖြတ်သူများ၏လှုပ်ရှားမှုများကို ပျက်ပြားသွားစေခဲ့သည်။
သူတို့သည် လူအမြောက်အများကို လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း ယခုကဲ့သို့ တစ်စုံတစ်ယောက်မှ ကြားဝင်စွက်ဖက်သည့်အခြေအနေမျိုးနှင့် ယခင်က တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။
ကျင်းချန်သည် ထိုဘုန်းတော်ကြီးကို စည်းရုံးရန် ကြိုးစားနေဆဲပင်။
"သူ့က ငါတို့သွေးနက်ခန်းမက ရွေးချယ်ထားတဲ့သူပါ...ဘုန်းတော်ကြီးလည်း ငါတို့ရဲ့စည်းမျဥ်းတွေကို သိထားမှာပါ...ဒီလူတစ်ယောက်တည်းကိုသတ်တာက အပြစ်မဲ့တဲ့လူတွေကို အရမ်းကာရော သတ်နေတာမဟုတ်ဘူး...ဘုန်းတော်ကြီး....တကယ်လို့ မင်းက လူဆိုးတွေကို အပြစ်ပေးပြီးတော့ ကောင်းမှုကုသိုလ်တွေလိုချင်တယ်ဆိုရင် တခြားနေရာတွေကိုသွားပါ...ဒါက မင်းရောက်လာသင့်တဲ့နေရာမျိုးမဟုတ်ဘူး"
အစောပိုင်းက ဘုန်းတော်ကြီးသည် တိုက်ခိုက်လိုက်စဥ်တွင် သူ၏ကျင့်ကြံဆင့်ကို ထုတ်ဖော်ပြသပြီးဖြစ်သည်။
ထို့ကြောင့် ကျင်းချန်သည် ထိပ်တိုက်တိုက်ခိုက်မည့်အစား ဘုန်းတော်ကြီးနှင့်ညှိနှိုင်းရန် အကောင်းဆုံးကြိုးစားနေခြင်းဖြစ်ပေ၏။
သို့ရာတွင် မမျှော်လင့်ဘဲ ကျင်းချန်၏ အဆက်မပြတ်ညှိနှိုင်းမှုများသည် ဘုန်းတော်ကြီးကို ပို၍ဒေါသထွက်သွားစေခဲ့သည်။
ဘုန်းတော်ကြီး၏မျက်နှာပေါ်ရှိအပြုံး ပျောက်ကွယ်သွားကာ ထိုအစား ဒေါသထွက်သွားသောအမူအယာထင်ဟပ်လာပြီး သူက မတ်တတ်ထရပ်လိုက်သည်။
"ဒီနွမ်းပါးတဲ့ဘုန်းတော်ကြီးက မင်းတို့အားလုံးနဲ့ စကားကောင်းကောင်းပြောနေတာ...ဒါပေမယ့် မင်းတို့က ဘာက မင်းတို့အတွက်ကောင်းတယ်ဆိုတာ မသိကြဘူး...အမှိုက်ကောင်တစ်သိုက်...မင်းတို့က သေလမ်းရှာနေကြတာလား"
ဘုန်းတော်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။သူ၏အသံသည် တလိမ့်လိမ့်ထနေသော မိုးခြိမ်းသံအလား လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
ထို့နောက် ဘုန်းတော်ကြီးသည် သူ၏လက်ဝါးကို ရိုက်ထုတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်အမင်းမှောင်မည်းသွားသည်။ဤသည်မှာ လူများအားလုံး၏အထက်ရှိ မိုးကောင်းကင်ယံကြီးကို တိမ်မည်းများ လွှမ်းခြုံသွားသည့်အလားပင်။
"မဟုတ်ဘူး...."
ကျင်းချန်၏မျက်နှာ ဖြူရော်သွားသည်။ထို့နောက် ဤကြီးမားသောစွမ်းအားကို ခုခံကာကွယ်ရန်အတွက် သူ၏ခန္ဓာကိုယ်ရှိမှော်စွမ်းအားများကို လှည့်ပတ်လိုက်၏။
တခြားသူများကမူ ဤကဲ့သို့အဆုံးသတ်မကောင်းကြချေ။
လုပ်ကြံသတ်ဖြတ်သူများသည် သတိမလပ်ထားနေကြသော်လည်း ဤဘုန်းတော်ကြီး၏စွမ်းအားသည် အမှန်တကယ်ကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
ကျယ်လောင်သောဘုန်းခနဲမြည်သံကြီးနှင့်အတူ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ကျရောက်လာကာ မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန်တုန်ခါသွားတော့သည်။
မြေပြင်ပေါ်တွင် မတ်တတ်ရပ်နေသော လုပ်ကြံသတ်ဖြတ်သူများသည် ထိုလက်ဝါးရိုက်ချက်ကြောင့် မြေကြီးအတွင်းသို့ နက်ရှိုင်းစွာနစ်ဝင်သွားသည်။
Chapter 3641
အစောပိုင်းက မောက်မာထောင်လွှားနေခဲ့သော လုပ်ကြံသတ်ဖြတ်သူများသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လက်ဝါးပုံရိပ်ကြီး၏ရိုက်နှက်ခြင်းကိုခံရပြီး မြေကြီးအတွင်းသို့ နစ်ဝင်သွားလေပြီ။
သဲကန္တာရအတွင်း၌ ကြီးမားသောလက်ဝါးရာကြီး ထွက်ပေါ်လာကာ မြေပြင်ပေါ်တွင် နက်ရှိုင်းစွာခတ်နှိပ်ထားသည့်အလားပင်။
ဤနေရာပတ်ဝန်းကျင်တွင် သဲကန္တာရကြီးသာရှိသော်လည်း လက်ဝါးပုံရိပ်ယောင်ကြီး၏အနီးရှိ ကျောက်စရစ်ခဲများသည် တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်ဖြင့် လောင်ကျွမ်းသွားသည့်အလား လုံးလုံးလျားလျားတူးခြစ်နေကာ ညှော်နံများထွက်ပေါ်နေသည်။
ဤသို့ဖြစ်ရခြင်းမှာ မှော်စွမ်းအားများ လွန်စွာပြင်းထန်ခြင်းကြောင့်ပင်။ထိုမှော်စွမ်းအားကို ထုတ်လွှတ်လိုက်စဥ်တွင် ပတ်ဝန်းကျင်ရှိကျောက်တုံးများကို မီးသွေးခဲများအလား လောင်ကျွမ်းသွားစေသည်။
ဤလက်ဝါးရာကြီး၏အောက်တွင်...
အစောပိုင်းက ဟိတ်ဟန်ထုတ်နေကြသော လုပ်ကြံသတ်ဖြတ်သူများအားလုံး ဤအချိန်အခိုက်အတန့်တွင် ကိုယ်လက်အင်္ဂါများ ဆိုးဆိုးရွားရွားပြတ်တောက်နေလေပြီ။သူတို့၏ဝတ်စုံနက်များအောက်တွင် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသော်လည်း ထိုအရာများအားလုံး အစိတ်စိတ်အမွှာမွှာကြေမွှပျက်စီးသွားခဲ့သည်။သွေးညှီနံများက လေထုအတွင်း၌ ပြည့်နှက်နေသည်။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ပိုင်ဆုချင်၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ရီသွားပေ၏။
သူမသည် အဆုံးစွန်ဆုံးထိ စိတ်ဓာတ်ကျနေကာ သေဆုံးရန်အတွက် ပြင်ဆင်ပြီးလေပြီ။သို့ရာတွင် ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် သူမ ကယ်တင်ခံရမည်ဟု မျှော်လင့်မထားမိချေ။
ဤလက်ဝါးရာကြီး၏အစွန်းတွင် ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်းမှ အမျိုးသမီးတပည့်တစ်စု၏အလောင်းများရှိနေသည်။
ဤအမျိုးသမီးတပည့်များသည် အမြဲတစေ တာအိုဘုရားကျောင်းအတွင်းသာ ကျင့်ကြံနေကြပြီး ပြင်ပသို့ထွက်၍ ပြဿနာရှာခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ ကျူးလွန်ခဲ့ကြခြင်းမရှိချေ။သူမတို့သည် ဤကဲ့သို့ ခြောက်ကပ်သောသဲကန္တာရအတွင်း၌ သေဆုံးသွားရမည်ဟု တွေးထင်ခဲ့မိမည်မဟုတ်ပေ။
ထိုအလောင်းများကိုကြည့်ပြီး ပိုင်ဆုချင်၏စိတ်နှလုံးသားအတွင်းတွင် အကြောင်းပြချက်မရှိဘဲ ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။
သေမျိုးများ၏အမြင်တွင် ကျင့်ကြံသူများသည် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားကာ မြေလျှိုးမိုးပျံနိုင်၍ မည်သည့်အရာကိုမဆို ပြုလုပ်နိုင်သောလူများပင်။
သို့ရာတွင် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာသော လူများအနက်မှ မည်သည့်တစ်ယောက်သည် လွယ်လင့်တကူ အသက်ရှင်နိုင်သနည်း...
နာကျည်းမုန်းတီးမှုများနှင့် သတ်ဖြတ်မှုများသည် ကောင်းကင်ဘုံနယ်မြေ၏ နေရာအနှံ့အပြား၌ ရှိနေပေ၏။
ယမန်နေ့ကထိ ကောင်းမွန်စွာ အသက်ရှင်နေသူတစ်ယောက်သည် ယနေ့တွင် မြေပြင်ပေါ်၌အရိုးစုဘဝအဖြစ်သို့ ရောက်ရှိကောင်းရောက်ရှိနေနိုင်သည်။
ပိုင်ဆုချင်သည် ဤအမျိုးသမီးကျင့်ကြံသူများ အသက်ရှင်သန်နေစဥ်က သူမတို့၏မျက်နှာများကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပင်။ထိုအမျိုးသမီးတပည့်များအနက်မှတချို့သည် အလွန်ရိုးစင်းပြီး ထာဝရအသက်မဟာတာအိုကို ရရှိနိုင်ရန်အတွက် ရိုးရှင်းစွာကျင့်ကြံခဲ့ကြသည်။
အရာအားလုံးသည် ထပ်မံ၍ မတည်ရှိနိုင်တော့ဘဲ အတိတ်၏တိမ်တိုက်များအလားပင်။
အဟွတ်...အဟွတ်....အဟွတ်....
ထိုအချိန်မှာပင် နက်ရှိုင်းသောလက်ဝါးရာကြီးအတွင်းမှနေ၍ ပြင်းထန်သောချောင်းဆိုးသံတစ်သံ ထွက်ပေါ်လာသည်။
ကျင်းချန်သည် အလောင်းများအကြားမှနေ၍ ခက်ခက်ခဲခဲအားယူ၍ တွားသွားထလာသည်။သူ၏နဖူးပြင်ပေါ်မှနေ၍ သွေးများယိုစီးကျနေပေ၏။
သူ၏မျက်လုံးများနီမြန်းနေကာ သူသည် အဝေးရှိ ဘုန်းတော်ကြီးကိုကြည့်ကာ ပြောဆိုသည်။
"ဒါက ဗုဒ္ဓမဟာဗောဓိ ရွှေလက်ဝါးစည်းတံဆိပ်မဟုတ်လား....မင်းက ရွှေအလင်းဘုရားကျောင်းက ဘယ်ဘုန်းတော်ကြီးလဲ"
ဝုန်း...
ထိုစကားကိုပြောဆိုရင်း ကျင်းချန်၏အနက်ရောင်ဝတ်စုံ ကြေမွှပျက်စီးသွားကာ အတွင်းရှိ ကြေးနီရောင်သံချပ်ကာ ထွက်ပေါ်လာသည်။
ဤသံချပ်ကာကိုကြည့်ရသည်မှာ အလွန်ပါးလွှာသော်လည်း မျက်နှာပြင်ပေါ်တွင် အနက်ရောင်သင်္ကေတအက္ခရာများဖြင့် ဖုံးလွှမ်းနေသည်။ထိုအရာကိုကြည့်ရသည်မှာ အလွန်ထူးခြားပေ၏။
ဤသံချပ်ကာရှိနေခြင်းကြောင့်သာ ပြင်းထန်သောလက်ဝါးရိုက်ချက်အောက်တွင် သူ အသက်ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဤမျှသာပင်။
ထိုလက်ဝါးရိုက်ချက်သည် ကျင်းချန်၏မောက်မာထောင်လွှားမှုများကို ချေဖျက်သွားရုံသာမက သူ၏ခန္ဓာကိုယ်ရှိမှော်စွမ်းအားများအားလုံးကို ပျက်ပြယ်သွားစေခဲ့သည်။
ယခုလက်ရှိတွင် ကျင်းချန်သည် မတ်တတ်ရပ်နေနိုင်သော်လည်း မြေပြင်ပေါ်သို့အချိန်မရွေးလဲကျသွားတော့မည့်အလား သူ၏ခြေထောက်များ အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။
ဘုန်းတော်ကြီးက အေးစက်စက်နှာတစ်ချက်မှုတ်ကာ အော်ဟစ်လိုက်၏။
"ဟမ့်....ဒီဘုန်းတော်ကြီးရဲ့ဘွဲ့နာမည် မင်းကိုပြောပြဖို့ လိုလို့လား"
ထိုသို့ပြောဆိုပြီးနောက် ဘုန်းတော်ကြီးသည် ကျင်းချန်နှင့်စကားပြောဆိုပြီး အချိန်ဖြုန်းမနေတော့ချေ။ထိုအစား သူသည် နောက်ထပ်ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးကို ရိုက်ထုတ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူ အနည်းငယ်မျှ ကံကောင်းခြင်းမရှိတော့ချေ။
ကျင်းချန်သည် လွတ်မြောက်လာပြီးနောက် မကြာမီမှာပင် ထိုလက်ဝါးပုံရိပ်ယောင်ကြီးကြောင့် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ပုတ်ခြင်းခံရကာ မြေအောက်သို့ မီတာလေးငါးဆယ်အနက်ထိ နစ်ဝင်သွားသည်။
ဤဘုန်းတော်ကြီး၏ကျင့်ကြံဆင့်သည် အလွန်နက်နဲသိမ်မွေ့သောအဆင့်သို့ ရောက်ရှိနေလေပြီ။သူ၏လက်ဝါးရိုက်ချက်အောက်တွင် သွေးနက်ခန်းမ၏လက်ထောက်ခန်းမသခင် ကျန်းချန်ပင်လျှင် အနည်းငယ်မျှ ခုခံကာကွယ်နိုင်စွမ်းမရှိချေ။