အခန်း (၃၆၄၆-၃၆၄၉)
Vol. 186 Ch. 3646-3649
Chapter 3646
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
လုယွီနှင့်မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသာ မျက်နှာချင်းဆိုင်၍ ထိုင်နေကြသည်။
လုယွီ၏စိတ်နှလုံးသားအတွင်းတွင် ဝမ်းနည်းမှုလည်းမရှိ ပျော်ရွှင်မှုလည်းရှိမနေချေ။သူသည် ကျင့်ကြံရာ၌သာ သူ၏စိတ်ကို လုံးလုံးလျားလျား နှစ်မြှုပ်ထားသည်။
အကယ်၍ လန်ဝူရှင်းသာ ဤနေရာတွင်ရှိနေပါက လုယွီ၏ယခုလက်ရှိ ကျင့်ကြံခြင်းအခြေအနေကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားမည်မှာ သေချာပေါက်ပင်။
ထိုအချိန်တုန်းက လန်ဝူရှင်းသည် ဟုန်းမင်ဆေဘာဓား၏ကူညီထောက်ပံမှုဖြင့်ပင် ဥာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ဝင်ရောက်ရန် အင်အားများစွာ စိုက်ထုတ်ခဲ့ရသည်။
မူလက လုယွီသည် ဥာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ဝင်ရောက်သွားနိုင်သည်မှာ တိုက်ဆိုင်မှုတစ်ခုကြောင့်ဟု လန်ဝူရှင်းက တွေးထင်ခဲ့သည်။
သို့ရာတွင် လုယွီသည် ဥာဏ်အလင်းပွင့်ခြင်းအခြေအနေနှင့် လွန်စွာရင်းနှီးကျွမ်းဝင်ကာ အချိန်မရွေး ဝင်ရောက်နိုင်မည်ဟု လန်ဝူရှင်းမျှော်လင့်ထားမိမည်မဟုတ်ချေ။
အသိပညာဗဟုသုတ အလွန်ကြွယ်ဝသော မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် ဥာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ လွယ်လင့်တကူဝင်ရောက်နိုင်ခြင်းမရှိပေ။
ဤသို့ပြုလုပ်ရန် အစွမ်းထက်သောစိတ်ဝိညာဥ်စွမ်းအားနှင့်ခိုင်မာသောစိတ်ဆန္ဒတို့မှ ထောက်ပံ့ပေးနိုင်ရပေမည်။
ရှပ်....ရှပ်...ရှပ်...
ထိုအချိန်မှာပင် ခြေလှမ်းသံများက လုယွီ၏ကျင့်ကြံမှုကို ရုတ်တရက် ကြားဖြတ်နှောက်ယှက်လိုက်၏။
ဤသည်မှာ သူ၏တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်သဖြင့် ယေဘုယျကျကျပြောဆိုရလျှင် မည်သည့်ဆူညံသံမျိုးမျှ ရှိမနေသင့်ချေ။
လုယွီက မျက်မှောင်ကြုတ်ပြီး နောက်သို့လှည့်ကြည့်လိုက်ရာ ရင်းနှီးကျွမ်းဝင်သောပုံရိပ်တစ်ခုကို တွေ့မြင်မိသည်။သူသည် လုယွီ၏ရှေ့သို့ ဖြည်းညှင်းစွာလျှောက်လှမ်းလာကာ ထိုင်ချလေသည်။
ဤပုံရိပ်သည် လုယွီနှင့်အလွန်ရင်းနှီးကျွမ်းဝင်သည်မှာ သဘာဝကျသောကိစ္စပင်။
ဤသည်မှာ လုယွီ အတိတ်ဘဝတွင် သတ်ဖြတ်ခဲ့သော ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ဟူသည့် ကျိုးထန်းယင်ဖြစ်နေသည်။
ယခုလက်ရှိချိန်တွင် ကျိုးထန်းယင်သည် သူနှင့်ယှဥ်ပြိုင်တိုက်ခိုက်ခဲ့စဥ်က ပုံပန်းသွင်ပြင်အတိုင်းရှိနေဆဲဖြစ်ပေ၏။သူသည် ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေသည်။
ကျိုးထန်းယင်ကို မြင်တွေ့မိသည့် မည်သူမည်ဝါမဆို နွေဦးလေပြည်ညှင်းတိုက်ခတ်သွားသည့်ခံစားချက်မျိုး ရရှိပေမည်။သနားကြင်နာစိတ်များသည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ မြင့်တက်လာကာ ခယဝပ်တွားလိုစိတ်များကို ခံစားရပေမည်။
ဤသည်မှာ ခေတ်အဆက်ဆက်၏ပြိုင်ဘက်ကင်းဧကရာဇ်ပင်။
တာယွီကောင်းကင်ဘုံအင်ပါယာကို တည်ထောင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထိုကောင်းကင်ဘုံဧကရာဇ်အဆက်ဆက်တွင် အောင်မြင်မှုရခဲ့သော ဧကရာဇ်တချို့ရှိခဲ့သော်လည်း ကျိုးထန်းယင်၏အဆင့်သို့ မည်သူမျှရောက်ရှိခဲ့ခြင်းမရှိချေ။
သူသည် ကောင်းကင်ဘုံနယ်မြေ၏ တစ်ဦးတည်းသော 'အုပ်စိုးသူအရှင်သခင်'ဖြစ်သည်။
တာအိုသခင်၏နောက်တွင် 'အုပ်စိုးသူအရှင်သခင်'နယ်ပယ်ရှိသည်။
ဤအဆင့်သို့အရောက်တွင် သူသည် ရှေးဟောင်းခေတ်မှ ရွှေအင်မော်တယ်နယ်ပယ်နှင့်နီးကပ်နေလေပြီ။ကျိုးထန်းယင်၏နှုတ်ထွက်စကားတိုင်းသည် အစစ်အမှန်ရွှေရောင်မန္တရားဖြစ်ကာ မိုးကောင်းကင်တာအိုအပေါ်သက်ရောက်မှုရှိပြီး အနည်းငယ်မျှသံသယဝင်ဖွယ်မရှိချေ။
တာအိုသခင်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူအမြောက်အများပင်လျှင် ကျိုးထန်းယင်၏လက်အောက်၌ အရှုံးပေးအညံခံထားကြသည်။
သူသည် လူသားဧကရာဇ်ဓားဖြင့် ခြိမ်းခြောက်နေရန် အနည်းငယ်မျှ မလိုအပ်တော့ပေ။ထိုမသေမျိုးအဆင့်မှော်လက်နက်မရှိလျှင်ပင် ကျိုးထန်းယင်သည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် သူ၏အမိန့်ကိုမနာခံသူများအား နှိမ်နင်းနိုင်စွမ်းရှိသည်။
ကျိုးထန်းယင် သက်ရှိထင်ရှားရှိနေစဥ်တွင် ပြင်ပဂိုဏ်းအင်အားစုများသည် မကြာခဏပြဿနာရှာလေ့ရှိသော်လည်း သူတို့သည် စည်းဘောင်အတွင်းမှလှုပ်ရှားခြင်းဖြစ်ကာ အုပ်ချုပ်ရေးအဖွဲ့၏အခွင့်အာဏာကို ထိပါးဝံ့ခြင်းမရှိချေ။
ထိုအချိန်တုန်းက အကယ်၍ တစ်စုံတစ်ယောက်သည် သေမျိုးတစ်ယောက်ဖြစ်နေလျှင်ပင် သူသည် တာယွီအင်ပါယာ၏အရာရှိရာထူးကို ခန့်အပ်ခံထားရသရွေ့ မည်သည့်ကျင့်ကြံဆင့်နယ်ပယ်တွင်ရှိနေသော ဂိုဏ်းချုပ်များဖြစ်နေပါစေ ထိုသေမျိုးကို ဦးညွှတ်အရိုအသေပြုရသည်။
ဤသည်မှာ ယခင်က တာယွီအင်ပါယာတော်ဝင်နန်းတွင်း၏အခွင့်အာဏာပင်။
ထိုအရာများအားလုံးသည် ကျိုးထန်းယင်ကြောင့် ဖြစ်တည်လာခဲ့ခြင်းဖြစ်ပေ၏။
လုယွီ၏အတိတ်ဘဝတွင် သူ့ကို ကောင်းကင်ဘုံနယ်မြေ၏အစွမ်းထက်ဆုံးတာအိုသခင်ဟု ယူဆနိုင်သည်။ဤအဆင့်သို့အရောက်တွင် သူ့ထံ၌ တိုက်ခိုက်လိုစိတ်အားသန်သည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပင်။ထို့ကြောင့် ရှန်လင်းလုံ၏သွေးထိုးလှုံဆော်မှုအောက်တွင် သူသည် ကျိုးထန်းယင်ကို စိန်ခေါ်ရန် ရဲဝံ့စွာရွေးချယ်ခဲ့သည်။
နောက်ဆုံးရလဒ်မှာ လုယွီသည် ကံကောင်းမှုကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပေ၏။
သို့ရာတွင် လုယွီ၏စိတ်နှလုံးသားအတွင်း၌ ပြိုင်ဘက်ဟောင်းကြီးအပေါ် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေဆဲပင်။
"မြေအောက်လောက....ငါတို့ ထပ်တွေ့ရပြန်ပြီ...နောက်ဆုံးတစ်ကြိမ် ငါတို့တွေ့တုန်းကထက်စာရင် မင်း အများကြီးကြီးပြင်းလာတာပဲ...ကြည့်ရတာတော့ ဒီဘဝမှာ မင်း အောင်မြင်မှုတချို့ကို လိုချင်နေပုံရတယ်"
ကျိုးထန်းယင်သည် တည်ငြိမ်စွာပြောဆိုကာ သူ၏အသံသည် နူးညံသိမ်မွေ့ကာ သန့်စင်နေပြီး သူသည် လုယွီကို သင်ပြပေးနေသည့်အလားပင်။
သူတို့နှစ်ယောက်သည် ရန်သူများဖြစ်သည်မှာ သိသာထင်ရှားသော်လည်း အစကတည်းက သူတို့အကြားတွင် သွေးကြွေးရန်ငြိုးရှိသူများမဟုတ်ချေ။ထို့ကြောင့် သူတို့သည် ရန်သူများဖြစ်သည့်တိုင် မိတ်ဆွေဟောင်းများနှင့် ပို၍တူညီနေသည်။
"ဒါက ငါ့ရဲ့အတွင်းစိတ်နတ်ဆိုးလား...ကြည့်ရတာတော့ ငါ့ရဲ့မလိုလားအပ်တဲ့အတွေးတွေကို အကုန်အစင်မဖြတ်တောက်နိုင်ခဲ့တဲ့ပုံပဲ"
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
Chapter 3647
သူ့ရှေ့ရှိ ကျိုးထန်းယင်သည် ရုပ်ခန္ဓာကိုယ်ရှိသောသက်ရှိတစ်ယောက် မဟုတ်ချေ။
ကျိုးထန်းယင်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို သူ ဝါးမျိုခဲ့ပြီးကြောင်းကိုလည်း လုယွီက အတိအကျသိရှိထားသည်။
တစ်ချိန်တည်းမှာပင် ကျိုးထန်းယင်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုပြီးနောက် လုယွီသည် တစ်ဖက်လူ၏မှတ်ဥာဏ်အစိတ်အပိုင်းတချို့နှင့် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်တို့ကို ရရှိထားသည်။
ယခုချိန်တွင် လုယွီသည် ဥာဏ်အလင်းပွင့်ခြင်းအခြေအနေမျိုး၌ ရောက်ရှိနေပေ၏။သူ့ထံတွင် မည်သည့်အတွေးမျိုးမျှ ရှိမနေတော့ဘဲ သူ့ကိုယ်သူပင် မေ့လျော့နေသည့် အခြေအနေမျိုး၌ရှိနေသည်။သို့ရာတွင် ဤကဲ့သို့အချိန်မျိုး၌ ကျိုးထန်းယင် ထွက်ပေါ်လာသည်မှာ ပုံမှန်မဟုတ်ချေ။
လုယွီ၏ရှေ့ရှိ ကျိုးထန်းယင်၏ပုံရိပ်ယောင်သည် သူ၏စိတ်အတွင်းမှ အတွင်းစိတ်နတ်ဆိုးဖြစ်မည်မှာ သိသာထင်ရှားသည်။
"အတွင်းစိတ်နတ်ဆိုးလား...မင်း ခုထိ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးပဲ....လူသားတွေက မာကျောတဲ့ကျောက်တုံးတွေ မဟုတ်ဘူး...သူတို့မှာ ခံစားချက်တွေ အတွေးတွေရှိတယ်...ဘာအတွေးမှမရှိဘဲနဲ့ နှလုံးသားမဲ့တဲ့လူတစ်ယောက်လို ဘယ်သူက နေနိုင်မှာလဲ"
ကျိုးထန်းယင်က သူ၏ခေါင်းကိုခါယမ်းကာ လုယွီ၏စကားကို စိတ်မကျေမနပ်ဖြစ်နေပုံရသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက အတွင်းစိတ်နတ်ဆိုးမဟုတ်ရင် ငါ့ရှေ့မှာ ဘာလို့ ရုတ်တရက်ကြီးထွက်ပေါ်လာတာလဲ....ဖြစ်နိုင်တာတော့ မင်းက ငါ ကျင့်ကြံဆင့်ချိုးဖျက်တာကို ဟန့်တားချင်တာများလား....မင်း ငါ့ကို တစ်ကြိမ်ရှုံးနိမ့်ပြီးပြီ....မင်းက လက်လျှော့အရှုံးပေးဖို့ ဆန္ဒမရှိတာကြောင့် အတိတ်ကိုပြန်သွားချင်နေတာလား"
ယခုလက်ရှိချိန်တွင် လုယွီသည် သေမျိုးတစ်ယောက်နှင့် ရင်ဆိုင်နေသည့်အလား တည်ငြိမ်အေးဆေးစွာ မေးခွန်းထုတ်နေခဲ့သည်။
သူ့ရှေ့ရှိလူသည် ကောင်းကင်ဘုံနယ်မြေ၏အုပ်ချုပ်သူအရှင်ဖြစ်ကာ မရေမတွက်နိုင်သော တာအိုသခင်များ ဦးညွှတ်အရိုအသေပြုရသည့်သူပင်။
သို့ရာတွင် လုယွီ၏ရှေ့တွင် သူသည် သေဆုံးပြီးဖြစ်သော စိတ်ဝိညာဥ်ပုံရိပ်ယောင်အဆင့်မျှသာရှိသည်။ဤစိတ်ဝိညာဥ်ကို သူ အနည်းငယ်မျှပင် ထည့်တွက်နေရန်မလိုချေ။
လုယွီ၏ယခုလက်ရှိစိတ်အခြေအနေသည် ပြောင်းလဲသွားလေပြီ။သူ၏စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်ကြောက်ရွံစိတ်များ ရှိမနေပေ။သူ့ထံတွင် သာလွန်မြင့်မြတ်သောခံစားချက်တစ်ခုပင် ရှိနေလေ၏။
ဤကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်တိုင် သူသည် တစ်ဖက်လူကို တစ်ကြိမ်အနိုင်ယူထားပြီးဖြစ်သဖြင့် နောက်ထပ်တစ်ကြိမ်တွေ့ဆုံရလျှင်လည်း သူ ထိတ်လန့်ကြောက်ရွံနေမည်မဟုတ်ပေ။
အတွင်းစိတ်နတ်ဆိုး မဆိုထားနှင့် အကယ်၍ ကျိုးထန်းယင်ကိုယ်တိုင် ရောက်လာလျှင်ပင် လုယွီသည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံမည်မဟုတ်ချေ။
"ဒီအရှင်က ဘာလို့ မင်းရှေ့ကိုရောက်လာတယ်ဆိုတာ မင်း ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးပဲ...မဟာဘေးကပ်ဆိုးကြီး လာတော့မယ်....မင်းရဲ့ခွန်အားက လုံလောက်ဖို့အတွက် အရမ်းအလှမ်းကွာဟနေတယ်...အနှေးနဲ့အမြန် ဘေးအန္တရာယ်တစ်ခုက မင်းအပေါ်ကို ဆိုက်ရောက်လာလိမ့်မယ်"
ကျိုးထန်းယင်က အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ကောင်းပြီလေ...ငါက မင်းကို ဒီတစ်ကြိမ်တော့ ကူညီပေးလိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက် ကျိုးထန်းယင်သည် ရုတ်တရက် သူ၏လက်ကိုဆန့်တန်းကာ လုယွီထံဦးတည်၍ ဖိနှိပ်လိုက်သည်။
ဘုန်း...
ဤအချိန်အခိုက်အတန့်တွင် ကျယ်လောင်သောတုန်ခါသံကြီးတစ်သံက လုယွီ၏ကိုယ်ပိုင်စိတ်ဝိညာဥ်ကမ္ဘာအတွင်းမှ ထွက်ပေါ်လာသည်။
မူလက နက်မှောင်နေသောအမှောင်ထုကြီးအတွင်းတွင် တောက်ပသော ရွှေရောင်နှင့်အဖြူရောင်အလင်းတန်းများ ဖြာထွက်လာကာ မျက်စိကျိန်းလုမတwf အလွန်စူးရှတောက်ပသည်။
ကောင်းကင်နှင့်မြေပြင်အကြားတွင် အဖြူရောင်တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်တစ်ခုက လေထုအတွင်း၌ မျောလွင့်နေသည်။
ထိုကျောက်စိမ်းစည်းတံဆိပ်၏အောက်ခြေတွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ရွှေရောင်စာလုံးတချို့ကို ရေးထွင်းထားကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေပေ၏။
ကောင်းကင်ဘုံရဲ့အမိန့်ကို နာခံနေသရွေ့ ထာဝရအသက်ကိုရရှိမယ်....
ဤသည်မှာ ကျိုးထန်းယင်၏တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ပင်။
တစ်ချိန်တည်းမှာပင် လုယွီသည် သူ၏ရုပ်ခန္ဓာကိုယ်သည် ရုတ်တရက် သူနှင့်စိမ်းသက်သက်ဖြစ်လာသကဲ့သို့ ခံစားမိသည်။သူ၏စိတ်ဝိညာဥ်သည် အားလှိုင်းတစ်ရပ်ကြောင့် ကျုံသွားပုံရသည်။
"မင်းက ငါ့ရဲ့ရုပ်ခန္ဓာကိုယ်ကို လုယူချင်တာလား"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ တောက်ပလာသည်။
သူ၏စိတ်ဝိညာဥ် ကျုံသွားခြင်းမှာ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်မှလာသော စွမ်းအားကြောင့်ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
ကျိုးထန်းယင် လုပ်ဆောင်လိုသောအရာသည် မေးခွန်းထုတ်စရာမလိုဘဲ သိသာထင်ရှားလှ၏။
"လာခဲ့စမ်း...မင်းက အကြွင်းအကျန်စိတ်ဝိညာဥ်လေးတစ်ကောင်ပဲ...ငါ အရင်က မင်းကို သတ်ပြီးပြီ...အခုလည်း ရလဒ်က အတူတူပဲထွက်လာလိမ့်မယ်"
လုယွီက အေးစက်စက်အော်ငေါက်ကာ သူ့စိတ်ဝိညာဥ်မှစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ရှေ့ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏မျက်လုံးများပွင့်လာကာ ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလေသည်။
ထို့နောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်များကို ဆန့်တန်းလိုက်၏။သူ၏လက်တစ်ဖက်စီဖြင့် လက်စည်းတံဆိပ်တစ်ခုစီကိုဖွဲ့စည်းကာ မှော်မန္တန်များကို စတင်ရွတ်ဆိုလိုက်သည်။ဤသည်မှာ လုယွီ အတိတ်ဘဝတွင် ဖန်တီးခဲ့သော နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ပင်။
တစ်ချိန်တည်းမှာပင် အလင်းဘီးကြီးတစ်ခုက မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်၌ ထွက်ပေါ်လာသည်။
ဤသည်မှာ သက်ရှိအမြောက်အများ၏စိတ်ဆန္ဒများမှတဆင့် ဖွဲ့စည်းထားသော အလင်းဘီးကြီးဖြစ်ပေ၏။
Chapter 3648
လုယွီ၏နံဘေးပတ်လည်တွင် ထောင်နှင့်ချီသောပုံရိပ်များ ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုပုံရိပ်များအကြားတွင် သရဲတစ္ဆေများ နတ်ဆိုးများ လူသားများနှင့် တခြားသက်ရှိများပါဝင်ကာ သူတို့အားလုံးသည် မြေအောက်လောကနတ်ဘုရားကို ယုံကြည်ကိုးကွယ်သူများဖြစ်ပေ၏။
ပုံရိပ်တစ်ခုစီသည် ဒူးထောက်ကာ ဝတ်ပြုဆုတောင်းနေသည်။သူတို့သည် မြေအောက်လောကနတ်ဘုရားထံမှ ကောင်းချီးပေးမှုကိုရရှိရန် နတ်ဘုရား၏နာမည်ကိုရေရွတ်နေကြသည်။
မြောက်များစွာသော ယုံကြည်ကိုးကွယ်သူများ၏စွမ်းအားကြောင့် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်ရှိ အလင်းဘီးကြီး ပို၍တောက်ပစပြုလာသည်။ထို့နောက် သူ၏လက်များကိုဆန့်တန်းကာ သူ့ရှေ့ရှိ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို တိုက်ခိုက်လိုက်၏။
လုယွီသည် ကျိုးထန်းယင်ကို လုံးလုံးလျားလျားဖိနှိပ်ထားလိုသည်။
ဘုန်း...
ဤစိတ်ဝိညာဥ်လောကအတွင်း၌ အစွမ်းထက်သောစိတ်စွမ်းအားနှစ်ခု အင်အားကုန်တိုက်ခိုက်နေကြတော့သည်။
ရုတ်ချည်းဆိုသလိုပင် သူတို့သည် အသစ်မွေးဖွားလာသောကလေးတစ်ယောက်၏ ခန္ဓာကိုယ်အားသိမ်းပိုက်နိုင်ရန် စိတ်စွမ်းအားခြင်း တိုက်ခိုက်နေကြသည့် လွန်ခဲ့သောအနှစ်နှစ်ဆယ်သို့ ပြန်ရောက်သွားသည့်အလားပင်။
နောက်ဆုံး၌ လုယွီသည် ဤဘဝကိုပိုင်ဆိုင်ရန်ကံကြမ္မာကို အပြည့်အဝရရှိခဲ့လေ၏။ထို့ကြောင့် သူသည် ထိုအရာအား ကျိုးထန်းယင် လုယူသွားရန် ခွင့်မပြုနိုင်ချေ။
သူတို့နှစ်ယောက်၏စိတ်ဝိညာဥ်များသည် တူညီသောအဆင့်တွင်ရှိနေသည်။
လုယွီ၏စိတ်ဝိညာဥ်သည် မြောက်မြားစွာသော စမ်းသပ်မှုများနှင့်အခက်အခဲများကို ဖြတ်ကျော်ပြီးနောက် ကျစ်လစ်သိပ်သည်းလာကာ အပြစ်အနာအဆာဟူ၍ မရှိတော့ချေ။ဤစိတ်ဝိညာဥ်သည် သူ၏အတိတ်ဘဝထက်ပင် ပို၍သန်မာအားကောင်းနေသည်။
လုယွီသည် စိတ်ဝိညာဥ်၏စွမ်းအားကို အပြည့်အဝထုတ်ဖော်အသုံးမပြုနိုင်သော အကြောင်းအရင်းမှာ သူ၏ကျင့်ကြံဆင့်နယ်ပယ် လုံလောက်မှုမရှိခြင်းကြောင့်ပင်။ဤသည်မှာ ကလေးတစ်ယောက်သည် ပြိုင်ဘက်ကင်းမှော်ရတနာတစ်ခုကို ကိုင်ထားသည်နှင့်တူညီသည်။ထိုကလေးသည် မှော်ရတနာ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်ရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ် တဖြည်းဖြည်းမြင့်တက်လာသည်နှင့်အမျှ သူ ထုတ်ဖော်အသုံးပြုနိုင်သော စိတ်ဝိညာဥ်စွမ်းအားသည်လည်း ပို၍ပို၍အားကောင်းလာပေမည်။
အကယ်၍ ဤကဲ့သို့တိုက်ခိုက်မှုမျိုးသာ ပြင်ပလောကတွင် ဖြစ်ပွားပါက ကောင်းကင်နှင့်မြေပြင်တခွင်လုံး ထိခိုက်ပျက်စီးသွားစေသော မြင်ကွင်းကြီးတစ်ခုဖြစ်ပေမည်။
သို့ရာတွင် ဤစိတ်ဝိညာဥ်ကမ္ဘာအတွင်း၌ အရာအားလုံးဖြစ်နိုင်ချေရှိသည်။
"ပျက်စီးစမ်း"
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးထံမှနေ၍ ဒေါသတကြီးအော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်များကိုဆန့်တန်းကာ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို တိုက်ခိုက်လိုက်၏။
ဘုန်း...ဘုန်း...ဘုန်း...
မသဲမကွဲပေါက်ကွဲသံများက တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ထံမှ ဆက်တိုက်ထွက်ပေါ်လာသည်။
သို့ရာတွင် တော်ဝင်စည်းတံဆိပ်ပေါ်သို့ ကျရောက်သွားသော တိုက်ခိုက်မှုများသည် ပင်လယ်အတွင်းသို့ကျသွားသော အပ်တစ်စင်းအလားပင်။လုယွီသည် မည်သည့်နည်းစနစ်ကို အသုံးပြုပါစေ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို အနည်းငယ်မျှ ထိခိုက်စေခြင်းမရှိချေ။
လုယွီ၏စိတ်နှလုံးသား အလွန်တည်ငြိမ်နေသည်။
သူ့ရှေ့ရှိ ပြိုင်ဘက်၏စွမ်းအားသည် အတိတ်ဘဝတွင် သူ ရင်ဆိုင်ခဲ့ရသည့် ရန်သူ၏စွမ်းအားနှင့် ကွဲပြားခြားနားသွားခြင်းမရှိချေ။ဤသည်မှာ ကောင်းကင်ဘုံနယ်မြေ၏အစွမ်းထက်ဆုံး အုပ်စိုးသူအရှင်သခင်ပင်။ကျိုးထန်းယင်၏စိတ်ဝိညာဥ်စွမ်းအားသည် သူ အချိန်တခဏနှင့် လှုပ်ယမ်းနိုင်စွမ်းရှိမည့် တစ်စုံတစ်ခုမဟုတ်ချေ။
အဆက်မပြတ်တိုက်ခိုက်ခံရမှုများအောက်တွင် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် ထာဝရတည်မြဲသော အရာတစ်ခုနှင့်တူညီကာ အနည်းငယ်မျှပင် အားပျော့သွားခြင်းမရှိချေ။
ကျိုးထန်းယင်၏ပုံရိပ်သည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏နောက်၌ တဖန်ထပ်၍ ထွက်ပေါ်လာသည်။
ဤအချိန်တွင် သူ၏အရှိန်အဝါ ရုတ်တရက်ပြောင်းလဲသွားကာ သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားပြီး တစ်ချိန်က ကောင်းကင်ဘုံနယ်မြေကို အုပ်ချုပ်ခဲ့သော ဧကရာဇ်မင်း ပြန်လည်ရောက်ရှိလာသကဲ့သို့ပင်။
"အခု မင်း တချို့ကိစ္စတွေကိုသိရဖို့ အချိန်ကျပြီ"
ကျိုးထန်းယင်းက တီးတိုးရေရွတ်လိုက်သည်။ထို့နောက် သူ့ရှေ့ရှိ ကျောက်စိမ်းစည်းတံဆိပ်မှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
ရုတ်ချည်းဆိုသလိုပင် ကျိုးထန်းယင်၏စွမ်းအားသည် လေဟာနယ်ကိုဖြတ်သန်း၍ လုယွီ၏စွမ်းအားများအားလုံးကို ချေဖျက်လိုက်သည့်အလား သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။
အုပ်စိုးသူအရှင်သခင်တစ်ယောက်၏ စိတ်ဝိညာဥ်မှစွမ်းအားများသည် ကျယ်ပြန့်ပြီးအကန့်အသတ်မရှိချေ။ဤသည်မှာ ရှေ့ရှိလူတစ်ယောက်ကို အပြည့်အဝနစ်မွန်းသွားစေနိုင်သော ဒီရေလှိုင်းကြီးတစ်လှိုင်းနှင့်တူညီသည်။
"မကောင်းတော့ဘူး"
လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။
သူသည် အရာအားလုံးကို တွက်ချက်ခဲ့သော်လည်း ကျိုးထန်းယင်၏စိတ်ဝိညာဥ်မှ စွမ်းအားသည် ဤမျှထိ အလွန်အစွမ်းထက်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
မူလက သူသည် ကျိုးထန်းယင်၏စွမ်းအားမှ အစွန်အဖျားကိုသာ မြင်တွေ့ခဲ့ရခြင်းဖြစ်ပေ၏။
လုယွီ၏စိတ်ဝိညာဥ်ကမ္ဘာအတွင်းတွင် မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးသည် မကြုံစဖူး ပြင်းထန်သောတိုက်ခိုက်မှုကို ခံယူခဲ့ရသည်။သန်းရာချီသောသက်ရှိများ၏ ကံကြမ္မာစွမ်းအားများသည် ကျိုးထန်းယင်၏ရှေ့တွင် တိမ်စိုင်များအလားပင်။ထိုအရာများကို သူ့ရှေ့၌ ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
ဤသည်မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်ခဲ့ဖူးခြင်းမရှိသော သဘာဝလွန်ပုံရိပ်ပင်။
တစ်ချိန်တည်းမှာပင် လုယွီ၏စိတ်ဝိညာဥ် ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် လုယွီ၏စိတ်ဝိညာဥ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။
ထို့နောက် လုယွီသည် မြူခိုးများအကြားသို့ လုံးလုံးလျားလျား ကျရောက်သွားသည်။
သူ၏စိတ်ဝိညာဥ်တစ်ခုလုံးသည် ကျိုးထန်းယင်ဖန်တီးထားသော ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ရောက်ရှိလာပေ၏။
Chapter 3649
"ငါ အချက်တစ်ခုကို မှားယွင်းပြီးတွက်ချက်ခဲ့မိတယ်...ဒါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့စွမ်းအားပဲ...အုပ်စိုးသူအရှင်သခင်နယ်ပယ်အကြောင်း ငါ မသိသေးတာတွေ အများကြီးရှိနေသေးတာပါလား"
ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ရောက်ရှိသွားသော အချိန်အခိုက်အတန့်တွင် လုယွီက ချက်ချင်းနားလည်သဘောပေါက်သွားသည်။
သူ၏စိတ်ဝိညာဥ်သည် အလွန်အစွမ်းထက်သော်လည်း ကျိုးထန်းယင်သည် အုပ်စိုးသူအရှင်သခင်နယ်ပယ်၌ရှိနေသည်။
ထို့ပြင် သူသည် ကောင်းကင်ဘုံနယ်မြေအတွင်းတွင် ယခုခေတ်အချိန်ကာလအတွင်း၌ အုပ်စိုးသူအရှင်သခင်အဆင့်သို့ရောက်ခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ပင်။
လုယွီသည် အစွမ်းထက်ဆုံးတာအိုသခင်ဟု လူသိများကျော်ကြားသော်လည်း သူ၏စိတ်ဝိညာဥ်စွမ်းအားသည် တာအိုသခင်နယ်ပယ်၌သာ အကန့်အသတ်ရှိနေပေ၏။သူသည် အုပ်စိုးသူအရှင်သခင်နယ်ပယ်နှင့် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သော်လည်း ဤနယ်ပယ်သို့ ခြေချနိုင်ခဲ့ခြင်းမရှိချေ။
လုယွီ၏စိတ်ဝိညာဥ်သည် ယခုလက်ရှိချိန်၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်အောက်သို့ ကျရောက်သွားလေပြီ။
သူ မြင်တွေ့ရသမျှ အရာအားလုံးသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သူ့အား မြင်စေလိုသည့်အရာများသာဖြစ်သည်။
သူ၏ရှေ့တွင် ကျယ်ပြန့်ပြီးအကန့်အသတ်မရှိသော စကြာဝဠာကြီးရှိနေသည်။မြောက်မြားစွာသော ကြယ်အစအနများသည် ပတ်ဝန်းကျင်၌ ပြန့်ကျဲနေပေ၏။ထိုကြယ်အစအနများအနက်မှတချို့သည် မလှုပ်မယှက်ရှိနေကာ တချို့မှာမူ ဦးတည်ချက်မဲ့ ရွေ့လျားနေသည်။ဤနေရာတွင် ပြည့်စုံသောကြယ်ဟူ၍ တစ်ခုတစ်လေမျှ ရှိမနေချေ။
"ဒီနေရာက ဘာလဲ"
လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။
ဤနေရာရှိအရာရာတိုင်းသည် အချိန်ကာလ၏တိုက်စားခံရမှုများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ ကောင်းကင်ဘုံနယ်မြေဖြစ်သော်လည်း ယခုလက်ရှိ ကောင်းကင်ဘုံနယ်မြေမဟုတ်ချေ။
ဤအရာများသည် သူ၏စိတ်ဝိညာဥ်ကမ္ဘာအတွင်း၌ရှိနေကြောင်း သူ သိရှိထားသော်လည်း အရာအားလုံးသည် အစစ်အမှန်ဖြစ်ပုံရပေ၏။လုယွီသည် ဤအကန့်အသတ်မဲ့စကြာဝဠာကြီးအတွင်း၌ ရှိနေသည့်အလားပင်။
အလွန်လျှင်မြန်စွာဖြင့် လုယွီသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။
ဤနေရာတွင် မည်သည့်ဥပဒေသမျှ ရှိမနေချေ။
မည်သည့်မိုးကောင်းကင်တာအို မည်သည့်တားမြစ်ကန့်သတ်မှု မည်သည့်စိတ်ဝိညာဥ်စွမ်းအားမျှမရှိပေ။
အရာအားလုံးသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့် သက်ရှိမျှရှိမနေသည့်အလားပင်။
လုယွီသည် အဝေးသို့လှမ်းမျှော်ကြည့်လိုက်ရာ ရုတ်တရက် တောက်ပသောအလင်းရောင်များဖြာထွက်နေသည့် ကြယ်နှစ်လုံးကို တွေ့မြင်မိသည်။ဤကြယ်နှစ်လေးသည် အမှောင်ထုအတွင်းရှိ မီးအိမ်များအလား ကျယ်ပြန့်ပြီးအကန့်အသတ်မရှိသော စကြာဝဠာအတွင်း၌ ထွန်းလင်းတောက်ပနေသည်။
သူ၏စိတ်ကို တည်ငြိမ်အောင်ပြုလုပ်ကာ ဂရုတစိုက်ကြည့်ရှုပြီးနောက် ဤအရာနှစ်ခုသည် ကြယ်များမဟုတ်ကြောင်း လုယွီက သိရှိလိုက်ရသည်။
ဤသည်မှာ အမှန်အားဖြင့် ရွှေရောင်တောက်ပနေသော မျက်လုံးနှစ်လုံးပင်။
ဤအရာသည် ကြီးမားသောလူဘီလူးကြီးတစ်ကောင် ဖြစ်ပေ၏။
ဤလူဘီလူးကြီး၏ခန္ဓာကိုယ်ကြီးမားမှုကို ဖော်ပြရန်ပင်မစွမ်းချေ။ထိုခန္ဓာကိုယ်ကြီးသည် အကန့်အသတ်မဲ့ကြီးမားကာ မြင်နေရသော မျက်လုံးနှစ်လုံးသည် သူခန္ဓာကိုယ်၏အစွန်အဖျားမျှသာရှိသည်။
ကြီးမားသောကြယ်တစ်လုံးသည် သူ၏မျက်လုံးတစ်လုံးစာ ပမာဏသာရှိသည်။ထိုလူဘီလူးကြီး၏ရှေ့တွင် လုယွီ၏ခန္ဓာကိုယ်သည် များစွာသေးငယ်သွားပုံရကာ ပုရွက်ဆိတ်တစ်ကောင် တည်ရှိနေသည့်အလားပင်။
ထိုလူဘီလူးကြီးအောက်တွင် လောကကြီးအတွင်းရှိ အရာရာတိုင်း အလွန်အမင်းသေးငယ်ပုံရသည်။
လုယွီသည် ထိုလူဘီလူးကြီးထံမှနေ၍ မည်သည့်စိတ်ခံစားချက်မျိုးကိုမျှ မခံစားရချေ။ထိုလူဘီလူးကြီးသည် လူအများ၏ရှေ့၌ မားမားမတ်မတ်တည်ရှိနေသော မြင့်မားသောတောင်ကြီးတစ်လုံးနှင့်တူညီသည်။မည်သူမည်ဝါဖြစ်နေပါစေ သူ့ရှေ့သို့အရောက်တွင် အစွမ်းအစကင်းမဲ့မှုကို ခံစားရပေမည်။
ရုတ်တရက် လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ စကြာဝဠာကြီး ရုတ်တရက်ပြောင်းလဲသွားသည်ကို ခံစားမိသည်။
ထိုလူဘီလူးကြီးသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ရာ ထာဝရချောက်နက်ကြီးအတွင်းမှ ထွက်ပေါ်လာကာ မိုးကောင်းကင်ယံကိုဖျက်ဆီးမည့် ဟိန်းဟောက်သံကြီးအလားပင်။ထို့နောက် သူ၏လက်အတွင်းရှိ ဧရာမပုဆိန်ကြီးကိုဝှေ့ယမ်းကာ လေဟာနယ်တစ်နေရာထံဦးတည်ပြီး ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။
ဤပြင်းထန်သောခုတ်ပိုင်းချက်ကြောင့် ကောင်းကင်နှင့်မြေပြင်တခွင်လုံး ဖရိုဖရဲဖြစ်သွားသည်။
စကြာဝဠာကြီးတစ်ခွင်လုံးလည်း တုန်ခါသွားပေ၏။
မူလက ဖရိုဖရဲဖြစ်နေသော စကြာဝဠာကြီးသည် ဤပုဆိန်ခုတ်ချက်၏အောက်၌ ထပ်မံ၍ပေါက်ကွဲသွားတော့သည်။
လုယွီ၏စိတ်ဝိညာဥ်သည် ထိုပုဆိန်ခုတ်ချက်၏အောက်၌ ရှိနေသည်။
"မကောင်းတော့ဘူး"
လုယွီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ဤသည်မှာ သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံလာမှုကို သူ ပထမဆုံးအကြိမ်ခံစားရခြင်းပင်။
အားဖြင့်ကျဆင်းလာသော ပုဆိန်ခုတ်ချက်သည် လုယွီ၏စိတ်ဝိညာဥ်ထံသို့ ကျရောက်လာခြင်းမရှိသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင် ဖျောက်ဖျက်၍မရေသော ပုံရိပ်တစ်ခုအဖြစ် စွဲထင်ကျန်ရစ်စေသည်။
ခရက်...ခရက်...
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်ဝိညာဥ်တုန်ခါစပြုလာသည်။
မူလက ကျစ်လစ်သိပ်သည်းပြီး အပြစ်အနာအဆာကင်းမဲ့သော သူ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ဤပုဆိန်ခုတ်ချက်၏အောက်တွင် အက်ကွဲစပြုလာသည်။