← Chapters

အခန်း (၃၆၅၀-၃၆၅၃)

Vol. 186 Ch. 3650-3653

အခန်း (၃၆၅၀-၃၆၅၃)

Vol. 186 Ch. 3650-3653

Chapter 3650

"ဒါက ဖရိုဖရဲခေတ်ကာလအတွင်းက ပန်ဂုနတ်ဘုရားပဲ...တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ ပုဆိန်ခုတ်ချက်တစ်ချက်နဲ့ ယုံမှားသံသယတွေအားလုံးကို ဖြတ်တောက်နိုင်ပြီးတော့ လောကကြီးထဲက အရာရာတိုင်းကို ဖန်တီးနိုင်တယ်...သူ့ရဲ့ပုဆိန်ခုတ်ချက်အောက်မှာ ငါ မပြောနဲ့...ရွှေအင်မော်တယ်တွေတောင်မှ ဒီစွမ်းအားရဲ့သက်ရောက်မှုကို ခံရလိမ့်မယ်"

လုယွီသည် ယခုချိန်၌ ဖြူဖပ်ဖြူရော်ဖြစ်နေကာ ရင်တလှပ်လှပ်ဖြစ်နေသော အခြေအနေမျိုး၌ရှိနေဆဲပင်။

သေမျိုးများသည် ထိတ်လန့်ကြောက်ရွံစရာတချို့နှင့် ရင်ဆိုင်ရချိန်တွင် အမြဲတစေ တုန်လှုပ်ချောက်ချားပြီး သူတို့၏စိတ်ဝိညာဥ် ကပြောင်းကပြန်ဖြစ်သွားကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

လုယွီသည်လည်း ယခုလက်ရှိချိန်တွင် ဤကဲ့သို့အခြေအနေမျိုး၌ ရှိနေပေ၏။

လုယွီ၏အဆင့်ဖြင့် သူ၏စိတ်ဝိညာဥ်သည် သာမာန်ထက်များစွာပို၍ အစွမ်းထက်သည်။အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ လေ့ကျင့်ပေးခြင်းကို ဖြတ်ကျော်ပြီးနောက် လုယွီ၏စိတ်ဝိညာဥ်သည် သူ၏အတိတ်ဘဝထက်ပင် ပို၍သန်မာအားကောင်းလာခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ရင်ဆိုင်နေရသည်မှာ ပန်ဂုနတ်ဘုရားပင်။

တာအိုကျမ်းစာများအတွင်း၌ ဖွင့်ဆိုထားသည်မှာ 'ပန်ဂုနတ်ဘုရားက ပုဆိန်ကိုအသုံးပြုပြီးတော့ ကောင်းကင်နဲ့မြေပြင်ကို ကွဲထွက်စေနိုင်တယ်...သူက လောကကြီးရဲ့ဖန်ဆင်းရှင် သက်ရှိတွေအားလုံးရဲ့ဘိုးဘေးပဲ'

ဤထိတ်လန့်တုန်လှုပ်ဖွယ် ပုဆိန်ခုတ်ချက်သည် ဖရိုဖရဲဖြစ်နေမှုများအားလုံးကို တိုက်ရိုက်ချိုးဖျက်နိုင်သည်။ထိုအချိန်မှသာ လောကကြီးအတွင်း၌ မူလဘူတချီများ ပျံ့နှံ့သွားကာ သက်ရှိများအားလုံး ထွက်ပေါ်လာပေမည်။

ဤပုဆိန်ခုတ်ချက်သည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး မယုံကြည်နိုင်ဖွယ်အရာတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။

ပန်ဂုနတ်ဘုရားကို မြင်တွေ့ရသော အချိန်အခိုက်အတန့်မှစ၍ လုယွီ၏စိတ် မတည်ငြိမ်နိုင်ခဲ့ချေ။ယခုချိန်တွင် ထိုပုဆိန်ခုတ်ချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသောကြောင့် သူ့ထံတွင် 'နှလုံးသားဒဏ်ရာ'တစ်ခု ဖြစ်ပွားသွားစေခဲ့သည်။သူ၏စိတ်အတွင်း၌ ဤထိတ်လန့်တုန်လှုပ်ဖွယ်ပုဆိန်ခုတ်ချက်သာ တဝဲဝဲလည်နေပြီး တခြားမည်သည့်အရာကိုမျှ မစဥ်းစားနိုင်တော့ချေ။

အကယ်၍ သူ့နေရာတွင် သာမာန်ကျင့်ကြံသူတစ်ယောက်ဆိုပါက ထိုလူသည် အကြောက်လွန်ပြီး သေဆုံးသွားပေမည်။

ကံကောင်းထောက်မစွာဖြင့် လုယွီ၏စိတ်ဝိညာဥ်သည် အလွန်အစွမ်းထက်ပေ၏။သူ၏စိတ်ဝိညာဥ်သည် ပြင်းထန်စွာဒဏ်ရာရရှိသွားသော်လည်း သက်ရောက်မှုတစ်ခုမျှသာဖြစ်ပြီး ဤကိစ္စအတွက်ကြောင့် သူ သေဆုံးသွားမည်မဟုတ်ချေ။

"အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတစ်ခုပဲ...သူက ဒီပုဆိန်ခုတ်ချက်နဲ့ ငါ့ကိုသတ်ဖို့ ကြံရွယ်နေတာများလား"

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရှင်းပြရန်မစွမ်းသော ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရဆဲပင်။

သို့ရာတွင် လုယွီသည် အံ့အားသင့်မှုကိုလည်း တိတ်တဆိတ်ခံစားနေရပေ၏။

မည်သူကမျှ ပန်ဂုနတ်ဘုရား၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို မမြင်တွေ့ဖူးချေ။

တာအိုကျမ်းစာများအတွင်း၌ပင် ထိုအရာကို ဖော်ပြထားခြင်းမရှိပေ။

ရှေးဟောင်းတာအိုကျမ်းစာများကို ရေးသားခဲ့သူများ အသက်ရှင်နေခဲ့သော အချိန်ကာလသည် ပန်ဂုနတ်ဘုရား၏ခေတ်ကာလနှင့် လွန်စွာအလှမ်းကွာဟသည်။ထို့ကြောင့် ရှေးဟောင်းတာအိုကျမ်းစာများအတွင်းတွင် ပန်ဂုနတ်ဘုရား၏အကြောင်းကို အကျဥ်းချုပ်မျှသာပါရှိသည်။မည်သူကမျှ ပန်ဂုနတ်ဘုရား၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို မသိရှိကြချေ။

ဤနေရာသည် သူ့အား ကျိုးထန်းယင် မြင်တွေ့စေလိုသေညအရာပင်။ထို့ကြောင့် ကျိုးထန်းယင်သည် ပန်ဂုနတ်ဘုရား၏ပုံပန်းသွင်ပြင်ကို မည်သည်ကြောင့် သိရှိနေသနည်း။

မြောက်မြားစွာသော သံသယများသည် လုယွီ၏စိတ်အတွင်း၌ မြင့်တက်နေသော်လည်း သူသည် ယခုချိန်၌ ထိုအရာများကို အဖြေထုတ်နိုင်စွမ်းမရှိသဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

သို့ရာတွင် တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ စကြာဝဠာအတွင်း၌ ပြောင်းလဲမှုများစွာ ဖြစ်ပွားသွားခဲ့သည်။

မူလဘူတချီများနှင့်အတူ ကောင်းကင်နှင့်မြေပြင်အကြားတွင် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများ ထွက်ပေါ်လာပေ၏။

ရှေးဟောင်းစာအုပ်များအတွင်း၌သာ မြင်တွေ့နိုင်သော ရက်စက်ကြမ်းကြုတ်သည့်မှော်သားရဲများနှင့်ထူးဆန်းသည့်မှော်သားရဲ အမြောက်အများသည် ဤအချိန်အခိုက်အတန့်တွင် ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ပြည့်နှက်သွားသည်။

"ကောင်းကင်ဘုံအထီးကျန်စပါးကြီးမြွေ...မိုင်တစ်သောင်းဂဠုန်ငှက်....ကျိုးထျန်းယင်က ဘယ်လိုလုပ်ပြီးတော့ ဒီရှေးဟောင်းသားရဲတွေကို သရုပ်သကန်ထင်ဟပ်စေနိုင်တာလဲ"

လုယွီသည် စိတ်ဝိညာဥ်ဒဏ်ရာရရှိထားသော်လည်း သူ၏မျက်လုံးကိုကျယ်ကျယ်ဖွင့်ကာ သူ့ရှေ့ရှိအရာရာတိုင်းကိုကြည့်ရန် လက်လွှတ်ခံခြင်းမရှိချေ။

ဤအရာများအားလုံးသည် နှစ်ပေါင်းတစ်သောင်းအတွင်း၌ပင် မြင်တွေ့နိုင်ခြင်းမရှိသော ထူးဆန်းသည့်သားရဲများပင်။

ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများသည် တောရိုင်းများအတွင်း၌ အချင်းချင်းအညှာအတာကင်းမဲ့စွာ သားကောင်အဖြစ်ဖမ်းဆီးရင်း သေဆုံးသွားခဲ့ရသည်။

တောတောင်များအကြား၌ ကျင်လည်ကျက်စားသော ရှေးဟောင်းသားရဲများကိုလည်း ရှာမတွေ့နိုင်တော့ချေ။

ဤကဲ့သို့အခြေအနေမျိုးတွင် လူသားများ ထွက်ပေါ်လာသည်။သူတို့ထံတွင် ပျံသန်းနိုင်သောအရည်အချင်းမျိုး မရှိသော်လည်း သူတို့၏ရုပ်ခန္ဓာကိုယ်ခွန်အားများသည် အလွန်သန်မာကာ နှောင်းပိုင်းခေတ်ကာလများအတွင်းရှိ သိုင်းပညာသူတော်စင်များဖြင့်ပင် နှိုင်းယှဥ်နိုင်ပေ၏။

လုယွီသည် ဤရှေးဟောင်းလူရိုင်းများကို စောင့်ကြည့်ပြီးနောက် သူတို့၏အမဲလိုက်လှုပ်ရှားမှုများမှတဆင့် သူ၏ခန္ဓာကိုယ်ကိုကျင့်ကြံရန် နည်းလမ်းအမြောက်အများကို သင်ယူနိုင်ခဲ့သည်။

မကြာမီမှာပင် ရှေးဦးခေတ်သည် ရုတ်တရက် အဆုံးသတ်သို့ ရောက်ရှိသွားပေ၏။

လုယွီသည် ချက်ချင်းဆိုသလိုပင် မမြင်နိုင်သောဥပဒေသတစ်ရပ်က ဤကမ္ဘာလောကတစ်ခုလုံးကို လွှမ်းခြုံထားသည်အား ခံစားမိသည်။

Chapter 3651

ထို့နောက် ကောင်းကင်ဘုံနယ်မြေသည် ရှေးဟောင်းခေတ်ကာလသို့ တဖန်ပြန်၍ရောက်ရှိသွားလေပြီ။

ဤအချိန်တွင် လူသားမျိုးနွယ်ထံတွင် မျိုးနွယ်စုများ၏အခန်းကဏ္ဏများ ရှိနေလေပြီ။

တူညီသောနယ်မြေတဝိုက်၌နေထိုင်သော လူသားများသည် မျိုးနွယ်တူတစ်ခုအဖြစ်စုဝေး၍ နေထိုင်ကြသည်။

ရှေးဟောင်းခေတ်အတွင်း၌ ကောင်းကင်ဘုံနန်းတွင်းသည် အဆင့်အတန်းမြင့်မားပြီး စွမ်းအားကြီးမားကာ သေမျိုးများနှင့်သက်ရှိများအားလုံး၏ သေရေးရှင်ရေးကို စီမံအုပ်ချုပ်နိုင်သည်။

သို့ရာတွင် မကြာမီမှာပင် နောက်ထပ်စွမ်းအားလှိုင်းတစ်ခု ရောက်ရှိလာသည်။ကောင်းကင်ဘုံနန်းတွင်း ပျက်စီးပြိုလဲသွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကောင်းကင်ဘုံနယ်မြေမှလူများအားလုံး ကံဆိုးမိုးမှောင်ကျကာ ဆင်းရဲဒုက္ခများကို ခံစားရတော့သည်။

ကောင်းကင်ဘုံနယ်မြေတစ်ခုအတွင်း၌ အရင်းအမြစ်ရှားပါးမှုများသည်လည်း မြင့်တက်လာပေ၏။

အသက်ရှင်ကျန်ရစ်သူများသည် အရင်းအမြစ်များရရှိစေရန်အလို့ငှာ သူတို့အကြားတွင် တိုက်ခိုက်လုယက်မှုများ စတင်ဖြစ်ပွားလာသည်။

ဤသည်မှာ အလယ်ခေတ်ပင်။

အလယ်ခေတ်သည် ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ အမှောင်မည်းဆုံး အချိန်ကာလပင်။

ဤခေတ်ကာလအတွင်း၌ မည်သည့်စည်းမျဥ်းမျှမရှိချေ။အဖိုးတန်ရှားပါးသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိနိုင်ရန်အလို့ငှာ သူတို့သည် ညီအကိုခြင်းမသန်မစွမ်းဖြစ်စေကာ ဂိုဏ်းတူတပည့်များကို ထိခိုက်ဒဏ်ရာရရှိစေပြီး မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြသည်။အရာအားလုံးသည် ခွန်အားကိုသာ အခြေခံပေ၏။

အစွမ်းထက်သောသူများသည် အဆင့်အတန်းမြင့်မားပြီး စွမ်းအားကြီးမားသည်။တခြားတစ်ဖက်တွင် အားနည်းသူများသည် တခြားသူများ၏ကျေးကျွန်များဘဝသို့ ရောက်ရှိသွားကာ သတ်ဖြတ်ခံရန် စောင့်ဆိုင်းနေကြရသည်။

မြောက်မြားစွာသော ဖရိုဖရဲမြင်ကွင်းများသည် လုယွီ၏ရှေ့၌ ထွက်ပေါ်လာပေ၏။

အချိန်တိုင်းနီးပါး၌ ကောင်းကင်ဘုံနယ်မြေအတွင်းတွင် ကိစ္စများစွာဖြစ်ပွားနေကာ ရှုပ်ထွေးပြီး ပရမ်းပတာဆန်သည်။

အကယ်၍ စိတ်ဝိညာဥ်အားနည်းသူတစ်ယောက်သာ ဤမြင်ကွင်းများကိုကြည့်မိပါက ထိုလူသည် အော်ဂလီဆန်လာကာ သူ၏စိတ်အစဥ် ဖရိုဖရဲဖြစ်သွားပေမည်။

လုယွီ၏စိတ်ဝိညာဥ်သည် အကယ်၍ အထွတ်အထိပ်အခြေအနေမျိုး၌ရှိနေပါက ဤသည်မှာ ပြဿနာတစ်ရပ်မဟုတ်ချေ။

ကံအကြောင်းမလှစွာဖြင့် အစောပိုင်းက ပုဆိန်ခုတ်ချက်အောက်တွင် သူ၏စိတ်ဝိညာဥ်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ယခုချိန်၌ ဤမြင်ကွင်းများကိုကြည့်ရချိန်တွင် သူသည် တောင့်ခံနိုင်ရုံမျှသာရှိကာ အသေးစိတ်အချက်အလက်တိုင်းကို လွတ်ထွက်သွားမသွား မသေချာတော့ချေ။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် မည်သည်ကြောင့် သူ့အား ဤမြင်ကွင်းများကို မြင်တွေ့စေလိုသည်အား လုယွီ သိရှိလိုသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဤမြင်ကွင်းများကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်းကို မြင်တွေ့ခဲ့ရသော်လည်း ဤသည်မှာ အကန့်အသတ်ရှိသည်။သူသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံး၏ အပြည့်အစုံမြင်ကွင်းကို မြင်တွေ့ခဲ့ရခြင်းမရှိချေ။

အလယ်ခေတ်သည် အလွန်လျှင်မြန်စွာဖြင့် အဆုံးသတ်သို့ ရောက်ရှိသွားပေ၏။

တာယွီအင်ပါယာ၏ဧကရာဇ် မဟာဘိုးဘေးကြီးသည် လောကကြီးတခွင်လုံးကိုဖိနှိပ်ကာ တာယွီကောင်းကင်ဘုံအင်ပါယာကို တည်ထောင်ခဲ့သည်။

အရာအားလုံး အလွန်လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။

အချိန်စီးဆင်းမှု အရှိန်မြင့်တက်စပြုလာပေ၏။အဆုံးသတ်၌ သူ့စိတ်ဝိညာဥ်၏စွမ်းအားဖြင့်ပင် လုယွီသည် သူ့ရှေ့ရှိမြင်ကွင်းများကို ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်ချေ။

သူ၏စိတ် ဖရိုဖရဲဖြစ်သွားသည်။ရုတ်ချည်းဆိုသလိုပင် သူသည် ပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ထွက်ခွာခဲ့တော့သည်။

သူ၏မျက်လုံးရှေ့၌ ကျိုးထန်းယင်၏ပုံရိပ် တဖန်ပြန်၍ ထွက်ပေါ်လာလေပြီ။

ကျိုးထန်းယင်သည် လုယွီ ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ရောက်နေသည့်အချိန်ကို အခွင့်ကောင်းယူ၍ မည်သည့်လှုပ်ရှားမှုကိုမျှ ပြုလုပ်ခြင်းမရှိချေ။ဤသည်မှာ လုယွီကို အလွန်အံ့အားသင့်သွားစေသည်။

"ဒါက မင်း ငါ့ကို ဒါတွေကြည့်ခိုင်းဖို့အတွက် လုပ်ခဲ့တာလား"

လုယွီက ကျိုးထန်းယင်ကိုကြည့်ကာ မေးမြန်းလိုက်၏။

ကျိုးထန်းယင်က ပြောဆိုသည်။

"လောကကြီးတခွင်လုံး ဖရိုဖရဲဖြစ်တော့မယ်....မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့ မင်း အသက်ရှင်နိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်"

ဤသည်မှာ လုယွီအား ယခုကဲ့သို့စကားမျိုး တစ်စုံတစ်ယောက်မှပြောဆိုသည့် ပထမဆုံးအကြိမ်မဟုတ်ပေ။

သူသည် စာပေသူတော်စင်ယီယန်ကို အရိုအသေပြုရန် သွားခဲ့စဥ်၌ ယီဟန်သည်လည်း ဤကဲ့သို့စကားမျိုးဖြင့် သူ့အားသတိပေးခဲ့သည်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မင်း ဒုက္ခခံစရာမလိုဘူး"

ဤအချိန်တွင် လုယွီသည် သတိမလပ် ထားနေလေ၏။သူ့ရှေ့ရှိ ပြိုင်ဘက်ဟောင်းကြီးကို သူ လျှော့တွက်ဝံ့ခြင်းမရှိချေ။တစ်ဖက်လူ၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို သူ ဖျက်ဆီးပြီးသည့်တိုင် ကျိုးထန်းယင် သေသလော ရှင်သလောကို သူ အတိအကျမပြောနိုင်ချေ။

အသက်ရှင်သန်နေသောပြိုင်ဘက်သည် ကြောက်မက်ဖွယ်မကောင်းပေ။ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သေသလော ရှင်သလောကို အတိအကျမသိနိုင်သော ပြိုင်ဘက်တစ်ယောက်ပင်။

ဤသည်မှာ သူ၏နောက်ကျောကို ဓားတစ်လက်ဖြင့် အစဥ်အမြဲချိန်ရွယ်ထားသည်နှင့် တူညီသည်။သူ၏ပြိုင်ဘက်သည် သူ၏နောက်ကျောကို မည်သည့်အချိန်၌ ဓားဖြင့်ထိုးမည်အား သူ မသိနိုင်ချေ။

"လောကကြီးအတွင်းမှာ ကွဲပြားနေတဲ့ မဟာစွမ်းအားတွေကို ပေါင်းစည်းဖို့ဆိုရင် အချိန်တော်တော်ယူရလိမ့်မယ်...အဲ့ဒီမဟာစွမ်းအားကို မင်း တောင့်ခံနိုင်မှာလား...ငါ မင်းကိုပေးတဲ့ ကံကြမ္မာကောင်းကြီးကို ဖမ်းဆုပ်နိုင်မနိုင်ဆိုတာကတော့ မင်းအပေါ်မှာပဲမူတည်တယ်"

ကျိုးထန်းယင်သည် ထိုသို့ပြောဆိုပြီးနောက် ထွက်ခွာသွားတော့သည်။

လုယွီ၏စိတ်ဝိညာဥ်ကမ္ဘာအတွင်းရှိ ကျိုးထန်းယင်၏ပုံရိပ်သည် တစတစပျောက်ကွယ်သွားလေ၏။

Chapter 3652

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် တဖန်ပြန်၍ ထွက်ခွာသွားလေပြီ။

သို့ရာတွင် လုယွီ၏စိတ်နှလုံးသားအတွင်း၌ ပျော်ရွှင်မှုကို အနည်းငယ်မျှမခံစားရချေ။ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် သူ့အား အလွန်ထိတ်လန့်တုန်လှုပ်စေပြီး အပြောင်းအလဲများစွာရှိခဲ့သည်။ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် သူ့ပြိုင်ဘက်ဟောင်းကြီးအကြောင်းကို ရှာဖွေဖော်ထုတ်နိုင်စွမ်းမရှိတော့ချေ။

အတိတ်တွင် လုယွီသည် အုပ်စိုးသူအရှင်သခင်နယ်ပယ်အကြောင်းကို သူ ကောင်းမွန်စွာနားလည်သဘောပေါက်ထားပြီဟု တွေးထင်ခဲ့သည်။သို့ရာတွင် ယနေ့၌ ကျိုးထန်းယင်နှင့်တွေ့ဆုံပြီးနောက် သူ သိရှိသည်မှာ ရေခဲတောင်၏အစွန်အဖျားပမာဏသာရှိကြောင်း သူ သိနားလည်သွားသည်။

လုယွီသည် ဤကစားပွဲတွင် ရှုံးနိမ့်ခဲ့လေ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ထံတွင် ဝှက်ဖဲတစ်ချပ်ရှိနေအုံးမည်ဟု သူ မျှော်လင့်မထားမိချေ။ကျိုးထန်းယင်၏စိတ်ဝိညာဥ်သည် လွန်စွာအစွမ်းထက်ပေ၏။

လုယွီသည် ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ရောက်ရှိနေစဥ်၌ ကျိုးထန်းယင်ထံတွင် သူ့အား သတ်ဖြတ်နိုင်စွမ်းရှိသည်။

သို့ရာတွင် ကျိုးထန်းယင်သည် မည်သည့်လှုပ်ရှားမှုတစ်ခုကိုမျှ မပြုလုပ်ခဲ့ချေ။

ပုံရိပ်ယောင်နယ်မြေအတွင်း၌ လုယွီသည် ကောင်းကင်ဘုံနယ်မြေ၏ ခေတ်ကာလအဆက်ဆက် ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ရသည်။ကျိုးထန်းယင်သည် မည်သည်ကြောင့် သူ့အား ဤမြင်ကွင်းများကို မြင်တွေ့စေလိုသည်အား သူ မသိရှိချေ။သို့ရာတွင် ဤကဲ့သို့အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် ထိုသို့ပြုလုပ်သည့် သူ၏ကိုယ်ပိုင်အကြောင်းအရင်း ရှိနေပေမည်။

လုယွီသည် ကျိုးထန်းယင် လှုပ်ရှားမှုတစ်ခုလုပ်မည်ဟု ယူဆခဲ့သည်။ထို့မှသာ သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အစစ်အမှန်ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ပေမည်။

သို့ရာတွင် တစ်ဖက်လူသည် ထိုသို့ပြုလုပ်ခဲ့ခြင်းမရှိချေ။

လုယွီ၏စိတ်ဝိညာဥ် ဒဏ်ရာရနေသည့်တိုင် ကျိုးထန်းယင်သည် မည်သည့်အခွင့်အရေးမျှ မယူခဲ့ချေ။ထိုအစား သူသည် တိတ်ဆိတ်ငြိမ်သက်စွာ ပျောက်ကွယ်သွားခဲ့လေ၏။

သူ မည်သည့်အရာကို စောင့်ဆိုင်းနေသနည်း။

"ကျိုးထန်းယင်...မင်း တကယ်သေသွားခဲ့တာလား"

လုယွီက ရုတ်တရက် ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။

ဤသည်မှာ သူ၏စိတ်နှလုံးသားအတွင်းမှ အစဥ်အမြဲ မေးမြန်းလိုခဲ့သော မေးခွန်းပင်။

နောက်ဆုံးတိုက်ပွဲအတွင်းတွင် လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အကြွင်းအကျန်စိတ်ဝိညာဥ်ကို အပြည့်အဝဝါးမျိုခဲ့လေ၏။တစ်ဖက်လူထံတွင် အသက်ရှင်သန်နေရန် မည်သည့်အခွင့်အရေးမျှ မရှိတော့ချေ။

သို့သော် အကယ်၍ ဤကဲ့သို့အခြေအနေမျိုးသည် တခြားကျင့်ကြံသူများထံတွင် ဖြစ်ပွားပါက သူတို့ သေဆုံးသွားပြီဟု သေချာပေါက်ယူဆနိုင်သည်။သို့ရာတွင် တစ်ဖက်လူသည် တာယွီအင်ပါယာ၏အစွမ်းထက်ဆုံးဧကရာဇ်ဖြစ်ရုံသာမက ဤခေတ်ကာလ၏တစ်ဦးတည်းသော အုပ်စိုးသူအရှင်သခင်လည်းဖြစ်သည့် ကျိုးထန်းယင်ဖြစ်နေသည်။

အရာအားလုံး ဖြစ်ပျက်နိုင်ပေ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် နောက်သို့တစ်ချက်ပြန်လှည့်ကြည့်သော်လည်း မည်သည့်စကားမျှ ပြောဆိုခြင်းမပြုချေ။သူသည် တစ်စုံတစ်ခုကို တွေ့မြင်နေသည့်အလား သူ၏ခေါင်းကို တိတ်တဆိတ်ခါယမ်းလိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ တဖန်ထပ်၍ ပျောက်ကွယ်သွားလေပြီ။

ဤသည်မှာ အတွင်းစိတ်နတ်ဆိုး သို့မဟုတ် အကြွင်းအကျန်စိတ်ဝိညာဥ် ဖြစ်နေသလော...

လုယွီသည် သူ၏စိတ်ကို ထပ်ခါတလဲလဲ မေးခွန်းပြန်ထုတ်လိုက်သော်လည်း မည်သည့်အဖြေမျှ ထွက်မလာချေ။

"မင်းက အတွင်းစိတ်နတ်ဆိုးပဲဖြစ်ဖြစ် အကြွင်းအကျန်စိတ်ဝိညာဥ်ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး....နောက်တစ်ကြိမ် ငါ မင်းကို ထပ်တွေ့ရင်...ငါ လွယ်လွယ်အလွတ်ပေးမှာမဟုတ်ဘူး"

နားလည်သဘောပေါက်မှု အရိပ်အယောင်တချို့က လုယွီ၏စိတ်နှလုံးသားအတွင်း၌ ထင်ဟပ်လာသည်။

သူ့ရှေ့ရှိ စိတ်ဝိညာဥ်ကမ္ဘာသည် မှောင်မည်းနေသော အမှောင်ထုကြီးအဖြစ်သို့ တဖန်ထပ်၍ ပြောင်းလဲသွားလေ၏။

သို့ရာတွင် ဤအမှောင်ထုကြီးအတွင်း၌ အနက်ရောင်ပုံရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ထိုပုံရိပ်များသည် လူသားစိတ်ဝိညာဥ်များ နတ်ဆိုးများ သရဲတစ္ဆေများ ဖြစ်နေသည်။ထောင်နှင့်ချီသော ပုံရိပ်ယောင်များသည် လုယွီ၏ရှေ့၌ ထူထပ်သိပ်သည်းစွာ မတ်တတ်ရပ်နေကြသည်။

သူတို့၏မျက်နှာများသည် အလွန်မနှစ်မျို့ဖွယ်ကောင်းပေ၏။သူတို့ထံတွင် နာကျည်းမှု မုန်းတီးမှု ဒေါသထွက်မှု လောဘကြီးမှုစသဖြင့် အမူအယာမျိုးစုံရှိနေသည်။

လုယွီသည် ဤသတ္တဝါများကို သိရှိပေ၏။

သူတို့သည် လုယွီ၏အတိတ်ဘဝ သို့မဟုတ် ယခုလက်ရှိဘဝတွင် သတ်ဖြတ်ခဲ့သော သက်ရှိများပင်။

စစ်ဗိုလ်ချုပ်တစ်ယောက်၏အောင်မြင်မှုနောက်တွင် ညှိုးနွမ်းခြောက်သွေ့နေသည့် အရိုးများ တောင်ပုံရာပုံရှိနေသည်။တာအိုသခင်နေရာအား တက်လှမ်းနိုင်ရန်အတွက် နေရာအနှံ့တွင် အရိုးများ လွှမ်းခြုံနေခဲ့သည်။

"ဒါဆိုရင် ငါ့ရဲ့စိတ်ဝိညာဥ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တာက...စိတ်ဝိညာဥ်မှာ အက်ကွဲကြောင်းတစ်ကြောင်း ဖြစ်စေပြီးတော့ ငါ့ရဲ့စိတ်ထဲမှာ မလိုလားအပ်တဲ့အတွေးတွေအများကြီးကို ထွက်ပေါ်လာစေတယ်...အဲ့ဒီကနေ အတွင်းစိတ်နတ်ဆိုးတွေအဖြစ် ဆင့်ကဲပြောင်းလဲလာတာပဲ"

လုယွီ၏အတွေးများ ပြောင်းလဲသွားကာ ဤပုံရိပ်ယောင်များသည် မည်သည့်အရာများဖြစ်သည်ကို ချက်ချင်းနားလည်သဘောပေါက်သွားပေ၏။

အတိတ်တွင် လုယွီသည် ဤကဲ့သို့အတွင်းစိတ်နတ်ဆိုးများကို တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။

အကြောင်းအရင်းမှာ သူ့ထံတွင် တာအိုသခင်၏စိတ်ဝိညာဥ်ရှိနေသည့်အပြင် ပြီးပြည့်စုံခြင်းအဆင့်ထိ သူ ကျင့်ကြံထားပြီးလေပြီ။သူ၏စိတ်နှလုံးသားအတွင်းတွင် မလိုလားအပ်သောအတွေးစတစ်မျှင်မျှ ရှိမနေသောကြောင့် အတွင်းစိတ်နတ်ဆိုးများ အခွင့်ကောင်းယူနိုင်သည့် အခြေအနေမျိုးမရှိပေ။

ယခုလက်ရှိချိန်တွင် လုယွီသည် ပန်ဂုနတ်ဘုရား၏ပုဆိန်ခုတ်ချက်ကို မတော်တဆ ခံယူခဲ့ရသည်။နက်ရှိုင်းသောအက်ကွဲကြောင်းကြီးသည် သူ့စိတ်ဝိညာဥ်၏နက်ရှိုင်းသောနေရာ၌ ထွက်ပေါ်လာပေ၏။

"မြေအောက်လောက...မင်းရဲ့ဘဝနဲ့ ပြန်ပေးဆပ်ရအောင် ငါ လုပ်မယ်"

"သူ့ရဲ့စိတ်ဝိညာဥ်ကို ဖျက်ဆီးပြီး...သူ့ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးကြစမ်း...ဒီဘဝက သူ့ရဲ့မိသားစုဝင်တွေကို ဖမ်းဆီးပြီးတော့ သူ့ရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ်"

"ဟီး ဟီး....ငါက တတ်နိုင်သမျှနည်းလမ်းမျိုးစုံနဲ့ သူ့ကို ညှင်းပန်းနှိပ်စက်မယ်"

Chapter 3653

အမှောင်ထုအတွင်းမှနေ၍ ရက်စက်ကြမ်းကြုတ်သောအသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။

ဤသည်မှာ အတွင်းစိတ်နတ်ဆိုးများ၏အတွေးများဖြစ်ပြီး ယုတ်မာကောက်ကျစ်မှု အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။သူတို့အနက်မှအများစုသည် လုယွီ အတိတ်ဘဝတွင် သတ်ဖြတ်ခဲ့သော သက်ရှိများဖြစ်သည်။သူတို့သည် လုယွီ၏အတိတ်ဘဝမှနာမည်ကို အဆက်မပြတ်ရေရွတ်ကာ သူ၏စိတ်ဝိညာဥ်ကို ဖျက်ဆီးလိုကြပေ၏။

သို့ရာတွင် လုယွီသည် သူတို့အား အနည်းငယ်မျှ အာရုံစိုက်ခြင်းမရှိချေ။

သူသည် မျက်လုံးစုံမှိတ်ကာ ထိတ်လန့်တုန်လှုပ်ဖွယ် ပုဆိန်ခုတ်ချက်ကို တိတ်တဆိတ် လေ့လာဆင်ခြင်လိုက်သည်။

ဤကဲ့သို့ကံကြမ္မာကောင်းကြီးကိုရရှိမှုမှာ ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ပင် လွန်စွာအဖိုးတန်ရှားပါးသည်။မည်သူကမျှ ပန်ဂုနတ်ဘုရား၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို မမြင်တွေ့ဖူးချေ။စာပေသူတော်စင်များပင်လျှင် ယခင်က ပန်ဂုနတ်ဘုရားကို မြင်တွေ့ဖူးမည်မဟုတ်ဟု လုယွီက ခန့်မှန်းမိသည်။

သို့ရာတွင် ကျိုးထန်းယင်၏ သရုပ်သကန်ပြသခြင်းပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် လုယွီသည် ပန်ဂုနတ်ဘုရား၏ အစစ်အမှန်ပုံပန်းသွင်ပြင်ကို မြင်တွေ့ခဲ့လေ၏။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားပြီး စွမ်းအားကြီးမားသော ပုံရိပ်ကြီးသည် မည်သည့်နည်းနှင့်မျှ အတုအယောင်မဖြစ်နိုင်ချေ။

သူ၏မှော်စွမ်းအားများသည် သာလွန်ထူးကဲသော်လည်း ထိုပုံရိပ်ယောင်ကြီး၏ရှေ့တွင် မွေးကင်းစကလေးတစ်ယောက်နှင့်တူညီနေကာ အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။

"ငါ့ကို ကူညီခဲ့တာလား...သူ့ရဲ့ရည်ရွယ်ချက်က ငါ့ရဲ့စိတ်ဝိညာဥ်ကို ဒဏ်ရာရအောင်လုပ်ဖို့ မဟုတ်ဘူးဆိုရင် သူ့မှာ တခြားအကြံအစည်တွေ ရှိနေနိုင်တယ်"

လုယွီသည် ကျမ်းစာတချို့ကိုရွတ်ဆိုကာ သူ၏မျက်လုံးကိုစုံမှိတ်၍ ဤကိစ္စနှင့်ပတ်သက်ပြီး စဥ်းစားတွေးတောလိုက်၏။ပုဆိန်ခုတ်ချက်၏ပုံရိပ်သည်လည်း သူ၏စိတ်အတွင်း၌ အဆက်မပြတ်ထွက်ပေါ်နေသည်။

တဖြည်းဖြည်းနှင့် လုယွီ၏စိတ်အတွင်းမှ ထိတ်လန့်ကြောက်ရွံစိတ်များ ပျက်ပြယ်သွားလေပြီ။

သူ၏စိတ်ဝိညာဥ်ကမ္ဘာအတွင်း၌ သူသည် ပန်ဂုနတ်ဘုရား၏ပုံရိပ်ယောင်ကို သရုပ်သကန်ထင်ဟပ်စေကာ တိုက်ရိုက်ကြည့်လိုက်သည်။

လုယွီသည် ဤရှေးဟောင်းနတ်ဘုရားကို မြင်တွေ့ရချိန်၌ ထိတ်လန့်ကြောက်ရွံမှုကို ထပ်မံ၍မခံစားရတော့ချေ။ထိုအစား သူ၏စိတ်အတွင်း၌ ထိုပုဆိန်ခုတ်ချက်သာ ဆက်လက်၍ ဆင့်ကဲပေါက်ဖွားနေသည်။

တစ်ကြိမ်...နှစ်ကြိမ်...

ဧရာမပုဆိန်ခုတ်ချက်ကြီး ကျရောက်လာပြီးနောက် ဖရိုဖရဲစကြာဝဠာကွဲထွက်သွားကာ လောကကြီးအတွင်း၌ မူလဘူတချီများ တဖန်ထပ်၍ထွက်ပေါ်လာသည်။

ပထမတစ်ကြိမ်သည် ဖျက်ဆီးခြင်း....ဒုတိယတစ်ကြိမ်သည် ပြန်လည်မွေးဖွားခြင်း....

ဤသည်မှာ ရိုးရှင်းသောပုဆိန်ခုတ်ချက်မဟုတ်ချေ။ဤပုဆိန်ခုတ်ချက်အတွင်း၌ပါဝင်သော ဥပဒေသများသည် သူ ယခင်က တစ်ကြိမ်တစ်ခါမျှ တွေးတောမိဖူးခြင်းပင်မရှိသော အရာများဖြစ်သည်။

လုယွီ ကျွမ်းကျင်စွာတတ်မြောက်ထားသော ရှေးဟောင်းမှော်မန္တန်များနှင့်နည်းစနစ်များသည် သန့်စင်သောဖျက်ဆီးခြင်းသက်သက်ဖြစ်ပြီး ဖန်တီးခြင်းစိတ်ဆန္ဒကင်းမဲ့နေသည်။

လုယွီသည် သူ၏လေ့လာဆင်ခြင်မှုအတွင်း၌ နစ်မြောနေကာ သူ၏ပတ်ဝန်းကျင်ရှိ အတွင်းစိတ်နတ်ဆိုးများကို လုံးလုံးလျားလျားလျစ်လျှူရှုထားလေ၏။

"ဂျီး ဂျီး ဂျီး...ဒါက အခွင့်အရေးကောင်းကြီးပဲ...သူက သတိပေါ့လျော့နေပြီ"

"သူ့ရဲ့စိတ်ဝိညာဥ်ကို ဝါးမျိုပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ကြစို့"

ဝံပုလွေရိုင်းများသည် သွေးနံကိုရရှိသွားသည့်အလား ထိုအတွင်းစိတ်နတ်ဆိုးများသည် ပျားအုပ်ကြီးတစ်အုပ်အလား ကူးခတ်လာသည်။

ထောင်နှင့်ချီသော အတွင်းစိတ်နတ်ဆိုးများသည် လုယွီ၏စိတ်ဝိညာဥ်ကို စတင်၍ကိုက်ဖြတ်ကြတော့သည်။

အလွန်ကြီးမားသောနာကျင်မှုတစ်ရပ်သည် သူ၏စိတ်ဝိညာဥ်မှတဆင့် လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာပေ၏။

သို့ရာတွင် လုယွီသည် သူ၏တည်ကြည်လေးနက်သော ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းထားဆဲပင်။သူသည် ပလ္လင်ခွေထိုင်ပြီး လေ့လာဆင်ခြင်နေကာ သူ၏စိတ်ဝိညာဥ်၌ မည်သည့်နာကျင်မှုမျိုးကိုမျှ မခံစားရသည့်အလားပင်။

သူ၏အသိစိတ်အာရုံသည် ထိုပုဆိန်ခုတ်ချက်ကို လေ့လာဆင်ခြင်ရာတွင်သာ လုံးလုံးလျားလျားနစ်မြုပ်နေကာ တခြားအရာများကို အနည်းငယ်မျှ စဥ်းစားတွေးတောခြင်းမရှိချေ။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်အာရုံသည် အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် လှည့်ပတ်နေသည်။

ပုဆိန်ခုတ်ချက် ကျရောက်လာသော မြင်ကွင်းသည် သူ၏ရှေ့မှ အကြိမ်ပေါင်းတစ်ထောင်မက ဆင့်ကဲထွက်ပေါ်လာပြီးလေပြီ။

သို့ရာတွင် ဤသည်မှာ မလုံလောက်သေးချေ။

အကြိမ်တစ်ထောင်...အကြိမ်နှစ်ထောင်....

ပုဆိန်ခုတ်ချက် ကျရောက်လာသည့်အကြိမ်တိုင်း လုယွီသည် ဖျက်ဆီးခြင်းအရှိန်အဝါမှတဆင့် အသက်ဓာတ်စွမ်းအားတစ်မျိုးကို ခံစားမိသည်။

ဤအသက်စွမ်းအားသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း...

ဤသည်မှာ ဖန်တီးခြင်းဖြစ်သလော...

လုယွီသည် နက်ရှိုင်းစွာ လေ့လာဆင်ခြင်ခြင်းအခြေအနေအတွင်းသို့ ကျရောက်နေသည်။

အလွန်လျှင်မြန်စွာဖြင့် ထိုပုဆိန်ခုတ်ချက်ကို လေ့လာဆင်ခြင်သော အရေအတွက်သည် အကြိမ်ပေါင်းတစ်သောင်းကျော်သို့ ရောက်ရှိသွားလေပြီ။

ပန်ဂုနတ်ဘုရားသည် ဧရာမပုဆိန်ကြီးကို အားကုန်လွှဲယမ်းလိုက်သည့် မြင်ကွင်းသည် သူ၏စိတ်အတွင်း၌ နက်ရှိုင်းစွာခတ်နှိပ်ထားသည့်အလား ထင်ဟပ်နေကာ မေ့ဖျောက်၍မရတော့ချေ။

မီးတောင်အပေါက်ဝ၏ပြင်ပတွင် လုယွီ၏အသက်ရှုသံ ရုတ်ချည်းရပ်တန့်သွားသည်။

ရေအင်မော်တယ်ဂိုဏ်း၏အထက်ရှိ မိုးကောင်းကင်ယံအတွင်းရှိ ကောင်းကင်နှင့်မြေပြင်၏သဘာဝလွန်ပုံရိပ်သည်လည်း ပျက်ပြယ်စပြုလာပေ၏။

"ထူးဆန်းတယ်...သူ့ရဲ့ကျင့်ကြံဆင့်ကို ခုလောက်ထိအစောကြီး အဆုံးသတ်လိုက်တာလား"

"သူ့ရဲ့ကျင့်ကြံမှုမှာ အမှားအယွင်းတစ်ခုခုနဲ့ ကြုံတွေ့ရတယ်လို့တော့ ငါ့ကို မပြောကြနဲ့....သူက လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုပြီးတော့ သူ့ရဲ့ကျင့်ကြံမှုကို အတင်းအကြပ်မြှင့်တင်ထားတာများလား....အခု တန်ပြန်ဒဏ်ကြောင့် သူ ရူးသွားတာများ ဖြစ်နေမလား"

All Chapters