အခန်း (၃၆၆၂-၃၆၆၅)
Vol. 186 Ch. 3662-3665
Chapter 3662
သူမ၏နံဘေးတွင် မတ်စောက်သောချောက်ကမ်းပါးတစ်ခုရှိနေသည်။
ဖန်ရှုယွင်သည် တစ်ချက်ကြည့်ပြီးနောက် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူမဘေးရှိ ချောက်ကမ်းပါးအောက်သို့ ခုန်ချလိုက်တော့သည်။
ဤသည်မှာ အဖြူရောင်ဝတ်စုံဝတ်လူငယ် ယခုကဲ့သို့ လုပ်ရပ်မျိုးကို ပြုလုပ်သည့် ပထမဆုံးအကြိမ်မဟုတ်ချေ။
သူသည် အရာအားလုံး သူ၏ထိန်းချုပ်မှုအောက်၌ရှိသည်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် ဖန်ရှုယွင်သည် အဆုံးသတ်အချိန်ထိ သူမ၏အသိစိတ်ကို ထိန်းသိမ်းထားနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဖန်ရှုယွင် ချောက်ကမ်းပါးအောက်သို့ ခုန်ဆင်းသွားချိန်တွင် သူ ဖမ်းဆုပ်လိုက်သည့်တိုင် သူမ၏ဆံချည်တစ်မျှင်ကိုပင် ဖမ်းမမိခဲ့ချေ။
ဤချောက်၏အောက်ခြေသည် မြေပြင်နှင့် ၇၀မီတာခန့်ကွာဝေးသည်။အကယ်၍ သူမသည် အောက်သို့ပြုတ်ကျသွားပါက သေဆုံးမည်မှာ သေချာပေါက်ပင်။
"အရူးပဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သူ၏စိတ်အတွင်းမှကျိန်ဆဲကာ လူအုပ်အကြားသို့ပြေးဝင်၍ ပုန်းအောင်းလိုက်သည်။
မူလက သူသည် လူအုပ်အကြား၌ ရှုပ်ယှက်ခတ်နေသည်ကိုအခွင့်ကောင်းယူ၍ ဖန်ရှုယွင်ကို အဝေးသို့ခေါ်ဆောင်သွားလိုခြင်းဖြစ်သည်။
သို့ရာတွင် ဖန်ရှုယွင် ဤသို့ပြုလုပ်လိုက်သဖြင့် အလွန်သိသာထင်ရှားနေလေရာ သူ ထင်ထင်ပေါ်ပေါ်နေ၍ မဖြစ်တော့ချေ။
ဖန်ရှုယွင်သည် အလောင်းအစားတစ်ခုကို ပြုလုပ်လိုက်ခြင်းပင်။
ယနေ့တွင် ရေအင်မော်တယ်ဂိုဏ်းသည် ပွင့်လင်းမြင်သာစွာ ဂိုဏ်းသားသစ်များ ခေါ်ယူခြင်းဖြစ်သဖြင့် နံဘေးမှစောင့်ကြည့်နေသော ဂိုဏ်းမှလူများရှိမည်ကို သူမ ကောင်းစွာသိရှိထားသည်။
ဤနေရာတွင် လူအမြောက်အများရှိနေသည်။ထိုလူများသည် လူကုန်ကူးသူ၏လှုပ်ရှားမှုများကို ဂရုမစိုက်သည့်တိုင် သူမသည် ချောက်ကမ်းပါးမှ ပြုတ်ကျသွားသည့် တစ်ဦးတည်းသောသူဖြစ်နေသည်။ထို့ကြောင့် သူမအား တစ်စုံတစ်ယောက်မှ ရှာတွေ့သွားမည်မှာ သေချာပေါက်ပင်။
ကျင့်ကြံသူများသည် ဓားပျံကို စီးနင်းနိုင်ကြပေ၏။သို့သော် ယခုလက်ရှိချိန်၌ ဖန်ရှုယွင်ထံတွင် မှော်စွမ်းအားတစိုးတစိမျှ မကျန်ရှိတော့ချေ။
ထို့ပြင် အစောပိုင်းက အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သူမ၏မရီးဒါန်းများကို ချိပ်ပိတ်သွားခဲ့သည်။ဤသည်ကြောင့် သူမ၏ဓားပျံကို အာရုံခံနိုင်စွမ်းပင်မရှိတော့ချေ။
ဝှစ်...
လေပြင်းတစ်ချက် ဖန်ရှုယွင်၏ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားမှုနှင့်အတူ သူမ အောက်သို့ပြုတ်ကျလာသောအရှိန် လျော့ကျသွားသည်။
"ငါ အဆင်ပြေသွားပြီ"
ဖန်ရှုယွင်သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ရေအင်မော်တယ်ဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူများသည် လူတစ်ယောက် သေဆုံးမည်ကို ထိုင်ကြည့်နေမည်မဟုတ်ဘဲ သေချာပေါက်ကူညီပေးမည်ကို သူမ သိရှိထားသည်။
မြူခိုးငွေ့များက ဖန်ရှုယွင်၏ခန္ဓာကိုယ်ကို ရစ်သိုင်းလွှမ်းခြုံသွားကာ သူမကို မြေပြင်ပေါ်သို့ ညင်သာစွာချလိုက်သည်။
"ဂိုဏ်းထဲကိုဝင်ဖို့အတွက် မင်းမှာ အရည်အချင်းမပြည့်မီဘူး...ပြန်သွားတော့"
တာအိုကျင့်ကြံသူတစ်ယောက်က သူမ၏နံဘေးသို့ရောက်လာကာ အေးစက်စက်မျက်နှာအမူအယာနှင့်ပြောဆိုသည်။
ဤတာအိုကျင့်ကြံသူသည် အရောင်ဖျော့ဖျော့တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ ရေအင်မော်တယ်ဂိုဏ်း၏အပြင်စည်းတပည့်တစ်ယောက်ဖြစ်သည်။
သို့ရာတွင် အစောပိုင်းက လူကယ်ရာတွင်အသုံးပြုသည့် သွက်လက်မြန်ဆန်သောနည်းလမ်းသည် လေလွင့်ကျင့်ကြံသူအများစုထက် သာလွန်နေပေ၏။ထို့ကြောင့် ဤနေရာတွင်ရှိနေသော လူအများစုသည် အံ့အားသင့်တုန်လှုပ်မှုဖြင့် သူတို့၏လျှာများကို ကိုက်လိုက်ကြသည်။
ဤတာအိုကျင့်ကြံသူသည် ဖန်ရှုယွင်ကိုကယ်တင်ခဲ့သည်မှာ မတော်တဆကိစ္စတစ်ခုဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့်ပင်။ဖန်ရှုယွင် အဆင်ပြေနေသည်ကိုကြည့်ပြီး သူသည် ဤနေရာ၌ဆက်နေရန် စိတ်မဝင်စားတော့သဖြင့် နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်တော့သည်။
တာအိုကျင့်ကြံသူ ထွက်ခွာသွားတော့မည်ကိုကြည့်ပြီး ဖန်ရှုယွင်သည် ကူကယ်ရာမဲ့စွာဖြင့် စိုးရိမ်ပူပန်သွားသည်။
အကယ်၍ သူမ မောင်းထုတ်ခံရပါက ထိုလူကုန်ကူးသူနှင့် သူ၏အပေါင်းအဖော်များမှ ဖမ်းဆီးခြင်းကို ထပ်မံ၍ခံရနိုင်သည်။
ထို့ကြောင့် ဖန်ရှုယွင်က အလျင်စလို အော်ဟစ်လိုက်သည်။
"ခဏနေပါဦး....ငါ့မှာ အဆင့်မြင့်အကြီးအကဲတစ်ယောက်ရဲ့တံဆိပ်ပြားပါတယ်...ငါက အဲ့ဒီအဆင့်မြင့်အကြီးအကဲနဲ့တွေ့ချင်တယ်"
ထိုစကားကိုကြားချိန်တွင် ထွက်ခွာသွားသော တာအိုကျင့်ကြံသူ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။
သူက ဒေါသတကြီး ပြောဆိုလိုက်၏။
"တကယ်လို့ မင်း ဆက်ပြီးပြဿနာရှာနေမယ်ဆိုရင်....ငါ ရိုင်းပျမိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"
အဆင့်မြင့်အကြီးအကဲဟူသည်မှာ ရေအင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းလုံးရှိ လူပေါင်းထောင်သောင်းချီအထက်တွင် ရပ်တည်နိုင်သူတစ်ယောက်ပင်။
အစွမ်းထက်ကျင့်ကြံသူများပင်လျှင် အဆင့်မြင့်အကြီးအကဲများကို တွေ့ဆုံခွင့်ရရှိရန်အတွက် လွန်စွာခက်ခဲသည်။
တခြားတစ်ဖက်တွင် ဖန်ရှုယွင်ကို ကြည့်ရသည်မှာ မှော်စွမ်းအားတစိုးတစိမျှရှိပုံမရချေ။သူမကိုကြည့်ရသည်မှာ မှော်စွမ်းအားနည်းပါးသော သာမာန်ကျင့်ကြံသူတစ်ယောက်နှင့် တူညီနေသည်။
သူမ၏ပျော့ညံသောအခြေအနေကို ကြည့်ခြင်းအားဖြင့် မည်သည့်နည်းဖြင့် သူမသည် အဆင့်မြင့်အကြီးအကဲတစ်ယောက်ကို တွေ့ဆုံနိုင်မည့် လူတစ်ယောက်နှင့် တူညီနေနိုင်မည်နည်း။
"ဖြစ်နိုင်တာတော့ ဒီမိန်းကလေး ရူးသွားတာများလား...သူက အဆင့်မြင့်အကြီးအကဲတစ်ယောက်နဲ့တောင် တွေ့ချင်နေတယ်"
"ဟီး ဟီး...အဲ့ဒီလိုလူစားမျိုးတွေက နှစ်စဥ်နှစ်တိုင်းရှိတယ်...သူတို့က ရေအင်မော်တယ်ဂိုဏ်းထဲကိုဝင်ဖို့မျှော်လင့်ချက် သူတို့မှာမရှိတာကို သိနေတာကြောင့် လှည့်စားမှုတချို့ကို အသုံးပြုကြတယ်...ဒါပေမယ့် ရေအင်မော်တယ်ဂိုဏ်းက အဲ့ဒီလိုလူစားမျိုးတွေအပေါ် ဘယ်တော့မှ သက်ညှာမပေးဘူး"
"ဒီမိန်းကလေးကိုကြည့်ရတာ ဖြောင့်မတ်မှန်ကန်ပုံရတယ်....သူက အဲ့ဒီလိုလူစားမျိုးဖြစ်မယ်လို့ ငါ မထင်ဘူး"
"လူတစ်ယောက်ရဲ့မျက်နှာကိုသိရုံနဲ့ သူ့ရဲ့စိတ်နှလုံးသားကို ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ...သူက ဘယ်လိုလူစားမျိုးလဲဆိုတာ ပြောလို့မရဘူး"
ပတ်ဝန်းကျင်မှနေ၍ လှောင်ရယ်သံများနှင့်ပြက်ရယ်ပြုသံများ ထွက်ပေါ်လာသည်။
သို့ရာတွင် ဖန်ရှုယွင်သည် ထိုစကားများကို မကြားသကဲ့သို့သာ ပြုမူနေသည်။သူမသည် သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းသိမ်းကာ ထိုတံဆိပ်ပြားကိုထုတ်ယူရန်အတွက် သူမ၏လက်ကို ဆန့်တန်းလိုက်၏။
သို့ရာတွင် သူမ၏လက် သူမခါးထံသို့ ရောက်ရှိသွားချိန်တွင် သူမ၏စိတ်နှလုံးသား တုန်ရီသွားသည်။
တံဆိပ်ပြား ပျောက်ဆုံးသွားလေပြီ။
Chapter 3663
ထိုတံဆိပ်ပြားကို သူမအား ပိုင်ဆုချင်မှ ပေးအပ်ထားခြင်းပင်။သူမကိုယ်တိုင် တံဆိပ်ပြားကို အဆင့်မြင့်အကြီးအကဲထံသို့ ပို့ဆောင်ရန် ပိုင်ဆုချင်မှ မှာကြားထားသည်။
ရွှမ်ချင်နှင့်ထိုအဆင့်မြင့်အကြီးအကဲကြားတွင် အငြင်းပွားမှုတချို့ရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ ဆရာတပည့်ဖြစ်ခဲ့သဖြင့် ပတ်သက်ဆက်နွယ်မှုရှိနေသည်။
ထိုအဆင့်မြင့်အကြီးအကဲသည် ရွှမ်ချင်ကို တံဆိပ်ပြားတစ်ခုပေးကာ အကယ်၍ သူမထံတွင် ပြဿနာတစ်ခုခုရှိနေပါက ရေအင်မော်တယ်ဂိုဏ်းသို့လာ၍ သူ့အားရှာဖွေရန် မှာကြားခဲ့သည်။
ဤတံဆိပ်ပြားသည် အလွန်အဖိုးတန်ပေ၏။ဤအရာကို ပိုင်ဆိုင်ထားသော မည်သူမဆို ထိုအဆင့်မြင့်အကြီးအကဲထံမှ တစ်စုံတစ်ခုကို တောင်းဆိုနိုင်သည်။
ပိုင်ဆုချင်သည် ဤတံဆိပ်ပြားကို သူမထံသို့ ပေးအပ်ခဲ့ခြင်းမှာ သူမကို ယုံကြည်သောကြောင့်ပင်။
"ဒါက ငါနဲ့အတူပါလာတာ အသိသာကြီးလေ...ဒါပေမယ့် ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲ"
ဖန်ရှုယွင်သည် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားပေ၏။
သူမသည် ဘေးဘီဝဲယာကို လှည့်ပတ်၍ရှာဖွေလိုက်သော်လည်း ထိုတံဆိပ်ပြား၏တည်နေရာကို ရှာမတွေ့ချေ။
ရုတ်ချည်းဆိုသလိုပင် ဖန်ရှုယွင်သည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်တွေးတောလိုက်ရာ ထိုလူကုန်ကူးသူ၏ပုံရိပ်က သူမ၏စိတ်အတွင်း၌ တဖြည်းဖြည်းထွက်ပေါ်လာသည်။
ဤတောင်ပေါ်လမ်းတွင် လူအမြောက်အများရှိနေသော်လည်း ဖန်ရှုယွင်သည် သတိကြီးစွာထားကာ သူမ၏အနီးသို့ မည့်သူကိုမျှ ချဥ်းကပ်ခွင့်မပြုချေ။
ထိုအဖြူရောင်ဝတ်စုံဝတ်လူငယ်သာ သူမ၏အနီးသို့ ချဥ်းကပ်ခဲ့သည်။
ထိုတံဆိပ်ပြားကို အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သူမ၏အနီးသို့ချဥ်းကပ်လာစဥ်၌ အခွင့်ကောင်းရှာ၍ ဖြုတ်ယူသွားခြင်းဖြစ်ပေမည်။
ဤအချိန်အခိုက်အတန့်တွင် ဖန်ရှုယွင်၏စိတ်နှလုံးသားအတွင်း၌ ဝမ်းနည်းခြင်း အထီးကျန်ဆန်ခြင်း ထိတ်လန့်ကြောက်ရွံခြင်းစသည့် ခံစားချက်မျိုးစုံ ရောယှက်နေသည်။သူမသည် တာအိုကျင့်ကြံသူကို ထပ်မံ၍ကြည့်လိုက်ရာ တစ်ဖက်လူ၏မျက်လုံးအတွင်းမှ အေးစက်တင်းမာမှုကို မြင်တွေ့မိသည်။
"အဆင့်မြင့်အကြီးအကဲရဲ့တံဆိပ်ပြားဘယ်မှာလဲ...ငါ့ကိုပြစမ်း"
ထိုတာအိုကျင့်ကြံသူက အလေးအနက်ထားသောအသံနှင့် ပြောဆိုသည်။
ရေအင်မော်တယ်ဂိုဏ်း၌ အဆင့်မြင့်အကြီးအကဲတစ်ယောက်စီတိုင်းသည် လူအများ၏ရိုသေလေးစားမှုကိုခံရသော တည်ရှိမှုကြီးများဖြစ်သည်။အဆင့်မြင့်အကြီးအကဲများ၏အဆင့်အတန်းသည် သာလွန်ထူးကဲပြီး သူတို့ထံတွင် တပည့်အမြောက်အများရှိနေလေရာ သူ့ကဲ့သို့ အပြင်စည်းတပည့်တစ်ယောက် မလေးမစားပြု၍ရသည့် အရာမျိုးမဟုတ်ချေ။
အကယ်၍ ဖန်ရှုယွင်ထံတွင် တံဆိပ်ပြားရှိနေပါက ဤသည်မှာ အဆင်ပြေပေမည်။သို့ရာတွင် အကယ်၍ ဖန်ရှုယွင်သည် ပေါက်ကရလျှောက်ပြောနေခြင်းဖြစ်ပါက ထိုတာအိုကျင့်ကြံသူသည် သူမအား အလွတ်ပေးမည်မဟုတ်ချေ။
ဖန်ရှုယွင်သည် သူမ၏ခေါင်းကိုမော့ကြည့်ပြီးနောက် ထိုတာအိုကျင့်ကြံသူ၏အေးစက်စက်အကြည့်ကို သတိပြုမိလေ၏။
ဤအချိန်အခိုက်အတန့်တွင် ဖန်ရှုယွင်သည် မကြုံစဖူး ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရသည်။သို့ရာတွင် သူမ၏ကြောက်ရွံစိတ်များကို အလျှင်အမြန် ချိုးနှိမ်လိုက်ပြီးနောက် မြင်ကွင်းတစ်ခုက သူမ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ပိုင်ဆုချင်းသည် ထိုတံဆိပ်ပြားကို သူမထံပေးအပ်စဥ်က နတ်ဘုရားစိတ်အာရုံကိုအသုံးပြုကာ မှော်မန္တန်တစ်ပုဒ်ကို သင်ကြားပေးခဲ့သည်။
ထိုမှော်မန္တန်သည် တံဆိပ်ပြား၏အခွင့်အာဏာကို အတည်ပြုသောအရာပင်။ထိုအရာသည် မည်သူ၏လက်အတွင်း၌ ရှိနေပါစေ သူမ မှော်မန္တန်ကိုရွတ်ဆိုသည်နှင့် တုံ့ပြန်မှုများ ထွက်ပေါ်လာပေမည်။
ဖန်ရှုယွင်သည် ထိုအဖြူရောင်ဝတ်စုံဝတ်လူငယ် မည်သည့်နေရာ၌ ရှိနေသည်ကို မသိရှိချေ။သို့ရာတွင် ထိုလူငယ်သည် အလွန်ဝေးကွာသောနေရာသို့ ထွက်ခွာသွားပါက သူမသည် ထိုတံဆိပ်ပြားကို ရှာဖွေနိုင်တော့မည်မဟုတ်ချေ။
ဖန်ရှုယွင်သည် ထပ်မံ၍တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ တောင်ပေါ်သို့တက်ရန် ဟန်ပြင်နေသောလူအုပ်ကြီးထံသို့ သူမ၏လက်ညှိုးကိုမြှောက်၍ ချိန်ရွယ်လိုက်၏။
"စိတ်ဆန္ဒကောင်းတွေက ရေစီးဆင်းနေတာနဲ့တူညီပြီးတော့...လမ်းကြောင်းတွေအားလုံးက အင်မော်တယ်တွေရဲ့အပိုင်ပဲ"
ဖန်ရှုယွင်က ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏နောက်ဆုံးလက်ကျန် မှော်စွမ်းအားအနည်းငယ်ကိုလှည့်ပတ်ကာ သူမ၏လက်ဖဝါးပေါ်၌ စုဝေးလေသည်။
ဤမှော်စွမ်းအားအနည်းငယ်မျှဖြင့် မီးတောက်ငယ်တစ်ခုကိုပင် ဆင့်ခေါ်နိုင်မည်မဟုတ်ချေ။ဤသည်မှာ မဖြစ်စလောက် ပမာဏသာဖြစ်သော်လည်း ဖန်ရှုယွင်ထံ၌ တခြားရွေးချယ်စရာမရှိတော့ချေ။
ထိုမြင်ကွင်းကိုကြည့်ပြီး တာအိုကျင့်ကြံသူသည် သူ၏ဓားကိုဆွဲထုတ်ကာ ဒေါသတကြီးအော်ငေါက်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
သူသည် တပည့်သစ်များခေါ်ယူရာ၌ မည်သည့်ပြဿနာမျှမဖြစ်ပွားစေရန် ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးရသည့်တာဝန်ကို ယူထားရသည်။
သို့ရာတွင် ဖန်ရှုယွင်၏ရုတ်တရက် လှုပ်ရှားမှုသည် သူတို့ ဂရုတစိုက်ထိန်းသိမ်းထားသော တည်ငြိမ်မှုကို အနှောက်အယှက်ဖြစ်စေသည်မှာ သိသာထင်ရှားလှ၏။အကယ်၍ ပြဿနာတစ်စုံတစ်ခု ဖြစ်ပွားလာပါက အကျိုးဆက်များကို သူတို့ တာဝန်မယူနိုင်ချေ။
တာအိုကျင့်ကြံသူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဖန်ရှုယွင်ကို တိုက်ရိုက်ထိန်းချုပ်လိုက်သည်။
ဖန်ရှုယွင်သည် မြေပြင်ပေါ်၌ ဖိနှိပ်ခံထားရကာ အလွန်ရှက်ရွံဖွယ်ကောင်းသော အခြေအနေမျိုးသို့ ကျရောက်နေသည်။သို့ရာတွင် သူမသည် ရပ်တန့်ခြင်းမရှိဘဲ မှော်မန္တန်ကို ဆက်လက်၍ရွတ်ဆိုလိုက်၏။
ပိုင်ဆုချင်သည် သူမကို လှည့်စားမည်မဟုတ်ဟု ဖန်ရှုယွင်က ယုံကြည်ထားသည်။
"သောက်ချေးပဲ...မင်းက ဆက်ပြီးစကားပြောဆိုဝံ့သေးတာလား"
ဖန်ရှုယွင်သည် မှော်မန္တန်ရွတ်ဆိုခြင်းကို ရပ်တန့်ခြင်းမပြုသည်ကိုကြည့်ပြီး ထိုတာအိုကျင့်ကြံသူ အလွန်ဒေါသထွက်သွားသည်။
သူသည် ဖန်ရှုယွင်ကို မြေပြင်ပေါ်သို့ဖိနှိပ်ကာ သူမ၏ဆံပင်ကိုဆွဲ၍ သူမအား မြေပြင်နှင့်ဆောင့်လိုက်သည်။
ဘန်းခနဲမြည်သံနှင့်အတူ ဖန်ရှုယွင်၏ခေါင်း မြေပြင်နှင့်ရိုက်ခတ်မိကာ သူမ၏နဖူးမှ သွေးများယိုစီးကျလာသည်။ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတစ်ခုပင်။
ဖန်ရှုယွင်သည် မူးဝေသွားသော်လည်း သူမ၏မသိစိတ်မှနေ၍ ထိုမှော်မန္တန်ကို ဆက်လက်၍ရွတ်ဆိုနေလေ၏။
Chapter 3664
ထိုမှော်မန္တန်ကို ရွတ်ဆိုပြီးသည်နှင့် သူမ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ခန်းခြောက်သွားသည်ကို ဖန်ရှုယွင်က ခံစားမိသည်။
လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်က သူမ၏မှော်စွမ်းအားများအားလုံးကို ဝါးမျိုကာ တောင်ပေါ်သို့တက်ရန် ဟန်ပြင်နေသောလူတစ်စုအကြားသို့ ကျရောက်သွားသည်။
တောင်ပေါ်သို့တက်ရန် ဟန်ပြင်နေသောလူများအားလုံးသည် သူတို့ရောက်ရှိနေသောနေရာတွင်ရပ်တန့်ကာ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။
"မင်း ဘာလုပ်တာလဲ"
တာအိုကျင့်ကြံသူ၏မျက်လုံးများ ပြူးကျယ်သွားကာ စူးရှသောအလင်းတန်းများ ဖြာထွက်လာသည်။
ဤမိန်းကလေးသည် မည်သည့်အရာက သူမအတွက်ကောင်းသည်ကို မသိရှိချေ။
သူသည် သူမကို ထပ်ခါတလဲလဲ သတိပေးပြီးဖြစ်သော်လည်း သူမသည် ဤနေရာ၌ ပြဿနာဆက်ရှာနေဆဲပင်။
တာအိုကျင့်ကြံသူသည် သူမအား ဒေါသတကြီး အော်ငေါက်တော့မည့် အချိန်မှာပင် မလှမ်းမကမ်းရှိ လူအုပ်အကြားမှနေ၍ အဖြူရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ မိုးကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များအကြားသို့ မြင့်တက်သွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိလူအုပ်ကြီးသည် နံဘေးသို့ဖယ်ခွာလိုက်ကြရာ အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ပုံရိပ် ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။
"သောက်ချေး....သောက်ချေးပဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က သူသည် လူသူအများ၏အာရုံစိုက်ရာဗဟိုချက် ဖြစ်နေသည်ကို သိရှိသွားချိန်တွင် အလွန်ဒေါသထွက်သွားလေ၏။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ တစ်စုံတစ်ခုသည် အဆက်မပြတ်လှုပ်ခတ်နေကာ တောက်ပသောအလင်းတန်းကြီးတစ်တန်းအဖြစ်ဖွဲ့စည်းပြီး လူအများ၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာသည်။
ဤှအခြေအနေသည် အဖြူရောင်ဝတ်စုံဝတ်လူငယ် မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
အစောပိုင်းက သူ ဖန်ရှုယွင်ထံမှယူဆောင်ထားသော တံဆိပ်ပြားမှနေ၍ အလင်းတန်းများ ဖြာထွက်နေသည်ကို သူ ချက်ချင်းရှာဖွေတွေ့ရှိမိလေ၏။
အဖြူရောင်ဝတ်စုံဝတ်လူငယ်က ဤအရာသည် မည်သည့်ပစ္စည်းမျိုးဖြစ်သည်ကို မသိရှိချေ။သို့ရာတွင် အပြင်ပန်းကြည့်ပါက ဤတံဆိပ်ပြား၏အရည်အသွေးသည် မြင့်မားသဖြင့် စျေးကောင်းကောင်းနှင့်ရောင်းချနိုင်မည့်ပုံရသည်။
ထို့ကြောင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် အနည်းငယ်မျှ လက်တွန့်ခြင်းမရှိဘဲ ဖန်ရှုယွင်ထံမှ ဖြုတ်ယူထားခြင်းဖြစ်သည်။
သို့ရာတွင် ဤတံဆိပ်ပြားသည် သူ့အား လူအများ၏အာရုံစိုက်ရာဗဟိုချက် ဖြစ်သွားစေမည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် လူများကိုပြန်ပေးဆွဲပြီး တန်ကြေးကြီးကြီးဖြင့် ပြန်လည်ရောင်းချသော ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ မည်သည့်နည်းဖြင့် လူသူအများ၏အာရုံစိုက်ခြင်းကို သူ ခံယူနိုင်မည်နည်း။
"အမ်...အဆင့်မြင့်အကြီးအကဲ တံဆိပ်ပြားလား"
အံ့အားတသင့်ရေရွတ်သံတစ်သံက အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။
စင်မြင့်တစ်ခုပေါ်တွင်ထိုင်နေသော အပြင်စည်းအကြီးအကဲတစ်ယောက်သည် ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်လိုက်ကာ တောက်ပသောအလင်းရောင်များ ဖြာထွက်လာပေ၏။
ထို့နောက် လူတိုင်းသည် သူတို့၏ရှေ့သို့ အဖြူရောင်အလင်းတစ်တန်းကျရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
တောင်ပေါ်သို့တက်ကာ ဝင်ခွင့်စာမေးပွဲဖြေဆိုရန်အတွက် စောင့်ဆိုင်းနေကြသောလူများသည် သူတို့ရှေ့ရှိအဖိုးအိုကို မြင်တွေ့ချိန်၌ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
ဝင်ခွင့်စာမေးပွဲ၏ခက်ခဲမှုအဆင့်သည် မြင့်မားခြင်းမရှိချေ။တစ်စုံတစ်ယောက်သည် ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်သည်နှင့် အပြင်စည်းတပည့်အဆင့်ကို ရရှိပေမည်။
ထို့ပြင် အပြင်စည်းအကြီးအကဲများသည် ရေအင်မော်တယ်ဂိုဏ်း၏အပြင်စည်းတပည့်များအတွက် အဆင့်မြင့်တည်ရှိမှုကြီးများဟု ဆိုနိုင်သည်။
ထိုအပြင်စည်းအကြီးအကဲ၏မျက်လုံးတစ်စုံသည် သိမ်းငှက်တစ်ကောင်အလား စူးရှနေကာ အဖြူရောင်ဝတ်စုံဝတ်လူငယ်ထံသို့ ကျရောက်သွားသည်။
"ဒါက မင်းရဲ့ပစ္စည်းလား..."
"အမ်...မဟုတ်ဘူး...ဒါက မဟုတ်ဘူး...."
ဤကဲ့သို့ စူးရှရှအကြည့်ဖြင့် စူးစိုက်ကြည့်ခြင်းခံရချိန်တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်ထံမှ ဗလုံးဗထွေးစကားသံများ ထွက်ပေါ်လာသည်။
သူသည် မူလကတည်းက အခွင့်ကောင်းရှာ၍ လူများကိုဖမ်းဆီးသည့် လူကုန်ကူးသူတစ်ယောက်သက်သက်ပင်။သူသည် ရွံရှာစက်ဆုပ်ဖွယ်ကောင်းပေ၏။ထို့ပြင် ဤနေရာသည် ရေအင်မော်တယ်ဂိုဏ်း၏ရှေ့၌ရှိနေလေရာ အကယ်၍ သူ့အား ရှာဖွေဖော်ထုတ်ခြင်းခံရပါက 'မကောင်းဆိုးရွားအစောင့်'ဘဝသို့ ပြောင်းလဲခံရနိုင်သည်။
အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ခြေထောက်များ အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။သူ၏မေးရိုးနှစ်ခုလုံး တဂတ်ဂတ်ရိုက်နေကာ ဤအချိန်အခိုက်အတန့်တွင် သူ စကားမပြောနိုင်တော့ချေ။
"ဒါက ကျွန်မရဲ့ပစ္စည်းပဲ"
ဖန်းရှုယွင်သည် ရုန်းကန်၍မတ်တတ်ထရပ်ကာ အားကုန်အော်ဟစ်လိုက်၏။
သူမသည် တာအိုကျင့်ကြံသူ၏နံဘေးသို့ ဆွဲထုတ်သွားခြင်းကိုခံရကာ သူမ၏နဖူးပြင်ပေါ်မှ သွေးများယိုစီးကျနေသည်။
ဤတာအိုကျင့်ကြံသူသည် ရေအင်မော်တယ်ဂိုဏ်း၏အပြင်စည်းတပည့်တစ်ယောက်ပင်။သူ့ထံတွင် အတွေ့အကြုံများစွာမရှိသော်လည်း သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူ အမှားအယွင်းပြုလုပ်ခဲ့မိသည်ကို နားလည်သဘောပေါက်သွားပေ၏။
ဤအမျိုးသမီးသည် အဆင့်မြင့်အကြီးအကဲကို အမှန်တကယ်သိကျွမ်းခြင်းဖြစ်ပေမည်။
တာအိုကျင့်ကြံသူထံတွင် နောင်တများဖြင့် ပြည့်နှက်သွားတော့သည်။သူသည် ဖန်ရှုယွင်ကို တွဲထူကာ သူ မစဥ်းစားမဆင်ခြင်ဘဲလုပ်လိုက်မိသော လုပ်ရပ်အတွက် အကောင်းဆုံး ပြန်လည်ဖြည့်ဆည်းပေးရန် ကြိုးစားလိုက်သည်။
ဖန်ရှုယွင်က အဖြူရောင်ဝတ်စုံဝတ်လူငယ်ကိုကြည့်ကာ ပြောဆိုသည်။
"ဒါက အစကတည်းက ကျွန်မရဲ့ပစ္စည်းပဲ....သူ ကျွန်မဆီကနေ ခိုးသွားခဲ့တာ"
Chapter 3665
ထိုတံဆိပ်ပြားကို ထပ်မံ၍မြင်တွေ့ရချိန်တွင် ဖန်ရှုယွင်၏စိတ်နှလုံးသားအတွင်း၌ ချိတ်ဆွဲနေသော လေးလံသည့်ကျောက်တုံးကြီး နောက်ဆုံး၌ ပြုတ်ကျသွားလေပြီ။
ကံကောင်းထောက်မစွာဖြင့် တံဆိပ်ပြားပျောက်သွားခြင်းမရှိချေ။
ဤသည်မှာ ရေအင်မော်တယ်ဂိုဏ်းမှ သူမ အကူအညီတောင်းခံနိုင်ရန်အတွက် အဓိကသော့ချက်ပင်။
ဖန်ရှုယွင်ကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်လူငယ် ထိတ်လန့်တုန်လှုပ်သွားသည်။မြောက်မြားစွာသော အတွေးများက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ ခိုးယူခဲ့သောအရာသည် ထူးခြားသောပစ္စည်းတစ်ခုဖြစ်နေကြောင်း သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ဤသည်မှာ ရေအင်မော်တယ်ဂိုဏ်းမှအကြီးအကဲများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သော ရတနာတစ်ခု ဖြစ်နေနိုင်သည်။
"အားလုံးပဲ...အဲ့ဒီမိန်းကလေး ပေါက်ကရစကားပြောတာကို နားမထောင်ကြပါနဲ့...ဒီအရာက ကျွန်တော်ရဲ့ပစ္စည်းဆိုတာ အသိသာကြီးလေ...သူနဲ့ ဘာမှမဆိုင်ဘူး"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူသည် ထိုပစ္စည်းကို ခိုးယူခဲ့သော်လည်း အရင်ဆုံး စောဒကတက်လိုက်သည်။
ဖန်ရှုယွင်က အလွန်အမင်း စိုးရိမ်ပူပန်သွားသည်။သူမက ပျာပျာသလဲ ပြောဆိုလိုက်သည်။
"ဒါက ငါ့ရဲ့ဟာ...နင် ငါ့ဆီကနေ ခိုးသွားခဲ့တာလေ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုသည်။
"ဟမ့်...တာအိုရောင်းရင်းတို့....ဒီပစ္စည်းက အရမ်းအဖိုးတန်တယ်....ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး အားနည်းတဲ့မိန်းကလေးတစ်ယောက်ဆီမှာ ရှိနေနိုင်မှာလဲ...သူက ဒီရတနာကို တစ်နေရာရာကနေ ရလာတာပဲဖြစ်မယ်...သူက ဒါကိုအသုံးပြုပြီးတော့ ဂိုဏ်းထဲကို ခိုးဝင်ချင်တာလည်းဖြစ်နိုင်တယ်....တာအိုရောင်းရင်းတို့က ကျေးဇူးပြုပြီးတော့ စုံစမ်းစစ်ဆေးပေးကြပါ"
သူ၏လေသံသည် ဖြောင့်မတ်မှန်ကန်ပြီး အပြစ်ကင်းစင်ကာ ဤတံဆိပ်ပြားသည် မူလကတည်းက သူ၏အပိုင် ဖြစ်နေသည့်အလားပင်။
သို့ရာတွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏စကား အဆုံးသတ်သွားသောအချိန်မှာပင် အပြင်စည်းအကြီးအကဲက အေးစက်စက်အော်ငေါက်လိုက်၏။
"ဒီအဖိုးကြီးက အပြင်မှာ မင်းလုပ်နေတဲ့ကိစ္စတွေကို မသိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား"
လူငယ်ထံမှတံဆိပ်ပြားသည် ချက်ချင်းဆိုသလိုပင် အပြင်စည်းအကြီးအကဲ၏လက်အတွင်းသို့ ရောက်ရှိသွားသည်။
"ငါတို့ရေအင်မော်တယ်ဂိုဏ်းက ဘာတစ်ခုကိုမှ သတိမထားမိဘူးလို့ မင်း ထင်နေတာလား...ငါတို့ ဂိုဏ်းရဲ့တံခါးမကြီးရှေ့မှာတောင် မင်းက လူဖမ်းဖို့ ကြိုးစားဝံ့တယ်...မင်းက တော်တော်သတ္တိကောင်းတာပဲ"
အပြင်စည်းအကြီးအကဲက ခက်ထန်တင်းမာစွာပြောဆိုကာ သူ၏မျက်လုံးအတွင်းမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။
အရာအားလုံးကို ဤအပြင်စည်းအကြီးအကဲမှ တွေ့မြင်ပြီးဖြစ်သည်။
အစကဏဦးတွင် သူ မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်သော အကြောင်းအရင်းမှာ ဤကဲ့သို့ ကိစ္စငယ်လေးများအတွင်း၌ သူ ပါဝင်ပတ်သက်ရန် ပျင်းရိငြီးငွေ့သောကြောင့်ပင်။
ဤအဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သူ့ရှေ့တွင်ပင် လိမ်ညာဝံ့မည်ဟု မည်သူက တွေးထင်မိမည်နည်း။
"မကောင်းတော့ဘူး....ပြေးရမယ်..."
သူ၏လျှို့ဝှက်ချက် ထွက်ပေါ်သွားသည်ကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ထိတ်လန့်တကြားဖြစ်သွားကာ အလျင်စလို ထွက်ပြေးလိုက်တော့သည်။
ထိုအပြင်စည်းအကြီးအကဲ၏နောက်တွင် တပည့်တချို့ မတ်တတ်ရပ်နေသည်။
အဖြူရောင်ဝတ်စုံဝတ်လူငယ် ထွက်ပြေးသွားသည်ကိုကြည့်ပြီး ထိုတပည့်များကိုကြည့်ပြီး သူ့ကို ဟန့်တားလိုက်ကြ၏။
"အကြီးအကဲ....ကျွန်တော်တို့ သူ့ကို ဘာလုပ်လိုက်ရမလဲ"
တပည့်များက မေးမြန်းသည်။
အပြင်စည်းအကြီးအကဲ၏မျက်နှာ သုန်မှုန်သွားကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"သူ့ကို သတ်လိုက်စမ်း"
"ဟုတ်ကဲ့ပါ အကြီးအကဲ"
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ တပည့်တစ်ယောက်သည် သူ၏ဓားကိုဆွဲထုတ်ကာ လွှဲယမ်းလိုက်၏။
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ရှင်းပြရန်ဟန်ပြင်လိုက်သော်လည်း သူ၏စကားသံထွက်မလာသေးမီမှာပင် သူ၏ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေပြီ။
အပြင်စည်းအကြီးအကဲက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"အခုလတ်တလောအချိန်မှာ ငါတို့ရေအင်မော်တယ်ဂိုဏ်းက တပည့်သစ်တွေ ခေါ်ယူနေတယ်....ဒါကြောင့် သူခိုးဂျပိုးလေးတွေ ဒီလူတွေကြားမှာ ညပ်ပြီးပါပါလာတယ်...မင်းတို့ သေသေချာချာ စုံစမ်းစစ်ဆေးကြစမ်း...တကယ်လို့ ခိုးဝင်လာပြီး ပြဿနာရှာဝံ့တဲ့ကောင်တွေကိုတွေ့ရင် နေရာမှာတင်သတ်လိုက်စမ်း"
အပြင်စည်းအကြီးအကဲ၏နောက်မှတပည့်များ အလျှင်အမြန် ပြေးထွက်သွားသည်။
လက်ရှိနေရာတွင်ရှိနေသော လူအများစု၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ထင်ဟပ်လာသည်။
တုံ့ဆိုင်းခြင်းမရှိ သတ်စမ်း....
ဤသည်မှာ ဂိုဏ်းကြီးများထံတွင်သာရှိသော ပုံစံပင်။
ရေအင်မော်တယ်ဂိုဏ်းသို့ဝင်ရောက်လိုသော လူတချို့၏မျက်နှာများပေါ်တွင် တောက်ပသောအမူအယာများ ထင်ဟပ်လာသည်။သို့ရာတွင် မရိုးဖြောင့်သော အကြံအစည်ရှိသည့် လူတချို့ကမူ ဤနေရာမှ အလျှင်အမြန်ထွက်ခွာသွားလေ၏။
Thank For Reading.