← Chapters

အခန်း (၃၆၇၈-၃၆၈၁)

Vol. 187 Ch. 3678-3681

အခန်း (၃၆၇၈-၃၆၈၁)

Vol. 187 Ch. 3678-3681

Chapter 3678

“ကောင်းပြီလေ…ငါသိပြီ …”

လုယွီ၏အသံ အလွန်တည်ငြိမ်နေသည်။

သူ ဒေါသထွက်နေသလော ပျော်ရွှင်နေသလောဟူသည်ကို မည်သူမှမပြောဆိုနိုင်ချေ။

သူလျှိုသည် ပြန်လည်ထွက်ခွာသွားလေ၏။သူသည် လုယွီ၏ နံဘေး၌ ရှိနေစဉ်က ကြီးမားသော ဖိအားအရှိန်အဝါကို ခံစားမိသည်။

လန်ဝူရှင်းသည်လည်း လုယွီ၏နံဘေး၌ မတ်တပ်ရပ်နေသည်။သွေးနက်ခန်းမမှ လုပ်ကြံသတ်ဖြတ်သူများသည် ဤတစ်ကြိမ်တွင် လွတ်မြောက်နိုင်မည် မဟုတ်သည်ကို သူ သိရှိထားသည်။

သူ လုယွီနှင့် ရင်ဆိုင်ခဲ့သော ယှဉ်ပြိုင်တိုက်ခိုက်ပွဲအချိန်ကပင် လန်ဝူရှင်းသည် ဤကဲ့သို့ ကြီးမားသော ဖိအားအရှိန်အဝါမျိုးကို မခံစားခဲ့ရချေ။

ယခုအချိန်၌ လုယွီသည် လူငယ်တစ်ယောက် မဟုတ်တော့ဟူသော ခံစားချက်မျိုးကိုပင် သူရရှိနေသည်။လုယွီသည် နှစ်ရာပေါင်းများစွာ အသက်ရှင်သန်နိုင်ခဲ့သော မွန်းစတားအိုကြီး တစ်ကောင်နှင့် တူညီနေပေ၏။

“ကြည့်ရတာတော့ မင်းဒီနေရာမှာ ရှိနေပုံမရဘူး"

လုယွီသည် သူ၏ နတ်ဘုရားစိတ်အာရုံကို ထုတ်ဖော်အသုံးပြုကာ သွေးနက်ခန်းမ၏ ခံတပ် တစ်ခုလုံးကို စစ်ဆေးလိုက်သည်။

သူသည် သူ၏နတ်ဘုရားစိတ်အာရုံကို ဖုံးကွယ်ထားရန် ကြိုးပမ်းခြင်းမရှိပဲ တိုက်ရိုက်ဖြန့်ကျက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ခံတပ်အတွင်းမှ သာမန်တပည့်များနှင့်အဆင့်မြင့်လုပ်ကြံသတ်ဖြတ်သူများအားလုံးသည် နတ်ဘုရား စိတ်အာရုံ၏ တည်ရှိမှုကို ခံစားမိသဖြင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

လုယွီသည် ပိုင်ဆုချင်၏အရှိန်အဝါကို ရှာမတွေ့ချေ။သူမသည် ဤနေရာ၌ ရှိမနေပေ။

“ဘယ်သူလဲ…မင်းက ဘာလို့ ငါတို့ သွေးနက်ခန်းမကို ပြဿနာလာရှာတာလဲ…”

လုပ်ကြံသတ်ဖြတ်သူအချို့သည် တရကြမ်းပြေးထွက်လာကြလေ၏။

သူတို့သည် လုယွီကို မြင်တွေ့သည်နှင့် အတူတကွပူးပေါင်းကာ သူ့အား တိုက်ခိုက်လိုက်ကြသည်။သူတို့၏ လှုပ်ရှားမှုသည် အလွန်လျင်မြန်ပြီး ရက်စက် ကြမ်းကြုတ်သည်။အကြည့်တချက်ဖြင့်ပင် သူတို့သည် ကြိုတင်၍ လေ့ကျင့်ထားကြသူများဖြစ်ကြောင်း ပြောဆိုနိုင်ပေ၏။သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ချောမွေ့ကာ အပြစ်အနာအဆာ ကင်းမဲ့လေ၏။

တစ်ချိန်ထဲမှာပင် စူးရှသော လေတိုးသံများက အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည်။

အနက်ရောင်ပုံရိပ်များက အမှောင်ထုအတွင်း၌ ခေါက်တုန့်ခေါက်ပြန် ကူးလူးနေသည်။

သူတို့သည် ဤနေရာကို စောင့်ကြပ်ရန်အတွက် သွေးနက်ခန်းမမှ စေလွှတ်ထားသော လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သည်။

လန်ဝူရှင်းသည် လုယွီ၏ နံဘေး၌ မတ်တပ်ရပ်နေကာ သူ၏လက်ကို ဓားရိုးပေါ်သို့တင်ထားသည်။အကယ်၍ လုယွီမှအမိန့်တစ်ခုခုပေးပါက သူသည် သူ၏ဓားကို လွှဲရမ်းကာ တိုးဝင်လာသူများအားလုံးကို သတ်ဖြတ်ပစ်ပေမည်။

သို့ရာတွင် လုယွီသည် လန်ဝူရှင်းကို တိုက်ခိုက်ရန်အတွက် အခွင့်အရေး မပေးချေ။

“ဝှစ်…ဝှစ်…ဝှစ်”

အမှောင်ထုအတွင်းမှနေ၍ ဓားရှည်တစ်လက် အသားအတွင်းသို့ စိုက်ဝင်သွားသော အသံများ ထွက်ပေါ်လာသည်။

လုယွီထံသို့ တိုးဝင်လာသော လုပ်ကြံသတ်ဖြတ်သူများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကာ သူတို့၏ အသက်များ ကင်းမဲ့သွားလေသည်။

သွေး‌ရောင် ဓားရှည်တစ်လက်က လုယွီ၏နံဘေး၌ ပျံဝဲနေကာ ဓားရိုးမှနေ၍ သွေးများ မြေပြင်ပေါ်သို့ ယိုစီးကျနေသည်။အလွန်လျင်မြန်စွာဖြင့်ပင် ထိုဓားတစ်လက်လုံး တောက်ပပြီးသန့်ရှင်းသွားကာ မည်သည့်သွေးစသွေးနမျှ မကျန်ရှိတော့ချေ။

ဘုန်း…

ခံတပ်အတွင်းရှိ အစည်းအဝေးခန်းမမှ သံမဏိတံခါးကြီး ရုတ်တရက် ပွင့်သွားသည်။

ခန်းမသခင်ဖြစ်သော ကျင်းခွမ်နှင့်အဆင့်မြင့် လုပ်ကြံသတ်ဖြတ်သူများအားလုံး ထွက်လာကြလေ၏။

“မင်းက သေချင်နေတာလား…”

ကျင်းခွမ်သည် မြေပြင်ပေါ်၌ လဲကျနေသော လုပ်ကြံသတ်ဖြတ်သူများ၏ အလောင်းများကို မြင်တွေ့ချိန်တွင် ဒေါသတကြီး အော်ဟစ် ကြုံးဝါးလိုက်သည်။

သူ၏မျက်လုံးအတွင်း၌ အလင်းတန်းများဖြတ်ပြေးသွားပေ၏။သွေးနက်ခန်းမသည် အစဉ်အမြဲ တခြားသူများ၏ အိမ်တံခါးကိုသာ ဝင်ရောက်ခဲ့သည်။ယခင်က သူတို့အား ဤကဲ့သို့ လာရောက်တိုက်ခိုက်ဝံ့သော တစ်စုံတစ်ယောက် မရှိခဲ့ဖူးချေ။

လုယွီက သူ၏လက်ဝါးကို လှုပ်ရှားလိုက်သည်။

ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးက ရုတ်တရက် မိုးကောင်းကင်ယံမှကျဆင်းလာသည်။

ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ခံတပ်နှင့် နီးကပ်သွားချိန်တွင် လက်ဝါးပုံရိပ်ယောင်ကြီး ကြီးမားကျယ်ပြန့်သွားသည်။

နောက်ဆုံး၌ ထိုရွှေယောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အိမ်တစ်လုံး အရွယ်အစားပမာဏသို့ ပြောင်းလဲသွားပေ၏။

အုန်း…

ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး ကျဆင်းသွားခြင်းနှင့်အတူ ကြီးမာပြီးခိုင်ခံ့သော ခံတပ်ကြီး ပြိုလဲသွားကာ မြောက်များစွာသော ကျောက်စကျောက်နများက အရပ်မျက်နှာ အဘက်ဘက်သို့ ပြန့်ကျဲသွားသည်။

ကျင်းခွမ်၏နောက်သို့ လိုက်နေသော ဂိုဏ်းချုပ်ခုနှစ်ယောက်နှင့် တခြားလုပ်ကြံသတ်ဖြတ်သူများသည် ထိုရွှေရောင်လက်ဝါး ပုံရိပ်ယောင်ကြီး၏ ရိုက်ခတ်ခြင်းကိုခံရကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပြီး မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်မေ့မြောသွားတော့သည်။

ကျင်းခွမ်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဧရာမအမြှောက်ဆန်တစ်ခုအလား လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။

သူ၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးပဲ့ပျက်ဆီးလုမတတ် သူခံစားနေရကာ အနည်းငယ်မျှ မလှုပ်ရှားနိုင်တော့ချေ။

“မင်းက…ဘယ်သူလဲ…”

ကျင်းခွမ်သည် တုန်လှုပ်ခြောက်ခြားမှု ဒေါသထွက်မှုတို့ကြောင့် အော်ဟစ်လိုက်သည်။

သူသည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ရှူံးနိမ့်ခဲ့ရလေ၏။

သို့ရာတွင် သူ့အား ပို၍ တုန်လှုပ်ခြောက်ခြားစေသည်မှာ လုယွီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိအားအရှိန်အဝါလှိုင်းများပင်။

ဤသည်မှာ ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်မည်မှာသေချာသော်လည်း ကျင်းခွမ်သည် သူ့ရှေ့ရှိလူကို မသိရှိချေ။

“မင်းကို သတ်မယ့်သူပဲ…”

လုယွီက သူနှင့်စကားပြောဆို၍ အချိန်ဖြုန်းခြင်း မရှိချေ။သူသည် လက်ကောက်ဝတ်ကို ဝှေ့ရမ်းကာ သူ၏လှုပ်ရှားမှုကို ထပ်မံ၍ ပြောင်းလဲလိုက်သည်။

Chapter 3679

ရုတ်ချည်းဆိုသလိုပင် ကျင်းခွမ်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အခိုးအငွေ့များ လွှမ်းခြုံသွားကာ သူ့အား လေထုအတွင်းသို့ စုပ်ဆွဲလိုက်သည့်အလား ခံစားလိုက်ရသည်။

လုယွီက သူ၏လက်ကို ဆန့်တန်းကာ ကျင်းခွမ်၏နဖူးပေါ်သို့ တင်လိုက်၏။

ထို့နောက် သူသည် စိတ်ဝိဉာဉ် ရှာဖွေခြင်း နည်းစနစ်ကို အသုံးပြုလိုက်သည်။

“အား…”

ရုတ်ချည်းဆိုသလိုပင် ကျင်းခွမ်ထံမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

မှတ်ဉာဏ်အမြောက်အများက လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာပေ၏။

ဤလုပ်ကြံသတ်ဖြတ်သူသည် သူ၏ဘဝတွင် လိမ်လည်လှည့်ဖျားခြင်း လုပ်ကြံသတ်ဖြတ်ခြင်းတို့နှင့်သာ အချိန်အများစုကိုကုန်ဆုံးခဲ့သည်။

လုယွီသည် ဤရှုပ်ထွေးသော မှတ်ဉာဏ်များ အကြားမှနေ၍ ပိုင်ဆုချင်နှင့်ပတ်သက်သောအရာများကို စတင်၍ရှာဖွေခဲ့သည်။

ထို့နောက် ပိုင်ဆုချင်သည် ဖမ်းဆီးခံရခြင်းမရှိဟု သူ ချက်ခြင်းသိရှိသွားပေ၏။

လုယွီသည် သာမာန်ကာလျှံကာဖြင့် ကျင်းခွမ်ကို နံဘေးသို့ ပစ်ချလိုက်သည်။

“ဟား…ဟား…”

“အား…အား…”

ဤအချိန်တခဏတွင် တုတ်ခိုင်သန်မာသော လူထွားကြီးတစ်ယောက်သည် အရူးတစ်ယောက် ဖြစ်သွားသည့်အလားပင်။သူ၏မျက်လုံးများ ဂနာမငြိမ်ဖြစ်နေကာ သူသည် အသိစိတ်ကင်းမဲ့စွာဖြင့် အဆက်မပြတ်အော်ဟစ်နေသည်။

သူသည် အချိန်တခဏကြာခန့် အော်ဟစ်ပြီးနောက် သူ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားသည်။

သူ၏ စိတ်ဝိဉာဉ် ပြိုလဲပျက်စီးသွားကာ သူ၏ ရုပ်ခန္ဓာကိုယ်လည်း သေဆုံးသွားပြီး သူ၏တာအိုလည်း ပျက်ပြယ်သွားလေပြီ။

စိတ်ဝိဉာဉ်ရှာဖွေခြင်းနည်းစနစ်သည် နတ်ဆိုး နည်းစနစ်တစ်ခုပင်။

ဤနည်းစနစ် အသုံးပြုခြင်းခံရသော မည်သူမဆို စိတ်ဝိဉာဉ်သည် အကန့်အသတ်မရှိသော နာကျင်မှုကိုခံစားရကာ ဆိုးဆိုးရွားရွားသေဆုံးရပေမည်။

လန်ဝူရှင်းသည် နံဘေးဘက်မှနေ၍ စောင့်ကြည့်နေခဲ့သည်။

သူသည် ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူ၏ ကျောရိုးတစ်လျောက် ချမ်းစိမ့်လာမှုကို ခံစားရသည်။ထို့နောက် သူ၏နဖူးမှ အေးစက်စက် ဇောချွေးများ ယိုစီးကျလာပေ၏။

“နတ်ဆိုး ကျင့်ကြံသူက ဘယ်သူလဲ…”

လန်ဝူရှင်းသည် ယခင်က လုယွီ၏အကြောင်းကို စုံစမ်းခဲ့ရာတွင် ကွန်ဖြူးရှပ်ကျောင်းတော်သား တစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့ရသည်။သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကျောင်းတော်သားခေါင်းဆောင် ဖြစ်ရုံသာမက စာပေသူတော်စင်ယီဟန်၏ တိုက်ရိုက်တပည့် တစ်ယောက်လည်းဖြစ်သည်။

သို့ရာတွင် ယခု လုယွီအသုံးပြုလိုက်သော နည်းစနစ်သည် သူ ယခင်က သိရှိခဲ့သည့် ကွန်ဖြူးရှပ်ကျောင်းတော်သားများ၏ နည်းစနစ်များနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

ဤနည်းစနစ်အတွင်းတွင် နတ်ဆိုးကျင့်ကြံခြင်း အရိပ်အယောင်များ ကိန်းအောင်းနေပေ၏။

“ဘုန်း…ဘုန်း…ဘုန်း…”

လေးလံသော ခြေလှမ်းသံများက ရုတ်တရက် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဤသည်မှာ အမှန်အားဖြင့် စစ်သားတစ်စု ရုတ်တရက် ပြေးဝင်လာခြင်းပင်။

“အဖြူရောင်တိမ်တိုက် ကြယ်နယ်မြေသခင်က အုပ်ချုပ်သူ အရှင်ကို အရိုအသေ ပြုပါတယ်…”

ပြေးဝင်လာသော အရာရှိသည် သူ၏နဖူးမှ ဇောချွေးများကိုသုတ်ကာ အလျင်စလို အရိုအသေ ပြုလိုက်သည်။

သူသည် လက်ဝဲစစ်တပ်ရုံးတော်မှ အရေးပေါ်ထုတ်ပြန်လိုက်သောအမိန့်ကို လက်ခံရရှိကာ လုယွီရောက်ရှိလာမည်ကို သိရှိထားသည်။

ထို့ကြောင့် သူတရကြမ်း ပြေးလာခဲ့ခြင်း ဖြစ်သည်။သူသည် လက်ဝဲစစ်တပ်နယ်မြေ၏ တပ်မှူးအသစ်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသော်လည်း လုယွီသည် ဝမ်မိသားစုကို ဖျက်ဆီးခဲ့ကြောင်း ကြားသိပြီးဖြစ်ပေ၏။

ဤသတင်းသည် လက်ဝဲစစ်တပ်နယ်မြေတခွင်လုံးအနှံ့ ပျံ့နှံ့နေလေပြီ။

လက်ဝဲစစ်တပ်နယ်မြေတွင် ကြယ်နယ်မြေ သုံးဆယ့်ခြောက်ခုရှိကာ ထိုကြယ်နယ်မြေများ၏အရှင်သခင်တိုင်းသည် ထိတ်လန့်ကြောက်ရွံ့ကာ တုန်လှုပ်ခြောက်ခြားနေကြသည်။

သူတို့သည် လုယွီ သူတို့၏တံခါးများကို လာခေါက်မည်အား စိုးရိမ်ကြောက်ရွံ့နေကြသည်။

“မိုးကောင်းကင်အထွတ်အထိပ် တာအိုဘုရားကျောင်းကို အမြစ်ပြတ်သုတ်သင်ခဲ့တဲ့နေရာမှာ ပါဝင်ခဲ့တဲ့ သွေးနက်ခန်းမနဲ့ တခြားဂိုဏ်းတွေအားလုံးကို ငါ ထပ်ပြီးမမြင်ချင်ဘူး…”

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

“ဟုတ်ကဲ့ပါ အရှင်…”

အဖြူရောင်တိမ်တိုက် ကြယ်နယ်မြေသခင်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သွေးထွက်သံယို ဖြစ်နေသော အလောင်းတစ်လောင်းကို မြင်တွေ့လိုက်ရသည်။

လုယွီ၏ ခြေထောက်နံဘေး၌ အရပ်ရှည်ပြီး တုတ်ခိုင်သန်မာသော အလောင်းတစ်လောင်း ရှိနေလေ၏။

အဖြူရောင်တိမ်တိုက် ကြယ်နယ်မြေသခင်သည် သွေးနက်ခန်းမနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။

အကြည့်တချက်ဖြင့်ပင် အရပ်မြင့်မားပြီး တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ပိုင်ရှင်သည် သွေးနက်ခန်းမသခင် ကျင်းခွမ်ဖြစ်ကြောင်း သူမှတ်မိသွားသည်။

“ကျင်းခွမ် တကယ်ကြီး သေသွားပြီလား…ဖြစ်နိုင်တာတော့ သူက အရှင်လုကို အပြစ် ပြုမိတာများလား…အဲဒီကောင်က တခြား ဘယ်သူ့ကိုမဆို အပြစ်ပြုလို့ရတယ်...ဒါပေမယ့် ဒီ နတ်ဆိုး နတ်ဘုရားကို အပြစ်မပြုမိသင့်ဘူးဆိုတာကို သိမသွားရှာဘူး…”

အဖြူရောင်တိမ်တိုက် ကြယ်နယ်မြေသခင်သည် တိတ်တဆိတ် မှန်းဆလိုက်သော်လည်း သူ၏ စိတ်နှလုံးသား အတွင်း၌ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

သွေးနက်ခန်းမကဲ့သို့ အင်အားစုမရှိတော့ပါက အုပ်ချုပ်ရေးအဖွဲ့၏အခွင့်အာဏာသည် ပို၍ အားကောင်းလာပေမည်။

“ခံတပ်ထဲမှာ ရှိတဲ့လူတွေအားလုံးကို ခေါ်ထုတ်ခဲ့စမ်း…”

ရုတ်ချည်းဆိုသလိုပင် အဖြူရောင်တိမ်တိုက် ကြယ်နယ်မြေသခင်သည် သူ၏လက်ကိုဝှေ့ယမ်းကာ စစ်သားအမြောက်အများကို ခံတပ်အတွင်းသို့ တိုးဝင်သွားစေသည်။

လုပ်ကြံသတ်ဖြတ်ခြင်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သော သွေးနက်ခန်းမသည် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။

ဤဂိုဏ်းသည် လူများကို ထိခိုက်နစ်နာစေသော ပြစ်မှုမျိုးစုံကို ကျူးလွန်ကာ နောက်ကွယ်မှနေ၍ ယုတ်ညံ့သောလုပ်ရပ်များစွာကို ကျူးလွန်ခဲ့သည်။

ဤသည်မှာ တာယွီအင်ပါယာ၏ စည်းမျဉ်းဥပဒေကို ချိုးဖောက်ပြီးဖြစ်သည်။

အကယ်၍ ဤလူများအနက်မှ အများစုသည် အသက်ရှင်သန်လျင်ပင် သူတို့၏ ကျန်ရှိသော ဘဝတစ်လျောက်လုံး အကျဉ်းထောင်အတွင်း၌သာ နေသွားရနိုင်ချေများသည်။

ရုတ်တရက် သွေးနက်ခန်းမ၏ကြီးမားသော ခံတပ်ကြီးတစ်ခုလုံး တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များဖြင့် လောင်ကျွမ်းသွားလေ၏။

ထိုနောက် သွေးနက်ခန်းမအတွင်းရှိ အဆောက်အအုံများအားလုံးကို မီးတောက်များ လွှမ်းခြုံသွားတော့သည်။

ဤတိုက်ပွဲမှအသံများသည် မိုးကောင်းကင်ယံကိုပင် တုန်ခါသွားစေသော်လည်း လုယွီသည် ထိုကိစ္စကို ဂရုစိုက်ရန် အချိန်မရှိချေ။

ပိုင်ဆုချင်သည် ဤနေရာ၌ ရှိမနေသောကြောင့် သူမ လုံခြုံသည်ဖြစ်စေ မလုံခြုံသည်ဖြစ်စေ သူ တွေ့အောင် ရှာဖွေရပေမည်။

“လန်ဝူရှင်း… ငါ့ကို ကာကွယ်ပေးစမ်း…”

လုယွီသည် လုံခြုံစိတ်ချရသော နေရာတစ်နေရာကို ရှာဖွေပြီးနောက် သူ၏လက်အတွင်း၌ ကြယ်နှင့်လ၏ အသွင်ပုံစံပေါ်ထွက်လာ၏။

သူသည် ကံကြမ္မာစွမ်းအားကို စတင်၍ လှည့်ပတ်လိုက်၏။

Chapter 3680

ဤသည်မှာ လုယွီ ကံကြမ္မာစွမ်းအားကို အသုံးပြုသော အကြိမ်အနည်းငယ်အနက်မှ တစ်ကြိမ်ပင်။

လုယွီ၏ရှေ့၌ ကြယ်ရောင်အလင်း အစက်အပြောက်များ ထွက်ပေါ်လာသည်။

ထိုအရာများသည် တောက်ပပြီးတဖျက်ဖျက်လက်နေကာ မြောက်များစွာသော ကံကြမ္မာလမ်းကြောင်းများအဖြစ် အသွင်ပြောင်းလဲသွားသည်။

သာမန် နိမိတ်ဖတ်သူများနှင့် မတူညီဘဲ မိုးကောင်းကင် နယ်မြေအတွင်းရှိ ကံကြမ္မာဆရာသခင်များသည် လျှို့ဝှက်ကံကြမ္မာဟောကိန်းများကို ထုတ်ဖော်နိုင်ကြသည်။

ကံကြမ္မာလမ်းကြောင်း ခြောက်ဆယ့်လေးခုမှ တဖြေးဖြေးဆင့်ကဲ ပွားများလာကာ ထိုအရာများမှ ဖော်ထုတ်ပေးနိုင်သော ကံကြမ္မာဟောကိန်းသည် သာမာန် နိမိတ်ဖတ်ပညာရှင်များ၏ ဟောပြောချက်ထက် များစွာ သိသာရှင်းလင်းပေ၏။

မိုးနှင့်မြေအကြားရှိ ကံကြမ္မာလမ်းကြောင်းများသည် လောကကြီးအတွင်း၌ လျို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သော အရာများပင်။

သေးငယ်သောအပြောင်းအလဲကပင် မတူကွဲပြားသော ကံကြမ္မာလမ်းကြောင်းအမျိုးမျိုး၏ ကြီးမားသောပြောင်းလဲမှုကို ရလဒ်အဖြစ် ထွက်ပေါ်စေနိုင်သည်။

လုယွီသည် သူ၏မျက်လုံးကို စုံမှိတ်ကာ ကံကြမ္မာလမ်းကြောင်းများကို စတင်၍လှည့်ပတ်လိုက်သည်။

ထိုကံကြမ္မာလမ်းကြောင်းများက သူ၏မျက်လုံးရှေ့၌ အဆက်မပြတ် ပြောင်းလဲနေသည်။

ထိုအရာများသည် တည်ငြိမ်နေခြင်း မရှိချေ။

ကံကြမ္မာတာအိုကို နားလည် သဘောပေါက်ရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ်မဟုတ်ပေ။

လုယွီ၏ အသက်စွမ်းအားများ အရူးအမူး လောင်ကျွမ်းနေသော်လည်း သူသည် စိုးရိမ်ပူပန်ခြင်း မရှိချေ။

သူသည် သက်ရှည်သစ်သီးကို စားသုံးပြီးနောက် ဤကဲ့သို့ ကုန်ဆုံးမှုကို တောင့်ခံနိုင်ရန်အတွက် လုံလောက်သော ဘဝသက်တမ်းရှိသည်။

လက်ဝဲစစ်တပ်နယ်မြေ ကြယ်နယ်မြေ သုံးဆယ့်ခြောက်ခုအနက်မှ ယွဲ့ဖူကြယ်နယ်မြေ ပေါ်တွင် ထိုက်ရှန်တောင်ဟု အမည်ရသည့် အလွန်မြင့်မားသော တောင်တစ်လုံးရှိသည်။

ရွှေအလင်းဘုရားကျောင်းသည် ထိုက်ရှန်တောင်ထိပ်၌ တည်ရှိကာ ဘုရားကျောင်း၏ အရွယ်အစားမှာ အလွန်ကြီးမားသည်။

ဤနေရာတွင် နေအိမ်အဆောက်အအုံ သုံးရာ ဧည့်သည်အဆောင် တစ်သောင်းကျော်ရှိကာ မြောက်များစွာသော ခေါင်းလောင်းမျှော်စင်များ ဗုဒ္ဓဘုရားကျောင်းများ အမွှေးတိုင်ထွန်းညှိပူဇော်ခန်းများနှင့် သိုင်းပညာယှဉ်ပြိုင်ရေးကွင်းများ တည်ရှိသည်။

ဒေါင်…

လျှို့ဝှက်ဆန်းကြယ်သော ခေါင်းလောင်းသံတစ်သံက ဘုရားကျောင်းမှ ပဲ့တင်ထပ်လာသည်။

ဤခေါင်းလောင်းသံ မြည်ဟီးလာသည့်အချိန်၌ ကျယ်လောင်သည့် အော်သံများက ပတ်ဝန်းကျင်အနှံ့ မြည်ဟိန်းသွားသည်။

ဤသည်မှာ ရွှေအလင်းဘုရားကျောင်းရှိ ဘုန်းတော်ကြီးများ ကျင့်ကြံနေခြင်းပင်။

သူတို့၏ သွေးချီများသည် နဂါးများနှင့်တူညီကာ အစွမ်းထက်သောသွေးချီများက တိမ်တိုက်များအတွင်းသို့ ထိုးတက်သွားသည်။

သောင်းနှင့်ချီသောဘုန်းတော်ကြီးများ နေ့ရောညပါ ကျင့်ကြံနေခြင်းကြောင့် စိတ်ဝိဉာဉ်စွမ်းအားများသည် မိုးကောင်းကင်ယံအတွင်း၌ အဆက်မပြတ် လှည့်ပတ်နေသည်။

အမွှေးတိုင် ထွန်းညှိပူဇော်ခြင်းများသည်လည်း ညအချိန်ထိထိုင် မပျက်မကွက်ရှိနေသဖြင့် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ထိုမွှေးရနံ့များကို ရှုရှိုက်ရပေမည်။

ပိုင်ဆုချင်သည် ဘုန်းတော်ကြီး၏ ရွှေအလင်းဘုရားကျောင်းသို့ ခေါ်ဆောင်သွားခြင်းခံရပြီးနောက် အိမ်တစ်လုံးအတွင်း၌ အကျယ်ချုပ် ခံထားရပေသည်။

ဘုန်းတော်ကြီးနှစ်ပါးသည် သူမကို စောင့်ကြပ်နေလေ၏။

သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများအားလုံးကို အားလှိုင်းတစ်ရပ်ဖြင့် ချိပ်ပိတ်ထားကြောင်း သူမ ခံစားမိသည်။

သူမ၏ မှော်စွမ်းအားများကို လှည့်ပတ်ရန် ပြင်ဆင်သည့်အချိန်တိုင်း ရှင်းမပြနိုင်သော နာကျင်မှုက သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာသည်ကို ခံစားမိပေ၏။

ထိုလျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းသည် သူမ၏ မှော်စွမ်းအားများကို ချိပ်ပိတ်ထားရုံသာမက သူမ၏နတ်ဘုရားစိတ်အာရုံကိုလည်းပိတ်ဆို့ထားသည်။

ဘုန်းတော်ကြီးများထံမှနေ၍ ဤနေရာသည် ရွှေအလင်းဘုရားကျောင်းဖြစ်ပြီး သူမကို ခေါ်ဆောင်လာသူသည် ရွှေအလင်းဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်သော ဆရာတော်ပုဟွေဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။

ထိုဘုန်းတော်ကြီးများသည် ပိုင်ဆုချင်အပေါ် အလွန် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပေ၏။

သူတို့သည် သူမကို ကုသရန်အတွက် ဆေးလုံးများပေးကာ သူမအတွက် အစားအစာများလည်း ပြင်ဆင်ပေးသည်။

သို့ရာတွင် သူတို့သည် ပိုင်ဆုချင်၏ မေးခွန်းများကို ဖြေဆိုရန်ကိုမူ လစ်လျူရှုထားသည်။

ပိုင်ဆုချင်သည် တာအိုကျင့်ကြံသူတစ်ယောက် ဖြစ်သဖြင့် ဗုဒ္ဓကျင့်ကြံခြင်းလမ်းကြောင်းနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။

သူမ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိချေ။

ကျမ်းစာ ရွတ်ဖတ်သံများက သူမ၏ နံဘေးဝန်းကျင်တွင် အဆက်မပြတ် ပဲ့တင်ထပ်နေသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူမသည် စိတ်အေးချမ်းမှုကို မခံစားရချေ။

ထိုအစား ဤသည်မှာ သူမအား ပို၍ စိုးရိမ်ပူပန်လာစေသည်။

အချိန်အတော်ကြာပြီးနောက် ပိုင်ဆုချင်ရှေ့ရှိ အခန်းတံခါး တွန်းဖွင့်ခြင်း ခံလိုက်ရသည်။

ဘုန်းတော်ကြီးတစ်ပါး အတွင်းသို့ဝင်လာကာ သူသည် ပိုင်ဆုချင်ကိုမြင်သည်နှင့် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်။

“ဒကာမလေး… ကျောင်းထိုင်ကိုယ်တော်က မင်းကို ဖိတ်ကြားခိုင်းလိုက်တယ်…”

ထိုဘုန်းတော်ကြီး၏ နောက်မှလိုက်၍ ပိုင်ဆုချင်သည် ဘုရားကျောင်းများကို ဖြတ်သန်းကာ ရွှေအလင်းဘုရားကျောင်း၏ နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားခဲ့သည်။

လမ်းတလျောက်လုံး၌ ပိုင်ဆုချင်သည် အစွမ်းထက်သော အရှိန်အဝါအမြောက်အများက သူမ၏မျက်နှာပေါ်သို့ လာရောက်ရိုက်ခတ်သည်ကို ခံစားမိသည်။

ဤတိတ်ဆိတ်ငြိမ်သက်သော တရားကျင့်ကြံ‌ရေးခန်းမများသည် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်သည့် မှော်သားရဲများ ရှိနေသောလှောင်အိမ်များနှင့် တူညီနေသည်။

သူမ၏ ဆရာသခင် ရွှယ်ချင်၏ခွန်အားပင်လျင် ဤနေရာရှိ ဘုန်းတော်ကြီးများကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု သူမ ခံစားမိသည်။

ရွှေအလင်းဘုရားကျောင်းသည် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ ထိပ်သီးအင်အားစုသုံးစုအနက်မှ တစ်ခုပင်။

သူတို့ထံတွင် ဤကဲ့သို့ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်မှာ အံ့အားသင့်စရာ မရှိချေ။

သူမ၏ ပတ်ဝန်းကျင်သို့ ရောက်ရှိလာသော အစွမ်းထက်အရှိန်အဝါများသည် သူမအား တိတ်တဆိတ် လေ့လာဆန်းစစ်နေသည်ကို ပိုင်ဆုချင်က အာရုံခံမိသည်။

သို့ရာတွင် သူမသည် အနည်းငယ်ကူကယ်ရာမဲ့ ဖြစ်နေသကဲ့သို့ ခံစားမိလေ၏။

ဘုန်းတော်ကြီးနှစ်ပါးသည် တစ်ယောက်ကရှေ့ တစ်ယောက်ကနောက်မှနေ၍ သူမကို စောင့်ကြည့်နေကြသည်။

သူတို့သည် သူမထွက်ပြေးနိုင်ရန်အတွက် မည်သည့် အခွင့်အရေးကိုမျှ မပေးချေ။

သူတို့သည် ပင်မခန်းမရှေ့သို့ ရောက်ရှိပြီးနောက် ရပ်တန့်လိုက်သည်။

ထိုဘုန်းတော်ကြီးသည် တံခါးရှေ့၌ ဟန့်တားပြီးနောက် ပိုင်ဆုချင်ကို “ကျေးဇူးပြု၍” ဟုအဓိပ္ပါယ်ရသော လက်ဟန်သင်္ကေတမျိုးကို ပြုလုပ်ပြသည်။

Chapter 3681

ပင်မခန်းမသည် ရွှေအလင်းဘုရားကျောင်းအတွင်း၌ အကြီးမားဆုံးဗုဒ္ဓခန်းမဖြစ်ကာ ဘုရားကျောင်း၏ အဓိကနေရာများအနက်မှ တစ်ခုလည်းဖြစ်သည်။

ပိုင်ဆုချင်သည် ခန်းမတံခါးကို တွန်းဖွင့်ပြီးနောက် သူမ၏ရှေ့၌ ရွှေရောင်ဗုဒ္ဓဆင်းတုတော်တစ်ဆူ ပေါ်လာသည်။

ထိုရုပ်ပွားတော်သည် လက်တစ်ဖက်ကိုမြှောက်၍ မုဒြာတစ်ခုကို ပြုလုပ်ထားကာ တည်ကြည်လေးနက်ပြီး မြင့်မြတ်သည့် ပုံသဏ္ဍာန်ရှိသည်။

ထို့နောက် ဗောဓိသတ္တရုပ်ပွားတော်များနှင့်ဘုန်းတော်ကြီးတစ်ချို့၏ ရုပ်ထုများလည်း ဤနေရာတွင် ရှိနေသည်။

ဤဗုဒ္ဓရုပ်ပွားတော်များမှနေ၍ ရွှေရောင် အလင်းတန်းများ တောက်ပနေကာ ညအချိန်တွင်ပင် လင်းလက်နေပေမည်။

ထိုရုပ်ပွားတော်၏ရှေ့တွင် အလွန်ကြီးမားသော ခရမ်းရွှေရောင် အမွှေးတိုင်အိုး တစ်အိုး ရှိသည်။

ထိုအရာအတွင်းတွင် ထူထပ်သိပ်သည်းသော အမွှေးတိုင်များနှင့် ပြည့်နှက်နေကာပတ်ဝန်းကျင် တစ်ဝိုက်၌ စန္ဒကူးနံ့သာနံ့ဖြင့် ပြည့်နှက်နေသည်။

ခန်းမအတွင်း၌ ဘုန်းတော်ကြီး ရှစ်ရာခန့် ထိုင်နေသည်။

သူတို့အနက်မှ တဝက်သည် စာပေပညာရှင် ဘုန်းတော်ကြီးများဖြစ်ကာ တခြားတစ်ဝက်သည် သိုင်းပညာရှင်ဘုန်းတော်ကြီးများဖြစ်သည်။

ထိုဘုန်းတော်ကြီးများအားလုံးသည် သူတို့၏ခေါင်းများကို ငုံ့ထားကာ ကျမ်းစာများကို ရွတ်ဆိုနေကြလေ၏။

“ဒကာမလေး… မင်းရောက်လာပြီလား…”

အဓိကထိုင်ခုံနေရာ၌ ထိုင်နေသော ပုဟွေသည် ပိုင်ဆုချင် ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။

တခြား ဘုန်းတော်ကြီးများသည်လည်း ကျမ်းစာ ရွတ်ဖတ်နေမှုကို တပြိုင်နက်တည်း ရပ်တန့်လိုက်ကြသည်။

သူတို့သည် အမှန်တကယ်ကို မတ်တပ်ထရပ်ကာ ပိုင်ဆုချင်ကို ရိုသေလေးစားစွာ ဦးညွတ် အရိုအသေပြုလိုက်ကြ၏။

ထို့နောက် သူတို့သည် နံဘေး တစ်ဖက်တချက်သို့ ဆုတ်ခွာလိုက်ကြသည်။

ဤအပြုအမူသည် အလွန် ထူးခြားနေပေ၏။

ဤမြင်ကွင်းသည် အလွန်ထူးခြားသည်ဟု ပိုင်ဆုချင်သည် အလွန် ကူကယ်ရာမဲ့စွာ ခံစားမိသည်။

ဤဘုန်းတော်ကြီးများသည် သူမကို ထူးဆန်းပြီး ရူးသွပ်စွဲလန်းသောအကြည့်များဖြင့် ကြည့်နေကြသည်။

ဤသည်မှာ ပိုင်ဆုချင်ကို အလွန်အမင်း စိတ်သက်တောင့်သက်သာ မရှိစေသကဲ့သို့ ခံစားရစေသည်။

သို့ရာတွင် ယခုအချိန်၌ သူမသည် ရွှေအလင်းဘုရားကျောင်း၌ရောက်ရှိနေကာအကျယ်ချုပ် ချခံထားရလေ၏။

သူမသည် လှောင်အိမ်အတွင်းမှ ငှက်တစ်ကောင်အလား ဖြစ်နေကာ မည်သည့်ကိစ္စကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိချေ။

အရာအားလုံးသည် တဖက်လူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည်။

“ဆရာတော်ရဲ့ ကူညီပေးမှု့အတွက် ကျမ ကျေးဇူးတင်ပါတယ်…ကျမက ကျေးဇူးတင်စကား သေချာမပြောရသေးဘူး…ဒါပေမယ့် ဆရာတော်က ကျွန်မကို ဘာလို့ ရွှေအလင်းဘုရားကျောင်းအထိ အတင်း ဆွဲခေါ်လာတယ်ဆိုတာကို ကျွန်မမ ခုထိ မသိရသေးဘူး…”

ပိုင်ဆုချင်သည် သူမ၏ စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံ့မှုကို ထိန်းချုပ်ကာ သူမ၏ ပါးစပ်ကို ဖွင့်ဟ၍ မေးမြန်းလိုက်သည်။

ပုဟွေ၏ မျက်နှာ၌ အပြုံးတစ်ခု ထင်ဟပ်လာကာ ပြောဆိုသည်။

“ဒကာမလေး အရမ်းစိတ်လှုပ်ရှားနေစရာ မလိုပါဘူး…ဒီနွမ်းပါးတဲ့ ဘုန်းတော်ကြီးက အဲဒီလူရမ်းကားတွေလို မင်းကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး…မင်းရဲ့ ဒဏ်ရာတွေ ကောင်းးလာပြီလားဆိုတာ ငါသိချင်မိတယ်…"

ပိုင်ဆုချင်က ခေါင်းငြိမ့်ပြလိုက်၏။

“ကျွန်မရဲ့ ဒဏ်ရာတွေက အခြေခံအားဖြင့်တော့ ပျောက်ကင်းသွားပါပြီ…ဆရာတော်ပေးအပ်တဲ့ ဆေးလုံးတွေ​ကို ကျေးဇူးတင်ရမယ်…ကျွန်မမှာ ကိစ္စတစ်ချို့ ဆောင်ရွက်စရာ ရှိနေတယ်…ဒါကြောင့် ဆရာတော်က ကျွန်မကို တောင်အောက်ကိုဆင်းခွင့်ပြုမယ်လို့ ကျွန်မ မျှော်လင့်တယ်…”

ပုဟွေသည် ပိုင်ဆုချင်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သူရဲ့ခေါင်းကို ခါရမ်းလိုက်၏။

“ဒကာမလေးက ခုထိ အပြည့်အဝ ပြန်မကောင်းသေးဘူး…ဘာလို့ ငါတို့ရဲ့ ကျမ်းစာရွတ်ဖတ်တာကို နားမထောင်တာလဲ…ဗုဒ္ဓကျမ်းစာတွေက ဒီလောကကြီးထဲမှာ ဒဏ်ရာကုသတဲ့နေရာမှာ သက်ရောက်မှု အရှိဆုံးပဲ…ဒါကြောင့် မင်းရဲ့ဒဏ်ရာတွေကို ပြန်ကောင်းမွန်စေဖို့ သက်ရောက်မှုတစ်ခုရှိလိမ့်မယ်…”

သူသည် ငြင်းဆန်နေဆဲပင်။ပုဟွေသည် ပိုင်ဆုချင်ကို ငြင်းဆန်ရန် မည်သည့်အခွင့်အရေးမျှ မပေး‌ချေ။

သူသည် ယဉ်ကျေးသိမ်မွေ့စွာ စကားပြောဆိုနေသော်လည်း သူ၏စကားလုံးများတွင် ခြိမ်းခြောက်မှုများနှင့် ပြည့်နှက်နေသည်။

ပိုင်ဆုချင်သည် သူမ၏ မျက်လုံးထောင့်ကို အသုံးပြုကာ လက်ရှိနေရာတွင် ရှိနေသော ဘုန်းတော်ကြီးများကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

ဤဘုန်းတော်ကြီးများ အားလုံးသည် ထိုင်နေသော်လည်း သူတို့၏အကြည့်များအားလုံးသည် သူမထံတွင်သာ ကျရောက်နေသည်ကို သူမ ရှာဖွေတွေ့ရှိလိုက်ရသည်။

ရာနှင့်ချီသောအကြည့်များက ပိုင်ဆုချင်ပေါ်သို့ ကျရောက်နေသည်။

ဤအချိန်တွင် ပိုင်ဆုချင်သည် သူမ၏နောက်၌ အလင်းတန်းတစ်တန်း ရှိနေသည့်အလား ထောင့်တစ်နေရာတိုင်းတွင် အန္တရာယ် ပုန်းခိုနေသည်ကို ခံစားမိလေ၏။

သူမသည် ထွက်ပြေးနိုင်စွမ်း ရှိမည်မဟုတ်ချေ။

“ကောင်းပြီလေ ဒါဆိုရင်လည်း ကျွန်မက ဆရာတော်ကို ဒုက္ခပေးရတော့မယ်…”

ပိုင်ဆုချင်သည် သက်ပြင်းတချက်ရှိုက်ကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

ပုဟွေသည် ပိုင်ဆုချင်၏ ပူးပေါင်းဆောင်ရွက်မှု့ကို မြင်တွေ့ချိန်တွင် ပြုံးလိုက်၏။

ထိုနောက်သူသည် အဓိက ထိုင်ခုံနေရာသို့ လျောက်လှမ်းသွားကာ သူ၏လက်ကိုမြှောက်၍ သစ်သားငါးရုပ်ကို တီးခေါက်လိုက်သည်။

ဒုန်း…ဒုန်း…ဒုန်း…

ဘုန်းတော်ကြီးများအားလုံးသည်လည်း ဗုဒ္ဓကျမ်းစာများကို စတင်၍ ရွတ်ဆိုလိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် ရွှေအလင်း ဘုရားကျောင်း တစ်ကျောင်းလုံး ကျမ်းစာရွတ်ဖတ်သံများဖြင့် ဆူညံနေတော့သည်။

ပိုင်ဆုချင်သည် မြေပြင်ပေါ်၌ ပလင်ခွေထိုင်ကာ ဗုဒ္ဓကျမ်းစာများကို နားထောင်နေခဲ့သည်။

ရုတ်တရက် သူမ၏ခေါင်း မူးဝေလာသည်ကို သူမ ခံစားမိလေ၏။

“ဒါက ဘာလို့ဖြစ်တာလဲ ငါ အရမ်း ပင်ပန်းနေလို့များလား…”

ပိုင်ဆုချင်သည် သူမ၏ခေါင်းကို ခါယမ်းကာ မောပန်းနွမ်းနယ်မှု အရိပ်အယောင်များက သူမ၏ မျက်ခုံးနှစ်ခုကြား၌ ထင်ဟပ်လာသည်။

သူမ၏ ပါရမီအရည်အချင်းသည် အလွန်ကောင်းမွန်ကာ အလွန်အမင်းလျှင်မြန်သော အရှိန်ဖြင့် မြေကမ္ဘာအင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။

သူမ၏ စိတ်ဝိဉာဉ်စွမ်းအားသည်လည်း အလွန်အမင်းသန်စွမ်းကာ ရက်ပေါင်းများစွာ ကြာသည်အထိ သူမ မအိပ်ဘဲနေနိုင်သည်။

သို့ရာတွင် သူမထွက်ပြေးခဲ့စဉ် လမ်းတလျောက်၌ တွေ့ကြုံခဲ့ရသော ခက်ခဲပင်ပန်းမှုများသည် စကားလုံးဖြင့်ပင် ရှင်းပြနိုင်သော တစ်စုံတစ်ခု မဟုတ်ချေ။

လမ်းတလျောက်လုံး၌ သူမသည် လျှို့ဝှက်နည်းစနစ်များကို အဆက်မပြတ်အသုံးပြုခဲ့ရသည်။

သူမ၏ မှော်စွမ်းအားများ ကုန်ခမ်းသွားယုံသာမက သူမ၏ စိတ်စွမ်းအားသည်လည်း တစ်ဝက်ခန့် ပျက်ပျယ်သွားလေပြီ။

အနာဂါတ်ရှိ အတုအယောင် အင်မော်တယ်များသည် အစစ်အမှန် အင်မော်တယ်များနှင့်မတူညီပဲ ပင်ပန်း နွမ်းနယ်မှုဒဏ်ကို များစွာ ခံနိုင်ရည်မရှိချေ။

ပိုင်ဆုချင်သည် သူမ၏မျက်ခွံများ တစ်စတစ်စ ပို၍ လေးလံလာသည်ကို ခံစားမိလေသည်။

ပတ်ဝန်းကျင်ရှိ မြင်ကွင်းများအားလုံးလဲ မှုန်ဝါးစ ပြုလာပေ၏။

လောကကြီးတစ်ခုလုံး ချာချာလည်လာကာ ပြင်းထန်သော မူးဝေမှုက သူမ၏ခေါင်းကို လာရောက် ရိုက်ခတ်သည်။

All Chapters