အခန်း (၃၆၈၆-၃၆၈၉)
Vol. 188 Ch. 3686-3689
Chapter 3686
ပင်မခန်းမအတွင်း၌ ပိုင်ဆုချင်သည် ဗုဒ္ဓရုပ်ပွားတော်၏ရှေ့သို့ ဆွဲခေါ်သွားခြင်းခံရကာ သူမသည် ဒူးထောက်နေရလေ၏။
သူမ၏ခန္ဓာကိုယ်ကို မှော်မန္တန်များဖြင့် လုံးလုံးလျားလျား ချုပ်နှောင်ထားသည်။သူမသည်မှော်မန္တန်တစ်ခု ကိုရွတ်ဆိုရန်မဆိုထားနှင့် သူမ လမ်းလျှောက်နိုင်ရန်ပင် အလွန်အမင်းခက်ခဲနေသည်။
ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးများအားလုံးသည် ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ပိုင်ဆုချင် ကိုစူးစိုက်၍ကြည့်နေကြသည်။ သူမအား သူတို့၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခွင့်မပြုချေ။
မြင့်မားသော ဗုဒ္ဓရုပ်ပွားတော်ကြီးသည်မားမားမတ်မတ် တည်ရှိနေကာ မျက်နှာတော်ပေါ်တွင် မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိနေပုံမရချေ။ဤဗုဒ္ဓရုပ်ပွားတော်ထံမှနေ၍ မည်သည့်သနားကြင်နာမှုမျိုးကိုမျှ ခံစားရမည်မဟုတ်ဘဲထိုအရာတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့်သာ ပြည့်နှက်နေသည်။
"ငါကဗုဒ္ဓဂိုဏ်းကို ဘယ်တုန်းကမှ ရန်မစခဲ့ဘူး...ငါ့ကိုဘာလို့ ဒီနေရာမှာ ချုပ်နှောင်ထားတာလဲ"
ပိုင်ဆုချင်၏ ဆံပင်များ လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေကာသူမ၏နဖူးပေါ်တွင် သွေးများဖြင့်ပြည့်နှက်နေသည်။
သူမသည် အဓိကခေါင်းဆောင်နေရာ၌ ထိုင်နေသော ဆရာတော်ပုဟွေကိုကြည့်ကာဘစကားတစ်လုံးချင်း မေးမြန်းလိုက်၏။
ပုဟွေသည် သူ၏လက်ဝါးနှစ်ဖက်ကိုပူးကပ်ကာ ဗုဒ္ဓမှော်မန္တန်များကို ရွတ်ဆိုနေလေသည်။
"တကာမလေးက ငါတို့ဗုဒ္ဓနဲ့ ကံကြမ္မာဆက်စပ်နေတယ်...မင်းရဲ့ခန္ဓာကိုယ်က ငါတို့ဂိုဏ်းရဲ့ရွှေအလင်းဗုဒ္ဓဘုရားလောင်းအတွက် အခွံဖြစ်ဖို့အရမ်းသင့်လျော်တယ်...ဒီနွမ်းပါးတဲ့ဘုန်းတော်ကြီးက မင်းကို အခွင့်အရေးကောင်းတစ်ခုပေးမယ်...ဒါကမင်းအတွက်ကောင်းတဲ့ကိစ္စပဲ"
"ဗုဒ္ဓက မင်းရဲ့ခန္ဓာကိုယ်ကိုယူပြီးလို့ရှိရင် မင်းရဲ့စိတ်ဝိညာဥ်က ဗုဒ္ဓလောကရဲ့သုခဘုံကမ္ဘာထဲကိုရောက်သွားလိမ့်မယ်....အဲဒီနေရာမှာ ဘာမှ စိုးရိမ်ပူပန်စရာမရှိဘူး...အဲဒီအချိန်ကနေစပြီးတော့ မင်းက လောကီနယ်ပယ်နဲ့ ကင်းကွာတဲ့နေရာကို အမှန်တကယ် တက်လှမ်းသွားနိုင်လိမ့်မယ်...လူဘယ်လောက်များများမင်းကိုမနာလိုအားကျဖြစ်နေမယ်ဆိုတာငါမသိဘူး"
ဤဘုန်းတော်ကြီးပုဟွေ၏ စကားများသည်သနားကြင်နာပြီး ဂရုဏာနဲ့ပြည့်စုံမှုရကာ သူပြောဆိုသမျှ အရာရာတိုင်းသည် ပိုင်ဆုချင်အတွက်ဖြစ်ပုံပင်။
သို့ရာတွင် ပိုင်ဆုချင်သည် ထိုစကားကိုကြားချိန်တွင် သူမ၏နှလုံးသား တုန်ရီလာသည်ကို ခံစားရကာ ဆိုးဝါးသောစိတ်ခံစားချက်တစ်ခုကသူမ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာသည်။
သူတို့သည် သူမ၏ခန္ဓာကိုယ်ကို အပိုင်စီးရန်ကြိုးစားနေလေပြီ။
"ငါက နင်တို့ဗုဒ္ဓနဲ့ ဘာကံကြမ္မရေစက်မှမရှိဘူး"
ပိုင်ဆုချင်က ခိုင်မာပြတ်သားစွာ ပြောဆိုသည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ မြောက်မြားစွာသောစိတ်ခံစားချက်များ အတူတကွရောယှက်နေကာ အလွန်အမင်းဖရိုဖရဲဖြစ်နေသည်။
သူမသည် မူလက သွေးနက်ခန်းမ၏လက်အတွင်းမှ လွတ်မြောက်ပြီဟုတွေးထင်ခဲ့သည်။သို့ရာတွင်သူမသည် ဝံပုလွေ၏လက်အတွင်းမှလွတ်မြောက်ကာ ကျားခံတွင်းသို့ တစ်ဖန်ပြန်၍ဝင်ရောက်မိမည်ဟု သူမ မျှော်လင့်မထားမိချေ။
မမျှော်လင့်ဘဲ ဆရာတော်ပုဟွေသည်ပိုင်ဆချင်၏စကားများကိုကြားချိန်တွင် သူ၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဤသည်မှာ နောက်ကျိနေသောရေအလားဖြစ်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ဗုဒ္ဓရဲ့ရှေ့မှာ မရိုင်းပြစမ်းနဲ့"
မူလက ပုဟွေ၏မျက်နှာပေါ်တွင် သနားကြင်နာတတ်သောအမူအရာမျိုး ရှိနေဆဲပင်။သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် သူ့၏မျက်နှာဒေါသထွက်နေသော အမူအရာအဖြစ်သို့ပြောင်းလဲသွားလေ၏။
သူသည် ဗာဂျရာတောင်ဝှေးတစ်ချောင်းကိုထုတ်ယူကာ ပိုင်ဆုချင်၏နူးညံ့ချောမွတ်သောလက်မောင်းအတွင်းသို့ ထိုးစိုက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ထိုတောင်ဝှေးထိုးစိုက်ခံရသည့်နေရာမှနေ၍ သွေးများယိုစီးကျလာသည်။
ပိုင်ဆုချင်သည် မျက်မှောင်ကြုတ်ကာ စူးရှသောနာကြင်မှုကို ခံစားမိသည်။
ဖောက်...ဖောက်....
သွေးစက်များက ခွက်တစ်လုံးအတွင်းသို့ ကျဆင်းသွားသည်။
ပုဟွေသည် ဘာသာတရားအလွန်ကိုင်းရှိုင်းသော ယုံကြည်သက်ဝင်တစ်ယောက်အလားပင်။သူသည် ခွက်ကို ရိုသေလေးစားစွာကိုင်တွယ်ကာ ဗုဒ္ဓရုပ်ပွားတော်၏ရှေ့သို့ပို့ဆောင်လိုက်၏။
ခန်းမ၏နံဘေးဝဲယာတွင် တိတ်ဆိတ်ငြိမ်သက်နေသောရုပ်တုများရှိကာ သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေပုံရသည်။သို့ရာတွင် ထိုပန်းကန်လုံးကို ဗုဒ္ဓရုပ်ပွားတော်ကြီး၏ရှေ့သို့ချထားလိုက်သည်နှင့် ဗုဒ္ဓရုပ်ပွားတော်များအားလုံးထံမှနေ၍ တုန်ရီနေသောအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာပေ၏။
ရုပ်တုတစ်ခုချင်းစီထံမှနေ၍ ဗုဒ္ဓအလင်းတန်းများတောက်ပလာသည်။ထိုရုပ်ထုများ၏မျက်နှာပြင်ကို ရွှေရောင်အလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားပုံရကာ အရပ်မျက်နှာအဘက်ဘက်သို့ ဖြာထွက်သွားသည်။ဤအလင်းတန်းများသည် အလွန်စူးရှသဖြင့် လူအများ၏မျက်လုံးများကို ကျိမ်းစပ်သွားစေသည်။
ရဟန္တာရုပ်တုများမှာစ၍ ဗုဒ္ဓရုပ်ပွားတော်များအထိ ရုပ်တုများအားလုံး သူတို့၏မျက်လုံးများကို တစ်ပြိုင်နက်တည်းဖွင့်လိုက်ကြသည်။
ရွှေရောင်ဗုဒ္ဓအလင်းတန်းများသည် ပုဂံလုံးအတွင်းရှိ သွေးများထံ၌စုဝေးသွားလေ၏။
ဤသည်မှာ အလွန်အမင်းအံ့အားသင့်ဖွယ်ကောင်းသောကိစ္စပင်။လက်ရှိနေရာတွင်ရှိနေသော ဘုန်းတော်ကြီးများအားလုံး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်းတုန်လှုပ်ချောက်ချားခြင်းတို့နှင့် ပြည့်နှက်နေသည်။
ပုဟွေသည်လည်း သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တုန်လှုပ်ချောက်ချားသွားသည်။သူပြင်ဆင်ခဲ့သောဆက်သမှုသည် ဗုဒ္ဓလောကမှ မြင့်မြတ်သောတည်ရှိမှုကြီးများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်ဟု သူမျှော်လင့်မထားမိချေ။
သူသည်အလျင်အမြန်ဒူးထောက်လိုက်သော်လည်း သူ၏စိတ်အတွင်း၌ မည်ကဲ့သို့ဆက်လုပ်ရမည်ကိုမသိတော့ချေ။သူသည်သူ့၏ရွှေအလင်းဘုရားကျောင်းမှ ဝတ်ပြုကိုးကွယ်သော ရွှေအလင်းဗုဒ္ဓဘုရားလောင်းကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ရွှေအလင်းဗုဒ္ဓဘုရားလောင်းရုပ်ထုတွင် ကြီးမားသော်သွားစွယ်နှစ်ခုရှိကာ ကြည့်ရသည်မှာ နတ်ဆိုးဝိညာဉ်တစ်ကောင်နှင့် တူညီသည်။သူသည် လက်ယာဘက်လက်သီးကိုဆုပ်ထားကာ သူ၏လက်ဝဲဘက်လက်အတွင်း၌ နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးကိုကိုင်ဆောင်ထားသည်။သူ့၏နောက်ကျောတွင် တောက်ပသော အလင်းဘီးကြီးတစ်ခုရှိနေသည်။
ထိုအလင်းဘီးလည်ပတ်သည့်အချိန်တိုင်း ဗုဒ္ဓကျမ်းစာရွတ်ဆိုသည့်အသံများက ကြီးကျယ်ခမ်းနားစွာဖြင့် တည်ကြည်လေးနက်စွာ ထွက်ပေါ်နေသည်။
သူသည် ဗုဒ္ဓ၏လက်အောက်မှ ရွှေအလင်းဗုဒ္ဓဘုရားလောင်းဖြစ်သည့်အပြင် ရွှေအလင်းဘုရားကျောင်း၏ဂိုဏ်းချုပ်လည်းဖြစ်သည်။
Chapter 3687
ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် သူ၏ခွန်အားကြောင့် လူသိများကျော်ကြားသည်။သူသည် နတ်ဆိုးများအားလုံးကို နှိမ်နှင်းနိုင်ခဲ့ကာ ဗုဒ္ဓလောက၏စွမ်းအားကို ကိုယ်စားပြုသည်။
ရွှေအလင်းဘုရားကျောင်းသည်ဗုဒ္ဓလောက၏ဂိုဏ်းခွဲတစ်ခုဖြစ်ကာ ဤနေရာရှိဘုန်းတော်ကြီးများ၏တိုက်ခိုက်ရေးစွမ်းအားသည် လွန်စွာအံ့အားသင့်ဖွယ်ကောင်းသည်။သူတို့သည် စာပေဘုန်းတော်ကြီးများဖြစ်စေ သိုင်းပညာဘုန်းတော်ကြီးများဖြစ်စေ သူတို့အားလုံးတွင်ကြီးမားသောခွန်အားရှိကာ နှစ်ရာနှင့်ချီသော တိုက်ပွဲအတွေ့အကြုံများလည်းရှိကြသည်။
ဗုဒ္ဓကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းအခန်းကဏ္ဍနှင့်တခြားအခန်းကဏ္ဍများကိုရွှေအလင်းရောင်ဘုရားကျောင်းမှ ပြုလုပ်သည်။
သူတို့သည် ဗုဒ္ဓကျမ်းစာများကို ကျင့်ကြံသည့်တိုင် ဗုဒ္ဓ၏ဒေါသထွက်အပိုင်းနှင့်လျှပ်စီးမိုးကြိုးကဲ့သို့သော ပြင်းထန်သည့်စွမ်းအားမျိုးကိုသာ အထူးအာရုံစူးစိုက်ကြသည် ။
အကယ်၍ တစ်ဖက်ရန်သူများသည် ထွက်ပြေးသွားသည်ဆိုလျှင်ပင် သူတို့သည်စကြာဝဠာအတွင်းရှိ လောကအားလုံးအတွင်းတွင် လိုက်လံဖမ်းဆီးသဖြင့် သူတို့မသတ်ဖြတ်နိုင်သောရန်သူဟူ၍မရှိချေ။
ပတ်ဝန်းကျင်နေရာတဝိုက်၌ တိတ်ဆိတ်ငြိမ်သက်နေကာ ပိုင်ဆုချင်သာလျှင် ယခုလက်ရှိချိန်၌ အကန့်အသတ်မရှိသော နာကျင်မှုဒဏ်ကိုခံစားနေရသည်။
ဖောက်...ဖောက်...
မည်သူကမျှ ပိုင်ဆုချင်၏ဒဏ်ရာကို အာရုံစူးစိုက်ခြင်းမရှိချေ။
ထိုဒဏ်ရာသည် ဗာဂျရာတောင်ဝှေးကြောင့်ရရှိခဲ့ခြင်းဖြစ်ကာ သူမ၏လက်မောင်းတွင် တုံ့လှုပ်ချောက်ချားဖွယ် ဒဏ်ရာတစ်ခုရှိကာ သွေးများကာ ဆက်လက်၍ယိုစီးကျနေဆဲပင်။
သူမထံမှ သွေးတစ်စက်ကျဆင်းသည့်အချိန်တိုင်း ပတ်ဝန်းကျင်ရှိ ဗုဒ္ဓရုပ်ပွားတော်များကိုပို၍တောက်ပသွားစေသည်။
"အရမ်းအားကောင်းတဲ့ ကျိန်စာစွမ်းအားတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတယ်"
"တစ်ယောက်ယောက်က ရှေးဟောင်းအဆောင်လက်ဖွဲ့တစ်ခုကို သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ထားတယ်...အရမ်းကိုအစွမ်းထက်တဲ့ စိတ်ဝိညာဉ်ပဲ...တကယ်လို့ ငါသာ ဒီစိတ်ဝိညာဉ်ကိုရမယ်ဆိုရင်တော့...ငါရဲ့ကျင့်ကြံဆင့်နယ်ပယ်က ပိုပြီးမြင့်မားတဲ့အဆင့်ကို တက်လှမ်းသွားနိုင်မှာသေချာတယ်"
"သူ့ရဲ့ခန္ဓာကိုယ်ထဲက အဆောင်လက်ဖွဲ့ရဲ့မူရင်းဇစ်မြစ်ကို ငါ ထွင်းဖောက်မမြင်နိုင်ဘူး..ဒီအဆောင်လက်ဖွဲ့ကိုကြည့်ရတာ နယ်မြေသခင်အဆင့်ထက်တောင် ပိုပြီးတော့မြင့်မားပုံရတယ်"
သရဲတစ္ဆေများ၏ညည်းတွားသံများနှင့် တူညီသော ဖရိုဖရဲသောအသံအမြောက်များက ပိုင်ဆုချင်၏နားအတွင်းသို့ အဆက်မပြတ်စီးဝင်နေသည်။
ထိုအသံများတွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များ အနည်းငယ်မျှပင်ရှိမနေချေ။ထိုအသံများတွင် လောဘကြီးခြင်းရက်စက်ကြမ်းကြုတ်ခြင်း အေးစက်ခြင်းစသည့် ယုတ်မာကောက်ကျစ်မှုများနှင့်သာပြည့်နှက်နေသည်။
ဤသည်မှာ သူမသည် နတ်ဆိုးတစ်စု၏ဝန်းရံခြင်းကို ခံထားရသည်အလားပင်။ငရဲပြည်မှနတ်ဆိုးများသည် တီးတိုးရေရွတ်နေကာ သူတို့၏စကားများတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်နှင့် တူညီပေ၏။
သို့ရာတွင် တခြားဘုန်းတော်ကြီးများသည် ထိုအသံများကို မကြားရဘဲ ပိုင်ဆုချင်တစ်ယောက်တည်းကသာ ထိုအသံများကို ခပ်ဖျော့ဖျော့ကြားနေရသည်။
ပိုင်ဆုချင်သည် သူမ၏ခေါင်းကိုမော့ကာပတ်ဝန်းကျင်ရှိဗုဒ္ဓရုပ်ပွားတော်များကို ကြည့်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင်သူမ၏ပတ်ဝန်းကျင်ရှိ ဗုဒ္ဓရုပ်ပွားတော်များသည် သူတို့၏မျက်လုံးများကို စုံမှိတ်ထားခြင်းမရှိတော့ချေ။ထိုအစား သူတို့သည် မျက်လုံးများကိုဖွင့်ကာ ပိုင်ဆုချင်ကိုတညီတညွတ်တည်း စူးစိုက်၍ကြည့်နေကြသည်။
မြောက်မြားစွာသောမျက်လုံးအစုံများသူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသောကြောင့် ပိုင်ဆုချင်သည် ဤအချိန်အခိုက်အတန့်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာသည်ကို ခံစားမိလေ၏။
မြင့်မားပြီးကြီးကျယ်ခမ်းနားသော ရွှေအလင်းဗုဒ္ဓဘုရားလောင်းရုပ်ထုမှနေ၍ ရုတ်တရက် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
"ဗုဒ္ဓလောကရဲ့မြင့်မြတ်တဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...သူ့ကိုဗုဒ္ဓလောကထဲကိုခေါ်သွင်းရမယ်"
ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသောဗုဒ္ဓဘုရားလောင်း၏အသံက ခန်းမတစ်ခုလုံးအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
လက်ရှိနေရာတွင်ရှိနေသော ဘုန်းတော်ကြီးတိုင်းသည် ပိုင်ဆုချင်ကို ရူးသွပ်စွဲလမ်းခြင်း မနာလိုအားကျခြင်းစသည့် အရိပ်အရောင်များပါသောအကြည်များဖြင့် ကြည့်နေကြသည်။
"အမိန့်ကိုလက်ခံပါတယ်""
ပုဟွေက ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။ထို့နောက် သူသည် ပိုင်ဆုချင်ကို ပြန်လှည့်ကြည့်ကာ သူ၏မျက်လုံးအတွင်း၌ ရှင်းပြ၍မရသော ထူးဆန်းသည့်အလင်းရောင်များရှိနေသည်။ဤသည်မှာ သူသည် လူတစ်ယောက်ကို ကြည့်နေသည်နှင့်မတူညီဘဲ ပစ္စည်းတစ်ခုကိုကြည့်နေသည့်အလားပင်။
"မင်းရဲ့စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်က...အခုချိန်ကစပြီးတော့...ဗုဒ္ဓရဲ့အပိုင်ဖြစ်သွားပြီ"
ပုဟွေသည် သူ၏လက်ဝါးနှစ်ဖက်ကိုအတူတကွပူးကပ်ကာ ဗုဒ္ဓကျမ်းစာများကိုစတင်၍ရွတ်ဆိုလိုက်၏။
တခြားဘုန်းတော်ကြီးများသည်လည်း သူတို့၏လက်ဝါးများကိုပူးကပ်ကာ ဦးညွတ်အရိုအသေပြုပြီး ရှုပ်ထွေးသောဗုဒ္ဓကျမ်းစာများကိုအဆက်မပြတ် ရွတ်ဆိုလိုက်ကြသည်။
ထိုကျမ်းစာသံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ၏အလင်းရောင်များပို၍တောက်ပလာသည်။ထိုရုပ်ထုများအကြားတွင် အတောက်ပဆုံးမှာ ခန်းမ၏အလယ်တွင်ရှိနေသော ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ရုပ်ထုပင်။
ရွှေအလင်းဗုဒ္ဓဘုရားလောင်းတော်ရုပ်ထုသည် ဆယ်မီတာကျော်မြင့်မားကာ တည်ကြည်လေးနက်သောမျက်နှာသွင်ပြင်မျိုးရှိသည်။
ကံကြမ္မာစွမ်းအားနှင့်အမွှေးနံ့သာစွမ်းအားများကို လုံလောက်အောင်စုပ်ယူပြီးနောက် ထိုရုပ်ထုမှနေ၍ ရွှေရောင်ပုံရိပ်ယောင်တစ်ခု ခုန်ထွက်လာသည်။
ထိုရွှေရောင်ပုံရိပ်ယောင်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လက်ဝါးတစ်ဖက်စာ အရွယ်အစားရှိသောရွှေရောင်မှော်မန္တန်များ ထူထပ်သိပ်သည်းစွာဖုံးလွှမ်းနေသည်။ဤသည်မှာမြင့်မြတ်ပြီး အလွန်အစွမ်းထပ်ပေ၏။
ရွှေရောင်ပုံရိပ်ယောင်ကြီးသည် သူ၏လက်ကိုဆန့်တန်းကာ ပိုင်ဆုချင်ရှိနေသောနေရာသို့ဦးတည်၍ ဖမ်းဆုပ်လိုက်သည်။
ပိုင်ဆုချင်၏နံဘေးပတ်လည်ရှိ လေဟာနယ်သည် ချက်ချင်းဆိုသလို တောင့်တင်းသွားသည်။
နံဘေးရှိဘုန်းတော်ကြီးများအားလုံး နောက်သို့ဆုတ်လိုက်ကြသဖြင့် ကျယ်ပြန့်သောမြေကွက်လပ်ကြီးတခုပေါ်လာသည်။
"ဗုဒ္ဓဘုရားလောင်းကိုရိုသေပြုပါတယ်"
ဘုန်းတော်ကြီးများအားလုံး ဒူးထောက်လိုက်ကြ၏။
လေထုအတွင်း၌ တဖြေးဖြေးထွက်ပေါ်လာသောရွှေရောင်ပုံရိပ်ယောင်ကြီးသည် တုန်လှုပ် ချောက်ချားဖွယ်ကောင်းအောင်ပင် ရုပ်တုကြီးနှင့်အတိအကျတူညီနေသည်။ဤပုံရိပ်ယောင်တွင် ရက်စက်ကြမ်းကြုတ်သောမျက်နှာရှိပြီးအစွယ်များလည်းပါရှိကာ ယုတ်မာကောက်ကျစ်ပြီး တုန်လှုပ်ခြောက်ချားဖွယ်ကောင်းသည့် ပုံပန်းသွင်ပြင်မျိုးရှိနေသည်။
Chapter 3688
ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ အဆင့်မြင့်ခန္ဓာကိုယ်သည် မီတာအနည်းငယ်ခန့် အရပ်မြင့်မားကာ သူသည် လေထုအတွင်း၌ လှည့်ပတ်၍ပျံသန်းနေသည်။
သူသည် ဗုဒ္ဓမှော်မန္တာန်များကို ရွတ်ဆိုနေကာတဖြည်းဖြည်းနှင့်ဆုပ်ထားသော သူ့၏လက်ဝဲဘက်လက်ကို ဖြေလျှော့ကာလက်ဝါးတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။
အကန့်အသတ်မရှိသော မှော်စွမ်းအားများသည်ရှည်လျားသော ရွှေရောင်သံကြိုးတစ်ကြိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် လက်အတွင်း၌ ထိုသံကြိုးကို တင်းတင်းကြပ်ကြပ်ကိုင်ကာ ပိုင်ဆုချင်ထံသို့ ဦးတည်၍ပစ်လွှတ်လိုက်၏။
ထိုသံကြိုးသည် အဆိပ်ပြင်းမြွေတစ်ကောင်နှင့်တူညီကာ ပစ်မှတ်ကိုရှာတွေ့ပြီးနောက် ချက်ချင်းရစ်ပတ်လေသည်။
ထိုသံကြိုးသည် အညာအတာကင်းမဲ့စွာဖြင့် ပိုင်ဆုချင်၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။သို့ရာတွင် သူမ၏ခန္ဓာကိုယ်ပေါ်၌ မည်သည့်ဒဏ်ရာဒဏ်ချက်မျှ မကျန်ရစ်ခဲ့ချေ။ ဤသည်မှာ ပိုင်ဆုချင်၏ခန္ဓာကိုယ်ကို ပုံရိပ်ယောင်တစ်ခုဖြတ်သန်းသွားသည်နှင့် တူညီနေသည်။
ပိုင်ဆုချင်သည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။သူမသည် ကျယ်လောင်စွာအော်ဟစ်နိုင်ခြင်းမရှိသော်လည်း သူမ၏ခန္ဓာကိုယ်က တွန့်လိမ်နေကာ သူမခံစားရသည့် နာကျင်မှုဝေဒနာကို ဖော်ပြနေသည့်အလားပင်။
ဤသည်မှာ သူမစိတ်ဝိညာဉ်၏အနက်ရှိုင်းဆုံးနေရာမှလာသော နာကျင်မှုဖြစ်သည်။ထိုနာကျင်မှုသည် သူမ၏ရုပ်ခန္ဓာကိုယ်နာကျင်ရသည်ထက် အဆများစွာ ပို၍ပြင်းထန်သည်။
ထို့နောက် ပို၍ပြင်းထန်သောနာကျင်မှုက သူမထံသို့ ထပ်မံ၍ရောက်ရှိလာသည်။ပိုင်ဆုချင်သည် နောက်ဆုံးတွင် ထပ်မံ၍တောင့်မခံနိုင်တော့သဖြင့် နာကျင်မှုကြောင့် ခပ်အုပ်အုပ်ညည်းသွားလိုက်သည်။
သံကြိုး၏အစွန်းတစ်ဖက်ဖြင့် ပိုင်ဆုချင်၏ စိတ်ဝိညာဉ်ကိုချည်နှောင်ထားကာ တခြားတစ်ဖက်စွန်းကို ရွှေအလင်းဗုဒ္ဓဘုရားလောင်းကသူ့၏လက်ဖြင့် မြဲမြံစွာဆုပ်ကိုင်ထားသည်။
ပိုင်ဆုချင်သည် သူမ၏စိတ်ဝိညာဥ် သူမခန္ဓာကိုယ်နှင့် တစ်စတစ်စဝေးကွာလာသည်ကိုခံစားမိလေ၏။ပြင်းထန်သောနာကျင်မှုကြောင့်သူမသည် မြေပြင်ပေါ်၌ ကွေးကောက်ကာအဆက်မပြတ် တွန့်လိမ်နေရသည်။
"မင်းက ဗုဒ္ဓလောကထဲကို ဝင်ရောက်နိုင်တဲ့အတွက် အရမ်းဝမ်းမြောက်ပျော်ရွှင်နေသင့်တယ်...ဒါက ဗုဒ္ဓကပေးတဲ့လက်ဆောင်ပဲ"
ရွှေအလင်းဗုဒ္ဓဘုရားလောင်းက အေးစက်စက်လေသံဖြင့်ပြောဆိုသည်။
သူသည် ပိုင်ဆုချင်ခံစားနေရသော နာကျင်မှုနှင့်ပတ်သက်၍ အနည်းငယ်မျှဂရုမစိုက်ချေ။သူသည် သူ၏လက်အတွင်းရှိ သံကြိုးကြီးကိုထပ်မံ၍ဆောင့်ဆွဲလိုက်၏။
ပိုင်ဆုချင်သည် မကြုံစဖူးနာကျင်မှုကိုထပ်မံ၍ခံစားရပြန်လေပြီ။
အလွန်အမင်းနာကျင်မှုဒဏ်ကို ခံစားနေရသောအခြေအနေမျိုးအောက်၌ သူမ၏စိတ်ဝိညာဉ်ကိုကာကွယ်နိုင်မှုသည်လည်း တဖြည်းဖြည်းလျော့နည်းလာသည်။
ယခုချိန်၌ သူမ ခံစားနေရသောနာကျင်မှုကိုစကားလုံးများဖြင့်ပင် ပြောဆို၍မရနိုင်ချေ။သူမ၏စိတ်ဝိညာဉ်နှင့်ရုပ်ခန္ဓာကိုယ်သည် တစ်စတစ်စ ပို၍ဝေးကွာလာပေ၏။သူမသည်သူမ၏ခန္ဓာကိုယ်ကို ထပ်မံ၍ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။ယခုချိန်တွင် သူမ၏ကိုယ်ပိုင်စိတ်ဆန္ဒကိုသာ မှီခိုအားထား၍ ခုခံနေရသည်။
သူမ၏စိတ်အတွင်းရှိ မှတ်ဉာဏ်များ တဖြည်းဖြည်းဝေဝါးစပြုလာကာ အရာများစွာကို သူမစတင်၍ မေ့လျော့နေလေပြီ။
သူမ၏မိဘနှစ်ပါး....
သူမ ကလေးဘဝတုန်းက ရွာအတွင်း၌တွေ့ဆုံခဲ့ရသောမိတ်ဆွေသူငယ်ချင်းများ...
ယခင်က သူမခေါ်ဆောင်လာခဲ့သောတပည့်များ....
ထို့နောက် သူမ နေ့ရောညပါ လွမ်းဆွတ်နေခဲ့ရသောလူ....သူမသည် ထိုလူကို မည်သည့်အခါမျှမေ့လျော့မည်မဟုတ်ချေ။
မျက်ရည်များက အထိမ်းအကွပ်မဲ့စွာဖြင့်သူမ၏မျက်လုံးအတွင်းမှ ယိုစီးကျလာသည်။ သူမသည် အကန့်အသတ်မရှိသော နာကျင်မှုကိုခံစားခဲ့ရချိန်၌ ငိုကြွေးခဲ့ခြင်းမရှိချေ။သို့ရာတွင်သူမထံမှမှတ်ဉာဏ်များ ပျောက်ကွယ်စပြုလာချိန်၌ ပိုင်ဆုချင်သည် ကြီးမားသောထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိလေ၏။
"မဟုတ်ဘူး....ငါ မေ့မသွားချင်ဘူး"
ပိုင်ဆုချင်သည် သူမ၏ခေါင်းကိုခါယမ်းကကာ ခါးသည်းစွာဖြင့် တောင်းပန်လေသည်။
ဤသည်မှာ သူမ၏စိတ်နှလုံးသားအတွင်း၌ ပုံးကွယ်နေသည့် အဖိုးတန်ဆုံးမှတ်ဉာဏ်ပင်။
သူမသည် ထိုကိစ္စကိုမေ့လျော့သွားရန်အတွက်သူမကိုယ်သူမ ခွင့်မပြုနိုင်ချေ။
"သန့်စင်တဲ့လောကကိုသွားဖို့အတွက် မင်းက လောကီလောကကို မေ့ပစ်ရမယ်....လောကီကိစ္စတွေက နာကြည်းမုန်းတီးစရာတွေနဲ့ ပြည့်နှက်နေတယ်...မင်းက ဘာလို့မမေ့ချင်တာလဲ"
ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည်သူမ၏တောင်းပန်နေမှုကို လုံးလုံးလျားလျား လျစ်လျှူရှုထားကာ သူ၏လက်အတွင်းရှိ သံကြိုးကြီးကို ဆက်လက်၍ထိန်းချုပ်လိုက်သည်။
"ငါ ဘာကိုမှ မလိုချင်ဘူး"
ပိုင်ဆုချင်၏မျက်လုံးအတွင်းမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။
သူမသည် သူမ၏တပည့်များကိုမေ့လျော့သွားသည်။
သူမ၏ငယ်ကျွမ်းဆွေ သူငယ်ချင်းများကိုလည်း မေ့လျော့သွားလေ၏။
သူမ၏ဆရာသခင်အကြောင်းကိုလည်း သူမ မေ့လျော့သွားလေပြီ။
သူမ၏စိတ်အတွင်းမှ မှတ်ဉာဏ်များ ပို၍ပို၍ဝေဝါးစပြုလာသည်။မကြာမီမှာပင် သူမသည် သူမ၏စိတ်နှလုံးသားအတွင်းမှလူ၏ ပုံပန်းသွင်ပြင်ကိုမေ့လျော့သွားခဲ့သည်
ဤသည်မှာ သူမအတွက် အလွန်အရေးကြီးသော လူတစ်ယောက်ဖြစ်ကြောင်းကိုသာ သူမသိရှိတော့သည်။
သို့ရာတွင် သူမ၏စိတ်အတွင်း၌ ထိုလူ၏ပုံပန်းသွင်ပြင်ကို မမှတ်မိတော့ချေ။
"ငါနင့်ကိုမှတ်မိတယ်...ငါနင့်ကိုမှတ်မိနေတုန်းပဲ"
ချိုးနှိမ်ထားသောစိတ်ခံစားချက်များသည်နောက်ဆုံးအချိန်အခိုက်အတန့်၌ ပွင့်အံ့ထွက်လာခဲ့သည်။
သူမ၏မှော်စွမ်းအားများအားလုံးကို ဆုံးရှုံးထားရသော်လည်း သူမ၏လက်ချောင်းကို ကိုက်ဖောက်ကာ တုန်ရီနေသောလက်များဖြင့် မြေပြင်ပေါ်၌ 'လု' ဟူသောစာလုံးကို ရေးသားလိုက်၏။
ထိုနေရာတွင် လုဟူသောစာလုံးတစ်လုံးသာရှိနေသည်။
ပိုင်ဆုချင် ရုတ်တရက်ရပ်တန့်လိုက်သည်။
သူမသည် ထိုလူ၏နာမည်ကို မေ့လျော့သွားလေပြီ။
ဤလူသည် သူမ၏စိတ်အတွင်း၌ သိသာထင်ရှားစွာရှိနေသော်လည်း တဖြည်းဖြည်းဝေဝါးစပြုလာသည်။သူမသည် သူမနှင့်ထိုလူအကြား၌ ဖြစ်ပျက်ခဲ့သောအရာရာတိုင်းကိုပင် မေ့လျော့သွားခဲ့သည်။
ပိုင်ဆုချင်သည် ရုတ်တရက် အရေးကြီးသော တစ်စုံတစ်ခုကို ပျောက်ကွယ်သွားသည့်အလား နှလုံးကွဲကြေလုမတတ်နာကျင်မှုကို ခံစားရသည်။
အဝေးတစ်နေရာရှိသည့် လုယွီသည် သူရှေ့ရှိမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကူးကယ်ရာမဲ့စွာဖြင့် သူ၏မျက်လုံးများပြူးကျယ်သွားသည်။
ယွဲ့ဖူကြယ်နယ်မြေနှင့် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေတို့ကို ဆက်သွယ်ထားသောကူးပြောင်းရေးဝင်္ကပါမရှိချေ။
ဤကြယ်နယ်မြေနှစ်ခုသည် အလွန်အမင်းကွဲပြားခြားနားသောအရပ်ဒေသများ၌ တည်ရှိသည်။
အကယ်၍သူသည် အရှိန်ကုန်မြှင့်၍ လေဟာနယ်အတွင်း၌ ပျံသန်းသွားလျှင်ပင် မျက်တောင်တစ်ခက်စာအချိန်အတွင်း၌ ထိုနေရာသို့ ရောက်ရှိနိုင်မည်မဟုတ်ချေ။
သူသည် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ကာ အနက်ရောင်ပုံရိပ်တစ်ခုက သူ၏မျက်ခုံးနှစ်ခုကြားမှ ပျံသန်းထွက်သွားသည်။
ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်ခွဲထွက်ခြင်း....
လုယွီ၏စိတ်ဝိညာဉ်သည် လေဟာနယ်အတွင်း၌ ထွက်ပေါ်လာပေ၏။
Chapter 3689
သူ၏စိတ်ဝိညာဉ်သည် သူ့ရုပ်ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ မိုင်ထောင်သောင်းချီဝေးကွာသော နေရာသို့ ရောက်ရှိသွားသည်။
ဤသည်မှာ နယ်မြေသခင်တစ်ယောက်သာအသုံးပြုနိုင်သော နည်းစနစ်တစ်ခုပင်။
အကယ်၍ ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် ဤနည်းစနစ်ကို အသုံးပြုလိုပါက သူတို့ခန္ဓာကိုယ်၏ပြင်ပ၌ ကိုယ်ပွားတစ်ခုကိုဖန်တီးထားရန်လိုအပ်သည်။ထို့နောက်မှ ကိုယ်ပွားပုံရိပ်ယောင်ကိုအသုံးပြု၍ သူတို့သွားလိုသောနေရာ၌ သူတို့၏သရုပ်သကန် ထင်ဟပ်နိုင်ပေမည်။
လုယွီသည် နယ်မြေသခင်လည်းမဟုတ် ရွှယ်အင်မော်တယ်တစ်ယောက်လည်း မဟုတ်ချေ။သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် မြေကမ္ဘာအင်မော်တယ်အဆင့်တွင်သာရှိသည်။သို့ရာတွင် သူသည် ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် နှောင်းပိုင်းမျိုးဆက်များမှအတုအယောင်အင်မော်တယ်များနှင့် လုံးလုံးလျားလျားကွဲပြားခြားနားသည်။
သူ၏စိတ်ဝိညာဉ်သည် သူ့မျက်ခုံးနှစ်ခုကြားမှ ပျံသန်းထွက်သွားပြီးနောက် ရွှေအလင်းဘုရားကျောင်း၏အထက်ရှိ မိုးကောင်းကင်ယံအတွင်းသို့ရောက်ရှိသွားသည်။
ယခင်က ရွှေအလင်းဘုရားကျောင်း၏အထက်ရှိ မိုးကောင်းကင်သည် မိုင်ပေါင်းထောင်သောင်းချီအကွာအဝေးထိ ကြည်လင်နေပေ၏။
သို့ရာတွင် ထိုအချိန်မှာပင် အရောင်အသွေးစုံလင်သောအလင်းတန်းများသည် မိုးကောင်းကင်ယံအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာကာ အလွန်အမင်းတောက်ပသည်။
ဘုရားကျောင်း၏ပြင်ပရှိ ခေါင်းလောင်းမျှော်စင်တွင် ကြီးမားသောကြေးနီခေါင်းလောင်းကြီးတစ်လုံးရှိသည်။ဤအချိန်အခိုက်အတန့်တွင် ခေါင်းလောင်းသံသည် အဆက်မပြတ်မြည်ဟီးလာပေ၏။ထိုအရာသည် လေတိုက်ခတ်မှုမရှိဘဲ ရွေ့လျားနေသည်။
ရွှေအလင်းဘုရားကျောင်းအတွင်းရှိ ဘုန်းတော်ကြီးများအားလုံး သူတို့၏ကျင့်ကြံနေမှုကိုရပ်တန့်လိုက်ကြသည်။သူတို့သည် ထိတ်လန့်တကြားဖြင့် အရှေ့ဘက်ခြံဝင်းသို့ ပြေးသွားကာမိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။
ထိုကြေးနီခေါင်းလောင်းသည် ဘုရားကျောင်း အလွန်အမင်းအန္တရာယ်များသော အခြေအနေမျိုးသို့ ကျရောက်ချိန်မှသာ မြည်ဟီးလေ့ရှိသည်။
ရွှေအလင်းဘုရားကျောင်းသည် ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းပင်။အုပ်ချုပ်ရေးအဖွဲ့မှအရာရှိများပင်လျှင် ဤနေရာသို့လာစဉ်အချိန်တွင်ယဉ်ကျေးသိမ်မွေ့စွာနေထိုင်ရသည်။သူတို့သည်ရန်လိုသောအမူအယာမျိုးကို အနည်းငယ်မျှပြသခြင်းဝံ့မရှိချေ။ဤကဲ့သို့အချိန်မျိုးတွင် ဘုရားကျောင်းအတွင်းသို့ မည်သူက ကျူးကျော်ဝင်ရောက်ဝံ့သနည်း။
အထက်မိုးကောင်းကင်ယံအတွင်း၌ ရောင်စုံအလင်းတန်းများအကြားတွင် မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးက ခပ်ဖျော့ဖျော့ထွက်ပေါ်လာသည်။ထိုအရာသည် တိမ်တိုက်များအကြား၌ရပ်နေကာ ပေတစ်ထောင်ကျော်မြင့်မားပေ၏။
မြေအောက်လောကဘုရား ပုံရိပ်ယောင်ကြီးသည် ကြီးကျယ်ခမ်းနားပြီး ကြီးမားကျယ်ပြန့်သည်။ထိုပုံရိပ်ယောင်သည်သူ၏လက်ဖြင့် လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။သူ၏မျက်ခုံးများမြင့်တက်သွားကာ ရွှေအလင်းဗုဒ္ဓဘုရားကျောင်းကို စူးစိုက်၍ကြည့်လိုက်သည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်တွင် တောက်ပသောအလင်းဘီးတစ်ခုကအဆက်မပြတ် လည်ပတ်နေသည်။သူ၏လက်ကိုမြှောက်လိုက်စဉ်၌ တောက်ပသောမှော်သင်္ကေတများ လေဟာနယ်အတွင်းတွင် ပျံ့လွင့်သွားသည်။ထိုအရာများမှနေ၍ အနက်ရောင်အလင်းတန်းများ ဖြာထွက်နေသည်။
မြေအောက်လောကနတ်ဘုရားဆင်းသက်လာချိန်၌ သက်ရှိများအားလုံး သေကြေပျက်စီးရပေမည်။။
"သူ့ကိုလွတ်ပေးလိုက်စမ်း...မဟုတ်ရင်မင်းတို့အားလုံးသေရမယ်"
မြေအောက်လောကနတ်ဘုရား၏ဒေါသတကြီးအော်ဟစ်လိုက်သောအသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအချိန်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏မျက်လုံးများ တစ်ဖျတ်ဖျတ်တောက်ပနေသည်။လက်ဝဲဘက်မျက်လုံးသည်အစိမ်းရောင်နှင့်အဖြူရောင် ရောယှက်နေသောအရောင်သို့ပြောင်းလဲသွားကာ မျက်လုံးအတွင်း၌ ခပ်ဖျော့ဖျော့မီးတောက်တခုတောက်ပလောင်ကျွမ်းနေသည့်အလားပင်။လက်ဝဲဘက်မျက်လုံးသည် အလွန်အမင်းမည်းမှောင်သော မျက်လုံးတစ်လုံးအဖြစ်သို့ပြောင်းလဲသွားပေ၏။ထိုမျက်လုံးသည် အောက်ခြေမဲ့သော တွင်းနက်ကြီးအတွင်း၌ အဆုံးမရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကိန်းအောင်းနေသည့်အလားပင်။
ဤမြင်ကွင်းကို ရွှေအလင်းဘုရားကျောင်းမှလူများသာမက ယွဲ့ဖူကြယ်နယ်မြေပေါ်ရှိလူတိုင်းလည်း မြင်တွေ့လိုက်ရသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို မြင်တွေ့မိသောလမည်သူမဆို သူတို့၏စိတ်နှလုံးသားများ တုန်ရီလာသည်ကိုခံစားရသည်။ကြီးမားသောပုံရိပ်ယောင်ကြီး၏ရှေ့တွင် သူတို့၏သတ္တိများအားလုံး ပျောက်ကွယ်သွားလေပြီ။
"ရွှေအလင်းဘုရားကျောင်းက ဘယ်အစွမ်းထက်ကျင့်ကြံသူကို ရန်စစော်ကားထားတာလဲ...အခုရန်သူက သူတို့ရဲ့အိမ်တံခါးကိုလာခေါက်နေပြီ"
"ဒီပုံပန်းသွင်ပြင်အရကြည့်ရင် အနည်းဆုံးတော့အခုရောက်လာတဲ့သူက နယ်မြေသခင်အဆင့်ကျင့်ကြံသူပဲဖြစ်မယ်...ဒါကြောင့်သာ သူက ခုလိုမျိုးအစွမ်းထက်တဲ့ ဓမ္မပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတာ"
"ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ..ဒီဓမ္မပုံရိပ်ယောင်ကြီးက မိုင်ထောင်ချီကွာဝေးတဲ့နေရာထိ ထင်ဟပ်နေတယ်...တကယ်လို့ ငါတို့ဂိုဏ်းရဲ့ဘိုးဘေး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာမယ်ဆိုရင်တောင် သူက ဒီလောက်အဆင့်ထိလုပ်နိုင်မှာမဟုတ်ဘူး"
ယွဲ့ဖူကြယ်နယ်မြေပေါ်မှကျင့်ကြံသူများသည် မြေအောက်လောကနတ်ဘုရား၏ ကြီးမားသောပုံရိပ်ယောင်ကြီးကို မြင်တွေ့ချိန်တွင် ထိတ်လန့်ကြောက်ရွံ့နေသော ကြွက်များအလား သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ယွဲ့ဖူကြယ်နယ်မြေ အုပ်ချုပ်ရေးရုံးတော်အတွင်း၌ရှိနေသော ကြယ်နယ်မြေသခင်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။နောက်ဆုံး၌ သူသည် အစောပိုင်းက လက်ခံရရှိခဲ့သော ထူးဆန်းသည့်အမိန့်သည်ခြောက်လုံးလှန့်လုံး သက်သက်မဟုတ်ကြောင်းနားလည်သဘောပေါက်သွားလေသည်။
လုယွီသည် အထွတ်အထိပ်ဂိုဏ်းနှင့်ရေအင်မော်တယ်ဂိုဏ်းတို့ကို နှိမ်နှင်းခဲ့ကြောင်း သူ ပြန်လည်တွေးတောမိချိန်၌ အတင့်ရဲသောအတွေးတစ်ခုက ကြယ်နယ်မြေသခင်၏စိတ်အတွင်း၌ဖြတ်ပြေးသွားသည်။
"သူက ရွှေအလင်းဘုရားကျောင်းကို လှုပ်ရှားမလို့တော့ မဟုတ်လောက်ပါဘူးနော်...ဟုတ်တယ်မလား"
ထိုအတွေးကိုတွေးတောမိချိန်တွင် ယွဲ့ဖူကြယ်နယ်မြေသခင်သည် သူ၏နှလုံးသား ကဆုန်စိုင်းခုန်ပေါက်လာသည်ကို ခံစားမိလေ၏။သူ့ထံမှနေ၍ မကြုံစဖူးစိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်မှုများက ဤအချိန်အခိုက်အတန့်တွင် ပွင့်အံ့ထွက်လာသည်။
ရွှေအလင်းဘုရားကျောင်းသည် ဗုဒ္ဓဂိုဏ်းတစ်ဂိုဏ်းဖြစ်သော်လည်း နယ်မြေများကိုကျူးကျော်သိမ်းပိုက်၍ အခွန်အခများပေးရန်ငြင်းဆန်ခဲ့သည်။ဤသည်မှာ အုပ်ချုပ်ရေးအဖွဲ့အတွက် အသားအတွင်းစိုက်ဝင်နေသောဆူးတစ်ချောင်း ဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
အထူးသဖြင့် ရွှေအလင်းဘုရားကျောင်းကို တွယ်ကပ်နေသောဂိုဏ်းငယ်များသည် အုပ်ချုပ်ရေးအဖွဲ့၏အမိန့်များကို ပြောင်ပြောင်တင်းတင်းပိတ်ဆို့ဟန့်တားကြသည်။ဤကဲ့သို့ ကြီးမားသောတည်ရှိမှုကြီးတစ်ခုသည် နယ်မြေအတွင်းတွင်ရှိနေသဖြင့် အဓိကအုပ်ချုပ်ရေးအရာရှိများသည် ခေါင်းကိုက်မှုကိုခံစားရလေ၏။
"တစ်ယောက်ယောက်...လာကြစမ်း...နေရာအနှံ့ပြားမှာရှိတဲ့ စစ်သည်တွေကို စုဝေးပြီးတော့ အမြန်ဆုံးအရှိန်နှုန်းနဲ့ ထိုက်ချန်တောင်ကို ဦးတည်ပြီးထွက်ခွာမယ်"
ယွဲ့ဖူကြယ်နယ်မြေသခင်က တင်းမာခက်ထန်သောအသံဖြင့် အော်ဟစ်လိုက်သည်။