အခန်း (၃၇၂၆-၃၇၂၉)
Vol. 190 Ch. 3726-3729
Chapter 3726
ရွှေအလင်းဘုရားကျောင်းသည် သိုသိုသိပ်သိပ်နေခဲ့သော်လည်း ဗုဒ္ဓလောက ပြန်လည်ထွက်ပေါ်လာသောကြောင့် ဤဘုရားကျောင်း၏ နာမည်ဂုဏ်သတင်းသည် အဆင့်သစ်တစ်ခုထိ မြင့်တက်လာခဲ့သည်။
ထိပ်သီးဂိုဏ်းအင်အားစုသုံးစုသည် လက်ဝဲစစ်တပ်နယ်မြေရှိ ဂိုဏ်းအင်အားစုများအားလုံး၏ မှီခိုအားထားရာပင်။
ပြင်ပဂိုဏ်းအင်အားစုများသည် အတင့်ရဲစွာဖြင့်တော်ဝင်နန်းတွင်းကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်ဝံ့ခြင်းမှာ ထိုဂိုဏ်းသုံးဂိုဏ်း တည်ရှိနေခြင်းကြောင့်ဖြစ်သည်။
သို့ရာတွင် လုယွီသည် လက်ဝဲစစ်တပ်၏တပ်မှုးရာထူးကို ရယူပြီးချိန်မှစ၍ ထိုဂိုဏ်းသုံးဂိုဏ်းကို ဆောင်းဦးလေညှင်းသည် သစ်ရွက်ကြွေများကို အဝေးသို့လှည်းကျင်းသွားသည့်အလား အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် ရှင်းလင်းခဲ့သည်။ သူသည် ရွှေအလင်ဘုရားကျောင်းကိုပင် လုံးလုံးလျားလျားဖျက်ဆီးခဲ့လေ၏။
ဤသတင်းထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ ဂိုဏ်းအင်အားစုများအားလုံးတိတ်ဆိတ်ငြိမ်သက်သွားသည်။ဂိုဏ်းအင်အားစုများသည် နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့များကို ပေးဆောင်ရမည့်အခွန်ငွေများ ငှားရမ်းထားသောနယ်မြေများနှင့် သူတို့သိမ်းပိုက်ထားသည့် တခြားစီးပွားရေးလုပ်ငန်းများအားလုံးကို လုယွီမှ သူတို့အားဖမ်းမိမသွားခင် အလျှင်အမြန် ပြန်လည်လွဲပြောင်းပေးခဲ့ကြလေ၏။
ထိုအချိန်မှာပင် ရုံးစာတစ်စောင်သည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ယွဲ့ဖူကြယ်နယ်မြေသို့တစ်စုံတစ်ယောက်မှ ပေးပို့လိုက်သည်ကို မည်သူကမျှ သတိမပြုမိချေ။
ထိုရုံးစာပေါ်တွင် တောက်ပသောအနီရောင်စည်းတံဆိပ်ကို ခတ်နှိပ်ထားကာ ထိုစာ၏အရေးကြီးပုံကို ပြသနေသည်။
လုယွီသည် ထိုစာကိုဖတ်ကြည့်ပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။
ထန်အင်ပါယာဘက်မှာနေ၍ နောက်ဆုံးတွင် သူတို့၏စစ်သားများကို စတင်၍လှုပ်ရှားလိုက်လေပြီ။
လွန်ခဲ့သောတစ်ရက်ခန့်က ထန်အင်ပါယာသည် လက်ဝဲစစ်တပ်နယ်မြေကို တိုက်ခိုက်ရန်အတွက်အမတ်ကြီးလီကျုံးစီကို သန်းနှင့်ချီသောစစ်သားများအား ဦးဆောင်စေပြီး စေလွှတ်ခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် လက်ဝဲစစ်တပ်နယ်မြေ၏နယ်စပ်လေးခုလုံးသည် စစ်ပွဲအတွက်ပြင်ဆင်မှုများကိုစတင်ခဲ့တော့သည်။အကူအညီတောင်းခံသောစာများသည် နှင်းပွင့်လွှာများအလား လက်ဝဲစစ်တပ်နယ်မြေအုပ်ချုပ်ရေးရုံးတော်အတွင်းသို့ တဖွဲဖွဲဝင်ရောက်လာကြသည်။
ဖေးထျန်ကွမ်းသည် ထိုသတင်းကိုရရှိသည်နှင့် အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် လုယွီထံသို့အကြောင်းကြားခဲ့သည်။တချိန်တည်းမှာပင် သူသည် လက်ဝဲစစ်တပ်နယ်မြေတခုလုံးမှအရင်းအမြစ်များကိုစုဆောင်းကာ စစ်ပွဲအားရင်ဆိုင်ရန်အတွက် ပြင်ဆင်လိုက်၏။
ပြင်ပဂိုဏ်းအင်အားစုများနှင့်တိုက်ပွဲသည် ကိစ္စငယ်လေးတစ်ရပ်ပင်။မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့အင်ပါယာနှစ်ခုကြားမှစစ်ပွဲကသာ ပို၍အရေးကြီးသည်။
ကံကောင်းထောက်မစွာဖြင့် ဖေးထျန်ကွမ်းသည်တစ်ချိန်က တော်ဝင်တရားစီရင်ရေးဌာန၏ အမတ်ကြီးတစ်ယောက်ဖြစ်ခဲ့ကာ ယခင်က စစ်တပ်ကိုလေ့ကျင့်သင်ကြားပေးခဲ့ဖူးသည်။ထိုကြောင့် သူသည် ဤကိစ္စရပ်များကို လွယ်ကူစွာရင်ဆိုင်ဖြေရှင်းနိုင်ပေ၏။သို့ရာတွင် လက်ဝဲစစ်တပ်ကို ဦးဆောင်ရန်အတွက် ခေါင်းဆောင်တစ်ယောက်လိုအပ်နေသည်။
"မင်းတို့ရောက်လာတာ အချိန်ကောင်းပဲ...မင်းတို့က ငါ ရှီးလျန်ကြယ်နယ်မြေမှာမရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ ရှောင်တခင်တိုက်ခိုက်ချင်တာလား"
အေးစက်စက်အလင်းတန်းတစ်တန်းကလုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
အိမ်ရှေ့စံမင်းသားနှင့်ရှကွေ့ကျုံးတို့သည် သူ့အား ဤနေရာသို့ ပို့ဆောင်ခဲ့သည်။သူတို့သည် ထန်အင်ပါယာ၏ဓားကိုငှား၍ သူ့အားသတ်ဖြတ်နိုင်ရန်မျှော်လင့်နေသည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် သူတို့သည် မိုးထိမြင့်မာသောအကြံအစည်များကို ချမှတ်ထားသည့်တိုင် လုယွီ၏ကံကြမ္မာကို မည်သူကမျှမဆုံးဖြတ်နိုင်ချေ။
အကယ်၍ ရေအိုင်အတွင်း၌ ပိတ်မိနေသော ဂဏန်းတစ်ကောင်ဖြစ်နေလျှင်ပင် နဂါးဂိတ်တံခါးကို ခုန်ကျော်နိုင်သောအခွင့်အရေးတစ်ခုရှိနေဆဲပင်။
"လန်ဝူရှင်း...ငါနဲ့အတူလိုက်ခဲ့စမ်း"
လုယွီက ယွဲ့ဖူကြယ်နယ်မြေမှထွက်ခွာသွားရန်ရွေးချယ်လိုက်သည်။
စစ်ရေးအခြေအနေသည် အရေးပေါ်ဖြစ်နေသဖြင့် သူ ပေါ့ပေါ့ဆဆနေ၍မရချေ။
လုယွီ၏လက်ရှိအခြေအနေကိုကြည့်ပြီး ယွဲ့ဖူကြယ်နယ်မြေသခင်သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိရှိသွားသည်။ထို့ကြောင့် သူသည်လုယွီကို ကာကွယ်စောင့်ရှောက်ရန်အတွက်ထိပ်တန်းအဆင့်သင်္ဘောပျံတစ်စင်းနှင့်အစောင့်တချို့ကို စေလွှတ်ခဲ့သည်။
ထိုသက်တော်စောင့်များသည် လုယွီထက်ပို၍အားကောင်းခြင်းမရှိသော်လည်း သူ့၏အနီးတွင် သူတို့ရှိနေသောကြောင့် ပြဿနာအမြောက်အများကို ကူညီ၍ဖြေရှင်းပေးနိုင်သည်။
လုယွီသည် ငြင်းဆန်ခြင်းမပြုချေ။
သူ့၏ဒဏ်ရာများသည် အလွန်ပြင်းထန်သဖြင့်အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်နိုင်ရန် အလွန်အမင်းခက်ခဲသည်။ဤသင်္ဘောပျံ၏ကာကွယ်ပေးမှုကြောင့် သူ့၏လက်ရှိအခြေအနေကိုဖုံးကွယ်ထားရန် လုံလောက်သည်။
မကြာမီမှာပင် လေဟာနယ်သင်္ဘောပျံ၏ဝင်္ကပါများ အသက်ဝင်လာကာ မြင့်မာသောအရှိန်နှုန်းဖြင့် ရှေ့တန်းထံသို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။
ဤအချိန်တွင် ထန်အင်ပါယာ၏တိုက်ခိုက်မှုအရှိန်နှုန်းသည် အလွန်လျင်မြန်ပေ၏။လုယွီသည် ရှီးလျန်ကြယ်နယ်မြေသို့မသွားတော့ဘဲရှေ့တန်းရှိနယ်စပ်လေးနေရာသို့ တိုက်ရိုက်ပျံသန်းသွားခဲ့သည်။
"လန်ဝူရှင်း..ဒီတစ်ကြိမ်စစ်ရေးအခြေအနေက အရေးပေါ်ဖြစ်နေပြီ...ဒါကြောင့် ငါ အများကြီးမပြောချင်ဘူး...ငါက မင်းကို မဟာစစ်ဗိုလ်ချုပ်ရာထူးခန့်အပ်ပြီးတော့ စစ်တပ်တစ်တပ်ကို ဦးဆောင်ခွင့်ပြုမယ်...တကယ်လို့ မင်းက တော်ဝင်နန်းတွင်းမှာ ရာထူးနေရာတစ်ခုကို ဆုပ်ကိုင်ထားချင်တယ်ဆိုရင် အရင်ဆုံးအနေနဲ့မင်းရဲ့နာမည်ဂုဏ်သတင်းကို တည်ထောင်နိုင်ရမယ်....မဟုတ်ရင် နတ်ဆိုးဂိုဏ်းခေါင်းဆောင်ဆိုတဲ့ အရင်က မင်းရဲ့အဆင့်အတန်းကြောင့် ဘယ်သူကမှ မင်းကို လေးစားမှာမဟုတ်ဘူး"
လုယွီက ပြောဆိုသည်။
လန်ဝူရှင်းသည် အလွန်အလေးအနက်ထား၍ နားထောင်လိုက်၏။သူသည် ပြင်ပကျင့်ကြံခြင်းလောကမှ စွန့်ခွာခဲ့ကာ လုံးလုံးလျားလျားကွဲပြားခြားနားသော လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနေခဲ့သည်။
လုယွီ၏အမိန့်အောက်တွင် အစွမ်းထက်ကျင့်ကြံသူ အမြောက်အမြားရှိနေသည်။သူသည် ယခုချိန်၌ အလွန်အစွမ်းထက်ပုံရသော်လည်း အချိန်များကုန်ဆုံးလာသည်နှင့်အမျှ အကယ်၍ သူသည် အသုံးဝင်ခြင်းမရှိပါက လုယွီ၏အဓိကအင်အားစုအတွင်းမှ အနှေးနှင့်အမြန် ထွက်ခွာရပေမည်။
သင်္ဘောပျံသည် ယွဲ့ဖူကြယ်နယ်မြေမှထွက်ခွာ၍ အကန့်အသတ်မဲ့ကြယ်မြစ်အတွင်းသို့ ဝင်ရောက်လိုက်စဉ်မှာပင် အစွမ်းထက်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က ရုတ်တရက် သင်္ဘောပျံတစ်စင်းလုံးကို လွမ်းခြုံသွားသည်။
ဝှစ်...ဝှစ်...ဝှစ်....
ရုတ်ချည်းဆိုသလိုပင် သင်္ဘောပျံပေါ်ရှိ သက်တော်စောင့်တစ်စုသည် ဓားချီများဖြင့်သတ်ဖြတ်ခြင်းခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ထိုဓားချီသည် ရပ်တန့်သွားခြင်းမရှိချေ။ထိုအရာသည် သင်္ဘောပျံ၏အတွင်းခန်းသို့ဦးတည်၍ တန်းတန်းမတ်မတ်တိုးဝင်လာပေ၏။
Chapter 3727
သင်္ဘောပျံ၏အတွင်းခန်းတွင်ရှိနေသော လန်ဝူရှင်းနှင့်လုယွီတို့က သူတို့၏မျက်လုံးများကို ဖွင့်လိုက်ကြသည်။
သူတို့နှစ်ယောက်လုံးထံတွင် အံ့အားသင့်ဖွယ်ကောင်းသော ထက်မြက်သည့်အာရုံခံနိုင်မှုရှိနေသည်။လန်ဝူရှင်းသည် ချက်ချင်းဆိုသလိုပင်လုယွီ၏ပခုံးကိုဆုပ်ကိုင်ကာ သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။
ဘန်း....
သူတို့နှစ်ယောက် ရွှေ့ပြောင်းသွားသည်နှင့် တစ်ချိန်တည်းမှာပင် ကြီးကျယ်ခမ်းနားသောဓားချီတစ်လှိုင်းကျရောက်လာကာ သင်္ဘောအတွင်းခန်းကို ထွင်းဖောက်သွားသည်။လေဟာနယ်သင်္ဘောပျံ၏အတွင်းခန်း ချက်ချင်းပေါက်ကွဲသွားလေ၏။ခိုင်ခဲ့မာကျောသော အကာအကွယ်ဝင်္ကပါကြီးသည် ထိုဓားချီ၏ရှေ့တွင် ပါးလွှာသော စက္ကူတစ်ရွက်အလားပင်။
ယခုချိန်၌ လုယွီသည် အလွန်အားနည်းသောအခြေအနေ၌ ရှိနေဆဲဖြစ်သည်။သူသည် ထိုဓားချီကို ရှောင်တိမ်းနိုင်စွမ်းမရှိချေ။ကံကောင်းထောက်မစွာဖြင့် လန်ဝူရှင်းသည် အလွန်လျှင်မြန်စွာတုံ့ပြန်နိုင်ခဲ့သည်။ထိုဓားချီရောက်ရှိမလာသေးမီမှာပင် သူသည် လုယွီကို အခိုင်အမာကာကွယ်ပေးလိုက်၏။
ဝှစ်....
ကြီးမားကျယ်ပြန့်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ရပ်တန့်သွားခြင်းမရှိချေ။
ထိုဓားချီသည် အနည်းငယ်မျှရပ်တန့်သွားခြင်းမရှိဘဲ ပစ်မှတ်ကို ဆက်လက်၍တိုက်ခိုက်ရန် ရှာဖွေနေခဲ့သည်။ထိုအရာသည် လုယွီ၏တည်နေရာကို တစ်ကြိမ်ထပ်မံ၍ခုတ်ပိုင်းကာ သူ့၏အသက်ကိုမရမချင်း လက်လျှော့မည့်ပုံမရချေ။
"သေလမ်းရှာနေတာလား"
လန်ဝူရှင်းက တစ်ဖက်လူသည် လုပ်ကြံသတ်ဖြတ်ရန် လက်မလျော့သည်ကိုမြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများမြင့်တက်လာသည်။သူသည် ထိုဓားချီ ထွက်ပေါ်လာသောနေရာသို့ဦးတည်၍ သူ၏ဆေဘာဓားကို လွဲယမ်းလိုက်သည်။
ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေနိုင်သည်။
ထိုဆေဘာဓားကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် မိုးနှင့်မြေ နေနှင့်လတို့ကို ကွဲအက်စေနိုင်စွမ်းရှိသည်။ထိုအရာ၏စွမ်းအားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။
ယွဲ့ဖူကြယ်နယ်မြေပေါ်၌ရှိနေစဉ်အချိန်၌ လန်ဝူရှင်းသည် အလွန်အမင်း စိတ်မသက်မသာဖြစ်နေသကဲ့သို့ ခံစားရသည်။မူလက သူနှင့်လုယွီကြားရှိ ကွာဟချက်သည် အလွန်ကြီးမားခြင်းမရှိဟု သူတွေးထင်ခဲ့သည်။သို့ရာတွင် သူသည်အစွမ်းထက်သောရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် လုယွီနှင့်သူအကြားရှိကွာဟချက်ကိုအံ့အားသင့်ဖွယ်ကောင်းစွာ ရှာဖွေတွေ့ရှိခဲ့သည်။
ယခုချိန်တွင် သူ၏ကာကွယ်ပေးမှုအောက်တွင်လုယွီကိုလုပ်ကြံသတ်ဖြတ်လိုသောတစ်စုံတစ်ယောက် အမှန်တကယ်ရှိနေခဲ့သည်။ ဤသည်မှာ အလွယ်ပြောရပါက သူ့ကို အရေးမစိုက်ခြင်းပင်။
ဘုန်း....
ဓားချီနှင့်ဆေဘာဓားချီတို့သည် လေထုအတွင်း၌ ပြင်းပြင်းထန်ထန် ဖီလာဆန့်ကျင်ရိုက်ခတ်မိလေ၏။
လန်ဝူရှင်း၏ဆေဘာဓားချီသည် ရပ်တန့်ခြင်းမရှိဘဲ စွမ်းအားသည်လည်း သာလွန်ထူးကဲသည်။ သို့ရာတွင် စွမ်းအားနှစ်ခုထိတွေ့မိချိန်တွင် သူ၏ဆေဘာဓားစိတ်ဆန္ဒသည် အနည်းငယ်ရှုံးနိမ့်နေသည်။
"မကောင်းတော့ဘူး"
လန်ဝူရှင်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူသည် ခြေလှမ်းအနည်းငယ်ခန့်နောက်ဆုတ်ကာ သူ၏ဆေဘာဓားကို အကြိမ်ရေအနည်းငယ်ခန့်လွှဲယမ်း၍ ထိုဓားချီကိုပိတ်ဆို့ဟန့်တားရန် ကြိုးစားလိုက်သည်။
"ဟမ်"
လုယွီ၏မျက်နှာ သုန်မှုန်သွားကာ သူသည် ကြယ်တာရာကောင်းကင်ကို စူးစိုက်၍ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ အကန့်အသတ်မဲ့ကြယ်မြစ်အတွင်း၌ အလွန်ကြီးမားသော အပြောင်းအလဲများ ရုတ်တရက်ဖြစ်ပွားလာခဲ့သည်။
ခြစ်ခြစ်တောက်ပူပြင်းသော နေလုံးကြီးတစ်လုံးသည် သူတို့နှစ်ယောက်၏ရှေ့၌ မျောလွင့်နေသည်။ဤသည်မှာ အစစ်အမှန်နေတစ်စင်းမဟုတ်သော်လည်း အကန့်အသတ်မရှိသော မှော်စွမ်းအားများမှတစ်ဆင့် ဖွဲ့စည်းထားသောထူးခြားသည့် သဘာဝလွန်ပုံရိပ်ဖြစ်သည်။ထိုအရာသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုတွန့်လိမ်ကာ အသွင်ပြောင်းလဲသွားစေသည်။
အနက်ရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသောလူတစ်ယောက်သည်ထိုနေလုံးကြီးအတွင်းမှလျှောက်လှမ်းထွက်လာသည်။ထိုလူ၏ခေါင်းထက်တွင် ရွှေရောင်သရဖူတခုကို ဆောင်းထားကာ သူ၏ခြေထောက်တွင် တိမ်ပျံဖိနပ်ကို စီးနင်းထားသည်။သူလမ်းလျှောက်နေစဉ်တွင် သူ့အား မိုးကောင်းကင်တာအိုကပင်လျှင် ရိုသေလေးစားမှုဖြင့် အရိုအသေပြုရသည့်အလားပင်။
"လုယွီ...ငါတို့ထပ်တွေ့အုံးမယ်လို့ ငါ မင်းကိုပြောခဲ့ပါတယ်"
ထိုလူသည် လုယွီကိုကြည့်ကာ ပြောဆိုလိုက်သော်လည်း သူ့၏အသံသည် အထက်ကိုးကောင်းကင်ဘုံမှ ကျရောက်လာသည့်အလားဖြစ်သည်။ထိုအသံသည် လေဟာနယ်အတွင်း၌ အဆက်မပြတ် ပဲ့တက်ထပ်နေကာ အလွန်အမင်းကျယ်လောင်ပေ၏။
လုယွီသည် သူ့ရှေ့ရှိရှိလူကိုကြည့်ပြီး သူ့၏စိတ်နှလုံးသားများ လေးလံသွားသည်။ဤလူသည် မည်သည်ကြောင့် သူ့အားလာရှာသည်ကို ချက်ချင်းဆိုသလို သူ နားလည်သဘောပေါက်သွားသည်။
"လုကျိုးရှောင်"
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
သူ့ရှေ့ရှိလူသည် လုမိသားစု၏သခင်လေး လုကျိုးရှောင်ပင်။
အတိတ်တွင် ကျန်းအိမ်တော်၌ လုယွီနှင့်လူကျိုးရှောင်သည် တစ်ယောက်နှင့်တယောက် စမ်းသပ်ရန်ကြိုးစားခဲ့သည်။အပေါ်ယံတွင် လုယွီသည် အသာစီးရခဲ့သော်လည်း တစ်ဖက်လူသည် စွမ်းအားကုန်အသုံးပြုခဲ့ခြင်းမရှိကြောင်း သူ သိရှိထားသည်။
အတိတ်တွင် ထိုက်ဟွာကျမ်းစာသည် လုယွီကိုငြင်းဆန်ကာ ဆက်ခံသူတစ်ယောက်ကို ရှာဖွေခဲ့သည်။တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ထိုကျမ်းစာသည်လုကျိုးရှောင်ကို တွေ့ရှိသွားပေ၏။
လုယွီသည် ထိုစမ်းသပ်တိုက်ခိုက်မှုကြောင့် လုကျိုးရှောင်ကို ထိန်းချုပ်ဟန့်တားထားရန်လုံလောက်ကာ ထပ်မံ၍မဆင်မခြင်လုပ်ဆောင်တော့မည်မဟုတ်ဟု တွေးထင်ခဲ့သည်။
သို့ရာတွင် တစ်ဖက်လူသည် အခွင့်ကောင်းယူ၍ ယခုချိန်၌ သူ့အားလာရှာမည်ဟု လုယွီ မျှော်လင့်မထားမိချေ။
ဤအချိန်အခိုက်အတန့်တွင် လုကျိုးရှောင်၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ခရမ်းရောင်နက်နဲသိမ်မွေ့စွမ်းအားများ ပျံ့နှံ့နေကာ ကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သည်။သူ၏နဖူးပြင်ပေါ်တွင် ခရမ်းရောင်ကြာပွင့်အမှတ်အသား တဖြည်းဖြည်းထင်ရှားလာကာ သူ့၏ကျင့်ကြံဆင့်သည် ပြီးပြည့်စုံခြင်းအဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
ယခုလက်ရှိအချိန်၌ လုကျိုးရှောင်သည် လုယွီကိုမြင်တွေ့ချိန်တွင် သူ၏မျက်လုံးအတွင်းမှပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ။သူသည် လုယွီကို သတ်ဖြတ်ရန်အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသည့်အလားပင်။
Chapter 3728
"မင်းက ဓားသမားကောင်းတစ်ယောက်ပဲ...ထပ်ပြီးတိုက်ခိုက်ကြစို့"
ဤအချိန်အခိုက်တန့်မှာပင် လန်ဝူရှင်းသည် ရှေ့သို့ထွက်ကာ အေးစက်တင်းမာစွာပြောဆိုသည်။
သူသည် ယခုလက်ရှိလုယွီ၏အခြေအနေကို သိရှိထားသည်။ဤကဲ့သို့အစွမ်းထက်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် လုယွီထံ၌ ကာကွယ်နိုင်စွမ်းရှိမည်မဟုတ်ချေ။
လုကျိုးရှောင်က ပြုံးလိုက်သည်။ထိုနောက် သူသည် ခေါင်းမော့ကာ မောက်မာဝံ့ကြွားစွာဖြင့်လုယွီကို ကြည့်လိုက်၏။
"မင်းမှာ ခွေးကောင်းတစ်ကောင် ရှိနေသားပဲ...ဒါပေမဲ့ ဘယ်သူပဲရှိနေနေ ဒီနေ့ မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး"
ခြစ်ခြစ်တောက်ပူပြင်းသောနေလုံးကြီး၏အောက်တွင် လုကျိုးရှောင်၏ပုံရိပ်ကိုကြည့်ရသည်မှာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ ကြီးကျယ်ခမ်းနားနေသည်။သူ၏အရှိန်အဝါသည် ဖြတ်ကျော်၍မရနိုင်သည့် မြင့်မားသောတောင်ကြီးတစ်လုံးနှင့် တူညီနေသည်။သူသည်လူအများ၏ရှေ့၌ မတ်တတ်ရပ်နေရုံဖြင့်နှင့် ထိုလူများသည် သူ့အား ဦးညွှတ်အရိုအသေပြုလိုစိတ်များ ပေါက်ဖွားလာပေမည်။
အစမှအဆုံးထိတိုင် လုကျိုးရှောင်သည် လန်ဝူရှင်းကို တစ်ချက်မျှစောင်းငဲ့ကြည့်ခြင်းမပြုချေ။
လန်ဝူရှင်းသည် သူလျစ်လျူရှုခံထားရသည်ကိုခံစားမိလေ၏။သူသည် ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းက သေချင်နေတာလား"
သူသည် ရုတ်တရက် ရှေ့သို့ခုန်ထွက်လိုက်၏။သူ၏လက်အတွင်းရှိ ဆေဘာဓားမှနေ၍ အေးစက်စက်အလင်းတန်းများ လင်းလက်သွားသည်။ထက်ရှသောဆေဘာဓားချီသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာလောကကြီးတစ်ခွင်လုံးကို အရောင်ပြောင်းလဲသွားစေသည်။
လန်ဝူရှင်းသည် တစ်ချိန်က အခွင့်အရေးကောင်းတခုကြောင့် ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒကို လေ့လာဆင်ခြင်ခွင့်ရခဲ့သည်။ဤဆေဘာဓားထွက်ပေါ်လာချိန်တွင် ကောင်းကင်နှင့်မြေပြင်၌ တောက်ပပြီးအစွမ်းထက်သော ဆေဘာဓားချီများဖြင့် ပြည့်နှက်သွားကာ လူအများသည် ထိုအရာများကို စေ့စေ့ကြည်ဝံ့မည်မဟုတ်ချေ။
လုယွီသည် ဆေးလုံးကိုအသုံးပြု၍ လန်ဝူရှင်း၏ကျင့်ကြံဆင့်ကို နောက်ထပ်နယ်ပယ်သစ်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်နိုင်စေခဲ့သည်။ဤအချိန်အခိုက်အတန့်တွင် သူ ထုတ်ဖော်အသုံးပြုနေသော ဆေဘာဓားစိတ်ဆန္ဒသည် ယခင်ထက်ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေ၏။
လန်ဝူရှင်း၏ဆေဘာဓားတွင် အထွတ်အထိပ်ဆေဘာဓားစိတ်ဆန္ဒကို သယ်ဆောင်ထားကာ အချိန်တခဏအတွင်းမှာပင် လုကျိုးရှောင်၏ရှေ့ကို ရောက်ရှိသွားသည်။
"ပုရွက်ဆိတ်တကောင်ပဲ....မင်းက ဂိုဏ်းတစ်ဂိုဏ်းကိုအုပ်ချုပ်နိုင်ခဲ့တာနဲ့ပဲ တော်ဝင်နန်းတွင်းရဲ့မဟာစစ်ဗိုလ်ချုပ်ဖြစ်လာပြီးတော့ မင်းကိုယ်မင်း အရမ်းကြီးကျယ်ခမ်းနားနေပြီလို့ ထင်နေတာလား...ပုရွက်ဆိတ်တွေက ဘယ်လိုပဲဖြစ်နေနေ ပုရွက်ဆိတ်ပဲ...မင်းကိုယ်မင်း အရမ်းအထင်ကြီးမနေစမ်းနဲ့"
လုကျိုးရှောင်သည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးကာ သူ့၏လက်ကို ဆန်းတန်းလိုက်သည်။ကြီးမားကျယ်ပြန့်သော ဖိအားအရှိန်အဝါတစ်ရပ်က သူ၏လက်ဝါးအတွင်းမှ ပွင့်အံ့ထွက်လာလေ၏။
ဤစွမ်းအားသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ဥပဒေသများ၏အကန့်အသတ်များကိုပင် ဖိနှိပ်နိုင်သည်။လုကျိုးရှောင်၏ရှေ့ရှိ လေဟာနယ်သည် တစတစပြိုလဲစပြုလာသည်။
ဝုန်း....
အစွမ်းထက်သော လက်ဝါးလှိုင်းတစ်ရပ်သည် လေပြင်းမုန်တိုင်းတစ်ခုအလား လန်ဝူရှင်း၏ဆေဘာဓားချီကို ပိတ်ဆို့ဟန့်တားလိုက်သည်။
ပေါက်ကွဲသံတစ်သံကိုသာ လန်ဝူရှင်း၏နားအတွင်း၌ ကြားလိုက်ရသည်။လေထုအတွင်း၌ ပျံဝဲနေသော တောက်ပသည့် ဟုန်းမင်ဆေဘာဓားချီသည် ထိုလက်ဝါးရိုက်ချက်၏ ချေမွှဖျက်ဆီးခြင်းကို ခံလိုက်ရလေ၏။
ထိုဓားချီကို ချေမွဖျက်ဆီးပြီးနောက်အကန့်အသတ်မရှိသော လက်ဝါးလှိုင်းစွမ်းအားများသည် အပြည့်အဝ ပျက်ပြယ်သွားခြင်းမရှိချေ။ကြွင်းကျန်သောသောစွမ်းအားများသည် လန်ဝူရှင်းထံသို့ဦးတည်၍ တိုးဝင်လာသည်။
"နယ်မြေသခင်အဆင့် ကျင့်ကြံသူ"
လန်ဝူရှင်းသည် ထိတ်လန့်တုန်လှုပ်သွားကာ သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ရွှယ်အင်မော်တယ်နှင့်နယ်မြေသခင်ကြားရှိကွာဟချက်သည် မိုးနှင့်မြေတမျှ ကြီးမားသည်။ ကျင့်ကြံသူတစ်ယောက်သည် နယ်မြေသခင်အဆင့်သို့ရောက်မှသာ ကောင်းကင်ဘုံနယ်မြေ၏ထိပ်သီးတည်ရှိမှုတစ်ခုဟု အမှန်တကယ်ယူဆနိုင်သည်။ရွှယ်အင်မော်တယ်တစ်ယောက်သည် ကောင်းကင်နှင့်မြေပြင်ကြားမှဥပဒေသများကို လေ့လာဆင်ခြင်နိုင်သော်လည်း နယ်မြေသခင်များသည် ထိုဥပဒေသများကို ထိန်းချုပ်နိုင်သောစွမ်းရည်ရှိသည်။ဤကျင့်ကြံဆင့်နယ်ပယ်နှစ်ခုကြားမှ ကွာဟချက်ကို နှိုင်းယှဉ်ကြည့်၍ပင်မရနိုင်ချေ။
နယ်မြေသခင်အဆင့် ကျင့်ကြံသူများသည်အလွန်ရှားပါးပေ၏။သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို ကောင်းကင်ဘုံနယ်မြေ၏ ထိပ်သီးတည်ရှိမှုများအနက်မှတစ်ယောက်ဖြစ်ပြီး သူတို့၏စွမ်းအားများသည် သာလွန်ထူးကဲသည်။
ရွှယ်အင်မော်တယ်နှင့်နယ်မြေသခင်အဆင့်အကြားတွင် ကျင့်ကြံဆင့်နယ်ပယ်တစ်ခုသာ ကွာခြားပုံရသော်လည်း သူတို့အကြားရှိ ကွာဟချက်သည် မိုးနှင့်မြေတမျှ ကြီးမားသည်။
ဝှစ်....
လန်ဝူရှင်းသည် နောက်သို့အလျှင်အမြန်ဆုတ်လိုက်၏။တစ်ချိန်တည်းမှာပင် သူ့၏လက်အတွင်းမှ ဆေးဘာဓားကို ရှေ့သို့အားကုန်လွှဲယမ်းလိုက်သည်။ထောင်နှင့်ချီသောဓားချီလှိုင်များ ချက်ချင်းထွက်ပေါ်လာကာ သူရှေ့ရှိကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးထံသို့ ဦးတည်၍ တိုးဝင်သွားသည်။
သို့ရာတွင် ဤဆေဘာဓားချီများသည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်သည့်တိုင် လုကျိုးရှောင်အပေါ် အနည်းငယ်မျှသက်ရောက်ခြင်းမရှိချေ။
ထိုလက်ဝါးပုံရိပ်ယောင်ကြီးမှစွမ်းအားသည် ပြိုင်ဘက်ကင်းအဆင့်နီးပါးသို့ ရောက်ရှိနေလေသည်။ထိုအရာသည် လန်ဝူရှင်း ရှိနေသောနေရာသို့ဦးတည်၍ ပြင်းပြင်းထန်ထန်ကျရောက်လာသည်။
ဘန်းခနဲမြည်သံနဲ့အတူ လန်ဝူရှင်းသည် ထိုလက်ဝါးရိုက်ချက်၏ သက်ရောက်ခြင်းကို ခံလိုက်ရသည်။ရုတ်ချည်းဆိုသလိုပင် သူသည် အပြင်းအထန်ဒဏ်ရာရရှိသွားကာ သူ့၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။
တိုက်ခိုက်မှုတစ်ခုတည်းဖြင့် လန်ဝူရှင်း ရှုံးနိမ့်သွားလေပြီ။
သူသည် လုယွီ၏အကူအညီဖြင့် သူ၏ခွန်အားကို မြှင့်တင်နိုင်ခဲ့သည့်တိုင် လုကျိုးရှောင်၏ပြိုင်ဘက်ဖြစ်ရန်မှာ သူ့အတွက်အလှမ်းကွာဟနေဆဲပင်။
"မင်း မြင်ပြီလား...ဒါက မင်းနဲ့ငါအကြားကကွာခြားချက်ပဲ...ပါရမီရှင်လို့ပြောနေတဲ့ကောင်တွေက ငါ့ရှေ့မှာ အကုန်လုံးအမှိုက်ကောင်တွေပဲ"
Chapter 3729
လုကျိုးရှောင်သည် ထိုစကားကိုပြောဆိုနေချိန်တွင် သူ့၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအပြုံးတစ်ခု ထင်ဟပ်နေသည်။ဤသည်မှာအောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုးပင်။
သူသည် နယ်မြေသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည့်အပြင် လုမိသားစုလူငယ်မျိုးဆက်သစ်၏ အစွမ်းထက်ဆုံးသခင်လေးတစ်ယောက်ဖြစ်သည်။သူ့အား လုမိသားစုခေါင်းဆောင်နေရာအတွက် အရည်အချင်းအရှိဆုံးဆက်ခံသူအဖြစ် သတ်မှတ်ထားကြလေ၏။
ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်တွင် သူသည် အမတ်ကြီးရာထူးကိုလည်း ခန့်အပ်ခြင်းခံထားရကာ သူ့၏အနာဂတ်သည်အကန့်အသတ်မရှိချေ။
လုယွီက ရုတ်တရက်ရယ်မောလိုက်သည်။
"လုကျိုးရှောင်...မင်းက ဒီနေရာမှာ ကြွားဝါနေတာ....မင်းရဲ့စိတ်ထဲက ထိတ်လန့်ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ချင်လို့မဟုတ်လား"
"မင်း ဘာပြောတာလဲ"
လုကျိုးရှောင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။သူ၏မျက်လုံးအတွင်း၌ အန္တရာယ်ကြီးသော အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်။
နယ်မြေသခင်တစ်ယောက်၏ရက်စက်ကြမ်းကြုတ်သော ဖိအားအရှိန်အဝါက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းသက်ရောက်သွားသည်။ ဤသည်မှာ လူတစ်ယောက်၏ကျောရိုးကို ကြေမွပျက်စီးသွားစေလုမတတ် ပြင်းထန်ပေ၏။နယ်မြေသခင်အဆင့်သို့အရောက်တွင် ထိုလူ၏လှုပ်ရှားမှုတိုင်းမှနေ၍ အကန့်အသတ်မရှိသော ဖိအားအရှိန်အဝါကိုထုတ်လွှတ်နေကာ ခုခံနိုင်ရန် အလွန်ခက်ခဲသည်။
ဤတုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်တွင် လုယွီသည် သူ၏မတ်တတ်ရပ်နေသောကိုယ်နေဟန်ထားကို ထိန်းသိမ်းထားဆဲပင်။
လုယွီ၏မျက်လုံးအတွင်း၌ မည်သည့်ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်မျှ ရှိမနေချေ။ထိုအစား သူက တည်ငြိမ်စွာပြောဆိုသည်။
"မင်းက ငါ့ကိုမသတ်နိုင်မှာကို မင်း တကယ်ကိုကြောက်နေခဲ့တာပဲ...တော်ဝင်မြို့တော်မှာတုန်းက မင်းရဲ့စမ်းသပ်စစ်ဆေးတဲ့ တိုက်ခိုက်မှုကို ငါက ပိတ်ဆို့ဟန့်တားနိုင်ခဲ့တယ်....အဲဒီကိစ္စကြောင့် မင်းကိုယ်မင်း ဇဝေဇဝါဖြစ်နေခဲ့တယ်....မင်းက ငါ့ကိုအနိုင်ရနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး...ဒါကြောင့် ငါ့ရဲ့နောက်မှာ သူလျှိုတွေကို အမြဲလွှတ်ထားခဲ့တယ်...မင်းကငါ့ရဲ့နောက်ကို ကြွက်တကောင်လိုလိုက်နေပြီးတော့ငါ့ရဲ့အားနည်းချက်ကို ရှာဖွေနေခဲ့တာပဲ"
ထိုသို့ပြောဆိုပြီးနောက် လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"မင်းရဲ့သူလျှိုတွေကို ငါသတိမပြုမိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား...မင်းက မင်းကိုယ်မင်း အရမ်းလိမ္မာပါးနပ်တယ်လို့ထင်နေတယ်...ဒါပေမဲ့ ငါ့ရဲ့မျက်လုံးထဲမှာတော့ မင်းကအခုမှအိမ်ထဲကထွက်လာတဲ့ ကလေးတစ်ယောက်နဲ့ ဘာကွဲပြားခြားနားမှု့မှမရှိဘူး...ငါ မင်းကို လျစ်လျူရှုထားတဲ့အကြောင်းရင်းကတော့ ငါ့မှာ မင်းထက်အရေးကြီးတဲ့ ရန်သူတွေ အများကြီးရှိနေလို့ပဲ...မင်းက ဘာကောင်မှမဟုတ်ဘူး"
လုယွီ၏အနီးတွင် လုကျိုးရှောင်လွှတ်ထားသော သူလျှိုတစ်စု ရှိနေခဲ့သည်။
တော်ဝင်တရားစီရင်ရေးဌာန၏ အမတ်ကြီးတစ်ယောက်ဖြစ်ခဲ့သော ဖေးထျန်ကွမ်းသည် သူလျှိုအဖွဲ့အစည်းတစ်ခုကို တည်ထောင်၍လေ့ကျင့်သင်ကြားပေးထားခဲ့သည်။နောက်ပိုင်းတွင် သူသည် တော်ဝင်တရားစီရင်ရေးဌာနမှာ နှုတ်ထွက်ခဲ့သည့်တိုင် ထိုအဖွဲ့အစည်းသည်သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေဆဲပင်။
လုယွီသည် ဖေးထျန်ကွမ်းကိုထောက်ပံ့ရန်အတွက် အရင်းအမြစ်များစွာကို ပေးအပ်ခဲ့သည်။သူ၏သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်းမှ စိတ်ဝိညာဉ်သွေးကြောများသည် စိတ်ဝိညာဥ်ကျောက်တုံးများကို အဆက်မပြတ်ထောက်ပံ့ပေးနိုင်သည်။ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ကြယ်မြစ်ဆယ့်နှစ်ခုအတွင်းတွင် သဲကန္တာရာများမှ ချောက်နက်ကြီးများထိမကျန် လုယွီ၏သူလျှိုများက နေရာအနှံ့အပြား၌ရှိနေသည်။
လုကျိုးရှောင်သည် သူ့ကိုယ်သူဉာဏ်ကောင်းသည်ဟု တွေးတောကာ သူလျှိုများကို လုယွီ၏နံဘေးပတ်ဝန်းကျင်၌ မွေးမြူထားခဲ့သည်။သို့ရာတွင် လုယွီသည် ဤကိစ္စကို ယခင်ကတည်းက ရှာဖွေတွေ့ရှိပြီးဖြစ်မည်ဟု သူမျှော်လင့်မထားမိချေ။
"မင်းက နောက်ဆုံးတော့ ငါ့ရဲ့အားနည်းချက်ကိုရှာတွေ့သွားခဲ့တယ်...ငါက အထွတ်အထိပ်ဂိုဏ်းကိုသွားပြီးတော့ အဲဒီဂိုဏ်းက အကြီးအကဲတွေရဲ့ ဝိုင်းရံတိုက်ခိုက်တာကို ခံရတယ်...ဒါပေမယ့် မင်း ငါ့ကို မတိုက်ခိုက်ဝံ့ဘူး...ငါက ရေအင်မော်တယ်ဂိုဏ်းကိုသွားပြီးတော့ ထန်ယောင်ရှင်းနဲ့တိုက်ခိုက်ခဲ့တယ်...အဲဒီအချိန်ထိလည်း မင်း ငါ့ကို မတိုက်ခိုက်ရဲသေးဘူး...ရွှေအလင်းဘုရားကျောင်းနဲ့တိုက်ခိုက်ပြီးတော့ ငါဒဏ်ရာရချိန်ကျမှ မင်း အခွင့်အရေးတစ်ခု ရှာတွေ့သွားခဲ့တယ်....
အဲဒီအချိန်ကျမှပဲ မင်းက ငါ့ရှေ့မှာ ထွက်လာရဲတယ်...မင်းမှာ ငါ့ကို ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ သတ္တိမျိုးမရှိဘူး...ဒါတောင်မှမင်းကဘယ်လိုသက်သည်မျိုးနဲ့ငါ့ရှေ့မှာလာပြီးမောက်မာဝံ့ကြွားနေတာလည်း
လုယွီ၏အသံသည် အလွန်တည်ငြိမ်အေးဆေးနေကာ သူသည် အမှန်တရားကိုပြောဆိုနေသည့်အလားပင်။
သူသည် လုကျိုးရှောင်ကဲ့သို့ အစွမ်းထက်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင် လုယွီ၏မျက်လုံးများ တည်ငြိမ်နေဆဲဖြစ်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ မည်သည့် ထိတ်လန့်ကြောက်ရွံ့မှုမျိုးမျှ ရှိမနေချေ။
"ငါက မင်းကိုကြောက်တယ်လို့ မင်းပြောခဲ့တယ်...ငါက ဘာလို့ မင်းကို ကြောက်ရမှာလဲ"
လုကျိုးရှောင်က စကားတစ်လုံးချင်းပြောဆိုကာသူ၏မျက်နှာပေါ်တွင် ယုတ်မာကောက်ကျစ်သောအမူအယာ ထင်ဟပ်လာသည်။
သူသည် မောက်မာထောင်လွှားသောလအကျင့်စရာရှိသူဖြစ်သဖြင့် တစ်စုံတစ်ယောက်မှ ဤကဲ့သို့ပြောဆိုလာသည်ကို သူ သည်းခံနိုင်ခြင်းမရှိချေ။ယခုချိန်၌ လုယွီသည် သူ့ကိုချိုးနှိမ်၍ပြောဆိုနေသောကြောင့် လုကျိုးရှောင်၏မျက်လုံးများ သွေးနီရောင်သို့ပြောင်းလဲသွားသည်။
သူ၏စရိုက်သဘာဝသည် မီးကဲ့သို့ပူပြင်းပေ၏။လုမိသားစုအတွင်း၌ လုကျိုးရှောင်၏နောက်သို့လိုက်သော အစေခံများသည်အစဉ်အမြဲ ထိတ်လန့်ကြောက်ရွံ့နေကြရသည်။ သူတို့သည် လုကျိုးရှောင်၏ဒေါသကို ဆွပေးသကဲ့သို့ဖြစ်ကာ သူတို့အားသတ်ဖြတ်မည်ကိုမည်ကို စိုးရိမ်ထိတ်လန့်နေကြရသည်။
လုမိသားစု၏တပည့်တချို့ပင်လျှင် လုကျိုးရှောင်ကို ရန်စစော်ကားမိပါက သူတို့၏အဆုံးသတ်သည် ကောင်းမွန်ခြင်းမရှိချေ။
လုယွီသည် လုကျိုးရှောင်ကို မျက်နှာချင်းဆိုင်ကြည့်၍ သူ၏ခွန်အားကို မေးခွန်းထုတ်ဝံ့သည်။ ဤသည်မှာ လုကျိုးရှောင်အတွက် ကြီးမားသော တားမြစ်စည်းဖြစ်ကာ သူ့၏အထိမခံနိုင်သော ပြောင်းပြန်အကြေးခွံပင်။
ရုတ်တရက် လုကျိုးရှောင်သည် တစ်စုံတစ်ခုကိုတွေးတောမိသွားပုံဖြင့် သူ၏မျက်နှာပေါ်တွင်ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ငါက မင်းပြောချင်သလို ပြောခွင့်ပြုလိမ့်မယ်...အဆုံးသတ်ကျရင် မင်းက အလောင်းတစ်လောင်းပဲ ဖြစ်လာမှာ....ငါ မင်းကို သတ်ပြီးတဲ့အချိန်ကျရင် ဒါတွေကို ဘယ်သူကမှ ဂရုစိုက်တော့မှာမဟုတ်ဘူး"