← Chapters

အခန်း (၃၇၄၆-၃၇၄၉)

Vol. 191 Ch. 3746-3749

အခန်း (၃၇၄၆-၃၇၄၉)

Vol. 191 Ch. 3746-3749

Chapter 3746

လုယွီ မည်သည့်အချိန်က နိုးထနေကြောင်းမည်သူမျှမသိရှိချေ။

လုယွီ၏မျက်လုံးများ တည်ငြိမ်နေသည်။သူသည် ဟန်ချီ ထုတ်ဖော်အသုံးပြုသော ခွန်အားကြောင့် ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိဘဲ သူသည် အရေးမပါသောလူတစ်ယောက်ကို ကြည့်နေသည့်အလားပင်။

ဟန်ချီက မတ်တတ်ထရပ်လိုက်၏။သူ့၏တောက်ပသော သံချပ်ကာပေါ်တွင် ဖုန်မှုန့်များလူးနေသဖြင့် သူ့အား အနည်းငယ်အရှက်ရသွားစေသည်။

သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"မင်းက သေတော့မယ့် ကောင်တစ်ကောင်ပဲ...ဘယ်လိုသတ္တိမျိုးနဲ့ မင်းက ဒီနေရာကိုလာပြီးပြဿနာရှာဝံ့တာလဲ...မင်း ဘယ်သူပဲဖြစ်ဖြစ်မင်းရဲ့အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး....မင်းရဲ့ကျန်နေတဲ့ဘဝတလျှောက်လုံးကို ထောင်ထဲမှာပဲ အချိန်ကုန်ဆုံးရလိမ့်မယ်"

ဘုန်း...

ဟန်ချီ၏စကား အဆုံးမသတ်သေးမီမှာပင် သူ့၏ခေါင်းပေါ်သို့ ဖိအားအရှိန်အဝါတစ်ရပ် ကျရောက်လာသည်။

မြို့တံခါး၏ထိပ်ရှိ ထန်ချုံးဟူသောစာလုံးနှစ်လုံးသည် သူ၏ခေါင်းအထက်ရှိ လေထုအတွင်းတွင် ထက်ရှသောဓားများအလားမျောလွင့်နေသည်။ဟန်ချီသည် အဆင့်မြင့်ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်သည့်တိုင် သူသည် အလွန်ကြီးမားသော ဖိအားအရှိန်အဝါဒဏ်ကို တောင့်ခံနိုင်ခြင်းမရှိချေ။

အား....

ဟန်ချီသည် သွေးဆူလွယ်သောလူတစ်ယောက်ပင်။သူသည် အော်ဟစ်ကြုံးဝါးကာ သူ့၏ခေါင်းထက်ရှိ ဖိအားအရှိန်အဝါကို ခုခံရန်ကြိုးစားလိုက်၏။သူသည် မတ်တတ်ထရပ်နိုင်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။

သို့ရာတွင် ဧကရာဇ်၏အရှိန်အဝါသည်သူ၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသည်မှာအနည်းငယ်မျှ အားနည်းခြင်းမရှိချေ။ထိုအစား ထိုအရှိန်အဝါသည် တစတစပို၍အားကောင်းလာခဲ့သည်။

လုယွီက မတ်တတ်ထရပ်ကာ ဟန်ချီထံသို့လျှောက်လှမ်းသွားလိုက်သည်။

"တော်ဝင်နန်းတွင်းရဲ့အရာရှိတံဆိပ်ပြားတွေကို တော်ဝင်လက်မှုရေးရာဌာနက သွန်းလုပ်ထားတာ...အဲ့ဒါတွေကို အတုမလုပ်နိုင်အောင် ကာကွယ်ထားတဲ့ နည်းလမ်းတွေ တစ်ရာကျော်ရှိတယ်...ငါ့ကို ပြောစမ်း...ဒီတံဆိပ်ပြားက အတုအယောင်ဆိုတာ မင်း ဘယ်လိုရှာဖွေဖော်ထုတ်နိုင်တာလဲ"

"ငါ မင်းကို သတ်မယ်"

ဟန်ချီက ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ လုယွီကိုဖမ်းဆုပ်ရန်အတွက် သူ့၏လက်ကို ဆန့်တန်းလိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ကျယ်လောင်သောပေါက်ကွဲသံတစ်သံကပတ်ဝန်းကျင်ရှိ လေထုအတွင်းမှ ထွက်ပေါ်လာသည်။

အလွန်အမင်းကြီးမားသော ဧကရာဇ်အရှိန်အဝါတစ်ရပ်သည် တဖန်ပြန်၍ဆင်းသက်လာကာ ထိုက်တောင်ကြီးအလား ဟန်ချီ၏ခန္ဓာကိုယ်ကိုဖိနှိပ်လိုက်သည်။

ဟန်ချီ၏ပါးစပ်မှ သွေးတလုတ်အန်ထွက်လာကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သူ့၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်သံချပ်ကာမှလည်း အက်ကွဲသံများထွက်ပေါ်လာကာ အကန့်အသတ်အခြေအနေသို့ ရောက်ရှိသွားသည့်အလားပင်။

"ငါ ပြောနေတာကို မင်း နားမလည်ဘူးလား"

လုယွီက ဟန်ချီကိုကြည့်ကာ အလွန်အမင်းအေးစက်သောလေသံဖြင့် ပြောဆိုသည်။

"ငါ မင်းကို မေးခွန်းတစ်ခုမေးမယ်...မင်း အတုလို့ပြောတဲ့ ငါ့ရဲ့တံဆိပ်ပြားဘယ်ရောက်သွားလဲ"

ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံးသည်တုန်လှုပ်ခြောက်ချားဖွယ် မြင်ကွင်းတစ်ခုကိုမြင်တွေ့မိလေ၏။

မြို့တံခါး၏အထက်ရှိ ဧကရာဇ်အမှတ်အသားကို လုယွီမှနေ၍ အပြည့်အဝထိန်းချုပ်ထားပုံရသည်။ထိုအရာသည် လုယွီ၏နံဘေး၌ အချိန်အတော်ကြာအထိ ရစ်ဝဲနေသည်။

ဟန်ချီသည် ထိုဧကရာဇ်အရှိန်အဝါ၏ တင်းတင်းကြပ်ကြပ်ဖိနှိပ်ခြင်းကို ခံထားရသည်။သူသည် မြေပြင်ပေါ်၌ လဲကျနေကာမကြာမီမှာပင် သူ၏ပါးစပ်မှ သွေးများးယိုစီးကျလာသည်။

သူ၏မျက်လုံးအတွင်း၌ ဒေါသများဖြင့်ပြည့်နှက်နေသည်။သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းတို့အားလုံး သူ့ကိုသတ်စမ်း"

ဟန်ချီသည် ကောင်းကင်ချိုးဖျက်ခံတပ်၏ မြို့တံခါးကို တာဝန်ယူရသော စစ်ဗိုလ်ချုပ်တစ်ယောက်ပင်။သူသည် အမြဲတစေမောက်မာထောင်လွှားသူတစ်ယောက်ဖြစ်ပြီး သူ့ထံတွင် အံအားသင့်ဖွယ်ကောင်းသော ခွန်အားလည်းရှိနေလေရာ မည်သည်ကြောင့် ဤကဲ့သို့ အရှက်ခွဲခံရမှုကို သူ သည်းခံနိုင်မည်နည်း။

ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံးသည်တင်းတင်းကျပ်ကျပ် လေ့ကျင့်သင်ကြားခြင်းခံထားရသူများဖြစ်သည်။

သူတို့သည် တပ်မှူး၏အမိန့်ကိုကြားချိန်တွင် သူတို့၏လက်အတွင်းမှ ဒူးလေးများဖြင့် လုယွီကိုချိန်ရွယ်လိုက်ကြ၏။

ကျွီ...ကျွီ...ကျွီ...

စက်ယန္တရားသံများသည်လည်း ပတ်ဝန်းကျင်၌ အဆက်မပြတ် ထွက်ပေါ်နေသည်။ဤနေရာရှိလှုပ်ရှားမှုသည် အနီးအနား၌ ကင်းလှည့်နေသောစစ်သားများကို ဆွဲဆောင်နိုင်ခဲ့သည်။

အနက်ရောင်သံချပ်ကာဝတ်စစ်သားများသည်ဤနေရာသို့ အဆက်မပြတ် ပြေးဝင်လာပေ၏။

ထက်ရှသောမြှားများမှ အေးစက်စက်အလင်းရောင်များထွက်ပေါ်နေကာ လူတစ်ယောက်၏ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသော အေးစိမ့်မှုမျိုးရှိနေသည်။

"အရှင် ဂရုစိုက်ပါ"

လန်ဝူရှင်းသည် ထိတ်လန့်တုန်လှုပ်သွားကာ လုယွီ၏နံဘေးသို့ အလျှင်အမြန်အပြေးသွားလိုက်သည်။သူသည် လုယွီ၏ရှေ့၌ မတ်တတ်ရပ်ကာသူ့၏ဓားကိုအသုံးပြု၍ ထိုမြှားများကို ပိတ်ဆို့ဟန်တားရန် ဟန်ပြင်လိုက်၏။

"ပစ်ကြစမ်း"

လက်ထောက်တပ်မှူးတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော ထက်ရှသည့် မြှားများက လုယွီထံသို့ဦးတည်၍ပျံသန်းလာသည်

ဝှစ်...ဝှစ်...ဝှစ်...

မိုးကောင်းကင်ယံအတွင်း၌ ကျိုင်းကောင်များပျံသန်းလာသည့်အလား မြှားများဖြင့်ပြည့်နှက်သွားကာ လုယွီရှိနေသောနေရာသို့ အရပ်မျက်နှာအဘက်ဘက်မှ ကျရောက်လာသည်။

ဤတစ်ကြိမ်မြှားမိုးသည် ယခင်ထက်ပို၍ ထူထပ်သိပ်သည်းပေ၏။မြှားတစင်းစီပေါ်တွင် စိတ်ဝိညာဉ်ချိုးဖျက်ခြင်း အထူးသင်္ကေတများကို ရေးထွင်းထားကာ ကျင့်ကြံသူတစ်ယောက်၏အကာအကွယ်မှော်အလွှာကို ပြင်းထန်စွာဖိနှိပ်နိုင်သော အကျိုးသက်ရောက်မှုရှိသည်။

ထိုအချိန်မှာပင် လုယွီသည် ရုတ်တရက်သူ၏အင်္ကျီလက်မောင်းကြားမှ အရာရှိစည်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်၏။

Chapter 3747

ဤအရာရှိစည်းတံဆိပ်သည် ရာထူးစည်းတံဆိပ်များနှင့် ကွဲပြားခြားနားသည်။ဤသည်မှာ စွမ်းအား၏အမှတ်သင်္ကေတဖြစ်ကာ အခွင့်အာဏာစည်းတံဆိပ်ဟုလည်း လူသိများသည်။

ဧကရီမင်း၏စည်းတံဆိပ်ကို 'ရှီ'ဟုခေါ်ကာ အရာရှိများ၏စည်းတံဆိပ်ကို 'ကျန်း' ဟုခေါ်သည်။

ဤသည်မှာ အခွင့်အာဏာ၏အမှတ်သင်္ကေတတစ်ခုဖြစ်ရုံသာမက ကံကြမ္မာစွမ်းအားကို သယ်ဆောင်ထားသော အရာလည်းဖြစ်သည်။

လုယွီသည် တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကိုရရှိပြီး သူ၏ကျင့်ကြံမှုအရှိန်နှုန်း အဆများစွာမြင့်တက်လာခြင်းမှာ ဤစည်းတံဆိပ်​ကြောင့်ပင်။

အကယ်၍အရာရှိများသည် ထုတ်ပယ်ခံရခြင်း နှုတ်ထွက်ခြင်း စုံစမ်းစစ်ဆေးခံရခြင်း စသောကိစ္စများဖြစ်ပွားပါကာ ထိုအရာရှိစည်းတံဆိပ်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရသည်။ထိုအချိန်မှစ၍ သူတို့သည် ကံကြမ္မာစွမ်းအားကိုလက်ခံရရှိနိုင်တော့မည်မဟုတ်ဘဲ ထိုစည်းတံဆိပ်နှင့်အနည်းငယ်မျှ သက်ဆိုင်တော့မည်မဟုတ်ချေ။

ထို့ကြောင့် အရာရှိစည်းတံဆိပ်များ မပျောက်ဆုံးသွားစေရန်အလို့ငှာ အရာရှိအများစုသည် အလွန်အမင်းဂရုစိုက်ကြရသည်။ ကံကြမ္မာစွမ်းအားသည် သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းကို ဆယ်ဆ သို့မဟုတ် အဆတစ်ရာထိပင် မြှင့်တင်ပေးနိုင်စွမ်းရှိသည်။မည်သည့်ကျင့်ကြံသူမဆို ဤကဲ့သို့သွေးဆောင်မှုမျိုးကို တောင့်ခံနိုင်မည်မဟုတ်ချေ။

လုယွီထုတ်ယူလိုက်သော အရာရှိစည်းတံဆိပ်ကို သံနက်ဖြင့်ပြုလုပ်ထားကာ 'ကျန်းကော်မဟာစစ်ဗိုလ်ချုပ်'ဟူသောစာလုံးများကို ထိုအရာပေါ်တွင်ရေးထွင်းထားသည်။ဤသည်မှာတည်ကြည်လေးနက်ပြီးသပ်ရပ်ကာ ရိုးရှင်းသော်လည်း ကျက်သရေရှိပေ၏။

အတွေးတစ်ချက်ဖြင့် လုယွီသည် ထိုအရာရှိစည်းတံဆိပ်အတွင်းမှ စွမ်းအားများကိုဖြန့်ကျက်လိုက်ရာ အလွန်ကျယ်လောင်သောနဂါးဟိန်းသံကြီးက ချက်ချင်းထွက်ပေါ်လာသည်။

ဝေါင်း....

အစွမ်းထက်သော နဂါးဟိန်းသံတစ်သံကို ထိုအရာရှိစည်းတံဆိပ်မှ ကြားနေရသည်။

ပတ်ဝန်းကျင်ရှိလေထုသည် ရုတ်တရက်ပို၍ပြင်းထန်လာကာ အရာရှိစည်းတံဆိပ်အတွင်းမှနေ၍ နဂါးနက်တစ်ကောင် ပျံသန်းထွက်လာသည်။ထိုနဂါးနက်သည် အစွယ်များကိုဖြဲဟ၍ လက်စွယ်များကိုဝှေ့ယမ်းကာ မြေပြင်ပေါ်သို့ ဒေါသတကြီးစူးစိုက်ကြည့်နေသည်။ထိုနဂါးနက်၏ပါးစပ်မှနေ၍ ကောင်းကင်နှင့်မြေပြင်တုန်ခါစေသော ဟိန်းသံကြီး ထွက်ပေါ်နေပေ၏။။နဂါးနက်ပုံရိပ်ယောင်သည် အမြှီးရှည်ကြီးကိုဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောလေပြင်းတရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လုယွီထံသို့ချဉ်းကပ်လာသော မြှားများအားလုံးသည် လေထု၏အလယ်၌ရပ်တန့်သွားကာ ထိုလေပြင်းကြောင့် လွင့်ထွက်သွားတော့သည်။ထိုမြှားများသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီးနောက် အက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

ဝေါင်း...ဝေါင်း...ဝေါင်း....

နဂါးနက်ပုံရိပ်ယောင်သည် လေထုအတွင်း၌လှည့်ပတ်ပျံသန်းပြီး အကြိမ်များစွာဟိန်းဟောက်လိုက်သည်။ဤနေရာအနီးရှိစစ်သားအမြောက်အများသည် သူတို့၏နားစည်များ စူးရှရှနာကျင်လာမှုကို ခံစားမိလေ၏။သူတို့အားလုံးသည် ခြေလှမ်းအနည်းငယ်ခန့်နောက်ဆုတ်လိုက်ကြသည်။ထိုစွမ်းအားသည် သူတို့ပေါ်သို့ သက်ရောက်လာမည်ကိုစိုးရိမ်သဖြင့် သူတို့၏မှော်စွမ်းအားများကိုအသုံးပြုပြီး သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် လုယွီသည် မည်သူတစ်ဦးတစ်ယောက်ကို​မျှ ထိခိုက်နာကျင်စေရန်ရည်ရွယ်မထားချေ။နဂါးနက်ကြီးသည် လုယွီ၏နံဘေးပတ်လည်၌ ပျံသန်းနေကာတိုက်ခိုက်ခြင်းမပြုချေ။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။စစ်သားများအားလုံးသည် သူတို့၏လက်နက်များကို အောက်သို့ချကာ ဆက်လက်၍တိုက်ခိုက်ခြင်းမပြုတော့ချေ။

လုယွီသည် အရာရှိစည်းတံဆိပ်၏စွမ်းအားကိုအသုံးပြုနေကြောင်း လက်ရှိနေရာရှိ လူတိုင်းတွေ့မြင်နေရသည်။

ဤအရာရှိစည်းတံဆိပ်သည် အင်ပါယာ၏ကံကြမ္မာစွမ်းအားကို အသုံးပြု၍သာ တိုက်ခိုက်နိုင်ပြီး ထိုအရာ၏စွမ်းအားသည်တုန်လှုပ်​ချောက်ချားဖွယ်ကောင်းပေ၏။

သို့ရာတွင် လုယွီ ယခင်ကရင်ဆိုင်ခဲ့ရသော ရန်သူများသည် ဗုဒ္ဓဘုရားလောင်းများနှင့်နယ်မြေသခင်တစ်ယောက် ဖြစ်နေသည်။ အကယ်၍သူသည် ကံကြမ္မာစွမ်းအားကို အသုံးပြု၍ သူတို့အားရင်ဆိုင်လျှင်ပင် အကျိုးသက်ရောက်မှုမှာ အလွန်အကန့်အသတ်ရှိသည်။

သို့ရာတွင် ကံကြမ္မာစွမ်းအားသည် ဤစစ်သားများကို ထိန်းချုပ်ရန်အတွက် အသုံးပြုရာတွင်မူ ပြီးပြည့်စုံသောအရာတစ်ခုပင်။

ဟန်ချီသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဇောချွေးများက သူ့၏နဖူးပေါ်၌ ထွက်ပေါ်လာသည်။သူ့၏မျက်လုံးအတွင်း၌ မနာလိုမှုနဲ့နာကြည်းမုန်းတီးမှုအရိပ်အယောင်များ ရှိနေဆဲပင်။ယနေ့တွင် သူသည် သံပြားကြီးကို ဆောင့်ကန်မိပြီဖြစ်ကြောင်း သူ ကောင်းစွာသိရှိသွားသည်။

တံဆိပ်ပြားကို အတုပြုလုပ်၍ရသော်လည်းအရာရှိစည်းတံဆိပ်မှ ပိုင်ဆိုင်ထားသောကံကြမ္မာစွမ်းအားသည် သေချာပေါက်အတုအယောင်မဖြစ်နိုင်ချေ။

သူ ဟန်ချီသည်လည်း မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သဖြင့် သူ ပိုင်ဆိုင်ထားသောအရာရှိစည်းတံဆိပ်သည် သူ၏ကျင့်ကြံမှုအရှိန်နှုန်းကိုမြှင့်တင်နိုင်ရန်အတွက် ကံကြမ္မာစွမ်းအားကိုငှားရမ်းအသုံးပြုခွင့်ရှိသည်။ သို့ရာတွင် သူ အသုံးပြုနိုင်သော ကံကြမ္မာစွမ်းအားသည် လုယွီနှင့်နှိုင်းယှဉ်ပါက လွန်စွာအလှမ်းကွာဟပေ၏။

ကျန်းကော်မဟာစစ်ဗိုလ်ချုပ်....

မည်သည့်အချိန်မှစ၍ တော်ဝင်နန်းတွင်းတွင် ဤကဲ့သို့ မဟာစစ်ဗိုလ်ချုပ်ဘွဲ့ထူးမျိုး ရှိသွားသနည်း....

"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း"

ရုတ်တရက် အသံနက်ကြီးတစ်သံက မြို့တံခါး၏ထိပ်မှ ထွက်ပေါ်လာသည်။

ထိုအချိန်ကျမှသာ လူတိုင်း ရပ်တန့်လိုက်ကြသည်။ဤအချိန်အခိုက်အတန့်တွင် ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်တစ်ယောက်သည်မြို့ရိုးပေါ်၌ထွက်ပေါ်လာသည်ကို သူတို့အားလုံးမြင်တွေ့လိုက်ရသည်။သူ့၏နောက်တွင် လက်အောက်ငယ်သားဆယ်ယောက်ကျော်ရှိနေကာ သူတို့အားလုံးသည်လည်း ရွှေရောင်သံချပ်ကာများကို ဝတ်ဆင်ထားပေ၏။

ထိုရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်ကို ကြည့်ရသည်မှာ အလွန်ငယ်ရွယ်ပြီးအသက်သုံးဆယ်ခန့်သာရှိပုံရသည်။သူ့ထံ၌ ချောမောခန့်ညားသောမျက်နှာနှင့် တည်ကြည်လေးနက်သောအမူအယာရှိသည်။ယခုချိန်တွင်သူ့၏မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ်အမူအရာတစ်ရပ်ရှိနေသည်။

ထိုရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်ထွက်ပေါ်လာချိန်တွင် ဟန်ချီသည် သူ့၏ကယ်တင်ရှင်ကို တွေ့သွားသည့်အလား အလျင်စလိုအော်ဟစ်လိုက်သည်။

"သခင်လေး...ဒီလူက ကျွန်တော့်ကို ဒဏ်ရာရစေခဲ့တယ်...သခင်လေးက ကျွန်တော့်ကို ကူညီပေးပါအုံး"

Chapter 3748

ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် ဟန်ချီ၏စကားကို မကြားသည့်အလား ပြုမူနေကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ လုယွီကိုကြည့်ပြီးပြောဆိုသည်။

"ငါက ယင်ထျန်းမင်ပါ...တပ်မှူးအရှင်ကို အရိုအသေပြုပါတယ်"

လုယွီသည် ထိုရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာကို တစ်ချက်ကြည့်လိုက်၏။နားလည်သဘောပေါက်မှုအရိပ်အယောင်တချို့က သူ၏မျက်လုံးအတွင်း၌ထင်ဟပ်လာကာ သူ့ရှေ့ရှိလူ၏ အဆင့်အတန်းကိုသိရှိသွားသည်။

ထိုသံချပ်ကာ၏မျက်နှာပြင်ပေါ်တွင် နဂါးအမှတ်အသားများရှိနေသည်။ထိုအရာကို နဂါးကိုးကောင်ရွှေသံချပ်ကာဟုခေါ်ဆိုကာ မဖျက်ဆီးနိုင်လုနီးပါး ခိုင်ခံ့မာကျောသည်။ထိုသံချပ်ကာတစ်ခုစီတွင် အထူးသီးသန့်နံပါတ်စဥ်တခုပါရှိသည်။အကယ်၍တစ်စုံတစ်ယောက်သည် အခွင့်အာဏာမရှိဘဲ ထိုကဲ့သို့သံချပ်ကာမျိုးကို ပုံတူပြုလုပ်မိပါက အလွန်ကြီးလေးသောရာဇဝတ်မှုဖြစ်ပေမည်။ထိုအတုပြုလုပ်သူသည် တရားစီရင်ရေးဌာနကြီးသုံးခု၏ဝရမ်းထုတ်ခြင်းကိုခံရပေမည်။

ဤသံချပ်ကာကို သွန်းလုပ်သည့်နည်းလမ်းသည် အလွန်အမင်းရှုပ်ထွေးကာ အရွယ်အစားအမျိုးမျိုးရှိသော အကာအကွယ်ဝင်္ကပါတစ်ရာကျော်နှင့်သင်္ကေတအက္ခရာများ ထိုအရာအတွင်း၌ပါရှိသည်။သွန်းလုပ်ခြင်းလုပ်ငန်းစဉ်အတောအတွင်းတွင် ဤသံချပ်ကာအတွင်း၌ အစစ်အမှန်နဂါးတစ်ကောင်၏ဝိညာဉ်ကိုပေါင်းစပ်ထားကာ အစစ်အမှန်နဂါးသွေးစက်တစ်စက်လည်းပါဝင်သည်။ထိုသံချပ်ကာကိုဝတ်ဆင်ခြင်းဖြင့် နဂါးတစ်ကောင်၏စွမ်းအားကို အနည်းငယ်အသုံးပြုနိုင်ကာ ပြိုင်ဘက်ကင်းလွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါမျိုးကိုရရှိနိုင်သည်။

ဤသံချပ်ကာသည် တားမြစ်ပစ္စည်းတခုဖြစ်ပြီးဧကရာဇ်မင်းကိုယ်တိုင် ချီးမြှင့်ထားခံရသူများသာလျှင်ဝတ်ဆင်နိုင်သည်။

ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံးတွင် ခံတပ်၏ခေါင်းဆောင်တပ်မှူးထံတွင်သာ ဤသံချပ်ကာမျိုးရှိနေသည်။

ထန်အင်ပါယာနှင့်တာယွီအင်ပါယာအကြားတွင်တိုက်ပွဲဖြစ်နေသောကြောင့် ကောင်းကင်ချိုးဖျက်ခံတပ်၏တပ်မှူးများသည်မကြာခဏပြောင်းလဲနေရသည်။

ယခင်တပ်မှူးဖြစ်သူ အရှင်တောင်မြစ်သည် ထန်အင်ပါယာမှထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသောကြောင့် ယခုလက်ရှိ ဝမ်ရှင်းအမတ်ကြီးယန်ကျန်းသဲသည် လေးယောက်မြောက်တပ်မှူးဖြစ်ပေ၏။

ဘွဲ့ထူးတစ်ခုသည် လူတစ်ယောက်၏တိုက်ပွဲအောင်မြင်မှုများကို ဖော်ပြနိုင်သည်။

ယန်ကျန်းသဲသည် မူလက စာပေအမတ်ကြီးတယောက်ဖြစ်ကာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်တွင် မဟာအတွင်းဝန်ရုံး၌တာဝန်ထမ်းဆောင်ခဲ့သည်။နောက်ပိုင်း၌ သူသည် စစ်တပ်အတွင်းသို့ဝင်ရောက်ကာ စစ်ရေးအောင်မြင်မှုများကိုစုဆောင်း၍ နောက်ဆုံးတွင် သူ့အား ဝမ်ရှင်းအမတ်ကြီးဘွဲ့ကိုချီးမြှင့်ခံခဲ့ရသည်။

သူသည် စာပေနှင့်စစ်ရေးလမ်းကြောင်းနှစ်ခုလုံး၌ အောင်မြင်မှုကိုရရှိခဲ့သူပင်။

ယန်ကျန်းသဲသည် စာပေအရာတွင်သူ့၏ကိုယ်ပိုင် ပြိုင်ဘက်ကင်းအတွေးအမြင်များရှိခဲ့သည်။စစ်တပ်အတွင်းသို့ဝင်ရောက်ပြီးနောက်တွင်လည်း သူသည် စစ်ရေးအောင်မြင်မှုအမြောက်အများကို ရရှိခဲ့လေ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ထိုက်ချမ်မဟာအခမ်းအနားကိုကျင်းပပြီးနောက် ယင်မိသားစုထံသို့ နဂါးကိုးကောင်ရွှေသံချပ်ကာသုံးစုံကို ပေးပို့ခဲ့သည်။ဤသည်မှာ ယင်မိသားစုအတွက် ဂုဏ်ကျက်သရေအမြင့်မားဆုံးအချိန်ဟု ဆိုနိုင်သည်။

ဤသည်မှာ လူပုဂ္ဂိုလ်တစ်ယောက်သည်အဆင့်အတန်းမြင့်မားသောနေရာ၌ နေထိုင်ရန် အရည်အချင်းပြည့်မီဆုံးသူဟုလည်း ယူဆနိုင်သည်။ယင်ကျန်းသဲသည် မူလက အရှေ့အောင်နိုင်ခြင်းကြယ်မြေ၏ ဗဟိုစစ်ခုံရုံးတွင်စခန်းချသည်။သို့ရာတွင် ရှေ့တန်း၌ လူအင်အားရှားပါးလာသောကြောင့် သူသည် ဤနေရာတွင် အစားထိုးတာဝန်ယူခဲ့ရသည်။

ယင်ကျန်းသဲထံတွင် သူ့၏ကိုယ်ပိုင်နည်းလမ်းများရှိသော်လည်း ထန်အင်ပါယာ၏တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် သူထံ၌ ရှုံးနိမ့်မှုများသာ ပို၍များပြားလာခဲ့သည်။

မည်သို့ပင်ဆိုသည်ကာမူ သူသည် တရားဝင်စစ်သားတစ်ယောက်မဟုတ်ချေ။သူသည်စစ်သားများစွာကို အမိန့်ပေးအုပ်ချုပ်ရသောစာပေပညာရှင်တစ်ယောက်ဖြစ်သည်။စာပေပညာရှင်တစ်ယောက်သည် စစ်သားများကိုအုပ်ချုပ်ရာ၌ သူ့၏လုပ်ရပ်များသည် များစွာလွှမ်းမိုးမှုရှိနေသည်။လုယွီသည် သူ့၏အကြံပေးများနှင့် အစည်းအဝေးပြုလုပ်ချိန်၌ ပေါင်လုံတုသည် ကောင်းကင်ချိုးဖျက်ခံတပ်၏အားနည်းချက်များကို ထောက်ပြခဲ့လေ၏။ဤသည်မှာ ဟေးမိုကြယ်နယ်မြေထက်ပင် ပို၍ပြင်းထန်နေသဖြင့် လုယွီသည် ပထမဆုံး တိုက်ပွဲစတင်ရန် ဤနေရာကို ရွေးချယ်ခဲ့သည်။

ယင်ကျန်းသဲတွင် ကလေးနှစ်ယောက်ရှိကာယောက်ျားလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်ဖြစ်သည်။သူ့ရှေ့ရှိ ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် ယင်ကျန်းသဲ၏သား ယင်ထျန်းမင်ပင်။

လုယွီသည် သူ့အားခြေဆုံးခေါင်းဆုံးကြည့်နေသည်ကိုကြည့်ပြီး ယင်ထျန်းမင်က အပြုံးနှင့်ပြောဆိုသည်။

"ဒါက မြို့တံခါးရဲ့ရှေ့မှာ နားလည်မှုလွဲသွားတာလေးတစ်ခုပါ...အရှင်တပ်မှူးက ဘာမှမဖြစ်ဘူးဆိုမှတော့ ငါ စိတ်သက်သာရာရသွားပြီ...မင်းတို့အားလုံးလူစုခွဲကြတော့...ဒီနေရာမှာ စုဝေးမနေကြနဲ့..ဟန်ချီ မင်းလည်းထွက်သွားစမ်း"

ယင်ထျန်းမင်၏အမိန့်ကိုကြားချိန်တွင်ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး လူစုခွဲလိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် သူတို့၏နံဘေးပတ်ဝန်းကျင်၌ လွှမ်းခြုံနေသောတော်ဝင်အရှိန်အဝါများသည်လည်း တဖြည်းဖြည်းပျက်ပြယ်စပြုနေလေပြီ။ဟန်ချီသည်ရုပ်ပျက်ဆင်းပျက်အနေအထားနှင့် မြေပြင်ပေါ်မှာ တွားသွားထကာ သူ၏ပါးစပ်မှ သွေးများကိုသုတ်လိုက်၏။ထို့နောက် သူသည် နာကြည်းမုန်းတီးစွာဖြင့် လုယွီကို စူးစိုက်ကြည့်ကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားတော့သည်။

"ခဏနေအုံး"

လုယွီက ရုတ်တရက် ပြောဆိုသည်။

"ငါ မင်းကို ထွက်သွားခိုင်းလို့လား"

ဟန်ချီသည် တောင့်တင်းသွားလေ၏။သူသည်နောက်သို့ပြန်လှည့်ကာ မည်သည့်စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိဘဲ လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

မြို့ရိုးပေါ်တွင်ရှိနေသော ယင်ထျန်းမင်က အော်ဟစ်လိုက်သည်။

"အရှင်လု...ဒါတွေအားလုံးက နားလည်မှုလွဲမှားတာလေးတစ်ခုပါ ..ငါတို့အရာရှိတွေအားလုံးက တူညီတဲ့ဘက်မှာရှိနေတာ...တကယ်လို့ ဘာကိစ္စအထွေအထူးမှမရှိဘူးဆိုရင် ဒါကိုဗွေမယူပါနဲ့တော့...ဟန်ချီ အခုချက်ချင်း ထွက်သွားစမ်း... အရှင်လုရဲ့ကိစ္စတွေကြားမှာ ဝင်မနှောက်ယှက်စမ်းနဲ့"

အစမှအဆုံးတိုင် ယင်ထျန်းမင်သည် ဟန်ချီကိုလုယွီအားတောင်းပန်ရန် စကားတစ်ခွန်းမျှမပြောခဲ့​ချေ။

Chapter 3749

ဟန်ချီသည် ယင်ထျန်းမင်မှ သူ့အတွက်စကားပြောပေးနေသည်ကို ကြားချိန်တွင် သူသည် ပြုံးလိုက်၏။ထို့နောက် သူသည် လုယွီ၏စကားကို အနည်းငယ်မျှ အလေးအနက်မထားတော့ဘဲ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

လုယွီ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေတာ သူက ဟန်ချီကို စူးစိုက်၍ကြည့်လေသည်။

"တကယ်လို့...မင်း ထွက်သွားရဲတယ်ဆိုရင်ကြိုးစားကြည့်နိုင်တယ်"

ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ချက်ချင်းဆိုသလိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပြင်းထန်သော အရှိန်အဝါတစ်ရပ်ထွက်ပေါ်လာသည်။

ဟန်ချီ၏နဖူးမှနေ၍ ဇောချွေးများယိုစီးကျလာသည်။သူသည် ရုတ်တရက် ထိတ်လန့်သွားကာ သူ့အား ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးမှော်သားရဲကြီးတစ်ကောင်မှ စူးစိုက်ကြည့်နေသည့်အလား ခံစားမိလေ၏။သူ၏နောက်ကျောချမ်းစိမ့်လာကာ သူ့၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည်နှက်သွားတော့သည်။

ယခုလက်ရှိချိန်၌ လုယွီသည် အလွန်အားနည်းနေသော်လည်း သူ့၏သွေးချီများမှာ အလွန်အမင်းသန်မာအားကောင်းသည်။ဤသည်မှာ သူ့၏မျက်လုံးအတွင်း၌ နှစ်ပေါင်းများစွာကြာတည်ရှိနေခဲ့သော ရေခဲလွှာကြီးတစ်လွှာထင်ဟပ်နေသည့်အလားပင်။သူ့အား တစ်ချက်ကြည့်မိသော မည်သူမဆို ကူကယ်ရာမဲ့စွာဖြင့် ချမ်းစိမ့်တုန်ရီသွားပေမည်။

"မင်း ဘာလိုချင်တာလဲ"

ဟန်ချီက ရုတ်တရက် ဒေါသတကြီးမေးမြန်းလိုက်၏။

သူသည် ဤကဲ့သို့ လူငယ်တစ်ယောက်ကို အမှန်တကယ်ထိတ်လန့်ကြောက်ရွံ့နေမိသည်။ဤသည်မှာ ဟန်ချီကို ရှက်ရွံ့ခြင်းမှတစ်ဆင့် ဒေါသသို့ ကူးပြောင်းသွားစေသည်။

လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။

"ငါက တရားလွန်တဲ့ကိစ္စကြီးတစ်ခုကို လုပ်ခိုင်းမှာမဟုတ်ဘူး...ငါရဲ့တံဆိပ်ပြားကို ကောက်ပြီးတော့ မင်းရဲ့လက်တွေနဲ့ ပြောင်အောင်ပြန်သုတ်ပေးရမယ်...အဲ့ဒါဆိုရင် ဒီကိစ္စပြီးသွားပြီ"

အစောပိုင်းက ဟန်ချီသည် လုယွီ၏တပ်မှူးတံဆိပ်ပြားကိုစစ်ဆေးချိန်၌ မြေပြင်ပေါ်သို့လွှင့်ပစ်ခဲ့သည်။ထိုတံဆိပ်ပြားသည် မြေပြင်ပေါ်၌ရှိနေဆဲဖြစ်ကာ ဖုန်မှုန့်များဖြင့်ပေကျံနေသည်။

ဤတံဆိပ်ပြားကို သူ့ကဲ့သို့ မဟာစစ်ဗိုလ်ချုပ်တစ်ယောက်သည် သူ့၏လက်များဖြင့် သန့်ရှင်းပေးရမည်ဟု ဆိုလိုက်သလော....

ဤအချိန်အခိုက်အတန့်တွင် အလွန်ဒေါသထွက်နေခြင်းကြောင့် ဟန်ချီ၏မျက်နှာနီမြန်းသွားသည်။

သူသည် ခေါင်းမော့၍ ယင်ထျန်းမင်ကိုကြည့်လိုက်၏။ယင်ထျန်းမင်သည် သူ့အားတစ်ချက်ကြည့်ကာ မဆင်မခြင်မပြုလုပ်ရန်နှင့် လုယွီစိတ်ကျေနပ်အောင် ပြုလုပ်ပေးစေလိုသည့်အရိပ်အကဲပြသနေကြောင်း သူ ရှာဖွေတွေ့ရှိမိသည်။

"ကောင်းပြီလေ...ငါက အရှင်လုကိုတောင်းပန်ပါတယ်"

ဟန်ချီသည် အသက်ပြင်းပြင်းတချက်ရှိုက်ကာခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားပြီးတံဆိပ်ပြားကို ကောက်ယူလိုက်သည်။ထို့နောက်တံဆိပ်ပြားပေါ်မှဖုန်များကို သူ့၏လက်များဖြင့်သုတ်ကာ လုယွီထံသို့ပစ်ပေးလိုက်၏။

ထိုပစ်ပေးမှုနှင့်အတူ တံဆိပ်ပြားသည် ထက်ရှသောမြှားတစ်စင်းအလား လုယွီထံသို့ဦးတည်၍ ပျံဝဲလာသည်။

ဝှစ်....

လေထုအတွင်း၌ စူးရှသောလေခွင်းသံတစ်သံ ထွက်ပေါ်လာသည်။

ဟန်ချီသည် တံဆိပ်ပြားကို ပစ်ပေးလိုက်စဉ်တွင်သူ၏လက်ကောက်ဝတ်မှနေ၍ အားအနည်းငယ်ကို ထည့်သွင်းအသုံးပြုခဲ့သည်။တံဆိပ်ပြားကိုပစ်လိုက်ချိန်၌ ထိုအရာတွင် အလွန်အမင်းကြီးမားသောအားလှိုင်းတစ်ရပ် ရောယှက်သွားသည်။ထိုခွန်အားသည် အလွန်အမင်းကြီးမားပေ၏။

လန်ဝူရှင်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက အခုချိန်ထိ လှည့်ကွက်တွေ အသုံးပြုနေတုန်းပဲလား"

အကယ်၍ လုယွီ၏အဆင့်အတန်းသည် ယခင်က ထွက်ပေါ်လာခြင်းမရှိသေးသောကြောင့် ဟန်ချီ ထိုကဲ့သို့ပြုလုပ်ခဲ့သည်ကို အလွတ်ပေး၍ရသည်။

သို့ရာတွင် ယခုအချိန်၌ လုယွီ၏အဆင့်အတန်းသည် ထွက်ပေါ်ပြီးဖြစ်သည်။ဤဟန်ချီသည် ယခုထိတိုင် မထီလေးစားနိုင်စွာဖြင့် လုယွီကို တိုက်ခိုက်နေဆဲပင်။

အကယ်၍ တခြားအချိန်တွင်ဆိုပါက လုယွီသည် ထိခိုက်ဒဏ်ရာရရှိမည်မဟုတ်ချေ။ဤအဆင့်တိုက်ခိုက်မှုမျိုးသည် လုယွီအတွက် ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ပေ။

သို့ရာတွင် ကြီးမားသောတိုက်ပွဲနှစ်ပွဲကိုတိုက်ခိုက်ပြီးနောက် လုယွီသည် အလွန်အမင်းအားနည်းသော အခြေအနေမျိုး၌ရှိနေသည်။

ဤကဲ့သို့တိုက်ခိုက်မှုတစ်ခုပင်လျှင် ယခုလက်ရှိချိန်၌ သူ့အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ပင်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တံဆိပ်ပြားသည် ကြီးမားသောစွမ်းအားနှင့်အတူ လုယွီ၏ရှေ့သို့ ရောက်ရှိသွားလေပြီ။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။အကန့်အသတ်မရှိသောဧကရာဇ်အရှိန်အဝါများက သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာကာ တံဆိပ်ပြားမှစွမ်းအားများအားလုံးကို ပျက်ပြယ်သွားစေသည်။

ဟူး.....

တံဆိပ်ပြားသည် လေထုအတွင်း၌ ချာချာလည်သွားကာ အနည်းငယ်ခန့် ရစ်ဝဲနေပြီးနောက် လုယွီ၏လက်အတွင်းသို့ အခိုင်အမာကျရောက်သွားတော့သည်။

သို့ရာတွင် ဧကရာဇ်အရှိန်အဝါသည် ရပ်တန့်သွားခြင်းမရှိချေ။ထိုအစား ထိုအရာသည်ဟန်ချီထံသို့ဦးတည်၍ တိုးဝင်သွားသည်။

ဟန်ချီ၏မျက်လုံးများ ပြူးကျယ်သွားလေ၏။ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။သူသည်တစ်စုံတစ်ခုကိုပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် အကန့်အသတ်မရှိသော ဧကရာဇ်အရှိန်အဝါများ၏ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။သူသည် နောက်သို့လွင့်ထွက်သွားကာ မြို့ရိုးနှင့်ရိုက်ခတ်မိသည်။

ဘန်း....

ကောင်းကင်ချိုးဖျက်ခံတပ်၏မြို့ရိုးသည် ထိုက်တောင်ကြီးကဲ့သို့တည်ငြိမ်ကာ အနည်းငယ်မျှသက်ရောက်သွားခြင်းမရှိ​ချေ။တခြားတစ်ဖက်တွင် ဟန်ချီ၏ခန္ဓာကိုယ်တစ်ခုလုံး မြို့ရိုးနှင့်ရိုက်ခတ်မိသောကြောင့်သူ၏မျက်နှာတွင် ဖုန်အလိမ်းလိမ်းကပ်သွားကာ ရုပ်ပျက်ဆင်းပျက်အနေအထားသို့ ရောက်ရှိသွားတော့သည်။

"မင်း...."

ဟန်ချီသည် အံ့တင်းတင်းကြိတ်ကာ သူ့၏မျက်လုံးအတွင်း၌ သွေးဆာသောအလင်းတန်းတတန်း တောက်ပနေသည်။

မြို့ရိုးပေါ်တွင်ရှိနေသော ယင်ထျန်းမင်က မျက်မှောက်ကြုတ်ကာ အော်ဟစ်လိုက်သည်။

"ဟန်ချီ မင်း ဘာတွေစောင့်နေတာလဲ...ဘာလို့ မင်း ခုထိ ထွက်မသွားသေးတာလဲ"

All Chapters