အခန်း (၃၇၆၆-၃၇၆၉)
Vol. 192 Ch. 3766-3769
Chapter 3766
"ငါတို့ကို ပေးကမ်းစွန့်ကြဲခြင်းခန်းမကလူတွေလို့ မင်း တကယ်ကြီးထင်နေတာလား...တကယ်လို့ မင်း ဒီနေ့ ငွေတွေပြန်မပေးဘူးဆိုရင် မင်းနဲ့ဒီခွေးမသားလေး သေရမယ်"
ပိန်ပါးပါးလူသည် သရော်တော်တော်ပြောဆိုကာကောင်လေး၏တင်ပါးကို ပြင်းပြင်းထန်ထန်ကန်လိုက်၏။
ထိုကောင်လေးသည် အကန်ခံရမှုကြောင့် မြေပြင်ပေါ်သို့လဲကျသွားသည်။သူ့၏မျက်နှာနှင့်လည်ပင်းပေါ်တွင် ကုတ်ခြစ်ရာများရှိနေသည်။သူ၏မျက်နှာငယ်လေးပေါ်တွင် မျက်ရည်များဖြင့် ပြည်နှက်နေပေ၏။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ကောင်လေးသည်ရုန်းကန်ထပြီး မတ်တတ်ရပ်နေဆဲပင်။သူ့၏မျက်နှာပေါ်တွင် ခေါင်းမာသောအမူအယာမျိုးရှိနေကာ သူ့မိခင်၏ရှေ့၌ ကာကွယ်ပေးထားသည်။
"အမ်..."
ပိန်ပါးပါးလူသည် ရုတ်တရက် ကောင်လေး၏လည်ပင်းတွင် ဆွဲထားသောကျောက်စိမ်းတံဆိပ်ပြားကို သတိပြုမိသွားသည်။သူ့၏မျက်လုံးများတောက်ပသွားကာ သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးပြီးလက်တစ်ဖက်တည်းဖြင့် ထိုကျောက်စိမ်းတံဆိပ်ပြားကို ဆွဲယူကြည့်လိုက်၏။
ထိုကျောက်စိမ်းတံဆိပ်ပြားသည် အစောပိုင်းကလမ်ဝူရှင်းမှနေ၍ ကောင်လေးကို ပေးအပ်ထားခဲ့သောအရာပင်။
ဤသည်မှာ အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ် ဝတ်ဆင်ခဲ့သောအရာ ဖြစ်သဖြင့် သာမန်ပစ္စည်းတစ်ခုမဟုတ်သည်မှာ သေချာပေါက်ပင်။လက်ရှိနေရာတွင်ရှိနေသော လူသုံးယောက်၏အကြည့်များသည် အလွန်စူးရှပေ၏။အကြည့်တစ်ချက်ဖြစ်ပင် ဤကျောက်စိမ်းပြားသည် သာလွန်ထူးကဲသောပစ္စည်းတစ်ခုဖြစ်နေကြောင်း သူတို့ ပြောဆိုနိုင်သည်။
"ဒါကိုကြည့်ရတာတော့ မှော်ရတနာတစ်ခုပဲ"
ပိန်ပါးပါးလူသည် အံ့အားသင့်မှုကြောင့် သူ၏လျှာကို ကျွတ်စုပ်လိုက်သည်။ရုတ်တရက် သူသည် မှော်စွမ်းအားလှိုင်းတစ်လှိုင်းကို ရိုက်ထုတ်ကာ ကျောက်စိမ်းတံဆိပ်ပြားပေါ်သို့ ကျရောက်သွားစေသည်။
ထိုကျောက်စိမ်းတံဆိပ်ပြားသည် မိုးပြာရောင်ရှိပေ၏။မှော်စွမ်းအားများ ထိုအရာပေါ်သို့ကျရောက်သွားသည်နှင့် ကျောက်စိမ်းတံဆိပ်ပြား၏မျက်နှာပြင်မှနေ၍ ကြယ်ရောင်အလင်းတန်းများစတင်၍ ဖြာထွက်လာသည်။
ဤအပြောင်းအလဲနှင့်အတူ ပတ်ဝန်းကျင်ရှိလူများသည် သူတို့ရှိရာနေရာသို့ စုဝေးလာသောစိတ်ဝိညာဉ်စွမ်းအားများကို ချက်ချင်းခံစားမိသည်။
"ငါ့ရဲ့ပတ်ဝန်းကျင်မှာ စိတ်ဝိညာဉ်စွမ်းအားတွေပြည့်နှက်လာတာကို ငါ ခံစားမိတယ်"
"ဒီအကျိုးသက်ရောက်မှုက အဆင့်မြင့်စိတ်ဝိညာဉ်စုစည်းခြင်းဝင်္ကပါတွေထက်တောင် ပိုပြီးကောင်းသေးတယ်"
လက်ရှိနေရာတွင်ရှိနေသောလူများအားလုံး၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုနှင့်ပျော်ရွှင်မှု အမူအယာများ ထင်ဟပ်လာသည်။
ဈေးအတွင်း၌ မှော်ရတနာများသည်အလွန်အမင်းအဖိုးတန်သောပစ္စည်းများဖြစ်သည်။
သာမာန်လက်နက်များနှင့်မတူညီဘဲ မှော်ရတနာတိုင်းတွင် ထောက်ပံ့ပေးနိုင်ခြင်း သို့မဟုတ်တိုက်ခိုက်ပေးနိုင်ခြင်း စသည့်အထူးသက်ရောက်မှုမျိုးရှိသည်။ထိုအရာများအကြားတွင် တိုက်ခိုက်ရေးမှော်လက်နက်များသည် သာမန်အကျဆုံးဖြစ်ပြီး ဓားရှည်များ ဓားမြှောင်များနှင့်စိတ်ဝိညာဉ်အလံများ အစရှိသဖြင့် ပါဝင်သည်။
နှိုင်းယှဉ်ကြည့်ပါက ထောက်ပံ့ရေးမှော်ရတနာများသည် အလွန်အဖိုးတန်ရှားပါးသည်။အထူးသဖြင့် စိတ်ဝိညာဥ်စွမ်းအားများကိုစုစည်းပေးနိုင်သော မှော်ရတနာများပင်။ထိုအရာများထွက်ပေါ်လာသည့်အချိန်၌ တန်ဖိုးမဖြတ်နိုင်သောမှော်ရတနာများဖြစ်ပေ၏။
အကယ်၍ ဤကဲ့သို့မှော်ရတနာတစ်ခုကို တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ပေါ်တွင်ဝတ်ဆင်ထားပါက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများ စုဝေးနေပေမည်။ထိုလူသည် ကျင့်ကြံချိန်၌ တဝက်ခန့်အင်အားစိုက်ထုတ်ရုံဖြင့် နှစ်ဆခန့်အကျိုးရရှိနိုင်ပေမည်။
ကျောက်စိမ်းတံဆိပ်ပြားကို သူ့၏လက်အတွင်း၌ကိုင်ဆောင်ရင်း လောဘကြီးသောအမူအယာတစ်ရပ်က ပိန်ပါးပါးလူ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။
"ငါ့ရဲ့ရှေ့မှာ ထပ်ပြီးတော့ ဟန်ဆောင်မနေကြစမ်းနဲ့...နင်းရှို့မသေခင် ဒီနေရာမှာ ပစ္စည်းကောင်းတွေအများကြီးကို ချန်ထားခဲ့မှာ သေချာတယ်...ကင်းထောက်တစ်ယောက်ဖြစ်တဲ့ သူက စစ်ပွဲကနေ အကျိုးကျေးဇူးတွေ ရလာခဲ့မှာ သေချာပေါက်ပဲ...ငါ့ကိုပြောစမ်း မင်းတို့ဘယ်နေရာမှာ ဖွက်ထားတာလဲ"
ပိန်ပါးပါးလူသည် ရှေ့သို့တိုးကာ အမျိုးသမီးကိုအင်္ကျီဂုတ်မှဖမ်းဆုပ်ပြီး သူမကို အထက်သို့မြှောက်တင်လိုက်၏။
ထိုအမျိုးသမီးသည် အသက်ရှူရန်အတွက်ရုန်းကန်နေရသည်။
"ငါ့ရဲ့ခင်ပွန်းက ဘာပစ္စည်းကိုမှ ချန်မထားခဲ့ဘူး...ငါတို့မှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကိုလည်း မင်းတို့ကို ပေးပြီးပြီလေ"
"သောက်ချေးပဲ..မင်းက အခေါင်းကိုမမြင်သရွေမျက်ရည်ကျမှာမဟုတ်ဘူးပဲ"
ပိန်ပါးပါးလူ၏ မျက်နှာအမူအယာသည် ရက်စက်ကြမ်းကြုတ်သွားပေ၏။သူသည်သူ၏လက်ကိုမြှောက်ကာ သူမအား ပါးဖြတ်ရိုက်ရန် ကြံရွယ်လိုက်သည်။
သူ၏လက်ကိုမြှောက်လိုက်ချိန်မှာပင် လက်တစ်ဖက်သည် ရုတ်တရက် သူ့၏နောက်မှ ထွက်ပေါ်လာကာ သူ၏လက်ကို အခိုင်အမာဖမ်းဆုပ်ထားသည်။
"ဘာကိစ္စရှိလို့လဲ...ငါတို့ စကားကောင်းကောင်း ပြောလို့မရဘူးလား"
လုယွီသည် အတွင်းသို့ဝင်လာကာ ပိန်ပါးပါးလူ၏လက်တစ်ဖက်ကိုသူ့၏လက်တစ်ဖက်ဖြင့်ဖမ်းချုပ်ထားသည်။ပိန်ပါးပါးလူသည် သူ့၏လက်မှ တင်းကျပ်မှုကိုခံစားမိသည်။သူသည် ချက်ချင်းဆိုသလိုပင် အမျိုးသမီးကိုဖမ်းဆုပ်ထားသော သူ့၏လက်ကို လွှတ်ပေးလိုက်သည်။
"အမေ"
နံဘေးရှိကောင်လေးသည် အလျင်စလိုအပြေးလာကာ သူ့မိခင်၏လက်ကို ဆုပ်ကိုင်လိုက်၏။
ပိန်ပါးပါးလူသည် လုယွီကိုမြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လေသည်။
"မင်းက ဘယ်သူလဲ...ဒီကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ"
ပိန်ပါးပါးလူ၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူသန်ကြီးတစ်စုသည်လည်း လုယွီနှင့်လန်ဝူရှင်းတို့ကို ဝိုင်းရံလိုက်ကြသည်။
ဤအနက်ရောင်ဝတ်စုံဝတ်လူသံကြီးများသည်အလွန် ရန်လိုပေ၏။သူတို့၏အကြည့်များသည် လုယွီနှစ်ယောက်ထံသို့ စူးစိုက်၍ကျရောက်နေကာ သူတို့၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် လုယွီသည် ထိုလူများကိုမမြင်သကဲ့သို့သာ ပြုမူနေသည်။သူ့၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါက နင်းရှို့ရဲ့သွေးဝေးဆွေမျိုးပဲ...မင်းတို့ ဘာလိုချင်တာလဲ"
"နင်းရှို့မှာ ဆွေမျိုးရှိတာလား...ဟား ဟား ဟားဟား...ကောင်းတယ် အရမ်းကောင်းတယ်...နင်းရှို့က ငါတို့ကို ပေးစရာအကြွေးတင်နေတယ်.... မင်းက သူ့ရဲ့ဆွေမျိုးဖြစ်နေမှတော့ အဲဒီငွေကိုပြန်ပေးရမယ်"
ပိန်ပါးပါးလူက ရက်စက်ကြမ်းကြုတ်စွာပြောဆိုသည်။
Chapter 3767
ထိုလူများ၏ပုံပန်းသွင်ပြင်သည် ရက်စက်ကြမ်းကြုတ်ပြီး သူတို့သည် ဤနေရာသို့ အကြွေးလာတောင်းခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
လုယွီက မေးမြန်းသည်။
"နင်းရှို့က မင်းတို့ကို ဘယ်လောက်ပေးရမှာလဲ"
ပိန်ပါးပါးလူသည် စာရင်းစာအုပ်တစ်အုပ်ကို ထုတ်ယူကာ ဖြည်းညှင်းစွာပြောဆိုသည်။
"စုစုပေါင်းအင်မော်တယ်ကျောက်တုံး ဆယ့်ခုနစ်သန်းပဲ...အခုချိန်မှာ သူ့ရဲ့မိန်းမက သုံးသန်းပေးပြီးပြီ...အင်မော်တယ်ကျောက်တုံး ဆယ့်လေးသန်းကျန်သေးတယ်...ဒီမှော်ရတနာကတော့ တစ်သန်းလောက်တန်လိမ့်မယ်....ဒါကြောင့်အင်မော်တယ်ကျောက်တုံး ဆယ့်သုံးသန်းကျန်သေးတယ်...မင်း ဒါကို အခုချက်ချင်းပေးမလား ဒါမှမဟုတ်ရင် မင်း တစ်လချင်းပြန်ပေးချင်လား"
"အဓိပ္ပါယ်မရှိတာတွေ...ငါတို့ သဘောတူညီထားတဲ့အတိုးက သုံးဆယ်ရာခိုင်နှုန်းပဲလေ...ဒါပေမဲ့နင်တို့က ထပ်ခါထပ်ခါ ပြောင်းလဲနေခဲ့တယ်...အဆုံးသတ်ကျတော့ ဒါက အတိုးငွေခုနစ်ဆယ်ရာခိုင်နှုန်းထိ ရောက်လာတယ်...ငါတို့အရင်တုန်းက အင်မော်တယ်ကျောက်တုံးတစ်သန်းကိုပဲချေးခဲ့တာ...ပြီးတော့ ငါတို့ရတဲ့ဆုကြေးငွေကနေ အဲဒီအရင်းနဲ့အတိုးတွေကိုပေးပြီးပြီ...ဘာလို့ ငါတို့က အတိုးထပ်ပေးရမှာလဲ"
အမျိုးသမီးသည် နောက်ဆုံး၌ထပ်မံ၍ တောင့်ခံမထားနိုင်တော့သဖြင့် အော်ဟစ်ငိုယိုလိုက်သည်။
သူမသည် ဤဖိအားကို တောင့်မခံနိုင်တော့ချေ။သူမ၏နံဘေးရှိ ကလေးသည်လည်း ထိုအရာကိုသည်းခံနိုင်ခြင်း မရှိတော့ပေ။သူတို့သည်စတင်၍ အော်ဟစ်ငိုယိုလိုက်ကြသည်။
သို့ရာတွင် သူမရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ်လူများ၏သဘောထားများသည် အနည်းငယ်မျှပြောင်းလဲသွားခြင်းမရှိချေ။
သူတို့သည် ဤကဲ့သို့မြင်ကွင်းမျိုးကို အမြောက်အများ မြင်တွေ့ဖူးပြီးလေပြီ။သူတို့၏နှလုံးသားများသည် သံမဏိကဲ့သို့မာကျောနေကာ သူမအား အနည်းငယ်မျှ သနားစာနာခြင်းမရှိချေ။
လုယွီက အမျိုးသမီးကိုကြည့်ကာ မေးမြန်းသည်။
"အရင်တုန်းက မင်းရဲ့ယောကျာ်း ချေးခဲ့တဲ့ငွေကဘာအတွက်လဲ"
အမျိုးသမီးသည် သူမ၏မျက်လုံးထောင့်မှမျက်ရည်များကိုသုတ်ကာ အားတင်း၍အဖြေပေးလေ၏။
"သူက အရမ်းထူးဆန်းတဲ့ ဝေဒနာတစ်ခုဖြစ်ပြီးတော့ ဒါကိုကုသဖို့အတွက် ငွေအမြောက်အများကုန်ကျခဲ့တယ်...ငါရဲ့ယောက်ျားက စစ်တပ်မှာကင်းထောက်တစ်ယောက်ဆိုပေမယ့် သူ့ရဲ့လစာက ကောင်းတယ်...ဒါပေမဲ့ သူက ငွေအများကြီးကို တစ်ပုံတည်းအကုန်မခံနိုင်ခဲ့ဘူး...ကူကယ်ရာမဲ့နေတဲ့ ငါ့ရဲ့ယောက်ျားက သူတို့ဆီကနေ ငွေချေးဖို့ ရွေးချယ်ခဲ့တယ်...သဘောတူညီချက်အရဆိုရင် အတိုးက တစ်နှစ်မှာ သုံးဆယ်ရာခိုင်နှုန်းပဲ.....တစ်နှစ်ကြာပြီးတဲ့နောက်မှာ ငါ့ရဲ့ယောက်ျားက စစ်ရေးအောင်မြင်မှုတွေကို ထပ်ပြီးတော့ရခဲ့တယ်...သူက ဆုလာဘ်တွေအများကြီးကိုရခဲ့တာကြောင့် ငါက ဆုကြေးငွေတွေအားလုံးကို စုဆောင်းပြီး အဲ့ဒီငွေတွေကိုဆပ်ခဲ့တယ်"
"ဒါပေမဲ့ သူတို့က ငါတို့ငွေပြန်သွားဆပ်တဲ့အချိန်မှာ အတိုးက အရမ်းမြင့်တက်နေတာကို ငါတို့သတိပြုခဲ့မိတယ်...ငါတို့ရဲ့လက်ထဲမှာ လုံလောက်တဲ့ငွေကြေးမရှိတာကြောင့် ရာအိမ်စုရုံးတော်ကို သတင်းပို့ခဲ့တယ်....ဒါပေမဲ့ ရာအိမ်စုရုံးတော်က နည်းနည်းလေးတောင် ဂရုမစိုက်ဘူး..ငါ့ရဲ့ယောက်ျားက သူ့ရဲ့အသက်နဲ့စွန့်စားပြီး ရှေ့တန်းကိုသွားခဲ့ရတာက...ဒီအကြွေးတွေကိုပြန်ဆပ်ဖို့အတွက် ငွေရှာချင်လို့ပဲ....ဒါပေမဲ့သူတို့ရဲ့အတိုးက တဖြည်းဖြည်း ပိုပြီးကြီးလာတယ်...ငါတို့ ဘယ်လိုလုပ်ပြီး ပြန်ပေးနိုင်မှာလဲ"
ထိုအမျိုးသမီးသည် စကားပြောဆိုနေစဉ်တွင် သူမ၏အသံတုန်ရီနေသည်။
သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်အားနည်းသဖြင့် ဤကဲ့သို့စစ်တပ်မြို့တစ်မြို့အတွင်းတွင် နှိုင်းယှဉ်ပြစရာမရှိသည်အထိ အားနည်းသော ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။
မည်သည့်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောတည်ရှိမှုမဆို သူမတို့အား သူ တို့၏လက်ချောင်းများလှုပ်ခတ်လိုက်ရုံဖြင့်လွယ်လင့်တကူ အမှုန့်ချေနိုင်စွမ်းရှိသည်။
တစ်ဖက်လူများသည် အတိုးကိုအကြိမ်ကြိမ်အခါခါမြှင့်တင်နေသည်မှာ လုံးလုံးလျားလျား ကြောင်းကျိုးဆီလျော်ခြင်းမရှိချေ။
သို့ရာတွင် သူမတို့ မည်သို့တတ်နိုင်မည်နည်း။
အမျိုးသမီးထံတွင် ထိုလူများနှင့်ထိပ်တိုက်ရင်ဆိုင်ရန် ခွန်အားမျိုးမရှိချေ။သူမ၏ခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီးနောက် မိသားစုတစ်စုလုံးတွင် နောက်ခံကင်းမဲ့သွားလေပြီ။ဤလူရမ်းကားများသည် သူမထံသို့ ထပ်ခါတလဲလဲလာနေသော်လည်း အမျိုးသမီးသည် သူမ၏ခေါင်းကိုငုံ၍ သည်းခံနေရုံသာ တတ်နိုင်ခဲ့သည်။
လုယွီက ရုတ်တရက်ပြောဆိုသည်။
"ငါ့ကို စာရင်းစာအုပ်ပြစမ်း"
ပိန်ပါးပါးလူက သရော်တော်တော်ပြောဆိုလိုက်၏။
"မင်းက ဘယ်သူလဲ..ငါ မင်းကို ပြစရာလိုလိုလား....ငွေတွေကိုသာ မြန်မြန်ပြန်ပေးစမ်း...မင်းက နင်းရှို့ရဲ့ဆွေမျိုးဖြစ်နေမှတော့ ဒီနေ့ မင်းလွတ်မြောက်နိုင်မှာမဟုတ်ဘူး...တကယ်လို့ မင်းငွေပြန်မပေးဘူးဆိုရင် ဒီနေ့ ဘယ်သူမှ ထွက်မသွားနိုင်စေရဘူး"
"မင်းက ငါတို့ကို ခြိမ်းခြောက်ဝံ့တာလား....ငါ...."
လန်ဝူရှင်းသည် အစကတည်းက သွေးဆူသောစိတ်နေသဘောထားရှိသူဖြစ်သည်။သူသည် ပိန်ပါးပါးလူ၏ စကားများကိုကြားချိန်တွင် ရှေ့သို့တိုးကာ ထိုလူအား သင်ခန်းစာပေးလိုခဲ့သည်။
လုယွီက သူ့အားဟန့်တားကာ သူ့၏လက်ကိုဆွဲထားလေ၏။ထို့နောက် ပိန်ပါးပါးလူ၏လက်အတွင်းရှိစာရင်းစာအုပ်သည် လုယွီ၏လက်အတွင်းသို့ ပျံသန်းလာသည်။
"မင်း...."
ပိန်ပါးပါးလူသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူ၏မျက်နှာဖြူရော်သွားသည်။
ထိုစာရင်းစာအုပ်သည် အစောပိုင်းက သူ့၏လက်အတွင်း၌ ရှိနေဆဲပင်။သို့ရာတွင်အကြောင်းအရင်းမသိရဘဲ ထိုအရာသည်ရုတ်တရက် လုယွီ၏လက်အတွင်းသို့ ပျံသန်းသွားပေ၏။
လုယွီသည် ထိုစာရင်းစာအုပ်ကို အစမှအဆုံးတိုင်စစ်ဆေးပြီးနောက် သူ၏မျက်နှာသုန်မှုန်သွားသည်။
နင်းရှို့သည် လွန်ခဲ့သောနှစ်နှစ်ခန့်က အင်မော်တယ်ကျောက်တုံးတစ်သန်းကိုချေးယူခဲ့ကာ တစ်နှစ်အတွင်း အကြေပြန်ဆပ်မည်ဟု ကတိပေးခဲ့သည်။ထို့ကြောင့် စုစုပေါင်းအနေဖြင့် သူ အင်မော်တယ်ကျောက်တုံးဆယ့်သုံးသိန်းပေးရပေမည်။
သို့ရာတွင် ငွေပြန်ဆပ်မည့်အချိန်သို့ရောက်ချိန်တွင် စာရင်းစာအုပ်ပေါ်ရှိကိန်းဂဏန်းများပြောင်းလဲနေသည်။ထိုအရာသည် အင်မော်တယ်ကျောက်တုံးနှစ်သန်းသို့ ပြောင်းလဲနေပေ၏။
ဤသည်မှာ တစ်ရာရာခိုင်နှုန်းပြည့်အတိုးပင်။
Chapter 3768
အင်မော်တယ်ကျောက်တုံးနှစ်သန်း အကြွေးတင်နေခြင်းသည် ဤမိသားစုငယ်လေးကို အသက်ရှူမွန်းကြပ်သွားစေသည်။
နင်းရှို့ထံ၌ ရွေးချယ်စရာမရှိတော့ချေ။ထိုကြောင့် သူသည် မြင့်မားသောဆုလာဘ်များဖြင့် လဲလှယ်နိုင်ရန်အတွက် တိုက်ပွဲကွင်းပြင်သို့သွားကာ အခက်ခဲဆုံးနှင့်အန္တရာယ်အများဆုံး တာဝန်များကို လုပ်ဆောင်ခဲ့ရသည်။
သို့ရာတွင် နင်းရှို့သည် ရှေ့တန်း၌ရဲဝံ့စွာတိုက်ခိုက်နိုင်ခဲ့သော်လည်း သူသည် မြင့်မားသောအတိုးငွေကို တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။
တစ်နှစ်ကာလအချိန်သတ်မှတ်ချက်ရောက်လာချိန်၌ နင်းရှို့သည် အကြွေးကို ပေးဆပ်နိုင်ခဲ့ခြင်းမရှိချေ။ထိုအစား သူ နှောင့်နှေးကြန့်ကြာနေသဖြင့် အတိုးငွေသည် တစတစပို၍ကြီးမားလာသည်။တစ်နှစ်အချိန်မပြည့်သေးမီမှာပင် သူ၏အကြွေး အင်မော်တယ်ကျောက်တုံးနှစ်သန်းမှနေ၍ အင်မော်တယ်ကျောက်သုံးဆယ့်ခုနစ်သန်းအထိ မြင့်တက်လာခဲ့သည်။
ဤစာရင်းစာအုပ်အတွင်း၌ပါဝင်သော အကြွေးများကိုသာမက သူတို့မိသားစုထံတွင် အလုပ်သမားကြေး အခွန်အခနှင့်တစ်ခြားဝေယျာဝစ္စများအတွက် အထွေထွေကုန်ကျငွေများလည်းရှိနေသည်။ထိုငွေကြေးပမာဏသည် ပို၍ပင်ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းပေ၏။
လုယွီက ပိန်ပါးပါးလူကိုစူးစိုက်ကြည့်ကာ ပြောဆိုသည်။
"တာယွီအင်ပါယာရဲ့ဥပဒေစည်းမျဉ်းတွေအရ လူတွေအကြားမှာ ချေးတဲ့ငွေရဲ့အတိုးက သုံးဆယ်ရာခိုင်နှုန်းထက်မကျော်ရဘူး...တကယ်လို့ဒါက နှောင့်နှေးကြန့်ကြာနေတယ်ဆိုရင်တောင်အတိုးငွေက ငါးဆယ်ရာခိုင်နှုန်းထက် မကျော်ရဘူး...ပြီးတော့ တခြားအပိုငွေကြေးတွေကိုလည်း ပေးဆောင်စရာမလိုဘူး...တာယွီအင်ပါယာရဲ့ဥပဒေစည်းမျဥ်းတွေက ဘာမဟုတ်တဲ့အရာတွေလို့ မင်း ထင်နေတာလား"
ပိန်ပါးပါးလူက ရယ်မောလိုက်ကာ သူ့၏နောက်ရှိ လူထွားကြီးတစ်စုထံမှ လည်းကျယ်လောင်သောရယ်မောသံများ ပွင့်အံ့ထွက်လာသည်။
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူထွားကြီးတယောက်က ရီမောရင်းပြောဆိုသည်။
"ဒီဆင်းရဲနွမ်းပါးတဲ့ ကျောင်းတော်သားက ဘယ်နေရာက ရောက်လာတာလဲ...ဖြစ်နိုင်တာတော့ သူက စာတွေအများကြီးဖတ်ပြီး ရူးသွပ်မိုက်မဲသွားတာများလား....သူက ကောင်းကင်ချိုးဖျက်ခံတပ်ကိုလာပြီးတော့ ဥပဒေစည်းမျဥ်းအကြောင်းပြောနေတယ်"
"ဒါက အမှန်ပဲ...ငါ့အထင်တော့ မင်းက တခြားနေရာက လာတာပဲဖြစ်မယ်...မင်းက ဒီနေရာရဲ့စည်းမျဉ်းတွေကိုတောင် မသိဘူး...မင်းရဲ့ငွေတွေကို မြန်မြန်ထုတ်ပေးစမ်း...မဟုတ်ရင် ငါတို့ရိုက်လို့ မင်းရဲ့သွားတွေ ကျွတ်ထွက်သွားရင်ဘယ်နေရာကနေ ပြန်ရှာရမှန်းမသိ ဖြစ်သွားမယ်"
အနက်ရောင်ဝတ်စုံဝင်လူထွားကြီးတစ်စုသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။
ပိန်ပါးပါးလူက သရော်တော်တော်အမူအယာဖြင့် လုယွီကို ကြည့်လိုက်သည်။
"မင်းက ငါ့ကို ဥပဒေစည်းမျဉ်းအကြောင်း ပြောနေတာလား...ကောင်းပြီလေ...ဒါဆိုရင် ငါ မင်းကို ပြောလိုက်မယ်...ငါက ဒီကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ကောင်းကင်ဘုံ...ငါက ဥပဒေစည်းမျဉ်းပဲ"
ထိုသို့ပြောဆိုပြီးနောက် ပိန်ပါးပါးလူသည်အမျိုးသမီးနှင့်ကောင်လေးကို လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။
"သူ့ရဲ့ယောက်ျား သေသွားတာကိုမပြောနဲ့....တကယ်လို့ သူ့ရဲ့ယောက်ျား အသက်ရှင်နေရင်တောင် ဒီငွေတွေကို ပြန်ဆပ်ရမယ်...ငါတို့ရဲ့နောက်မှာရှိနေတဲ့ အရေးကြီးပုဂ္ဂိုလ်က မင်းတို့ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ချေဖျက်နိုင်တယ်...ငါတို့ရှေ့မှာလာပြီးတော့ ဥပဒေစည်းမျဉ်းအကြောင်းကို ပြောနေတာလား..ဟားဟား ဟား ဟား...တကယ်လို့ မင်းမှာအရည်အချင်းရှိတယ်ဆိုရင် ရာအိမ်စုရုံးတော် ဒါမှမဟုတ် ထောင်အိမ်စုရုံးတော်ကိုသွားပြီး တိုင်ကြားနိုင်တယ်....အဆုံးသတ်ကျရင် မင်းသေမလား ဒါမှမဟုတ် ငါသေမလားဆိုတာ တစ်ချက်ကြည့်ကြတာပေါ့"
ထိုစကားကိုကြားချိန်တွင် အမျိုးသမီး၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများ ထင်ဟပ်လာသည်။
လုယွီသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သိရှိသွားလေပြီ။
ကောင်းကင်ဘုံနယ်မြေ၏ နေရာအနှံ့အပြားတွင် အနိုင်ကျင့်မှုများရှိနေသည်။
အတိတ်တွင် ရှီးလျန်မြို့အတွင်း၌ ဝမ်မိသားစုသည် ထင်ရာစိုင်း၍ ပြဿနာများရှာဖွေခဲ့သည်။ ဝမ်မူကျီးနှင့်ဝမ်ချန်းတို့သည် ရာဇဝတ်မှုများကိုကျူးလွန်ခဲ့သည့်တိုင် သူတို့သည် တော်ဝင်နန်းတွင်း၏ဥပဒေများကို အလေးအနက်ထားခဲ့ခြင်းမရှိချေ။
ဆိုရိုးစကားအရ ပြောဆိုရလျှင် မိုးကောင်းကင်ယံသည်မြင့်မားပြီး ဧကရာဇ်သည် အဝေးတွင်ရှိသည်။မည်သူကမျှ စုံစမ်းစစ်ဆေးခြင်းမပြုသရွေ့ တူညီသောဖြစ်ရပ်မျိုးသည် နေရာအနှံ့အပြား၌ ဖြစ်ပွားနေပေမည်။
ယခုချိန်၌ စစ်ပွဲဖြစ်ပွားနေသဖြင့် တရားစီရင်ရေးဌာနမှ အရာရှိအများစုသည်တိုက်ပွဲ၏အခြေအနေကိုသာ အာရုံစူးစိုက်နေကြသည်။တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများနှင့် ကင်းထောက်များသည် ထန်အင်ပါယာမှသူလျှိုများ၏ အရိပ်အယောင်များကို စုံစမ်းစစ်ဆေးရန်အတွက် နေရာအနှံအပြား၌ သွားလာလှုပ်ရှားနေရသည်။ထန်အင်ပါယာ၏သူလျှိုများနှင့်နှိုင်းယှဉ်ပါက ဤအနိုင်ကျင့်ခံရမှုများသည် အနည်းငယ်မျှအရေးမပါချေ။
သို့ရာတွင် လူအများစုသည် ဤအနိုင်ကျင့်ခံရခြင်းများ၏ ရက်စက်ကြမ်းကြုတ်မှုအောက်တွင် ခါးသည်းစွာအသက်ရှင်နေရကာ သူတို့သည် နာကျင်မှုဒဏ်ကို တောင့်ခံနိုင်ခြင်းမရှိတော့ချေ။
"ငါ မပေးရင် ဘာဖြစ်မှာလဲ"
လုယွီက ပေါ့ပေါ့တန်တန်ပြောဆိုသည်။
"မင်းက မပေးဘူးလား....ဒါဆိုရင် မင်းရဲ့အသားနာတာကို ခံစားရမှာပေါ့"
ပိန်ပါးပါးလူက ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ပြောဆိုသည်။
သူ့၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ်လူထွားကြီးတစ်ယောက်သည် လုယွီထံဦးတည်၍ လျှောက်လှမ်းလာသည်။
လုယွီက ခေါင်းညိတ်ပြကာ လန်ဝူရှင်း၏ပုခုံးကိုပုတ်၍ ပြောဆိုလိုက်၏။
"သူတို့ကို မောင်းထုတ်လိုက်စမ်း"
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ကောင်လေးကိုကောက်ချီကာ သူ့၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။
ဖြောက်....ဖြောက်..
ဤအချိန်အခိုက်အတန့်တွင် လန်ဝူရှင်း၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။
သူသည် လက်ကိုဆန့်တန်းလိုက်ရာ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ ထွက်ပေါ်လာသည်။လန်ဝူရှင်းသည် ရှေ့သို့တိုးဝင်လာသော လူထွားကြီးတစ်စုထံသို့ ရုတ်တရက် လက်သီးတချက်ထိုးနှက်လိုက်၏။ဤသည်မှာ မိုးကြိုးတစင်း မြေပြင်ပေါ်သို့ ကျရောက်လာသည့်အလား အလွန်အမင်းကျယ်လောင်သည်။
Chapter 3769
ဘန်း....
ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာပြီးနောက် ပိန်ပါးပါးလူ မတုံ့ပြန်နိုင်သေးမီမှာပင်အမြှောက်ဆန်တစ်ခုအလား လွင့်ထွက်သွား သည်။
သူ့၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ်လူထွားကြီးတစ်စုသည်လည်း ဆောင်းဦးလေညှင်း၏ လှည်းကျင်းခြင်းကိုခံလိုက်ရသော သစ်ရွက်ကြွေများအလားပင်။သူတို့သည် အနည်းငယ်မျှခုခံနိုင်ခြင်းမရှိဘဲ တံခါး၏ပြင်ပသို့ လွင့်ထွက်သွားကြလေ၏။
"အမှိုက်ကောင်တစ်သိုက်...မင်းတို့ကြောင့် ငါ့ရဲ့လက်တွေ ညစ်ပတ်တယ်"
လန်ဝူရှင်းသည် လျှပ်ပြက်သကဲ့သို့ အလွန်လျင်မြန်ကာ သူသည် အနက်ရောင်ဝတ်စုံဝတ် လူထွားကြီးများ၏ခန္ဓာကိုယ်များကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ထိုလူထွားကြီးများသည် သူတို့၏စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသေးမီမှာပင် သူတို့၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ မှော်စွမ်းအားအကာအကွယ်အလွှာများ ထိုလက်သီးချက်များကြောင့် ကြေမွှပျက်စီးသွားသည်။သူတို့၏ပါးစပ်များမှ သွေးများအန်ထုတ်လိုက်ရကာ သူတို့၏ခန္ဓာကိုယ်ရှိအရိုးအမြောက်အများ ကျိုးပဲ့သွားလေပြီ။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပိန်ပါးပါးလူ၏အနောက်ရှိ အနက်ရောင်ဝတ်စုံဝတ်လူထွားကြီးများအားလုံးသည် မြေပြင်ပေါ်သို့လဲကျသွားကာ နာကျင်စွာဖြင့်ငိုကြွေးမြည်တမ်းနေကြသည်။
လန်ဝူရှင်းသည် အပြင်းအထန်ဒဏ်ရာရရှိထားသော်လည်း သူသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို ရင်ဆိုင်နိုင်စွမ်းမရှိသေးရုံသာဖြစ်သည်။ဤကဲ့သို့ သာမန်တေလေကြမ်းပိုးများကိုရင်ဆိုင်ရန်အတွက်မှာမူ ဖုန်မှုန့်များမှုတ်ထုတ်သကဲ့သို့သာဖြစ်ပြီး သူ့အတွက် အင်အားစိုက်ထုတ်ရန်မလိုချေ။
သူသည် မည်သည့်မှော်စွမ်းအားကိုမျှ အသုံးပြုခဲ့ခြင်းမရှိပေ။သူသည် ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ကို အသုံးပြု၍ လက်ရှိနေရာရှိလူများကို ချေမှုန်းခဲ့ခြင်းဖြစ်ပေ၏။
ခရက်...
လန်ဝူရှင်းသည် ရုတ်တရက် ပိန်ပါးပါးလူ၏လက်တစ်ဖက်ကိုဖိနှိပ်ကာ ဆွဲလိမ်ချိုးလိုက်သည်။ထိုပိန်ပါးပါးလူထံမှနေ၍ နှလုံးသွေးပျက်လုမတတ် စူးရှသောအော်သံကြီးထွက်ပေါ်လာသည်။
ပိန်ပါးပါးလူ၏လက်အတွင်းတွင် ကိုင်ထားသောကျောက်စိမ်းတံဆိပ်ပြားသည် လန်ဝူရှင်း၏ပြန်လည်ဆွဲယူခြင်းကို ခံလိုက်ရသည်။
"ငါ တခြားလူကိုပေးထားတဲ့ပစ္စည်းကို မင်းကထိဝံ့တာလား"
လန်ဝူရှင်း၏အသံသည် အေးစက်တင်းမာနေကာ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
ဤကျောက်စိမ်းတံဆိပ်ပြားသည် လန်ဝူရှင်းမှ နေ၍ ကောင်လေးကိုပေးထားခဲ့ခြင်းပင်။
နတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော သူ လန်ဝူရှင်း၏ပစ္စည်းကို တစ်စုံတစ်ယောက်မှ ယူဆောင်ဝံသည်မှာ အလွန်အမင်းကြီးလေးသောအပြစ်ပင်။
ပိန်ပါးပါးလူသည် အလွန်အမင်း နာကျင်နေလေ၏။ရုတ်တရက် သူ၏မျက်လုံးအတွင်းမှ သွေးဆာသောအလင်းတန်းများ ဖြာထွက်လာကာ သူက အမျိုးသမီးနှင့်ကောင်လေးကို စူးစိုက်၍ကြည့်လိုက်သည်။
"မင်းတို့စောင့်နေကြစမ်း...ငါ မင်းတို့နှစ်ယောက်ကို ဘယ်လိုသတ်ပစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
သူသည် မူလကတည်းက ရက်စက်ကြမ်းကြုတ်သောလူတစ်ယောက်ပင်။ယခုချိန်၌ သူသည်နာကျင်မှုကိုခံစားနေရသဖြင့် သူ့၏အစစ်အမှန်အကျင့်စရိုက်များ ထွက်ပေါ်လာလေပြီ။
ဘန်း....
လန်ဝူရှင်းသည် ရုတ်တရက် သူ့၏ခြေထောက်ကိုဆန့်တန်းကာ ပိန်ပါးပါးလူ၏ခေါင်းကို ဆောင့်နင်းပြီး ပေါက်ကွဲသွားစေသည်။
သွေးများနှင့်ဦးနှောက်အစအနများက မြေပြင်ပေါ်ရှိနေရာအနှံ့အပြား၌ ပြန့်ကြဲသွားသည်။
"မင်းက စကားအရမ်းများတယ်"
ထို့နောက် လန်ဝူရှင်းသည် တခြားအနက်ရောင်ဝတ်စုံဝတ်လူထွားကြီးများကို စိုက်ကြည့်လိုက်သည်။
ထိုအနက်ရောင်ဝတ်စုံဝတ်လူထွားကြီးများသည် သွေးအန်သည်အထိ ရိုက်နှက်ခြင်းခံထားရသည်။ပိန်ပါးပါးလူ၏အဆုံးသတ်ရလဒ်ကိုကြည့်ပြီး သူတို့ထံတွင် ယခင်ကဲ့သို့ မောက်မာထောင်လွှားသောအမူအယာများမရှိတော့ဘဲ သူတို့သည် ခွေးလေခွေးလွင့်များအလားပင်။
ဤအနက်ရောင်ဝတ်စုံဝတ်လူများ ထွက်ခွာသွားခြင်းနှင့်အတူ ပတ်ဝန်းကျင်သည် နောက်ဆုံး၌ တိတ်ဆိတ်ငြိမ်သက်သွားသည်။
မုဆိုးမလမ်းရှိ တခြားအိမ်များမှနေ၍ မျက်လုံးအစုံပေါင်းများစွာထွက်ပေါ်လာသည်။သို့ရာတွင်သူတို့သည် လန်ဝူရှင်း စောင်းငဲ့ကြည့်လိုက်သည်ကိုမြင်တွေ့ချိန်၌ သူတို့၏အကြည့်များကို ပြန်ရုတ်သိမ်းသွားတော့သည်။
အမျိုးသမီးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူမ၏ခွန်အားများအားလုံးဆုံးရှုံးသွားသည့်အလား မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားတော့သည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ ဤအချိန်အခိုက်အတန့်တွင် သူမ၏ထိတ်လန့်ကြောက်ရွံ့မှုနှင့်စိုးရိမ်ပူပန်မှုများ အပြည့်အဝပွင့်အံ့ထွက်လာသည်။သူမသည် မည်ကဲ့သို့ပြုလုပ်ရမည်ကိုမသိတော့ဘဲ တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"အရှင်....အရှင်က ပြဿနာအကြီးကြီးရှာမိပြီ ...သူတို့တွေ တခြားတစ်ယောက်ကို ခုထိမလွှတ်လိုက်သေးတာကို အခွင့်ကောင်းယူပြီးတော့ အရှင် မြန်မြန်ထွက်သွားသင့်တယ်"
လုယွီသည် သူမ၏စကားကို မကြားသကဲ့သို့ ပြုမူနေသည်။သူသည် အင်္ကျီလက်ကြားမှချိုချဉ်တစ်ချောင်းကိုထုတ်ကာ ကောင်လေးကိုပေးလိုက်၏။
လုယွီ၏နွေးထွေးမှုကို ခံစားမိသည့်အလား ကောင်လေး၏ထိတ်လန့်ကြောက်ရွံ့မှုများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။သူသည် လုယွီ၏လက်မောင်းကိုမှီကာ ငိုကြွေးနေခြင်းကိုရပ်တန့်လိုက်သည်။သူ့၏မျက်လုံးဝိုင်းကြီးများနှင့် တံခါး၏ပြင်ပကို စိတ်လှုပ်ရှားစွာကြည့်နေလေ၏။
လုယွီသည် ကောင်လေး၏ခေါင်းကို ပွတ်သပ်ပေးကာ ပြောဆိုသည်။
"မင်းရဲ့နာမည်က နင်းချန်ရှန်းလား"
ကောင်လေးသည် သတိကြီးစွာထား၍ ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏မျက်လုံးများသည် ပြင်ပကိုသာ စူးစိုက်၍ကြည့်နေဆဲပင်။
တံခါး၏ပြင်ပ၌ ခေါင်းပေါက်ကွဲသွားသော ပိန်ပါးပါးလူ၏အလောင်းရှိနေကာ အသွေးအသားများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်။
အရွယ်ရောက်သူများပင်လျှင် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ရင်တုန်ပန်းတုန်ဖြစ်ခြင်းကို ခံစားရပေမည်။သို့ရာတွင် ကောင်လေးသည်တံခါး၏ပြင်ပကို ကြည့်ပြီးချိန်၌ သူ့၏မျက်လုံးအတွင်း၌ လက်စားချေလိုက်ရသည့်အတွက်ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။
လုယွီသည် မရယ်မောဘဲမနေနိုင်တော့ချေ။
သူသည် ဤကောင်လေးထံတွင် သူ၏အတိတ်ဘဝမှ အရိပ်အယောင်များကို မြင်တွေ့မိလေ၏။
"ဒီနေရာမှာ စောင့်နေကြစို့....တခြားဘယ်သူလာအုံးမလဲဆိုတာ ငါ ကြည့်ချင်တယ်"