← Chapters

အခန်း (၃၇၇၀-၃၇၇၃)

Vol. 192 Ch. 3770-3773

အခန်း (၃၇၇၀-၃၇၇၃)

Vol. 192 Ch. 3770-3773

Chapter 3770

တစ်ချိန်တည်းမှာပင် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ တပ်မှူးပင်မတဲအတွင်း၌....

ဤအချိန်အခိုက်အတန့်တွင် အနက်ရောင်သံချပ်ကာဝတ် စစ်သားတစ်စုသည် ပြင်ပ၌မတ်တတ်ရပ်နေကာ သူတို့၏လက်များအတွင်း၌ ထက်ရှသောဓားများကို ကိုင်ဆောင်ထားသည်။သူတို့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။

ပြင်ပလူများသည် ဤနေရာအနီးသို့ ချဉ်းကပ်ဝံ့မည်မဆိုထားနှင့် သူတို့အား ကြည့်ဝံ့သည့်သတ္တိမျိုးပင်ရှိမည်မဟုတ်ချေ။ဤအနက်ရောင်သံချပ်ကာဝတ်စစ်သားများ၏ ပစ်မှတ်ထားခြင်းကို ခံရသည်နှင့်သူတို့သည် ထိတ်လန့်ကြောက်ရွံသွားပေမည်။

ဤအချိန်အခိုက်အတန့်တွင် ထိုအနက်ရောင်သံချပ်ကာဝတ်စစ်သားများ၏နံဘေး၌ စုန်ချင်းဖုန်းနှင့်ယင်ထျန်းမင်တို့ စိုးရိမ်ပူပန်စွာဖြင့်စောင့်ဆိုင်းနေကြသည်။

စုန်ချင်းဖုန်း၏စိတ်အခြေအနေသည် ကောင်းမွန်ပုံမရချေ။သူတို့သည် ရန်သူများ၏ဝိုင်းရံခြင်းကို ခံထားရသည်အား သူကိုယ်တိုင် မြင်တွေ့ပြီးဖြစ်သည်။သူသည်လူလတ်ပိုင်းအရွယ်သာရှိသေးသော်လည်းသူ့၏အနက်ရောင်ဆံပင်များကြား၌ ဆံပင်ဖြူများရောယှက်နေကာ သူ့ကိုကြည့်ရသည်မှာအိုမင်းပြီးအားနည်းပုံ ပေါက်စေသည်။

"ဆရာစုန်...ဘာလို့ ခဏလောက်ပြန်ပြီးအနားမယူတာလဲ..ကျွန်တော်က ဒီနေရာကို စောင့်ကြည့်လိုက်ပါ့မယ်"

နံဘေးဘက်တွင်ရှိနေသော ယင်ထျန်းမင်က သူ့ကို ဖြောင့်ဖျသည်။

ယခုလက်ရှိချိန်တွင် ဝမ်ရှင်းအမတ်ကြီးသည်ကောင်းကင်ချိုးဖျက်ခံတပ်၌ ရှိမနေချေ။ ခံတပ်၏ကိစ္စကြီးငယ်ဟူသမျှကို စုန်ချင်းဖုန်းတစ်ယောက်တည်းကသာ ကိုင်တွယ်ဖြေရှင်းနေရသည်။စုန်ချင်းဖုန်းသည် ဝမ်ရှင်းအမတ်ကြီး၏စွမ်းဆောင်ရည်အမြင့်မားဆုံးလက်အောက်ငယ်သားဖြစ်သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ လုပ်ဆောင်ရန်အလုပ်အမြောက်အများရှိနေသည်ဟု ခံစားနေရဆဲပင်။

စုန်ချင်းဖုန်းက သူ့၏ခေါင်းကိုခါယမ်းကာပြောဆိုသည်။

"အခုချိန်မှာငါတို့တွေက ထန်အင်ပါယာစစ်တပ်ရဲ့ဝင်္ကပါကို ဖျက်ဆီးနိုင်မနိုင်ဆိုတာ အရေးကြီးဆုံးကိစ္စဖြစ်နေပြီ...ငါ ဒီနေရာမှာပဲ စောင့်နေရလိမ့်မယ်"

ယင်ထျန်းမင်က ကူကယ်ရာမဲ့စွာဖြင့်မေးမြန်းသည်။

"အဲ့ဒီမဟာဆရာသခင်ဟွမ်ဖူက ထန်စစ်တပ်ရဲ့ဝင်္ကပါကို တကယ်ကြီးချိုးဖျက်နိုင်မှာလား...အဲ့ဒီဝင်္ကပါကို တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်က မူးဝေမှုကိုခံစားရတယ်...သူကအရမ်းအသက်အိုမင်းနေပြီးတော့ သူလမ်းလျှောက်တဲ့အချိန်မှာတောင် သူ့ကိုတွဲဖို့ လူတစ်ယောက်လိုနေတယ်...ဒီဝင်္ကပါကိုချိုးဖျက်ဖို့ဆိုတာ သူ့အတွက် လွယ်ကူတဲ့ကိစ္စမဟုတ်လောက်ဘူး"

သူသည် အစကတည်းက ယုံကြည်မှုများပျောက်ဆုံးနေလေပြီ။

ထန်စစ်တပ်သည် ဤဝင်္ကပါကို အသုံးပြုခဲ့ချိန်မှာစ၍ တိုက်ပွဲကွင်းပြင်၌ အောင်မြင်မှုများကိုရယူနိုင်ခဲ့သည်။

တာယွီစစ်တပ်ဘက်မှ မည်မျှထိကြိုးစားသည်ဖြစ်စေအဆုံးသတ်၌ ထန်စစ်တပ်၏ဝင်္ကပါအောက်တွင် ရှုံးနိမ့်ခဲ့ရကာ အသေအပျောက်လည်းများပြားခဲ့သည်။

ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ နာမည်ကျော်ကြားသော ဝင်္ကပါပညာရှင်အမြောက်အများသည် ထိုဝင်္ကပါကို ချိုးဖျက်ရန်ကြိုးစားခဲ့ကြသော်လည်း သူတို့အနက်မှမည်သူတစ်ဦးတစ်ယောက်မျှ အောင်မြင်ခြင်းမရှိချေ။

သဲခုံစားပွဲ၏ရှေ့၌ သူတို့ကိုယ်သူတို့ မဟာဆရာသခင်များဟု အစဉ်အမြဲခေါ်ဆိုလေ့ရှိသော ထိုဝင်္ကပါပညာရှင်များသည် ရှုံးနိမ့်ခဲ့ရတာ အချည်းနှီးလက်လျှော့ခဲ့ရသည်။အစစ်အမှန်တိုက်ပွဲအတွင်း၌ ပို၍ပင်အပြောင်းအလဲများပြားသည်ကို ထည့်သွင်းဖော်ပြရန် မလိုတော့ချေ။ဤသည်မှာ တိုက်ပွဲအခြေအနေ ပို၍ပင်အခြေအနေ ဆိုးဝါးနေပေမည်။

ယင်ထျန်းမင်သည် ထပ်ခါတလဲလဲရှုံးနိမ့်နေသဖြင့် သူ၏ယုံကြည်ချက်များ ပျောက်ဆုံးနေလေပြီ။

မဟာဝင်္ကပါပညာရှင်ဟွမ်ဖူသည် နာမည်ကျော်ကြားသော်လည်း ထန်စစ်တပ်၏ဝင်္ကပါကိုချိုးဖျက်နိုင်မည်ဟု ယင်ထျန်းမင် ယုံကြည်ခြင်းမရှိချေ။

စုန်ချင်းဖုန်းသည်လည်း ဤအချက်ကို နားလည်သဘောပေါက်ထားပေ၏။သူက လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"တကယ်လို့ မဟာဝင်္ကပါပညာရှင်ဟွမ်ဖူတောင်မှ ဒီဝင်္ကပါကိုမချိုးဖျက်နိုင်ဘူးဆိုရင်...ထန်စစ်တပ်ရဲ့ဝင်္ကပါကို ဘယ်သူမှ ချိုးဖျက်နိုင်တော့မှာမဟုတ်ဘူး"

မဟာဆရာသခင်ဟွမ်ဖူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး၌ အစွမ်းထက်ဆုံးဝင်္ကပါပညာရှင်ပင်။

အကယ်၍ သူပင်လျှင် ထိုဝင်္ကပါကို ချိုးဖျက်နိုင်ခြင်းမရှိပါက တော်ဝင်နန်းတွင်း၏ကောင်းကင်ဘုံကျန်းခန်းမဆောင်မှ အကူအညီကိုတောင်းခံရန် နည်းလမ်းသာ ကျန်ရှိတော့သည်။သို့ရာတွင် ကောင်းကင်ဘုံကျန်းခန်းမဆောင်မှ အဆင့်မြင့်မဟာဝင်္ကပါပညာရှင်တစ်ယောက်ကို စေလွှတ်လိုက်စဉ်တွင်ကောင်းကင်ချိုးဖျက်ခံတပ်သည် ပြာများအဖြစ်သာ ကြွင်းကျန်နေပေတော့မည်။

သူတို့နှစ်ယောက်သည် တပ်မှူးတဲ၏ပြင်ပ၌ စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြသည်။

ထိုအချိန်မှာပင် အစောင့်နှစ်ယောက်သည် ပြင်ပမှနေ၍ အတွင်းသို့ ပျာပျာသလဲဝင်ရောက်လာသည်။ထိုအစောင့်သည် ပထမဆုံး စုန်ချင်းဖုန်းကိုဦးညွှတ်အရိုအသေပြုကာ ယင်ထျန်းမင်၏နားအနီးသို့ကပ်ပြီး တီးတိုးပြောဆိုလိုက်၏။

ယင်ထျန်းမင်သည် စိတ်မရှည်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဒါက အဆင်ပြေပါတယ်...သူ့ကိုလွှတ်ထားလိုက်...သူက ဒေသခံလူရမ်းကားတချို့ကို သင်ခန်းစာပေးရုံပဲ..ငါတို့က အဲ့ဒီကိစ္စလောက်ကိုပါဝင်ပတ်သက်ဖို့ မလိုအပ်ဘူး"

"ဟုတ်ကဲ့"

အစောင့်နှစ်ယောက်သည် ဦးညွှတ်အရိုအသေပြုကာ ထွက်ခွာသွားတော့သည်။

စုန်ချင်းဖုန်း၏မျက်ခုံး မြင့်တက်သွားသည်။

"ဘာတွေ ဖြစ်နေတာလဲ"

ယင်ထျန်းမင်သည် ထိုကိစ္စကို အလေးအနက်ထားပုံမရချေ။သူသည် စကားပြောဆိုရန်ဟန်ပြင်လိုက်စဉ်မှာပင် တပ်မှူးတဲ၏တံခါး ရုတ်တရက်ပွင့်သွားခဲ့သည်။

ကျွီ....

ဤအသံသည် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မဟာဆရာသခင်ဟွမ်ဖူသည် တောင်ဝှေးတစ်ချောင်းကိုကိုင်၍ တဲအတွင်းမှထွက်လာသည်။

သူ ထွက်လာသည်ကို မြင်တွေ့ချိန်၌ စုန်ချင်းဖုန်းနှင့်ယင်ထျန်းမင်တို့သည် ရှေ့သို့ အလျှင်အမြန်တိုးကာ သူ့အား တွဲကူလိုက်ကြသည်။

Chapter 3771

ဆရာသခင်ဟွမ်ဖူ...ဝင်္ကပါကဘယ်လိုအခြေအနေရှိလဲ"

မဟာဆရာသခင်ဟွမ်ဖူကိုမြင်တွေ့ချိန်တွင် ယင်ထျန်းမင်သည် ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

စုန်ချင်းဖုန်းသည် မည်သည့်စကားကိုမျှပြောဆိုခြင်းမရှိသော်လည်း သူသည် စူးရှသောအကြည့်ဖြင့် မဟာဆရာသခင်ဟွမ်ဖူကို စူးစိုက်၍ကြည့်နေသည်။

မဟာဆရာသခင်ဟွမ်ဖူကို ခံတပ်ထံသို့ ဖိတ်ကြားနိုင်ရန်အလို့ငှာ သူသည် ခင်မင်ရင်းနှီးမှုကိုသာမကဘဲ လူအင်အားနှင့်အရင်းအမြစ်အမြောက်အများကိုလည်း အသုံးပြုခဲ့ရသည်။

မဟာဆရာသခင်ဟွမ်ဖူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ကောင်းကင်ဘုံကျန်းခန်းမဆောင်၏ခန်းမသခင်ပင်။သူ့အား ကြယ်မြစ်တစ်ခုလုံးအတွင်း၌ နံပါတ်တစ်ဝင်္ကပါပညာရှင်ဟုယူဆနိုင်လုနီးပါးပင်။သို့ရာတွင် နှစ်သစ်၏အစောပိုင်း၌ ဟွမ်ဖူသည် အငြိမ်းစားယူတော့မည့်အဆင့်မျိုးသို့ရောက်ရှိနေပြီဖြစ်သည်။သူ့၏နေရာကို ဆက်ခံရန်အတွက် သူ့ထံတွင် မရေမတွက်နိုင်သော တပည့်များရှိနေသည်။ဤသည်ကြောင့် စုန်ချင်းဖုန်းသည် မဟာဆရာသခင်ဟွမ်ဖူထံမှ အကူအညီတောင်းခံရာ၌ အခက်အခဲများစွာရင်ဆိုင်ခဲ့ရစေသည်။

အကယ်၍ သူတို့သည် ဤမျှထိတန်ကြေးကြီးမားစွာပေးဆပ်ပြီးမှ သူတို့ဖိတ်ခေါ်ထားသော မဟာဝင်္ကပါပညာရှင်သည် ထန်စစ်တပ်၏ဝင်္ကပါကိုချိုးဖျက်နိုင်ခြင်းမရှိပါက သူတို့၏ကောင်းကင်ချိုးဖျက်ခံချက်ကိုကယ်တင်နိုင်ရန် နည်းလမ်းရှိတော့မည် မဟုတ်ချေ။

"အဟွတ်...အဟွတ်...အဟွတ်..."

မဟာဆရာသခင်ဟွမ်ဖူသည် ပြင်ပသို့ထွက်လာချိန်တွင် အချိန်တခဏကြာခန့် ​ချောင်းတဟွတ်ဟွတ်ဆိုးနေလေသည်။

သူသည် အသက်အရွယ်အိုမင်းနေလေပြီ။အချိန်တခဏကြာခန့် ချောင်းဆိုးပြီးနောက်သူ၏မုတ်ဆိတ်များ စတင်၍တုန်ခါလာသည်။

မကြာမီမှာပင် အစောင့်တစ်ယောက်သည်လက်ဖက်ရည်ပူတစ်ခွက်ကို ဟွမ်ဖူ၏နံဘေးသို့ယူဆောင်လာလေ၏။

သို့ရာတွင် မဟာဆရာသခင်ဟွမ်ဖူသည် ထိုလက်ဖက်ရည်ပူကို ယူဆောင်ခြင်းမရှိချေ။သူသည် မှုန်ဝါးနေသော သူ့၏မျက်လုံးများကိုဖွင့်ကာ သက်ပြင်းတချက်ရှိုက်၍ ပြောဆိုသည်။

"ထန်စစ်တပ်မှာ အစစ်အမှန်ဝင်္ကပါပညာရှင်တစ်ယောက်ရှိနေတာပဲ...တကယ်လို့ ငါ ထင်တာမမှားဘူးဆိုရင် ဒီဝင်္ကပါက ရှေးဟောင်းခေတ်ကဝင်္ကပါတစ်ခုပဲဖြစ်မယ်...အဲ့ဒီဝင်္ကပါကို ရန်သူဘက်ကစစ်ဗိုလ်ချုပ်က ဒီလောက်အဆင့်ထိအသုံးပြုနိုင်ပြီးတော့ အရမ်းထင်ရှားပြီးအသက်ဝင်တယ်...ဒါက အလွယ်ပြောရရင်ချိုးဖျက်လို့မရနိုင်လို့နီးပါးပဲ...ထန်စစ်တပ်မှာအစွမ်းထက်ပညာရှင်တွေ ရှိနေတယ်"

မဟာဆရာသခင်ဟွမ်ဖူ ထိုကဲ့သို့ပြောဆိုသည်ကို သူတို့ကြားချိန်တွင် သူတို့၏စိတ်နှလုံးသားများအေးစက်သွားသည်။

မဟာဆရာသခင်ဟွမ်ဖူ၏အဆင့်အတန်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ဝင်္ကပါပညာရှင်များ၏လောကအတွင်း၌ အလွန်အမင်းမြင့်မားသည်။ဤသည်မှာ မိုးထိမြင့်မားသောအဆင့်အတန်းဟု ပြောဆိုနိုင်သည်။သူ့အတွက်တစ်ဖက်ရန်သူ၏ဝင်္ကပါကို ဤမျှထိချီးမွမ်းနေခြင်းကြောင့် တစ်ခုတည်းသောဆိုလိုရင်းမှာ...သူ့ရှေ့ရှိ ဝင်္ကပါကိုရင်ဆိုင်ရန်အတွက် အခက်အခဲများရှိနေသည်ဟု ခံစားရခြင်းကြောင့်ဖြစ်ပေမည်။

"အမ်....မဟာဆရာသခင်တောင်မှ ဒီဝင်္ကပါကို မချိုးဖျက်နိုင်ဘူးလား"

ယင်ထျန်းမင်၏မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်စွာပြောဆိုလိုက်၏။

ဤသည်မှာ သူ မျှော်လင့်ချက်ကြီးမားစွာ ထားထားခဲ့သော တစ်စုံတစ်ခုပင်။အကယ်၍ မဟာဆရာသခင်ဟွမ်ဖူပင်လျှင် ထန်စစ်တပ်၏ဝင်္ကပါနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ခြင်းမရှိပါက တခြားမည်သူသည် ထိုအရာကို ချိုးဖျက်နိုင်မည်နည်း။

"ထျန်းမင်....မရိုင်းပြစမ်းနဲ့"

စုန်ချင်းဖုန်းက ရှေ့သို့တိုးကာ သူ့၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။

"မဟာဆရာသခင်ဟွမ်ဖူ....မင်း ခက်ခက်ခဲခဲကြိုးစားခဲ့ပါတယ်...ကျေးဇူးပြုပြီးတော့ အနားယူလိုက်ပါဦး...ငါက အရင်က မင်းကိုကတိပေးထားတဲ့ ပမာဏအတိုင်း ပေးပါ့မယ်"

မဟာဆရာသခင်ဟွမ်ဖူက သူ့၏လက်ကို ဝှေ့ယမ်းကာ ခေါင်းခါပြလေသည်။

"မင်းတို့ ဘာလိုချင်လဲဆိုတာ ငါသိတယ်...စစ်ရေးကိစ္စတွေက အရေးပေါ်ဖြစ်နေပြီ...ဒါကြောင့် ငါ အချိန်အများကြီးမဖြုန်းချင်တော့ဘူး....ဒီဝင်္ကပါက အရင်ကတည်းက ချိုးဖျက်ပြီးသားဖြစ်နေပြီ"

"ဘာ....."

ထိုစကားကိုကြားချိန်တွင် စုန်ချင်းဖုန်းနှင့်ယင်ထျန်းမင်တို့သာမက ပတ်ဝန်းကျင်ရှိအနက်ရောင်သံချပ်ကာဝတ်စစ်သားများ၏မျက်နှာများပေါ်တွင်လည်း ထိတ်လန့်တုန်လှုပ်သောအမူအယာများ ထင်ဟပ်လာသည်။

ထန်စစ်တပ်၏ ထူးဆန်းသောဝင်္ကပါဖွဲ့စည်းပုံသည် သူတို့အား အကျပ်ရိုက်စေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

တာယွီအင်ပါယာမှ လက်ရွေးစင်စစ်သားအမြောက်အများသည် ဤဝင်္ကပါကြောင့် တိုက်ပွဲကွင်းပြင်အတွင်း၌ သေဆုံးခဲ့ရသည်။သူတို့၏မိသားစုဝင်များ မိတ်ဆွေများသည်လည်း ထန်စစ်တပ်၏ဝင်္ကပါအောက်တွင် သေဆုံးခဲ့ရသည်။

မရေမတွက်နိုင်သောလူများသည် ဤဝင်္ကပါကို နာကြည်းမုန်းတီးကြသည်။

ယနေ့တွင် သူတို့အား တစ်ချိန်လုံး အကျပ်ရိုက်စေခဲ့သော ထူးဆန်းသည့် ဝင်္ကပါကို နောက်ဆုံး၌ ချိုးဖျက်နိုင်သောနေ့တစ်နေ့သို့ ရောက်ရှိလာမည်ဟု သူတို့ တွေးထင်ထားမိခြင်းမရှိချေ။

"ဒါကအစစ်လား ဒါမှမဟုတ်:အတုအယောင်လားဆိုတာ ငါ ကြည့်ဦးမယ်"

ယင်ထျန်းမင်၏စိတ်တည်ငြိမ်မှု ဆုံးရှုံးနေလေပြီ။သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးကာ တပ်မှူးတဲအတွင်းသို့ တိုးဝင်လိုက်၏။

တပ်မှူးတဲ၏အလယ်ဗဟိုရှိ သဲခုံစားပွဲပေါ်တွင် စစ်ပွဲ၏အခြေအနေကို ခင်းကျင်းပြသထားဆဲပင်။

တာယွီစစ်သားများနှင့်ထန်စစ်သားများသည် သဲခုံစားပွဲပေါ်၌ တိုက်ခိုက်နေကြသည်။ သတ်ဖြတ်သံများနှင့်အော်ဟစ်သံများကိုလည်း သဲခုံစားပွဲမှနေ၍ ဝိုးတဝါးကြားနေရသည်။

သို့ရာတွင် သဲခုံစားပွဲပေါ်ရှိမြင်ကွင်းသည် ယခင်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေနေပြီ။

ယခင်က ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါ၏တည်ရှိမှုကြောင့် တာယွီစစ်တပ်သည်ဝင်္ကပါအတွင်း၌ ပိတ်မိနေကာ ကြီးမားသောအန္တရာယ်အတွင်းသို့ ကျရောက်နေခဲ့သည်။သူတို့သည် တဖြည်းဖြည်း ထန်စစ်တပ်၏ဝါးမြိုခြင်းကိုခံနေရလေ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ အခြေအနေသည်ပြောင်းပြန်ဖြစ်သွားလေပြီ။

Chapter 3772

ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါအတွင်း၌ လှောင်ပိတ်မိနေသော တာယွီစစ်တပ်သည် ဝိုင်းရံထားမှု၏အောက်မှ ဟာကွက်တစ်ကွက်ကို တွေ့ရှိပြီး ချိုးဖျက်နိုင်ခဲ့သည်။

ထိုဟာကွက်မှနေ၍ တာယွီစစ်သားများသည် ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါကို အတင်းအကြပ်ဖောက်ထွက်နိုင်ခဲ့လေ၏။

ကြီးမားသောသတ်ဖြတ်ခြင်းဝင်္ကပါကြီးသည် ကွဲထွက်သွားကာ ယခင်ကဲ့သို့ မဟန့်တားနိုင်သောအရှိန်အဟုန်မျိုး မရှိတော့ချေ။

ထန်စစ်တပ်၏ အစွမ်းထက်ဆုံးအင်အားစုဖြစ်သည့် ဆေဘာစစ်တပ်သည်လည်း ဤအချိန်အခိုက်အတန့်တွင် လုံးလုံးလျားလျား ပြန့်ကျဲသွားတော့သည်။

မြေပြင်ပေါ်၌ ထန်စစ်သားများ၏အလောင်းများသည် နေရာအနှံ့အပြား၌ရှိနေကာ တောင်တလုံးစာမျှ စုပုံနေသည်။

လှောင်ပိတ်ထားမှုအောက်မှ လွတ်မြောက်လာသော တာယွီစစ်သားများသည် ရပ်တန့်ခြင်းမရှိပဲ တဖန်ပြန်၍တိုးဝင်တိုက်ခိုက်လေ၏။

ဤအချိန်အခိုက်အတန့်တွင် နှစ်ဖက်စစ်တပ်သည် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြကာ နှစ်ဖက်စလုံးထံတွင် ကြီးမားသော အသေအပျောက်များကို ခံစားရသည်။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သောင်းနှင့်ချီသောလူများ သွေးအိုင်များအတွင်းသို့ လဲကျနေလေပြီ။

တိုက်ပွဲကွင်းပြင်ပေါ်တွင် အသားကြိတ်စက်ကြီးနှင့် တူညီနေသော်လည်း အစောပိုင်းကနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားပေ၏။

ဤသည်မှာ လက်ရည်ခြင်းမျှသော တိုက်ပွဲတစ်ပွဲဖြစ်ပြီး ယခင်ကဲ့သို့ ထန်စစ်တပ်၏တဖက်သတ်သတ်ဖြတ်မှု မဟုတ်တော့ချေ။

"ဒီဝင်္ကပါဖွဲ့စည်းပုံက တကယ့်ကို ကျိုးပျက်သွားတာပဲ"

ယင်ထျန်းမင်၏မျက်လုံးများ ပြူးကျယ်နေကာ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ထိုစကားကိုကြားချိန်တွင် စုန်ချင်းဖုန်းသည် ရှေ့သို့ အလျင်အမြန်တိုးဝင်လာသည်။

သူသည် သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် ထပ်တူထပ်မျှ ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူသည် ဝင်္ကပါပညာရှင်တစ်ယောက်မဟုတ်သော်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် ဝင်္ကပါပညာရပ်နှင့်ပတ်သက်၍ နားလည်သဘောပေါက်မှုတချို့ရှိသည်။

အကယ်၍ သူသည် ဤဝင်္ကပါကို ချိုးဖျက်ရပါက သုံးရက်သုံးညတိုင်တိုင် ကြိုးစားလျင်ပင် သဲလွန်စကို ရှာဖွေဖော်ထုတ်နိုင်မည် မဟုတ်ချေ။

ထို့ပြင် သူတို့သည် ယခင်က ဤဝင်္ကပါကိုချိုးဖျက်သည့် ဝင်္ကပါပညာရှင်တစ်ယောက်စီတိုင်း၏မျက်နှာများတွင် ​စိတ်ပျက်အားငယ်မှုများပြည့်နှက်နေကာ ချိုးဖျက်နိုင်ခဲ့ခြင်းမရှိကြောင်း သူတို့ မြင်‌တွေ့ပြီးလေပြီ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ အချိန်တစ်ရက်မပြည့်သေးမီမှာပင် မဟာပညာရှင်ဟွမ်ဖူသည် ဝင်္ကပါကို ချိုးဖျက်နိုင်ခဲ့သည်။

ဤသည်မှာ အလွယ်ပြောရပါက လျှပ်ပြက်သကဲ့သို့ အရှိန်နှုန်းပင်။

"မြင့်မြတ်တဲ့ မဟာဆရာသခင် ဟွမ်ဖူ ကျေးဇူးပြုပြီးတော့... ငါရဲ့ ဦးညွှတ်အရိုအသေပြုမှုကို လက်ခံပေးပါ "

စုန်ချင်းဖုန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းများ လင်းလက်နေပြီး သူ့ကိုကြည့်ရသည်မှာ ပို၍ စိတ်အားတက်ကြွလာပုံရသည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ ကောင်းကင်ချိုးဖျက်ခံတပ်မှ ရင်ဆိုင်နေရသော အခြေအနေအများစုသည် ထန်စစ်တပ်၏ ဝင်္ကပါကြောင့် ဖြစ်ပွားလာခဲ့ခြင်းပင်။

ယခုအချိန်တွင် ထန်စစ်တပ်၏ ဝင်္ကပါကျိုးပျက်သွားပြီဖြစ်သဖြင့် သူတို့၏စိတ်နှလုံးသားအတွင်းတွင် ချိတ်ဆွဲနေသော ကျောက်တုံးကြီးကို နောက်ဆုံး၌ မတင်ပြီးသားဖြစ်သွားလေပြီ။

ယင်ထျန်းမင်သည်လည်း အလျင်စလို ဦးညွတ်အရိုအသေပြုလိုက်သည်။

သူသည် မောက်မာထောင်လွှားသော အကျင့်စရိုက်ရှိသည့် ဒုတိယမျိုးဆက်သခင်လေးတစ်ယောက် ဖြစ်သော်လည်း အစစ်အမှန်စွမ်းဆောင်ရည်ရှိသော ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် လေးစားကြည်ညိုခြင်းမရှိဘဲ မနေနိုင်တော့ချေ။

စုန်ချင်းဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"ငါအရင်တုန်းက ဆရာသခင်ဟွမ်ဖူကို ကတိပေးထားခဲ့တဲ့ ဆုလာဘ်ကို သုံးဆထပ်ဖြည့်ပေးပါ့မယ်...မဟာဆရာသခင်ဟွမ်ဖူ မင်းက အခုချိန်မှာ ငါတို့ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ ကျေးဇူးရှင်ကြီးပဲ...ငါက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ စစ်သားအားလုံးကိုယ်စား မင်းကို ကျေးဇူးတင်ပါတယ်..."

ထိုစကားနှင့်အတူ စုန်ချင်းဖုန်းက တဖန်ထပ်၍ ဦးညွတ်အရိုအသေပြုလိုက်၏။

"အဟွတ်...အဟွတ်...အဟွတ်"

မဟာဆရာသခင်ဟွမ်ဖူက ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။

သူကိုကြည့်ရသည်မှာ သေအံ့မူးမူး လူတစ်ယောက်အလားပင်။

မဟာဆရာသခင်ဟွမ်ဖု၏ တုံ့ပြန်မှုကိုကြည့်ပြီး စုန်ချင်းဖုန်းက အလျင်စလို အမိန့်ပေးလိုက်သည်။

"မင်းတို့ ဘာတွေစောင့်နေကြတာလဲ မဟာဆရာသခင် ဟွမ်ဖူအတွက် စွပ်ပြုတ်ပူပူတစ်ခွက်ကို အမြန်ယူခဲ့ကြစမ်း..."

နဘေးရှိအစေခံတစ်ယောက်သည် အလျင်စလို အသိဝင်လာကာ ပြင်ဆင်ရန်အတွက် အလျင်အမြန် သွားလိုက်သည်။

ဟွမ်ဖူသည် အချိန်အတော်ကြာချောင်းဆိုးနေပြီးမှ သူ၏အသက်ရှူနှုန်း ပြန်လည် တည်ငြိမ်သွားသည်။သူကရုတ်တရက် သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။

"ဘာဆုလာဘ်မှ ပေးဖို့မလိုဘူး..ငါက ဒါကိုလက်ခံဖို့ အရှက်ရမိတယ်..ငါ့လို သေတော့မယ့်လူတစ်ယောက်က မသေခင်မှာ ဒီလိုမျိုးလျှို့ဝှက်ဆန်းကြယ်တဲ့ ဝင်္ကပါတစ်ခုကို မြင်ခွင့်ရမယ်လို့ ငါ ထင်မထားခဲ့မိဘူး...ဒါက ငါ့အတွက် ကံကြမ္မာကောင်းတစ်ခုပဲ...ငါအခု ထွက်သွားတော့မယ်...ငါက ဒီနေရာမှာဆက်နေပြီး ငါ့ကိုယ်ငါ အရှက်မရစေသင့်ဘူး..."

ထိုသို့ပြောဆိုပြီးနောက် မဟာဆရာသခင်ဟွမ်ဖူသည် သူ၏အစေခံကို ခေါ်ဆောင်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

သူ့၏စကားများသည် စုန်ချင်းဖုန်းကို ကြက်သေသေသွားစေသည်။

"ငါက စစ်တပ်ထဲကိုဝင်တဲ့အချိန်ကတည်းက ငါ့မှာ စစ်သားတစ်ယောက်ရဲ့ အတွေးအမြင်မျိုးပဲ ရှိနေတယ်...ငါက အသေးစိတ်ကျတဲ့အချက်တွေကို ဂရုမစိုက်မိဘူး..တကယ်လို့ မဟာဆရာသခင်ဟွမ်ဖူကို အပြစ်ပြုမိပြီးတော့ မင်း မပျော်ရွှင်စေတဲ့ ကိစ္စတစ်ခုရှိမယ်ဆိုရင်...ကျေးဇူးပြုပြီး ငါ့ကို အသိပေးပါ..."

စုန်ချင်းဖုန်းက ဂရုတစိုက် မေးမြန်းသည်။

မဟာဆရာသခင်ဟွမ်ဖူသည် ရပ်တန့်ကာ ထူးဆန်းသောအမူအယာဖြင့် စုန်ချင်းဖုန်းကို ကြည့်လိုက်၏။

"မင်းတို့ဆီမှာ အဆင့်မြင့်တဲ့ ဝင်္ကပါပညာရှင်တစ်ယောက်ရှိနေပြီးတော့ ဝင်္ကပါကိုချိုးဖျက်နိုင်တာ အသိသာကြီးလေ...မင်းကဘာလို့ ဒီလိုအသုံးမဝင်တဲ့ လူအိုကြီးတစ်ယောက်ကို တောင်းပန်နေတာလဲ..."

Chapter 3773

မဟာဝင်္ကပါပညာရှင်တစ်ယောက် ရှိနှင့်ပြီးသားဟုဆိုသလော....

စုန်ချင်းဖုန်းသည် လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သော်လည်း သူသည် အနည်းငယ်ကြက်သေသေသွားကာ မည်သည့်ကိစ္စများဖြစ်ပွားနေသည်ကို နားမလည်တော့ချေ။

သို့ရာတွင် သူ၏တုံ့ပြန်မှုသည် အလွန်အမင်း လျှင်မြန်နေဆဲပင်။မဟာဆရာသခင်ဟွမ်ဖူ ထိုသို့ပြောဆိုသည်ကို သူ ကြားချိန်တွင် သူကအပြုံးနှင့် ပျာပျာသလဲ ပြောဆိုသည်။

"မဟာဆရာသခင်ဟွမ်ဖူ...မင်း နားလည်မှုလွဲနေမှာကို ငါ စိုးရိမ်မိတယ်....မင်းရောက်မလာခင်က ဒီဝင်္ကပါကို ငါတို့ကောင်းကင်ချိုးဖျက်တစ်ခုလုံးမှာရှိတဲ့ ဘယ်သူကမှ မချိုးဖျက်နိုင်ခဲ့ဘူး...မြို့ထဲမှာရှိတဲ့ ဝင်္ကပါပညာရှင်တွေလည်း ဘာလုပ်ရမယ်ဆိုတာကို မသိတာကြောင့်လက်လျှော့သွားကြပြီ...ငါ့မှာ တခြားရွေးချယ်စရာမရှိတော့​တာကြောင့် မင်းကိုယ်တိုင်လာရောက်ဖို့ ငါ မင်းကိုတောင်းဆိုရတာပဲ"

မဟာဆရာသခင်ဟွမ်ဖူသည် အနည်းငယ်အံ့အားသင့်သွားကာ စုန်ချင်းဖုန်းကို ကြည့်လိုက်၏။

"မင်း အမှန်အတိုင်းပြောနေတာလား"

"ငါက တကယ့်ကိုပဲ အမှန်အတိုင်းပြောနေတာပါ...ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို လိမ်ညာနေစရာ ငါ့မှာ ဘာအကြောင်းမှမရှိဘူး"

စုန်ချင်းဖုန်းက တုံ့ပြန်သည်။

မဟာဆရာသခင်ဟွမ်ဖူသည် မျက်မှောင်ကြုတ်လိုက်၏။သူသည် အချိန်အတော်ကြာတွေးတောပြီးနောက် ပြောဆိုသည်။

"ဒါက ထူးဆန်းတယ်...ကြည့်ရတာတော့ မင်းတို့ကို တိတ်တဆိတ် လမ်းညွှန်မှုတွေပေးနေတဲ့ အစွမ်းထက်ပညာရှင်တစ်ယောက် ကောင်းကင်ချိုးဖျက်ခံတပ်မှာ ရှိနေပုံပဲ...ဒါက ကိစ္စကောင်းတစ်ခုပဲ....ရှေ့တန်းမှာ အသေအ​ပျောက်မများဖို့ ငါ ဆုတောင်းမိတယ်"

"ငါက ဉာဏ်ထိုင်းတဲ့လူတစ်ယောက်ပါ....မဟာဆရာသခင်ဟွမ်ဖူက ကျေးဇူးပြုပြီးတော့ ငါ့ကို ဥာဏ်အလင်းပြပေးပါအုံး"

စုန်ချင်းဖုန်းက ပြောဆိုလိုက်၏။

မဟာဆရာသခင်ဟွမ်ဖူက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ထန်စစ်တပ်က အရမ်းရှေးကျတဲ့ ဝင်္ကပါတစ်ခုကို အသုံးပြုခဲ့တယ်...ငါက ငါ့ရဲ့နာမည်ဂုဏ်သတင်းကို ဂရုစိုက်တဲ့လူဆိုပေမယ့်....အမှန်အတိုင်းပြောရမယ်ဆိုရင် ငါ့ရဲ့အရည်အချင်းနဲ့ အဲ့ဒီဝင်္ကပါကို မချိုးဖျက်နိုင်ဘူး"

စုန်ချင်းဖုန်း၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သို့ရာတွင် စုန်ချင်းဖုန်း တစ်စုံတစ်ခုကို မေးမြန်းနိုင်ခြင်းမရှိသေးမီမှာပင် မဟာဆရာသခင်ဟွမ်ဖူက ဆက်လက်၍ပြောဆိုသည်။

"ငါက မတူကွဲပြားတဲ့နည်းစနစ်တွေ ရာနဲ့ချီပြီးအသုံးပြုခဲ့တယ်...ဒါပေမဲ့ အဲဒါတွေအားလုံးကို ထန်စစ်တပ်ရဲ့ဝင်္ကပါက ချွင်းချက်မရှိ ဝါးမြိုသွားခဲ့တယ်...အဲ့ဒီဝင်္ကပါဖွဲ့စည်းပုံက အရမ်းအစွမ်းထက်ပြီးရှေးကျတယ်..ဒါက မဖျက်ဆီးနိုင်လုနီးပါးပဲ....ငါ့ရဲ့အခုလက်ရှိနည်းစနစ်တွေနဲ့ အဲ့ဒီဝင်္ကပါကို ငါ မချိုးဖျက်နိုင်ဘူး"

"ဒါပေမဲ့ ခုဏက ငါ လက်လျှော့အရှုံးပေးတော့မယ်အချိန်မှာပဲ အတွေးတစ်ခုက ရုတ်တရက်ကြီး ထွက်ပေါ်လာတယ်....ငါက သဲခုံစားပွဲပေါ်က ဟင်္သာပြဒါးအနီရောင်အမှတ်အသားရဲ့မူလလမ်းကြောင်းအတိုင်း ဝင်္ကပါကို စတင်ပြီးတော့ ချိုးဖျက်ကြည့်တယ်...အဲ့ဒီလမ်းကြောင်းက အတင့်ရဲတယ်လို့ထင်ရပေမယ့် လက်ခံနိုင်တဲ့အချက်တချို့ရှိနေတယ်..တကယ်လို့ အဲ့ဒီဝင်္ကပါကို ချိုးဖျက်ချင်တယ်ဆိုရင် အဲ့ဒီလူချန်ထားခဲ့တဲ့ အနီရောင်အမှတ်အသားဆွဲထားတဲ့လမ်းကြောင်းက အမှန်ကန်ဆုံးတစ်ခုပဲ...ဒီလူအိုကြီးက အဲ့ဒါကို ကြုံရာကျပန်း ရေးဆွဲထားတယ်လို့ တွေးတောပြီး ဂရုမစိုက်ခဲ့မိတာ ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ...ငါက အချိန်တွေအများကြီး ဖြုန်းခဲ့မိတယ်"

ထိုသို့ပြောဆိုပြီးနောက် မဟာဆရာသခင်ဟွမ်ဖူက မေးမြန်းသည်။

"အဲ့ဒီဟင်္သာပြဒါးအမှတ်အသား လမ်းကြောင်းကို ဘယ်သူ့ဆွဲခဲ့တာလဲဆိုတာ ငါမသိဘူး...ဒါပေမဲ့ ငါ တကယ်ကို သိချင်ပြီးတော့ ငါက အဲ့ဒီလူကို တွေ့ချင်မိတယ်"

စုန်ချင်းဖုန်းက မျက်မှောင်ကြုတ်လိုက်၏။ဤအနီရောင်လမ်းကြောင်းကို မည်သူရေးဆွဲခဲ့သည်အား သူ မသိရှိချေ။

သူက ယင်ထျန်းမင်ကို လှည့်ကြည့်လိုက်သည်။ ယင်ထျန်းမင်သည် နေရာမှာပင် အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေကာ သူ့၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကြောင်း စုန်ချင်းဖုန်းက တွေ့မြင်လိုက်ရသည်။

"ထျန်းမင်....ငါ ဒီနေရာမှာမရှိခင် အချိန်တုန်းက...ဘယ်သူ ရောက်လာသေးလဲ"

စုန်ချင်းဖုန်းက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

စုန်ချင်းဖုန်းသည် ဝမ်ရှင်းအမတ်ကြီး၏လက်အောက်မှ လက်ထောက်တစ်ယောက်ဖြစ်သော်လည်း သူသည် ယင်ထျန်းမင်၏ဆရာလည်းဖြစ်သဖြင့် တင်းတင်းမာမာပြောဆိုနိုင်သည်။

"ဒါက မဖြစ်နိုင်ဘူး...သူက ဒီဝင်္ကပါကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတာ တကယ်ကြီးသိနေတာလား...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ယင်ထျန်းမင်၏ပါးစပ်မှနေ၍ အဆက်မပြတ်တီးတိုးရေရွတ်နေသည်။

စုန်ချင်းဖုန်း၏စကားကိုကြားမှသာ ယင်ထျန်းမင် အသိပြန်ဝင်လာခဲ့သည်။ထို့နောက် သူက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"ဆရာစုန်....ခုဏက လက်ဝဲစစ်တပ်ရဲ့တပ်မှူးလုယွီရောက်လာခဲ့တယ်...သူနဲ့အတူ နောက်လိုက်တစ်ယောက်ကိုပဲ သူက ခေါ်ဆောင်လာတယ်....ပြီးတော့ သူက စုတ်တံကိုကိုင်ပြီး သဲခုံစားပွဲပေါ်မှာ မျဉ်းကြောင်းတစ်ခုကို ရေးဆွဲခဲ့တယ်...သူက ဒီဝင်္ကပါကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတာ သိနေမယ်လို့ ငါ တကယ်ကိုမျှော်လင့်မထားခဲ့မိဘူး"

ထိုစကားကိုကြားချိန်တွင် စုန်ချင်းဖုန်း၏မျက်နှာ သုန်မှုန်သွားသည်။

ယင်ထျန်းမင်၏အကျင့်စရိုက်ကို သူကောင်းစွာသိရှိထားပေ၏။အကယ်၍ သူ့ကြောင့်သာမဟုတ်ပါက ယင်ထျန်းမင်သည် လူပေါ်ကျော့အရူးတစ်ယောက် လုံးလုံးလျားလျားဖြစ်နေပေမည်။

"လုယွီက ဘယ်နေရာမှာလဲ...သူက ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာမှတော့....မင်း ငါ့ကို အကြောင်းကြားသင့်တယ်မဟုတ်လား"

စုန်ချင်းဖုန်းက အသက်နက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

ယင်ထျန်းမင်က အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။

"သူက စစ်သားတွေကိုလည်း ခေါ်မလာခဲ့ဘူး...သူကိုယ်တိုင်ပဲ ရောက်လာခဲ့တာ....သူက ငါ့ရဲ့အဖေမရှိတာကို အခွင့်ကောင်းယူပြီးတော့စစ်တပ်၍အာဏာကို လုယူချင်နေတယ်ဆိုတာ အသိသာကြီးလေ..ဆရာစုန် ငါ့ရဲ့အဖေက အိမ်မှာနှစ်တွေအကြာကြီး အလဟဿနေခဲ့ရတာ.... အခုစစ်တပ်အာဏာကိုရတော့မှ တခြားတစ်ယောက်ကို လွှဲမပေးနိုင်ဘူး...မဟုတ်ရင် ငါတို့ယင်မိသားစုက ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်တယ်"

All Chapters