အခန်း (၃၇၇၄-၃၇၇၇)
Vol. 192 Ch. 3774-3777
Chapter 3774
ဤအချိန်အခိုက်အတန့်တွင် ယင်ထျန်းမင်သည်နောက်ဆုံး၌ သူ၏အတွေးများကို ဖွင့်ဟပြောဆိုလိုက်လေပြီ။
ယင်ကျန်းသဲသည် ဝမ်ရှင်းအမတ်ကြီးဘွဲ့ကို ချီးမြှင့်ခံထားရသော်လည်း ဤသည်မှာကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်မှ ကိစ္စတစ်ရပ်ပင်။ရှန်လင်းလုံသည် ကောင်းကင်ဘုံဧကရာဇ် ဖြစ်လာရန်ကြိုးစားစဉ်၌ ဝမ်ရှင်းအမတ်ကြီးမှ ဆန့်ကျင်ခဲ့သည်။ထိုကြောင့် ရှန်လင်းလုံသည် သူ့အား ရန်ငြိုးထားခဲ့လေ၏။
မူလက ယင်ကျန်းသဲသည် အတွင်းဝန်ရုံးမှ မဟာအတွင်းဝန်တစ်ယောက်ပင်။ရှန်လင်းလုံသည် ကောင်းကင်ဘုံဧကရာဇ်ဖြစ်လာပြီးနောက် ယင်ကျန်းသဲသည် သူမနှင့်မပူးပေါင်းသော အရာရှိတစ်ယောက်ဖြစ်လာခဲ့သည်။ထိုကြောင့် သူ့၏မူလအရာရှိရာထူးသည်လည်း ဖယ်ရှားခြင်းခံလိုက်ရလေ၏။
ယခုအချိန်တွင် ရှန်လင်းလုံသည် စစ်တပ်ကိုကိုယ်တိုင်ကိုယ်ကျ ဦးဆောင်နေခဲ့သည်။ ထို့ကြောင့် တော်ဝင်နန်းတွင်းအပေါ် သူမ၏ထိန်းချုပ်နိုင်မှု အလိုအလျောက်အားနည်းသွားခဲ့သည်။သူမသည် သွားလေသူဧကရာဇ်ထိုက်ချမ်၏အရာရှိဟောင်းများ ပုန်ကန်ခြင်းမှ ကာကွယ်ဟန့်တားနိုင်ရန်အလို့ငှာ တော်ဝင်နန်းတွင်း၌ သူလျှိုအမြောက်အများကို မွေးမြူခဲ့သည်။ထို့နောက် သူမသည် ထိုအရာရှိဟောင်းများ၏လှုပ်ရှားမှုများကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့ပေ၏။
တချို့အရာရှိဟောင်းများသည် သူတို့ထံ၌ နာမည်ဂုဏ်သတင်းတချို့ကျန်ရှိနေသောကြောင့် အကွက်ချကြံစည်မှုများကိုပြုလုပ်နေကြသည်။အရာရှိအများစုကမူ မည်သည့်အကြံအစည်မျှမရှိဘဲ အိမ်တော်များတွင်သာ အလဟဿနေထိုင်နေကြသည်။
ထန်အင်ပါယာ၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သဖြင့် ရှေ့တန်းတွင်အလွန်အမင်းလူအင်အားလျော့နည်းနေခဲ့သည်။ထို့ကြောင့် ဝမ်ရှင်းအမတ်ကြီးသည် စစ်တပ်၏ထိန်းချုပ်မှုအောက်သို့ပြန်လည်ဝင်ရောက်ရန် အရေးပေါ်ဆင့်ခေါ်ခြင်းခံရတော့သည်။
စစ်တပ်အခွင့်အာဏာ ရရှိလာသောကြောင့်ယင်မိသားစုသည် ဆက်လက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးတစ်ခုရှိလာခဲ့သည်။
ယင်ကျန်းသဲသည် စစ်တပ်အခွင့်အာဏာကို တစ်ရက်ဆုပ်ကိုင်ထားနိုင်သရွေ့ သူတို့သည် ရှန်လင်းလုံနှင့်ရင်ဆိုင်ရန် လိုအပ်မည်မဟုတ်ချေ။ထို့ကြောင့် ယင်ထျန်းမင်က လုယွီသည် စစ်တပ်အခွင့်အာဏာကိုလုယူရန် ဤနေရာသို့ လာရောက်ခြင်းဖြစ်မည်ကို စိုးရိမ်ပူပန်နေခဲ့သည်။ ထိုအချိန်ကျပါက ယင်ကျန်းသဲသည် လောဘကြီးမှု မဆင်မခြင်လုပ်မှု စစ်ပွဲရှုံးနိမ့်မှုတို့ဖြင့် ပြစ်တင်စွပ်စွဲခြင်းခံရပေမည်။ထို့ပြင် သူ့ထံတွင် စစ်တပ်အခွင့်အာဏာမရှိတော့ပါက ရှန်လင်းလုံ၏ဓားသွားအောက်တွင် သေဆုံးသွားရသောဝိညာဉ်တစ်ကောင် ဖြစ်သွားနိုင်ချေအလွန်မြင့်မားသည်။
ထို့ကြောင့် ယင်ထျန်းမင်သည် ခံတပ်အတွင်းမှအင်အားကိုသာ မှီခိုအားထား၍ ပိတ်လှောင်ခံထားရသောအမတ်ကြီးကို ကယ်တင်လိုခဲ့သည်။သူသည် မည်သည့်နည်းဖြင့်စစ်တပ်အခွင့်အာဏာကို လိုလိုလားလျားလက်လွှဲပေးရန် ဆန္ဒရှိမည်နည်း။
"မင်း....အရူးကောင်"
စုန်ချင်းဖုန်းသည် သူ့၏မျက်လုံးများကို နာကျင်စွာစုံမှိတ်၍ သက်ပြင်းတချက်ရှိုက်လိုက်၏။
"ငါ မင်းကို အရင်ကမပြောခဲ့တာက...မင်းရဲ့အတွေးတွေ ထင်ရာစိုင်းပြီး မိုက်ရူးရဲဆန်နေမှာကို ငါ စိုးရိမ်လို့ပဲ...အရှင်အမတ်ကြီးက ထန်စစ်တပ်ရဲ့ပိတ်ဆို့ထားမှုအောက်မှာ ပြိုလဲလုဆဲဆဲအခြေအနေကို ရောက်နေပြီ....လုယွီက လက်ဝဲစစ်တပ်ရဲ့ မြင့်မြတ်တဲ့ ခေါင်းဆောင်တပ်မှူးပဲ....စစ်တပ်ရဲ့အခွင့်အာဏာကို ခွင့်ပြုချက်မရှိဘဲ လုယူတာက တပ်တွင်းပုန်ကန်မှုတစ်ခုဆိုတာ သေချာပေါက်ပဲ...သူက ဒီလိုကိစ္စမျိုးကို ဘာလို့ကျူးလွန်မှာလဲ....တကယ်လို့ ကောင်းကင်ချိုးဖျက်ခံတပ် ကျိုးပျက်သွားပြီးတော့ လက်ဝဲစစ်တပ်နယ်မြေရဲ့ခံတပ်တစ်ခုက ထန်စစ်တပ်ရဲ့လက်ထဲကိုကျသွားရင် သူ့အတွက်လည်း ဘာအကျိုးရှိမှာမလို့လဲ"
"လုယွီက ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာမှတော့ သူက ငါတို့ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့အခုလက်ရှိပြဿနာတွေကို ထွင်းဖောက်မြင်ပြီးပြီလို့ ဆိုလိုတယ်...ငါတို့ အခုချိန်မှာကင်းမဲ့နေတာက စစ်တပ်အင်အားမဟုတ်ဘူး...ရန်သူကို ရင်ဆိုင်နိုင်မယ့် နည်းဗျူဟာပဲ...
တကယ်လို့ လုယွီဆီမှာ ရန်သူတွေကိုရင်ဆိုင်နိုင်မယ့် နည်းဗျူဟာတစ်ခု အမှန်တကယ်ရှိနေတယ်ဆိုရင်...စစ်တပ်အခွင့်အာဏာကို သူ့ဆီလွဲပြောင်းပေးလိုက်ရတာက ဘာနစ်နာမှုမှ ဖြစ်လာမှာမဟုတ်ဘူး"
"ဒါပေမဲ့ သူ့မှာ ဝင်္ကပါကိုချိုးဖျက်နိုင်တဲ့အရည်အချင်းမျိုးရှိနေမယ်လို့...ငါ တကယ်ကိုမျှော်လင့်မထားမိဘူး"
ယင်ထျန်းမင်က မျက်မှောင်ကြုတ်ကာ ပြောဆိုသည်။
သူ၏အသံသည် အလွန်တိုးညှင်းနေပြီး သူ့ထံတွင် ယုံကြည်ချက်အနည်းငယ်ကင်းမဲ့နေပေ၏။
ယင်ထျန်းမင်သည် လုယွီကိုပစ်မှတ်ထားခဲ့သော အကြောင်းအရင်းများစွာရှိနေသော်လည်း အကြီးမားဆုံးအကြောင်းအရင်းမှာ သူသည် လုယွီကို မနာလိုဖြစ်နေခြင်းပင်။
အသက်နှစ်ဆယ်အရွယ်နှင့် တတိယအဆင့်အရာရှိတယောက်ဖြစ်နေသော လုယွီကိုမည်သူမဆို မနာလိုဖြစ်မိပေမည်။
"တကယ်လို့ သူက တစ်ယောက်တည်းလာတယ်ဆိုရင်တောင် သူက လက်ဝဲစစ်တပ်နယ်မြေရဲ့ခေါင်းဆောင်တပ်မှူးဖြစ်နေတုန်းပဲ...သူရောက်လာမှတော့ ကျင့်ဝတ်ထုံးတမ်းအရ မင်းက အနည်းဆုံးတော့ သူ့ကို ခေါ်ထားသင့်တယ်...ငါ မင်းကို တကယ်နားမလည်နိုင်တော့ဘူး...သူ ဘယ်ရောက်သွားပြီလဲ"
စုန်ချင်းဖုန်းက စိတ်ပျက်အားငယ်စွာဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
ယင်ထျန်းမင်သည် သူ ပြဿနာရှာမိပြီဟု သိရှိနေသဖြင့် ပျာပျာသလဲ ပြောဆိုလိုက်၏။
"ငါက သူ့နောက်ကိုလိုက်ဖို့ လူတွေလွှတ်ထားတယ်...သူက အခုလက်ရှိအချိန်မှာ ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့အရှေ့ပိုင်းမြို့ထဲမှာ ရှိနေတယ်"
"အခုချက်ချင်း မင်းနဲ့အတူလူတချို့ကိုခေါ်သွားပြီးတော့ လက်ဆောင်တွေကိုလည်းသယ်သွားစမ်း...သူ့ကို ချက်ချင်းသွားရှာရမယ်...မဟုတ်ဘူး...ငါကိုယ်တိုင် သွားမယ်"
စုန်ချင်းဖုန်း၏အသံသည် အနည်းငယ် အလောသုံးဆယ်ဖြစ်နေသည်။
အံ့အားသင့်ဖွယ်ကောင်းအောင်ပင် ထန်စစ်တပ်၏ဝင်္ကပါကို အမှန်တကယ်ချိုးဖျက်ခဲ့သူသည် မဟာဆရာသခင်ဟွမ်ဖူမဟုတ်ဘဲ လုယွီဖြစ်နေခဲ့သည်။
ယခုချိန်၌ စစ်ပွဲသည် အလွန်အရေးကြီးနေသဖြင့် လုယွီကို တက်နိုင်သမျှ အမြန်ဆုံးပြန်လည်ဖိတ်ခေါ်ရန် လိုအပ်သည်။
"မဟာဆရာသခင်ဟွမ်ဖူ...အခုဖြစ်ခဲ့တဲ့ကိစ္စတွေက မင်းအတွက် ရယ်စရာဖြစ်နေလောက်ပြီ"
စုန်ချင်းဖုန်းက သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာအပြုံးနှင့် မဟာဆရာသခင်ဟွမ်ဖူကို တောင်းပန်စကားပြောဆိုသည်။
Chapter 3775
မဟာဆရာသခင်ဟွမ်ဖူက သူ့၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ကာ စဉ်းစားတွေးတောပြီး စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"မင်းတို့ ခုဏပြောနေတဲ့ ဝင်္ကပါကို ချိုးဖျက်ခဲ့တယ်ဆိုတဲ့လူက...အခုနှစ် တော်ဝင်စာမေးပွဲရဲ့ထိပ်သီးကျောင်းတော်သား လက်ဝဲစစ်တပ်ရဲ့ခေါင်းဆောင်တပ်မှူးလုယွီလား"
"ဒါက အဲ့ဒီလူပါပဲ...ငါ့ရဲ့တပည့်က အရမ်းအဆင်အခြင်မဲ့ပြီးတော့ သူ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘဲနေခဲ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါက အရှက်ရစရာပါပဲ"
စုန်ချင်းဖုန်းက ပြောဆိုလိုက်၏။
စူးရှသောအလင်းတန်းတစ်တန်းက မဟာဆရာသခင်ဟွမ်ဖူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
"ငါက သူ့ရဲ့နာမည်ဂုဏ်သတင်းကို အရင်ကရကြားခဲ့ဖူးတယ်...သူ နန်းတွင်းစာမေးပွဲဖြေဆိုတဲ့အချိန်တုန်းက ဝင်္ကပါပညာရပ်မှာ လုံလောက်တဲ့ပါရမီအရည်အချင်းကို ပြသနိုင်ခဲ့တယ်လို့ဆိုကြတယ်..ဒါက ကောလဟလတစ်ခုသက်သက်ပဲလို့ ငါ ထင်ခဲ့တာ...ဒါပေမဲ့ သူ့ရဲ့အရည်အချင်းကို ငါ ဒီနေ့တွေ့ရလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...အဲ့ဒီလူက တကယ့်ကို သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ...ကောင်းပြီလေ...မင်းတို့ သူ့ကိုဖိတ်ခေါ်နိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားကြပါ...ငါလည်းပဲ အဲ့ဒီလူငယ်ပါရမီရှင်ကို တွေ့ချင်တယ်"
စုန်ချင်းဖုန်းသည် ခေါင်းညိတ်ပြကာ ကြောင်စီစီ ဖြစ်နေဆဲဖြစ်သော ယင်ထျန်းမင်ကိုကြည့်ပြီးအော်ငေါက်လိုက်၏။
"ထျန်းမင်....မြန်မြန်သွားပြီးတော့ မင်းရဲ့စိတ်ရင်းကိုပြသမယ့် လက်ဆောင်တွေကိုပြင်ဆင်တော့လေ...မင်းက ဘာကိုစောင့်နေတာလဲ"
ထိုအချိန်ကျမှသာ ယင်ထျန်းမင်သည် အသိပြန်ဝင်လာကာ အသက်မပါသည့်အလား ခပ်တောင့်တောင့်အမူအယာဖြင့် တဲအတွင်းမှ ထွက်သွားလေသည်။
"သူက တော်ဝင်စာမေးပွဲရဲ့စမ်းသပ်မှုသုံးခုလုံးမှာ ထိပ်ဆုံးနေရာကိုရခဲ့တယ်...သူ့ရဲ့ဝင်္ကပါနည်းစနစ်တွေက ဝင်္ကပါပညာရှင်တွေထက်တောင် တကယ်ကြီးအားကောင်းနေတာလား"
ယင်ထျန်းမင်က တီးတိုးရေရွတ်လိုက်သည်။ သူ့၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းတုန်လှုပ်ချောက်ချားနေပေ၏။
အရှေ့ပိုင်းမြို့...မုဆိုးမလမ်း...
အေးစက်စက်လေညှင်းတစ်ရပ်က တံခါး၏ပြင်ပ၌တိုက်ခတ်သွားသည်။ပိန်ပါးပါးလူ၏ရေခဲတမျှအေးစက်နေသော အလောင်းသည် တံခါး၏ပြင်ပ၌ရှိနေဆဲပင်။မြေပြင်ပေါ်၌ အသွေးအသားများပြန့်ကျဲနေကာ အလွန်အမင်း အော်ဂလီဆန်ဖွယ်ကောင်းပေ၏။
ကံကောင်းထောက်မစွာဖြင့် နင်းမိသားစုအိမ်သည် လမ်း၏အစွန်ဆုံးနေရာတွင်တည်ရှိသည်။တချို့လူများသည် ပြင်ပသို့ထွက်လာကာ အလောင်းများကိုကြည့်ပြီးနောက် သုတ်သုတ်ပျာပျာ ထွက်ခွာသွားကြသည်။သူတို့သည် တခြားလူများ၏အရေးကိစ္စအတွင်း၌ ဝင်ရှုပ်ဝံ့ခြင်းမရှိချေ။
ဟောင်းနွမ်းစုတ်ပြတ်နေသော ခြံဝန်းအတွင်းတွင် ထူးဆန်းသောဆေးရနံ့တစ်ခုက တဖြည်းဖြည်းမျောလွင့်လာသည်။
လုယွီသည် ဆေးပင်များကို ဆေးရည်များအဖြစ် ချေဖျက်လိုက်၏။အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူသည် ဆေးပင်များအားလုံးကို ဆေးလုံးများအဖြစ်ဖော်စပ်ပြီးလေပြီ။
လေဟာနယ်အတွင်း၌ ဆယ်နှင့်ချီသောဆေးလုံးများ မျောလွင့်နေသည်။
ဤကဲ့သို့ အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်ရသည်မှာ ခက်ခဲခြင်းမရှိချေ။လုယွီအတွက် ဤသည်မှာ အချိန်တခဏနှင့် သန့်စင်နိုင်သောအရာပင်။
ဆေးလုံးတစ်လုံးစီတိုင်းအတွက် ဆေးပင်အမြောက်အများ အသုံးပြုရခြင်းမရှိချေ။လုယွီသည် နောင်အနာဂတ်တွင် ဤကဲ့သို့ အခြေအနေမျိုးနှင့် သူ ထပ်မံ၍ကြုံတွေ့ရမည်ကို စိုးရိမ်ပူပန်နေခြင်းသက်သက်ပင်။ထိုကြောင့် သူသည် ဆေးပင်များကို ကြိုတင်၍ဝယ်ယူထားကာ သူ့၏သိုလှောင်အိတ်အတွင်း၌ သိမ်းဆည်းထားခဲ့သည်။
"ဒီဆေးလုံးတွေကို အရင်ဆုံးသောက်ပြီးတော့မင်းရဲ့ခွန်အားကို အမြန်ပြန်ရအောင်လုပ်လိုက်တော့"
လုယွီက ဆေးတချို့ကို လန်ဝူရှင်းထံသို့ ပေးလိုက်သည်။
နံဘေးဘက်မှ စောင့်ကြည့်နေခဲ့သော လန်ဝူရှင်းသည် ကြက်သေသေနေလေ၏။
ဤသည်မှာ သူသည် ဆေးသန့်စင်ခြင်းကို ယခင်ကခတစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသောကြောင့် မဟုတ်ချေ။သူသည် အထွတ်အထိပ်ဂိုဏ်းမှဆေးပညာရှင်များသန့်စင်နေသည်ကို မြင်တွေ့ဖူးသည်။သို့ရာတွင် ထိုဆေးပညာရှင်များသည် ဆေးဖော်စပ်ရန်အတွက် ဆေးမီးဖိုလိုအပ်သည်။သူတို့သည်မီးတောက်များကို ထိန်းချုပ်ကာ ဆေးလုံးများကို ဂရုတစိုက်ဖော်စပ်ကြလေ၏။
သို့ရာတွင် လုယွီ၏ဆေးသန့်စင်ခြင်းသည် သူ့၏မှတ်ဉာဏ်အတွင်းမှ မြင်ကွင်းများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
လေဟာနယ်အတွင်း၌ ရွှေရောင်မီးတောက်များရုတ်တရက် ထွက်ပေါ်လာသည်။ဆေးပင်များသည် လိပ်ပြာများအလား လေထုအတွင်းသို့ မျောလွင့်သွားသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုဆေးပင်များကိုရွှေရောင်မီးတောက်များက သန့်စင်လိုက်သည်။
နောက်ဆုံး၌ ထိုအရာများသည် ဆေးဖော်စပ်ခြင်းအဆင့်သို့ရောက်ရှိသွားကာ ဆေးလုံးများအဖြစ်သိပ်သည်းသွားလေ၏။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာမတိုင်ခင်မှာပင် လုယွီသည် ဆယ်နှင့်ချီသောဆေးလုံးများကို အောင်မြင်စွာသန့်စင်နိုင်ခဲ့သည်။
လန်ဝူရှင်းအား ပို၍ထိတ်လန့်တုန်လှုပ်စေသည်မှာ လုယွီသန့်စင်သော ဆေးလုံးများအနက် မည်သည့်ဆေးလုံးတစ်လုံးမျှ ကျရှုံးမှုမရှိခြင်းပင်။
သူ ဆေးသန့်စင်ခြင်း၏အောင်မြင်မှုရာခိုင်နှုန်းသည် တစ်ရာရာခိုင်နှုန်းပင်။
"ဘက်စုံပါရမီရှင်...ဒါက ဘက်စုံပါရမီရှင်တစ်ယောက် မဟုတ်ဘူးလား...သူနားမလည်တဲ့ ဘာပညာရပ်နယ်ပယ်ရှိသေးလို့လဲ"
လန်ဝူရှင်းသည် သူ့၏စိတ်နှလုံးသားအတွင်းမှထိတ်လန့်တုန်လှုပ်နေမှုကို ဖယ်ထုတ်ကာ နာခံရို့ကျိုးစွာဖြင့် ဆေးလုံးကိုဝါးမြိုလိုက်သည်။
သူ အများဆုံးခံစားနေရသော ဒဏ်ရာများသည် လုကျိုးရှောင်၏လက်ချက်ကြောင့်ပင်။
လုကျိုးရှောင်သည် မူလက လုယွီကို သတ်ဖြတ်လိုခဲ့သည်။လန်ဝူရှင်းကိုလည်း သူသည်အနည်းငယ်မျှ ညှာတာထောက်ထားခြင်းမရှိချေ။ရွှယ်အင်မော်တယ်များသည် နယ်မြေသခင်များနှင့်ရင်ဆိုင်ရချိန်တွင် သူတို့အကြားမှ ကွာဟချက်သည် မိုးနှင့်မြေတမျှကြီးမားသည်။ အကယ်၍ လန်ဝူရှင်းထံတွင် ကောင်းမွန်သောအခြေခံအုတ်မြစ်မရှိပါက သူသည် လုကျိုးရှောင်၏လက်ချက်ဖြင့် သေဆုံးပြီးဖြစ်ပေမည်။
သူ့၏ခန္ဓာကိုယ်အသင်းသို့ ဆေးလုံးဝင်ရောက်သွားချိန်တွင် သူ့၏နံဘေးပတ်လည်၌ သင်းပျံသောဆေးရနံ့များ ရစ်သိုင်းလွှမ်းခြုံနေသည်။ထိုဆေးလုံး၏စွမ်းအားသည် သူ့၏မရီဒါန်းများတစ်လျှောက်စီးဆင်း၍ သူ့၏ဒဏ်ရာများအားလုံးကို ကုသပေးနေလေ၏။
ဤဆေးလုံးများသည် လန်ဝူရှင်း၏ဒဏ်ရာများကို ကုသရန်အတွက် အထူးသီးသန့်ဖော်စပ်ထားပုံရသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ မပြည့်သေးမီမှာပင် လန်ဝူရှင်းသည် သူ့၏ခန္ဓာကိုယ်အတွင်းမှနေ၍ စွမ်းအားအရိပ်အယောင်ကို ခံစားမိသည်။သူ့၏ခန္ဓာကိုယ်ရှိ မွှေးညှင်းပေါက်များမှနေ၍ ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်နေသည်။မူလက တစ်ဆို့နေခဲ့သော သူ၏မှော်စွမ်းအားများသည် တဖြည်းဖြည်းစတင်၍လှည့်ပတ်နေပေ၏။
Chapter 3776
လန်ဝူရှင်း၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာလေပြီ။ လုယွီသည် ဆေးစွမ်းအားပို၍ပြင်းထန်သော ဆေးတချို့ကိုထုတ်ယူကာ လန်ဝူရှင်း၏ရှေ့သို့ ပစ်ပေးလိုက်၏။
"မင်း အချိန်ယူပြီးတော့ အရင်ဆုံး ပြန်ကောင်းလာအောင်လုပ်လိုက်ဦး...ဒီဆေးတွေကို မင်းအခုသုံးစွဲဖို့ အချိန်မကျသေးဘူး"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ဟား ဟား ဟား ဟား"
လန်ဝူရှင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူ့၏ခန္ဓာကိုယ်တွင် မှော်စွမ်းအားအရိပ်အယောင်များ ထွက်ပေါ်လာလေပြီ။ဤသည်ကြောင့် သူသည် ယခင်ကဲ့သို့ အားနည်းသောအခြေအနေမျိုး၌ လုံးလုံးလျားလျားရှိနေမည်မဟုတ်တော့ချေ။
လုယွီ သန့်စင်ထားသောဆေးများသည် လန်ဝူရှင်း၏ခန္ဓာကိုယ်မှ ဒဏ်ရာများကိုဖြေရှင်းရန်အတွက် အထူးသီးသန့်ဖော်စပ်ထားခြင်းဖြစ်သည်။လန်ဝူရှင်းသည် အားနည်းသောအခြေအနေ၌ တစ်ချိန်လုံးရှိနေခြင်းမှာ သူသည်မှော်စွမ်းအားအနည်းငယ်ကိုမျှ ဖြန့်ကျက်အသုံးပြုနိုင်မှုမရှိခြင်းကြောင့်ပင်။ဤသည်မှာထိုက်ဟွာကျမ်းစာ၏ တားမြစ်ချက်များကြောင့်ဖြစ်နိုင်ချေများသည်။
ထိုက်ဟွာကျမ်းစာ၏ခရမ်းရောင်ချီများသည် လန်ဝူရှင်း၏ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ်စိမ့်ဝင်နေကာ သူ့၏ခန္ဓာကိုယ်မှ မရီဒါန်းများအားလုံးကို ချိတ်ပိတ်ထားသည်။ထို့ကြောင့် သူသည် မှော်စွမ်းအားအနည်းငယ်ကိုမျှ ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။
အစောပိုင်းက လုယွီ၏ဆေးလုံးသည် ထိုခရမ်းရောင်ချီများအားလုံးကို ဖယ်ရှားလိုက်သဖြင့် လန်ဝူရှင်းအား သူ့၏မူလအခြေအနေသို့ပြန်လည်ရောက်ရှိသွားစေသည်။
လုယွီသည် အမျိုးသမီးကို လှည့်ကြည့်ကာပြောဆိုသည်။
"ငါက တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းတစ်ခန်းလိုအပ်တယ်...မင်း ငါ့ကို ခဏလောက်အသုံးပြုခွင့်ပေးနိုင်မလား"
အမျိုးသမီးက ပျာပျာသလဲပြောဆိုသည်။
"အရှင် ဘယ်လိုပြောလိုက်တာလဲ...အရှင်ကကျွန်မတို့မိသားစုရဲ့ ကျေးဇူးရှင်ပါ...ကျွန်မရဲ့အိမ်စုတ်လေးက ရိုးရှင်းပြီးတော့ကြမ်းတမ်းတယ်...ကျွန်မက အရှင့်အတွက် မသင့်တော်မှာကိုပဲ စိုးရိမ်မိတာပါ"
"ဒါက အဆင်ပြေပါတယ်"
လုယွီက နင်းချန်ရှန်း၏ခေါင်းကိုပွတ်သပ်ပြီးနောက် အိမ်အတွင်းသို့ လျှောက်လှမ်းသွားတော့သည်။
ပြင်ပ၌ လန်ဝူရှင်း စောင့်ကြပ်နေပါက အရာအားလုံး အဆင်ပြေသွားပေမည်။
ဤအိမ်တစ်အိမ်လုံးသည် အလွန်ရိုးရှင်းပြီး အလှဆင်ထားမှုများလည်း ရှိမနေကာ မည်သည့်အပိုပရိဘောဂမှလည်း ရှိမနေချေ။ခေါင်မိုး၏နေရာအစိတ်အပိုင်းတချို့တွင်ပင်လျှင် အပေါက်များရှိနေနေပုံရသည်။ အေးစက်စက်လေများက အိမ်၏အက်ကွဲကြောင်းများအကြားမှနေ၍ စိမ့်ဝင်နေလေ၏။
ဤအိမ်သည် အလွန်အမင်းဟောင်းနွမ်းစုတ်ပြတ်နေသည်။နင်းရှို့သည် ကင်းထောက်တစ်ယောက်သာဖြစ်သော်လည်း သူ့၏လစာငွေသည် သူတို့မိသားစု ပို၍ကောင်းမွန်သောနေရာတွင် နေထိုင်ရန်လုံလောက်သည်။
လုယွီသည် အဆင့်မြင့်ကျင့်ကြံသူအမြောက်အများ နေထိုင်သောနေရာများကို မြင်တွေ့ပြီးလေပြီ။တော်ဝင်မြို့တော်မှ ထိပ်သီးမိသားစုကြီးရှစ်စုဖြစ်စေ သို့မဟုတ် ရှီးလျန်မြို့အတွင်းမှ အဆင့်မြင့်အရာရှိများဖြစ်စေ သူတို့အားလုံးသည် စိတ်ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသော ခမ်းနားထည်ဝါသည့်အိမ်များတွင် နေထိုင်ကြသည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူ့ရှေ့ရှိအိမ်သည် ထိုနေရာများနှင့် လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်နေလေ၏။
လုယွီသည် ယခုချိန်၌ အဆင့်အတန်းမြင့်မားသော အရာရှိတစ်ယောက်ဖြစ်သော်လည်း သူသည် ဤရိုးရှင်းမှုကို အနည်းငယ်မျှဂရုစိုက်မနေချေ။သူသည် မြေပြင်ပေါ်၌ထိုင်ချကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။သူ့၏မျက်နှာသည် ချက်ချင်းဆိုသလိုပင် အလွန်အမင်းဖြူရော်သွားလေ၏။
သူ၏ဒဏ်ရာများမှာ အလွန်ပြင်းထန်သည်။ထိုအကြောင်းအရင်းကြောင့် သူသည် ယခင်ကသတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ မြို့တံခါးတွင် သူသည်ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အမှတ်အသားကို အာရုံခံမိခြင်းမရှိပါက ယခုချိန်ထိ သူ နိုးထနိုင်မည်မဟုတ်ချေ။
သို့ရာတွင် ယခုချိန်၌ သူ နိုးထနေသည့်တိုင် သူသည် အလွန်အမင်းအားနည်းသော အခြေအနေမျိုး၌ ရှိနေဆဲပင်။
ခွန်အားအလုံအလောက်မရှိပါက သူ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ချေ။
လုယွီသည် အစောပိုင်းက သူ သန့်စင်ထားသောဆေးကိုထုတ်ယူကာ သူ၏ပါးစပ်အတွင်းသို့ထည့်လိုက်သည်။ထို့နောက် သူသည် ထိုဆေးစွမ်းအားများကို စတင်၍သန့်စင်လိုက်၏။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာလေပြီ။
သို့ရာတွင် နင်းမိသားစုအိမ်တံခါးရှေ့၌ တိတ်ဆိတ်ငြိမ်သက်နေခြင်းမရှိချေ။
ပိန်ပါးပါးလူသေဆုံးပြီးနောက် အနက်ရောင်ဝတ်စုံဝတ်လူများသည် မုဆိုးမလမ်းအတွင်းသို့တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာ နင်းမိသားစုအိမ်၏ပြင်ပတွင် မတ်တပ်ရပ်နေကြသည်။
ထိုအနက်ရောင်ဝတ်စုံဝတ်လူများသည် အတွင်းသို့ဝင်လာခြင်းမရှိသော်လည်း ကြည့်ရသည်မှာတစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံပင်။အနက်ရောင်ဝတ်စုံဝတ်လူတိုင်းသည်သူတို့၏လက်အတွင်းတွင် မှော်ရတနာတစ်ခုကို ကိုင်ထားသည်။သူတို့သည် ဓားရှည်ဖြစ်စေ ပုဆိန်ကြီးတစ်လက်ဖြစ်စေ ကိုင်ထားကြကာ သူတို့၏အမူအယာများသည် ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများအပြည့်ရှိနေသည်။
ထိုလူများ ပြင်ပ၌မတ်တပ်ရပ်နေသောကြောင့်လမ်းတလမ်းလုံးရှိ နေအိမ်များကို ဆောင်းရာသီအတွင်းရှိ ပုစဥ်းရင်ကွဲကောင်များအလား တိတ်ဆိတ်ငြိမ်သက်နေစေသည်။လူအများသည် သူတို့၏တံခါးများနှင့်ပြတင်းပေါက်များကိုပိတ်ထားကာ ပြင်ပသို့ ထွက်ဝံ့ခြင်းမရှိချေ။
"အရှင်....အပြင်မှာရှိနေတဲ့ အဲ့ဒီလူတွေက ကျွန်မတို့ကို လာရှာတာပဲဖြစ်မယ်...သူတို့ရဲ့လူ သေသွားတဲ့ကိစ္စအတွက် သူတို့က အလွတ်ပေးမှာမဟုတ်ဘူး...အဲ့ဒီလူတွေက အရမ်းရက်စက်ကြမ်းကြုတ်တယ်...အခန်းထဲမှာရှိတဲ့ အရှင်လုကိုခေါ်ပြီးတော့ အရင်ဆုံး ထွက်သွားပါလား"
အမျိုးသမီး၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
ပြင်ပ၌ လူများပို၍စုဝေးလာသည်နှင့်အတူ သူမ၏စိတ်နှလုံးသားအတွင်းရှိ မတည်မငြိမ်ဖြစ်မှု ပို၍ကြီးမားလာသည်။
လန်ဝူရှင်းက အပြုံးနှင့်ပြောဆိုသည်။
"မင်း ဘာတွေကြောက်နေတာလဲ...မင်းရဲ့သားကိုပဲ ကောင်းကောင်းစောင့်ရှောက်ထားစမ်းပါ...သူတို့က အသေခံဖို့အတွက် ဒီနေရာကိုရောက်လာတာ"
Chapter 3777
လန်ဝူရှင်းသည် အပြင်းအထန်ဒဏ်ရာရရှိထားသော်လည်း သူ့ရှေ့ရှိ လူရမ်းကားများကို ထိတ်လန့်ကြောက်ရွံ့နေမည်မဟုတ်ချေ။
လန်ဝူရှင်းသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ့၏လှုပ်ရှားမှုများတွင် သတ်မှတ်ချက်ရှိသည်။သူသည် ငွေညှစ်ခြင်း အမျိုးသမီးများနှင့်ကလေးများကို အနိုင်ကျင့်ခြင်းစသည့် ကိစ္စများကို လုပ်ဆောင်ခဲ့ခြင်းမရှိချေ။
ထို့ပြင် သူသည် ယခုလက်ရှိအချိန်၌ သူ့၏ခွန်အားကို ပြန်လည်ရရှိထားလေပြီ။ယခုထိတိုင် သူ့၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးသော်လည်းသူ၏ခွန်အားခုနစ်ဆယ်ရာခိုင်နှုန်းသည် သူ့ရှေ့ရှိလူများကို ခြေမွှဖျက်ဆီးရန်လုံလောက်သည်။
"ကျွန်တော်လည်း ကူညီပေးမယ်...အဲ့ဒီလူဆိုးတွေကို ရိုက်ထုတ်ကြရအောင်"
နင်းချန်ရှန်းက သူ့၏ခေါင်းကိုမော့ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
နင်းချန်ရှန်း၏အသက်သည် အလွန်ငယ်ရွယ်သေးသဖြင့် သူ့၏အသံသည် အနည်းငယ်မရင့်ကျက်ပုံရှိသော်လည်း သူ့၏မျက်လုံးအတွင်း၌ ဆုံးဖြတ်ပြတ်သားမှုများနှင့် ပြည့်နှက်နေသည်။
လန်ဝူရှင်းက သိချင်စိတ်ပြင်းပြစွာဖြင့်မေးမြန်းသည်။
"မင်း မကြောက်ဘူးလား"
"ကျွန်တော် မကြောက်ဘူး...တကယ်လို့ ကျွန်တော်က ခုထက် အသက်နည်းနည်းသာ ကြီးနေမယ်ဆိုရင်...အဲ့ဒီလူရမ်းကားတစ်စုကို တန်ကြေးပြန်ပေးဆပ်ရအောင်လုပ်မှာ သေချာပေါက်ပဲ"
နင်းချန်ရှန်းက ခိုင်မာပြတ်သားသောအသံဖြင့်ပြောဆိုသည်။
"ချန်ရှန်း....."
အမျိုးသမီးက ဆူပူကြိမ်းမောင်းကာ နင်းချန်ရှန်းကို သူမ၏နောက်သို့ အလျှင်အမြန်ဆွဲခေါ်လိုက်၏။
လန်ဝူရှင်းက ရယ်မောလိုက်သည်။
"အရှင်က မင်းလို ကောင်စုတ်လေးတစ်ယောက်ကို သဘောကျနေတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းမှာ ကောင်းမွန်တဲ့စိတ်ဓာတ်မျိုး ရှိနေတာပဲ....ဒါက အမှန်ပဲ...မင်းက ဘာလို့ အဲ့ဒီခွေးမသားတွေကို ကြောက်နေရမှာလဲ...မင်းရဲ့မိသားစုကို အနိုင်ကျင့်တဲ့ ဘယ်သူ့ကိုမဆို...မင်း တန်ကြေးပြန်ပေးဆပ်ရအောင်လုပ်ရမယ်"
ထိုစကားနှင့်အတူ လန်ဝူရှင်းသည် ကျောက်စိမ်းတံဆိပ်ပြားကို နင်းချန်ရှန်း၏လက်အတွင်းသို့ ပစ်ပေးလေသည်။
"ဒီကျောက်စိမ်းတံဆိပ်ပြားက...မင်းကို ငါ လန်ဝူရှင်းပေးထားတာ...ဘယ်သူကမှ မင်းဆီကနေ ယူသွားလို့မရဘူး"
လန်ဝူရှင်းသည် အနည်းငယ်မျှဂရုမစိုက်သည်ကိုကြည့်ပြီး အမျိုးသမီးက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"အရှင်....သူတို့ရဲ့နောက်ခံကအရမ်းကြီးမားတယ်...ဘယ်လိုပဲဖြစ်ဖြစ် အရှင်က ကောင်းကင်ချိုးဖျက်ခံတပ်ထဲမှာ လူသတ်ခဲ့တယ်...သူတို့က ဒီကိစ္စကို ဘယ်လိုမှကျေအေးပေးမှာမဟုတ်ဘူး"
"နောက်ခံလား...ငါတို့က ဘယ်သူတွေလဲဆိုတာ သူတို့ သိနိုင်မှာလား"
'နောက်ခံ'ဟူသောစကားကိုကြားချိန်တွင် လန်ဝူရှင်းသည် ချက်ချင်းဆိုသလိုပင် အော်ဟစ်ရယ်မောလိုက်၏။
ဤကောင်းကင်ချိုးဖျက်ခံတပ်အတွင်းတွင် ဝမ်ရှင်းအမတ်ကြီးမှလွဲ၍ လုယွီထက် ရာထူးအဆင့်မြင့်မားသော တခြားတစ်ယောက်ရှိမနေနိုင်ချေ။
ထပ် ထပ် ထပ်...ထပ် ထပ်...
ထိုအချိန်မှာပင် လမ်းပေါ်သို့ ဘီးများလိမ့်လာသည့်အသံတစ်သံက တံခါး၏ပြင်ပမှ ထွက်ပေါ်လာသည်။
လမ်းပေါ်တွင် တခြားအနက်ရောင်ဝတ်စုံဝတ်လူတစ်စု ထပ်မံ၍ထွက်ပေါ်လာသည်။သူတို့သည် အယောက်တစ်ရာခန့် ရှိနေလေ၏။
ထိုလူများသည် ဖြည်းညှင်းစွာမောင်းနှင်လာသော ရထားလုံးတစ်စီးကို ဝိုင်းရံထားကြသည်။
ရထားလုံးသည် ပိန်ပါးပါးလူ၏အလောင်းရှေ့၌ ရပ်တန့်သွားသည်။အေးစက်စက်အသံတစ်သံက ရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။
"ငါ့ရဲ့လက်အောက်ငယ်သားကို ဘယ်သူသတ်တာလဲ"
ရထားလုံးအတွင်းမှနေ၍ အသက်နှစ်ဆယ်အရွယ်ခန့်သာရှိသည့် လူငယ်တစ်ယောက်ထွက်လာသည်။သူသည် ကြီးကျယ်ခမ်းနားစွာဝတ်ဆင်ထားကာ ကြည့်ရသည်မှာ ချမ်းသာကြွယ်ဝပြီးအစွမ်းထက်ပုံရသည်။
ထိုလူငယ်၏နောက်တွင် ရိုးရှင်းသောဝတ်စုံများကို ဝတ်ဆင်ထားသည့် လူအိုကြီးနှစ်ယောက်ရှိနေသည်။ထိုလူအိုကြီးနှစ်ယောက်ကို ကြည့်ရသည်မှာ သာမန်ဆန်သော်လည်း သူတို့၏အရှိန်အဝါများသည် အလွန်ထူးခြားနေပေ၏။တစ်စုံတစ်ယောက်သည် သူတို့အား တစ်ချက်ကြည့်မိရုံဖြင့်ပင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဟု ပြောဆိုနိုင်ပေမည်။
လူငယ်သည် ပိန်ပါးပါးလူ၏အလောင်းရှေ့သို့လျှောက်လှမ်းသွားကာ သူ့၏မျက်နှာပေါ်တွင်ဒေါသအရိပ်အယောင်များရှိနေသည်။
လူငယ်၏နောက်ရှိ လူအိုကြီးက ထိုအလောင်းကို တစ်ချက်ကြည့်ပြီးနောက် ပြောဆိုသည်။
"သူ့ကို တိုက်ခိုက်မှုတစ်ခုတည်းနဲ့တစ်ယောက်ယောက်က သတ်လိုက်တာပဲ...ပြီးတော့ သူ့ရဲ့ခွန်အားကလည်း ဖိနှပ်ခံထားရတယ်... ဒါပေမဲ့ သူ့ရဲ့ခွန်အားက အစကတည်းက မြင့်မားမှုမရှိဘူး...ဒါကြောင့် သူ အသတ်ခံရတာကပုံမှန်ပါပဲ"
လူငယ်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
"ဟမ့်...ကောင်းကင်ချိုးဖျက်ခံတပ်ထဲမှာတကယ်လို့ ငါ့ရဲ့ခွေးတစ်ကောင်ဖြစ်နေရင်တောင် တစ်ယောက်ယောက်က သတ်လိုက်တယ်ဆိုရင် ဒါက ကိစ္စကြီးတစ်ခုပဲ..ဘယ်သူက ဒီလောက်ထိ စည်းမဲ့ကမ်းမဲ့နိုင်တာလဲဆိုတာ ငါ သိချင်တယ်"
"သခင်လေး ..သူတို့က ဒီအိမ်ထဲမှာရှိနေတယ်"
အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က လမ်းညွှန်ပေးသည်။
လူငယ်သည် ဟောင်းနွမ်းစုတ်ပြတ်ပြီးခြောက်ကပ်နေသော နင်းမိသားစု၏ခြံဝင်းကို မြင်တွေ့ချိန်၌ အထင်အမြင်သေးမှုအရိပ်အယောင်များက သူ့၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။သူသည် တံခါးထံသို့ တိုက်ရိုက်လျှောက်လှမ်းသွားလိုက်သည်။
ထိုလူငယ်ကိုမြင်တွေ့ချိန်တွင် အမျိုးသမီး၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။
"ဒါက မကောင်းတော့ဘူး...အရှင် ဟန်မိသားစုရဲ့သခင်လေးကိုယ်တိုင် ရောက်လာပြီ...အရှင်က သူတို့နဲ့ထိပ်တိုက် အငြင်းမပွားသင့်ဘူး"
အမျိုးသမီးက အလျင်စလိုသတိပေးသည်။
"ဟန်မိသားစုရဲ့ သခင်လေးလား...အဲ့ဒါက ဘယ်လိုမိသားစုမျိုးမလို့လဲ"
လန်ဝူရှင်းသည် နားလည်သဘောပေါက်ခြင်းမရှိသည့်အပြင် သူသည် ဂရုလည်းမစိုက်ပေ။