အခန်း (၃၇၇၈-၃၇၈၁)
Vol. 192 Ch. 3778-3781
Chapter 3778
"ဒါက မင်း အပြစ်ပြုလို့မရတဲ့ တည်ရှိမှုကြီးတစ်ခုပဲ"
လူငယ်၏အေးစက်စက်အသံက ပြင်ပမှထွက်ပေါ်လာသည်။
ထိုလူငယ်ဝင်ရောက်လာသည်ကို မြင်တွေ့ချိန်တွင် လန်ဝူရှင်း၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အရိပ်အယောင်များ မြင့်တက်သွားသည်။ထို့နောက် သူက တည်ငြိမ်စွာပြောဆိုလိုက်၏။
"မင်းကို ဘယ်သူက အထဲဝင်ခွင့်ပြုလို့လဲ...ထွက်သွားစမ်း"
လူငယ်သည် အချိန်တခဏခန့် ကြက်သေသေသွားပြီးနောက် သူက ပြုံးလိုက်သည်။
"မင်းက ငါ့ရဲ့လက်အောက်ငယ်သားကို သတ်လိုက်တဲ့တစ်ယောက်ဖြစ်မယ်...ဟုတ်တယ်မလား... မင်းက တော်တော်လေးအရည်အချင်းရှိတာပဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဒီလိုစကားမျိုး ပြောဝံ့တာလဲ"
နှစ်ဖက်အကြားရှိအခြေအနေသည် ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များပြင်းထန်လာသည်။
အမျိုးသမီးက တိုးညှင်းသောလေသံဖြင့် ပျာပျာသလဲ သတိပေးသည်။
"အရှင်...သူက ဟန်မိသားစုရဲ့သခင်လေး ဟန်ကျင်းယုပဲ...သူ့ရဲ့အဖေက မဟာစစ်ဗိုလ်ချုပ်ဟန်ချီ...သူက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့စစ်တပ်ထဲမှာ အရေးကြီးတဲ့ တည်ရှိမှုကြီးတစ်ခုပဲ...ငါတို့က သူ့ကို အပြစ်ပြုလို့မရဘူး"
ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းတွင် နေထိုင်သော သာမန်မြို့သူမြို့သားများအတွက် မဟာစစ်ဗိုလ်ချုပ်တယောက်သည် ထိပ်သီးတည်ရှိမှုကြီးတစ်ခုပင်။သူသည် လက်ညှိုးတစ်ချောင်းဖြင့် သူတို့အား လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။
ဤသည်မှာ သူမ မော့ကြည့်ရုံသာတတ်နိုင်သော တည်ရှိမှုကြီးတစ်ခုလည်း ဖြစ်ပေ၏။သူမ၏ခင်ပွန်းပင်လျှင် ဤကဲ့သို့အဆင့်မြင့်စစ်ဗိုလ်ချုပ်တစ်ယောက်နှင့် တွေ့ဆုံနိုင်ရန် တစ်ကြိမ်တစ်ခါမျှ အခွင့်အရေးမရခဲ့ချေ။
ဟန်ချီသည် ဤကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ခုဖြစ်နေသောကြောင့် ဟန်ကျင်းယုသည်ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ သူ ဆန္ဒရှိသည့်အတိုင်း ပြုမှုလုပ်ဆောင်နေခဲ့သည်။
'ဟန်ချီ'ဟူသောနာမည်ကိုကြားချိန်၌ လန်ဝူရှင်းက ချက်ချင်းဆိုသလိုပင် အော်ဟစ်ရယ်မောလိုက်သည်။
ယခင်က သူ၏ပြင်းထန်သောဒဏ်ရာများကြောင့် ဟန်ချီ၏အနိုင်ယူခြင်းကို သူခံခဲ့ရသည်။ယခုချိန်၌ သူ၏ခွန်အားများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့် သူသည်ဟန်ချီနှင့်တိုက်ခိုက်လိုသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ဟန်ချီ၏သားသည် သူ့ရှေ့သို့ တိုက်တိုက်ဆိုင်ဆိုင်ခုန်ဝင်လာခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။
"မဟာစစ်ဗိုလ်ချုပ်ဟန်ချီရဲ့သား...မင်းက အရာရှိကြီးတယောက်မလို့လား....မင်းရဲ့ခွေးတွေကိုတောင် မင်းက ကောင်းကောင်းထိန်းသိမ်းမထားနိုင်ဘူး....ကြည့်ရတာတော့ သူတို့ရဲ့အရှင်သခင်ဖြစ်တဲ့ မင်းကလည်း လူကောင်းတစ်ယောက်ဖြစ်ပုံမရဘူး...တကယ်လို မင်းက ကောင်းကောင်းစီမံမခန့်ခွဲနိုင်ဘူးဆိုရင် တခြားသူတွေကိုအပြစ်မတင်နဲ့...ငါက မင်းလိုကလေးတစ်ယောက်နဲ့ ငြင်းခုံရမှာ စိတ်မဝင်စားဘူး...အခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း"
လန်ဝူရှင်းက လွှမ်းမိုးချုပ်ကိုင်နိုင်သောလေသံဖြင့် ပြောဆိုသည်။
လန်ဝူရှင်း၏စကားကိုကြားချိန်တွင် အနက်ရောင်ဝတ်စုံဝတ်လူများအားလုံး ရယ်မောလိုက်ကြသည်။
ဟန်ကျင်းယုသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် အော်ဟစ်ရယ်မောလိုက်၏။
"မင်းက ငါ့ရဲ့အဖေကို အလေးအနက်မထားတဲ့အပြင် ငါ့ကိုလည်းမကြောက်ဘူး....မင်းက ငါ့ရဲ့အစေခံသာသာလေးတစ်ယောက်ကို သတ်ဖြတ်နိုင်တာနဲ့ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းဖြစ်နေပြီလို့ ထင်နေတာလား"
ဟန်ကျင်းယုက သရော်တော်တော်ပြောဆိုသည်။
အကြွေးများကို လိုက်လံသိမ်းဆည်းရာ၌ စီမံအုပ်ချုပ်သောလူများသည် သူ့၏လက်အောက်၌ အဆင့်အနိမ့်ဆုံးတည်ရှိမှုများသာဖြစ်သည်။
သူတို့သည် အားနည်းသောကျင့်ကြံသူတချို့နှင့်သေမျိုးများကိုသာ ရင်ဆိုင်ဖြေရှင်းနိုင်သည်။ သို့ရာတွင် လက်တွေ့၌ သူတို့သည် အစကတည်းက ခွန်အားကြီးမားခြင်းမရှိချေ။
သို့ရာတွင် ဟန်ကျင်းယု၏နောက်ခံကြောင့် လူအများသည် သူ့အား ရန်စစော်ကားဝံ့ခြင်းမရှိချေ။
"မောက်မာလိုက်တာ....ငါက မင်းနဲ့ကောင်းကောင်းစကားပြောမလို့လာခဲ့တာ...အခုကြည့်ရတာတော့ ဒါက လိုအပ်တဲ့ပုံမပေါ်ဘူး...မင်းက ငါ့ရဲ့လက်အောက်ငယ်သားကို သတ်လိုက်မှတော့ မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်"
ဟန်ကျင်းယုက သရော်တော်တော်ပြောဆိုသည်။
လန်ဝူရှင်းသည် အသက်နှစ်ဆယ်ခန့်သာရှိအုံးမည့် လူငယ်ကိုကြည့်လိုက်၏။
လန်ဝူရှင်းသည် သူ့၏ခွန်အားကို ပြန်လည်ရရှိထားသော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်က ပြင်းထန်သောဒဏ်ရာများကိုခံစားခဲ့ရသည်။သူ့ကိုကြည့်ရသည်မှာ အားနည်းသည့်ပုံပေါက်နေဆဲပင်။သူ့၏ပုံပန်းသွင်ပြင်ကြောင့် တခြားသူများသည် သူ့အားအထင်အမြင်သေးကြသည်မှာ သဘာဝကျသောကိစ္စပင်။
ဟန်ကျင်းယု၏အဆင့်အတန်းကို သိရှိပြီးနောက်သူသည် ယခုကဲ့သို့ အလွန်အမင်းမောက်မာထောင်လွှားသောစကားများကို ပြောဝံ့သည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။အကြည့်တချက်ဖြင့်ပင် ဟန်ကျင်းယုသည်လောကကြီး၏အတွေ့အကြုံများကို တစ်ကြိမ်တစ်ခါမျှ ခံစားခဲ့ဖူးခြင်းမရှိသော လူငယ်တစ်ယောက်ဟု ပြောဆိုနိုင်သည်။
ဤကဲ့သို့ လူငယ်တစ်ယောက်သည် မောက်မာထောင်လွှားပြီး မည်သည့်အရာကိုမျှ ထိတ်လန့်ကြောက်ရွံ့ရကောင်းမှန်းမသိချေ။
"အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းလား...မဟုတ်ဘူး...ငါက ခုဏက ဒီသားအမိနှစ်ယောက်ကို ကာကွယ်လိုက်တာပဲ...ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့အရှင်က အခုထိတံခါးပိတ်ကျင့်ကြံရာက ထွက်မလာသေးဘူး...ဒါကြောင့် ငါက ထပ်ပြီးပြဿနာမဖြစ်ချင်ဘူး"
လန်ဝူရှင်းသည် ဟန်ကျင်းယုခေါ်ဆောင်လာသောလူများကိုကြည့်ကာ အေးစက်တင်းမာစွာပြောဆိုသည်။
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...ဒီခြံဝန်းထဲကနေ ချက်ချင်းထွက်သွားစမ်း...ဒါဆိုရင်ငါက အရင်ကဘာကိစ္စမှမဖြစ်ခဲ့သလို သဘောထားပြီးတော့...မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
ဟန်ကျင်းယု၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားကာ သူက လန်ဝူရှင်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။
သူသည် သူ့၏အဆင့်အတန်းကိုသိရှိပြီးနောက် သူ့ရှေ့၌ ဤမျှထိမောက်မာထောင်လွှားဝံ့သော လူတစ်ယောက်ကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
Chapter 3779
"ကောင်းပြီ...ကောင်းပြီလေ...ငါ ဒီနေ့တော့မျက်စိပွင့်နားပွင့် ဖြစ်သွားတာပေါ့...ကောင်းကင်ချိုးဖျက်ခံတပ်ထဲမှာ ငါ့ကိုစိန်ခေါ်ဝံ့တဲ့သူတစ်ယောက် တကယ်ပဲရှိနေတယ်"
ဟန်ကျင်းယုသည် အော်ဟစ်ရယ်မောကာရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ငါ့ကိုအသက်ရှင်ရက် လွှတ်ပေးမယ်လို့ ပြောရအောင် မင်းက ဘယ်လိုလူစားမျိုးမလို့လဲ... အကြီးအကဲယွီ...သူ့ရဲ့ခြေထောက်နှစ်ဖက်လုံးကို ရိုက်ချိုးလိုက်စမ်း... ငါက သူ့ကို သေတဲ့အထိဖြည်းဖြည်းချင်းနှိပ်စက်မယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
မိဖို့ရောင်ဝတ်စုံဝတ်ဆင်ထားသောလူအိုကြီးတစ်ယောက်က ဟန်ကျန်းယု၏နောက်မှ ထွက်လာသည်။
ဤလူအိုကြီးကိုကြည့်ရသည်မှာ သူ့၏အသက်နေဝင်ချိန်သို့ ရောက်ရှိနေပုံရသော်လည်းသူ၏အရှိန်အဝါသည် အလွန်အားကောင်းပေ၏။သူ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်း မြေပြင်ပေါ်ရှိအရိပ်များ အနည်းငယ်ရွေ့လျားသွားသည်။
အဘိုးအို၏ခြေထောက်အောက်ရှိ ပုံရိပ်အတွင်းမှနေ၍ အနက်ရောင်လူပုံသဏ္ဍာန်ပုံရိပ်ယောင်များ ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုလူပုံသဏ္ဍာန်ပုံရိပ်ယောများသည် သရဲတစ္ဆေများအလား မြေပြင်ပေါ်၌တွားသွားနေကာ နံရံများတစ်လျှောက် ထွက်ပေါ်လာပေ၏။
ဤကဲ့သို့မြင်ကွင်းသည် အလွန်အမင်းမယုံကြည်နိုင်ဖွယ်ကောင်းသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ခြံဝန်းငယ်လေးအတွင်း၌ ထိုကဲ့သို့ အနက်ရောင်ပုံရိပ်ယောင်များဖြင့် ပြည့်နှက်သွားသည်။တစ်ချက်ကြည့်မိရုံနှင့် ဤသည်မှာ ငရဲနယ်မြေအလားပင်။
အမျိုးသမီးသည် ထိတ်လန့်တကြားအော်ဟစ်ကာ နောက်သို့ဆုတ်လိုက်၏။သူမသည် သူမရှေ့ရှိမြင်ကွင်းကြောင့် အံ့အားသင့်တုန်လှုပ်နေသည်။
နင်းချန်ရှန်းသည် သူ့၏မျက်နှာငယ်လေး သေလုမတတ်ဖြူရော်နေသည်အထိ ထိတ်လန့်ကြောက်ရွံ့နေသည်။သို့ရာတွင် သူသည် သူ့မိခင်၏ရှေ့၌ ကာကွယ်ပေးထားဆဲပင်။
လန်ဝူရှင်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင်သူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားကာ ပြောဆိုလိုက်၏။
"လူနဲ့တထပ်တည်း ပုံရိပ်ယောင်များလိုက်ပါခြင်းနည်းစနစ်...မင်းက အရိပ်နတ်ဆိုးဂိုဏ်းကလူ မဟုတ်လား"
ရှေ့သို့တိုးလာရန်ဟန်ပြင်နေသော မီးခိုးရောင်ဝတ်စုံဝတ်အကြီးအကဲသည် ရုတ်တရက်ကြက်သေသေသွားလေ၏။
သူ့၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
လန်ဝူရှင်းသည် စကားတစ်ခွန်းဖြင့် သူ့၏မူရင်းဇစ်မြစ်ကို ထုတ်ဖော်နိုင်ခဲ့သည်။
"မင်းက ဘယ်သူလဲ"
မီးခိုးရောင်ဝတ်စုံဝတ်လူအိုကြီးက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
အရိပ်နတ်ဆိုးဂိုဏ်းသည် နတ်ဆိုးဂိုဏ်း၏ဂိုဏ်းခွဲတစ်ခုပင်။အတိတ်တွင် ထိုဂိုဏ်းသည် လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ နာမည်ဂုဏ်သတင်းတချို့ရှိသော ဂိုဏ်းတစ်ဂိုဏ်းဟု ယူဆနိုင်သည်။
ဤဂိုဏ်း၏ကျင့်ကြံနည်းစနစ်များသည် အလွန်အစွမ်းထက်ပေ၏။သူတို့သည် မှော်မန္တန်များကိုရွတ်ဆို၍ ပုံရိပ်ယောင်များကိုအသုံးပြုပြီး ရန်သူများကို တိုက်ခိုက်နိုင်သည်။ထိုပုံရိပ်ယောင်များသည် မမြင်နိုင်သောအရာများဖြစ်ပြီး သူတို့၏ ထွက်ပေါ်လာခြင်းနှင့်ပျောက်ကွယ်သွားခြင်းတို့ကို ခန့်မှန်း၍မရချေ။သူတို့ကိုဆန့်ကျင်တိုက်ခိုက်ရန်မှာ အလွန်အမင်းခက်ခဲသည်။
ထို့ကြောင့် ကျင့်ကြံသူအမြောက်အများသည် အရိပ်နတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများကို မြင်တွေ့သည်နှင့် ထိတ်လန့်ကြောက်ရွံ့ကြသည်။
သို့ရာတွင် အရိပ်နတ်ဆိုးဂိုဏ်း၏အမွေအနှစ်ဆက်ခံသူဟူ၍ အနည်းစုသာရှိသည်။သူတို့၏ကျင့်ကြံနည်းစနစ်များသည် အစွမ်းထက်သော်လည်း အစစ်အမှန်အမွေအနှစ်ကိုဆက်ခံလိုသူတစ်ယောက်သည် လုံလောက်သောပါရမီ အရည်အချင်းရှိရန်လိုအပ်သည်မှာ အလွန်စိတ်ပျက်ဖွယ်ကောင်းသည်။အရိပ်နတ်ဆိုးဂိုဏ်း၏ကျင့်ကြံနည်းစနစ်များကို လူတိုင်းကျင့်ကြံနိုင်ခြင်းမရှိချေ။
ဤသည်ကြောင့် အရိပ်နတ်ဆိုးဂိုဏ်း၏တပည့်အရေအတွက် လျော့ကျသွားကာ ဂိုဏ်း၏အင်အားကိုလည်း တဖြည်းဖြည်းအားပျော့သွားစေခဲ့သည်။နောက်ဆုံး၌ ရန်သူသည် သူတို့၏ဂိုဏ်းတံခါးကို လာခေါက်ချိန်၌ အရိပ်နတ်ဆိုးဂိုဏ်းသည်ပျက်စီးသွားကာ ဂိုဏ်းသားများသည်လည်း လူပင်လယ်ကြီးအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
အရိပ်နတ်ဆိုးဂိုဏ်းပျက်စီးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း သူ့ရှေ့ရှိလူငယ်သည် သူ၏မူရင်းဇစ်မြစ်ကို စကားတစ်ခွန်းဖြင့် ထုတ်ဖော်နိုင်ခဲ့သည်။ဤသည်ကြောင့် လူအိုကြီးသည် အလွန်ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိလေ၏။
လန်ဝူရှင်းသည် ထိုမီးခိုးရောင်ဝတ်စုံဝတ်လူအိုကြီးကို ခြေဆုံးခေါင်းဆုံးကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"မင်းရဲ့ပုံပန်းသွင်ပြင်ကိုကြည့်ပြီးတော့ ငါ့မှာ မင်းနဲ့ပတ်သက်တဲ့ အသိအမြင်တချို့ရှိနေတယ်.... မင်းက ရူးသွပ်နတ်ဆိုးနန်းတော်ရဲ့အပြင်မှာ ခုနစ်ရက်တိုင်တိုင် ဒူးထောက်ပြီးတော့.... အရှင် ကျေးဇူးပြုပြီးတော့ အရိပ်နတ်ဆိုးဂိုဏ်းကို ကယ်တင်ပေးပါလို့ တောင်းပန်နေခဲ့တဲ့လူမဟုတ်လား...ကျွတ် ကျွတ် ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ...အခြေအနေက ခုခံဖို့အရမ်းခက်ခဲနေပြီးတော့ အရိပ်နတ်ဆိုးဂိုဏ်းက အဆုံးသတ်မှာပျက်စီးသွားခဲ့တယ်...မင်းက တခြားလူတစ်ယောက်ရဲ့ကျွန်ဖြစ်နေမယ်လို့ ငါ ဘယ်တုန်းကမှထင်မထားခဲ့မိဘူး...ဒါက ဂိုဏ်းရဲ့ဂုဏ်သိက္ခာကိုတကယ်ကြီး ပျက်ပြားစေတာပဲ"
"ရူးသွပ်နတ်ဆိုးနန်းတော်...ခဏနေအုံး...မင်းက..."
မီးခိုးရောင်ဝတ်စုံဝတ်လူအိုကြီးသည် မျက်မှောင်ကြုတ်ကာ အချိန်တခဏကြာခန့်စဉ်းစားတွေးတောပြီးနောက် သူ့၏စိတ်နှလုံးသား ရုတ်တရက် တုန်ရီသွားသည်။
သူသည် အရိပ်နတ်ဆိုးဂိုဏ်း ပျက်စီးတော့မည့်အချိန်တွင် အထွတ်အထိပ်ဂိုဏ်းသို့ အပြေးသွား၍ အသနားခံတောင်းပန်ခဲ့ဖူးသည်ကို သူရုတ်တရက် အမှတ်ရသွားသည်။
သို့ရာတွင် နတ်ဆိုးဂိုဏ်းများ၏ အကြီးအမှူးဖြစ်သော အထွတ်အထိပ်ဂိုဏ်းသည် ဂိုဏ်းငယ်လေးတခု၏ပျက်စီးခြင်းအတွက်နှင့် မည်သည်ကြောင့် အဆင်အခြင်မဲ့စွာ လှုပ်ရှားမည်နည်း။ အဆုံးသတ်၌ အရိပ်နတ်ဆိုးဂိုဏ်းသည် ပျက်စီးခဲ့ရလေ၏။
မီးခိုးရောင်ဝတ်စုံဝတ်လူအိုကြီးသည် လန်ဝူရှင်းကို ထပ်မံ၍ ဂရုတစိုက်စူးစိုက်ကြည့်လိုက်သည်။ရုတ်တရက် သူသည် တစ်စုံတစ်ခုကို တွေးတောမိသွားကာ တုန်ရီနေသောအသံဖြင့်ပြောဆိုသည်။
"ဒါက အမှန်ပဲ...မင်းက အဲဒီအချိန်တုန်းက ဘေးနားမှာမတ်တပ်ရပ်နေတဲ့ ကောင်လေးပဲ...ဒါဆိုရင် မင်း...မင်းက လန်ဝူရှင်း မဟုတ်လား"
လူအိုကြီးသည် သူ့၏စကားအဆုံးသတ်သွားသည်နှင့်အတူ သူ့၏လက် တုန်ရီစပြုလာသည်။
သူ ထုတ်လွှတ်ထားသော အရိပ်နတ်ဆိုးများသည်လည်း ချက်ချင်းပျောက်ကွယ်သွားလေ၏။
"လန်ဝူရှင်း...သူက ဘယ်သူလဲ"
ဟန်ကျင်းယုက မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာမေးမြန်းသည်။
သူသည် တော်ဝင်နန်းတွင်းမှ အရာရှိတစ်ယောက်၏သားပင်။သာမန်အားဖြင့် သူသည်အုပ်ချုပ်ရေးအဖွဲ့မှအရာရှိများကိုသာ ဂရုစိုက်ပြီး ပြင်ပဂိုဏ်းအင်အားစုများနှင့်ပတ်သက်သောကိစ္စများကို အနည်းငယ်သာသိသည်။လန်ဝူရှင်းသည် အထွပ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော်လည်း သူသည် တက်သစ်စကြယ်တစ်ပွင့်ဖြစ်သောကြောင့် ပြင်ပဂိုဏ်းအင်အားစုလောက၌သာ အလွန်နာမည်ကျော်ကြားခဲ့သည်။
Chapter 3780
မီးခိုးရောင်ဝတ်စုံဝတ်လူအိုကြီးက အလွန်အမင်းပျက်ယွင်းနေသော မျက်နှာအမူအယာဖြင့် အားတင်း၍ပြောဆိုသည်။
"သခင်လေး..ငါတို့က ဒီတစ်ကြိမ်မှာ သံပြားကြီးကိုကန်မိမှာကို ငါ စိုးရိမ်မိတယ်...ဒီကိစ္စကို မေ့လိုက်တာ ပိုမကောင်းဘူးလား"
မီးခိုးရောင်ဝတ်စုံဝတ်လူအိုကြီးသည် သူ့၏မျက်နှာပေါ်တွင် တည်ငြိမ်သောအမူအယာကိုထိန်းသိမ်းထားဆဲပင်။သို့ရာတွင် သူ့၏အင်္ကျီလက်များ တုန်ခါနေခြင်းသည် သူ့၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံ့မှုကိုဖော်ပြနေခြင်းဖြစ်ပေ၏။
"လန်ဝူရှင်း အရမ်းအစွမ်းထက်လို့လား"
ဟန်ကျင်းယုက ထိုသို့တွေးတောခြင်းမရှိချေ။
သူ့၏ဖခင်ဟန်ချီသည် ကောင်းကင်ချိုးဖျက်ခံတပ်၏စစ်တပ်အတွင်း၌ နံပါတ်တစ်တည်ရှိမှုကြီးဟု ယူဆနိုင်သူဖြစ်သည်။
ဝမ်ရှင်းအမတ်ကြီးသည် လက်ရွေးစင်များအားလုံးကို ခေါ်ဆောင်သွားခဲ့ကာ ဟန်ချီကို စစ်ရေးကိစ္စများစီမံအုပ်ချုပ်ရန် မဟာစစ်ဗိုလ်ချုပ်အနေဖြင့် ချန်ထားခဲ့သည်။ဤသည်မှာဟန်ချီ၏အရေးပါမှု မည်မျှထိကြီးမားသည်ကို ပြသရန်လုံလောက်သည်။ထို့ပြင် ဟန်မိသားစုသည် စစ်တပ်အတွင်း၌ မျိုးရိုးစဉ်ဆက်တာဝန်ထမ်းဆောင်ခဲ့သဖြင့် အဆက်အသွယ်အမြောက်အများရှိသည်။
တာယွီစစ်တပ်၏နောက်ခံရှိနေမှုကြောင့် ပြင်ပဂိုဏ်းအင်အားစုလောကရှိ မည်သည့်ဂိုဏ်းဖြစ်နေပါစေ ဟန်ကျင်းယု၏မျက်လုံးအတွင်းတွင် သူတို့သည် ကြက်ပေါက်လေးများ ခွေးများနှင့်သာတူညီသည်။
လူအိုကြီးက သူ၏ခေါင်းကို ခါယမ်းကာပြောဆိုသည်။
"သူက အစွမ်းထက်တာထက်ပိုတယ်...သူက လက်ဝဲစစ်တပ်နယ်မြေထဲက နတ်ဆိုးဂိုဏ်းတွေအားလုံးရဲ့အကြီးအမှူးဖြစ်တဲ့ အထွတ်အထိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ"
အထွတ်အထိပ်ဂိုဏ်း...နတ်ဆိုးဂိုဏ်းတွေအားလုံးရဲ့အကြီးအမှူး....
ဟန်ကျင်းယုက အထင်အမြင်သေးစွာပြောဆိုသည်။
"ဘာသောက်ရေးမပါတဲ့ နတ်ဆိုးဂိုဏ်းတွေရဲ့အကြီးအမှူးလဲ...တော်ဝန်နန်းတွင်းရဲ့ရှေ့မှာ သူက အမှိုက်တစ်စပဲ...သူက လူတစ်ယောက်တည်းလေ...မင်းက ဘာတွေကိုကြောက်နေတာလဲ...အကြီးအကဲဖုန်း သူ့ကိုသတ်လိုက်စမ်း"
တခြားအနက်ရောင်ဝတ်စုံဝတ်လူအိုကြီးတစ်ယောက် ရှေ့သို့ထွက်လာသည်။သူ့၏မျက်လုံးများသည် စူးရှတောက်ပကာ သူ၏သွေးချီစွမ်းအားများက အရပ်မျက်နှာအဘက်ဘက်သို့ပျံ့နှံ့သွားသည်။သူ့၏စွမ်းအားများသည် အလွန်ကျစ်လစ်သိပ်သည်းပေ၏။
ဤသည်မှ၏ ရုပ်ခန္ဓာကိုယ်ကျင့်ကြံသောထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပင်။
"မင်းက နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်နေရင်လည်း ငါ ဂရုမစိုက်ဘူး...ငါ မင်းနဲ့တိုက်ခိုက်မယ်"
အနက်ရောင်ဝတ်စုံဝတ်လူအိုကြီးသည် ရှေ့သို့တိုးကာ သံတုတ်ရှည်တစ်ချောင်းကိုဆင့်ခေါ်လိုက်သည်။
ထိုသံတုတ်ရှည်သည် အနက်ရောင်ဝတ်စုံဝတ်လူအိုကြီး၏လက်အတွင်းသို့ ကျရောက်သွားသည်။ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ်လူအိုကြီး၏အရှိန်အဝါ ချက်ချင်းပြောင်းလဲသွားသည်။ဤသည်မှာ ရှေးဟောင်းခေတ်မှ ရက်စက်ကြမ်းကြုတ်သောသားရဲကြီးတစ်ကောင် လူတိုင်း၏ရှေ့၌ ထွက်ပေါ်လာသည့်အလားပင်။
ပြင်းထန်သောအရှိန်အဝါတစ်ရပ်က သူ့ကိုဗဟိုပြု၍ ပွင့်အံ့ထွက်လာသည့်။အက်ကွဲကြောင်းတစ်ကြောင်းက အနက်ရောင်ဝတ်စုံဝတ်လူအိုကြီး၏ခြေထောက်အောက်၌ ထွက်ပေါ်လာပေ၏။
"ခဏနေအုံး သခင်လေး..ငါတို့ သူ့ကို ထိလို့မရဘူး...သူက ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပဲ"
မီးခိုးရောင်ဝတ်စုံဝတ်လူအိုကြီးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလျင်စလိုသတိပေးလိုက်ကာ လှုပ်ရှားမှုတစ်ခုပြုလုပ်ရန်အတွက် ဟန်ပြင်လိုက်သည်။
"ဘာ..."
ထိုစကားလုံးများကိုကြားချိန်၌ ဟန်ကျင်းယု၏ မူလကပြင်းထန်နေသောအရှိန်အဝါ ချက်ချင်းငြိမ်ကျသွားကာ ပါးလွှာသောလေတုအတွင်း၌ ပျက်ပြယ်သွားတော့သည်။
ရွှယိအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အကယ်၍ ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ထားလျှင်ပင် သူသည် အလွန်နက်နဲသိမ်မွေ့သော တည်ရှိမှုကြီးတစ်ခုဖြစ်နေပေမည်။
ဟန်ကျင်းယုသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် သူသည် စစ်ဗိုလ်ချုပ်တစ်ယောက်နှင့် တူညီသောကျင့်ကြံဆင့်နယ်ပယ်တွင်ရှိနေသည်။သို့ရာတွင် အရေးကြီးသောနေရာမျိုး၌ တာဝန်ယူရသော စစ်ဗိုလ်ချုပ်များသည် များသောအားဖြင့် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ ဖြစ်ပေ၏။
ဤရွှယ်အင်မော်တယ်နယ်ပယ် မဟာစစ်ဗိုလ်ချုပ်များသည် လုံလောက်သော စစ်ရေးအောင်မြင်မှုများကိုရရှိသည်နှင့် ဘွဲ့ထူးတစ်ခုကိုချီးမြှင့်ခြင်းခံရကာ သမိုင်းတွင် မှတ်တမ်းတင်ခြင်းခံရပေမည်။ထို့ပြင် သူတို့သည် တာယွီအင်ပါယာမှကံကြမ္မာစွမ်းအား၏ ထောက်ပံ့မှုကိုလည်းရရှိနိုင်သည်။
မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော ဟန်ချီသည်လည်း ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်။ဤသည်မှာ ဟန်ကျင်းယု အမြဲတစေ မောက်မာထောင်လွှားပြီး ထင်ရာစိုင်းနိုင်ခဲ့သော အကြောင်းအရင်းလည်းဖြစ်သည်။
သို့ရာတွင် လန်ဝူရှင်းသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမည်ဟု ဟန်ကျင်းယုက တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
အနက်ရောင်ဝတ်စုံဝတ်လူအိုကြီးသည် မျက်မှောင်ကြုတ်လိုက်၏။ဤအချိန်အခိုက်အတန့်တွင် သူသည် ရှေ့တိုးရမည်နောက်ဆုတ်ရမည်ကို မသိတော့ဘဲ အလွန်ကိုးယိုးကားယားဖြစ်နေသည်။
သူ့၏ခွန်အားသည် သာလွန်ထူးကဲသော်လည်းအဆုံးသတ်၌ သူသည် ရွှယ်အင်မော်တယ်တစ်ယောက်မဟုတ်ချေ။ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတိုင်းကို ကောင်းကင်ဘုံနယ်မြေ၌ ထိပ်သီးတည်ရှိမှုများဟု ယူဆနိုင်သည်။ဟန်ကျင်းယု၏နောက်လိုက်တစ်ယောက်သာဖြစ်သော သူသည် မည်သည့်နည်းဖြင့်ရွှယ်အင်မော်တယ်ဖြစ်နိုင်မည်နည်း။
"သူက ရွှယ်အင်မော်တယ်တစ်ယောက်လား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဒါကဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
ဤအချိန်အခိုက်အတန့်တွင် ဟန်ကျင်းယုသည်လည်း ကြက်သေသေနေသည်။သို့ရာတွင် သူသည် အလျှင်အမြန်အော်ဟစ်လိုက်ကာ ပြင်းထန်သောစိတ်ခံစားချက်များကသူ့၏စိတ်နှလုံးသားအတွင်း၌ လှိုင်းထန်နေသည်။
ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ သူသည်မိသားစုနောက်ခံအင်အားကိုမှီခိုအားထား၍ တခြားသူများကို အစဉ်အမြဲ ဖိနှိပ်ထားနိုင်ခဲ့သည်။မည်သည်ကြောင့် ဤကဲ့သို့အခြေအနေတစ်ခုဖြစ်ပွားလာကာ သူသည် တခြားလူ၏ခြိမ်းခြောက်ခြင်းကို ခံနေရသနည်း။
သူသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းမှ ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတချို့ကိုသိရှိထားသည်။အထူးသဖြင့် ထိုလူများအနက်မှတစ်ယောက်ချင်းစီသည် ကျင့်ကြံခြင်းလောကတွင် သူတို့ကိုယ်သူတို့ အချိန်အတော်ကြာထိန်းညှိနေခဲ့သော စီနီယာအစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။သို့ရာတွင် လန်ဝူရှင်းကဲ့သို့ ရွှယ်အင်မော်တယ်နယ်ပယ်သို့ရောက်နေသော လူငယ်တစ်ယောက်ကို သူတစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
ဤလန်ဝူရှင်းသည် သူနှင့် သက်တူရွယ်တူခန့်သာရှိနေပုံရသည်။ထိုသို့ဆိုပါက မည်သည်ကြောင့် လန်ဝူရှင်းသည် ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းကျင့်ကြံသူတစ်ယောက်ဖြစ်နေသနည်း။
"မင်းတို့အားလုံး တိုက်ခိုက်ကြစမ်း...ငါတို့ဘက်မှာ လူအင်အားပိုများတယ်..မင်းတို့အားလုံး အတူပူးပေါင်းပြီးတော့ သူ့ကို အမြစ်ပြတ်ချေမှုန်းကြစမ်း"
ဟန်ကျင်းယုက အတင့်ရဲစွာဖြင့် အမိန့်ပေးလိုက်၏။
Chapter 3781
ထို့နောက် ဟန်ကျင်းယုသည် လက်ဦးမှုယူကာမှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆို၍ လန်ဝူရှင်းကိုတိုက်ခိုက်လိုက်သည်။
ဟန်ကျင်းယု၏လက်အတွင်းတွင် ခေါက်ယပ်တောင်တစ်လက်ကို ကိုင်ထားသည်။ဤအချိန်အခိုက်အတန့်တွင် သူ့၏ခေါက်ယပ်တောင်ကို ဖြန့်လိုက်၏။ထိုအရာပေါ်တွင်တောင်တန်းများနှင့်မြစ်များ၏ပုံကို ပန်းထိုးထားသော ပန်းချီကားတချပ်ရှိနေသည်။ထိုပန်းချီကားမှနေ၍ ရောင်စုံအလင်းတန်းအမြောက်အများ ဖြာထွက်လာကာခအလွန်အမင်းစူးရှတောက်ပသည်။သူသည် ကြီးမားသောစွမ်းအားဖြင့် လန်ဝူရှင်းထံတိုးဝင်လိုက်၏။
ဟန်ကျင်းယုသည် စတင်တိုက်ခိုက်သည်နှင့်သာလွန်ထူးကဲသောစွမ်းအားကို ထုတ်ဖော်အသုံးပြုခဲ့သည်။
ဟန်ချီ၏သားတစ်ယောက်ဖြစ်သဖြင့် သူသည်လူပေါ်ကျော့တယောက်ဖြစ်သော်လည်း ငယ်ရွယ်စဉ်ကတည်းကစတင်၍ သူ့အား ထောက်ပံ့ပေးနိုင်သည့် ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများကို ရရှိခဲ့သည်။
ဟန်ကျင်းယုသည် ဆိုးရွားသောလုပ်ရပ်များကိုလုပ်ဆောင်နေသော်လည်း သူသည်အလွန်အမင်း ပါရမီအရည်အချင်းရှိသူဖြစ်သဖြင့် ဟန်ချီသည် သူ့အား မြင့်မြင့်မားမားတွေးသောထားလေ၏။
ဟန်ကျင်းယု လှုပ်ရှားလိုက်သည်ကိုကြည့်ပြီး သူ့၏နောက်ရှိ လူအိုကြီးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူတို့သည်လည်း သူတို့၏ကိုယ်ပိုင်နည်းစနစ်များကို အသုံးပြုလိုက်တော့သည်။
မီးခိုးရောင်ဝတ်စုံဝတ်လူအိုကြီးသည် သူ၏လက်ကိုလှုပ်ခတ်လိုက်ရာ အနက်ရောင်ပုံရိပ်များက သူ့၏နောက်၌ ထွက်ပေါ်လာသည်။ထိုအရာများသည် သရဲတစ္ဆေပုံရိပ်ယောင်များအဖြစ်ပြောင်းလဲကာ လန်ဝူရှင်းထံသို့ တိုးဝင်သွားလေ၏။ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်အကြားမှ အလင်းရောင်သည် မရေမတွက်နိုင်သော အနက်ရောင်ပုံရိပ်များကြောင့် ပိတ်ဖုံးသွားခဲ့သည်။ဤနေရာပတ်ဝန်းကျင်တဝိုက်တွင် ဖရိုဖရဲဖြစ်နေသောအနက်ရောင်ပုံရိပ်များ ခေါက်တုံ့ခေါက်ပြန်လှုပ်ရှားနေသည်ကိုသာ တွေ့မြင်ရပေမည်။ထိုအရာများသည် ငရဲမှထွက်လာသော နတ်ဆိုးစိတ်ဝင်ညာဥ်များအလားပင်။
အနက်ရောင်ဝတ်စုံဝတ်လူအိုကြီးသည် ကျယ်လောင်စွာအော်ဟစ်လိုက်၏။သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် သွေးချီများ ရုတ်တရက်ပွင့်အံ့ထွက်လာသည်။သူ့၏လက်မောင်းပေါ်တွင် မြွေငယ်လေးများနှင့်တူညီသော သွေးကြောများ ချက်ချင်းထွက်ပေါ်လာသည်။
ပြင်းထန်သောအားလှိုင်းတရပ်က သူ့၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေပေ၏။
သူတို့သုံးယောက်၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ်လူများအားလုံးသည်လည်း သူတို့၏လက်များအတွင်းရှိ မှော်ရတနာများကိုမြှောက်၍ ရှေ့သို့တရကြမ်းပြေးဝင်လိုက်ကြသည်။
ခြံဝန်းငယ်လေးအတွင်း၌ ကောင်းကင်ကိုပိတ်ဖုံးပြီး မြေပြင်ကိုလွှမ်းခြုံနေသော မှော်နည်းစနစ်များက လန်ဝူရှင်းထံသို့ တိုးဝင်လာသည်။
ဤကဲ့သို့ အစွမ်းထက်သောတိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်နေရသဖြင့် အမျိုးသမီးသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့နေသည်။သူမသည် နင်းချန်ရှန်းကို သူမ၏လက်ဖြင့် အလျှင်အမြန်ပွေ့ဖက်ကာ သူ့အား ဂရုတစိုက်ကာကွယ်ပေးလိုက်၏။
ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်မျိုးတွင် လန်ဝူရှင်းသည် သူ့၏လက်ဝါးကိုရုတ်တရက် ဝှေ့ယမ်းလေသည်။
ထို့နောက် သူ့ထံသို့ တိုးဝင်လာသော လူတစ်စုထံဦးတည်၍ သူက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။လန်ဝူရှင်းသည် လက်ဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်သောအချိန်အခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိလေဟာနယ် စတင်၍ပုံပျက်သွားသည်။သူ့၏လက်ဝါးရိုက်ချက် အလယ်ဗဟိုမှနေ၍ မိုးကြိုးသံနှင့်တူညီသော ခပ်သဲ့သဲ့အသံတစ်သံထွက်ပေါ်လာသည်။
အစွမ်းထက်သောလေလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
ဝုန်း...
ဟန်ကျင်းယု၏လက်အတွင်းရှိ ခေါက်ယပ်တောင် ချက်ချင်းစုတ်ပြဲသွားသည်။ထိုအရာပေါ်ရှိ တောင်တန်းနှင့်မြစ်ပန်းချီကားသည်လည်း မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကြေမွှပျက်စီးသွားသည်။
ဟန်ကျင်းယု၏နောက်ရှိ လူအိုကြီးနှစ်ယောက်သည်လည်း ပြင်းထန်သောဒဏ်ရာများ ရရှိသွားလေ၏။အစောပိုင်းက အလွန်မောက်မာဝင့်ကြွားနေခဲ့သော အနက်ရောင်ဝတ်စုံဝတ်လူအိုကြီး၏ လက်အတွင်းရှိသံတုတ်သည့် ထက်ပိုင်းကျိုးသွားသည်။သူတို့သုံးယောက်သည် ကြိုးပြတ်သွားသောစွန်များအလား လွင့်ထွက်သွားတော့သည်။
ဟန်ကျင်းယု၏ခန္ဓာကိုယ်သည် တံခါး၏ပြင်ပတွင် ရပ်ထားသောရထားလုံးနှင့် ရိုက်ခတ်မိလေ၏။မြင်းများထံမှနေ၍ ဟီသံများထွက်ပေါ်လာကာ အစွမ်းထက်သောအားလှိုင်းနှင့်ရိုက်ခတ်မိသောကြောင့် ရထားလုံးသည် နံဘေးတစ်ဖက်သို့ တိမ်းမှောက်ကာ ပျက်စီးသွားသည်။
ဘုန်း...
ဟန်ကျင်းယုသည် ရထားလုံးနှင့်ရိုက်ခတ်မိပြီးနောက် သွေးတလုတ်အန်ထုတ်လိုက်ရသည်။သူ့၏ရင်ဘတ်သည် ချိုင့်ဝင်သွားလုနီးပါးပင်။
သူတို့သုံးယောက်သည် အနည်းငယ်အဆင်အဆင်ပြေသော်လည်း အားနည်းသောအနက်ရောင်ဝတ်စုံဝတ်လူများသည် မြေပြင်ပေါ်သို့လဲကျသွားသည်။
ယခုထိတိုင် အနီးသို့ချဉ်းကပ်ရခြင်းမရှိသေးဘဲ အဝေးတွင်မတ်တပ်ရပ်နေသော အနက်ရောင်ဝတ်စုံဝတ်လူတချို့သည် သူတို့ရှေ့ရှိ မြင်ကွင်းကို ကြောင်စီစီဖြင့် စူးစိုက်၍ကြည့်နေကြသည်။
ဤသည်က မည်ကဲ့သို့နည်းစနစ်မျိုးဖြစ်သနည်း။
လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သူသည်သခင်လေးဟန်နှင့် စွမ်းအားအကောင်းဆုံးသက်တော်စောင့်နှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့သည်။
"အဟွတ်...အဟွတ်...အဟွတ်..."
ဟန်ကျင်းယုသည် ကျိုးပဲ့သွားသောရထားလုံးမှ ရုန်းကန်၍ တွားသွားထွက်လာကာ သူ့၏အဝတ်အစားများ စုတ်ပြတ်သတ်နေသည်။
နံဘေးရှိ အနက်ရောင်ဝတ်စုံဝတ်လူများသည် ဟန်ကျင်းယုကို အလျင်စလို တွဲထူလိုက်ကြ၏။
"မင်းက တကယ့်ကို တိုက်ခိုက်ဝံ့တာပေါ့"
ဟန်ကျင်းယုက အံ့တင်းတင်းကြိတ်၍ပြောဆိုသည်။
လန်ဝူရှင်း၏လက်ဝါးရိုက်ချက်သည် သူ့အားလွင့်ထွက်သွားစေရုံသာမက သူ့၏လက်အတွင်းရှိမှော်ရတနာကိုလည်း ကြေမွှပျက်စီးသွားစေခဲ့သည်။
ဤသည်မှာ သူ့၏ဖခင်မှနေ၍ တစ်စုံတစ်ယောက်ကိုရှာဖွေကာ သူ့အတွက်အထူးသီးသန့်သန့်စင်ခိုင်းထားသော အဖိုးတန်ရှားပါးသည့်မှော်ရတနာတစ်ခုပင်။ထိုအရာသည် အမှန်တကယ်ကိုပင် လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် ယခုကဲ့သို့ ကြေမွှပျက်စီးသွားခဲ့ရသည်။ဟန်ကျင်းယုသည် သူ့၏နှလုံးသားမှသွေးစိမ်းရှင်ရှင်ထွက်နေသည့်အလား ခံစားနေရလေ၏။