အခန်း (၃၇၈၆-၃၇၈၉)
Vol. 193 Ch. 3786-3789
Chapter 3786
ဟန်ချီသည် ဤကဲ့သို့မြင်ကွင်းတစ်ခုကို မြင်တွေ့ရမည်ဟု တွေးထင်ထားမိခြင်းမရှိချေ။
လုယွီသည် အခန်းအတွင်းမှ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာသည်။သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် တောက်လောင်နေသောခရမ်းရောင်မီးတောက်များ ဝိုင်းရံနေသည်။
သူဝတ်ဆင်ထားသော အစိမ်းရောင်ဝတ်စုံသည် ခရမ်းရောင်မီးတောက်များအကြားတွင် လေပြည်ညှင်းနှင့်အတူ ရှေ့နောက်လူးလွန့်နေသည်။ သူသည် မီးတောက်များအကြား၌ အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့်တူညီနေကာ ကောင်းကင်နှင့်မြေပြင်၏ နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားသည့်အလားပင်။
ဤအချိန်အခိုက်အတန့်တွင် မဟာစစ်ဗိုလ်ချုပ်သုံးယောက်ပူးပေါင်း၍ ဖန်တီးထားသောဖိအားအရှိန်အဝါသည် ချက်ချင်းပျက်ပြယ်သွားလေ၏။
ဤသည်မှာ တောရိုင်းအတွင်းတွင်ရှိနေသောနတ်ဆိုးသားရဲများသည် အမဲလိုက်ထွက်လာသော အသူရာနဂါးတကောင်ကို ရှာဖွေတွေ့ရှိလိုက်သည့်အလားပင်။ဤသည်မှာ ခွန်အားနှင့်သွေးမျိုးဆက်မှ မြစ်ဖျားခံလာသော ဖိနှိပ်နိုင်မှုတစ်ရပ်ဖြစ်ပေ၏။
လုယွီက ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ သူ့၏ခြေလှမ်းတိုင်းသည် အလွန်ညင်သာပေါ့ပါးသော်လည်း ထိုလူသုံးယောက်၏စိတ်နှလုံးသားအတွင်းသို့ လေးလံသောတူကြီးတလက်ဖြင့် ထုနှက်သည့်အလားပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ဟန်ချီသည် သူ့၏သွေးချီများ ပြောင်းပြန်လည်ပတ်နေသည်ကို ခံစားမိလေ၏။လုယွီ ခြေတစ်လှမ်းလှမ်းလိုက်သည့် အချိန်တိုင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးချီများ အေးခဲတောင့်တင်းသွားသည်။
ဒုန်း....ဒုန်း...ဒုန်း....
လုယွီသည် ခြေလှမ်းငါးလှမ်းကို ဆက်တိုက်လှမ်းခဲ့သည်။သူ၏ခြေတစ်လှမ်းတိုင်း လူတိုင်း၏နားများအတွင်း၌ ကျယ်လောင်သည့်အသံများ ပဲ့တင်ထပ်နေသည့်အလားပင်။
အနက်ရောင်ဝတ်စုံဝတ်လူများသည်လည်း မတ်တတ်ရပ်နေနိုင်ခြင်း မရှိတော့ချေ။ကျင့်ကြံဆင့်နယ်ပယ်အားနည်းသော လူတချို့၏မျက်နှာများဖြူရောသွားကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဟန်ကျင်းယုသည်လည်း လျှပ်စီးနှင့်ရိုက်ခတ်ခံရသည့်အလားပင်။သူ့ကို ဟန်ချီမှကာကွယ်ပေးထားသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏ခေါင်းထက်သို့ ကျရောက်နေသည့် အလွန်ကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကိုခံစားမိသည်။
သူ့၏ဖခင်သည် အစွမ်းထက်သောကျင့်ကြံသူတစ်ယောက်ဟု ယူဆနိုင်သော်လည်း လုယွီနှင့်ရင်ဆိုင်နေရချိန်တွင် ဟန်ကျင်းယုသည်သူ့၏စိတ်နှလုံးသားအတွင်း၌ သူ၏ဖခင်သည်သူ့အားကာကွယ်မပေးနိုင်ဟု ကူကယ်ရာမဲ့စွာခံစားနေရသည်။
"ဒါက လန်ဝူရှင်းရဲ့နောက်ကလူလား"
ဟန်ကျင်းယုထံတွင် နောင်တများနှင့် ပြည့်နှက်နေသည်။သူသည် အချိန်ကို နောက်ပြန်လှည့်ပြီးဤကိစ္စအတွင်း၌ ပါဝင်ပတ်သက်ခြင်း မပြုခဲ့မိရန် ဆုတောင်းနေမိသည်။
လန်ဝူရှင်း၏စကားများကို သူ ကြားစဉ်အချိန်ကတည်းက သူ ထိုကိစ္စကို တွေးတောမိသင့်သည်။လန်ဝူရှင်းသည် သူ့၏နောက်၌ အရှင်သခင်တစ်ယောက်ရှိသည်ဟု အဆက်မပြတ် ပြောဆိုနေခဲ့သည်။သူသည် ထိုအရှင်အတွက် ပြဿနာများ ဖြစ်ပွားစေလိုခဲ့ခြင်းမရှိခဲ့ချေ။
လန်ဝူရှင်းကဲ့သို့ ရွှယ်အင်မော်တယ်နယ်ပယ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို သူ့၏နောက်သို့ လိုလိုလားလားလိုက်စေသည်မှာ မည်ကဲ့သို့ လူစားမျိုးဖြစ်သနည်း။
"ခဏနေအုံး"
ဟန်ချီက ရုတ်တရက်ပြောဆိုသည်။
"အရှင်လု....ကြည့်ရတာတော့ ဒါတွေအားလုံးက နားလည်မှုလွဲမှားတာတစ်ခုပဲ...ဒီကလေးက အရမ်းမောက်မာထောင်လွှားတယ်...သူက မင်းကို ဘယ်လိုမျိုး အပြစ်ပြုမိခဲ့တယ်ဆိုတာ ငါ မသိဘူး...ဒါပေမဲ့ ငါက ပြေလည်အောင် ဖြေရှင်းပေးဖို့ ဆန္ဒရှိပါတယ်...မင်း ဘယ်လိုလျော်ကြေးမျိုးကို လိုချင်လဲ..ငါတို့တွေ အဲ့ဒီကိစ္စကို ညှိနှိုင်းလို့ရပါတယ်"
ဟန်ချီသည် သူ့ထံသို့ အန္တရာယ်ချဉ်းကပ်လာသည်ကို ခံစားမိလေ၏။
မြို့တံခါး၏အရှေ့၌ လုယွီသည် သူတို့ကိုတိုက်ရိုက်တိုက်ခိုက်ခြင်းမပြုခဲ့ချေ။သို့ရာတွင် ဧကရာဇ်အမှတ်အသားသည် လုယွီ၏အမိန့်ကို အမှန်တကယ် နားထောင်နေခဲ့ကာ သူ့အားတိုက်ခိုက်ခဲ့သည်။
ထို့ပြင် လုယွီ၏ယခုလက်ရှိအရှိန်အဝါအရ အကဲဖြတ်ကြည့်ပါက ဟန်ချီသည် တိုက်ခိုက်ရန်ယုံကြည်ချက်မရှိချေ။
လုယွီက ဟန်ချီကို စောင်းငဲ့ကြည့်ကာ သူ့၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။
လုယွီ၏ခြေလှမ်းများ ရပ်တန့်သွားသည်ကိုကြည့်ပြီး အခွင့်အရေးတစ်ခုရှိနေသည်ကို ဟန်ချီက သိရှိသွားသည်။သူကဆက်လက်၍ အလျှင်အမြန် ပြောဆိုလိုက်သည်။
"ငါ့ရဲ့သားက အရှင်ရဲ့အဆင့်အတန်းကို မသိပါဘူး...မင်းကိုအပြစ်ပေးမိတဲ့အတွက် ငါ တောင်းပန်ပါတယ် .ဒီလိုဆိုမှတော့ ကိစ္စကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြရအောင်...တစ်ရက်ကျရင် ငါ့ရဲ့သားကိုခေါ်လာပြီးတော့ မင်းဆီကို အလည်လာခဲ့ပါ့မယ်"
"နောက်ထပ် ရက်နည်းနည်းလောက်ကြာရင် ငါရဲ့သားက ချီဘုရင်ရဲ့သမီးတော်နဲ့လက်ဆက်ဖို့အတွက် ချီဘုရင်အိမ်တော်ကို သွားရတော့မယ်.... တကယ်လို့ ဝမ်းသာပျော်ရွှင်ဖွယ်အချိန်ကာလမျိုးမှာ စိတ်မကျေနပ်စရာတစ်ခုခုဖြစ်သွားရင် ဒါက ကောင်းမွန်မှာမဟုတ်ဘူး...အရှင်လုက ကျေးဇူးပြုပြီးတော့ သေချာစဉ်းစားပေးပါ"
ဟန်ချီသည် စကားလုံးအနည်းငယ်သာပြောဆိုကာ အလျှော့ပေးခဲ့ပုံရသော်လည်း သူသည် ခြေတစ်လှမ်းရှေ့သို့ လှမ်းရန်အတွက် ကြိုတင်၍ နောက်ဆုတ်ထားခဲ့ခြင်းပင်။
သူ့၏စကားများအတွင်းတွင် သူနှင့်ချီဘုရင်အိမ်တော်အကြားရှိ ဆက်ဆံရေးကို အရိပ်အမြွက်ဖော်ပြထားသည်။အကယ်၍ လုယွီသည် သူ့အားထိပါးလိုပါက ချီဘုရင်၏သြဇာအာဏာလွှမ်းမိုးမှုကို ထည့်သွင်းစဉ်းစားရပေမည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် ချီဘုရင်၏ ပိုင်နက်နယ်မြေပင်။နယ်စားများ၏အခွင့်အာဏာသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ခေတ်ကာလအတွင်းတွင် အလွန်အမင်းအားနည်းသွားသော်လည်း သူတို့ကဲ့သို့ နယ်မြေခံအရာရှိများ ယှဉ်ပြိုင်နိုင်သည့် တစ်စုံတစ်ခုမဟုတ်ချေ။
အကယ်၍ သာမန်အချိန်မျိုးတွင်ဆိုပါက မည်သူမဆို ချီဘုရင်၏နာမည်ကိုကြားသည်နှင့် သည်းခံကြပေမည်။
ဟန်ချီသည် ချီဘုရင်၏လက်အောက်၌ တာဝန်ထမ်းဆောင်နေသဖြင့် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ သူ့၏ရာထူးနေရာသည် လှုပ်ခတ်ခြင်းမရှိ တည်ငြိမ်နေခြင်းပင်။
Chapter 3787
"ငါ မင်းကို မေးနေတာလေ...မင်းက ငါ့ရဲ့လူကိုဆုံးမပဲ့ပြင်ပေးဖို့ လိုအပ်လို့လား"
လုယွီသည် ဟန်ချီ၏စကားများကို မကြားသည့်အလား ပြုမူနေသည်။သူ့၏ပါးစပ်ကိုဖွင့်ဟလိုက်သည်နှင့် သူ့၏စကားများတွင်ကောင်းကင်ဘုံ၏ဥပဒေသများ ပါဝင်နေသည့်အလားပင်။အကန့်အသတ်မရှိသော ဖိအားအရှိန်အဝါက ကောင်းကင်နှင့်မြေပြင်အကြား၌ ပွင့်အံ့ထွက်လာသည်။
ဟန်ချီ၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။သူ့၏ခြေထောက်များ ပျော့ခွေလာသည်ကို သူ ခံစားမိကာ သူသည်နောက်ထပ်အချိန်အခိုက်အတန့်၌ မြေပြင်ပေါ်သို့ ဒူးထောက်မိတော့မည်အလားပင်။
တခြားမဟာစစ်ဗိုလ်ချုပ်နှစ်ယောက်၏ အခြေအနေသည်လည်း ကောင်းမွန်ခြင်းမရှိချေ။သူတို့၏ခေါင်းများကို အဆက်မပြတ်အောက်သို့ငုံထားကာ လုယွီအား အရှုံးပေးအညံခံနေသည့်အလားပင်။
ဤသည်မှာ သူတို့သည် သူတို့၏ခေါင်းများကို ငုံထားရန် ဆန္ဒရှိနေခြင်းကြောင့် မဟုတ်ချေ။ သို့ရာတွင် သူတို့၏ခေါင်းများထက်သို့ ကျရောက်နေသော ဖိအားအရှိန်အဝါသည် သူတို့၏ခေါင်းများကို အောက်သို့ငုံထားရန် ဖိအားပေးနေခဲ့သည်။
ခရက်....ခရက်...ခရက်...
သူတို့သုံးယောက် ဝတ်ဆင်ထားသော သံချပ်ကာဝတ်စုံများ တုန်ခါလာကာ အက်ကွဲသံများထွက်ပေါ်လာသည်။
ဟန်ချီသည် အလွန်အမင်း အရှက်ကွဲနေသကဲ့သို့ခံစားနေရလေ၏။လူများအားလုံး၏အကြည့်များအောက်တွင် သူသည် လုယွီ၏ဖိနှိပ်ခြင်းကို ဤမျှအဆင့်ထိ ခံနေရသည်။
မြို့တံခါးရှေ့တွင်ဖြစ်ခဲ့သောကိစ္စ၌ ဟန်ချီသည် ဧကရာဇ်အမှတ်အသား၏ ဖိနှိပ်ခြင်းကို ခံရသည်ဖြစ်သောကြောင့် သူ မည်သည့်အရာကိုမျှ ပြောဆိုရန်မရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် လုယွီနှင့်ရင်ဆိုင်နေရသော်လည်း အကန့်အသတ်မရှိသော ဖိအားအရှိန်အဝါကိုခံစားနေရဆဲပင်။
"လုယွီ...ကောင်းကင်ချိုးဖျက်ခံတပ်က မင်းရဲ့ပိုင်နက်နယ်မြေမဟုတ်ဘူး...ပြီးတော့ မင်း မဆင်မခြင်ရမ်းကားလို့ရတဲ့ နေရာတစ်နေရာလည်း မဟုတ်ဘူး"
ဟန်ချီက သူ့၏ခေါင်းကိုမော့ကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။သူ့၏ခန္ဓာကိုယ်အတွင်းရှိ သွေးချီများ ရုတ်တရက်ပွင့်အံ့ထွက်လာကာ သူ့၏ခေါင်းထက်၌ သွေးနီရောင်ကျားတစ်ကောင်၏ပုံရိပ်ယောင်အဖြစ် ဖွဲ့စည်းသွားသည်။
ထိုသွေးနီရောင်ကျားသည် မျက်လုံးများကိုဖွင့်ကာ ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်၏။ဤဟိန်းဟောက်သံသည် သူ့ရှေ့တွင်ရှိနေသော ဖိအားအရှိန်အဝါကို ဆုတ်ဖြဲလိုသည့် ထက်ရှသောဓားတစ်လက်အလားပင်။
ဟန်ချီသည် ကောင်းကင်ချိုးဖျက်ခံတပ်၏ မဟာစစ်ဗိုလ်ချုပ်ဖြစ်လာရသော အကြောင်းအရင်းမှာ ချီဘုရင်၏နောက်ခံအင်အားရှိနေခြင်းကြောင့် တစ်ခုတည်းမဟုတ်ဘဲ သူ့၏ကိုယ်ပိုင်စွမ်းအားကြောင့်ပင်။
သူ၏သွေးချီများသည် ထူးဆန်းသောသဘာဝလွန်ပုံရိပ်တစ်ခုကို ဖန်တီးနိုင်သောအဆင့်သို့ရောက်ရှိနေလေပြီ။ဤသည်မှာ လမ်းတစ်လမ်းလုံးကို မီးပြင်းဖိုကြီးနှင့်တူညီသွားစေကာ အပူချိန်သည် မယုံကြည်နိုင်ဖွယ်ကောင်းသောအရှိန်နှုန်းဖြင့် မြင့်တက်လာသည်။
လုယွီ၏မျက်ခုံးများ မြင့်တက်သွားကာ သူကခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။
"ငါက မင်းကို မတ်တတ်ထရပ်ခိုင်းလို့လား"
ထိုသို့ပြောဆိုပြီးနောက် သူ့၏လက်ကို အောက်သို့ဖိနှိပ်လိုက်သည်။
ဟန်ချီ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာသည် အလွန်ကြီးမားသောဖိအားဒဏ်ကို တောင့်မခံနိုင်တော့သဖြင့် ချက်ချင်းကြေမွှပျက်စီးသွားတော့သည်
ဟန်ချီသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ပတ်ဝန်းကျင်ရှိ စိတ်ဝိဉာဉ်စွမ်းအားများသည် သူ့၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်လာသည်။သူ့၏မျက်နှာ နီမြန်းနေကာ သူ့၏ကြွက်သားများ အလျှင်အမြန်ပြန့်ကားစပြုလာသည်။အပြာရောင်သွေးကြောများက သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ ပေါ်လွင်လာသော်လည်း သူ့အား လွှမ်းခြုံထားသောဖိအားအရှိန်အဝါကို သူ ချိုးဖျက်နိုင်ခြင်း မရှိဆဲပင်။
သူ့၏ခေါင်းကိုလည်း အောက်သို့ငုံထားရဆဲ ဖြစ်ပေ၏။
သူ့၏နောက်ရှိ တခြားမဟာစစ်ဗိုလ်ချုပ်နှစ်ယောက်မှာ ပို၍ပင်အခြေအနေဆိုးဝါးနေသည်။
ဤတုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါအောက်တွင် သူတို့သည် မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
"အရှင်လု ကျေးဇူးပြုပြီးတော့ ရပ်တန့်ပေးပါ"
"မဟာစစ်ဗိုလ်ချုပ်ဟန်က တော်ဝင်နန်းတွင်းအတွက် အကျိုးဆောင်မှုတွေ အများကြီးလုပ်ပေးခဲ့တဲ့ အရေးကြီးအရာရှိတစ်ယောက်ပါ... သူက ဒီလိုမျိုး ဆက်ဆံမခံရသင့်ဘူး"
လမ်း၏ဘေးတစ်ဖက်တချက်မှနေ၍ စစ်ဗိုလ်ချုပ် ခုနစ်ယောက်ရှစ်ယောက်ခန့် ရုတ်တရက်ထွက်ပေါ်လာသည်။သူတို့တစ်ယောက်ချင်းစီထံတွင် သာလွန်ထူးကဲသော အရှိန်အဝါတစ်ရပ်ရှိနေလေ၏။
သူတို့သည်ထွက်ပေါ်လာသည်နှင့်တစ်ချိန်ထဲမှာပင် သူတို့၏စွမ်းအားများကိုချုပ်လွတ်ကာ ထုတ်လွှတ်ကာ လုယူနစ်ဟန်ချီကိုလူစုခွဲရန်ကြိုးစားလိုက်ကြသည်။
လန်ဝူရှင်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူသည် ဆဲဆိုခြင်းမပြုဘဲ မနေနိုင်တော့ချေ။
"တကယ်လို့ မင်းတို့မှာ အစွမ်းအစရှိတယ်ဆိုရင်တစ်ယောက်ချင်း တိုက်ခိုက်ကြလေ...လမ်းတစ်ဝက်မှာ တစ်ယောက်ယောက်ကို အကူအညီခေါ်တာမျိုးက ဘယ်လို အရည်အချင်းမျိုးလဲ"
သို့ရာတွင် ဟန်ချီ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင် တစိုးတစ်စိမျှရှိမနေချေ။ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုကသူ့၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
"လုယွီ....မင်းက အရမ်းအစွမ်းထက်တယ်... ဒါပေမဲ့ ဒီကောင်းကင်ဘုံနယ်မြေမှာ ခွန်အားကိုမှီခိုလို့မရဘဲနဲ့ အဆက်အသွယ်ကိုပဲ အားထားရတဲ့အချိန်တစ်ချို့ ရှိနေတတ်တယ်"
"ငါက ဒီကောင်းကင်ချိုးဖျက်ခံတပ်ထဲမှာရှိတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ အများကြီးနဲ့ သိကျွမ်းတယ်....ငါ့ရဲ့နောက်မှာ ချီဘုရင်လည်းရှိနေတယ်..တကယ်လို့ မင်းကသန်မာအားကောင်းတယ်ဆိုရင်တောင် ဘာဖြစ်မှာမလို့လဲ...မင်း ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
လုယွီသည် ဟန်ချီ၏စကားများကို တည်ငြိမ်စွာနားထောင်ကာ တုံ့ပြန်ပြောဆိုလိုက်၏။
"ငါက မင်းရဲ့နောက်ခံကို ဂရုစိုက်နေမယ်လို့ မင်းထင်နေတာလား"
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
အကယ်၍ လုယွီသည် အိမ်ရှေ့စံမင်းသားကိုပင် အတိုက်အခံလုပ်ဝံ့သူဖြစ်ကြောင်း ဟန်ချီသာသိရှိသွားပါက ဤကဲ့သို့စကားမျိုးကို သူ မည်သို့မျှ ပြောဆိုဝံ့မည်မဟုတ်ချေ။
နှစ်ဖက်စလုံး၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေစဉ်မှာပင် ကြက်သွေးရောင်မီးတောက်နဂါးမြင်းများဆွဲသော ရထားလုံးတစီးက ရုတ်တရက် မိုးကောင်းကင်ယံမှ ပျံသန်းလာသည်။
Chapter 3788
ကြက်သွေးရောင်မီးတောက်နဂါးမြင်းများ၏အရွယ်အစားသည် အလွန်ကြီးမားပြီး လေထုအတွင်း၌ ဖြတ်သန်းသွားလာနေစဉ်တွင်အလွန်သိသာထင်ရှားသည်။
ထိုမြင်းများ၏အရှိန်နှုန်းသည် အလွန်အမင်းမြန်ဆန်ပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုမြင်းများသည် ရထားလုံးကိုဆွဲ၍ မိုးကောင်းကင်ယံအတွင်း၌ ပုံရိပ်ယောင်တစ်ခုမျှသာမြင်နေရပြီး ကြွင်းကျန်သောမီးတောက်တန်းများက လေထုအတွင်း၌ မျောလွင့်ကျန်ခဲ့သည်။
ရထားလုံး၌ ဓားရှည်တစ်လက်၏ပုံသဏ္ဍာန်ကို ထွင်းထုထားသော သင်္ကေတအမှတ်အသားတစ်ခု ရှိနေသည်။ထိုရထားလုံး၏အနားစွန်းများကိုရွှေရောင်ဖြင့် မွမ်းမံထားပေ၏။
ထိုသင်္ကေတအမှတ်အသားကို မြင်တွေ့ချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူတိုင်းသည် တိုက်ခိုက်နေခြင်းကိုရပ်တန့်ကာ နံဘေးတစ်ဖက်တစ်ချက်၌ မတ်တတ်ရပ်လိုက်ကြသည်။
ဤသည်မှာ ယင်မိသားစုမှလူများပင်။
အမတ်ကြီးတစ်ယောက်၏မိသားစုဖြစ်သော ယင်မိသားစုသည် အရှေ့အောင်နိုင်ခြင်းကြံမြင့်အတွင်း၌ နာမည်ကျော်ကြားသောမိသားစုတစ်စုပင်။သူတို့၏မိသားစုသင်္ကေတအမှတ်အသားသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခွင်လုံးအနှံ့ ပျံ့နှံ့နေသည်။
ထိုးမီးတောက်ရထားလုံး၏နောက်တွင် ယင်မိသားစု၏ သီးသန့်အစောင့်တစ်စုရှိနေသည်။သူတို့၏သံချပ်ကာများသည် လက်ရှိနေရာတွင်ရှိနေသော တခြားအနက်ရောင်သံချပ်ကာဝတ်စုံဝတ်စစ်သားများနှင့် လုံးလုံးလျားလျားကွဲပြားခြားနားသည်။
ယင်မိသာစုသီးသန့်အစောင့်များ၏ လက်နက်အဆာင်အယောင်များသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းတွင်ရှိသော အစောင့်စစ်သားများအားလုံးအနက် အကောင်းဆုံးပင်။
ရထားလုံး၏လိုက်ကာ မြောက်တတ်သွားကာ ပထမဆုံး စုန်ချင်းဖုန်း ဆင်းသက်လာသည်။ သူ့၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ရှိနေဆဲပင်။
"ဒါဆို ဆရာစုန်ရောက်လာတာလား"
"ဆရာစုန်ကို အရိုအသေပြုပါတယ်"
လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် မဟာစစ်ဗိုလ်ချုပ်များဖြစ်စေ စစ်သားများဖြစ်စေ သူတို့အားလုံးသည် စုန်ချင်းဖုန်းကိုဦးညွတ်အရိုအသေပြုလိုက်ကြ၏။
စုန်ချင်းဖုန်းထံတွင် အရာရှိရာထူးမရှိသော်လည်း သူသည် ဝမ်ရှင်းအမတ်ကြီး၏နံပါတ်တစ်နည်းဗျူဟာရှင်ပင်။
ယခုချိန်၌ အမတ်ကြီးသည် ကောင်းကင်ချိုးဖျက်ခန့်တပ်အတွင်း၌ ရှိမနေသဖြင့် ခံတပ်အတွင်းမှ ခုခံကာကွယ်သောစစ်သားများအားလုံးသည် စုန်ချင်းဖုန်း၏ဦးဆောင်မှုအောက်၌ရှိနေသည်။ထို့ပြင် စုန်ချင်းဖုန်းကိုယ်တိုင်သည်လည်း စစ်တပ်အတွင်း၌ စစ်ရေးအောင်မြင်မှုအမြောက်အများကို ရရှိထားသဖြင့်စစ်သားများ၏ရိုသေလေးစားခြင်းကို ခံယူထားရသူဖြစ်သည်။
စုန်ချင်းဖုန်း၏နောက်မှနေ၍ ယင်ထျန်းမင် ထွက်ပေါ်လာသည်။
ဤလူငယ်အမတ်၏ နာမည်ဂုဏ်သတင်းသည် စုန်ချင်းဖုန်းကဲ့သို့ ကောင်းမွန်ခြင်းမရှိချေ။သူသည် ဝမ်ရှင်းအမတ်ကြီး၏သားဖြစ်သော်လည်း သူ့ထံတွင် မည်သည့်စစ်ရေးအောင်မြင်မှုမျိုးမျှ ရှိမနေချေ။ဤစစ်တပ်မြို့အတွင်း၌ စစ်ရေးအောင်မြင်မှုအပေါ်တွင်သာအာရုံစိုက်ကြသဖြင့် တခြားသူများသည် သူ့အား ယဉ်ကျေးကျေးဆက်ဆံရုံမျှသာရှိသည်။ သို့ရာတွင် သူတို့၏ရိုသေလေးစားမှုကို ခံယူရန်အတွက်မူ ယင်ထျန်းမင်သည် မလုံလောက်ချေ။
စုန်ချင်းဖုန်းနှင့်ယင်ထျန်းမင်တို့ ရောက်လာသည်ကိုကြည့်ပြီး ဟန်ချီက ချက်ချင်းဆိုသလို ရယ်မောကာ ပြောဆိုသည်။
"လုယွီ...အခု မင်းနဲ့ငါကြားက ကွာဟချက်ကို မင်း သိပြီမလား....တကယ်လို့ မင်းက အရမ်းသန်မာအားကောင်းနေတယ်ဆိုရင်လည်း ဘာဖြစ်လဲ...ဒီနေရာက ကောင်းကင်ချိုးဖျက်ခံတပ်...ငါ့ကိုထိဖို့ မင်း ကြိုးစားကြည့်လိုက်လေ"
ယခုချိန်တွင် ယင်မိသားစုမှလူများ ရောက်ရှိလာပြီဖြစ်သောကြောင့် သူသည် ထပ်မံ၍ ကြောက်ရွံ့ခြင်းမရှိတော့ချေ။
ဟန်ချီသည် ကောင်းကင်ချိုးဖျက်ခံတပ်၏ မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ပင်။မည်သို့ပင်ဆိုစေကာမူ သူသည် ဝမ်ရှင်းအမတ်ကြီး၏ လက်အောက်ငယ်သားတစ်ယောက် ဖြစ်ပေ၏။
လုယွီကမူ နယ်မြေခံအရာရှိတစ်ယောက်သာဖြစ်ရာ မည်သည်ကြောင့် သူသည် ဤနေရာ၌ အခွင့်အာဏာပြသနိုင်မည်နည်း။
ဟန်ချီသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သော်လည်း နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ့၏မျက်နှာပေါ်ရှိအပြုံး ရုတ်တရက်တောင့်တင်းသွားသည်။
စုန်ချင်းဖုန်းသည် သူ့အား အနည်းငယ်မျှအာရုံစူးစိုက်ခြင်းမရှိသည်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုအစား စုန်ချင်းဖုန်းသည် လုယွီထံဦးတည်၍ လျှောက်လှမ်းသွားနေပေ၏။
"ဆရာစုန်...ခုဏက..."
ဟန်ချီသည် ရှေ့သို့ချက်ချင်းလျှောက်လှမ်းသွားကာ အစောပိုင်းက ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို ပြောပြလိုခဲ့သည်။
မမျှော်လင့်ဘဲ စုန်ချင်းဖုန်းသည် သူ့အား တစ်ချက်သာစောင်းငဲ့ကြည့်ကာ တည်ငြိမ်အေးဆေးသောလေသံဖြင့် ပြောဆိုသည်။
"ဘာကိစ္စရှိလို့လဲ....ငါတို့ အဲ့ဒီကိစ္စကို နောက်ကျမှ ပြောကြရအောင်"
ထိုသို့ပြောဆိုပြီးနောက် စုန်ချင်းဖုန်းသည် သူ့၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်ပြီး လုယွီဘက်သို့လှည့်ကာပြောဆိုသည်။
"ဒါက လက်ဝဲစစ်တပ်ရဲ့ခေါင်းဆောင်တပ်မှူး အရှင်လုယွီလား"
"ဒါက ငါပဲ"
"ငါက ဝမ်ရှင်းအမတ်ကြီးရဲ့လက်အောက်က နည်းဗျူဟာရှင်တစ်ယောက်ဖြစ်တဲ့ စုန်ချင်းဖုန်းပါ...အမတ်ကြီးရဲ့ကိုယ်စား ငါက အရှင်လုရဲ့ကူညီထောက်ပံ့မှုကို တောင်းဆိုပါတယ်"
ထိုသို့ပြောဆိုပြီးနောက် စုန်ချင်းဖုန်းသည် လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
စုန်ချင်းဖုန်း၏နောက်ရှိ ယင်ထျန်းမင်သည်လည်း လုယွီကို ဦးညွှတ်အရိုအသေပြုလေ၏။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် ယင်မိသားစု၏အစောင့်များအားလုံး ဒူးထောက်လိုက်ကြသည်။
လမ်းတလမ်းလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လူတိုင်းသည် သူတို့၏ရှေ့ရှိမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် စူးစိုက်ကြည့်နေကြသည်။သူတို့အားလုံးသည် ကြက်သေသေနေကာ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။
စုန်ချင်းဖုန်းသည် ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံးအတွင်း၌ ဒုတိယအခွင့်အာဏာအရှိဆုံးပုဂ္ဂိုလ်ပင်။သူသည် ခံတပ်၏စစ်ရေးနှင့်အုပ်ချုပ်ရေးစွမ်းအားကို ကိုင်ဆောင်ထားသူဖြစ်ပေ၏။
သူသည် လုယွီကို အမှန်တကယ် ဦးညွှတ်အရိုအသေပြုခဲ့သလော....
Chapter 3789
လက်ဝဲစစ်တပ်ရဲ့ခေါင်းဆောင်တပ်မှူးက အခုနှစ်ရဲ့ထိပ်သီးကျောင်းတော်သားလို့ ငါ ကြားထားတယ်...ပြီးတော့ သူက စစ်ဆေးမှုသုံးခုလုံးမှာ ပထမရခဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲ...ကောလဟာလတွေအရတော့ သူက လက်ဝဲစစ်တပ်နယ်မြေကိုရောက်တာနဲ့ ဝမ်မူကျီးရဲ့အစွယ်အပွားတွေအားလုံးကို အမြစ်ပြတ်သုတ်သင်ခဲ့တယ်....လက်ဝဲစစ်တပ်နယ်မြေထဲမှာရှိတဲ့ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းလည်း သူ့ရဲ့ဖိနှိပ်ချေမှုန်းတာကို ခံခဲ့ရတယ်...သူ့ရဲ့ဘေးနားကလူကို မင်းတို့ မြင်ကြလား...သူက နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ် လန်ဝူရှင်းပဲ...သူက အခုချိန်မှာ အရှင်လုရဲ့နောက်လိုက် ဖြစ်နေပြီ"
"သူ့ကိုကြည့်ရတာ အသက်မကြီးသေးဘူးလို့ ငါထင်တယ်...ဘယ်လိုလုပ်ပြီးတော့ သူ့မှာ ဒီလိုအရည်အချင်းမျိုး ရှိနေတာလဲ...မဟာစစ်ဗိုလ်ချုပ်ဟန်ရဲ့မျက်နှာအမူအယာကို မင်းတို့ မြင်ကြလား...လူသုံးယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရတောင် သူတို့ထဲကဘယ်သူကမှအရှင်လုကို မဖိနှိပ်နိုင်ခဲ့ဘူး"
"သူက နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်....ကြည့်လိုက်အုံး...ဒဏ္ဍာရီလာနံပါတ်တစ် နည်းဗျူဟာရှင်ဖြစ်တဲ့ စုန်ချင်းဖုန်းတောင်မှ သူ့ကို ဦးညွှတ်အရိုအသေပြုနေရတယ်...အဲ့ဒီလူနဲ့ပတ်သက်ပြီးတော့ ထူးခြားတာ တစ်ခုခုရှိနေရမယ်...ဒီနေ့ ငါတို့အတွက် တကယ့်ကို အမြင်ကျယ်စေတာာပဲ"
လုယွီနှင့်ဟန်ချီအကြားရှိ တိုက်ပွဲသည် လူအမြောက်အများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ပြီးဖြစ်သည်။
ဤစစ်တပ်မြို့အတွင်း၌ သေမျိုးအမြောက်အများရှိသော်လည်း ကျင့်ကြံသူများ ပို၍များပြားသည်။သူတို့သည် ဤနေရာရှိတိုက်ခိုက်မှုကို အာရုံခံမိသည်နှင့် သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် စူးစမ်းလေ့လာနေကြလေ၏။
အစောင့်တပ်များ၏စစ်တန်းလျားများအတွင်းမှ စစ်သားအမြောက်အများသည် သူတို့လုပ်ဆောင်နေသည့်အရာများကို ရပ်တန့်၍ ဤနေရာသို့ လှမ်းကြည့်နေကြသည်။
ထိုလူများသည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြကာ နတ်ဘုရားစိတ်အာရုံများဖြင့် ပြောဆိုနေကြသည်။ထိုလူများအနက်မှအများစုသည် ထိုသို့တိုင်ပင်ဆွေးနွေးနေမှုကိုဖုံးကွယ်ထားရန် ရည်ရွယ်မထားချေ။
ဟန်ချီ၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။
ဤကိစ္စ၏ကြီးထွားလာမှုသည် သူ့၏ထိန်းချုပ်နိုင်မှုကျော်လွန်နေသည်ကို သူ ရုတ်တရက် နားလည်သွားပေ၏။
စုန်ချင်းဖုန်းသည် မည်သည်ကြောင့် လုယွီကို ဦးညွှတ်အရိုအသေပြုကာ ဖိတ်ခေါ်နေသနည်း။ ဤသည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းသောကိစ္စပင်။သို့ရာတွင် သူသည် တစ်စုံတစ်ခုကိုပြောဆိုဝံ့ခြင်းမရှိချေ။ဤအခြေအနေသည် သူ့အတွက် အရေးမသာသောဘက်သို့ ကျရောက်နေသည်မှာ သိသာထင်ရှားလှ၏။ယခုအချိန်တွင် သူ့အတွက် အကောင်းဆုံးဖြေရှင်းနည်းသည် သူ့၏ပါးစပ်ကိုပိတ်ကာ အခြေအနေအပြောင်းအလဲကို စောင့်ဆိုင်းနေရန်ပင်။
လုယွီက စုန်ချင်းဖုန်းကိုကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"ငါ မင်းကို ဘာကူညီပေးရမှာလဲ"
နံဘေးတစ်ဖက်တွင် မတ်တတ်ရပ်နေသော ယင်ထျန်းမင်ထံတွင် အလွန်အမင်း ဆိုးရွားသောမျက်နှာအမူအယာမျိုးရှိနေသည်။သူသည် ရှေ့သို့လျှောက်လှမ်းသွားကာ သူ၏ခေါင်းကိုငုံ၍ပြောဆိုသည်။
"ငါက မျက်လုံးကန်းပြီးတော့ ထိုက်တောင်ကြီးကို အသိအမှတ်မပြုခဲ့မိဘူး...အရှင်လုက တကယ့်ကိုပဲ အစွမ်းထက်တဲ့ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်နေမယ်လို့ ငါ မသိခဲ့ဘူး...ငါ ခုဏက မဆင်မခြင် လုပ်ခဲ့မိတယ်...အရှင်လုက ကျေးဇူးပြုပြီးတော့ ဒီကိစ္စကို ဗွေမယူပါနဲ့"
ထိုသို့ပြောဆိုပြီးနောက် ယင်ထျန်းမင်သည်အဖြူရောင်ကျောက်စိမ်းဓားအိမ်ဖြင့် ထည့်ထားသော ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ထိုအရာကို လုယွီထံသို့ ရိုသေလေးစားစွာ လက်ကမ်းပေးလေ၏။
"ဒီဓားက ငါတို့ယင်မိသားစု သွန်းလုပ်ထားတဲ့ ထိပ်တန်းအဆင့် မှော်ရတနာတစ်ခုပါ...ဒီဓားထဲမှာ နဂါးဖြူတစ်ကောင်ရဲ့စိတ်ဝိညာဥ်ကို ထည့်သွင်းထားတယ်...ဒီဓားကို ထုတ်ဖော်အသုံးပြုလိုက်တဲ့အချိန်မှာ မင်းက နဂါးစိတ်ဝိညာဥ်ကို ဆင့်ခေါ်ပြီးတော့ မင်းအတွက် ကူညီပြီးတိုက်ခိုက်စေနိုင်စွမ်းရှိလိမ့်မယ်...ဒါက အရမ်းမြင့်မြတ်တဲ့ မှော်ရတနာတစ်ခုပဲ"
ယင်မိသားစု၏သင်္ကေတအမှတ်အသားကို ဓားအိမ်ပေါ်တွင်လည်း ရေးထွင်းထားပေ၏။
ဤဓားမှာနေ၍ ထက်ရှသောအေးစက်စက်အရှိန်အဝါများ ထွက်ပေါ်လာကာ တဖြည်းဖြည်းအရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသဖြင့် လူအများကို တုန်ရီသွားစေသည်။အကြည့်တစ်ချက်ဖြင့်ပင် ဤသည်မှာ သာလွန်ထူးကဲသော ရတနာတစ်ခုဖြစ်ကြောင်း ပြောဆိုနိုင်သည်။
"ဒါက တကယ့်ကို ယင်မိသားစုရဲ့ထိပ်သီးရတနာဓားပဲ"
"ယင်မိသားစုက ဓားတွေသွန်းလုပ်တဲ့နေရာမှာ နာမည်ကျော်ကြားတယ်...ဒါပေမဲ့ ယင်မိသားစုစီကနေ ဓားတစ်လက်ရဖို့ဆိုတာ အရမ်းခက်ခဲတယ်...အတိတ်မှာတုန်းက ချီဘုရင်ကိုယ်တိုင် လူတွေကိုစေလွှတ်ပြီးတော့ ဓားတွေကိုတောင်းဆိုခဲ့ပေမယ့် သူတို့အားလုံး လက်ဗလာနဲ့ပြန်သွားကြရတယ်...ဝမ်ရှင်းအမတ်ကြီးက ချီဘုရင်ကိုတောင် မျက်နှာသာပေးတာမဟုတ်ဘူး...သူတို့က လုယွီကို လက်ဆောင်ပေးမယ်လို့ ငါ ထင်မထားမိဘူး"
"ဒါက ကြီးမားတဲ့ လက်ဆောင်တစ်ခုပဲ...ယင်မိသားစုက လုယွီကို ဒီဓားလက်ဆောင်ပေးပြီးတော့ ဘာတောင်းဆိုမလဲဆိုတာ ငါ သိချင်မိတယ်"
ပတ်ဝန်းကျင်မှ နတ်ဘုရားစိတ်အာရုံအမြောက်အများ ဓားပေါ်သို့ ကျရောက်လာသည်။ရုတ်ချည်းဆိုသလိုပင် လူအမြောက်အများ၏နတ်ဘုရားစိတ်အာရုံများ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားပေ၏။
ဤဓားသည် အလွန်သာလွန်ထူးကဲပေရာ လူအမြောက်အများသည် ဤကိစ္စကို မနာလိုအားကျဖြစ်နေကြသည်။
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။ဤလူများသည် မည်သည်ကြောင့် သူအား လာရောက်ရှာဖွေသည်ကို သူ ချက်ချင်းသိရှိသွားလေပြီ။
ယခင်က သဲခုံစားပွဲပေါ်၌ လုယွီသည် ထိုက်ကျိနဂါးဝါးမျိုခြင်းဝင်္ကပါကို ချိုးဖျက်နိုင်သည့်လမ်းကြောင်းကို ရေးဆွဲခဲ့သည်။ခံတပ်အတွင်းရှိ ဝင်္ကပါပညာရှင်တစ်ယောက်သည် ဝင်္ကပါကို မည်ကဲ့သို့ ချိုးဖျက်ရမည်အား သိရှိသွားသည်နှင့် သူ ရေးဆွဲထားသောလမ်းကြောင်းသည် အစစ်အမှန် သို့မဟုတ် အတုအယောင်ဖြစ်သည်ကို ပြောဆိုနိုင်ပေမည်။
"ငါက မင်းတို့ကို ကူညီပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ဘူး"
လုယွီက ငြင်းဆန်ခြင်းမပြုချေ။
သူ ဤနေရာသို့လာသည်မှာ ကောင်းကင်ချိုးဖျက်ခံတပ်၏ခုခံကာကွယ်မှုကို ကူညီပေးရန်ပင်။
လုယွီက စုန်ချင်းဖုန်းကိုကြည့်ကာ စကားတစ်လုံးချင်းပြောဆိုသည်။
"ဝမ်ရှင်းအမတ်ကြီးက ဒီနေရာမှာရှိမနေမှတော့ ငါ စကားကို ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်... ငါက ခံတပ်မှာရှိတဲ့ မင်းတို့ရဲ့စစ်တပ်အင်အား အုပ်ချုပ်ရေးအင်အားနဲ့ ဘဏ္ဍာရေးအင်အားတွေ လိုအပ်တယ်...အရင်းအမြစ်တွေအားလုံး ငါ့ကိုထောက်ပံ့ပေးပြီးတော့ ဘယ်သူကမှ ကြားဝင်စွက်ဖက်ခွင့်မရှိဘူး...မဟုတ်ရင်တော့ ဘာညှိနှိုင်းမှုမှရှိမလာနိုင်ဘူး"