အခန်း (၃၇၉၀-၃၇၉၃)
Vol. 193 Ch. 3790-3793
Chapter 3790
ပတ်ဝန်းကျင်မှနေ၍ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။
ယခုလက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်များနှင့်စစ်သားများပင်လျင် ကြက်သေသေသွားလေ၏။
လုယွီသည် နာမည်ခံအရ လက်ဝဲစစ်တပ်နယ်မြေအတွင်းတွင် အဆင့်မြင့်ဆုံးအရာရှိဖြစ်သော်လည်း နယ်စပ်ရှိခံတပ်လေးနေရာသည် တော်ဝင်နန်းတွင်း၏တိုက်ရိုက်ထိန်းချုပ်မှုအောက်၌ ရှိနေသည်။
ယခုလက်ရှိအချိန်တွင် ဝမ်ရှင်းအမတ်ကြီးသည်ဤနေရာ၌ရှိမနေသဖြင့် လုယွီ၏ရုတ်တရက်ထွက်ပေါ်လာမှုသည် အခွင့်အာဏာကို သိမ်းယူလိုခြင်းဖြစ်သည်မှာ အလွန်သိသာထင်ရှားသည်။
"မဖြစ်နိုင်ဘူး...ငါတို့က ဘယ်လိုလုပ်ပြီးတော့ ဒါတွေအားလုံး မင်းကို ပေးနိုင်မှာလဲ..အများဆုံးအနေနဲ့ ငါတို့က မင်းကို တပ်ရင်းတချို့ကိုထိန်းချုပ်နိုင်ခွင့်ပဲ ပေးနိုင်မယ်"
ယင်ထျန်းမင်၏မျက်လုံးများ ပြူးကျယ်နေကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
ဝမ်ရှင်းအမတ်ကြီးသည် ရှန်လင်းလုံ၏နန်းတက်လာမှုကို ဆန့်ကျင်ခဲ့သဖြင့် တော်ဝင်နန်းတွင်း၏ဖိနှိပ်ခြင်းကိုအချိန်အတော်ကြာ ခံထားရသည်။ယခုအချိန်၌ သူသည် နောက်ဆုံးမှသာစစ်တပ်အခွင့်အာဏာကို ရရှိခြင်းဖြစ်ရာ သူ ခက်ခက်ခက်ခဲ ရယူခဲ့ရသည့်အရာကို မည်သည်ကြောင့် လုယွီ၏လက်အတွင်းသို့လွှဲပြောင်းပေးနိုင်မည်နည်း။
စုန်ချင်းဖုန်းက မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါတို့က မင်းကိုတားမြစ်ကန့်သတ်မှာကို မင်း စိုးရိမ်ပူပန်နေတာမလား...ဘာမှ မစိုးရိမ်နဲ့...မင်းအမိန့်ပေးသရွေ့ ငါတို့က အစွမ်းကုန် မင်းနဲ့ပူးပေါင်းဆောင်ရွက်မယ်"
မည်သို့ပင်ဆိုစေကာမူ စုန်ချင်းဖုန်းသည်အတွေ့အကြုံရင့်ကျက်သော လူတစ်ယောက်ပင်။လုယွီသည် မည်သည့်အရာအား လုပ်ဆောင်လိုသည်ကို သူအကြည့်တချက်ဖြင့်ပင် ပြောဆိုနိုင်ပေ၏။
ထန်အင်ပါယာနှင့်တိုက်ပွဲအတွင်း၌ သေးငယ်သောဟာကွက်တစ်ခုကပင် နောက်ဆုံးရှုံးနိမ့်ခြင်းဆီသို့ ဦးတည်သွားနိုင်သည်။ ထို့ကြောင့် အကယ်၍ လုယွီသည် အင်အားကုန်တိုက်ခိုက်လိုပါက သူ့၏စွမ်းအားများအားလုံးကို စုစည်းထားရမည်ဖြစ်ရာ တခြားလူများ သူ့အား တားမြစ်ကန့်သတ်ခြင်းမှ ကြိုတင်၍ဟန့်တားရပေမည်။
အတိတ်တွင် ဤနေရာ၌ တော်ဝင်နန်းတွင်းမှနေ၍ စစ်တပ်ကိုစီမံကွပ်ကဲရန် စေလွှတ်ထားသော မိန်းမစိုးတချို့ရှိသည်။နောက်ပိုင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ခေတ်ကာလအတောအတွင်း၌ မိန်းမစိုးများအားလုံးကိုဖယ်ရှားလိုက်သဖြင့် စစ်တပ်မှမဟာစစ်ဗိုလ်ချုပ်များသည် စစ်တပ်ကိုအလုံးစုံစီမံခန့်ခွဲနိုင်သောအခွင့်အာဏာကို ရရှိခဲ့လေ၏။
အကယ်၍ ဝမ်ရှင်းအမတ်ကြီး ဤနေရာတွင်ရှိနေလျှင်လည်း သူသည် အခွင့်အာဏာများအားလုံးကို ချုပ်ကိုင်ထားပေမည်။
"မရဘူး...ငါ မင်းတို့ကို မယုံကြည်ဘူး"
လုယွီက ပြတ်ပြတ်သားသားပြောဆိုသည်။
လုယွီသည် ခံတပ်ရှိအရာရာတိုင်းကို သူ့၏အုပ်ချုပ်မှုအောက်၌ ထားလိုသည်။နောက်ဆုံး၌ အောင်မြင်မှုရလဒ်ကို ရယူနိုင်ရန်အလို့ငှာ သူသည် အပြောင်းအလဲမှန်သမျှကိုအသေးစိတ်ထိန်းချုပ်ထားနိုင်ရန် လိုအပ်ပေ၏။
စုန်ချင်းဖုန်းနှင့်ယင်ထျန်းမင်တို့၏ မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားသည်။ လုယွီထံ၌ သူတို့နှင့်ပူးပေါင်းဆောင်ရွက်ရန်အတွက် ရည်ရွယ်ချက်ရှိမနေချေ။
"ဒါဆိုရင် ငါတို့က မင်းကို အဲ့ဒီအခွင့်အာဏာသုံးခုထဲက တစ်ခုကိုမှ မပေးနိုင်ဘူး...အဲ့ဒီအခွင့်အာဏာသုံးခုကို တော်ဝင်နန်းတွင်းကနေ ပေးအပ်ထားတာ...တကယ်လို့ အရှင်လုက ဒါကိုလိုအပ်တယ်ဆိုရင် သတင်းပို့စာလွှာတစ်ခုရေးပြီးတော့ မဟာအတွင်းဝန်ရုံးကို ပေးပို့လို့ရတယ်"
ယင်ထျန်းမင်သည် အခွင့်အာဏာကို လက်လွှဲပေးရန် ဆန္ဒမရှိချေ။
လုယွီသည် ယင်ထျန်းမင်ကို လျစ်လျူရှုထားကာ စုန်ချင်းဖုန်းကို တန်းတန်းမတ်မတ်စိုက်ကြည့်လိုက်သည်။
စုန်ချင်းဖုန်း၏မျက်လုံးအတွင်းမှနေ၍ အလင်းတန်းများ ဖြာထွက်နေသည်။အချိန်တခဏကြာ စဉ်းစားတွေးတောပြီးနောက် သူက အံ့တင်းတင်းကြိတ်ကာပြောဆိုသည်။
"ကောင်းပြီလေ...ခံတပ်ရဲ့အခွင့်အာဏာတွေအားလုံးက အရှင်လုရဲ့ပိုင်ဆိုင်မှု ဖြစ်သွားပြီ... အရှင်လုက ကျေးဇူးပြုပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်ကို ကူညီပေးပါ"
ထိုစကားနှင့်အတူ စုန်ချင်းဖုန်းသည် သူ့၏အင်္ကျီလက်ကြားမှနေ၍ ကြေးနီရောင်အရာရှိတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။
ထိုအရာရှိစည်းတံဆိပ်ပေါ်၌ အသက်ဝင်သောချီလင်သားရဲတစ်ကောင်၏ပုံရိပ်ကို ထွင်းထုထားကာ စိတ်ဝိညာဉ်တစ်ခု ပါရှိနေသည့်အလားပင်။
ထိုကြေးနီအရာရှိတံဆိပ်ပြား၏အောက်၌ ရှေးဟောင်းအက္ခရာဖြင့် 'ကောင်းကင်ဘုံအစောင့်အရှောက်'ဟူသောစာတန်းကို ရေးထွင်းထားကာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါများကိုထုတ်လွှတ်ထားသည်။
ယင်ထျန်းမင်သည် ထိုတံဆိပ်ပြားကိုမြင်တွေ့ချိန်၌ တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း အဆုံးသတ်၌ သူသည် စုန်ချင်းဖုန်း၏ဟန့်တားခြင်းကို ခံလိုက်ရသည်။
လုယွီသည် ဟန်လုပ်မနေဘဲ ထိုကြေးနီအရာရှိတံဆိပ်ပြားကို တိုက်ရိုက်ယူဆောင်လိုက်သည်။
ကျယ်လောင်သော ဘုန်းခနဲမြည်သံကြီး မြည်ဟီးလာသည်။ဤအချိန်အခိုက်အတန့်တွင်ကောင်းကင်ချိုးဖျက်ခံတပ်မှ လူများအားလုံး ထိုအသံကို ကြားလိုက်ရပေ၏။
ဤအချိန်အခိုက်အတန့်တွင် ကံကြမ္မာအလင်းတန်းများသည် လေထုအတွင်း၌ မျောလွင့်နေကာ ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။လုယွီ၏ခန္ဓာကိုယ် တုန်ရီသွားသည်။သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်၌လွှမ်းခြုံနေသော တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားများသည် ယခင်ထက် အဆများစွာ မြင့်တက်လာသည်။
ဝေါင်း...
မိုးကောင်းကင်ယံအတွင်းမှနေ၍ ပုံရိပ်ယောင်နဂါးတကောင်က ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
ဤသည်မှာ ကောင်းကင်ချိုးဖျက်ခန့်တပ်အတွင်းရှိ တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားပင်။ထိုအရာသည် မိုးကောင်းကင်ယံအတွင်း၌ အချိန်တခဏကြာ လှည့်ပတ်နေပြီးနောက် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။
ဤအချိန်အခိုက်အတန့်၌ ခန်းမဆောင်များ စစ်တဲများနှင့် ကောင်းကင်ချိုဖျက်ခံတပ်အတွင်းရှိအရာရာတိုင်းကို လုယွီက ချက်ချင်းတွေ့မြင်နိုင်ခဲ့သည်။
"အရှင်လု....ငါ့ရဲ့အရှင်အမတ်ကြီးပြန်လာတဲ့အချိန်ကျရင် ကျေးဇူးပြုပြီးတော့ ဒီအခွင့်အာဏာစည်းတံဆိပ်ကို ပြန်ပေးပါ"
စုန်ချင်းဖုန်းက သူ့၏လက်နှစ်ဖက်ကို ပူးဆုပ်ကာပြောဆိုသည်။
"သေချာတာပေါ့"
လုယွီက ခေါင်းညိတ်ပြကာ သူ့၏ခန္ဓာကိုယ်အတွင်းရှိ တလိမ့်လိမ့်ထနေသော ကံကြမ္မာစွမ်းအားများကို ဖြည်းညှင်းစွာခံစားလိုက်သည်။ထို့နောက် သူ့၏မျက်လုံးအကြည့်သည် ရုတ်တရက် ဟန်ချီပေါ်သို့ ကျရောက်သွားလေ၏။
Chapter 3791
လုယွီ၏စူးစိုက်ကြည့်ခြင်းကို ခံရသဖြင့် ဟန်ချီ၏နှလုံးခုန်နှုန်းများ လျှင်မြန်သွားသည်။
သူသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ခံစားခဲ့ဖူးခြင်းမရှိသော ထိတ်လန့်ကြောက်ရွံ့မှုအငွေ့အသက်မျိုးကို သူ့၏စိတ်အတွင်း၌ ရရှိနေလေ၏။
သူသည် ဦးနှောက်ခြောက်မတတ် စဉ်းစားခဲ့သည့်တိုင် စုန်ချင်းဖုန်းသည် မည်သည်ကြောင့် ကောင်းကင်ချိုးဖျက်ခံတပ်၏အခွင့်အာဏာစည်းတံဆိပ်ကို လုယွီအား လွှဲပြောင်းပေးလိုသည်ကို သူ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
သို့ရာတွင် ဤကိစ္စအတွက် အကြောင်းပြချက်မည်သို့ပင် ရှိနေပါစေ ထပ်မံ၍ အရေးမပါတော့ချေ။
ယခုချိန်တွင် လုယွီသည် ကောင်းကင်ချိုးဖျက်ခံတပ်၏အခွင့်အာဏာကို ဆုပ်ကိုင်ထားသဖြင့်မည်သူမည်ဝါဖြစ်နေပါစေ လုယွီ၏အမိန့်ကို နာခံရပေမည်။
ဤသည်မှာ အရာရှိစည်းတံဆိပ်၏စွမ်းအားပင်။ ဟန်ချီသည် ကံကြမ္မာစွမ်းအားကို ရရှိထားသော်လည်း သူ ထိန်းချုပ်နိုင်သည်မှာ မဟာစစ်ဗိုလ်ချုပ်တစ်ယောက်၏ကံကြမ္မာစွမ်းအားဖြစ်သည်။အကယ်၍ သူသည် လုယွီ၏အမိန့်များကို လိုက်နာခြင်းမရှိပါက သူ့၏ခန္ဓာကိုယ်အတွင်းရှိကံကြမ္မာစွမ်းအားများမှ တန်ပြန်ရိုက်ခတ်မှုကြောင့် သူ အပြင်းအထန်ဒဏ်ရာရရှိသွားပေမည်။
"ဒီငယ်သားက အရှင်လုကို အရိုအသေပြုပါတယ်"
ဟန်ချီသည် နောက်ဆုံး၌ သူ့၏ခေါင်းကိုငုံ့ကာ တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
လုယွီကို ယခင်ကခြိမ်းခြောက်ခဲ့သော တခြားမဟာစစ်ဗိုလ်ချုပ်များ၏ မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်နေကာ သူတို့၏မောက်မာဝင့်ကြွားသောခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။
ဟန်ကျင်းယုကမူ အလွန်ထိတ်လန်ကြောက်ရွံနေကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားလုနီးပါးပင်။
ယခုအချိန်မှသာ သူသည် မည်ကဲ့သို့လူစားမျိုးကို ရန်စစော်ကားခဲ့မိသည်အား သူ နားလည်သဘောပေါက်သွားသည်။
လုယွီက အလေးနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ငါ အခွင့်အာဏာကို လွှဲပြောင်းမယူခင်မှာ ကိစ္စနှစ်ခု ဖြေရှင်းစရာရှိတယ်...ဟန်ချီ...ငါကအခွင့်အာဏာကိုသုံးပြီးတော့ မင်းကို မဖိနှိပ်ချင်ဘူး...ဒါကြောင့် ပြဿနာကို အရင်ဆုံးဖြေရှင်းကြစို့"
ထိုစကားကိုကြားချိန်တွင် စုန်ချင်းဖုန်းသည် ဤနေရာရှိအခြေအနေ မည်သည်ကြောင့် ထူးဆန်းနေသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။
သူသည် ဟန်ချီကိုလှည့်ကြည့်ကာ သုန်မှုန်နေသော မျက်နှာအမူအယာဖြင့် မေးမြန်းလေ၏။
"မင်း ဘာတွေလုပ်ခဲ့တာလဲ"
အကယ်၍ တခြားအချိန်ဆိုပါက ဟန်ချီတို့လူစုသည် မြို့အတွင်း၌ အနည်းငယ်ပြဿနာရှာသည်မှာ အရေးမကြီးလှချေ။သို့ရာတွင် ယခုချိန်၌ လုယွီသည် ကောင်းကင်ချိုးဖျက်ခံတပ်မှနေ၍ ထန်အင်ပါယာ၏ဝင်္ကပါကို ချိုးဖျက်နိုင်ရန်အတွက် အဓိကသော့ချက်ဖြစ်နေသည်။ဤအချိန်အခိုက်အတန့်တွင် မည်သည့်အမှားအယွင်းမျှ ဖြစ်၍မရချေ။
ဟန်ချီက ပြောဆိုသည်။
"ဆရာစုန်...ငါ့ရဲ့သားနဲ့ဗိုလ်ချုပ်လန်တို့ကြားမှာ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့တယ်...ဗိုလ်ချုပ်လန်က အရှင်လုရဲ့ နောက်လိုက်တယောက်ဆိုတာ သူ မသိခဲ့ဘူး...ဒါကြောင့် သူက ရမ်းရမ်းကားကား ပြောဆိုခဲ့မိတယ်...ဗိုလ်ချုပ်လန်က သွေးဆူတဲ့စိတ်သဘောထားရှိနေတာကြောင့် သူက ငါ့ရဲ့သားကို သတ်ချင်ခဲ့တယ်....ဒါကြောင့် ငါက သူ့ကို ဟန့်တားခဲ့တာပဲ...မမျှော်လင့်ဘဲ သူက အရှင်လုကိုလည်း ဒေါသထွက်စေခဲ့တယ်....ဒါတွေအားလုံးက ငါ သူ့ကို ကောင်းကောင်းမွန်မွန်စည်းကမ်းမတင်းကြပ်ခဲ့မိတာကြောင့်ပါ....ငါက တောင်းပန်ဖို့ ဆန္ဒရှိပါတယ်"
ထိုစကားနှင့်အတူ ဟန်ချီသည် ဟန်ကျင်းယု၏ဒူးကိုကန်ကျောက်ကာ သူ့ကို မြေပြင်ပေါ်ဒူးထောက်ရက်သား ကျသွားစေသည်။
မြေပြင်ပေါ်၌ ဒူးထောက်နေသော ဟန်ကျင်းယုသည် ချက်ချင်းဆိုသလိုပင် သူ့ဖခင်၏ဆိုလိုရင်းကို နားလည်သဘောပေါက်သွားသည်။သူက အော်ဟစ်လိုက်၏။
"အရှင်လု...ငါက မျက်လုံးကန်းပြီးတော့ ထိုက်တောင်ကြီးကို မမြင်ခဲ့မိဘူး...ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ"
လန်ဝူရှင်းသည် ထိုစကားကိုကြားချိန်တွင် အလွန်အမင်း ဒေါသထွက်သွားသည်။
ဟန်ကျင်းယုသည် စတင်တိုက်ခိုက်ခဲ့ကာ သူ့အားသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သူပင်။ထိုအချိန်ကျမှသာ လန်ဝူရှင်းသည် ဟန်ကျင်းယုအားသတ်ဖြတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းတွင် လန်ဝူရှင်းသည် သူ့၏ဒေါသများကို ချိုးနှိမ်ထားကာ လက်လွတ်စပယ် သတ်ဖြတ်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် ဟန်ချီ၏စကားလုံးများအတွင်း၌ လန်ဝူရှင်းသည် စွမ်းအားကိုအသုံးပြု၍ တခြားလူများကို အနိုင်ကျင့်သောသူ ဖြစ်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဟန်ကျင်းယုသည်အနိုင်ကျင့်ခံရသောလူတစ်ယောက် ဖြစ်နေပေ၏။
ပတ်ဝန်းကျင်ရှိ နတ်ဘုရားစိတ်အာရုံများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
ကျင့်ကြံသူများသည် ဟန်မိသားစုမှသားအဖနှစ်ယောက် အလွန်အမင်းအရှက်မဲ့သည်ကို မြင်တွေ့ချိန်တွင် သူတို့၏ခေါင်းများကို ကူကယ်ရာစွာဖြင့် ခါယမ်းလိုက်ကြသည်။
"ဟန်မိသားစုက နယ်မြေခံအာဏာရှင်တွေပဲ...သူတို့က ကောင်းကင်ချိုးဖျက်ခံတပ်မှာ ဘယ်လောက်ကြာကြာ ခြေကုပ်ယူထားတယ်ဆိုတာ ငါ မသိဘူး...အရှင်လုက သူတို့နဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်မှာကို ငါ စိုးရိမ်မိတယ်"
"ဒါက သေချာတာပေါ့....ဆရာစုန်က အရှင်လုကိုတောင်းပန်တာက စစ်ရေးကိစ္စတွေ အရေးပေါ်ဖြစ်နေတာကြောင့်ဖြစ်မှာကို ငါ စိုးရိမ်မိတယ်....
ဘာကိစ္စပဲဖြစ်နေနေ အရှင်လုက ကောင်းကင်ချိုးဖျက်ခံတပ်ကလူ မဟုတ်ဘူး...ဟန်ချီက အပြစ်ကိုဝန်ခံလိုက်မှတော့ ဒီကိစ္စက ပြီးဆုံးသွားပြီလို့ ယူဆလို့ရတယ်"
လူတချို့သည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး သက်ပြင်းရှိုက်လိုက်ကြ၏။မည်ကဲ့သို့ဖြစ်ပျက်လာမည်ကို သူတို့ ကြိုတင်၍မြင်ယောင်နေကြသည်။
လုယွီက မေးမြန်းသည်။
"မင်းရဲ့သားက ငါ့ကိုမသိဘူးလို့ မင်းပြောတာနဲ့ပဲ ...ဒီကိစ္စကို ငါက မေ့လိုက်ရမယ်လို့ မင်း ဆိုလိုချင်တာလား"
ဟန်ချီက ကျယ်လောင်စွာပြောဆိုသည်။
"အရှင်လု...မင်းက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အကျယ်ချဲ့ချင်တာလား....ငါ့ရဲ့သားက မင်းကို တကယ်မသိဘူး...ပြီးတော့ အရှင်လုရဲ့အဆင့်အတန်း ဘယ်လောက်ထိမြင့်မြတ်တယ်ဆိုတာကိုလည်း သူ မသိခဲ့ဘူး...အခုချိန်မှာ အရှင်လုရဲ့လက်ထဲမှာ အခွင့်အာဏာရှိနေတာကြောင့် တကယ်လို့ မင်းက ငါ့ကိုသတ်မယ်ဆိုရင်လည်း ငါ့မှာ ဘာမှပြောစရာမရှိဘူး"
Chapter 3792
စုန်ချင်းဖုန်းက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"ဟန်ချီ စကားပြောနေတာကို ရပ်လိုက်စမ်း"
ထိုသို့ပြောဆိုပြီးနောက် စုန်ချင်းဖုန်းသည် လုယွီကိုကြည့်ပြီး သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။
"အရှင်လု....ဒီနေရာမှာ နားလည်မှုလွဲမှားတာတချို့ရှိနေနိုင်တယ်...ငါက သေသေချာချာညှိနှိုင်းပြီးတော့ လူတိုင်းစိတ်ကျေနပ်လောက်မယ့်အဖြေတစ်ခု ပေးပါ့မယ်"
လုယွီသည် စကားတစ်ခွန်းမျှပြောဆိုခြင်းမပြုဘဲ သူ့၏မျက်လုံးများဖြင့် ဟန်ချီကို စူးစိုက်၍ကြည့်နေဆဲပင်။
ဟန်ချီ၏ငြင်းချက်ထုတ်မှုမှာ အလွန်သိသာထင်ရှားသည်။ယခုအချိန်၌ သူသည် ကြိုတင်၍နောက်ဆုတ်ထားသည်ဟု ယူဆနိုင်သည်။သူသည် အလျှော့ပေးခဲ့သည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် သူသည် လုယွီ၏အားနည်းချက်ကို တို့ထိခဲ့ခြင်းပင်။
လုယွီထံတွင် အခွင့်အာဏာရှိနေလျှင်ပင် သူ့အား မည်သို့ပြုလုပ်နိုင်မည်နည်း။အကယ်၍ လုယွီသည် အခွင့်အာဏာကိုရရှိပြီးနောက် ပထမဆုံးအနေဖြင့် လုပ်ဆောင်သည်မှာ ကိုယ်ရေးကိုယ်တာရန်ငြိုးများကို ဖြေရှင်းခြင်းဖြစ်နေပါက တခြားသူများမှ သွားပုပ်လေလွင့် ပြောဆိုကြပေမည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ကြည့်ရတာတော့ မင်းက နားလည်ပုံမရဘူး...အဖြစ်မှန်တွေပေါ်မှာ အခြေခံပြီးတော့ တရားစီရင်တယ်ဆိုတဲ့ ဆိုလိုရင်းကို မင်းနားလည်လား"
ဟန်ချီက ပြောဆိုသည်။
"တကယ်တော့ ငါ သိတာပေါ့...ဒါတွေအားလုံးက နားလည်မှုလွဲမှားတာတစ်ခုပါ...ငါ ရှုံးနိမ့်တာကို ဝန်ခံတယ်...အခုချိန်မှာ ရှေ့တန်းကစစ်ပွဲကအရေးပေါ်ဖြစ်နေပြီ...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့အပြစ်ကို ပြန်လည်ပြင်ဆင်ဖို့အတွက် ငါ့ကို အခွင့်အရေးတစ်ခုပေးပါ"
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"ဟန်ကျင်းယု ဒီနေရာကို ရောက်လာတာက သူ့ရဲ့အစေခံကို လန်ဝူရှင်းက သတ်လိုက်လို့ပဲ... ဒါပေမဲ့ အဲ့ဒီအစေခံ ဘာလို့သတ်ခံရတယ်ဆိုတဲ့အကြောင်းရင်းကို မင်း ဘာလို့ထုတ်မပြောတာလဲ"
"ဒါက သေသင့်တဲ့အစေခံတစ်ယောက် သေသွားရုံလေးပဲ...သူ့ကိုသတ်တာက ဘာမှ အရေးမပါတဲ့ကိစ္စပဲ"
ဟန်ချီသည် ဤကိစ္စကို ကိစ္စကြီးတစ်ရပ်ဟု တွေးတောခြင်းမရှိချေ။
"မင်း မှားနေပြီ"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
"အဲ့ဒီအစေခံ ဒီနေရာကိုရောက်လာတာက အကြွေးလာတောင်းတာပဲ...တကယ်လို့ ငါသာ ဒီနေရာမှာရှိမနေရင် ငါ့ရဲ့နောက်မှာရှိတဲ့ သားအမိနှစ်ယောက်က သူသတ်တာကို ခံနေရလောက်ပြီ... သူတို့တွေက နယ်မြေခံလူရမ်းကားတချို့လို့ ငါတွေးထင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ ဟန်ကျင်းယုရဲ့အစေခံဖြစ်နေတယ်..သခင်လေးဟန်က ဒီလိုလုပ်ငန်းမျိုးကို လုပ်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ဟန်ချီက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက သူတို့ချေးထားတဲ့ငွေကို သူတို့ပြန်ဆပ်ရတာ မှန်ကန်တဲ့ လုပ်ရပ်ပဲလေ...အဲ့ဒီသားအမိနှစ်ယောက်က အကြွေးဆပ်စရာရှိနေမှတော့ အကြွေးလာတောင်းတာ ဘာမှားနေလို့လဲ"
လုယွီက သူ့၏လက်ကိုမြှောက်ကာ စာရင်းစာအုပ်ကိုထုတ်ပြီး ပြသလိုက်၏။ထို့နောက် သူက အေးစက်တင်းမာစွာ ပြောဆိုသည်။
"တကယ်လို့ ဒါက သာမန်အကြွေးဆိုရင် ပြန်ဆပ်ရမှာက သဘာဝကျတဲ့ကိစ္စပဲ...ဒါပေမဲ့ ငါ့ကိုပြောစမ်းပါ...အဲ့ဒီသားအမိနှစ်ယောက်က အင်မော်တယ်ကျောက်သုံးတစ်သိန်းပဲချေးထားတယ်...ဘာလို့ အချိန်နှစ်နှစ်မပြည့်သေးခင်မှာ သူတို့ရဲ့အကြွေးက အင်မော်တယ်ကျောက်တုံးဆယ့်ခုနစ်သန်းကို ရောက်သွားတာလဲ"
ထိုစာရင်းစာအုပ်ကိုဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ရာနှင့်ချီသော နတ်ဘုရားစိတ်အာရုံများ ထိုအရာပေါ်သို့ ကျရောက်လာသည်။
လွန်ကဲသောနှစ်နှစ်ခန့်က နင်းရှို့သည် အင်မော်တယ်ကျောက်တုံးတစ်သန်းကို ချေးယူခဲ့သည်။ လက်လွှဲပြောင်းခြင်း အခကြေးငွေသက်သက်ဖြင့်ပင် သူသည် အင်မော်တယ်ကျောက်တုံး တစ်သိန်း ပေးခဲ့ရလေ၏။သူသည် အင်မော်တယ်ကျောက်တုံးကိုးသောင်းကိုသာ ရရှိခဲ့ပြီးနောက် တစ်နှစ်အကြာတွင် အင်မော်တယ်ကျောက်တုံးဆယ့်သုံးသိန်း ပြန်ဆပ်မည်ဟု ကတိကဝတ်ပြုခဲ့သည်။
ဤချေးငွေသည် အလွန်အမင်းကျိုးကြောင်းမဆီလျော်သော်လည်း နင်းရှို့သည် အံ့တင်းတင်းကြိတ်ကာ နာမကျန်းမှုကို ကုသရန်အတွက်ငွေကြေးများကို ချေးယူခဲ့သည်။
သို့ရာတွင် စာရင်းစာအုပ်အတွင်း၌ တစ်နှစ်ကြာပြီးနောက် သူ အကြွေးပြန်ဆပ်ချိန်တွင် မူလသဘောတူညီထားသော သုံးဆယ်ရာခိုင်နှုန်းဟူသောစာတန်းကို ကြက်ခြေခတ်ခြစ်ထားကာ 'အတိုးနှုန်းညှိနှိုင်းခြင်း'ဟူသော စာတန်းကို အနီရောင်မင်ဖြင့်ရေးသားထားလေ၏။
ထို့နောက် မူလကအကြွေး အင်မော်တယ်ကျောက်တုံး ဆယ့်သုံးသိန်းသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင်ပင် သိန်းနှစ်ဆယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤကဲ့သို့ကိစ္စမျိုးဖြစ်လာသဖြင့် နင်းရှို့သည် ထိုအကြွေးများကို ပြန်ဆပ်နိုင်စွမ်းမရှိတော့ချေ။
ဤကဲ့သို့အတိုးနှုန်းသည် မိသားစုငယ်တစ်စုအတွက် ကြောက်ခမန်းလိလိပမာဏပင်။ဤသည်မှာ နင်းရှို့စွမ်းဆောင်နိုင်သောပမာဏနှင့် လွန်စွာအလှမ်းကွာဟသည်။
ထို့ကြောင့် အကြွေးပြန်ဆပ်ရမည့်နေ့သို့ ရောက်ရှိချိန်တွင် နင်းရှို့သည် ထိုငွေကြေးများကို ပြန်ဆပ်နိုင်ခြင်းမရှိတော့ချေ။
ဤသည်မှာ အစသာရှိသေးပေ၏။
စာရင်းစာအုပ်မှ အရင်းငွေသည် မူလအတိုင်းရှိနေသော်လည်း အတိုးများ တစတစတက်လာပေရာ အကြွေးများ ပို၍ပို၍များပြားလာခဲ့သည်။အဆုံးသတ်၌ ထိုအကြွေးငွေသည် အင်မော်တယ်ကျောက်တုံးဆယ့်ခုနစ်သန်းအထိ ရောက်ရှိလာသည်။
လက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်များပင်လျင် ဤကဲ့သို့ငွေကြေးပမာဏကိုတစ်ချက်တည်းဖြင့် ထုတ်ပေးနိုင်ရန် အလွန်အမင်းခက်ခဲပေမည်။
နင်းရှို့သည် စစ်တပ်အတွင်း၌ သာမန်ကင်းထောက်တစ်ယောက်ပင်။
ဤကဲ့သို့ ကြီးမားသောအကြွေးပမာဏရှိနေသဖြင့် အကယ်၍ နင်းရှို့သည် သက်ရှိထင်ရှားရှိနေလျှင်ပင် သူသည် ထိုအကြွေးများကို ပြန်ဆပ်နိုင်မည်မဟုတ်ချေ။ထို့ပြင် ယခုချိန်တွင် နင်းရှို့သေဆုံးသွားသဖြင့် မိသားစုတစ်စုလုံး၏မှီခိုအားထားရာကြီး ပျောက်ကွယ်သွားလေပြီ။ဤကဲ့သို့ ကြီးမားသောအကြွေးနှင့် ရင်ဆိုင်နေရသဖြင့် ထိုသားအမိနှစ်ယောက်သည် ပို၍ပင်ကူကယ်ရာမဲ့ ဖြစ်နေလေ၏။
Chapter 3793
အဝေးမှနေ၍ ထိုစာရင်းစာအုပ်ပေါ်သို့ ကျရောက်လာသော နတ်ဘုရားစိတ်အာရုံများနောက်ဆုံး၌ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားသည်။
"ဒါက အရမ်းများလွန်းတယ်...ဘယ်သူက ဒီလောက်ကြီးများတဲ့အတိုးကို ပေးနိုင်မှာလဲ"
"ငါ အခုမှတ်မိပြီ....မြို့ထဲမှာ ငွေချေးပြီးတော့အကြွေးတွေ လိုက်ကောက်နေတဲ့လူတစ်စု ရှိနေခဲ့တယ်...အရာရှိတွေကလည်း အဲ့ဒီကိစ္စကို ကြားဝင်မစွက်ဖက်ရဲတာ အံ့အားသင့်စရာမရှိတော့ဘူး....အခုကြည့်ကြည့်တော့မှ အဲ့ဒီလူတွေရဲ့နောက်မှာ ထောက်ပံ့နေတာက သခင်လေးဟန်ဖြစ်နေတာပဲ"
"မင်း ပြောတာအမှန်ပဲ....အဲ့ဒီသခင်လေးဟန်က ကောင်းကင်ချိုးဖျက်ခံတပ်ထဲမှာ ဆိုးဝါးတဲ့လုပ်ရပ်တွေ လုပ်နေပြီးတော့ အာဏာရှင်ဆန်ဆန်ပြုမူနေတယ်...ဒီတစ်ကြိမ်တော့ သူကနောက်ဆုံးမှာ သံပြားကြီးကို ကန်မိတော့တာပဲ"
အမှောင်ထုအတွင်း၌ ပုန်းအောင်းနေသော လူတချို့ရှိနေသည်။သူတို့သည် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် ဝမ်းသာပျော်ရွှင်မှုကြောင့် လက်ခုပ်လက်ဝါးတီးလိုက်ကြသည်။
ဟန်ကျင်းယု၏ခန္ဓာကိုယ် တုန်ရီသွားကာ သူသည် မြေပြင်ပေါ်သို့လဲကျသွားလုနီးပါးပင်။
သူသည် ငွေချေးခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်မှာ အမှန်ဖြစ်သော်လည်း ဤလုပ်ငန်းနှင့်ပတ်သက်သည့် အရာများအားလုံးကိုနောက်ကွယ်မှသာလျှင် ထိန်းချုပ်ခဲ့သည်။
ယခုအချိန်၌ ထိုကိစ္စများထွက်ပေါ်လာသဖြင့် သူသည် အပြစ်ပေးခြင်းနှင့်ရင်ဆိုင်ရမည်သာမက သူ့၏ဖခင်လည်း ငြိစွန်းလာနိုင်သည်။
"တာယွီအင်ပါယာရဲ့စည်းမျဉ်းဥပဒေတွေအရ အတိုးနှုန်းက သုံးဆယ်ရာခိုင်နှုန်းထက် မကျော်ရဘူး...တကယ်လို့ ချေးငွေပြန်ဆပ်တာကိုနှောင့်နှေးကြန့်ကြာနေတယ်ဆိုရင်တောင် အတိုးနှုန်းက ငါးဆယ်ရာခိုင်နှုန်းထက်မကျော်ရဘူး..နှစ်နှစ်မပြည့်ခင်မှာ ချေးငွေက အင်မော်တယ်ကျောက်တုံးတစ်သန်းကနေ အင်မော်တယ်ကျောက်တုံးဆယ့်ခုနစ်သန်းအထိ မြင့်တက်သွားခဲ့တယ်....ငါ့ကိုပြောစမ်းပါ...ဒါက အကြွေးပြန်ဆပ်တာလို့ ခေါ်နိုင်သေးရဲ့လား...ဒါကအင်အားသုံးပြီးတော့ အတင်းအကြပ် ဂုတ်သွေးစုပ်နေတယ်ဆိုတာ အသိသာကြီးလေ"
လုယွီသည် သူ့၏လက်အတွင်းရှိ စာရင်းစာအုပ်ကို မြေပြင်ပေါ်သို့ပစ်ချကာ ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။
ယခုအချိန်၌ ဟန်ကျင်းယုသည် ထိတ်လန့်ကြောက်ရွံ့နေသော ငှက်ငယ်တကောင်နှင့်တူညီနေပေ၏။သူသည် ထိုအသံကိုကြားချိန်တွင်ထိတ်လန့်ကြောက်ရွံ့သွားကာ ခုန်ထမိတော့လုမတတ်ပင်။
နံဘေးတွင်ရှိနေသော ဟန်ချီက ဟန်ကျင်းယု၏ပခုံးကို ဖိနှိပ်လိုက်သည်။သူသည် လုယွီကိုကြည့်ကာ အလေးနက်ထားသောအသံဖြင့်ပြောဆိုလိုက်၏။
"အရှင်လု....ဒီလိုကိစ္စမျိုးတွေ ဖြစ်လာတာကို ငါလည်းမမြင်ချင်ပါဘူး....ငါ့အထင်တော့ ဒါက ငါရဲ့သားလုပ်တဲ့ကိစ္စတွေ မဖြစ်နိုင်ဘူး....သူ့ရဲ့လက်အောက်ငယ်သားတွေ သူ့ကိုလှည့်စားပြီး လုပ်ခဲ့တာပဲဖြစ်မယ်...သူတို့က ဒီကိစ္စကိုရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြတာပဲ...ငါတို့က ဒီကိစ္စကို အချိန်တစ်ခုယူပြီးတော့ ငါတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးလိုက်ပါ့မယ်...ပြီးတာနဲ့ ငါတို့က ဒီဖြစ်ရပ်တွေအတွက် ဖြေရှင်းချက်တစ်ခုကို ပေးပါ့မယ်"
"အရေးမပါတဲ့ ဖြေရှင်းချက်တွေကို ရှာနေစရာမလိုတော့ဘူး...ဒီငွေတွေထဲက အများစုက ဟန်ကျင်းယုရဲ့လက်ထဲကိုရောက်သွားတာလို့ ငါ ယုံကြည်တယ်"
ဟန်ချီ၏မျက်နှာအမူအရာ အနည်းငယ်ပျက်ယွင်းသွားကာ သူက အသံနက်ကြီးဖြင့်ပြောဆိုသည်။
"အရှင်လု ဒီလောကကြီးထဲမှာ ငွေချေးတဲ့လူတွေ အများကြီးရှိနေတယ်...တော်ဝင်နန်းတွင်းတောင်မှ ဒါကို ထိန်းချုပ်ထားရုံလောက်ပဲရှိတယ်....တင်းတင်းကြပ်ကြပ် တားမြစ်ကန့်သတ်ထားတာမျိုးမရှိဘူး...တကယ်လို့ ငါ့ရဲ့သားက မှားနေတယ်ဆိုရင်တောင် ဒါက ကြီးလေးတဲ့ရာဇဝတ်မှုမဟုတ်ဘူး....ဘာလို့ ဒီကိစ္စကိုအလွတ်ပေးဖို့ မင်း ခေါင်းမာနေတာလဲ"
လုယွီ၏မျက်ခုံးများ မြင့်တက်သွားကာ သူက တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်၏။
"မင်းပြောတာ တစ်ခုတော့ မှန်တယ်....ဒီလောကကြီးမှာ ငွေချေးတဲ့လူတွေ အများကြီးရှိနေတယ်...ဒါကိုမလုပ်ဖို့ တားမြစ်ကန့်သတ်ထားပေမယ့် လူတွေရဲ့လူမှုရေးဘဝအတွက် ဒါက မရှိမဖြစ်လိုအပ်နေတယ် ..ဒါပေမဲ့ မင်း သေချာကြည့်လိုက်အုံး...အဲ့ဒီစာရင်းစာအုပ်မှာ ဘာတံဆိပ်ကိုခတ်နှိပ်ထားတာလဲ"
"ကြည့်ရတာတော့ အရှင်လုက ငါ့ကိုသတ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားနေပုံပဲ...."
"ငါ မင်းကို မေးနေတာလေ..ဒီစာရင်းစာအုပ်ပေါ်မှာ ဘာတံဆိပ်ကို ခတ်နှိပ်ထားတာလဲ"
လုယွီက ရုတ်တရက်အော်ဟစ်လိုက်သည်။
သူ၏အော်ငေါက်သံတွင် နဂါးတစ်ကောင်၏ဟိန်းဟောက်သံ ရောယှက်နေပေ၏။ဤသည်မှာ အလွန်အမင်းကျယ်လောင်သည်။
ဤအချိန်အခိုက်အတန့်တွင် အလွန်အမင်းအစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်က ဟန်ချီ၏ခေါင်းထက်သို့ ဆင်းသက်လာသည်။ဟန်ချီသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ဤကဲ့သို့ ဖိအားအရှိန်အဝါနှင့်ခြိမ်းခြောက်မှုအောက်တွင် သူသည် တောင့်ခံနိုင်ခြင်း မရှိတော့ချေ။
အကန့်အသတ်မရှိသော ဖိအားအရှိန်အဝါနှင့်ရင်ဆိုင်ရချိန်၌ ဟန်ချီသည် သူ့၏မျက်လုံးများကိုဖွင့်ကာ သူ့ရှေ့ရှိစာရင်းစာအုပ်ပေါ်တွင် ခတ်နှိပ်ထားသော စည်းတံဆိပ်ကို ကြည့်လိုက်သည်။
အံ့အားသင့်ဖွယ်ကောင်းအောင်ပင် ထိုအနီရောင်တံဆိပ်တွင် ချန်းဖျင်သိုလှောင်ရုံဟူသော စာသားများ ဖော်ပြထားသည်။
"ဒါက ချန်းဖျင်သိုလှောင်ရုံရဲ့ စည်းတံဆိပ်ပဲ"
"ဒါက ချန်းဖျင်စည်းတံဆိပ်ဆိုတာ မင်း သိတယ်မဟုတ်လား...ချန်းဖျင်သိုလှောင်ရုံက ဘာကိုကိုယ်စားပြုတာလဲ...ဟန်ကျင်းယုက အုပ်ချုပ်ရေးအဖွဲ့ရဲ့နာမည်ဂုဏ်သတင်းကို အလွဲသုံးစားလုပ်ပြီးတော့ ငွေကြေးတွေကို ပြည်သူတွေဆီ ချေးငှားခဲ့တယ်...ဒါပေမဲ့ သူက အကြွေးပြန်သိမ်းတဲ့အချိန်မှာ အတိုးနှုန်းကို အဆမတန်မြှင့်တင်ထားခဲ့တယ်...ငွေကြေးတွေကို ပရမ်းပတာကောက်ခံခဲ့တာက တော်ဝင်နန်းတော်ရဲ့နာမည်ဂုဏ်သတင်းကို ညှိုးနွမ်းစေတဲ့ကိစ္စပဲ...တာယွီရဲ့စည်းမျဥ်းဥပဒေအရ ငါက အမြင့်ဆုံးပြစ်ဒဏ်စီရင်ရမယ်ဆိုရင် သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကိုဖျက်ဆီးရလိမ့်မယ်"
လုယွီက အော်ငေါက်ကာ သူ့၏အသံသည် ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်နေသည်။