အခန်း (၃၇၉၄-၃၇၉၇)
Vol. 193 Ch. 3794-3797
Chapter 3794
ချန်းဖျင်သိုလှောင်ရုံသည် နေရာအနှံ့အပြားတွင် တော်ဝင်နန်းတွင်းမှ တည်ဆောက်ထားသော သိုလှောင်ရေးနေရာများပင်။
ဤသိုလှောင်ရုံများအတွင်းတွင် အရေးပေါ်ကိစ္စများတွင် အသုံးပြုရန်အတွက် အရင်းအမြစ်အမြောက်အများကို သိုလှောင်သိမ်းဆည်းထားသည်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်အတောအတွင်းတွင် အတိတ်မှ တော်ဝင်အတွင်းဝန်သည် ကြီးမားသော မွမ်းမံပြင်ဆင်မှုကြီးတစ်ခုကို ပြုလုပ်ခဲ့သည်။သူသည် ထိုကိစ္စကို တရားစီရင်ရေးဌာနကြီးသုံးခုအား စီမံအုပ်ချုပ်စေခဲ့သည်။စစ်ပွဲများမရှိချိန်တွင် ချန်းဖျင်သိုလှောင်ရုံအတွင်းရှိ အရင်းအမြစ်များကို ငွေကြေးများဖြင့် လဲလှယ်အသုံးပြုစေသည်။ ထို့နောက် ထိုငွေကြေးများကို ပြည်သူပြည်သားများအား ချေးငွေများအဖြစ်ပေးကာ နည်းပါးသော အတိုးနှုန်းကိုသာ ပေးဆပ်စေသည်။
ဤနည်းလမ်းဖြင့် သာမန်ပြည်သူများကို ကူညီပေးနိုင်ရုံသာမကာ အုပ်ချုပ်ရေးအဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာသုံးစွဲငွေများကိုလည်း အနည်းငယ် ပြန်လည်ရရှိစေသည်။
သို့ရာတွင် ဤပြောင်းလဲမှုမျိုးသည် အဆင့်မြင့်အတန်းမြင့်မားသူများအတွက် များစွာအရေးပါခြင်းမရှိချေ။
အစွမ်းထက်သောကျင့်ကြံသူများနှင့် ချမ်းသာကြွယ်ဝသူများထံတွင် အင်မော်တယ်ကျောက်တုံးများ ပြတ်လပ်ခြင်းမရှိချေ။ထို့ကြောင့် သူတို့သည် ချန်းဖျင်သိုလှောင်ရုံမှချေးသော အင်မော်တယ်ကျောက်တုံးများကို ဂရုမစိုက်ကြပေ။ ကျင့်ကြံဆင့်နယ်ပယ်အားနည်းသူတချို့နှင့် သေမျိုးများသာလျှင် ချန်းဖျင်သိုလှောင်ရုံမှ ငွေကြေးများ ချေးယူကြလေ၏။
အုပ်ချုပ်ရေးရုံးတော်အတွင်း၌ တရားစီရင်ရေးဌာနကြီးသုံးခုသည် သေမျိုးကိစ္စစီမံခန့်ခွဲရေးဌာနနှင့် အဆင့်အတန်းခြင်းတူညီသည်။သူတို့သည် တော်ဝင်အတွင်းဝင်ရုံးလက်အောက်ရှိ ကြယ်မြစ်အသီးသီး၏ရုံးတော်ခွဲများဖြစ်သည်။ ကျင့်ကြံဆင့်နယ်ပယ် မြင့်မားသောကျင့်ကြံသူများသည် အုပ်ချုပ်ရေးရုံးတော်များနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိချေ။သို့ရာတွင် သာမန်သေမျိုးများအတွက်မူ ဤရုံးတော်များသည် ကောင်းကင်ဘုံနှင့်တူညီပေ၏။
စုန်ချင်းဖုန်းသည် ဤစည်းတံဆိပ်ကိုမြင်တွေ့ချိန်တွင် သူ့၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ဤကိစ္စ၏လွှမ်းမိုးနိုင်မှု မည်မျှထိကြီးမားသည်ကို သူ အလျှင်အမြန်သိရှိသွားသည်။
အုပ်ချုပ်ရေးရုံးတော်မှနေ၍ ချေးငွေများပေးအပ်ခဲ့ချိန်တွင် ဟန်မိသားစုသည် အတိုးနှုန်းကို ဆန္ဒရှိသည့်အတိုင်း ညှိယူထားခဲ့သဖြင့် ထိုချေးငွေ၏အတိုးနှုန်း အလွန်အမင်းမြင့်မားနေသည်။
အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေပါက လူအများအကြား၌ အုပ်ချုပ်ရေးအဖွဲ့၏နာမည်ဂုဏ်သတင်း လုံးလုံးလျားလျားကျဆင်းသွားပေမည်။
ထို့ပြင် အပိုကောက်ခံရရှိသောငွေကြေးများသည် ချန်းဖျင်သိုလှောင်ရုံအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမရှိချေ။အဆုံးသတ်၌ ထိုငွေကြေးများအားလုံးသည် ဟန်မိသားစု၏လက်အတွင်းသို့ရောက်ရှိသွားပေ၏။
ဤသည်မှာ အုပ်ချုပ်ရေးအဖွဲ့၏နာမည်ဂုဏ်သတင်းကို ဟန်မိသားစု၏အကျိုးစီးပွားနှင့်လဲလှယ်ခြင်း ဖြစ်နေသည်။
"တကယ်တော့ ငါ အရမ်းသိချင်မိတယ်...မင်းလိုမျိုး ချမ်းသာကြွယ်ဝတဲ့ လူငယ်သခင်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ချန်းဖျင်သိုလှောင်ရုံက ငွေကြေးတွေကို အသုံးပြုနိုင်တဲ့အခွင့်အရေးရှိနေတာလဲ"
လုယွီက ဟန်ကျင်းယုကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ဟန်ကျင်းယု၏မျက်နှာ ဖြူရော်နေပေ၏။သူသည် မြေပြင်ပေါ်၌ဒူးထောက်ကာ လုယွီကို အဆက်မပြတ် ဦးတိုက်အရိုအသေပြုနေသည်။ သူ့ထံတွင် ယခင်ကဲ့သို့ မောက်မာထောင်လွှားသောအမူအယာမျိုး မရှိတော့ချေ။
သို့ရာတွင် လုယွီသည် မတုန်မလှုပ်ရှိနေဆဲပင်။
"မင်းမှာ တာယွီအင်ပါယာရဲ့ကံကြမ္မာစွမ်းအားရှိနေတယ်"
လုယွီသည် ဟန်ကျင်းယုကိုကြည့်ကာ ရုတ်တရက် သူ့အား လက်ညှိုးညွှန်ပြီးပြောဆိုလိုက်၏။
"ထွက်လာခဲ့စမ်း"
ဟန်ကျင်းယု၏ခန္ဓာကိုယ် တုန်ရီသွားသည်။ ထို့နောက် ကံကြမ္မာစွမ်းအား၏နဂါးတကောင်ကသူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာကာ သူ့၏ခေါင်းထက်၌ ထွက်ပေါ်လာသည်။
ဟန်ကျင်းယု၏ခေါင်းထက်၌ 'ချန်းဖျင်သိုလှောင်ရုံမှူး'ဟူသောစာလုံးများ ထွက်ပေါ်လာပေ၏။
ဤသည်မှာ တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားများ လူတစ်ယောက်ထံသို့ ဆင်းသက်နေသည့် သင်္ကေတပင်။
သို့ရာတွင် တာယွီကောင်းကင်ဘုံအင်ပါယာအတွင်း၌ အရာရှိများသာလျှင် ဤကဲ့သို့ကံကြမ္မာစွမ်းအားကို ပိုင်ဆိုင်နိုင်ရန်အရည်အချင်းပြည့်မီသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် စုန်ချင်းဖုန်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုသည်။
"ဟမ့်...ဟန်ကျင်းယုက ဘာစစ်ရေးအောင်မြင်မှုမှာမရှိတဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်စုရဲ့ လူငယ်သခင်လေးတစ်ယောက် သက်သက်ပဲ... ချန်းဖျင်သိုးလောင်ရုံမှူးဆိုတာက အဆင့်မြင့်အရာရှိရာထူးနေရာ မဟုတ်ပေမယ့် အရာရှိတစ်ယောက် ဖြစ်နေတုန်းပဲ...အဲ့ဒီရာထူးနေရာက အဋ္ဌမအဆင့်အရာရှိရာထူးဖြစ်ပြီးတော့ တာယွီအင်ပါယာရဲ့ကံကြမ္မာစွမ်းအား ကောင်းချီးပေးမှုကိုရရှိတယ်...သူက ထိုက်တန်လို့လား...ငါ ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးရလိမ့်မယ်"
ဤစကားများသည် လျှပ်စီးမိုးကြိုးများအလား ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံး၏ အထက်ကောင်းကင်ယံအနှံ့ ပျံ့နှံ့သွားသည်။
ဝမ်ရှင်းအမတ်ကြီး၏နံပါတ်တစ်နည်းဗျူဟာရှင်ဖြစ်သော စုန်ချင်းဖုန်းသည် အမြဲတစေတည်ငြိမ်အေးဆေးပြီး ယဉ်ကျေးသိမ်မွေ့သူပင်။သို့ရာတွင် အကယ်၍ သူ အမှန်တကယ်ဒေါသထွက်လာပါက သူ့ထံတွင် လျှပ်စီးမိုးကြိုးကဲ့သို့စွမ်းအားမျိုး ရှိနေသည်။
ဟန်ချီ၏လုပ်ရပ်များမှတဆင့် သူ့၏သားဖြစ်သူကို ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ ရာထူးနေရာရရှိရန် စီစဉ်ပေးထားသည်မှာ သိသာထင်ရှားသည်။
မည်သည်ကြောင့် မည်သည့်စစ်ရေးအောင်မြင်မှုမျှမရှိသောလူသည် တော်ဝင်နန်းတွင်း၏အရာရှိတစ်ယောက် ဖြစ်လာသနည်း။
ဟန်ကျင်းယုအပြင် သူနှင့်တူညီသောအခြေအနေရှိသည့် တခြားလူများ မည်မျှထိများများရှိနေသည်ကို မည်သူ သိနိုင်မည်နည်း။
"တာယွီအင်ပါယာရဲ့ကံကြမ္မာစွမ်းအားက မင်းပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး"
လုယွီသည် သူ့၏လက်အတွင်းရှိ အရာရှိစည်းတံဆိပ်ကိုမြှောက်ကာ ဟန်ကျင်းယုကို လက်ညှိုးညွှန်လိုက်၏။
"ဒါကို ဖယ်ရှားလိုက်စမ်း"
Chapter 3795
ဟန်ကျင်းယု၏ခေါင်းထက်ရှိ ကံကြမ္မာစွမ်းအားနဂါးသည် ရုတ်တရက်လှုပ်ခတ်သွားကာ ပျက်ပြယ်စပြုလာသည်။
လုယွီ၏လက်အတွင်းရှိ အရာရှိစည်းတံဆိပ်မှနေ၍ စူးရှသောရွှေရောင်အလင်းတန်းအမြောက်အများ ဖြာထွက်လာကာ ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားပြီး ဟန်ကျင်းယု၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
"အား..."
ဟန်ကျင်းယုသည် စူးရှနာကျင်စွာအော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
သူ့၏ခန္ဓာကိုယ်တစ်ခုလုံး အားအင်ချည့်နဲ့သွားကာ သူ မည်သည့်စွမ်းအားကိုမျှ အသုံးမပြုနိုင်တော့သည်ကို ခံစားမိသည်။သူ့ထံတွင် မည်သည့် ကံကြမ္မာစွမ်းအားများမျှ မရှိတော့ရုံသာမက ယခင်က ရှိနေသော မှော်စွမ်းအားများလည်း တစတစပျက်ပြယ်စပြုလာသည်။
အချိန်တခဏကြာပြီးနောက် ဟန်ကျင်းယုသည်တစ်စုံတစ်ခုမှားယွင်းနေသည်ကို ရုတ်တရက် ခံစားမိလေ၏။သူသည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြုကာ သူ့၏ခန္ဓာကိုယ်အတွင်းသို့ စစ်ဆေးပြီးနောက် ရုတ်တရက် စူးရှကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"မင်းက ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ဖျက်ဆီးပစ်တာလား"
လုယွီသည် အမှန်တကယ်ကိုပင် ဟန်ကျင်းယု၏ကျင့်ကြံဆင့်နယ်ပယ်ကို ဖျက်ဆီးခဲ့ပေ၏။
ဤအချိန်အခိုက်အတန့်တွင် ဟန်ကျင်းယု၏မိုးကောင်းကင်လှိုဏ်ဂူ ခမ်းခြောက်နေလေပြီ။သူသည် မည်သည့်မှော်စွမ်းအားကိုမျှ ထပ်မံ၍စုဆောင်းနိုင်တော့မည် မဟုတ်ချေ။ ယခုချိန်တွင် သူသည် မသန်မစွမ်းတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိတော့ချေ။
သူသည် ယခင်က အသုံးမကျသောလူပေါ်ကျော့ဖြစ်သော်လည်း သူ့ဖခင်မှ သူ့အားပေးအပ်သော အကန့်အသတ်မရှိသည့် အရင်းအမြစ်များနှင့် သူ ရရှိခဲ့သော ကံကြမ္မာစွမ်းအားများကြောင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အဆများစွာခုန်ပျံကျော်လွှား၍ တိုးတက်လာခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ မည်သည့်အရာမျှ မကျန်ရှိတော့ချေ။
ဤလောကကြီးအတွင်း၌ ကျင့်ကြံဆင့်စွမ်းအားမရှိတော့ပါက သူသည် အသုံးမဝင်သောအမှိုက်ကောင်တစ်ကောင် ဖြစ်သွားပေမည်။
သူသည် ဟန်ချီ၏သားဖြစ်နေသည့်တိုင် မသန်မစွမ်းဘဝသို့ရောက်ရှိသွားပါက မိသားစုသည်ယခင်ကဲ့သို့ တူညီသောအရင်းအမြစ်မျိုး သူ့အား ထောက်ပံ့ပေးတော့မည်မဟုတ်ချေ။
ဟန်ချီက အော်ငေါက်လိုက်သည်။
"လုယွီ... မင်းက ဘယ်လိုလုပ်ပြီးတော့ ငါ့သားရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ဖျက်ဆီးပစ်တာလဲ...ငါ့ရဲ့သားက မင်းနဲ့ အငြင်းပွားခဲ့ရုံလေးပဲရှိတာ...ဘာလို့ မင်းက အရမ်းရက်စက်ကြမ်းကြုတ်ပြီးတော့ အညှာအတာကင်းမဲ့တာလဲ"
"ငါက ရက်စက်ကြမ်းကြုတ်ပြီးတော့ အညှာအတာကင်းမဲ့တာလား"
လုယွီက သရော်တော်တော်ပြောဆိုသည်။
"မင်းရဲ့သားလက်အောက်မှာရှိတဲ့ လူတွေက အတိုးကြီးစားပြီးတော့ လူတွေကို သူတို့ပြန်မဆပ်သင့်တဲ့ငွေတွေ အတင်းအကြပ်ဖိအားပေးတောင်းခံခဲ့တယ်...ဒါကမှ ရက်စက်ကြမ်းကြုတ်ပြီးတော့ အညှာအတာကင်းမဲ့တဲ့ လုပ်ရပ်မဟုတ်လား"
"သူက ဘာစစ်ရေးအောင်မြင်မှုမှမရထားဘဲနဲ့ သူ မပိုင်ဆိုင်သင့်တဲ့ အရာရှိရာထူးတစ်ခုကို သိမ်းပိုက်ထားတယ်...သူရထားတဲ့ လစာနဲ့ကံကြမ္မာစွမ်းအားက သူ့ရဲ့ပိုင်ဆိုင်မှု မဖြစ်သင့်ဘူး..ဒါက ရာဇဝတ်မှုတစ်ခုကို ကျူးလွန်တာမဟုတ်ဘူးလား"
"မင်း...."
ဟန်ချီသည် အလွန်ဒေါသထွက်နေလေ၏။ သူ၏ခန္ဓာကိုယ်မှ သွေးချီများပွင့်အံ့ထွက်လာကာ သူ့ကိုယ်သူဖောက်ခွဲ၍ လုယွီနှင့်အတူ သေကြေပျက်စီးသွားရန် ရည်ရွယ်လိုက်သည်။
သို့ရာတွင် လုယွီသည် ဟန်ချီကို တစ်ချက်သာကြည့်ကာ ရုတ်တရက်အော်ဟစ်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း"
ဘုန်း....
ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်မှကံကြမ္မာစွမ်းအားများ စုဝေးလာကာဟန်ချီ၏ပါးစပ်ကို ချိတ်ပိတ်လိုက်၏။
ဟန်ချီ၏မျက်လုံးများ ပြူးကျယ်နေကာ သူ့၏မျက်နှာ နီမြန်းသွားသည်။သူသည် ထပ်မံ၍ ကျယ်လောင်စွာစကားပြောဆိုနိုင်ခြင်း မရှိတော့ချေ။
"အဆိုးဆုံးကိစ္စက မင်းက မင်းရဲ့သားကို ငွေချေးခွင့်ပြုခဲ့တဲ့ ကိစ္စမဟုတ်ဘူး...မင်းက သူ့ကို ချမ်းဖျင်သိုလှောင်ရုံမှူးခန့်အပ်ခဲ့တဲ့ကိစ္စပဲ"
"ချမ်းဖျင်သိုလှောင်ရုံဆိုတာက နယ်မြေတွေမှာကပ်ဘေးတွေကျတဲ့အချိန်ကျရင် အကူအညီတွေ ထောက်ပံ့ပေးဖို့နဲ့ လူတွေရဲ့စိတ်ဓာတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် လုပ်ဆောင်ရတဲ့နေရာပဲ"
"မင်းက အဲဒီကိစ္စတွေကိုမသိဘူး....မင်းသိတာက အကျိုးအမြတ်တွေကို ဘယ်လိုရအောင်ယူရမလဲ ဆိုတာကိုပဲ....မင်းတို့လူတွေရဲ့ အကြွေးတွေကို အတင်းအကြပ်ကောက်ခံခံရတဲ့လူတွေက သူတို့ရဲ့စိတ်နှလုံးသားတွေထဲမှာ တော်ဝင်နန်းတွင်းကို နာကြည်းမုန်းတီးနေလောက်ပြီ"
"တာယွီအင်ပါယာနဲ့ထန်အင်ပါယာ စစ်ပွဲဖြစ်ပွားတဲ့အချိန်မှာ ထန်အင်ပါယာဘက်ကို လူတွေအများကြီး ဘာလို့ခိုဝင်သွားကြလဲဆိုတော့...မင်းတို့လို မုန်းစရာကောင်းတဲ့ဆန်ကုန်မြေလေးတွေကြောင့်ပဲ...မင်းတို့က နောက်ကွယ်ကနေ လူတွေရဲ့အရိုးတွေကိုရိုက်ချိုးပြီးတော့ သူတို့ရဲ့ရိုးတွင်းခြင်ဆီတွေကို စုပ်ယူနေကြတာပဲ...မင်းတို့ ယူဆောင်သွားခဲ့တဲ့အကျိုးအမြတ်တွေအတွက် အဲ့ဒီလူတွေက မင်းတို့ အပြစ်ဒဏ်ခံရဖို့ ဆုတောင်းနေကြလိမ့်မယ်"
လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အရာရှိစည်းတံဆိပ်ကိုမြှောက်ပြီး ပြောဆိုသည်။
"လာကြစမ်း....ချန်းဖျင်သိုလှောင်ရုံမှူးရဲ့ငွေစာရင်းကို ခုချက်ချင်းသွားပြီးစစ်ဆေးကြစမ်း...ငါက အသေးစိတ်ကျကျ အချက်အလက်တွေကို လိုချင်တယ်"
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အသံသည်ကောင်းကင်ချိုးဖျက်ခံတပ်တခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
ဤသည်မှာ လုယွီသည် ကောင်းကင်ချိုးဖျက်ခံတပ်၏အခွင့်အာဏာကို ရရှိပြီးနောက် ပထမဆုံးထုတ်ပြန်သောအမိန့်ပင်။
ရုတ်ချည်းဆိုသလိုပင် နေရာအမြောက်အများမှနေ၍ အရာရှိများပြေးထွက်လာကာ ချန်းဖျင်သိုလှောင်ရုံထံသို့ဦးတည်၍ ထွက်ခွာသွားကြသည်။
လုယွီ၏အမိန့်အတွင်း၌ 'ယခုချက်ချင်း'ဟူသော စကားလုံးပါရှိသည်။
ဤလှုပ်ရှားမှုသည် လက်ရှိနေရာကို စောင့်ကြည့်နေကြသောလူများအားလုံးအား အံ့အားသင့်တုန်လှုပ်သွားစေသည်။
အတိုးကြီးမားသောချေးငွေများကြောင့် ဒုက္ခရောက်ခဲ့သောလူများသည် ဝမ်းသာပျော်ရွှင်နေကာ စိတ်လှုပ်ရှားနေကြ၏။
"ကံဆိုးချင်တော့ တပ်မှူးလုက အခွင့်အာဏာစည်းတံဆိပ်ကို ယာယီပဲချုပ်ကိုင်ခွင့်ရထားတယ်....တကယ်လို့ သူသာ အခုထက်စောစောရောက်လာမယ်ဆိုရင်...ငါတို့တွေ ခုလောက်ထိ ဒုက္ခတွေအများကြီး ခံစားရမှာမဟုတ်ဘူး"
လူအမြောက်အများသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ သက်ပြင်းရှိုက်နေကြသည်။
Chapter 3796
စစ်ဆေးမှု စတင်လေပြီ။
သာမန်နေ့ရက်များတွင် ချန်းဖျင်သိုလှောင်ရုံသည် စစ်ဗျူဟာကျသော နေရာတစ်နေရာမဟုတ်ဘဲ အရေးပေါ်အကူအညီပေးရန်အတွက်သာ အသုံးပြုသောနေရာဖြစ်သည်။သာမန်အားဖြင့် ဤနေရာကို မည်သူမျှ များစွာဂရုစိုက်ခြင်းမရှိချေ။
သို့ရာတွင် ဤကဲ့သို့ ပြဿနာတစ်ခုဖြစ်ပွားသွားပြီးနောက် မူလက တိတ်ဆိတ်ငြိမ်သက်နေသော ချန်းဖျင်သိုလှောင်ရုံမှကိစ္စများ လူတိုင်း၏ရှေ့သို့ ထွက်ပေါ်လာသည်။
ဟန်ကျင်းယု၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေ၏။
ဤသည်မှာ သူ့၏ကျင့်ကြံဆင့်နယ်ပယ် ဖျက်ဆီးခံလိုက်ရခြင်းကြောင့်မဟုတ်ဘဲ သူ တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့သောကိစ္စများ ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။
သူ့၏အရာရှိရာထူးကို သူ၏ဖခင်ဟန်ချီမှ စီစဉ်ပေးထားခြင်းပင်။
ချန်းဖျင်သိုလှောင်ရုံအတွင်းတွင် ဟန်ကျင်းယုသည် ချမ်းသာကြွယ်ဝလာစေရန်အလို့ငှာ ဆိုးရွားသောလုပ်ရပ်မျိုးစုံကို ပြုလုပ်ခဲ့သည်။
သူ့၏ဖခင်သည် ယခင်က ထိုအရာများအားလုံးကို ဖိနှိပ်ထားခဲ့သော်လည်း ယခုကဲ့သို့ လူအများရှေ့၌ ထွက်ပေါ်လာချိန်တွင် ဟန်ချီထိန်းချုပ်နိုင်သော တစ်စုံတစ်ခုမဟုတ်တော့ချေ။
"လုယွီ...မင်း ဒီနေ့ ဘာတွေလုပ်ခဲ့ရလဲဆိုတာကို မှတ်ထားစမ်း...မင်းက စစ်ပွဲကာလအတောအတွင်းမှာ စစ်သားတွေရဲ့စိတ်ဓာတ်ကို ဖရိုဖရဲဖြစ်စေခဲ့တယ်...ငါက ဒီကိစ္စကို ချီဘုရင်ဆီသတင်းပို့ရလိမ့်မယ်"
ဟန်ချီ၏ပါးစပ်ကို ကောင်းကင်နှင့်မြေပြင်မှ ကံကြမ္မာစွမ်းအားများနှင့် ပိတ်ထားသဖြင့် သူသည် ကျယ်လောင်စွာ စကားပြောဆိုနိုင်ခြင်းမရှိချေ။သို့ရာတွင် သူ့၏စကားများတွင် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
လုယွီသည် အမှိုက်တစ်စကို ကြည့်နေသည့်အလား ဟန်ချီကို အေးစက်စက်ကြည့်လိုက်သည်။
"မင်းရဲ့ခြိမ်းခြောက်တာကို ငါက ကြောက်နေမယ်လို့ မင်း ထင်နေတာလား...ဒီလိုဆိုရင် ငါက ကောင်းကင်ချိုးဖျက်ခံတပ်ကိုတောင် မလာခဲ့ဘူး"
စုန်ချင်းဖုန်းသည် နှစ်ဖက်အကြားရှိ ပဋိပက္ခကိုမြင်တွေ့ချိန်တွင် အလျှင်အမြန်ပြောဆိုသည်။
"အရှင်လု...ချန်းဖျင်သိုလှောင်ရုံကိစ္စကို စုံစမ်းစစ်ဆေးဖို့က အချိန်နည်းနည်းတော့ကြာဦးမယ်...တပ်မှူးတဲကို အရင်ဆုံးပြန်ပြီးတော့စောင့်ဆိုင်းပါလား"
လုယွီက သူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။
"မလိုဘူး...ငါ ဖြေရှင်းစရာ ကိစ္စတစ်ခုရှိသေးတယ်"
လုယွီ၏စကားကိုကြားချိန်တွင် လက်ရှိနေရာ၌ရှိနေသော လူများ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
ဤလက်ဝဲစစ်တပ်၏တပ်မှူးသည် ကိစ္စများကိုအလွန်လျင်မြန်စွာဖြေရှင်းပြီး ပြတ်သားပေ၏။ သူသည် အခွင့်အာဏာကိုရရှိသည်နှင့် မဟာစစ်ဗိုလ်ချုပ်တယောက်ကို ချိုးနှိမ်နိုင်ခဲ့သည်။
ဤကိစ္စပြီးဆုံးသွားပြီဟု လူတိုင်းတွေးတောနေသော်လည်း လုယွီသည် အလွတ်မပေးဘဲ နေအုံးမည်ဟု သူတို့ မျှော်လင့်မထားမိချေ။သူသည်အမှန်တကယ်ကိုပင် တခြားကိစ္စတစ်ခုကို ပြုလုပ်လိုပေ၏။
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။လူတိုင်းသည် အေးစက်စက်အလင်းတန်းတတန်းက သူတို့အား ဖြတ်သန်းသွားသည်ကိုခံစားမိသည်။လုယွီ၏မြင့်မြတ်သောအရှိန်အဝါအောက်တွင် မည်သူကမျှခေါင်းမော့ပြီး သူ့အားတိုက်ရိုက်မကြည့်ဝံ့ချေ။
"ငါက နင်းရှို့ရဲ့အိမ်မှာ တော်တော်လေးထူးဆန်းတဲ့ ကိစ္စတစ်ခုကို ရှာတွေ့ခဲ့တယ်...နင်းရှို့ရဲ့ဇနီး ပြောတဲ့စကားအရ နင်းရှို့က တိုက်ပွဲကွင်းပြင်မှာသေသွားခဲ့တယ်....ဒါပေမဲ့ ဒေသခံအာဏာပိုင်တွေက သူ့ကို စစ်ပြေးအဖြစ် သတ်မှတ်ခဲ့တာကြောင့် ရလဒ်အနေနဲ့ နင်းရှို့ရဲ့ ဇနီးနဲ့သားက ဘာလျော်ကြေးငွေကိုမှမရခဲ့ဘူး....သူတို့ရဲ့နေ့စဉ်ဘဝမှာ အသက်ရှင်သန်ဖို့တောင် အရမ်းခက်ခဲနေခဲ့တယ်....နင်းရှို့ကို ဘာလို့ စစ်ပြေးလို့သတ်မှတ်ခဲ့လဲဆိုတာ ငါ သိချင်တယ်"
လုယွီက မေးမြန်းသည်။
သူ ထိုကဲ့သို့ ပြောဆိုလိုက်သောအကြောင်းအရင်းမှာ ဖေးထျန်ကွမ်း၏ လူရွေးချယ်သောအရည်အချင်းကို လုယွီ ယုံကြည်သောကြောင့်ပင်။
ကောင်းကင်ကွန်ရက်မှ သူလျှိုများထံတွင် ကွဲပြားခြားနားသော နောက်ခံများရှိသော်လည်းသူတို့သည် ဤကဲ့သို့ သစ္စာဖောက်မှုတစ်ခုကို မည်သည့်နည်းဖြင့်မျှ ကျူးလွန်ကြမည်မဟုတ်ချေ။ဖေးထျန်ကွမ်းသည် လူများကိုအသုံးပြုရာ၌ အဓိကသော့ချက်သည် ထိုလူများ၏အကျင့်စရိုက်ဖြစ်ပြီး အရည်အချင်းသည် ဒုတိယနေရာတွင်သာရှိသည်။
လုယွီ၏စကားကိုကြားချိန်တွင် လူတိုင်းသည် သူ့နောက်တွင်ရှိနေသည့် တုန်ရီနေသော သားအမိနှစ်ယောက်ကို ကြည့်လိုက်ကြ၏။
ဤသားအမိနှစ်ယောက်သည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ သာမန်လူနှစ်ယောက်ပင်။သူတို့သည် ဤကဲ့သို့ ရာထူးကြီးမားသောလူများကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသဖြင့် ဤအချိန်အခိုက်အတန့်တွင် ထိတ်လန့်ကြောက်ရွံ့နေကြသည်။
အမျိုးသမီး၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။သူသည်လုယွီ၏အဆင့်အတန်းကို မသိရှိသော်လည်း စုန်ချင်းဖုန်း မည်သူမည်ဝါဖြစ်သည်ကို သူမ သိရှိထားသည်။စုန်ချင်းဖုန်းသည် လုယွီကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသည်ကိုကြည့်ပြီး သူမသည် စိတ်မအေးသကဲ့သို့ ခံစားမိလေ၏
စုန်ချင်းဖုန်းက ပြောဆိုသည်။
"သာမာန်အရဆိုရင်တော့ တိုက်ပွဲကွင်းပြင်မှာသေဆုံးသွားတဲ့ စစ်သားတွေရဲ့ နာမည်နဲ့စစ်ရေးအောင်မြင်မှုတွေကို စစ်စခန်းမှာ မှတ်တမ်းတင်ထားတယ်...တကယ်လို့ အဲ့ဒီလိုအခြေအနေမျိုးတကယ်ဖြစ်သွားခဲ့တယ်ဆိုရင် ထွက်ပြေးသွားတဲ့အချိန်ကိုသိတာနဲ့ နယ်မြေခံစစ်စခန်းက ချက်ချင်းစစ်ဆေးရတယ်"
စစ်တပ်မြို့တမြို့ဖြစ်သော ကောင်းကင်ချိုးဖျက်ခံတပ်သည် ကြယ်မြစ်အတွင်းတွင်ရှိသော တခြားမြို့များနှင့် ကွဲပြားခြားနားသည်။
ခံတပ်အတွင်းရှိ မိသားစုများအားလုံးသည် နယ်မြေခံရုံးတော်တွင် မှတ်တမ်းတင်ထားရလေ၏။
သောင်းစုမှူးရုံးတော်ပင်လျှင် အစောင့်စခန်းတစ်ခုအဖြစ် တာဝန်ယူဆောင်ရွက်နေရသည်။သာမာန်အားဖြင့် ဤနေရာသည် မြို့သူမြို့သားများကို စီမံခန့်ခွဲရန်အတွက်ပင်။သို့ရာတွင် စစ်ပွဲအချိန်အတွင်းတွင်မူ တိုက်ခိုက်နိုင်စွမ်းရှိသောလူတိုင်း စစ်သားများ ဖြစ်လာကြသည်။
"စစ်ပွဲအချိန်မှာ ထွက်ပြေးသွားတဲ့ လူတွေကိုစစ်ဆေးရတဲ့ နယ်မြေခံအရာရှိက ဘယ်သူလဲ"
စုန်ချင်းဖုန်းက ရုတ်တရက်မေးမြန်းသည်။
Chapter 3797
ပတ်ဝန်းကျင်ရှိလူများ ရုတ်တရက် လှုပ်လှုပ်ရွရွဖြစ်သွားသည်။ထို့နောက် လူဝကြီးတစ်ယောက်သည် လူအုပ်အကြားမှနေ၍ တိုးထွက်လာကာသူ့၏နဖူးပြင်ပေါ်တွင် ချွေးများဖြင့်ရွှဲနစ်နေသည်။
"လမ်းဖယ်ပေးကြ....လမ်းဖယ်ပေးကြစမ်း
ထိုလူသည် အစိမ်းရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်။သို့ရာတွင် သူသည် အလွန်ဝဖြိုးနေခြင်းကြောင့် သူ့၏အဝတ်အစားများသည် စုတ်ပြဲနေပေ၏။
ထိုလူသည် စုန်ချင်းဖုန်း၏ရှေ့သို့ အပြေးသွားကာ ချက်ချင်းဆိုသလိုပင် ဒူးထောက်လိုက်သည်။
"ဒီအရာရှိ....ဒီအရာရှိက တိုက်ပွဲကာလမှာထွက်ပြေးတဲ့လူတွေကို တာဝန်ယူစစ်ဆေးရတဲ့ ရာအိမ်မှူးကျန်းပေါင်ပါ...ဆရာစုန်ကို အရိုအသေပြုပါတယ်"
ကျန်းပေါင်သည် စကားပြောဆိုနေစဉ်တွင် သူ့အသက်ကို ပြင်းပြင်းထန်ထန် ရှုရှိုက်နေရသည်။ တခြားလူများသည် သူ့ကိုမြင်တွေ့ချိန်၌ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
ကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်များကို တမင်သက်သက် ထိန်းညှိခြင်းမပြုသော်လည်း ဤကဲ့သို့ ကြောက်ခမန်းလိလိဝဖြိုးနေသောခန္ဓာကိုယ်ကို မြင်တွေ့ချိန်တွင် လူအများသည် နှာခေါင်းရှုံလိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ ရာအိမ်မှူးတစ်ယောက်ဖြစ်သော ကျမ်းပေါင်ကို အငယ်တန်းအရာရှိတစ်ယောက်ဟု ယူဆနိုင်သည်။ဤကဲ့သို့ရုပ်ခန္ဓာကိုယ်မျိုးဖြင့် သူ့ထံတွင် ရန်သူများအား ခုခံကာကွယ်ရန် စွမ်းရည်မျိုးရှိသည်ဟု ယုံကြည်နိုင်ရန် အလွန်အမင်းခက်ခဲသည်။
စုန်ချင်းဖုန်းက လုယွီကိုလက်ညှိုးညွှန်ပြကာ ကျန်းပေါင်ကို ညွှန်ကြားလိုက်၏။
"ဒါက လက်ဝဲစစ်တပ်ရဲ့တပ်မှူးအရှင်လုယွီပဲ...သူက အခုချိန်မှာ ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ စစ်ရေးကိစ္စတွေနဲ့အုပ်ချုပ်မှုကိစ္စတွေ အားလုံးအတွက် အခွင့်အာဏာအပြည့်အဝ ရှိနေတယ်...မင်းက အရှင်လုနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမယ်...ဘာကိုမှ ဖုံးကွယ်ထားဖို့ မကြိုးစားနဲ့"
ကျန်းပေါင်၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးသော အမူအယာမျိုး ချက်ချင်းထင်ဟပ်လာသည်။သူက လုယွီကို ဦးညွှတ်အရိုအသေပြုကာ ပြောဆိုသည်။
"ကျွန်တော်က အရှင်လုရဲ့ကြီးမြတ်တဲ့နာမည်ကို ကြားဖူးတာ အချိန်အတော်ကြာနေပါပြီ...အရှင်လုရဲ့နာမည်ဂုဏ်သတင်းကို လူတိုင်း သိနေကြတယ်...ဒီနေ့ အရှင်လုကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ရတဲ့အချိန်မှာ အရှင်က တကယ့်ကို လူတွေကြားက နဂါးတစ်ကောင်ပဲ"
ဤအပြုအမူသည် လက်ရှိနေရာတွင်ရှိနေသောလူအများစု၏မျက်နှာများပေါ်၌ အထင်အမြင်သေးသော အမူအယာများ ထင်ဟပ်လာစေသည်။
တာယွီတော်ဝင်နန်းတွင်း၏ အရာရှိများထံ၌ သူတို့၏ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိသည်။သူတို့အားလုံးသည် ကျင့်ကြံသူများဖြစ်ပေ၏။ရာထူးအဆင့်နိမ့်သောအရာရှိများပင်လျှင် သူတို့၏အထက်လူကြီးများကို မြင်တွေ့ချိန်၌ ဤကဲ့သို့ ပြုမူလေ့မရှိချေ။
"တော်သင့်ပြီ...ငါက မလိုအပ်တဲ့စကားတွေကို မပြောချင်ဘူး...မင်း နင်းရှို့ကို သိလား"
လုယွီက အလေးနက်ထားသောအသံဖြင့် ပြောဆိုသည်။
ကျန်းပေါင်က အလျှင်အမြန် ခေါင်းညိတ်လိုက်၏။
"ကျွန်တော် သိပါတယ်...ရာအိမ်စုရုံးတော်ရဲ့ လက်အောက်မှာရှိတဲ့လူတိုင်းက နင်းရှို့ကို သိကြပါတယ်"
"နင်းရှို့က စစ်ပြေးအဖြစ် သတ်မှတ်ခံလိုက်ရတယ်.... ငါ သိချင်တာက အဲ့ဒီကိစ္စကို မင်းတို့ရာအိမ်စုရုံးတော်က ဘယ်လိုမျိုး စုံစမ်းစစ်ဆေးခဲ့တာလဲ"
လုယွီက တိုက်ရိုက်မေးမြန်းလိုက်သည်။
လုယွီ၏မေးခွန်းကိုကြားချိန်တွင် ကျန်းပေါင်၏မျက်နှာပေါ်တွင် ရုတ်တရက် ခါးသည်းသောအမူအယာမျိုး ထင်ဟပ်လာသည်။
"အရှင်လု...အရှင် မသိပါဘူး...ကျွန်တော်တို့ရာအိမ်စုရုံးတော်မှာ လူအင်အားအကန့်အသတ်ရှိပြီးတော့ စစ်ပွဲက အရမ်းပြင်းထန်တယ်...
ကျွန်တော်တို့မှာ အတိအကျစုံစမ်းစစ်ဆေးဖို့အတွက် အချိန်မရှိဘူး...ရာအိမ်စုရုံးတော်မှာရှိတဲ့ လူတွေရဲ့ တစ်ဝက်လောက်က ရှေ့တန်းကိုပြောင်းရွှေ့သွားရတယ်...ဒါကြောင့် ဒီကိစ္စတွေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးချင်ရင်တောင် အရမ်းနောက်ကျနေပြီ"
စုန်ချင်းဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ရူးနေတာလား...မင်းက စစ်ပြေးတွေရဲ့ကိစ္စလိုမျိုး အရေးကြီးတဲ့အရာမျိုးကို အတည်မပြုခင် မင်းကိုယ်တိုင် သေချာစုံစမ်းစစ်ဆေးရမှာလေ...ဘာစုံစမ်းစစ်ဆေးမှူးမှမရှိဘဲနဲ့ မင်းက သူတို့ကို စစ်ပြေးလို့ သတ်မှတ်လိုက်တာလား"
လုယွီသည် ထိုအဖြေကိုကြားချိန်တွင် ဒေါသထွက်သွားခြင်းမရှိချေ။ထိုအစား သူကခေါင်းညိတ်ပြကာ ပြောဆိုသည်။
"မင်းတို့ဆီမှာ လူအင်အားမလုံလောက်ဘူးဆိုတာက သဘာဝကျတဲ့ကိစ္စပဲ...ဒီနေ့ ငါကိုယ်တိုင် အဲ့ဒီကိစ္စကို စစ်ဆေးမယ်...နင်းရှို့က တိုက်ပွဲကွင်းပြင်မှာ သေဆုံးခဲ့မှတော့ မှတ်တမ်းကျန်ခဲ့သင့်တယ်...အဲ့ဒီမှတ်တမ်းစာရွက်တွေ အခုဘယ်မှာလဲ"
ကျန်းပေါင်သည် သူ့၏လက်ကိုဖြန့်ကားကာ အပြစ်ကင်းမဲ့သောမျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။
"အရှင်လု....အရှင်ရောက်လာတာက အရမ်းတိုက်ဆိုင်လွန်းတယ်....မှတ်တမ်းစာရွက်တွေကို တာဝန်ယူတဲ့စာရေးက နေမကောင်းလို့ ခွင့်ယူထားတယ်...ကျွန်တော်ကလည်း တခြားအလုပ်တွေနဲ့ရှုပ်နေတာ အချိန်အတော်ကြာနေပြီ...ရုံးတော်မှာရှိတဲ့ စာရွက်စာတန်းတွေက တောင်တစ်လုံးစာလောက် စုပုံနေပြီ...တကယ်လို့ ကျွန်တော်က အရှင့်အတွက် ရှာပေးချင်တယ်ဆိုရင်တောင် အချိန်တော်တော်ကြာကြာယူရမှာကို ကျွန်တော် စိုးရိမ်မိတယ်"
လုယွီက ပြုံးလိုက်ကာ ကျန်းပေါင်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။
ဤသတ္တမအဆင့်အရာရှိဖြစ်သောကျမ်းပေါင်၏ ယခုလက်ရှိအပြုအမူများသည် လူအများအား သံသယဝင်စေသည်။
စစ်ပွဲအတွင်းရှိ မှတ်တမ်းစာရွက်များကို စုံစမ်းစစ်ဆေးခြင်းသည် အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်သော်လည်း ကျန်းပေါင်သည် မည်သည့်ပြဿနာမျှ မရှိသည့်အလား ပြောဆိုနေခဲ့သည်။
သူသည် လုယွီကို ထိုမှတ်တမ်းစာရွက်များ လွှဲပြောင်းမပေးလိုဘဲ ရှုပ်ထွေးသောအကြောင်းပြချက်များ ပေးနေလေ၏။ထိုသို့ဖြစ်ရခြင်းမှာ ကျန်းပေါင်သည် လုယွီကို ထိုမှတ်တမ်းစာရွက်များအား မည်သို့မျှ မမြင်တွေ့စေလိုသောကြောင့် ဖြစ်ပေမည်။