အခန်း (၃၇၉၈-၃၈၀၁)
Vol. 193 Ch. 3798-3801
Chapter 3798
"ကောင်းပြီလေ...ကျန်းပေါင်...မင်း မလုပ်နိုင်မှတော့ ငါ မင်းရဲ့ကိုယ်စား လုပ်ပေးမယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ကျန်းပေါင်က အပြုံးနှင့် တုံ့ပြန်လိုက်၏။
"အရှင်လု....တကယ်လို့ အရှင်က စုံစမ်းစစ်ဆေးချင်တယ်ဆိုရင် အရှင် လုပ်လို့ရတယ်...ဒါပေမဲ့ အခုချိန်မှာ ထန်အင်ပါယာရဲ့စစ်တပ်က နယ်စပ်ကို ဖိနှိပ်ထားတယ်...အရှင်က အဲ့ဒီနေရာကိုသွားပြီးတော့ အရှင်နဲ့ဆိုင်တဲ့ကိစ္စကိုပဲ လုပ်သင့်တယ်...မှတ်တမ်းစာရွက်တွေကို စစ်ဆေးတဲ့ကိစ္စအတွက်ကတော့ ဒီအရာရှိနဲ့ပဲ ထားခဲ့သင့်တယ်"
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူ့၏လက်အတွင်းရှိ အရာရှိစည်းတံဆိပ်ကြောင့် သူသည်ကောင်းကင်ချိုးဖျက်ခံတပ်တခုလုံးကို အာရုံခံနိုင်ပြီး ချက်ချင်းဆိုသလိုပင် ရာအိမ်စုရုံးတော်၏တည်နေရာကို ရှာဖွေတွေ့ရှိသွားသည်။
သူသည် ကောင်းကင်ချိုးဖျက်ခံတပ်၏ကံကြမ္မာစွမ်းအားမှ အသိအမှတ်ပြုမှုကို ရရှိပြီးဖြစ်သည်။အတွေးတစ်ချက်နှင့်အတူ သူသည်နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ မည်သည့်ရုံးတော်၏တည်နေရာကိုမဆို ရှာဖွေနိုင်သည်။
ရာအိမ်စုရုံးတော်သည် တာယွီတော်ဝင်နန်းတွင်းမှပြင်ပလောကတွင် တည်ဆောက်ထားသော ရုံးတော်အများစုနှင့်တူညီသည်။ခြံဝန်းအတွင်းတွင်ပြင်ပရုံးတော်အတွင်းသို့ ဝင်ရောက်ရန် ဝင်ပေါက်သုံးပေါက်ရှိပြီး ကြားနာခြင်းနှင့်ရုံးပိုင်းဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုလေ၏။ ထို့နောက် ခြံဝင်းငယ်သုံးခု၏နောက်တွင် စားပွဲအမြောက်အများရှိနေပြီး ထိုအရာများပေါ်၌ စာရွက်စာတမ်းများရှိနေသည်။
ယခုလက်ရှိချိန်တွင်ဤရုံးတော်အတွင်း၌ အနည်းငယ်ခြောက်ကပ်နေကာ ပြုပြင်မွမ်းမံခြင်းမရှိသည်မှာ အချိန်အတော်ကြာမြင့်နေပုံရသည်။ရုံးတော်အတွင်း၌ အလုပ်လုပ်ကိုင်နေသော လူအမြောက်အများမရှိဘဲ လူလေးယောက်ငါးယောက်ခန့်သာ မတ်တတ်ရပ်၍ အေးအေးလူလူ စောင့်ကြပ်နေကြသည်။
"ဘုန်း...."
ထိုအချိန်မှာပင် ရုံးတော်၏အထက်ကောင်းကင်ယံမှနေ၍ တောက်ပသောအလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာကာ ကံကြမ္မာစွမ်းအားများလည်း ကျရောက်လာပေ၏။
"ဘာဖြစ်တာလဲ"
ငိုက်မျဥ်းနေသော ရုန်းတော်အစောင့်များသည် ရုတ်တရက် နိုးထလာကာ သူတို့အားလုံးသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် မိုးကောင်းကင်ယံကို ကြည့်လိုက်ကြသည်။
အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများသည် ရုံးတော်၏အထက်သို့ ချက်ချင်းဆိုသလိုပင် ရွေ့လျားလာကာ ကံကြမ္မာနဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။ထိုအရာသည် နဂါးလက်သည်းကို ဆန့်တန်းကာ စာကြည့်ဆောင်အတွင်းရှိ စာရွက်စာတမ်းများကို ဖမ်းဆုပ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် စာကြည့်ဆောင်အတွင်း၌ တောင်တစ်လုံးစာမျှစုပုံနေသောစာရွက်စာတမ်းများအားလုံးသည် နှင်းပွင့်လွှာများအလား ရှည်လျားသောကံကြမ္မာနဂါးကြီး၏လက်အတွင်းသို့ ပျံသန်းသွားသည်။
လူများအားလုံး ကြက်သေသေသွားသည်။
မိုးကောင်းကင်ယံအတွင်း၌ ထောင်သောင်းချီသော မှတ်တမ်းစာရွက်များသည် မျောလွင့်လာကာ လုယွီ၏ရှေ့၌ လှည့်ပတ်ပျံဝဲနေပေ၏။
ဤစာရွက်စာတမ်းများသည် အလွန်ရှုပ်ထွေးကာ အမျိုးမျိုးသောအခန်းကဏ္ဍများနှင့် ဆက်စပ်နေသည်။ထိုအရာများသည် ပင်လယ်သမုဒ္ဒရာတမျှ ကျယ်ပြန့်သည်။အတွေ့အကြုံရှိသော မှတ်တမ်းစာရေးများပင်လျှင် သူတို့အလိုရှိသော မှတ်တမ်းစာရွက်ကို ဤအရာအတွင်းမှ ရှာဖွေရန်မှာ လွယ်ကူသောတာဝန်တစ်ရပ်မဟုတ်ချေ။
လုယွီသည် တည်ငြိမ်အေးဆေးစွာဖြင့် ထိုမှတ်တမ်းစာရွက်ပင်လယ်ကြီးကို စူးစိုက်ကြည့်လိုက်သည်။ သူသည် အချိန်အတော်ကြာတိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ရုတ်တရက် သူ့၏လက်ညှိုးကိုမြှောက်ကာ မှတ်တမ်းစာရွက်ပင်လယ်ကြီးကို လက်ညှိုးညွှန်လိုက်၏။
ထိုမှတ်တမ်းစာရွက်များအနက်မှ စာရွက်တစ်ထပ်သည် လုယွီ၏လက်အတွင်းသို့ ချက်ချင်းဆင်းသက်လာသည်။
ထိုမှတ်တမ်းစာရွက်ပေါ်တွင် နင်းရှို့နှင့်တခြားလူတချို့၏နာမည်များကို မှတ်တမ်းတင်ထားသည်။ဤသည်မှာ တိုက်ပွဲအတွင်း၌ သေဆုံးခဲ့ရသော လူများ၏နာမည်စာရင်းပင်။ နာမည်တစ်ခုစီ၏နောက်တွင် သူတို့၏မွေးဖွားရာဇာတိ ကျင့်ကြံဆင့်နယ်ပယ် တာဝန်ကျစစ်တပ်နှင့်စစ်ရေးအောင်မြင်မှုများ ပါရှိသည်။
ထိုစာရင်းစာရွက်၏အဆုံးသတ်၌ အနီရောင်မင်ဖြင့် စစ်ပြေးဟူသောအမှတ်အသားကို ရေးထိုးထားသည်။
ကျန်းပေါင်သည် ကြက်သေသေနေလေ၏။လုယွီသည် ဤမှတ်တမ်းစာရွက်များကို အလွန်လျှင်မြန်စွာ ရှာတွေ့သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ လုယွီ၏စိတ်စွမ်းအား အလွန်အမင်းအစွမ်းထက်သည်ဟု ဆိုလိုခြင်းပင်။သူ့၏စိတ်စွမ်းအားများကို ဖြန့်ကျက်အသုံးပြုရုံသက်သက်ဖြင့် မှတ်တမ်းစာရွက်များအားလုံးကို သူ့ရှေ့သို့ ရွှေ့ပြောင်းနိုင်စွမ်းရှိသည်။
ဤနည်းလမ်းကြောင့်လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များနှင့်စစ်သားများအားလုံးသည် လုယွီကို ကွဲပြားခြားနားသောအမြင်ဖြင့် ကြည့်လိုက်ကြ၏။
လုယွီသည် ထိုမှတ်တမ်းစာရွက်များကို ထပ်မံ၍လှန်ကြည့်လိုက်ရာ ထိုအရာပေါ်၌ နာမည်ဆယ်ခုကျော်ကို မှတ်တမ်းတင်ထားသည်။
ဤသည်မှာ ကင်းထောက်အဖွဲ့တစ်ခုဖြစ်ပြီး ခေါင်းဆောင်သည် နင်းရှို့ပင်။
ကင်းထောက်အဖွဲ့ရှိ လူတိုင်း၏နာမည်နောက်တွင် စုတ်တံဖြင့် ကြက်ခြေခတ်ခက်ထားသည်။ဆိုလိုသည်မှာ ဤလူများသည်သေဆုံးသွားပြီဟု ထုတ်ပြန်ကြော်ငြာခြင်းပင်။
သို့ရာတွင် လုယွီသည် ဤကင်းထောက်အဖွဲ့၌ လူဆယ်ယောက်ကျော်ရှိနေသည်ကို သတိပြုခဲ့မိသည်။ထိုလူဆယ်ယောက်ကျော်၏ နာမည်များနောက်တွင် စစ်ပြေးဟူသော စကားလုံးပါရှိသည်။
လုယွီသည် ဤမှတ်တမ်းစာရွက်ကိုရရှိသွားသည်ကို မြင်တွေ့ချိန်တွင် ကျန်းပေါင်၏မျက်နှာအမူအယာ မသိမသာပျက်ယွင်းသွားသည်။
သို့ရာတွင် ကျန်းပေါင်သည် ထိုမှတ်တမ်းစာရွက်ပေါ်တွင် ရေးသားထားသောအရာများကိုမြင်တွေ့ချိန်၌ အလျှင်အမြန်ပြုံးလိုက်၏။ထို့နောက် သူက ပြောဆိုသည်။
"အရှင်...အဲ့ဒီမှတ်တမ်းစာရွက်ပေါ်မှာ အဖြူနဲ့အမည်းကို သဲသဲကွဲကွဲရေးထားပါတယ်...သူတို့အားလုံးက တိုက်ပွဲအတွင်းမှာ ထွက်ပြေးသွားခဲ့တဲ့လူတွေပါ...တာယွီအင်ပါယာရဲ့ဥပဒေအရ သူတို့ကို စစ်ပြေးအဖြစ်သတ်မှတ်ရတယ်....သူတို့ရဲ့မိသားစုတွေကို ငြိစွန်းခြင်းမရှိစေတာကတင် သူတို့ကို သနားငဲ့ညာရာ ရောက်နေပြီ"
Chapter 3799
ထိုမှတ်တမ်းစာရွက် ထွက်ပေါ်လာချိန်တွင်ပတ်ဝန်းကျင်ရှိ နတ်ဘုရားစိတ်အာရုံများသည်ထိုအရာပေါ်သို့ ကျရောက်သွားသည်။
သို့ရာတွင် သူတို့သည် ထိုအရာပေါ်တွင် ခတ်နှိပ်ထားသော စစ်ပြေးစည်းတံဆိပ်ကို မြင်တွေ့ချိန်၌ သူတို့အနက်မှ လူတချို့၏မျက်နှာများပေါ်တွင် အထင်အမြင်သေးသောအမူအယာများ ထင်ဟပ်လာသည်။
သူတို့အားလုံးသည် ရှေ့တန်းမှနေ၍ ထန်အင်ပါယာနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြရသည်။သို့ရာတွင် လုယွီပြောဆိုခဲ့သော နင်းရှို့မှာမူ အမှန်တကယ်ကိုပင် စစ်ပြေးတစ်ယောက်ဖြစ်နေလေ၏။
တိုက်ပွဲကွင်းပြင်ပေါ်၌ စစ်ပြေးများသည် အထင်အမြင်သေးခံရဆုံးလူများပင်။
လုယွီက ဆက်လက်၍မေးမြန်းသည်။
"တော်ဝင်စစ်ရေးဌာနက ထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေအရ တကယ်လို့ စစ်တပ်ထဲမှာစစ်ပြေးတစ်ယောက် ရှိလာတယ်ဆိုရင် သူတို့ရဲ့ပြစ်မှုတွေကို အတည်ပြုရတယ်....ဒါပေမဲ့ အဲဒီလိုအတည်ပြုဖို့အတွက် အနည်းဆုံးမျက်မြင်သက်သေနှစ်ယောက် ဒါမှမဟုတ် လုံလောက်တဲ့ သက်သေအထောက်အထား လိုအပ်တယ်...အဲ့ဒီအချိန်ကျမှသာ သူတို့ကိုစစ်ပြေးလို့ သတ်မှတ်နိုင်တယ်...မင်းမှာ သက်သေတစ်ခုခုရှိနေလား"
ကျန်းပေါင်၏မျက်နှာပေါ်ရှိအပြုံး ရုတ်တရက်တောင့်တင်းသွားသည်။
သူသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားကာ လုယွီကို လွယ်လင့်တကူအရူးလုပ်၍မရကြောင်း ချက်ချင်းသိနားလည်သွားသည်။
စစ်တပ်အတွင်း၌ ဤကဲ့သို့သိသာထင်ရှားသည့်စည်းမျဉ်းများရှိနေသော်လည်း ထိုစည်းမျဉ်းများကို နှံ့စပ်ကျွမ်းကျင်သူများမှသာ သိရှိနိုင်သည်။အဆင့်မြင့်အရာရှိများသည် ဤကဲ့သို့ အသေးအမွှားအချက်အလက်များကို ဂရုစိုက်လေ့မရှိချေ။
သို့ရာတွင် လုယွီသည် ဤစည်းမျဥ်းများကိုရှင်းရှင်းလင်းလင်းသိနေပေ၏။
"သူတို့ရဲ့ကင်းထောက်အဖွဲ့က လူတွေအားလုံး သေဆုံးသွားခဲ့တယ်...စစ်ဆေးဖို့အတွက် တစ်ယောက်မှ မကျန်ခဲ့ဘူး...သူတို့က ထွက်ပြေးသွားတာလည်းဖြစ်နိုင်သလို တခြားအခြေအနေတစ်ခုလည်း ဖြစ်နေနိုင်တယ်...ဒါပေမဲ့ ဒီအရာရှိက အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းမသိပါဘူး"
ကျန်းပေါင်သည်သူ၏ခေါင်းကိုခါယမ်းကာ ဆက်လက်၍ငြင်းဆန်နေဆဲပင်။
လုယွီသည် ကျန်းပေါင်ကိုစူးစိုက်ကြည့်ကာ ရုတ်တရက်အသံနက်ကြီးဖြင့် ပြောဆိုသည်။
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်း သိထားသမျှအရာရာတိုင်း ငါ့ကိုပြောစမ်း...ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့"
"မင်း ငါ့ကိုအမှန်အတိုင်းပြောမယ်ဆိုရင် ငါ မင်းကို သက်ညှာပေးမယ်....ဒါက မင်းအတွက်နောက်ဆုံးအခွင့်အရေးပဲ...တကယ်လို့ ငါကိုယ်တိုင်ရှာဖွေဖော်ထုတ်ရမယ်ဆိုရင်တော့ မင်း အကျိုးဆက်တွေကို တောင့်ခံဖို့စဉ်းစားထားပါ"
ကျန်းပေါင်သည် သူ့၏နောက်စေ့ကိုပွတ်သပ်နေကာ အပြုံးတစ်ခုက သူ့၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
"အရှင်လု...ကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့နုံအမှုအတွက် ခွင့်လွှတ်ပေးပါ...အရှင် ဘာကိုပြောချင်တာလဲဆိုတာ ကျွန်တော် တကယ်မသိဘူး"
လုယွီက သူ့၏မျက်လုံးကို စုံမှိတ်လိုက်၏။ကျန်းပေါင်၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး တစ်စုံတစ်ခုကိုဖုံးကွယ်ထားသည်အား သူ ခန့်မှန်းမိသည်။
စုန်ချင်းဖုန်းသည် ကျန်းပေါင်ကို စောင်းငဲ့ကြည့်ပြီးနောက် ရုတ်တရက် လုယွီအား မေးမြန်းလေ၏။
"အရှင်လု...ဒီရာအိမ်မှူးနဲ့ပတ်သက်ပြီးတော့ ပြဿနာတစ်ခုခု ရှိနေလို့လား"
လုယွီသည် အကြောင်းပြချက်မရှိဘဲတစ်စုံတစ်ခုကိုပြောဆိုမည်မဟုတ်ဟူသော ခံစားချက်မျိုး သူ ရရှိနေသည်။
သို့ရာတွင် ဤရာအိမ်မှူးသည် သတ္တမအဆင့် အသေးအမွှားအရာရှိတစ်ယောက်ပင်။လုယွီသည် မည်သည်ကြောင့် ဤကဲ့သို့ ပြဿနာမျိုးပြုလုပ်သည်ကို သူ မသိရှိချေ။
လုယွီက မှတ်တမ်းစာရွက်တစ်ရွက်ကို စုန်ချင်းဖုန်းထံ လက်ကမ်းပေးပြီးပြောဆိုသည်။
"ဘာမှားနေလဲဆိုတာ မင်း ပြောနိုင်လား"
စုန်ချင်းဖုန်းသည် ထိုမှတ်တမ်းစာရွက်ကိုယူပြီးနောက် အချိန်တခဏကြာခန့် ဂရုတစိုက်စစ်ဆေးလိုက်သည်။ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်၏။
"ဒီစစ်ပြေးအမှတ်အသားရဲ့နောက်မှာ သီးသန့်စည်းတံဆိပ်မရှိဘူး"
ယေဘုယျကျကျပြောဆိုရလျှင် စစ်သားတစ်ယောက်၏ သေဆုံးကြောင်းမှတ်တမ်းစာရွက်ကိုအတည်ပြုပြီးနောက် စစ်ဆေးသူ၏သီးသန့်စည်းတံဆိပ် ရှိနေရပေမည်။
သို့ရာတွင် ဤစာရွက်ပေါ်၌ စစ်ပြေးဟူသော စည်းတံဆိပ်သာ ရှိနေသည်။စစ်ဆေးသူ၏ သီးသန့်စည်းတံဆိပ်ရှိမနေချေ။
ထိုစစ်ဆေးသူများသည် စစ်တပ်အတွင်း၌ သစ္စာဖေါက်ဟုယူဆနိုင်သူများနှင့် တခြားရာဇဝတ်မှုများကိုကျူးလွန်ခဲ့သောလူများအားလုံးကို စစ်ဆေးရသောတာဝန်ကို ယူဆောင်ရသည်။
"ဒါက အမှန်ပဲ...သီးသန့်စည်းတံဆိပ်မရှိရုံတင်မကဘူး...ဒီမှတ်တမ်းစာရွက်ပေါ်မှာ အသုံးပြုထားတဲ့ စည်းတံဆိပ်က မမှန်ကန်တာ အသိသာကြီးပဲ...တကယ်လို့ နင်းရှို့က စစ်ပြေးတစ်ယောက်ဖြစ်နေရင်တောင် ရလဒ်က စစ်ပွဲကနေ ထွက်ပြေးတယ်လို့ သံသယရှိတယ်ပဲ ဖြစ်သင့်တယ်...မျက်မြင်သက်သေမရှိ စစ်ဆေးတဲ့အရာရှိရဲ့သီးသန့်စည်းတံဆိပ်မရှိဘဲနဲ့ ဒီမှတ်တမ်းစာရွက်မှာ ဟာကွက်တွေနဲ့အပြည့်ပဲ"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ဒီ...ဒီအရာရှိက တကယ့်ကို မသိပါဘူး"
ကျန်းပေါင်၏အသံ အနည်းငယ်တုန်ရီနေသည်။ သူ့၏မျက်ခွံများ တဆတ်ဆတ်လှုပ်နေပေ၏။ သူ့၏လက်များ အဆက်မပြတ်တုန်ရီနေကာ သူ့၏စိတ်လှုပ်ရှားမှုကို ပြသနေသည်။
လုယွီသည် ဤမျှထိ အမြောက်အများသိရှိနေမည်ဟု သူ အမှန်တကယ်ကိုမျှော်လင့်မထားမိချေ။
သာမန်အားဖြင့် ရုံးတော်ကိစ္စများကို အချိန်အတော်ကြာ ကိုင်တွယ်ဖြေရှင်းခဲ့သောအရာရှိများသာလျှင် ထိုအသေးစိတ်အချက်အလက်များကို နားလည်သဘောပေါက်နိုင်ပေမည်။
အဆင့်မြင့်အရာရှိများကမူ သူတို့၏ကျင့်ကြံဆင့်နယ်ပယ် မြင့်မားလာရန် ကျင့်ကြံနေကြပြီး သာမန်အားဖြင့် ဤကဲ့သို့ နေ့စဉ်ကိစ္စများကိုပြုလုပ်ရန် သူတို့၏လက်အောက်ငယ်သားများကိုသာ စေလွှတ်လေ့ရှိသည်။ထိုအဆင့်မြင့်အရာရှိများသည် အောက်ခြေရှိ အသေးအမွှားကိစ္စများနှင့် ပတ်သက်ပြီး များစွာသိရှိခြင်းမရှိချေ။
ထို့ကြောင့် တချို့သောကိစ္စများတွင် အရာရှိများသည် သူတို့၏လက်အောက်ငယ်သားများမှလှည့်စားခြင်းကို ခံခဲ့ရသည်။
Chapter 3800
"မင်းက ဝန်မခံချင်မှတော့ ကောင်းပြီလေ...ဒီမှတ်တမ်းစာရွက်ကို ရေးခဲ့တဲ့လူက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ပင်မစစ်စခန်းကပဲ ဖြစ်မယ်...ဒါကြောင့် ဒီမှတ်တမ်းစာရွက်ရဲ့ မိတ္တူကျန်နေဦးမှာပဲ...ငါ အဲ့ဒါကိုစစ်ဆေးကြည့်လိုက်ရင် သိရလိမ့်မယ်"
လုယွီက အေးစက်စက်အော်ငေါက်လိုက်သည်။ သူသည် အရာရှိတံဆိပ်ကို ထပ်မံ၍ကိုင်မြှောက်ကာ လေထုအတွင်းမှတစ်ဆင့် ပင်မစစ်စခန်းမှမှတ်တမ်းစာရွက်များ၏မိတ္တူတစ်စုံကို ယူဆောင်လိုက်သည်။
မှတ်တမ်းစာရွက်၏မိတ္တူဟူသော စကားကိုကြားချိန်တွင် ကျန်းပေါင်သည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား ပြုတ်ကျသွားကာသူ့၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။
သူသည် လုယွီကို လျှော့တွက်ခဲ့မိပေ၏။
အကယ်၍ အတိတ်တွင်ဆိုပါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ခေတ်ကာလမတိုင်မီတွင်...
တော်ဝင်နန်းတွင်းမှ စေလွှတ်သောအရာရှိများသည် ခွန်အားကြီးမားရုံသာရှိပြီး အမျိုးမျိုးသော အုပ်ချုပ်ရေးရုံးတော်ကိစ္စများကိုကိုင်တွယ်ရာတွင်မူ အရည်အချင်းကင်းမဲ့ကြသည်။သူတို့သည် များသောအားဖြင့် အလှပြရုပ်တုများဖြင့်သာ တူညီနေပေ၏။အချိန်ကြာလာသည်နှင့်အမျှ သူတို့၏အခွင့်အာဏာများကိုလက်အောက်မှလူများ၏ အပိုင်စီးခြင်းကို ခံခဲ့ရသည်။
တစ်ချိန်က တောပုန်းဓားပြများ နေရာအနှံအပြားတွင်ရှိနေကာ ဂိုဏ်းအင်အားစုများ ထင်ရာစိုင်းနေသော နယ်မြေတစ်ခုရှိခဲ့သည်။
တော်ဝင်နန်းတွင်းသည် အလွန်အမင်းအစွမ်းထက်သောစစ်ဗိုလ်ချုပ်တစ်ယောက်ကိုစေလွှတ်၍ ထိုနယ်မြေကို စီမံအုပ်ချုပ်စေသည်။ အချိန်အတော်ကြာပြီးနောက် မျှော်လင့်ထားသကဲ့သို့ပင် ရလဒ်သည် အလယ်အလတ်အဆင့်၌ ရှိနေပေ၏။တစ်ချိန်က ပမာမခန့်နိုင်သော ဓားပြများနှင့်ဂိုဏ်းများအားလုံးသည် ထိုအစွမ်းထက်သောစစ်ဗိုလ်ချုပ်၏ ထိန်းချုပ်ဟန့်တားခြင်းကို ခံလိုက်ရသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုနယ်မြေအတွင်းမှာ လူများ၏နေထိုင်မှုဘဝသည် ကောင်းမွန်ခြင်းမရှိချေ။
တော်ဝင်နန်းတွင်းမှ စုံစမ်းစစ်ဆေးပြီးနောက် သူတို့သည် ထိုဖရဲဖရိုဖရဲဖြစ်မှုများ၏ မူရင်းဇစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ထိုကိစ္စများအားလုံးသည် ဒေသခံအာဏာပိုင်အဖွဲ့ရှိ အရာရှိငယ်များ လက်ချက်ကြောင့်ပင်။နယ်မြေတာဝန်ခံအဖြစ် ဆောင်ရွက်သော စစ်ဗိုလ်ချုပ်သည် အပြောင်းအလဲတစ်ခုကို ပြုလုပ်နိုင်ခဲ့သော်လည်း သူသည် လက်အောက်ခံနယ်မြေအနှံ့ကို လွှမ်းမိုးနိုင်ခြင်းမရှိချေ။သူသည် လက်အောက်ငယ်သားများကိုစေလွှတ်၍ ထိုကိစ္စများကို လုပ်ဆောင်စေခဲ့သည်။ထိုလက်အောက်ငယ်သားများသည် ဆိုးရွားသောလုပ်ဆောင်ချက်များကို ဆောင်ရွက်ခဲ့သော်လည်း စစ်ဗိုလ်ချုပ်သည် မည်သည့်ကိစ္စကိုမျှ မသိရှိခဲ့ချေ။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ လက်ထက်အတွင်းတွင် တော်ဝန်နန်းတွင်းမှ တော်ဝင်စာမေးပွဲများ၌ ခွန်အားစစ်ဆေးခြင်းအပြင်စာပေပညာရပ်စစ်ဆေးခြင်းကိုလည်း ဖြည့်စွက်ခဲ့သည်။အဆုံးသတ်၌ တစ်စုံတစ်ယောက်သည်ကျင့်ကြံဆင့်နယ်ပယ် မိုးထိမြင့်မားနေလျှင်ပင် အကယ်၍ သူသည် စာပေစာမေးပွဲကို အောင်မြင်ခြင်းမရှိပါက ကျောင်းတော်သားတစ်ယောက် ဖြစ်လာမည်မဟုတ်ချေ။
လုယွီသည် ထိပ်သီးကျောင်းတော်သားဖြစ်ရုံသာမက စစ်ဆေးမှူးသုံးခုလုံး၌ ပထမနေရာကိုရရှိခဲ့သူပင်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဉာဏ်များနှင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းတွင် လေ့လာသင်ယူခဲ့မှုများအရ သူသည် စည်းမျဉ်းဥပဒေများနှင့်လုပ်ရိုးလုပ်စဉ်များကို သူ့၏လက်ဖမိုးကဲ့သို့ ကောင်းစွာသိရှိထားသည်။
ကျန်းပေါင်သည် လုယွီကို လှည့်စားနိုင်မည်ဟုတွေးထင်ခဲ့သည်။သို့ရာတွင် အရာအားလုံးသည် လုယွီ၏ထိန်းချုပ်မှုအောက်၌ ရှိနေပေ၏။
မှတ်တမ်းစာရွက်တစ်စုံက အလွန်လျှင်မြန်စွာဖြင့် လုယွီ၏လက်အတွင်းသို့ ကျရောက်လာသည်။
ဤမှတ်တမ်းစာရွက်သည် မိတ္တူသာဖြစ်သော်လည်း ယခင်စာရွက်ထက် ပို၍ခိုင်မာသည်။ဤစာရွက်ပေါ်တွင် ပင်မစစ်စခန်း၏စည်းတံဆိပ်ကို ခတ်နှိပ်ထားရုံသာမက စစ်တပ်မှ စစ်ဆေးရေးမှူးအရာရှိ၏သီးသန့်စည်းတံဆိပ်အပြင် တပ်မှူး၏အရာရှိစည်းတံဆိပ်လည်းပါရှိသည်။
ဤကင်းထောက်အဖွဲ့မှ နာမည်များ၏နောက်တွင် သူတို့ရရှိခဲ့သော စစ်ရေးအောင်မြင်မှုများ အတန်းလိုက်ရှိနေသည်။
နင်းရှို့သည် ရန်သူလေးဆယ့်ကိုးယောက်ကိုသတ်ဖြတ်ခဲ့ပြီး ရန်သူစစ်ဗိုလ်ချုပ်နှစ်ယောက်ကိုဒဏ်ရာရရှိစေခဲ့သည်။သူသည် တင်းကြပ်စွာဝိုင်းရံပိတ်ဆို့ခြင်းခံရကာ သေသည်အထိ တိုက်ခိုက်သွားခဲ့ပေ၏။
ကွေ့ယွီသည် ရန်သူလေးယောက်ကိုသတ်ဖြတ်ခဲ့ကာ ထက်ရှသောမြှားတစင်းကြောင့် သေဆုံးသွားခဲ့ရသည်။
လီရှုံးဝူသည် ရန်သူဆယ့်သုံးယောက်ကိုသတ်ဖြတ်ခဲ့သည်။သူသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့ပြီးနောက် တန်ပြန်ဒဏ်ကိုခံစားရကာ သေဆုံးသွားခဲ့လေ၏။
ထိုလူတစ်ယောက်ချင်းစီ၏ တိုက်ပွဲအောင်မြင်မှုများနောက်တွင် 'သစ္စာစောင့်သိခြင်း'ဟူသော စာလုံးများပါသည့် ရွှေရောင်စည်းတံဆိပ်ကို ခတ်နှိပ်ထားသည်။
ဤကင်းထောက်အဖွဲ့မှ လူတိုင်းသည် တိုက်ပွဲစစ်မြေပြင်တွင် သူရဲကောင်းဆန်ဆန်သေဆုံးသွားရခြင်း ဖြစ်သည်။
မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ပွဲစစ်မြေပြင်မှ ထွက်ပြေးသွားခဲ့ခြင်းမရှိချေ။
ဤကဲ့သို့ လုံးလုံးလျားလျား ကွဲပြားခြားနားနေသော မှတ်တမ်းစာရွက်နှစ်ခုကိုကြည့်ပြီး ပတ်ဝန်းကျင်၌ရှိနေသောလူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
အထူးသဖြင့် သူတို့သည် နင်းရှို့၏ တိုက်ပွဲရလဒ်များကိုမြင်တွေ့ချိန်တွင် လက်ရှိနေရာ၌ရှိနေသော စစ်သားအများစုသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ရိုသေလေးစားမှုကိုခံစားမိလေ၏။
လူတစ်ယောက်တည်းဖြင့် ရန်သူလေးဆယ့်ကိုးယောက်ကို သတ်ဖြတ်ခဲ့ကာ ရန်သူစစ်ဗိုလ်ချုပ်နှစ်ယောက်ကို ဒဏ်ရာရရှိစေခဲ့သည်မှာ မည်ကဲ့သို့စွမ်းဆောင်ရည်မျိုးဖြစ်သနည်း။
တိုက်ပွဲစစ်မြေပြင်၌ သူ့အား စစ်ဘုရားဟုပင်ယူဆနိုင်သည်။
"ငါ့ရဲ့ခင်ပွန်းက စစ်ပြေးတစ်ယောက်မဟုတ်ဘူးဆိုတာ ငါ ခုမှသိရတယ်"
အမျိုးသမီးသည် ရုတ်တရက် အော်ဟစ်ငိုယိုကာ ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့ပြေးလာပြီး ထိုမှတ်တမ်းစာရွက်ကို သူမ၏လက်ဖြင့် ဆုပ်ကိုင်လိုက်၏။
မည်သည့်စစ်သားကမျှ သူမကို ဟန့်တားခြင်းမရှိချေ။
အကြောင်းအရင်းမှာ ထိုစစ်သားများ၏စိတ်နှလုံးသားများ အေးစက်နေခြင်းကြောင့်ပင်။
တိုက်ပွဲစစ်မြေပြင်၌ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကာ သစ္စာစောင့်သိသည်ဟု သတ်မှတ်ခံရသည့် ရဲရင့်သော စစ်သားတစ်ယောက်သည် သေဆုံးသွားပြီးနောက် စစ်ပြေးအဖြစ် မှားယွင်းစွပ်စွဲခြင်းခံခဲ့ရသည်။သူ၏မိန်းမနှင့်ကလေးသည်လည်း ဤကဲ့သို့ လူမဆန်သောဆက်ဆံမှုမျိုးကို ခံစားခဲ့ရလေ၏။
မည်သူမည်ဝါဖြစ်နေပါစေ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ခံစားချက်များမကောင်းလှချေ။
"အရှင်...ကျွန်တော်ပြောတာကို နားထောင်ပါအုံး ...ဒီကိစ္စတွေအားလုံးဟာ ကျွန်တော်ရဲ့အကြံအစည်တွေ မဟုတ်ပါဘူး"
ကျန်းပေါင်သည် ရုတ်တရက် မြေပြင်ပေါ်တွင်ဒူးထောက်ကာ အော်ဟစ်လိုက်သည်။
Chapter 3801
ဒုန်း...ဒုန်း...ဒုန်း....
ကျန်းပေါင်သည် လုယွီ၏ရှေ့၌ ဒူးထောက်နေသည်။သူ့၏ခေါင်းဖြင့် မြေပြင်ကိုအဆက်မပြတ် တိုက်နေသဖြင့် ကျယ်လောင်ပြီးပြင်းထန်သောအသံများ ထွက်ပေါ်နေသည်။
ကြည့်ရသည်မှာ သူသည် အမှန်တကယ်ကိုထိတ်လန့်ကြောက်ရွံနေပုံပင်။သူ ဦးတိုက်သည့်အချိန်တိုင်း အင်အားများစွာ ထုတ်ဖော်အသုံးပြုခဲ့သည်။သူ့၏နဖူးပေါ်၌ ဒဏ်ရာတစ်ခု ထွက်ပေါ်လာကာ သွေးများယိုစီးကျနေသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့်နီးပါး ဦးတိုက်ပြီးနောက် ကျန်းပေါင်သည် သူ့၏ပတ်ဝန်းကျင်မှနေ၍ မည်သည့်အသံမျှထွက်မလာသည်ကို ခံစားမိသည်။သူသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် လုယွီကို ကြည့်လိုက်၏။
သို့ရာတွင် သူ ခေါင်းမော့လိုက်သည်နှင့် လုယွီသည် သူ့အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"အခုချိန်ကျမှ မင်းက မင်းရဲ့အမှားကိုဝန်ခံဖို့သိတယ်....ဒါက အသုံးဝင်အုံးမယ်လို့ မင်း ထင်နေတာလား"
လုယွီ၏အသံသည် အလွန်အမင်း အေးစက်တင်းမာနေသည်။
"ဒီတကြိမ်မှာ ငါ ဒါကိုရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်....ဒါပေမယ့် ငါ မရှာရသေးတဲ့နေရာတွေမှာ အပြစ်မဲ့တဲ့လူတွေ ဘယ်လောက်များများ မင်းတို့ရဲ့ကြံစည်မှုကို ခံရပြီးပြီလဲ"
"နယ်မြေခံရာအိမ်မှူးတစ်ယောက်ဖြစ်တဲ့ မင်းက ပင်မစစ်စခန်းက ထုတ်ပေးတာနဲ့ ကွဲပြားခြားနားနေတဲ့ မှတ်တမ်းစာရွက်တစ်ခုကို ပြုလုပ်ခဲ့တယ်... ဒီကိစ္စကို မင်းက တခြားလူတွေဆီ လွှဲချလိုက်ရုံနဲ့ အပြစ်ကနေ ကင်းလွတ်နိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"
ဤအချိန်အခိုက်အတန့်တွင် ကျန်းပေါင်၏မျက်နှာပေါ်၌ သွေးများဖုံးလွမ်းနေကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး ဖုန်အလိမ်းလိမ်းကပ်နေသည်။
သို့ရာတွင် လက်ရှိနေရာတွင်ရှိနေသော မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို သနားခြင်းမရှိချေ။
ဤသည်မှာ လူအများ၏တိုက်ပွဲမှတ်တမ်းများကို သစ္စာစောင့်သိသောစစ်သားများအဖြစ်မှနေ၍ စစ်ပြေးများအဖြစ်သို့ပြောင်းလဲခဲ့ခြင်းပင်။မည်သူမည်ဝါဖြစ်နေပါစေ သူတို့သည် ဤကိစ္စကို လက်ခံနိုင်ခြင်းမရှိချေ။
ကျန်းပေါင်သည် မရေမတွက်နိုင်သောမျက်လုံးအကြည့်များက သူ့အား စူးစိုက်ကြည့်နေသည်ကို ခံစားမိလေ၏။ဤအချိန်အခိုက်အတန့်တွင် ဘေးကပ်ဆိုးကြီးတစ်ခုသည် သူ့ထံသို့ ကျရောက်လာတော့မည်အလားပင်။
သို့ရာတွင် အလွန်လျှင်မြန်စွာဖြင့် ကျန်းပေါင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူယာတစ်ရပ်ထင်ဟပ်လာကာ သူက ပြောဆိုသည်။
"အရှင်လု....မင်းက ကောင်းကင်ချိုးဖျက်ခံတပ်ကလူ မဟုတ်ဘူး...ဒါကြောင့် မင်းက ဒီနေရာကအခြေအနေတွေကို နားမလည်ဘူး...ငါက ယင်ကောင်ငယ်လေးတစ်ကောင်ပဲ...တကယ်လို့မင်း ငါ့ကို ရှင်းထုတ်မယ်ဆိုရင်တောင် ဘာမှထူးခြားလာမှာမဟုတ်ဘူး...ဒါပေမဲ့ ဒီကိစ္စရဲ့နောက်မှာ အင်အားစုတွေ အများကြီးရှိနေတယ်... မင်းက စစ်ပွဲအချိန်ကာလအတွင်းမှာ စစ်သားတွေရဲ့စိတ်ဓာတ်ကို ပျက်ပြားစေချင်တာလား"
ထိုစကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော စစ်သားများ၏မျက်လုံးများ စူးရှတောက်ပသွားသည်။သို့ရာတွင် သူတို့သည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိချေ။
ဤကဲ့သို့ ကိစ္စတစ်ခုဖြစ်ပွားသည်မှာ အလွန်ရှားပါးသော်လည်း ကောင်းကင်ချိုးဖျက်ခံတပ်တွင်း၌နေထိုင်သော စစ်သားအများစုသည် ဤကောလဟာလသတင်းများကို အနည်းနှင့်အများ ကြားဖူးကြလေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် သစ္စာစောင့်သိသူဟုဆုံးဖြတ်ခြင်းခံရပါက တော်ဝင်နန်းတွင်းမှပေးအပ်သည့် နှစ်သိမ့်ကြေးငွေသည်အနည်းဆုံး အင်မော်တယ်ကျောက်တုံးငါးသောင်းဖြစ်ကာ အများဆုံးအနေဖြင့် အင်မော်တယ်ကျောက်သုံးသုံးသန်းဖြစ်သည်။
ထို့ပြင် ဤသည်မှာ အခြေခံအကျဆုံးနှစ်သိမ့်ကြေးငွေသာဖြစ်သည်။ထိုသစ္စာစောင့်သိသော ကွယ်လွန်သူစစ်သား၏ ကျန်ရစ်သူမိသားစုသည် နှစ်စဉ်နှစ်တိုင်း အုပ်ချုပ်ရေးအဖွဲ့မှနေ၍ နှစ်သိမ့်ကြေးငွေတချို့ကို ပုံမှန်ရရှိပေမည်။
ဤကဲ့သို့ ကြီးမားသောဆုကြေးငွေများရခြင်းကြောင့် လူတချို့ထံတွင် မရိုးသားသောအကြံအစည်များ ရှိလာကြသည်။သူတို့သည် ထိုနှစ်သိမ့်ကြေးငွေများအပေါ် ပစ်မှတ်ထားကြလေ၏။ကောလဟာလများအရ တချို့လူများသည် ထိုသစ္စာစောင့်သိသောစစ်သား၏ မိသားစုဝင်များအားလုံးကို သတ်ဖြတ်လိုက်သည်။ထို့နောက် သူတို့သည် ထိုမိသားစုဝင်များအယောင်ဆောင်၍ ထိုငွေကြေးများကို တိတ်တဆိတ်လက်ခံကြသည်။
အမှန်အားဖြင့် ဤသည်မှာ ကောလဟာလကြားဖူးကြရုံသာဖြစ်ပြီး မည်သူမျှ အစစ်အမှန်ကြုံတွေ့ဖူးခြင်းမရှိချေ။
ကျန်းပေါင်သည် ဤသို့ပြောဆိုဝံ့သဖြင့် သူ၏နောက်တွင် နောက်ခံတစ်ခုရှိနေရပေမည်။ ထိုသို့မဟုတ်ပါက သူ့ကဲ့သို့နိမ့်ကျသောအရာရှိငယ်တယောက်ဖြစ်သည့် ရာအိမ်မှူးတစ်ယောက်သည် ဤသို့ပြောဆိုသည်မှာ သေလမ်းရှာဖွေခြင်းသာဖြစ်ပေမည်။
"စစ်သားတွေရဲ့စိတ်ဓာတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းရမှာလား...တကယ်လို့ ဒီသေးငယ်တဲ့ပြဿနာလေးကြောင့် ကောင်းကင်ချိုးဖျက်ခံတပ်က စစ်သားတွေရဲ့စိတ်ဓာတ် ပျက်စီးသွားမယ်ဆိုရင်...ငါ့အထင်တော့ သူတို့တွေအားလုံး ဒီခံတပ်ကို ဆက်ပြီးစောင့်ကြပ်ဖို့မလိုတော့ဘူး"
လုယွီသည် အရာရှိစည်းတံဆိပ်ကို ဆက်လက်၍ထိန်းချုပ်ကာ မိုးကောင်းကင်ယံကိုဖြတ်သန်း၍ ရာအိမ်စုရုံးတော်မှ မှတ်တမ်းစာရွက်များကို ထပ်မံ၍ယူဆောင်လိုက်သည်။
ထိုမှတ်တမ်းစာရွက်များ၏မျက်နှာပြင်များပေါ်တွင် ထူထပ်သိပ်သည်းသော ကိန်းဂဏန်းများရှိနေသည်။ထိုအရာများသည် ရုံးတော်၏ဘဏ္ဍာရေးဆိုင်ရာအသုံးစရိတ်များနှင့်ဝင်ငွေများအတွက် မှတ်တမ်းများပင်။
အကယ်၍ ဤသည်မှာ သေးငယ်သောရာအိမ်စုရုံးတော်တစ်ခုဖြစ်သည့်တိုင် နေ့စဉ်နေ့တိုင်း ထိုရုံးတော်မှ မှတ်တမ်းယူရသည့် စာရွက်စာတမ်းအရေအတွက်သည် နည်းပါးခြင်းမရှိချေ။
ထိုငွေစာရင်းများတွင် ကိန်းဂဏန်းများသာမက ထူးဆန်းသော ကိန်းဂဏန်းအမှတ်အသားများလည်းရောနှောနေသည်။သာမန်အားဖြင့် မှတ်တမ်းမှတ်ရာများကို ကိုင်တွယ်ရန် အထူးသီးသန့်လေ့ကျင့်ပေးခြင်းခံထားရသူများသာလျှင် ဤအရာများကို နားလည်နိုင်ပေမည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဤကဲ့သို့များပြားသော မှတ်တမ်းစာရွက်အကြားမှနေ၍ အဓိကကျသောအချက်အလက်ကို ရှာဖွေရန်မှာ လွယ်ကူသောတာဝန်တရပ် မဟုတ်ချေ။