← Chapters

အခန်း (၃၈၁၈-၃၈၂၁)

Vol. 194 Ch. 3818-3821

အခန်း (၃၈၁၈-၃၈၂၁)

Vol. 194 Ch. 3818-3821

Chapter 3818

ထိုမီးတောက်များရောက်ရှိလာမှုသည် အလွန်ရုတ်တရက်ဆန်သဖြင့် ထန်စစ်တပ်သည် ထိုအရာကို မျှော်လင့်ထားမိခြင်းမရှိချေ။

နတ်ဆိုးမှော်သားရဲအုပ်စုသည် ဖရိုဖရဲဖြစ်စပြုလာကာ ခြေဦးတည်ရာသို့ ထွက်ပြေးနေကြသည်။ရုတ်တရက်ထွက်ပေါ်လာသော မီးတောက်များသည် သူတို့၏ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများကို ပျောက်ကွယ်သွားစေသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့ထံ၌ နက်ရှိုင်းသော ထိတ်လန့်ကြောက်ရွံ့မှုများသာရှိနေသည်။

ပင်လယ်နတ်ဆိုးမှော်သားရဲများဖြစ်သော သူတို့အတွက် ထိတ်လန့်ကြောက်ရွံရဆုံးအရာမှာ မီးတောက်များပင်။ယခုအချိန်၌ သူတို့သည် အလွန်အမင်းပြင်းထန်သော မီးတောက်များနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသဖြင့် သူတို့သည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိကြတော့ချေ။

နတ်ဆိုးသားရဲများ ဆုတ်ခွာသွားသည်ကိုအခွင့်ကောင်းယူပြီး တာယွီစစ်တပ်သည် သူတို့၏စစ်အင်အားများကို တဖန်ပြန်၍ နေရာချထားလိုက်ကြ၏။

မကြာမီမှာပင် တိုက်ပွဲအတွင်း၌သေဆုံးသွားသော စစ်သားများ၏အလောင်းများကို တခြားစစ်သားများမှ အဝေးသို့သယ်ဆောင်သွားပြီးဖြစ်သည်။တချို့စစ်သားများသည် မြေပြင်ပေါ်၌ သဲမှုန့်တချို့ကို ဖြန်းပက်နေကြသည်။ဤသည်မှာ ထိုနေရာများတွင် သွေးများအိုင်ထွန်းနေသဖြင့် ချော်လဲခြင်းများဖြစ်လာနိုင်ခြင်းကြောင့်ပင်။

စုန်ချင်းဖုန်းသည် ရှေ့သို့လျှောက်လှမ်းလာကာ ရှင်းပြသည်။

"သူတို့တွေက လော့ရွှေကြယ်မြစ်က နတ်ဆိုးမှော်သားရဲတွေပဲ...အခုအချိန်မှာ သူတို့က ထန်စစ်တပ်ရဲ့လက်အောက်ကို ရောက်သွားပြီ...ထန်အင်ပါယာက အရင်ကရှိနေခဲ့တဲ့ ဟိုင်ရှန်းကြယ်နယ်မြေကနေ ရှမ်းတုကြယ်နယ်မြေကို ပြောင်းသွားတဲ့အချိန်မှာ....လော့ရွှေကြယ်မြစ်မှာရှိတဲ့ နတ်ဆိုးမှော်သားရဲတွေလည်းပဲ ထန်အင်ပါယာနောက်ကို လိုက်သွားကြတယ်"

"ထန်စစ်တပ်ဘက်မှာ နတ်ဆိုးမှော်သားရဲတွေအများကြီး ကျန်နေသေးမှာလို့ ငါထင်တယ်...ဟုတ်တယ်မလား"

"အမှန်ပဲ...တကယ်တော့ ထန်အင်ပါယာရဲ့ပင်မအင်အားစုက တော်ဝင်နန်းတွင်းနဲ့ အသေအကြေတိုက်ပွဲတစ်ခုကို ဆင်နွှဲနေတယ်...ဒီတကြိမ်မှာတော့ ထန်စစ်တပ်ဘက်ကနေ စစ်သည်အင်အားခြောက်သိန်းနဲ့ ကောင်းကင်ချိုးဖျက်ခံတပ်ကို တိုက်ခိုက်နေခဲ့တယ်...နတ်ဆိုးမှော်သားရဲတွေကတော့ အင်အားဆယ့်နှစ်သိန်းလောက်ရှိနေတယ်...အဲ့ဒီနတ်ဆိုးမှော်သားရဲတွေရဲ့စွမ်းအားက သာမန်ထန်စစ်သားတွေထက် အများကြီးသာလွန်တယ်...ငါတို့အဓိကရင်ဆိုင်ရမှာက အဲ့ဒီနတ်ဆိုးမှော်သားရဲတွေပဲ"

"ဒါဆိုရင် သူတို့က လော့ရွှေကြယ်မြစ်က နတ်ဆိုးမှော်သားရဲတွေပေါ့"

လုယွီက တီးတိုးရေရွတ်ကာ အလင်းတန်းတစ်တန်းက သူ့၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

အတိတ်တွင် လော့ရွှေကြယ်မြစ်၌ ရှုရာမျိုးနွယ်၏ပုန်ကန်မှုဖြစ်ပွားစဉ်တွင် လုယွီသည် နတ်ဆိုးသားရဲများကိုစုဝေး၍ ရှုရာမျိုးနွယ်၏ ပိတ်ဆို့ထားခြင်းကိုခံရသော အမတ်ကြီးရှားဟိုလီကို ကယ်တင်ခဲ့သည်။

ထို့ကြောင့် သူသည် လော့ရွှေကြယ်မြစ်မှ နတ်ဆိုးမှော်သားရဲများ မည်မျှထိအစွမ်းထက်သည်ကို ကောင်းစွာသိရှိပေ၏။

သို့ရာတွင် အဆုံးသတ်၌ သူသည် ထိုနတ်ဆိုးမှော်သားရဲများနှင့် ရန်သူများဖြစ်လာခဲ့မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

အဝေးတစ်နေရာတွင် နတ်ဆိုးမှော်သားရဲအုပ်စုသည် အချိန်တခဏကြာခန့် ထိတ်လန့်တုန်လှုပ်ကာ ဖရိုဖရဲဖြစ်သွားကြပြီးနောက် တဖန်ပြန်၍စုဝေးသွားသည်။

ဤတစ်ကြိမ်တွင်ရေပေါ်နဂါးများသည် ရှေ့သို့မဆင်မခြင် တိုးလာဝံ့ခြင်းမရှိတော့ချေ။ထိုအစား သူတို့သည် ကောင်းကင်ချိုးဖျက်ခံတပ်၏ မီတာသုံးသောင်းခန့်အကွာတွင် ရပ်တန့်နေကာ ဝင်္ကပါတစ်ခုကို ခင်းကျင်းနေကြလေ၏။

ကောင်းကင်နှင့်မြေပြင်အကြားတွင် နေရာအနှံအပြား၌ ရေပေါ်နဂါးများကို မြင်တွေ့နိုင်သည်။ ထိုရေပေါ်နဂါးများထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကာ လူအများကို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေစေသည်။

"အဲ့ဒီနတ်ဆိုးမှော်သားရဲတွေက တိုက်ခိုက်ဖို့ပြင်ဆင်နေကြတာ မဟုတ်ဘူး...သူတို့က ဘာလုပ်ဖို့ ကြံရွယ်နေကြတာလဲ"

လန်ဝူရှင်းသည် အဝတ်စတစ်စကို ဆုတ်ဖြဲကာ သူ၏ဆေဘားဓားရှည်ပေါ်မှ သွေးများကိုသုတ်လိုက်၏။

သူ့၏မျက်လုံးများသည် အနည်းငယ်နီမြန်းနေဆဲပင်။သူသည် စိတ်ကျေနပ်သည်အထိ သတ်ဖြတ်ခြင်း မပြုရသေးသည်မှာ သိသာထင်ရှားသည်။

အလွန်လျှင်မြန်စွာဖြင့် နတ်ဆိုးသားရဲအုပ်စုဘက်မှ အဖြေတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရေပေါ်နဂါးအုပ်စုသည် သစ်သားလှည်းဆယ်ခုကျော်ကို ​ဖြည်းညှင်းစွာ တွန်းထုတ်လာခဲ့သည်။

ထိုသစ်သားလှည်းများ၏အထက်တွင် သစ်သားတိုင်များရှိနေသည်။ထိုသစ်သားတိုင်တစ်တိုင်စီပေါ်တွင် လူတစ်ယောက်ကိုချည်နှောင်ထားလေ၏။ထိုလူများအနက်မှ တချို့သည် အသက်အိုမင်းကာ တချို့သည် ငယ်ရွယ်သူများဖြစ်သည်။သူတို့သည် အရေပြားနှင့်အသားများစုတ်ပြတ်ပေါက်ပြဲသည်အထိ ဆိုးဆိုးရွားရွားရိုက်နှက်ခြင်းခံထားရတာ သူတို့အားလုံးသည် သတိလစ်မေ့မြောနေလုနီးပါးပင်။

သစ်သားတိုင်များ၌ ချည်နှောင်ခြင်းခံထားရသောလူများအနက်မှ အများစုသည် သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေလေပြီ။သူတို့အနက်မှ တချို့၏မျက်လုံးများသည် ကလော်ထုတ်ခြင်း ခံထားရလေ၏။သူတို့၏အနက်ရောင်မျက်လုံးအိမ်များသာ ပေါ်လွင်နေကာ သူတို့ကိုကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းစေသည်။

ကောင်းကင်ချိုးဖျက်ခံတပ်ဘက်မှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ချက်ချင်းထွက်ပေါ်လာသည်။

"ဒါက ဗိုလ်ချုပ်လီကွမ် မဟုတ်လား"

"ပြီးတော့ ဗိုလ်ချုပ်ကောင်းရှို့က ထန်စစ်တပ်ရဲ့လက်ထဲကို တကယ်ကြီးရောက်သွားတာလား"

မြို့ရိုးများပေါ်တွင် မတ်တတ်ရပ်နေသောစစ်သားများသည် သစ်သားတိုင်များတွင် ချည်နှောင်ခြင်းခံထားရသော လူများကိုချက်ချင်းမှတ်မိသွားလေ၏။

ယခင်တိုက်ပွဲများအတွင်းတွင် ထန်စစ်တပ်သည် ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါကို ရုတ်တရက် ထုတ်ဖော်အသုံးပြုခဲ့သည်။တာယွီစစ်တပ်ဘက်မှ မတုံ့ပြန်နိုင်သေးမီမှာပင် တာယွီစစ်သားအများစုသည် ထန်စစ်တပ်၏ဝိုင်းရံခြင်းကို ခံလိုက်ရလေ၏။

သူတို့အနက်မှအများစုသည် ဖမ်းဆီးခြင်းကိုခံရပြီးနောက် စစ်အကျဉ်းသားများအဖြစ် ဆက်ဆံခြင်းခံရသည်။

အမှန်အားဖြင့် ထန်စစ်တပ်သည် စစ်အကျဉ်းသားများအပေါ် ဆက်ဆံရာ၌ အလွန်ဆိုးဝါးလေ့မရှိချေ။သူတို့သည် တာယွီစစ်သားများကို သိမ်းသွင်းနိုင်ရန်ကိုသာ အာရုံစိုက်ခဲ့ကြသည်။

သို့ရာတွင် သူတို့၏ရှေ့ရှိအုပ်စုသည် ထန်စစ်တပ်မဟုတ်ဘဲ လော့ရွှေကြယ်မြစ်မှနတ်ဆိုးသားရဲများဖြစ်နေသည်။

နတ်ဆိုးသားရဲများသည် လူသားအကျဉ်းသားများအပေါ်ဆက်ဆံရာ၌ ညှာတာထောက်ထားမှုမရှိသည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ရပ်ပင်။သူတို့အား သတ်ဖြတ်ခြင်းမပြုသည်ကပင် အလွန်အမင်း အလျှော့ပေးထားသကဲ့သို့ ဖြစ်နေလေပြီ။

Chapter 3819

"လူသားတွေ နားထောင်ကြစမ်း...မင်းတို့ မြန်မြန်အရှုံးပေးကြစမ်း...မဟုတ်ရင် မင်းတို့လည်း ဒီအတိုင်း အဆုံးသတ်ရလိမ့်မယ်"

လူတိုင်းသည် မော့ကြည့်လိုက်ကြရာ တိမ်တိုက်တစ်ခုကိုစီးနင်းနေပြီး ရေပေါ်နဂါးအုပ်စုအကြားတွင် ဂုဏ်ယူဝံ့ကြွားစွာရှိနေသည့် အနီရောင်နဂါးတကောင်ကို တွေ့မြင်လိုက်ရသည်။

ဤအနီရောင်နဂါးသည် သာမန်ရေပေါ်နဂါးတစ်ကောင်ထက် အဆများစွာ ပို၍ကြီးမားသည်။ရေပေါ်နဂါးများအကြား၌ မတ်တပ်ရပ်နေသော သူ့ကိုကြည့်ရသည်မှာ ဘုရင်တစ်ပါးနှင့်တူညီနေပြီး အလွန်အမင်း မျက်စိစူးရှဖွယ်ကောင်းပေ၏။

လုယွီ၏နံဘေးတွင်ရှိနေသော စုန်ချင်းဖုန်းက ရှင်းပြသည်။

"ဒါက လော့ရွှေကြယ်မြစ်က ရေပေါ်နဂါးတွေရဲ့စစ်ဗိုလ်ချုပ် နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်ပဲ"

နဂါးမျိုးနွယ်များအကြားတွင် နဂါးများအားလုံးသည် မျိုးရိုးနာမည်အောင်းကို ခံယူခွင့်မရ​ချေ။

တာယွီကောင်းကင်ဘုံအင်ပါယာအတွင်းရှိ ကျိုးမိသားစုကဲ့သို့ပင် မျိုးရိုးနာမည်အောင်းသည် နဂါးမျိုးနွယ်၏မြင့်မြတ်မှုကို ကိုယ်စားပြုသည်။အလွန်အမင်းမြင့်မြတ်သော သွေးမျိုးဆက်ရှိသည့် နဂါးမျိုးနွယ်များသာ အောင်းမျိုးရိုးနာမည်ကို အသုံးပြုခွင့်ရသည်။

ဤနတ်ဆိုးနဂါးဧကရာဇ်ရွှမ်ရွှမ်၏မျိုးဆက်သည် သန့်စင်ခြင်းမရှိသည့်တိုင် သူသည် နဂါးမျိုးနွယ်တစ်ယောက်ဖြစ်နေဆဲပင်။

သူသည် နတ်ဆိုးဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့သူ ဖြစ်ပေ၏။ရေပေါ်နဂါးများအကြားတွင် သူ့၏သွေးမျိုးဆက်သည် အစွမ်းထက်ဆုံးဖြစ်ရုံသာမက သူ့၏ခွန်အားသည်လည်း အသန်မာဆုံးဖြစ်သည်။

နဂါးဧကရာဇ်ရွှမ်ရွှမ်၏အရည်အချင်းသည် ဤရေပေါ်နဂါးများထက် များစွာပို၍သန်မာအားကောင်းသည်။ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ လူမည်မျှထိများများ ဤနဂါးဧကရာဇ်ရွှမ်ရွှမ်၏လက်အတွင်း၌ သေကြေပျက်စီးခဲ့ရသည်ကို မည်သူမျှ မသိနိုင်​ချေ။

ဤအချိန်အခိုက်အတန့်တွင် နဂါးဧကရာဇ်ရွှမ်ရွှမ်သည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ တာယွီစစ်သားများကို ငုံကြည့်လိုက်၏။သူ့၏နဂါးမျက်လုံးအတွင်းတွင် မြင့်မြတ်သောစွမ်းအားများဖြင့် ပြည့်နှက်နေကာ မြင့်မားသောတောင်ကြီးတစ်လုံးကဲ့သို့ ကျစ်လစ်သိပ်သည်းသည်။ ဤကဲ့သို့ ဖိနှိပ်နိုင်မှုစွမ်းအားသည် တာယွီစစ်သားများကို အသက်ရှူမဝသကဲ့သို့ ခံစားရစေသည်။

"အား...."

စစ်သားတစ်ယောက်၏မျက်နှာ ရုတ်တရက်ဖြူရော်သွားကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ် တုန်ရီလာသည်။သူသည် မြေပြင်ပေါ်သို့ လဲကျသွားကာပြင်းပြင်းထန်ထန်အော့အန်နေလေ၏။

ဤသည်မှာ သူ့၏စိတ်နှလုံးသားကို ပြင်းထန်သောအကြောက်တရားမှ လွှမ်းခြုံသွားသောကြောင့် ခံစားရသောဝေဒနာပင်။

ဤကဲ့သို့တုံ့ပြန်မှုကို အဝေးတစ်နေရာတွေရှိနေသော ရေပေါ်နဂါးများအားလုံး မြင်တွေ့မိသည်။

"ဟား...ဟား...ဟား...ဟား...တာယွီအင်ပါယာရဲ့လူသားစစ်တပ်က ထိတ်လန့်ကြောက်ရွံ့နေပြီ"

"အခုချက်ချင်း အရှုံးပေးလိုက်စမ်း...မဟုတ်ရင် ငါတို့ရှေ့ကို တိုးဝင်လာတာနဲ့ မင်းတို့အားလုံးကို သတ်ပစ်မယ်"

ရေပေါ်နဂါးများသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကြကာ သူတို့၏နောက်ရှိ ပင်လယ်နတ်ဆိုးမှော်သားရဲများသည်လည်း အလံများကို ဝှေ့ယမ်း၍ အော်ဟစ်လိုက်ကြသည်။

လက်ရှိနေရာတွင်ရှိနေသော တာယွီစစ်သားအများစု၏ မျက်နှာများပေါ်တွင်တောင့်တင်းသောအမူအယာများ ရှိနေသည်။

အစောပိုင်းက အော့အန်ခဲ့သောစစ်သားသည် အသစ်ခေါ်ယူထားသူဖြစ်ကာ တိုက်ပွဲစစ်မြေပြင်သို့ ယာယီဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေ၏။ထိုစစ်သားသည် ယခင်က တိုက်ပွဲစစ်မြေပြင်ကိုတစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။

ဤသည်မှာ ကောင်းကင်ချိုးဖျက်ခံတပ် ယခုအချိန်၌ ရင်ဆိုင်နေရသည့် ပြင်းထန်သော ပြဿနာတစ်ရပ်ပင်။

ခံတပ်တွင် စစ်သားအလုံအလောက်မရှိချေ။ထို့ပြင် စစ်သားများအနက်မှ အများစုထံတွင် လုံလောက်သော တိုက်ခိုက်ရေးအတွေ့အကြုံမရှိသည်မှာ သိသာထင်ရှားလှ၏။

လက်ထောက်တပ်မှူးများသည် သူတို့အားဦးဆောင်၍ တိုက်ပွဲစစ်မြေပြင်၏ပတ်ဝန်းကျင်နှင့် သူတို့အား အလျှင်အမြန် ရင်းနှီးကျွမ်းဝင်စေခဲ့သော်လည်း လုံလောက်ခဲ့ခြင်းမရှိချေ။

စစ်သားများ၏အတွေ့အကြုံများသည် တောင်ပုံရာပုံဖြစ်နေသော အလောင်းများနှင့်သွေးပင်လယ်ကို ဖြတ်ကျော်ပြီးမှ ရရှိနိုင်သည့်အရာပင်။သူတို့၏ရှေ့မှ လက်ထောက်တန်မှူးများကို မှီခိုအားထားခြင်းဖြင့် ရရှိလာသောအတွေ့အကြုံများဖြင့် လုံလောက်ရန် လွန်စွာအလှမ်းကွာဟသည်။

"သူ့ကို ဆွဲချလိုက်စမ်း...ဒါက ဘယ်လို အရှက်ရမှုမျိုးလဲ""

မဟာစစ်ဗိုလ်ချုပ်တစ်ယောက်သည် အလွန်အမင်း ရှက်ရွံနေလေ၏။ထိုကြောင့် သူ့၏လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

နတ်ဆိုးမှော်သားရဲများ၏ရှေ့တွင် ဤကဲ့သို့အရှက်ရဖွယ်လုပ်ရပ်မျိုးသည် ကောင်းကင် ချိုးဖျက်ခံတပ်တစ်ခုလုံး၏ဂုဏ်သိက္ခာကိုလုံးလုံးလျားလျား ကျဆင်းစေခြင်းပင်။

အသစ်ခေါ်ယူခြင်းခံထားရသော စစ်သားသည်အဆက်မပြတ် တောင်းပန်နေကာ တခြားစစ်သားများသည်လည်း သူ့ကိုအပြစ်တင်ခြင်းမရှိချေ။

နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်၏ ဖိနှိပ်မှုအောက်တွင် တိုက်ပွဲပေါင်းရာနှင့်ချီ၍ ရင်ဆိုင်ကြုံတွေ့ပြီးဖြစ်သော လက်ထောက်တပ်မှူးတချို့ပင်လျှင် သူတို့၏စိတ်နှလုံးသားများ တုန်ခါနေသည်ကို ခံစားမိသည်။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်သားများ၏စိတ်ဓာတ်များ အဆုံးစွန်ဆုံးအဆင့်ထိ ဖိနှိပ်ခြင်းခံလိုက်ရသည်။

တခြားတစ်ဖက်တွင် ပင်လယ်နတ်ဆိုးမှော်သားရဲများ၏စိတ်ဓာတ်များသည် အလွန်အမင်းမြင့်မားနေလေ၏။နတ်ဆိုးသားရဲများသည် ကျယ်လောင်စွာ အော်ဟစ်နေကြကာ ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ လူသားများအားလုံးကို သတ်ဖြတ်လိုကြသည်။

လုယွီက နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်ကို တစ်ချက်ကြည့်ကာ အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။

"မင်းက သေလမ်းရှာနေတာလား"

လုယွီ၏အသံနက်ကြီးနှင့်အတူ တစ်ချိန်တည်းမှာပင် နတ်ဘုရားနဂါးဟိန်းသံက ပွင့်အံ့ထွက်သွားသည်။

စူးရှသော နဂါးဟိန်းသံတစ်သံသည် ရုတ်တရက် မိုးကောင်းကင်ယံအတွင်းမှ ဆင်းသက်လာပေ၏။

"ဝေါင်း...."

မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံတစ်သံသည် ရုတ်တရက် ကြည်လင်သောမိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ ရှေးဟောင်းနတ်ဘုရားနဂါးထံမှ မြစ်ဖျားခံလာသော အသံတစ်သံပင်။မြင့်မြတ်သောသွေးမျိုးဆက် ဖိအားအရှိန်အဝါတစ်ရပ်သည် ရုတ်တရက်ပွင့်အံ့ထွက်လာကာ နတ်ဘုရားနဂါး၏ ဒေါသတကြီးဟိန်းဟောက်သံကို ကောင်းကင်နှင့်မြေပြင်အကြားရှိ နေရာအနှံ့အပြား၌ ကြားနိုင်သည်။

လုယွီ၏နောက်တွင် နတ်ဘုရားနဂါး၏မှိန်ဖျော့ဖျော့ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပေ၏။

Chapter 3820

နတ်ဘုရားနဂါးဟိန်းသံသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကြယ်မြစ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ထန်စစ်တပ်သည် အလှမ်းကွာဟသောနေရာတွင် ရှိနေသောကြောင့် ထိုအသံသည် သူတို့ထံသို့ များစွာသက်ရောက်ခြင်းမရှိချေ။ထိုသို့ဆိုသည့်တိုင် စစ်သားအမြောက်အများသည် သူတို့၏နားများ စူးရှနာကျင်လာသည်ကို ခံစားရကာ သူတို့၏ဦးနှောက်များတုန်ခါသွားသည်။ သူတို့အနက်မှအများစု၏ မျက်နှာများ ဖြူရော်သွားကာ သတိလစ်မေ့မျောသွားတော့လုမတတ်ပင်။

ထန်စစ်တပ်၏ရှေ့တွင်ရှိနေသော နတ်ဆိုးမှော်သားရဲစစ်တပ်သည် လုယွီနှင့် ပို၍နီးကပ်ပေ၏။

အထူးသဖြင့် ရေပေါ်နဂါးစစ်တပ်ပင်။သူတို့ထံတွင် အစကတည်းက နဂါးမျိုးနွယ်၏သွေးမျိုးဆက်ရှိနေသည်။ထို့ကြောင့် နဂါးမျိုးနွယ်၏နတ်ဘုရားစွမ်းရည်များအပေါ် တုံ့ပြန်နိုင်မှု အလွန်အမင်းမြင့်မားသည်။

လုယွီ ယခုလက်ရှိချိန်၌ အသုံးပြုလိုက်သော ရှေးဟောင်းသိုင်းပညာနည်းစနစ်သည် ရှေးဟောင်းနတ်ဘုရားနဂါးတစ်ကောင်၏ ဟိန်းဟောက်သံကို လှုံဆော်အသုံးပြုခဲ့ခြင်းပင်။

ဤအရာတွင် နဂါးမျိုးနွယ်များအကြား၌ သွေးမျိုးဆက်ဖိနှိပ်နိုင်မှုစွမ်းရည် ပါဝင်သည်။

ဤသည်မှာ နဂါးမျိုးနွယ်၏ဘိုးဘေးမှနေ၍ မသန့်စင်သော သွေးမျိုးဆက်ရှိသည့် ဂျူနီယာတစ်စုကို ဆူပူကြိမ်းမောင်းနေသည့်အလားပင်။

ဖူး...ဖူး...ဖူး....

ဤနဂါးဟိန်းသံအကြားတွင် ရေပေါ်နဂါးများအနက်မှတချို့သည် သွေးများအန်ထုတ်လိုက်ရသည်။သူတို့၏ခန္ဓာကိုယ်များ အဆက်မပြတ်တုန်ရီနေကာ နောက်ဆုံး၌ ကွေးကောက်သွားပြီး အလွန်အမင်းအားနည်းသော အခြေအနေဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

အနည်းငယ်အားကောင်းသော ရေပေါ်နဂါးများသည် ဟိုနဂါးဟိန်းသံကို တောင့်ခံနိုင်သော်လည်း သူတို့၏သွေးချီများအလွန်အမင်းအားနည်းသွားကာ သူတို့၏ခေါင်းများကို မမော့ဝံ့ကြတော့ချေ။သူတို့သည် ခေါင်းများကိုအောက်သို့ငုံထားကြကာ လုယွီကို တိုက်ရိုက်မကြည့်ဝံ့ကြတော့ပေ။

နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်သည် ထိတ်လန့်တုန်လှုပ်မှုနဲ့ဒေါသထွက်မှုနှစ်ခုလုံးကို ရောယှက်၍ ခံစားနေရသည်။ထို့ကြောင့် သူကကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ခွေးမသား....မင်းက ဘယ်လိုလုပ်ပြီးတော့ ငါတို့နဂါးမျိုးနွယ်ရဲ့ နတ်ဘုရားစွမ်းရည်ကို သိနေတာလဲ"

သူသည် ဤနဂါးဟိန်းသံမှလာသော နှိုင်းယှဉ်ပြစရာအထိ အစွမ်းထက်သောမှော်စွမ်းအားနှင့် မြင့်မြတ်သောသွေးမျိုးဆက်ကို ခံစားမိလေ၏။

ဤသည်မှာ အောင်းကွမ်းသည် ဘိုးဘေးနဂါး၏ပုံရိပ်ယောင်ကို ဆင့်ခေါ်ခဲ့စဉ်၌ လုယွီထံတွင် နိုးထလာခဲ့သော ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုပင်။ဤအရာဖြင့် အဆင့်နိမ့်သောနဂါးများကို ရင်ဆိုင်နိုင်ရန် အလွန်အမင်းလွယ်ကူသည်။

လုယွီ၏နဂါးဟိန်းသံသည် အမှန်တကယ်ကိုပင် ရေပေါ်နဂါးဆယ်ကောင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။

ဤဆုံးရှုံးမှုသည် အလွန်များပြားသော ရေပေါ်နဂါးစစ်တပ်ကြီးနှင့်နှိုင်းယှဉ်ပါက အသေးအဖွဲသာဖြစ်သော်လည်း ချက်ချင်းဆိုသလိုပင် နတ်ဆိုးသားရဲစစ်တပ်၏ အရှိန်အဟုန်ကို ဖိနှိပ်နိုင်ခဲ့လေ၏။

ကောင်းကင်ချိုးဖျက်ခံတပ်၏ မြို့ရိုးပေါ်တွင်ရှိနေသော စစ်သားများထံမှနေ၍ ဝမ်းသာအားရဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။

လုယွီနှင့်နတ်စိုးသားရဲဧကရာဇ်တို့၏ ပထမဆုံးတိုက်ပွဲတွင် လုယွီသည် ခြေတစ်လှမ်းအသာရရှိသွားလေပြီ။

နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်သည် နာကျည်းမုန်းတီးမှုကြောင့် အံ့တင်းတင်းကြိတ်လိုက်သည်။သူ့၏အမြင်အရ လူသားများသည် နိမ့်ကျသောသက်ရှိသတ္တဝါများသက်သက်ပင်။သို့ရာတွင် ထိုလူသားများသည် သူတို့၏အရှိန်အဟုန်ကို အမှန်တကယ်ကိုလျော့ကျသွားစေခဲ့သည်။ဤသည်မှာ သူ သည်းခံနိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။

"မင်းတို့တွေက ခိုင်ခံမာကြောတဲ့ မြို့ရိုးတွေကိုမှီခိုအားထားနေရတဲ့ သူရဲဘောကြောင်တဲ့ ကြွက်လေးတွေ သက်သက်ပဲ...မင်းတို့က တစ်ချိန်လုံးမြို့ရိုးတွေရဲ့နောက်မှာ ပုန်းအောင်းနေကြတယ်...ငါတို့လော့ရွှေနတ်ဆိုးသားရဲစစ်တပ်က တိုးဝင်တိုက်ခိုက်ပြီးတော့ မင်းတို့အားလုံးကိုသတ်တဲ့အချိန်ထိ စောင့်နေကြစမ်း"

နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

လက်ရှိနေရာတွင်ရှိနေသော တာယွီစစ်သားအများစုသည် သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကြသည်။

ဤသည်မှာ သူတို့ထံတွင် သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲ ထန်စစ်တပ်၏ဝင်္ကပါသည် အလွန်နက်နဲသိမ်မွေ့နေသောကြောင့်ပင်။

တစ်ချိန်က တာယွီစစ်တပ်သည် မြို့ပြင်တွင် ထန်စစ်တပ်နှင့် တိုက်ခိုက်စဉ်၌ ရန်သူ၏ဝင်္ကပ်အတွင်းသို့ ကျရောက်ခဲ့ရသည်။သူတို့သည်တဖြည်းဖြည်းနှင့် ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါ၏ ဝါးမြိုခြင်းကိုခံရကာ နောက်ဆုံး၌ လုံးလုံးလျားလျား အမြစ်ပြတ်ချေမှုန်းခြင်းခံရလေ၏။

ဤနေရာတွင် ထိုကဲ့သို့ ဥပမာအမြောက်အမြားရှိခဲ့သည်။တာယွီအင်ပါယာမှ စစ်သားအများစုသည် တိုက်ပွဲစစ်မြေပြင်၌ သေဆုံးခဲ့ရခြင်းမှာ သူတို့သည် အခွင့်အာဏာမရှိဘဲ မြို့ပြင်သို့ထွက်၍တိုက်ခိုက်ခဲ့သောကြောင့်ပင်။

လုယွီက အေးစက်တင်းမာစွာ တုံ့ပြန်သည်။

"တကယ်လို့ မင်းတို့က ရှေ့ကိုတိုးဝင်လာမယ်ဆိုရင် ငါက မင်းတို့သွားရမယ့်လမ်းကို ပို့ပေးဖို့အဆင်သင့်ပဲ...တကယ်လို့ မင်းတို့ရှေ့ကို တိုးမလာရဲဘူးဆိုရင် မြန်မြန်လေးလော့ရွှေကြယ်မြစ်ကို ပြန်ကြစမ်း...ဒီနေရာကိုလာပြီးတော့ အရေးမပါတဲ့စကားတွေ ပြောမနေနဲ့"

နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏ မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။သူ့၏စွမ်းအားသည် အလွန်အမင်းမြင့်မားသော်လည်း သူသည် အသက်ဖြင့်ရင်း၍ စွန့်စားတိုက်ခိုက်ဝံ့ခြင်းမရှိချေ။

ကောင်းကင်ချိုးဖျက်ခံတပ်၏အနီးတွင် ကွက်ဝှက်ထားသော မှော်ဝင်္ကပါများနှင့်စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ ရှိနေသည်။တာယွီစစ်တပ်ဘက်မှ မဟာစစ်ဗိုလ်ချုပ်များနှင့်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏မှော်စွမ်းအားများကို တိတ်တဆိတ်စုစည်းနေကြကာ နတ်ဆိုးမှော်သားရဲများအပေါ် ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးဖြင့် ရင်ဆိုင်ရန်ပြင်ဆင်ထားကြသည်ကို ထည့်တွက်ရန်ပင်မလိုတော့ချေ။

အခုအချိန်၌ သူသည် နတ်ဆိုးမှော်သားရဲများ၏ အရေအတွက်များပြားမှုကို မှီခိုအားထား၍ ကောင်းကင်ချိုးဖျက်ခံတပ်၏ ခုခံကာကွယ်မှုကိုတ​ဖြည်းဖြည်းချိုးဖျက်ရုံသာ တတ်နိုင်သည်။ သူသည် မြို့ရိုးအနီးသို့ သူကိုယ်တိုင်ကိုယ်ကျ ချဥ်းကပ်၍ တိုက်ခိုက်ဝံ့ခြင်းမရှိချေ။

နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်က ရုတ်တရက် သရော်တော်တော်ပြောဆိုသည်။

"မင်းတို့တွေ အကွက်ဆင်ပြီးတော့ ငါ့ရဲ့ဒေါသကို ဆွပေးနေတာကို ရပ်လိုက်ကြစမ်း...ငါက မင်းတို့ရဲ့လှည့်ကွက်ထဲကို ကျလာမှာမဟုတ်ဘူး...မင်းတို့က အပြင်ကိုထွက်မလာချင်မှတော့ မင်းတို့ရဲ့ရဲဘော်ရဲဘက်တွေ ဘယ်လိုမျိုး သေသွားရတယ်ဆိုတာ စောင့်ကြည့်ကြစမ်း"

Chapter 3821

နတ်ဆိုးသားရဲဧကရာဇ်ရွှမ်ရွှမ်သည် ထိုစကားနှင့်အတူ သူ့၏လက်သည်းများကို ဆန့်တန်း၍ သစ်သားတိုင်များ၌ ချည်နှောင်ခြင်းခံထားရသော စစ်အကျဉ်းသားများအနက်မှတစ်ယောက်ကို ဖမ်းဆုပ်လိုက်သည်။

ဤစစ်အကျဉ်းသားသည် လူကြီးတယောက်ဖြစ်ကာ ကောင်းကင်ချိုးဖျက်ခံတပ်၏မဟာစစ်ဗိုလ်ချုပ် ကောင်းရှို့ပင်။

ကောင်းရှို့၏ခွန်အားသည် ရွှယ်အင်မော်တယ်နယ်ပယ်၌ရှိနေကာ သူ့အား ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ မဟာစစ်ဗိုလ်ချုပ်များအကြားတွင် ထူးချွန်သောတည်ရှိမှုကြီးတစ်ယောက်ကို ယူဆနိုင်သည်။

သို့ရာတွင် တိုက်ပွဲစစ်မြေပြင်၌ တစ်စုံတစ်ယောက်၏စွမ်းအားသည် အလွန်အမင်းမြင့်မားသည့်တိုင် များစွာအသုံးမဝင်ချေ။သူသည် တိုက်ပွဲ၏ အလှည့်အပြောင်းဒီရေအကြား၌ အချိန်မရွေးကျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်သည်။

ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါ၏ ဝိုင်းရံခြင်းကိုခံရပြီးနောက် ကောင်းရှို့၏စစ်တပ်သည် တ​ဖြည်းဖြည်း​ဝါးမြိုခြင်းကိုခံရကာ အဆုံးသတ်၌ အမြစ်ပြတ်ချေမှုန်းခြင်း ခံလိုက်ရသည်။သူသည်လည်း လော့ရွှေနတ်ဆိုးသားရဲစစ်တပ်၏လက်အတွင်းသို့ ကျရောက်သွားခဲ့လေ၏။

ဤအချိန်တွင် ကောင်းရှို့၏မျက်နှာသည် ယခင်ကဲ့သို့ ပုံပန်းသွင်ပြင်မျိုး မရှိတော့ချေ။

သူ့၏မျက်လုံးတစ်လုံးသည် ရက်စက်ကြမ်းကြုတ်စွာ ကလော်ထုတ်ခြင်း ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေစေပြီ။ထို့ပြင် သူ့၏ပါးစပ်ကို ပါးလွှာသောအပ်ချည်မျှင်များဖြင့် ချုပ်နှောင်ခြင်းခံထားရလေ၏။

ရှည်လျားသော အမာရွတ်များကသူ့၏လည်ပင်းမှ သူ့ခြေဖဝါးထိ ရှိနေသည်။မြောက်များစွာသောဒဏ်ရာများသည် သူ့၏ခန္ဓာကိုယ်အနှံ့ ဖုံးလွှမ်းနေကာ ထိုဒဏ်ရာများအနက်မှ အများစုသည် ပုပ်ပွနေလေပြီ။ထိုကြောင့် သူ၏အသားအရေသည် ခရမ်းရောင်နှင့်အစိမ်းရောင် ဖြစ်နေလေ၏။

ဝှစ်...

ထက်ရှသောလက်သည်းများ ကျရောက်လာပြီးနောက် ကောင်းရှို့၏လက်တစ်ဖက် ချက်ချင်းဖြတ်တောက်ခြင်း ခံလိုက်ရသည်။

ထိုဒဏ်ရာမှနေ၍ အသွေးအသားများ ပျံ့လွင့်သွားသည်။ကောင်းရှို့၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။

သူ့၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို ချိတ်ပိတ်ခြင်းခံထားရကာ သူ့အား အဆိပ်လေးမျိုး ငါးမျိုးခန့် တိုက်ကျွေးခြင်းလည်း ခံထားရသည်။ထိုအဆိပ်တမျိုးစီသည် သူ့၏ခန္ဓာကိုယ်အတွင်း၌ နာကျင်နေစေကာ သူ့၏ခန္ဓာကိုယ်တွင်းအင်္ဂါများကို ဆုတ်ဖြဲနေပြီး သူ့အားအဆက်မပြတ် ညှဉ်းပန်းနှိပ်စက်နေသည်။

ဤကဲ့သို့နာကျင်မှုမျိုးသည် တစ်စုံတစ်ယောက်တောင့်ခံနိုင်မည့်အရာမျိုး မဟုတ်ချေ။ဤကဲ့သို့နာကျင်မှုကိုခံစားရပါက လူအများစုသည် အလွန်ပြင်းထန်သော နာကျင်မှုကြောင့် ချက်ချင်းပြိုလဲကျသွားပေမည်။

သို့ရာတွင် အစမှအဆုံးထိ ကောင်းရှို့သည် သနားညှာတာပေးရန်အတွက် တောင်းပန်ခဲ့ခြင်းမရှိချေ။

သူ၏ကြွင်းကျန်သော မျက်လုံးတစ်လုံးအတွင်းမှ တောက်ပသော တိုက်ပွဲဝင်စိတ်ဆန္ဒများပွင့်အံ့ထွက်လာကာ သူသည် မြို့ရိုးပေါ်သို့ကြည့်လိုက်၏။ဤသည်မှာ သူသည် မြို့ရိုးပေါ်ရှိစစ်သားများကို ဆက်လက်၍တိုက်ခိုက်ရန်အတွက် အားပေးအားမြောက်ပြုနေသည့်အလားပင်။

"ဘာလို့ သူ့မှာ မျက်လုံးတစ်လုံးရှိနေသေးတာလဲ...ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုချန်ထားလို့လည်း ဘာမှအသုံးမဝင်ဘူး"

နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏ မျက်နှာပေါ်တွင်ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ထို့နောက် သူ့၏နဂါးလက်သည်းများကို ဆန့်တန်းကာ ကောင်းရှို့၏ တခြားမျက်လုံးတစ်ဖက်ကို ဆွဲဆုပ်လိုက်၏။

ကောင်းရှို့၏မျက်လုံးများသည် အနက်ရောင်မျက်လုံးအိမ်နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ့၏မျက်နှာပေါ်တွင် သွေးများ ချက်ချင်းဖုံးလွှမ်းသွားတော့သည်။

ထို့နောက် ကောင်းရှို့၏ခြေလက်များအားလုံး ဖြတ်တောက်ခြင်း ခံလိုက်ရသည်။

သူ့၏နှလုံးသားသည် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်၏ဆွဲထုတ်ခြင်းကို ခံလိုက်ရသည့်တိုင် ခုန်နေဆဲပင်။

ကောင်းရှို့၏ခေါင်းထက်တွင် အဆောင်လက်ဖွဲ့တစ်ခုကို ကပ်ထားလေ၏။

ဤအဆောင်လက်ဖွဲ့ကို 'စိတ်ဝိညာဥ်ဖိနှိပ်ခြင်း အဆောင်လက်ဖွဲ့' ဟုခေါ်ဆိုသည်။ထိုအရာသည်စိတ်ဝိညာဥ်ကို ခန္ဓာကိုယ်အတွင်း၌ ချိတ်ပိတ်ထားနိုင်သည်။ကောက်ရှို့၏ခန္ဓာကိုယ်သည် သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေသော်လည်း သူ့၏စိတ်ဝိညာဉ်သည် အတွင်းမှထွက်လာနိုင်ခြင်းမရှိသဖြင့် နာကျင်မှုများအားလုံးကို အတင်းအကြပ် တောင့်ခံနေရသည်။

ဤသည်မှာ အလွန်ဆိုးရွားသော နှိပ်စက်ညှင်းပန်းမှုတစ်ခုပင်။

ကောင်းရှို့၏မျက်လုံးများသည် မမြင်နိုင်တော့ဘဲ သူ့၏နှာခေါင်းနှင့်နားများကိုလည်း ဖြတ်တောက်ခြင်းခံထားရသည်။သူ့၏ပါးစပ်ကို အပ်ချည်ဖြင့်ချုပ်ထားသဖြင့် သူ့၏ခန္ဓာကိုယ်အဆက်မပြတ် တုန်ရီနေခြင်းဖြင့်သာ သူ ခံစားနေရသောနာကျင်မှု ပေါ်လွင်နေသည်။

လက်ရှိနေရာတွင်ရှိနေသော တာယွီစစ်သားများအားလုံးသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလွန်ဒေါသထွက်သွားကြသည်။အတိတ်တွင် ကောင်းရှို့၏လက်အောက်ငယ်သားဖြစ်ခဲ့သော စစ်သားတချို့သည် အောက်သို့ခုန်ဆင်းကနတ်ဆိုးသားရဲများဖြင့် သေသည်အထိတိုက်ခိုက်လိုကြသဖြင့် သူတို့၏မျက်လုံးများ နီမြန်းနေသည်။

"ကောင်းကင်ချိုးဖျက်ခံတပ်က လူသားတွေ သေသေချာချာ ကြည့်ထားကြစမ်း...ဒါက မင်းတို့ အနာဂတ်မှာ ဘယ်လိုမျိုး အဆုံးသတ်ရမလဲဆိုတာပဲ...တကယ်လို့ မင်းတို့ ဒီလိုမဖြစ်ချင်ဘူးဆိုရင် လိမ်လိမ်မာမာနဲ့ အရှုံးပေးအညံ့ခံကြစမ်း"

"ဘာသောက်ရေးမပါတဲ့ မဟာစစ်ဗိုလ်ချုပ်လဲ...အဆုံးသတ်ကျတော့ ငါတို့ နတ်ဆိုးမှော်သားရဲတွေရဲ့လက်ထဲကို ရောက်ရတာပဲမဟုတ်လား...ဟား ဟား ဟား ဟား"

နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်သည် ကောင်းရှို့ကိုသတ်ဖြတ်ရန် ရည်ရွယ်မထားချေ။သူသည် အတိတ်မှရန်သူကို တဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်လိုခြင်းပင်။

စုန်ချင်းဖုန်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"အရှင်လု...သူတို့က ငါတို့ကို ရန်စနေတာပဲ...အခုလက်ရှိချိန်မှာ ငါတို့စစ်တပ်မှာ လူအင်အား မလုံလောက်ဘူး...ငါတို့က မြို့ပြင်ကိုထွက်ပြီးတော့ စိန်ခေါ်မှုကို လက်ခံလို့မဖြစ်ဘူး"

ယခုလက်ရှိအချိန်တွင် ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံး၏အခွင့်အာဏာသည် လုယွီ၏လက်အတွင်း၌ ရှိနေသည်။

လုယွီသည် ခရမ်းမီးတောက်လေဟာနယ်နည်းစနစ်ကို အသုံးပြု၍ နတ်ဆိုးသားရဲအမြောက်အများကို သေကြေပျက်စီးစေခဲ့သည်။သို့ရာတွင် နတ်ဆိုးသားရဲများသည် ပင်လယ်သမုဒ္ဒရာကြီးတမျှ အလွန်များပြားစွာကျန်ရှိနေဆဲဖြစ်ကာ အကြည့်တချက်ဖြင့်ပင် သူတို့၏အဆုံးသတ်ကို တွေ့မြင်နိုင်ခြင်းမရှိချေ။

လုယွီသည် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်ကိုကြည့်ကာ အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။

"မင်းက ကောင်းရှို့ကို ခြောက်ကြိမ်ထိတွေ့ခဲ့တယ်...အဲ့ဒီခြောက်ကြိမ်အတွက် အရသာကို မင်း သေချာပေါက် ပြန်ပြီးမြည်းစမ်းစေရမယ်"

All Chapters