လက်ဆောင်မွန်များ ပေးကမ်းခြင်း
Vol. 15 Ch. 149
ဝူလျန်သည် သူ၏ဆရာဖြစ်သူက အတင်းအဓမ္မ ဆွဲခေါ်လာသဖြင့် လေယာဉ်ပေါ်ရောက်မှသာ အကြောင်းစုံကို သိရှိရတော့သည်။
သူ့ဆရာကမူ
“ကျေးဇူးရှင်လည်းဖြစ်၊ အနာဂတ်ရဲ့ ရင်းနှီးမြှုပ်နှံသူလည်းဖြစ်တဲ့သူနဲ့ သွားတွေ့မှာ"
ဟုသာ ဆိုခဲ့သည်။
သို့သော် ထိုသူဌေးမကြီးမှာ ဤမျှနုပျိုလှပသည့် မိန်းကလေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု ဝူလျန် အိပ်မက်ပင် မမက်ခဲ့မိပေ။
"ဒါက ကျွန်တော့်တပည့် ဝူလျန်ပါ"
ဟု ဒါရိုက်တာစုန့်က မိတ်ဆက်ပေးပြီးနောက်
“ဒါကတော့ မစ္စမင်ပါပဲ"
ဟု ဆိုလိုက်သည်။
"မင်္ဂလာပါ မစ္စမင်”
ဝူလျန်က ရှေးဦးစွာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ၊ ရှင့်ရဲ့ အစီအစဉ် အကြောင်း ရှင်းပြပေးပါဦး”
မင်ယွဲ့က လက်ဆွဲနှုတ်ဆက်ရင်း အေးဆေးစွာပင် ဆိုလိုက်သည်။
ဝူလျန်သည် သူ၏ အစီအစဉ်အကြောင်းကို ပြောဆိုရာတွင် မျက်ဝန်းများ တောက်ပလာပြီး အချက်အလက်စုံလင်စွာဖြင့် ရည်မှန်းချက်
ကြီးမားပုံကို ရှင်းလင်းတင်ပြတော့၏။
ပြီးဆုံးသွားသောအခါ သူက မျှော်လင့်ချက်ပြည့်နှက်နေသော အကြည့်တို့ဖြင့်—
"မစ္စမင်ဒီအစီအစဉ်က ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တယ်လို့ ထင်ပါသလား”
ဟု မေးလိုက်သည်။
"ရတာပေါ့”
မင်ယွဲ့၏ တိုတောင်းလှသော အဖြေစကားက တစ်ဖက်ရှိ လူနှစ်ဦးကို အတိုင်းမသိ စိတ်အေးသွားစေ၏။
"ဘယ်လောက်လိုအပ်မလဲ ရှင့်ရဲ့ အစီအစဉ်အရ စုစုပေါင်း အပိုင်း (၁၂) ပိုင်း ရှိမယ်ဆိုတော့ ယွမ် သန်း ၂၀၀ ဆိုရင် လုံလောက်မလား”
ဝူလျန်မှာ ဆွံ့အသွားရသည်ပင်။
သူက အစွန်းရောက်သော ပမာဏကိုပင် မတောင်းဆိုရသေးခင် တစ်ဖက်က သန်း ၂၀၀ ဟု ကမ်းလှမ်းလာခြင်းမှာ သူ့ကို ကမ္ဘာမကျေဖြစ်သွားစေသည်။
ဒါရိုက်တာစုန့်ကမူ မင်ယွဲ့၏ ရက်ရောမှုကို သိပြီးသားဖြစ်သည်။ သူမ၏ ရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေးသက်သက်ထက် စွမ်းဆောင်ရည်ရှိသူများကို မြေတောင်မြှောက်ပေးလိုသည့် စေတနာက ပို၍ ကဲနေတတ်သည်။
သူတို့သည် စာချုပ်ကို ချက်ချင်းပြင်ဆင်ကာ လက်မှတ်ရေးထိုးလိုက်ကြသည်။
သန်း ၂၀၀ သော ရင်းနှီးမြှုပ်နှံမှုမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် ချောမွေ့လွန်းနေသဖြင့် ဝူလျန်မှာ မူးဝေနေဆဲပင်။ ဒါရိုက်တာစုန့်ကမူ သူ့တပည့်ကို ပခုံးပုတ်ကာ—
"မင်း ကြိုးစားပြီး သူ့အတွက် ပိုက်ဆံရှာပေးဖို့ပဲ လိုတော့တယ်၊ အဲဒါက အကောင်းဆုံး ကျေးဇူးဆပ်ခြင်းပဲ" ဟု မှာကြားလိုက်သည်။
【Ding — ငွေပြန်အမ်းကတ်အောင်မြင်စွာ အသုံးပြုပြီးပါပြီ၊ ယွမ် သန်း ၂၀၀ ပြန်လည်ရရှိသည်။】
မင်ယွဲ့သည် သူမ၏ ကံကြမ္မာမှာ ယွမ်ပေါ့နှင့် တွေ့ပြီးနောက်ပိုင်း အံ့မခန်း ပြောင်းလဲလာသည်ကို သတိပြုမိသည်။
သူမတွင် အခုဆိုလျှင် ရင်းနှီးမြှုပ်နှံမှု အမြင်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုများ ပြည့်စုံနေပြီဖြစ်သည်။
နှစ်သစ်ကူးကာလတွင် မင်ယွဲ့သည် မိဘများနှင့်အတူ အဘွားအိမ်သို့ သွားရောက်ကာ လက်ဆောင်များ ပေးအပ်ခဲ့သည်။
သူမဝယ်ပေးခဲ့သော ရွှေလက်ကောက်ကြီးကို မြင်သောအခါ အဘွားဖြစ်သူက
“ဘာလို့ ဒီလောက် ပိုက်ဆံတွေ ဖြုန်းရတာလဲ"
ဟု ဆိုသော်လည်း မျက်နှာထက်မှ အပြုံးကိုမူ ဖုံးကွယ်မရပေ။ မြေးမလေး၏ သိတတ်မှုကို အဘွားက အခေါက်ခေါက်အခါခါ ချီးမွမ်းနေတော့သည်။
မင်ယွဲ့သည် အဘွားအိမ်မှ ခေတ္တထွက်လာစဉ် ဝမ်းကွဲမောင်နှမများနှင့် ဆုံသည်။ သူမသည် စနစ်၏ အာကာသသိုလှောင်ရုံ ထဲမှ အဆင့်မြင့် အသားအရေထိန်းသိမ်းမှု ပစ္စည်းများကို ကားထဲမှ ယူလာသယောင် ဟန်ဆောင်ကာ လက်ဆောင်ပေးလိုက်သည်။
"မင်ယွဲ့... နင်ကတော့ တကယ့်ကို အံ့သဩစရာပဲ”
အဒေါ်ဖြစ်သူက လက်ဆောင်များ၏ တန်ဖိုးမှာ တစ်စုံလျှင် ယွမ် ၅၀၀၀ ကျော် (သူမ၏ တစ်လစာလစာနီးပါး) ရှိသည်ကို သိသွားသောအခါ ရင်တလှပ်လှပ် ဖြစ်သွားရသည်။
အဘိုးအတွက်လည်း လမ်းလျှောက်ရလွယ်ကူစေရန် ယွမ်သောင်းချီတန်သော ဝှီးချဲတစ်စီးကို မင်ယွဲ့က ဝယ်ပေးခဲ့ရာ အဘိုးမှာ ဝမ်းသာအားရဖြင့် ရွာပတ်မောင်းနှင်နေတော့သည်။
နှစ်သစ်ကူးအကြိုည ရောက်သောအခါ မိသားစုအားလုံး ဧည့်ခန်းတွင်စုရုံးကာ ပွဲတော်ညအစီအစဉ်ကို ကြည့်ရှုရင်း စက္ကန့်များကို ရေတွက်ကြသည်။
၁၀၊ ၉၊ ၈... ၀
နှစ်သစ်ကူးခေါင်းလောင်းသံနှင့်အတူ ကောင်းကင်ယံ၌ မီးရှူးမီးပန်းများက ကြယ်တာရာများအလား လှပစွာ ပွင့်အံထွက်လာသည်။
မီးရှူးမီးပန်းများ၏ ရောင်စုံအလင်းတန်းများမှာ ကျေးလက်၏ မှောင်မည်းသော ကောင်းကင်ယံတွင် ပို၍ပင် ထည့်ဝါနေတော့သည်။
ယွမ်ပေါ့သည် ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်ကာ ပြင်ပမှ အလင်းအမှောင်များကို စူးစမ်းစွာ ကြည့်နေသည်။ ထိုညတွင် မင်ယွဲ့၏ မိဘများမှာ ယွမ်ပေါ့၏ စားနိုင်စွမ်းကို ကြည့်ကာ—
"တော်သေးတာပေါ့၊ ငါတို့ အခု ပိုက်ဆံရှာနိုင်လို့၊ မဟုတ်ရင် ဒီလောက် အစားကြီးတဲ့ ကောင်လေးကို ဘယ်လို ကျွေးရပါ့မလဲ"
ဟု ရယ်မောကာ ဆိုကြသည်။
မင်ယွဲ့သည် အိပ်ရာမဝင်မီ ကုမ္ပဏီ Group Chat ထဲတွင် ဝန်ထမ်း ၄၉၀ ကျော်အတွက် ယွမ် ၉၈,၀၀၀ တန်ဖိုးရှိသော စာအိတ်နီ (Red Envelope) ကို ပေးပို့လိုက်သည်။
Group ထဲတွင် ကျေးဇူးတင်စကားများနှင့်အတူ ပျော်ရွှင်စရာ နောက်ပြောင်သံများ ဆူညံသွားတော့သည်။
"ကျေးဇူးတင်ပါတယ် သူဌေးမလေး... နောက်ဘဝအထိ ကျွန်အဖြစ် အမှုထမ်းပါရစေ"
ဟု ဝန်ထမ်းတစ်ဦးက စနောက်ရာ—
"နောက်ဘဝအထိ စောင့်မနေပါနဲ့၊ ဒီဘဝမှာပဲ လူပီသအောင် ကြိုးစားပေးရင် ကျေနပ်ပါပြီ"
ဟု မင်ယွဲ့က ဟာသနှောကာ ပြန်လည်စာရိုက်
လိုက်ပါတော့သည်။
Group ထဲရှိ ဝန်ထမ်းများမှာမူ ငွေအများဆုံးရသူနှင့် အနည်းဆုံးရသူတို့ကို အချင်းချင်း စနောက်ရင်း နှစ်သစ်ကူးညကို ပျော်ရွှင်စွာ ကုန်ဆုံးစေခဲ့ကြသည်။