← Chapters

အခန်း (၃၈၃၈-၃၈၄၁)

Vol. 195 Ch. 3838-3841

အခန်း (၃၈၃၈-၃၈၄၁)

Vol. 195 Ch. 3838-3841

Chapter 3838

သုံးရက်ကြာပြီးနောက်....

ကောင်းကင်ချိုးဖျက်ခံတပ်၏ မြို့ရိုးထိပ်တွင်...

လုယွီသည် မြို့ရိုးပေါ်ရှိ စောင့်ကြည့်မျှော်စင်အတွင်း၌ ထိုင်နေလေ၏။သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် မှော်စွမ်းအားများရစ်သိုင်းလွှမ်းခြုံနေကာ သူ့အား အဆက်မပြတ်လှည့်ပတ်နေသည်။

ဤရက်များအတွင်းတွင် လုယွီသည် မြို့ရိုးပေါ်၌ကျင့်ကြံနေကာ သူ့၏ဒဏ်ရာများကို ဖြည်းညှင်းစွာ ပြန်လည်ကုသနေခဲ့သည်။

သုံးရက်ဟူသောအချိန်ကာလသည် တိုတောင်းသော်လည်း တာယွီအင်ပါယာကံကြမ္မာစွမ်းအား၏ထောက်ပံ့ပေးမှုကြောင့် လုယွီ၏ကျင့်ကြံဆင့်စွမ်းအားများ မြင့်တက်လာရုံသာမက သူ့၏ဒဏ်ရာများ ပျောက်ကင်းမှုနှုန်းသည်လည်း အလွန်လျင်မြန်လာခဲ့သည်။

လုယွီ၏နဖူးပေါ်၌ ခရမ်းရောင်ကြာပွင့်အမှတ်အသားတစ်ခုကို ခပ်ဖျော့​ဖျော့မြင်တွေ့နိုင်သည်။

ဤသည်မှာ တစ်စုံတစ်ယောက်သည် ထိုက်ဟွာကျမ်းစာကို အထွတ်အထိပ်အဆင့်ထိကျင့်ကြံနိုင်ပါက ဖွဲ့စည်းလာသော ထူးဆန်းသည့် ကြာပွင့်အမှတ်အသားပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ရှုပါက လုယွီ၏နဖူးပေါ်ရှိ ကြာပွင့်အမှတ်အသားသည် ပန်းပွင့်သုံးပွင့်အဖြစ်သို့အသွင်ပြောင်းနေကာ တဖြည်းဖြည်းပွင့်လန်းလာသည်ကို သတိပြုမိပေမည်။

ထိုက်ဟွာကျမ်းစာတွင် ပါရှိသည်မှာ...

'အနှစ်သာရကို သန့်စင်ပြီးတော့ ချီအဖြစ်ပြောင်းလဲရမယ်...စွမ်းအားတွေကို အမြင့်ဆုံးထိ ​ဖြည့်တင်းပြီးတော့ စိတ်ဝိညာဉ်ကို ဗလာဟင်းလင်းအဆင့်ထိ သန့်စင်ရမယ်...ပန်းပွင့်သုံးပွင့်ဖွဲ့စည်းနိုင်တာနဲ့ မကြွေလွင့်နိုင်တော့ဘူး...စိတ်ဝိညာဥ်က လေဟာနယ်အတွင်းကို ဝင်ရောက်နိုင်မယ်"

ဤသည်မှာ ထိုက်ဟွာကျမ်းစာတွင်ပါရှိသော အလွန်အမင်းအဆင့်မြင့်သည့် ကျင့်ကြံနည်းစနစ်တစ်ခုပင်။

လုကျိုးရှောင်၏ မှတ်ဉာဏ်အပိုင်းအစများနှင့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအပေါ် နားလည်သဘောပေါက်မှုကို ပေါင်းစပ်ကာ လုယွီသည် မပြည့်စုံသောထိုက်ဟွာကျမ်းစာအစအနများကို ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မဟာတာအိုဂိတ်တံခါးရှေ့၌ ခရမ်းရောင်အခိုးအငွေ့များစုဝေးသွားကာ အလင်းတန်းများအဖြစ် ဖွဲ့စည်းသွားသည်။ထိုအလင်းတန်းများသည် သူ့၏နဖူးပေါ်ရှိ ပန်းသုံးပွင့်အမှတ်အသားကို အဆက်မပြတ် အားဖြည့်ပေးနေလေ၏။

'မိုးကောင်းကင်၏ကံကြမ္မာသားတော်'ဟု ထိုက်ဟွာကျမ်းစာမှ သတ်မှတ်ခံထားရသော လုကျိုးရှောင်သည် ပန်းတစ်ပွင့်နယ်ပယ်အထိသာ ကျင့်ကြံနိုင်ခဲ့သည်။

"အရှင်....ထန်စစ်တပ်က မြို့ကို ထပ်ပြီးတိုက်ခိုက်နေပြန်ပြီ"

လက်ထောက်တပ်မှူးတစ်ယောက်သည် ပြင်ပမှနေ၍ အလျင်စလိုပြေးဝင်လာကာ သူ့၏ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားသောဒဏ်ရာများရှိနေသည်။

စောင့်ကြည့်မျှော်စင်အတွင်း၌....

စုန်ချင်းဖုန်းသည် တိတ်တဆိတ်နေရန်လက်ဟန်သင်္ကေတကိုပြုလုပ်ကာ တိုးညှင်းသောလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။

"အရှင်လုက အနားယူနေတုန်းပဲ...တကယ်လို့ ကိစ္စတစ်ခုခုရှိရင် အပြင်မှာ ပြောကြရအောင်"

"ဟုတ်ကဲ့"

လက်ထောက်တပ်မှူးသည် အနည်းငယ် အံ့အားသင့်တုန်လှုပ်သွားသည်။သို့ရာတွင် လုယွီသည် မျက်လုံးကိုစုံမှိတ်ကာ အနားယူနေဆဲဖြစ်သည်ကို သူ မြင်တွေ့ချိန်တွင် သူ့၏ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်၏။

လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် လုယွီသည် အနားယူနေခဲ့ကာ မြို့ကိုခုခံကာကွယ်သော တိုက်ပွဲများအတွင်းတွင် ဝင်ရောက်ဆင်နွှဲခြင်းမရှိချေ။သို့ရာတွင် စစ်သားများ၏ သူ့အပေါ်လေးစားကြည်ညိုမှုသည် အနည်းငယ်မျှ လျော့ကျသွားခြင်းမရှိချေ။

အရေးအကြီးဆုံးအချက်မှာ လုယွီ၏ခြိမ်းခြောက်နိုင်မှုကြောင့် နတ်ဆိုးမှော်သားရဲစစ်သားများသည် သူတို့ကိုယ်သူတို့ အလွန်အမင်း ဆင်ခြင်ထိန်းချုပ်နေခြင်းပင်။သူတို့သည် သူတို့နောက်ရှိ စီမံကွပ်ပဲရေးအဖွဲ့မှတိုက်တွန်းနှိုးဆော်မှသာလျှင် တိုက်ခိုက်ကြသည်။

ယခုအချိန်တွင် လုယွီထက် ပို၍အရေးကြီးသော တခြားအရာမရှိတော့ချေ။

"မလိုတော့ဘူး...ငါ ပြန်ကောင်းသွားပြီ"

ရုတ်တရက် လုယွီက သူ့၏မျက်လုံးများကို ဖွင့်လိုက်သည်။

စောင့်ကြည့်မျှော်စင်အတွင်း၌ မတ်တတ်ရပ်နေသောလူတိုင်းသည် သူတို့၏ခန္ဓာကိုယ်များကိုခရမ်းရောင်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်ကို ခံစားမိလေ၏။ထိုအလင်းတန်းသည် သူတို့၏ခန္ဓာကိုယ်များအတွင်းမှ လျှို့ဝှက်ချက်များအားလုံးကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ပင်။

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် လုယွီကို တဖန်ထပ်၍ကြည့်လိုက်ကြရာ သူ့၏မျက်လုံးများ ပုံမှန်ပြန်ဖြစ်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

"အရှင်လု....ဘယ်လို နေသေးလဲ"

စုန်ချင်းဖုန်းက ရှေ့သို့အလျှင်အမြန်တိုးသွားကာ မေးမြန်းသည်။

ယခုအချိန်တွင် လုယွီသည် ကောင်းကင်ချိုးဖျက်ခံတပ်၏ အမာခံကျောရိုးပင်။ထို့ကြောင့် သူထံတွင် မည်သည့်အမှားအယွင်းမျှ ဖြစ်၍မရချေ။

လုယွီက သူ့၏လက်ကို ဝှေ့ယမ်းကာ လေသံပြတ်ပြတ်ဖြင့်ပြောဆိုသည်။

"ဒါက ပြဿနာမရှိတော့ဘူး...ငါ အခုကောင်းသွားပြီ...ငါက အရင်ဆုံး အခုလက်ရှိအခြေအနေကို သွားကြည့်ရလိမ့်မယ်"

ယခုအချိန်တွင် ထန်စစ်တပ်သည် ကောင်းကင်ချိုးဖျက်ခံတပ်ကို ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုဖြင့် ထပ်မံ၍ဝင်ရောက်တိုက်ခိုက်နေလေ၏။

ရန်သူစစ်တပ်၏လက်နက်ကြီးများက တစ်ကြိမ်ပြီးတကြိမ် ကျရောက်လာသည်။အလွန်ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ စိတ်ဝိညာဥ်အမြှောက်ဆန်များက မြို့ရိုးများကိုရိုက်ခတ်နေသည်။

ဤတိုက်ခိုက်မှုအဆင့်သည် ယခင်အကြိမ်များထက် များစွာပို၍ပြင်းထန်သည်။

နတ်ဆိုးသားရဲစစ်သားများအပြင် ထန်စစ်သားများသည်လည်း ရှေ့သို့ထွက်လာကာ တိုက်ခိုက်နေကြသည်။သူတို့သည် လေးလံသောသံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကာ အင်အားကုန်အသုံးပြု၍ မြို့ရိုးများထံသို့ တိုးဝင်လာကြသည်။

လန်ဝူရှင်း၏ဒဏ်ရာများသည်လည်း အတော်အသင့် သက်သာပျောက်ကင်းသွားလေပြီ။ဆေးလုံးများ၏အကူအညီဖြင့် သူသည် အလျှင်အမြန် ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် တခြားမဟာစစ်ဗိုလ်ချုပ်များကဲ့သို့ပင် မြို့ရိုးပေါ်၌ အင်အားကုန်တိုက်ခိုက်နေခဲ့သည်။

လုယွီထွက်လာသည်နှင့် ရှေ့တန်းမှနေ၍ ဆယ်နှင့်ချီသည့် ထက်ရှသောမြှားများသည် သူ့ထံသို့ပျံ့လွင့်လာကာ သူရှိနေသောနေရာသို့ ဦးတည်၍ ပြင်းပြင်းထန်ထန် ထိုးဆင်းလာလေ၏။

"အရှင် ဂရုစိုက်ပါ"

စုန်ချင်းဖုန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

Chapter 3839

လုယွီသည် သူ့ထံသို့တိုးဝင်လာသော မြှားများကိုမြင်တွေ့ချိန်တွင် သူ့၏မျက်လုံးအတွင်းမှနေ၍ ရုတ်တရက် အေးစက်သောအလင်းရောင်များဖြာထွက်သွားသည်။

သူသည် ခြေတစ်လှမ်းရှေ့သို့တိုးကာ သူ့၏လက်ဝါးအတွင်း၌ ရွှေရောင်အလင်းတန်းတစ်တန်းတောက်ပလာသည်။ထို့နောက် သူ့၏လက်ဝါးကိုမြှောက်ကာ လက်ဝါးရိုက်ချက်တစ်ချက်ကို ရိုက်ထုတ်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ့၏ကျင့်ကြံဆင့်နယ်ပယ်စွမ်းအားကို အပြည့်အဝ ပြန်လည်ရရှိသွားလေပြီ။

ထို့ပြင် သူသည် ထိုက်ဟွာကျမ်းစာအတွင်းမှ ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံနိုင်ခဲ့သဖြင့် သူ့၏ကျင့်ကြံဆင့်သည် ပြီးပြည့်စုံခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်။ဤသည်မှာ ယခင်နှင့်မတူညီတော့သဖြင့် ယခုအချိန်၌ သူ ထုတ်ဖော်အသုံးပြုသော မှော်မန္တန်များသည် ယခင်ထက် များစွာပို၍အစွမ်းထက်လာပေလိမ့်မည်။

တောက်ပသော ရွှေရောင်အလင်းတန်းများသည် လုယွီ၏ခေါင်းထက်၌ စုဝေးသွားကာ နောက်ဆုံးတွင် ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် သိပ်သည်းသွားသည်။

ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်စွမ်းအားများကို သက်ရောက်သွားပုံရကာ ပြင်းပြင်းထန်ထန်လှုပ်ခတ်စပြုလာသည်။

ထိုနောက် လုယွီသည် ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် သူ့၏ရွှေရောင်လက်ဝါးပုံရိပ်ရောင်ကြီး ရုတ်တရက် ပျံ့လွင့်သွားသည်။

ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ မိုးကောင်းကင်ယံမှနေ၍ အောက်သို့ကျရောက်သွားပေ၏။

ပတ်ဝန်းကျင်ရှိလူများသည် ကျယ်လောင်သောတုန်ခါသံကြီးတစ်သံမြည်ဟီးသွားသည်ကိုသာ ကြားလိုက်ရသည်။

လုယွီ၏ရှေ့ရှိ မြို့ရိုးနှင့် မိုင်အနည်းငယ် အကွာအဝေးအတွင်းတွင်ရှိနေသော နတ်ဆိုးသားရဲစစ်သားများဖြစ်စေ ထန်စစ်သားများဖြစ်စေ သူတို့အားလုံးသည် ထိုလက်ဝါးပုံရိပ်ယောင်ကြီး၏ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးသွားတော့သည်။

သူတို့၏ကျင့်ကြံဆင့်နယ်ပယ် မြင့်မားသည်ဖြစ်စေ နိမ့်ပါးသည်ဖြစ်စေ လုယွီ၏ရှေ့တွင် သူတို့အားလုံးသည် သာတူညီမျှဆက်ဆံခြင်းခံရလေ၏။သူတို့သည် လုယွီ၏တိုက်ခိုက်မှုကို အနည်းငယ်မျှ ဟန့်တားနိုင်စွမ်းမရှိချေ။

ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် အဝေးတစ်နေရာရှိ ထန်စစ်တပ်၏စစ်စခန်းမှနေ၍ ထူးဆန်းပြီး ကြည်လင်ပြတ်သားသော စစ်ဗုံသံတစ်သံရုတ်တရက် ထွက်ပေါ်လာသည်။

ထိုစစ်ဗုံသံကိုကြားချိန်တွင် နတ်ဆိုးသားရဲစစ်သားများနှင့် ထန်စစ်သားများအားလုံး၏မျက်လုံးများ နီမြန်းသွားသည်။သူတို့၏ခန္ဓာကိုယ်များကြွက်သားများ စတင်၍ ပြင်းပြင်းထန်ထန်ဖောင်းကြွလာကာ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သွေးကြောကြီးများ ထွက်ပေါ်လာလေ၏။

"လုယွီကိုသတ်နိုင်တဲ့ ဘယ်သူမဆို အမတ်ကြီးရာထူး ခန့်အပ်ခံရပြီးတော့...နယ်မြေခံတပ်မှူးအဖြစ်ကို အဆင့်တိုးပေးခံရမယ်...အဲ့ဒီလူကို ဂုဏ်ပြုတဲ့အနေနဲ့ ငါ့အဖေရဲ့လမ်းညွှန်မှုကိုရရှိဖို့...ငါကိုယ်တိုင် ငါ့ရဲ့အဖေကို တောင်းဆိုပေးမယ်"

အေးစက်စက်အသံတစ်သံက ထန်စစ်တပ်၏နောက်မှ ထွက်ပေါ်လာသည်။

ထန်စစ်တပ်၏စစ်သားများအားလုံး အရူးအမူးချီတက်လာကြလေ၏။

ထန်အင်ပါယာ၌ နယ်မြေခံတပ်မှူးဟူသော အဆင့်အတန်းသည် စီရင်စုအုပ်ချုပ်သူအရှင်တစ်ယောက်၏ရာထူးနှင့် ညီမျှသည်။သူတို့အားလုံးသည် နယ်စပ်အရာရှိများပင်။

အမတ်ကြီးဘွဲ့ထူးကြောင့် သူတို့သည် ထန်အင်ပါယာ၏ကံကြမ္မာစွမ်းအားကို ပိုပြီးရရှိနိုင်မည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင်မလိုတော့ချေ။

သို့ရာတွင် ဤသည်မှာ အရေးအကြီးဆုံးအချက်မဟုတ်သေးချေ။

သူတို့သည် ယန်ဘုရင် ကိုယ်တိုင်ကိုယ်ကျ သင်ပြမှုကို လက်ခံရရှိနိုင်ပေ၏။

ထန်အင်ပါယာ၏ယန်ဘုရင်သည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။သူသည် ထန်အင်ပါယာ၏အဓိကထောက်တိုင်ကြီးများအနက်မှ တစ်ယောက်ဖြစ်သည်။

အကယ်၍ ဤကဲ့သို့ ပြိုင်ဘက်ကင်းထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ထံမှ ကျင့်ကြံနည်းစနစ်တချို့ကို သင်ယူနိုင်ပါက သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည် အဆများစွာခုန်ပျံကျော်လွှား၍ မြင့်တက်သွားမည်မှာသေချာပေါက်ပင်။

"မကောင်းတော့ဘူး....သူတို့ရဲ့ပစ်မှတ်က အရှင်လုပဲ"

စုန်ချင်းဖုန်းက ထိတ်လန့်တကြားအော်လိုက်သည်။

ကောင်းကင်ချိုးဖျက်ခံတပ်၏ ခုခံကာကွယ်မှုလမ်းကြောင်းသည် အလွန်ရှည်လျားကာ လက်ရှိနေရာတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်အများစုသည် နေရာခွဲ၍ ခုခံတိုက်ခိုက်နေရသည်။

လန်ဝူရှင်းပင်လျှင် ဤနေရာနှင့်အဝေးသို့ ရောက်ရှိနေပေ၏။

ထို့ကြောင့် လုယွီကိုကာကွယ်ပေးရန်အတွက် မည်သူမျှရှိမနေချေ။

"အရှင်လု...ငါတို့တွေ အမြန်ဆုံးနောက်ဆုတ်တာ ပိုကောင်းလိမ့်မယ်...မင်းက ဗဟိုစစ်တဲကနေ တိုက်ပွဲကို စီမံကွပ်ကဲလို့ရတယ်"

စုန်ချင်းဖုန်းက စိုးရိမ်ပူပန်တကြီးပြောဆိုသည်။

သူသည် ထန်စစ်တပ်၏ရည်မှန်းချက်ပန်းတိုင်ကို နားလည်သဘောပေါက်ထားသည်။ထန်စစ်တပ်သည် လုယွီကို သတ်ဖြတ်နိုင်သည်နှင့် ကောင်းကင်ချိုးဖျက်ခံတပ်၏ခုခံကာကွယ်မှုများ အလိုအလျောက် ပျက်စီးသွားပေမည်။

ရာနှင့်ချီသောစစ်သားများသည် လုယွီ၏နံဘေးပတ်လည်၌ စုဝေးနေသော်လည်း သူတို့၏မျက်လုံးများအတွင်းတွင် စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက်နေသည်။သို့ရာတွင် သူတို့၏အတွင်းမှ မှော်လက်နက်များကိုမူ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေ၏။

ကောင်းကင်နှင့်မြေပြင်ကိုပင် ပိတ်ဖုံးသည်အထိများပြားကာ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ တိုးဝင်လာသော ရန်သူစစ်တပ်နှင့်ရင်ဆိုင်နေရသဖြင့် လူတိုင်း၏စိတ်နှလုံးသားများ တုန်ရီနေသည်။

သို့ရာတွင် လုယွီသည် အလွန်တည်ငြိမ်အေးဆေးနေကာ သူက ပြောဆိုသည်။

"ကြည့်ရတာတော့ အဲ့ဒီကောင်တွေက အရှုံးကိုရင်မဆိုင်ရမချင်း တပ်ပြန်ဆုတ်မယ့်ပုံမပေါ်ဘူး"

လုယွီက သူ့၏ခြေထောက်ကိုမြှောက်ကာ ရှေ့သို့လျှောက်လှမ်းသွားပြီးနောက် ကောင်းကင်ချိုးဖျက်ခံတပ်၏မြို့ရိုးအတွင်းမှ ထွက်ခွာသွားပြီး ပြင်ပသို့ရောက်ရှိသွားသည်။

လုယွီသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူသည် မြို့ရိုး၏အထက်တွင် မတ်တတ်ရပ်နေလေရာ စကြာဝဠာကိုအုပ်ချုပ်နေသော လောကကြီးအတွင်းရှိအရာရာတိုင်း၏ အရှင်သခင်တစ်ယောက်အလားပင်။

သူ့၏ခန္ဓာကိုယ်ပေါ်တွင် အစစ်အမှန်အင်မော်တယ်တစ်ယောက်၏ သွေးချီစွမ်းအားများ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။

ဤသည်မှာ ကောင်းကင်ဘုံနယ်မြေအတွင်းရှိ သက်ရှိများအားလုံးနှင့် မသက်ဆိုင်သည့် မြင့်မြတ်သော အရှိန်အဝါတစ်ရပ်ပင်။

လုယွီ၏ရှေ့၌ ကျင့်ကြံဆင့်နယ်ပယ် အားကောင်းသူဖြစ်စေ အားနည်းသူဖြစ်စေ သူတို့၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများ မြင့်တက်လာသည်။သူတို့သည် လုယွီ၏မျက်လုံးများကို စေ့စေ့မကြည့်ဝံ့ကြချေ။

Chapter 3840

ဤသည်မှာ အစစ်အမှန်အင်မော်တယ်တစ်ယောက်နှင့် အတုအယောင်အင်မော်တယ်တစ်ယောက်ကြားမှ ကွဲပြားခြားနားချက်ပင်။

အနာဂတ်မျိုးဆက်များမှ ကျင့်ကြံသူများသည် ကျင့်ကြံဆင့်နယ်ပယ် မည်မျှထိနက်နဲသိမ်မွေ့နေပါစေ သူတို့အားလုံးသည် အတုအယောင် အင်မော်တယ်များပင်။

သူတို့သည် အင်မော်တယ်တစ်ယောက်၏အစစ်အမှန်စွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။သူတို့ကို အင်မော်တယ်များဟု ခေါ်ဆိုကြသော်လည်း အမှန်အားဖြင့် သာမန်ကျင့်ကြံသူများထက် အနည်းငယ်ပို၍အားကောင်းသူများသာ ဖြစ်သည်။

"သူက တစ်ယောက်တည်းပဲရှိတာ...သူ့ကို သတ်ကြစမ်း...ကြွယ်ဝမှုတွေက အန္တရာယ်တွေထဲကနေရောက်လာတာပဲ"

နောက်ဆုံး၌ ထန်စစ်တပ်အကြားမှတစ်စုံတစ်ယောက်သည် ထပ်မံ၍တောင့်မခံနိုင်တော့ချေ။

ထန်စစ်သားများဖြစ်စေ လော့ရွှေကြယ်မြစ်မှနတ်ဆိုးသားရဲစစ်သားများဖြစ်စေ ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး၏မျက်လုံးများအတွင်း၌ လောဘအရိပ်အယောင်များထင်ဟပ်နေသည်။

လုယွီကို အမြစ်ပြတ်သုတ်သင်နိုင်သည်နှင့် သူတို့လက်ခံရရှိမည် ဆုလာဘ်သည် အလွန်အမင်းကြီးမားသောပမာဏပင်။

ရုတ်ချည်းဆိုသလိုပင် ထန်စစ်သားများနှင့်နတ်ဆိုးသားရဲစစ်သားများအားလုံး လုယွီကိုတိုက်ခိုက်လိုက်ကြ၏။

ကောင်းကင်ချိုးဖျက်ခံတပ်၏ မြို့ရိုးအထက်ရှိမိုးကောင်းကင်ယံအတွင်းတွင် တိမ်မည်းများဖြင့် ရုတ်တရက်ပြည့်နှက်သွားသည်။မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏မှော်မန္တန်များကို တစ်ချိန်လည်း ထုတ်လွှတ်လိုက်ကြသည်။ထို့ကြောင့် လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်နှင့်အတူ အားကောင်းသောဖိအားအရှိန်အဝါတစ်ရပ် ရောယှက်၍ဖွဲ့စည်းသွားသည်။

ထန်စစ်တပ်ဘက်မှနေ၍ မဟာစစ်ဗိုလ်ချုပ်ဆယ့်တစ်ယောက် တစ်ချိန်တည်း ရှေ့သို့တိုးဝင်လာကြသည်။သူတို့တစ်ယောက်ချင်းစီသည် မတူကွဲပြားသော မှော်မန္တန်များကို ထုတ်ဖော်အသုံးပြုထားလေ၏။ထိုမှော်မန္တန်များမှ ထွက်ပေါ်နေသော အေးစက်စက်အလင်းရောင်များကိုကြည့်ခြင်းအားဖြင့် သူတို့သည် သာလွန်ထူးကဲသော တိုက်ခိုက်ခြင်းနည်းစနစ်များကို ထုတ်ဖော်အသုံးပြုထားသည်မှာ သိသာထင်ရှားသည်။

လော့ရွှေကြယ်မြစ်မှ နတ်ဆိုးမှော်သားရဲများဘက်မှနေ၍ နတ်ဆိုးဧကရာဇ်အကောင်သုံးဆယ်ကျော်ပြေးထွက်လာသည်။

ထိုနတ်ဆိုးဧကရာဇ်များ၏စွမ်းအားသည် နတ်ဆိုးဧကရာဇ်ရွှမ်ရွှမ်လောက် ကောင်းမွန်ခြင်းမရှိချေ။ သို့ရာတွင် သူတို့သည်လည်း နတ်ဆိုးသားရဲမျိုးနွယ်များအကြားတွင် သာလွန်ထူးကဲသော စွမ်းအားရှိသူများဖြစ်ပေ၏။သူတို့၏ခွန်အားအပြည့်ကို ထုတ်ဖော်အသုံးပြုနိုင်ရန်အလို့ငှာ နတ်ဆိုးသားရဲအများစုသည် သူတို့၏အစစ်အမှန်ခန္ဓာကိုယ်များအသွင်သို့ ပြောင်းလဲထားကြသည်။

ဤသည်မှာ ရှေ့ဆုံးမှတိုက်ခိုက်သောရန်သူများသာ ရှိသေးသည်။

သူတို့၏နောက်တွင် ရန်သူစစ်တပ်ကြီးသည်အကန့်အသတ်မရှိတည်ရှိကာ လုယွီထံဦးတည်၍ တဟုန်ထိုးပြေးဝင်လာကြသည်။

ဤကဲ့သို့ အခြေအနေမျိုးအောက်တွင် ဝမ်ရှင်းအမတ်ကြီး၏နောက်သို့ နှစ်ပေါင်းများစွာကြာအောင်လိုက်ခဲ့သော စုန်ချင်းဖုန်းပင်လျှင် ပထမဆုံးအကြိမ်အဖြစ် သူ့၏နှလုံးသား ကတုန်ကရင်ဖြစ်လာသည်ကို ခံစားမိလေ၏။

"အရှင်လု မြန်မြန်နောက်ဆုတ်တော့"

"မင်းတို့တွေအားလုံး စိတ်ဝိညာဉ်ကျောက်တုံးအမြောက်တွေ ဒီနားကို စုလိုက်ကြစမ်း...မင်းတို့တွေက ဒီနေရာကိုလာပြီး ထောက်ပံ့ပေးစမ်း"

စုန်ချင်းဖုန်းက အလျင်စလိုအော်ဟစ်၍ အမိန့်ပေးလိုက်သည်။

သို့ရာတွင် သူ့၏အသံသည် ထန်စစ်တပ်ဘက်မှအလွန်များပြားသော အော်ဟစ်သံများအောက်တွင် တိမ်မြုပ်သွားလေ၏။

တာယွီစစ်သားတချို့သည် လုယွီသည် အန္တရာယ်အတွင်းသို့ ကျရောက်နေသည်ကို မြင်တွေ့ချိန်၌ သူတို့သည် ကူညီပေးရန်အတွက်အလျင်စလို ပြေးလာကြသည်။

သို့ရာတွင် သူတို့သည် ထိုနေရာသို့မရောက်နိုင်သေးမီမှာပင် တစ်ဖက်ရန်သူများ၏ဟန့်တားခြင်းကိုခံရကာ ဖြတ်ကျော်လာနိုင်ခြင်းမရှိချေ။

လုယွီကို သတ်ဖြတ်နိုင်ရန်အလို့ငှာ ထန်စစ်တပ်သည် မြို့ရိုး၏နေရာအများစုကို ဖိအားအမြောက်အ​များ ပေးထားခဲ့သည်။တာယွီအင်ပါယာဘက်မှ စစ်သားများသည် ရန်သူများကို ခုခံတိုက်ခိုက်နေရသည်ဖြစ်ရာ လုယွီကို ကူညီပေးနိုင်ခြင်း မရှိတော့ချေ။

နတ်ဆိုးမှော်သားရဲများနှင့်ထန်စစ်သားများသည် ကောင်းကင်နှင့်မြေပြင်တစ်ခွင်လုံးအနှံ့ပြည့်နှက်နေကာ လုယွီကိုကြည့်ရသည်မှာ အလွန်အမင်းသေးငယ်နေပုံရသည်။

သို့ရာတွင် ကောင်းကင်ချိုးဖျက်ခံတပ်အတွက်လုယွီ၏ပုံရိပ်သည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ကြီးကျယ်ခမ်းနားပြီး ယုံကြည်အားထားရသောအရာပင်။

သူသည် ထိုနေရာ၌ တစ်ယောက်တည်းမတ်တတ်ရပ်နေကာ လောကကြီးအတွင်းရှိ အရာရာတိုင်း သူ့အပေါ်တွင် သက်ရောက်မှုမရှိသည့်အလားပင်။

လုယွီသည် သူ့၏​လက်ကိုမြှောက်လိုက်ရာ သူ့၏လက်ချောင်းထိပ်မှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် လေဟာနယ်အတွင်း၌ ထိုရွှေရောင်အလင်းတန်းဖြင့် စာလုံးတစ်လုံးကို ရေးသားလိုက်သည်။

မှော်စွမ်းအားများကိုမင်အဖြစ် သူ့၏လက်ကိုစုတ်တံအဖြစ် အသုံးပြုကာ ကောင်းကင်နှင့်မြေပြင်အကြား၌ သူသည် ရွှေရောင်စာလုံးတစ်လုံးကိုရေးဆွဲလိုက်၏။

ထိုရွှေရောင်စာလုံးအတွင်း၌ မြောက်များစွာသော ရွှေရောင်အလင်းတန်းများ စုဝေးနေပုံရကာ တိမ်တိုက်များအကြား၌ မျောလွင့်နေသည်။

တာအိုပညာရပ်၏နက်နဲသိမ်မွေ့မှုများသည် အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်သည်။

ဤသည်မှာ ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသော တာအိုကျမ်းစာတစ်ခုအတွင်းမှ အက္ခရာတစ်လုံးပင်။

ဤတာအိုအက္ခရာကို ရေးသားပြီးနောက် ရွှေရောင်အလင်းတန်းများက လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ထန်စစ်တပ်နှင့်နတ်ဆိုးသားရဲများ၏ခေါင်းထက်သို့ ကြီးမားသောဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်သွားပုံရကာ ဤအချိန်အခိုက်အတန့်တွင် သူတို့သည်အသက်မရှုနိုင်တော့ချေ။

"ဒါက ဘယ်လိုမှော်နည်းစနစ်မျိုးလဲ"

"သောင်းနဲ့ချီတဲ့ရန်သူတွေကို သူတစ်ယောက်တည်းနဲ့ တိုက်ခိုက်တော့မလိုလား...ဖြစ်နိုင်တာတော့ အရှင်လု ရူးများရူးသွားတာလား"

"သူအသုံးပြုခဲ့တဲ့ မှော်မန္တန်တွေအားလုံးကို ငါတို့အရင်က တစ်ခါမှမကြားခဲ့ဖူးဘူး...ပြီးတော့ သူ့ရဲ့ခွန်အားက အရမ်းအစွမ်းထက်တယ်...သူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ဝဲစစ်တပ်ရဲ့ တပ်မှူးဖြစ်လာတာ အံ့အားသင့်စရာမရှိတော့ဘူး....သူ့မှာ တကယ်ကိုပဲ ဒီလိုဖြစ်နိုင်တဲ့အရည်အချင်းမျိုး ရှိနေတယ်"

"ဒါပေမဲ့ ကံဆိုးချင်တော့ ရန်သူတွေရဲ့အင်အားက အရမ်းများတယ်....သောက်ချေးပဲ....ထန်စစ်တပ်က ငါတို့ကို ပိတ်ဆို့ဟန့်တားထားပြီးတော့....ငါတို့ အရှင်လုကို သွားပြီးကူညီလို့မရအောင် လုပ်နေတာပဲ"

Chapter 3841

လုယွီတစ်ယောက်တည်းဖြင့် ဤမျှထိများပြားသော ရန်သူများကို ရင်ဆိုင်တော့မည်အား သူတို့မြင်တွေ့ချိန်တွင် ကောင်းကင်ချိုးဖျက်ခံတပ်မှ မဟာစစ်ဗိုလ်ချုပ်များသည် စိုးရိပ်ပူပန်မှုကိုခံစားမိလေ၏။

လန်ဝူရှင်းတစ်ယောက်တည်းသာလျှင် တည်ငြိမ်အေးဆေးသောအခြေအနေ၌ ရှိနေသည်။

လုယွီသည် မှော်မန္တန်ကိုရွတ်ဆိုနေသည်အား သူ မြင်တွေ့ချိန်၌ သူ့၏ခေါင်းကိုခါယမ်းလိုက်သည်။

"တစ်ယောက်ယောက်တော့ ကံဆိုးမိုးမှောင်ကျတော့မယ်"

လုယွီသည် မိုးကောင်းကင်ယံအတွင်း၌ နတ်ဘုရားများ ဗုဒ္ဓများနှင့် ရင်ဆိုင်ခဲ့သည့်မြင်ကွင်းကို သူ မြင်တွေ့ပြီးဖြစ်သည်။

ဤသည်မှာ အကြွင်းမဲ့သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးပင်။

တော်ဝင်နန်းတွင်း၏သွေးမိတ်ဆွေအမတ်ကြီး လုကျိုးရှောင်သည် လုယွီကိုသတ်ဖြတ်ရန် ရောက်လာခဲ့သော်လည်း သူသည် လုယွီကို အသာစီးမရခဲ့ချေ။အဆုံးသတ်၌ သူသည် အလွန်ဆိုးဝါးသောအခြေအနေဖြင့် ထွက်ပြေးသွားခဲ့ရသည်။

"ဒါပေမဲ့ သူ့ရဲ့ဒဏ်ရာတွေက ခုထိမပျောက်ကင်းသေးဘူး...သူက ဒီလောက် ရန်သူတွေအများကြီးကို တကယ်ကြီး ရင်ဆိုင်နိုင်မှာလား"

လန်ဝူရှင်းသည် ထိုအကြောင်းကို တွေးတောမိချိန်တွင် ရုတ်တရက် စိုးရိမ်ပူပန်စပြုလာသည်။

တိုက်ပွဲစစ်မြေပြင်၏နှစ်ဖက်စလုံးရှိ မျက်လုံးအကြည့်အမြောက်အများသည် လုယွီပေါ်သို့ စူးစိုက်၍ကျရောက်နေသည်။

လုယွီသည် ကျမ်းစာအက္ခရာများကို ရေးသားပြီးနောက် သူ့၏နံဘေးပတ်ဝန်းကျင်တွင် နှိုင်းယှဉ်ပြစရာမရှိသည်အထိ နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ရပ်နှင့် ပြည့်နှက်သွားသည်ကို သူတို့ မြင်တွေ့မိလေ၏။

အပြာဖျော့ရောင်အလင်းတန်းတတန်းက လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်သိုင်းလွှမ်းခြုံထားသည်။

စိတ်ဝိညာဉ်ရတနာစုံစမ်းထောက်လှမ်းခြင်း... နက်နဲသိမ်မွေ့ဖွင့်လှစ်ခြင်း နည်းစနစ်....

တောင်ပေါင်းသုံးထောင်ကနေ အသွင်ပြောင်းပြီးတော့ လေဟာနယ်ကိုလင်းထိန်စေပြီး တိတ်ဆိတ်ငြိမ်သက်သွားတယ်.....

ဒဏ္ဍာရီလာ အမှန်စကား လျှို့ဝှက်ဆန်းကြယ်ခြင်းနှင့်နက်နဲသိမ်မွေ့ခြင်း....

နောက်ဆုံးစကားလုံးအနည်းငယ်ကို ရေးသားပြီးနောက် ဝိုးတဝါးပုံရိပ်ယောင်တခုက လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။

ထိုပုံရိပ်ယောင်သည် တာအိုဝတ်စုံတစ်စုံကိုဝတ်ဆင်ထားကာ ခရမ်းရွှေရောင်သရဖူကိုဆောင်းထားသည်။သူသည် သေဆုံးသွားသည်မှာ အချိန်ကြာမြင့်နေသော ထိပ်သီးအစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်ပုံရသည်။သူ့၏မျက်လုံးတစ်စုံသည် သူ့ရှေ့ရှိ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော ကမ္ဘာလောကကိုစူးစိုက်၍ကြည့်နေလေ၏။

ဤထိပ်သီးအစွမ်းထက်ပညာရှင်ထံတွင် လောကကြီး၏မိုးကောင်းကင်တာအိုအပေါ် သက်ရောက်စေနိုင်သောစွမ်းအားမျိုး ရှိနေပုံရသည်။ထိုပုံရိပ်ယောင်ထွက်ပေါ်လာပြီးနောက် မိုးကောင်းကင်ယံအတွင်း၌ ရောင်စုံအလင်းတန်းအမြောက်အမြား ဖြာထွက်လာသည်။ထိုအရာများသည် ဤအစွမ်းထက်ပညာရှင်၏လမ်းညွှန်မှုကို ခံယူလိုသဖြင့် ဆင်းသက်လာသည့်အလားပင်။

တာအိုဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုသည် သူ့၏ပါးစပ်ကိုဖွင့်ဟကာ စကားလုံးတစ်လုံးခြင်းရေရွတ်လိုက်သည်။တာအိုဝတ်စုံဝတ်အဖိုးအို ရွတ်ဆိုလိုက်သည့် စကားလုံးတစ်လုံးစီတိုင်းတွင် ရှေးကျသောအရှိန်အဝါတစ်ရပ် ပါဝင်နေသည်။ဤသည်မှာ ရှေးဟောင်းစကားလုံးများ၏အသံထွက်ဖြစ်ကာ အကန့်အသတ်မရှိကြာညောင်းခဲ့သောအချိန်ကာလမှ ဆင်းသက်လာသည့်အလားပင်။သူ့၏ပါးစပ်မှထွက်လာသည့် စကားလုံးတိုင်းသည် ပတ်ဝန်းကျင်ရှိကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။

ဤသည်မှာ ရှေးဟောင်းတာဆိုသူတော်စင် ကျန်းတောက်လင်ပင်။

သူသည် တာအိုဂိုဏ်း၏ဘိုးဘေးများအနက်မှတစ်ယောက်ဖြစ်ကာ ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်း၏ရွှေအင်မော်တယ်များအနက်မှ တစ်ယောက်လည်းဖြစ်သည်။

ရှေးဟောင်းအင်မော်တယ်မှော်မန္တန် ကောင်းကင်ဘုံဆရာသခင်၏ဥပဒေသ...

အတိတ်တွင် လုယွီသည် ကျီးကန်းနက်နတ်ဘုရားနှင့်တိုက်ခိုက်စဉ်၌ ဤနည်းစနစ်ကိုအသုံးပြု၍ သတ်ဖြတ်ခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကျင့်ကြံဆင့်နယ်ပယ်သည် ယခင်ထက် အဆများစွာပို၍မြင့်မားနေကာ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။

ထိုကြောင့် ဤကဲ့သို့အင်မော်တယ်မှော်မန္တန်တစ်ခုကို အသုံးပြုရာ၌ ယခင်ကဲ့သို့ သူ့၏စွမ်းအားအမြောက်အများကို ထုတ်ဖော်အသုံးပြုရန် မလိုအပ်တော့ချေ။

တာအိုကျမ်းစာ ပြီးပြည့်စုံသွားချိန်တွင် ကောင်းကင်ဘုံဆရာသခင် ထွက်ပေါ်လာသည်။

သူသည် တချိန်က ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်း၏ အရေးကြီးသောတည်ရှိမှုကြီးတစ်ယောက်ပင်။ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်း၌ ကျန်းတောက်လင်၏တပည့်အမြောက်အများရှိသည်။

ဒဏ္ဍာရီလာတည်ရှိမှုကြီးတစ်ခု ထွက်ပေါ်လာချိန်တွင် လောကကြီးအတွင်းရှိ ကြယ်များပင်လျှင် အနည်းငယ်ခန့်မှေးမှိန်သွားသည်။

ကောင်းကင်ဘုံနယ်မြေအတွင်းရှိ နေနှင့်လပင်လျှင် အရောင်အဝါများ လျော့ပါးသွားပေ၏။

"တခုခုတော့ မှားနေပြီ"

ရှေ့သို့တိုးဝင်လာသော ထန်စစ်သားများနှင့်နတ်ဆိုးသားရဲများသည် ရုတ်တရက် သူတို့၏ခေါင်းထက်သို့ ဆင်းသက်လာသော ပြိုင်ဘက်ကင်းဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားရသည်။ထိုဖိအားအရှိန်အဝါသည် သူတို့ကို အသက်ပင်မရှုနိုင်တော့သည့်အဆင့်ထိ ဖိနှိပ်ထားသည်။

သူတို့သည် ထိုပုံရိပ်ယောင်ကို စေ့စေ့မကြည့်ဝံ့ကြချေ။

ထန်စစ်တပ်နှင့်တာယွီစစ်တပ်နှစ်ခုစလုံးသည် သူတို့ရှေ့ရှိ ကြီးမားသောပုံရိပ်ယောင်ကြီးကိုကြည့်ပြီး ကြက်သေသေနေကြ၏။

လုယွီသည် မည်သည့်အရာကို ဆင့်ခေါ်လိုက်သည်အား သူတို့ မသိရှိသော်လည်း သူတို့၏သွေးမျိုးဆက်အနက်ရှိုင်းဆုံးနေရာမှလာသော ထိတ်လန့်ကြောက်ရွံ့မှုကို သူတို့အားလုံး ခံစားမိသည်။

"မင်းတို့အားလုံး...သူ့ရဲ့မှော်မန္တန် အပြည့်အဝမရွတ်ဆိုရသေးခင် သူ့ကိုသတ်ကြစမ်း"

လီဖူ၏အေးစက်စက်အသံက ထန်စစ်တပ်၏စစ်စခန်းမှ ထွက်ပေါ်လာသည်။

"သတ်ကြစမ်း"

ထန်စစ်တပ်မှ မဟာစစ်ဗိုလ်ချုပ်များနှင့် နတ်ဆိုးသားရဲဧကရာဇ်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လုယွီကိုတိုက်ခိုက်ရန်အတွက် သူတို့၏အားအကောင်းဆုံးနည်းစနစ်များကို အသုံးပြုလိုက်ကြသည်။

ဤသည်မှာ သူတို့၏ တစ်ခုတည်းသောအခွင့်အရေးပင်။

ယခုအချိန်တွင် သူတို့သည် လုယွီကိုသတ်ဖြတ်ရပေမည်။

"မကောင်းတော့ဘူး"

ကောင်းကင်ချိုးဖျက်ခံတပ်ဘက်မှ စုန်ချင်းဖုန်းတို့သည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြကာ သူတို့၏စိတ်နှလုံးသားများ ကူကယ်ရာမဲ့စွာဖြင့် လေးလံသွားသည်။

All Chapters