အခန်း (၃၈၄၆-၃၈၄၉)
Vol. 196 Ch. 3846-3849
Chapter 3846
ထန်စစ်တပ်၏စစ်စခန်းတစ်ခုလုံးကို လျှပ်စီးမိုးကြိုးပင်လယ်ကြီးက လွှမ်းခြုံထားသည်။
စူးရှကျယ်လောင်သော အော်ဟစ်သံများကိုနေရာအနှံ့အပြား၌ ကြားနေရကာ ထန်စစ်စခန်းတခုလုံး ဖရိုဖရဲဖြစ်နေသည်။
ထန်စစ်သားများသည် အမိန့်ကိုနာခံကာ လျှပ်စီးမိုးကြိုးများကို ခုခံကာကွယ်ရန်အတွက် စစ်တပ်ဝင်င်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
သို့ရာတွင် နတ်ဆိုးသားရဲများအတွက်မူ ကိစ္စများသည် ကွဲပြားခြားနားပေ၏။
နတ်ဆိုးသားရဲများကို ထိန်းချုပ်သော နတ်ဆိုးသားရဲဧကရာဇ်များပင်လျှင် အမြန်ဆုံးဆုတ်ခွာနေလေရာ တခြားနတ်ဆိုးသားရဲများသည် ဆိုဖွယ်ရာပင်မရှိချေ။
ထိုနတ်ဆိုးသားရဲများသည် စီမံကွပ်ကဲရေးအဖွဲ့၏ ဝင်္ကပါအတွင်းမှ ဖောက်ထွက်သွားခဲ့သည်။သူတို့သည် ထိတ်လန့်တကြားဖြင့် ခြေဦးတည်ရာသို့ ထွက်ပြေးကြလေရာ အသေအပျောက်မှာ အရေအတွက်လွန်စွာများပြားသည်။နတ်ဆိုးသားရဲအမြောက်အများသည် အချိန်မီထွက်ပြေးနိုင်ခြင်းမရှိဘဲ လျှပ်စီးမိုးကြိုးများကြောင့် သေဆုံးသွားကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤလျှပ်စီးမိုးကြိုးများ၏အောက်တွင် မြင့်မြတ်သူနှင့်အဆင့်နိမ့်သူဟူ၍ ကွဲပြားခြားနားချက်မျိုး မရှိချေ။
စစ်သားများသည် သူတို့၏အတွင်းစိတ်နတ်ဆိုးများ နိုးထလာခြင်းကြောင့်ဖြစ်စေ လျှပ်စီးမိုးကြိုးများ၏ရိုက်ခတ်ခံရခြင်းကြောင့်ဖြစ်စေ သေဆုံးသွားကြရသည်။
ဤလျှပ်စီးမိုးကြိုးများနှင့်ရင်ဆိုင်ရချိန်တွင် ထန်စစ်သားအများစုသည် သူတို့၏ စိတ်ဝိညာဥ် အနက်ရှိုင်းဆုံးနေရာမှလာသော ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရသည်။
ရုတ်ချည်းဆိုသလိုပင် ထန်စစ်စခန်းသည် တစ်ဖက်သတ်ရှုံးနိမ့်ခြင်း အခြေအနေသို့ ဦးတည်သွားလေ၏။
"မကောင်းတော့ဘူး...အရှင့်သား...သွားကြစို့"
ရွှယ်ကုံးချင်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီနေသည်။လျှပ်စီးမိုးကြိုးများ ဆင်းသက်လာသော အချိန်အခိုက်အတန့်တွင် သူသည် လီဖူ၏ပခုံးကိုဆုပ်ကိုင်ကာ ဗဟိုစစ်တဲအတွင်းမှနေ၍ ပြင်ပသို့ခေါ်ဆောင်သွားလိုက်သည်။
သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် မိုးကြိုးလှိုင်းတစ်လှိုင်းသည် ရုတ်တရက် ဗဟိုစစ်တဲပေါ်သို့ ကျရောက်လာခဲ့သည်။
ကြီးမားသောစစ်တဲကြီးအတွင်းရှိ အဖိုးတန်စာရွက်စာတမ်းများ သဲခုံစားပွဲများစသည့် အရာရာတိုင်းသည် လျှပ်စီးမိုးကြိုးများ၏ ကြီးမားသောစွမ်းအားအောက်တွင် ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။
လီဖူသည် တဲအတွင်းမှ ထွက်ခွာခဲ့ပြီးနောက်နောက်ဆုံးတွင် ပြင်ပရှိမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
ယခင်က ဂုဏ်ယူဝင့်ကြွားရသော ထန်စစ်တပ်၏စစ်စခန်းသည် အမှန်တကယ်ကိုပင် ပြိုလဲပျက်စီးနေလေပြီ။
ဤသည်မှာ သာမန်ပျက်စီးခြင်းမျိုးမဟုတ်ဘဲ စစ်စခန်းတစ်ခုလုံး အကြီးစားဖရိုဖရဲဖြစ်ကာပြိုလဲသွားခြင်းပင်။
သူ ရှုံးနိမ့်သွားလေပြီ။
အင်ပါယာနှစ်ခုကြားမှ ယှဉ်ပြိုင်ပွဲတွင် သူ လုယွီကို ရှုံးနိမ့်ခဲ့ရသည်။
စစ်တပ်နှစ်ခု ရင်ဆိုင်တိုက်ခိုက်သောအချိန်တွင်လည်း သူသည် လုယွီကို ရှုံးနိမ့်ရဆဲပင်။
သူသည် လုယွီကို ရင်ဆိုင်နိုင်ရန်အတွက်သူ့၏အင်အားများအားလုံးကို အသုံးပြုခဲ့သည်။ သို့ရာတွင် လုယွီသည် အဆင်ပြေနေရုံသာမက သူ့ကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် အနိုင်ယူနိုင်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။
"အရှင့်သားကို ကာကွယ်ပြီးတော့ ဆုတ်ခွာကြစမ်း"
မဟာစစ်ဗိုလ်ချုပ်အမြောက်အများ ပျံသန်းလာကာ လီဖူ၏နံဘေးပတ်လည်၌ ကာကွယ်စောင့်ကြပ်လိုက်ကြသည်။
ဤမဟာစစ်ဗိုလ်ချုပ်များသည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်အသုံးပြုထားသည်။ ထို့နောက် သူတို့၏နံဘေးပတ်လည်ကို မှော်စွမ်းအားအကာအကွယ်များ ဖွဲ့စည်းကာ လျှပ်စီးမိုးကြိုးများကို ပိတ်ဆို့ဟန့်တားလိုက်ကြ၏။
ဘုန်း....ဘုန်း...ဘုန်း...
မိုးကောင်းကင်ယံအနှံ့ ပြည့်နှက်နေသော လျှပ်စီးမိုးကြိုးများသည် လီဖူကိုရှာဖွေတွေ့ရှိသွားသည်နှင့် သူ့အား သတ်ဖြတ်လိုသည့်အလားပင်။
သူ့ထံသို့ အရပ်မျက်နှာအဘက်ဘက်မှ တိုးဝင်လာသည့် မိုးကောင်းကင်ယံအနှံ့ ပြည့်နှက်နေသော လျှပ်စီးမိုးကြိုးများကိုမြင်တွေ့ချိန်တွင် လီဖူ၏မျက်နှာ ဖြူရော်သွားသည်။
ဤသည်မှာ လူသားများ၏ သဘာဝထိတ်လန့်ကြောက်ရွံ့စိတ်ပင်။
မည်သူမည်ဝါဖြစ်နေပါစေ ဤကဲ့သို့ပတ်ဝန်းကျင်အခြေအနေတစ်ခုတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းကို ခံစားရပေမည်။
ရုတ်တရက် ထန်စစ်တပ်၏မဟာစစ်ဗိုလ်ချုပ်တယောက်က စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။သူ့၏မှော်စွမ်းအားအကာအကွယ် ပျက်စီးသွားကာ သူ့၏ခန္ဓာကိုယ်သည် ပြင်းထန်သော လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခြင်းခံရပြီးသွေးအိုင်တစ်အိုင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လျှပ်စီးမိုးကြိုးများ၏အောက်တွင် မဟာစစ်ဗိုလ်ချုပ်များသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြရသည်။ကြွင်းကျန်သော ထန်မဟာစစ်ဗိုလ်ချုပ်များအားလုံး၏ မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သောအမူအယာများ ရှိနေလေ၏။
နတ်ဆိုးမှော်သားရဲများသည် နောက်သို့ဆုတ်ခွာထွက်ပြေး၍ရသော်လည်း သူတို့သည် ထိုသို့ပြုလုပ်၍မရချေ။
သူတို့သည် ထန်အင်ပါယာ၏ လီတော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိမည်ဟု ကျိန်ဆိုထားကြသည်။အကယ်၍ သူတို့သည် ယခုအချိန်တွင် လီဖူကိုကာကွယ်မပေးပါက သူတို့သည် ကံကောင်းပြီးအသက်ရှင်လျက်ပြန်သွားနိုင်လျှင်ပင် အပြစ်ပေးခံရခြင်းကို ရှောင်လွှဲနိုင်မည်မဟုတ်ချေ။
လျှပ်စီးမိုးကြိုးများ ထပ်မံ၍ကျဆင်းလာခြင်းနှင့်အတူ ထန်မဟာစစ်ဗိုလ်ချုပ်တစ်ယောက် ထပ်မံ၍သေဆုံးသွားသည်။
လီဖူ၏နှလုံးသွေးများ ယိုစီးနေပေ၏။
ဤမဟာစစ်ဗိုလ်ချုပ်များသည် ထန်အင်ပါယာ၏အဖိုးတန်သောရတနာများပင်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်သူတို့သည် ဤကဲ့သို့ ဆိုးဆိုးရွားရွားအခြေအနေမျိုးဖြင့် သေဆုံးသွားခဲ့ရသည်။ဤအရာများအားလုံးအတွက် သူ့ထံတွင် တာဝန်ရှိနေသည်။
"ငါ နောက်မဆုတ်ဘူး...အဲ့ဒီလုယွီဆိုတဲ့ကောင်က တကယ့်ကိုပြိုင်ဘက်ကင်းဖြစ်နေမယ်လို့ ငါ မယုံကြည်ဘူး"
လီဖူသည် သူ့၏အင်္ကျီလက်ကြားမှနေ၍ သေးငယ်သောရွှေရောင်စည်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုရွှေရောင်စည်းတံဆိပ်ပေါ်တွင် ချီလင်တစ်ကောင်၏ပုံကို လက်ရာမြောက်စွာ ရေးထွင်းထားကာ ကြည့်ရသည်မှာ အလွန်အသက်ဝင်သည်။
ဤသည်မှာ ကောင်းကင်မူဝါဒအိမ်တော်၏အခွင့်အာဏာစည်းတံဆိပ်ပင်။
ဤရွှေရောင်စည်းတံဆိပ်သည် ကောင်းကင်မူဝါဒအိမ်တော် သခင်လေးတစ်ယောက်၏အဆင့်အတန်းကို ကိုယ်စားပြုကာ သူသည် ထန်အင်ပါယာ၏ကံကြမ္မာစွမ်းအား တစ်စိတ်တစ်ပိုင်းကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိသည်။
Chapter 3847
ထိူရွှေရောင်ချီလင်စည်းတံဆိပ် ထွက်ပေါ်လာချိန်တွင် လီဖူ၏နံဘေးပတ်လည်၌ ကျစ်လစ်သိပ်သည်းသော ရွှေရောင်အတားအဆီးအလွှာတစ်လွှာ ဖွဲ့စည်းသွားသည်။
ထိုအတားအဆီးအလွှာအတွင်းတွင် အစိမ်းရောင်မျက်နှာနှင့် ချီလင်တစ်ကောင်ရှိနေကာ စူးရှသောအကြည့်ဖြင့် ပတ်ဝန်းကျင်ကိုကြည့်ပြီး ဒေါသတကြီးဟိန်းဟောက်နေသည်။
ထိုချီလင်၏နောက်တွင် ရွှေရောင်နဂါးတစ်ကောင်၏ပုံရိပ် ရှိနေသည်။
ထိုရွှေရောင်နဂါးထံတွင် ထန်အင်ပါယာ၏ကံကြမ္မာစွမ်းအား ပါဝင်နေသည်။ဤသည်မှာ ထန်အင်ပါယာ၏ ကံကြမ္မာစွမ်းအားများဖြင့်ဖွဲ့စည်းထားသော အတားအစီးအလွှာပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ရှုပါက ချီလင်၏နောက်ရှိ ကံကြမ္မာစွမ်းအားနဂါးသည် အဝါရောင်ရှိကြောင်းတွေ့မြင်ရပေမည်။ထိုအရာသည် ထူထပ်သိပ်သည်းပြီး တည်ငြိမ်ကာ လွယ်လင့်တကူ ပျက်ပြယ်သွားခြင်းမရှိချေ။
ထန်အင်ပါယာသည် မြေစွမ်းအားအပေါ်အခြေခံ ၍ တည်ထောင်ထားသဖြင့် အင်ပါယာ၏ကံကြမ္မာစွမ်းအားတွင် မြေဒြပ်စင်များ၏အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
နှိုင်းယှဉ်ကြည့်ပါက တာယွီအင်ပါယာသည် မီးစွမ်းအားကိုအခြေခံ၍ တည်ထောင်ထားခြင်းဖြစ်သည်။ထို့ကြောင့် တာယွီ၏ ကံကြမ္မာစွမ်းအားနဂါးဖြစ်စေ စစ်ပွဲအလံများ သံချပ်ကာများဖြစ်စေ ထိုအရာများအားလုံးတွင် မီးတောက်ပုံစံဖြင့် အလှဆင်ထားသည်။
ခရက်...ခရက်...ခရက်...
လျှပ်စီးမိုးကြိုးများသည် အတားအဆီးကိုရိုက်ခတ်မိချိန်တွင် ချက်ချင်းဆိုသလိုပင် အက်ကွဲသံများ ထွက်ပေါ်လာသည်။
တောက်ပသော လျှပ်စီးမိုးကြိုးများသည် အောက်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပါရှိသည်။လျှပ်စီးမိုးကြိုးပင်လယ်ကြီးအတွင်း၌ ကံကြမ္မာစွမ်းအားအတားအဆီးသည် ခုခံနိုင်ခဲ့သော်လည်း ပြိုလဲလိုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
"သူ အသက်ရှင်နေသေးတယ်"
"ဒါက အရမ်းနီးစပ်တာပဲ...သူက အဲ့ဒီလျှပ်စီးမိုးကြိုးတွေကြားမှာ သေရတော့မှာကို ငါ စိုးရိမ်နေခဲ့တာ"
အသက်ရှင်သန်ကျန်ခဲ့သော ထန်မဟာစစ်ဗိုလ်ချုပ်များကိုကြည့်ရသည်မှာ ဘေးကပ်ဆိုးကြီးတစ်ခုမှ လွတ်မြောက်လာသည့်အလားပင်။
သူတို့အနက်မှအများစုသည် သူတို့၏နှလုံးသားအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေသော ထိတ်လန့်ကြောက်ရွံ့မှုများကို ခံစားနေရဆဲဖြစ်ပေ၏။
ပြင်ပရှိ ထန်စစ်စခန်းတွင် နာကျင်မှုကြောင့် စူးရှနာကျင်စွာ အော်ဟစ်နေသောအသံများနှင့် ပြည့်နှက်နေဆဲပင်။
အကယ်၍ သူတို့သည် ခြေတစ်လှမ်းနောက်ကျသွားပါက သူတို့သည်လည်း ပြင်ပမှလူများကဲ့သို့ အဆုံးသတ်ရပေမည်။
"အရှင့်သား...အဲဒီနည်းစနစ်ရဲ့စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်...ဒါကနယ်မြေသခင်တစ်ယောက်ရဲ့ စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခုကို ရောက်လုနီးပါးပဲ...ဒါပေမဲ့ လုယွီက နယ်မြေသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမယ်လို့ ငါ မထင်ဘူး....သူက ဒီတိုက်ခိုက်မှုကို အသုံးပြုနိုင်ဖို့အတွက် လျှို့ဝှက်နည်းစနစ်တချို့ကို အသုံးပြုထားတာပဲဖြစ်မယ်...သူက ဒါကိုကြာကြာတောင့်ခံပြီး အသုံးပြုနိုင်မှာ မဟုတ်လောက်ဘူး...ငါတို့ အရင်ဆုံး နောက်ဆုတ်ပြီးမှ အခွင့်အရေးရှာပြီးပြန်တိုက်ခိုက်ကြရင် မကောင်းဘူးလား"
ရွှယ်ကုံးချင်းက ပြောဆိုသည်။
သူသည် လီဖူကို တပ်မှူးနေရာ ပေးအပ်ထားခဲ့သောအကြောင်းအရင်းမှာ လီဖူသည် စစ်ရေးအောင်မြင်မှုများစုဆောင်းနိုင်ရန်အတွက် သူ ကူညီပေးလိုသောကြောင့်ပင်။
လီဖူသည် ကောင်းကင်မူဝါဒအိမ်တော်၏ သခင်လေးတစ်ယောက်သက်သက် မဟုတ်ချေ။
ကောင်းကင်မူဝါဒအိမ်တော်၏သခင်လေးများသည် နောင်အနာဂတ်တွင် အိမ်ရှေစံဖြစ်လာနိုင်သူများဖြစ်သဖြင့် သူတို့တစ်ယောက်ချင်းစီ၏ကိုယ်ပိုင်အခြေခံအုတ်မြစ် ခိုင်မာတောင့်တင်းနေစေရန် လိုအပ်သည်။
ထိုကြောင့် ဤတိုက်ပွဲသည် လီဖူ၏ကောင်းကျိုးအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သူ ဤနေရာတွင် သေဆုံးသွားရန်အတွက် မဟုတ်ချေ။
အဓိကအရေးကြီးဆုံးအချက်မှာ လီဖူသည်အသက်ရှင်သန်နေရပေမည်။
"သူ့လောက်နဲ့...နယ်မြေသခင်အဆင့်လား"
လီဖူသည် ထိတ်လန့်တုန်လှုပ်မှုနှင့်ဒေါသထွက်မှုတို့ကို ရောယှက်၍ခံစားနေရသည်။ယခင်က သူသည် ထန်အင်ပါယာသို့ ပြန်လည်ရောက်ရှိပြီးနောက် လုယွီ၏အကြောင်းကို စုံစမ်းစစ်ဆေးရန်အတွက် သူလျှိုအမြောက်အများကို စေလွှတ်ခဲ့သည်။လုယွီ၏အသက်အရွယ်သည် ယခုထိတိုင် အသက်သုံးဆယ်မပြည့်သေးချေ။ သို့ရာတွင် သူသည် ဤကဲ့သို့ အလွန်ထိတ်လန့်သုံးတုန်လှုပ်ဖွယ်ကောင်းသော မှော်မန္တန်မျိုးကို ထုတ်ဖော်အသုံးပြုနိုင်ပေ၏။
လီဖူ၏နှလုံးသားကို ပုရွက်ဆိတ်များမှ တိုက်စားနေသကဲ့သို့ ခံစားနေရကာ သူသည် ကူကယ်ရာမဲ့စွာဖြင့် ဒေါသထွက်လာခဲ့သည်။
နောက်ထပ်ကြီးမားသော ရှုံးနိမ့်မှု....
သူ လုယွီ၏လက်အတွင်း၌ နောက်ထပ်ကြီးမားသော ရှုံးနိမ့်ခဲ့ရမှု....
"ဒီတိုက်ပွဲအဆုံးသတ်သွားရင် ငါက သူ့ရဲ့အရိုးတွေကို မီးရှို့ပြီးတော့ သူ့ရဲ့ပြာတွေကို ဖြန့်ကျဲပစ်မယ်"
လီဖူက အမိန့်ပေးလိုက်သည်။
"စစ်သည်တွေအားလုံး ဆုတ်ခွာကြစမ်း"
သူ့၏စိတ်နှလုံးသားအတွင်း၌ မည်မျှပင်မလိုလားသည်ဖြစ်စေ အကယ်၍ သူသည် အဆုံးစွန်ဆုံးအဆင့်ထိ ဒေါသထွက်နေသောအခြေအနေ၌ရှိနေသည့်တိုင် ဤသည်မှာ အသုံးမဝင်ချေ။
အကယ်၍ သူတို့သည် ဆုတ်ခွာခြင်းမပြုပါက ယခုထက် ပို၍များပြားသောထန်စစ်သားများသေဆုံးရပေမည်။
ဝုန်း....
ထိုအချိန်မှာပင် အဝေးတစ်နေရာတွင်ရှိနေသော လုယွီသည် ရုတ်တရက် သူ့၏လက်ကို မြှောက်ကာ အောက်သို့တဖန်ပြန်၍ချလိုက်၏။
လုယွီ၏လှုပ်ရှားမှုအတိုင်း သူ့နောက်ရှိ ကောင်းကင်ဘုံဆရာသခင်ပုံရိပ်ယောင်ကြီး သည်လည်း တစ်ချိန်တည်းမှာပင် သူ၏လက်ညှိုးကို လီဖူရှိရာနေရာသို့ လက်ညှိုးညွှန်လိုက်သည်။
တောက်ပသော ကောင်းကင်ဘုံမိုးကြိုးတစ်စင်းသည် မိုးကောင်းကင်ယံမှနေ၍ ရှည်လျားသောမြွေကြီးတစ်ကောင်အလား ကျရောက်လာသည်။
ဤမိုးကြိုးလှိုင်းသည် ယခင်လျှပ်စီးမိုးကြိုးလှိုင်းများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။ဤအရာသည် ခရမ်းရောင်ဖြစ်ကာ လေထုအတွင်း၌ တူးခြစ်နေသောအနံ့အသက်များဖြင့် ပြည့်နှက်နေသည်။
ထိုမိုးကြိုးလှိုင်း၏ပစ်မှတ်သည် လီဖူပင်။
"မကောင်းတော့ဘူး...အရှင့်သားကို ကာကွယ်ကြစမ်း"
ရွှယ်ကုံးချင်းသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူ့၏နှလုံးသားတုန်ရီသွားကာ အလျင်စလိုအော်ဟစ်လိုက်သည်။
သူ့၏နံဘေးရှိ ထန်မဟာစစ်ဗိုလ်ချုပ်တချို့သည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လီဖူ၏ရှေ့၌ မတ်တတ်ရပ်ကာ အကြောက်အလန့်ကင်းမဲ့စွာဖြင့် သေခြင်းတရားကို ရင်ဆိုင်လိုက်ကြ၏။
Chapter 3848
မိုးကြိုးလှိုင်းများ ဆက်လက်၍ကျဆင်းနေကာ နောက်ဆုံး၌ ကံကြမ္မာစွမ်းအားအတားအဆီးပေါ်သို့ ကျရောက်လာသည်။
သို့ရာတွင် ရုတ်တရက် ခရမ်းရောင်မိုးကြိုးလှိုင်းသည် တဖန်ထပ်၍ပြောင်းလဲသွားကာ အနီရောင်မိုးကြိုးလှိုင်းအဖြစ်သို့ ရောက်ရှိသွားသည်။
မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများလွှမ်းခြုံနေကာ မိုးကောင်းကင်ယံတစ်ခွင်လုံးမှောင်မည်းနေသည်။ထိုတိမ်မည်းများကို ကြည့်ရသည်မှာ အထက်ကိုးကောင်းကင်ဘုံမှဆင်းသက်လာပြီး လောကကြီးအတွင်းရှိ သက်ရှိများအားလုံးကို ဝါးမြိုလိုသည့်အလားပင်။
ထိုအနီရောင်မိုးကြိုးလှိုင်း ထွက်ပေါ်လာချိန်တွင် လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံးသည် သူတို့၏ဆံပင်များ အဆုံးထိထောင်မတ်သွားသည်ကို ခံစားမိလေ၏။
သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များ မည်မျှထိနက်နဲသိမ်မွေ့သည်ဖြစ်စေ ထိုမိုးကြိုးလှိုင်းများကိုမြင်တွေ့မိသော မည်သူမဆို ပင်ကိုစရိုက်အရ ထိတ်လန့်ကြောက်ရွံ့မှုမျိုးကို ခံစားရသည်။
ရှေးဟောင်း ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး...
အတိတ်တွင် အောက်ဘုံများအတွင်းရှိ သေမျိုးများသည် အင်မော်တယ်များဖြစ်လိုပါက ဤကဲ့သို့ ကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ရသည်။
ဤသည်မှာ အင်မော်တယ်လမ်းကြောင်းကို ရောက်ရှိနိုင်ရန်အတွက် ကြုံတွေ့ရသည့် ပထမဆုံးအခက်အခဲပင်။ဤကောင်းကင်ဘုံမိုးကြိုးအောက်တွင် အတိတ်၌ မည်မျှထိများပြားသောသက်ရှိများ မီးသွေးခဲဘဝသို့ ပြောင်းလဲသွားခဲ့ရသည်ကို မည်သူမျှမသိနိုင်ချေ။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် မိုးကောင်းကင်တာအိုမှ ဆင့်ကဲပေါက်ဖွားလာသော မိုးကြိုးနည်းစနစ်တစ်ခုပင်။ကောင်းကင်ဘုံကိုဖီဆန်ကာ သူတို့၏ကံကြမ္မာကို ပြောင်းလဲလိုသူများအတွက် အပြစ်ဒဏ်ပေးသည့်အနေဖြင့် ကပ်ဘေးမိုးကြိုးကိုခံယူပြီးမှအင်မော်တယ်များအဖြစ် တက်လှမ်းနိုင်ကာ တာအိုကိုရရှိပေမည်။
ဘန်း....
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ ရိုက်ခတ်မှုအောက်တွင် ကံကြမ္မာအတားအဆီးသည် ရုတ်တရက် ကြေမွှပျက်စီးသွားပေ၏။
ထိုကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် အောက်သို့ တန်းတန်းမတ်မတ်ကျဆင်းလာကာ ရှေ့ရှိအရာရာတိုင်းကို ခြေမွှဖျက်ဆီးလိုသည့်အလားပင်။
ရှေ့ဆုံးတွင်ရှိနေသော ထန်မဟာစစ်ဗိုလ်ချုပ်တစ်ယောက်သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးအောက်တွင် အမှုန်အမွှားများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။
ဝုန်း....ဝုန်း...ဝုန်း....
ထို့နောက် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးအောက်တွင် မဟာစစ်ဗိုလ်ချုပ်ခုနစ်ယောက်သည် ဆက်တိုက်သေဆုံးသွားရလေ၏။
ရွှယ်ကုံးချင်းသည် ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် သူ၏လက်အတွင်းမှ အပြာရောင်ရေစွမ်းအားများ ထွက်ပေါ်လာသည်။
သူ့၏နောက်မှနေ၍ ရေလှိုင်းများ ကမ်းခြေကိုရိုက်ခတ်သကဲ့သို့အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။
ရွှယ်ကုံးချင်းသည် ရေစွမ်းအားအထူးပြုကျင့်ကြံနည်းစနစ်ကို ကျင့်ကြံသူပင်။လောကကြီးအတွင်း၌ ရေသည် အရာအားလုံးတွင် အလိုက်သင့်အလျားသင့်နေနိုင်ပြီး တိုက်ခိုက်ခြင်းနှင့်ခုခံကာကွယ်ခြင်းတို့ကို တပြိုင်နက်တည်းအသုံးပြုနိုင်သည်။
အပြာဖျော့ရောင်အလင်းလွှာတစ်လွှာက ရွှယ်ကုံးချင်း၏ရှေ့၌ ထွက်ပေါ်လာကာ ထိုအရာမှနေ၍ လှိုင်းများပွင့်အံ့ထွက်လာပြီး ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏နံဘေးပတ်လည်ကို ရစ်ပတ်လွှမ်းခြုံသွားသည်။
ဘုန်း....ဘုန်း...ဘုန်း...
ပြင်းထန်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ အောက်သို့ကျရောက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် ရေစွမ်းအားအကာအကွယ်အလွှာကို ထွင်းဖောက်သွားသည်။
ရွှယ်ကုံးချင်း၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ်ရှိနေသည်။သူသည် မှော်မန္တန်များကို အဆက်မပြတ်ရွတ်ဆိုကာ သူ့၏မှော်စွမ်းအားများကိုအသုံးပြု၍ မိုးကောင်းကင်ယံမှ ဆင်းသက်လာသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများကို ပိတ်ဆို့ဟန့်တားရန်အတွက် ရေစွမ်းအားအကာအကွယ်လွှာများကို အဆက်မပြတ် ဖန်တီးလိုက်သည်။
ရေအကာအကွယ်အလွှာဆယ်ခုကျော်ကို ဖန်တီးပြီးနောက် သူရှေ့ရှိ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ နောက်ဆုံး၌ ရပ်တန့်သွားလေပြီ။
ဤအချိန်အခိုက်အတန့်တွင် ရွှယ်ကုံးချင်းသည် အလွန်ပင်ပန်းနွမ်းနယ်နေကာ သူ့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။
သို့ရာတွင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများနှင့် ရင်ဆိုင်ရချိန်တွင် ရွှယ်ကုံးချင်းသည် ထိုအရာမှ လာသော ပြင်းထန်သည့်သတ်ဖြတ်လိုခြင်းအရှိန်အဝါကို အာရုံခံမိသည်။
အကယ်၍ သူသည်အနည်းငယ်ပေါ့ဆမိပါက သူ့၏အဆုံးသတ်သည်လည်း တခြားမဟာစစ်ဗိုလ်ချုပ်များနှင့်တူညီနေမည်ဖြစ်ကာ ချက်ချင်းသေဆုံးသွားရပေမည်။
"အရှင့်သား အမြန်ဆုံးထွက်သွားကြစို့...ဒီနေရာမှာ ကြာကြာနေလို့မရဘူး"
ရွှယ်ကုံးချင်းက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
သို့ရာတွင် သူ့၏စကားအဆုံးသတ်သွားသောအချိန်မှာပင်....
လီဖူ၏ခေါင်းထက်တွင် ကျယ်လောင်သောတုန်ခါသံကြီးတစ်သံက ရုတ်တရက် ထပ်မံ၍မြည်ဟီးလာသည်။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် ယခုချိန်ထိတိုင် အဆုံးသတ်ခြင်းမရှိသေးချေ။
ထို့နောက်မှ နေ၍အနီရောင်မိုးကြိုးလှိုင်းတစ်လှိုင်း ရုတ်တရက် ထွက်ပေါ်လာသည်။ထိုအရာသည် လေးကြိုးမှလွှတ်လိုက်သောမြှားတစ်စင်းအလား လီဖူရှိရာနေရာသို့ ဦးတည်၍ ပြင်းပြင်းထန်ထန် တိုးဝင်လာပေ၏။
ဤအရာသည် အလွန်လျင်မြန်ကာ....
တုံ့ပြန်ရန်အတွက် အချိန်မရှိချေ။
ဤကောင်းကင်ဘုံမိုးကြိုး ဆင်းသက်လာသည်ကို မြင်တွေ့ချိန်တွင် ရွှယ်ကုံးချင်း၏မျက်လုံးများ နီမြန်းသွားကာ သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မဟုတ်ဘူး"
သို့ရာတွင် ထိုအချိန်မှာပင် လီဖူ၏လက်အတွင်းရှိ ရွှေရောင်စည်းတံဆိပ် ရုတ်တရက်တောက်ပသွားသည်။
လီဖူ၏နံဘေးတွင် ရွှေရောင်အကြေးခွံများဖြင့်လွှမ်းခြုံနေသော နဂါးတစ်ကောင်၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ထိုနဂါးပုံရိပ်ယောင်သည် မိုးကောင်းကင်ယံအတွင်းရှိ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးထံသို့ ဦးတည်၍ တန်းတန်းမတ်မတ်ပျံသန်းသွားသည်။
ကောင်းကင်မူဝါဒါအိမ်တော်၏ သခင်လေးသည် မင်းသားတစ်ပါးနှင့် အဆင့်အတန်းညီမျှပေ၏။
လီဖူကိုယ်တိုင်ထံတွင်လည်း ထန်အင်ပါယာမှမင်းသားတစ်ပါး၏ ကံကြမ္မာစွမ်းအားများ ရှိနေသည်။သူ့ထံတွင် ရွှေရောင်နဂါး၏ကာကွယ်ပေးမှုရှိနေသောကြောင့် သူသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဘုန်း....
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးနှင့် ကံကြမ္မာစွမ်းအား၏ရွှေရောင်နဂါးကြီးသည် လေထု၏အလယ်၌ ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ မြည်ဟီးလာသည်။
ထိုပေါက်ကွဲသံ အဆုံးသတ်သွားချိန်တွင်....
ရက်စက်ကြမ်းကြုတ်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ နောက်ဆုံး၌ ပျက်ပြယ်သွားလေပြီ။
လီဖူ၏မျက်နှာ ဖြူရော်နေသည်။သူသည် မြေပြင်ပေါ်သို့ လဲကျသွားကာ သူ့၏နှုတ်ခမ်းများ တုန်ရီနေပေ၏။
ဒေါင်...
သူ့၏သခင်လေးရွှေရောင်စည်းတံဆိပ်သည် သူ့၏နံဘေးသို့ တလိမ့်လိမ့်ပြုတ်ကျလာသည်။ ထိုတံဆိပ်ပြား၏မျက်နှာပြင်ရှိ တောက်ပမှုအားလုံးဆုံးရှုံးသွားကာ သာမန်တံဆိပ်ပြားတစ်ခုနှင့် ကွဲပြားခြားနားခြင်းမရှိတော့ချေ။
Chapter 3849
ကောင်းကင်ဘုံဆရာသခင်၏ပုံရိပ်ယောင်သည် လေထုအတွင်း၌ တဖြည်းဖြည်းပျက်ပြယ်သွားခဲ့သည်။
လုယွီသည် သူ့၏လက်ကို ပြန်ရုတ်သိမ်းပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူတို့သည် အလွန်ဝေးကွာသောနေရာ၌ရှိနေသော်လည်း လုယွီသည် အကြည့်တစ်ချက်ဖြင့် လီဖူကို တွေ့မြင်ခဲ့သည်။
လူတစ်ယောက်ကို ပစ်ခတ်ရန်အတွက် မြင်းကိုအရင်ဆုံး ပစ်ခတ်ရပေမည်။သူခိုးတစ်ယောက်ကို ဖမ်းဆီးရန်အတွက် ဘုရင်ကို အရင်ဆုံးဖမ်းဆီးရပေမည်။
လီဖူသည် ထန်အင်ပါယာမှ ကောင်းကင်မူဝါဒအိမ်တော်၏သခင်လေးပင်။သူ သေဆုံးသွားသည်နှင့် ထန်စစ်တပ်သည် ဖရိုဖရဲဖြစ်သွားကာ ထန်စစ်တပ်တစ်ခုလုံး၏ အခြေအနေပေါ်သို့ သက်ရောက်သွားပေမည်။
လီဖူသည် ထန်စစ်တပ်၏အဓိကအဖွဲ့ဝင်တစ်ယောက်ဖြစ်ပေ၏။အကယ်၍ သူ ဤနေရာတွင်သေဆုံးသွားပါက လီကျိုးစီ၏စစ်တပ်သည် ကူညီထောက်ပံ့ပေးရန်အတွက် သေချာပေါက်ရောက်ရှိလာပေမည်။ထိုအချိန်ကျပါက လုယွီသည် နောက်ထပ်အစီအစဉ်တစ်ခုကို ပြုလုပ်ကာ ထန်စစ်တပ်၏ပင်မအင်အားစုကို ဤနေရာတွင် ပိတ်လှောင်ထားနိုင်ပေမည်။
အစောပိုင်းက ကောင်းကင်ဘုံမိုးကြိုးနည်းစနစ်တွင် လုယွီသည် သူ့၏မှော်စွမ်းအားများအားလုံးကို အသုံးပြုခဲ့ရသည်။
လီဖူထံတွင် အကာအကွယ်မှော်ရတနာတစ်ခုရှိနေလျှင်ပင် အကယ်၍ သူသည် လီဖူကိုသတ်ဖြတ်နိုင်ခြင်း မရှိသည့်တိုင် အနည်းဆုံးအနေဖြင့် အပြင်းအထန် ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်မည်ဟု လုယွီက ယုံကြည်ခဲ့သည်။
သို့ရာတွင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် လမ်းခုလတ်တွင် တစ်စုံတစ်ခုသောအားလှိုင်း၏ ကြားဖြတ်နှောင့်ယှက်ခြင်းကိုခံလိုက်ရပုံဖြင့် အကြိမ်ရေအနည်းငယ်ကျဆင်းပြီးနောက် ပျက်ပြယ်သွားခဲ့သည်။
ဤအခွင့်အရေးသည် လွဲချော်သွားခဲ့လေပြီ။ ထို့ပြင် လုယွီသည် ယခုလက်ရှိချိန်၌ စွမ်းအားများအားလုံးအသုံးပြုပြီးဖြစ်သဖြင့် ကောင်းကင်ဘုံဆရာသခင်၏လမ်းကြောင်းနည်းစနစ်ကို ထပ်မံ၍အသုံးပြုရန်မှာ မဖြစ်နိုင်တော့ချေ။
လုယွီသည် မိုးကုတ်စက်ဝိုင်းကို ကြည့်လိုက်၏။
အဝေးရှိ လေဟာနယ်အတွင်းတွင် မိုင်ပေါင်းထောင်သောင်းချီဝေးကွာသောနေရာမှ ပျံ့လွင့်လာသော ရွှေရောင်အမိန့်တော်တစ်ခုရှိနေသည်။
ထိုရွှေရောင်အမိန့်တော်သည် အလွန်အမင်းကြီးမားကာ ဖြန့်လိုက်ချိန်တွင် နဝမလွှသွားစစ်သင်္ဘောကြီးတစ်စင်းစာ အရွယ်အစားခန့်ရှိနေသည်။ထိုအမိန့်စာလွှာပေါ်ရှိ စာလုံးကြီးတစ်လုံးစီတိုင်းသည် အိမ်တစ်လုံးစာပမာဏမျှကြီးမားသည်။ထိုအမိန့်စာလွှာသည် လေထုအတွင်း၌ မြင့်မားစွာပျံသန်းနေခြင်းဖြစ်သည့်တိုင် စာလုံးများအားလုံးကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။
ချီဘုရင်၏ အမိန့်တော်....
ထိုရွှေရောင်စာလုံးတစ်လုံးစီတိုင်းသည် ချီဘုရင်၏ အလွန်ကြီးမားသောစွမ်းအားကိုကိုယ်စားပြုပေ၏။
"ဒီအရှင်က ငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်ဖို့အတွက် အမိန့်ထုတ်ပြန်လိုက်တယ်.... ကောင်းကင်ချိုးဖျက်ခံတပ်အပြင် ခံတပ်လေးခုမှာရှိတဲ့ စစ်သားတွေအားလုံး ထန်စစ်တပ်က မြို့ကိုလွှဲပြောင်းယူတဲ့နေရာမှာ ခုခံခွင့်မပြုဘူး.... အစောင့်တပ်မှူးတွေက စစ်သားတွေရဲ့လက်နက်တွေနဲ့မှော်ရတနာတွေအားလုံးကို လုံခြုံဘေးကင်းဖို့အတွက် ထန်အင်ပါယာရဲ့သံတမန်တွေဆီ လွှဲပြောင်းပေးရမယ်....ဒီအမိန့်ကို မလိုက်နာတဲ့ ဘယ်သူမဆို ကွပ်မျက်ခံရမယ်"
နှိုင်းယှဉ်ပြစရာမရှိသည်အထိ မြင့်မြတ်သောအသံတစ်သံက ကြည်လင်ပြတ်သားစွာဖြင့်မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်လာသည်။
ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ လူများအားလုံးသည် ထိုအသံကို ကြားလိုက်ရပေ၏။
သူတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့်မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြကာ သူတို့ကြားရသောစကားကို သူတို့မယုံနိုင်တော့ချေ။
"ဒါက ငါတို့ကို တိုက်ရိုက်အရှုံးပေးအညံ့ခံခိုင်းလိုက်တာနဲ့ ဘာများ ကွာခြားလို့လဲ"
"ဘာလို့ ငါတို့က ထန်စစ်တပ်က မြို့ကိုလွှဲပြောင်းယူဖို့ကို ခွင့်ပြုရမှာလဲ...ငါတို့က အခု အဆုံးထိတောင် မတိုက်ခိုက်ရသေးဘူးလေ... ဘာလို့ မြို့ကို သူတို့ဆီ လွှဲပြောင်းပေးရမှာလဲ"
"ငါတို့ ဒါကို လက်မခံနိုင်ဘူး...ငါတို့ရဲ့လူတွေ အများကြီးစတေးပြီးမှ ဘာလို့ အညံခံအရှုံးပေးရမှာလဲ"
အတိတ်တွင် တခြားအင်အားစုများသည် တာယွီအင်ပါယာထံ အရှုံးပေးအညံခံသောကိစ္စများသာ ရှိခဲ့သည်။သို့ရာတွင် တာယွီအင်ပါယာဘက်မှနေ၍ တခြားအင်အားစုတစ်စုကို ငြိမ်းချမ်းရေးရယူရန် တောင်းဆိုမှုမျိုး တစ်ကြိမ်တခါမျှမရှိခဲ့ဖူးချေ။
မြို့ရိုးပေါ်တွင် သွေးညှီနံများသည် ယခုထိတိုင် ပျက်ပြယ်ခြင်းမရှိသေးပေ။
ကွယ်လွန်သွားသော စစ်သားများ၏အလောင်းများသည်လည်း ယခုထိတိုင် အေးစက်ခြင်းမရှိသေးချေ။
စစ်သားအများစု၏ဒဏ်ရာများသည် ပွင့်ဟနေကာ ထိုဒဏ်ရာများမှ ယိုစီးကျနေသောသွေးများသည်လည်း ခြောက်သွေ့ခြင်းမရှိသေးပေ။
အသက်ရှင်သန်နေသော စစ်သားများသည် တုန်လှုပ်ချောက်ချားစွာဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့သည် မည်ကဲ့သို့ ဆက်လက်၍လုပ်ဆောင်ရမည်ကို မသိတော့ချေ။
လျှပ်စီးမိုးကြိုးများ၏ရိုက်ခတ်မှုအောက်တွင် ကောင်းကင်ချိုးဖျက်ခံတပ်၏ပြင်ပရှိ တိုက်ပွဲစစ်မြေပြင်သည် ခြစ်ခြစ်တောက်ပူပြင်းသော မြေပြင်ကြီးအဖြစ်သို့ ပြောင်းလဲနေလေပြီ။
ထိုတိုက်ပွဲစစ်မြေပြင်ပေါ်၌ ထန်စစ်သားများနှင့်နတ်ဆိုးသားရဲစစ်သားများ၏အလောင်းများ မရေမတွက်နိုင်အောင် စုပုံနေသည်။အဝေးတစ်နေရာရှိ ထန်စစ်စခန်းပင်လျှင် ပြိုလဲပျက်စီးနေပေ၏။
ဤတိုက်ပွဲတွင် တာယွီအင်ပါယာဘက်မှ အနိုင်ရသည်မှာ သိသာထင်ရှားသည်။
သို့ရာတွင် အဆုံးသတ်၌ သူတို့သည် ထန်စစ်တပ်ကိုအရှုံးပေးရတော့မည်ဟု ဆိုသလော....
ခရက်..ခရက်..
တာယွီစစ်တပ်မှ စစ်ဗိုလ်ချုပ်အမြောက်အများသည် သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ မိုးကောင်းကင်ယံအတွင်းရှိအမိန့်တော်ကို စူးစိုက်၍ကြည့်လိုက်ကြ၏။
အဝေးတစ်နေရာတွင်ရှိနေသော လီဖူသည် ထိုအမိန့်တော်ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်တွင် သူ့၏မျက်နှာသည် ဖြူရော်နေရာမှချက်ချင်းတောက်ပသွားကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား ဟား....ကောင်းတယ်...သဘောတူညီချက်အမိန့်စာလွှာက ဒီနေရာကို ရောက်လာခဲ့ပြီ...ဘာလို့ မင်းတို့က လိမ်လိမ်မာမာနဲ့ ခံတပ်ကို ငါ့ဆီ လွှဲပြောင်းမပေးသေးတာလဲ"
လီဖူသည် မတ်တတ်ထရပ်ကာ သူ့၏မှော်စွမ်းအားများကို အသုံးပြု၍ ကျယ်လောင်စွာအော်ဟစ်လေသည်။
"လုယွီ...မင်း ချီဘုရင်ပြောတာကို မကြားဘူးလား...ကောင်းကင်ချိုးဖျက်ခံတပ်ကို ငါ့ဆီ မြန်မြန်လက်လွှဲပေးစမ်း...ငါတို့ ငြိမ်းငြိမ်းချမ်းချမ်းနေကြရအောင်....ငါက ကောင်းကင်ချိုးဖျက်ခံတပ်ထဲမှာရှိတဲ့ စစ်သားတွေနဲ့မြို့သူမြို့သားတွေအားလုံးကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးမယ်လို့ ငါ မင်းကို အာမခံတယ်"
"မင်းက တာယွီရဲ့ပုန်ကန်သူတော့ မဖြစ်ချင်ဘူးမလား"
ထိုစကားများကိုကြားချိန်တွင် မြို့ရိုးပေါ်ရှိစစ်သားများအားလုံးသည် နာကြည်းမှုန်းတီးမှုကြောင့် အံ့တင်းတင်းကြိတ်လိုက်ကြသည်။