အခန်း (၃၈၅၀-၃၈၅၃)
Vol. 196 Ch. 3850-3853
Chapter 3850
လုယွီသည် အကျပ်ရိုက်နေလေ၏။
အကယ်၍ သူသည် ကောင်းကင်ချိုးဖျက်ခံတပ်ကို အမှန်တကယ်လက်လွှဲပေးလိုက်ပါက သူသည် ခံတပ်တခုလုံး၏အပြစ်သား ဖြစ်သွားပေမည်။
စုန်ချင်းဖုန်းသည် ခံတပ်ကို လုယွီထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းမှာ သူသည် ခံတပ်ကိုခုခံကာကွယ်လိုသောကြောင့်ပင်။
သို့ရာတွင် အကယ်၍ လုယွီသည် အရှုံးပေးအညံ့ခံလိုက်ပါက သူ ယခင်က ပင်ပင်ပန်းပန်းကြိုးစားခဲ့သည့်အရာအားလုံး အလဟဿဖြစ်သွားမည့်အပြင် ခံတပ်တစ်ခုလုံးသည် ထန်စစ်တပ်၏လက်အောက်ခံအဖြစ်သို့ ရောက်ရှိသွားပေမည်။
သို့ရာတွင် အကယ်၍ သူသည် ကောင်းကင်ချိုးဖျက်ခံတပ်ကို လက်လွှဲပေးခြင်းမပြုပါက သူသည် အမိန့်ကို လိုက်နာခြင်းမရှိသော ရာဇဝတ်သားတစ်ယောက် ဖြစ်သွားပေမည်။
လုယွီသည် တတိယအဆင့်အရာရှိတစ်ယောက်သာဖြစ်သဖြင့် ချီဘုရင်၏အမိန့်ကို နာခံရပေမည်။ထိုသို့မဟုတ်ပါက သူ့အား ပုန်ကန်သူတစ်ယောက်ဟု သတ်မှတ်ခြင်းခံရနိုင်သည်။
ထိုနာမည်ဆိုးသည် လုယွီ၏ခေါင်းထက်သို့ ရောက်ရှိလာသည်နှင့် တော်ဝင်မြို့တော်မှ သူ့၏ရန်သူများသည် ထိုအခွင့်အရေးကိုလက်လွတ်မခံမည်မှာ သေချာပေါက်ပင်။
သူတို့သည် ဤကဲ့သို့ မလုံခြုံသောနေရာတစ်ခုသို့ရောက်နေသော သူ့အား ချောင်ပိတ်ဖမ်းရန်အတွက် လူများကို စေလွှတ်ကြပေမည်။
ချီဘုရင်အမိန့်တော်သည် မိုးကောင်းကင်ယံအတွင်းမှနေ၍ ကောင်းကင်ချိုးဖျက်ခံတပ်၏အထက်သို့ ကျရောက်လာသည်။
ရွှေရောင်အလင်းတန်းတတန်းက လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။သူ့၏လက်အတွင်းရှိ ကောင်းကင်ချိုးဖျက်ခံတပ်၏ အခွင့်အာဏာစည်းတံဆိပ်မှနေ၍ တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။
ဤသည်မှာ အဆင့်မြင့်သော အခွင့်အာဏာစွမ်းအားတခုမှနေ၍ သူ့၏လက်အတွင်းရှိ စည်းတံဆိပ်၏အခွင့်အာဏာကို လုံးလုံးလျားလျား ဖိနှိပ်လိုက်ခြင်းပင်။
ချီဘုရင်၏အခွင့်အာဏာသည် လုယွီ ယခုလက်ရှိ ပိုင်ဆိုင်ထားသော အခွင့်အာဏာစွမ်းအားထက် များစွာပို၍ကျော်လွန်နေသည်။
ထိုအချိန်မှာပင် ဆက်သားတစ်ယောက်သည် ရုတ်တရက် အပြေးဝင်လာကာ သူ့၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော အမူအယာများ ထင်ဟပ်နေသည်။
"အရှင်တို့...အခြေအနေက အရေးပေါ်ဖြစ်နေပြီ...အနက်ရောင်မိုခံတပ်ကို ထန်စစ်တပ်က သိမ်းပိုက်သွားပြီ"
ထိုဆက်သားက အော်ဟစ်လိုက်၏။
ဘာ...
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
အနက်ရောင်မိုခံတပ်သည် ကောင်းကင်ချိုးဖျက်ခံတပ်နှင့်တူညီသော နေရာတစ်ခုပင်။ဤနေရာနှစ်ခုစလုံးသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အဓိကခံတပ်နေရာများဖြစ်ကာ ပြင်ပမှကျူးကျော်လာသောရန်သူများကို ခုခံကာကွယ်ရန် အရေးကြီးသောနေရာများဖြစ်သည်။
အနက်ရောင်မိုခံတပ်၏ ခုခံကာကွယ်မှုအင်အားသည် ကောင်းကင်ချိုးဖျက်ခံတပ်ထက် အနည်းငယ်နိမ့်ကျသည့်တိုင် လွယ်လင့်တကူ သိမ်းပိုက်၍ရနိုင်သော နေရာမျိုးမဟုတ်ချေ။
စုန်ချင်းဖုန်းသည် တင်းမာခက်ထန်သောအသံဖြင့် အော်ဟစ်လိုက်၏။
"အဲ့ဒီကိစ္စက ဘယ်အချိန်တုန်းက ဖြစ်ပွားသွားခဲ့တာလဲ"
"လွန်ခဲ့တဲ့ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာလောက်က အနက်ရောင်မိုခံတပ်ကနေ အချက်ပေးသင်္ကေတတစ်ခု ရောက်လာခဲ့တယ်....
ပြီးတော့ စာတစ်စောင်က ကျွန်တော်တို့ခံတပ်ဆီကိုရောက်လာတယ်....အနက်ရောင်မိုခံတပ်ရဲ့တပ်မှူး အမတ်ကြီးဖူချွမ်က စစ်တပ်တစ်ခုလုံးကို ဦးဆောင်ပြီးတော့ ထန်အင်ပါယာဆီမှာ အညံခံလိုက်တယ်...ပြီးတော့ သူက သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်...အနက်ရောင်မိုခံတပ်က မဟာစစ်ဗိုလ်ချုပ်ဆယ့်ခုနစ်ယောက်ကလည်း အင်ပါယာအတွက် သူတို့ကိုယ်သူတို့စတေးပြီး သတ်သေသွားကြတယ်"
"ချီဘုရင်က သူ့ရဲ့လက်အောက်ငယ်သားတွေကို စေလွှတ်ပြီးတော့ အနက်ရောင်မိုခံတပ်ရဲ့ခုခံကာကွယ်မှုအင်အားတွေအားလုံးကို လွှဲပြောင်းယူခဲ့တယ်...အခုလက်ရှိအချိန်မှာ အနက်ရောင်မိုခံတပ်တစ်ခုလုံးက ထန်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကို လုံးဝကျရောက်သွားပြီ"
ထိုစကားလုံးများကိုကြားချိန်တွင် လက်ရှိနေရာတွင် ရှိနေသူများအားလုံး အံ့အားသင့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
ယခုအချိန်၌ သူတို့၏ရှေ့သို့ ချီဘုရင်၏အမိန့်စာလွှာ ရောက်ရှိနေလေပြီ။
သို့ရာတွင် သူတို့အံ့အားသင့်သွားရသောအချက်မှာ အနက်ရောင်မိုခံတပ်သည် ချီဘုရင်၏ဖိအားအရှိန်အဝါကို တောင့်ခံနိုင်ခြင်းမရှိဘဲ ချက်ချင်းအရှုံးပေးလိုက်သောကိစ္စပင်။
"အဲ့ဒီချီဘုရင်က ဘာကောင်လဲ...ဒီခံတပ်ကလူတွေ ဆိုးဆိုးဝါးဝါး အသတ်ခံနေရတုန်းက သူဘယ်နေရာကို ရောက်နေတာလဲ....အခုချိန်ကျမှသူက အညံခံပြီးတော့ ငြိမ်းချမ်းရေးလိုချင်နေတာလား....ငါ့ရဲ့အထွတ်အထိပ်ဂိုဏ်းမှာဆိုရင် အဲ့ဒီသူရဲဘောကြောင်တဲ့ကောင်ကို အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းပြီးလောက်ပြီ"
လန်ဝူရှင်းသည် ဒေါသူပုန်ထနေလေ၏။
သူသည် တိုက်ပွဲစစ်မြေပြင်၌ အချိန်ကြာမြင့်စွာ ဝင်ရောက်တိုက်ခိုက်ကာ ထန်စစ်သားများနှင့်လော့ရွှေကြယ်မြစ်မှနတ်စိုးသားရဲအမြောက်အများကို သတ်ဖြတ်ခဲ့သည်။
သူနှင့်အတူ တိုက်ခိုက်နေသောရဲဘော်ရဲဘက်များ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်သွားသည်ကိုကြည့်ပြီး ဒေါသမီးတောက်များက လန်ဝူရှင်း၏စိတ်နှလုံးသားအတွင်းတွင် တဟုန်းဟုန်း တောက်လောင်နေခဲ့သည်။
လန်ဝူရှင်းသည် ယခင်က နတ်ဆိုးဂိုဏ်းချုပ်ဖြစ်ခဲ့သဖြင့် သူသည် ချီဘုရင်ကို အနည်းငယ်မျှဂရုမစိုက်ဘဲ အော်ဟစ်ဆဲဆိုလိုက်၏။
တခြားမဟာစစ်ဗိုလ်ချုပ်များသည် သူတို့၏မျက်လုံးများနီမြန်းသည်အထိ ဒေါသထွက်နေသော်လည်း မည်သည့်စကားတစ်ခွန်းမျှ ပြောဆိုနိုင်ခြင်းမရှိချေ။
ထိုဆက်သားသည် အချိန်တခဏကြာခန့်တွေဝေတုံ့ဆိုင်းနေကာ နောက်ဆုံး၌ ပြောဆိုလိုက်သည်။
"ချီဘုရင်က ထန်စစ်တပ်ရဲ့ပင်မအင်အားစုနဲ့သဘောတူညီချက်တစ်ခုကို လုပ်ထားခဲ့တယ်.... အနက်ရောင်မိုခံတပ်ကနေပြီးတော့ ငါတို့ရဲ့ခံတပ်ကို ချီဘုရင်ရဲ့အမိန့်ကို ချက်ချင်းလိုက်နာဖို့ တိုက်တွန်းနှိုးဆော်ထားတယ်....ဘာနှောင့်နှေးကြန့်ကြာမှုကိုမှ ခွင့်မပြုဘူးလို့ ချီဘုရင်က အမိန့်ပေးထားတယ်"
"ဘာသဘောတူညီချက်လဲ"
လုယွီသည် လေထုအတွင်းမှ ဆင်းသက်လာကာ သူ့၏ခန္ဓာကိုယ်ပေါ်မှ တည်ကြည်လေးနက်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။
တခြားလူများသည် လုယွီကိုမြင်တွေ့ချိန်တွင် သူတို့သည် မသိစိတ်မှနေ၍ ရှက်ရွံသွားသကဲ့သို့ ခံစားမိသည်။
ထိုဆက်သားသည် သဘောတူညီချက်စာလွှာကိုထုတ်ယူကာ ပြောဆိုလိုက်၏။
"ဒါက အနက်ရောင်မိုသဘောတူညီချက်ပဲ....ဒီသဘောတူညီချက်ကြောင့် အနက်ရောင်မိုခံတပ်က ချက်ချင်းအရှုံးပေးအညံခံလိုက်ရတယ်"
မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများသည် ထိုသဘောတူညီချက်စာလွှာပေါ်သို့ ကျရောက်လာသည်။
ထိုစာလွှာပေါ်တွင် ရေးသားထားသော အချက်သုံးချက်သည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။
ပထမဆုံးအနေဖြင့် တာယွီအင်ပါယာသည် ထန် အင်ပါယာအား လက်ဝဲစစ်တပ်နယ်မြေ၏ကြယ်နယ်မြေ သုံးဆယ့်ခြောက်ခုကို ပေးအပ်ရပေမည်။
ဒုတိယအနေဖြင့် တာယွီအင်ပါယာသည် စစ်လျော်ကြေးအနေဖြင့် ထန်အင်ပါယာကို အင်မော်တယ်ကျောက်တုံး ရှစ်ရာထရီလီယံပေးအပ်ရပေမည်။
တတိယအနေဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ နယ်စပ်များတွင် တာယွီအင်ပါယာဘက်မှ စစ်သားအမြောက်အများထားရှိခွင့် မရှိချေ။
အပြန်အလှန်အနေဖြင့် ထန်အင်ပါယာသည်လည်း အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ကျူးကျော်ဝင်ရောက်တော့မည်မဟုတ်ဘဲ သူတို့၏စစ်တပ်များကိုလည်း စေလွှတ်တော့မည်မဟုတ်ပေ။
Chapter 3851
ဒေါင်....
စစ်သားများအနက်မှ တစ်ယောက်သည် သူ၏ဆေဘာဓားကို ဆုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။
သို့ရာတွင် မည်သူကမျှ သူ့ကိုအပြစ်မတင်ကြချေ။
လူတိုင်းသည် သူတို့၏ရှေ့မှ သဘောတူညီချက်ကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။
ဤသည်မှာ လုံးလုံးလျားလျား အရှက်တကွဲဖြစ်စေသော သဘောတူညီချက်တစ်ခုပင်။
လက်ဝဲစစ်တပ်နယ်မြေကိုဆုံးရှုံးရသဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် နယ်မြေ၏ကြီးမားသောအစိတ်အပိုင်းကိုလက်လွတ်ရမည်သာမကာ စစ်နည်းဗျူဟာကျသောနေရာများနှင့် ခုခံကာကွယ်ရေးခံတပ်နေရာအမြောက်အများသည်လည်း ထန်အင်ပါယာ၏လက်အတွင်းသို့ ကျရောက်သွားပေမည်။
ထို့ပြင် စစ်လျော်ကြေးငွေသည် ကြောက်ခမန်းလိလိပမာဏတစ်ခုပင်။
ရှစ်ရာထရီလီယံ....
ရှီးလျန်စီရင်စုရုံးတော်တစ်ခုလုံးပင်လျှင် တစ်နှစ်လျှင် အခွန်အခငွေအဖြစ် အင်မော်တယ်ကျောက်တုံး သန်းကိုးရာသာရရှိသည်။
ထိုကြယ်နယ်မြေသည် နှစ်စဉ်အခွန်အခများကောက်ခံသော လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ ကြယ်နယ်မြေများအနက် စည်ပင်ဝပြောမှုအရှိဆုံးနယ်မြေပင်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွက် ဤကဲ့သို့ စစ်လျော်ကြေးငွေသည် အလွန်ကြီးမားပေ၏။
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
ချီဘုရင်က ပုန်ကန်ဖို့ ကြိုးစားနေတာလား....တချိန်တုန်းက သွားလေသူဧကရာဇ်က ဥပဒေစည်းမျဉ်းတွေကို ဘယ်လိုချမှတ်ခဲ့လဲဆိုတာ သူ မေ့သွားတာလား"
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် မည်ကဲ့သို့ အခြေအနေမျိုးဖြစ်နေပါစေ မည်သည့်နယ်မြေကိုမဆို စစ်လျော်ကြေးငွေအဖြစ် ပေးခွင့်မပြုဟူသော စည်းမျဉ်းတစ်ခုကို ချမှတ်ထားခဲ့သည်။
ဤသည်မှာ လုံးလုံးလျားလျား စောင့်ထိန်းရမည့်စည်းမျဉ်းပင်။
သို့ရာတွင် တော်ဝင်မျိုးနွယ်၏မိသားစုဝင်တစ်ယောက်ဖြစ်သော ချီဘုရင်သည် ငြိမ်းချမ်းရေးရယူရန်အတွက် နယ်မြေများကိုပြောင်ပြောင်တင်းတင်း ပေးအပ်ခဲ့လေ၏။
"အရှင်လု...ချီဘုရင်ရဲ့အမိန့် ရောက်လာမှာတော့ ကျေးဇူးပြုပြီး မင်း အမြန်ဆုံးလက်ခံလိုက်ပါ...မင်းရဲ့ကိုယ်ရေးကိုယ်တာခံစားချက်တွေအတွက်နဲ့ မင်းရဲ့အနာဂတ်ကို နှောင့်နှေးမှုမဖြစ်စေနဲ့"
ရုတ်တရက် အသံတစ်သံက ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းမှ မြည်ဟီးလာသည်။
ယခုကြည့်ကြည့်တော့မှ ထိုအသံပိုင်ရှင်သည် စုန့်ကျီကျင်းပင်။သူသည် အကျဉ်းချခံထားရသော ခြံဝန်းအတွင်းမှာနေ၍ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
လုယွီသည် စုန့်ကျီကျင်းကို အကျဉ်းချထားရန်အမိန့်ပေးခဲ့သည်။သို့ရာတွင် သူသည် ချီဘုရင်၏ သံတမန်တစ်ယောက်ဖြစ်နေသဖြင့် ခြံဝန်းတစ်ခုအတွင်း၌သာ အကျယ်ချုပ် ဖမ်းဆီးခံထားရလေ၏။
ချီဘုရင်၏အမိန့်တော် ထွက်ပေါ်လာသည်ကိုကြည့်ပြီး စုန့်ကျီကျင်းသည် အလွန်ပျော်ရွှင်နေခဲ့သည်။
မိုးကောင်းကင်ယံအတွင်းတွင် မျောလွင့်နေသောအမိန့်တော်တွင် ချီဘုရင်၏အစွမ်းထက်သောမှော်စွမ်းအားများ ပါဝင်နေရုံသာမက ချီဘုရင်၏စည်းတံဆိပ်နှင့် အုပ်ချုပ်ရေးရုံးတော်၏စည်းတံဆိပ်တို့ကို ခတ်နှိပ်ထားသည်။
ထို့ပြင် ဤသည်မှာ ချီဘုရင်ကိုယ်တိုင်ထုတ်ပြန်လိုက်သော အမိန့်တော်တစ်ခုဖြစ်သဖြင့် မှားယွင်းနိုင်စရာ အကြောင်းမရှိချေ။
စုန့်ကျီကျင်း၏နှလုံးသားအတွင်းတွင် ချက်ချင်းဆိုသလိုပင် ယုံကြည်ချက်များဖြင့် ပြည့်နှက်သွားသည်။
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ချီဘုရင်က နယ်မြေတွေကိုတောင် ပိုင်းခြားပေးဝံ့တာလား...ဒါက တာယွီအင်ပါယာရဲ့လူတွေအားလုံးကို ဆန့်ကျင်နေတာပဲ...ငါက သူ့ရဲ့အမိန့်ကို နားထောင်မယ်လို့ မင်း ထင်နေတာလား"
"လုယွီ...."
စုန့်ကျီကျင်းက အော်ဟစ်လိုက်၏။
"မင်းက ခံတပ်ရဲ့အခွင့်အာဏာစည်းတံဆိပ်ကို ထိန်းချုပ်ထားတဲ့ လူတစ်ယောက်သက်သက်ပဲ... တကယ်လို့ မင်းက ချီဘုရင်ရဲ့အမိန့်တွေကိုမနာခံဘူးဆိုရင် အရှင်က မင်းရဲ့ကံကြမ္မာစွမ်းအားတွေကို ချက်ချင်းဖယ်ရှားလိုက်လိမ့်မယ်...ငါကအခု မင်းနဲ့တိုင်ပင်ဆွေးနွေးနေတာမဟုတ်ဘူး....ငါက မင်းကို အမိန့်ပေးနေတာပဲ"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"အော်...တကယ်လို့ ငါက သူ့ရဲ့စကားကို နားမထောင်ဘူးဆိုရင် သူက ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ"
လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ဖော်ပြရန်မစွမ်းသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါတစ်ရပ်ရှိနေသည်။
စုန့်ကျီကျင်းသည် ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းကာ ပြောဆိုလိုက်၏။
"မင်းက ပုန်ကန်ချင်နေတာလား...ချီဘုရင်ရဲ့ အစီအစဉ်တွေကို မသိဘဲနဲ့ မင်းလိုမျိုး ခေါင်းမာနေတဲ့ကောင် ဘာကြောင့် ရှိနေရတာလဲ...မင်းက အင်ပါယာကို အနှောင့်အယှက်ပေးနေတဲ့အပြင် ငါတို့အရှင်ရဲ့ ရည်ရွယ်ချက်ကောင်းကိုလည်း နားမလည်ဘူး"
"ပြီးတော့ မင်းတို့စစ်သားတွေ...ဘာလို့ မင်းတို့ ဒီလောက်ထိ ပင်ပင်ပန်းပန်း ကြိုးစားနေကြတာလဲ...ဒီနယ်မြေတွေကို ထန်အင်ပါယာဆီ လက်လွှဲယူခိုင်းပြီးတော့ ငြိမ်ငြိမ်းချမ်းချမ်းနဲ့ ထာဝရနေသွားတာ ပိုမကောင်းဘူးလား...လူတွေ ဘယ်လောက်များများ သေသွားပြီလဲဆိုတာ ကြည့်လိုက်ကြဦး...မင်းတို့သေတဲ့အထိ တိုက်ခိုက်နေရင်လည်း ဘာအသုံးဝင်မှာမလို့လဲ... ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ပွဲကို မင်းတို့ခုခံကာကွယ်နိုင်မှာမဟုတ်ဘူး... အခုအရှုံးပေးအညံ့ခံလိုက်တာက မင်းတို့ရဲ့အင်အားတချို့ကို ချွေတာနိုင်လိမ့်မယ်...အခုလက်ရှိ အခြေအနေကိုမသိတဲ့ မင်းတို့လိုကောင်တွေက တကယ်လို့မင်းတို့သေသွားရင်တော့ အချည်းနှီးသေရတာမျိုးဖြစ်နေမှာပဲ"
စုန့်ကျီကျင်းက လှောင်လှောင်ပြောင်သရော်ကာ သူ့၏မျက်နှာပေါ်တွင် မောက်မာဝံ့ကြွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
သို့ရာတွင် သူ စကားပြောဆို၍မပြီးသေးမီမှာပင် လုယွီသည် သူ့၏လက်ကို အခွင့်အာဏာစည်းတံဆိပ်ပေါ်သို့ တင်လိုက်၏။
ဘန်း....
အခွင့်အာဏာစည်းတံဆိပ်၏စွမ်းအားများ ရုတ်တရက် ဆင်းသက်လာခဲ့သည်။
စုန့်ကျီကျင်းသည် သူ့၏စကားအဆုံးမသတ်သေးမီမှာပင် သူ့၏ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် စွမ်းအားများပျံ့နှံ့သွားကာ စုန့်ကျီကျင်းနှင့်အတူ လိုက်ပါလာသောသံတမန်များသည်လည်း ချက်ချင်းဆိုသလိုပင် သူတို့၏အသက်များကို ဆုံးရှုံးလိုက်ရတော့သည်။
လုယွီသည် နောက်သို့ပြန်လှည့်ပြီးနောက် သူ့၏လက်ချောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ထက်ရှသောဓားချီတစ်လှိုင်းက မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင့်သွားသည်။
ဝှစ်....
ချီဘုရင်၏ ကြီးမားသောအမိန့်တော်ကြီးသည် ချက်ချင်းဆိုသလိုပင် ထိုဓားချီ၏ဆုတ်ဖြဲခြင်းကိုခံလိုက်ရသည်။
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
"စုန့်ကျီကျင်းက ရန်သူနဲ့ပူးပေါင်းပြီးတော့ စစ်သားတွေရဲ့စိတ်ဓာတ်ကို ဖရိုဖရဲဖြစ်အောင်လုပ်ခဲ့တယ်...ဒါကြောင့် သူ့ကို ကွပ်မျက်လိုက်ပြီ...တကယ်လို့ မင်းတို့က ငါ့ကိုအရှုံးပေးအညံ့ခံစေချင်တယ်ဆိုရင် ချီဘုရင်ကိုယ်တိုင် ငါ့ကိုလာရှာခိုင်းလိုက်စမ်း"
Chapter 3852
"ဟုတ်ကဲ့ပါ အရှင်"
ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ စစ်သားများအားလုံးသည် လုယွီကို လေးစားကြည်ညိုစွာဖြင့် ကြည့်လိုက်ကြ၏။
ဤကိစ္စကို သိန်းနှင့်ချီသောလူများ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရခြင်းပင်။လုယွီသည် ချီဘုရင်၏သံတမန်များကို သတ်ဖြတ်ခဲ့ရုံသာမက ချီဘုရင်၏အမိန့်တော်ကိုလည်း ဖျက်ဆီးခဲ့သည်။
ကောင်းကင်ချိုးဖျက်ခံတပ်မှ အခွင့်အာဏာအမြင့်ဆုံးဖြစ်သော ဝမ်းရှင်အမတ်ကြီးပင်လျှင်ကို ချီဘုရင်ကို ရိုသေလေးစားစွာဆက်ဆံရသည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိမည်သူမဆို လုယွီကဲ့သို့ ချီဘုရင်ကို ပါးဖြတ်ရိုက်ဝံ့မည်မဟုတ်ချေ။
ယခင်က လန်ဝူရှင်းသည် ချီဘုရင်ကို ဆဲဆိုနေခဲ့သော်လည်း လုယွီသည် စကားတစ်လုံးမျှမပြောဆိုဘဲ ချီဘုရင်၏သံတမန်များကို သတ်ဖြတ်လိုက်သည်အား မြင်တွေ့ချိန်တွင် သူ ကြက်သေသေသွားသည်။
သူသည် စကားဖြင့်ပြောဆိုဝံ့သော်လည်း ချီဘုရင်၏သံတမန်များကို အမှန်တကယ်မတိုက်ခိုက်ဝံ့ချေ။
ချီဘုရင်၏သံတမန်များသည် ချီဘုရင်၏မျက်နှာကို ကိုယ်စားပြုပေ၏။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းတွင် တော်ဝင်မျိုးနွယ်၏ဘုရင်တစ်ပါးဖြစ်သော ချီဘုရင်ကို မျက်နှာသာမပေးဝံ့သောသူဟူ၍ မည်သူရှိနိုင်မည်နည်း။
သို့ရာတွင် လုယွီသည် ချီဘုရင်၏သံတမန်ကိုသတ်ဖြတ်ခဲ့သည်။ဤသည်မှာ ရန်ငြိုးရန်စတစ်ခုကြောင့်လည်းဖြစ်ပြီး ချီဘုရင်ကိုယ်တိုင်လည်း နားလည်သဘောပေါက်မည်မဟုတ်ချေ။လုယွီနှင့်ချီဘုရင်အကြားတွင် သွေးကြေးရန်ငြိုးရှိသည်ဟုလည်း ပြောနိုင်သည်။
"အရှင်လု.....မင်း ဖြေရှင်းလိုက်တာ နည်းနည်းတော့လွန်သွားပြီ...အဲ့ဒီစုန့်ကျီကျင်း စကားပြောတာ ရိုင်းပျတယ်ဆိုရင်တောင် သူ့ကို အကျဉ်းချထားလို့ရတယ်...ဘာလို့ သူ့ကိုသတ်လိုက်တာလဲ...ချီဘုရင်ရဲ့အမိန့်တော်ကတော့ ငါတို့လိုက်နာတာပဲဖြစ်ဖြစ် မလိုက်နာတာပဲဖြစ်ဖြစ်...အနည်းဆုံးတော့ ငါတို့ အဲ့ဒါကိုလက်ခံထားလို့ရတယ်...မင်းက ဒီလိုလုပ်လိုက်တာကြောင့် မင်း အပြစ်သင့်မှာကို ငါ စိုးရိမ်မိတယ်"
စုန်ချင်းဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ချီဘုရင်၏ကံကြွေးခံမြေအတွင်းတွင် ချီဘုရင်ကို ရန်စစော်ကားသည်မှာ ကောင်းမွန်သောကိစ္စတရပ်မဟုတ်ချေ။
လုယွီသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွက် အမြောက်အများကူညီပေးခဲ့သည်။ထို့ကြောင့် စုန်ချင်းဖုန်းသည် မသိစိတ်မှနေ၍ လုယွီသည်ကောင်းကင်ချိုးဖျက်ခံတပ်၏အနာဂတ်ဟု ယူဆပြီးဖြစ်သည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"စုန့်ကျီကျင်းက စကားပြောတာတွေလွန်ကဲပြီးတော့ စစ်သားတွေရဲ့စိတ်ဓာတ်ကို ပျက်ပြားအောင် နှောင့်ယှက်ခဲ့တယ်...စစ်တပ်ဥပဒေအရ ငါက သူ့ကို သတ်သင့်တယ်"
"ချီဘုရင်ရဲ့အမိန့်တော်အတွက်ကတော့ ငါ အဲ့ဒါကို လက်မခံနိုင်လို့ ဖျက်ဆီးပစ်လိုက်တယ်"
ထိုစကားများကြောင့် ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး ကြက်သေသေသွားသည်။
သူသည် ချီဘုရင်၏အမိန့်တော်ကို လက်မခံနိုင်ရုံသက်သက်ဖြင့် ထိုအရာကို ဖျက်ဆီးခဲ့သည်ဟုဆိုသလော။မည်သူ့ထံတွင် ဤကဲ့သို့သတ္တိမျိုး ရှိနိုင်သနည်း။
ဤအချိန်အခိုက်အတန့်တွင်....
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်...အနက်ရောင်မိုခံတပ်၌....
ရှေးဆန်ပြီး ကြီးကျယ်ခမ်းနားသော ဤခံတပ်ကြီးအတွင်းတွင် မြောက်များစွာသောအလံများကို လွှင့်ထူထားကာ လေထုအတွင်း၌ တဖျတ်ဖျတ်လူးလွန့်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ရှုပါက ထိုအလံများသည် တာယွီအင်ပါယာ၏ ကြက်သွေးရောင်မီးတောက်နဂါးအလံများမှနေ၍ ထန်အင်ပါယာ၏တောက်ပသော အဝါရောင်နဂါးအလံများအဖြစ်သို့ ပြောင်းလဲထားသည်ကို တွေ့မြင်ရပေမည်။
ထန်စစ်တပ်သည် မြို့အတွင်းသို့ဝင်ရောက်ပြီးနောက် တာယွီအင်ပါယာဘက်မှ အင်အားများကို လုံးလုံးလျားလျား ရုတ်သိမ်းထားခဲ့သည်။ ထို့နောက် နှစ်ဖက်စလုံးသည် အသေးစိတ်ကျကျအချက်အလက်များကို ဆက်လက်၍တိုင်ပင်ညှိနှိုင်းနေကြလေ၏။
အနက်ရောင်မိုခံတပ်အတွင်းရှိ...ချီဘုရင်၏နန်းဆောင်၌....
"စုန့်ကျီကျင်းကအသတ်ခံလိုက်ရပြီးတော့ လုယွီက လူအများရှေ့မှာ အရှင့်ရဲ့အမိန့်ကို ဖျက်ဆီးခဲ့တယ်...သူက ဘယ်လိုသတ္တိမျိုးနဲ့ ချီဘုရင်ရဲ့သံတမန်တွေကို သတ်ဝံ့တာလဲ"
"ဒါကအင်ပါယာနှစ်ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့အဓိကသော့ချက်ပဲ...သူက ဘယ်လိုသတ္တိမျိုးနဲ့ ဒီလိုအချိန်မျိုးမှာ ပြဿနာရှာဝံ့တာလဲ"
ချီဘုရင်၏နန်းတော်အတွင်း၌ ရှိနေသောလူများသည် ရှေ့တန်းမှ သတင်းများကိုလက်ခံရရှိသည်။
နယ်စပ်ဒေသလေးနေရာနှင့် အနီးအနားရှိအစောင့်တပ်များအားလုံးသည် ချီဘုရင်၏အမိန့်ကိုလက်ခံရန် ရွေးချယ်ခဲ့ကြသည်။
သူတို့သည် မည်မျှပင် ဒေါသထွက်နေသည်ဖြစ်စေ မည်မျှပင် မလိုလားသည်ဖြစ်စေ ချီဘုရင်၏အမိန့်တော်သည် လူအများ၏အထက်ရှိ အခွင့်အာဏာကြီးမားသောနေရာတွင်ရှိနေသည်။
မဟာစစ်ဗိုလ်ချုပ်အများစုသည် ထိုအမိန့်ကို မလိုက်နာဘဲ မနေဝံ့ကြချေ။
"လုယွီ...ငါ မင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ချင်တယ်"
ချီဘုရင်နန်းတော်၏အကြံပေးတစ်ယောက်သည် ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်အလား နန်းတော်အတွင်းသို့ ပြေးဝင်လာခဲ့သည်။
သူသည် ချီဘုရင်နန်းဆောင်၏အကြံပေးခေါင်းဆောင် စုန့်ကျီးမိုပင်။
သူသည် စုန့်ကျီကျင်း၏ညီလည်း ဖြစ်ပေ၏။
သူတို့ညီအစ်ကိုနှစ်ယောက်လုံးသည် ချီဘုရင်ထံတွင်သစ္စာခံထားကြကာ သူတို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ခရာကျသောပုံရိပ်ကြီးများလည်းဖြစ်သည်။
သူ့၏အကိုဖြစ်သူ သတ်ဖြတ်ခံရသည်ကို သိရှိသွားပြီးနောက် စုန့်ကျီးမိုသည် ချက်ချင်းဆိုသလိုပင်ဆင်ခြင်တုံတရား ပျောက်ကွယ်သွားကာသူ့၏စိတ်အတွင်း၌ ဒေါသများဖြင့် ပြည့်နှက်သွားသည်။
စုန့်ကျီးမိုသည် ချီဘုရင်၏အိပ်ဆောင်အတွင်းသို့ အလျင်စလိုတိုးဝင်လိုက်သော်လည်း သူသည် အဖြူရောင်ဝတ်စုံဝတ်အစောင့်တစ်ယောက်၏ဟန့်တားခြင်းကို ခံလိုက်ရသည်။
"အရှင်က အနားယူနေတယ်...အခုအချိန်မှာ ဘယ်ဧည့်သည်ကိုမှ တွေ့ဖို့အဆင်မပြေဘူး... အမတ်ကြီးစုန် ကျေးဇူးပြုပြီးတော့ ပြန်ပါတော့"
အဖြူရောင်ဝတ်စုံဝတ်အစောင့်က အေးစက်တင်းမာစွာပြောဆိုသည်။
ထိုအဖြူရောင်ဝတ်စုံဝတ်အစောင့်သည် တည်ငြိမ်သောမျက်နှာအမူအယာကို ထိန်းသိမ်းထားဆဲပင်။
ပတ်ဝန်းကျင်ရှိအမှောင်ထုအတွင်း၌ ပုန်းအောင်းနေသော အစောင့်အမြောက်အများရှိကာ သူတို့အားလုံးသည် ချီဘုရင်ကိုကာကွယ်နေကြသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။
"ငါ့မှာ အရှင့်ကိုသတင်းပို့စရာ ကိစ္စတစ်ခုရှိနေတယ်"
စုန့်ကျီးမိုက တင်းမာခက်ထန်စွာပြောဆိုသည်။
"ကျေးဇူးပြုပြီးတော့ ငါ့ကိုချွင်းချက်ထားပြီး သတင်းပို့ပေးပါ"
အဖြူရောင်ဝတ်စုံဝတ်အစောင့်က မျက်မှောင်ကြုတ်လိုက်၏။
"ဘာကိစ္စလဲ...အခုလက်တလောအချိန်မှာ အရှင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အရမ်းအလုပ်များနေပြီးတော့ ပင်ပန်းနွမ်းနယ်နေတယ်... သူ အနားယူရတဲ့အချိန်က အရမ်းရှားပါးတယ်....အရှင့်ရဲ့အခက်အခဲတွေကို အမတ်ကြီးစုန်က နားလည်သင့်တယ်"
Chapter 3853
စုန့်ကျီးမိုသည် အစောင့်၏မျက်လုံးအတွင်းတွင် ခံစားချက်ကင်းမဲ့မှုနှင့် လှောင်ပြောင်သရော်လိုမှု အရိပ်အယောင်များ ရှိနေသည်ကို မြင်တွေ့မိလေ၏။သူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆင်ပြေချောမွေ့စရာအလို့ငှာ သူသည် တာယွီစစ်တပ်မှ အလွန်ကြီးမားသော ဟန့်တားနှောက်ယှက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
တာယွီစစ်တပ်မှစစ်သားများသည် ရှေ့တန်းရှိသွေးလွှမ်းသောတိုက်ပွဲများတွင် တိုက်ခိုက်ခဲ့ကြသူများပင်။သို့ရာတွင် အဆုံးသတ်၌ သူတို့၏နယ်မြေကို ခွဲခြမ်းကာ စစ်လျော်ကြေးငွေများပေးရမည်ဟု ဆိုသဖြင့် သူတို့အတွက် ကြီးမားသောတန်ပြန်ရိုက်ခတ်မှုများ ဖြစ်စေခဲ့သည်။
ချီဘုရင်၏သက်တော်စောင့်များသည် စစ်တပ်အတွင်းမှ ရွေးချယ်ထားသော လက်ရွေးစင်စစ်သားများပင်။
သူတို့သည် ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း သူတို့၏နှလုံးသားများအတွင်းမှ စုန့်ကျီးမိုတို့ကို အလွန်အမင်းအထင်အမြင်သေးနေခဲ့သည်။
"အရှင်....လက်ဝဲစစ်တပ်ရဲ့တပ်မှူးလုယွီက အရမ်းမထီလေးစားနိုင်ပြီးတော့ အရှင်စေလွှတ်လိုက်တဲ့ စုန့်ကျီကျင်းနဲ့တခြားသစ္စာရှိလူယုံတွေအားလုံးကို သတ်ဖြတ်ခဲ့တယ်...ဒီလိုလူရမ်းကားတစ်ယောက်က အပြစ်ပေးခံရသင့်တယ်"
စုန့်ကျီးမိုသည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ဒူးထောက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"မင်း...."
အဖြူရောင်ဝတ်စုံဝတ်အစောင့် အလွန်ဒေါသထွက်သွားသည်။ဤသည်မှာ သူ့၏ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခဲ့သော လုပ်ရပ်တစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။
သို့ရာတွင် ထိုအချိန်မှာပင် ပြင်းထန်သောတုန်ခါသံကြီးတစ်သံက အဖြူရောင်ဝတ်စုံဝတ်အစောင့်၏နောက်မှ ထွက်ပေါ်လာသည်။
အလွန်ကြီးမားသော စွမ်းအားလှိုင်းတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
အဖြူရောင်ဝတ်စုံဝတ်အစောင့်သည် မြေပြင်ပေါ်သို့ ပျာပျာသလဲဝပ်တွားလိုက်ကာ သူ့၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်က လူတိုင်း၏ခေါင်းထက်သို့ ကျရောက်လာသည်။လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် သူတို့၏ခေါင်းထက်သို့ကြီးမားသောဖိအားတစ်ရပ် ကျဆင်းလာသည်ကို ခံစားမိကာ သူတို့သည် မြေပြင်ပေါ်သို့ ပျာပျာသလဲ ဒူးထောက်လိုက်ကြပြီး မည်သည့်အတွေးမျိုးကိုမျှ မတွေးဝံ့ကြတော့ချေ။
ချီဘုရင်ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပေ၏။
လုယွီ၏လုပ်ရပ်များသည် ချီဘုရင်၏အကျိုးစီးပွားကို ဖျက်ဆီးခဲ့ရုံသာမက ချီဘုရင်၏မျက်နှာကို တစ်ချက်ဖြတ်ရိုက်လိုက်ခြင်းနှင့်တူညီသည်။
ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည်အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားခြင်းနှင့်အတူ အင်ပါယာ၏ကံကြမ္မာစွမ်းအားကို ဆွဲဖော်နိုင်ခဲ့သည်။နန်းတော်အဆောက်အအုံ၏ ခေါင်မိုးအထက်တွင် ရွှေရောင်အလင်းရောင်များတောက်ပနေသော ရွှေရောင်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။
ထိုရွှေရောင်နဂါးသည် သူ့၏ခေါင်းကိုမော့ကာဟိန်းဟောက်လိုက်ပြီး သူ့၏အရှိန်အဝါသည် အလွန်ကြီးကျယ်ခမ်းနားပေ၏။
ဤသည်မှာ ချီဘုရင်၏အခွင့်အာဏာစည်းတံဆိပ်ပင်။
သူသည် နယ်မြေတစ်ခု၏အုပ်ချုပ်သူအရှင်ဖြစ်ကာ တော်ဝင်မိသားစု၏မင်းသားတစ်ပါးပင်။
ဤကဲ့သို့ အစွမ်းထက်သောမင်းသားတစ်ပါးသည် သူ့၏ကိုယ်ပိုင် အခွင့်အာဏာစည်စတံဆိပ်ကို အသုံးပြုလိုက်သဖြင့် အကြီးအကျယ်ပျက်စီးစေနိုင်သော အကျိုးဆက်များ ရှိလာနိုင်သည်။
သို့ရာတွင် ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အချိန်တခဏကြာ ရစ်သိုင်းလွှမ်းခြုံနေပြီးနောက် ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
ကြည်လင်ပြတ်သားသော အသံတစ်သံက နန်းဆောင်အတွင်းမှ ထွက်ပေါ်လာသည်။
"အခုချိန်မှာ လုယွီရဲ့ကိစ္စကို ခဏဘေးဖယ်ထားလိုက်အုံး"
စုန့်ကျီးမိုသည် ရုတ်တရက် သူ့၏ခေါင်းကိုမော့လိုက်ကာ သူ့၏မျက်လုံးများအတွင်းတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ချီဘုရင်သည် လုယွီကိုရင်ဆိုင်ရန်အတွက် အမှန်တကယ်ကို လက်လျှော့လိုက်သလော....
ယခုအချိန်၌ လုယွီပြုလုပ်ခဲ့သောကိစ္စများသည် ချီဘုရင်၏ခေါင်းထက်သို့ တက်နင်းသည်နှင့်တူညီနေကာ သူသည် ချီဘုရင်၏အခွင့်အာဏာအထက်တွင် ရှိနေသည့်အလားပင်။
သို့ရာတွင် ချီဘုရင်သည် လုယွီကို အမှန်တကယ်လက်လျှော့အရှုံးပေးလိုက်သလော....
စုန့်ကျီးမိုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အရှင် ငါ နားမလည်နိုင်ဘူး...အဲ့ဒီခွေးမသား လုယွီက အရှင့်ရဲ့အခွင့်အာဏာကို လျစ်လျူရှုခဲ့တယ်...ဒါက အရှင့်ကို ရန်စစော်ကားတာမဟုတ်လား"
စုန့်ကျီးမို၏ရင်ဘတ် ဒေါသကြောင့် တုန်ရီနေသည်။
ယခုသေဆုံးသွားသူမှာ သူ့၏အစ်ကိုကြီးပင်။
စုန့်ကျီးမို၏အသံ ပျက်ပြယ်သွားသောအချိန်မှာပင် နန်းဆောင်အတွင်းမှာနေ၍ စွမ်းအားလှိုင်းတစ်လှိုင်း ပျံ့လွင့်လာကာ သူ့အားလွင့်ထွက်သွားစေသည်။
ချီဘုရင်သည် သူ့အားရှင်းပြရန်အတွက် အထင်အမြင်သေးနေပေ၏။
စုန့်ကျီးမို၏ခန္ဓာကိုယ်သည် နန်းဆောင်၏ပြင်ပသို့ လိမ့်ထွက်သွားကာ သူ့၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်အလိမ်းလိမ်းကပ်နေပြီး ဆိုးရွားသောအခြေအနေမျိုးသို့ ရောက်ရှိသွားသည်။
သူသည် ချီဘုရင်၏ဒေါသကို အာရုံခံမိသည်။
ချီဘုရင်သည် တစ်စုံတစ်ခု၏တားမြစ်ကန့်သတ်ခြင်းကို ခံထားရပုံရကာ သူသည် လုယွီကို တိုက်ခိုက်နိုင်စွမ်းရှိပုံမရချေ။
"အမတ်ကြီးစုန့်....မင်း အခုချိန်မှာ အရှင့်ကို လုယွီအကြောင်းမပြောတာ ပိုကောင်းလိမ့်မယ်"
အကြံပေးတစ်ယောက်သည် ရုတ်တရက် ချီဘုရင်အိပ်ဆောင်၏ ဘေးတံခါးမှထွက်လာကာ သူ့၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်များရှိနေသည်။
စုန့်ကျီးမိုက ပျာပျာသလဲမေးမြန်းသည်။
"ဘာလို့လဲ...အရှင်က မင်းသားတစ်ပါးလေ...သူ့လိုလက်ဝဲစစ်တပ်ရဲ့တပ်မှူးတစ်ယောက်ကို ဖြေရှင်းဖို့ဆိုတာ အရမ်းလွယ်ကူတဲ့ကိစ္စမဟုတ်လား"
ထိုအကြံပေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ငါတို့တွေက ထန်အင်ပါယာနဲ့ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးဖို့အတွက် မဟာအတွင်းဝန်ရုံးရဲ့သဘောတူမှုကိုရရှိခဲ့တယ်...အခုအချိန်မှာ ကြယ်မြစ်တွေအားလုံးက ထန်အင်ပါယာနဲ့ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးနေကြတယ်... လုယွီရဲ့လုပ်ရပ်တွေက တခြားလူတွေရဲ့စိတ်အာရုံတွေအများကြီးကို ဆွဲဆောင်နိုင်ခဲ့တယ်"
"သူက အရှင့်ရဲ့အမိန့်တွေကို မလိုက်နာဘဲနေတာကြောင့် ငါတို့က ဒီအခွင့်အရေးကိုယူပြီး သူ့ကိုရှင်းထုတ်ဖို့ အရှင့်ကို အကြံပေးခဲ့တယ်...ဒါပေမဲ့ ဘယ်သူက သိနိုင်မှာလဲ...အဲ့ဒီအချိန်မှာပဲ နန်းဆောင်ကိုရောက်လာတဲ့ စာငါးစောင်ကို ငါတို့လက်ခံရရှိခဲ့တယ်...အရှင်တောင်မှပဲ ဒီကိစ္စရဲ့နောက်ကွယ်က အခွင့်အာဏာတွေကို ထည့်သွင်းစဉ်းစားနေရတယ်"