← Chapters

အခန်း (၃၈၇၀-၃၈၇၃)

Vol. 197 Ch. 3870-3873

အခန်း (၃၈၇၀-၃၈၇၃)

Vol. 197 Ch. 3870-3873

Chapter 3870

အရှေ့ပိုင်းနွေဦးခံတပ်....

ဤသည်မှာ အချုပ်အချာကင်းမဲ့သော ခံတပ်တစ်ခုဖြစ်ပြီး နယ်စပ်ခံတပ်လေးနေရာနှင့် ကွဲပြားခြားနားသည်။ဤနေရာသည် နယ်စပ်ခံတပ်လေးနေရာအပြင် တခြားကြီးမားသောခံတပ်ကြီးတစ်ခုပင်။

မြင့်မားသောတောင်တန်းကြီးသည် ကောင်းကင်နှင့်မြေပြင်အကြားတွင် ဆန့်တန်းနေကာ ပေသောင်းနှင့်ချီ၍ မြင့်မားသည်။ဤသည်မှာ သဘာဝအတားအဆီးတစ်ခုကို ဖြစ်ပေါ်စေလေ၏။ထိုတောင်တန်းကြီး၏အောက်ခြေ၌ ကြီးမားသောမြို့ကြီးတစ်မြို့ တည်ရှိသည်။ ထိုမြို့ကို မြင့်မားသောမြို့ရိုးများ ဝိုင်းရံထားကာ လေထုအတွင်း၌ လေဟာနယ်တားမြစ်ခြင်း ရွှေရောင်အမိန့်စာလွှာတစ်ခု မျောလွင့်နေသည်။ ထိုအမိန့်တော်အပြင် မှော်စွမ်းအားအကာအကွယ်အလွှာကြီးကလည်း မြို့တစ်မြို့လုံးကို အပြည့်အဝလွှမ်းခြုံထားသည်။

တာယွီ၏ကြက်သွေးရောင်နဂါးအလံကို မြို့ရိုးထိပ်တွင် လွှင့်ထူထားကာ လေထုအတွင်း၌ တဖျတ်ဖျတ်လူးလွန့်နေသည်။

သာမန်အားဖြင့်သည် အရှေ့ပိုင်းနွေဦးခံတပ်သည် စစ်သားများလေ့ကျင့်ရန်အတွက်အသုံးပြုသော နေရာတနေရာပင်။သို့ရာတွင် ယခုလက်ရှိချိန်၌ စစ်တပ်မြို့ကြီးတစ်မြို့အဖြစ်သို့ လုံးလုံးလျားလျားပြောင်းလဲသွားလေပြီ။

ပတ်ဝန်းကျင်ကိုကြည့်ပါက အရှေ့ပိုင်းနွေဦးခံတပ်အတွင်းတွင် စစ်တန်းလျားများဖြင့် ပြည့်နှက်နေကာ ထူထပ်သိပ်သည်းစွာနေရာချထားသည်။

စစ်တပ်အတွင်းရှိ ကျင့်ကြံသူများသည်လည်းမှော်နည်းစနစ်များကိုအသုံးပြု၍ ပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းလေ့လာနေကြသည်။သူတို့သည် အလွန်အမင်းသတိကြီးစွာထားနေကာ ထန်စစ်တပ်မှ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

မြို့တစ်မြို့လုံးအတွင်းရှိ စစ်သားများအားလုံးအလွန်အမင်းစိုးရိမ်ပူပန်နေသည်။တချို့ကျင့်ကြံသူများ၏မျက်လုံးများသည် သွေးနီရောင်သန်းနေပေ၏။သူတို့၏စိတ်ဝိညာဥ်များမှစွမ်းအားများကုန်ဆုံးမှု အလွန်အမင်းကြီးမားသည်မှာ သိသာထင်ရှားသည်။

ဤအချိန်အခိုက်အတန့်တွင် အရှေ့ပိုင်းနွေဦးခံတပ်၏ပင်မခန်းမအတွင်း၌....

ဝမ်ရှင်းအမတ်ကြီး ယင်ကျန်းသဲသည် သဲခုံစားပွဲတစ်လုံး၏ရှေ့၌ထိုင်နေသည်။သူသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားကာ သူ့၏ခေါင်းမှနေ၍ ဆံပင်ဖြူတစ်ချောင်းအောက်သို့ကျလာသည်။

စစ်နည်းဗျူဟာရှင်များနှင့် အစည်းအဝေးပွဲပြုလုပ်ပြီးနောက် ယင်ကျန်းသဲသည် ပင်မခန်းမအတွင်း၌ တစ်ယောက်တည်းကျန်နေခဲ့ကာ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များကို စဉ်းစားတွေးတောနေလေ၏။

"အဖေ ချီဘုရင်က တကယ့်ကိုပဲ ထန်စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူလိုက်ပြီ...သူတို့က အင်ပါယာကို ရောင်းစားနေကြတာပဲ...ကျွန်မတို့က စာတစ်စောင်ရေးသားပြီးတော့ ချီဘုရင်ကို ပြစ်တင်ရှုတ်ချရမယ်"

အရပ်မြင့်မားသော မိန်းကလေးတစ်ယောက်က ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။

ထိုမိန်းကလေးသည် နူးညံချောမွတ်သော အသားအရည်ရှိကာ သူမ၏မျက်ခုံးတစ်စုံသည် ထက်ရှပြီးသူရဲကောင်းဆန်သည်။သူမ၏ခြေတံတစ်စုံသည် ဖြောင့်တန်းသေးသွယ်ကာ ကြက်သွေးရောင်သံချပ်ကာဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်။ထိုသံချပ်ကာပေါ်တွင် သွေးစသွေးနများ စွန်းထင်းနေလေ၏။

ဤအချိန်အခိုက်အတန့်တွင် ပင်မခန်းမအတွင်းသို့ဝင်လာရန် အရည်အချင်းပြည့်မီသူဟူ၍ တစ်ယောက်သာရှိသည်။

ထိုသူမှာ ဝမ်ရှင်းအမတ်ကြီးယင်ကျန်းသဲ၏သမီး ယင်ချူးရွှေပင်။

ဝမ်ရှင်းအမတ်ကြီး၏သမီးဖြစ်သော ယင်ချူးရွှေသည် ယင်ထျန်းမင်နှင့်လုံးလုံးလျားလျား ကွဲပြားခြားနားသည်။

ယင်ချူးရွှေသည် သက်တူရွယ်တူများအကြားတွင် အလွန်မြင့်မားသောပါရမီအရည်အချင်းကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။သူမသည် ကျင့်ကြံဆင့်နယ်ပယ်အရာတွင် သူမနှင့် သက်တူရွယ်တူများထက် ပို၍သာလွန်ရုံသာမက ငယ်ရွယ်စဥ်ကတည်းက စစ်ရေးပညာရပ်များကို သင်ယူထားသဖြင့် အလွန်အမင်းမြင့်မားသော ခေါင်းဆောင်နိုင်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ယင်ထျန်းမင်နှင့်နှိုင်းယှဉ်ပါက ယင်ချူးရွှေသည် ငယ်ရွယ်စဉ်ကတည်းက စစ်တပ်နှင့်အတူလိုက်ပါ၍တိုက်ခိုက်ခဲ့ပြီး စစ်ရေးအောင်မြင်မှုအမြောက်အများကို ရရှိထားသည်။သူမသည် စစ်တပ်အတွင်း၌ လုံလောက်သောနာမည်ဂုဏ်သတင်းရှိကာ ဝမ်ရှင်းအမတ်ကြီး၏ဆက်ခံသူဟု လူအများက တွေးတောထားကြသည်။

"မင်း အခုမှ မြို့ရိုးပေါ်ကနေ ပြန်လာတာလား...ထိုင်လိုက်အုံး"

ဝမ်ရှင်းအမတ်ကြီးက တည်ငြိမ်စွာပြောဆိုသည်။

ယင်ချူးရွှေက စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်၏။

"အဖေ...ချီဘုရင်က အင်ပါယာကိုသစ္စာဖောက်ပြီးတော့ ခုလိုမျိုး ကြီးမားတဲ့နယ်မြေတစ်ခုကို ရန်သူတွေဆီပေးအပ်ဖို့ ကြံစည်နေတယ်...ဒီကိစ္စကို အဖေ ဂရုမစိုက်တော့ဘူးလား"

"ဒါက အမှန်ပဲ...သူ့ရဲ့လုပ်ရပ်က တာယွီစစ်သားတွေကို အရှက်ရစေတယ်...အဲ့ဒီအကြောင်းကို အရင်ဆုံး မပြောဘဲနေကြရအောင်...မင်း ခဏလောက် အနားယူလိုက်ဦး...ဒီရက်တွေအတွင်းမှာ မင်း ဘယ်လောက်ထိ ပင်ပန်းနေပြီလဲ"

ဝမ်ရှင်းအမတ်ကြီး၏မျက်နှာအမူအယာသည် တည်ငြိမ်နေလေ၏။သူ့၏လက်ချောင်းကို တစ်ချက်တောက်ထုတ်လိုက်ခြင်းနှင့်အတူလက်ဖက်ရည်ပူတစ်ခွက်က ယင်ချူးရွှေ၏ရှေ့သို့ ရောက်ရှိသွားသည်။

ဤလက်ဖက်ရည်သည် လူတစ်ယောက်၏စိတ်ဝိညာဥ်ကို အားဖြည့်ပေးနိုင်ကာ ခန္ဓာကိုယ်ကိုကာကွယ်ပေးနိုင်သည့် အကျိုးအာနိသင်မျိုးရှိသော စိတ်ဝိညာဉ်လက်ဖက်ရည်ပင်။

"ဒါကို အရင်ဆုံး တစ်ချက်ကြည့်လိုက်အုံး...ငါ ခုဏက သတင်းတစ်ခုရထားတယ်"

ဝမ်ရှင်းအမတ်ကြီးက စာတစောင်ကို ယင်ချူးရွှေထံသို့ ပေးလိုက်၏။

ယင်ချူးရွှေသည် ထိုစာကိုဖွင့်၍တချက်ကြည့်ပြီးနောက် လက်ဖက်ရည်ခွက်ကိုကိုင်ထားသော သူမ၏လက် ရုတ်တရက်တုန်ရီသွားသည်။

"မင်းသားစု တကယ်ကြီးသေသွားတာလား...သူက ဘယ်လိုလုပ်ပြီး သေသွားရတာလဲ...သူက တော်ဝင်မိသားစုရဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်လေ"

ယင်ချူးရွှေသည် သူမ၏မျက်လုံးကိုပင် သူမ မယုံကြည်နိုင်တော့ချေ။

တာယွီတော်ဝင်နန်းတွင်းတွင် အစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ပေါများပေ၏။

သို့ရာတွင် ထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအကြား၌ တာအိုသခင်နယ်ပယ်ကျင့်ကြံသူများမှာမူ အနည်းစုသာရှိသည်။

အထူးသဖြင့် တော်ဝင်မျိုးနွယ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သေဆုံးသွားပြီးနောက် တော်ဝင်မျိုးနွယ်တစ်ခုလုံးသည် မင်းသားစုကို ကူညီထောက်ပံ့ပေးခဲ့ကြသည်။

သူသည် ကျိုးမိသားစု၏အဓိကထောက်တိုင်ကြီးဖြစ်သည့်အပြင် ရှေ့တန်းမှ တာယွီတော်ဝင်နန်းတွင်းတစ်ခုလုံး၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။

Chapter 3871

မင်းသားစုသည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

ဤအဆင့်သို့ရောက်ရှိသွားသော ကျင့်ကြံသူတစ်ယောက်ကို ရှေးဟောင်းအချိန်ကာလများအတွင်းရှိ မြင့်မြတ်သောတည်ရှိမှုကြီးတစ်ခုဖြင့် နှိုင်းယှဉ်နိုင်သည်။သူတို့သည် ကောင်းကင်နှင့်မြေပြင်၏ မြင့်မြတ်သောဥပဒေသများကို ဖမ်းဆုပ်နိုင်ကာ သာမန်လူများ စိတ်ကူးယဉ်တွေးတောနိုင်မည်မဟုတ်သော နည်းစနစ်များကို ပိုင်ဆိုင်ထားသည်။

အကယ်၍ တခြားတာအိုသခင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေလျှင်လျှင် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ ရှိနေသူတစ်ယောက်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသောကိစ္စတရပ်မဟုတ်ချေ။

သို့ရာတွင် ဤကဲ့သို့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ သေဆုံးမှုကို ယခုအချိန်တွင် ထုတ်ပြန်ကြေညာလိုက်သလော....

ယင်ချူးရွှေသည် ထိုစာကိုဖတ်ကြည့်ပြီးနောက် ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်၏

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....ဒီကိစ္စမှာ ဘာစုံစမ်းစစ်ဆေးမှုရလဒ်မှ မရှိဘူးတဲ့လား...ဖြစ်နိုင်တာတော့ ဒါက ထန်အင်ပါယာကလူတွေရဲ့ လက်ချက်များလား"

ယခုအချိန်တွင် တာယွီအင်ပါယာနှင့်ထန်အင်ပါယာတို့သည် စစ်ပွဲဆင်နွှဲနေကြရာ မင်းသားစု၏သေဆုံးခြင်းသည် ထန်အင်ပါယာ၏လက်ချက်ဟု သံသယဖြစ်နိုင်ချေမြင့်မားသည်။

"ဒါက ထန်အင်ပါယာကလူတွေရဲ့လက်ချက်မဖြစ်နိုင်ဘူး...သူတို့ဘက်က ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေက ငါတို့ဘက်ကလူတွေရဲ့ အဆက်မပြတ်စောင့်ကြည့်မှုအောက်မှာ ရှိနေတယ်...ပြီးတော့ အင်ပါယာနှစ်ခုကြားမှာ အစစ်အမှန် သွေးကြွေးရန်ငြိုးနဲ့တိုက်ခိုက်နေတဲ့အဆင့်ထိ မရောက်သေးဘူး...သာမန်အရဆိုရင်တော့ တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေက တိုက်ပွဲထဲကို ဝင်ပြီးတိုက်ခိုက်လေ့မရှိဘူး"

ယင်ကျန်းသဲက ဆက်လက်၍ပြောဆိုသည်။

"မင်းသားစု သေသွားခဲ့တဲ့နေရာမှာ ကြယ်နယ်မြေတစ်ခုလုံး အမှုန်အမွှားတွေဖြစ်သွားတယ်....သူ့ရဲ့အလောင်းက ကြယ်တာရာကောင်းကင်ထဲမှာ မျောလွင့်နေပြီးတော့ သွေးမိုးတွေက မိုးကောင်းကင်ယံကနေ ဆင်းသက်လာတယ်...ဒီကိစ္စကို စစ်ခုံရုံးကလူတွေသွားပြီးစုံစမ်းခဲ့ပေမယ့်....ရန်သူတွေအသုံးပြုခဲ့တာကအလယ်ခေတ်က ရှေးဟောင်းအလယ်ခေတ်ရဲ့ ကျင့်ကြံနည်းစနစ်တစ်ခုဆိုတာကိုပဲ ရှာဖွေတွေ့ရှိခဲ့တယ်...ဒါက ထန်အင်ပါယာနဲ့ ဘာမှမသက်ဆိုင်ဘူး"

"ဖြစ်နိုင်တာတော့ ရှေးဟောင်းအလယ်ခေတ်ကအင်အားစုတစ်ခု ပြန်ပြီးထွက်ပေါ်လာတာများလား"

ယင်ချူးရွှေက ထိတ်လန့်တကြားပြောဆိုလေ၏။

ထန်အင်ပါယာ၏ ပြန်လည်ရှင်သန်လာမှုတစ်ခုတည်းကပင် တာယွီကောင်းကင်ယံတခွင်လုံးကို စိုးရိမ်ကြောင့်ကျမှုများဖြင့် လွှမ်းခြုံနေစေခဲ့သည်။

အကယ်၍ ယခုချိန်တွင် တခြားအင်အားစုတစ်စုသာထပ်မံ၍ထွက်ပေါ်လာပါက မီးတောက်အတွင်းသို့ ဆီလောင်းခဲ့သကဲ့သို့ဖြစ်သွားကာ အခြေအနေသည် ပို၍ဖရိုဖရဲဖြစ်သွားပေမည်။

"ဒါက ဒီတစ်ချိန်လုံး ငါ စိုးရိမ်ပူပန်နေတဲ့အချက်ပဲ....အလယ်ခေတ်အဆုံးသတ်သွားတာက အရမ်းရုတ်တရက်ဆန်လွန်းတယ်....ငါတို့အင်ပါယာရဲ့ဧကရာဇ်ကောင်းဇူ ထွက်ပေါ်လာခဲ့တာကလည်း အရမ်းမြန်လွန်းတယ်....ရှေးဟောင်းအလယ်ခေတ်ရဲ့ အစွမ်းထက်အင်အားစုတွေအကြောင်းကို ဘယ်သူမှမသိကြဘူး...ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီအင်အားစုတွေက တစ်ညထဲနဲ့ပျောက်ကွယ်သွားကြတာလဲ...ဒီကိစ္စရဲ့နောက်ကွယ်မှာ တခြားရည်ရွယ်ချက်တွေရှိနေနိုင်တယ်"

ယင်ကျန်းသဲက သက်ပြင်းတချက်ရှိုက်လိုက်သည်။

အတိတ်တွင် တာယွီကောင်းကင်ဘုံအင်ပါယာ၏တည်ထောင်သူဘိုးဘေးသည် ဂိုဏ်းတစ်ဂိုဏ်း၏တံခါးစောင့်တပည့်တစ်ယောက်ပင်။

ဖရိုဖရဲရှေးဟောင်းအလယ်ခေတ်အတွင်း၌ တံခါးစောင့်တပည့်တစ်ယောက် အသက်ရှင်သန်နိုင်ရန်မှာ အလွန်အမင်းခက်ခဲသည်။

သို့ရာတွင် နောက်ပိုင်း၌ တာယွီအင်ပါယာ၏မဟာဘိုးဘေးသည် အလွန်ထူးဆန်းသောအရှိန်နှုန်းဖြင့် ရုတ်တရက်မြင့်တက်လာခဲ့သည်။ဤသည်မှာ လောကကြီးအတွင်းရှိ ကံကြမ္မာကောင်းများအားလုံးကို သူ ပိုင်ဆိုင်ထားသကဲ့သို့ပင်။သူ့၏လက်ချက်ဖြင့် မရေမတွက်နိုင်သော ရှေးဟောင်းအင်အားစုများအားလုံး ပြိုလဲပျက်စီးခဲ့ရသည်။

ဤသည်မှာ အလွန်ထူးဆန်းသောကိစ္စတစ်ရပ်ပင်။

အလယ်ခေတ်အတွင်းရှိ ဂိုဏ်းအင်အားစုများသည် ယခုလက်ရှိခေတ်ကာလရှိ ဂိုဏ်းအင်အားစုများနှင့် နှိုင်းယှဉ်ပါက လွန်စွာကွဲပြားခြားနားသည်။တာယွီတည်ထောင်သူဘိုးဘေးထံတွင် ရှေးဟောင်းမသေမျိုးအဆင့် မှော်လက်နက်ဖြစ်သော လူသားဧကရာဇ်ဓားရှိနေလျှင်ပင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို တစ်ညီတစ်ညွတ်တည်းဖြစ်စေရန်မှာ လွယ်ကူသောကိစ္စတရပ်မဟုတ်ချေ။

"မင်းသားစု သေသွားမှတော့ တော်ဝင်နန်းတွင်းတစ်ခုလုံး ဖရိုဖရဲဖြစ်နေမှာကို ကျွန်မ စိုးရိမ်မိတယ်"

ယင်ချူးရွှေသည် တော်ဝင်နန်းတွင်း၏အဝေး၌ ရှိနေသော်လည်း သူမသည် ဤကိစ္စကြောင့်အပြောင်းအလဲများ ဖြစ်ပွားတော့မည်ကို ကောင်းစွာသိရှိထားသည်။

ကျိုးမိသားစုသည် ထီးနန်းကို ရှန်လင်းလုံမှသိမ်းပိုက်ခဲ့သည့်ကိစ္စအား အစဉ်အမြဲစိတ်ကျေနပ်ခြင်းမရှိချေ။သူတို့သည် မင်းသားစုကို အစဉ်အမြဲကူညီထောက်ပံ့နေကြသည်။

မင်းသားစုသာမရှိတော့ပါက တော်ဝင်နန်းတွင်း၏အတွင်းရေးကိစ္စများကို သဟဇာတဖြစ်အောင် ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ချေ။

"ချီဘုရင်က ကြောက်နေတယ်...သူ့ရဲ့ခွန်အားကမင်းသားစုလောက် မကောင်းတဲ့အပြင် သူကလည်း နယ်စားတစ်ယောက်ဖြစ်နေတယ်.... ဖရိုဖရဲကိစ္စတွေ မြင့်တက်လာတော့မယ့်အချိန်မှာ သူ့ရဲ့ပိုင်နက်နယ်မြေအတွက်နဲ့ သူက ထန်အင်ပါယာနဲ့ မတိုက်ခိုက်ချင်တော့ဘူး....ဒါကြောင့် သူက အရင်ဆုံး သူ့ရဲ့နယ်မြေတွေကို လက်လွှတ်ပြီးတော့ ငြိမ်းချမ်းရေးအတွက်တောင်းဆိုခဲ့တာပဲ"

ယင်ကျန်းသဲက တည်ငြိမ်စွာပြောဆိုသည်။

ယင်ချူးရွှေ၏မျက်လုံးများ ပြူးကျယ်သွားကာ သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"သူ့ရဲ့အသက်ကိုမသေချင်တာနဲ့ပဲ သူက နယ်မြေတွေကို တခြားသူတွေဆီ ပေးချင်တာလား...ကျွန်မတို့အင်ပါယာရဲ့ပိုင်နက်နယ်မြေကို ဘာမဟုတ်တဲ့ကိစ္စအတွက်နဲ့ တခြားလူတွေကို ပေးခွင့်ပြုရမှာလား"

"ဘဝ....ဖြောင့်မတ်မှန်ကန်မှု..ဒါတွေက ဘာမှမဟုတ်ဘူး...ဒါတွေက သူတို့ရဲ့လက်ထဲမှာကိုင်ထားတဲ့ အပေးအယူလုပ်ဖို့အရာလေးတွေပဲ"

ယင်ကျန်းသဲက သူ့၏ခေါင်းကိုခါယမ်းကာ ထပ်မံ၍ရှင်းပြခြင်းမပြုတော့ချေ။

ထိုအချိန်မှာပင် သတင်းပို့ဆက်သားတစ်ယောက်၏အသံက ရုတ်တရက် ခန်းမ၏ပြင်ပမှ ထွက်ပေါ်လာသည်။

"အရှင်အမတ်ကြီး....ကောင်းကင်ချိုးဖျက်ခံတပ်ကနေ အရေးပေါ်စာတစ်စောင် ရောက်လာပါတယ်"

"အထဲကို လာခဲ့စမ်း"

ထိုသတင်းပို့ဆက်သားသည် ခန်းမအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူ့လက်အတွင်းရှိစာကို ရိုသေလေးစားစွာဖြင့် ယင်ကျန်းသဲ၏ရှေ့ရှိ စားပွဲပေါ်သို့ တင်လိုက်သည်။

Chapter 3872

ဝမ်ရှင်းအမတ်ကြီးသည် ထိုစာကိုဖွင့်ကာ အစအဆုံးဖတ်ကြည့်ပြီးနောက် သူ့၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

ထို့နောက် သူသည် ထိုစာကို ယင်ချူးရွှေထံသို့ လက်ကမ်းပေးလိုက်၏။

ယင်ချူးရွှေသည် ထိုစာကို အလျင်စလိုဖတ်ကြည့်ပြီးနောက် သူမ၏မျက်လုံးအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဆရာစုန်က ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ အခွင့်အာဏာစည်းတံဆိပ်ကို ဘာလို့တပ်မှူးလုယွီဆီ ပေးလိုက်တာလဲ....သူက နယ်မြေခံအရာရှိလေးတစ်ယောက်လေ...ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့အခွင့်အာဏာစည်းတံဆိပ်ကို ရယူနိုင်တဲ့ အခွင့်အရေးမျိုး သူ့ဆီမှာ ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ....သူက ဆရာစုန်ကိုအကျပ်ကိုင်ပြီးတော့ အခြေအနေကို အခွင့်ကောင်းယူပြီး ခံတပ်ကိုသိမ်းပိုက်ထားတာများလား"

ယင်ချူးရွှေက ဒေါသတကြီးပြောဆိုသည်။

"စိတ်အေးအေးထားစမ်း...စုန်ချင်းဖုန်းက ရူးသွပ်မိုက်မဲတဲ့ ကိစ္စတစ်ခုကို လုပ်မယ့်လူစားမျိုးမဟုတ်ဘူး"

ဝမ်ရှင်းအမတ်ကြီးကို ကြည့်ရသည်မှာ အလွန်တည်ငြိမ်နေသည်။

"အဖေ...ကျွန်မက ဆရာစုန်ကို မေးခွန်းထုတ်နေတာမဟုတ်ဘူး....ကျွန်မတို့ယင်မိသားစု စစ်တပ်အခွင့်အာဏာကို ထိန်းချုပ်နိုင်ခဲ့တာက လွယ်ကူတဲ့ကိစ္စမဟုတ်ခဲ့ဘူး....ဒါကြောင့် ကျွန်မတို့ကတခြားလူတစ်ယောက်ကို ကြားဝင်စွက်ဖက်ခွင့်ပြုလို့မရဘူး....ပြီးတော့ လုယွီက အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်....လူငယ်တစ်ယောက်ဖြစ်တဲ့ သူက လက်နက်တစ်ခုကို ဘယ်လိုဝှေ့ယမ်းရမလဲဆိုတာကိုတောင် မသိမှာကို ကျွန်မ စိုးရိမ်မိတယ်....ဘယ်လိုလုပ်ပြီးတော့ သူက ကောင်းကင်ချိုးဖျက်ခံတပ်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်မှာလဲ"

ယင်ချူးရွှေက မျက်မှောက်ကြုတ်လိုက်၏။

ဝမ်ရှင်းအမတ်ကြီးက တည်ငြိမ်စွာပြောဆိုသည်။

"လုယွီက ခုနှစ်တော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သားတစ်ယောက်ပဲ....သူက တခြားသာမန်လူငယ်တွေနဲ့ ကွဲပြားခြားနားတယ်"

ယင်ချူးရွှေက သူမ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"သူက ထိပ်သီးကျောင်းတော်သား ဖြစ်နေရင်တောင် လူငယ်မျိုးဆက်သစ်တစ်ယောက်ပဲလေ...တကယ်လို့ သူ့ကို ကောင်းကင်ဘုံနယ်မြေထဲက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကြားမှာ ထားလိုက်မယ်ဆိုရင် သူက ဘာကောင်မှမဟုတ်ဘူး"

ဝမ်ရှင်းအမတ်ကြီးက ပြောဆိုသည်။

"ဒါပေမဲ့ သူက တကယ့်ကို အရည်အချင်းရှိတယ်....စာထဲမှာပါတဲ့ တိုက်ပွဲရလဒ်တွေကို တစ်ချက်ကြည့်လိုက်အုံး...သူက စစ်သားတစ်သိန်းကို အသုံးပြုပြီးတော့ ထန်စစ်သားတွေကိုသတ်ဖြတ်ခဲ့တဲ့အပြင် နတ်ဆိုးသားရဲစစ်သားတွေကိုလည်း နောက်ဆုတ်သွားစေခဲ့တယ်...ထန်အင်ပါယာရဲ့ မဟာစစ်ဗိုလ်ချုပ်ရွှယ်ကုံးချင်းတောင် သူ့ရဲ့လက်ထဲမှာ သေဆုံးသွားရတယ်"

"ကျွန်မ ဒါကို မယုံကြည်နိုင်ဘူး"

ယင်ချူးရွှေက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ကျွန်မတို့က အရင်က ရွှယ်ကုံးချင်းနဲ့ တိုက်ခိုက်ဖူးတယ်...သူက လီဖူကို ကာကွယ်နေရတဲ့လူတစ်ယောက်ဆိုတဲ့အချက်ကို ထည့်မပြောရင်တောင် သူက ထန်စစ်တပ်ရဲ့ နာမည်ကျော်ကြားတဲ့ မဟာစစ်ဗိုလ်ချုပ်တယောက်ပဲ....သူ့ရဲ့ခွန်အားက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ....ဘယ်လိုလုပ်ပြီး လုယွီမှာ ဒီလိုမျိုးအရည်အချင်း ရှိနိုင်မှာလဲ"

သူမက စာကိုလက်ညှိုးညွှန်ပြကာ စိုးရိမ်ပူပန်တကြီးပြောဆိုသည်။

"အဖေ....ကောင်းကင်ချိုးဖျက်ခံတပ်ကို ချက်ချင်းအကြောင်းပြန်လိုက်ပါ...လုယွီကို ကိစ္စတွေရှုပ်ထွေးသွားအောင် လုပ်ခွင့်မပြုစေနဲ့...သူက ထျန်းမင်ကိုခေါ်သွားပြီးတော့ ထန်စစ်တပ်ရဲ့နောက်ကို လိုက်ပြီးဆက်တိုက်ခိုက်နေတာလား....သူ ရူးများရူးနေတာလား....အခုအချိန်မှာ ထန်စစ်တပ်နဲ့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်ပြီမဟုတ်ဘူးလား....သူက ဘာဆက်လုပ်ချင်နေတာလဲ"

ဝမ်ရှင်းအမတ်ကြီးသည် အချိန်တစ်ခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်နေကာ သူ့၏လက်ချောင်းများဖြင့် စားပွဲခုံကိုအဆက်မပြတ်တို့ထိနေသည်။

"ငါတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်ပူပန်စရာမလိုဘူး...လုယွီ လိုချင်တာမှန်သမျှ လုပ်ပေးပြီးတော့ သူ စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံးကြိုးစားဖို့ စုန်ချင်းဖုန်းကို ​အကြောင်းပြန်လိုက်စမ်း"

ဝမ်ရှင်းအမတ်ကြီးက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"အဖေ...."

ဝမ်ရှင်းအမတ်ကြီးက သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါက စုန်ချင်းဖုန်းရဲ့ဆုံးဖြတ်ချက်ကို ယုံကြည်တယ်...သူ့မှာ ဒီကိစ္စအတွက် အခွင့်အာဏာ အပြည့်အဝရှိတယ်...ထျန်းမင်အတွက်ကတော့ ငါတို့ယင်မိသားစုက တိုက်ပွဲစစ်မြေပြင်ကနေ ဘယ်တော့မှနောက်မဆုတ်ဘူး...တကယ်လို့ သူက တိုက်ပွဲစစ်မြေပြင်ပေါ်မှာ သေသွားမယ်ဆိုရင်တောင် ဒါက သူ့အတွက် ကောင်းမွန်တဲ့သေခြင်းပဲ"

တစ်နာရီခန့်ကြာပြီးနောက် ယင်ချူးရွှေသည် ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် ပင်မခန်းမအတွင်းမှ ပြေးထွက်လာသည်။

အမျိုးသမီးလက်ထောက်စစ်ဗိုလ်ချုပ်တစ်ယောက်က သူမထံသို့လျှောက်လှမ်းလာကာ ဝမ်းသာပျော်ရွှင်နေသောအသံဖြင့် ပြောဆိုသည်။

"သခင်မလေး....ကျွန်မက အပြင်ကနေ သတင်းကောင်းတွေ ကြားခဲ့တယ်...ပြောနေကြတာတော့ ကောင်းကင်ချိုးဖျက်ခံတပ်က တိုက်ပွဲကို အနိုင်ရခဲ့တယ်...ထန်စစ်တပ်က ရှုံးနိမ့်စပြုနေပြီ...အပြင်ဘက်မှာ ကင်းလှည့်နေတဲ့ ကျွန်မတို့ရဲ့ကင်းထောက်တွေဆီကနေပြီးတော့ ဒီနေရာကို ဝိုင်းရံပိတ်ဆို့ထားတဲ့ ထန်စစ်တပ်ရဲ့အင်အားက တဝက်လောက်လျော့ကျသွားပြီဆိုတာကို သိခဲ့ရတယ်"

"နိုင်သွားတာလား"

ယင်ချူးရွှေက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

"ဒါက အနက်ရောင်မိုသဘောတူညီချက်ကြောင့် လိုအပ်ချက်တွေအရ ထန်စစ်တပ်က သူတို့ရဲ့စစ်အင်အားတွေကို ရုတ်သိမ်းဖို့ ရွေးချယ်လိုက်တာပဲ..အဲ့ဒီလုယွီက သူ့အတွက် ဘယ်လိုနာမည်ကောင်းယူရမယ်ဆိုတာကို သိနေတယ်.... ဒါကြောင့် သူက ဒီအခွင့်အရေးကို လက်လွတ်မခံခဲ့ဘူး"

"အမ်...."

အမျိုးသမီးလက်ထောက်စစ်ဗိုလ်ချုပ်၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။

ယင်ချူးရွှေသည် ရှေ့သို့အချိန်တခဏကြာခန့် လျှောက်လှမ်းပြီးနောက် သူမက ရုတ်တရက်မေးမြန်းသည်။

"အပြင်မှာ ဝိုင်းရံပိတ်ဆို့ထားတဲ့ ထန်စစ်တပ်ရဲ့အင်အားက တစ်ဝက်လောက်လျော့ကျသွားပြီလို့ နင် ပြောလိုက်တာလား"

အမျိုးသမီးလက်ထောက်စစ်ဗိုလ်ချုပ်က သူမ၏ခေါင်းကို ထပ်ခါတလဲလဲညိတ်လိုက်၏။

"အမှန်ပါပဲ...သူတို့ရဲ့အလံတွေအရကြည့်ရင် ထန်စစ်တပ်ရဲ့အင်အားအများစုက ထွက်ခွာသွားပြီ...မကြာခင်မှာပဲ ကျွန်မတို့ဖောက်ထွက်ဖို့အချိန်ကျလာပြီလို့ ခန့်မှန်းမိတယ်"

ယင်ချူးရွှေ၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်သန်းသွားကာ သူမက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"အခုချက်ချင်း သွားပြီးတော့ လက်ရွေးစင်ကင်းထောက်အဖွဲ့ကို စုစည်းပြီး ငါနဲ့အတူ ဝိုင်းရံပိတ်ဆို့ထားမှုကို ဖောက်ထွက်ဖို့ပြင်ဆင်ကြစမ်း"

ယင်ထျန်းမင်သည် လုယွီ၏နောက်သို့ လိုက်ပါသွားသည်ကို သူမ ကြားချိန်တွင် ထိုဆုံးဖြတ်ချက်ကိုချလိုက်၏။

မည်သည့်ကိစ္စမျိုးဖြစ်နေပါစေ သူမ၏မောင်ငယ်လေးကို လုယွီနှင့်အတူ သေဆုံးသွားရန် သူမ ခွင့်မပြုနိုင်ချေ။

Chapter 3873

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်...မာလင်းကြယ်နယ်မြေ...

ဤအချိန်အခိုက်အတန့်တွင် ကြယ်နယ်မြေသခင်၏အိမ်တော်တစ်ခုလုံး မီးတောက်များဖြင့်ပြည့်နှက်နေကာ အလောင်းများက နေရာအနှံ့အပြားတွင် ရှိနေသည်။တိုက်ပွဲဖြစ်ပွားနေသောအသံများကိုလည်း နေရာအနှံ့အပြားမှ ကြားနိုင်ပေ၏။

လုယွီနှင့်လန်ဝူရှင်းတို့သည် လူအုပ်ကြီးအကြားမှ ဖြတ်သန်းလာကာ ပတ်ဝန်းကျင်ရှိတာယွီစစ်သားများသည် တိုက်ပွဲစစ်မြေပြင်ကို ရှင်းလင်းနေကြသည်။

အရာအားလုံး အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။

တချိန်လုံး အရေးနိမ့်သည့် အနေအထားမျိုးတွင်ရှိနေသည့် တာယွီအင်ပါယာသည် ရုတ်တရက်သူတို့ကို ဝိုင်းရံကာ ဝင်ရောက်တိုက်ခိုက်မည်ဟု ထန်စစ်တပ်ဘက်မှ မျှော်လင့်ထားမိခြင်းမရှိချေ။

တာယွီမဟာစစ်ဗိုလ်ချုပ်များ၏ အလေ့အထအရ သူတို့အနက်မှအများစုသည် တင်းတင်းကြပ်ကြပ်ခုခံကာကွယ်ရန်ကိုသာ ရွေးချယ်ကာ မည်သူတစ်ဦးတစ်ယောက်ကမျှ လုယွီကဲ့သို့ အတွင်းပိုင်းနယ်မြေများကို ဝင်ရောက်တိုက်ခိုက်ခြင်းမရှိချေ။

ထန်စစ်တပ်သည် လုယွီ၏တိုက်ခိုက်မှုကို အနည်းငယ်မျှ ခုခံကာကွယ်နိုင်ခြင်းမရှိပေ။

လုယွီဦးဆောင်သော တာယွီစစ်တပ်သည် ကြီးမားသောအောင်မြင်မှုကြီးကို ရရှိခဲ့ကာ မာလင်းကြယ်နယ်မြေပေါ်ရှိ ထန်စစ်သားများကို တစ်ချက်တည်းဖြင့် လုံးလုံးလျားလျားအမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည်။

"ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့အသက်ကိုချမ်းသာပေးပါ အရှင်...ထန်စစ်တပ်ရဲ့အင်အားအောက်မှာ ဖိအားပေးခံရတာကြောင့် ကျွန်တော်မှာ ရွေးချယ်စရာမရှိတော့ဘဲ အရှုံးပေးခဲ့ရတာပါ"

အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အရာရှိတစ်ယောက်သည် မြေပြင်ပေါ်၌လဲကျနေပေ၏။ထိုအရာရှိကို တာယွီစစ်သားများမှ ဝိုင်းရံထားကာ သူတို့၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

"ဘာတွေ ဖြစ်နေတာလဲ"

လုယွီက မေးမြန်းသည်။

ယင်ထျန်းမင်သည် လူအုပ်အကြားမှထွက်လာကာ မြေပြင်ပေါ်ရှိအရာရှိကို လက်ညှိုးညွှန်ပြလိုက်၏။

"သူက မာလင်းကြယ်နယ်မြေရဲ့ အရင်ကြယ်နယ်မြေသခင်ယွင်ဟယ်ပဲ...ထန်စစ်တပ်ရောက်လာတဲ့အချိန်မှာ အဲ့ဒီခွေးမသားကသစ္စာဖောက်ပြီးတော့ ဒီနေရာကို စောင့်ကြပ်တဲ့ မဟာစစ်ဗိုလ်ချုပ်ကို သတ်ဖြတ်ပြီး ထန်စစ်တပ်ဆီမှာ အရှုံးပေးအညံ့ခံခဲ့တယ်...ဒီတကြိမ်မှာ သူ့ကို ငါတို့က ဖမ်းမိခဲ့တယ်"

ယင်ထျန်းမင်၏မျက်နှာပေါ်တွင် သွေးများစွန်းထင်းနေဆဲဖြစ်ကာ သူ့ကို ကြည့်ရသည်မှာအလွန်ရက်စက်ကြမ်းကြုတ်သောပုံစံမျိုး ဖြစ်နေသည်။

သို့ရာတွင် ယင်ထျန်းမင်သည် ထိုကိစ္စကို အနည်းငယ်မျှ သတိမပြုမိချေ။

တိုက်ပွဲစစ်မြေပြင်ပေါ်၌ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းနှင့်အတူ ယင်ထျန်းမင်သည် အလွန်လျှင်မြန်စွာကြီးပြင်းလာခဲ့သည်။

"အရှင် ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ....အရှင် ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ"

ယွင်ဟယ်သည် အလွန်ထိတ်လန့်ကြောက်ရွံနေကာ သူသည် အလျှင်အမြန်မတ်တတ်ထရပ်ပြီး လုယွီကို အဆက်မပြတ်ဦးညွှတ်အရိုအသေပြုလေ၏။

သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ့ရှေ့မှ တာယွီစစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်နိုင်သောအပြုအမူများကို ကြုံတွေ့ရချိန်တွင် သူ အလွန်ထိတ်လန့်တုန်လှုပ်နေသည်။

ဤကဲ့သို့ ကျားများဝံပုလွေများနှင့်တူညီသော တာယွီစစ်သားများသည် မည်သည့်နေရာမျှ ရောက်ရှိလာသည်ကို သူ မသိရှိချေ။သို့ရာတွင် ဤစစ်သားများအားလုံး၏ ခွန်အားများသည် မကြုံစဖူး သန်မာအားကောင်းပေ၏။

ထန်စစ်တပ်သည် ဤတာယွီစစ်တပ်နှင့်ထိတွေ့မိသည်နှင့် တစ်ဖက်သတ် အနိုင်ယူချေမှုန်းခြင်းခံရသည်။

ဤသည်မှာ ယခင်တိုက်ပွဲများအတွင်းတွင် တစ်ကြိမ်တခါမျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိသော အခြေအနေတစ်ခုပင်။

ထန်စစ်တပ်ရှုံးနိမ့်သွားပြီးနောက် ယွင်ဟယ်သည် တာယွီစစ်သားများ၏လက်အတွင်းသို့ ကျရောက်ခဲ့ရသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး နာကြည်းမုန်းတီးမှုအခိုးအငွေ့များဖြင့် ပြည့်နှက်နေသည့်။စစ်တပ်အတွင်း၌စစ်သားများအားလုံး အမုန်းတီးဆုံးလူများမှာ သစ္စာဖောက်များပင်။

ယွင်ဟယ်၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီနေသည်။

အကယ်၍ သူသည် အရာရှိဝတ်စုံဝတ်ဆင်ထားသော အချက်ကြောင့်သာမဟုတ်ပါက... အကယ်၍ ယင်ထျန်းမင်သည် သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင်သူ့၏လက်အောက်ငယ်သားများကို ဟန့်တားရန်အမိန့်ပေးခြင်းမရှိပါက....သူသည် တာယွီ စစ်သားများ၏ဓားသွားများအောက်တွင် သေဆုံးပြီးဖြစ်ပေမည်။

"မာလင်းကြယ်နယ်မြေပေါ်မှာ ထန်စစ်တပ်ကလူတွေ ရှိနေသေးလား"

လုယွီက မေးမြန်းသည်။

ယွင်ဟယ်သည် ချက်ချင်းဆိုသလိုပင် အမှန်အတိုင်း တုံ့ပြန်အဖြေပေးသည်။

"အရှင်ကို သတင်းပို့ပါတယ်...မာလင်းကြယ်နယ်မြေပေါ်မှာရှိတဲ့ ထန်စစ်တပ်ကို ကျွန်တော်တို့ တာယွီစစ်တပ်က အပြည့်အဝချေမှုန်းပြီးပါပြီ.... ထန်စစ်တပ်ရဲ့အကြွင်းအကျန်စစ်သားတွေက တိုက်ခိုက်မှုကိုမခုခံနိုင်တော့တာကြောင့် ဒီကြယ်နယ်မြေပေါ်ကနေပြီးတော့ ဆုတ်ခွာသွားကြပြီ"

မာလင်းကြယ်နယ်မြေသည် ထန်စစ်တပ်မှစစ်သားများစုဝေးနေသည့် အဓိကနေရာတစ်ခုမဟုတ်ချေ။

ထန်စစ်တပ်၏ရှေ့တန်းနေရာသည် အလွန်ကြီးမားကျယ်ပြန့်သဖြင့် နေရာတိုင်းကိုအထောက်အပံ့ပစ္စည်းများ ပို့ဆောင်နိုင်ရန်အတွက် အလွန်ခက်ခဲသည်။ထို့ကြောင့် မာလင်းကြယ်နယ်မြေသည် အထောက်အပံ့ပစ္စည်းများကို ပို့ဆောင်ရန် စခန်းနေရာတစ်ခုအဖြစ် အဓိကတာဝန်ထမ်းဆောင်ရသည်။

လုယွီသည် ယွင်ဟယ်ကို စောင်းငဲ့၍ကြည့်ကာ သူ့၏မျက်လုံးအတွင်း၌ အထင်မြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ထွက်သွားစမ်း....ငါ မင်းကို မသတ်ဘူး"

ယွင်ဟယ်သည် အံ့အားသင့်သွားပြီးနောက် ဝမ်းသာပျော်ရွှင်စွာဖြင့် အလျင်စလိုပြောဆိုသည်။

"အရှင့်ကို ကျေးဇူးတင်ပါတယ်"

သူသည် ထိုစကားကိုပြောဆိုပြီးနောက် လုယွီ၏စိတ်ပြောင်းလဲသွားမည်ကို သူ စိုးရိမ်သဖြင့် အလျင်စလို ပြေးထွက်ခဲ့တော့သည်။

တာယွီစစ်တပ်မှ စစ်သားတချို့၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့်ပြည့်နှက်နေသော်လည်း လုယွီ၏အမိန့်ကြောင့် သူတို့သည် အနည်းငယ်မျှလှုပ်ရှားခြင်းမပြုချေ။

"အရှင် သူ့ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ...အဲ့ဒီသစ္စာဖောက်က ထွက်သွားပြီးတာနဲ့ ထန်စစ်တပ်ကို အကြောင်းကြားမှာ သေချာတယ်"

ယင်ထျန်းမင်သည် ဇဝေဇဝါဖြစ်နေလေ၏။

ယွင်ဟယ်က သူသည် တာယွီအင်ပါယာကို သစ္စာဖောက်ထားသဖြင့် သူ့၏အဆုံးသတ် ကောင်းမွန်မည်မဟုတ်ကြောင်း ကောင်းစွာသိရှိပြီးဖြစ်သည်။ထို့ကြောင့် သူသည် ထန်အင်ပါယာသို့သွားကာ မှောင်မိုက်သောလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းရန်ရွေးချယ်မည်မှာ သေချာပေါက်ပင်။

ဤတစ်ကြိမ်တွင် သူ့အား လွှတ်ပေးလိုက်သည်မှာ ကျားကို တောင်ပေါ်သို့ပြန်လွှတ်ပေးလိုက်သည်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

"ဒါက ပြဿနာမရှိဘူး....ငါက သူ့ကို သတင်းပို့စေချင်တာကြောင့်ပဲ"

လုယွီက ယင်ထျန်းမင်ကို ကြည့်လိုက်သည်။

"မင်းကို ရှာခိုင်းထားတဲ့ မာလင်းကြယ်နယ်မြေရဲ့မြေပုံ ဘယ်မှာလဲ"

All Chapters