အခန်း (၃၈၇၈-၃၈၈၁)
Vol. 197 Ch. 3878-3881
Chapter 3878
"ဒါက ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါဘူး...ကြယ်နယ်မြေသခင်ယွင်ဟယ်နဲ့ငါအကြားမှာ ကိစ္စတစ်ခုရှိနေတယ်....အဲ့ဒီကိစ္စက ကြယ်နယ်မြေသခင်အိမ်တော်ရဲ့ဘဏ္ဍာတိုက်ထဲမှာပဲ"
"အခုအချိန်မှာ ကြယ်နယ်မြေသခင်အိမ်တော်တစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီ....ကျီးကန်းနက်ဘုရင်...မင်းရဲ့နတ်ဘုရားဖြတ်သန်းခြင်းနည်းစနစ်က ကောင်းကင်ဘုံနယ်မြေထဲမှာ ပြိုင်ဘက်ကင်းတယ်....မင်းက ကြယ်နယ်မြေသခင်အိမ်တော်ထဲကို တိတ်တဆိတ်ခိုးဝင်ပြီးတော့ ဘဏ္ဍာတိုက်ကိုမီးရှို့ပေးဖို့ ငါ မင်းကို အကူအညီတောင်းချင်တယ်...တကယ်လို့ မင်း ငါ့ကို အဲ့ဒီကိစ္စကူညီပေးမယ်ဆိုရင် အန်းစီရင်စုသခင်မိသားစုတစ်စုလုံးရဲ့စိတ်ဝိညာဥ်တွေက မင်းရဲ့အပိုင်ပဲ"
နတ်ဆိုးဘုရင်တောင်ကြားအရှင်က ပြုံးလိုက်သည်။
ကျီးကန်းနက်ဘုရင်၏ မျက်လုံးသူငယ်အိမ်များကျဥ်းမြောင်းသွားသည်။သူသည် ရုတ်တရက် သူ့၏ဆန့်တန်းထားသောလက်ကို ပြန်ရုတ်သိမ်းကာ အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ဒါက သေးငယ်တဲ့ကိစ္စတစ်ခု မဟုတ်ဘူး....ထန်အင်ပါယာရဲ့အစောင့်တပ်တွေတောင်မှ သတ်ဖြတ်ခံလိုက်ရတယ်....တကယ်လို့ ငါ ဖမ်းဆီးခံရမယ်ဆိုရင် ငါ့အတွက်လည်း အဆုံးသတ်ကောင်းမှာမဟုတ်ဘူး"
နတ်ဆိုးဘုရင်တောင်ကြားအရှင်က ပြောဆိုသည်။
"ရွေးချယ်မှုက မင်းရဲ့လက်ထဲမှာပဲ ရှိတယ်....ငါ မင်းကို ဖိအားပေးမှာမဟုတ်ဘူး"
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ကျီးကန်းနက်ဘုရင်က ရုတ်တရက်မေးမြန်းသည်။
"မင်းက ဘာလို့ အဲ့ဒီနေရာကို မင်းကိုယ်တိုင်မသွားတာလဲ....မင်းရဲ့လက်အောက်မှာ မရေမတွက်နိုင်တဲ့တပည့်တွေ ရှိနေတယ်...မင်းအတွက် အသေခံပေးမယ့် တပည့်တချို့ကိုရွေးချယ်တာက မခက်ခဲလောက်ပါဘူး....ဟုတ်တယ်မလား"
"မဟုတ်ဘူး....ဒါကမတူဘူး"
နတ်ဆိုးဘုရင်တောင်ကြားအရှင်က သူ့၏ခေါင်းကိုခါယမ်းလေသည်။
"မာလင်းကြယ်နယ်မြေပေါ်မှာ ငါနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေ အများကြီးရှိနေတယ်...အဲ့ဒီအရာတွေအားလုံးကို ရွှေ့ပြောင်းလို့မရဘူး...
တာယွီအင်ပါယာကပဲဖြစ်ဖြစ် ထန်အင်ပါယာကပဲဖြစ်ဖြစ် ငါနဲ့သက်ဆိုင်တဲ့အထောက်အထားတွေအားလုံးကို သူတို့ ရှာတွေ့သွားခွင့်မပြုနိုင်ဘူး"
"ဒီအချိန်အတောအတွင်းမှာ ငါရဲ့တပည့်တွေကိုသူတို့ကိုယ်သူတို့ တတ်နိုင်သမျှ ထိန်းချုပ်ထားဖို့ ငါ အမိန့်ပေးထားတယ်...တကယ်လို့ အရာရှိတွေက နောင်တစ်ချိန်မှာ ငါ့ကို စုံစမ်းစစ်ဆေးမယ်ဆိုရင်တောင် ငါနဲ့ပတ်သက်တဲ့ ဘာကိုမှ သူတို့ရှာတွေ့သွားလို့မဖြစ်ဘူး"
"ဒါပေမဲ့ မင်းကတော့ မတူဘူး...ကျီးကန်းနက်ဘုရင် မင်းက အုပ်ချုပ်ရေးရုံးတော်ရဲ့ဝရမ်းထုတ်ခံထားရတာ အချိန်အတော်ကြာနေပြီ....မင်းက အကျဉ်းထောင်ကို ဖောက်ထွက်ခဲ့ပြီးတော့ ပုန်ကန်ဖို့အတွက် ကြံစည်ခဲ့တာကတင် သေသင့်တဲ့ပြစ်မှုကြီးကို ကျူးလွန်ပြီးနေပြီ... ဆိုရိုးစကားအရ ပြောမယ်ဆိုရင် ရာဇဝတ်မှုတွေက များလွန်းလို့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုတောင် ဖိနှိပ်မထားနိုင်တော့ဘူး...ဒီကိစ္စကို မင်း လုပ်ဆောင်တာက အသင့်တော်ဆုံးပဲ...ပြီးတော့ ငါ့ရဲ့တပည့်တွေက ငါ့ကို ပြဿနာရှာပေးဖို့ပဲသိတဲ့ အသုံးမကျတဲ့ကောင်တစ်သိုက်ပဲ"
ကျီးကန်းနက်ဘုရင်သည် နက်နဲစွာစဉ်းစားတွေးသောနေပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။
"လျှူယီရှင်း...ငါ့ကို အရူးမလုပ်စမ်းနဲ့...စိတ်ဝိညာဉ်လေးတချို့အတွက်နဲ့ ငါက မင်းအတွက်အလုပ်လုပ်ပေးရမှာလား...ဒါက မဖြစ်နိုင်ဘူး"
လျှူယီရှင်းသည် နတ်ဆိုးဘုရင်တောင်ကြားအရှင်၏အစစ်အမှန်နာမည်ပင်။
နတ်ဆိုးဘုရင်တောင်ကြားအရှင်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာလိုချင်တာလဲ"
"ဒီနှစ်တွေမှာ ဆေးပင်တွေ ရောင်းဝယ်တဲ့စီးပွားရေးလုပ်ငန်းကနေ မင်း ငွေကြေးအများကြီးရထားခဲ့တယ်...ငါက လောဘမကြီးပါဘူး.... မင်း ငါ့ကို ဒီတစ်နှစ်ဝင်ငွေရဲ့တဝက်ပေးမယ်ဆိုရင် ငါ ဒီကိစ္စကို မင်းအတွက်ကူညီပေးမယ်"
လျှူယီရှင်းက မျက်မှောင်ကြုတ်ကာ အလေးနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဒါက မဖြစ်နိုင်ဘူး...ခုလိုမျိုး ကြီးမားတဲ့ဂိုဏ်းတစ်ဂိုဏ်းကို ထိန်းသိမ်းဖို့အတွက် ငါက ငွေကုန်ကြေးကျ အရမ်းများတယ်...ဂိုဏ်းရဲ့အသုံးစရိတ်တွေကလည်း အရမ်းမြင့်မားတယ်...ငါ မင်းကို အများဆုံးအနေနဲ့ နှစ်ဆယ်ရာခိုင်နှုန်းပဲပေးနိုင်မယ်"
"ဟား ဟား ဟား....တောင်ကြားအရှင်က ရိုးသားမှုမရှိမှတော့ ငါ ပြန်ပါတော့မယ်...ဘယ်လိုပဲဖြစ်ဖြစ် အန်းစီရင်စုသခင်က မင်းရဲ့နှိပ်စက်ညှင်းပန်းမှုကြောင့် အနှေးနဲ့အမြန်သေရမှာပဲ"
ကျီးကန်းနက်ဘုရင်က မတ်တတ်ထရပ်ကာ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်သည်။
နတ်ဆိုးဘုရင်တောင်ကြားအရှင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ...ငါတို့က အပေးအယူကို ညှိနှိုင်းလို့ရတယ်လေ"
"ဒါက ဘာအတွက်နဲ့မှ ညှိနှိုင်းနေစရာ မလိုတော့ဘူး"
ထိုအချိန်မှာပင် ချမ်ရှန်းက ပြင်ပမှနေ၍ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
သူ ဝင်ရောက်လာသော အချိန်အခိုက်အတန့်တွင် လက်ရှိနေရာတွင်ရှိနေသော လူနှစ်ယောက်၏စူးစိုက်ကြည့်ခြင်းကို ခံရလေ၏။
ချမ်ရှန်းက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"မင်းတို့နှစ်ယောက် ဘာအပေးအယူမှ လုပ်နေစရာ မလိုတော့ဘူး...မင်းတို့က ဒီနေရာမှာပဲ နေသင့်တယ်"
နတ်ဆိုးဘုရင်တောင်ကြားအရှင်သည် ချမ်ရှန်းကိုမြင်တွေ့ချိန်တွင် ဒေါသတကြီးအော်ငေါက်လိုက်သည်။
"ချမ်ရှန်း....မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဒီလိုစကားမျိုး ပြောဝံ့တာလဲ"
"ဒါက မင်းရဲ့တပည့်လား...တစ်ခုခုတော့ မှားနေပြီ"
ကျီးကန်းနက်ဘုရင်သည် အချိန်တခဏကြာခန့် အံ့အားသင့်တုန်လှုပ်သွားသည်။သို့ရာတွင် သူသည် တာအိုဉာဏ်အလင်းရထားသော နတ်ဆိုးသားရဲတကောင် ဖြစ်နေဆဲပင်။မကြာမီမှာပင် သူသည် ချမ်ရှန်း၏ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ရှာဖွေတွေ့ရှိသွားသည်။
ချမ်ရှန်း၏မျက်လုံးတစ်စုံသည် ခရမ်းရောင်ဖြစ်နေကာ အနည်းငယ်ထိုင်းမှိုင်းနေသည်။သူ ခန်းမအတွင်းသို့ ဝင်ရောက်လာစဉ်တွင် သူသည် ကြိုးဆွဲခံထားရသော ရုပ်သေးတစ်ရုပ်နှင့် တူညီနေပေ၏။
ထို့ပြင် နတ်ဆိုးဘုရင်တောင်ကြားအတွင်း၌ တပည့်များအားလုံးသည် တောင်ကြားအရှင်ကိုမြင်တွေ့ချိန်တွင် အလွန်ရိုသေလေးစားစွာဆက်ဆံကြသည်။သူတို့သည် တောင်ကြားအရှင်ကို အာရုံမစိုက်မိပါက သူတို့ သတ်ဖြတ်ခံရမည်ကို စိုးရိပ်ပူပန်ကြလေ၏။သို့ရာတွင် ယခုအချိန်၌မူ ချမ်ရှန်းသည် တောင်ကြားအရှင်ကို အနည်းငယ်မျှ ဂရုစိုက်ပုံမရချေ။
လျှူယီရှင်းသည်လည်း တစ်စုံတစ်ခုမှားယွင်းနေသည်ကို နားလည်သဘောပေါက်သွားသည်။ထို့ကြောင့် သူက ဒေါသတကြီးအော်ဟစ်လိုက်၏။
"မင်းက ဘယ်သူလဲ....မင်းက ငါ့ရဲ့တပည့်ကိုတောင် ထိန်းချုပ်ထားဝံ့တာလား...မင်း အသက်ရှင်ရတာ ပင်ပန်းနေတာများလား"
Chapter 3879
လျှူယီရှင်းသည် အစဉ်အမြဲ ရုန့်ရင်းကြမ်းတမ်းစွာပြုမူတတ်သော လူတစ်ယောက်ပင်။သူသည် ချက်ချင်းဆိုသလိုပင် အော်ဟစ်ကြုံးဝါးကာ သူ့၏လက်ကို ဆန့်တန်းလိုက်၏။သူ့၏လက်မှနေ၍ အလွန်များပြားသောနတ်ဆိုးချီစွမ်းအားများ ထွက်ပေါ်လာကာ ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ထို့နောက် ကျယ်လောင်သော ဘန်းခနဲမြည်သံကြီးနှင့်အတူ ထိုလက်ဝါးပုံရိပ်ရောင်ကြီးဖြင့် ချမ်ရှန်းထံဦးတည်ကာ ဖမ်းဆုပ်လိုက်သည်။
နတ်ဆိုးဘုရင်တောင်ကြားအရှင်သည် မာလင်းကြယ်နယ်မြေပေါ်ရှိ နတ်ဆိုးဂိုဏ်းများအနက် သူ့၏ဂိုဏ်းကိုနံပါတ်တစ်ဖြစ်လာအောင် တည်ထောင်နိုင်ခဲ့ခြင်းမှာ သူ့၏ကိုယ်ပိုင်အရည်အချင်းကြောင့်ပင်။
သူ စတင်တိုက်ခိုက်သည်နှင့် အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသောခွန်အားကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။သူသည် သူ့၏နတ်ဆိုးကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သို့ရာတွင် ဤနတ်ဆိုးလက်ဝါးပုံရိပ်ယောင်ကြီးသည် ချမ်ရှန်းနှင့်နီးကပ်သွားသောအချိန်တွင်... နှိုင်းယှဉ်ပြစရာမရှိသည်အထိ တောက်ပသော ရွှေရောင်အလင်းတန်းတတန်းက ရုတ်တရက် ချမ်ရှန်း၏ခန္ဓာကိုယ်မှ ဖြာထွက်လာကာ နတ်ဆိုးလက်ဝါးပုံရိပ်ယောင်ကြီးကို ပျက်ပြယ်သွားစေသည်။
လုယွီသည် ဖုန်မှုန့်အဖြစ်မှ မူလသွင်ပြင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။သူ့၏ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းများက လွှမ်းခြုံထားကာ သူသည် မိုးကောင်းကင်ယံအတွင်း၌အစစ်အမှန်နတ်ဘုရားတစ်ပါးအလားပင်။
"ငါက တာယွီအင်ပါယာရဲ့မဟာစစ်ဗိုလ်ချုပ် လက်ဝဲစစ်တပ်ရဲ့တပ်မှူးလုယွီပဲ...လျှူယီရှင်း မင်းက ရာဇဝတ်မှုတွေအများကြီးကို ကျူးလွန်ခဲ့တယ်...ဒီနေ့ မင်းရဲ့အသက်ကို မင်း ဒီနေရာမှာပဲ ထားခဲ့ရလိမ့်မယ်"
သူ့၏အသံသည် မိုးခြိမ်းသံအလား ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်နေသည်။
ထိုစကားကိုပြောဆိုရင်း လုယွီသည် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။
သူ့၏အစွမ်းထက်သော စွမ်းအားများနှင့် သွေးချီများက ထိုလက်ဝါးရိုက်ချက်၏စွမ်းအားကိုမြင့်တက်သွားစေသည်။ဤသည်မှာ တောင်များကို ရွှေ့ပြောင်းနိုင်ပြီး ပင်လယ်များကို မှောက်နိုင်ကာ မိုးကောင်းကင်ယံကို ဆုတ်ဖြဲနိုင်သည်အထိ အစွမ်းထက်သောလှုပ်ရှားမှုတစ်ခုပင်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ သိပ်သည်းထားသော လက်ဝါးပုံရိပ်ယောင်ကြီးသည် နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေ၏။
လုယွီ၏ယခုလက်ရှိစွမ်းအားသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
ထိုလက်ဝါးဖြင့် ရိုက်ခတ်မိချိန်တွင်နတ်ဆိုးဘုရင်တောင်ကြားအရှင်၏လက်မှ အက်ကွဲသံများထွက်ပေါ်လာသည်။သူ့၏ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သောအရိုးအရွတ်များ ကြေမွှပျက်စီးသွားလေ၏။
နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ခန္ဓာကိုယ်တစ်ခုလုံးသည် အပ်တစ်စင်းအလား မြေပြင်၏နက်ရှိုင်းသောနေရာသို့အတွင်းသို့ နစ်ဝင်သွားသည်။ခန်းမအတွင်းရှိမြေပြင်သည် ကြေမွှပျက်စီးသွားကာ မရေမတွက်နိုင်သောအက်ကွဲကြောင်းများက အရပ်မျက်နှာအဘက်ဘက်သို့ စတင်၍ပျံ့နှံ့သွားတော့သည်။
"တာယွီရဲ့အရာရှိတွေအကြားမှာ ဒီလိုမျိုးအစွမ်းထက်တဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက် ဘယ်အချိန်က ထွက်ပေါ်လာခဲ့တာလဲ"
နတ်ဆိုးဘုရင်တောင်ကြားအရှင်၏မျက်လုံးအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤသည်မှာ လက်ဝါးရိုက်ချက်တစ်ချက်သာဖြစ်သော်လည်း သူသည် လုံးလုံးလျားလျားရှုံးနိမ့်သွားလေပြီ။
တခြားတစ်ဖက်တွင် ကျီးကန်းနက်ဘုရင်သည် အခြေအနေမကောင်းသည်ကို မြင်တွေ့ချိန်တွင်သူသည် ထွက်ပြေးရန်အတွက် နောက်သို့ချာခနဲလှည့်လိုက်တော့သည်။
သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
"ငါ မင်းကို သွားခိုင်းလို့လား"
လုယွီက ကျီးကန်းနက်ဘုရင်ကို စောင်းငဲ့ကြည့်ကာ အေးစက်စက်အော်ငေါက်လိုက်၏။ထို့နောက် လုယွီသည် သူ့၏လက်ဝါးကိုဆန့်တန်းကာ ကျီးကန်းနက်ဘုရင်၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုချိတ်ပိတ်လိုက်သည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်....အရပ်ရှစ်မျက်နှာချိတ်ပိတ်ခြင်း....
ကျီးကန်းနက်ဘုရင်မှထွက်ပေါ်နေသော အနက်ရောင်အခိုးအငွေ့များသည် ချက်ချင်းဆိုသလိုပင် လေထုအတွင်း၌ ချိတ်ပိတ်ခြင်းခံလိုက်ရသည်။သူ့၏ခန္ဓာကိုယ်တစ်ခုလုံး လေဟာနယ်အတွင်းတွင်ပိတ်မိနေကာ သူသည် ထိုအရာကိုချိုးဖျက်နိုင်ခြင်းမရှိချေ။
ကျီးကန်းနက်ဘုရင်သည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။
"တကယ်လို့ မင်း သူ့ကို လာရှာတာဆိုရင် မင်းစိတ်ကြိုက်လုပ်လေ....ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး....ငါက ဖြတ်သွားဖြတ်လာတစ်ယောက်သက်သက်ပဲ"
သူ့၏မျက်လုံးများ အေးစက်တင်းမာသွားကာ သူက အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"ငါက ဘာတစ်ခုကိုမှမသိဘူးလို့ မင်းတို့နှစ်ယောက်လုံး တကယ်ကြီးထင်နေကြတာလား...နတ်ဆိုးဘုရင်တောင်ကြားအရှင်က အစကတည်းက နတ်ဆိုးကျင့်ကြံသူတစ်ယောက်...သူ့ရဲ့လက်တွေမှာ အပြစ်မဲ့တဲ့လူအမြောက်အများရဲ့သွေးတွေ စွန်းထင်းနေတယ်...မင်းဆိုတဲ့ ကျီးကန်းနက်ဘုရင်ကတော့ တာအိုဥာဏ်အလင်းရထားတဲ့ ကျီးကန်းလေးတစ်ကောင်ဖြစ်ပေမယ့် အပြစ်မဲ့တဲ့လူတွေကို ထပ်ခါတလဲလဲသတ်ဖြတ်ခဲ့တယ်...မင်းကအုပ်ချုပ်ရေးရုံးတော်ရဲ့ အကျဉ်းထောင်ထဲကတောင် ထွက်ပြေးခဲ့တယ်...မင်းတို့နှစ်ယောက်ကို တကယ်လို့ ငါက အကြိမ်တစ်ရာလောက် သတ်ဖြတ်ရင်တော့ ဒါက လုံလောက်မှာမဟုတ်ဘူး"
လုယွီ၏စကားများကိုကြားချိန်တွင် ကျီးကန်းနက်ဘုရင်က ကျယ်လောင်စွာအော်ဟစ်ပြောဆိုသည်။
"ငါ မင်းနဲ့သေတဲ့အထိ တိုက်ခိုက်မယ်"
သူ့၏ခန္ဓာကိုယ်သည် ရုတ်တရက် အဆများစွာပို၍ကြီးမားသွားကာ သူ့၏မူလပုံစံဖြစ်သော ကြီးမားသော ကျီးကန်းနက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုကျီးကန်းနက်ကြီးသည် သူ့၏အတောင်ပံများကိုဖြန့်လိုက်၏။သူ့၏အမွှေးအတောင်တိုင်း အဆက်မပြတ်တုန်ခါနေသည်။ထောင်သောင်းချီသောအမွေးအတောင်များသည် တုန်ခါနေသဖြင့် ထက်ရှသောလေညှင်းတစ်ရပ်အဖြစ်ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။
"ဘန်း..."
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီက လက်သီးတချက်ထိုးနှက်လိုက်၏။
ကျီးကန်းနက်ဘုရင်၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် လေထုအတွင်း၌ ချက်ချင်းပျက်စီးသွားတော့သည်။
သူ့ထံမှနေ၍ မရေမတွက်နိုင်သောသွေးစက်များ ဖြာကျလာကာ သွေးမိုးများအဖြစ်ပြောင်းလဲပြီး မြေပြင်ပေါ်သို့ ကျရောက်လာတော့သည်။
ထိုသွေးများသည် ချက်ချင်းဆိုသလိုပင် နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ခေါင်းပေါ်သို့ ကျလာပေ၏။
ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးဘုရင်တောင်ကြားအရှင်သည် အသက်ရှင်နေသောသွေးလူသားကြီးတစ်ယောက် ဖြစ်လာတော့သည်။
Chapter 3880
"စီနီယာ...ငါက မင်းကို ရန်စခဲ့မိတယ်လို့ ငါ မထင်ဘူး...ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှလည်းမရှိဘူး...ဒါကြောင့် ငါ့ရဲ့ချမ်းသာကြွယ်ဝမှုတွေအားလုံး မင်းကိုပေးပြီးတော့ ငါ့ရဲ့အသက်ကိုချမ်းသာပေးဖို့ တောင်းဆိုပါရစေ"
နတ်ဆိုးဘုရင်တောင်ကြားအရှင်သည် မြေပြင်ပေါ်၌ဝပ်တွားကာ သူ့၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။သူသည် မြေပြင်ပေါ်၌လဲလျောင်းနေကာ မလှုပ်ရှားဝံ့ချေ။
ကျီးကန်းနက်ဘုရင်၏ခွန်အားသည် အလွန်ကောင်းမွန်သည်ကို သူသိရှိထားပေ၏။
ဤနတ်ဆိုးသားရဲအိုကြီးသည် ကံကြမ္မာကောင်းတစ်ခုကို အမွေဆက်ခံထားခဲ့သည်။သူသည် အုပ်ချုပ်ရေးရုံးတော်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံရချိန်စဥ်ကပင် အသက်ရှင်ရက်လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။
ဤသည်မှာ ကံကောင်းမှုကြောင့်ဟုဆိုနိုင်သော်လည်း ကျီးကန်းနက်ဘုရင် ကြီးမားသောခွန်အားကြောင့်လည်းဖြစ်သည်။
သို့ရာတွင် ဤကဲ့သို့အစွမ်းထက်သော နတ်ဆိုးဘုရင်တစ်ကောင်ပင်လျှင် လုယွီ၏လက်သီးတစ်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။
ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောခွန်အားကြောင့် နတ်ဆိုးဘုရင်ကောင်ကြားအရှင်သည် သူ့၏စိတ်နှလုံးသားအတွင်းမှ ခုခံကာကွယ်လိုသော စိတ်ခံစားချက်များအားလုံးကို လက်လျှော့အရှုံးပေးလိုက်တော့သည်။
"ဒါက အရမ်းနောက်ကျသွားပြီ"
လုယွီသည် နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ မျက်လုံးများအတွင်းမှ မကျေမချမ်းဖြစ်နေမှုများကို အကြည့်တချက်ဖြင့် တွေ့မြင်နိုင်သည်။
အကယ်၍ ယခုအချိန်တွင် သူသည် ထိုလူအိုကြီးကို အလွတ်ပေးလိုက်ပါက အခွင့်အရေးတစ်ခုရှာဖွေ၍ လက်စားချေမည်မှာသေချာပေါက်ပင်။
လုယွီသည် နိမ့်ကျသောလူတစ်ယောက်၏လက်စားချေမှုကို ဂရုမစိုက်သော်လည်း ဤလူ၏လုပ်ရပ်များသည် ရုန့်ရင်းကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်ပေ၏။ အကယ်၍ သူသည် ဤလူ၏အသက်ကိုချန်ထားပါက တခြားသူများ ပို၍ဒုက္ခခံစားရပေမည်။
လုယွီ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို အာရုံခံမိချိန်တွင် နတ်ဆိုးဘုရင်တောင်ကြားအရှင်၏စိတ်နှလုံးသား တုန်ရီသွားကာ သူ ထွက်ပြေးရန်အတွက် ဟန်ပြင်လိုက်တော့သည်။
ဝှစ်...
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ဆေဘာဓားအလင်းတန်းတစ်တန်း ဖျတ်ခနဲတောက်ပသွားသည်။
နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ခေါင်း မြေပြင်ပေါ်သို့ပြုတ်ကျသွားကာ သွေးများဖြာကျသွားတော့သည်။
သူ့၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်နှစ်ခုလုံး လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။အနက်ရောင်အရိုးစုတစ်ခုက သူ့၏ခန္ဓာကိုယ်မှခုန်ထွက်လာကာ လုယွီကိုခုန်အုပ်လိုက်၏။
ထိုအရိုးစု၏မျက်လုံးများသည် နီမြန်းနေကာ ပြင်းထန်သော နတ်ဆိုးအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ထိုအရာသည် လုယွီ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။
"သူက တကယ့်ကို နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ....သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ သရဲတစ္ဆေငယ်လေးတစ်ကောင်ကိုတောင် မွေးမြူထားတယ်...လက်ခံကောင်သေသွားတဲ့အချိန်မှာ ဒီသရဲတစ္ဆေက နေစရာနေရာမရှိတော့လို့ ပြေးထွက်လာတာပဲ"
လုယွီက သူ့၏လက်ကိုဆန့်တန်းကာ ဖျစ်ညှစ်လိုက်၏။သူ့၏လက်ဝါးအတွင်း၌ ရွှေရောင်အလင်းတန်းတစ်တန်း တောက်ပနေကာ အနက်ရောင်အရိုးစုကို ချက်ချင်းချေမွှဖျက်ဆီးလိုက်သည်။
နတ်ဆိုးဘုရင်တောင်ကြားအရှင်ကျင့်ကြံသော နည်းစနစ်သည် အလွန်အမင်းဆိုးရွားသည့်နတ်ဆိုးနည်းစနစ်တစ်ခုပင်။မွေးကင်းစကလေးငယ်တစ်ယောက်ကို အငြိုးကြီးကလေးတစ်ယောက်အဖြစ်သန့်စင်ကာ သရဲတစ္ဆေလေးတစ်ကောင်အဖြစ်ပြောင်းလဲပြီး သူ့၏ခန္ဓာကိုယ်အတွင်း၌ တွယ်ကပ်နေစေသည်။ထို့နောက် သူသည် အရပ်မျက်နှာအဘက်ဘက်မှ ကောင်းကင်နှင့်မြေပြင်အကြားရှိ စိတ်ဝိညာဥ်စွမ်းအားများကို အဆက်မပြတ်လုယူတော့သည်။
ဤနည်းစနစ်ကြောင့် သူသည် သူ့၏ကိုယ်ပိုင်အရည်အချင်းကန့်သတ်ချက်ကို ချိုးဖျက်ကာ သူ့၏ကျင့်ကြံဆင့်စွမ်းအားများကို အလွန်အမင်းမြှင့်တင်နိုင်ခဲ့သည်။
"မင်း လုပ်ရဲလား....မင်းက ဘယ်သူလဲ"
"အဲ့ဒီလူက တောင်ကြားအရှင်ကို သတ်လိုက်တာလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သို့ရာတွင် နတ်ဆိုးဘုရင်တောင်ကြားမှ ကျင့်ကြံသူများသည် တောင်ကြားအရှင်၏အလောင်းကို မြင်တွေ့ချိန်တွင် သူတို့၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားသည်။
လုယွီသည် နတ်ဆိုးဘုရင်တောင်ကြားမှလူများကိုကြည့်ပြီးနောက် ချက်ချင်းဆိုသလိုပင် ဤလူများသည် တူညီသောလူစားများဖြစ်ကြောင်း သိရှိသွားသည်။
ထိုကျင့်ကြံသူများ၏မျက်လုံးများအတွင်းမှ အနက်ရှိုင်းဆုံးနေရာတွင် ထူးဆန်းသောအနီရောင်အလင်းတန်းများရှိနေသည်။ဤသည်မှာ နတ်ဆိုးကျင့်ကြံနည်းစနစ်များကို နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံထားခြင်း၏ရလဒ်ပင်။
မူလက ဤလူများသည် ထိတ်လန့်ကြောက်ရွံနေကြသော်လည်း သူတို့သည် လုယွီ၏လက်အတွင်းရှိ ခေါင်းဖြတ်ဓားကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးများအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ကောင်လေး...မင်းက ဖရိုဖရဲဖြစ်နေတာကိုအခွင့်ကောင်းယူပြီးတော့ ငါတို့တောင်ကြားသခင်ကို အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်ခဲ့တယ်...မင်းက ခွင့်မလွတ်နိုင်တဲ့ ပြစ်မှုကြီးကိုကျူးလွန်ပြီးသွားပြီ...မင်းရဲ့လက်ထဲမှာရှိနေတဲ့ဓားကို ထားခဲ့စမ်း.....မဟုတ်ရင် ဒီနေ့ မင်းသေရမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး...ဝူး...."
နတ်ဆိုးကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်သည်။
သို့ရာတွင် သူ၏စကားအဆုံးမသတ်သေးမီမှာပင် ခေါင်းဖြတ်ဓားသည် အနက်ရောင်အရိပ်တစ်ခုအသွင်ပြောင်းလဲကာ ထိုကျင့်ကြံသူ၏လည်မြိုကို ထိုးစိုက်သွားသည်။
ထိုနတ်ဆိုးကျင့်ကြံသူသည် သူ့၏လည်ပင်းကိုဆုပ်ကိုင်ကာ သူ့၏မျက်လုံးများ ပြူးကျယ်နေပြီး အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထို့နောက် ခေါင်းဖြတ်ဓားသည် အနက်ရောင်အရိပ်တစ်ခုအသွင်ဖြင့် လက်ရှိနေရာတွင်ရှိနေသော နတ်ဆိုးကျင့်ကြံသူများအားလုံးကို သတ်ဖြတ်လိုက်သည်။
ဤနတ်ဆိုးဓားတွင် စိတ်ဝိညာဥ်တစ်ခုရှိနေလေ၏။
လတ်ဆက်သောသွေး၏အငွေ့အသက်ကိုအာရုံခံမိသဖြင့် ခေါင်းဖြတ်ဓားသည် စိတ်လှုပ်ရှားမှုနေသည့်အလား အနည်းငယ်တုန်ရီသွားကာ ထိုနတ်ဆိုးကျင့်ကြံသူများအားလုံးကို ဆက်တိုက်သတ်ဖြတ်လိုက်တော့သည်။
Chapter 3881
မကြာမီမှာပင် စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများက ခန်းမ၏ပြင်ပမှ အဆက်မပြတ်ထွက်ပေါ်လာသည်။
လုယွီသည် ပြင်ပမှအသံများကိုလျစ်လျူရှုကာ နတ်ဆိုးဘုရင်တောင်ကြားအရှင်၏အလောင်းကို ကြည့်လိုက်သည်။
နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ လက်အတွင်းတွင် စိတ်ဝိညာဥ်တချို့ကို ဆုပ်ကိုင်ထားဆဲပင်။
ထိုစိတ်ဝိညာဥ်များသည် ညှင်းပန်းနှိပ်စက်မှုများကိုခံယူထားရသဖြင့် အလွန်အမင်းအားနည်းနေလေပြီ။
ချမ်ရှန်း၏မှတ်ဉာဏ်များမှတစ်ဆင့် ဤသည်မှာ အန်းစီရင်စုသခင်နှင့် သူ့မိသားစုဝင်များ၏ စိတ်ဝိညာဥ်များဖြစ်ကြောင်း လုယွီ သိရှိခဲ့ရသည်။
ဤနှစ်များအတွင်းတွင် နတ်ဆိုးဘုရင်တောင်ကြား၏နယ်မြေချဲ့ထွင်မှုသည် အုပ်ချုပ်ရေးရုံးတော်၏ပိုင်နက်နယ်မြေများအထိ ထိပါးလာခဲ့သည်။သို့ရာတွင် ထန်အင်ပါယာ၏အကြီးစားကျူးကျော်စစ်ကို ရင်ဆိုင်နေရသဖြင့် အုပ်ချုပ်ရေးရုံးတော်အများစုသည် ထိုပြင်ပဂိုဏ်းအင်အားစုများကို ဂရုစိုက်ရန်အတွက်အချိန်မရှိခဲ့ချေ။
ဤသည်ကြောင့် နတ်ဆိုးဘုရင်တောင်ကြား၏ရည်မှန်းချက်ပန်းတိုင် တစတစပို၍ကြီးမားလာသည်။
ထန်စစ်တပ်မှ အမှန်တကယ်ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် နတ်ဆိုးဘုရင်တောင်ကြားသခင်သည် အလွန်အတင့်ရဲသောလုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်။သူသည် သူ့၏လက်အောက်ငယ်သားများကို အုပ်ချုပ်ရေးရုံးတော်ထံသို့စေလွှက်ပြီး အန်းစီရင်စုသခင်နှင့်မိသားစုဝင်များကို ဖမ်းဆီးစေခဲ့သည်။
လုယွီသည် နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ ဖုံးကွယ်ထားသောလေဟာနယ်နယ်မြေကို ဆုတ်ဖြဲလိုက်၏။
သွေးညှီနံများက နေရာအနှံအပြားတွင် ပျံ့နှံ့နေကာ စိတ်ဝိညာဉ်များ၏စူးရှနာကျင်စွာ အော်ဟစ်နေသောအသံများက ထွက်ပေါ်လာသည်။
ထိုလေဟာနယ်နယ်မြေအတွင်းတွင် ကြေးချွတ်သန့်စင်ဘုံတစ်ခုနှင့် တူညီနေပေ၏။ခြစ်ခြစ်တောက်ပူပြင်းသော မီးတောက်လှိုင်းများသည် စိတ်ဝိညာဥ်များကို အဆက်မပြတ်လောင်ကျွမ်းနေစေသည်။
တချို့စိတ်ဝိညာဥ်များသည် ဤကဲ့သို့လောင်ကျွမ်းမှုဒဏ်ကို တောင့်မခံနိုင်တော့သဖြင့် ဤကဲ့သို့ မှောင်မည်းပြီးနေရောင်မရှိသော လေဟာနယ်နယ်မြေအတွင်းတွင် မည်သည့်အရာမျှမရှိခဲ့သည့်အလား ပြောင်းလဲသွားတော့သည်။
ဤကဲ့သို့ ဆိုးရွားသောမြင်ကွင်းများသည် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ရာပင်။
"မင်းတို့ရဲ့ခန္ဓာကိုယ်တွေက ပျက်စီးသွားပြီ... တကယ်လို့ မင်းတို့ ဒီလောကမှာ ဆက်နေမယ်ဆိုရင် မင်းတို့ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်တွေက လေလွင့်သရဲတစ္ဆေတွေပဲ ဖြစ်လာလိမ့်မယ်...မင်းတို့ ပြန်ဝင်စားကြတော့"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ ထိုစိတ်ဝိညာဥ်များအားလုံးကို လွှတ်ပေးလိုက်သည်။
ထိုစိတ်ဝိညာဥ်များသည် အလွန်အမင်းပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ခံထားရသဖြင့် တချို့ထံတွင်သာ အသိစိတ်အနည်းငယ် ကြွင်းကျန်နေတော့သည်။သူတို့သည် အသက်ဆက်၍ရှင်သန်ရန်အတွက် ခန္ဓာကိုယ်တစ်ခုကို အပိုင်စီးနိုင်မည့်အခွင့်အရေးပင် မရှိတော့ချေ။သူတို့သည်ပြန်လည်ဝင်စားရန်အတွက် မြေအောက်လောကသို့ ဝင်ရောက်ရန်သာ လုပ်ဆောင်နိုင်ပေမည်။
ထိုစိတ်ဝိညာဉ်များ ထွက်ခွာသွားပြီးနောက် လုယွီသည် ကြီးမားသောကောင်းမှုကုသိုလ်စွမ်းအားများကို တဖန်ထပ်၍ရရှိခဲ့သည်။
ကောင်းကင်ဘုံ၏ကိုယ်စား နတ်ဆိုးများကိုအပြစ်ပေးပြီး လူများကိုကယ်တင်ခြင်းသည် ကုသိုလ်ကောင်းမှုတစ်ခုပြုလုပ်ခြင်းပင်။
"နတ်ဆိုးတောင်ကြားအရှင်က မာလင်းကြယ်နယ်မြေမှာရှိတဲ့ ဆေးပင်စီးပွားရေးလုပ်ငန်းအားလုံးကို သိမ်းပိုက်ထားတယ်...ငါက သူ့ရဲ့ဘဏ္ဍာတိုက်ကို တစ်ချက်သွားကြည့်ရမယ်"
လုယွီသည် ချမ်ရှန်း၏မှတ်ဉာဏ်များမှတစ်ဆင့် နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ဘဏ္ဍာတိုက်တည်နေရာကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
ချမ်ရှန်း၏စိတ်နှလုံးသားအတွင်း၌ ကြိုတင်ကြံစည်ထားသော အတွေးများရှိနေသည်။သူသည် အခွင့်အရေးကိုရှာဖွေ၍ ဘဏ္ဍာတိုက်အတွင်းသို့ခိုးဝင်ကာ ရတနာများကိုခိုးယူပြီးထွက်ခွာသွားရန် ကြံစည်ထားခဲ့သည်။
သူတို့သည် ဆရာနှင့်တပည့်ဟု နာမည်ခံအရ ရင်းနှီးသောဆက်ဆံရေးရှိသော်လည်း အမှန်အားဖြင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တိတ်တဆိတ်အကွက်ချကြံစည်နေကြလေ၏။
"ဘုန်း....."
လုယွီသည် လက်သီးတချက်ထိုးနှက်ပြီးနောက် နံရံကြီးကို ပွင့်ထွက်သွားစေသည်။
ထိုနံရံ၏နောက်၌ ဘဏ္ဍာတိုက်တစ်ခုရှိနေကာ အတွင်းတွင် အဖိုးတန်ရှားပါးသော ရတနာမျိုးစုံရှိနေလေ၏။ဆေးလုံးများ ကျင့်ကြံနည်းစနစ်များ တောင်ပုံရာပုံရှိနေကာ တိုက်ခိုက်ရေးရုပ်သေးတချို့ပင်ရှိနေသည်။ထိုရုပ်သေးများသည် တိတ်ဆိတ်ငြိမ်သက်နေသောအဆင့်၌ ရှိနေဆဲပင်။
အကယ်၍ တခြားကျင့်ကြံသူတစ်ယောက်သည် ဤမြင်ကွင်းကိုမြင်တွေ့ပါက အလွန်ပျော်ရွှင်သွားကာ ကံကြမ္မာကောင်ကြီးတစ်ခုနှင့်ရင်ဆိုင်ကြုံတွေ့ရသည်ဟု ယူဆကြပေမည်။
သို့ရာတွင် လုယွီ၏မျက်လုံးအတွင်းတွင် ဤသည်မှာ သာမန်ထက် ပို၍ထူးခြားမှုမရှိချေ။
ဤဆေးလုံးများသည် သူ သန့်စင့်ခဲ့သောအရာများလောက် ကောင်းမွန်ခြင်းမရှိချေ။
ကျင့်ကြံနည်းစနစ်များသည်လည်း သူ ကျင့်ကြံရန်အတွက် မထိုက်တန်ပေ။
တိုက်ပွဲဝင်ရုပ်သေးရုပ်များသည် အစွမ်းထက်ပုံရသော်လည်း အလွန်နိမ့်ပါးသောအရည်အသွေးရှိသည့် ပစ္စည်းများဖြစ်သည်။သူသည် ထိုအရာများကို ယူဆောင်ရန်မလိုအပ်ချေ။
လုယွီ စိတ်ဝင်စားသောအရာမှာ ဘဏ္ဍာတိုက်အတွင်း၌ သိုလှောင်ထားသောဆေးပင်များပင်။
ဤနေရာတွင် ဆေးပင်များသည် တောင်တလုံးစာမျှ စုပုံနေပေ၏။
မာလင်းကြယ်နယ်မြေအတွင်းရှိ ဆေးဥယျာဥ်များအားလုံးကို လက်ဝါးကြီးအုပ်ထားသဖြင့် နတ်ဆိုးဘုရင်တောင်ကြားအရှင်၏ ဘဏ္ဍာတိုက်အတွင်းတွင် အဖိုးတန်ရှားပါးသောဆေးပင်အမြောက်အများနှင့် ပြည့်နှက်နေသည်။
လုယွီသည် ထိုဆေးပင်များအကြားမှနေ၍ အထင်ရှားဆုံးဖြစ်နေသော မိုးကြိုးမီးနှင်းကြာပွင့်တစ်ပွင့်ကို နှစ်ခြိုက်သဘောကျစွာ ကောက်ယူလိုက်၏။
ထိုနောက် ထိုမိုးကြိုးမီးနှင်းကြာပွင့်ကို အဖြူရောင်ကျောက်စိမ်းသေတ္တာအတွင်းသို့ ထည့်လိုက်သည်။ထိုမိုးကြိုးမီးနှင်းကြာပွင့်၏မျက်နှာပြင်ပေါ်တွင် လျှပ်စီးမိုးကြိုးနှင့်မီးတောက်များ ရစ်သိုင်းလွှမ်ူခြုံနေကာ စုဝေးသွားပြီး တောက်ပသောအလင်းတန်းတစ်တန်းအဖြစ် ဖွဲ့စည်းနေသည်။
အနည်းဆုံးအနေဖြင့် ဤမိုးကြိုးမီးနှင်းကြာပွင့်သည် နှစ်တစ်ရာသက်တမ်းရှိနေသည်။
မိုးကြိုးမီးနှင်းကြာပွင့်ကဲ့သို့ အဖိုးတန်သောဆေးပင်တစ်ပင် ပေါက်ဖွားလာရန်အတွက်အခြေအနေများသည် အလွန်အမင်းကြမ်းတမ်းပေ၏။ဤဆေးပင်သည် ခူးဆွတ်ခြင်းမခံရပဲ နှစ်တစ်ရာတိုင်တိုင် ကြီးပြင်းလာရန်မှာ အလွန်အမင်းခက်ခဲသော ကိစ္စတစ်ရပ်ပင်။
ဤဆေးပင်သည် သက်တမ်းရင့်သန်လာသည်နှင့်အမျှ ဆေးအာနိသင်သည်လည်း အလွန်အမင်းမြင့်တက်လာပေမည်။
"ဒီဆေးပင်နဲ့ဆိုရင် ငါ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ဒဏ်ရာတွေအားလုံး အပြည့်အဝပျောက်ကင်းသွားနိုင်တယ်"
လုယွီက သူ့၏လက်ကိုဝှေ့ယမ်းကာ ထိုဆေးပင်များအားလုံးကို သူ့၏သိုလှောင်အိတ်အတွင်းသို့ သိမ်းဆည်းလိုက်၏။