← Chapters

အခန်း (၃၈၉၀-၃၈၉၃)

Vol. 198 Ch. 3890-3893

အခန်း (၃၈၉၀-၃၈၉၃)

Vol. 198 Ch. 3890-3893

Chapter 3890

"အရှင်...အရှင့်ရဲ့အစီအစဥ်က ဘာလဲ"

ဤတစ်ကြိမ်တွင် မဟာစစ်ဗိုလ်ချုပ်များအားလုံး တိုက်ခိုက်ရန်အတွက် ထပ်မံ၍ မတောင်းဆိုတော့ချေ။သူတို့သည် လုယွီကို ကြည့်လိုက်ကြ၏။

လုယွီသည် စစ်တပ်မှစစ်သားများအားလုံး၏စိတ်ကို ရရှိပြီးဖြစ်သည်။ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်တွင် မဟာစစ်ဗိုလ်ချုပ်များအားလုံးသည် လုယွီကို ယုံကြည်ရန် ချွင်းချက်မရှိရွေးချယ်ခဲ့ကြသည်။

"မင်းတို့အားလုံး တိုက်ပွဲအစီရင်ခံစာကို ဖတ်ပြီးကြပြီပဲ...မနက်ဖြန်ကျရင် ထန်စစ်တပ်က ဒီနေရာကို ဝင်ရောက်တိုက်ခိုက်တော့မယ်...မင်းတို့မှာ အဲ့ဒီစစ်တပ်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိကြလား"

လုယွီက မေးမြန်းသည်။

သူ ထိုစကားကိုပြောဆိုလိုက်ချိန်တွင် မဟာစစ်ဗိုလ်ချုပ်များအားလုံး ငြိမ်အတိကျသွားသည်။

သူတို့သည် ကောင်းကင်ချိုးဖျက်ခံတပ်၏ပြင်ပရှိတိုက်ပွဲတွင် အနိုင်ရရှိခဲ့သော အကြောင်းအရင်းမှာ အရင်ဆုံး ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါကို ဖြိုခွင်းနိုင်ခဲ့ပြီး လက်ဝဲစစ်တပ်၏နတ်ဆိုးသားရဲစစ်သားများကို ထွက်ခွာသွားစေနိုင်သောကြောင့်ပင်။ထိုအချိန်မှသာ သူတို့သည် အနိုင်ရရှိခဲ့ခြင်းဖြစ်ပေ၏။

သို့ရာတွင် အကယ်၍ သူတို့သည် အမှန်တကယ်ထိပ်တိုက်ရင်ဆိုင်ရပါက အနိုင်ရရှိနိုင်သောအခွင့်အရေးမှာ အလွန်အမင်းနည်းပါးသည်။

နှစ်ဖက်စစ်တပ်အကြားတွင် တိုက်ပွဲတပွဲစတင်သည်နှင့် ထောင်သောင်းချီသောလူများ ချက်ချင်းသေဆုံးကြပေမည်။

သူတို့ဘက်တွင် စစ်သည်အင်အားတစ်သိန်းသာရှိသည်။ထိုစစ်သားများအနက်မှတစ်ယောက်တလေကို​မျှ သူတို့ လေလွင့်ခံနိုင်ခြင်းမရှိ​ချေ။

လုယွီက ပြောဆိုသည်။

"ငါတို့က ထိပ်တိုက်ရင်ဆိုင်ရင် အနိုင်မရနိုင်မှတော့ ရှောင်တခင်တိုက်ခိုက်တဲ့နည်းလမ်းကို သုံးမှပဲရမယ်...လီဖူရဲ့စစ်တပ်မှာ စစ်သည်အင်အားဆယ့်ရှစ်သိန်းရှိနေတယ်...ဒါပေမယ့် သူတို့တွေက ပြန့်ကျဲနေတဲ့သဲမှုန်တွေလိုပဲ...အဲ့ဒီလူတွေရဲ့စိတ်နှလုံးသားတွေက မတည်ငြိမ်ဘူး... ငါတို့က အခွင့်ကောင်းတစ်ခုကို ရှာဖွေနိုင်တာနဲ့ သူတို့ဘက်မှာ လူအင်အားဘယ်လောက်ပဲများနေပါစေ...ဘာမှ အကူအညီဖြစ်မှာမဟုတ်ဘူး"

"ဖြစ်နိုင်တာတော့ ငါတို့က ကြယ်နယ်မြေအရှင်အိမ်တော်မှာ ထိပ်တိုက်တိုက်ခိုက်မှုတွေမဖြစ်အောင် ရှောင်ကြဥ်ရမှာလား"

မဟာစစ်ဗိုလ်ချုပ်တစ်ယောက်က မေးမြန်းသည်။

"ထန်စစ်တပ်က အဝေးကြီးကနေ ရောက်လာတာ...ဒီအချိန်မှာ သူတို့ရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေက အထွတ်အထိပ်ကိုရောက်နေမှာ...တစ်ချိန်တည်းမှာပဲ သူတို့က သုံးဆလောက် အားနည်းနေလိမ့်မယ်...ငါက သူတို့ရဲ့စိတ်ကို အနိုင်ယူပြီးတဲ့အချိန်ကျရင်...ဒါက ငါတို့တိုက်ခိုက်ရမယ့်အချိန်ပဲ....မင်းတို့ပြန်ရောက်တာနဲ့ မင်းတို့ရဲ့စစ်သားတွေကိုစုစည်းပြီး ချက်ချင်းထွက်ခွာမယ်"

လုယွီက ပြောဆိုသည်။

"ဟုတ်ကဲ့ပါ အရှင်"

.....

လုယွီ၏အမိန့်ကိုရချိန်တွင် တာယွီစစ်တပ်မှစစ်သားများအားလုံး စုဝေးကာ ထွက်ခွာရန်အတွက် ပြင်ဆင်လိုက်ကြ၏။

တခြားတစ်ဖက်တွင် လုယွီသည် ကြယ်နယ်မြေသခင်အိမ်တော်၏အလယ်ဗဟိုသို့သွားကာ ဝင်္ကပါအလံတချို့ကို ခင်းကျင်းလိုက်သည်။

ယွမ်ဟယ်သည် ငွေကြေးအမြောက်အများကို ရရှိထားသူဖြစ်သဖြင့် သူ့၏ကြယ်နယ်မြေသခင်အိမ်တော်ကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားသည်။

ကြယ်နယ်မြေသခင်အိမ်တော်သည် ကုန်းမြေဧကတစ်သိန်းကျော်ကျယ်ဝန်းကာ ကြီးကျယ်ခမ်းနားပြီးထည်ဝါသော အဆောက်အအုံများဖြင့် ပြည့်နှက်နေသည်။တချို့အဆောက်အအုံများသည် မျောလွင့်ခြင်းဝင်္ကပါများကြောင့် လေထုအတွင်းသို့ မြင့်တက်နေပေ၏။တစ်စုံတစ်ယောက်သည် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသောရုံးတော်ကြီး၏ရှေ့တွင် မတ်တတ်ရပ်နေပါက သူ့ကိုယ်သူ အသေးအမွှားဟု ခံစားမိပေမည်။

ကြယ်နယ်မြေသခင်အိမ်တော်၏အလယ်ဗဟိုတွင် မိုးပြာနဂါးတစ်ကောင် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းနေသည့်အလား အခိုးအငွေ့များထွက်ပေါ်နေသည့် စိတ်ဝိညာဥ်စမ်းချောင်းတစ်ခုရှိသည်။ထိုစိတ်ဝိညာဥ်စမ်းချောင်းသည် မြစ်စွယ်တစ်ခုနှင့်တူညီကာ ရေများ အဆက်မပြတ်ပွက်နေသည်။ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများသည် အလွန်ပေါကြွယ်ဝပေ၏။

လုယွီသည် ဝင်္ကပါ၏ဗဟိုချက်အလံကို စိတ်ဝိညာဥ်စမ်းချောင်းအတွင်း၌ နေရာချထားလိုက်သည်။ရုတ်ချည်းဆိုသလိုပင် အိမ်တော်အတွင်းရှိ မြက်တစ်ပင်မှအစ အရာရာတိုင်း သူ့၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဟု သူ ခံစားမိသည်။

ဤစိတ်ဝိညာဥ်စမ်းချောင်းသည် သူ့၏မျက်လုံးဖြစ်လာကာ သူသည် ဤအိမ်တော်ကို တစ်ချိန်လုံးစုံစမ်းထောက်လှမ်းနိုင်ပေမည်။

"ဘာလဲ...နင်က ထန်စစ်တပ်ကို အနိုင်မယူနိုင်ဘူးဆိုတာကိုသိလို့ အခု ထွက်ပြေးတော့မလို့လား"

ယင်ချူးရွှေသည် ရုတ်တရက် ရောက်ရှိလာကာ သူမ၏မျက်နှာပေါ်တွင် မောက်မာထောင်လွှားသောအပြုံးတစ်ခုရှိနေသည်။

သူမသည် ကြယ်နယ်မြေသခင်အိမ်တော်အတွင်းရှိစစ်သားများ ဆုတ်ခွာရန် ပြင်ဆင်နေကြသည်ကို မြင်တွေ့ပြီးဖြစ်သည်။

ယင်ချူးရွှေ မည်မျှပင် မေးမြန်းပါစေ မဟာစစ်ဗိုလ်ချုပ်များအားလုံးသည် နှုတ်ဆိတ်နေကြလေ၏။

ဤသည်ကြောင့် လုယွီ မည်သည့်အရာအားလုပ်ဆောင်ရန် ပြင်ဆင်နေသည်ကို ယင်ချူးရွှေအား ဝေခွဲရခက်သွားစေသည်။

လုယွီသည် ထန်စစ်တပ်အား အနိုင်မယူနိုင်သည်မှာ သေချာသွားသဖြင့် စစ်သားများကိုဆုတ်ခွာစေကာ အမြှီးကုပ်၍ ထွက်ပြေးလိုခြင်းဖြစ်ပေမည်။

လုယွီက ယင်ချူးရွှေကိုတစ်ချက်ကြည့်ကာ ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။

"မိန်းကလေးယင်...တိုက်ပွဲစစ်မြေပြင်ပေါ်က ဓားတွေလှံတွေမှာ မျက်စေ့မပါဘူး....တကယ်လို့ မင်း ဒီနေရာမှာဆက်နေမယ်ဆိုရင် မင်းရဲ့ဘေးကင်းလုံခြုံမှုအတွက် ဘယ်သူမှ အာမခံနိုင်မှာမဟုတ်ဘူး"

"ဘယ်လိုဟာသမျိုးလဲ...ငါ တိုက်ပွဲစစ်မြေပြင်ပေါ်မှာ အချိန်ကုန်ဆုံးခဲ့တာ နင် စိတ်ကူးယဥ်တွေးတောနိုင်တာထက်တောင် ပိုပြီးများသေးတယ်...နင့်လို အခုမှ တိုက်ပွဲစစ်မြေပြင်ကိုခြေချတဲ့လူသစ်တစ်ယောက်က ငါ့ကို သင်ခန်းစာတခုတကယ်ကြီး သင်ကြားပေးနေတာလား"

ယင်ချူးရွှေက ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။

"ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေစမ်းနဲ့..နင်က စစ်တပ်ကိုဆုတ်ခွာဖို့ ပြင်ဆင်နေတာ ငါ မြင်တယ်...ပြီးတော့ ဒါက အရမ်းနှေးကွေးလွန်းတယ်...ငါ့ရဲ့ကျားစစ်သင်္ဘောနဲ့သွားတာက ပိုပြီးကောင်းလိမ့်မယ်...ဒီနည်းလမ်းနဲ့ ငါတို့ အမြန်ဆုံးဆုတ်ခွာနိုင်တယ်"

"ဘယ်လိုပဲဖြစ်ဖြစ် နင့်ရဲ့လက်ထဲမှာ လူပေါင်းတစ်သိန်းရဲ့အသက်တွေရှိနေတယ်...နင့် စိတ်တိုင်းကျ လုပ်ဆောင်လို့မရဘူး....နင်ကအမှားကိုသိပြီးတော့ ဝန်ခံတာက ရှက်စရာကိစ္စမဟုတ်ဘူး"

ယင်ချူးရွှေက ထပ်မံ၍ ဆုံးမစကားပြောဆိုလေသည်။

လုယွီသည် စိတ်မရှည်စပြုလာလေ၏။သူသည်ဤကဲ့သို့မိန်းကလေးတစ်ယောက်ဖြင့် ဆက်လက်၍ စကားပြောဆိုလိုခြင်းမရှိသဖြင့် အေးစက်တင်းမာစွာ အော်ငေါက်လိုက်သည်။

"ယင်ထျန်းမင်....ဒီနေရာကို လာခဲ့စမ်း"

Chapter 3891

ယင်ထျန်းမင်သည် ဤနေရာကို အဝေးမှနေ၍ စောင့်ကြည့်နေခဲ့သည်။

လုယွီသည် သူ့အားခေါ်လိုက်သည်ကိုကြားချိန်တွင် ယင်ထျန်းမင်သည် အလျင်စလိုပြေးလာကာ တုံ့ပြန်လိုက်၏။

"အရှင်လု"

"နောက်ထပ်တာဝန်တွေမှာ မင်း ပါဝင်ဆောင်ရွက်စရာ မလိုတော့ဘူး...မင်းက မင်းအစ်မရဲ့ဘေးကင်းလုံခြုံရေးကိုပဲ ဂရုစိုက်လိုက်တော့...ငါ့ကို ဒုက္ခမပေးနဲ့"

လုယွီက ညွှန်ကြားလိုက်သည်။

"အမ်"

ယင်ထျန်းမင်၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသောအမူအယာမျိုး ထင်ဟပ်လာသည်။

သူသည် ရှေ့ဆက်လာမည့်တိုက်ပွဲများအတွင်းတွင် သူ့၏အရည်အချင်းကိုပြသ၍ တိုက်ပွဲအောင်မြင်မှုများကိုရယူကာ သူ့ဖခင်သည် သူ့အားအမြင်သစ်တစ်ခုဖြင့်ကြည့်စေရန် ပြင်ဆင်ထားခဲ့သည်။

တခြားတစ်ဖက်တွင် ယင်ချူးရွှေ၏မျက်နှာပေါ၌ အပြုံးတစ်ခုထင်ဟပ်လာကာ အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

"ဟွန့်...ကောင်းတယ်...ငါလည်း နင့်ကို ပြောတော့မလို့ပဲ...တကယ်လို့ နင်သေချင်တယ်ဆိုရင်တောင် နင်နဲ့အတူ ငါ့ရဲ့မောင်လေးကို ဆွဲခေါ်မသွားသင့်ဘူး"

"အစ်မ...ငါ ဘာလုပ်ချင်တယ်ဆိုတာကို မင်း ထပ်ပြီးဂရုစိုက်နေစရာမလိုတော့ဘူး"

ယင်ထျန်းမင်သည် ဒေါသတကြီးမပြောဆိုဘဲမနေနိုင်တော့ချေ။

ယင်ချူးရွှေက မျက်မှောင်ကြုတ်ကာ တင်းမာခက်ထန်စွာ အော်ဟစ်လိုက်သည်။

"ဘာလို့ နင်က ငါ့ရဲ့ဂရုစိုက်မှုကို မလိုတော့တာလဲ....အဖေမရှိတာ ရက်နည်းနည်းပဲ ကြာသေးရုံနဲ့ နင့်ရဲ့အတောင်ပံတွေက မာကျောနေပြီလား... တိုက်ပွဲအတွင်းမှာ ရန်သူတွေကို သတ်ဖြတ်နိုင်တဲ့အရည်အချင်းမျိုး နင့်မှာ ရှိနေပြီလား"

ယင်ချူးရွှေသည် ဝမ်ရှင်းအမတ်ကြီးဟူသောစကားကို ထုတ်ဖော်ပြောဆိုလာသည်အားကြားချိန်တွင် ယင်ထျန်းမင်၏မျက်နှာ ချက်ချင်းသေလုမတတ်ဖြူရော်သွားသည်။ သူ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီလာသော်လည်း အဆုံးသတ်၌ သူသည် မည်သည့်စကားတစ်ခွန်းကိုမျှ ပြောဆိုနိုင်ခြင်းမရှိချေ။

သူသည် အသက်ငယ်ရွယ်ချိန်မှစတင်၍ ယင်ချူးရွှေ၏စကားတိုင်းကို နာခံခဲ့ရသည်။

ယင်ချူးရွှေက လုယွီကို အေးစက်တင်းမာစွာကြည့်လိုက်၏။

"အရှင်လု...ငါ့ရဲ့မောင်ငယ်လေးက နင့်ရဲ့တိုက်ပွဲတွေထဲမှာ ဝင်ပါတော့မှာမဟုတ်ဘူး...နင် ဒါကိုစိတ်မရှိဘူးလို့ ငါ ယုံကြည်တယ်"

"မင်းဆန္ဒရှိသလို လုပ်နိုင်တယ်"

လုယွီသည် စကားထပ်မံပြောဆိုပြီး အချိန်ဖြုန်းလိုစိတ် မရှိတော့ချေ။

သူသည် စိတ်ဝိညာဥ်မှစွမ်းအားကို တိတ်တဆိတ်အသုံးပြု၍ မြေပြင်ပေါ်ရှိဝင်္ကပါဖွဲ့စည်းပုံနှင့် ဆက်သွယ်ပြီးဖြစ်သည်။

မည်သူကမျှ ဤကိစ္စကို တွေ့မြင်နိုင်မည်မဟုတ်ချေ။

ဤအချိန်အခိုက်အတန့်တွင် မာလင်းကြယ်နယ်မြေတစ်ခုလုံး၏မြေပြင်တွင် အမြစ်တွယ်နေသော နဂါးသွေးကြောများအားလုံးသည် လုယွီ၏ခြေထောက်အောက်၌ စုဝေးနေပေ၏။

မြေပြင်သည် ကျားခုံတစ်ခုနှင့်တူညီနေကာ နဂါးသွေးကြောများသည် ကျားစေ့များအလားပင်။

မဟာစစ်ဗိုလ်ချုပ်များကိုစေလွှတ်၍ မြှုပ်နှံထားစေခဲ့သော ဝင်္ကပါအလံများကလည်း ကြယ်နယ်မြေ၏နေရာအသီးသီး၌ ရှိနေသည်။

ဤကြယ်နယ်မြေသည် လုယွီ ကြိုတင်စီစဉ်ထားသော ထောင်ချောက်တစ်ခုပင်။

ရက်စက်ကြမ်းကြုတ်သော ကျားတကောင်သည် သားကောင်ကို ​ချောင်းမြောင်းသကဲ့သို့ သူ့၏သားကောင်များ ဝင်္ကပါအတွင်းသို့ဝင်ရောက်လာရန် စောင့်ဆိုင်းရပေမည်။

....

ညသန်းခေါင်ယံအချိန်၌...

ကြယ်နယ်မြေအရှင်အိမ်တော်တစ်ခုလုံးကို အမှောင်ထုကြီးက လွှမ်းခြုံထားသည်။စင်္ကြန်လမ်း၏ဘေးတစ်ဖက်တချက်တွင် ထွန်းညှိထားသော ဖယောင်းတိုင်များနှင့်မီးအိမ်များမှသာ ခပ်ဖျော့​ဖျော့အလင်းရောင်ကို ထုတ်လွတ်နေလေ၏။

သို့ရာတွင် ရုတ်တရက် ထိုမီးအိမ်များအတွင်းမှမီးတောက်များအားလုံး ငြိမ်းသေသွားကာထူထပ်သိပ်သည်းသောသွေးညှီနံက လေထုအတွင်း၌ မျောလွင့်လာသည်။

အချိန်တခဏအကြာမှာပင် လူရိပ်အမြောက်အများသည် အမှောင်ထုအတွင်း၌ ထွက်ပေါ်လာပေ၏။

ဤလူများသည် အမှောင်ထုအတွင်း၌ ပုန်းအောင်းနေကြသော်လည်း သူတို့တစ်ယောက်ချင်းစီသည် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။သူတို့သည် မှော်စွမ်းအားများကို ထုတ်လွှတ်ထားခြင်းမရှိသည့်တိုင် သူတို့ထံမှထွက်ပေါ်နေသော ဖိအားအရှိန်အဝါသက်သက်ဖြင့် လူအများ၏ကျောရိုးတစ်လျှောက် ချမ်းစိမ်းတုန်ရီသွားစေရန် လုံလောက်သည်။

"ဘိုးဘေး...ကျွန်တော်တို့က ကြယ်နယ်မြေအရှင်အိမ်တော်တစ်ခုလုံးကို ရှာဖွေပြီးပါပြီ...ဒါပေမဲ့ လူတစ်ယောက်တလေကိုမှ ကျွန်တော်တို့ ရှာမတွေ့ခဲ့ဘူး....ကြည့်ရတာတော့ တာယွီစစ်တပ်ကလူတွေအားလုံး ဆုတ်ခွာသွားပုံရတယ်

"တာယွီရဲ့တော်ဝင်စစ်တပ်က အရင်နဲ့အတူတူပဲ....သူတို့ ဒီနေရာကိုရောက်လာတာ ထုံးတမ်းစဉ်လာအရသက်သက်ပဲ...တကယ်လို့ အဲ့ဒီမဟာစစ်ဗိုလ်ချုပ်က လျှို့ဝှက်နည်းစနစ်တစ်ခုကိုဖုံးကွယ်ထားတာကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ သူ့ကို သတ်ပြီးတာအချိန်အတော်ကြာနေလောက်ပြီ"

"အဲ့ဒီကြွက်တွေက ကျွန်တော်တို့ဓားနတ်ဆိုးဂိုဏ်းရဲ့နာမည်ကိုကြားလို့ ကြောက်လန့်ပြီး ထွက်ပြေးသွားတာပဲဖြစ်မယ်...ဒါက ဘယ်လိုသောက်ရေးမပါတဲ့ တော်ဝင်စစ်တပ်မျိုးလဲ...သူတို့က အမှိုက်တစ်သိုက်ပဲ"

အမှောင်ထုကြီး တဖြည်းဖြည်းလွင့်ပြယ်သွားကာ ကြယ်နယ်မြေအရှင်အိမ်တော်တစ်ခုလုံးတွင် မှော်လက်နက်များမှ အလင်းရောင်များဖြင့် တောက်ပနေသည်။

ပြင်ပဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူတစ်သောင်းကျော်သည် ရုတ်တရက် ကြယ်နယ်မြေအရှင်အိမ်တော်၏မြေကွက်လပ်အတွင်းတွင် ထွက်ပေါ်လာကြသည်။သူတို့၏မျက်လုံးများအတွင်းတွင် သွေးဆာမှုများဖြင့် ပြည့်နှက်နေပေ၏။

ဤလူများအကြားတွင် ဓားနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများအပြင် ထိုဂိုဏ်း၏ဆင့်ခေါ်ခြင်းကို ခံထားရသော လေလွင့်ကျင့်ကြံသူများလည်းပါဝင်သည်။

ဤအချိန်အခိုက်အတန့်တွင် ထိုကျင့်ကြံသူများအားလုံး ကျယ်လောင်စွာအော်ဟစ်မောလိုက်ကြသည်။

သူတို့ရောက်ရှိလာသော အချိန်အခိုက်အတန့်တွင် တော်ဝင်နန်းတွင်း၏စစ်တပ်သည် ကြောက်လန့်ပြီးထွက်ပြေးသွားလေသည်။

ဤသည်မှာ တစ်ချိန်က လေလွင့်ကျင့်ကြံသူများကို ခေါင်းမမော့ဝံ့သည့်အခြေအနေထိ ဖိနှိပ်ခဲ့သော တော်ဝင်နန်းတွင်းမှလူများကို လက်စား​ချေရာရောက်သဖြင့် သူတို့အားလုံး ဂုဏ်ယူဝံ့ကြွားနေကြသည်။

ထိုလူများ၏အကြားတွင် သွေးဓားဘိုးဘေးမတ်တတ်ရပ်နေသည်။သူ့၏ဆံပင်ဖြူများသည် လေထုအတွင်း၌လူးလွန့်နေကာ သူ့၏နောက်ကျောတွင် သွေးဓားတလက်ကို သယ်ဆောင်ထားသည်။သူသည် အနီရောင်ဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားသဖြင့် သူ့အားနတ်ဆိုးကျင့်ကြံသူဟူသော အငွေ့အသက်ကိုပေးစွမ်းနိုင်သည်။

"မင်းတို့တွေ ယွင်ဟယ်ရဲ့ပိုင်ဆိုင်မှုတွေကို ရှာဖွေပြီးပြီလား"

သွေးဓားဘိုးဘေးက အက်ရှရှလေသံဖြင့်မေးမြန်းသည်။

Chapter 3892

ရုတ်ချည်းဆိုသလိုပင် ကျင့်ကြံသူတစ်ယောက်က အဖြေပေးသည်။

"ဘိုးဘေး....အနည်းဆုံးတော့ ဘဏ္ဍာတိုက်ရဲ့တစ်ဝက်လောက်က ကြယ်နယ်မြေအရှင်အိမ်တော်ထဲမှာ ရှိနေတုန်းပဲ...ကျွန်တော်တို့က ယွမ်ဟယ်ရဲ့အိမ်တော်အမိုးက ထပ်ခိုးမှာ လျှို့ဝှက်ခန်းတစ်ခန်းကို ရှာတွေ့ခဲ့တယ်...အဲ့ဒီထဲမှာ ရတနာတွေနဲ့ဆေးလုံးတွေ အများကြီးရှိနေတယ်"

သွေးဓားဘိုးဘေးက အလျင်စလို ပြောဆိုသည်။

"ငါ့တစ်ချက်ကြည့်ရအောင် အဲ့ဒီနေရာကို ခေါ်သွားပေးစမ်း"

သူ့၏နောက်သို့ ကျင့်ကြံသူများအားလုံး လိုက်သွားကြလေ၏။

မကြာမီမှာပင် ကြယ်နယ်မြေအရှင်အိမ်တော်မှ ရတနာများသည် ကျင့်ကြံသူများအားလုံးရှေ့၌ ထွက်ပေါ်လာသည်။

ဤနေရာတွင် မူလက ရတနာများ တောင်ပုံရာပုံရှိနေသည်။လုယွီတို့ ထွက်ခွာသွားပြီးနောက် ပြင်ပဂိုဏ်းအင်အားစုများအတွက် သုံးဆယ်ရာခိုင်နှုန်းခန့်သာ ကျန်တော့သည်။

ထိုသို့ဆိုသည့်တိုင် ဘဏ္ဍာတိုက်အတွင်း၌ ဆေးလုံးများနှင့်ကျင့်ကြံနည်းစနစ်အမြောက်အများ ကျန်ရှိနေပေ၏။

ကျင့်ကြံသူများအားလုံး၏မျက်လုံးများ သွေးနီရောင်သို့ ပြောင်းလဲသွားကာ သူတို့၏အသက်ရှုနှုန်းများ လျှင်မြန်လာသည်။

ဤသည်မှာ သူတို့၏ အစစ်အမှန်ရည်မှန်းချက်ပန်းတိုင်ပင်။

ထန်စစ်တပ်အတွက်လက်စားချေသည်ဟု ပြောဆိုခဲ့သည်မှာ သူတို့ ဆင်ခြေအဖြစ်အသုံးပြုခဲ့ခြင်းဖြစ်သည်။ထိုကျင့်ကြံသူများ၏အစစ်အမှန်ရည်မှန်းချက်ပန်းတိုင်သည် ကြယ်နယ်မြေအရှင်အိမ်တော်မှရတနာများသာဖြစ်ပေ၏။

ယွင်ဟယ်သည် သူ့၏လောဘကြီးမှုကြောင့် မာလင်းကြယ်နယ်မြေပေါ်၌ နာမည်ကျော်ကြားသည်။

သူ့၏ဘဏ္ဍာတိုက်အတွင်းတွင် မည်မျှထိများပြားသော ရတနာများရှိနေသည်ကို မည်သူမျှ မသိနိုင်ချေ။

သို့ရာတွင် ယွင်ဟယ်သည် လိမ္မာပါးနပ်သူတစ်ယောက်ပင်။သူသည် ယခင်ကတည်းက ထန်စစ်တပ်နဲ့ ပူးပေါင်းထားပြီးလေပြီ။ထို့ကြောင့် မာလင်းကြယ်နယ်မြေကို ထန်စစ်တပ်မှသိမ်းပိုက်ပြီးသည့်တိုင် ယွင်ဟယ်သည် ကြယ်နယ်မြေသခင်အဖြစ် ရပ်တည်နိုင်ဆဲဖြစ်ပေ၏။

သို့ရာတွင် ယခုချိန်၌ အရာအားလုံး ကွဲပြားခြားနားသွားလေပြီ။

ယခုချိန်တွင် ထန်စစ်တပ် ထွက်ခွာသွားပြီးနောက် သူတို့ ရောက်လာမည်ဟူသော သတင်းကိုကြားသည်နှင့် တာယွီစစ်တပ်သည်လည်း ထွက်ပြေးသွားခဲ့သည်။

တာယွီစစ်တပ်သည် ဤရတနာများကိုယူဆောင်မသွားသောကြောင့် တခြားလူများ၏လက်များအတွင်းသို့ အလဟဿကျရောက်သွားလေ၏။။

"လူကြီးမင်းတို့....အရင်က ခွဲဝေမှုသဘောတူညီချက်အရ ငါ့ရဲ့ဓားနတ်ဆိုးဂိုဏ်းက အကြီးမားဆုံးဝေစုကို ရသင့်တယ်...ဒီနေရာမှာရှိတဲ့ ရတနာတွေအားလုံးရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကို ငါတို့ယူမယ်....မင်းတို့ထဲက ဘယ်သူ့ဆီမှာမှ ကန့်ကွက်ချက်မရှိလောက်ဘူးလို့ ငါ ထင်တယ်....ဟုတ်တယ်မလား"

သွေးဓားဘိုးဘေးက ရယ်မောသံတချက်နှင့်အတူ ပြောဆိုသည်။

"အဲ့ဒီလိုလုပ်လို့မရဘူး...အရင်ကတော့ မင်းတို့ဂိုဏ်းက လူအင်အားအများဆုံး အသုံးပြုခဲ့ရတာကြောင့်...မင်းတို့ကောင်တွေ တိုက်ပွဲထဲမှာ ထိခိုက်ဒဏ်ရာရရှိမှု များပြားမှာကို ငါတို့စိုးရိမ်တာကြောင့်....ငါတို့က အကျိုးအမြတ်တွေရဲ့အများစုကို မင်းတို့ကောင်တွေ ယူမယ့်ကိစ္စကို သဘောတူညီခဲ့တယ်"

ထိုအချိန်မှာပင် သွေးဓားဘိုးဘေးနှင့် ခွန်အားချင်းတူညီသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒါပေမယ့် အခုကတော့ ငါတို့တွေ ဒီနေရာမှာရှိတဲ့ ရတနာပစ္စည်းတွေကို ခွဲယူဖို့အတွက် ပြန်ပြီးဆွေးနွေးရလိမ့်မယ်"

"မင်း ဘာပြောတာလဲ"

သွေးဓားဘိုးဘေးက မျက်မှောင်ကြုတ်လိုက်ကာ ကြီးမားသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက သူ့၏ခန္ဓာကိုယ်မှ ချက်ချင်းပွင့်အံ့ထွက်လာသည်။

လက်ရှိနေရာတွင်ရှိနေသော တခြားထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း လက်လျှော့အရှုံးပေးလိုပုံမရဘဲ တုံ့ပြန်သည့်အနေဖြင့် သူတို့၏​မှော်စွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

ရုတ်ချည်းဆိုသလိုပင် ကြယ်နယ်မြေအရှင်အိမ်တော်အတွင်းရှိ အခြေအနေများ တင်းမာသွားသည်။

....

မာလင်းကြယ်နယ်မြေနှင့် မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော ကြယ်တာရာကောင်းကင်အတွင်း၌....

ကြီးမားသောစစ်သင်္ဘောကြီးတစ်စီးသည်အလွန်လျှင်မြန်သောအရှိန်ဖြင့် မာလင်းကြယ်နယ်မြေထံသို့ဦးတည်၍ မောင်းနှင်လာသည်။

တာယွီအင်ပါယာမှကင်းထောက်များ၏ စုံစမ်းထောက်လှမ်းမှုများအရ လီဖူဦးဆောင်သော ထန်စစ်တပ်သည် ဤနေရာသို့ရောက်ရှိလာရန်အနည်းဆုံးအနေဖြင့် အချိန်တစ်ရက်ခန့် ကြာမြင့်ပေမည်။

သို့ရာတွင် ထိုကင်းထောက်များသည် လီဖူ၏စိတ်ပိုင်းဖြတ်ထားမှုကို လျှော့တွက်ထားသည်မှာ သိသာထင်ရှားလှ၏။

ပင်မစစ်သင်္ဘောကြီး၏ခန်းမအတွင်း၌....

လီဖူ စုန်ကျန်းရှင်းနှင့် တခြားလူများသည် သူတို့ရှေ့ရှိ မာလင်းကြယ်နယ်မြေ၏မြေပုံကို ကြည့်နေကြသည်။

"ငါတို့က ခရီးရှည်ကြီးတစ်ခု ထွက်လာခဲ့ရပြီးတော့...သူတို့မပြင်ဆင်ရသေးတဲ့ အခြေအနေကို အခွင့်ကောင်းယူရမယ်...အခုက ညအချိန်ဖြစ်နေတာကြောင့် ကြယ်နယ်မြေအရှင်အိမ်တော်မှာ မှောင်မည်းနေမှာပဲ....ငါတို့က အဲဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ လုယွီကို တစ်ချက်တည်းနဲ့အမြစ်ပျက်ချေမှုန်းရမယ်"

လီဖူကစိတ်လှုပ်ရှားစွာဖြင့်ပြောဆိုသည်။

လုယွီသည် သေဆုံးရမည်ကိုသိရှိပြီးနောက် နကျင်မှုကြောင့် သူ့အား အသနားခံနေသည်ကို သူမြင်တွေ့လိုပေ၏။

စုန်ကျန်းရှင်းက အလေးနက်ထားသောအသံဖြင့် ပြောဆိုသည်။

"သခင်လေး...အဲ့ဒီလိုလုပ်တာက အရမ်းအဆင်အခြင်မဲ့ရာ မကျဘူးလား....အနည်းဆုံးတော့ ငါတို့က စုံစမ်းထောက်လှမ်းမှုအတွက် ကင်းထောက်တချို့ကို ကြိုပြီးစေလွှတ်သင့်တယ်"

စုန်ကျန်းရှင်းသည် သူ့၏တည်ငြိမ်မှုကြောင့် ထန်စစ်တပ်အတွင်း၌ အစဉ်အမြဲ နာမည်ကျော်ကြားသူပင်။

"မင်းက ဘာတွေ ကြောက်နေတာလဲ....ငါတို့မှာ အရေအတွက်အရ အားသာချက်ရှိနေပြီ...ငါတို့က သူတို့ကို ခြေမွှဖျက်ဆီးနိုင်မှာ သေချာပေါက်ပဲ"

လီဖူက ဒေါသတကြီးအော်ငေါက်လိုက်၏

စုန်ကျန်းရှမ်းက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။

"ငါ ဒီနေရာကို ရောက်မလာခင် အမတ်ကြီးက လုယွီကိုသတိထားဖို့ ငါ့ကို မှာကြားလိုက်တယ်... သူ့ကို ကြည့်တဲ့နေရာမှာ သာမန်အတွေးအခေါ်တွေကို အသုံးပြုလို့မရဘူး"

"ဟား ဟား ဟား...အမတ်ကြီးလီကျိုးစီက တကယ့်ကို အတွေးလွန်နေတာပါလား...လုယွီဆီမှာ စစ်သည်အင်အားတစ်သိန်းပဲရှိတယ်....တကယ်လို့ သူက မိုးကောင်းကင်ကိုဖီဆန်နိုင်တယ်ဆိုရင်တောင် သူ ငါ့ကိုသတ်နိုင်ပါ့မလား"

လီဖူက ကျယ်လောင်စွာအော်ဟစ်ရယ်မောလေသည်။

စုန်ကျန်းရှင်းသည် လီဖူကို တန်းတန်းမတ်မတ်ကြည့်ကာ ပြောဆိုလိုက်၏။

"အမတ်ကြီး ပြောလိုက်တာက...တကယ်လို့ လုယွီသာဆိုရင် သူ အဲ့ဒီကိစ္စကို လုပ်နိုင်လိမ့်မယ်"

Chapter 3893

လီဖူသည် ထိုစကားကိုကြားချိန်တွင် နေရာမှာတပင် တောင့်တင်းလုနီးပါးဖြစ်သွားကာ မယုံကြည်နိုင်မှုဖြင့် မေးမြန်းလိုက်သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

အမတ်ကြီးလီကျိုးစီသည် မည်ကဲ့သို့ လူစားမျိုးဖြစ်သနည်း။သူသည် လုယွီကို ဤမျှထိ မြင့်မားစွာ အကဲဖြတ်ထားခဲ့သလော။

စုန်ကျန်းရှင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"အစပထမတော့ ငါလည်း သခင်လေးနဲ့ အတွေးတူခဲ့တယ်...ဒါပေမယ့် နောက်ပိုင်းမှာ ငါက လုယွီရဲ့အရင်အောင်မြင်မှုတွေအကြောင်းကို စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ သူ့ကို အရင်အတိုင်း မတွေးတော့ဘူး"

"သူက တာယွီအင်ပါယာရဲ့ ထိပ်သီးကျောင်းတော်သားအသစ်တစ်ယောက်ပဲ မဟုတ်ဘူးလား...သူက အခုလတ်တလောမှ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ရောက်လာပြီးတော့ ရာထူးကို လွှဲပြောင်းယူခဲ့တာလေ...သူ့ရဲ့အောင်မြင်မှုတွေက ဘယ်နေရာကနေ ရလာတာလဲ"

လီဖူက မေးမြန်းသည်။

စုန်ကျန်းရှင်းသည် လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

"ငါတို့ထန်အင်ပါယာ ပြန်ရှင်သန်လာတဲ့အချိန်မှာ တစ်ချိန်တုန်းက လော့ရွှေကြယ်မြစ်ရဲ့အင်အားစုကြီးနှစ်စုဖြစ်တဲ့ ရှုရာမျိုးနွယ်နဲ့နတ်ဆိုးသားရဲမျိုးနွယ်တွေကို ခေါ်ယူနိုင်ခဲ့တဲ့ကိစ္စကို သခင်လေးကြားဖူးမှာပါ...ဟုတ်တယ်မလား"

"သေချာတာပေါ့....ငါ ဒီကိစ္စကို မှတ်မိတယ်"

လီဖူက ခေါင်းညိတ်ပြလေသည်။

ထန်ဧကရာဇ်လီကျီး တက်လှမ်းလာသည့်အချိန်မှစတင်၍ ထန်အင်ပါယာ မြင့်တက်လာခဲ့ကာ တော်ဝင်မိသားစုကို ပြန်လည်တည်ထောင်နိုင်ခဲ့သည်။

သို့ရာတွင် ထိုကိစ္စများမတိုင်မီ အချိန်ကတည်းက ထန်အင်ပါယာမှအင်အားစုများသည် လော့ရွှေကြယ်မြစ်အတွင်း၌ သူတို့ကိုယ်သူတို့ ဖုံးကွယ်၍နေထိုင်ခဲ့ကြလေ၏။လီဖူ၏ယခင်မျိုးနွယ်သည် ကြယ်မြစ်အတွင်း၌ ချမ်းသာကြွယ်ဝဆုံးမျိုးနွယ်တစ်ခုပင်။သို့ရာတွင် သူ့မိသားစု၏အစစ်အမှန်ပုံပန်းသွင်ပြင်မှာ ထန်အင်ပါယာ၏တော်ဝင်မိသားစုဖြစ်သည်။

လီဖူသည် ချမ်းသာကြွယ်ဝသောမိသားစုတစ်စုမှလူငယ်သခင်လေးတစ်ယောက်ဖြစ်ကာ ထန်အင်ပါယာ၏တော်ဝင်မိသားစုမှ မင်းသားတစ်ပါးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ပြောရမည်ဆိုလျှင် လော့ရွှေကြယ်မြစ်သည် ထန်အင်ပါယာ ပြန်လည်ရှင်သန်လာရခြင်း၏အစပြုရာနေရာပင်။

စုန်ကျန်းရှင်းသည် အလေးနက်ထားသောအသံဖြင့် ပြောဆိုလိုက်၏။

"ဒါဆိုရင် ရှူရာမျိုးနွယ်ရဲ့နတ်ဘုရား သေ​ကြေပျက်စီးသွားတဲ့ကိစ္စကို သခင်လေး သိမှာပါ.... တကယ်လို့ အဲ့ဒီကိစ္စကြောင့်သာမဟုတ်ရင် ရှုရာမျိုးနွယ်ရဲ့အင်အားက နတ်ဆိုးသားရဲမျိုးနွယ်ထက် အဆင့်တစ်ဆင့်ပိုပြီးမြင့်နေမှာပဲ"

"ရှုရာနတ်ဘုရား သေဆုံးသွားတဲ့ကိစ္စကို ငါ ကြားထားပြီးပြီ...ဒါပေမယ့် အဲ့ဒီကိစ္စက တာယွီအင်ပါယာရဲ့ နတ်ဘုရားဓားအမတ်ကြီးလက်ချက်ကြောင့် မဟုတ်ဘူးလား"

လီဖူက အနည်းငယ်သိချင်စိတ်ပြင်းပြသွားသည်။

"မဟုတ်ဘူး...နတ်ဘုရားဓားအမတ်ကြီးက အဲ့ဒီတိုက်ပွဲကို နောက်ကျမှရောက်လာခဲ့တာ...ရှုရာမျိုးနွယ်ရဲ့ကိစ္စက သူနဲ့ အများကြီးမသက်ဆိုင်ဘူး"

စုန်ကျန်းရှင်းက လီဖူကို ကြည့်လိုက်သည်။

"ရှုရာနတ်ဘုရားက လုယွီရဲ့သတ်ဖြတ်တာကို ခံလိုက်ရတာပဲ...ပြီးတော့ လုယွီက ရှူရာစစ်တပ်ရဲ့ဝိုင်းရံထားတာကို ခံထားရတဲ့ တော်ဝင်စစ်တပ်ကိုလည်း ကယ်တင်ခဲ့သေးတယ်....ဒါတွေက လုယွီ ထိပ်သီးကျောင်းတော်သားမဖြစ်ခင်မှာ ရခဲ့တဲ့ တိုက်ပွဲအောင်မြင်မှုတွေပဲ...ဒါကြောင့် သူက လက်ဝဲစစ်တပ်ရဲ့တပ်မှူးဆိုတဲ့ အရေးပါတဲ့ရာထူးနေရာကိုတောင် ရရှိနိုင်ခဲ့တယ်"

"သူက နတ်ဘုရားတစ်ပါးကိုတောင် သတ်ဖြတ်နိုင်တာလား"

လီဖူသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

"ပြီးတော့ ဒါက သူ နတ်ဘုရားတစ်ပါးကို သတ်ဖြတ်တဲ့ ပထမဆုံးအကြိမ်မဟုတ်ဘူး... ငါတို့စုံစမ်းထားတဲ့ သူ့ရဲ့မှတ်တမ်းတွေထဲကတချို့အရ သူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ရှိနေတဲ့အချိန်တုန်းက အစိမ်းရောင်ကြာနတ်ဘုရားရဲ့ပုန်ကန်မှုကို နှိမ်နင်းခဲ့တယ်...သူက အစိမ်းရောင်ကြာနတ်ဘုရားကိုလည်း သတ်ဖြတ်ခဲ့တယ်...ဒါပေမယ့် အဲ့ဒီကိစ္စကို တာယွီတော်ဝင်နန်းတွင်းက သတင်းတွေပိတ်ဆို့ထားတာကြောင့် ငါတို့က သတင်းအရင်းအမြစ်အမျိုးစုံကနေ စုံစမ်းခဲ့တာတောင် အနည်းအကျဥ်းပဲရှာဖွေတွေ့ရှိခဲ့တယ်"

"တော်ဝင်မြို့တော်ထဲမှာ ခိုးဝင်နေတဲ့သူလျှိုတွေရဲ့ စုံစမ်းထောက်လှမ်းမှုတွေအရဆိုရင် သူက သူ့နောက်ကိုလိုက်လံဖမ်းဆီးနေတဲ့ ကျီးကန်းနက်နတ်ဘုရားနဲ့ တခြားထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကိုလည်း သတ်ခဲ့ပုံရတယ်...ငါရဲ့ခန့်မှန်းချက်အရဆိုရင် သူ့ရဲ့ခွန်အားက နယ်မြေသခင်အဆင့်ကိုရောက်နေပြီ"

လီဖူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"နယ်မြေသခင်...သူကလား"

ဤသည်မှာ လီဖူတစ်ယောက်တည်း မဟုတ်ချေ။

သူ့၏နောက်ရှိ လက်ဝဲစစ်တပ်မှစစ်ဗိုလ်ချုပ်များ၏မျက်နှာများပေါ်တွင်လည်း အံ့အားသင့်တုန်လှုပ်သွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့သည် လုယွီနှင့်ရင်ဆိုင်ရာတွင် ရှုံးနိမ့်ခဲ့ရသည်။သို့ရာတွင် လုယွီသည် အသက်နှစ်ဆယ်ခန့်သာရှိသော လူငယ်တစ်ယောက်ဖြစ်သဖြင့်စစ်ဗိုလ်ချုပ်အများစုသည် ဤကိစ္စကို ယုံကြည်လက်ခံလိုခြင်းမရှိချေ။

ယခုအချိန်၌ သူတို့သည် စုန်ကျန်းရှင်း၏ဖော်ပြချက်ကိုကြားပြီးနောက် လုယွီ မည်မျှထိအစွမ်းထက်သည်ကို သူတို့အားလုံး သိရှိသွားကြသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် နယ်မြေသခင်အဆင့် ခွန်အားရှိနေသူတစ်ယောက်ပင်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ နယ်မြေသခင်အနည်းစုသာရှိသည်။သူတို့အနက်မှတစ်ယောက်ချင်းစီသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးတည်ရှိမှုကြီးများဖြစ်ပေ၏။

ရွှယ်အင်မော်တယ်နယ်ပယ်သည် လူအများ၏အထက်တွင် အုပ်ချုပ်နိုင်သော သူရဲကောင်းများ၏နေရာဟု ပြောဆိုပါက နယ်မြေသခင်တစ်ယောက်သည် နယ်မြေတစ်ခုကိုအုပ်ချုပ်နိုင်သော အရာရှိကြီးတစ်ယောက်ပင်။သူသည် သူ့၏လက်ချောင်းများကို တစ်ချက်လှုပ်ခတ်လိုက်ရုံဖြင့် မရေမတွက်နိုင်သော သက်ရှိမျိုးနွယ်များ၏သေရေးရှင်ရေးကို ထိန်းချုပ်နိုင်သည်။

လုယွီသည် ငယ်ရွယ်သောအသက်အရွယ်တွင် ဤကဲ့သို့ ခွန်အားမျိုးရှိနေသည်မှာ သူတို့အားလုံး တုန်လှုပ်ချောက်ချားရန် လုံလောက်နေလေပြီ။

သို့ရာတွင် လက်ဝဲစစ်တပ်မှစစ်ဗိုလ်ချုပ်များသည် သူတို့၏မျက်လုံးများကိုစုံမှိတ်၍ ထိုနေ့တုန်းက ကောင်းကင်ချိုးဖျက်ခံတပ်၏မြို့ရိုးရှေ့မှမြင်ကွင်းကို ပြန်မြင်ယောင်လိုက်ကြသည်။ အကယ်၍ လုယွီထံတွင် နယ်မြေသခင်အဆင့်ခွန်အားမျိုး အမှန်တကယ်ရှိနေပါက ဤကဲ့သို့နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည်မှာ ထူးဆန်းသောကိစ္စတစ်ရပ် မဟုတ်တော့ချေ။

All Chapters