← Chapters

အခန်း (၃၉၀၆-၃၉၀၉)

Vol. 199 Ch. 3906-3909

အခန်း (၃၉၀၆-၃၉၀၉)

Vol. 199 Ch. 3906-3909

Chapter 3906

"မကောင်းတော့ဘူး...နောက်ဆုတ်ကြတော့"

စုန်ကျန်းရှင်းသည် လီဖူ၏အမိန့်များကို ဂရုမစိုက်တော့ဘဲ ချက်ချင်းအော်ဟစ်လိုက်သည်။

ဤသည်မှာ ရန်သူများထံသို့ တိုးဝင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ သူတို့ကိုယ်သူတို့ သေလမ်းအတွင်းသို့ တွန်းပို့နေခြင်းပင်။

သူသည် ရွှယ်အင်မော်ယ်တစ်ယောက်ဖြစ်သော်လည်း အသွေးအသားဖြင့်ဖွဲ့စည်းထားသော လူတစ်ယောက်ဖြစ်နေဆဲပင်။အကယ်၍ သူသည် ဤကဲ့သို့ အလွန်များပြားသောမှော်လက်နက်များဖြင့် တိုက်ခိုက်ခြင်းခံရပါကသူ သေဆုံးသွားနိုင်​ချေရှိသည်။

သို့ရာတွင် ရှောင်လက်ရွေးစင်စစ်သားများသည် စုန်ကျန်းရှင်း၏အမိန့်များကို နာခံခြင်းမရှိချေ။

သူတို့သည် လီဖူတစ်ယောက်တည်း၏အမိန့်ကို နာခံပေ၏။

အကယ်၍ လီဖူသည် သူတို့အားဘနောက်ဆုတ်ရန်အမိန့်မပေးပါက သူတို့ရှေ့၌ အသူရာငရဲရှိနေလျှင်ပင် သူတို့ တိုးဝင်တိုက်ခိုက်ပေမည်။

ထောင်သောင်းချီသောမှော်ရတနာများမှ အလင်းတန်းများ ကျရောက်လာသည်နှင့်အတူ ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းအကြားမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

ဘုန်း....ဘုန်း...ဘုန်း....

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းအနက် ရှေ့ဆုံးမှ တိုးဝင်တိုက်ခိုက်သွားသူတချို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုစစ်သားတစ်သောင်းအနက်မှ ပို၍အစွမ်းထက်သောစစ်သားတချို့သည် မှော်ရတနာအလင်းတန်းများမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။သို့ရာတွင် သူတို့အားဆီးကြိုနှုတ်ဆက်နေသည်မှာ ပုန်းကွယ်နဂါးစစ်တပ်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများပင်။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းထံတွင် ကောင်းမွန်သောလက်နက်များ ရှိသော်လည်း ပုန်းကွယ်နဂါးစစ်တပ်ထံတွင် ပို၍ကောင်းမွန်သော လက်နက်များရှိနေသည်။

ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် တင်းကြပ်သောလေ့ကျင့်မှုများကို ဖြတ်ကျော်ခဲ့ရကာ ပုန်းကွယ်နဂါးစစ်တပ်သည်လည်းထပ်တူထပ်မျှပင်။

"သတ်ကြစမ်း"

သွေးလွှမ်းသောတိုက်ပွဲတစ်ခုက နှစ်ဖက်အကြားတွင် ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။

လုယွီသည် ပုန်းကွယ်နဂါးစစ်တပ်ကိုတည်ထောင်ပြီးသည့်အချိန်မှစ၍ ဤစစ်တပ်သည် အဆက်မပြတ် လေ့ကျင့်နေခဲ့ရသည်။

သူတို့သည် အချိန်အလွန်ကြာမြင့်စွာ လေ့ကျင့်ခဲ့ပြီးနောက် ယခုအချိန်တွင် သူတို့၏အရည်အချင်းများကို ပြသရန် အချိန်ကျရောက်လာလေပြီ။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နှစ်ဖက်အကြား၌ ပြင်းထန်သောတိုက်ပွဲတစ်ခု စတင်လာပေ၏။ကောင်းကင်မူဝါဒရုံးတော်၏ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းသည် လီဖု၏အကြီးမားဆုံးဝှက်ဖဲပင်။သို့ရာတွင် သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများနှင့်ထိတွေ့မိချိန်တွင် အလျင်အမြန်ပြန့်ကျဲသွားသည်။

ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများ တတ်မြောက်ထားသော မှော်မန္တန်များသည် ယခင်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလာပေ၏။သူတို့သည် ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းကို ဖိအားပေး၍ တိုက်ခိုက်နိုင်ခဲ့သည်။

"အဲ့ဒီလူတွေက သာမန်တာယွီစစ်သားတွေမဟုတ်ဘူး"

စုန်ကျန်းရှင်းသည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များနှင့် တိုက်ခိုက်မှုခြင်းဖလှယ်ပြီးနောက် သူ့၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

သူသည် ထန်အင်ပါယာ၏ မဟာစစ်ဗိုလ်ချုပ်ဆယ့်ခြောက်ယောက်အနက်မှ တစ်ယောက်ဖြစ်သဖြင့် သူ့၏ခွန်အားမှာ အလွန်ကောင်းမွန်သည်။သူသည် ယခင်က တာယွီအင်ပါယာ၏ စစ်ဗိုလ်ချုပ်များနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ဖိအားအမြောက်အများကို ခံစားခဲ့ရခြင်းမရှိချေ။

သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ယောက်နှင့် တိုက်ခိုက်စဥ်တွင်မူ စုန်ကျန်းရှင်းသည် အလွန်ကြီးမားသောဖိအားကို ပထမဆုံးအကြိမ်အဖြစ် ခံစားမိလေ၏။

ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ် ရွတ်ဆိုနေသော မှော်မန္တန်များသည် အကန့်အသတ်မရှိဘဲ အလွန်အမင်းအစွမ်းထက်သည်။

စုန်ကျန်းရှင်းပင်လျှင် သူ့၏ခွန်အားကုန် ထုတ်ဖော်အသုံးပြု၍ ထိုမှော်မန္တန်များကို ခုခံကာကွယ်နေရသည်။

ဘုန်း...ဘုန်း...ဘုန်း...

နှစ်ဖက်အကြားရှိတိုက်ပွဲ ဆက်လက်၍ဖြစ်ပွားနေသည်။

စုန်ကျန်းရှင်းသည် သူ့၏ခေါင်းကိုနောက်သို့လှည့်ကာ အော်ဟစ်လိုက်၏။

"အရှင့်သား....ဆုတ်ခွာကြစို့"

လင်းယုန်ပျံဝဲအစောင့်တပ်မှ မဟာစစ်ဗိုလ်ချုပ်များပင်လျှင် ရူးသွပ်လုနီးပါးအခြေအနေအတွင်းသို့ ကျရောက်နေသည်။

ပုန်းကွယ်နဂါးစစ်တပ်သည် အရူးများဖြင့်ဖွဲ့စည်းထားသော စစ်တပ်တစ်တပ်နှင့် တူညီနေကာ သူတို့၏တိုက်ခိုက်မှုများ အလွန်အမင်းပြင်းထန်သည်။

စုန်ကျန်းရှင်းသည် ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများ၏မျက်လုံးများအတွင်းတွင်ရှိနေသော လောဘအရိပ်အယောင်တချို့ကိုပင်အာရုံခံမိလေ၏။

ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော မှော်သားရဲကြီးတစ်ကောင်မှနေ၍ သူ့၏သားကောင်ကို မြင်တွေ့သွားသည်အလားပင်။

သူတို့သည် သားကောင်များ ဖြစ်နေသလော....

ထိုအကြောင်းကို တွေးတောမိချိန်၌ စုန်ကျန်းရှင်းသည် သူ့၏ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိသည်။

စုန်ကျန်းရှင်း၏အော်သံနှင့် မိုးကောင်းကင်ယံအတွင်းမှထွက်ပေါ်နေသော စူးရှနာကျင်စွာအော်ဟစ်နေသံများကို ကြားချိန်တွင် လီဖူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"နောက်ဆုတ်ရမှာလား...ငါက ဘယ်နေရာကို နောက်ဆုတ်ရမှာလဲ"

လီဖူသည် နောက်သို့ချာခနဲလှည့်ကာ ရုတ်တရက် သူ့၏နောက်ရှိ လေဟာနယ်ကိုကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက် ငါ့ကို ကူညီပေးနိုင်မလား"

လီဖူ၏နောက်မှာနေ၍ တုရှန်းရှန်းနှင့်ယဲ့ကွမ်ကျီးတို့ ထွက်ပေါ်လာသည်။

ယဲ့ကွမ်ကျီးက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။

"အရှင့်သား....ငါတို့ရဲ့တာဝန်က မင်းကို ကာကွယ်ပေးဖို့ပဲ...တခြားကိစ္စတွေအတွက်ကတော့ ငါတို့ကို မင်း တောင်းဆိုလို့မရဘူး"

ဤလူများသည် ဧကရာဇ်၏လက်အောက်တွင်ရှိနေသဖြင့် ထန်ဧကရာဇ်မှပေးအပ်သော အမိန့်များကိုသာ လိုက်နာသည်။

စည်းကမ်းထိန်းသိမ်းရေးမှူး ယဲ့ကွမ်ကျီး၏တာဝန်သည် လီဖူကို အနီးကပ်ကာကွယ်စောင့်ရှောက်ပေးရန်သာ ဖြစ်ပေ၏

Chapter 3907

လီဖူသည် ယဲ့ကွမ်ကျီးကိုမြင်တွေ့ချိန်တွင် သူ့၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း စုန်ကျန်းရှင်းကိုဆက်ဆံသကဲ့သို့ အော်ငေါက်ဝံ့ခြင်းမရှိချေ။

ဤလူများသည် သူ့၏အမိန့်ကို အနည်းငယ်မျှနားထောင်မည်မဟုတ်ချေ။

လီဖူ၏လက်ရှိအဆင့်အတန်းသည် ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးတစ်ယောက်ဖြစ်သည်ကို မဆိုထားနှင့်။အကယ်၍ လီဖူသည်နောင်အနာဂတ်၌ ကောင်းကင်မူဝါဒရုံးတော်၏စစ်ဗိုလ်ချုပ်အဖြစ်သို့ ရာထူးတိုးမြင့်ခံရလျှင်ပင် သူသည် ဤလူများကို ထိန်းချုပ်နိုင်စွမ်းရှိမည်မဟုတ်ချေ။

"တပ်မှူးတု....ငါတို့ရဲ့လက်အောက်မှာရှိတဲ့ ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းက အခုလက်ရှိအချိန်မှာ ဒဏ်ရာအပြင်းအထန်ရရှိနေကြတယ်....ဒီသေရေးရှင်ရေးအခြေအနေကနေ မင်း သူတို့ကို ကယ်တင်ပေးနိုင်မလား"

လီဖူက တောင်းဆိုလိုက်၏။

တုရှန်းရှန်း၏မျက်လုံးများအတွင်းတွင် ခံစားချက်ကင်းမဲ့နေဆဲပင်။သူသည် စူးရှနာကျင်စွာအော်ဟစ်နေသံများ အဆက်မပြတ်ထွက်ပေါ်နေသည့် မိုးကောင်းကင်ယံထံသို့ ကြည့်လိုက်သော်လည်း အနည်းငယ်မျှလှုပ်ရှားခြင်းမပြုချေ။

အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက်တုရှန်းရှန်းသည် နောက်ဆုံး၌ သက်ပြင်းတချက်ရှိုက်လိုက်သည်။

"အစ်ကိုယဲ့...အရှင့်သားကို ကာကွယ်ထားဖို့ ငါ မင်းကို ဒုက္ခပေးရအုံးမယ်...ငါ မကြာခင်ပြန်လာခဲ့မယ်"

ယဲ့ကွမ်ကျီးသည် သူ့အား ဟန့်တားခြင်းမပြုချေ။

သူနှင့်တုရှန်းရှန်းတို့သည် ကျင့်ကြံဆင့်နယ်ပယ်တူတွင် ရှိနေပေ၏။သူတို့နှစ်ယောက်လုံး ဤနေရာသို့ ရောက်လာသည်မှာ လီဖူကို ကာကွယ်ရန်အတွက်ပင်။ထို့ကြောင့် လူတစ်ယောက်ထွက်ခွာသွားသည်မှာ ပြဿနာတစ်ရပ် မဟုတ်ချေ။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တုရှန်းရန်းသည် စုန်ကျန်းရှင်း၏နံဘေးသို့ ရောက်ရှိသွားကာ သွေးနီရောင်လက်သီးတချက်ကို ထိုးနှက်လိုက်သည်။

သူ့ထံတွင် ကြီးမားသောစွမ်းအားရှိနေသဖြင့် သူ့၏လက်သီးချက်သည် အလွန်အမင်းအစွမ်းထက်ပေ၏။သူ ထိုလက်သီးချက်ကို ထိုးနှက်လိုက်သည်နှင့် ပြင်းထန်သောလက်သီးစွမ်းအားလှိုင်းများ ပွင့်အံ့ထွက်လာကာ စုန်ကျန်းရှင်း၏နံဘေးပတ်လည်တွင်ရှိနေသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များကို နောက်သို့ဆုတ်ခွာသွားစေသည်။

"ဗိုလ်ချုပ်စုန်...ငါ မင်းကို ကူညီပေးမယ်"

တုရှန်းရှန်းက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။

စုန်ကျန်းရှင်းထံသို့ကျရောက်နေသော ဖိအားအရှိန်အဝါ အလွန်အမင်း လျော့ကျသွားသည်။ သူသည် ကျေးဇူးတင်ကြောင်း ပြောဆိုတော့မည်အချိန်မှာပင် သူ့၏မျက်လုံးများ ရုတ်တရက်စူးရှသွားကာ သူ့၏ပါးစပ်ကိုပိတ်လိုက်၏။

တုရှန်းရှန်း၏ရှေ့တွင် လူတစ်ယောက်ထွက်ပေါ်လာသည်။

"လုယွီ..."

တုရှန်းရှန်းသည် ထိုလူကိုမြင်တွေ့ချိန်တွင် သူ့၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဤသည်မှာ ရက်အနည်းငယ်သာ ကြာမြင့်သေးသော်လည်း ယခုအချိန်၌ သူ လုယွီကို မြင်တွေ့ရချိန်တွင် တခြားလူတစ်ယောက်ကို မြင်နေရသည်အလားပင်။

အတိတ်တွင် ကောင်းကင်ချိုးဖျက်ခံတပ်၌ လုယွီ၏မှော်စွမ်းအားများသည် ပြိုင်ဘက်ကင်းဖြစ်ကာ သူ့၏ခန္ဓာကိုယ်တွင် ပြင်းထန်သောအရှိန်အဝါများဖြင့် ပြည့်နှက်နေသော်လည်း တုရှန်းရှန်းသည် ရှုံးနိမ့်မည်မဟုတ်ဟု ခံစားမိသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီကိုကြည့်ရသည်မှာ နက်နဲသိမ်မွေ့နေပြီး ဖော်ပြရန်မစွမ်းသော နက်နဲသိမ်မွေ့သည့်ဥပဒေသတစ်ရပ်က သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေသည်။ဤသည်မှာ သေမျိုးတစ်ယောက်မှနေ၍ အင်မော်တယ်တစ်ယောက်ကို မော့ကြည့်နေရသည့်အလားပင်။ဤအချိန်အခိုက်အတန့်တွင် တုရှန်းရှန်းထံ၌ အလွန်သိသာရှင်းလင်းသော ခံစားချက်တစ်ခုရှိနေသည်။ဤသည်မှာ သူသည် သေမျိုးတစ်ယောက်ဖြစ်၍ သူ့ရှေ့ရှိ လုယွီသည် အစစ်အမှန် အင်မော်တယ်တစ်ယောက်အလားပင်။

ဤကဲ့သို့ခံစားချက်မျိုးသည် ယခင်နှင့် မိုးနှင့်မြေတမျှ ကွဲပြားခြားနားနေသည်။

လုယွီ၏ဝတ်ရုံရှည်သည် လေ​ပြေလေညှင်းတိုက်ခတ်လာသည်နှင့်အတူ လူးလွန့်နေသည်။ သူ့ထံတွင် မည်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျှ ရှိနေပုံမရသော်လည်း တုရှန်းရှန်းကို ကြီးမားသောရန်သူကြီးတစ်ယောက်ဖြင့် ရင်ဆိုင်နေရသည့်အလား ခံစားမိစေသည်။ သူ့၏ခန္ဓာကိုယ်အတွင်းရှိ အရိုးနှင့်ကြွက်သားများပင်လျှင် တုန်ရီနေပေ၏။

"မင်းက ကောင်းကင်မူဝါဒရုံးတော်ရဲ့ တပ်မှူးတစ်ယောက်ပဲဖြစ်မယ်...ဟုတ်တယ်မလား....မင်းတို့ရုံးတော်မှာ တပ်မှူးဆယ့်နှစ်ယောက်ရှိတယ်လို့ ငါ ကြားထားတယ်...မင်းတို့တစ်ယောက်ချင်းစီက ကျင့်ကြံဆင့်နယ်ပယ်မြင့်မားတဲ့လူတွေပဲ...ကြည့်ရတာတော့ ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ ပြင်ပမှာတုန်းက မင်းရဲ့ခွန်အားကုန်ကို ထုတ်ဖော်အသုံးပြုခဲ့ပုံမရဘူး"

ထို့နောက် လုယွီက စုန်ကျန်းရှင်းကိုကြည့်ကာ ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။

"မင်းက လင်းယုန်ပျံတဲအစောင့်တပ်ရဲ့မဟာစစ်ဗိုလ်ချုပ်ပဲဖြစ်မယ်....မင်းက ဝူတင်းအမတ်ကြီးလီကျိုးစီရဲ့ ရှေ့ပြေးတပ်မှူးလို့လည်း ငါ ကြားထားတယ်...ဝူတင်းအမတ်ကြီးက လီဖူလိုငတုံးကောင်မျိုးကို စစ်သည်တွေအသုံးပြုခိုင်းပြီးတော့ ငါ့ကို လာတိုက်ခိုက်စေတဲ့အထိ သတိပေါ့ဆတာလား"

လုယွီ၏စကားလုံးများသည် မိုးကောင်းကင်တာအို၏အသံအလား သူတို့နှစ်ယောက်၏နားများအတွင်းသို့ ဝင်ရောက်လာသည်။

ဤသည်မှာ သိုင်းပညာသူတော်စင်တစ်ယောက်၏ စကားလုံးများပင်။

စာပေသူတော်စင်များသည် စာလုံးများကို ရေးသား၍ စွမ်းအားကိုထုတ်ဖော်နိုင်စွမ်းရှိသည်။သိုင်းပညာသူတော်စင်များသည် စကားလုံးများဖြင့် လောကကြီးကို အုပ်ချုပ်နိုင်စွမ်းရှိပေ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီကိုကြည့်ရသည်မှာ နူးညံ့သိမ်မွေ့ပြီးသန့်စင်နေကာ ကျောင်းတော်သားတစ်ယောက်အလားပင်။

သို့ရာတွင် သူ စကားပြောဆိုလိုက်ချိန်၌ ဓားများ ဆေဘာဓားများ ထိခတ်နေသော အသံများဖြင့်ပြည့်နှက်နေကာ လူအများကို တိုက်ပွဲစစ်မြေပြင်တစ်ခုထံသို့ ရောက်ရှိသွားသည့်အလား ခံစားရစေသည်။

စုန်ကျန်းရှင်းနှင့်တုရှန်းရှန်းတို့၏ မျက်နှာများပေါ်တွင် မကြည်သာသောအမူအယာများ ရှိနေလေ၏။

ထန်စစ်တပ်အတွင်းတွင် သူတို့၏အဆင့်အတန်းမှာ အလွန်မြင့်မားသည်။

သူတို့သည် မည်သည့်ရန်သူမျိုးနှင့် ရင်ဆိုင်ရစေကာမူ သူတို့နှစ်ယောက် အတူပူးပေါင်း၍ ရင်ဆိုင်ချိန်တွင် အနိုင်ယူနိုင်စွမ်းရှိသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့နှစ်ယောက်သည် လုယွီ၏မျက်လုံးအတွင်းမှနေ၍ မတူကွဲပြားမှုတစ်ခုကို ခံစားမိသည်။

ဤသည်မှာ ဧကရာဇ်တစ်ပါးမှနေ၍ ပုရွက်ဆိတ်တစ်ကောင်ကိုမြင်တွေ့ချိန်၌ ပြုလုပ်သောအပြုအမူမျိုးပင်။

"ငါ မင်းတို့နှစ်ယောက်ကို အခွင့်အရေးတစ်ခုပေးမယ်...မင်းတို့နှစ်ယောက် အတူပူးပေါင်းပြီးတော့ အင်အားအကောင်းဆုံးတိုက်ခိုက်မှုကို အသုံးပြုကြစမ်း"

လုယွီက ပြောဆိုသည်။

Chapter 3908

လုယွီသည် သူ့၏စကားကိုအဆုံးသတ်ပြီးသည်နှင့် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က သူ့၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။

တစ်ချိန်တည်းမှာပင် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိအရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်။သူ၏ကျောင်းတော်သားအရှိန်အဝါမှနေ၍ အသူရာကြေးချွတ်သန့်စင်ဘုံမှ ထွက်လာသော အသူရာသရဲတစ္ဆေတစ်ကောင်၏အရှိန်အဝါမျိုးသို့ တဖြည်းဖြည်းပြောင်းလဲသွားပေ၏။

လုယွီ၏ပြောင်းလဲသွားမှုကိုကြည့်ပြီးနောက် စုန်ကျန်းရှင်းနှင့်တုရှန်းရှန်းတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"ကောင်းပြီလေ...မင်းရဲ့ငယ်ရွယ်တဲ့အသက်နဲ့ မင်းဆီမှာ ကောင်းကင်ဘုံကို ဖီဆန်နိုင်တဲ့စွမ်းအားမျိုး ရှိနေတယ်လို့ ငါ မယုံကြည်ဘူး"

တုရှန်းရှန်းသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ သူ့၏နောက်ကျောပေါ်မှ ဆေဘာဓားရှည်ကိုဆွဲထုတ်လိုက်သည်။

ထိုဆေဘာဓားရှည်ကို ဆွဲထုတ်လိုက်သည်နှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က သူ့၏နံဘေးပတ်လည်၌ ချက်ချင်းစုဝေးသွားသည်။

တုရှန်းရှန်း၏နံဘေးပတ်လည်မှနေ၍ တိုက်ပွဲစစ်မြေပြင်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည့်အလား တိုက်ခိုက်နေသောအသံများပင် ထွက်ပေါ်နေသည်။

ဤသည်မှာ တိုက်ပွဲစစ်မြေပြင်ပေါ်တွင် နှစ်ပေါင်းများစွာကြာမြင့်သည်အထိ နေထိုင်လာခြင်းမှ ဖြစ်တည်လာသော သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်ပင် တိုက်ပွဲစစ်မြေပြင်ပေါ်တွင် ဗိုလ်ချုပ်အိုကြီးများသာ ရန်သူနှင့်တိုက်ခိုက်နေသောအချိန်တွင် တားဆီးဟန့်တားရန်အတွက် သူတို့ထံတွင် လုံလောက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများရှိသည်။

စုန်ကျန်းရှင်းသည် သူ့၏ဓားကို ဆွဲထုတ်လိုက်သော်လည်း လုယွီကို ခုတ်ပိုင်းခြင်းမပြုချေ။

သူ့၏ဓားပေါ်တွင် ကွဲပြားခြားနားသောအရှိန်အဝါနှစ်ရပ်က ရှေ့နောက်လူးလွန့်၍ လှည့်ပတ်နေသည်။တစ်ခုသည် ယန်ဖြစ်ပြီးတခြားတစ်ခုသည် ယင်ပင်။ထိုအရာနှစ်ခုသည် ရောယှက်ကာ အတူတကွပေါင်းစပ်နေပေ၏။

ယင်နှင့်ယန်လှည့်ပတ်နေခြင်းက ထပ်ခါတလဲလဲဖြစ်ပွားနေသည်။

ဘန်း....ဘန်း...ဘန်း....

ထိုဓားရှည်သည် လူတစ်ယောက်ကို တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုသေးသော်လည်း ထက်ရှသော ဓားစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်နေသည်။

ယန်ဓားသည် ပေါ့ပါးပြီး ဖြောင့်တန်းတည့်မတ်ကာ လူအများကို ဖိနှိပ်နိုင်သည့်စွမ်းအားမျိုးကိုအသုံးပြုနိုင်သည်။ယင်ဓားသည်မှု လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုသောဓားဖြစ်ကာ လျှို့ဝှက်လုပ်ကြံပြီး ဆုတ်ခွာရသောအရာပင်။

ဤကဲ့သို့ မတူကွဲပြားသော စွမ်းအားနှစ်ရပ်သည်အတူတကွရောယှက်နေသဖြင့် ရန်သူများခုခံကာကွယ်ရန် အလွန်အမင်းခက်ခဲစေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ပြင်ဆင်ထားခြင်းမရှိပါက ဤဓားချက်ဖြင့်ရိုက်ခတ်ခြင်းကို လွယ်လင့်တကူခံရပေမည်။

"ဒါက အမှန်ပဲ....မင်းတို့နှစ်ယောက်က ထန်အင်ပါယာရဲ့လက်ရွေးစင်တွေပါလား...အရင်တုန်းက မင်းတို့ရဲ့ခွန်အားကုန်ကို ထုတ်ဖော်အသုံးမပြုခဲ့ဘူး...အခု ငါ့ရှေ့မှာ မင်းတို့ရဲ့ခွန်အားတွေကို ထပ်ပြီးဖုံးကွယ်ထားဖို့မလိုဘူး...ငါ မင်းတို့ကိုအရှုံးကိုဝန်ခံအောင် လုပ်ပြမယ်"

လုယွီသည် တိုက်ခိုက်မှုနှစ်ခုကိုကြည့်ပြီးနောက် သူ့၏မျက်လုံးများ တည်ငြိမ်နေသည်။ ရုတ်တရက် လုယွီသည် သူ့၏လက်ကို ဆန့်တန်းကာ ရှေ့သို့ဆွဲဆုပ်လိုက်သည်။လောကကြီးတစ်ခွင်လုံးကို အထင်အမြင်သေးသော အရှိန်အဝါတစ်ရပ်က သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်မှ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် မိုးကြိုးမီးနှင်းကြာပွင့်ဖြင့် ပြန်လည်ကုသပြီးနောက်သူ့၏စွမ်းအားများအားလုံးကို အပြည့်အဝပြန်လည်ရရှိသွားလေပြီ။

အစစ်အမှန်အင်မော်တယ်တစ်ယောက်၏စွမ်းအားကို အပြည့်အဝဖြန့်ကျက်လိုက်သဖြင့် သူတို့သုံးယောက်အကြားရှိ လေဟာနယ်ပုံပျက်သွားသည်။

တခြားလူများသည် သူတို့၏တိုက်ခိုက်နေမှုကိုရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည်မဟုတ်သော်လည်း လေထုအတွင်းမှ ကျယ်လောင်သောပေါက်ကွဲသံများကိုသူတို့အားလုံး ကြားနိုင်ပေ၏။

သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ထိုလူသုံးယောက်၏နံဘေးပတ်ဝန်းကျင် မီတာတစ်ထောင်ပတ်လည်အတွင်းသို့ ချဉ်းကပ်ဝံ့ခြင်းမရှိချေ။

ထန်စစ်သားများဖြစ်စေ တာယွီစစ်သားများဖြစ်စေ သူတို့အားလုံးသည် လုယွီ၏နောက်၌ အသူရာငရဲဘုံနှင့်တူညီသော မြင်ကွင်းတစ်ခုကို ခံစားနေရသည်။

သူ့၏အနီးသို့ ချဉ်းကပ်သွားမိသော မည်သူမဆို နယ်မြေတစ်ခုအတွင်း၌ လှောင်ပိတ်မိနေကာ ရုန်းထွက်နိုင်စွမ်းမရှိတော့ချေ။

လုယွီ၏မျက်နှာအမူအယာသည် တစ်ချိန်လုံးတည်ငြိမ်နေပေ၏။

သို့ရာတွင် တုရှန်းရှန်းနှင့်စုန်ကျန်းရှင်းတို့သည် ကြီးမားသောဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားနေရသည်။

"ဒါက တကယ့်ကို အမှန်ပါပဲလား....သူ့ဆီမှာ နယ်မြေသခင်တစ်ယောက်ရဲ့စွမ်းအားမျိုး ရှိနေတယ်"

စုန်ကျန်းရှင်း၏မျက်လုံးများ ပြူးကျယ်နေကာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် လုယွီနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စုံစမ်းထားပြီးဖြစ်သည်။ ထို့ကြောင့် လုယွီ၏အသက် မည်မျှဖြစ်သည်ကို သူ ကောင်းစွာသိရှိထားပေ၏။

ဖူကျစ်ရွှယ်သည်လည်း စာပေသူတော်စင်ယီ​ဟန်၏တပည့်ဖြစ်သော်လည်း သူသည် အသက်သုံးဆယ်ရောက်မှသာ တိုက်ပွဲစစ်မြေပြင်အတွင်း၌ နာမည်ကျော်ကြားခဲ့ခြင်းဖြစ်သည်။

လုယွီကမူ အသက်နှစ်ဆယ်သာ ရှိနေသေးသည်။

ဤကဲ့သို့အသက်အရွယ်တွင် ထိပ်သီးမိသားစုကြီးများမှ ပါရမီရှင်တပည့်များပင် ကျင့်ကြံဆင့်နယ်ပယ်အရ မြေကမ္ဘာအင်မော်တယ်နယ်ပယ်၌သာ ရှိနေနိုင်သည်။မဟာစစ်ဗိုလ်ချုပ်အဆင့်သို့ ရောက်ရှိလာပါက သူတို့သည် ထိပ်သီးအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပေ၏။

"ငါတို့ ခွန်အားကုန်သုံးပြီး သူ့ကို တိုက်ခိုက်ကြစို့"

တုရှန်းရှန်းက ရုတ်တရက်အော်ဟစ်လိုက်သည်။တစ်ချိန်တည်းမှာပင် သူ့၏နဖူးပေါ်၌ ရွှေရောင်သင်္ကေတအက္ခရာတစ်ခု ထွက်ပေါ်လာသည်။

ထိုသင်္ကေတအက္ခရာသည် ယခုခေတ်ကာလ၏အက္ခရာမျိုးမဟုတ်ဘဲ ရှေးကျသော ရုပ်ပုံစာအက္ခရာမျိုးဖြစ်ပေ၏။

ဤသင်္ကေတအက္ခရာမှာ 'ဆင်' ဟု အဓိပ္ပာယ်ရသည်။

ရေသတ္တဝါများအနက် နဂါးတစ်ကောင်၏စွမ်းအားသည်အကြီးမားဆုံးပင်။

ကုန်းသတ္တဝါများအနက် ဆင်တကောင်သည် မြင့်မြတ်သောစွမ်းအား ပိုင်ဆိုင်ထားသည့် သက်ရှိပင်။

တာအိုကျမ်းစာများ၌ ဖော်ပြထားသည်မှာ....

'နဂါးနဲ့ဆင်တို့ရဲ့စွမ်းအားကို သန့်စင်ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်ရဲ့ သွေးချီစွမ်းအားတွေက တောက်ပမှုတွေနဲ့ ပြည့်နှက်နေပြီးတော့...သရဲတစ္ဆေတွေ နတ်ဘုရားတွေ ချဉ်းကပ်ဝံ့မှာမဟုတ်ဘူး"

တုရှန်းရှန်းသည် သူ့၏လက်ချောင်းတစ်ချောင်းကို ဆန့်တန်းကာ သူ့နဖူးပေါ်ရှိ သင်္ကေတအက္ခရာကို ထိတွေ့လိုက်၏။

Chapter 3909

သူ၏လက်ချောင်း ကျရောက်သွားသည်နှင့် တုရှန်းရှန်း၏နဖူးပြင်ပေါ်ရှိ ရွှေရောင်သင်္ကေတအက္ခရာမှနေ၍ ရုတ်တရက် တောက်ပသောရွှေရောင်အလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာသည်။

ဤသည်မှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည်နှင့်တူညီကာ ထောင်နှင့်ချီသော စိတ်ဝိညာဉ်စွမ်းအားလှိုင်းများက တုရှန်းရှန်း၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။

တုရှန်းရှန်း၏နဖူးပြင်ပေါ်ရှိ ရုပ်ပုံစာသင်္ကေတအက္ခရာသည် ပို၍ကြည်လင်ပြတ်သားကာ ထင်ရှားလာပေ၏။

ဤသည်မှာ ဧရာမဆင်ကြီးတစ်ကောင်သည် သစ်လုံးရှည်တစ်လုံးပေါ်၌ မတ်တတ်ရပ်၍ မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးနေသည့်ပုံပင်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထူထပ်သိမ်းသည်းသော ရွှေရောင်သင်္ကေတအက္ခရာများက တုရှန်းရှန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

တုရှန်းရှန်း၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာသည် ကြေမွှပျက်စီးသွားကာ ကျစ်လစ်မာကျောပြီး သန်မာသောကြွက်သားများ ပေါ်လွင်လာသည်။

သူ့၏ခန္ဓာကိုယ်သည် ယခင်ထက် နှစ်ဆနီးပါးပို၍ကြီးမားသွားကာ သူသည် နှစ်မီတာခန့်မြင့်မားသော လူပုံစံသားရဲကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ရှေးကျသောအရှိန်အဝါတစ်ရပ်က တုရှန်းရှန်း၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ပျံ့နှံ့နေသည်။

ဝူး....

တုရှန်းရှန်း၏မျက်လုံးများ နီမြန်းနေကာ သူ့ထံမှနေ၍ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

ဤဟိန်းဟောက်သံသည် ရှေးဟောင်းခေတ်အချိန်ကာလများအတွင်း၌ သမိုင်းစဉ်တစ်လျှောက် နာမည်ကျော်ကြားခဲ့သော အမွှေးရှည်ဆင်ကြီးတစ်ကောင်မှ ကျယ်လောင်စွာဟိန်းဟောက်လိုက်သောအသံနှင့် တူညီသည်။

အမွှေးရှည်ဆင်ကြီးတစ်ကောင် ဒေါသထွက်လာချိန်တွင် သစ်တောအတွင်းရှိ ခြင်္သေ့များနှင့်ကျားများပင်လျှင် နောက်သို့ဆုတ်ခွာရသည်။

"ဒါဆိုရင် မင်းက ရှေးဟောင်းအမွေးရှည်ဆင်တစ်ကောင်ရဲ့သွေးမျိုးဆက်ကို ရထားတာပါလား...မင်းရဲ့ခွန်အားက သာမန်လူတွေထက် သာလွန်နေတာ အံ့အားသင့်စရာမရှိတော့ဘူး"

လုယွီသည် တုရှန်းရှန်း၏ဝှက်ဖဲကို ထွင်းဖောက်မြင်ပြီးဖြစ်သည်။

မိုးကြိုးဝေလအမတ်ကြီး ရှားဟိုလီကဲ့သို့ပင် တုရှန်းရှန်းသည်လည်း ရှေးဟောင်းအမွေးရှည်ဆင်တစ်ကောင်၏ အစစ်အမှန်သွေးစက်ကို ရရှိထားခြင်းဖြစ်ပေမည်။

ဤရှေးဟောင်းရက်စက်ကြမ်းကြုတ်မှော်သားရဲများသည် လောကကြီးအတွင်းမှ မျိုးတုံးပျောက်ကွယ်သွားခဲ့သော်လည်း သူတို့၏အစစ်အမှန်သွေးစက်များတွင် အကန့်အသတ်မရှိသော စွမ်းအားများပါဝင်သည်။နှစ်ပေါင်းထောင်သောင်းချီ၍ ကုန်လွန်လာခဲ့သည့်တိုင် ထိုအစစ်အမှန်သွေးစက်များသည် ယခင်အတိုင်း အစွမ်းထက်နေဆဲဖြစ်ပေ၏။

"မင်းက ရုပ်ခွန်အားကို အသုံးပြုမယ်ဆိုမှတော့ ငါကလည်း မင်းကို အနိုင်ယူဖို့အတွက် ဘာမှော်နည်းစနစ်ကိုမှ အသုံးမပြုတော့ဘူး"

လုယွီသည် သူ့၏မှော်စွမ်းအားများကို အမှန်တကယ် ပြန်ရုပ်သိမ်းလိုက်ကာ သူ့၏ဝတ်ရုံရှည်ကြီးကို ဆုတ်ဖြဲလိုက်သည်။

ထိုဝတ်ရုံရှည်ကြီး၏အောက်တွင် သူ ဝတ်ဆင်ထားသော အဖြူရောင်ကိုယ်ကျပ်ဝတ်စုံရှိနေသည်။လုယွီသည် ချက်ချင်းဆိုသလိုပင် ခြေတစ်လှမ်းရှေ့တက်ကာ သူ့၏သွေးချီများသည် နဂါးတကောင်အလား ပွင့်အံ့ထွက်လာသည်။ ထို့နောက် သိုင်းပညာသူတော်စင် အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက်၏ ဖိအားအရှိန်အဝါက လောကကြီးအတွင်းသို့ဆင်းသက်လာပေ၏။

"လမင်းကို ပျက်စီးစေတဲ့ သြဇာအာဏာ...အမြစ်ပြတ်သေဆုံးစေခြင်း နည်းစနစ်တစ်သောင်း ...အသူရာနဂါးမှ ကောင်းကင်ဘုံကိုဆုတ်ဖြဲခြင်း"

လုယွီသည် လှုပ်ရှားမှုအမြောက်အများကို ဆက်တိုက်ထုတ်ဖော်အသုံးပြုလိုက်သည်။ထိုလှုပ်ရှားမှုများသည် အဆက်မပြတ်ပြောင်းလဲနေကာ ထွက်ပေါ်နေသောစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ဤလှုပ်ရှားမှုများအနက်မှအများစုသည်ရှေးဟောင်းတော်ဝင်နန်းတွင်း၏အမတ်ကြီးထံမှဆင်းသက်လာခြင်းဖြစ်သည်။လုယွီသည် ထိုနည်းစနစ်များကို ပြုပြင်မွမ်းမံပြီးနောက် ယခုလက်ရှိပုံစံမျိုးသို့ ရောက်ရှိလာခဲ့သည်။

လုယွီသည် အမတ်ကြီးထံမှ အမွေဆက်ခံခဲ့သောနည်းစနစ်များကို အကြွင်းမဲ့လက်ခံခဲ့ခြင်းမရှိချေ။ထိုအစား သူ့၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုအရ ထိုလှုပ်ရှားမှုများမှ အနှစ်သာရများကိုသာ စုပ်ယူပြီး မသန့်စင်မှုများကို ဖယ်ရှားခဲ့သည်။နောက်ဆုံး၌ သူသည် ထိုစနစ်များကို သူ့၏ကိုယ်ပိုင်အဖြစ် ဖွဲ့စည်းနိုင်ခဲ့လေ၏။

ဘန်း...ဘန်း....ဘန်း...

သူတို့နှစ်ယောက်အကြားရှိ ကြယ်တာယာကောင်းကင်ယံအတွင်း၌ သူတို့ထံမှထုတ်ဖော်လိုက်သော လက်သီးစွမ်းအားများ လက်ဝါးစွမ်းအားများ ဖီလာဆန့်ကျင်ရိုက်ခတ်နေသည်။ ဤသည်မှာ ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် တိုက်ခိုက်နေခြင်းပင်။သူတို့ထံမှ အသုံးပြုလိုက်သော လက်သီးတစ်ချက်စီတိုင်းသည် လေဟာနယ်အတွင်း၌ လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို ကျန်ရစ်ခဲ့စေသည်။

တုရှန်းရှန်းသည် အမွှေးရှည်ဆင်တစ်ကောင်၏ခွန်အားကို ထုတ်ဖော်အသုံးပြုထားလေ၏။မူလက သူသည် တချက်တည်းဖြင့် လုယွီကိုသတ်ဖြတ်ရန် ရည်ရွယ်ထားသော်လည်း မမျှော်လင့်ဘဲ သူသည် ခွန်အားအရာတွင် အသာစီးမရရှိခဲ့ချေ။

"ဘယ်လောက်တောင် တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ လက်သီးနည်းစနစ်လဲ....ဒီလူရဲ့နောက်ကွယ်မှာ သာလွန်ထူးကဲတဲ့ အမွေအနှစ်တွေ ရှိနေနိုင်တယ်....ငါက ဧကရာဇ်ရဲ့ကိုယ်တိုင်ကိုယ်​ကျသင်ကြားပေးမှုကို လက်ခံရရှိခဲ့တာတောင်မှ ဒီလူငယ်လေးကို မဖိနှိပ်နိုင်ဘူး"

တုရှန်းရှန်းသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပေ၏။

သူ့၏လက်ရှိခွန်အားဖြင့် သူသည် လုယွီ၏တိုက်ခိုက်မှုကို တားဆီးဟန့်တားရုံသာ ပြုလုပ်နိုင်သည်။

လုယွီထံတွင် အစွမ်းထက်သော အမွေအနှစ်များရှိနေရုံသာမက သူ့၏ကိုယ်ပိုင်အတွေ့အကြုံများလည်း ရှိနေသည်ကို တုရှန်းရှန်း သိရှိနိုင်မည်မဟုတ်ချေ။

အတိတ်ဘဝတွင် လုယွီသည် တာအိုသခင်တစ်ယောက်ဖြစ်ခဲ့သူပင်။ထို့ကြောင့် မည်သည့်ကျင့်ကြံနည်းစနစ်ကို သူ ကျင့်ကြံသည်ဖြစ်စေ လွယ်လင့်တကူ နားလည်သဘောပေါက်နိုင်စွမ်းရှိကာ လမ်းလွဲသွေဖည်မှုအမြောက်အများကို ရှောင်တိမ်းနိုင်သည်။

တခြားတစ်ဖက်တွင် အကယ်၍ သာမန်ကျင့်ကြံသူတစ်ယောက်သည် ရှေးဟောင်းအမွေအနှစ်တစ်ခုကို လက်ခံရရှိလျှင်ပင် လုယူ၏နားလည်သဘောပေါက်မှုအဆင့်မျိုးသို့ ရောက်ရှိနိုင်မည်မဟုတ်ချေ။

တိုက်ပွဲစစ်မြေပြင်၌ အရှိန်အဟုန်သည်အရေးအကြီးဆုံးပင်။

ဤအချိန်အခိုက်အတန့်တွင် တုရှန်းရှန်းနှင့်လုယွီအကြားရှိ ခွန်အားကွာခြားချက်သည် သိသာထင်ရှားလာပေ၏။

"မကောင်းတော့ဘူး....ငါက သူ့ရဲ့ဖိနှိပ်တာကို ခံနေရပြီ"

သူ ပို၍တိုက်ခိုက်မိလေလေ ပို၍ထိတ်လန့်ကြောက်ရွံလာလေလေပင်။သူသည် ခုခံကာကွယ်ရုံသာ ပြုလုပ်နိုင်ပြီး တန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိတော့ချေ။

All Chapters