အခန်း (၃၉၁၄-၃၉၁၇)
Vol. 199 Ch. 3914-3917
Chapter 3914
ထိုဆေးလုံးအရေအတွက်ကိုကြားချိန်တွင် လီဖူ၏မျက်နှာ ရှုံ့မဲ့သွားသည်။
သူ့၏မျက်နှာအမူအယာသည် ဤကိစ္စကို လက်ခံနိုင်ရန်အတွက် အလွန်ခက်ခဲနေပုံပင်။
"အဲ့ဒီမိုးကြိုးမီးနှင်းကြာပွင့်နေရာမှာ အစားထိုးနိုင်တဲ့ တခြားပစ္စည်းမရှိဘူးလား"
စွေ့ထန်ချန်းသည် သက်ပြင်းတချက်ရှိုက်လိုက်၏။သူ့၏မျက်ခုံးများ အကြိမ်ရေအနည်းငယ်ခန့် မြင့်တက်သွားကာ ပြောဆိုလေသည်။
"တကယ်တော့ အဲ့ဒီနေရာမှာ တခြားဆေးပင်တွေ အစားထိုးလို့ရတယ်...ဒါပေမယ့် အကျိုးအာနိသင်ကတော့ အများကြီးလျော့ကျသွားလိမ့်မယ်...ငါက စစ်သားတွေအများကြီးကို စစ်ဆေးပြီးသွားပြီ...သူတို့ရဲ့စိတ်ဝိညာဥ်တွေက အပြင်းအထန် ဒဏ်ရာရထားတယ်...သာမန်ဆေးပင်တွေနဲ့သန့်စင်ထားတဲ့ ဆေးလုံးက သူတို့ရဲ့စိတ်ဝိညာဉ်ဒဏ်ရာတွေကို ကုသပေးနိုင်မှာမဟုတ်ဘူး"
"ပြောရမယ်ဆိုရင် ဆေးလုံးငါးရာကို တစ်ခြမ်းစီခြမ်းပြီးတော့ သုံးစွဲလို့ရတယ်....ဒါကြောင့်အနည်းဆုံးတော့ လူတစ်ထောင်ရဲ့စိတ်ဝိညာဉ်ဒဏ်ရာတွေ ပျောက်ကင်းသွားမယ်လို့ ငါ အာမခံနိုင်တယ်"
လူဦးရေတစ်ထောင်သည် များပြားခြင်းမရှိသော်လည်း တစ်ယောက်ကိုမျှ ကုသ၍မရနိုင်သည်ထက် ပို၍ကောင်းမွန်နေဆဲပင်။
လီဖူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ဒါဆိုရင်လည်း ငါက ဆရာစွေ့ကို ဒုက္ခပေးရတော့မယ်...မင်း ဒီဆေးလုံးတွေကို အရင်ဆုံးသန့်စင်လိုက်ပါ...အခုအချိန်မှာ ငါတို့က ဒီဆေးလုံးတွေကို ရှောင်လက်ရွေးစင်စစ်သားတစ်သောင်းထဲက ကြွင်းကျန်တဲ့စစ်သားတွေအတွက် ထောက်ပံ့ပေးရမယ်...အဲ့ဒီစစ်သားတွေ ဘေးကင်းလုံခြုံဖို့ကို အာမခံချက်ရအောင် ငါတို့ အရင်ဆုံး လုပ်ရလိမ့်မယ်"
တုရှန်းရှန်း၏မျက်ခုံးများ မြင့်တက်သွားသော်လည်း သူသည် ငြင်းဆန်ခြင်းမပြုချေ။ မည်သို့ပင်ဆိုစေကာမူ ရှောင်လက်ရွေးစင်စစ်သားများသည် သူ့၏လက်အောက်ငယ်သားများပင် ။
သို့ရာတွင် တုရှန်းရှန်းနှင့်လီဖူတို့သည် တခြားမဟာစစ်ဗိုလ်ချုပ်များ၏မျက်နှာအမူအယာများကို အနည်းငယ်မျှ သတိပြုမိခြင်းမရှိချေ။
စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးသည် အလွန်အဖိုးတန်ပေ၏။ဤဆေးလုံး၏ထောက်ပံ့ကူညီကိုမရရှိပါက တခြားစစ်သားများ၏စိတ်ဝိညာဉ်များသည် တစတစပျက်စီးမှုပို၍ကြီးမားသွားပေမည်။
လုယွီ၏လှုပ်ရှားမှုသည် သန်းနှင့်ချီသော ထန်စစ်သားများကို အပြည့်အဝထိန်းချုပ်ဟန့်တားနိုင်ခဲ့သည်။သူတို့သည် နာမကျန်းဖြစ်နေကာ ထက်ရှသောခြေသည်းလက်သည်းများနှင့်သွားများကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသည့် ကျားများနှင့် တူညီနေပေ၏။
....
"အရှင့်ကို အရိုအသေပြုပါတယ်"
နဝမလွှသွားစစ်သင်္ဘောပေါ်ရှိ တပ်မှူးခန်းမ၌...
လုကျင်းရှန့်နှင့်ပုန်းကွယ်နဂါးတပ်ခွဲမှ တခြားမဟာစစ်ဗိုလ်ချုပ်များသည် လုယွီကို အရိုအသေပြုလိုက်ကြ၏။
ပုန်းကွယ်နဂါးစစ်တပ်သည် အလွန်အမင်းအင်အားကြီးထွားလာခဲ့ကာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့်အထက်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိနေလေပြီ။ထိုအဆင့်ကျင့်ကြံသူ တစ်ရာ့တစ်ယောက်ရှိနေသည်မှာ အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော အရေအတွက်ပင်။
အကယ်၍ တခြားနေရာများတွင်ဆိုပါက ဤကဲ့သို့အစွမ်းထက်သော မဟာစစ်ဗိုလ်ချုပ်များသည် သိန်းသန်းချီသောစစ်သားများကိုဦးဆောင်နိုင်သည့် တပ်မှူးများဖြစ်နေကြပေမည်။
သို့ရာတွင် ပါရမီရှင်များနှင့်ပြည့်နှက်နေသော ပုန်းကွယ်နဂါးစစ်တပ်အတွင်း၌ သူတို့သည် မဟာစစ်ဗိုလ်ချုပ်ဘွဲ့ထူးကို ရရှိထားသော်လည်း စစ်သားတစ်သောင်းကိုသာ စီမံအုပ်ချုပ်နိုင်သည်။
ထိုသို့ဆိုသည့်တိုင် ပုန်းကွယ်နဂါးစစ်တပ်အတွင်းသို့ အရူးအမူးဝင်ရောက်လိုသောထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ အမြောက်အများရှိနေဆဲပင်။
ဤသည်မှာ တခြားအကြောင်းအရင်းကြောင့်မဟုတ်ချေ။ပုန်းကွယ်နဂါးစစ်တပ်အတွင်းရှိ အထောက်အပံ့များသည် တာယွီအင်ပါယာအတွင်းရှိ စစ်တပ်များအကြား၌ အကောင်းဆုံးဟု ဆိုနိုင်သောကြောင့်ပင်။
မှော်လက်နက်များ ဆေးလုံးများ မှော်ရတနာများ သံချပ်ကာများနှင့် ကျင့်ကြံနည်းစနစ်များ.....
ကျင့်ကြံသူများအတွက် သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်၌ စစ်ရေးအောင်မြင်မှုများကို ရရှိနေသရွေ့ ဤအရေးပါသော အထောက်အပံပစ္စည်းများကို ရရှိနိုင်ပေမည်။
ဤအရာများအနက်မှအများစုသည် ပြင်ပလောကတွင် ဝယ်ယူနိုင်ခြင်းမရှိသော ရတနာများဖြစ်ပေ၏။
ဤပစ္စည်းများသည် မည်သည့်ဘွဲ့ထူးထက်မဆို ပို၍လက်တွေ့ကျသော အရာများဖြစ်သည်။
တခြားတစ်ဖက်တွင်ရှိနေသော ပတ်ဝန်းကျင်ရှိအစောင့်တပ်များမှ မဟာစစ်ဗိုလ်ချုပ်များသည် ပုန်းကွယ်နဂါးစစ်တပ်မှ မဟာစစ်ဗိုလ်ချုပ်များကို မနာလိုအားကျစွာဖြင့် ကြည့်နေကြကာ အထူးသဖြင့် သူတို့၏ခန္ဓာကိုယ်များပေါ်မှ သံချပ်ကာများကိုပင်။
"မင်းတို့အားလုံး မတ်တတ်ထရပ်ကြတော့...မင်းတို့က အချိန်မီရောက်လာကြတာပဲ"
လုယွီက သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။
လုကျင်းရှန့်က အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုသည်။
"အရှင် စိတ်အေးအေးထားပါ...ဒီနေရာကို ငါတို့နဲ့ ထားခဲ့လိုက်ပါ...ငါတို့တွေ ဒီနေရာမှာရှိနေသရွေ့ ထန်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ပြီးတော့ လီဖူကို အရှင်လတ်လတ်ဖမ်းဆီးနိုင်မှာသေချာပေါက်ပဲ"
"မဟုတ်ဘူး...မင်းတို့ထဲကတစ်ယောက်ကမှ သူတို့ကို သွားပြီးမတိုက်ခိုက်ရဘူး..ငါတို့က လီဖူကို မာလင်းကြယ်နယ်မြေပေါ်မှာ လှောင်ပိတ်ထားရုံသက်သက်ပဲ"
လုယွီက အလေးနက်ထားသောအသံဖြင့် ပြောဆိုသည်။
လုကျင်းရှန့်နှင့် တခြားမဟာစစ်ဗိုလ်ချုပ်များအားလုံး အံ့အားသင့်သွားသည်။သူတို့သည် သူတို့၏လက်များကို ပူးဆုပ်ကာ ပြောဆိုလိုက်၏။
"အရှင် ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ရှင်းပြပေးပါအုံး"
ယခင်တိုက်ပွဲတွင် တာယွီအင်ပါယာဘက်မှ အသာစီးရခဲ့သည်မှာ သိသာထင်ရှားသည်။ သို့ရာတွင် လုယွီသည် ဆက်လက်၍တိုက်ခိုက်ခြင်းမပြုဟု ဆိုလိုက်သလော။
"လီဖူရဲ့အဆင့်အတန်းက အရမ်းအရေးပါတယ်...သူ့ရဲ့လက်အောက်မှာရှိတဲ့ စစ်သားတစ်သန်းကျော်က ငါ့ရဲ့ဝင်္ကပါကြောင့် သူတို့ရဲ့စိတ်ဝိညာဉ်တွေ ထိခိုက်ဒဏ်ရာရရှိသွားပေမယ့် စစ်အင်အားအရ သူတို့မှာ အားသာချက်ရှိနေတုန်းပဲ....တကယ်လို့ မင်းတို့က မဆင်မခြင်တိုးဝင်တိုက်ခိုက်မယ်ဆိုရင် ငါတို့စစ်တပ်ရဲ့ တစ်ဝက်ကျော်လောက် ဆုံးရှုံးရမှာသေချာတယ်..ဒီအကျိုးအမြတ်က ဆုံးရှုံးမှုကို ဖာထေးနိုင်မှာမဟုတ်ဘူး"
လုယွီက သူ့၏လက်ဖြင့် မာလင်းကြယ်နယ်မြေ၏မြေပုံပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။
"ငါက မင်းတို့အားလုံးကို လုပ်စေချင်တာက လီဖူကို မာလင်းကြယ်နယ်မြေပေါ်မှာ လှောင်ပိတ်ထားဖို့ပဲ....သူ့ကို စိတ်ပျက်အားငယ်အောင်လုပ်ပြီးတော့ သူ့ကိုယ်သူ ပျက်စီးအောင်လုပ်တဲ့အထိ စောင့်ဆိုင်းရမယ်"
"ပင်မစစ်အင်အားစုတွေအားလုံးက ကြယ်နယ်မြေအနှံ့မှာ နေရာယူထားပြီးတော့ တိုက်ပွဲအတွက် အဆင်သင့်ပြင်ဆင်ထားရမယ်"
လုယွီသည် မြေပုံပေါ်၌ ကြက်ခြေခတ်အမှတ်အသားတစ်ခုကို ပြုလုပ်ကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်၏။
"တကယ်လို့ လီဖူကိုလှောင်ပိတ်ပြီးပြီဆိုရင်...သူ့ကိုကယ်တင်ဖို့အတွက် အမတ်ကြီးလီကျိုးစီက စစ်သည်အင်အားအများကြီးကို စေလွှတ်လိုက်မှာသေချာတယ်"
"လီဖူ လှောင်ပိတ်ခံထားရတာနဲ့ စစ်ကူတွေရောက်လာလိမ့်မယ်..လီဖူရဲ့စစ်ကူတွေကို အနိုင်ယူနိုင်ဖို့က ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်ပဲ...ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်က လက်ဝဲစစ်တပ်နယ်မြေအတွင်းမှာရှိတဲ့ ထန်စစ်သားတွေအားလုံးကို အမြစ်ပြတ်သုတ်သင်ဖို့ပဲ"
"အခု အချိန်အများကြီး မကျန်တော့ဘူး...အမတ်ကြီးလီကျိုးစီ တုံ့ပြန်မလာခင်မှာ ငါက တန်ကြေးအနည်းဆုံးပဲ ပေးဆပ်ရပြီးတော့ လီဖူကို လုံးလုံးလျားလျား ပျက်စီးသွားစေချင်တယ်"
Chapter 3915
ထန်စစ်သင်္ဘော...စည်းဝေးခန်းမ...
"ဒါက ဆေးပင်လေးတစ်မျိုးလောက် မတူရုံပဲလေ...ဒါပေမယ့် ကွဲပြားခြားနားချက်က တကယ်ကြီး အရမ်းကြီးမားတာပါလား"
လီဖူသည် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ခေါင်းဆောင်ထိုင်ခုံ၌ထိုင်နေသည်။
သူ့၏ရှေ့တွင် ဆေးလုံးနှစ်လုံးရှိနေပြီး တစ်လုံးသည်အဖြူရောင်ဖြစ်ကာ ကျန်တစ်လုံးသည် အနက်ရောင်ပင်။
အဖြူရောင်ဆေးလုံး၏မျက်နှာပြင်ပေါ်တွင် ခပ်ဖျော့ဖျော့မီးတောက်တစ်ခုရှိနေကာ ဖြည်းညှင်းစွာတောက်လောင်နေသည်။ထိုမီးတောက်အတွင်းတွင် လျှပ်စီးမိုးကြိုးအလင်းတန်းများ ရောယှက်နေပြီး ဆေးလုံးသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေပေ၏။ဤဆေးလုံးတွင် မသန့်စင်မှုအရိပ်အယောင် တစွန်းတစမျှရှိမနေဘဲ အဆင့်မြင့်ဆေးလုံးတစ်လုံးဖြစ်ပုံရသည်။
အနက်ရောင်ဆေးလုံးကမူ လုံးလုံးလျားလျား နက်မှောင်နေသည်။ထိုဆေးလုံး၏မျက်နှာပြင်သည် မညီမညာဖြစ်နေကာ အတွင်းမှနေ၍ ခပ်ဖျော့ဖျော့ညှော်နံများပင် ထွက်ပေါ်နေသည်။
အပြင်ပန်းအရကြည့်ရုံဖြင့် ဤဆေးလုံးနှစ်လုံးသည် လုံးလုံးလျားလျားကွဲပြားခြားနားနေသော အရာနှစ်ခုပင်။
ဆေးပညာအကြောင်းကို နားလည်ခြင်းမရှိသော လူများပင်လျှင် မည်သည့်ဆေးလုံးက ပို၍ကောင်းမွန်သည်ကို သိရှိကြပေမည်။
နံဘေးတစ်ဖက်တွင် မတ်တတ်ရပ်နေသော စွေ့ထန်ချန်းက ရှင်းပြသည်။
"စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးရဲ့ နောက်ဆုံးအဆင့်က မိုးကြိုးမီးနှင်းကြာပွင့်ထဲက မိုးကြိုးနဲ့မီးစွမ်းအားတွေကို အသုံးပြုတာပဲ....ဒါက စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးထဲက မသန့်စင်မှုတွေကို ဖယ်ရှားပေးပြီးတော့ ဆေးလုံးကို မိုးကြိုးနဲ့မီး စွမ်းအားနှစ်မျိုးလုံး ပိုင်ဆိုင်သွားစေတယ်...ဒါက စိတ်ဝိညာဥ်ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်တဲ့ စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးရဲ့ အဓိကသော့ချက်ပဲ"
"တကယ်လို့ အဲ့ဒီတစ်ဆင့်ကျန်ခဲ့မယ်ဆိုရင် ဆေးအာနိသင်က အများကြီးလျော့ကျသွားလိမ့်မယ်....ဒါက ပျက်စီးနေတဲ့စိတ်ဝိညာဥ်တွေကို နည်းနည်းလောက် အားဖြည့်ပေးနိုင်ရုံပဲရှိမယ်...အဲ့ဒီစိတ်ဝိညာဉ်တွေကို လုံးဝကောင်းမွန်လာအောင် ကုသပေးဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး"
လီဖူသည် သူ့၏လက်ကိုဝှေ့ယမ်းကာ ဆေးလုံးများကို စမ်းသပ်ရန်အတွက် သူ့၏သက်တော်စောင့်နှစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။
သက်တော်စောင့်နှစ်ယောက်သည် ဆေးလုံးတစ်မျိုးစီကို ဝါးမြိူလိုက်ကြ၏။အချိန်တခဏကြာပြီးနောက် အဖြူရောင်ဆေးလုံးကို ဝါးမြိုလိုက်သောသက်တော်စောင့်၏အသားအရေသည် သိသာထင်ရှားစွာ တိုးတက်လာကာ မှော်စွမ်းအားများ လှည့်ပတ်ရာတွင်လည်းပို၍ချောမွေ့စပြုလာသည်။
အနက်ရောင်ဆေးလုံးကို ဝါးမြိုလိုက်သောသက်တော်စောင့်၏မျက်နှာပေါ်တွင်မူ အကျပ်ရိုက်နေသော မျက်နှာအမူအယာမျိုးရှိနေသည်။အချိန်အတော်ကြာပြီးနောက် သူက မတ်တတ်ထရပ်ကာ သတင်းပို့သည်။
"အရှင့်သား...ငါ့ရဲ့ဒဏ်ရာတွေက အခုထိ ပြန်မကောင်းသေးဘူး....ဒါပေမယ့် စိတ်ဝိညာဉ်ကတော့ အရင်ထက်စာရင် နည်းနည်းလေးအားပြန်ပြည့်လာတယ်"
ရလဒ်သည် အလွန်သိသာထင်ရှားပေ၏။
လီဖူက မေးမြန်းသည်။
"အနက်ရောင်စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးကို ဘယ်လောက်များများ သန့်စင်နိုင်လဲ"
"ဆေးပညာအစည်းအရုံးမှာ မိုးကြိုးမီးနှင်းကြာပွင့် ပြတ်လပ်နေပေမယ့် တခြားဆေးပင်တွေရှိနေတုံးပဲ...ငါတို့ဆေးခန်းမက လူအင်အားတွေ ပိုပြီးအသုံးပြုလိုက်မယ်ဆိုရင် စစ်တပ်တစ်တပ်လုံးကို ထောက်ပံ့ပေးနိုင်တယ်"
လီဖူက စွေ့ထန်ချန်း၏ပခုံးကို ပုတ်လိုက်၏။
"မင်းရဲ့ပင်ပင်ပန်းပန်း ကြိုးစားခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်"
စွေ့ထန်ချန်းသည် ဝမ်းမြောက်ပျော်ရွှင်သွားကာ ပြောဆိုလိုက်သည်။
"အရှင့်သားက ငါ့ကို ချီးမွမ်းစရာမလိုပါဘူး...ဒါက ငါ လုပ်သင့်တဲ့ကိစ္စပါ"
စွေ့ထန်ချန်း ထွက်ခွာသွားသောအချိန်တွင် လီဖူ၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။
"မင်း....မင်းရဲ့အစွမ်းထက်ဆုံးနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်စမ်း...ငါ တစ်ချက်ကြည့်ကြည့်မယ်"
လီဖူက သက်တော်စောင့်တစ်ယောက်ကို လက်ညှိုးညွှန်ကာ ပြောဆိုသည်။
ထိုသက်တော်စောင့်သည် အစောပိုင်းက အနက်ရောင်စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးကို ဝါးမြိုခဲ့သောလူပင်။
သတ်တော်စောင့်သည် လျစ်လျူရှုထားဝံ့ခြင်းမရှိချေ။သူသည် အနီးရှိတောင်တုတလုံးပေါ်မှ ကျောက်ရုပ်ထုတစ်ခုကိုကြည့်ကာ သူ့၏လက်ဝါးအတွင်း၌ မှော်စွမ်းအားလှိုင်းများကိုစုစည်းပြီး ထိုအရာထံဦးတည်၍ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။
မိုးပြာရောင်မှော်စွမ်းအားများသည့် လေထုအတွင်း၌ မှော်စွမ်းအားလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာကျောက်ရုပ်ထုပေါ်သို့ ကျရောက်သွားသည်။
တုန်ခါသံတစ်သံနှင့်အတူ နက်ရှိုင်းသောလက်ဝါးရာကြီးက ကျောက်ရုပ်တု၏မျက်နှာပြင်ပေါ်၌ ချက်ချင်းထွက်ပေါ်လာသည်။
ထိုသက်တော်စောင့်သည် သူ့၏စွမ်းအားကို ထုတ်ဖော်ပြသပြီးနောက် နံဘေး၌မတ်တတ်ရပ်လိုက်၏။
"ငါ မျှော်လင့်ထားသလိုပဲ...သူက ကောင်းကောင်းမလုပ်ဆောင်နိုင်ခဲ့ဘူး...သူ့ရဲ့စိတ်ဝိညာဉ် ဒဏ်ရာရထားတာကြောင့် သူ့ထုတ်ဖော်အသုံးပြုနိုင်တဲ့ စွမ်းအားမှာလည်း သက်ရောက်မှုရှိနေတယ်"
တုရှန်းရှန်းသည် ခန်းမအတွင်းသို့ဝင်ရောက်လာကာ သက်ပြင်းတချက်ရှိုက်လိုက်သည်။
လီဖူက စိုးရိမ်တကြီးပြောဆိုသည်။
"တပ်မှူးတု...အခု ငါ ဘာလုပ်သင့်လဲ"
တုရှန်းရှန်းသည် စစ်သည်အမြောက်အများကို ဦးဆောင်ခဲ့သော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ တိုက်ပွဲစစ်မြေပြင်ပေါ်၌ အတွေ့အကြုံများစွာရှိသည်။ယခုအချိန်၌ စုန်ကျန်းရှင်း သေဆုံးသွားပြီ ဖြစ်သောကြောင့် လီဖူသည် တုရှန်းရှန်းကိုသာ မှီခိုအားထားနေရသည်။
တုရှန်းရှန်းသည် အချိန်တခဏခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"စစ်သားတွေရဲ့ စိတ်ဝိညာဥ်တွေ ထိခိုက်ဒဏ်ရာရထားပေမယ့် အများဆုံးတော့ သူတို့ရဲ့ခွန်အားကုန်ကို ထုတ်ဖော်အသုံးမပြုနိုင်ရုံပဲရှိမယ်...ငါတို့ဘက်မှာ စစ်သည်အင်အားပိုများတာကြောင့် ဒါက အားသာချက်တစ်ခုပဲ...လုယွီက အလွယ်တကူ တိုက်ခိုက်ဝံ့မှာမဟုတ်ဘူး"
"အရှင့်သား....မင်းက ဝူတင်းအမတ်ကြီးဆီကို သတင်းစကားပေးပို့ပြီးတော့ အကူအညီတောင်းခံကြည့်ပါလား"
လီဖူ၏မျက်နှာပေါ်တွင်ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ဒီမနက်မှာပဲ ငါက ဝူတင်းအမတ်ကြီးဆီကို သတင်းတစ်ခု ပေးပို့ထားတယ်...သူက အရှေ့အောင်နိုင်ခြင်းကြယ်ဖြစ်ရဲ့နေရာအနှံ့အပြားမှာရှိနေတဲ့ စစ်သားတွေကိုစုစည်းပြီးတော့ မာလင်းကြယ်နယ်မြေဆီကို ချီတက်လာတော့မယ်... သူက နောက်ဆယ်ရက်လောက်ကြာရင် ရောက်လာမယ်လို့ အမတ်ကြီးက ခန့်မှန်းထားတယ်....အဲဒီအချိန်ကျရင် ငါတို့က ရှေ့နောက်ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ပြီးတော့ လုယွီကို လုံးလုံးလျားလျား အမြစ်ပြတ်ချေမှုန်းရမယ်"
Chapter 3916
လီဖူထံတွင် တခြားရွေးချယ်စရာမရှိတော့သဖြင့် ယခုလက်ရှိချိန်တွင် သူ လက်လျှော့အရှုံးပေးထားရပေမည်။
ယခင်က သူ့၏စစ်သည်အင်အားသာလွန်မှုဖြင့် လုယွီကို အမြစ်ပြတ်ချေမှုန်းရန်မှာ အလွန်အမင်းလွယ်ကူမည်ဟု သူ တွေးထင်ခဲ့သည်။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် သူ့အား ပါးဖြတ်ရိုက်သည့်အလားပင်။
ဝူတင်းအမတ်ကြီး၏ကူညီထောက်ပံ့မှုမရှိပါက သူသည် လုယွီကို အနိုင်ယူရန်မဆိုထားနှင့် လုယွီ၏လက်အောက်၌ သူ အသက်ရှင်သန်နိုင်ရန်ပင် အလွန်ခက်ခဲသည်။
"ငါ သူ့ကိုအနိုင်ယူပြီးတဲ့အချိန်ကျရင် သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"
လီဖူက အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
တုရှန်းရှန်း၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအယာတစ်ခုရှိနေဆဲပင်။သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"လုယွီဆီမှာ တခြားလှည့်ကွက်တွေ ရှိနေအုံးမယ်ဆိုတဲ့ ခံစားချက်တစ်ခု ငါ့မှာရှိနေတယ်"
"ဒါက ဆယ်ရက်လောက်ပါပဲ....ငါတို့ဆီမှာ စစ်သည်အင်အားတစ်သန်းကျော် ရှိနေတယ်...သူ ဘယ်လောက်ပဲသန်မာအားကောင်းနေပါစေ...ငါတို့စစ်တပ်ကို အနိုင်ယူဖို့ဆိုတာ သူ့အတွက် ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူး"
လီဖူက တုံ့ပြန်သည်။
တုရှန်းရှန်းက အလေးအနက်ထားသောအသံဖြင့် သတိပေးသည်။
"အရှင့်သား ဂရုစိုက်သင့်တယ်...ဒါက အမှန်ဆိုပေမယ့် ဘာလွဲချော်မှုမှ မဖြစ်ပွားစေဖို့အတွက် ငါတို့စစ်တပ်တစ်တပ်လုံးရဲ့ ခုခံကာကွယ်မှုတွေကို မြှင့်တင်ထားရမယ်"
လီဖူက ရယ်မောကာ ပြောဆိုလိုက်၏။
"ဘာမှ စိတ်ပူမနေပါနဲ့...အရင်ရှုံးနိမ့်ခဲ့ရတာက ငါတို့ မပြင်ဆင်ရသေးတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီးတော့ လုယွီက ရှောင်တခင်တိုက်ခိုက်ခဲ့လို့ပဲ...အခုအချိန်မှာ ငါတို့စစ်တပ်က ပြင်ဆင်ပြီးသွားပြီ...လုယွီက ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး"
"အဲ့ဒီလိုပဲဖြစ်ဖို့ ငါ မျှော်လင့်မိတယ်"
တုရှန်းရှန်းက သက်ပြင်းရှိုက်လိုက်သည်။
....
တာယွီစစ်တပ် တပ်မှူးခန်းမ....
လုယွီသည် သဲခုံစားပွဲရှေ့၌ မတ်တတ်ရပ်နေကာ စားပွဲပေါ်ရှိ တိုက်ပွဲမြင်ကွင်းများကို စိုက်ကြည့်နေသည်။သူ့ကိုကြည့်ရသည်မှာ အတွေးများအတွင်း နစ်မြောနေပုံရပြီး သူ မည်သည့်အရာအား တွေးတောနေသည်ကို မည်သူမျှမသိနိုင်ချေ။
"အရှင်...ဗိုလ်ချုပ်ယင်က အရှင့်ကိုတွေ့ခွင့်ပြုဖို့ တောင်းဆိုနေပါတယ်"
စစ်သားတစ်ယောက်က ခန်းမအတွင်းသို့ဝင်လာပြီး သတင်းပို့သည်။
"သူ့ကို အထဲဝင်ခွင့် ပြုလိုက်ပါ"
ခန်းမ၏ပြင်ပမှနေ၍ စစ်ဖိနပ်နှင့်ကြမ်းပြင်ထိခတ်မိသည့် အသံများကို ကြားနေရသည်။
ယင်ချူးရွှေသည် ခန်းမအတွင်းသို့ ဝင်ရောက်လာကာ အေးစက်တင်းမာစွာဖြင့် လုယွီကို ကြည့်လိုက်သည်။
"အရှင်လု ဂုဏ်ပြုပါတယ်....နင်က ပထမဆုံးတိုက်ပွဲကို အောင်နိုင်ခဲ့တယ်...အခုအချိန်မှာ နင်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးရဲ့ နာမည်ကျော်ကြားတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပြီ...နင့်ဆီမှာ ဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့စစ်တပ်တစ်တပ် ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး....နင် အကြောက်အလန့်မရှိတာ အံ့အားသင့်စရာမရှိတော့ဘူး"
ယင်ချးးရွှေ၏လေသံတွင် မကြည်သာသောအရိပ်အယောင်တချို့ ရောယှက်နေသည်။
လုယွီ၏တိုက်ပွဲအောင်နိုင်မှုသည် သူ့၏နာမည်ဂုဏ်သတင်းကို ပျံ့နှံ့သွားစေသည်။
ဤသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းတွင်သာမက တာယွီအင်ပါယာတခွင်လုံးတွင်လည်း ဖြစ်ပေ၏။
ယခုလက်ရှိချိန်တွင် ရှေ့တန်းမှ တိုက်ပွဲစစ်မြေပြင်အားလုံးနီးပါး ထန်စစ်တပ်ထံတွင် ခွက်ခွက်လန်အောင်ရှုံးနိမ့်ခဲ့ရသည်။
လုယွီဦးဆောင်သော တိုက်ပွဲစစ်မြေပြင်တွင်သာ မကြုံစဖူးအောင်နိုင်မှုကို ရရှိခဲ့သည်။
ဤကဲ့သို့ရလဒ်နှင့်နာမည်ဂုဏ်သတင်းတို့ကြောင့် စစ်တပ်အတွင်းရှိ လုယွီ၏အဆင့်အတန်းကို အလျှင်အမြန်မြင့်မားသွားစေကာ အချိန်တိုအတွင်းတွင် သူ့အား ပထမအဆင့်မဟာစစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်သွားစေခဲ့သည်။
ယင်ချူးရွှေကမူ လုယွီ၏အရည်အချင်းမှာ အလွန်ထူးချွန်သည်ဟု တွေးတောထားခြင်းမရှိချေ။
သူမသည် ပုန်းကွယ်နဂါးစစ်တပ်၏ စစ်ရေးအထောက်အပံ့ပစ္စည်းများကို တိတ်တဆိတ်စူးစမ်းလေ့လာခဲ့လေ၏။ပုန်းကွယ်နဂါးစစ်တပ်မှ အထောက်အပံ့ပစ္စည်းများသည် သူမဖခင်၏သီးသန့်အစောင့်များထက်ပင် ပို၍ကောင်းမွန်နေသည်ကို သူမ အံ့အားသင့်ဖွယ်ရှာဖွေတွေ့ရှိခဲ့သည်။
အထောက်အပံ့ပစ္စည်းများ မှော်လက်နက်များကျင့်ကြံနည်းစနစ်များနှင့် သူတို့ နေ့စဉ်နေ့တိုင်းစားသောက်သော အစားအစာများ...အရာအားလုံး ထိပ်တန်းအရည်အသွေး၌ရှိနေသည်။
ဤကဲ့သို့ စစ်တပ်တစ်တပ်ကိုဦးဆောင်သူသည် အောင်မြင်မှုမရရှိမှသာ အလွန်ထူးဆန်းနေပေမည်။
"တကယ်လို့ မင်း ဒီနေရာကိုလာတာ ငါ့ကို ဂုဏ်ပြုဖို့အတွက်ပဲဆိုရင်တော့ မလိုတော့ဘူး... မိန်းကလေးယင် တခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျေးဇူးပြုပြီးတော့ မင်း ပြန်ပါတော့"
လုယွီက ခံစားချက်ကင်းမဲ့သောအသံဖြင့်ပြောဆိုသည်။
ယင်ချူးရွှေ၏မျက်ခုံးများ မြင့်တက်သွားကာသူမက ရန်စစကားပြောဆိုလိုက်၏။
"ငါ ဒီနေရာကိုလာတာ နင့်ကိုကယ်တင်ဖို့ပဲ...ကျေးဇူးမကန်းစမ်းနဲ့"
ထိုစကားကိုပြောဆိုပြီးနောက် သူမသည် စာလိပ်တစ်လိပ်ကို ပစ်ပေးလိုက်ရာ လုယွီ၏ရှေ့သို့ ကျရောက်သွားသည်။
"ဒါက ငါတို့ယင်မိသားစုက ရထားတဲ့ သတင်းအချက်အလက်တွေပဲ....အခုလက်တလောမှာ ငါက သတင်းတချို့ရထားတယ်...နင်က ကောင်းကင်မူဝါဒရုံးတော်ရဲ့သခင်လေးကို ပိတ်ဆို့ထားတာက ကြီးလေးတဲ့ရာဇဝတ်မှုကို ကျူးလွန်တာပဲ...ထန်အင်ပါယာက နင့်ကို သူတို့အတွက် ဆူးတစ်ချောင်းလို့ မြင်နေပြီ....သူတို့က နင့်ကို တတ်နိုင်သမျှ အမြန်ဆုံးရှင်းထုတ်ဖို့ ကြံစည်နေကြတယ်...အခုအချိန်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြေတခွင်လုံးမှာရှိတဲ့ အစောင့်တပ်တွေက စစ်သားတွေအားလုံးစုစည်းပြီးတော့ နင့်ကို တစ်ချက်တည်းနဲ့အမြစ်ပြတ်ချေမှုန်းဖို့ ပြင်ဆင်နေကြတယ်...အချိန်ကျလာရင် သူတို့က အတွင်းအပြင်ပူးပေါင်းပြီးတော့ နင့်ကို တိုက်ခိုက်ကြလိမ့်မယ်...ဒါဆိုရင် နင်အသက်ရှင်ဖို့ အခွင့်အရေး လုံးဝရှိတော့မှာမဟုတ်ဘူး"
"ဒါတွေက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အနှံ့မှာ ထန်စစ်တပ်က လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ သတင်းပို့စာလွှာတွေပဲ...ငါ နင့်ကို ပြောပြပြီးပြီ...နင် အခုချက်ချင်း ထွက်သွားသင့်တယ်... ဒါက အရမ်းနောက်မကျသေးဘူး"
ယင်ချူးရွှေ၏မျက်လုံးများအတွင်း၌ သရော်တော်တော်အမူအယာတစ်ရပ် ထင်ဟပ်နေသည်။ကြည့်ရသည်မှာ လုယွီသည် ထွက်ခွာသွားမည်ဟု သူမ သေချာပေါက်သိနေသည်အလားပင်။
Chapter 3917
ယင်ချူးရွှေ ရရှိလာသောသတင်းသည် ပေါက်ကွဲစေသည့်အရာတစ်ခုအလားပင်။
လီဖူကိုကယ်တင်ရန်အလို့ငှာ ထန်စစ်တပ်သည် အလွန်များပြားသောစစ်သည်အင်အားကို အသုံးပြုပေမည်။
အကယ်၍ ဝမ်ရှင်းအမတ်ကြီး ဤနေရာ၌ရှိနေလျှင်ပင် ထိုကဲ့သို့ရန်သူအင်အားနှင့် ရင်ဆိုင်ရပါက သူသည် ကူကယ်ရာမဲ့ဖြစ်နေပေမည်။
"အင်း...ငါ အဲ့ဒီကိစ္စတွေကို သိထားပြီးပြီ....တကယ်လို့ တခြားဘာကိစ္စမှမရှိဘူးဆိုရင် မင်း ပြန်တော့"
လုယွီက သူ့၏ခေါင်းကိုခါယမ်းကာ ထိုစာလိပ်များကို ဖြန့်ကြည့်ခြင်းပင်မပြုချေ။
ယင်ချူးရွှေသည် အလွန်အမင်း စိုးရိမ်ပူပန်နေပေ၏။
"နင် ဘာလို့ ဒီလောက်ထိ ခေါင်းမာနေတာလဲ....အခုချိန်မှာ နင်က စစ်တပ်တစ်တပ်ရဲ့တပ်မှူး....နင်လုပ်တဲ့ လှုပ်ရှားမှုတွေက လူပေါင်းများစွာရဲ့အသက်တွေနဲ့ သက်ဆိုင်နေတယ်....တကယ်လို့ နင် ခုလိုမျိုး ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် အဲ့ဒီလူတွေ....သူတို့အားလုံးက နင့်ကြောင့် သေဆုံးရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ယင်ချူးရွှေသည် စာလိပ်တစ်လိပ်ကို ကောက်ယူကာ လုယွီ၏ရှေ့၌ဖြန့်လိုက်သည်။
ထိုစာလိပ်ပေါ်တွင် ကြီးမားသော ကြယ်မြေပုံတစ်ခုရှိနေသည်။ထန်စစ်တပ်၏တပ်ရင်းဆယ်ရင်းကျော်သည် မတူကွဲပြားသောနေရာများမှနေ၍ ကြယ်မြေပုံ၏နေရာတစ်နေရာထံသို့ဦးတည်၍ ရွေ့လျားနေကြသည်။
"နင် ဒါကို ရှင်းရှင်းလင်းလင်းမြင်ရဲ့လား....ဒါက အခုအချိန်မှာ နင် ရင်ဆိုင်ရမယ့် အခြေအနေပဲ"
"အဲ့ဒီထန်စစ်သားတွေက ထန်အင်ပါယာရဲ့လက်ရွေးစင်စစ်သားတွေပဲ....သူတို့က လက်ရွေးစင်တွေကြားက လက်ရွေးစင်တွေဖြစ်နေတယ်....နင့်မှာ စစ်တပ်ကောင်းတစ်ခုရှိတယ်ဆိုတာ ငါ ဝန်ခံတယ်....ဒါပေမယ့် နင် ဘာလုပ်နိုင်မှာလဲ...နင့်မှာရှိတဲ့ စစ်သည်အင်အားရှစ်သိန်းနဲ့ လီဖူရဲ့စစ်သည်ဆယ့်ရှစ်သိန်းကို တိုက်ခိုက်နိုင်လိမ့်မယ်....ဒါပေမယ့် နောက်ထပ် ထန်စစ်သားတစ်သန်း ထပ်ရောက်လာမယ်ဆိုရင် နင် ရင်ဆိုင်နိုင်မှာလား"
ယင်ချူးရွှေသည် တင်းမာခက်ထန်သောလေသံဖြင့်အော်ဟစ်ကာ သူမသည် အလွန်အမင်းဒေါသထွက်နေပေ၏။
လုယွီသည် စစ်သားများ၏အသက်ကို ရယ်စရာပြက်လုံးသဖွယ် ပြူမူနေခြင်းပင်။
လုယွီက သူ့၏ခေါင်းကိုမော့၍ တည်ငြိမ်အေးဆေးစွာ ပြောဆိုသည်။
"ဒါဆိုရင်လည်း ဘာဖြစ်လဲ...ငါ သူတို့အားလုံးကို အမြစ်ပြတ်ချေမှုန်းလိုက်ရုံပဲလေ"
လုယွီ၏လက်အောက်မှ ကောင်းကင်ကွန်ရက်အဖွဲ့အစည်းသည် ယင်ချူးရွှေ၏ယင်မိသားစုထက် စုံစမ်းထောက်လှမ်းမှုများ ပို၍ကောင်းမွန်သည်။
"ဟား ဟား ဟား...ဒါက အရမ်းရယ်ရတာပဲ...နင်က ဘာ့ကိုအသုံးပြုပြီးတော့ သူတို့ကို ချေမှုန်းမှာလဲ...အရှင်လု နင်က အရမ်းသန်မာအားကောင်းနေပြီလို့ နင် တကယ်ကြီးထင်နေတာလား...နင်က ပြိုင်ဘက်ကင်းတစ်ယောက်လား...တကယ်လို့ စစ်သားနှစ်သန်းကျော်ရဲ့ဝိုင်းရံတိုက်ခိုက်တာကို ခံရမယ်ဆိုရင် အဆုံးသတ်ကျတော့ နင်က သေသွားရမယ့်လူပဲ"
ယင်ချူးရွှေက အော်ဟစ်လိုက်၏။
လုယွီက အေးစက်တင်းမာစွာဖြင့် ယင်ချူးရွှေကို ကြည့်လိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ"
သူ့၏ စိတ်ရှည်သည်းခံမှုမှာ အကန့်အသတ်ရှိသည်။သူသည် သူ့ရှေ့ရှိမိန်းကလေးကို လုံလောက်သည်အထိ သည်းခံပြီးလေပြီ။
ယင်ချူးရွှေသည် လုယွီကို တန်းတန်းမတ်မတ်ကြည့်ကာ သူမ၏ခေါင်းကိုမော့၍ ပြောဆိုသည်။
"နင်ခေါ်လာတဲ့ စစ်သားတွေနဲ့ပတ်သက်ပြီးတော့ ငါ ဂရုမစိုက်ဘူး...ဒါပေမယ့် ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့စစ်သားတစ်သိန်းက ငါ့အဖေရဲ့လက်ရွေးစင်စစ်သားတွေပဲ...အရေးမပါတဲ့ကိစ္စတစ်ခုအတွက် နင် သူတို့ကို သေတွင်းထဲခေါ်ဆောင်သွားမှာကို ငါ ခွင့်မပြုနိုင်ဘူး...နင် သူတို့ကို ငါ့ဆီပြန်ပေးပါ"
"ငါ့မှာ ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ အခွင့်အာဏာရှိနေတယ်...အခုအချိန်မှာ သူတို့က ငါ့ရဲ့အမိန့်ကို နာခံရမယ်"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
ယင်ချူးရွှေသည် တစ်စုံတစ်ခုကိုပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း လုယွီက သူ့၏လက်ကိုဝှေ့ယမ်းလိုက်သည်အား သူမ မြင်တွေ့မိသည်။
"လာကြစမ်း...မိန်းကလေးယင်ကို ပြန်ပို့လိုက်ကြစမ်း...ဒီနေ့ကနေစပြီးတော့ သူ့ကို တပ်မှူးခန်းမထဲကိုခြေချခွင့် ဘယ်သူမှ ခွင့်မပြုရဘူး"
လုယွီသည် ယင်ချုးရွှေကို ပြတ်ပြတ်သားသားငြင်းဆန်လိုက်၏။
သူ့၏အစီအစဉ်အရ စစ်သားတိုင်းတွင် သူတို့၏ကိုယ်ပိုင်အသုံးဝင်မှုများ ရှိနေသည်။
ကောင်းကင်ချိုးဖျက်ခံတပ်၏ စစ်သားတစ်သိန်းသည် သူ့အစီအစဉ်၏တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နေသည်။သူသည် ထိုစစ်သားများအား လွှဲပြောင်းမပေးနိုင်ချေ။
ဝှစ်....ဝှစ်...ဝှစ်....
စစ်သားတချို့ ဝင်ရောက်လာကာ မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ယင်ချူးရွှေကို ပြင်ပသို့ဆွဲထုတ်သွားရန် ပြင်ဆင်လိုက်ကြသည်။
"လုယွီ...ခွေးမသား....နင် ဒီအတွက် နောင်တရလိမ့်မယ်"
ယင်ချူးရွှေကိုကြည့်ရသည်မှာ ရူးသွပ်သွားပုံရသည်။သူမသည် ရုတ်တရက် သူမ၏နံဘေးပတ်ဝန်းကျင်ရှိ စစ်သားများကို တွန်းထုတ်ကာကျယ်လောင်စွာဆူပူကြိမ်းမောင်းလိုက်၏။
"နင်တို့ ငါ့ကို မောင်းထုတ်ဖို့မလိုဘူး...ငါ့ဟာငါ ထွက်သွားမယ်"
ယင်ချူးရွှေ၏ လှပသောမျက်နှာလေး နီမြန်းနေသည်။သူမသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ခန်းမအတွင်းသို့ စစ်သားတစ်စုဝင်ရောက်လာရန် ပြင်ဆင်နေသည်ကို သူမ ရုတ်တရက် မြင်တွေ့လိုက်ရသည်။
လက်ဝဲဘက်တွင် ပုန်းကွယ်နဂါးစစ်တပ်မှစစ်ဗိုလ်ချုပ်များရှိနေပြီး လက်ယာဘက်တွင် ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်ဗိုလ်ချုပ်များရှိနေသည်။
ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်ဗိုလ်ချုပ်များသည် ယင်ချူးရွှေကိုမြင်တွေ့ချိန်တွင် သူတို့၏ခေါင်းများကို ငုံလိုက်ကြကာ သူမကို စေ့စေ့မကြည့်ဝံ့ကြချေ။
သို့ရာတွင် သူတို့သည် အနည်းငယ်မျှရပ်တန့်ခြင်းမပြုဘဲ တပ်မှူးခန်းမအတွင်းသို့ ဆက်လက်၍ဝင်ရောက်သွားကြသည်။