← Chapters

အခန်း (၃၉၃၀-၃၉၃၃)

Vol. 200 Ch. 3930-3933

အခန်း (၃၉၃၀-၃၉၃၃)

Vol. 200 Ch. 3930-3933

Chapter 3930

"ဟုတ်ကဲ့ပါ အရှင်"

အောင်းကွမ်းက ရိုသေလေးစားစွာ ပြောဆိုသည်။

အတိတ်တွင် သူသည် အောက်ဘုံအတွင်း၌ အလွန်အမင်းမောက်မာဝံ့ကြွားသော အရှေ့ပင်လယ်နဂါးဘုရင်ပင်။

သို့ရာတွင် လုယွီ၏လက်အတွင်း၌ အောင်ကွမ်းသည် လုယွီ၏အခြေခံအုတ်မြစ်ကို တခြားလူများထက် ပို၍သတိပြုမိသည်။

ပြောရမယ်ဆိုလျှင် သူသည် နဂါးဘုရင်တစ်ကောင်ပင်။သူ့ထက် ပို၍အဆင့်မြင့်သော မြင့်မြတ်သည့် နဂါးဧကရာဇ်များ နဂါးသူတော်စင်များထံမှပင် လုယွီထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်မကောင်းဟု အောင်းကွမ်းက ခံစားမိလေ၏။

လုယွီသည် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်သာဖြစ်သော်လည်း အောင်းကွမ်း၏မျက်လုံးအတွင်း၌ သူသည် အချိန်အတော်ကြာအောင် အသက်ရှင်သန်ခဲ့သော မွန်းစတားအိုကြီးတကောင်အလားပင်။လုယွီသည် အတွေ့အကြုံအရဖြစ်စေ အသိပညာဗဟုသုတအရဖြစ်စေ သူ့ထက် များစွာပို၍အစွမ်းထက်သည်။

ထိုအချိန်မှာပင် ပြင်ပမှနေ၍ အဆောင်လက်ဖွဲ့တစ်ခု ပျံသန်းလာသည်။

အောင်းကွမ်းသည် ထိုအဆောင်လက်ဖွဲ့ကိုဖမ်းယူကာ ဖြန့်ကြည့်လိုက်၏။ထို့နောက် သူကအံ့အားသင့်သွားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ထန်စစ်တပ်ရဲ့တပ်တွင်းပုန်ကန်မှု ကျရှုံးသွားပြီ...လီဖူက နေရာမှာတင် သူတို့ကို ဆုလာဘ်တွေ ချီးမြင့်ခဲ့တယ်...အဲ့ဒီစစ်သားတွေက သူတို့ရဲ့သက်ဆိုင်ရာစစ်တန်းလျားတွေကို ပြန်သွားကြပြီ"

ထိုသို့ပြောဆိုပြီးနောက် အောင်းကွမ်းက လုယွီကို ကြည့်လိုက်သည်။

"အရှင် ဒီအစီအစဉ်က ကျရှုံးသွားပြီ...လီဖူက ဘေးကင်းလုံခြုံသွားနိုင်မယ့် နည်းလမ်းကို တွေးတောမိမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

သူသည် လုယွီ၏နံဘေး၌ ရှိနေခဲ့သည်။ထိုကြောင့် လုယွီ၏အစီအစဉ်များနှင့်ပတ်သက်ပြီး သူ ကောင်းစွာသိရှိထားပေ၏။

အောင်ကွမ်း၏အမြင်အရ ဤသည်မှာ ချို့ယွင်းချက်ကင်းမဲ့သော အစီအစဉ်တစ်ခုပင်။ထန်စစ်တပ်ထံတွင် လူအင်အားများပြားသော်လည်း စစ်တပ်၏အတွင်းပိုင်းဖွဲ့စည်းပုံ၌ အဓိကအင်အားစု အမြောက်အများပါဝင်သည်။ဤအခြေအနေမှာ အလွန်အမင်းရှုပ်ထွေးသည်။

သူတို့ကြားတွင် ပဋိပက္ခများဖြစ်လာစေရန် သွေးထိုးလှုံ့ဆော်ပေးပါက ထန်စစ်တပ်သည် အလိုအလျောက် ပျက်စီးသွားပေမည်။

အောင်ကွမ်းသည် ဤအစီအစဉ်ကြောင့် သူ့၏ရိုးတွင်းခြင်ဆီထိလှိုက်အောင် ထိတ်လန့်ကြောက်ရွံ့နေခဲ့သော်လည်း နောက်ဆုံး၌ အစီအစဉ်ကျရှုံးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

"စစ်သည်အင်အားတစ်သန်းကျော်ရှိတဲ့ စစ်တပ်တစ်တပ်က တကယ်လို့ ဒီအတိုင်းသာ ပျက်စီးသွားမယ်ဆိုရင် အရမ်းလွယ်ကူရိုးရှင်းနေလိမ့်မယ်...ငါလုပ်ချင်တာက သူတို့ရဲ့စိတ်ဓာတ်အင်အားကို ပစ်မှတ်ထားပြီးတော့ ထက်ရှတဲ့ဓားတစ်လက်ကို ထိုးစိုက်လိုက်တာပဲ...ဒီအက်ကွဲကြောင်းရှိနေသရွေ့သူတို့ရဲ့စိတ်ဓာတ်တွေက ဘယ်တော့မှ ပြန်စုစည်းလို့ရမှာ မဟုတ်ဘူး...သူတို့က အရင်ကလိုမျိုး သန်မာအားကောင်းတော့မှာမဟုတ်ဘူး"

လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။

အောင်းကွမ်းက အံ့အားသင့်သွားကာ မေးမြန်းလိုက်၏။

"အရှင်ဆိုလိုတာက ငါက အခုငါ့ရဲ့လူတွေနဲ့အတူ သူတို့ကိုသွားပြီး သတ်ဖြတ်ရတော့မှာလား"

ဤအချိန်အခိုက်အတန့်တွင် အောင်းကွမ်း၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒာများဖြင့် ပြည့်နှက်နေသည်။သူသည် ထန်စစ်သားများကို သွား၍သတ်ဖြတ်လိုသည်မှာ တရွရွဖြစ်နေလေပြီ။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ငါ အခုထိ လှုပ်ရှားမှုတစ်ခုမလုပ်သေးတဲ့အကြောင်းအရင်းက ငါတို့လှုပ်ရှားဖို့အတွက် အချိန်မကျသေးလို့ပဲ...တစ်ယောက်ယောက်က ငါ့ကိုကူညီပြီးတော့ ထန်စစ်တပ်ကို ရှင်းထုတ်ပေးလိမ့်မယ်"

....

မာလင်းကြယ်နယ်မြေ ဆေးပညာအစည်းအရုံး...

ဤအချိန်အခိုက်အတန့်တွင် ဆေးပညာအစည်းအရုံး၏ အဆင့်မြင့်တာဝန်ခံများအတူတကွထိုင်နေကြသည်။သူတို့တစ်ယောက်ချင်းစီ၏မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်နေသောအမူအယာများ ရှိနေလေ၏။

"အားလုံးပဲ....ထန်စစ်တပ်က မိုးကြိုးမီးနှင်းကြာပွင့်အတွက် ထပ်ခါတလဲလဲ တိုက်တွန်းနှိုးဆော်နေတယ်...ငါတို့က သူတို့ကို ပေးသင့်မပေးသင့် ဆုံးဖြတ်ချက်ချရမယ့် အချိန်ကိုကျလာပြီ"

ထိပ်ဆုံး၌ထိုင်နေသော ခေါင်းဆောင်ဖြစ်သူက လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

ဤသည်မှာ ဆေးပညာအစည်းအရုံး၏ခေါင်းဆောင် ချောင်ခွင်းပင်။

သူ၏အဆင့်အတန်းသည် နတ်ဆိုးတောင်ကြားမှ တောင်ကြားသခင်နှင့်တူညီပြီး မာလင်းကြယ်နယ်မြေတစ်ခုလုံး၏ ဆေးပင်စျေးကွက်ကို ထိန်းချုပ်ထားသည်။

ချောင်ခွင်း၏နံဘေးတွင်ရှိနေသော တာဝန်ခံတစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။

"အစည်းအရုံးခေါင်းဆောင်ချောင်...မင်း သိပါတယ်....ငါတို့ဆီမှာ မိုးကြိုးမီးနှင်းကြာပွင့်တချို့ရှိနေပေမယ့် ဒါတွေကို ရောင်းချဖို့အတွက်သဘောတူထားတာ အချိန်အတော်ကြာခဲ့ပြီ.... စစ်ပွဲပြီးတာနဲ့ ငါတို့က ဒါတွေကို ပို့ဆောင်ရလိမ့်မယ်...တစ်ဖက်လူတွေဆီက ငွေကြေးဘယ်လောက်များများနဲ့ပဲ ကမ်းလှမ်းနေပါစေ ဒီမိုးကြိုးမီးနှင်းကြာပွင့်တွေကို ရောင်းလို့မရဘူး... မဟုတ်ရင် ငါတို့ရဲ့နာမည်ဂုဏ်သတင်းတွေ ပျက်စီးသွားလိမ့်မယ်"

"ဒါက အမှန်ပဲ...ငါတို့မိသားစုက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ထဲမှာပဲ ဆေးပင်စီးပွားရေး လုပ်ငန်းရှိတာ မဟုတ်ဘူး...တကယ်လို့ ငါတို့ရဲ့နာမည်ဂုဏ်သတင်း ပျက်စီးသွားရင် အနာဂတ်မှာ ငါတို့ ဒီစီးပွားရေးလုပ်ငန်းကို လုပ်ဆောင်လို့ရမှာ မဟုတ်တော့ဘူး"

ချောင်ခွင်းက သက်ပြင်းတချက်ရှိုက်ကာ ပြောဆိုသည်။

"ငါလည်း အဲ့ဒီလိုပဲ စဥ်းစားထားတယ်...ငါတို့ကတာယွီအင်ပါယာနဲ့ထန်အင်ပါယာရဲ့ စစ်ပွဲကြားမှာ ပါဝင်ပတ်သက်မှုမပြုသင့်ဘူး....ဒါကြောင့် ဘယ်လောက်ထိမြင့်မားတဲ့ စျေးနှုန်းနဲ့ပဲကမ်းလှမ်းနေပါစေ...ငါတို့က ဆေးပင်တစ်ပင်ကိုတောင် ရောင်းချလို့မဖြစ်ဘူး"

လက်ရှိနေရာတွင်ရှိနေသော တာဝန်ခံများသည်သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် အ​စေခံတစ်ယောက်က ခန်းမအတွင်းသို့ အပြေးဝင်လာသည်။သူသည် အပြေးဝင်လာပြီးနောက် ဆေးဆိုင်ပိုင်ရှင်တစ်ယောက်၏ရှေ့၌ ဒူးထောက်ကာ ပြောဆိုသည်။

"အရှင်...အခြေအနေတွေ ဆိုးဝါးနေပြီ"

ထိုဆေးဆိုင်ပိုင်ရှင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ...မင်း ဘာလို့ ဒီလောက်ထိ ထိတ်လန့်တကြားဖြစ်နေတာလဲ"

အစေခံ၏မျက်နှာ ဖြူရော်နေသည်။ထို့နောက် သူက တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။

"ထန်စစ်တပ်ရဲ့လူတွေက အစည်းအရုံးရဲ့သိုလှောင်ရုံထဲကို တရကြမ်းတိုးဝင်လာခဲ့တယ် ...သူတို့က ကျွန်တော်တို့ဆီမှာရှိတဲ့ လက်ကျန်ဆေးပင်တွေကို ယူဆောင်သွားတယ်...သိုလှောင်ရုံမှာစောင့်ကြပ်နေတဲ့ အစွမ်းထက်ကျင့်ကြံသူတွေလည်း ထန်စစ်သားတွေကြောင့် အပြင်းအထန်ဒဏ်ရာရသွားတယ်"

Chapter 3931

ဆေးဆိုင်ပိုင်ရှင်က မတ်တတ်ထရပ်ကာ ပြောဆိုသည်။

"ဘာ...သူတို့က ငါတို့ရဲ့သိုလှောင်ရုံတွေကို လုယက်ခဲ့တာလား"

အစေခံသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေပေ၏။သူက တုန်ရီနေသောအသံဖြင့် ပျာပျာသလဲ ပြောဆိုသည်။

"အဲ့ဒီလူတွေကို ခေါင်းဆောင်လာတဲ့အရာရှိရဲ့ပြောစကားအရတော့...ကျွန်တော်တို့တွေက ထန်စစ်တပ်ကို ဘာဆေးပင်ကိုမှ ထောက်ပံ့မပေးခဲ့ဘူး...အခုအချိန်မှာ ကျွန်တော်တို့က တာယွီအင်ပါယာနဲ့ တိတ်တဆိတ်ဆက်သွယ်နေတယ်လို့ သူတို့ သံသယရှိတာကြောင့် ကျွန်တော်တို့ရဲ့သိုလှောင်ရုံတွေအားလုံးကို ချိတ်ပိတ်ရမယ်လို့ ပြောခဲ့တယ်"

"အဲ့ဒီသိုလှောင်ရုံကို စောင့်ကြပ်တဲ့ ဒုတိယတာဝန်ခံက သူတို့နဲ့အငြင်းပွားခဲ့တာကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်....သူတို့က တကယ့်ကို ကျိုးကြောင်းဆင်ခြင်မှုမရှိဘူး"

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး မတ်တတ်ရပ်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသောအမူအယာများ ထင်ဟပ်နေသည်။

ထန်စစ်တပ်သည် အမှန်တကယ်ကိုပင် သူတို့၏ ဆေးပညာအစည်းအရုံးကို ဆန့်ကျင်၍ လှုပ်ရှားဝံ့သလော....

ဤသည်မှာ ယခင်က တစ်ကြိမ်တခါမျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိသော ကိစ္စတစ်ရပ်ပင်။

အတိတ်တွင် မာလင်းကြယ်နယ်မြေအပေါ် တော်ဝင်နန်းတွင်း၏ထိန်းချုပ်မှုမရှိလျှင်ပင် ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအင်အားစုများသည် စည်းမျဥ်းများကိုလိုက်နာကာ ဆေးပင်အစည်းအရုံးကိုဆန့်ကျင်သော လှုပ်ရှားမှုများကို ပြုလုပ်ခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ ကုန်သည်များမရှိပါကကျင့်ကြံသူများအတွက် လိုအပ်သောအရင်းအမြစ်များကို ထောက်ပံ့ပေးမည့်လူဟူ၍ ရှိတော့မည်မဟုတ်ချေ။

ကျင့်ကြံသူအများစုသည် တစ်စုံတစ်ခုကိုမစားမသောက်ဘဲ အသက်ရှင်နေထိုင်နိုင်သော အင်မော်တယ်များမဟုတ်ချေ။သူတို့သည် သူတို့၏နေ့စဉ်ကျင့်ကြံမှုနှင့် အသက်ရှင်သန်ရေးအတွက် လုံလောက်သောအရင်းအမြင်များ ထောက်ပံ့ပေးနိုင်ရန် လိုအပ်သည်။

ထို့ကြောင့် မည်သူကမျှ မလိုအပ်ဘဲ ဆေးပညာအစည်းအရုံးကို ရန်စခြင်းမရှိချေ။

ဆေးပညာအစည်းအရုံး၏ သိုလှောင်ရုံများကို ပြောင်ပြောင်တင်းတင်း လုယက်ခြင်းသည် တော်ဝင်စစ်တပ်များ၏လုပ်ရပ်မဟုတ်ဘဲ သူခိုးဓားပြများ၏လုပ်ရပ်ပင်။

"ဝှီး...."

ထိုအချိန်မှာပင် အဆောင်လက်ဖွဲ့များက ပြင်ပမှနေ၍ ပျံသန်း၍ဝင်ရောက်လာသည်။

ထိုအဆောင်လက်ဖွဲ့များတွင် တောက်ပနေသော အလင်းရောင်များကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ အရေးပေါ်စာလွှာများဖြစ်ကြောင်း သိသာထင်ရှားလှ၏။

ယခုအချိန်တွင် ဆေးဆိုင်ပိုင်ရှင်အများစုသည်ထိုင်နေနိုင်ခြင်း မရှိတော့ချေ။သူတို့အားလုံးသည် မတ်တတ်ထရပ်ကာ ထိုအဆောင်လက်ဖွဲ့များကို သူတို့၏လက်များဖြင့် ဆွဲယူလိုက်သည်။

"ဘာ....ငါတို့ကုန်သည်အဖွဲ့အစည်းရဲ့သိုလှောင်ရုံကလည်း လုယက်ခံလိုက်ရပြီလား"

"မြို့ဆယ်ကိုးမြို့လုံးမှာရှိတဲ့ ဆေးဆိုင်တွေမှာရှိတဲ့ အရာတွေအားလုံး လုယက်ခံလိုက်ရပြီးတော့ ဆေးပင်တစ်ပင်တောင် ကျန်မနေခဲ့ဘူး"

"သိုလှောင်ရုံမှာ ငါ စီစဉ်ထားခဲ့တဲ့ အစောင့်အကြပ်တွေအားလုံးလည်း သတ်ဖြတ်ခံလိုက်ရပြီ...ထန်စစ်တပ်က ဘာလုပ်ချင်တာလဲ"

ဆေးဆိုင်ပိုင်ရှင်တချို့သည် ဤအချိန်အခိုက်အတန့်တွင် သူတို့၏အိန္ဒြေသိက္ခာကို ဂရုမစိုက်တော့ဘဲ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်ကြသည်။

ကုန်သည်များဖြစ်သော သူတို့အတွက် သူတို့၏ငွေကြေးများထက် ပို၍အရေးပါသောအရာဟူ၍ မရှိချေ။

ယခုအချိန်၌ ထန်စစ်တပ်၏လုပ်ရပ်သည် သူတို့၏လက်များအတွင်းမှ ငွေကြေးများကိုအတင်းအကြပ်လုယူခြင်း ဖြစ်ပေ၏။

"အစည်းအရုံးခေါင်းဆောင်....ငါတို့ ဘာလုပ်သင့်လဲ"

"ထန်စစ်တပ်က ဒီလိုနည်းလမ်းမျိုးနဲ့ ငါတို့ကိုရင်ဆိုင်တဲ့အထိ ရူးသွပ်နေပြီ....သူတို့က ငါတို့လိုကုန်သည်တွေကို နည်းနည်းလေးတောင် ဂရုမစိုက်တော့ဘူး"

"အစည်းအရုံးခေါင်းဆောင်ချောင်....ကျေးဇူးပြုပြီးတော့ ငါတို့အတွက် တရားမျှတမှုကိုရှာပေးပါ"

ဆေးဆိုင်ပိုင်ရှင်တချို့သည် နီမြန်းနေသောမျက်လုံးများဖြင့် ​ချောင်ခွင်းကို ကြည့်လိုက်ကြသည်။

ဤအဆောင်လက်ဖွဲ့ သတင်းစာလွှာများအရ သူတို့တစ်ယောက်ချင်းစီ၏ ဆုံးရှုံးမှုများသည် အလွန်အမင်းကြီးမားပေ၏။

ချောင်ခွင်း၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။ထို့နောက် သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဘာမှ စိတ်မပူကြနဲ့....ငါ ဒီကိစ္စကိုသေသေချာချာစုံစမ်းပြီးတာနဲ့ မင်းတို့ကို ဖြေရှင်းချက်တစ်ခုပေးမယ်"

....

မာလင်းကြယ်နယ်မြေ...လန်ယန်းမြို့....

ဤအချိန်အခိုက်အတန့်တွင် လန်ယန်းမြို့အတွင်းရှိ ဆေးဆိုင်များအားလုံး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

စစ်သားအမြောက်အများသည် ဆေးဆိုင်များအတွင်းသို့ တရကြမ်းတိုးဝင်ကာ ပစ္စည်းများကို အရူးအမူး သယ်ဆောင်သွားကြသည်။ဆေးပင်သေတ္တာများကို နတ်ဆိုးသားရဲများဆွဲသော ရထားလုံးအတွင်းသို့ တစ်လုံးပြီးတစ်လုံးတင်ဆောင်ကာ အဝေးသို့မောင်းနှင်သွားတော့သည်။

"လုယက်နေတာကို ရပ်လိုက်ပါတော့...ဒါက ငါတို့ဆိုင်မှာ နောက်ဆုံးကျန်တဲ့ ဆေးပင်တွေပါ"

"ငါရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ဒီဆေးပင်တွေမှာ မြှုပ်နှံထားတာ...မင်းတို့က ဒါတွေအကုန်လုံးကို ယူသွားမယ်ဆိုရင် ငါ အသက်ရှင်ဖို့ ဘာနဲ့ဆက်ပြီး ရပ်တည်ရမှာလဲ"

ဆေးဆိုင်တစ်ဆိုင်၏နံဘေးတွင် ထိုဆိုင်ပိုင်ရှင်သည် သူ့၏ဇနီးနှင့်ကလေးများကိုဆုပ်ကိုင်ကာ ခါးသည်းသောအမူအယာဖြင့် အသနားခံတောင်းပန်နေသည်။

သို့ရာတွင် ထန်စစ်တပ်မှ စစ်သားများသည် သူ့၏တောင်းပန်နေမှုကို အနည်းငယ်မျှဂရုစိုက်ခြင်းမရှိချေ။

ထိုစကားများကိုကြားချိန်တွင် စိတ်အနှောင့်ယှက်ဖြစ်သွားသော စစ်ဗိုလ်ချုပ်တစ်ယောက်ပင် ရှိနေလေ၏။သူသည် ထိုဆိုင်ပိုင်ရှင်ကို ကန်ကျောက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

ဤမြင်ကွင်းကို နံဘေးဘက်မှ စောင့်ကြည့်နေသော ကျင့်ကြံသူအမြောက်အမြားရှိနေသည်။

သို့ရာတွင် မည်သူကမျှ ရှေ့ထွက်၍ ဤကိစ္စကိုမဟန့်တားဝံ့ချေ။လင်းယန်မြို့၏မြို့အရှင်ပင်လျှင် မည်သည့်ကိစ္စမျှ မဖြစ်ပွားသည့်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။

Chapter 3932

သူတို့၏ရှေ့၌ရှိနေသူများသည် ထန်စစ်သားများပင်။

ဤသည်မှာ သာမန်ကျင့်ကြံခြင်းဂိုဏ်းသားများမဟုတ်သည့်အပြင် လေဟာနယ်ဓားပြများလည်း မဟုတ်ချေ။သူတို့သည် တာယွီတော်ဝင်နန်းတွင်း၏ အစစ်အမှန်ရန်သူတော်ကြီးများ ဖြစ်ပေ၏။

သို့ရာတွင် မည်သူကမျှ ထန်စစ်တပ်ကို ဆန့်ကျင်ဝံ့ခြင်းမရှိချေ။ထိုကဲ့သို့ ပြုလုပ်လိုက်ပါက အလွယ်ပြောရလျှင် သေလမ်းရှာခြင်းဖြစ်သွားပေမည်။

"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း"

ထိုအချိန်မှာပင် အော်ဟစ်လိုက်သံတစ်သံက မိုးကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

ချောင်ခွင်းသည် သူ့၏လူတစ်စုကိုခေါ်ဆောင်လာကာ သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ထိုနေရာသို့ အပြေးသွားလိုက်သည်။

လန်ယန်းမြို့သည် ဆေးပညာအစည်းအရုံးနှင့်အနီးစပ်ဆုံးမြို့ ဖြစ်ပေ၏။ဤနေရာရှိ ဆေးပင်အရောင်းအဝယ်စျေးကွက်သည် အလွန်အမင်းပြင်းထန်သည်။ထို့ကြောင့် ထန်စစ်သားများသည် ဆေးဆိုင်များကို ပြောင်ပြောင်တင်းတင်းလုယက်နေသည်ဟူသော သတင်းကို သူ ကြားချိန်တွင် ​ချောင်ခွင်းသည် နောက်ဆုံး၌ ထိုင်ကြည့်နေနိုင်ခြင်းမရှိတော့ချေ။

ဤနေရာရှိ ဆေးဆိုင်များအနက်မှအများစုသည် ဆေးပညာအစည်းအရုံး၏လက်အောက်၌ စာရင်းသွင်းထားသော ဆိုင်များဖြစ်ပေ၏။

ဒေါင်...ဒေါင်...ဒေါင်...

လူတစ်စုချဉ်းကပ်လာသည်ကိုကြည့်ပြီးပတ်ဝန်းကျင်ရှိ ထန်စစ်သားများအားလုံး သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြသည်။

"မင်းတို့က ဘယ်သူတွေလဲ...ဒီကိစ္စတွေက မင်းတို့နဲ့ဘာဆိုင်လို့ လာနှောင့်ယှက်နေတာလဲ"

စစ်ဗိုလ်ချုပ်က စိတ်မရှည်စွာဖြင့် သူ့၏လက်ကိုဝှေ့ယမ်းလိုက်သည်။

ချောင်ခွင်းသည် နံဘေးပတ်ဝန်းကျင်ရှိဆေးဆိုင်များ၏ ဆိုးဆိုးရွားရွားအခြေအနေကို မြင်တွေ့ချိန်တွင် သူ့၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။

"ငါက ဆေးပညာအစည်းအရုံးရဲ့ခေါင်းဆောင်​ချောင်ခွင်းပဲ....ဒီဆိုင်ရှင်တွေရဲ့ကုန်စည်တွေကိုလုယက်ဖို့ မင်းတို့ကို ဘယ်သူက အမိန့်ပေးခဲ့တာလဲ"

"ဒါဆိုရင် အစည်းအရုံးခေါင်းဆောင်ချောင်ပေါ့... ငါတို့က မင်းကို လာရှာတော့မလိုဘဲ...မင်းရောက်လာမှတော့ ငါ့အတွက် အချိန်ကုန်သက်သာသွားပြီ"

စစ်ဗိုလ်ချုပ်သည် ချောင်ခွင်း၏နာမည်ကိုကြားချိန်တွင် အံ့အားသင့်သွားခြင်း မရှိဘဲနေမည်ဟုမည်သူက တွေးထင်မိမည်နည်း။ထိုအစား သူသည် သရော်တော်တော်ပြောဆိုလေ၏။

ချောင်ခွင်းက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းတို့က ငါ့ကို ဘာအတွက်လာရှာမှာလဲ"

သူနှင့်သူရှေ့ရှိ စစ်ဗိုလ်ချုပ်အကြားတွင် ယခင်က မည်သည့်ဆက်ဆံရေးမျိုးမျှ ရှိခဲ့ပုံမရချေ။

စစ်ဗိုလ်ချုပ်က ကျယ်လောင်စွာပြောဆိုသည်။

"သခင်လေးလီဖူ ပေးအပ်လိုက်တဲ့အမိန့်တွေအရ ငါတို့က ထန်စစ်တပ်ကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် မင်းတို့ဆေးပညာအစည်းအရုံးက ဆေးပင်တွေကို ယူရလိမ့်မယ်...မင်းတို့အားလုံးက ငါတို့နဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရမယ်...ဒီအမိန့်ကို မလိုက်နာတဲ့ ဘယ်သူမဆို ကွပ်မျက်ခံရမယ်"

"ဘာ...."

ချောင်ခွင်းသည် ထိုသတင်းကိုကြားချိန်တွင် သူ့၏ခန္ဓာကိုယ်ကို လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား ခံစားမိလေ၏။

"လီဖူက ရူးများရူးသွားတာလား"

​ချောင်ခွင်းက အံ့တင်းတင်းကျိတ်ကပြောဆိုသည်

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ခေတ်ကာလအတွင်း၌ ကျိုးထျန်းရင်သည် ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအင်အားစုများအပေါ်တွင်သာ အကြွင်းမဲ့ထိန်းချုပ်ခဲ့သည်။ သို့ရာတွင် သူသည် ကုန်သည်များကိုမူ ဤကဲ့သို့ တစ်ကြိမ်တခါမျှ ဆက်ဆံခဲ့ခြင်းမရှိချေ။

သူတို့သည် ဆေးပညာအစည်းအရုံးမှ ကုန်သည်များဖြစ်သဖြင့် ပြင်ပကျင့်ကြံခြင်းလောကမှ သာမန်ဂိုဏ်းအင်အားစုများနှင့် ကွဲပြားခြားနားသည်။သူတို့သည် ကုန်သည်များဖြင့်စုဖွဲ့ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကာ နေရာတစ်နေရာ၏အသက်သွေးကြောကို ထိန်းချုပ်နိုင်သည်။

ဆေးပင်များနှင့်ကုန်စည်များအားလုံးသည် သူတို့၏လက်များအတွင်း၌ ရှိနေပေ၏။

ထိုဆေးပင်များမရှိတော့ပါက ဆေးပညာအစည်းအရုံးတစ်ခုလုံးသည် မည်သည့်စီးပွားရေးကိုမျှ လုပ်ဆောင်၍ရတော့မည်မဟုတ်ချေ။အဆုံးသတ်၌ အစည်းအရုံးတစ်ခုလုံး ပျက်စီးသည့်အခြေအနေသို့ ဆိုက်ရောက်သွားပေမည်။

ထိုကဲ့သို့အချိန်မျိုးသို့ ရောက်ရှိလာပါက နေရာတစ်နေရာ၏စီးပွားရေးအပေါ် မကြုံစဖူးရိုက်ခတ်မှုများ ရှိလာနိုင်သည်။ထို့ပြင် နောင်အနာဂတ်တွင် မည်သည့်ကုန်သည်မျှ ဤနေရာသို့လာရောက်ရန် ဆန္ဒရှိတော့မည်မဟုတ်ချေ။

စစ်ဗိုလ်ချုပ်က လှောင်ပြောင်သရော်ကာ ရုတ်တရက် စစ်သားတချို့၏လှုပ်ရှားမှုများကိုရပ်တန့်ရန် အမိန့်ပေးပြီး ပြောဆိုလိုက်၏။

"မင်းတို့လို ကုန်သည်တွေက အကျိုးအမြတ်ရရင် ဘာမဆိုလုပ်တယ်ဆိုတာ ငါ သိတယ်...ကြည့်လိုက်အုံး ဒါက မင်းတို့ရဲ့လုပ်ရပ်တွေပဲ"

ထိုစကားနှင့်အတူ စစ်ဗိုလ်ချုပ်သည် စစ်သားတစ်ယောက်၏လက်အတွင်းရှိ သစ်သားသေတ္တာတစ်လုံးကို ဖွင့်လိုက်သည်။

ထိုသေတ္တာများအတွင်းတွင် ကျောက်စိမ်းသေတ္တာငယ်များကို စနစ်တကျစီရီ၍ထည့်ထားသည်။ထိုကျောက်စိမ်းသေတ္တာများအတွင်း၌ အလင်းတန်းများတောက်ပနေသောမိုးကြိုးမီးနှင်းကြာပွင့်များ ရှိနေလေ၏။

"မိုးကြိုးမီးနှင်းကြာပွင့်တွေအားလုံး ပစ္စည်းပြတ်သွားပြီလို့ မင်း ပြောခဲ့တယ်မဟုတ်လား...ဒါဆိုရင် ငါ ဒီနေရာကို ရောက်လာတဲ့အချိန်မှာ ဘာလို့ အဲ့ဒီဆေးပင်တွေအများကြီးကို ရှာတွေ့တာလဲ"

စစ်ဗိုလ်ချုပ်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

ချောင်ခွင်း၏နှလုံးသားအတွင်း၌ သွေးများယိုစီးနေသကဲ့သို့ခံစားနေရကာ သူသည် သွေးအန်ထွက်တော့လုနီးပါးပင်။

အကယ်၍ သူသည် အပေါ်ယံတွင် မည်သည့်ကုန်စည်မျှ လက်ကျန်မရှိဟု ပြောဆိုခဲ့လျှင်ပင်ဤသည်မှာ ကုန်သည်များ သာမန်အသုံးပြုနေကျ နည်းလမ်းတစ်ခုပင်။မည်သည်ကြောင့် သူသည် တခြားသူများကို အမှန်အတိုင်း ပြောဆိုရမည်နည်း။

"အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လဲ...ငါတို့ရောင်းတာ မရောင်းတာက ငါတို့ရဲ့အခွင့်အရေးပဲလေ"

ချောင်ခွင်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

စစ်ဗိုလ်ချုပ်သည် ထိုစကားကိုကြားချိန်တွင် သူ့၏မျက်လုံးများ ပြူးကျယ်သွားကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။

"တကယ်လို့ မင်း ဒီဆေးပင်တွေ ငါတို့ကို မရောင်းချင်ဘူးဆိုရင်တောင် ရန်သူတွေဘက်ကို ဘာလို့ထောက်ပံ့ပေးနေတာလဲ...မင်းက ရန်သူတွေနဲ့ပူးပေါင်းတဲ့ ပြစ်မှုကြီးကို ကျူးလွန်နေတဲ့သူပဲ...မင်းကို သစ္စာဖေါက်မှုနဲ့အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတာကောင်းလိမ့်မယ်...မင်းက ငါတို့ကို နည်းနည်းလေးတောင် မျက်နှာသာမပေးခဲ့တဲ့ အရှက်မဲ့တဲ့ကောင်တစ်ယောက်ပဲ"

ဤအချိန်အခိုက်အတန့်တွင် စစ်ဗိုလ်ချုပ်၏မျက်လုံးများ လုံးလုံးလျားလျားနီမြန်းနေကာ သူ့၏မျက်နှာအသားအရေ ဖြူရော်နေသည်။

ဤသည်မှာ ကာလရှည်ကြာ စိတ်ဝိညာဥ်ထိခိုက်ပျက်စီးနေကာ မည်သည့်ကုသမှုမျှ မခံယူရခြင်း၏ရလဒ်ပင်။

အကယ်၍ စိတ်ဝိညာဉ်သည် အချိန်အတော်ကြာထိခိုက်ပျက်စီးသွားပါက ကျင့်ကြံသူများသည် ပို၍ပို၍ဒေါသကြီးလာပေမည်။တချို့ကျင့်ကြံသူများသည် သူတို့၏အတွင်းစိတ်နတ်ဆိုးများ ဖွံ့ဖြိုးတိုးတက်လာမှုကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ တဖြည်းဖြည်း ချီသွေဖည်ခြင်းဖြစ်စဉ်သို့ ဦးတည်သွားပေမည်။

Chapter 3933

စစ်ဗိုလ်ချုပ်၏အော်ဟစ်ကြုံးဝါးသံနှင့်အတူ တခြားစစ်သားများသည် ​ချောင်ခွင်းကိုစတင်၍ဝိုင်းရံလိုက်ကြသည်။

ထိုစစ်သားများသည်လည်း စစ်ဗိုလ်ချုပ်နှင့် တူညီသောအခြေအနေတွင် ရှိနေပေ၏။သူတို့၏မျက်လုံးများ နီမြန်းနေကာ သူတို့ထံမှနေ၍ သတ်ဖြတ်လိုစိတ်ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ပတ်ဝန်းကျင်ရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို အာရုံခံမိချိန်တွင် ချောင်ခွင်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"ဒီကိစ္စက မပြီးသေးဘူး...ငါကိုယ်တိုင် အရှင့်သားလီဖူကို သွားရှာပြီးတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမယ်"

"မင်း ဆန္ဒရှိသလို လုပ်နိုင်တယ်..ဒါပေမဲ့ အရှင်သားလီဖူက အခုလတ်တလောအချိန်မှာ စစ်ရေးအရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်...ဒါကြောင့် သူက မင်းကို တွေ့နိုင်မှာမဟုတ်ဘူး"

စစ်ဗိုလ်ချုပ်သည် ချောင်ခွင်းကို အနည်းငယ်မျှဂရုမစိုက်ဘဲ အေးစက်စက်ရယ်မောလိုက်၏။

ချောင်ခွင်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ နောက်သို့ချာခနဲလှည့်ပြီး ဆေးဆိုင်ပိုင်ရှင်ကို မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလိုက်သည်။

"အစည်းအရုံးခေါင်းဆောင်...ဒါတွေက ကျွန်တော်ရဲ့သိုလှောင်ရုံထဲမှာရှိတဲ့ ဆေးပင်တွေအားလုံးပဲ...အခုအချိန်မှာ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေအားလုံးလည်း ဖျက်ဆီးခံလိုက်ရပြီ"

ဆေးဆိုင်ပိုင်ရှင်သည် ပြိုလဲကျလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

ဆေးဆိုင်ပိုင်ရှင်၏နောက်တွင်ရှိနေသော သူ၏ဇနီးနှင့်ကလေးများသည်လည်း ငိုကြွေးထားခြင်းကြောင့် သူတို့၏မျက်လုံးများ နီမြန်းကာဖူးယောင်နေသည်။

"ဒါက ပြဿနာမရှိဘူး...ငါက အဲ့ဒီကိစ္စတွေအားလုံးကို ဖြေရှင်းပေးမယ် ..ဒီငွေတွေကိုယူထားလိုက် ငါက မင်းအတွက် တရားမျှတမှုကိုရှာဖွေပေးမယ်"

ချောင်ခွင်း၏စိတ်နှလုံးသားသည် ရွှံ့ရေကဲ့သို့နောက်ကျိနေပေ၏။

...

ဆေးပညာအစည်းအရုံး၌...

"ဘာ...မင်းက အရှင်သားလီဖူကို တွေ့ခွင့်မရခဲ့ဘူးလို့ မင်း ပြောလိုက်တာလား"

ချောင်ခွင်းက အသံနက်ကြီးဖြင့် ပြောဆိုသည်။

သူ့၏ရှေ့တွင်ရှိနေသော အစေခံက ခေါင်းငုံကာ တိုးညှင်းသောအသံဖြင့်တုံ့ပြန်သည်။

"အမှန်ပါပဲ...လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ထန်စစ်တပ်မှာ တပ်တွင်းပုန်ကန်မှုတစ်ခု ဖြစ်သွားခဲ့တယ်လို့ ကျွန်တော် ကြားထားတယ်...ဒါက အမှန်ဖြစ်လောက်တယ်...အခုအချိန်မှာ ထန်စစ်တပ်က ဗဟိုစစ်စခန်းရဲ့ခုခံကာကွယ်မှုအင်အားတွေကို အဆင့်တခုထိ မြှင့်တင်ထားတယ်...ကျွန်တော်က အရှင့်သားလီဖူကို မြင်တောင်မမြင်ခဲ့ရဘူး"

ချောင်ခွင်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"တကယ်လို့ သူက ကမောက်ကမဖြစ်နေတယ်ဆိုရင်တောင်....သူ့ရဲ့ဘေးမှာရှိတဲ့ မဟာစစ်ဗိုလ်ချုပ်တွေက ကမောက်ကမဖြစ်နေမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်...ငါ ခုချက်ချင်း စာတစ်စောင်ရေးလိုက်မယ်...မင်း ငွေကြေးဘယ်လောက်များများ သုံးစွဲရပါစေ...ကိစ္စမရှိဘူး...ဒီစာကို ရောက်အောင်ပို့ရမယ်"

ယခုအချိန်တွင် ဆေးပညာအစည်းအရုံး ဆက်လက်ရှင်သန်ရေးအတွက် အရေးကြီးအချိန်အခိုက်အတန့်သို့ ရောက်ရှိနေလေပြီ။

အကယ်၍ သူတို့သည် ထန်စစ်သားများကို ဆက်လက်၍မဆင်မခြင်ပြုလုပ်ခွင့်ပြုပါက သူတို့၏ ဆေးပညာအစည်းအရုံး၌ ကြွင်းကျန်သောဆေးပင်များအားလုံး ဗလာဟင်းလင်းဖြစ်သွားမည်မှာ သေချာပေါက်ပင်။

ထိုအချိန်ကျပါက မရေမတွက်နိုင်သောအမှာစာများကို အချိန်မီပို့ဆောင်နိုင်တော့မည်မဟုတ်ချေ။ဤသည်မှာ ဘဏ္ဍာရေးအရဆုံးရှုံးမှုတစ်ခုဖြစ်ရုံသာမက မာလင်ကြယ်နယ်မြေပေါ်ရှိ ဆေးပင်ကုန်သည်များအားလုံး၏ နာမည်ဂုဏ်သတင်းလည်း အကြွင်းမဲ့ပျက်စီးသွားပေမည်။

အချိန်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စောင့်မနေချေ။ချောင်ခွင်းသည် စာရွက်နှင့်စုတ်တံပြင်ဆင်ပေးရန်အတွက် သူ့၏လက်အောက်ငယ်သားများကို အမိန့်ပေးကာ သူကိုယ်တိုင် စာတစ်စောင်ရေးသားလိုက်သည်။

သို့ရာတွင် သူ ထိုစာအား ရေးသားနေသည်မှာ တဝက်တစ်ပျက်သို့ ရောက်သောအချိန်မှာပင်အစေခံတယောက်က ရုတ်တရက် ပျာပျာသလဲပြေးဝင်လာသည်။

"သခင်ကြီး...အခြေအနေဆိုးနေပြီ...သခင်လေးက ထန်စစ်တပ်ရဲ့ဖမ်းဆီးတာကို ခံထားရတယ်"

အစေခံက ထိတ်လန့်တကြားပြောဆိုသည်။

ဘုန်း....

ချောင်ခွင်း၏လက်အတွင်းရှိစုတ်တံ မြေပြင်ပေါ်သို့ ​ပြုတ်ကျသွားသည်။

သူ့၏မျက်လုံးများ နီမြန်းသွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ဘာဖြစ်တာလဲ""

"ထန်စစ်တပ်က လူတွေစေလွှတ်ပြီးတော့ ငါတို့မိသားစုရဲ့ဆေးပင်သိုလှောင်ရုံတွေကို ဝိုင်းရံထားတယ်...သူတို့က အထဲမှာရှိတဲ့ ဆေးပင်တွေအားလုံးကို လိုချင်နေတယ်...သခင်လေးက ဒါကိုသဘောမတူတာကြောင့် စစ်သားတွေနဲ့ ပဋိပက္ခတချို့ ဖြစ်ပွားခဲ့တယ်...သူက ထန်စစ်တပ်ရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ကို ဒဏ်ရာရရှိစေခဲ့တယ်....အဆုံးသတ်ကျတော့ ထန်စစ်သားတွေက သူ့ကို ဖမ်းဆီးသွားကြတယ်"

"ဒါ့ပြင် သခင်လေးကို ပြင်းပြင်းထန်ထန်ရိုက်နှက်တာ ခံထားရတယ်....ငါတို့ရောက်သွားတဲ့အချိန်မှာ သခင်လေးက အသက်မျော့မျော့ပဲ ကျန်တော့တယ်...အဲ့ဒီနေရာကို ပြေးဝင်သွားတဲ့ငါတို့မိသားစုက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေအားလုံးလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်...သခင်မကြီးက ထိတ်လန့်ကြောက်ရွံ့ပြီးတော့ သတိလစ်မေ့မျောသွားတယ်"

"အိမ်တော်ကို ချက်ချင်းပြန်မယ်"

​ချောင်ခွင်းက ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ အလျင်စလိုပြေးထွက်ခဲ့တော့သည်။

....

ချောင်အိမ်တော်...

"သခင်ကြီး ပြန်လာပြီ"

"သခင်ကြီး ငါတို့ကို ကူညီပေးပါအုံး"

​ချောင်ခွင်း ပြန်ရောက်လာသည်ကိုကြည့်ပြီးနောက် အိမ်တော်ထိန်းသည် အစေခံများနှင့်အတူရောက်ရှိလာကာ သူ့၏မျက်နှာပေါ်တွင် မျက်ရည်များဖြင့် စိုရွှဲနေသည်။

သူ့၏ရှေ့ရှိ ချောင်အိမ်တော်သည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်ကိုကြည့်ပြီး ​ချောင်ခွင်းသည် သူ့၏မျက်လုံးများမည်းမှောင်သွားသကဲ့သို့ ခံစားမိလေ၏။

ဤသည်မှာ သူ့၏မိသားစုပိုင်ဆိုင်မှုဖြစ်သော်လည်း ဤမျှအဆင့်ထိ အမှန်တကယ်ဖျက်ဆီးခံလိုက်ရသည်။

အိမ်တော်ထိန်းက တုန်ရီနေသောအသံဖြင့်ပြောဆိုသည်။

"သခင်ကြီး...အဲ့ဒီထန်စစ်သားတွေ ရောက်လာတာ အရမ်းမြန်တယ်...ငါတို့ နောက်ဆုတ်ဖို့အတွက် အချိန်မရခဲ့ဘူး...သူတို့က ငါတို့ တုံ့ပြန်ဖို့အတွက်လည်း အချိန်မပေးခဲ့ဘူး...သူတို့က အိမ်တော်ထဲကိုရောက်လာတာနဲ့ စပြီးလုယက်တော့တာပဲ...အခုအချိန်မှာ အိမ်တော်ထဲမှာရှိတဲ့သိုလှောင်ရုံတွေထဲက ဆေးပင်တွေအားလုံး သူတို့ရဲ့လုယက်သွားတာကို ခံလိုက်ရပြီ"

"ဟွမ်အာ ဘယ်မှာလဲ...ထန်စစ်တပ်က သူ့ကိုခေါ်သွားတာလား"

ချောင်ခွင်းက အံ့တင်းတင်းကြိတ်ကာ မေးမြန်းလိုက်သည်။

All Chapters