အခန်း (၃၉၃၄-၃၉၃၇)
Vol. 200 Ch. 3934-3937
Chapter 3934
အိမ်တော်ထိန်းက ပြောဆိုသည်။
သူတို့က ထန်စစ်တပ်ရဲ့လက်ဝဲအစောင့်တပ်ကပဲ ....ငါကသူတို့ရဲ့အလံကို ပြာဖြစ်သွားရင်တောင် မှတ်မိတယ်"
"ထန်စစ်တပ် ဒီနေရာမှာ စခန်းချနေတဲ့အချိန်တုန်းက ငါတို့မိသားစုကနေ သူတို့ကို ဆေးပင်တွေအများကြီး ကူညီထောက်ပံ့ပေးခဲ့တယ်...အဲ့ဒီခွေးမသားတွေက နည်းနည်းလေးတောင်ကျေးဇူးမသိတတ်တဲ့လူတွေ ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူတို့က ငါတို့ရဲ့သနားကြင်နာမှုကို ကျေးဇူးကန်းမှုနဲ့ ပြန်ပေးဆပ်ကြတယ်"
ဘုန်း....
ချောင်ခွင်း၏လက်သီးသည် နံရံတစ်ခုပေါ်သို့ ကျရောက်သွားကာ သူ့၏မျက်လုံးများ လုံးလုံးလျားလျား နီမြန်းသွားသည်။
မာလင်းကြယ်နယ်မြေပေါ်ရှိ ဆေးပညာအစည်းအရုံး၏ခေါင်းဆောင်ဖြစ်သော သူသည် သူ့၏မျိုးဆက်တွင် ထူးချွန်သူတစ်ယောက်ဟု ယူဆနိုင်သည်။
စီးပွားရေးသမားတစ်ယောက်ဖြစ်သဖြင့် သူသည် တာယွီအင်ပါယာနှင့်ထန်အင်ပါယာအကြားမှစစ်ပွဲတွင် ဝင်ရောက်ဆင်နွှဲရန် တစ်ကြိမ်တစ်ခါမျှ ရည်ရွယ်မထားခဲ့ချေ။
သို့ရာတွင် လီဖူ၏လုပ်ရပ်သည် လွန်ကဲသွားလေပြီ။
ဤသည်မှာ ပြောင်ပြောင်တင်းတင်း လုယက်ခြင်းဖြစ်ပြီး အနည်းငယ်မျှကျိုးကြောင်းဆီလျော်ခြင်းမရှိချေ။
"ငွေတွေ အဆင်သင့်ပြင်ထားစမ်း...ပြီးတာနဲ့ ထန်စစ်စခန်းကို လူတွေလွှတ်ပြီးတော့ လျော်ကြေးပေးပြီး အဖမ်းခံရတဲ့လူတွေကို အမြန်ပြန်ထုတ်လာခဲ့စမ်း"
ချောင်ခွင်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
ချောင်ခွင်းထံတွင် ဆင်ခြင်တုံတရားရှိနေဆဲပင်။
သူသည် စီးပွားရေးသမားတစ်ယောက်သာဖြစ်သဖြင့် ထန်စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန်အတွက် သူ့ထံတွင် အင်အားမရှိချေ။
အိမ်တော်ထိန်းသည် အလျှင်အမြန်ခေါင်းညိတ်ပြကာ ငွေကြေးတချို့ကို ပြင်ဆင်ပြီးနောက် ထန်စစ်တပ်၏စစ်စခန်းထံသို့ သွားလိုက်သည်။
ချောင်ခွင်းသည် ကြေမွပျက်စီးနေသော အိမ်တော်ကိုကြည့်ပြီးနောက် သတိလစ်မေ့မျောနေသော သူ့၏ဇနီးကို သွားရောက်ရှာဖွေလေ၏။
"သခင်ကြီး...သခင်မကြီးက အကြောက်လွန်သွားတာပါ...သူက အချိန်နည်းနည်းလောက်အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ"
သမားတော်သည် ချောင်သခင်မကြီး၏သွေးခုန်နှုန်းကိုစမ်းသပ်ပြီးနောက် သက်ပြင်းတချက်ရှိုက်ကာ ပြောဆိုသည်။
"ဒါက အရမ်းကောင်းတယ်...သမားတော်ကို ငါက ကျေးဇူးတင်ပါတယ်"
ချောင်ခွင်းက သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလေသည်။
သူ့ဇနီး၏ ဖြူရော်နေသောမျက်နှာကိုကြည့်ပြီး ချောင်ခွင်းသည် သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
....
ချောင်အိမ်တော်၏ရှေ့၌....
အိမ်တော်ထိန်း၏လှုပ်ရှားမှုများမှာ အလွန်အမင်းလျှင်မြန်သည်။အချိန်နှစ်နာရီမပြည့်မီမှာပင် သူသည် ချောင်ခွင်း၏သားဖြစ်သူချောင်ဟွမ်ကို ပြန်လည်၍ရွေးထုတ်လာခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ချောင်ဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံး သွေးသံတရဲရဲဖြစ်နေသည်။သူသည် သွေးလူသားတစ်ယောက်ကဲ့သို့ လုံးလုံးလျားလျားဖြစ်နေပြီး သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေလေပြီ။
"ဟွမ်အာ....မင်း ဘယ်လိုခံစားနေရလဲ"
ချောင်ခွင်းသည် သူ့၏သားကို အလျှင်အမြန်ထူမလိုက်သည်။သို့ရာတွင် ချောင်ဟွမ်၏အသက်ရှူနှုန်းသည် မူမှန်ခြင်းမရှိတော့ဘဲရပ်တန့်လုနီးပါးဖြစ်နေသည်ကို သူ ရှာဖွေတွေ့ရှိမိသည်။
"မြန်မြန်...သမားတော်ကို မြန်မြန်ခေါ်လိုက်စမ်း"
ချောင်ခွင်းက စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။
သမားတော်သည် အလျှင်အမြန်ရောက်ရှိလာကာ ချောင်ဟွမ်ကို စမ်းသပ်စစ်ဆေးပြီး ကုသလိုက်၏။ထို့နောက် သူက ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"သခင်ကြီး...သခင်လေးရဲ့အသက်အန္တရာယ်ကတော့ မရှိတော့ဘူး...ငါက သူ့ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပြီ...ဒါကြောင့် ဘာအဓိကပြဿနာမှ ရှိတော့မှာမဟုတ်ဘူး"
သူ့၏သားဖြစ်သူ အသက်အန္တရာယ်မရှိသည်ကိုကြားပြီးနောက် ချောင်ခွင်းသည် နောက်ဆုံး၌ စိတ်သက်တာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သမားတော်က ထပ်မံ၍သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"ဒါပေမဲ့ သခင်ကြီး...သခင်လေးက နောင်အနာဂတ်မှာ ထပ်ပြီးကျင့်ကြံလို့မရတော့မှာကို ငါ စိုးရိမ်မိတယ်...ဒါတင် မကဘူး သူ့ရဲ့ကျန်နေတဲ့ဘဝတစ်လျှောက်လုံး အိပ်ယာပေါ်မှာပဲ လဲလျောင်းနေရလိမ့်မယ်"
"ဘာလို့လဲ"
ချောင်ခွင်းက ရုတ်တရက် သူ၏ခေါင်းကိုမော့ကာ မေးမြန်းသည်။
သမားတော်က တုံ့ပြန်အဖြေပေးသည်။
"သခင်လေးရဲ့ကြွက်သားနဲ့အရိုးတွေအားလုံး ကျိုးပဲ့ပြီးကြေမွသွားတယ်.. ဒါ့ပြင် သူ့ရဲ့ကြွက်သားတွေထဲကတချို့ကိုလည်း ဆွဲထုတ်ခံထားရတယ်"
"ဒါတင်မကဘူး...သခင်လေးကို ကြည့်ရတာ အရမ်းဆိုးဝါးတဲ့နာကျင်မှုကို ခံစားခဲ့ရပုံရတယ်... သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာရသွားရုံ သက်သက်မဟုတ်ဘူး...သူ့ရဲ့စိတ်ဝိညာဉ်ကလည်း အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်.... တကယ်လို့ သူက နောင်အနာဂတ်မှာ အတင်းအကြပ်ကျင့်ကြံမယ်ဆိုရင် ချီသွေဖည်ခြင်းကို ခံစားရလိမ့်မယ်"
ချောင်ခွင်းက စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်၏။
"ဒါက တခြားနည်းလမ်း မရှိတော့ဘူးလား"
သမားတော်က သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
"သူ့ရဲ့အသက်ကိုကယ်တင်နိုင်ဖို့ကတင် အရမ်းခက်ခဲနေခဲ့ပြီ...တကယ်လို့ သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကို အကောင်းပကတိအတိုင်း ပြန်ဖြစ်စေနိုင်မယ့် ဆေးမျိုးကို ဆေးပညာမဟာသခင်တစ်ယောက်က ဖော်စပ်ပေးမယ်ဆိုရင်တောင်...သူ့ရဲ့စိတ်ဝိညာဉ်ဒဏ်ရာရထားတာကို အရှင်းပျောက်အောင် ကုနိုင်မှာမဟုတ်ဘူး"
ချောင်ခွင်းသည် နာကျင်မှုကြောင့်သူ့၏မျက်လုံးများကို မှိတ်လိုက်၏။
အကယ်၍ သူ့၏သားထံတွင် ကျင့်ကြံဆင့်စွမ်းအားမရှိပါက မိသားစုလုပ်ငန်းများကို မည်သည့်နည်းနှင့်မျှ အမွေဆက်ခံနိုင်တော့မည်မဟုတ်ချေ။
သူ့၏သား ဤကဲ့သို့ အသက်ရှင်သန်နေရခြင်းသည် သေဆုံးရသည်ထက် ပို၍ခံစားရခက်ပေမည်။
"သခင်ကြီး မကောင်းတော့ဘူး"
ထိုအချိန်မှာပင် အိမ်တော်ထိန်းက အလျှင်အမြန်ပြေးဝင်လာကာ ထိတ်လန့်တကြားပြောဆိုသည်။
"သခင်မလေး....သခင်မလေးက သခင်လေးဖမ်းဆီးခံရတယ်ဆိုတာ သိပြီးတော့ ဒီနေရာကို လာတဲ့ အလာလမ်းတစ်လျှောက်လုံး ကြောက်ရွံ့နေခဲ့တယ်...သူက မတော်တဆ လမ်းခုလတ်မှာတင် မီးဖွားခဲ့တယ်...သခင်မလေးရဲ့ခန္ဓာကိုယ်က အစကတည်းက အရမ်းအားနည်းတယ်...အဆုံးသတ်ကျတော့ အသက်နှစ်သက်လုံး ဆုံးရှုံးလိုက်ရပြီ...သခင်မလေးနဲ့ကလေးနှစ်ယောက်လုံး ဆုံးပါးသွားပြီ...သူတို့နှစ်ယောက်လုံး ဆုံးပါးသွားခဲ့ပြီ"
ဘုန်း...
ချောင်ခွင်းသည် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားသဖြင့် သူ့၏နံဘေးမှလူများက တွဲထူပေးလိုက်ကြသည်။
သူ့၏မျက်လုံးများကိုဖွင့်လိုက်သောအချိန်တွင် အပြည့်အဝ သွေးနီရောင်သန်းနေပေ၏။
"အား...လီဖူ...ငါက မင်းကို မြှုပ်နှံစရာမြေမရှိဘဲသေအောင်လုပ်ပြမယ်"
ချောင်ခွင်းသည် ရူးသွပ်သွားသည့်အလား ဒေါသတကြီး အော်ဟစ်ကြုံဝါးလိုက်၏။
Chapter 3935
တာယွီစစ်စခန်း၌....
အောင်းကွမ်းသည် ရုံးစာရွက်စာတန်းတချို့ကို လုယွီ၏ရှေ့ရှိ စားပွဲပေါ်၌တင်ကာ သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"အရှင်....ထန်စစ်တပ်က ဒီလောက်ထိအစွန်းရောက်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး ...ငါတို့ အရင်က အစီအစဉ်တစ်ခုကိုအသုံးပြုဖို့ ရေးဆွဲထားပေမယ့်...ဒါကိုအကောင်အထည် မဖော်ရသေးခင်မှာပဲ ထန်စစ်တပ်က ဆေးပညာအစည်းအရုံးနဲ့ ရန်သူတွေဖြစ်နေပြီ"
ရုံးစာရွက်စာတမ်းများကို ဖြန့်ကြည့်လိုက်စဉ်တွင် သတင်းအချက်အလက်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။
လုယွီ၏အစီအစဉ်အောက်တွင် ဆေးပညာအစည်းအရုံး၌ ကောင်းကင်ကွန်ယက်မှ သူလျှိုအမြောက်အများကို မွေးမြူထားပြီးဖြစ်သည်။
အချိန်ကျရောက်လာသည်နှင့် ထိုသူလျှိုများသည် သူတို့၏လှုပ်ရှားမှုများကို လုပ်ဆောင်က အခွင့်ကောင်းရှာဖွေပြီး ထန်စစ်တပ်နှင့်ဆေးပညာအစည်းအရုံးကို ရန်သူများဖြစ်အောင် လုပ်ဆောင်ကြပေမည်။
သို့ရာတွင် ဤအစီအစဉ်များသည် ယခုလက်ရှိအပြောင်းအလဲများကို လိုက်မမှီတော့ချေ။
ယခုအချိန်အထိ လုယွီသည် လှုပ်ရှားမှုတစ်ခုကိုမျှ မပြုလုပ်ရသေးသော်လည်း ထန်စစ်တပ်သည် ဆေးပညာအစည်းအရုံးနှင့် ရန်သူများဖြစ်ရန် ရွေးချယ်ခဲ့ပေ၏။
"သူတို့က အရမ်းရက်စက်ကြမ်းကြုတ်တာပဲ...ချောင်ခွင်းရဲ့သားက မသန်မစွမ်းဖြစ်တဲ့အထိ ရိုက်နှက်ခံလိုက်ရတယ်...သူ့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေလည်း ဖျက်ဆီးခံလိုက်ရပြီ...ချောင်ခွင်းရဲ့ချွေးမက မီးဖွားနေတဲ့အချိန်အတွင်းမှာ သွေးလန့်ပြီးသေဆုံးသွားခဲ့တယ်... ဒီနာကြည်းမုန်းတီးမှုမျိုးက ချောင်ခွင်းရဲ့စိတ်နှလုံးသားထဲမှာ အမြစ်တွယ်နေမှာသေချာပေါက်ပဲ"
အောင်းကွမ်းက စိတ်ခံစားချက်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။
လုယွီက ပြောဆိုသည်။
"ကြည့်ရတာတော့ လီဖူရဲ့နံဘေးက အကြံပေးတွေက ရွှယ်ကုံးချင်းနဲ့စုန်ကျန်းရှင်းတို့ ဖြစ်လိမ့်မယ်...တကယ်လို့ သူတို့နှစ်ယောက်လုံးသာ ရှိနေမယ်ဆိုရင် လီဖူက ဒီလိုရူးသွပ်မိုက်မဲတဲ့ဆုံးဖြတ်ချက်မျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး...တုရှန်းရှန်းက အစွမ်းထက်တဲ့စစ်သည်တော်တစ်ယောက်ဆိုပေမယ့် သူ့မှာခွန်အားတော့ရှိတယ်...ဒါပေမဲ့ သူ့မှာ နက်ရှိုင်းတဲ့အလွှာအထိ စဥ်းစားတွေးတောနိုင်စွမ်းမရှိဘူး"
အောင်းကွမ်းက ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။၊
"ဒါပေမဲ့ အရှင်...တကယ်လို့ သူတို့တွေက ရန်သူတွေဖြစ်လာရင်တောင် ချောင်ခွင်းက ဘာလုပ်နိုင်မှာမလို့လဲ...ဆေးပညာအစည်းအရုံးက ပြင်ပကျင့်ကြံခြင်းလောကရဲ့ အစည်းအရုံးတစ်ခုပဲလေ...တကယ်လို့ သူတို့က သန်းနဲ့ချီတဲ့ ထန်စစ်သားတွေကို တိုက်ခိုက်ချင်တယ်ဆိုရင် အနိုင်ရနိုင်မယ့်အခွင့်အရေးက နည်းနည်းလေးတောင်ရှိမှာမဟုတ်ဘူး"
"ငါက ချောင်ခွင်းကို ထန်စစ်တပ်နဲ့ရင်ဆိုင် တိုက်ခိုက်စေချင်နေတယ်လို့ ဘယ်သူက ပြောတာလဲ"
"အမ်..."
"ချောင်ခွင်းက လောင်စာတစ်ခုသက်သက်ပဲ... သူက မာလင်းကြယ်နယ်မြေပေါ်မှာ အင်အားအကြီးဆုံး ဆေးပင်ကုန်သည်တစ်ယောက်ဖြစ်တာကြောင့်...နတ်ဆိုးဘုရင်တောင်ကြားက အထွတ်အထိပ်အခြေအနေမှာ ရှိနေတုန်းကတောင် သူ့ရဲ့ဆံပင်တစ်ပင်ကို မထိရဲခဲ့ဘူး...ဒါက ချောင်ခွင်းရဲ့အင်အားကို သက်သေပြနိုင်ဖို့ လုံလောက်တယ်"
လုယွီက ပြောဆိုသည်။
အောင်ကွမ်း၏မျက်နှာပေါ်တွင် အထင်အမြင်သေးသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"သူက ဆေးပင်ကုန်သည်တစ်ယောက်သက်သက်မဟုတ်လား...ဘာက အထင်ကြီးစရာကောင်းနေလို့လဲ"
"ဆေးပင်ကုန်သည် တစ်ယောက်တဲ့လား"
လုယွီက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
"ငွေကြေးက သရဲတစ္ဆေတွေ နတ်ဘုရားတွေနဲ့တောင် အဆက်အသွယ်လုပ်နိုင်တယ်...မာလင်းကြယ်နယ်မြေပေါ်မှာရှိတဲ့ ဂိုဏ်းတွေအများကြီးက သူတို့ဂိုဏ်းတွေရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် စီးပွားရေးလုပ်ငန်းတချို့ကို လျှို့ဝှက်ပြီးလုပ်ဆောင်ဖို့လိုအပ်တယ်"
"အဲ့ဒီစီးပွားရေးလုပ်ငန်းတွေရဲ့ အရင်းအမြစ်က ချောင်ခွင်းပဲ"
"ပြောရမယ်ဆိုရင် သူက မာလင်းကြယ်နယ်မြေတစ်ခုလုံးရဲ့ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားပဲ... မရေမတွက်နိုင်တဲ့ဂိုဏ်းတွေက သူ့ရဲ့ထောက်ပံ့ကူညီမှုကို လိုအပ်နေတယ် ဘယ်အချိန်မျိုးမှာ ဘာကိစ္စပဲရှိနေနေ ငွေကြေးနဲ့ စီရင်ချက်ချနိုင်တယ်...ဒါကြောင့် တကယ်လို့ချောင်ခွင်း ဒေါသထွက်လာပြီဆိုရင် မာလင်းကြယ်နယ်မြေပေါ်မှာရှိတယ် ပြင်ပဂိုဏ်းအင်အားစုတွေအားလုံးကို ရန်စလိုက်တာနဲ့အတူတူပဲ"
လုယွီက ရှင်းပြသည်။
အောင်းကွမ်းသည် ဇဝေဇဝါဖြစ်နေဆဲပင်။
"ဒီကြယ်နယ်မြေပေါ်မှာရှိတဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေက တစ်ကွဲတပြားစီဖြစ်နေတဲ့ အမှိုက်တွေမဟုတ်လား...ထန်စစ်တပ်က ဆူပူသောင်းကျန်းနေတဲ့ဂိုဏ်းတွေထဲက ဂိုဏ်းကြီးတချို့ကို အမြစ်ပြတ်ချေမှုန်းလိုက်တာနဲ့ တခြားဂိုဏ်းအင်အားစုတွေအားလုံးကို ခြိမ်းခြောက်ဖို့လုံလောက်တယ်... ကျန်တဲ့ဂိုဏ်းငယ်လေးတွေအားလုံးက ကြွက်တွေလို ထွက်ပြေးသွားကြလိမ့်မယ်"
"ဒါက ဘာလို့ဖြစ်တာလဲဆိုရင် အဲ့ဒီဂိုဏ်းတွေမှာခေါင်းဆောင်တစ်ယောက် မရှိလို့ပဲ"
လုယွီက ရုတ်တရက် စားပွဲပေါ်မှရုံးမှတ်တမ်းစာရွက်တစ်ရွက်ကို ယူဆောင်လိုက်သည်။
"တချိန်တုန်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ မဟာစိတ်ဝိညာဉ်မြင့်မြတ်နယ်မြေလို့ခေါ်တဲ့ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းရှိခဲ့ဖူးတယ်...
သူတို့က ရှေးဟောင်းမဟာစိတ်ဝိညာဉ်နတ်ဘုရားကို သူတို့ရဲ့ဘိုးဘေးအဖြစ် ဝတ်ပြုကိုးကွယ်ကြတယ်...ကောင်းကင်ဘုံပြက္ခဒိန်၃၇၀ခုနှစ်မှာ မဟာစိတ်ဝိညာဉ်မြင့်မြတ်နယ်မြေက တော်ဝင်နန်းတွင်းရဲ့အမိန့်ကို နာခံလိုက်ပြီလို့
ကြော်ငြာချက်ထုတ်ပြန်ခဲ့တယ်...အဲ့ဒီလိုလုပ်ပြီးတာနဲ့ မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်က သူ့ရဲ့ဂိုဏ်းကိုဖျက်သိမ်းပြီးတော့ အံ့ဖွယ်တောအုပ်ကြယ်နယ်မြေမှာ တံခါးပိတ်ကျင့်ကြံနေခဲ့တယ်"
"မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်ကို လက်ဝဲစစ်တပ်နယ်မြေရဲ့ထိပ်သီးအစွမ်းထက်တည်ရှိမှုတွေထဲက တစ်ယောက်လို့ ယူဆနိုင်တယ်... လက်ဝဲစစ်တပ်နယ်မြေရဲ့ ထိပ်သီးဂိုဏ်းသုံးဂိုဏ်းဆိုတာက အဲ့ဒီမြင့်မြတ်နယ်မြေ ပျောက်ကွယ်သွားပြီးမှ တည်ထောင်ထားကြတာတွေပဲ"
အောင်းကွမ်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
"အဲ့ဒီမဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်က ဒီတိုက်ပွဲထဲမှာ ပါဝင်ဆင်နွှဲမယ်လို့ အရှင်က ပြောချင်တာလား"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"တကယ်လို့ သာမန်ကိစ္စဆိုရင်တော့ မဟာစိတ်ဝိဉာဉ်မြင့်မြတ်အရှင်က တံခါးပိတ်ကျင့်ကြံနေပြီးတော့ ဒီကိစ္စတွေထဲမှာ ပါဝင်စွက်ဖက်ခြင်းမပြုဖို့ဖို့ရွေးချယ်လိမ့်မယ်"
"ကံဆိုးချင်တော့ လီဖူက ချောင်ခွင်းမှာ ချောင်ဟွမ်ဆိုတဲ့သားတစ်ယောက်ရှိပြီးတော့ မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်ရဲ့ တစ်ဦးတည်းသောမြေးမလေးနဲ့လက်ထပ်ထားတယ်ဆိုတာ မသိခဲ့ဘူး"
"မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်က အမြဲတမ်းတံခါးပိတ်ကျင့်ကြံနေခဲ့ပေမယ့် သူ့ရဲ့မြေးမလေးကို အရမ်းတန်ဖိုးထားတယ်...သူက အဲ့ဒီမိန်းကလေးကို အရမ်းချစ်မြတ်နိုးပြီးတော့ အမြဲတမ်း အလိုလိုက်လေ့ရှိတယ်"
"လီဖူက သူ့ရဲ့လုပ်ရပ်တွေအတွက် တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"
Chapter 3936
ထန်စစ်တပ်...စည်းဝေးခန်းမ....
ဆေးပင်များစုဆောင်းရန်အတွက် ပြင်ပသို့ထွက်သွားသော စစ်ဗိုလ်ချုပ်များသည် သူတို့၏ရလဒ်များကို လီဖူထံသို့ သတင်းပို့လိုက်ကြ၏။
"အရှင့်သား...ဒီဆေးပင်တွေရှိနေတာကြောင့် ငါတို့စစ်တပ်က ဆေးပင်ပြတ်လပ်မှာကို ပူပန်စရာမလိုတော့ဘူး"
"ဒါက အမှန်ပဲ...ဆေးခန်းမမှာရှိတဲ့ ဆေးပညာတွေအားလုံးက ဆေးလုံးတွေကို အမြန်ဆုံးဖော်စပ်နေကြပြီ...ငါတို့စစ်တပ်တစ်တပ်လုံးအတွက် လိုအပ်နေတဲ့စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးတွေရလာဖို့ အချိန်သိပ်မလိုတော့ဘူး"
လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များ၏မျက်နှာများထက်တွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုဆေးလုံးများရှိလာပါက သူတို့၏စစ်သားများသည် အထွတ်အထိပ်ခွန်အားကို ပြန်လည်ရရှိပေမည်။
ထိုအချိန်ကျပါက အကယ်၍ သူတို့သည် တာယွီစစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ရလျှင်ပင် မည်သည့်ထိတ်လန့်ကြောက်ရွံ့မှုမျိုးမျှ ရှိမည်မဟုတ်ချေ။
"ကောင်းပြီလေ...မင်းတို့ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်...အဲ့ဒီအချိန်ကျရင် လုယွီမှာ ဘယ်လိုမျိုးလှည့်ကွက်တွေရှိနေပါစေ..ငါက ကြောက်နေမှာမဟုတ်ဘူး...ဟား ဟား ဟား ဟား"
လီဖူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ဤအချိန်အတောအတွင်းတွင် သူသည် လုယွီ၏ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
သူ မည်ကဲ့သို့ဆုံးဖြတ်ချက်မျိုး ပြုလုပ်သည်ဖြစ်စေ လုယွီ၏အကွက်ချကြံစည်ခြင်းကို ခံရပေ၏။
လုယွီသည် သူ့၏အနီး၌ ရှိမနေသော်လည်း လီဖူသည် သူ့၏အနီးတစ်နေရာရာ၌ လုယွီရှိနေသည်ဟူသော ခံစားချက်မျိုးရရှိနေသည်။
ဤသည်မှာ လီဖူအား ကြီးမားသောလက်ဝါးကြီးတစ်ဖက်အတွင်းသို့ထည့်၍ ကစားနေကာ လွတ်မြောက်နိုင်စွမ်းမရှိအောင် လုပ်ဆောင်ထားသည့်အလားပင်။
"အရှင့်သား...."
ထိုအချိန်မှာပင် တုရှန်းရှန်းက ခြေလှမ်းကျဲကြီးများဖြင့် အတွင်းသို့ဝင်ရောက်လာသည်။
တုရှန်းရှန်း ဝင်ရောက်လာသောအချိန်တွင် လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
အမှန်အားဖြင့် ထန်အင်ပါယာ၏အရာရှိအဆင့်အရ တုရှန်းရှန်းသည် ယခုလက်ရှိနေရာတွင်ရှိနေသောလူများအနက် အဆင့်မြင့်ဆုံးအရာရှိပင်။
သို့ရာတွင် သူတို့သည် တပ်တွင်းပုန်ကန်မှုတစ်ခုကို စတင်ခဲ့ကြချိန်၌ တုရှန်းရှန်းကို အော်ဟစ်ဆဲဆိုခဲ့ကြသည်။ထို့ကြောင့် ယခုအချိန်၌ တုရှန်းရှန်းကိုမြင်တွေ့ချိန်တွင် သူတို့သည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေကြလေ၏။
"မင်းတို့ကောင်တွေ အရင်ဆုံးထွက်သွားကြတော့"
တုရှန်းရှန်းသည် စိတ်နှလုံးသားလေးလံနေသဖြင့် သူ့၏လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။
စစ်ဗိုလ်ချုပ်များသည် သူတို့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အရိုအသေပြုပြီးနောက် ထွက်ခွာသွားတော့သည်။
စစ်ဗိုလ်ချုပ်များထွက်ခွာသွားပြီးနောက် တုရှန်းရှန်းသည် လီဖူကိုကြည့်ကာ သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"အရှင့်သား....ဘာလို့ သူတို့ကို ဆေးပင်ကုန်သည်တွေဆီက ဆေးပင်တွေလုယက်ခိုင်းလိုက်တာလဲ...ငါတို့ အခုလိုလုပ်လိုက်တာက ငါတို့နဲ့သူခိုးဓားပြတွေကြားမှာ ဘာကွာခြားချက်ရှိနေတော့မှာလဲ"
လီဖူက အပြုံးနှင့် တည်ငြိမ်စွာပြောဆိုလေသည်။
"တပ်မှူးတု....စိုးရိမ်လွန်နေပြီ...ငါက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်ခဲ့ဘူး...လုယွီက လှည့်ကွက်တစ်ခုကိုအသုံးပြုခဲ့တာကြောင့် ငါ့ရဲ့ဘဏ္ဍာတိုက်ထဲက ရတနာအများစု ကုန်ဆုံးသွားခဲ့တယ်...အခုအချိန်မှာ ကြွင်းကျန်တဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေကိုလည်း ဆုလာဘ်ပေးခဲ့ရတယ်...အဲ့ဒီဆေးပင်ကုန်သည်တွေက ငါတို့မှာ ဆေးပင်ပြတ်လပ်နေတာကိုသိနေတာကြောင့် သူတို့ရဲ့ပိုင်ဆိုင်မှုတွေအပေါ်မှာ မြင့်မားတဲ့စျေးနှုန်းနဲ့တောင်းဆိုမှာ သေချာပေါက်ပဲ"
"ငါတို့က သူတို့နဲ့ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် အချိန်ကုန်ပြီးတော့ နောက်ဆုံးမှာကျရှုံးရလိမ့်မယ်...အစကတည်းက သူတို့ရဲ့ဆေးပင်တွေကိုအင်အားသုံးပြီးလုယူလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်...ငါ ဒီတိုက်ပွဲကို အနိုင်ရတဲ့အချိန်ကျရင် သူတို့ကို လျော်ကြေးအများကြီးပေးဖို့ စီစဉ်ထားတယ်"
တုရှန်းရှန်းက ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။
"စိတ်ဝိညာဥ်ကျောက်တုံးတွေ မလုံလောက်ဘူးဆိုရင်တောင် ငါတို့က အနည်းဆုံးတော့ ပိုပြီးညင်သာတဲ့နည်းလမ်းတွေကို အသုံးပြုသင့်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့စစ်တပ်က မာလင်းကြယ်နယ်မြေပေါ်မှာ ရှိနေတုန်းပဲ..ဒါက ငါတို့ရဲ့ထန်အင်ပါယာပိုင်နက်နယ်မြေမဟုတ်ဘူး...ငါတို့က ဒီမာလင်းကြယ်နယ်မြေကို ခဏလောက် လက်လွှဲယူထားခဲ့ရုံသက်သက်ပဲ...ဒါကြောင့် ဒီနေရာမှာရှိတဲ့ လူတွေရဲ့စိတ်နှလုံးသားတွေကို ထန်အင်ပါယာက အပြည့်အဝမပိုင်ဆိုင်သေးဘူး....ငါတို့က ကြမ်းကြမ်းတမ်းတမ်းပြုမူဆောင်ရွက်လိုက်မယ်ဆိုရင် လူထုရဲ့ဆူပူအုံ့ကြွမှုတွေ ဖြစ်လာနိုင်တယ်"
"တပ်မှူးတု...ဒါက မင်းရဲ့ပုံစံမျိုး မဟုတ်ပါဘူး... သူတို့တွေက အဆင့်မရှိတဲ့ ပြင်ပဂိုဏ်းအင်အားစုက အမှိုက်ကောင်တွေသက်သက်ပဲ....ငါတို့က ဘာကိုကြောက်နေရမှာလဲ...တကယ်လို့ သူတို့ပြဿနာရှာရဲရင် ငါတို့က စစ်တပ်ကိုဦးဆောင်ပြီးတော့ သူတို့ကို ချေမှုန်းလိုက်ရုံပဲ"
လီဖူက ရယ်မောလိုက်သည်။
လူထု၏ဆူပူအုံကြွမှုဟု ဆိုသလော...
ဤသည်မှာ တပ်တွင်းပုန်ကန်မှုတစ်ခုလောက် ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းမည်မဟုတ်ချေ။
"ဒါဆိုရင်လည်း ကောင်းပြီလေ...အရှင်သားက ကျေးဇူးပြုပြီးတော့ ကတိပေးပါ...ဒီနေ့ကနေစပြီးတော့ ငါက ဆေးပင်ကုန်သည်တွေဆီက ဆေးပင်တွေစုဆောင်းတဲ့တာဝန်ကို လက်လွှဲယူတော့မယ်...လက်ဝဲစစ်တပ်နဲ့လင်းယုန်ပျံဝဲစစ်တပ်တွေက စစ်သားတွေကို ဒီကိစ္စတွေထပ်ပြီးကိုင်တွယ်ခွင့် မပြုနိုင်တော့ဘူး"
တုရှန်းရှန်းက အလေးနက်ထားသောအသံဖြင့် ပြောဆိုသည်။
လီဖူက မျက်မှောင်ကြုတ်လိုက်၏။
"ဘာလို့လဲ...."
တုရှန်းရှန်းက အလေးအနက်ထားသောအသံဖြင့် တုံ့ပြန်အဖြေပေးသည်။
"လက်ဝဲစစ်တပ်နဲ့လင်းယုန်ပျံဝဲအစောင့်တပ်တွေက စစ်သားတွေအားလုံးက အစစ်အမှန်စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးကို ရမထားကြဘူး...သူတို့ရဲ့စိတ်ဝိညာဉ်တွေက ထိခိုက်ဒဏ်ရာရထားပြီးတော့ ခုထိပြန်မကောင်းသေးဘူး..အဲ့ဒီလူတွေရဲ့စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ကိန်းအောင်းနိုင်နေတယ်...သူတို့က စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးတွေ ဖော်စပ်နိုင်ဖို့အတွက် ဘယ်အရာမဆိုလုပ်ကြလိမ့်မယ်"
လီဖူက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
"မရဘူး ရှောင်လက်ရွေးစင်စစ်သားတွေကို ငါ့ရဲ့နံဘေးမှာပဲ စီစဉ်ထားရမယ်...ဒီအမိန့်က ပြောင်းလဲမှာမဟုတ်ဘူး"
Chapter 3937
လီဖူသည် ယခင်တပ်တွင်းပုန်ကန်မှုကြောင့် ထိတ်လန့်ကြောက်ရွံနေခဲ့သည်။
လက်ဝဲစစ်တပ်နှင့်လင်းယုန်ပျံဝဲအစောင့်တပ်မှ စစ်သားများသည် သူ့အားဝိုင်းရံထားခဲ့ကြပြီး သူတို့သည် နာကြည်းမုန်းတီးစွာဖြင့် သူ့အားစူးစိုက်ကြည့်နေကြသည်။ဤသည်မှာ သူတို့သည် သူ့၏အရိုးများကိုကြိတ်ဝါးကာ သူ့အား အမှုန့်ခြေလိုသည့်အလားပင်။
မည်သည့်ကိစ္စမျိုး ရှိနေပါစေ လီဖူသည် ထိုခံစားချက်ကို နောက်တစ်ကြိမ်ထပ်မံ၍ ကြုံတွေ့လိုစိတ် မရှိတော့ချေ။
"တပ်မှူးတု ဘာမှမစိုးရိမ်ပါနဲ့...သူတို့က ဆေးပင်တွေရောင်းချဖို့ကိုပဲသိတဲ့ ကုန်သည်တစ်စုသက်သက်ပဲ...သူတို့ကို ငါတို့အင်ပါယာရဲ့တော်ဝင်စစ်တပ်အတွက် ထောက်ပံ့ပေးခွင့်ပြုတာကပဲ သူတို့အတွက် ကံကြမ္မာကောင်းကြီးတစ်ခုဖြစ်နေပြီ....တကယ်လို့ သူတို့က ဒါကိုလက်မခံချင်ရင်တောင် ဘာတတ်နိုင်မှာမလို့လဲ"
လီဖူက အမှုမထားသည့်အမူအယာဖြင့် ပြောဆိုသည်။
တုရှန်းရှန်းက သက်ပြင်းရှိုက်လိုက်၏။
"ဒါဆိုရင်လည်း ကောင်းပြီလေ...အရှင့်သား ကျေးဇူးပြုပြီးတော့ စစ်သားတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ အမိန့်ပေးထားပါအုံး...အပြစ်မဲ့တဲ့သူတွေကို ထိခိုက်နာကျင်အောင် လုပ်ခွင့်မပြုပါနဲ့"
....
ဆေးပညာအစည်းအရုံး၌...
ဤအချိန်အခိုက်အတန့်တွင် တည်ကြည်လေးနက်သောအငွေ့အသက်များက အစည်းအရုံး၏ခန်းမအတွင်းတွင် ရစ်သိုင်းလွှမ်းခြုံနေသည်။
ခန်းမအတွင်း၌ အတန်းနှစ်တန်းခွဲ၍နေရာချထားသော ထိုင်ခုံများပေါ်တွင် လူများဖြင့်ပြည့်နှက်နေပေ၏။
ယခုလက်ရှိနေရာတွင် ရှိနေသူများအားလုံးသည် မာလင်းကြယ်နယ်မြေပေါ်ရှိ ထိပ်သီးအစွမ်းထက်အင်အားစုများမှ လူများပင်။သူတို့အနက်မှအများစုသည် ဂိုဏ်းချုပ်များ သို့မဟုတ် အစွမ်းထက်သောထိပ်သီးကျင့်ကြံသူများဖြစ်သည်။
"အစည်းအရုံးခေါင်းဆောင်ချောင် မင်းရဲ့မိသားစုနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ငါတို့ ရှင်းရှင်းလင်းလင်း သိထားပြီးပြီ....ဒီတစ်ကြိမ်မှာ ထန်စစ်တပ်က ဒီလောက်ထိ ရုန့်ရင်းကြမ်းတမ်းမယ်လို့ ငါတို့ မျှော်လင့်မထားမိဘူး"
"ဒါက အမှန်ပဲ...မာလင်းကြယ်နယ်မြေကို တာယွီစစ်တပ်က အုပ်ချုပ်နေတဲ့အချိန်တုန်းကတောင် ဒီလိုစည်းလွတ်ဝါးလွတ်ကိစ္စမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး...ထန်စစ်တပ်က ငါတို့ကုန်သည်တွေကို လူသားတွေလို မဆက်ဆံခဲ့ဘူး"
ဂိုဏ်းချုပ်တချို့သည် ဒေါသတကြီးအော်ငေါက်ကာ သူတို့၏အသံများတွင် စိတ်မကျေမနပ်ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် ချောင်ခွင်း၏လက်အတွင်း၌ ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားသည်။ထိုကျောက်စိမ်းပြားမှနေ၍ သတင်းစကားများဝင်နေသည့်အသံများ အဆက်မပြတ် ထွက်ပေါ်နေပေ၏။
"အားလုံးပဲ...မင်းတို့အားလုံးကို စုဝေးလိုက်ရတဲ့အကြောင်းက အခု ဘာကိစ္စတွေ ဖြစ်သွားခဲ့လဲဆိုတာ မင်းတို့အားလုံးသိမယ်လို့ ငါ ယုံကြည်တယ်"
ချောင်ခွင်းက အံ့တင်းတင်းကြိတ်ကာ ဆက်လက်၍ပြောဆိုလိုက်သည်။
"ငါတို့ဆေးပညာအစည်းအရုံးမှာ ဌာနခွဲ၂၈ခုရှိတယ်...အဲ့ဒီဌာနခွဲတွေမှာရှိတဲ့ ဆေးပင်တွေအားလုံး လုယက်ခံလိုက်ရတယ်...ဒါတင်မကဘူး ထန်စစ်တပ်က ငါ့ရဲ့သားကို မသန်မစွမ်းဖြစ်အောင်လုပ်ခဲ့တယ်...ငါ့ရဲ့ချွေးမမှာ ကိုယ်ဝန်ခုနစ်လရှိနေပေမယ့် သူက သွေးလန့်ပြီးတော့ မီးဖွားခဲ့တာကြောင့်....အလောင်းတစ်လောင်းနဲ့ အသက်နှစ်သက် ဆုံးရှုံးသွားခဲ့ရပြီ"
"ဒါက နက်ရှိုင်းတဲ့သွေးကြွေးရန်ငြိုးတစ်ခုပဲ...ငါ ဒါကို လက်စားပြန်ချေရမယ်"
"မင်းတို့အားလုံးက ငါ့ကို လက်တစ်ဖက်ကမ်းပြီးကူညီပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
ချောင်ခွင်း၏နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသောအသံကို ကြားချိန်တွင် ယခုလက်ရှိနေရာတွင် ရှိနေသူများအားလုံး၏ စိတ်နှလုံးသားများ တုန်ရီသွားသည်။
ဆေးပညာအစည်းအရုံး၏ခေါင်းဆောင်ဖြစ်သော ချောင်ခွင်းသည် သူ့၏စိတ်ကိုအလွန်အမင်းထိန်းချုပ်နိုင်ကာ သူ့၏စိတ်ခံစားချက်များကို သူ့မျက်နှာပေါ်တွင် တစ်ကြိမ်တစ်ခါမျှ ပြသခဲ့ဖူးခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ချောင်ခွင်းသည် ရူးသွပ်သွားလုဆဲဆဲ တောရိုင်းသားရဲကြီးတစ်ကောင်နှင့် တူညီနေကာ သူ့ရှေ့ရှိ အရာရာတိုင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုသည့်အလားပင်။
"အစည်းအရုံးခေါင်းဆောင်ချောင်....ငါတို့ရဲ့အခက်အခဲတွေကို မင်းလည်း သိတာပဲ...ဒီတစ်ကြိမ်မှာ ထန်စစ်တပ်ရဲ့လုပ်ရပ်က တကယ်ကိုတရားလွန်တယ်....ဒါပေမဲ့ ငါတို့တွေက ပြင်ပကျင့်ကြံခြင်းလောကက ဂိုဏ်းလေးတွေသက်သက်ပဲ...ငါတို့အတွက် တော်ဝင်စစ်တပ်တစ်တပ်ဆိုတာ ကြီးမားတဲ့တည်ရှိမှုကြီးတစ်ခု ဖြစ်နေတယ်....တကယ်လို့ ငါတို့က သူတို့ကို သွားထိမယ်ဆိုရင် ငါတို့ သေရလိမ့်မယ်"
"ဒါက အမှန်ပဲ....အစည်းအရုံးခေါင်းဆောင်ချောင်...မင်းရဲ့မိသားစုမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် ငါတို့ အရမ်းဝမ်းနည်းမိတယ်...ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတတ်နိုင်တာဆိုလို့ ဘာမှရှိမှာမဟုတ်ဘူး"
ချောင်ခွင်းက လက်စားချေလိုသည်ဟု ပြောဆိုသောသော စကားကိုကြားချိန်တွင် ဂိုဏ်းချုပ်များအားလုံး သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။
ချောင်ခွင်းကိုကြည့်ရသည်မှာ အံ့အားသင့်သွားပုံမရချေ။သူသည် ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ကို မျှော်လင့်ထားပြီးဖြစ်ပုံပင်။
"ငါက မင်းတို့ကို ဒီမာလင်းကြယ်နယ်မြေပေါ်က ဆေးပင်စီးပွားရေးလုပ်ငန်းတွေအားလုံး ပေးမယ်...ငါက ဒီလုပ်ငန်းတွေရဲ့ အမြတ်ဝေစုတွေအားလုံး မင်းတို့ကို ပေးနိုင်တယ်"
"ဒီကိစ္စပြီးသွားတာနဲ့ ငါတို့ချောင်မိသားစုက မာလင်းကြယ်နယ်မြေပေါ်ကနေ စွန့်ခွာသွားမယ်...ငါက ဆေးပညာအစည်းအရုံးက ဘာတစ်ခုကိုမှ ယူသွားမှာမဟုတ်ဘူး...ငါ မင်းတို့ကို အားလုံးပေးခဲ့မယ်"
ချောင်ခွင်းက အလေးနက်ထားသောအသံဖြင့် ဆက်လက်ပြောဆိုသည်။
"ဒါတင်မကဘူး...ငါက ဂိုဏ်းအသီးသီးမှာရှိတဲ့ ချောင်မိသားစုရဲ့လုပ်ငန်းတွေထဲက ကိုးဆယ်ရာခိုင်နှုန်းကို ဆုလာဘ်အဖြစ်ပေးမယ်...အခုအချိန်မှာ ငါ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်ပန်းတိုင်က လီဖူကိုသတ်ပြီးတော့ သူ့ကို သွေးနဲ့ပြန်ပေးဆပ်ရအောင်လုပ်ဖို့ပဲ"
ရှီး.....
ချောင်ခွင်း၏စကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော ဂိုဏ်းချုပ်အများစုသည် အသက်ပြင်းပြင်းတချက် ရှိုက်လိုက်ကြသည်။
မာလင်းကြယ်နယ်မြေသည် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးတွင် ဆေးပင်များထုတ်လုပ်ရာ၌ အမြင့်မားဆုံးနယ်မြေတစ်ခုပင်။ထို့ကြောင့် ဤကြယ်နယ်မြေပေါ်ရှိ ဆေးပင်စျေးကွက်သည် အံ့အားသင့်ဖွယ်ကောင်းသော ပမာဏတစ်ခုတွင် ရှိနေပေ၏။