← Chapters

အခန်း (၂၇၁)

Vol. 28 Ch. 271

အခန်း (၂၇၁)

Vol. 28 Ch. 271

(271)

ဟောင်ဖင်းက အမှန်အတိုင်း မပြောဘဲ ခေါင်းမာနေဆဲဖြစ်ကြောင်းကို မြင်လိုက်ရလျှင် ပရော်ဖက်ဆာဟောင်က ပို၍ပင် စိတ်ပျက်သောအကြည့်ဖြင့် ကြည့်လိုက်မိသည်။

ဒီကလေး ဘာလို့ဒီလိုမျိုး ဖြစ်သွားရတာလဲ?

ဤကလေးမှာ မူလက စကားနည်းပြီး တစ်ဦးတည်းသာနေတတ်သော်လည်း ကြင်နာတတ်ပြီး ရိုးသားလွန်းကာ အမြဲပင်နာခံတတ်သူဖြစ်ပေသည်။ ယခုတွင်တော့...

ပရော်ဖက်ဆာဟောင်တစ်ယောက် မြေးဖြစ်သူ၏ ပြောင်းလဲမှုများကို တွေးကြည့်လိုက်လျှင် ဤနေရာသို့ ရောက်လာပြီးမှ အရာအားလုံး စတင်ခဲ့ခြင်းဖြစ်ပုံရကြောင်းကိုသတိပြုမိသည်။

သူ ဤနေရာသို့ရောက်ပြီးမှ အဆက်အသွယ်လုပ်ခဲ့သည့် "သူငယ်ချင်း" အသစ်မှာ စုန့်စစ်ယွီ တစ်ယောက်သာ ရှိပေသည်။

ဒီကောင်မလေးက တကယ်ကို မရိုးရှင်းတာပဲ!

ပရော်ဖက်ဆာဟောင် ထိုမိန်းကလေးနှင့် တွေ့ဆုံရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။ သို့မဟုတ်လျှင် သူ၏မြေးဖြစ်သူက သူမ၏ နောက်သို့လိုက်ရင်း လမ်းမှားသို့ ရောက်သွားပေလိမ့်မည်။

"ပစ္စည်းတွေ အကုန်အဆင်သင့်ဖြစ်ပြီ.. ရှောင်ဖင်း ရောက်လာပြီလား? သူ ရောက်ရင် ငါတို့တွေ သွားကြတော့မလား?"

ပရော်ဖက်ဆာဟောင် အတွေးနက်နေစဉ်မှာပင် စားဖိုမှူးရှုန်း၏ အသံက အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ပရော်ဖက်ဆာဟောင်လည်း ချက်ချင်းပင် သတိဝင်လာပြီး ပြောလိုက်လေ၏။

"ရောက်ပြီ ရောက်ပြီ၊ သွားကြရအောင်!"

သူ၏စကားကိုကြားလျှင် စားဖိုမှူးရှုန်းကလည်း လင်းရန်နှင့်အတူ အိမ်ထဲမှ ထွက်လာခဲ့လေသည်။

သူတို့ အပြင်ဘက်သို့ ရောက်လျှင် လင်းရန်တစ်ယောက် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

တစ်ဖက်လူမှာ သူမနှင့် ချင်းယွင်ကျစ်တို့ ပထမဆုံးအကြိမ် ဤနေရာသို့ ရောက်လာချိန်က လမ်းမေးခဲ့သည့်လူငယ်လေးပင် မဟုတ်ပါလား။

ဟောင်ဖင်းသည်လည်း လင်းရန်ကို မြင်သွားခဲ့ပြီး မှတ်မိသွားခဲ့လေ၏။

သို့သော် သူသည်က မရင်းနှီးသူများနှင့် စကားပြောဆိုရန် အသားမကျသောကြောင့် လင်းရန်ကို ခေါင်းတစ်ချက် အမြန်ညိတ်ပြကာ အကြည့်လွှဲလိုက်သည်။

လင်းရန်သည်လည်း အတင်းဝင်ရောက် နှုတ်ဆက်ခြင်းမပြုဘဲ ပြုံးရုံသာ ပြုံးပြလိုက်လေသည်။

ဤသို့ဖြင့် သူတို့လေးဦးက လမ်းပေါ်သို့ ထွက်လာခဲ့ကြသည်။

လမ်းတွင် ပရော်ဖက်ဆာဟောင်နှင့် စားဖိုမှူးရှုန်းတို့၏ စကားဝိုင်းကို နားထောင်ရင်း ယနေ့ သူတို့သွားမည့်နေရာမှာ အတွင်းရေးမှူး၏ အိမ်ဖြစ်ကြောင်းကို လင်းရန် သိလိုက်ရလေသည်။

လင်းရန်: "!!!

အတွင်းရေးမှူး?

သူမ ယခင်က တွေ့ဖူးသမျှ အကြီးဆုံးအရာရှိမှာ ခရိုင်အုပ်ချုပ်ရေးမှူးသာဖြစ်ပေသည်။

ယခုတွင်တော့ ပါတီကော်မတီ၏အတွင်းရေးမှူးအဆင့်သို့ ရုတ်တရက် ခုန်တက်သွားခဲ့ပေပြီ။

သူမ၏ အတိတ်ဘဝတွင်ပင် ဤမျှအဆင့်မြင့်သော အရာရှိမျိုးနှင့် မတွေ့ဖူးခဲ့ပေ။

အလွန်ဆုံး လူချမ်းသာလုပ်ငန်းရှင်များနှင့်သာ တွေ့ဖူးခဲ့ခြင်းသာ ဖြစ်သည်။

လင်းရန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

စားဖိုမှူးရှုန်းရဲ့နောက်ကို လိုက်ရတာက တကယ်ကို ထိုက်တန်တာပဲ!

သူတို့တစ်ဖွဲ့လုံး အတွင်းရေးမှူး၏အိမ်သို့ သွားနေကြချိန်တွင် စုန့်စစ်ယွီသည်လည်း သူမ၏ အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

သူမအနေဖြင့် မူလက ဟောင်ဖင်းကို စာအုပ်ဆိုင်သို့ ခေါ်သွားရန်အတွက် စောစောသွားခဲ့ခြင်း ဖြစ်ပေသည်။

သူမက သူမနှင့် ဟောင်ဖင်း၏ကြားမှ ကိစ္စများကို အမြန်ဆုံး အခြေချနိုင်ရန် အလောတကြီးကြိုးစားနေခဲ့သည်။

သို့သော်လည်း ဟောင်ဖင်းက ယနေ့တွင် သူ၏အဘိုးနှင့်အတူ ပွဲတစ်ခု၌ ထမင်းသွားစားရန် ရှိနေကြောင်းပြောလာခဲ့သည်။

စုန့်စစ်ယွီလည်း ဟောင်ဖင်း၏ စကားနောက်သို့လိုက်ကာ လှည့်ကွက်အပြည့်ဖြင့် ချော့မော့၍မေးလိုက်လေ၏။

ဟောင်ဖင်းသည်ကား အလွန် ရိုးသားလွန်းပြီး စုန့်စစ်ယွီ အပေါ် သံသယမရှိသောကြောင့် သူ မည်သည့်နေရာကိုသွားမည်၊ မည်သူနှင့် ထမင်းစားမည် ဆိုသည်ကို အလုံးစုံပြောပြလိုက်မိသည်။

ထိုပွဲတွင် အရေးပါသော လူကြီးပိုင်းများစွာ ရောက်လာမည်ကို ကြားလိုက်ရလျှင် စုန့်စစ်ယွီ၏ မျက်လုံးများက တောက်ပသွားရသည်။

ယခုအချိန်တွင် သူမ အစိုးရိမ်ဆုံးမှာ ထိုကဲ့သို့သော လူကြီးပိုင်းများနှင့် အဆက်အသွယ် မရရှိနိုင်ခြင်းပင်ဖြစ်ပေ၏။

ယခုတွင်တော့ အခွင့်အရေးက သူမ၏ ရှေ့တည့်တည့်သို့ ရောက်လာပေပြီ။

ထို့အပြင် မကြာသေးမီက သူမ၏ ဖခင်မှာ စက်ရုံအတွင်း ရှုမိသားစု၏ ကလဲ့စားချေခြင်းကို ခံနေရသောကြောင့် အလုပ်တွင် အလွန်ပင် စိတ်ဆင်းရဲနေရသည်။

ဤအချိန်တွင် သူမ၏ အဖေအနေဖြင့် ထိုအလုပ်ထွက်လိုက်မည်လား သို့မဟုတ် လူကြီးတစ်ယောက်၏ အကူအညီဖြင့် ရာထူးတက်ကာ ဒါရိုက်တာရှု၏ ခေါင်းပေါ်သို့တက်နင်းမည်လားဟူသော နည်းလမ်းနှစ်ခုသာ ရှိသည်။

အလုပ်ထွက်ရန်ကတော့လုံးဝ မဖြစ်နိုင်ပါချေ။ သို့ဖြစ်၍ ဒုတိယနည်းလမ်းကို လုပ်ဆောင်ရန်သာ တွေးသင့်ပေသည်။

ထိုစားသောက်ပွဲတွင် စက်မှုစက်ရုံနှင့် ပတ်သက်သော ကိစ္စများကို ဆွေးနွေးမည်ဖြစ်ကာ သူမ၏အဖေဖြစ်သူမှာလည်း ထိုဘာသာရပ်တွင် ကျွမ်းကျင်သူ ဖြစ်သောကြောင့် အဘယ်ကြောင့် မသွားဘဲနေရမည်နည်း။

သူမ၏အဖေထံတွင် ကျွမ်းကျင်မှုနှင့် စကားပြောစွမ်းရည်တို့ရှိနေသောကြောင့် အခွင့်အရေးရလျှင် အမြင့်ပိုင်းမှ အရာရှိကြီးများ၏ အသိအမှတ်ပြုမှုကို ရနိုင်မည်ဟု သူမ ယုံကြည်ပေသည်။

ထို့ကြောင့် သူမက အိမ်သို့ အမြန်ပြေးကာ အဖေဖြစ်သူကို အသိပေးပြီး ထိုနေရာသို့ အတူလိုက်သွားရန် ကြိုးစားချင်နေခဲ့သည်။မည်သို့ပင်ဖြစ်စေ ကံစမ်းကြည့်ရမည် မဟုတ်ပါလား။

သူတို့က ထိုအရာရှိများနှင့်အတူ ထိုင်ကာ စားသောက်ရန် အရည်အချင်း မပြည့်မီသေးသော်လည်း အပြင်ဘက်တွင် စောင့်ဆိုင်းနေပါက တစ်ဦးတစ်ယောက်နှင့် ဆုံတွေ့နိုင်မည်မှာ သေချာပေသည်။

စုန့်စစ်ယွီက အိမ်သို့ အမြန်ပြန်ကာ အလုပ်သွားရန် ပြင်နေသော စုန့်ဝေ့ထံသို့ ထိုအကြောင်းကိုပြောပြလိုက်သည်။

စုန့်ဝေသည်လည်း ထိုစကားကို ကြားလျှင် အလွန်ပင် အံ့သြသင့်သွားခဲ့ရသည်။

သူ၏သမီးဖြစ်သူက ဟောင်ဖင်းထံမှ ဤကဲ့သို့သော ကြီးမားသည့်သတင်းအချက်အလက်ကိုပင် ရရှိခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ဟောင်ဖင်းက သမီးဖြစ်သူ၏ လက်ခုပ်ထဲတွင်ရောက်နေခြင်းဖြစ်နိုင်ပေသည်။

ထို့ကြောင့် သူက ဟောင်ဖင်းနှင့် စုန့်စစ်ယွီတို့အပေါ် ပို၍ပင်ယုံကြည်မှု ရှိလာခဲ့သည်။

သို့သော်လည်း စုန့်ဝေ့အနေဖြင့် အလုပ်သွားရမည့်ကိစ္စနှင့် ထိုနေရာတွင် သွားစောင့်ရမည့်ကိစ္စကြားတွင် ဝေခွဲမရဖြစ်နေခဲ့သည်။

အထူးသဖြင့် ယခုအချိန်တွင် သူသည်က အလုပ်ထဲတွင် အမှားအယွင်းမရှိစေရန် အလွန်ပင် ဂရုစိုက်နေရချိန်ဖြစ်ပေသည်။

အကယ်၍ သူသာ အလုပ်သို့မသွားဘဲ ပျက်ကွက်ခဲ့ပါက ဒါရိုက်တာရှုမှ သူ့ကို ဒုက္ခပေးရန် အကြောင်းပြချက်တစ်ခု ရရှိသွားပေလိမ့်မည်။

သို့သော် ဤအခွင့်အရေးမှာလည်း အလွန်ပင် ရှားပါးလှသည်။

စုန့်စစ်ယွီက ထပ်မံဖျောင်းဖျလိုက်ပြန်သည်။

"အဖေ... ဘာတွေ ဝေခွဲမရ ဖြစ်နေတာလဲ? အဲဒီက အကြီးပိုင်းအရာရှိတွေနဲ့သာ အဆက်အသွယ်ရသွားမယ်ဆိုရင် အလုပ်ရုံကနည်းပညာအင်ဂျင်နီယာတင်မကဘူး၊ နောက်ပိုင်းမှာ စက်ရုံမှူးရာထူးကိုတောင် ယှဉ်ပြိုင်နိုင်မှာနော်!"

သာမန်အချိန်ဆိုလျှင် စုန့်ဝေ့က ဤစကားကို ချဲ့ကားလွန်းသည်ဟု ထင်မိမည် ဖြစ်သော်လည်း သူ၏သမီးတွင် အနာဂတ်ကို ကြိုမြင်နိုင်သော အစွမ်းရှိသည်ဟု ယုံကြည်နေသောကြောင့် နောက်ဆုံးတွင် ထိုနေရာသို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။

"ကောင်းပြီ... ငါ သွားမယ်!"

သို့သော် သူက သတိကြီးနေဆဲဖြစ်ကာ အလုပ်တွင် ခွင့်တိုင်ရန် စီစဉ်ခဲ့သည်။

အလုပ်သို့ သူကိုယ်တိုင် သွားကာ ခွင့်တိုင်ရန် အချိန်မရှိတော့သည့်အတွက် အိမ်တွင်ရှိနေသော လီရှို့လီကို စက်ရုံသို့သွားကာ သူ့အတွက် ခွင့်တိုင်ပေးရန် ခိုင်းစေလိုက်လေသည်။

လီရှို့လီအနေဖြင့် စုန့်ဝေ့မှ သူမကို စက်ရုံသို့ သွားခိုင်းသည်ကို ကြားလိုက်ရလျှင် အလွန်အံ့သြသွားရလေ၏။

ပုံမှန်အချိန်များတွင် စုန့်ဝေ့က သူမကို စက်ရုံသို့ လာခိုင်းလေ့မရှိပေ။ သူမကက သူ၏ ဇနီးဖြစ်ကြောင်း လူအများသိသွားမည်ကို ကြောက်နေသကဲ့သို့ ဖြစ်နေတတ်သည်။

ယခုတွင်တော့ ထူးဆန်းစွာဖြင့် သူမကို ခွင့်သွားတိုင်ခိုင်းနေခဲ့လေ၏။

စုန့်ဝေထံတွင် ယနေ့ အမှန်တကယ်ပင် အရေးကြီးကိစ္စတစ်ခုရှိနေပုံရသည်။

လီရှို့လီက ချက်ချင်းပင် သဘောတူလိုက်ပြီး သူမ ချက်ချင်း သွားမည်ဖြစ်ကြောင်း ပြောလိုက်သည်။

စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့နှစ်ယောက်က လီရှို့လီ၏ အိမ်တွင် နာခံတတ်သောအမူအရာကိုသာ မြင်ထားကြပြီး သူမက သူတို့၏နောက်ကွယ်တွင် တစ်စုံတစ်ခု လုပ်ရဲလိမ့်မည်ဟု မထင်မှတ်ခဲ့ကြပေ။

ထို့ကြောင့် သူတို့နှစ်ဦးက ဟောင်ဖင်း ပြောပြခဲ့သည့် နေရာသို့ အလျင်အမြန် ထွက်ခွာသွားခဲ့ကြသည်။

သို့သော်လည်း သူတို့အနေဖြင့် ယခု လီရှို့လီက ယခင်က လီရှို့လီ မဟုတ်တော့ကြောင်းကို မသိထားခဲ့ကြပါချေ။

သူမသည်ကား စုန့်မိသားစုနှင့် သမီးဖြစ်သူစုန့်စစ်ယွီအပေါ်တွင် နာကျည်းချက်များဖြင့် ပြည့်နေပေပြီ။

သူမက စုန့်မိသားစုတွင် ဆက်လက်နေထိုင်နိုင်ရန်အတွက်သာ သည်းခံနေခြင်းဖြစ်ပြီး နှလုံးသားထဲတွင်တော့ သူတို့နှစ်ဦးကို အလွန်ပင်မုန်းတီးနေခဲ့သည်။

ယခုတွင် သူမ၏ ဒေါသကို ဖွင့်ထုတ်ရန် အခွင့်အရေးကိုရရှိခဲ့ပြီဖြစ်သည်။

ထို့ကြောင့် စုန့်ဝေ့တို့ ထွက်သွားပြီးနောက်တွင် လီရှို့လီက အိမ်ထဲမှ အပြင်သို့ ထွက်လာခဲ့သော်လည်း စက်ရုံသို့ တိုက်ရိုက်မသွားခဲ့ပါချေ။

သူမက မြစ်ကမ်းနားတွင် ခဏလောက် လမ်းလျှောက်နေခဲ့သည်။

ထို့နောက် ဝန်ထမ်းအိမ်ရာရှိ သူမ ၏စကားပြောဖော်များနှင့် စကားပြောနေခဲ့ပြန်သည်။

နေ့လယ်ပိုင်းလောက်ကို ရောက်မှသာ စုန့်ဝေ့အတွက် ခွင့်တိုင်ရန် စက်မှုစက်ရုံသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့လေ၏။

တစ်ဖက်တွင်တော့ စုန့်ဝေ့တစ်ယောက် အလွန်ကံဆိုးသည်ဟု ဆိုရမည်။

ယနေ့မနက်ပိုင်း၌ သူ တာဝန်ယူထားရသည့် အလုပ်ရုံတွင် စက်ပစ္စည်းမှ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

မူလက ဤကဲ့သို့သော အခြေအနေမျိုးတွင် ပြဿနာကို ဖြေရှင်းရန် အင်ဂျင်နီယာတစ်ဦး လိုအပ်သည်။

စက်ပစ္စည်း ချို့ယွင်းမှုကို ပြင်ဆင်ပြီးမှသာ အောက်ခြေအလုပ်သမားများက ပစ္စည်းကိရိယာများ ဆက်လက် ထုတ်လုပ်နိုင်ပေမည်။

သို့သော် ပထမအလုပ်ရုံမှ အလုပ်သမားများမှာ စောင့်ဆိုင်းနေခဲ့ကြသော်လည်း စုန့်ဝေ အလုပ်သို့ရောက်လာသည်ကို မတွေ့ခဲ့ရပါချေ။

သူတို့က စုန့်မိသားစု၏အိမ်သို့ လူလွှတ်၍ သွားရှာခိုင်းသော်လည်း အိမ်တံခါးက သော့ခတ်ထားပြီး မည်သူမျှ ရှိမနေကြောင်းကို တွေ့ခဲ့ရသည်။

သူတို့ ပတ်ဝန်းကျင်ကို စုံစမ်းကြည့်လိုက်ချိန်တွင်လည်း စုန့်ဝေ့တစ်ယောက် မည်သည့်နေရာသို့သွားကြောင်းကို မည်သူကမျှ မသိခဲ့ကြပါချေ။

အိမ်နီးချင်းများက မနက်ပိုင်းတွင် သမီးဖြစ်သူ စုန့်စစ်ယွီနှင့်အတူ အပြင်ဘက်သို့ အလျင်အမြန်ထွက်သွားကြောင်းကိုသာ မြင်လိုက်ရကြောင်းပြောခဲ့ကြသည်။

*(272)

စုန့်ဝေကို ရှာမတွေ့သည့်အတွက် အလုပ်ရုံရှိ အလုပ်သမားများက စတင်ညည်းညူလာခဲ့ကြသည်။

သူတို့သာ အလုပ်ကိုပြီးစီးအောင်မလုပ်နိုင်ပါက သူတို့၏စွမ်းဆောင်ရည်အမှတ်များကို ထိခိုက်သွားရပေလိမ့်မည်။

သို့ဖြစ်၍ အလုပ်သမားများက အထက်လူကြီးထံသို့ ချက်ချင်း အစီရင်ခံလိုက်ကြသည်။

အထက်လူကြီးများက စုန့်ဝေ့တစ်ယောက် ခွင့်လည်းမတိုင်သကဲ့သို့၊ အလုပ်သို့လည်းမလာဘဲ အကြောင်းပြချက်မရှိ ပျက်ကွက်နေကြောင်းကို သိရှိသွားချိန်တွင် အလွန်ပင် ဒေါသထွက်သွားခဲ့ကြလေ၏။

ဤအချိန်ကာလအတွင်း ဒါရိုက်တာရှုက စက်ရုံရှိ ခေါင်းဆောင်ပိုင်းများကြားတွင် စုန့်ဝေ့၏အကြောင်းနှင့်ပတ်သက်သော မကောင်းသည့်သတင်းများကို မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိသည့်အတွက် ခေါင်းဆောင်အဖွဲ့မှ စုန့်ဝေအပေါ်တွင် အထင်အမြင် လွဲမှားနေကြပြီး ဖြစ်ချေသည်။

ယခုအချိန်တွင် စုန့်ဝေ့က ဤကဲ့သို့ အမှားမျိုးကိုပါ ကျူးလွန်လိုက်ပြန်သည်။

ဒီအင်ဂျင်နီယာက အလုပ်ကို ဆက်မလုပ်ချင်တော့သလိုမျိုး လုပာပြနေတာ မဟုတ်ဘူးလား။

လီရှို့လီတစ်ယောက် ဈေးဝယ်ပြီးနောက် စိတ်ကျေနပ်သွားကာ စက်ရုံသို့ သွားသည့်အချိန်တွင် တစ်စုံတစ်ခုကို စိုးရိမ်လာခဲ့ပြန်သည်။

' မဖြစ်သေးဘူး.. စုန့်ဝေ့က မနက်ဖြန်အလုပ်သွားတဲ့အချိန် မေးကြည့်လိုက်ရင် ငါ အချိန်နောက်ကျမှ ခွင့်တိုင်ပေးတယ်ဆိုတဲ့အကြောင်းကို သိသွားမှာပဲ၊ ဒါဆို အားလုံး ပေါ်ကုန်တော့မှာ!'

ထိုသို့တွေးမိပြီးနောက် လီရှို့လီ ချက်ချင်းပင် နောင်တရသွားသည်။

‘အိုက်ယား! ငါကတော့ ဝက်ဦးနှောက်လိုပဲ! ခဏလောက် ပျော်ဖို့ကိုပဲ သိနေတာ နောက်ဆက်တွဲကို ဘယ်လိုများ မေ့သွားရတာလဲ!'

လီရှို့လီတစ်ယောကငည ပျာယာခတ်သွားပြီး နောက်ဆုံးတွင် သူမ၏သေးငယ်သောဦးနှောက်လေးကို အသုံးချကာ အကြံတစ်ခု ထုတ်လိုက်သည်။

ထိုအကြံအစည်မှာ လမ်းတွင် လဲကျသကဲ့သို့ဟန်ဆောင်ရန်သာဖြစ်ပေ၏။ သူမက ပို၍လက်တွေ့ကျစေရန်အတွက် သူမ၏ ခြေထောက်က ဒဏ်ရာရသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြစ်သွားသသကဲ့သို့ပင် ဟန်ဆောင်လိုက်သည်။

သို့သော် လီရှို့လီ တစ်ယောက် အားတင်း၍ ထော့နဲ့ထော့နဲ့ဖြင့် စုန့်ဝေ့အတွက် ခွင့်တိုင်ပေးရန် ရောက်သွားချိန်တွင် လူတိုင်း၏ ရန်လိုနေသော မျက်နှာအမူအရာများကိုတွေ့လိုက်ရလေဒော့သည်။

သူမ၏ အရှေ့တွင် မြင်နေရသော အခြေအနေကြောင့် လီရှို့လီတစ်ယောက် ထိတ်လန့်သွားခဲ့ရသည်။

ငါ ဒဏ်ရာရသလိုမျိုး ဟန်ဆောင်နေတာကို တစ်ယောက်ယောက်က ရိပ်မိသွားတာများလား! ငါ့ရဲ့ လျှို့ဝှက်ချက်တွေ ပေါ်သွားပြီလား?

ကံကောင်းထောက်မစွာဖြင့် လူတိုင်း၏ ဒေါသမှာ သူမအပေါ်တွင် ရှိနေခြင်းမဟုတ်ဘဲ စုန့်ဝေ့ဆီသို့ ကျရောက်နေကြောင်းသာဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်ရသည်။

စက်ရုံ၏ခေါင်းဆောင်များက စုန့်ဝေ့ မည်သည့်နေရာသို့သွားကြောင်း သူမကို မေးမြန်းခဲ့ကြသည်။

သူမသည်လည်း စုန့်ဝေ့ကို တိုင်တန်းချင်ခဲ့သော်လည်း သူ မည်သည့်နေရာသို့သွားကြောင်းကို မသိနေခဲ့ပါချေ။

“ကောင်းပြီ.. မင်း ပြန်တော့၊ မနက်ဖြန် စုန့်ဝေကို လာခိုင်းလိုက်.. ခွင့်ကို ဘာလို့ ဒီလောက်နောက်ကျမှ တိုင်ရတာလဲဆိုတာကို သူ့ဘာသာသူ လာရှင်းပြခိုင်းလိုက်!”

ခေါင်းဆောင်များက သူမဘက်မှ ခွင့်ကို နောက်ကျမှ လာတိုင်ခြင်းအတွက် အပြစ်မတင်ကြောင်းကို မြင်လျှင် လီရှို့လီတစ်ယောက် သက်ပြင်းချနိုင်သွားခဲ့ပြီး ထော့နဲ့ထော့နဲ့ ခြေလှမ်းများဖြင့်ပင် အိမ်သို့ ပြန်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ စက်ရုံခေါင်းဆောင်များ၏ မျက်နှာထားကို ကြည့်ရုံဖြင့် စက်ရုံတွင် တစ်ခုခု ဖြစ်ပျက်ခဲ့ကြောင့း သိသာပေသည်။

ရလဒ်အနေဖြင့် စုန့်ဝေ အလုပ်သို့မလာခြင်းက သူမကြောင့် မဟုတ်ပါချေ။

သူမဘက်မှ ခွင့်ကို စောစီးစွာတိုင်ပေးခဲ့လျှင်ပင် သူက အလုပ်တွင် ရှိနေလိမ့်မည် မဟုတ်ပါချေ။

ထိုသို့ တွေးမိပြီးနောက် လီရှို့လီ ချက်ချင်းပင် စိတ်ကြည်လင်သွားခဲ့ပြီး စုန့်ဝေ့တစ်ယောက် ခေါင်းဆောင်များထံမှ အပြင်းအထန် ပြစ်တင်ဝေဖန်ခံရမည့်အချိန်ကိုပင် စောင့်မျှော်နေမိခဲ့သည်။

အဲဒီအချိန်ကျရင်တော့ အရမ်းကို ကြည့်ကောင်းမှာပဲ!

.....

တစ်ဖက်တွင် စုန့်ဝေနှင့် စုန့်စစ်ယွီတို့နှစ်ယောက် ရင်ဆိုင်နေရသည့် အခြေအနေမှာ သူတို့ အိမ်တွင်မျှော်လင့်ထားခဲ့သည့်အခြေအနေမျိုးနှင့် လုံးဝ တခြားစီဖြစ်နေခဲ့သည်။

သူတို့အနေဖြင့် ခေါင်းဆောင်ကြီး၏ အိမ်ထဲသို့ မဝင်နိုင်ခဲ့လျှင်ပင် အပြင်ဘက်တွင် စောင့်ဆိုင်းနေပါက တစ်ဦးတစ်ယောက် ထွက်လာသည်နှင့် ဆုံရမည်ဟု ထင်ထားခဲ့ကြသည်။

ထိုအချိန်တွင် ဖခင်ဖြစ်သူက စက်မှုပညာရပ်ဆိုင်ရာ စာပေများကို ဖတ်ရှုနေဟန်ဆောင်နေလိမ့်မည်။ သူမသည်လည်း အနားတွင်ရပ်ကာ ဝိုင်းဝန်း၍စကားပြောပေးမည်။

ထို့နောက် လူအုပ်ထဲမှ ဟောင်ဖင်း ထွက်လာသည်ကို မြင်လျှင်သူတို့ သားအဖနှစ်ဦးလုံးက ဟောင်ဖင်းကို နှုတ်ဆက်ပြီး ခေါင်းဆောင်ကြီးများနှင့် စကားပြောနိုင်ရန် အခွင့်အလမ်းရှာမည်ဟု ကြံစည်ထားခဲ့ကြသည်။

သို့သော်လည်း သူတို့နှစ်ယောက်က ဆာလောင်နေသည့် ဗိုက်ဖြင့် အပြင်ဘက်တွင် အချိန်ကြာမြင်စွာ စောင့်ဆိုင်းနေခဲ့ရပြီးနောက် ဟောင်ဖင်း ထွက်လာသည်ကို တွေ့လိုက်ရသော်လည်း မမျှော်လင့်ထားသည့် တခြားလူတစ်ယောက်ကိုပါ တွဲလျက်တွေ့လိုက်ရသည်။

“လင်းရန်! သူမက ဘာလို့ ဒီကို ရောက်နေတာလဲ!”

စုန့်ဝေ့က လင်းရန်ကို ပထမဆုံး မြင်လိုက်လေ၏။သူ မယုံနိုင်စွာဖြင့် မျက်လုံးများပြူးကျယ်သွားရပြီး စုန့်စစ်ယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

“သူမက ပရော်ဖက်ဆာဟောင်ရဲ့ ဘေးမှာတောင် ရပ်နေတာပဲ.. ပရော်ဖက်ဆာဟောက်ရဲ့ ဘေးကတစ်ယောက်က သူ့မြေးလား? အဲဒါ မင်းရဲ့ လက်တွဲဖော် ဟောင်ဖင်းမဟုတ်ဘူးလား?”

စုန့်စစ်ယွီသည်လည်း လင်းရန် ရုတ်တရက် ပေါ်လာခြင်းကြောင့် ကြောင်အမ်းသွားရကာ ခဏတာလောက် မည်သည့်စကားကိုမှ မပြောနိုင်ဘဲဖြစ်သွားရသည်။

စုန့်ဝေ့၏မေးခွန်းကို ကြားမှသာ တစ်ဖက်မှ ဟောင်ဖင်းကို အလျင်အမြန် လှမ်းကြည့်လိုက်လေ၏။

သေချပေ၏။ ဟောင်ဖင်းနှင့် လင်းရန်တို့မှာ ပရော်ဖက်ဆာဟောင်၏ ဘေးတစ်ဖက်စီတွင်ရပ်ကာ လမ်းလျှောက်နေခဲ့ကြသည်။

သူတို့နှစ်ဦး၏ကြားတွင် ပရော်ဖက်ဆာဟောင်နှင့် စားဖိုမှူးရှုန်းတို့ ရှိနေသော်လည်း သူမ ပစ်မှတ်အဖြစ်ရွေးချယ်ထားသော ဟောင်ဖင်းနှင့် လင်းရန်တို့ အတူ လမ်းလျှောက်နေသည်ကို မြင်လိုက်ရချိန်တွင် စုန့်စစ်ယွီတစာယောက် ဒေါသများပေါက်ကွဲသွားတော့သည်။

လင်းရန်! လင်းရန်! နောက်ထပ် လင်းရန်ပဲလား!

သူမက ဘာလို့ ငါ့အပိုင်တွေကို ဒီလောက်တောင် လိုက်လုနေရတာလဲ!

“လင်းရန်!”

လင်းရန်ကို မြင်လိုက်ရသည်နှင့် စုန့်စစ်ယွီ၏ စိတ်လှုပ်ရှားမှုတို့က အသိစိတ်ကို ကျော်လွန်သွားခဲ့ပြီး သူမ၏ရှေ့သို့ လျှောက်သွားကာလမ်းကို ပိတ်ဆို့လိုက်တော့သည်။

လင်းရန်တစ်ယောက် စုန့်စစ်ယွီ၏ အသံကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်လေ၏။

သူမအနေဖြင့် စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့ကို မြင်လိုက်ရသောကြောင့် ခဏလောက် ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။

သူမက ဤမြို့ပေါ်သို့ ပညာသင်ရန်ရောက်လာကတည်းက စုန့်ဝေ့တို့နှင့် ဆုံတွေ့နိုင်သည်ဟု ကြိုတင် ခန့်မှန်းထားပြီးသားဖြစ်ပေသည်။

ဤမြို့က မသေးလှသော်လည်း တစ်ကြိမ်တစ်ခုမှ မဆုံရလောက်သည်အထိလည်း မကြီးပါချေ။

ထို့ကြောင့် စုန့်ဝေ့တို့နှင့် ဆုံတွေ့ရမည့်ကိစ္စအတွက် သူမ စိတ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့နှင့် ဆုံတွေ့ရသည်ကကိစ္စမရှိပါချေ။

ယခုအချိန်၌သူတို့၏ကြားတွင် မည်သည့် ပတ်သက်မှုမှ မရှိနေတော့ပေ။ အကယ်၍ သူတို့ဘက်မှ သူမကို လာရောက် ရန်မစလျှင် သူမအနေဖြင့် သူတို့ကို ဂရုစိုက်နေရန် မလိုပေ။

သို့သော်လည်း ဤနှစ်ယောက်ဘက်မှ ပြဿနာ လာရှာမည်ကိုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။

ဘေးနားရှိ စားဖိုမှူးရှုန်းနှင့် ပရော်ဖက်ဆာဟောင်းတို့မှာလည်း စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့ကို မကြည့်ဘဲ မနေနိုင်ကြပေ။ စုန့်စစ်ယွီသည်က အံကြိတ်မထားသော်လည်း သူမ၏ မျက်နှာအမူအရာတို့က လုံးဝဖော်ရွေမှုမရှိသည်ကို မြင်တွေ့နိုင်သောကြောင့် စားဖိုမှူးရှုန်းတစ်ယောက် မျက်မှောင်ကြုတ်သွားပြီး လင်းရန်ကို စိုးရိမ်တကြီး မေးလိုက်သည်။

“ရှောင်လင်း... သမီး ဒီလူတွေနဲ့ သိလား?”

စားဖိုမှူးရှုန်း၏ တပည့်အပေါ် ကာကွယ်ပေးလိုသောအပြုအမူကြောင့် လင်းရန်၏ နှလုံးသားထဲတွင် နွေးထွေးသွားရပြီး ခေါင်းညိတ်ပြလိုက်သည်။

သူမက အပြုံးတစ်ခုကိုဖော်ပြကာ စိတ်အေးသွားစေရန် ပြောလိုက်သည်။

“ကျွန်မတို့ သိပါတယ်၊ ဒါပေမဲ့ ပတ်သက်မှုကတော့ သိပ်မကောင်းဘူး.. ဒါပေမဲ့ စိတ်မပူပါနဲ့ အဘိုး၊ ဒီလိုမျိုး လူပုံအလယ်မှာ သူမက ကျွန်မကို လာပြီးနှောင့်ယှက်နိုင်ပါ့မလား?”

“ကောင်းပြီ... ငါတို့အားလုံး ဒီမှာ ရှိနေတာပဲ၊ သူ့ဘက်က တစ်ခုခု လုပ်ရဲရင်လည်း မကြောက်နဲ့၊ ငါ.. အဘိုးရှုန်းက သမီးဘက်က ရှိနေတယ်!”

အတူရှိခဲ့သည့် အချိန်အတောအတွင်း စားဖိုမှူးရှုန်းအနေဖြင့် လင်းရန်၏ စရိုက်ကို ကောင်းစွာသိလာခဲ့သည်။

သူမသည်က တစ်ဘက်မှ အရင်မစလျှင် မည်သည့်အချိန်တွင်မှ ရန်မလုပ်တတ်သူ ဖြစ်သည်။

ထို့ကြောင့် ယခုအခြေအနေတွင်လည်း တစ်ဖက်လူကသာ ပြဿနာရှာရန် ကြိုးစားနေခြင်းဖြစ်ကြောင်းကို သိနေခဲ့သည်။

သူတို့နှစ်ယောက်လုံးက သူမကို ကာကွယ်ပေးနေကြသောကြောင့် လင်းရန်လည်း ရှေ့သို့ တိုးကာ စုန့်ဝေနှင့် စုန့်စစ်ယွီတို့ထံသို့ တိုက်ရိုက်ပင် လျှောက်သွားလိုက်သည်။

“စုန့်စစ်ယွီ.. မတွေ့တာ

ကြာပြီ.. ငါ့ကို ဘာတွေများပြောစရာရှိလို့လဲ?”

ငါ့ကို ဘာတွေများပြောစရာရှိလို့လဲ ဟုတ်လား?

သူမက ဘယ်လိုတောင် ရှက်ရကောင်းမှန်းမသိဘဲ ဒီလိုစကားမျိုးကို ပြောထွက်ရဲတာလဲ!

စုန့်စစ်ယွီတစ်ယောက် လင်းရန်၏ အရှက်မရှိမှုကြောင့် အံ့အားသင့်သွားပြီး သူမကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“နင်ကဟောင်ဖင်း ဘယ်လိုသိနေတာလဲ? ဘယ်လိုလုပ်ပြီး နင်တို့ကအတူတူ ရှိနေကြတာလဲ!”

စုန့်စစ်ယွီ လင်းရန်ကို မောက်မာစွာဖြင့် တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်လေသည်။

လင်းရန်က ချက်ချင်းပြန်မဖြေဘဲ စုန့်စစ်ယွီ၏ အခြေအနေကို အကဲခတ်လိုက်သည်။ စုန့်စစ်ယွီမှတစ်စုံတစ်ခုကို အလုခံလိုက်ရသည့်နှယ် ဒေါသတကြီးဖြစ်နေသည့်အမူရာကို မြင်တွေ့ပြီးနောက် အမှန်တရားကို ခန့်မှန်းမိသွားခဲ့သည်။

စုန့်စစ်ယွီက တကယ်ကို တတ်နိုင်တာပဲ။ အခု ဟောင်ဖင်းရဲ့ လှေပေါ်ကိုတောင် တက်နိုင်နေပြီလား?

ရှုကျစ်ဝမ်တစ်ယောက် အခု ဘယ်လိုရှိနေလောက်နေမလဲမသိဘူး။

သူ့ခေါင်းပေါ်မှာ မြက်ခင်းစိမ်းကြီးတောင် ပေါက်နေလောက်ပြီ။

*(273)

လင်းရန်နှင့် စုန့်စစ်ယွီတို့ စကားပြောနေချိန်တွင် ဘေးနားတွင်ရှိနေသော ပရော်ဖက်ဆာဟောင်ကို မည်သူကမျှ သတိမထားမိခဲ့ကြပေ။

သူတို့၏၏ ပါးစပ်မှ “စုန့်စစ်ယွီ” နှင့် “ဟောင်ဖင်း” ဟူသော နာမည်များကို ကြားလိုက်ရချိန်တွင် ပရော်ဖက်ဆာဟောင်၏ မျက်နှာက ရုတ်တရက် မှောင်မည်းသွားခဲ့တော့သည်။

ယနေ့မနက်ဘက် သူ မထွက်လာခင်ချိန်တွင်ပင် အခွင့်အရေးရပါက ဤ “သူငယ်ချင်းကောင်း” စုန့်စစ်ယွီနှင့် တွေ့ဆုံရန် တွေးနေခဲ့သည်။

မမျှော်လင့်ဘဲ သူ လိုက်မရှာရပါဘဲ စုန့်စစ်ယုက သူ့၏ရှေ့သို့ ရောက်လာခဲ့ပေပြီ။ ယခုအချိန်တွင် ဤကောင်မလေးက သူ ခန့်မှန်းထားသည့်အတိုင်းပင် ပရိယာယ်များသော လူတစ်ဦးဖြစ်ကြောင်းကို သူ သိမြင်လိုက်ရသည်။

အကယ်၍ သူသာ သူ၏မြေးဖြစ်သူကို ကောင်းစွာမသိခဲ့လျှင် သို့မဟုတ် သူ၏မြေးထံတွင် အချစ်ရေးကိစ္စနှင့်ပတ်သက်သည့် အတွေးများ မရှိနေကြောင်းကို မသိခဲ့ပါလျှင် စုန့်စစ်ယွီ၏ “ဖောက်ပြန်ခံရသူ” ကဲ့သို့ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် သူ၏မြေးဖြစ်သူနှင့် သူမကြားတွင် တစ်စုံတစ်ခုသော ပတ်သက်မှု ရှိနေသည်ဟု ထင်မှတ်သွားပေလိမ့်မည်။

ထိုသို့ တွေးမိပြီးနောက် ပရော်ဖက်ဆာဟောင်တစ်ယောက် သူ၏ နုံအသော မြေးဖြစ်သူကို တိတ်တဆိတ် အကဲခတ်လိုက်သည်။

သူသည်လည်း စုန့်စစ်ယွီကို ဤနေရာတွင် တွေ့ရသဖြင့် အလွန်အံ့သြနေသောအမူအရာဖြစ်နေသည်ကို မြင်ရးလိုက်ရမှသာ ပရော်ဖက်ဆာဟောင်ဘည်း စိတ်သက်သာရာ ရသွားခဲ့သည်။

ကြည့်ရတာ စုန့်စစ်ယွီကို သူ့မြေး ခေါ်လာတာတော့ မဟုတ်ဘူးပဲ။ မဟုတ်ရင်တော့ သူ တကယ်ပဲ စိတ်တိုမိလိမ့်မယ်။

သို့သော်လည်း ထိုသူက ခေါ်လာခြင်း မဟုတ်လျှင်ပင် ဤနေရာကိုပြောလိုသည့်လူမှာ ဤနုံအလွန်းသော မြေးဖြစ်သူ ပြောပြလိုက်မိခြင်းဖြစ်မည်က သေချာပေသည်။

သို့မဟုတ်လျှင် စုန့်စစ်ယွီသည်ကည ဤသို့သော “တိုက်ဆိုင်မှု” မျိုးဖြင့် သူတို့ ထွက်လာသည့်အချိန်ကွက်တိ၌ ဤနေရာသို့ ရောက်လာစရာ အကြောင်းမရှိပါချေ။

သို့သော်လည်း ကလေးတစ်ယောက်ကို ပညာပေးရာတွင် အမှန်တရားကို ပါးစပ်ထဲသို့ အတင်းထည့်ပေးနေမည့်အစား သူ့ဘာသာသူ သင်ခန်းစာရသွားစေရန်၊ သူတစ်ပါး၏ လှည့်ကွက်ထဲသို့ ရောက်သွားရသည့် ခံစားချက်ကို သိရှိအောင်လုပ်ပေးခြင်းက ပို၍ထိရောက်ပေလိမ့်မည်။

ထိုအခါမှသာ နောက်ပိုင်းတွင် သူ သင်ပေးနေစရာမလိုဘဲ တစ်သက်လုံး မှတ်မိသွားပေလိမ့်မည်။

ထို့ကြောင့် ပရော်ဖက်ဆာဟောင်က မြေးဖြစ်သူ ဟောင်ဖင်း၏ ရှေ့တွင် စက်ဆုပ်ရွံရှာသော အမူအရာကို မပြသဘဲ မည်သည်ကိုမှမသိသကဲ့သို့ဟန်ဆောင်ကာ မေးမြန်းလိုက်သည်။

“ဟောင်ဖင်း ဒီကောင်မလေးက မင်းရဲ့ သူငယ်ချင်း စုန့်စစ်ယွီ လား? ဒါမှမဟုတ် နာမည်တူနေတာလား?”

ဟောင်ဖင်းမှာ အဘိုးဖြစ်သူ၏ အသံကို ကြားသောအချိန်မှသာ အံ့သြနေရာမှ သတိဝင်လာပြီး ရှင်းပြလိုက်သည်။

“အဘိုး၊ သူက ရဲဘော် စစ်ယွီပါ.. ကျွန်တော် အဘိုးကို အရင်က ပြောပြဖူးတဲ့ သူငယ်ချင်းအသစ်လေ”

“အိုး ဒီမိန်းကလေးက ငယ်ငယ်လေးပဲရှိသေးတာပဲ၊ ချောလည်း ချောတယ်.. မင်းက သူနဲ့ ဘာလို့ အတူကစားချင်နေရတာလဲဆိုတာ နားလည်သွားပြီ”

ပရော်ဖက်ဆာဟောင်က သဘောကောင်းသည့် မျက်နှာအမူအရာဖြင့် တမင် ရည်ရွယ်ချက်ရှိရှိ ပြုံး၍ပြောလိုက်လေသည်။

သူ၏ စကားများမှာ နောက်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဟောင်ဖင်းသည်ကား အချစ်ရေးတွင် အာရုံမခံနိုင်သော်လည်း အဘိုးဖြစ်သူ၏ အဓိပ္ပာယ်ပါသော လေသံနှင့် အကြည့်ကို မြင်လိုက်ရချိမ်တွင်တော့ မျက်နှာတစ်ခုလုံးင ချက်ချင်းပင် နီရဲသွားခဲ့တော့သည်။

“အဘိုး... ရဲဘော်စစ်ယွီနဲ့ ကျွန်တော်က အဘိုးထင်သလို ပတ်သက်မှုမျိုး မရှိပါဘူး.. ကျွန်တော်တို့က တကယ့် ရိုးသားတဲ့သူငယ်ချင်းတွေပါ!”

သူ အလျင်အမြန် ရှင်းပြလိုက်လေ၏။

ပရော်ဖက်ဆာဟောင် စိတ်ထဲတွင် တွေးလိုက်သည် ။

‘ဒီနုံအတဲ့ ကောင်စုတ်လေး၊ မင်းကတော့ သူငယ်ချင်းလို့ ထင်နေတာပေါ့၊ ဒါပေမဲ့ တစ်ဖက်ကတော့ အဲဒီလို ထင်မှာ မဟုတ်ဘူး.. မဟုတ်ရင် ပတ်သက်မှု မသေချာသေးခင် မင်းဘေးမှာ လမ်းလျှောက်နေတဲ့ တခြားမိန်းကလေးကို ဒီလိုမျိုး လာပြီး မေးခွန်းထုတ်နေမှာ မဟုတ်ဘူး’

ပရော်ဖက်ဆာဟောင်တစ်ယောက် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး အစီအစဉ်အတိုင်း ဆက်ပြောလိုက်သည်။

“မြေးလေး.. မင်း မင်းရဲ့အဘိုးကို အမှန်အတိုင်း မပြောဘူးလား? မင်းနဲ့ သူနဲ့သာ ဘာမှမပတ်သက်ဘူးဆိုရင် ရဲဘော်စုန့် ခုနက ပြောလိုက်တဲ့ စကားက ဘာအဓိပ္ပာယ်လဲ?

သူ ရှောင်လင်းကို မေးတဲ့ပုံစံက သူငယ်ချင်းတစ်ယောက်ရဲ့ အနေအထားနဲ့ မေးတာတော့ မဟုတ်ဘူးနော်..

သူငယ်ချင်းတွေဆိုတာက မင်း ဘယ်သူနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာကို ဘာလို့ ဒီလောက်အထိ ဂရုစိုက်နေမှာလဲ?”

ထိုစကားကို ကြားမှသာ ဟောင်ဖင်းလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိပြုမိသွားခဲ့သည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီး စုန့်စစ်ယွီကို ကြည့်သည့် အကြည့်မှာလည်း ဒွိဟများဖြစ်သွားခဲ့လေသည်။

သူတို့နှစ်ဦး၏ကြားတွင် မည်သည့်အရာမှမရှိနေခဲ့ပါချေ။ သူတို့ ဆုံတွေ့သည့်အချိန်တိုင်း စာအုပ်ဆိုင်တွင် စာအတူဖတ်ကြခြင်း သို့မဟုတ် ကောင်းသည်ဟု ထင်ရသော စာအုပ်များကို အပြန်အလှန် အကြံပြုကြခြင်းသာဖြစ်သည်။

သူငယ်ချင်းထက်စာလျှင် “စာဖတ်ဖော်” များဟု ပြောလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။ထို့ကြောင့် မတိုင်ခင်က စုန့်စစ်ယွီမှ လင်းရန်အား အဘယ်ကြောင့် သူ့အနားတွင် ရှိနေရသနည်းဟု မေးခွန်းထုတ်ခြင်းက ဟောင်ဖင်းအတွက်လည်း အလွန်ထူးဆန်းနေခဲ့ရသည်။

သို့သော်လည်း စုန့်စစ်ယွီသည်က ဤမြို့တွင် သူ ပထမဆုံးရရှိခဲ့သည့် သူငယ်ချင်း ဖြစ်သောကြောင်း သူမကို ဆက်လက် ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်ပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြလိုက်သည်။

“ဒါက... ဒါက... သူမ စကားပြောမှားသွားတာ ဖြစ်မှာပါ...”

ဆိုရလျှင် သူကိုယ်တိုင်ပင် ထိုစကားကို သိပ်မယုံကြည်ပါချေ။

ဟောင်ဖင်းမှ စုန့်စစ်ယွီကို ဆက်လက် ယုံကြည်ချင်နေကြောင်းကို မြင်လျှင် ပရော်ဖက်ဆာဟောင်က အမှန်တရားကို ချက်ချင်း မဖော်ထုတ်ဘဲ ယုံကြည်သကဲ့သို့ဟန်ဆောင်ကာ ပြုံးပြလိုက်သည်။

“ကောင်းပြီ.. အဘိုးက မင်းကို ယုံပါတယ်.. ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်း ရဲဘော်စုန့်ကို ပြောပြသင့်တယ်လို့ ထင်တယ်

အပြင်ဘက်မှာ ဒီလိုမျိုး နားလည်မှုလွဲစေမဲ့ စကားတွေကို နောက်ပိုင်းမှာ မပြောသင့်ကြောင်း အကြံပေးရမယ်.. မဟုတ်ရင် မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ရုံတင်မကဘူး၊

သူမက မိန်းကလေးတစ်ယောက် ဖြစ်နေတဲ့အတွက် သူမရဲ့ ဂုဏ်သတင်းက မကောင်းဘဲဖြစ်သွားမယ်ဆိုရင် နောက်ပိုင်းမှာ အိမ်ထောင်ပြုဖို့အတွက် ခက်ခဲသွားလိမ့်မယ်”

အဘိုးဖြစ်သူ၏ စကားကို ကြားလျှင် ဟောင်ဖင်းက တခြားမည်သည့်အရာကိုမှ မတွေးမိတဘဲ အဘိုးဖြစ်သူ၏ပြောစကားက မှန်ကန်သည်ဟုသာ ခံစားလိုက်ရသည်။

အဘိုးဖြစ်သူက သူထင်သလောက် စုန့်စစ်ယွီကို မမုန်းတီးလောက်ပါချေ။ သို့မဟုတ်လျှင် ဤကဲ့သို့ စေတနာဖြင့် သတိပေးရန် ပြောလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ဟောင်ဖင်းတစ်ယောက် အဘိုးဖြစ်သူအပေါ် အထင်မှားခဲ့မိသည့်အတွက် နောင်တရမိသွားခဲ့သည်။

“ကောင်းပါပြီ အဘိုး၊ ကျွန်တော် ရဲဘော်စစ်ယွီကို သွားပြောလိုက်မယ်”

ဟောင်ဖင်းက အချိန်မဆွဲတော့ဘဲ လူအများ၏ရှေ့တွင်ပင် စုန့်စစ်ယွီကို သတိပေးရန် ဆုံးဖြတ်လိုက်သည်။ သို့မဟုတ်လျှင် နောက်ပိုင်း၌ ပြောရမည့်စကားများကို မေ့သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေ၏။

အဓိကအချက်မှာ စုန့်စစ်ယွီနှင့် နှစ်ယောက်တည်း ရှိနေသည့်အချိန်တွင် ဤကဲ့သို့သော စကားမျိုးကို ပြောရန်အတွက် သူ ရှက်နေသောကြောင့်ပင်။

ယခု လူအများရှေ့တွင် ပြောဆိုခြင်းက ပို၍ရဲတင်းစေသည်ဟု သူ ခံစားမိသည်။

ထို့ကြောင့် စုန့်စစ်ယွီမှ လင်းရန်ကို ဆက်လက် အပြစ်တင်တော့မည့်အချိန်တွင် ဟောင်ဖင်းက သူမထံသို့ လျှောက်လာခဲ့လေသည်။

စုန့်စစ်ယွီသည်ကား ဟောင်ဖင်း၏ရှေ့တွင် အမြဲတစေနူးညံ့သိမ်မွေ့ပြီး ဗဟုသုတရှိသော ပုံစံမျိုးကိုသာ ပြသလေ့ရှိသည်။

သူမသည်က သူမ ပြသထားသည့်စရိုက်နှင့် မကိုက်ညီသော အမူအရာမျိုးကို သူ့ရှေ့တွင် မပြရဲပါချေ။

မတိုင်မီက လင်းရန်ကို လှမ်းအော်လိုက်ခေိန်တွင် သူမက စိတ်လှုပ်ရှားလွန်းသောကြောင့် မထိန်းနိုင်ဖြစ်သွားခြင်းသာ ဖြစ်ပေသည်။

ယခု ဟောင်ဖင်း သူမ၏အနီးသို့လျောက်လာနေသည်ကို မြင်လျှင် သူမက ချက်ချင်းပင် အမူအရာ ပြောင်းလိုက်ပြီး အပြုံးလေးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။

“ဟောင်ဖင်း...”

ဘေးနားတွင်ရှိနေသော လင်းရန်မှာ စုန့်စစ်ယွီ၏ မျက်နှာပြောင်းလဲသွားပုံကို အစအဆုံး မြင်လိုက်ရသည်။

တစ်ယောက်ယောက်က ‘ စုန့်စစ်ယွီက စီချွမ်းအော်ပရာရဲ့ မျက်နှာဖုံးလဲတဲ့ ပညာရပ်အတွက် ပါရမီရှိတယ်’ ဟု ပြောလာလျှင် လင်းရန် ချက်ချင်းပင် ယုံမိပေလိမ့်မည်။

စုန့်စစ်ယွီ၏ ချိုသာသော အမူအရာကို ကြည့်ကာ သူတို့နှစ်ဦးက ချစ်သူများဖြစ်နေကြပြီလားဟု လင်းရန် တွေးမိသော်လည်း ဟောင်ဖင်း၏ တုံ့ပြန်မှုက သူမကို ရယ်မောမိစေခဲ့သည်။

ဟောင်ဖင်းက သူ၏မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်ပြီး စုန့်စစ်ယွီ၏ စကားထဲမှ ချိုသာသော အငွေ့အသက်များကို လုံးဝ သတိမပြုမိသည့်အလား ယဉ်ကျေးစွာ ပြောလိုက်သည်။

“ကျန်းမာပါရဲ့လား ရဲဘော်စစ်ယွီ”

လင်းရန်: “???”

သူမ ဘယ်နှင့်ညာကို တစ်လှည့်စီကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ အော်ရယ်မိတော့သည်။

အခြေအနေက ပေါ်ထွက်လာခဲ့ပြီ။ ကြည့်ရတာ စုန့်စစ်ယွီဘက်က တစ်ဖက်သတ် ဖြစ်နေတာပဲ!

တစ်ဖက်သတ်တင်မကဘူး!

သူတို့ရဲ့ကြားမှာ တောင်ကြီးတစ်လုံး ခံနေသလိုပဲ!

လင်းရန်၏ ရယ်သံကြောင့် ဟောင်ဖင်းက သူမကို နားမလည်နိုင်စွာဖြင့် လှမ်းကြည့်လာခဲ့သည်။

သူက စုန့်စစ်ယုကို နှုတ်ဆက်လိုက်ရုံသာဖြစ်ပြီး လင်းရန်ဘက်မှ အဘယ်ကြောင့် ရယ်မောလာကြောင်းကို နားမလည်နိုင်ခဲ့ပေ။

လင်းရန်လည်း သူမ၏ ရယ်သံကို အားတင်း၍ထိန်းချုပ်လိုက်ပြီး ရှင်းပြလိုက်သည်။

“အာ.. ကျွန်မ ရုတ်တရက် အရမ်းပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုကို သတိရသွားလို့ပါ.. ရှင်တို့ကို ရယ်တာ မဟုတ်ပါဘူး

ဆက်ပြီး စကားပြောကြပါ၊ ဆက်ပြောကြပါ!”

သူမက စုန့်စစ်ယွီနှင့် ရန်ဖြစ်နေမည့်အစား ဘေးဘက်မှ ပွဲကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

ဟောင်ဖင်းသည်လည်း။ လင်းရန်၏ စကားကို ယုံကြည်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် သူ မည်သည့်အရာတွင် မှားခဲ့ကြောင်းကို သူကိုယ်တိုင်ပင် မသိသောကြောင့် ဖြစ်ပေ၏။

သို့သော် စုန့်စစ်ယွီ၏ မျက်နှာသည်က်း လင်းရန် အော်ရယ်လိုက်သည့် အချိန်မှစ၍ မည်းမှောင်သွားခဲ့တော့သည်။

လင်းရန်က သူမကို လှောင်ပြောင်နေခြင်းဖြစ်ကြောင်းကို သူမက အဘယ်ကြောင့် မသိဘဲ နေမည်နည်း။လင်းရန်က ဟောင်ဖင်းထံမှ သူမ တုံ့ပြန်မှု မရရှိသည်ကို လှောင်နေခြင်းသာဖြစ်သည်။

*(274)

သူမက လင်းရန်၏ရှေ့တွင် အရှက်ရနေသည်ဟု ခံစားလိုက်ရသောကြောင့် ဒေါသများကို မထိန်းနိုင်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် သူမ၏ဖခင် စုန့်ဝေ့က အနောက်မှ ချောင်းအနည်းငယ်ဟန့်ကာ အရိပ်အမြွက် ပေးလိုက်သည်။

ထို့ကြောင့် စုန့်စစ်ယွီဘည်း သက်ပြင်းတစ်ချက်ကို ရှူရှိုက်လိုက်ပြီး ဆက်လက် ပြုံးနေနိုင်ရန် ကိုယ့်ကိုယ်ကိုယ်ဖိအားပေးလိုက်သည်။

“ဟောင်ဖင်း .. ရှင် ဘာလို့ ကျွန်မဆီကိုလာတာလဲ?”

ဟောင်ဖင်းက ခေါင်းညိတ်ပြလိုက်ပြီး စုန့်စစ်ယွီကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။

“ရဲဘော်စစ်ယွီ.. တကယ်တော့ ကျွန်တော် မင်းကို သတိပေးစရာရှိလို့ လာတာပါ”

သတိပေးမယ် ဟုတ်လား? ဘာအဓိပ္ပာယ်လဲ?

စုန့်စစ်ယွီ လုံးဝပင်နားမလည်နိုင်ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

“ဒီလိုလေ... မင်း ခုနက ရဲဘော်လင်းရန်ကို ပြောလိုက်တဲ့ စကားက နည်းနည်း မသင့်တော်ဘူးလို့ ကျွန်တော် ထင်ပါတယ်

ကျွန်တော်တို့ကြားမှာ စင်ကြယ်တဲ့ သူငယ်ချင်းဆက်ဆံရေးပဲ ရှိတာလေ.. ဒါပေမဲ့ ခုနက မင်း သုံးလိုက်တဲ့ စကားလုံးတွေနဲ့ လေသံက တခြားလူတွေကို နားလည်မှုလွဲစေနိုင်တယ်

ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ကြားက ပတ်သက်မှုအကြောင်းကို ပြောရင် ပိုပြီး တိကျတဲ့စကားလုံးတွေကို အသုံးပြုစေချင်တယ်

ဒါက မင်းရဲ့ ဂုဏ်သတင်းအတွက် ပိုကောင်းပါလိမ့်မယ်၊ ကျွန်တော်ကတော့ ယောက်ျားလေးဆိုတော့ သိပ်ပြီးကိစ္စမရှိပေမဲ့ မင်းက မိန်းကလေးဖြစ်နေတော့ ဂုဏ်သတင်းတွေ ထိခိုက်သွားရင် မကောင်းဘူး”

ဟောင်ဖင်း၏ စကားကို ကြားလျှင် ဘေးနားတွင်ရှိနေသော လင်းရန်တစ်ယာက် အတင်းအောင့်အီးထားသော်လည်း မရတော့ဘဲ ထပ်မံ အော်ရယ်မိပြန်သည်။

သူမ၏ ရယ်သံမှာ အလွန်ပင် တက်ကြွလှရာ ဟောင်ဖင်းကို ထပ်မံ၍ ကြောင်အမ်းသွားစေခဲ့ပြန်၏။

လင်းရန်တစ်ယောက် ရယ်လွန်းသဖြင့် ဗိုက်ပင် အောင့်လာရသည်။ သူမထံတွင် ဟောင်ဖင်းကို ရှင်းပြရန်အတွက် အားမရှိတော့ပေ။

ဟောင်ဖင်းမှာ စုန့်စစ်ယွီက သူပြောချင်သည့် အဓိပ္ပာယ်ကို သေသေချာချာနားလည်သွားလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။

သူ့ဘက်မှ သူငယ်ချင်းတစ်ယောက်အနေဖြင့် တာဝန်ကျေခဲ့ပြီဟုလည်း ခံစားနေရသည်။

စုန့်စစ်ယွီက သူ၏ စေတနာကို နားလည်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။

သို့သော် လင်းရန်၏ ရယ်သံင အလွန်ပင် သိသာလွန်းသောကြောင့် ဟောင်ဖင်း စိတ်မသက်မသာ ဖြစ်လာရသည်။

ထို့ကြောင့် သူက ပြန်လည်စဥ်းစားလိုက်ကာ စုန့်စစ်ယွီကို ထပ်မံ ပြောလိုက်ပြန်သည်။

“ရဲဘော်စစ်ယွီ၊ ဘာလို့ ဘာမှ မပြောတာလဲ? ကျွန်တော် ခုနက ပြောတဲ့စကားတွေကို မရှင်းလို့လား?

ကျွန်တော်တို့က တကယ့် သူငယ်ချင်းတွေ၊ စာဖတ်ဖော်တွေပဲ.. ဒါကြောင့် မင်း ခုနကလို ပြောလိုက်ရင် တခြားသူတွေက ကျွန်တော်တို့ကြားမှာ တခြားပတ်သက်မှု ရှိတယ်လို့ ထင်ကုန်ကြလိမ့်မယ်

ဒါက မကောင်းဘူးလေဟုတ်တယ်မလား.. ဒီတော့ နောက်ပိုင်းမှာ အဲဒီလိုမျိုး လုံးဝ မပြောပါနဲ့တော့၊ မဟုတ်ရင် လူတွေက အထင်လွဲသွားပြီး မင်း အိမ်ထောင်ပြုလို့ မရနိုင်ဘဲ ဖြစ်သွားလိမ့်မယ်”

လင်းရန်၏အသံက “ဟားဟားဟား” မှသည် “ဟား...ဟား...ဟား” သို့ပင် ကူးပြောင်းသွားခဲ့လေတော့သည်။

စုန့်စစ်ယွီမှာတော့ ဟောင်ဖင်းကို မည်သည့်စကားမျှ ပြန်မပြောနိုင်ခဲ့ဘဲ မင်တက်စွာ ကြည့်နေခဲ့မိသည်။

သူမသာ ပါးစပ်ဖွင့်လိုက်လျှင် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ဟောင်ဖင်းကို ဆဲရေးမိတော့မည်ကို သူမ သိနေပေ၏။

ဆိုရလျှင် ဤသည်မှာ ဟောင်ဖင်းဘက်မှ သူမကို ဤမျှ ရှည်လျားသော စကားလုံးများဖြင့် ပထမဆုံးအကြိမ် ပြောဆိုခြင်း ဖြစ်ပေသည်။

ပုံမှန်ဆိုလျှင် စုန့်စစ်ယွီအနေဖြင့် အလွန်ဝမ်းသာနေမိမည်ဖြစ်သော်လည်း ယခုတွင်တော့ သူမက မြေကြီးထဲသို့သာ တိုးဝင်ချင်စိတ်သာ ဖြစ်နေခဲ့ရတော့သည်။

ဒီလူက ငတုံးလား! အရူးလား!

သူ့မှာ တကယ်ပဲ ဦးနှောက်ရော ရှိရဲ့လား!

ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးကို လူပုံအလယ်မှာ ပြောထွက်ရတာလဲ!

ပြီးတော့ သူက ဒါကို သူမအတွက် စေတနာနဲ့ ပြောတာလို့ပြောနေသေးတယ်!

ဒါက စေတနာ မဟုတ်ဘူး။ သူမရဲ့ မျက်နှာကို မြေကြီးနဲ့ ပွတ်တိုက်ပြီး အရှက်ခွဲနေတာ!

စုန့်စစ်ယွီဘက်မှ မည်သည့်စကားကိုမှ ပြန်မပြောသည်ကို မြင်လျှင် ဟောင်ဖင်း မျက်မှောင်ကြုတ်လိုက်ပြီး အသံကိုမြှင့်ကာ ထပ်မေးလိုက်သည်။

“ရဲဘော်စစ်ယွီ၊ မင်း ဘာဖြစ်နေတာလဲ? ကျွန်တော် ပြောတာကို သေသေချာချာ ကြားတယ်ဆိုရင် တစ်ခုခု ပြန်ပြောဦးလေ၊ မဟုတ်ရင် မင်းဘက်က ရိုင်းသလိုမျိုးဖြစ်နေလိမ့်မယ်”

စုန့်စစ်ယွီ : "..."

အား...!

တစ်ယောက်လောက် ငါ့ကို ဓားတစ်ချောင်းလောက် ပေးကြပါ!

တစ်ဖက်ဘက်တွင်တော့ ပရော်ဖက်ဆာဟောင်တစ်ယောက် မြေးဖြစ်သူ၏ အပြုအမူကြောင့် ရယ်ချင်စိတ်ကို အတော်လေးပင် ထိန်းထားရသည်။ ဟောင်ဖင်းသာ ဆက်ပြောနေပါက စုန့်စစ်ယွီတစ်ယောက် ပေါက်ကွဲထွက်သွားတော့မည်ကိုမြင်နေရသောကြောင့် သူ အမြန်ပင် ရှေ့သို့တိုးကာ စုန့်စစ်ယွီနှင့်အနောကအဘက်တွင်ရှိနေသော စုန့်ဝေတို့ကို ပြောလိုက်သည်။

"ငါ့ရဲ့မြေးက စကားသိပ်ပြီး မပြောတတ်ဘူး.. မင်းတို့တွေ စိတ်မရှိကြပါနဲ့

ဒါပေမဲ့ သူ စေတနာနဲ့ ပြောတာပါ.. မိန်းကလေးနဲ့ ယောက်ျားလေးဆိုတာ အမြဲတမ်း ကွာခြားချက်ရှိတယ်လေ ၊ ကျွန်တော်တို့လို အမျိုးသားတွေက ဂုဏ်သတင်းကို သိပ်ပြီးဂရုစိုက်စရာမလိုပေမဲ့ ရဲဘော်စုန့်လိုမျိုး အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးကတော့ ဂုဏ်သတင်းကို ဂရုစိုက်ရမယ်မလားဒီလိုမှမဟုတ်ရင် နောက်ပိုင်းလက်တွဲဖော်ရှာတဲ့အချိန်တွေမှာ ပိုပြီး စဉ်းစားစရာတွေ များလာလိမ့်မယ်"

ဟောင်ဖင်းမှလွဲ၍ ကျန်ရှိနေသူအားလုံးမှာ ဥာဏ်ရည်ထက်မြက်သူများ ဖြစ်ကြသည့်အတွက် ပရော်ဖက်ဆာဟောင်၏ စကားထဲမှ သွယ်ဝိုက်၍ပြောလာသော အဓိပ္ပာယ်ကို လူတိုင်း နားလည်သွားခဲ့ကြသည်။

သူသည်က ဟောင်ဖင်းနှင့် စုန့်စစ်ယွီ၏ကြားတွင် မည်သည့်ပတ်သက်မှုမှ မရှိကြောင်းကို တိုက်ရိုက်ပြောလိုက်ရုံတင်မက၊ စုန့်စစ်ယွီက နောက်ပိုက်းတွင် တခြားလူတစ်ယောက်နှင့် အိမ်ထောင်ပြုရလိမ့်မည်ဟု ရှင်းလင်းစွာပြောခဲ့ပေသည်။

ဆိုရလျှင် သူင သူ၏မြေးနှင့် သူမကို ပေါင်းဖက်ပေးရန်အတွက် လုံးဝ စိတ်မကူးထားကြောင်းကို ပြလိုက်ခြင်းပင် ဖြစ်သည်။

ပရော်ဖက်ဆာဟောင်၏ စကားလုံးများမှာ မတိုင်ခင်က ဟောင်ဖင်း ပြောခဲ့သော စကားများထက် ပို၍ ရင်ဘတ်ကို အောင့်သွားစေသည်။

စုန့်စစ်ယွီတစ်ယောက် ဒေါသကြောင့် အဆုတ်ပင် ပေါက်ထွက်တော့မတတ် ခံစားလိုက်ရလေ၏။ သူမထက် ပို၍ အရှက်ရနေသူမှာ စုန့်ဝေ့ပင် ဖြစ်ပေသည်။

သူ့အနေဖြင့် ယနေ့ ဤနေရာသို့ မလာမီက အကြီးအကဲပိုင်းများနှင့် အဆက်အသွယ် ရနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

အနည်းဆုံး ဟောင်ဖင်း၏ အဘိုး ပရော်ဖက်ဆာဟောင်နှင့် ရင်းနှီးခွင့်ရမည်ဟု ထင်ခဲ့သည်။ နောက်ဆုံးတွင် ဆက်သွယ်ပြောဆိုခွင့် ရခဲ့လေ၏။

သို့သော်လည်း ရရှိခဲ့သည့်ပုံစံမှာ ဤကဲ့သို့ ဖြစ်နေသည်။ သူတို့က စုန့်ဝေ့၏ နှာခေါင်းကို လက်ညှိုးထိုးပြီး သမီးကို ကောင်းကောင်း မဆုံးမတတ်ဘဲ သူတို့မြေး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည်ဟု ဆဲဆိုလိုက်သကဲ့သို့ပင်!

သူ့၏တစ်သက်လုံးတွင် ဤမျှ အရှက်ရဖွယ်ကောင်းသော ကိစ္စမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ အရှက်ရခြင်းထက် ပို၍ စိတ်ပျက်စရာ ကောင်းသည်မှာ __

ယခုအချိန်တွင် သူတို့ သားအဖနှစ်ဦးလုံးက ပရော်ဖက်ဆာဟောင်ကို ပြစ်မှားမိသွားပြီဖြစ်၍ ဟောင်ဖင်း သို့မဟုတ် အရာရှိပိုင်းများနှင့် မည်သို့မျှပတ်သက်ခွင့် ရတော့မည် မဟုတ်ပါချေ။

ထိုအချက်ကို သတိပြုမိသွားသည်နှင့် စုန့်ဝေ့က အခြေအနေကို အမြန်ဆုံး အဖတ်ဆယ်ရန် ကြိုးစားတော့သည်။

သူက ပရော်ဖက်ဆာဟောင်ကို အလျင်အမြန် ပြောလိုက်သည်။

"ပရော်ဖက်ဆာဟောင်.. ကျွန်တော့်ရဲ့သမီး ခုနက ပြောလိုက်တာက တခြား အဓိပ္ပာယ်မရှိပါဘူး.. သူမက ခဏတာလောက် စိုးရိမ်စိတ်များသွားလို့ စိတ်ထဲရှိတာ ကိုပြောမိသွားတာပါ

ပရော်ဖက်ဆာ အထင်မလွဲပါနဲ့၊ ပြီးတော့.. ပြီးတော့ သူမမှာလည်း ချစ်သူရှိပြီးသားပါပဲ.. နှစ်ဖက်လုံးက မကြာခင် အိမ်ထောင်ပြုဖို့တောင် စီစဉ်နေကြတာလေ!"

စုန့်ဝေ့တစ်ယောက် အံကိုတင်းတင်းကြိတ်ကာ စုန့်စစ်ယွီနှင့်ပင် ကြိုတင်မတိုင်ပင်ဘဲ တိုက်ရိုက်ပင်လိမ်ညာလိုက်ရတော့သည်။

ဤသို့နည်းလမ်းဖြင့် ပရော်ဖက်ဆာဟောင်၏ သံသယကို ဖြေဖျောက်ရန် ကြိုးစားခြင်း ဖြစ်ပေသည်။

ဘေးနားတွင်ရှိနေသော စုန့်စစ်ယွီမှာ အဖေဖြစ်စူ၏စကားကို ကြားလျှင် အံ့အားတကြီးဖြင့် မျက်လုံးများပြူးကျယ်သွားရသည်။

သူမအနေဖြင့် ‘အဖေ၊ ဘာတွေ လျှောက်ပြောနေတာလဲ’ဟူ၍ပင် အော်ဟစ်မေးမြန်းချင်ခဲ့ရသည်။

သူမနှင့် ရှုကျစ်ဝမ်တို့မှာ ရှင်းရှင်းလင်းလင်း လမ်းခွဲခဲ့ပြီးဖြစ်ကာ ယခု သူမ၏ ပစ်မှတ်မှာ ဟောင်ဖင်းဖြစ်ပေသည်။

ယခု ဖခင်ဖြစ်သူက ဤသို့ ပြောလိုက်ပါက သူမနှင့် ဟောင်ဖင်းတို့ကြားမှ ရှိနိုင်သမျှ အခွင့်အရေးများအားလုံးကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သကဲ့သို့ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

သို့သော် စုန့်ဝေ့က သမီးဖြစ်သူ၏ အပြစ်တင်သော အကြည့်များကို မမြင်ချင်ယောင်ဆောင်ကာ ပရော်ဖက်ဆာဟောင်ကို အလေးအနက် ကတိပေးလိုက်သည်။

"ပရော်ဖက်ဆာဟောင် .. ကျွန်တော့်ရဲ့သမီးပြောတာကို ကြားဖူးသလောက်ဆိုရင် သူမက မကြာသေးခင်ကမှ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ခဲ့ပြီး စာအုပ်စာပေတွေအကြောင်းကို ပြောလေ့ရှိတယ်တဲ့၊

ဒါပေမဲ့ ဒါက ပရော်ဖက်ဆာရဲ့မြေး ဖြစ်နေမယ်လို့တော့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး၊ တကယ့်ကို တိုက်ဆိုင်တာပါပဲ"

ပရော်ဖက်ဆာဟောင်လည်း စုန့်ဝေမှ သူ အထင်လွဲမည်ကို ကြောက်သည့်အတွက် အသည်းအသန် ရှင်းပြနေသည်ကို မြင်တွေ့နိုင်သော်လည်း အပြုံးမပျက်ဘဲ ဆက်ပြောလိုက်သည်။

"ဟားဟား.. ရဲဘော်လေးတွေအချင်းချင်း အပြန်အလှန် သင်ယူကြပြီး စာအုပ်တွေကိုလှဲလှယ် အကြံပေးကြတာက ကောင်းတဲ့ကိစ္စပါပဲ

ပြီးတော့ ငါက ကလေးတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကို ဝင်ပြီးမစွက်ဖက်ပါဘူး.. ဒါကြောင့် ရဲဘော်အနေနဲ့ ဒီလောက်ထိ စိုးရိမ်နေစရာ မလိုဘူး

သူတို့တွေ နောက်ပိုင်းမှာလည်း စာအုပ်တွေအကြောင်းကို ဆက်ပြောနိုင်ပါတယ်.. ဒါပေမဲ့ ရဲဘော်ရှောင်စုန့်ရဲ့ ချစ်သူဘက်က အထင်မလွဲအောင်တော့ အကွာအဝေးလေး တစ်ခုကိုတော့ သတိထားဖို့ လိုတာပေါ့"

ပရော်ဖက်ဆာဟောင်အနေဖြင့် စုန့်စစ်ယွီကို သူ၏မြေးဖြစ်သူနှင့် ဆက်ဆံရေး မဖြတ်ခိုင်းကြောင်း မြင်လိုက်မှသာ စုန့်ဝေလည်း စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားခဲ့ရသည်။

"ကောင်းပါပြီ၊ ပရော်ဖက်ဆာပြောတာ မှန်ပါတယ် ကလေးတွေ အခုလို လွတ်လွတ်လပ်လပ်ပေါင်းသင်းတာက ပုံမှန်ပါပဲ"

(275)

အခြေအနေများကို စုန့်ဝေက ဤသို့ အလွယ်တကူ ဖြေရှင်းသွားသည်ကို မြင်လျှင် လင်းရန်က သဘောမတူနိုင်ပါချေ။

ပရော်ဖက်ဆာဟောင်ကဲ့သို့ ဥာဏ်ရည်ထက်မျက်သည့်အဖိုးကြီးက စုန့်ဝေ့ လိမ်နေကြောင်းကို အမှန်တကယ် မသိသည်လား သို့မဟုတ် သိလျက်နှင့် အရှက်မခွဲချင်သောကြောင့်လားဆိုသည်ကို သူမ မသေချာပါချေ။

သို့သော်လည်း ဤသားအဖနှစ်ယောက်က သူမကို လာရောက်ရန်စနေသည်ဆိုလျှင် သူမဘက်မှလည်း ပွဲကောင်းတစ်ပွဲခန့် ပြန်မပေးလိုက်ပါက သင့်တော်ခြင်းမရှိဘဲနေလိမ့်မည်

ထို့ကြောင့် စုန့်ဝေ့ စကားပြောပြီးသည်နှင့် လင်းရန်က နားမလည်သည့်အမူအရာဖြင့် ဝင်ပြောလိုက်သည်။

"ဟင် အစ်မစစ်ယွီမှာ ချစ်သူရှိနေပြီလား? ဘယ်သူများလဲ

ကျွန်မ သိထားတဲ့လူလား? ကျွန်မ ထွက်လာတဲ့ပချိန်တုန်းက ရှုမိသားစုက အစ်မကို ဒုက္ခပေးနေကြသေးလား

အခု ပြန်စဉ်းစားကြည့်တော့ အန်ကယ်စုန့်က ကျွန်မကို ယောက်ျားပေးစားဖို့ ကြိုးစားခဲ့တုန်းက ကျွန်မက မရင့်ကျက်သေးတဲ့အတွက် အန်ကယ်ရဲ့ စေတနာကို နားမလည်ခဲ့ဘူး

အန်ကယ်က ကျွန်မကို ကြိုမပြောခဲ့ပေမဲ့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လက်ထပ်ပွဲကို စီစဥ်ချင်တယ်ဆိုမှတော့ ကျွန်မရဲ့ အကျိုးအတွက်ပဲ ဖြစ်မှာပါ၊

ဒါကြောင့်လည်း ကျွန်မ မသိအောင် ဖုံးကွက်ပြီး စေ့စပ်ပေးခဲ့တာလား"

လင်းရန်က ထိုစကားများကို မည်သည့် သတိပေးချက်မှမရှိဘဲအဆက်မပြတ် ပြောလိုက်သောကြောင့် စုန့်ဝေနှင့် စုန့်စစ်ယွီ တို့မှာ ပြန်လည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

သူမ၏ စကားများကြောင့် ပရော်ဖက်ဆာဟောသ်သည်လည်း အံ့အားသင့်သွားရသည်။

ကြည့်ရတာ လင်းရန်နှင့် စုန့်မိသားစု သားအဖရဲ့ကြားမှာ နာကျည်းချက်တွေ ရှိနေပုံရတယ်။ စုန့်ဝေ့က လင်းရန်ကို သူမ သဘောမတူတဲ့လူနဲ့ အတင်းစေ့စပ်ပေးခဲ့တာလား?

အပြင်ပန်းကကြည့်ရင် စုန့်ဝေ့က မျက်ခုံးထူထဲပြီး ကြီးမားတဲ့မျက်လုံးတွေနဲ့ ရိုးသားပုံဆိုပေမဲ့ နောက်ကွယ်မှာ အခုလို ကလိမ်ကကျစ်နည်းတွေကိုလုပ်နေတတ်တာပဲ။

ပြီးတော့ သူ့ရဲ့သမီး စုန့်စစ်ယွီကလည်း သူ့အဖေနဲ့ တစ်ပုံစံတည်းဖြစ်ပုံရတယ်။

ဤအချိန်တွင် ပရော်ဖက်ဆာဟောင်တစ်ယောက် သူ၏မြေးဖြစ်သူ ဟောင်ဖင်းကို စုန့်စစ်ယွီ နှင့် လုံးဝ အဆက်အသွယ် မလုပ်ခိုင်းတော့ဆိုသည့် ဆုံးဖြတ်ချက်က ပို၍ပင် ခိုင်မာသွားတော့သည်။

"လင်းရန်!"

ပရော်ဖက်ဆာဟောင်နှင့် ဟောင်ဖင်းတို့၏ရှေ့တွင် လင်းရန်က ဤကိစ္စကို ဖွင့်ချလိုက်သည်ကို ကြားလျှင် စုန့်စစ်ယွီတစ်ယောက် ဒေါသကို မအောင့်အီးနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားတော့သည်။

"နင် ရူးနေတာလား! နင်က ငါတို့အိမ်မှာ နှစ်တွေအများကြီး စားသောက်ပြီး နေလာခဲ့တာကို ဘာလို့ ထည့်မပြောတာလဲ? ငါ့အဖေက နင့်ကို စေ့စပ်ပေးတယ်ဆိုတာက နင့်ရဲ့အကျိုးအတွက် မဟုတ်လို့လား?

ရှုကျစ်ဝမ်က ဘာတွေများဆိုးရွားနေလို့လဲ? သူ့အဖေက စက်ရုံရဲ့ဒါရိုက်တာ၊ သူကိုယ်တိုင်ကလည်း အစိုးရရုံးမှာ အလုပ်လုပ်နေတဲ့သူပဲ

သူ့ရဲ့ အနာဂတ်က တောက်ပနေတယ်လို့ပြောလို့ရတယ်၊ နင်ကသာ သူများကို နှိမ်ချင်နေတာ၊ အခု ဘယ်သူ့ကို လာပြီး အပြစ်တင်နေရတာလဲ?"

"ငါ့အဖေက နင့်အတွက် စေတနာနဲ့ လုပ်ပေးနေတာကို နင်က အခုလိုမျိုး အပြင်ဘက်မှာ သူ့ရဲ့ဂုဏ်သိက္ခာကို လာဖျက်ဆီးနေတာလား!"

စုန့်စစ်ယွီသည်ကာ ဒေါသထွက်နေသော်လည်း သတိမလွတ်သေးပေ။

သူမက လင်းရန်ကို ကြိမ်းမောင်းပြောဆိုချိန်တွင် သူမ၏ ဖခင်အား သမီးအပေါ်တွင် စေတနာထားသည့် ပထွေးကောင်းတစ်ဦးအဖြစ် ပုံဖော်ရန်လည်း မမေ့ခဲ့ပေ။

သို့သော်လည်း လင်းရန်အနေဖြင့် ဤကဲ့သို့သော စကားများကို နားငြီးလောက်အောင် ကြားဖူးပြီးသား ဖြစ်ပေသည်။ သူမက စုန့်စစ်ယု၏ စွပ်စွဲချက်ကို ချက်ချင်းပင် ပြန်လည်တုံ့ပြန်လိုက်သည်။

"အာ.. ကျွန်မက ရှာမိသားစုအကြောင်းကို မကောင်းပြောဖို့ မရည်ရွယ်ပါဘူး.. ကျွန်မနဲ့ ရှုကျစ်ဝမ်က ရေစက်မပါလို့ပဲလေ

ဒါပေမဲ့ အစ်မစစ်ယွီ၊ ကျွန်မ ကြားတာကတော့ အစ်မနဲ့ရှုကျစ်ဝမ်တို့က အခု ချစ်ကြိုက်နေကြတယ်ဆို၊ သူက လူကောင်းတစ်ယောက်ပဲဆိုမှတော့ အန်ကယ်စုန့်ရဲ့ ဆန္ဒကို အစ်မကပဲ ဖြည့်ဆည်းပေးလိုက်တယ်လို့ ယူဆနိုင်တာပေါ့

အစ်မတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲက အမြန်ဖြစ်လာနိုင်ပြီး သားသမီးတွေများများထွန်းကားပါစေလို့ ဆုတောင်းပေးပါတယ်"

ဘေးနားတွင် နားထောင်နေသော ပရော်ဖက်ဆာဟောင်သည်ကား တစ်ခုပြီးတစ်ခုအတွက် အံ့သြနေခဲ့ရသည်။

ဒါဆို စုန့်စစ်ယွီက သူ့အဖေ လင်းရန်အတွက် စေ့စပ်ပေးထားတဲ့ လူနဲ့ တွဲနေတာပေါ့?

ဒါက ဘာတွေ ဖြစ်နေတာလဲ?

ဒီလိုဆိုရင် မိသားစုတစ်ခုကမိန်းမနှစ်ယောက်က ယောက်ျားဝိုင်းလုနေသလိုမျိုး မဖြစ်နေဘူးလား?

သူတို့ရဲ့မိသားစုက ဒါကို စိတ်မပျက်ကြဘူးလား?

ပရော်ဖက်ဆာဟောင်တစ်ယောက် စုန့်စစ်ယွီကိုတင်မကဘဲ တစ်မိသားစုလုံးကိုပါ အထင်သေးသွားတော့သည်။

သို့သော်လည်း ယနေ့၏ ပွဲကြီးပွဲကောင်းက ဤနေရာတွင် မဆုံးသေးပါချေ။

အဘယ်ကြောင့်ဆိုသော် နောက်ထပ် အဓိကဇာတ်ကောင်တစ်ဦးက နေရာတွင် ပေါ်လာသောကြောင့်သာ ဖြစ်ချေသည်။

"လင်းရန်၊ ငါက မင်းရဲ့အစ်မနဲ့ ခဏလောက် တွဲခဲ့တယ်ဆိုတာ မှန်ပေမဲ့ တစ်ခုတော့ ပြောပြဦးမယ်

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ငါနဲ့ မင်းရဲ့အစ်မ လမ်းခွဲပြီးပြီ၊ ငါတို့ရဲ့ကြားမှာ ဘယ်လိုပတ်သက်မှုမှ မရှိတော့ဘူးငါ့အနားကို ခွေးတွေ၊ ကြောင်တွေလိုမျိုး အဆင့်မရှိတဲ့ မိန်းမတွေကို လာမကပ်ပါစေနဲ့တော့၊ ဒါက ငါ့ကုာ တကယ်ကြီး ကံဆိုးလွန်းတယ်လို့ ခံစားရတယ်!"

သူတို့တစ်ဖွဲ့လုံးက ထိုနေရာတွင် ရပ်နေချိန်မှာပင် ခေါင်းဆောင်များ၏ ခြံဝင်းတံခါးနောက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှုကျစ်ဝမ်ပင် ဖြစ်လေ၏။

သူသည်က အစောပိုင်းကတည်းကရောက်နေခြင်းဖြစ်ပေသည်။ သူသည်လည်း အစိုးရရုံးတွင် အလုပ်လုပ်ကိုင်သူဖြစ်ရာ ယနေ့တွင် သူ၏အထက်လူကြီးအတွက် လက်ဆောင်များ လာပို့ပေးခြင်း ဖြစ်သည်။

သူ့အနေဖြင့် စိတ်အခြေအနေမကောင်းစွာဖြင့် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ဤကဲ့သို့သော ပွဲကောင်းကို နံရံ၏နောက်ကွယ်မှ နားထောင်ခွင့်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အရေးအကြီးဆုံးသောအချက်မှာ စုန့်စစ်ယွီ ကဲ့သို့ အရှက်မရှိသော မိန်းမက တခြားယောက်ျားတစ်ယောက်ကို သူမ၏ ချိုသာသော လေသံများဖြင့် မြူဆွယ်နေသည်ကို သူဒမျက်လုံးများဖြင့် မြင်လိုက်ရခြင်းပင် ဖြစ်သည်။

ဒီလောဘအတောမသတ်နိုင်တဲ့ မိန်းမကတော့!

သူမ အခုလုပ်နေတဲ့ ပုံစံက သူမ သူ့ကို မြူဆွယ်တုန်းက ပုံစံနဲ့ ဘာများကွာလို့လဲ!

သူနဲ့တွဲရတဲ့အပေါ် မနှစ်သက်တော့ဘူး။ သူ့အပေါ် ဘယ်လိုခံစားချက်မှ မရှိတော့ဘူးလို့ သူမ ပြောခဲ့တယ်မလား။

သေချာပေါက် သူ့အပေါ်ခံစားချက်မရှိနိုင်တော့ဘူးပေါ့။ သူမက ပိုပြီး အဆင့်မြင့်တဲ့ လူတစ်ယောက်ကို မျက်နှာချိုသွေးနေတာကိုး။

သူ့ရဲ့ အထက်လူကြီးတောင်မှ ပရော်ဖက်ဆာဟောင်ကို တွေ့ရင် ရိုရိုသေသေ နှုတ်ဆက်ရတယ်။ ဒီတော့ သေချာပေါက် ရာထူးကြီးတဲ့ခေါင်းဆောင်တွေထဲကပဲ မဟုတ်ဘလား!

"ရှုကျစ်ဝမ်!"

ထိုရင်းနှီးသောအသံကို ကြားလိုက်ရလျှင် စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့၏ မျက်နှာများက ချက်ချင်း ပျက်ယွင်းသွားတော့သည်။

"ဟုတ်တယ် ငါပဲလေ.. ဘာလဲ၊ ငါလည်း ဒီမှာ ရှိနေမယ်လို့ မထင်ထားဘူးလား?"

ရှုကျစ်ဝမ်က နံရံနောက်ကွယ်မှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာပြီး စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့၏ရှေ့တွင် ရပ်ကာ အေးစက်စွာ ပြုံးပြလိုက်သည်။

‘ရှုကျစ်ဝမ်လား? ဒါက လင်းရန် ခုနကပြောတဲ့ စုန့်စစ်ယွီရဲ့ ချစ်သူဆိုတဲ့ တစ်ယောက်မဟုတ်ဘူးလား?’

ပရော်ဖက်ဆာဟောင်တစ်ယောက် အလွန်ပင်အံ့သြသွားရသောကြောင့် မည်သည့်မျက်နှာအမူအရာမျိုး လုပ်ရမည်ကိုပင် မသိတော့ပေ။

ပရော်ဖက်ဆာဟောင် ငြိမ်သက်နေချိန်တွင် ရှုကျစ်ဝမ်က သူ့ဘက်ကိုကြည့်၍ ပြောလာခဲ့သည်။

"ပရော်ဖက်ဆာဟောင်! ပရော်ဖက်ဆာက ကျွန်တော့်ကို မသိလောက်ပေမဲ့ တစ်ခုလောက်တော့ ပြောခွင့်ပြုစေချင်ပါတယ်..

ဒီစုန့်စစ်ယွီဆိုတဲ့ မိန်းမက လူကောင်း မဟုတ်ဘူး.. သူမ ကျွန်တော့်ဆီကို ချည်းကပ်တုန်းကလည်း ဒီနည်းလမ်းအတိုင်းပဲ သုံးခဲ့တာ

သူမက ကျွန်တော် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို တမင်ရှာပြီး စကားလာပြောတတ်တယ်၊ အဲဒီလိုနဲ့ ကျွန်တော်တို့က သူငယ်ချင်းဖြစ်လာခဲ့တာပဲ၊

အခု ပရော်ဖက်ဆာရဲ့မြေးနဲ့ ပေါင်းသင်းနေတဲ့ ပုံစံအတိုင်းပါပဲ.. ပြီးတော့မှ ကျွန်တော့်ကို မြူဆွယ်ပြီး ကျွန်တော်နှင့်ချစ်သူဖြစ်အောင် လုပ်ခဲ့တာပါ!"

ပရော်ဖက်ဆာဟောင်သည်လည်း စုန့်စစ်ယွီတွင် ထိုကဲ့သို့ အစီအစဉ်ရှိနေကြောင်းကို ခန့်မှန်းမိပေသည်။

သို့သော်လည်း မသိချင်ယောင်ဆောင်ကာ ဆက်လက်၍ ဟန်ဆောင်နေရန်ဆုံးဖြတ်လိုက်လေ၏။

ထို့ကြောင့် ရှုကျစ်ဝမ်၏ စကားကို ကြားးလျှင် ပရော်ဖက်ဆာဟောင်က အံ့သြသွားသကဲ့သို့ အမူအရာမျိုးကို ပြသလိုက်သည်။

"တကယ်ကြီး ဒီလို ကိစ္စမျိုးတွေရှိသေးတာလား"

ပရော်ဖက်ဆာဟောင်မှ သူ့၏စကားကိုကြားလျှင် ရှုကျစ်ဝမ်က ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။

သို့နှင့် သူက သူ၏မိဘများနှင့် စုန့်မိသားစုတို့ အတူထမင်းစားကာ မင်္ဂလာကိစ္စများကို ပြောဆိုခဲ့ကြသည်အထိ အရာအားလုံးကို ဖွင့်ချလိုက်တော့သည်။

ပရော်ဖက်ဆာဟောင်မှ တည်ငြိမ်စွာဖြင့် ထပ်မေးလိုက်လေ၏။

"မင်းတို့တွေ အဲဒီလောက်ထိ ချစ်နေကြတာကို ဘာလို့...?"

"ဘာလို့ လမ်းခွဲလိုက်တာလဲလို့မေးချင်တာလား?"

ရှုကျစ်ဝမ်က တစ်ဖက်လူ၏စကားကို ဖြည့်ပြောလိုက်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။

"အဲဒါကတော့ စုန့်စစ်ယွီ ဘာလုပ်ချင်နေလဲဆိုတာကိုပဲ မေးကြည့်လိုက်ပါဆော့၊ ပရော်ဖက်ဆာဟောင်... အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့မိသားစုအခြေအနေက ပရိုဖက်ဆာတို့လောက် မကောင်းပေမဲ့ ဒီနယ်ဘက်မှာတော့ ထိပ်တန်းထဲကပဲလို့ပြောလို့ရတယ်

အထူးသဖြင့် ကျွန်တော့်ရဲ့အဖေက စက်ရုံက အလေးအနက်ထားရတဲ့ အရာရှိတွေထဲတစ်ယောက်ပဲ.. ကျွန်တော်နဲ့ စုန့်စစ်ယွီ တွဲနေတုန်းကဆိုရင် သူမက အိမ်မှာ ဘာမှလုပ်စရာမရှိဘူးလို့ ပြောပြီး စက်ရုံမှာ အလုပ်ဝင်ချင်တဲ့အကြောင်းတွေကို သွယ်ဝိုက်ပြောခဲ့သေးတယ်

ကံကောင်းလို့ပေါ့.. ကျွန်တော့်အဖေက အဲဒီတုန်းက ချက်ချင်း သဘောမတူခဲ့ဘူး၊ မဟုတ်ရင် အခုလောက်ဆိုရင် ကျွန်တော်က ဆန်ကိုရော ကြက်ကိုပါ ဆုံးရှုံးနေရမှာ!"

*(276)

"ကျွန်တော့်ဆီကနေ ဘာအကျိုးအမြတ်မှ မရတော့ဘူးဆိုတာကို သိပြီးတော့ ပရိုဖက်ဆာရဲ့မြေးကလည်း ရိုးသားတယ်ဆိုတာကို သိတော့ သူမက ပစ်မှတ်ကို ချက်ချင်း ပြောင်းလိုက်တာပဲ

ကျွန်တော် ခန့်မှန်းတာသာ မမှားဘူးဆိုရင် ရဲဘော်ဟောင်ဖင်းနဲ့ စုန့်စစ်ယွီတို့တွေ တွေ့တဲ့အချိန်တိုင်း သူမကပဲ အရင် ဖိတ်ခေါ်တာမလား၊

ပြီးတော့ ဟောင်ဖင်း စိတ်ဝင်စားမဲ့ အရာတွေကို အမြဲယူလာပြပြီး မြူဆွယ်တာ မဟုတ်လား"

ဟောင်ဖင်းအနေဖြင့် အစပိုင်းတွင် လုံးဝမယုံကြည်နိုင်ခဲ့ဘဲ နေရာတွင် ရပ်တန့်ကာဆွံ့အလျက်ရှိနေသော်လည်း ယခုအချိန်တွင်တော့ ရှုကျစ်ဝမ်ဘက်မှ ဤကဲ့သို့ ပြောဆိုလိုက်သည့်အတွက် သူက စုန့်စစ်ယွီနှင့် ဆုံတွေ့ပတ်သက်ခဲ့သည့် အကြိမ်တိုင်းကို သေသေချာချာ ပြန်လည်တွေးတောမိခဲ့ရသည်။

နောက်ဆုံးတွင်တော့ ရှုကျစ်ဝမ် ပြောခဲ့သည့်စကားများက အမှန်တရားများနှင့် လုံးဝထပ်တူကျနေကြောင်းကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိသွားခဲ့ရလေသည်။

သူတို့နှစ်ယောက် ပထမဆုံး စတင်သိကျွမ်းသည့်အဆင့်တွင် စုန့်စစ်ယွီက သူစိတ်ဝင်စားသော စာအုပ်များကို ကိုင်ဆောင်ကာ သူ့ထံသို့ အမြဲတစေလာရောက်ခဲ့သည်။

ထိုသို့မဟုတ်ပါက သူ့ကို သတ္တိတစ်ရာခန့် ပေးထားလျှင်ပင် သူစိမ်းတစ်ယောက်ကို၊ ပို၍ ရှင်းလင်းစွာ ပြောရလျှင် ဆန့်ကျင်ဘက်လိင်တစ်ဦးကို သူ့ဘက်မှ မည်သည့်အခါတွင်မျှ ရုတ်တရက် သွားရောက်စကားပြောရဲလိမ့်မည် မဟုတ်ပေ။

"ရဲဘော် စစ်ယွီ... မင်းက..."

ဤအခိုက်အတန့်တွင် ဟောင်ဖင်းအနေဖြင့် မည်မျှပင် တုံးအ,နှေးကွေးသူဖြစ်စေ၊ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည့် ဖုံးကွယ်ထားသော အမှန်တရားများရှေ့တွင် စုန့်စုယွီအပေါ် စိတ်မပျက်ဘဲ မနေနုုင်တော့ပါချေ။

စုန့်စစ်ယွီသည်ကား ရှုကျစ်ဝမ်မှ ဤကဲ့သို့အချိန်မျိုးတွင် ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

လင်းရန်နှင့် ရင်ဆိုင်ရသည်ကပင် သူမအတွက် ခက်ခဲလွန်းလှပေပြီ။ ယခုအချိန်တွင် ရှုကျစ်ဝမ်ပါ ထွက်ပေါ်လာပြီး သူမကို နင်းခြေလိုက်သည့်အတွက် သူမက လုံးဝပြိုလဲလုနီးပါး ဖြစ်သွားရလေ၏။

"မဟုတ်ဘူး ဟောင်ဖင်း၊ ကျွန်မကိုယုံပါ၊ ကျွန်မက ရှုကျစ်ဝမ်ပြောသလိုလူမျိုး လုံးဝမဟုတ်ပါဘူး!"

သူမက ဟန်ဆောင်ကောင်းနေဆဲဖြစ်ကြောင်းကို မြင်လျှင် ရှုကျစ်ဝမ်က တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"ဒါဆို မင်းအနေနဲ့ ဒီဘဝမှာ ဟောင်ဖင်းနဲ့ ချစ်ကြိုက်ဖို့အတွက် လုံးဝမတွေးထားဘူး၊ သူနဲ့အတူရှိမဲ့အကြောင်းကို လုံးဝစဥ်းစားမှာမဟုတ်ဘူးလို့ ကျိန်ရဲလား

တကယ်လို့ ကျိန်ထားတာကို ဖောက်ဖျက်ရင် မင်းရဲ့ဘဝမှာ မင်းဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့လို့ ပြောနိုင်လား!"

ဟိုယခင်အချိန်များတွင်ဆိုပါက ဤကဲ့သို့ ကျိန်ဆိုခြင်းဆိုသည်မှာ သိပ္ပံနည်းကျမဟုတ်သောကြောင့် စုန့်စစ်ယွီအနေဖြင့် ဂရုစိုက်မည်မဟုတ်ပါချေ။

သို့သော်လည်း သူမကိုယ်တိုင်ပင် နောက်တစ်ကြိမ် ပြန်လည်မွေးဖွားခြင်းနှင့် ကြုံတွေ့ထားရသူဖြစ်သည့်အတွက် ထိုကျိန်ဆိုမှုများကို ပေါ့ဆစွာ မတွေးရဲတော့။

ထို့ကြောင့် "ကျွန်မ ကျိန်ဆိုပါတယ်" ဟူသော စကားလုံးက သူမ၏ နှုတ်ခမ်းဖျားတွင် တစ်ဆို့နေပြီး မည်သို့မျှ ပြောထွက်မလာနိုင်ခဲ့ပေ။

သူမ၏ အမူအရာကို မြင်သည်နှင့် ထိုနေရာတွင်ရှိနေသော လူတိုင်းက အခြေအနေကို နားလည်သွားခဲ့ကြလေ၏။

ယခုအချိန်တွင် ဟောင်ဖင်း၏ သူမအပေါ်ထားရှိသော နောက်ဆုံးယုံကြည်မှုလေးမှာလည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သူသည်က အလွန်အမင်း ဒေါသထွက်မနေခဲ့ပေ။ အကြောင်းမှာ စုန့်စစ်ယွီက ဤကာလအတွင်း သူ့အပေါ် ဆိုးရွားသည့်အရာဟူ၍ တစ်ခုလေးပင် မလုပ်ရသေးသောကြောင့် ဖြစ်ပေသည်။

သို့မဟုတ် သူမအနေဖြင့် တစ်ခုခုလုပ်ရန် အချိန်မရသေးသည့်အတွက်ဟုဆိုရမည်။

ထို့ကြောင့် သူသည်က မည်သည့်ဆုံးရှုံးမှုမှ မရှိခဲ့ပါချေ။ သို့သော် ရည်ရွယ်ချက်ရှိရှိဖြင့် ချဉ်းကပ်ခဲ့ခြင်းကို သူ လက်မခံနိုင်ခဲ့ပေ။

သူက စုန့်စစ်ယွီကို အလွန်အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

"ရဲဘော် စုန့်စစ်ယွီ၊ ကျွန်တော်တို့ နောက်ကို သူငယ်ချင်းတွေအဖြစ် ဆက်မရှိသင့်တော့ဘူးလို့ ထင်ပါတယ်.. မင်းက အဲဒီစာအုပ်တွေကို တကယ်နှစ်သက်တာ မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော် ဒါကိုလက်မခံနိုင်ဘူး

စာပေကိုတောင် ချစ်မြတ်နိုးသလို ဟန်ဆောင်နိုင်တဲ့သူမျိုးနဲ့ ကျွန်တော် ဆက်ပြီး မပတ်သက်ချင်တော့ဘူး ၊ အနာဂတ်မှာ မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"

"ဟောင်ဖင်း! ရှင် ကျွန်မအပေါ် ဒီလိုလုပ်လို့မရဘူး! ရှင့်အတွက် ကျွန်မ ဘယ်လောက်တောင် အားစိုက်ခဲ့ရလဲ၊ ကျွန်မရဲ့ အချိန်တွေ ဘယ်လောက်တောင်ပေးခဲ့ရလဲ၊ ရှင့်ရဲ့အနားမှာ ဘယ်လောက်ကြာကြာ နေပေးခဲ့လဲ ရှင့်မှာ နည်းနည်းလေးတောင် အားနာစိတ် မရှိဘူးလား!"

စုန့်စစ်ယွီတစ်ယောက် တစ်ချက်ပြီးတစ်ချက် ကျရောက်လာသော ရိုက်ခတ်မှုများကြောင့် ယခုအချိန်တွင် လုံးဝရူးသွပ်လုနီးပါး ဖြစ်နေခဲ့ရလေသည်။

သူမအနေဖြင့် သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို ဟောင်ဖင်းအပေါ်တွင် ထားခဲ့သော်လည်း ဟောင်ဖင်းက သူမ၏ အတွေးများကို တိုက်ရိုက်ဖြတ်တောက်လိုက်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သူမအနေဖြင့် ဤအခြေအနေကို မည်သို့မျှ လက်မခံနိုင်ခဲ့ပေ။"ကောင်းပြီ ရဲဘော်စုန့်၊ အခြေအနေတွေက ဒီလိုဖြစ်နေမှတော့ ငါတို့ကြားမှာ ပြောစရာ ဘာမှမရှိတော့ဘူးလို့ ထင်တယ်.. ငါ့မြေးက ရိုးသားလွန်းတဲ့သူဖြစ်သလို စိတ်ရင်းလည်း စစ်မှန်တဲ့သူပဲ..

အခုတော့ မင်းရဲ့ လုပ်ရပ်တွေကြောင့် သူ့ရဲ့စိတ်ခံစားချက်တွေ နာကျင်သွားရပြီ.. ငါ သူ့ကို အိမ်ကိုပြန်ခေါ်သွားပြီး နှစ်သိမ့်ပေးလိုက်ဦးမယ်"

ပရော်ဖက်ဆာဟောင်က ကြားထဲမှ ဝင်ရောက်ပြောဆိုပြီးနောက် လေးနက်သော မျက်နှာအမူအရာဖြင့် ဟောင်ဖင်းကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေသည်။

စုန့်စစ်ယွီမှာ ထိုနေရာတွင်ပင် မကျေမနပ်ဖြင့် ရုန်းကန်ကာကျန်ရစ်နေခဲ့ကာ ဟောင်ဖင်း၏ နာမည်ကို ဆက်လက်အော်ဟစ်နေခဲ့သည်။

ဘေးနားတွင်ရှိနေသော စုန့်ဝေ့သည်ကား လင်းရန်နှင့် ရှုကျစ်ဝမ်တို့ကို ဝါးမြိုမတတ်ဖြစ်နေသည့် ဒေါသတကြီးမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့လေသည်။

သို့သော် လင်းရန်က ကြောက်ရွံ့ခြင်းမရှိပေ။ သူမက ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်ပြီး စားဖိုမှူးကြီးရှန်းထံသို့ လျှောက်သွားကာ တက်ကြွလန်းဆန်းနေသောလေသံဖြင့်ပြောလိုက်သည်။

"အဘိုးရှန်း.. သွားရအောင်လေ"

အဘိုးရှန်းသည်ကား ဘေးနားမှနေ၍ ပြဇာတ်ကြည့်နေရသကဲ့သို့ အလွန်ပင် ပျော်ရွှင်နေခဲ့ပြီး ပြဇာတ်ပြီးသွားသည့်တိုင် မပြန်ချင်သေးဘဲ ရှိနေခဲ့သည်။

အထူးသဖြင့် လင်းရန်၏ "ငါကသာ နောက်ဆုံးအောင်နိုင်သူ" ဟူသော အမူအရာကို မြင်လိုက်ရချိန်တွင် သူ့အနေဖြင့် မရယ်ဘဲ မနေနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

"ဟားဟား .. ကောင်းပြီ ကောင်းပြီ.. ငါတို့တွေလည်း သွားကြရအောင်!"

သို့နှင့် လင်းရန်နှင့် စားဖိုမှူးရှုန်းတို့လည်း ထိုနေရာမှ ထွက်ခွာသွားခဲ့ကြသည်။

ကျန်ရှိနေခဲ့သူများမှာ စုန့်မိသားစုမှ သားအဖနှင့် ရှုကျစ်ဝမ်တို့သာ ဖြစ်ပေသည်။

အပြင်လူများ မရှိတော့သည့်အချိန်တွင် ရှုကျစ်ဝမ်သည်လည်း ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

သူက အလွန်စိတ်ပျက်နေပုံရသည့် စုန့်စစ်ယွီ၏အနားသို့ ချဉ်းကပ်ကာ သူမ၏ နာကျည်းနေသော မျက်လုံးများကို စိုက်ကြည့်ပြီး လှောင်ပြောင်လိုစွာ ပြုံးလိုက်သည်။

"စုန့်စစ်ယွီ ဒါက မင်း ငါ့ကို လှည့်စားခဲ့တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ.. ဘယ်လိုလဲ ကျေနပ်ရဲ့လား၊ ဒါပေမဲ့ စိတ်မပူနဲ့ဦး၊

နောက်ထပ် ပိုပြီး အံ့သြစရာကောင်းတဲ့ အရာတွေက မင်းတို့အတွက် စောင့်ကြိုနေသေးတယ်!"

ဒါက ဘာကို ဆိုလိုတာလဲ!

စုန့်စစ်ယွီတစ်ယောက် ရှုကျစ်ဝမ်၏ အကြည့်ကြောင့် အကြောင်းပြချက်မရှိ ထိတ်လန့်သွားရကာ ကြက်သီးမွေးညင်းများပင် ထသွားရသည်။

သူမ အားတင်း၍မေးလိုက်သည်။

"ရှုကျစ်ဝမ်... ရှင် နောက်ထပ် ဘာတွေလုပ်ချင်သေးတာလဲ!"

"စောင့်ကြည့်နေလိုက်လေ.. မင်း ဒါကို ကြိုက်လောက်ပါတယ် ဟားဟား"

ထိုသို့ပြောပြီးနောက် ရှုကျစ်ဝမ်က လေချွန်လျက် ထွက်ခွာသွားတော့သည်။

သူ၏ စကားများနှင့် ပျော်ရွှင်နေသောအမူအရာကြောင့် စုန့်စစ်ယွီ၏ နှလုံးသားထဲတွင် နောက်တစ်ကြိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လာရပြန်သည်။

"အဖေ... ရှုကျစ်ဝမ်ကို ကြည့်လိုက်ဦး၊ သူဘာတွေပြောချင်နေတာလဲ"

စုန့်စစ်ယွီက ဖခင်ဖြစ်သူကို တိုင်တန်းချင်သကဲ့သို့ တစ်ချိန်တည်းမှာပင် "မကြောက်နဲ့ မင်းရဲ့အဖေ ကာကွယ်ပေးမယ်" ဟူသည့် စကားမျိုးကို ကြားချင်နေခဲ့သည်။

သို့သော် မမျှော်လင့်စွာဖြင့် စုန့်ဝေ့၏ အေးစက်ပြီး စိတ်ပျက်နေသော အကြည့်များကို လက်ခံရရှိလိုက်လေ၏။

"စုန့်စစ်ယွီ၊ မင်း ဒီဘဝမှာ အရင်ကလိုမျိုး အောင်မြင်မှုတွေ ရလာနိုင်တော့မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်.. မင်းရဲ့ ဒီဘဝမှာ ဒီအတိုင်းပဲ ဖြစ်နေတော့မှာ

မင်းရဲ့ စိတ်က ကောင်းကင်အထိ မြင့်ချင်နေပေမဲ့ မင်းရဲ့ ကံကြမ္မာကတော့ စက္ကူပါးလေးလိုပဲ၊ ဘာတစ်ခုမှ ဖြစ်ထွန်းမှာ မဟုတ်တော့ဘူး!"

"အဖေ...?"

စုန့်စစ်ယွီတစ်ယောက် ဖခင်ဖြစ်သူ၏ ပါးစပ်မှ ဤကဲ့သို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။

သူမ စုန့်ဝေအား သူစိမ်းတစ်ယောက်ကို မြင်တွေ့နေရကဲ့သို့ ကြည့်လိုက်မိသည်။

သို့သော် စုန့်ဝေသည်ကား သူမကြောင့် ဖြစ်ပွားခဲ့သောပြဿနာများကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့ပေပြီ။

သူသည်က သမီးဖြစ်သူမှာ လူတိုင်း၏ထိပ်ဖျားတွင်ရှိပြီး အတော်ဆုံးဖြစ်မည်ဟု အမြဲတစေ ယုံကြည်ခဲ့သည်။

သူမ မည်သည့်အမှားများကို လုပ်သည်ဖြစ်စေ၊ သူ့၏စကားကို နားမထောင်ဘဲ နေခဲ့သည်ဖြစ်စေ သူမကို ယုံကြည်ခဲ့သည်။

သို့သော်လည်း ယခုတွင်တော့ အမှန်တရားက သူ့ကို နိုးထစေခဲ့ပပြီ။

ထိုအမှန်တရားသည်ကား __

သူသိထားသည့် သူ၏ သမီးဖြစ်သူ စုန့်စစ်ယွီက သေဆုံးသွားခဲ့ပေပြီ!

သူမ၏ အတိတ်ဘဝမှာ အမှန်တကယ် အဆင်ပြေချောမွေ့ကာ ထိပ်တန်းအဆင့်သို့ တိုးမြင့်နိုင်ခဲ့လျှင်ပင် ဤဘဝတွင် ပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင် သူမက လွယ်ကူသော လမ်းကြောင်းများကြောင့် သူမ၏ အသိစိတ်၊ ဉာဏ်ပညာနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တို့ကို ဆုံးရှုံးသွားခဲ့ပေပြီ။

ထို့ကြောင့် သူမအနေဖြင့် အနာဂတ်တွင် မည်သည့်အရာများ ဖြစ်လာမည်ကို ကြိုသိနေလျှင်ပင် ထိပ်ဆုံးသို့ တက်လှမ်းနိုင်စွမ်း မရှိတော့ပါချေ။

သူမကို ကျေးလက်ဒေသသို့ မလွှတ်ဘဲ မြို့တွင် ထားခဲ့မိခြင်းက သူ့၏ စိတ်ပျော့ညံ့မှုကြောင့် မှားယွင်းခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်နိုင်သည်။စုန့်ဝေ့တစ်ယောက် အကြောင်းပြချက်မရှိ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရပြီး စုန့်စစ်ယွီဘက်မှ မည်မျှ ဝမ်းနည်းနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ အိမ်သို့ပြန်သွားခဲ့တော့သည်။

သို့သော်လည်း သူ၏အိမ်တွင် နောက်ထပ် "အံ့သြစရာကိစ္စ" ကြီးတစ်ခုက သူ့ကို စောင့်ကြိုနေခဲ့သည်ကိုတော့ စုန့်ဝေ့တစ်ယောက် မသိနိုင်ခဲ့ပါချေ။

*(277)

လီရှို့လီတစ်ယောက် ဆိုဖာဘေးတွင် စိုးရိမ်တကြီး ရပ်နေခဲ့သည်။

ဆိုဖာပေါ်တွင် စိတ်ကြည်လင်နေသောအမူအရာဖြင့် ခြေထောက်ချိတ်၍ထိုင်နေသော ဒါရိုက်တာရှုကို မြင်လျှင် သူမ ပို၍ပင်စိုးရိမ်လာရသည်။

ဒါရိုက်တာရှု၏ အောင်နိုင်သူတစ်ဦး၏အသွင်ရှိနေသော အမူအရာကို ကြည့်ခြင်းအားဖြင့် စုန့်ဝေ့၏ အလုပ်တွင် ပြဿနာတစ်ခုခုတက်နေလောက်ပေပြီ။

"ဒါရိုက်တာရှု၊ ရေနည်းနည်းလောက် ထပ်သောက်ဦးမလား?"

လီရှို့လီတစ်ယောက် ဒါရိုက်တာရှု၏ ပါးစပ်မှ တစ်စုံတစ်ခုထွက်လာနိုင်မည်လားဟူသောအတွေးဖြင့် ကြိုးစား၍မေးမြန်းနေချိန်တွင် အပေါက်ဝမှ တံခါးဖွင့်သံ ထွက်ပေါ်လာခဲ့လေသည်။

ဒါရိုက်တာရှုနှင့် လီရှို့လီတို့နှစ်ယောက်လုံး တံခါးဘက်သို့ လှမ်းကြည့်လိုက်ကြလျှင် မျက်နှာအမူအရာဆိုးရွားစွာဖြင့် ဝင်လာကြသော စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့ကို တွေ့လိုက်ရသည်။

စုန့်ဝေ့က စိတ်ပူစရာမရှိသော်လည်း စုန့်စစ်ယွီ၏ မျက်လုံးများမှာတော့ ယုန်မျက်လုံးများကဲ့သို့ နီမြန်းနေပြီး ငိုထားကြောင်းကို သိသာစွာတွေ့မြင်နိုင်ပေသည်။

တစ်ချိန်တည်း၌ စုန့်စစ်ယွီမှ စုန့်ဝေကို နာကျည်းသော အကြည့်ဖြင့် ကြည့်နေခြင်းကို တွေ့မြင်လိုက်ရသောကြောင့် လီရှို့လီကို အံ့သြသွားစေခဲ့သည်။

ဒါက ဘာတွေ ဖြစ်နေတာလဲ?

ဒီသားအဖနှစ်ယောက်က စကားများလာကြတာလား။ စုန့်ဝေ့က စုန့်စစ်ယွီ ဆူလိုက်တာလား။

လီရှို့လီတစ်ယောက် အကြောင်းပြချက်ကို မသိသော်လည်း စိတ်ထဲတွင် ရုတ်တရက် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရလေ၏။

လီရှို့လီအနေဖြင့် စက်ရုံထဲတွင် စုန့်သားအဖနှစ်ယောက် အရှက်ရနေခဲ့ရသည့် အခြေအနေကို ကိုယ်တိုင် မမြင်လိုက်ရခြင်းကတော့ နှမြောစရာကောင်းပေသည်။ ထိုသည်က သူမအတွက် အလွန်ပင် စိတ်ကျေနပ်စရာကောင်းသော မြင်ကွင်းဖြစ်နေမည်မဟုတ်ပါလား။

"ဒါရိုက်တာရှု? ခင်ဗျား ဘာလို့ ဒီကိုရောက်နေတာလဲ"

စုန့်ဝေ့တစ်ယောက် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးထောင့်စွန်းမှ ဆိုဖာပေါ်တွင် တစ်စုံတစ်ယောက် ထိုင်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။

မူလက လီရှို့ယွီအား အဘယ်ကြောင့် ညစာမချက်ရသေးဘဲ ဤနေရာတွင် ထိုင်နေရဲသနည်းဟု မေးရန်ပြင်လိုက်သော်လည်း ဆိုဖာပေါ်တွင် ထိုင်နေသူက ဒါရိုက်တာရှု ဖြစ်နေကြောင်းကို မြင်လိုက်ရလျှင် ချက်ချင်းပင် သတိထားနေသည့် အခြေအနေဖြစ်သွားခဲ့လေသည်။

တစ်ဖက်မှ ဒေါသထွက်ပြီး ဝမ်းနည်းနေသော စုန့်စစ်ယွီသည်လည်း ဤစကားကို ကြားလိုက်ရလျှင် ချက်ချင်းပင် လှည့်ကြည့်လိုက်၏။

ရှုကျစ်ဝမ်၏ ခြောက်လှန့်ခြင်းကို ခံထားရသောကြောင့် ဖြစ်နိုင်ပေသည်။ စုန့်စစ်ယွီအနေဖြင့် ယခုအချိန်တွင် ဒါရိုက်တာရှုကို စကားမပြောရဲပါချေ။

ဒါရိုက်တာရှုက စုန့်ဝေ့၏ မေးခွန်းကို ကြားလျှင် လက်ထဲမှ ရေဖန်ခွက်ကို ချလိုက်ပြီးနောက် အပြုံးတစ်ခုဖြင့် ထရပ်လိုက်သည်။

" မစ္စတာစုန့်၊ နောက်ဆုံးတော့ အိမ်ကို ပြန်လာပြီပေါ့လေ"

ဒါရိုက်တာရှုက သူ့ကိုကြည့်ပြီး အလွန်ပင် တောက်ပစွာ ပြုံးနေသည်ကို မြင်လိုက်ရသောကြောင့် စုန့်ဝေ့တစ်ယောက် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို ရိပ်မိလိုက်၏။

ဤကာလအတွင်း ကလေးနှစ်ယောက်၏ ကြားမှ ဆက်ဆံရေး ပျက်ပြားသွားပြီးကတည်းက သူနှင့် ဒါရိုက်တာရှုတို့ကြားတွင် ရန်သူများကဲ့သို့ ဖြစ်နေခဲ့ကြသည်ကို နှစ်ယောက်လုံး ကောင်းစွာသိကြပေသည်။

သူတို့က အလုပ်တစ်ခုတည်းတွင်အတူလုပ်နေသည်ဟူသော မျက်နှာကြောင့်သာ တိုက်ရိုက် အဆက်အသွယ် မဖြတ်ကြခြင်းဖြစ်၏။

သို့သော် မည်သို့ပင်ဆိုစေ သူတို့က တစ်ဦး၏အိမ်သို့ တစ်ဦး သွားရောက်ကာ သတင်းကောင်း ပြောရမည့် ဆက်ဆံရေးမျိုးတော့ မဟုတ်ပါချေ။

စက်ရုံမှာ တစ်ခုခု ဖြစ်သွားတာများလား...?!

စုန့်ဝေ့၏ အလိုလိုသိစိတ်မှာ အလွန်ပင် ထက်မြက်လှသော်လည်း ကံဆိုးစွာဖြင့် နောက်ကျသွားခဲ့ပေပြီ။

"မင်းက တစ်နေ့လုံး အပြင်ထွက်နေပြီး အခုမှ ပြန်လာတာဆိုတော့ အရေးကြီးတဲ့ကိစ္စတွေကို သွားလုပ်နေတာဖြစ်ရမယ်.. ဟုတ်တယ်မလား?"

ဒါရိုက်တာရှုက စုန့်ဝေ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ကိုယ်တိုင်မြင်လိုက်ရပြီး တစ်ဖက်လူက တစ်ခုခုကို ရိပ်မိသွားပြီဖြစ်ကြောင်း ခန့်မှန်းမိလိုက်သဖြင့် လေသံက ရုတ်တရက် ပို၍လေးနက်သွားလေသည်။

စုန့်ဝေ့ ကိုယ့်ကိုယ်ကိုဖိအားပေးကာ ပြုံးလိုက်ရသည်။

"ကိစ္စလေးတွေ ရှိနေလို့ပါ၊ ဒါကြောင့် ဒီနေ့ တစ်ရက် ခွင့်ယူလိုက်ရတာ"

သူပ 'ခွင့်' ဟူသော စကားလုံးကို ဖိ၍ ပြောလိုက်လေ၏။ သူ့အနေဖြင့် ယနေ့ အလုပ်မဆင်းသော်လည်း ခွင့်တိုင်ထားကြောင်း ဒါရိုက်တာရှုကို သတိပေးလိုခြင်းဖြစ်သည်။

ထိုသို့လုပ်ခြင်းက စက်ရုံ၏ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ပေသည်။

သို့သော် ဒါရိုက်တာရှု၏ အပြုံးက လျော့ပါးမသွားသည့်အပြင် ပို၍ပင် အဓိပ္ပာယ်ပြည့်ဝသော အပြုံးတို့ဖြစ်လာခဲ့သည်။

စုန့်ဝေ့တစ်ယောက် ကြောင်အ,သွားပြီး ဘေးနားရှိ လီရှို့ယွီကို ချက်ချင်းကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။

"ငါ မင်းကို ငါ့အတွက် ခွင့်သွားတိုင်ခိုင်းထားတယ်မလား? မင်း မသွားဘူးလား?"

အကယ်၍ လီရှို့ယွီသာ သူ့အတွက် ခွင့်မတိုင်ပေးခဲ့ဘဲ ဒါရိုက်တာရှုက ထိုကိစ္စအတွက် ပြဿနာရှာရန် ရောက်လာခြင်းဖြစ်ပါက သူ လီရှို့ယွီကို လုံးဝ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

သို့သော် လီရှို့ယွီက 'ရှင် ကျွန်မကို မစွပ်စွဲပါနဲ့' ဟူသော အမူအရာဖြင့် လက်ကာပြလာခဲ့၏။"သွားခဲ့တယ်.. ရှင့်အတွက် ခွင့်တိုင်ပေးဖို့ သွားရင်းနဲ့ ဒီနေ့ အပြင်မှာ ချော်လဲခဲ့သေးတယ်!"

ထိုသို့ပြောရင်း လီရှို့ယွီက သက်သေအဖြစ် သူမ၏ 'ဒဏ်ရာရနေသော ခြေထောက်' ကို အမြန်ထုတ်ပြလိုက်လေသည်။

ထို့အပြင် ဘေးမှ ဒါရိုက်တာရှုကလည်း အချိန်ကိုက်ပင် ထောက်ခံပေးလိုက်၏။

"မစ္စတာစုန့်၊ မင်းရဲ့ဇနီးက ခွင့်တိုင်ဖို့ စက်ရုံကို တကယ်လာခဲ့တယ်၊ ဒါကို ငါကိုယ်တိုင် သက်သေခံပေးနိုင်တယ်"

လီရှို့ယွီလည်း ထိုစကားကို ကြားလျှင် ကျေးဇူးတင်သော အမူအရာဖြင့် ဒါရိုက်တာရှုကို လှမ်းကြည့်လိုက်၏။

သို့သော် စုန့်ဝေ့ကတော့ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။

လီရှို့ယွီဘက်မှ ခွင့်သွားတိုင်ပေးခဲ့သည်ဆိုပါက ဒါရိုက်တာရှုမှ အဘယ်ကြောင့် ဤနေရာသို့ကိုယ်တိုင် လာတွေ့ရပါသနည်း?

ဤအချိန်တွင် ညွှန်ကြားရေးမှူးရှုသည် စုန့်ဝေ့ကို ဆက်လက်၍ နောက်ပြောင်ချင်စိတ်မရှိတော့ချေ။

သူက စုန့်ဝေ့ကို အပြုံးတစ်ခုနှင့် ပြောလိုက်၏။

"ဒါပေမဲ့ မစ္စတာစုန့်.. မင်း ခွင့်တိုင်ထားတယ်ဆိုတာ မှန်ပေမဲ့ အဲဒီခွင့်က တကယ့်ကို ကံဆိုးတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာပဲ

ဒီနေ့ မင်းရဲ့ အလုပ်ရုံက စက်ပစ္စည်းတစ်ခု ပျက်သွားတယ်.. အတော်ဆုံး အင်ဂျင်နီယာဖြစ်တဲ့ မင်းက မရှိနေတော့ အလုပ်ရုံတစ်ခုလုံးရဲ့ လုပ်ငန်းစဉ်တွေ ရှေ့မဆက်နိုင်တော့ဘူးလေ

တိုက်တိုက်ဆိုင်ဆိုင်ပဲ စက်ရုံမှူးက ဒီအကြောင်းကို သိသွားတယ်၊ အဟမ်း.. ဒါကြောင့် မစ္စတာစုန့်.. ငါ့ကို သဘောထားမကြီးဘူးလို့တော့ မပြောပါနဲ့

အမှန်ပဲ၊ မင်း တကယ်ကို ကံဆိုးသွားတာ၊ စက်ရုံမှူးက တိုက်ရိုက်ပဲ ပြောလိုက်တယ်၊ မင်းရဲ့ အလုပ်အခြေအနေအရ အလုပ်ရုံမှာ အင်ဂျင်နီယာအဖြစ် ဆက်လုပ်ဖို့ မသင့်တော်တော့ဘူးတဲ့၊

ဒါကြောင့် စိတ်အေးအေးထားနိုင်အောင် မင်းကို ရာထူးလျှော့ချလိုက်ပြီလို့ ပြောခိုင်းလိုက်တယ်"

"ဘာ!"

စုန့်ဝေ့တစ်ယောက် ထိုစကားကို ကြားလိုက်ရချိန်တွင် ယခင်က တည်ငြိမ်နေခဲ့သော စိတ်ခံစားချက်များက လုံးဝ ပေါက်ကွဲထွက်သွားတော့၏။ သူက ဒါရိုက်တာရှုကို မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်လေသည်။

"မဖြစ်နိုင်တာ! ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါက စက်ရုံရဲ့ နံပါတ်တစ် အင်ဂျင်နီယာပဲလေ!"

သူသည်က အစွမ်းထက်ဆုံး မဟုတ်ခဲ့လျှင်ပင် သူထံ၌ "ဖခင်အရင်းထက် ပို၍ ကောင်းမွန်သော ပထွေး" ဟူသော ဂုဏ်သတင်း ရှိခဲ့ဖူးပြီး နှစ်စဉ်နှစ်တိုင်း ဤဂုဏ်သတင်းကြောင့်ပင် စက်ရုံမှ ဆုတံဆိပ်များစွာ ရရှိခဲ့ဖူးသည်။

ထို့ကြောင့် သူ့ကိုယ်သူ စက်ရုံတွင် အကျော်ကြားဆုံး အင်ဂျင်နီယာအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပေ၏။

နံပါတ်တစ်အင်ဂျင်နီယာ ဟုတ်လား?

ဒါရိုက်တာရှုတစ်ယောက် စုန့်ဝေ့၏ စကားကို ကြားလျှင် မရယ်မောဘဲ မနေနိုင်တော့ချေ။

"စုန့်ဝေ့... စုန့်ဝေ့... မင်းက ကိုယ့်ကိုယ်ကိုယ်အပြင် တခြားလူတွေကိုရော ကြည့်တတ်ရဲ့လား? လူတိုင်းက မင်းကို အင်ဂျင်နီယာစုန့်လို့ ခေါ်နေကြတော့ မင်းက တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် လူရာဝင်တယ်လို့ ထင်နေတာလား

ပြီးခဲ့တဲ့ နှစ်တွေအတွင်း မင်းမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်လည်း မရှိဘူး၊ အရည်အချင်းလည်း မရှိဘူး.. မင်းရဲ့ အဲဒီ 'ထူးချွန်ဝန်ထမ်း' ဆိုတဲ့ နာမည်လေးကိုပဲ အားကိုးပြီး ရပ်တည်နေခဲ့တာ

ဘာလဲ...မင်းက မင်းရဲ့နေရာကို အစားထိုးလို့မရဘူးလို့ ထင်နေတုန်းပဲလား?"

အထူးသဖြင့် ယခုအချိန်တွင် မြို့တော်မှ နည်းပညာအကူအညီပေးရန် လူများရောက်ရှိနေပြီဖြစ်သည်။

ပရော်ဖက်ဆာဟောင် ရောက်လာခဲ့ပြီးနောက် ပရော်ဖက်ဆာဟောင်က စက်ရုံမှ အလားအလာရှိသော အင်ဂျင်နီယာတချို့ကို ရွေးချယ်ကာ သူနှင့်အတူ သင်ယူလေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။

သူတို့က မြို့တော်မှ နာမည်ကျော် ပရော်ဖက်ဆာများ၏ သင်ကြားမှုကို ခံရမည့် ကျောင်းသားများဖြစ်လာပေလိမ့်မည်။

ဤသည်မှ စက်ရုံမှ ထိုအင်ဂျင်နီယာများကို မြို့တော်သို့ အဆင့်မြင့်ပညာ သင်ယူရန် လွှတ်လိုက်ခြင်းနှင့် တူညီပေ၏။

ထို့အတွက် နောက်ပိုင်းတွင် သူတို့က စက်ရုံ၏ အဓိကထောာ်တိုင်များ ဖြစ်လာကြမည်မှာ အသေအချာပင်။

စုန့်ဝေ့ကဲ့သို့သော လူစားမျိုးအတွက်ကတော့..

စိတ်မကောင်းပါဘူး။ နောက်ဆုတ်ပေးရမဲ့ အချိန်ကို ရောက်ရှိလာခဲ့ပြီ။

"မမှန်ကန်သော နည်းလမ်းများ" ကို အသုံးပြု၍ ဤနေရာသို့ ရောက်လာသူများက အဝေးသို့ ဆက်သွားနိုင်မည် မဟုတ်ပေ။

ဒါရိုက်တာရှုက ပြဇာတ်ကြည့်ခြင်းကို အဆုံးသတ်လိုက်ပြီး၊ သတင်းစကားကိုလည်း ပေးပြီးပြီဖြစ်သောကြောင့် စုန့်မိသားစုအိမ်တွင် ဆက်နေရန် အစီအစဉ် မရှိတော့ပေ။

"ဒါနဲ့ တစ်ခုပြောဖို့ မေ့နေတာပဲ၊ မစ္စတာစုန့် မင်းက အင်ဂျင်နီယာ မဟုတ်တော့တဲ့အတွက် ဒီ 'ခေါင်းဆောင်တွေနေတဲ့ အဆောင်' မှာ ဆက်နေလို့ ရတော့မှာ မဟုတ်ဘူး

ဒီနေ့ နေ့လယ်ပိုင်း အချိန်လေးရနေတုန်း မင်းတို့မိသားစုရဲ့ပစ္စည်းတွေကို သိမ်းဆည်းထားသင့်တယ်၊ ပြီးရင် ဝန်ထမ်းမိသားစုဝန်းထဲက ဘယ်အိမ်ကို အစားရမလဲဆိုတာ နေရာချထားရေးဌာနမှာ သွားမေးထားလိုက်တာ အကောင်းဆုံးပဲ

မဟုတ်ရင် နောက်နှစ်ရက်နေလို့ တစ်ဖက်က လူတွေရောက်လာရင် မင်းအနေနဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့ အချိန်သိပ်ရတော့မှာ မဟုတ်ဘူး"

ဝုန်း...!

စုန့်ဝေ့တစ်ယောက် သူ့ကိုပြိုလဲသွားစေမည့် သတင်းတစ်ခုကိုရရှိပြီး ချက်ချင်းပင် နောက်ထပ်တုန်လှုပ်စရာသတင်းတစ်ခုကို ထပ်မံ ရရှိခဲ့ပြန်သည်။ယခုဆိုလျှင် သူ၏ လုပ်ငန်းခွင်အဆင့်အတန်းမှာ လျော့ကျသွားခဲ့ပေပြီ။ အင်ဂျင်နီယာ မဟုတ်တော့သည့်အပြင် နှစ်ပေါင်းနှစ်ဆယ်နီးပါး နေထိုင်ခဲ့သော ဤနှစ်ထပ်တိုက်လေးကိုလည်း စွန့်လွှတ်ရန် ပြောလာခဲ့သည်။

"မဟုတ်ဘူး ဒါရိုက်တာရှု ၊ ဒါက ဘာကို ဆိုလိုတာလဲ၊ ကျွန်မတို့ မိသားစုက အနောက်ဘက်က ဝန်ထမ်းအိမ်ရာအဆောက်အအုံလေးကို ပြောင်းရမှာလား?

တခြားလူတွေလိုမျိုး လက်ဖဝါးစာလောက်ရှိတဲ့ နေရာလေးမှာ နေရမှာလား?"

လီရှို့ယွီ၏ စူးရှသောအသံက တုန်ယင်စွာထွက်ပေါ်လာခဲ့သည်။ သူမက ဒါရိုက်တာရှုကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။

ကံဆိုးစွာဖြင့် ဒါရိုက်တာရှု၏ တုံ့ပြန်မှုက သူမကို နှစ်သိမ့်စကားမဟုတ်ခဲ့ပါချေ။

"ရဲဘော်လီ၊ မင်းတို့က အခု အရာရှိတွေ မဟုတ်တော့ဘူးလေ၊ ခေါင်းဆောင်တွေနေတဲ့ နေရာမှာ ဆက်နေမယ်ဆိုရငာမကောင်းဘူးမလား"

လီရှို့ယွီတစ်ယောက် ထိုစကားကို ကြားပြီးနောက် သူမ၏ ဘဝကြီးက လုံးဝ ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။

အားလုံး ပြီးသွားပြီ...

ခေါင်းဆောင်ကတော်ဖြစ်ဖို့ကို မဆိုထားနဲ့။

အခုဆိုရင် ခေါင်းဆောင်ရဲ့ အိမ်ဖော်တောင် လုပ်ခွင့်ရတော့မှာ မဟုတ်ဘူး!

*(278)

စုန့်မိသားစုအနေဖြင့် အနောက်ဘက်ရှိ ထောင်ဇီအဆောက်အအုံသို့ ပြောင်းရွှေ့ရမည်ဆိုသည့်အကြောင်းကို တွေးတောကြည့်ရန်ပင် ခက်ခဲပေ၏။ ထိုနေရာ၌ အခန်းက အလွန်သေးငယ်လှသည့်အတွက် အဖေနှင့်သမီးအတွက် သီးသန့်နေရာခွဲဝေရန်ပင် အလွန်ခက်ခဲလာလိမ့်မည်။

ဤအကြောင်းကို တွေးမိပြီးနောက် လီရှို့ယွီ ရုတ်တရက် အလွန်ပင်စိတ်ပျက်သွားတော့သည်။

အခန်းထဲရှိလူသုံးယောက်မှာ တခြားအရာများကို တွေးတောနေရန်ပင် အချိန်မရှိတော့သည့်အတွက် ဒါရိုက်တာရှု မည်သည့်အချိန်တွင် ထွက်ခွာသွားသည်ကိုပင် မသိလိုက်ကြတော့ချေ။

ဤအချိန်တွင် သူတို့သုံးဦး၏ စိတ်ထဲ၌ အတွေးတစ်ခုသာရှိနေတော့သည်။

ပြီးသွားပြီ !

အခုတော့ လုံးဝ ပြီးဆုံးသွားပြီ!

စုန့်ဝေ့၏ ရာထူးက လျော့ကျသွားရုံသာမက သူတို့၏ လူနေမှုအဆင့်အတန်းမှာလည်း အကြီးအကျယ်ထိုးဆင်းသွားပေတော့မည်။

အရေးကြီးဆုံးမှာ နောင်ပိုင်းတွင် သူတို့က လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံရတော့မည်ပင်။

ယခင်က အလွန်ပင် ကြီးမြတ်ခမ်းနားခဲ့သော အင်ဂျင်နီယာစုန့်ဝေ့က ဤအခြေအနေသို့ ရောက်ရှိသွားရခြင်းမှာ အလွန်ပင်အရှက်ရစရာ ကောင်းပေ၏!

သူ၏ မှောင်မိုက်လှသော အနာဂတ်ကို တွေးမိလျှင် စုန့်ဝေ့တစ်ယောက် ယနေ့နံနက်ခင်းသို့ ပြန်သွားချင်စိတ် များဖြစ်လာခဲ့ရသည်။

အကယ်၍ စက်ရုံထဲတွင် ယနေ့ ဤကဲ့သို့ ဖြစ်ပျက်လာမည်ကိုသာ ကြိုသိခဲ့ပါက သူ့အနေဖြင့် မြို့တော်ခေါင်းဆောင်များကို စောင့်နေရန်အတွက် စုန့်စစ်ယွီ၏နောက်သို့ လိုက်သွားမည် မဟုတ်ပေ!

"စုန့်စစ်ယွီ!"

"စုန့်စစ်ယွီ! မင်းက တကယ်ကို အသုံးမကျတဲ့သူပဲ! မင်းကြောင့် ငါ အခုလို အခြေအနေမျိုးကို ရောက်သွားရတာ! မင်းသာ မရှိခဲ့ရင်..! မင်းသာ မရှိခဲ့ရင်..."

စုန့်ဝေ့တစ်ယောက် အံကိုတင်းတင်းကြိတ်လျက် စုန့်စစ်ယွီကို လက်ညှိုးထိုးကာ ပထမဆုံးအကြိမ်အဖြစ် သူ၏ ရုပ်ဆိုးလှသော မျက်နှာအမူအရာကို ထုတ်ပြလာခဲ့လေသည်။

သူ့အနေဖြင့် စုန့်စစ်ယွီနှင့် ဖခင်နှင့်သမီး ဆက်ဆံရေးကိုပင် ဖြတ်တောက်လိုက်ချင်နေမိသည်။

သူမသာ သူ၏ သမီးအရင်း မဟုတ်ခဲ့လျှင် မည်မျှ ကောင်းလိုက်မည်နည်း။

ဤအချိန်တွင် သူ၏ရှေ့၌ ရပ်နေသော သမီးဖြစ်သူ စုန့်စစ်ယွီမှာ သမီးတစ်ယောက်နှင့် မတူဘဲ ရန်သူတစ်ယောက်နှင့်သာ ပို၍တူနေလေသည်။

စုန့်စစ်ယွီသည်လည်း ယခုအချိန်တွင် စုန့်ဝေ့၏ အမူအရာကြောင့် အလွန်ပင် ကြောက်လန့်သွားရ၏။ သူမ အနောက်ဘက်သို့ တရွေ့ရွေ့ ဆုတ်သွားမိသည်။

သူမကို အမြဲတစေ ချစ်မြတ်နိုးခဲ့သော ဖခင်ဖြစ်သူက သူမအပေါ် ဤကဲ့သို့သော စကားလုံးများကို ပြောဆိုကာ ဤကဲ့သို့သော မျက်နှာအမူအရာမျိုးကို ပြသလာလိမ့်မည်ဟု သူမ လက်မခံနိုင်ခဲ့ပေ!

ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်လာခဲ့ရတာလဲ?

သူမရဲ့အဖေက သူမကို အရာအားလုံးထက် ပိုချစ်ခဲ့တာမဟုတ်ဘူးလား?

ယခင်ဘဝတွင် ထိုသူက သူမအတွက် အရာအားလုံးကို လုပ်ဆောင်ပေးခဲ့သည်။ သူမအတွက် အရှက်ရမှုနှင့် ဆင်းရဲဒုက္ခများကိုပင် သည်းခံခဲ့၏။

သူက သူမ၏ရှေးရေးအတွက် နှစ်ပေါင်း နှစ်ဆယ်ကျော်တိုင်အောင် သေသေချာချာ စီစဉ်ပေးခဲ့သည်။

သူ့ကို တမင်တကာဆန့်ကျင်နေခဲ့သော သူမကို လုံးဝ လက်မလျှော့ခဲ့ပါချေ။

ထို့ကြောင့်သာ သူမအနေဖြင့် နောက်ဆုံးတွင် ဖခင်ဖြစ်သူ၏ ကြိုးစားအားထုတ်မှုများကို နားလည်လာပြီး လမ်းမှန်သို့ ပြန်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့ အခုအချိန်မှာ ဘာလို့များ ဒီလိုမျိုးဖြစ်လာရတာလဲ?!

ခဏလေး!

သူမရဲ့အဖေ အဲဒီလိုလုပ်ခဲ့ရတဲ့ အကြောင်းရင်းက သူမအတွက် မဟုတ်ဘဲ သူကိုယ်တိုင်အတွက်ပဲ ဖြစ်နိုင်လောက်မလား!

စုန့်ဝေ့၏ စကားများကြောင့် နာကျင်သွားရသည့် စုန့်စစ်ယွီမှာ သူမထံသို့ မုန်းတီးမှုများဖြင့် အံကိုတင်းတင်းကြိတ်၍ကြည့်နေသော စုန့်ဝေ့ကို ကြည့်ရင်း သူမ၏ ခန့်မှန်းချက်က မှန်ကန်နိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

သေချာပေ၏။ လူတစ်ယောက်က ကိုယ်တိုင်၏အကျိုးအတွက် ဖြစ်မှသာ ဤမျှလောက်အထိ သည်းခံနိုင်စွမ်းရှိနိုင်သည် မဟုတ်ပါလား။

သူသည်က သမီးဖြစ်သူအတွက် လုပ်ဆောင်ပေးနေခြင်းမဟုတ်ပါချေ။

နောင်တစ်ချိန်တွင် ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ရန်နှင့် လူရာဝင်သူတစ်ဦး ဖြစ်လာရန်အတွက်၊ သူကိုယ်တိုင်အတွက်သာ လုပ်ဆောင်နေခြင်း ဖြစ်ပေ၏!

သူမက သူ အထက်သို့ တက်လှမ်းရန် ခြေနင်းတုံး သက်သက်သာ ဖြစ်နေခဲ့သည်။

သူမက အသုံးချခံကိရိယာတစ်ခုမျှသာ ဖြစ်ပေသည်!

စုန့်စစ်ယွီ ပို၍ တွေးမိလေလေ၊ သူမ၏ ခန့်မှန်းချက်က မှန်ကန်သည်ဟု ပို၍ခံစားရလေလေ ဖြစ်ပြီး သူမ၏ မျက်လုံးများထဲတွင် စုန့်ဝေ့ထံသို့ ဦးတည်သည့် အငြိုးအတေးများဖြင့် ပြည့်နှက်လာတော့၏။

"အောင်မြင်တာထက် ရှုံးနိမ့်တာက ပိုများနေတယ်ဆိုတော့ အခုလိုဖြစ်လာပြီပဲ.. အဖေက ကျွန်မကို ဒီလောက်တောင် အထင်သေးနေမှတော့ ကျွန်မပဲ ထွက်သွားပေးပါ့မယ် ၊ ကျွန်မ အခုကစပြီး သမီးလို့ မသတ်မှတ်နဲ့တော့!"

ထိုစကားများကိုပြောပြီးနောက် စုန့်စစ်ယွီက အပေါ်ထပ်သို့ အမြန်တက်သွားကာ သူမ၏ပစ္စည်းများကို အလျှင်အမြန် သိမ်းဆည်းလိုက်၏။

ထို့နောက် မှုန်မှိုင်းနေသည့် မျက်နှာအမူအရာဖြင့် စုန့်မိသားစုအိမ်မှ ထွက်ခွာသွားခဲ့လေသည်။

ဒေါသထွက်နေသော စုန့်ဝေ့မှာလည်း သမီးဖြစ်သူ၏လုပ်ရပ်ကို မြင်လျှင် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် မည်သည့်စကားကိုမျှ မပြောခဲ့တော့ပေ။စုန့်စစ်ယွီ အိမ်ပေါ်မှ ဆင်းသွားသည်ကို မြင်လိုက်ရချိန်တွင် သူ အနည်းငယ် စိုးရိမ်သွားသော်လည်း သူမ အိမ်ကထွက်သွားပြီးနောက်တွင် သွားစရာ နေရာမရှိကြောင်းကို တွေးမိသည့်အတွက် စိတ်မပူတော့ချေ။

သူမသည်က အရွယ်ရောက်နေပြီဖြစ်ကာ ယခင်ဘဝမှ အတွေ့အကြုံများလည်း ရှိနေသောကြောင့် သူမထံတွင် မည်သည့်အရာမှ မဖြစ်နိုင်ဟု တွေးတောလိုက်သည်။

သူတို့နှစ်ယောက်လုံး ဒေါသများ ပြေလျော့သွားပြီး အမှန်တရားများကိုဘ လက်ခံနိုင်သွားသည့်အချိန်တွင် သမီးဖြစ်သူစုန့်စစ်ယွီက သေချာပေါက် ပြန်လာပေလိမ့်မည်။

ထို့ကြောင့် နောက်ဆုံးတွင် စုန့်ဝေ့က ဆိုဖာပေါ်တွင်ထိုင်ချလိုက်မိပြီး သူ၏ နဖူးကိုသာ စိတ်ပင်ပန်းနွမ်းနယ်စွာဖြင့် ပွတ်သပ်လိုက်မိတော့သည်။

သူတို့ရဲ့ အခြေအနေတွေက ဘာလို့ ဒီလိုမျိုးတွေ ဖြစ်ကုန်ရတာလဲ?

ဘေးနားတွင်ရှိနေသော လီရှို့ယွီသည်ကား စုန့်ဝေ့မှ သူမအပေါ်သို့ ဒေါသပုံချမည်ကို စိုးရိမ်သည့်အတွက် အသံပင်မထွက်ရဲဘဲ ငြိမ်သက်နေခဲ့သည်။

သို့သော် သူမအနေဖြင့် ယခင်အချိန်များကဲ့သို့ အိမ်ပေါ်မှ အနှင်ခံရမည်ကို စိုးရိမ်စိတ် မရှိတော့ပေ။

ထိုအသုံးမကျသောမိန်းကလေး စုန့်စစ်ယွီသာ အိမ်သို့ပြန်မလာပါက စုန့်ဝေ့က သူမကို နှင်ထုတ်လိမ့်မည် မဟုတ်ပါချေ။

အကယ်၍ သူမသာ ထွက်သွားပါက မည်သူက စုန့်ဝေ့အတွက် ထမင်းချက်ပေးမည်နည်း?

ထို့ကြောင့် လီရှို့ယွီတစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေထဲ့မိသည်။

အဲဒီအသုံးမဝင်တဲ့ စုန့်စစ်ယွီ တစ်သက်လုံး ပြန်မလာပါစေနဲ့။

ဟမ့်! သူမက စိတ်ထား သိမ်ဖျင်းလွန်းလို့မဟုတ်ဘူး။ သူတို့ကိုယ်တိုင်က ဘယ်သူ့ရဲ့စကားကိုမှ နားမထောင်တာကိုး!

စုန့်ဝေ့ ရာထူးလျော့ကျသွားသည့် သတင်းက မိသားစုအိမ်ရာဝန်းတစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားလေ၏။

မပြန့်နှံ့ဘဲလည်း နေမည်မဟုတ်ပါချေ။

အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့တွင်ပင် စက်ရုံမှ လူတစ်ယောက် ရောက်လာခဲ့ပြီး သူတို့၏အိမ်ကို ပြန်သိမ်းကာ စုန့်ဝေ့ထံသို့ တခြားအိမ်တစ်လုံး၏ သော့ကို လှမ်းပေးခဲ့သောကြောင့် ဖြစ်ပေ၏။

ထိုအိမ်မှာ ယမန်နေ့က ဒါရိုက်တာရှုပြောခဲ့သကဲ့သို့ သာမန်အလုပ်သမားများနေထိုင်သည့် ထောင်ဇီအဆောက်အအုံပင် ဖြစ်လေသည်။

ထို့အပြင် တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ထားသည်လား မသိပါချေ။ စုန့်ဝေ့အား ခွဲဝေပေးလိုက်သော အခန်းမှာ နေရောင်ခြည်မရဘဲ အလင်းရောင် အလွန်နည်းသော အခန်းဖြစ်နေခဲ့၏။

အခန်းက အေးစက်ပြီး မှောင်မိုက်နေသည့်အပြင် ပြတင်းပေါက်များကပင် ကျိုးပဲ့နေသေးသည်။

ထိုအခြေအနေအတွက် အခန်းခွဲဝေပေးသည့် တာဝန်ခံလုပ်ဖော်ကိုင်ဖက်က ပုခုံးကိုတွန့်ကာ အားနာသည့်အမူအရာဖြင့် ပြောလာခဲ့သည်။

"စိတ်မကောင်းပါဘူး အင်ဂျင်နီယာစုန့်.. အိုး မဟုတ်သေးဘူး၊ ရဲဘော်စုန့်.. အိမ်တွေက အများကြီး မကျန်တော့ဘူး ၊ မင်း သိပ်ပြီး ဇီဇာကြောင်မနေပါနဲ့တော့.. ဘယ်သူကမှ မင်းအတွက် လဲပေးမှာ မဟုတ်လောက်ဘူး"

စုန့်ဝေ့သည်ကား မည်သည့်အချိန်ကမှ ဤကဲ့သို့ ဆက်ဆံခြင်းမျိုးကို ခံခဲ့ရဖူးခြင်းမရှိပါချေ။

ယခင်က တခြားလူများက သူ့ကို အမြဲတစေ ဝိုင်းဝန်းထောက်ပံ့ခဲ့ကြသော်လည်း ယခုအချိန်တွင်တော့ အခန်းခွဲဝေပေးသည့် ဌာနမှ အလုပ်သမားလေးကပင် သူ့ကို အထင်သေးစွာ ကြည့်နေနိုင်ပေပြီ !

ဒီလို အရှက်ရမှုတွေကို သူ မှတ်ထားလိုက်မယ်!

သို့နှင့် နောက်ဆုံးတွင်တော့ စုန့်ဝေ့တစ်ယောက် လီရှို့ယွီကို ခေါ်ဆောင်ကာ ထောင်ဇီအဆောက်အအုံသို့ ရွှေ့ပြောင်း နေထိုင်ခဲ့ရလေတော့သည်။

အရှက်ရမည်ကို သိသောကြောင့် သူ့အနေဖြင့် ပတ်ဝန်းကျင်ရှိ လူများနှင့် ထိတွေ့ဆက်ဆံခြင်း မပြုရဲခဲ့ပေ။

သို့သော် သူတို့က တခြားလူများနှင့် မဆက်ဆံလိုသော်လည်း တခြားလူများကတော့ သူတို့၏ တံခါးရှေ့မှ ဖြတ်သွားတိုင်း အခွင့်အရေးယူကာ လှောင်ပြောင်သွားတတ်ကြသည်။

စုန့်ဝေ့နှင့် လီရှို့ယွီတို့မှာ အချိန်တိုင်း စိတ်ပင်ပန်းဆင်းရဲ နေခဲ့ရလေသည်။

ထို့အပြင် ဘေးပတ်ဝန်းကျင်မှ မဟုတ်မမှန် စကားများကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်နေရသည့်အတွက် စုန့်ဝေ့တစ်ယောက် အိမ်ပေါ်မှ ဆင်းသွားသော စုန့်စစ်ယွီကို လိုက်ရှာရန်ပင် အချိန်မရှိတော့ချေ။

*(279)

ထိုနေ့က အတွင်းရေးမှူး၏ အိမ်ရှေ့တွင် စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့၏ ပြဇာတ်ကို ကြည့်ခဲ့ရပြီးကတည်းက လင်းရန်တစ်ယောက် ထိုဖြစ်ရပ်ကို တွေးမိတိုင်း အလွန်ပင်ပျော်ရွှင်နေမိခဲ့၏။

ဆိုရိုးစကားအတိုင်းပင် သူမ၏ ပျော်ရွှင်မှုက ရန်သူ၏ ဆင်းရဲဒုက္ခပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပေသည်။

စိတ်ကြည်လင်နေသောကြောင့် ဖြစ်နိုင်သည်။ သူမအနေဖြင့် ပညာများကိုလည်း ပိုမိုလျင်မြန်စွာ သင်ယူနိုင်ခဲ့၏။

မူလက စားဖိုမှူးရှုန်းအနေဖြင့် သူမကို ဤနေရာတွင် တစ်လ သို့မဟုတ် နှစ်လခန့် သင်ယူစေရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် အချိန်တစ်လမပြည့်မီမှာပင် သူ တတ်ထားသမျှပညာရပ်အားလုံးကို လင်းရန်အား ပေးပြီးသလောက် ဖြစ်နေကြောင်းကို တွေ့လိုက်ရ၏။

နောက်ထပ် အရေးကြီးသည်မှာ လင်းရန်အနေဖြင့် ကိုယ်တိုင်လက်တွေ့လေ့ကျင့်ရန်အတွက် အခွင့်အရေးများ ပိုမိုလိုအပ်လာခြင်းပင်။

လင်းရန်၏ ကျေးလက်ဒေသ အခြေအနေအရ ဤကဲ့သို့သော ဟင်းပွဲကြီးများကို လက်တွေ့ချက်ပြုတ်ရန် အခွင့်အရေးက အလွန်နည်းပါးမည်ကို သူ ကောင်းစွာသိထားပေသည်။

ထို့ကြောင့် စားဖိုမှူးရှုန်းက လင်းရန်ကို မြို့ထဲမှာပင် ဆက်၍ နေထိုင်ရန် အကြံပြုလိုက်၏။ မည်သို့ပင်ဆိုစေ သူသည်လည်း အခြားသူများအတွက် အချိန်မရွေး ဟင်းချက်ပေးနေရသူ ဖြစ်ရာ လင်းရန်အနေဖြင့် ထိုအခွင့်အရေးများကို အသုံးချကာ လက်တွေ့ စမ်းသပ်ချက်ပြုတ်နိုင်ပေလိမ့်မည်။

ဤအဆိုပြုချက်က လင်းရန်အတွက် အလွန်ပင် ကောင်းမွန်သော အခွင့်အရေး ဖြစ်နေခဲ့ပေ၏။

စားဖိုမှူးရှုန်းက သူမကို လက်တွဲသင်ကြားပေးရုံသာမက အရေးကြီးသော လူများနှင့် မိတ်ဆက်ပေးလာတော့မည်ဖြစ်ကာ လူမှုဆက်ဆံရေး နယ်ပယ်ကိုလည်း ချဲ့ထွင်ပေးနိုင်လိမ့်မည်။

ဤအခြေအနေကို စားဖိုမှူးရှုန်းမှ သူမကို သမီးအရင်းကဲ့သို့ပင် ဆက်ဆံနေခြင်းဖြစ်သည်ဟု ပြောလျှင်ပင် မမှားနိုင်ပါချေ!

ဤကဲ့သို့သော စေတနာမျိုးကို လင်းရန်အနေဖြင့် ငြင်းပယ်ရန် လုံးဝမဖြစ်နိုင်ပေ။

သို့သော် ထိုသို့သာ ဖြစ်လာပါက သူမအနေဖြင့် ကွန်မြူနတီစားဖိုဆောင်တွင်ရှိနေသည့် သူမ၏ အလုပ်ကို ဆက်လုပ်နိုင်တော့မည် မဟုတ်ပါချေ။

သေသေချာချာ စဉ်းစားပြီးနောက်တွင် လင်းရန်တစ်ယောက် ကွန်မြူနတီ စားဖိုဆောင်မှ အလုပ်ကို အားနာစွာဖြင့် နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်၏။

ကံကောင်းစွာဖြင့် ယခုအချိန်တွင် သူမ၏ အကြီးဆုံးအဒေါ်ဖြစ်သူက ကွန်မြူနတီ စားဖိုဆောင်ရှိ ကိစ္စရပ်များကို ကောင်းမွန်စွာကိုင်တွယ်နိုင်နေပြီဖြစ်သည့်အတွက် သူမအနေဖြင့် အလွန်အမင်း အားနာနေစရာ မလိုတော့ပေ။

ထို့ကြောင့် စားဖိုမှူးရှုန်း၏ညွန်ကြားချက်ကို သဘောတူပြီးနောက် လင်းရန်က သူမအနေဖြင့် ချွန်ဖန်းတပ်မဟာသို့ နှစ်ရက်ခန့်ပြန်သွားကာ ကွန်မြူနတီခေါင်းဆောင်များထံသို့ ကိုယ်တိုင်သွားရောက်နှုတ်ထွက်လိုကြောင်း ပြောလိုက်သည်။

အလုပ်ထွက်သည့်ကိစ္စအတွက် ကိုယ်တိုင်သွားရောက်ခြင်းက ပို၍ ရိုးသားရာ ရောက်ပေသည်။

သို့နှင့် မြို့ထဲတွင် တစ်လနီးပါး နေထိုင်ပြီးနောက် လင်းရန်တစ်ယောက် ချွန်ဖန်းတပ်မဟာသို့ ပထမဆုံးအကြိမ် ပြန်ရန် စီစဥ်ခဲ့သည်။

မထွက်ခွာမီ တစ်ရက်အလိုတွင် ချင်းယွင်ကျစ်က လင်းရန်နှင့်အတူလိုက်သွားရန် စီစဉ်လာခဲ့သည်။

သူမသည်က ဤနေရာသို့ရောက်နေသည်မှာ တစ်လကျော်ခန့်ရှိနေပေပြီ။ လင်းရန်နှင့်အတူ ရှိနေရသည်က အမှန်တကယ်ပင် ပျော်ရွှင်စရာ ကောင်းသော်လည်း ဤနေရာက သူမ၏ အိမ်အစစ်အမှန် မဟုတ်ပါချေ။

သူမအနေဖြင့် စုန့်ကျယ်ကို မုန်းတီးနေသော်လည်း တစ်ခါတစ်ရံတွင် သူနှင့် သူ၏ အသက်မရှိသောလူကဲ့သို့ အေးတိအေးစက် မျက်နှာအမူအရာကို အနည်းငယ် လွမ်းဆွတ်မိနေပြန်သည်။

ထို့ကြောင့် ချွန်ဖန်းတပ်မဟာသို့ ပြန်ချိန်တွင် လင်းမိသားစုကို ကိုယ်တိုင် နှုတ်ဆက်ပြီးသည်နှင့် လင်းရန်နှင့်အတူပြန်လာကာ ကွမ်ကျိုးသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။

သို့သော် သူတို့နှစ်ယောက် မထွက်ခွာမီတွင် မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့လေသည်။

"ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ!"

ချင်းယွင်ကျစ်တစ်ယောက် မျက်လုံးများပြူးကျယ်စွာဖြင့် တံခါးအပြင်ဘက်တွင် ရုတ်တရက် ပေါ်လာသော စုန့်ကျယ်ထံသို့ မယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏။

စုန့်ကျယ်က ယခုအချိန်တွင် စစ်ဝတ်စုံကို ချွတ်ထားပြီးဖြစ်ကာ သူ၏ အမြဲတစေအေးစက်တင်းမာသော အမူအရာမှာလည်း အတော်ပင် လျော့ပါးနေခဲ့သည်။

စုန့်ကျယ်က ချင်းယွင်ကျစ်၏ မေးခွန်းကိုပြန်ဖြေတော့မည်အချိန်တွင် ချင်းယွင်ကျစ်က ရုတ်တရက် သတိဝင်လာပြီး မေးလိုက်ပြန်၏။

"မဟုတ်သေးဘူး၊ ကျွန်မ ဒီမှာနေတာကို ရှင် ဘယ်လိုသိနေတာလဲ! စုန့်ကျယ် ရှင် ကျွန်မရဲ့နောက်ကို ခိုးပြီးလူလွှတ် စုံစမ်းခိုင်းထားတာလား !"

ချင်းယွင်ကျစ် ဒေါသထွက်တော့မည့်အချိန်တွင် စုန့်ကျယ်က အေးဆေးတည်ငြိမ်စွာဖြင့် သူ၏ သားဖြစ်သူ စုန့်ရှီးယန်ကို ရောင်းထုတ်လိုက်လေသည်။

"စုန့်ရှီးယန် ပြောပြတာ"

အနောက်ဘက်တွင် ရှိနေသော လင်းရန်တစ်ယောက် စုန့်ကျယ်၏ စကားကိုကြားလျှင် စုန့်ရှီးယန်အတွက် စိတ်ထဲမှ တိတ်တဆိတ်အမွှေးတိုင်ထွန်းပေးလိုက်မိသည်။

ဒါက တကယ့်အဖေအရင်းပဲ!

သူမ နေထိုင်သည့် နေရာကို စုန့်ရှီးယန် ပြောပြလိုက်ခြင်းဖြစ်ကြောင်းကို သိလျှင် ချင်းယွင်ကျစ်တစ်ယောက် သားဖြစ်ကို စိတ်ထဲမှ မကြိမ်းမောင်းဘဲ မနေနိုင်တော့ပေ။ဒီကောင်လေးကတော့! သူမ အားရအောင် လည်ပတ်ပြီးမှ ပြန်လာခဲ့မယ်လို့ ပြောထားတာ မဟုတ်ဘူးလား?

သူက စုန့်ကျယ်ဆီကို တိုင်ရဲသေးတယ်ပေါ့!

ကောင်းပြီ! နောက်ကို သူမသာ သူ့ကို ထပ်ပြီး ကူညီပေးမိရင် ကိုယ့်ကိုယ်ကိုယ်ဝက်ပဲလို့ သတ်မှတ်လိုက်မယ်!

ဇနီးမောင်နှံနှစ်ဦးက တံခါးဝတွင်ရပ်ကာတစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့ကြပြီးမည်သည့်စကားကိုမှလည်း မပြောနိုင်ဖြစ်နေကြောင်းကို မြင်လျှင် လင်းရန်ကသာ ဝင်ပြောလိုက်ရသည်။

"ဦးလေးစုန့် ရောက်လာပြီပဲ၊ အထဲကိုဝင်ခဲ့ပါဦး"

လင်းရန်၏ ဖိတ်ခေါ်မှုကြောင့် စုန့်ကျယ်တစ်ယောက် နောက်ဆုံးတွင် အိမ်ထဲသို့ ဝင်လာခဲ့သည်။ သူက လင်းရန်ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် ချင်းယွင်ကျစ်၏ မျက်လုံးများကို ဂရုမစိုက်တော့ဘဲ အထဲသို့ တိုက်ရိုက်ဝင်သွားလေ၏။

ဧည့်သည်က အထဲရောက်နေပြီ ဖြစ်သည့်အတွက် ချင်းယွင်ကျစ်အနေဖြင့်လည်း လင်းရန်၏အရှေ့တွင် စုန့်ကျယ်ကို မောင်းမထုတ်နိုင်တော့ချေ။

ထို့အပြင် သူမအနေဖြင့် စုန့်ကျယ်က သူမကို လာတွေ့ကြောင်တွေ့လိုက်ရချိန်တွင် စိတ်ထဲ၌အနည်းငယ် ပျော်ရွှင်သွားခဲ့မိသည်။

ဒီသစ်သားတုံးကြီးက နောက်ဆုံးတော့ အသိတရား ရသွားတာလား?

လင်းရန်လည်း ဇနီးမောင်နှံနှစ်ဦးကို အနှောင့်အယှက် မဖြစ်စေရန်အတွက် သူမက ထမင်းချက်ရန် သွားတော့မည်ဖြစ်ကြောင်း အမြန်ပြောကာ ယာယီပြုလုပ်ထားသော မီးဖိုချောင်တွင် စတင်ချက်ပြုတ်ခဲ့လေသည်။

အခန်းထဲရှိ ဇနီးမောင်နှံနှစ်ဦးက မည်သည့်စကားများကို ပြောနေကြမည်ကို သူမ မသိသကဲ့သို့ သိလည်းမသိချင်ပါချေ။

သို့သော် ထိုသို့တွေးနေသော်လည်း သူမ၏ နားများကတော့ အလိုအလျောက်ထောင်ကားလျှက်ရှိနေခဲ့သည်။

တိုက်ပွဲဖြစ်နေသည့် အသံများကို ကြားရလိုကြားရငြားဖြင့်ပင်..

ကံဆိုးစွာဖြင့် သူမကို စိတ်ပျက်စေခဲ့လေ၏။ စုန့်ကျယ်နှင့် ချင်းယွင်ကျစ်တို့မှာ အထဲသို့ဝင်သွားပြီး သိပ်မကြာမီပင် ပြန်ထွက်လာကြလေသည်။

လင်းရန်က စုန့်ကျယ်အတွက် အရသာရှိလောက်မည့် ဟင်းလျာကောင်းများကို ချက်ပြုတ်ရန်အတွက် ထုတ်ယူပြင်ဆင်နေသည်ကို မြင်လျှင် ချင်းယွင်ကျစ်က မျက်နှာအမူအရာဆိုးရွားစွာဖြင့် တားဆီးလာခဲ့သည်။

"ရန်ရန်၊ ဟင်းကောင်းတွေ အများကြီး လုပ်မနေနဲ့တော့၊ သူ ဒီမှာ စားမှာ မဟုတ်ဘူး!"

လင်းရန်: "ဒါဆို ဦးလေးစုန့်က..."

ယခုက ညနေစောင်းနေပြီဖြစ်၍ ညစာစားရန် အချိန်နီးကပ်နေပေပြီ ။ စုန့်ကျယ်က ရုတ်တရက် ရောက်လာသည့်အတွက် လင်းရန်အနေဖြင့် တစ်ဖက်လူက ညစာစားပြီးမှ ပြန်မည်ဟုထင်ထားခဲ့သည်။

ကြည့်ရသည်မှာ တစ်ဖက်လူက ချင်းယွင်ကျစ်ကို လာကြည့်ရုံသက်သက်သာ ဖြစ်ပုံရသည်။

ချင်းယွင်ကျစ်က စိတ်ဆိုးနေသည့်ပုံရသည်။ သူမက လေသံတိုးတိုးဖြင့် ပြောကာ အိမ်ထဲသို့ပြန်ဝင်သွားလေသည်။

"သူ့ဘာသာသူ ပြောပါစေ"

သူမ၏အမူအရာကို မြင်လျှင် စုန့်ကျယ်က သူမ၏ထွက်ခွာသွားသောနောက်ကျောကို အကူအညီမဲ့စွာ ကြည့်နေခဲ့ပြီးမှ လင်းရန်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာရှင်းပြလာခဲ့လေ၏။

"ငါ ဒီဘက်ကို အလုပ်ကိစ္စလေး ရှိနေလို့ ရောက်လာရင်းကနေ မင်းတို့ကို လာတွေ့တာ၊ ဒီညတော့ တံခါးတွေကို သေသေချညချာပိတ်ထားကြဦး၊ မနက်ဖြန်ကျရင် ငါ မင်းတို့နဲ့အတူ မင်းရဲ့ ဇာတိရွာကို လိုက်ခဲ့ပေးမယ်"

စုန့်ကျယ်က ပြောချင်သည့်စကားများကို ပြောပြီးနောက် လေကဲ့သို့ပင် ပြန်လည် ထွက်ခွာသွားလေသည်။

လင်းရန်တစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်နေခဲ့ပြီးနောက် ချင်းယွင်ကျစ်အနေဖြင့် စုန့်ကျယ်ကို မတွေ့ချင်ရသည့် အကြောင်းရင်းရှိနေသင့်ကြောင်းကို သဘောတူလိုက်ရတော့သည်။

သူက ဒီအထိတောင် ရောက်နေပြီလေ။ ဒါကို ဒီလောက်ထိ ရိုးသားလွန်းနေဖို့လိုလို့လား။

သူ့ရဲ့ဇနီးကို တွေ့ဖို့ သီးသန့်လာတာပါလို့ ပြောပြီးမှ ဒီဘက်မှာလည်း အလုပ်ကိစ္စလေးတွေရှိနေသေးလို့ လမ်းကြုံဖြေရှင်းရမယ်လို့ ပြောင်းပြောလိုက်ရင် မရဘူးလား?

သစ်သားတုံးကြီးဖြစ်နေတာပဲ။

တကယ့်ကို သစ်သားတုံးကြီးပဲ!

လင်းရန် နောက်တစ်ကြိမ်ထပ်မံ၍ သက်ပြင်းချမိပြန်သည်။

ကံကောင်းတာက စုန့်ရှီးယန်ကတော့ စုန့်ကျယ်လောက် ရိုးအလွန်းမနေတာပဲ။

တစ်ဖက်တွင်တော့ ထိုမျှအထိ မရိုးအသည့် ရဲဘော် စုန့်ရှီးယန်တစ်ယောက်တစ်လကြာအောင် တပ်ပြင်ပလေ့ကျင့်ရေးများကို နောက်ဆုံးတွင် အဆုံးသတ်လိုက်နိုင်ခဲ့ပြီးနောက် အထက်လူကြီးများထံမှ သုံးရက်တာ အားလပ်ရက်ကို အရှက်မရှိ တောင်းခံလိုက်လေတော့သည်။

*(280)

ချင်းယွင်ကျစ် လင်းရန်အတွက် အိမ်ဝယ်ပေးခဲ့ချိန်က လင်းရန်တစ်ယောက် အနည်းငယ် ဖိအားများနေခဲ့သည့်အတွက် စုန့်ရှီးယန်ထံသို့ စာရေးကာ အိမ်လိပ်စာအတိအကျကို ပြောပြခဲ့ဖူးသည်။

မူလက သူမအနေဖြင့် စုန့်ရှီးယန်ထံမှ နည်းလမ်းတစ်ခု စဉ်းစားပေးရန် အကူအညီတောင်းလိုခြင်း ဖြစ်ပေသည်။

သူမက ချင်းယွင်ကျစ်၏ သားတစ်ဦးအနေဖြစ်သည့် စုန့်ရှီးယန်ထံတွင် သူမ မည်သည့်အရာများကို ကြိုက်တတ်ကြောင်း မေးမြန်းကာ ကျေးဇူးတင်ကြောင်းကို ပြသချင်ခဲ့သည်။

စုန့်ရှီးယန်က ဤသို့ပြန်ပြောလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“သူ ပေးရင်လည်း လက်ခံလိုက်လေ၊ သူ ပေးတယ်ဆိုရင် ဒီအတိုင်းလက်ခံလိုက်ပေါ့၊ ဘာတွေများ လက်ဆောင်တွေ ပြန်ပေးနေမှာလဲ?”

လင်းရန် : "..."

ဤစာကို လက်ခံရရှိပြီးနောက် လင်းရန်တစ်ယောက် အလွန်ဒေါသထွက်သွားပြီး စုန့်ရှီးယန်ကို စကားပင် ပြန်မပြောခဲ့တော့ပေ။

နောက်ပိုင်းတွင်တော့ စုန့်ရှီးယန်က တောတွင်းလေ့ကျင့်ရေး သွားခဲ့ရပြီး တောနက်တွင် ရှိနေခဲ့ရသောကြောင့် လင်းရန်နှင့် ဆက်သွယ်ရန် နည်းလမ်းမရှိသည့်အတွက် သူတို့နှစ်ယောက် တစ်လခန့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရလေသည်။

သို့သော် လင်းရန်၏ နေ့စဉ်ဘဝမှာ အလုပ်များဖြင့် ပြည့်နှက်နေသည့်အတွက် စုန့်ရှီးယန်၏အကြောင်းကို တွေးတောနေရန် အချိန်မရှိခဲ့ပါချေ။

ဆန့်ကျင်ဘက်အနေဖြင့် စုန့်ရှီးယန်၏ လေ့ကျင့်ရေးက အလွန်ပင် ပင်ပန်းခက်ခဲနေခဲ့သည်။ တခြားသူများက စခန်းသို့ ပြန်ရောက်သည်နှင့် အိပ်ပျော်သွားကြသော်လည်း စုန့်ရှီးယန်သည်က အိပ်မပျော်နိုင်ခဲ့ချေ။

လေ့ကျင့်ရေးတွင် အလွန်ပင်ပန်းသော်လည်း သူ၏စိတ်က အလွန်တက်ကြွနေခဲ့ပြီး မျက်လုံးမှိတ်လိုက်သည်နှင့် လင်းရန်၏အကြောင်းကိုသာ တွေးတောနေခဲ့သည်။

သူမ ဒီအချိန်မှာ ဘာတွေ လုပ်နေမလဲ။

သူ အဲဒီလိုမျိုး စာပြန်လိုက်မိတဲ့အတွက် သူမ စိတ်ဆိုးနေလောက်မလား။

ထိုကဲ့သို့ စိုးရိမ်ပူပန်နေသော စိတ်အခြေအနေကြောင့် စုန့်ရှီးယန်က ယခုအကြိမ် တောတွင်းလေ့ကျင့်ရေးတွင် စွမ်းအင်များကို ယခင်ကထက်ပင် ပိုမိုထုတ်သုံးနိုင်ခဲ့ပြီး ပုံမှန်ထက်ပင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့လေသည်။

ခေါင်းဆောင်ဖြစ်သူက သူ၏ စွမ်းဆောင်ရည်ကို အလွန်အမင်းကျေနပ်နေသည့်အတွက် သူ ခွင့်ရက်တောင်းလိုက်ချိန်တွင် အနည်းငယ် ဆူပူကြိမ်းမောင်းလိုက်သော်လည်း နောက်ဆုံးတွင် အပြုံးတစ်ခုနှင့် ခွင့်ပြုလိုက်ရတော့သည်။

သို့သော် သုံးရက်ဆိုသည်မှာ အလွန်တိုတောင်းလွန်းပေ၏။ အကယ်၍ ရထားစီးမည်ဆိုပါက အသွားအပြန်အတွက်ပင် အချိန်လောက်မည် မဟုတ်ပေ။

ထို့ကြောင့် စုန့်ရှီးယန်တစ်ယောက် သူ၏ သူငယ်ချင်းတစ်ဦးထံမှ ကားတစ်စီး ငှားလိုက်ရပြီး တာဝန်ပြီးဆုံးသည့်ညတွင်ပင် လင်းရန်ရှိရာသို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့သည်။

စုန့်ကျယ် ထွက်ခွာသွားပြီး နာရီအနည်းငယ်အကြာတွင်ပင် စုန့်ရှီးယန်၏ ကားက လင်းရန်နှင့် ချင်းယွင်ကျစ်တို့ နေထိုင်ရာ အိမ်တံခါးဝသို့ ဆိုက်ရောက်လာခဲ့သည်။

သို့သော် ဥာဥ့်က အလွန်နက်နေခဲ့ပြီး ပတ်ဝန်းကျင်ကလည်း မှောင်မိုက်နေခဲ့ကာ အရာအားလုံးက တိတ်ဆိတ်နေသည့်အတွက် စုန့်ရှီးယန်တစ်ယောက် ဤအချိန်တွင် လင်းရန်၏ အိမ်တံခါးကိုခေါက်ရန် မစဉ်းစားခဲ့တော့ပေ။

သူတို့၏ နှစ်ခြိုက်စွာ အိပ်ပျော်နေမှုကို မနှောင့်ယှက်လိုသည်ကို ထည့်မတွက်လျှင်ပင် လင်းရန်ကို နောက်တစ်ကြိမ် ဒေါသထွက်သွားအောင်လုပ်မိပါက အခြေအနေမကောင်းနိုင်ကြောင်းကို စုန့်ရှီးယန် စိုးရိမ်မိသည်။

ထို့ကြောင့် သူ့အနေဖြင့် ကားထဲတွင်သာ ခဏမျှ အိပ်စက်ပြီး မိုးလင်းမှသာ တံခါးခေါက်ရန် ဆုံးဖြတ်လိုက်လေသည်။

သို့သော်လည်း စုန့်ရှီးယန် ခဏမျှ အိပ်စက်နေပြီးနောက် မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့ကာ ကားပြတင်းပေါက် အပြင်ဘက် တစ်နေရာသို့ အမြန်ကြည့်လိုက်မိလေသည်။

သူသည်ကား မျက်လုံးကိုမှိတ်ပြီး အနားယူနေသော်လည်း နှစ်ပေါင်းရှည်ကြာစွာ လေ့ကျင့်ထားသော အလေ့အကျင့်ကြောင့် စိမ်းသက်သော နေရာတွင် အိပ်ပျော်အောင် မအိပ်တတ်ဘဲ အမြဲတစေနိုးနိုးကြားကြား ရှိနေခဲ့သည်။

ထို့ကြောင့် လမ်းကြားထဲမှ ခြေသံများကို ကြားလိုက်ရချိန်တွင် သူ၏မျက်လုံးများက အလိုအလျောကာ ပွင့်လာခဲ့သည်။

အချိန်မှာ မနက် တစ်နာရီ၊ နှစ်နာရီခန့် ရှိနေပေပြီ။ ဤအချိန်တွင် အပြင်ဘက်တွင် လျှောက်သွားနေမည့်သူက လူကောင်းတစ်ယောက် မဟုတ်နိုင်ပါချေ။ ထို့အပြင် ခြေသံသည်လည်း ပုံမှန်နှင့်မတူနေခဲ့ပေ။

စုန့်ရှီးယန် ကားပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် လမ်းကြားအပြင်ဘက်မှ သတိကြီးစွာဖြင့် ဝင်လာသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။

စုန့်ရှီးယန်တစ်ယောက် လရောင်အောက်တွင် တစ်ဖက်လူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

မမျှော်လင့်စွာဖြင့် တစ်ဖက်လူက စုန့်စစ်ယွီ ဖြစ်နေခဲ့လေ၏။

စုန့်ရှီးယန်အနေဖြင့် ပြီးခဲ့သည့်တစ်ကြိမ်က လင်းကျန်းအန်းနှင့်အတူ မြို့ပေါ်မှ ဆေးရုံသို့ ပစ္စည်းပို့ရန် လာချိန်တွင် စုန့်စစ်ယွီနှင့် တွေ့ဆုံခဲ့ဖူးသည်။

ထိုအချိန်က လင်းရန်၏ “အစ်မ” ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ပေသည်။

စုန့်စစ်ယွီအပေါ် စုန့်ရှီးယန်၏ ထင်မြင်ချက်က မကောင်းလှပေ။

သူမက ရန်လိုတတ်ပြီး လူကြီးမိဘကို မရိုသေသကဲ့သို့ တခြားများကို မဟုတ်မမှန်စွပ်စွဲတတ်သူဖြစ်သည်။သူ၏ ရန်ရန်နှင့် နှိုင်းယှဉ်လျှင် ရန်ရန်၏ လက်ညှိုးတစ်ချောင်းစာလောက်ပင် မယှဉ်နိုင်ပေ။

ဒါပေမဲ့ ဒီလိုမျိုးညဉ့်နက်သန်းခေါင်ကြီးမှာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အိမ်မှာ ကောင်းကောင်းမနေဘဲ ဘာလို့ အပြင်ထွက်နေရတာလဲ?

သူမရဲ့ အမူအရာလည်း သူခိုးတစ်ယောက်လိုမျိုး ဖြစ်နေသေးတယ်။

စုန့်ရှီးယန်တစ်ယောက် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်ရပြီး စုန့်စစ်ယွီ၏ လှုပ်ရှားမှုများကို မျက်တောင်မခတ် စောင့်ကြည့်နေခဲ့သည်။

ကံကောင်းစွာဖြင့် စုန့်ရှီးယန်၏ ကားက ထောင့်စွန်းတွင် ရပ်ထားပြီး နံရံ၏ အရိပ်အောက်တွင် ရှိနေခဲ့သည်။ ထို့အပြင် စုန့်စစ်ယွီမှာလည်း တခြားကိစ္စများကို အာရုံရောက်နေသောကြောင့် သူ့ကို သတိမပြုမိခဲ့ပေ။

ထို့ကြောင့် စုန့်ရှီးယန်က စုန့်စစ်ယွီတစ်ယောက် သူ၏ ရှေ့မှ ဖြတ်လျှောက်သွားပြီး လင်းရန်တို့ နေထိုင်သည့် အိမ်နှင့် ဆယ်မီတာခန့် ဝေးသော အိမ်တံခါးဝသို့ လျှောက်သွားသည်ကိုတွေ့မြင်နိုင်ခဲ့သည်။

သူမက တံခါးကို နှစ်ချက်ခေါက်လိုက်ပြီး ခဏအကြာတွင် အတွင်းဘက်မှ စိတ်မရှည်သော အသံတစ်ခု ထွက်လာလေ၏။

“ဘယ်လိုကလေကချေကောင်တွေက ဒီလောက် ညဉ့်နက်ကြီးမှာ တံခါးလာခေါက်နေတာလဲ? စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလိုက်တာ!”

စုန့်ရှီးယန် ဆက်လက်၍ နားထောင်နေခဲ့သောကြောင့် စုန့်စစ်ယွီက တံခါးဝမှ လေသံတိုးတိုးဖြင့် ပြောလိုက်သံကို ကြားလိုက်ရသည်။

“အဒေါ်၊ ကျွန်မပါ ရှောင်ယွီ!”

သူမက ထိုသို့ ပြန်ပြောနေချိန်တွင်လည်း မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေခဲ့လေ၏။

သူမ ရောက်နေသည်ကို တစ်စုံတစ်ယောက် သိသွားမည်ကို ကြောက်နေပုံရသည်။

စုန့်စစ်ယွီ၏ အသံကို ကြားလျှင် အတွင်းဘက်မှလူက မှတ်မိသွားပုံရပြီး တီးတိုးရေရွတ်ကာ တံခါးကိုဖွင့်ပေးလာခဲ့လေသည်။

“နင်ကတော့ ညဘက်တိုင်းသူခိုးတစ်ယောက်လိုမျိုးပြန်လာနေတာပဲ"

လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး အိမ်ထဲမှထွက်လာလေသည်။

သူမက အဝတ်အစားများကို အာရုံမစိုက်စွာ ကောက်စွပ်ထားခဲ့ပုံရပြီး လူကလည်း အိပ်ချင်မူးတူးဖြစ်နေလေသည်။

ထို့အပြင် စုန့်စစ်ယွီကို မြင်လိုက်ရချိန်တွင် အထဲသို့ ချက်ချင်းမဝင်ခိုင်းသေးဘဲ မျက်မှောင်ကြုတ်လျက် တီးတိုးမေးလိုက်သည်။

“နင့်ကို ဘယ်သူမှ မမြင်လိုက်ဘူးမလား?”

စုန့်စစ်ယွီက ချက်ချင်း ခေါင်းရမ်းပြလိုက်သည်။

“မမြင်ပါဘူး၊ လမ်းပေါ်မှာ လူမရှိဘူးဆိုတာ သေချာမှပြန်လာခဲ့တာ”

“အဒေါ်၊ အပြင်ဘက်မှာ နည်းနည်း အေးတယ်၊ အထဲကို အရင်ဝင်ရအောင်လေ”

သတ်လတ်ပိုင်းအရွယ် အမျိုးသမီးသည်လည်း အပြင်တွင် အမှန်တကယ် အေးစက်နေသည်ကို သတိပြုမိပြီး ပတ်ဝန်းကျင်တွင်လည်း လူမရှိသောကြောင့် စုန့်စစ်ယွီ ဝင်နိုင်ရန် လမ်းဖယ်ပေးလိုက်သည်။

သို့သော် သတိပေးရန်လည်း မမေ့သေးပါချေ။

"နင် အိမ်ကိုပြန်လာတဲ့အချိန်တိုင်း ငေသေချာချာ သတိထားဦး၊ အခုတလော နင့်လိုမျိုး တရားမဝင် နေထိုင်သူတွေကို အပြင်းအထန် စစ်ဆေးနေကြတာ!

နင်က နေစရာမရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေလို့ ငါက သနားလို့သာ ဒီလောက် ဒုက္ခခံပြီး နေရာပေးထားတာ

နင် နည်းနည်းလောက်တော့ ဆင်ခြင်ပေးနိုင်မလား? ဟင်း... ငါကတော့လေ တကယ်ကို စိတ်ပျော့လွန်းတာပဲ"

ထိုစကားကို ကြားလျှင် စုန့်စစ်ယွီ၏ မျက်လုံးများတွင် ရွံရှာသော အမူအရာများ ဖြတ်ခနဲပေါ်လာခဲ့လေ၏။

ဒီအဘွားကြီးကများ သူမကိုယ်သူမ စိတ်ကောင်းရှိတယ်လို့ ပြောရဲသေးတယ်!

သူမက စိတ်ကောင်းရှိတာလား?

ငွေမက်လို့လုပ်နေတာမဟုတ်ဘူးလား!

သူမ၏အိမ်တွင် နေထိုင်ရန်အတွက် တစ်နေ့လျှင် နှစ်ယွမ် ပေးနေရသည်။

၎င်းမှာ အပြင်ဘက်မှ တည်းခိုခန်းများထက် နှစ်ဆစျေးပိုများနေခဲ့ပေသည်။

သို့သော် ဤဘက်ခေတ်ကာလတွင် အိမ်မှထွက်လာသည်နှင့် အလုပ်ဌာန သို့မဟုတ် ရပ်ကွက်မှ ထောက်ခံစာ ပါရှိရပေမည်။ သူမက အိမ်ပေါ်မှ စိတ်လိုက်မာန်ပါ ဆင်းလာခြင်းဖြစ်ပြီး စုန့်ဝေ့နှင့်လည်း မပတ်သက်ချင်တော့သည့်အတွက် ရပ်ကွက်ရုံးသို့ သွားကာ ထောက်ခံစာထုတ်ပေးရန်အတွက် မည်သို့တောင်းဆိုနိုင်မည်နည်း?

ထို့ကြောင့် ထောက်ခံစာမရှိသည့်အတွက် သူမက ဤကဲ့သို့သော “မှောင်ခိုတည်းခိုခန်း” မျိုးတွင်သာ နေထိုင်နေခဲ့ရသည်။

ကံကောင်းစွာဖြင့် နောက်ထပ်ရက်အနည်းငယ်အတွင်း သူမတွင် နေထိုင်ရန် အိမ်တစ်လုံး ရလာတော့မည်ဖြစ်သည့်အတွက် တခြားသူများကို အားကိုးနေရသည့် ဤရွံရှာဖွယ်ကောင်းသောဘဝတွင် ဆက်နေစရာလိုတော့မည် မဟုတ်ပါချေ!

နောက်ပိုင်းမှာ စုန့်ဝေ့ရဲ့ အကူအညီမပါတော့တဲ့အတွက် သွားလာလှုပ်ရှားရတာ အခက်အခဲ ရှိနိုင်ပေမဲ့ သူမ ဘယ်တော့မှ စိတ်မပျက်သလို ပြိုလဲသွားမှာလည်း မဟုတ်ဘူး!

သူမအနေနဲ့ သူ့ရဲ့အကူအညီမပါဘဲလည်း ဘဝရဲ့ ထိပ်ဆုံးကို ရောက်အောင် သွားနိုင်တယ်ဆိုတာကို သူ့ကို သက်သေပြပေးလိုက်မယ်!

...

All Chapters