ရရှိလာသော အသီးအပွင့်များ
Vol. 16 Ch. 151
"အန်တီမင်ယွဲ့... သမီးနဲ့ ယွမ်ပေါ့ကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါလားဟင်"
နွေရာသီကျောင်းပိတ်ရက်တုန်းက သူမ၏အတန်းဖော်များ တိရစ္ဆာန်ဥယျာဉ်သို့သွားကာ ပန်ဒါဝက်ဝံများကို ကြည့်ရှုခဲ့ကြသည်ကို ထိုမိန်းကလေးငယ်မှာ အမြဲအားကျနေခဲ့ရသည်။
ယခုမူ သူမ၏ရှေ့မှောက်တွင် ပန်ဒါနှင့်ချွတ်စွတ်တူသော ယွမ်ပေါ့ကို ထိတွေ့ခွင့်ရနေသဖြင့် အတိုင်းမသိ ဝမ်းသာနေရှာသည်။
မင်ယွဲ့သည် ရွာထဲတွင် မျိုးဆက်အရ အကြီးအကဲပိုင်း၌ ပါဝင်နေသဖြင့် ကလေးအချို့က သူမကို အန်တီဟု ခေါ်ဝေါ်ကြခြင်းပင်။
သူမသည် ကလေးငယ်၏ တောင်းဆိုမှုကို လိုလိုလားလားပင် ခေါင်းငြိမ့်လိုက်၍ သူမ၏ ငယ်ဘဝကို ပြန်လည်ကြိုဆိုနေသကဲ့သို့ပင် ဖြစ်သွားတော့သည်။
ငယ်စဉ်က သူမသည် ရွာပြင်သို့ တစ်ခါမျှ မရောက်ဖူးဘဲ လောကကြီး၏ ကျဉ်းမြောင်းသော ထောင့်စွန်းလေးတစ်ခုတွင်သာ ရှင်သန်ခဲ့ရသည် မဟုတ်ချေလော။
"ကဲ... တစ်ယောက်ချင်းစီ လာကြနော် ဓာတ်ပုံရိုက်ချင်တဲ့သူတွေ အစီအစဉ်အတိုင်း တန်းစီကြပါဦး"
မင်ယွဲ့က ကလေးများကို သတိပေးလိုက်ပြီးနောက် စိတ်အာရုံထဲမှတစ်ဆင့် ယွမ်ပေါ့ကို လှမ်းပြောလိုက်သည်။
[ယွမ်ပေါ့... ကလေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ နင့်အပေါ်မှာပဲ မူတည်တယ်နော်]
ယွမ်ပေါ့က စိတ်ပျက်သလို ကြည့်နေသော်လည်း စိတ်ရင်းကမူ နူးညံ့လှသည်။
ကလေးငယ်များ၏ တောက်ပသော အပြုံးများကို မြင်သောအခါ သူ လိုက်လျောရန် ဆုံးဖြတ်လိုက်၍ မင်ယွဲ့က အိမ်ထဲမှ ပြောင်းဖူးဖတ်
အချို့ကို ပစ္စည်းအဖြစ် ယူဆောင်လာခဲ့သည်။
[ရော့... ဒါကို ကိုင်ထား ညကျရင် နင့်အတွက် အရသာရှိတာတစ်ခုခု လုပ်ပေးမယ်]
[သဘောတူတယ်]
ယွမ်ပေါ့သည် ချက်ချင်းပင် ပြောင်းဖူးဖတ်ကို ကိုင်ထားသော ချစ်စဖွယ် ပန်ဒါလေးအဖြစ် ပြောင်းလဲသွားတော့သည်။
မင်ယွဲ့သည် စနစ်တကျ ပန်းချီပညာကို သင်ယူထားသူဖြစ်၍ သူမ၏ အမြင်အာရုံနှင့် ဓာတ်ပုံရိုက်ကူးမှု အနုပညာမှာ အလွန်ပင် အဆင့်မြင့်လှသည်။
"နည်းနည်းလေး ဘယ်ဘက်ကို တိုးလိုက်ပါဦး... ဟုတ်ပြီ၊ ပြုံးလိုက်နော်"
သို့သော် ကလေးငယ်များမှာ မင်ယွဲ့၏ ဖုန်းကို ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ဟန်အနေအထားများမှာ တောင့်တင်းသွားကာ အပြုံးများမှာလည်း သဘာဝမကျတော့ပေ။
"ခဏစောင့်ကြဦး"
ဟု ဆိုကာ မင်ယွဲ့သည် အိမ်ထဲသို့ဝင်၍ သူမ၏ ပရော်ဖက်ရှင်နယ် ကင်မရာပစ္စည်းများကို ယူဆောင်လာခဲ့သည်။
ကလေးများ၏ ဆန္ဒကို ဖြည့်ဆည်းပေးမည်ဆိုပါက အကောင်းဆုံးဖြစ်စေရန် သူမ ဆုံးဖြတ်
ထားတော့သည်။
"ကဲ... အားလုံးပဲ ယွမ်ပေါ့နဲ့ အတူတူ လာကစားကြ"
သူမသည် တစ်ယောက်ချင်းစီ မရိုက်တော့ဘဲ ကလေးများကို ယွမ်ပေါ့နှင့် လွတ်လပ်စွာ ကစားခိုင်းလိုက်သည်။
ကလေးငယ်များမှာ ကင်မရာကို ကြောက်ရွံ့တတ်ကြသဖြင့် အတင်းအကျပ် ရိုက်ခိုင်းလျှင် အလှအပပျောက်ဆုံးသွားတတ်သည်။
မကြာမီပင် ကလေးများမှာ မင်ယွဲ့ ရှိနေသည်ကိုပင် မေ့သွားကြကာ ယွမ်ပေါ့ထံမှ ပြောင်းဖူးကို လုယူလိုက်၊ ယွမ်ပေါ့က ဟိန်းဟောက်ပြလိုက်နှင့် အလွန်ပင် စည်ကားသွားတော့သည်။ ကလေးငယ်များ၏ ကြည်လင်သော ရယ်မောသံများက နားထဲတွင် ပဲ့တင်ထပ်နေ၏။
“ယွမ်ပေါ့... လှုပ်ရှားလိုက်တော့”
မင်ယွဲ့၏ ညွှန်ကြားချက်အရ ယွမ်ပေါ့သည် မင်
ချန်၏ ပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။
ကလေးငယ်များမှာလည်း ယွမ်ပေါ့နောက်သို့ တပြိုင်နက် လိုက်လံဆော့ကစားကြရာ မင်ယွဲ့က ထိုသဘာဝကျလှသော အခိုက်အတန့်များကို ကင်မရာဖြင့် အမိအရ ရိုက်ကူးလိုက်တော့သည်ပင်။
"ကဲ... ပြီးပြီ။ အန်တီ ဓာတ်ပုံတွေကို သေချာ ပြန်ပြင်ပြီးရင် ထုတ်ပေးမယ်နော်"
ကလေးများမှာ စူးစမ်းစွာဖြင့် ဝိုင်းအုံကြည့်ရှုကြသည်။
မင်ယွဲ့က ဓာတ်ပုံများကို ပြသလိုက်သောအခါ
"လှလိုက်တာ သမီးမှာလည်း ပန်ဒါနဲ့ရိုက်ထားတဲ့ ဓာတ်ပုံရှိသွားပြီ"
ဟု ဆိုကာ ဝမ်းသာအားရ ခုန်ပေါက်နေကြတော့သည်။
မင်ယွဲ့သည် ညတွင်းချင်းပင် ဓာတ်ပုံ (၂၀) ခန့်ကို စနစ်တကျ ပြန်လည်ပြုပြင်လိုက်ကာ မြို့ထဲရှိ ဓာတ်ပုံဆိုင်ဖွင့်ချိန်တွင် သူမသည် ထိုဓာတ်ပုံများကို အကောင်းဆုံး စက္ကူများဖြင့် ထုတ်ပြီး ဓာတ်ပုံဘောင်များပါ တစ်ပါတည်း ထည့်ပေးလိုက်
၏။
နောက်တစ်နေ့တွင် မင်ယွဲ့၏ G-Wagon ကားကြီး ရွာထဲသို့ ဆိုက်ရောက်လာသောအခါ ကလေးများမှာ အပြေးအလွှား ရောက်လာကြသည်။
"ရော့... ဒါက နင်တို့အတွက် နှစ်သစ်ကူးလက်ဆောင်ပဲ"
ဟု ဆိုကာ ဓာတ်ပုံဘောင်များကို ဝေငှပေးလိုက်သည်။
မိဘများမှာလည်း အထူးအဆန်းဖြစ်ကာ ဝိုင်းကြည့်ကြရင်း—
“ယွဲ့ယွဲ့ရယ်... နင်ကတော့ အကုန်လုပ်တတ်တာပဲမြို့ထဲက ဆိုင်တွေထက်တောင် ပိုလှသေးတယ်"
ဟု ချီးကျူးကြတော့သည်။
အချို့သော မိဘများက ပိုက်ဆံပြန်ပေးရန် ကြိုးစားကြသော်လည်း မင်ယွဲ့က—
“မလိုပါဘူးရှင့်၊ ကလေးတွေအတွက် နှစ်သစ်ကူး လက်ဆောင်အဖြစ် သဘောထားပေးပါ"
ဟု ရိုသေစွာ ငြင်းပယ်လိုက်သည်။
သို့သော် လူတိုင်းက ထိုသို့ မဟုတ်ပေ။
အမျိုးသမီးကြီးတစ်ဦးက—
“မင်ယွဲ့... ငါတို့ မိသားစုဓာတ်ပုံလည်း ရိုက်ပေးပါဦး မြို့ကလူတွေကို ငှားရိုက်ရင် ပိုက်ဆံကုန်လို့"
ဟု ဆိုလာသည်။
မင်ယွဲ့က ငြင်းလိုက်သောအခါ ထိုအမျိုးသမီးမှာ မျက်နှာပျက်သွားကာ
“ဘာလို့ ဒီလောက် စေးနှဲနေရတာလဲ ကင်မရာရှိရင် ရိုက်ပေးလိုက်ရုံပဲလေ မရိုက်ပေးချင်ရင်
လည်း နင့်ကင်မရာ ခဏငှား၊ ငါတို့ဘာသာ ရိုက်
မယ်"
ဟု အရှက်မရှိ ပြောဆိုလာတော့သည်။
"ကျွန်မကင်မရာက ယွမ် ၂၀,၀၀၀ တန်ပါတယ် ရှင့်ကို ငှားလို့ ပျက်သွားရင် ရှင်လျော်နိုင်မလား”
ဟု မင်ယွဲ့က ခပ်အေးအေးပင် ပြန်ပြောလိုက်ရာ ထိုအမျိုးသမီးမှာ ဒေါသတကြီးနှင့်
"ပိုက်ဆံရှိလာတော့ မောက်မာလှချည်လား"
ဟု ကွယ်ရာတွင် အတင်းပြောဆိုကျန်ရစ်ခဲ့သည်။
ထိုစဉ် စိတ်ကူးမယဉ်ထားသော အသံတစ်ခု ထွက်ပေါ်လာသည်။
[ယွဲ့ယွဲ့... နင့်ရဲ့ ဂုဏ်သတင်းရမှတ် ၅ မှတ် တိုးလာတယ်]
မင်ယွဲ့ အံ့သြသွားရသည်။
သူမသည် အွန်လိုင်းပေါ်တွင် လှုပ်ရှားမှုမရှိဘဲ မည်သို့ ရမှတ်တက်လာသနည်းဟု မေးလိုက်ရာ—
[ကလေးတွေဆီက ရတာလေ]
ဟု ယွမ်ပေါ့က ပြန်ဖြေသည်။
ဖြူစင်လှသော ကလေးငယ်များ၏ စိတ်ထဲတွင် မင်ယွဲ့သည် ပန်ဒါခွေးလေးနှင့်အတူ ဓာတ်ပုံလှလှလေးများ ရိုက်ပေးကာ လက်ဆောင်ပေးတတ်သော အံ့သြဖွယ်ရာ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် နေရာယူသွားခဲ့ပြီဖြစ်သည်။
ထိုကလေးငယ်များ၏ ကြည်ညိုလေးစားမှုများက မင်ယွဲ့အတွက် မမျှော်လင့်ထားသော ဆုလာဘ်တစ်ခု ဖြစ်လာခဲ့ပါတော့သည်။