ပရဟိတဖောင်ဒေးရှင်း
Vol. 16 Ch. 153
အသက်အငယ်ဆုံးဖြစ်သော ကျိုးယွမ်က ဤအခွင့်အရေးကို လက်လွတ်မခံသင့်ကြောင်း နားလည်လိုက်သည်။
အနာဂတ်တွင် အလားအလာအကောင်းဆုံးဖြစ်မည့် ပုဂ္ဂလိကမူကြိုကျောင်း၊ မြင့်မားသော လစာနှင့် ခံစားခွင့်များမှာ သူမအတွက် မက်မောစရာပင်။
"ကျွန်မက ကလေးသူငယ်ပညာရေးနဲ့ ဘွဲ့ရထားတာမို့ အလုပ်နဲ့ တိုက်ရိုက်သက်ဆိုင်သူလို့ ပြောလို့ရပါတယ် ကျောင်းဆင်းခါစမို့ အတွေ့အကြုံ အနည်းဆုံးဖြစ်နေနိုင်ပေမဲ့...”
ကျိုးယွမ်က ခေတ္တမျှ ရပ်လိုက်ပြီးနောက် ယုံကြည်ချက်ရှိရှိ ဆက်ပြောသည်။
"တက္ကသိုလ် (၄) နှစ်တာကာလအတွင်းမှာ အခြေခံပညာရေးသီအိုရီတွေ၊ ဆရာကျင့်ဝတ်တွေနဲ့ သင်ကြားမှုစွမ်းရည်တွေကို စနစ်တကျ လေ့လာခဲ့ပါတယ် တခြားကျောင်းတွေမှာ အလုပ်မလုပ်ဖူးသေးတာကပဲ ကျွန်မအတွက် အားသာချက်ပါ၊ မမတို့ကျောင်းရဲ့ သင်ကြားမှုပုံစံသစ်ကို တခြားသူတွေထက် ပိုမြန်မြန် အသားကျနိုင်ပါလိမ့်မယ် ကျွန်မမှာ ငယ်ရွယ်တဲ့ စိတ်အားထက်သန်မှုတွေ ရှိနေပါတယ်၊ အဲဒီစိတ်ဓာတ်က ကလေးတွေကို ပိုပြီး တက်ကြွလာစေမှာပါ"
ကျန်းမင်းက ထိုစကားကို သဘောကျစွာ ခေါင်းညိမ့်မိသည်။
အတွေ့အကြုံရင့်ကျက်မှုနှင့် စိတ်အားထက်သန်မှု အားလုံးက ခိုင်လုံနေသဖြင့် ဆုံးဖြတ်ရခက်နေကာ မင်ယွဲ့ကိုသာ အားကိုးတကြီး ကြည့်လိုက်မိသည်။ မင်ယွဲ့ကမူ နူးညံ့စွာ ပြုံးနေရုံမှအပ ဘာမျှမဆိုသေးပေ။
ထို့နောက် ကာယပညာအထူးပြုဖြင့် ဘွဲ့ရထားသော ဝူချန်ကလည်း—
“ကလေးတွေရဲ့ ကျား၊ မ ခွဲခြားသိမြင်တတ်တဲ့ အရွယ်မှာ အမျိုးသားဆရာတစ်ယောက် ရှိနေတာက သူတို့ရဲ့ စရိုက်လက္ခဏာ ဖွံ့ဖြိုးမှုအတွက် အားသာချက်တစ်ခုပါ"
ဟု ဆိုကာ သူ၏ ကာယကျန်းမာရေးနှင့် လှုပ်ရှားမှု သင်ကြားနိုင်စွမ်းကို တင်ပြလာသည်။
မင်ယွဲ့သည် လူတွေ့စစ်ဆေးမှုတစ်လျှောက်လုံးတွင် လျှောက်ထားသူများ၏ စိတ်နေသဘောထားကို စူးစမ်းနေခဲ့သည်။
အချို့မှာ အိမ်ထောင်ရေးအကြောင်းပြချက်ဖြင့် ဤမြို့တွင် ကြာရှည်နေမည့်သူများ မဟုတ်သည်ကို သူမ ရိပ်မိသည်။ သူမသည် အမျိုးသမီးများအတွက် အလုပ်အကိုင် ဖန်တီးပေးလိုသော်လည်း အရည်အသွေးကိုမူ လျှော့တွက်မည် မဟုတ်ပေ။
"ရှင်တို့အားလုံး ဒီတာဝန်ကို ထမ်းဆောင်နိုင်
မယ်လို့ ယုံကြည်ရဲ့လား”
မင်ယွဲ့၏ မေးခွန်းအဆုံးတွင် အားလုံးက
"ယုံကြည်ပါတယ်"
ဟု တညီတညွတ်တည်း ဖြေကြားကြသည်။
သူမသည် လာရောက်သူများကို ကောင်းမွန်သော စားသောက်ပွဲတစ်ခုဖြင့် ဧည့်ခံပြီးနောက် ကျိုးဟုန်ကို 'ဒုတိယကျောင်းအုပ်' အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လိုက်သည်။
ကျိုးဟုန်သည် အိမ်နှင့်နီးသလို မိသားစုအခြေအနေ တည်ငြိမ်သူဖြစ်ရာ ရေရှည်အတွက် အားကိုးထိုက်သူဖြစ်သည်။
ဝူချန်ကိုလည်း ကလေးငယ်များ၏ ကာယလေ့ကျင့်ခန်းများအတွက် ခန့်အပ်ခဲ့သည်။
မင်ယွဲ့သည် အန်ရှင်းမူကြိုကျောင်းအတွက် ယွမ်ပေါ့ စုစည်းပေးထားသော အဆင့်မြင့် သင်ကြားမှုပုံစံများကို အသုံးပြုကာ ကျန်းမင်းနှင့် အသစ်ခန့်ထားသော ဆရာ၊ ဆရာမများကို တစ်
ပတ်ကြာ အပြင်းအထန် လေ့ကျင့်ပေးခဲ့သည်။
ကျောင်းနံရံများတွင်လည်း နာမည်ကျော် ကာတွန်းရုပ်ပုံလွှာများဖြင့် ကလေးများအတွက် နိဗ္ဗာန်ဘုံလေးတစ်ခုအလား ဖန်တီးထားသည်။ ထို့ပြင် အတန်းတိုင်းအတွက် သစ်ပင်ပန်းမန် စိုက်ပျိုးနိုင်မည့် မြေကွက်ငယ်လေးများပါ စီစဉ်ပေးခဲ့၏။
သင်တန်းများပြီးဆုံး၍ လုပ်ငန်းများ စနစ်တကျ လည်ပတ်နိုင်ပြီဖြစ်ရာ မင်ယွဲ့သည် ကျန်းမင်းနှင့် ကျိုးဟုန်တို့ကို တာဝန်လွှဲအပ်ခဲ့ပြီး ယန်ကျင်းသို့ ပြန်လာခဲ့သည်။
ယန်ကျင်းသို့ ရောက်သည်နှင့် ရွှီခယ်ထံမှဖုန်းဝင်လာ သောကြောင့် သူမ ဖုန်းကိုင်လိုက်၏။
"သူဌေး... 'မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်း' ကို အောင်အောင်မြင်မြင် တည်ထောင်ပြီးပါပြီ။
ရှေ့နေတွေ၊ စာရင်းကိုင်တွေနဲ့ ဝန်ထမ်းတွေ အားလုံး အဆင်သင့်ပါပဲ"
မင်ယွဲ့က ပြုံးလျက်—
“ ရှင်ကတော့ တကယ်ကို အလုပ်ကြိုးစားတာပဲနှစ်သစ်ကူးပြီးတာနဲ့ ချက်ချင်းကို စတင်နေပြီလား”
ဟု မေးလိုက်သည်။
"ဒါက သူဌေးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းပိုးပေးတာပါ"
ဟု ရွှီခယ်က နောက်ပြောင်ကာ ပြန်ဖြေသည်။
"ကောင်းပြီလေ... ကျွန်မ အခုပဲ ယွမ် သန်း ၂၀၀ ထည့်ဝင်ပေးမယ် အကူအညီ လိုအပ်နေတဲ့သူတွေဆီကို ဒီငွေတွေ တကယ်ရောက်ရှိဖို့နဲ့ တစ်ပြားတစ်ချပ်မှ အလေအလွင့်မရှိစေဖို့ သေချာ ဂရုစိုက်ပေးပါ"
မင်ယွဲ့သည် သန်း ၂၀၀ ကို ချပြရန် ဝန်မလေးပေ။
ယွမ်ပေါ့၏ စွမ်းဆောင်ရည်နှင့် သူမ၏ ဟက်ကာအရည်အချင်းများအရ မည်သူမျှ ဤငွေများကို လိမ်လည်ထွက်ပြေးနိုင်မည် မဟုတ်သည်ကို သူမ၏မိမိကိုယ်ကို ယုံကြည်မှုကအပြည့်ပင်ဖြစ်၏။
နှစ်သစ်ကူးအပြီး ကုမ္ပဏီပြန်ဖွင့်သောနေ့တွင် ဝန်ထမ်းအားလုံးကို ယွမ် ၂၀၀ စီ ပေးခဲ့သည်။
ထို့ပြင် သူမသည် စူပါမားကက်မှ ချယ်ရီသီးနှင့် စတော်ဘယ်ရီသီးသေတ္တာ ရာပေါင်းများစွာကို မှာယူကာ ကုမ္ပဏီတည်ရှိရာ ဟိုက်ဖု အဆောက်အအုံသို့ ပို့ဆောင်ခိုင်းလိုက်သည်။
"မမမင်... ဘာတွေများ ကူညီပေးရမလဲ”
အဆောက်အအုံ မန်နေဂျာ ချန်က အပြေးအလွှား ရောက်လာကာ မေးမြန်းသည်။
"ဒီပစ္စည်းတွေကို အပေါ်ထပ် သယ်ပေးဖို့ လူအချို့ ကူညီပေးပါဦး"
လုံခြုံရေးဝန်ထမ်းများ၏ အကူအညီဖြင့် ထိုသစ်သီးသေတ္တာများမှာ အပေါ်ထပ်သို့ ခဏချင်းအတွင်း ရောက်ရှိသွားတော့သည်။
လမ်းသွားလမ်းလာများမှာလည်း ထိုခမ်းနားလှသော မြင်ကွင်းကို အံ့သြတကြီး ငေးမောနေကြပါတော့သည်။