← Chapters

ဖျော်ဖြေရေးအစီအစဉ်

Vol. 16 Ch. 155

ဖျော်ဖြေရေးအစီအစဉ်

Vol. 16 Ch. 155

ယွမ်ပေါ့သည် ဖျော်ဖြေရေးအစီအစဉ်တစ်ခုတွင် ပါဝင်ရတော့မည်ဟူသော သတင်းကို ကြားသိရသောအခါ အတိုင်းမသိ ဝမ်းမြောက်သွားပြီး မည်သို့ပင်ဖြစ်စေ လိုက်ပါမည်ဟု ဇွတ်အတင်း ပူဆာတော့သည်။

မင်ယွဲ့ ပေးထားသော ဂုဏ်သတင်းရမှတ် ၅ မှတ်ထဲမှ ၁ မှတ်ကို အသုံးပြုကာ စနစ်၏ အရောင်းဆိုင်တွင် မုန့်အမြောက်အမြား ဝယ်ယူလိုက်ရုံသာမက ယခုအခါတွင်လည်း လူအများကြား ကြွကြွရွရွရှိစေရန်အတွက် အဝတ်အစားများကိုပါ ဖောဖောသီသီ ဝယ်ယူနေတော့သည်။

မင်ယွဲ့မှာမူ သူမ၏ အချစ်တော်လေးကို ကြည့်ကာ ခေါင်းခါလျက်သာ အသာအယာ ပွတ်

သပ်ပေးမိသည်။

ဝူလျန်က ၎င်းကျေးလက်ရွာလေးမှာ အလွန်ပင် ဆင်းရဲနွမ်းပါးကြောင်း ပြောပြသဖြင့် သူမအနေဖြင့် အလည်အပတ် သဘောမျိုးသာ သွားရောက်လိုခြင်းဖြစ်ပြီး အစီအစဉ်တွင် ပါဝင်ဆင်နွှဲရန် ရည်ရွယ်ချက်မရှိပေ။

သို့သော် ယွမ်ပေါ့ကမူ ဂရုမစိုက်ဘဲ အင်္ကျီများကို တစ်ထည်ပြီးတစ်ထည် လဲလှယ်ဝတ်ဆင်ကာ စမ်းသပ်နေလေသည်။

“အစိမ်းရောင် ခါးပတ်အင်္ကျီလေး ဝတ်ဆင်ထားတဲ့ ပန်ဒါပေါက်လေးတစ်ကောင်ကို မြင်ဖူးပါသလား “

ယွမ်ပေါ့ကတော့ ထိုသို့သော ထူးခြားသည့် ပုံစံမျိုးပင် ဖြစ်သည်။

မင်ယွဲ့သည် ခရီးစဉ်ကို ပိုမိုသက်သောောင့်သက်သာရှိစေရန် ကိုယ်တိုင်ကားမောင်းသွားရန် စဉ်းစားခဲ့သော်လည်း ရိုက်ကူးရေးတည်နေရာမှာ ယန်ကျင်းတွင် မဟုတ်ဘဲ ကားဖြင့်သွားလာရန် အလွန်ခက်ခဲသော ဝေးလံခေါင်သီသည့် အရပ်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ထိုစိတ်ကူးကို လက်လျှော့ကာ ရိုက်ကူးရေးအဖွဲ့နှင့်အတူ လေယာဉ်ဖြင့်သာ လိုက်ပါခဲ့တော့သည်။

လီယွမ်ရွာသို့ ရောက်ရှိရန် ခြောက်နာရီကြာအောင် ထပ်မံမောင်းနှင်ခဲ့ရသည့် ခရီးစဉ်မှာ အလွန်ပင် ပင်ပန်းလှသည်ပင်။

ရိုက်ကူးရေးတွင် ပါဝင်ကြမည့် အနုပညာရှင် ၅ ဦးမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြသည်။ သူတို့သည် ရွာထိပ်တွင် ကားပေါ်မှဆင်းကာ ရွှံ့ဗွက်တောလမ်းများကို ဖြတ်ကျော်၍ လမ်းလျှောက်ခဲ့ကြရသည်။

"ဒီခေတ်ကြီးထဲမှာ ဒီလို ရွှံ့ဗွက်လမ်းတွေ ရှိနေသေးတာလား တကယ် စိတ်ပျက်ဖို့ကောင်းလိုက်တာ"

အမျိုးသမီး အနုပညာရှင်လေးမှာ သူမ၏ စကတ်စကို မကာ အမြင့်ဖိနပ်ဖြင့် ရွှံ့လမ်းပေါ်

တွင် ခက်ခဲစွာ လျှောက်လှမ်းနေရ၏။

အခြားသူများမှာလည်း ရွှံ့များပေကျံနေသော ဖိနပ်များနှင့်အတူ ခရီးဆောင်အိတ်များကိုယ်စီ ဆွဲလျက် ပင်ပန်းနွမ်းနယ်နေကြသော်လည်း မင်ယွဲ့ကမူ ထိုမြင်ကွင်းကို ဘေးမှနေ၍ အေးဆေးစွာ စောင့်ကြည့်နေခဲ့သည်။

ရိုက်ကူးရေးအဖွဲ့ ခေါင်းဆောင် ဝူလျန်က—

"ကျွန်တော်တို့ အခုရောက်နေတာ လီယွမ်ရွာပါတောင်တန်းတွေကြားထဲက အဆင်းရဲဆုံး ရွာတစ်ရွာပေါ့ ဒီတစ်ပတ်တာအတွင်းမှာ ဒီကလူတွေရဲ့ ကြိုးစားရုန်းကန်မှုကို ရှုမြင်နိုင်ဖို့ မျှော်လင့်ပါတယ်"

ဟု ဆိုကာ အစီအစဉ်ကို စတင်လိုက်သည်။

မင်ယွဲ့သည် ယွမ်ပေါ့ကို ပွေ့ချီကာ ရွာအတွင်းသို့ လှည့်လည်ကြည့်ရှုရန် ထွက်လာခဲ့သည်။ သူမ၏ မွေးရပ်မြေဖြစ်သော လီအောက်ရွာမှာ ဆင်းရဲသည်ဟု ထင်ခဲ့ဖူးသော်လည်း ယခု လီယွမ်ရွာကို မြင်ရသောအခါမှသာ အစစ်အမှန် ဆင်းရဲနွမ်းပါးမှုမှာ မည်သို့ရှိသည်ကို နားလည်သွားတော့သည်။

ရွာသားများမှာ အာဟာရချို့တဲ့နေပုံရပြီး ကလေးငယ်များမှာလည်း ညှိုးနွမ်းကာ ပိန်လှီနေကြသည်။ လမ်းများမှာလည်း သွားလာရန် ခက်ခဲလှသဖြင့် တောင်တန်းကြီးများက သူတို့၏ မျှော်လင့်ချက်များကို ပိတ်ဆို့ထားသကဲ့သို့ ခံစားလိုက်ရ၏။

မင်ယွဲ့သည် လမ်းဘေးတွင် ရပ်ကြည့်နေသော အသားညိုညို ပိန်ပိန်ပါးပါး မိန်းကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုကလေးမလေးမှာ ယွမ်ပေါ့၏ လက်ထဲရှိ အမဲသားခြောက်ကို တပ်မက်စွာ စိုက်ကြည့်နေရှာသည်။

"သမီး နာမည် ဘယ်သူလဲ”

မင်ယွဲ့က အသာအယာ ငုံ့၍ မေးလိုက်သည်။

"သမီး နာမည်က ရှင်းအာပါ"

ဟု ကလေးမလေးက ကြောက်လန့်တကြား ဖြေသည်။

မင်ယွဲ့သည် သူမ၏ အာကာသသိုလှောင်ရုံထဲမှ အမဲသားခြောက် အတုံးကြီးတစ်တုံးနှင့် နွားနို့သကြားလုံး လက်တစ်ဆုပ်စာကို ထုတ်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် မမ”

ရှင်းအာသည် အမဲသားခြောက်ကို ပါးစပ်ထဲသို့ အငမ်းမရ ထည့်လိုက်ကာ စားသုံးလိုက်၏။

မာကျောသော အသားခြောက်ကို ဝါးနေရသော်လည်း သူမ၏ မျက်နှာထက်တွင်မူ အတိုင်းမသိ ပျော်ရွှင်ကျေနပ်မှုများ ယှက်သန်းနေတော့သည်။

ရှင်းအာသည် အိမ်သို့ အပြေးအလွှား ပြန်လာကာ သူမရရှိခဲ့သော လက်ဆောင်များကို မိဘများအား ပြသလိုက်သည်။

"မေမေ... နတ်သမီးလေးလို လှတဲ့ မမတစ်ယောက်က သမီးကို အမဲသားခြောက် ပေးလိုက်တယ်"

သူမ၏ မိခင်မှာ အံ့သြသွားရသည်။

ဤရွာတွင် နွားမှာ စိုက်ပျိုးရေးအတွက် ရတနာကဲ့သို့ အဖိုးတန်သဖြင့် မည်သူမျှ အမဲသားကို အလွယ်တကူ မစားနိုင်ကြပေ။

"မေမေ... သကြားလုံး စားကြည့်ပါဦး"

ရှင်းအာက သကြားလုံးကို ခွာ၍ သူမမိခင်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ချိုမြိန်သော အရသာက လျှာဖျားမှတစ်ဆင့် နှလုံးသားအထိ ပျံ့နှံ့သွားတော့သည်။

"ရှင်းအာလေး... တကယ်ကို စိတ်ထားကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ နောက်တစ်ခါ ဆုံရင် ကျေးဇူးတင်စကား ထပ်ပြောရမယ်နော်"

မင်ယွဲ့ ပေးလိုက်သော သကြားလုံး ၆ လုံးကို ရှင်းအာက မိဘများအား ဝေမျှပေးခဲ့သည်။

ဖခင်ဖြစ်သူမှာမူ သကြားလုံးကို ချက်ချင်းမစားဘဲ သမီးဖြစ်သူအတွက် ပြန်ပေးရန် ရည်ရွယ်ကာ အိတ်ထဲသို့ သိမ်းဆည်းထားလိုက်ပါတော့သည်။

မင်ယွဲ့၏ သေးငယ်သော စေတနာလေးတစ်ခုမှာ ဤနွမ်းပါးလှသော မိသားစုလေးအတွက်မူ ကမ္ဘာပေါ်တွင် အချိုမြိန်ဆုံးသော နှစ်သိမ့်မှုတစ်ခု ဖြစ်နေပါတော့သည်။

All Chapters