အဓိကရင်းနှီးမြှုပ်နှံသူ
Vol. 16 Ch. 157
ရိုက်ကူးရေးကာလအတွင်း အနုပညာရှင်များ၏ ဖုန်းများကို သိမ်းဆည်းထားသဖြင့် သူတို့သည် ပရိသတ်များ၏ မှတ်ချက်များကို မမြင်တွေ့နိုင်ကြပေ။
ပရိသတ်များ၏ စူးစမ်းလိုစိတ်မှာ တားမရဆီးမရ ဖြစ်နေသကဲ့သို့ ဒါရိုက်တာ ဝူလျန်မှာလည်း မင်ယွဲ့ကို တစ်စုံတစ်ယောက်က စော်ကားမိမည်ကို စိုးရိမ်သဖြင့် တရားဝင် ရှင်းပြလိုက်ရတော့သည်။
"မမင်က ကျွန်တော်တို့ ရိုက်ကူးရေးအဖွဲ့ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူပါ သူက ဒီအစီအစဉ်မှာ ပါဝင်ရိုက်ကူးမှာ မဟုတ်ပါဘူး"
ဤစကားက ပရိသတ်များကိုသာမက ရိုက်ကွင်းမှ အနုပညာရှင်များကိုပါ အံ့အားသင့်သွားစေသည်။
ရင်းနှီးမြှုပ်နှံသူဖြစ်ရုံမျှမက အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေခြင်းမှာ သာမန်ကိစ္စမဟုတ်ပေ။
သူတို့သည် ချမ်းသာသော အသိုင်းအဝိုင်းအတွင်း 'မင်' ဟူသော မျိုးရိုးအမည်ဖြင့် မည်သူရှိသနည်းဟု အသည်းအသန် စဉ်းစားကြသော်လည်း မင်ယွဲ့နှင့် ကိုက်ညီသော သူဌေးမျိုးရိုးကို ရှာမတွေ့ကြပေ။
လျိုယဲ့မှာမူ အားကိုးရာမဲ့သွားသကဲ့သို့ ခံစားရသည်။ ကျိုးစီစီကဲ့သို့သော ဟန်ဆောင်မှုများသူနှင့် တစ်ဖွဲ့တည်း ဆက်လက်ရှိနေရမည့် ဒုက္ခကို သူမ တွေးကြောက်နေမိသည်။ သူမသည် ကင်မရာရှေ့တွင် သူမ၏ မကျေနပ်ချက်များ ပေါ်လွင်မည်စိုးသဖြင့် ခေါင်းငုံ့ကာ အသာအယာသာ နေလိုက်တော့သည်။
Live Stream မှ မှတ်ချက်များမှာမူ ပို၍ပင် သောင်းကျန်းလာသည်။
"နတ်ဘုရားမရယ်... ကျွန်တော်ကတော့ မမရဲ့အလှရှေ့မှာ ဒူးထောက်မိပါပြီ”
"ဒီလောက်လှပြီး ဒီလောက်ချမ်းသာတာ... တကယ်ပဲ နတ်သမီး ပြန်ဝင်စားတာလား”
"လှလည်းလှ၊ ချမ်းသာလည်းချမ်းသာ၊ အခုတော့ ပညာလည်း တတ်သေးတယ်တဲ့လား ယန်ကျင်းတက္ကသိုလ်က ဘွဲ့လွန်ကျောင်းသူဆိုတော့ ငါတို့ ဘယ်လိုရှင်သန်ရတော့မလဲ”
မင်ယွဲ့သည် သူမ၏ မျက်နှာလေးတစ်ချက် ပြလိုက်ရုံမျှဖြင့် လူအများ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ရုံမျှမက ဂုဏ်သတင်းရမှတ်များလည်း တရိပ်ရိပ် တက်လာနေတော့သည်။
ညနေခင်းတွင် အဖွဲ့ဝင်များမှာ တာဝန်များပြီးဆုံး၍ ရိုက်ကွင်းသို့ ပြန်ရောက်လာကြသည်။ သူတို့အားလုံးမှာ ဖရိုဖရဲနှင့် ပင်ပန်းနွမ်းနယ်နေကြပုံရသည်။ လျိုယဲ့သည် ရေပိုက်ခေါင်းအောက်တွင် သူမ၏ လက်များကို ဆေးကြောရင်း လက်ဖဝါးမှ ပေါက်ထွက်သွားသော အရည်ကြည်ဖုများကြောင့် မျက်ရည်ဝဲနေရှာသည်။
သူမသည် သာမန်မိသားစုမှ လာသူဖြစ်သော်လည်း မိဘများ၏ အလိုလိုက်မှုကို ခံခဲ့ရသဖြင့် ဤမျှပင်ပန်းသော အလုပ်ကြမ်းများကို တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။
"အရှက်မရှိတဲ့ လူနှစ်ယောက်ကတော့ ကမ္ဘာပေါ်မှာ အလိုက်ဖက်ဆုံးပဲ"
ဟု သူမက ကျိုးစီစီနှင့် လီထျန်ကို ရည်ရွယ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
မင်ယွဲ့သည် ထိုမိန်းကလေးငယ်၏ နာကျင်နေမှုကို မြင်သောအခါ သနားစိတ် ဖြစ်ပေါ်လာမိသည်။ သူမသည် အာကာသသိုလှောင်ရုံထဲမှ ဆေးဘူးလေးကို ထုတ်ကာ လျိုယဲ့ထံသို့ လျှောက်သွားလိုက်သည်။
"မမင်... ဘာများ ကူညီပေးရမလဲဟင်”
လျိုယဲ့က ထိတ်လန့်တကြား မေးသည်။
"ရော့... ဒါကို ယူထား ဒီဆေးလေး လိမ်းလိုက်ရင် နာကျင်တာ သက်သာသွားလိမ့်မယ်"
မင်ယွဲ့က ဆေးဘူးလေးကို ကမ်းပေးလိုက်ပြီး ယွမ်ပေါ့ကို ပွေ့ချီကာ အေးဆေးစွာ ထွက်ခွာသွားသည်။
ဤရိုးရှင်းလှသော အပြုအမူလေးက Live Stream ကြည့်ရှုသူများ၏ နှလုံးသားကို ထပ်မံ ဖမ်းစားလိုက်ပြန်သည်။
ညစာစားချိန်တွင် စားပွဲသုံးလုံးခွဲ၍ စားကြရသည်။
မင်ယွဲ့နှင့် ဒါရိုက်တာအဖွဲ့က တစ်ဝိုင်း၊ ဝန်ထမ်းများက တစ်ဝိုင်းနှင့် အနုပညာရှင် ၅ ဦးက တစ်
ဝိုင်းဖြစ်၏။
ကျိုးစီစီသည် ကျေးလက်မှ ရိုးရှင်းလှသော ဟင်းလျာများကို ကြည့်ကာ မျက်နှာပျက်နေပြီး—
"ကျွန်မ ဝိတ်ချနေလို့ မစားတော့ဘူး"
ဟု ဆင်ခြေပေးကာ ထွက်သွားသည်။
ဒါရိုက်တာ ဝူလျန်က—
“ဒါက ကျွန်တော်တို့ စီစဉ်ပေးတဲ့ နောက်ဆုံးညစာပဲနော် မနက်ဖြန်ကစရင်တော့ ကိုယ့်ဘာသာကိုယ် တာဝန်တွေ ထမ်းဆောင်ပြီး စားစရာရှာရတော့မှာ"
ဟု သတိပေးလိုက်ရာ လျိုယဲ့မှာ အငမ်းမရပင် ထမင်းကို ကမန်းကတန်း စားတော့သည်။
မင်ယွဲ့၏ စားပွဲတွင်မူ ဟင်းလျာများမှာ အလွန်ပင် စုံလင်လှသည်။
ယွမ်ပေါ့ကလည်း မင်ယွဲ့၏ ပေါင်ပေါ်တွင် လှဲလျောင်းရင်း အမဲသားခြောက်များကို တမြုံ့မြုံ့ ဝါးနေသည်။ မလှမ်းမကမ်းမှ လျိုယဲ့သည် မင်ယွဲ့တို့ စားပွဲမှ အသားခြောက်များကို တပ်မက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ မင်ယွဲ့မှာ မထိန်းနိုင်ဘဲ တဟားဟားနှင့် ရယ်မောမိပါတော့သည်။