← Chapters

ကျွန်ုပ် ကျွေးမွေးစောင့်ရှောက်ပါမည်

Vol. 17 Ch. 168

ကျွန်ုပ် ကျွေးမွေးစောင့်ရှောက်ပါမည်

Vol. 17 Ch. 168

မင်ယွဲ့သည် မိုဟန်ကျီနှင့်အတူ ထမင်းလက်ဆုံစားဖူးသည်မှာ ယခုတစ်ကြိမ်တည်း မဟုတ်သလို၊ မိုဟန်ကျီက သူမအတွက် ဟင်းခပ်ပေးသည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်ပေ။

ထို့ကြောင့်ပင် သူတို့နှစ်ဦး၏ လှုပ်ရှားမှုများက သဘာဝကျနေပြီး မျက်နှာအမူအရာများမှာလည်း တည်ငြိမ်အေးဆေးနေခြင်း ဖြစ်သည်။

သို့သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူအများနှင့် အွန်လိုင်းမှ ပရိသတ်များ၏ အမြင်တွင်မူ ထိုမြင်ကွင်းသည် အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေလေသည်။

ယွမ်ပေါ့က သူတို့နှစ်ဦးကို တစ်လှည့်စီ မော့ကြည့်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် စားမြဲအတိုင်း ဆက်စားနေ၏။

ကျေးလက်တောဓလေ့ ဟင်းလျာများ၏ မွှေးပျံ့သော ရနံ့နှင့် စစ်မှန်သော အရသာတို့က လူတိုင်းကို သွားရည်ကျစေကာ မြိန်ရည်ယှက်ရည် စားသုံးနေကြသည်။

"ကြည့်စမ်း... ရှင်းယောင်ရဲ့ ဥက္ကဋ္ဌမိုက မင်ယွဲ့ပရဟိတ ဖောင်ဒေးရှင်းကို ယွမ် သန်း ၅၀ တောင် လှူလိုက်တာ အလှလေးတစ်ချက် ပြုံးဖို့အတွက် ငွေပုံအော သုံးလိုက်တာပဲ တကယ့်ကို အားကျစရာ အချစ်ဇာတ်လမ်းလေးပဲ"

"ငါကတော့ အဲဒီလိုမထင်ဘူး မစ္စတာမိုက အမြော်အမြင် ကြီးမားလို့ နိုင်ငံတော်ရဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးမှာ ပါဝင်ကူညီတာ ဖြစ်မှာပါ"

"ဟဲဟဲ... မျက်စိမကန်းစမ်းပါနဲ့ ရှင်းယောင်

လုပ်ငန်းစုမှာ ကိုယ်ပိုင် ဖောင်ဒေးရှင်းရှိတာပဲ အခုက မင်ယွဲ့ကြောင့် ဆိုတာ သိသာနေတာပဲကို"

"တော်ကြစမ်းပါ... မင်ယွဲ့က တကယ့်ကို အရည်အချင်းရော အလှအပပါ ပြည့်စုံတဲ့သူပါ"

လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ချက်များ မြိုင်ဆိုင်နေသလို ယွမ်ပေါ့၏ စိတ်လှုပ်ရှားမှုတို့ကလည်း အစာစားချင်စိတ်အဖြစ် ပြောင်းလဲသွားကာ ၎င်း၏ ကျော်ကြားမှုရမှတ်များမှာ တရိပ်ရိပ် ထိုးတက်နေတော့သည်။

မိုဟန်ကျီကမူ ယွမ်ပေါ့သည် သူ့ကို ခင်တွယ်နေသည်ဟု ထင်မှတ်ကာ ၎င်း၏ ဦးခေါင်းလုံးလုံးလေးကို မြတ်နိုးစွာ ပွတ်သပ်ပေးနေ၏။

ယွမ်ပေါ့၏ အမည်းရောင် နားရွက်လေးများက လှုပ်ခတ်သွားပုံမှာ ကြည့်ရသည်မှာ အလွန်ပင် ချစ်စရာ ကောင်းလှသည်။

လီယွမ်ရွာသားများသည် စောင်များ၊ အဝတ်အထည်များနှင့် နေ့စဉ်သုံး ပစ္စည်းများကို ထပ်မံ လက်ခံရရှိကြသည်။

သူတို့၏ မျက်ဝန်းထဲတွင် မင်ယွဲ့တို့အဖွဲ့မှာ ဒုက္ခတွင်းမှ ကယ်တင်ပေးသည့် ကျေးဇူးရှင်များပင် ဖြစ်သည်။

မင်ယွဲ့တို့က သူတို့အတွက် ကျောင်းဆောက်ပေးမည့်အပြင် စိုက်ပျိုးရေး နည်းပညာရှင်များပါ စေလွှတ်ပေးမည်ဟု ကြားသိရသောအခါ ရွာသားများမှာ ကျေးဇူးတင်လွန်းသဖြင့် မည်သို့ပင် စကားလုံးဖွဲ့ရမည်ကိုပင် မသိတော့ပေ။

ရိုက်ကူးရေးအဖွဲ့သည် ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်ကြပြီ ဖြစ်သည်။

နောက်ထပ် အပိုင်းသစ်တွင်မူ ဧည့်သည်များ စိတ်ကူးယဉ်ထားသော ကဗျာဆန်သည့် နေရာသစ်တစ်ခုသို့ ခရီးဆက်ကြရဦးမည်။

"အားလုံးပဲ ကျေးဇူးတင်ပါတယ်"

ဘတ်စ်ကားပေါ်သို့ တက်ကြစဉ် လီယွမ်ရွာသားများမှာ မျက်ရည်ဝဲလျက် ကလေးငယ်များ၏ လက်ကိုဆွဲကာ လက်ဝှေ့ယမ်း နှုတ်ဆက်နေကြသည်။

"နောက်လည်း လာလည်ကြပါဦးနော်"

မင်ယွဲ့တို့သည် သူတို့၏ ကျော်ကြားမှုနှင့် အရှိန်အဝါကို အသုံးချကာ ဆင်းရဲတွင်းနက်လှသော ဤရွာလေး၏ ပထမခြေလှမ်းကို အောင်မြင်စွာ လှမ်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ရှေ့ဆက်ရမည့် ရေရှည်တိုက်ပွဲမှာမူ အွန်လိုင်းအသုံးပြုသူများ၏ စောင့်ကြည့်မှုနှင့် မင်ယွဲ့ ပရဟိတ ဖောင်ဒေးရှင်း၏ စနစ်တကျ အကောင်အထည်ဖော်မှုတို့အပေါ်တွင် မူတည်နေတော့သည်။

မင်ယွဲ့သည် လာစဉ်က ဒါရိုက်တာ၏ ကားနှင့် လာခဲ့သော်လည်း ပြန်သည့်အခါတွင်မူ မိုဟန်ကျီ၏ ကားပေါ်သို့ ရောက်ရှိသွားသည်။

လက်ထောက်လင်မှာမူ မိမိကိုယ်ကိုယ် ချီးကျူးမဆုံး ဖြစ်နေ၏။ သူသည် ဖျတ်လတ်စွာပင် မစ္စမင်ကို ကားထဲသို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

"မြို့ပြန်ရောက်ရင် ဘာတွေလုပ်ဖို့ ရှိသေးလဲ"

ဟု မိုဟန်ကျီက မေးသည်။

"ထူးထူးခြားခြားတော့ မရှိပါဘူး ကျောင်းစာတွေကိုပဲ ပုံမှန်အတိုင်း ပြန်လေ့လာရမှာပါ"

ဟု မင်ယွဲ့က တည်ငြိမ်စွာ ဖြေသည်။

"မင်းတို့ ကုမ္ပဏီက မာကတ်တင်းတွေမှာ အရမ်းတော်တယ်လို့ ကိုယ် ကြားထားတယ် ကိုယ်တို့ ထုတ်ကုန်အသစ် တစ်ခုအတွက် မိတ်ဆက် ကြော်ငြာတွေ လုပ်ဖို့ လိုအပ်နေတာ စိတ်ဝင်စားလား အားတဲ့အခါ တစ်ချက်လောက် ဆွေးနွေးကြည့်ရအောင်"

မိုဟန်ကျီသည် မင်ယွဲ့နှင့် အဆက်အသွယ် မပြတ်လိုသဖြင့် တိုက်ရိုက်ပင် အလုပ်ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

"ကုမ္ပဏီရဲ့ တာဝန်ခံ ကျန်ဟင်နဲ့ ဆက်သွယ်

လိုက်ရင် ရမလား"

မင်ယွဲ့သည် ဤမျှ ကြီးမားသော လုပ်ငန်းစုက သူမကို ဆက်သွယ်လာလိမ့်မည်ဟု မထင်ထားသော်လည်း ကုမ္ပဏီကိစ္စဖြစ်၍ တာဝန်ခံ ကျန်

ဟင်နှင့်သာ တရားဝင် ဆွေးနွေးစေလိုသည်။

မင်ယွဲ့သာမက လက်ထောက်လင်ပင် အံ့အားသင့်သွားရသည်။

ရှင်းယောင်လုပ်ငန်းစုသည် ထုတ်လုပ်ရေးမှ စတင်ကာ နည်းပညာ၊ ဘဏ္ဍာရေးနှင့် သတင်းအချက်အလက် ကဏ္ဍများအထိ ထိပ်တန်းသို့ ရောက်ရှိနေသော ကုမ္ပဏီကြီး ဖြစ်သည်။

ဤကဲ့သို့သော စီမံကိန်းအသေးစားလေးများကို သူတို့၏ ကိုယ်ပိုင်အဖွဲ့ဖြင့်ပင် လုပ်ဆောင်နိုင်ပါလျက် အဘယ်ကြောင့် အခြားကုမ္ပဏီကို ငှားရန် စဉ်းစားရသနည်း။

သူဌေးတွင် အခြားရည်ရွယ်ချက် ရှိနေသည်မှာ သိသာလှသည်။

"မင်းနဲ့ပဲ တိုက်ရိုက် မရဘူးလား"

မိုဟန်ကျီ၏ အသံသည် နိမ့်ဆင်းကာ အနည်းငယ် တုန်ယင်နေသည်။

မင်ယွဲ့နှင့် ရင်ဆိုင်ရသောအခါ သူ၏ ခက်ထန်သော ဥက္ကဋ္ဌ ဂုဏ်ပုဒ်များ ပျောက်ကွယ်သွားကာ အသံနေအထားမှာ ဆွဲဆောင်မှုရှိသော ဂယက်တစ်ခုကဲ့သို့ နူးညံ့သွားရသည်။

မင်ယွဲ့သည် သူ၏ နက်ရှိုင်းသော မျက်ဝန်းများကို ကြည့်မိရာမှ ထိုအကြည့်ထဲတွင် နစ်ဝင်သွားကာ အလိုလိုပင် ခေါင်းညိတ်မိသွားသည်။

"ရ... ရပါတယ်"

ပြောပြီးမှသာ သူမ ဘာပြောလိုက်မိသည်ကို သတိထားမိတော့သည်။

"ဒါဆို အတည်ပဲနော်"

မိုဟန်ကျီ၏ ရုပ်ရည်၊ အသံနှင့် လှပသော လက်ချောင်းများမှာ မြင်သူတိုင်းကို စွဲမက်စေနိုင်သည်။

"ဘာဖြစ်လို့လဲ"

မင်ယွဲ့ ငေးမောနေသည်ကို မြင်သောအခါ မိုဟန်ကျီက တိုးတိုးလေး မေးလိုက်သည်။

"အာ... ဘာမှ မဟုတ်ပါဘူး"

မင်ယွဲ့သည် သတိပြန်ဝင်လာကာ အတွေးများကို ခါထုတ်ပစ်လိုက်သည်။ ယွမ်ပေါ့ကလည်း ထူးဆန်းနေသော မင်ယွဲ့ကို တစ်ချက်ကြည့်ပြီး မိုဟန်ကျီ၏ ပေါင်ပေါ်တွင် ပြန်အိပ်ပျော်သွားပြန်သည်။

လေဆိပ်သို့ ရောက်သောအခါ ဝူလျန်က အထူးတလည် လာရောက်နှုတ်ဆက်သည်။

"မစ္စမင်... နောက်တစ်ခေါက် အစီအစဉ်မှာရော ပါဦးမလားခင်ဗျာ"

မင်ယွဲ့က ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်

သည်။

"မပါတော့ပါဘူး။ ကျောင်းစာတွေလည်း ရှိသေးလို့ပါ နောက်တစ်ခေါက် ဘယ်မှာ ရိုက်ဖို့ စီစဉ်ထားလဲ"

"ပင်လယ်ကမ်းခြေမှာလို့ လျာထားပါတယ် အခုတော့ ငှားဖို့ ဗီလာ ရှာနေတုန်းပါပဲ"

မင်ယွဲ့က ခဏမျှ စဉ်းစားပြီး

“အပျော်စီး သင်္ဘောကော လိုမလား ကျွန်မမှာ တစ်စီး ရှိတယ် သင်္ဘောပေါ်မှာ ပါတီလုပ်ချင်ရင် ရိုက်ကူးရေးအဖွဲ့ကို ငှားပေးလို့ ရပါတယ်"

ဟု ဆိုသည်။

သူမအနေဖြင့် ရိုက်ကူးရေးမှ ငွေရခြင်းမှာ မိမိအတွက်လည်း အကျိုးရှိသည်ဟု လက်တွေ့ကျကျ တွေးတောခြင်း ဖြစ်သည်။

"တကယ်လားဗျာ... ကျေးဇူးအများကြီး တင်ပါတယ် မစ္စမင်"

ဝူလျန်မှာ မင်ယွဲ့ကို မည်မျှ ကျေးဇူးတင်ရမည်ကိုပင် မသိတော့ပေ။

"ငါ့မှာလည်း လီယွီမှာ ကမ်းခြေဗီလာ တစ်လုံး ရှိတယ် မင်းတို့အဖွဲ့ ရိုက်ကူးဖို့အတွက် သုံးလို့ ရပါတယ်"

ဟု မိုဟန်ကျီက ဖြည့်စွက်ပြောသည်။

သူသည် မင်ယွဲ့၏ အစီအစဉ် ဖြစ်သဖြင့် မိတ်ဆွေတစ်ဦးအနေဖြင့် အစွမ်းကုန် ကူညီလိုခြင်း ဖြစ်၏။

"မစ္စတာမို... ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ဒါရိုက်တာ ဝူလျန်မှာ နှုတ်ဆက်ရင်းနှင့် ရွက်လှေတစ်စီးနှင့် ဗီလာတစ်လုံးကို အခမဲ့ အသုံးပြုခွင့် ရသွားတော့သည်။

"ကဲ... လိုအပ်တာရှိရင် ဖုန်းဆက်လိုက်ပါဦးကျွန်မတို့ သွားတော့မယ်"

လက်ထောက်လင်က အချက်ပြနေသဖြင့် မင်ယွဲ့သည် ဒါရိုက်တာ၏ ကျေးဇူးတင် စကားများကို ဖြတ်ကာ မိုဟန်ကျီ၏ လက်ကောက်ဝတ်ကို ဆွဲလျက် လေယာဉ်ပေါ်တက်ရန် ထွက်ခွာခဲ့ကြသည်။

လေယာဉ် ဆိုက်ရောက်ပြီးနောက် လက်ထောက်လင်က မင်ယွဲ့ကို အိမ်အထိ လိုက်လံ ပို့ဆောင်ပေးသည်။

"ယွမ်ပေါ့... သွားရအောင်"

ဟု မင်ယွဲ့က အိပ်မောကျနေသော ယွမ်ပေါ့ကို ခေါ်လိုက်သည်။

သို့သော် ယွမ်ပေါ့က တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်နေလေသည်။

"ဟင်း..."

မိုဟန်ကျီက အသာအယာ ရယ်လိုက်သည်။

"သူ့ကို ကိုယ့်ဆီမှာ တစ်ရက် နှစ်ရက်လောက် ထားလိုက်မလား"

ဟု နောက်ပြောင်သလို မေးလိုက်၏။

"ရပါတယ်... ရှင်ပဲ ယူသွားလိုက်တော့"

ယွမ်ပေါ့သည် သာမန် တိရစ္ဆာန်မဟုတ်သဖြင့် အချိန်မရွေး သူမဆီ ပြန်လာနိုင်ကြောင်း မင်ယွဲ့ သိသည်။

မိုဟန်ကျီမှာမူ အံ့အားသင့်သွားရသည်။

မင်ယွဲ့က ယွမ်ပေါ့ကို အလွန် တန်ဖိုးထားသည်ကို သူ သိထားသော်လည်း ယခုကဲ့သို့ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်သည်မှာ သူမ၏ စိတ်ထဲတွင် သူသည် အခြားလူများနှင့် မတူဘဲ ထူးခြားနေ၍လားဟု တွေးတောရင်း ရင်ခုန်သံတို့ မြန်လာရသည်။

မင်ယွဲ့ကမူ မိုဟန်ကျီ၏ ပေါင်ပေါ်တွင် အေးဆေးစွာ အိပ်မောကျနေသော ယွမ်ပေါ့ကို တစ်ချက်ကြည့်ကာ ဘာမှမပြောတော့ဘဲ လှည့်ထွက်လာခဲ့တော့သည်။

All Chapters