ပရဟိတဖောင်ဒေးရှင်း
Vol. 17 Ch. 165
ဒါရိုက်တာ ဝူလျန်သည် တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုသူအရေအတွက် တဟုန်ထိုး မြင့်တက်လာသည်ကို ကြည့်ကာ ဝမ်းသာပီတိ ဖြစ်နေမိသည်။
ဖျော်ဖြေရေးအစီအစဉ်တစ်ခုသည် အနှစ်သာရရှိသော လူမှုအကျိုးပြုလုပ်ငန်းဆီသို့ ဦးတည်သွားနိုင်ခြင်းမှာ သူ၏ ရည်မှန်းချက်ပင် ဖြစ်သည်။
ဒါရိုက်တာငယ်တစ်ဦးအနေဖြင့် သူ လုပ်ဆောင်နိုင်သည်မှာ အစီအစဉ်မှတစ်ဆင့် အကူအညီလိုအပ်နေသော ဆင်းရဲသည့်ကျေးရွာများအပေါ် လူထု၏အာရုံစိုက်မှုကို ရရှိအောင် ဆောင်ရွက်ပေးရန်သာ ဖြစ်သည်။
ထိုရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ပေးသူမှာ မင်ယွဲ့ဖြစ်ပြီး၊ ယခုအခါ သူမသည် ကိုယ်တိုင်ကိုယ်ကျပင် အင်တိုက်အားတိုက် ပံ့ပိုးပေးနေပြီ။
ကျိုးယိနှင့် အဖွဲ့သားများမှာလည်း စကားတစ်ခွန်းမျှပင် မဆိုတော့ဘဲ အင်္ကျီလက်များကို လိပ်တင်ကာ ထောက်ပံ့ရေးပစ္စည်းများကို ကူညီသယ်ယူပေးကြသည်။
ကားအပြည့် တင်ဆောင်လာသော ပစ္စည်းများကို ကြည့်ပြီး လီထျန်မှာမူ အလုပ်ပြီးနိုင်တော့မည်မဟုတ်ဟု တွေးကာ စိတ်ပျက်နေမိသည်။ သို့သော် မိန်းကလေးများဖြစ်ကြသည့် လျိုယဲ့နှင့် မင်ယွဲ့တို့ပင် ကိုယ်တိုင်လုပ်ကိုင်နေသည်ကို မြင်သောအခါ သူသည်လည်း ကင်မရာရှေ့တွင် ပျင်းရိနေရန် မဝံ့တော့ဘဲ မလိုလားသော်လည်း အလုပ်ထဲသို့ ဝင်ပါလိုက်ရတော့သည်။
ပစ္စည်းများအားလုံး သယ်ယူပြီးစီးသောအခါ အတော်ပင် အချိန်ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ဒါရိုက်တာမှာ ယနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းနေသဖြင့် သူတို့ကို အခက်အခဲ မပေးတော့ဘဲ အရသာရှိသော ဟင်းလျာများဖြင့် အထူးဧည့်ခံကျွေးမွေးသည်။
ရွာသားများကလည်း စေတနာအပြည့်ဖြင့် သူတို့အိမ်မှ ထူးခြားသော ဒေသထွက် စားသောက်ဖွယ်ရာများကို လာရောက်ပေးပို့ကြရာ ကျိုးယိတို့အဖွဲ့မှာ ကျေးလက်ဆန်သော ဟင်းလျာများကို မြည်းစမ်းရင်း ထူးခြားသော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
ဒါရိုက်တာဝူက ကြည့်ရှုသူများ၏ လှူဒါန်းလိုသော ဆန္ဒများကို မင်ယွဲ့ထံ တင်ပြကာ အကြံဉာဏ်တောင်းခံသည်။
မင်ယွဲ့က ခဏမျှ စဉ်းစားပြီးနောက် -
“ရိုက်ကူးရေးအဖွဲ့ကနေ လှူဒါန်းမှုလမ်းကြောင်းဖွင့်ဖို့ဆိုတာက သိပ်ပြီး လက်တွေ့မကျဘူး အဖွဲ့က နောက်ရက်အနည်းငယ်အတွင်းမှာ ပြန်ကြမှာဆိုတော့ ဒီနေရာအတွက် လိုအပ်တဲ့ အကူအညီတွေကို ရေရှည်ဆောင်ရွက်ပေးနိုင်မှာ မဟုတ်
ဘူး”
ထို့ကြောင့် မင်ယွဲ့သည် သူမကိုယ်ပိုင် တည်ထောင်ထားသော ‘မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်း’ ကို သတိရလိုက်သည်။
မူလက သူမ၏ ကိုယ်ပိုင်ရင်းနှီးငွေဖြင့်သာ လည်ပတ်နေခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ စနစ်တကျ လုပ်ထုံးလုပ်နည်းများဖြင့် အများပြည်သူထံမှ အလှူငွေကောက်ခံသည့် လုပ်ငန်းစဉ်ကို စတင်ရန် ဆုံးဖြတ်လိုက်၏။
“ကျွန်မမှာ ပရဟိတဖောင်ဒေးရှင်းတစ်ခု ရှိတယ် အဲဒါက လူတိုင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်
လိမ့်မယ်လို့ ထင်ပါတယ်”
မင်ယွဲ့သည် ရွှီခယ်ထံသို့ ဖုန်းဆက်ကာ အများပြည်သူ လှူဒါန်းနိုင်မည့် ဌာနတစ်ခုကို ဖွဲ့စည်းရန်နှင့် ရရှိလာသော အလှူငွေများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ဖော်ပြရန် ညွှန်ကြားလိုက်သည်။
ဝူလျန်သည် မင်ယွဲ့၏ ဖုန်းပြောဆိုမှုကို နားထောင်ရင်း သူမသည် ပိုမိုခန့်ညားထည်ဝါပြီး နက်နဲသော အရှိန်အဝါရှိသူတစ်ဦး ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ မကြာမီမှာပင် ဒါရိုက်တာဝူက မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်း၏ လင့်ခ်ကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် တင်
ပေးလိုက်သည်။
# လှူဒါန်းလိုသူများအနေဖြင့် ‘မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်း’ မှတစ်ဆင့် ‘ယွမ်ပေါ့ကျေးရွာသို့ လှူဒါန်းခြင်း’ ဟူသော ခေါင်းစဉ်ကို ရှာဖွေကာ ပါဝင်နိုင်ပါသည် #
အစပိုင်းတွင် အချို့သော ကြည့်ရှုသူများက သံသယဖြစ်ကာ ဝေဖန်လာကြသည်။
“ဒါရိုက်တာအဖွဲ့က ဒီမင်ယွဲ့ဆိုတဲ့သူနဲ့ တမင်
ပေါင်းပြီး လုပ်နေတာလား ဒီဖောင်ဒေးရှင်းအကြောင်း တစ်ခါမှ မကြားဖူးပါဘူး ငါတို့ ပိုက်ဆံတွေ ဘယ်ရောက်ကုန်မလဲ ဘယ်သူသိမှာလဲ”
မင်ယွဲ့က သူမ၏ အကောင့်ထဲသို့ ဝင်ရောက်ကာ မကြာသေးမီက သူမ ထည့်ဝင်ထားသော ငွေ ၂ ဘီလီယံ၏ အချက်အလက်များကို ဖော်ပြလိုက်
ရင်း အေးဆေးတည်ငြိမ်စွာပင် တုံ့ပြန်လိုက်
သည်။
“ကျွန်မမှာ ငွေကြေးချို့တဲ့မှု မရှိပါဘူး ဒီဖောင်ဒေးရှင်းကို တည်ထောင်ရတဲ့ မူလရည်ရွယ်ချက်က ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ကူညီဖို့ပါ အကယ်၍ ကျွန်မကို မယုံကြည်ဘူးဆိုရင် တခြားသော ပရဟိတအဖွဲ့အစည်းတွေကို ရွေးချယ်နိုင်ပါတယ်”
သူမ၏ ပြတ်သားသော စကားလုံးများကြောင့် လူအများမှာ သံသယကင်းစင်သွားကြပြီး အလှူငွေများ တရစပ် ဝင်ရောက်လာတော့သည်။
အထူးသဖြင့် ကျန်းမင်း၊ ကျိုးယိနှင့် ကျောက်လင်းကျန့်တို့၏ ပရိသတ်များမှာ မိမိတို့၏ အိုင်ဒေါများအမည်ဖြင့် အပြိုင်အဆိုင် လှူဒါန်းကြသည်။
လျိုယဲ့ကလည်း သူမ၏ လုပ်အားခ ၅ သိန်းအနက် ၄ သိန်းကို တိုက်ရိုက်လှူဒါန်းလိုက်သည်။
လီထျန်မှာမူ အခြေအနေအရ မလှူလျှင်လည်း မဖြစ်သဖြင့် အံကြိတ်ကာ ၄ သိန်း လှူဒါန်းလိုက်ရသော်လည်း စိတ်ထဲတွင်မူ ‘အလှူရှင်မတွေ’ ဟု ကျိန်ဆဲနေတော့သည်။
ထိုစဉ် မင်ယွဲ့သည် ဒါရိုက်တာ၏ ကွန်ပျူတာကို ခေတ္တငှားရမ်းကာ တစ်စုံတစ်ခုကို စာရိုက်
နေသည်။
“ဒါရိုက်တာ၊ ကွန်ပျူတာကို ခဏမထိပါနဲ့ဦးကျွန်မ အပြင်ထွက်ပြီး ဓာတ်ပုံအချို့ သွားရိုက်
လိုက်ဦးမယ်”
မင်ယွဲ့ ထွက်သွားပြီးနောက် ဝူလျန်က ကွန်ပျူတာမျက်နှာပြင်ကို ကြည့်လိုက်သောအခါ -
# ကျေးရွာ - မေတ္တာနှင့် မျှော်လင့်ချက် #
ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို တွေ့လိုက်ရသည်။
မင်ယွဲ့၏ ရိုးရှင်းသော်လည်း နှလုံးသားကို ထိခိုက်စေသော အရေးအသားမှာ အလွန်ပင် ကောင်းမွန်လှသည်။
မင်ယွဲ့သည် ကင်မရာတစ်လုံးဖြင့် အပြင်သို့ ထွက်လာစဉ် လျိုယဲ့ကလည်း စိတ်ဝင်တစား လိုက်ပါလာ၏။
“မမမင်ယွဲ့၊ ဘာလို့ ကလေးတွေရဲ့ အပြုံးတွေကိုပဲ ရိုက်နေတာလဲ ပရဟိတ ကြော်ငြာတွေဆိုရင် ဆင်းရဲဒုက္ခရောက်နေတဲ့ ပုံတွေ၊ ငိုနေတဲ့ ပုံတွေကို ရိုက်မှ လူတွေက ပိုပြီး စာနာကြတာ မဟုတ်ဘူးလား”
မင်ယွဲ့က ရှင်းအာတို့ ကလေးတစ်သိုက်၏ ပျော်ရွှင်နေသော ပုံရိပ်ကို ဖမ်းယူရင်း ညင်သာစွာ ဆိုလိုက်သည်။
“ငါကတော့ အဲဒီလို မထင်ဘူး ကျေးရွာမှာ သယံဇာတတွေ မရှိပေမဲ့၊ ရိုးသားတဲ့ လူမှုဓလေ့တွေ ရှိတယ် ဒုက္ခတွေကြားထဲမှာတောင် ကလေးတွေရဲ့ အပြုံးက လှပနေတုန်းပဲ သူတို့ရဲ့ အကောင်းမြင်စိတ်နဲ့ ဘဝအပေါ် ရိုးရိုးရှင်းရှင်း ပျော်ရွှင်တတ်မှုကမှ လူတွေရဲ့ နှလုံးသားကို ပိုပြီး ထိခိုက်စေနိုင်တာလေ”
လျိုယဲ့သည် မင်ယွဲ့၏ အမြင်ကျယ်လှသော စကားများကို ကြားရသောအခါ သူမ၏ တွေးခေါ်ပုံမှာ မှန်ကန်လှသည်ဟု ခံစားလိုက်ရတော့သည်။