အလွန်အမင်း ချိုမြိန်ခြင်း
Vol. 17 Ch. 167
မင်ယွဲ့၏ လက်ကိုင်ဖုန်း မြည်လာသည်။ ရွှီခယ်ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်၏။
"အလုပ်ရှင်... ရှင်းယောင်လုပ်ငန်းစုက မစ္စတာမိုက ကျွန်တော်တို့ မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်းကို ယွမ် သန်း ၅၀ တိုက်ရိုက် လှူဒါန်းလိုက်ပါတယ် လီယွမ်ကျေးရွာအတွက် သီးသန့်မဟုတ်ဘဲ ကျွန်တော်တို့ ဖောင်ဒေးရှင်းဆီကို တိုက်ရိုက် လွှဲ
ပေးလိုက်တာပါ"
ဖုန်းချလိုက်ပြီးနောက် မင်ယွဲ့သည် မိုဟန်ကျီကို စူးစမ်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်
မိသည်။
"ရှင့်ရဲ့ လုပ်ငန်းစုမှာ သီးသန့် ပရဟိတဌာန ရှိနေတာပဲကို ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျွန်မရဲ့ ဖောင်ဒေးရှင်းကို လှူရတာလဲ"
ဟု မင်ယွဲ့က တဲ့တိုးပင် မေးခွန်းထုတ်လိုက်သည်။
မိုဟန်ကျီက နှုတ်ခမ်းပါးတို့ ကွေးညွတ်ရုံ ပြုံးလိုက်ရင်း
“ပရဟိတ လုပ်တာပဲ မဟုတ်ဘူးလား"
ဟု ပြန်လည် ဖြေကြားသည်။
"ဒါက မတူဘူးလေ"
ဟု မင်ယွဲ့က တိုးတိုးလေး ရေရွတ်လိုက်မိ၏။
ရွာလူကြီးမှာမူ မင်ယွဲ့ကို လာဘ်လာဘ ဆောင်သည့် နတ်ဘုရားမတစ်ပါးကဲ့သို့ပင် အကြည်ညိုကြီး ကြည့်နေတော့သည်။
သူတို့ရွာလေး၏ ကံကြမ္မာသည် တကယ်ပင် ပြောင်းလဲတော့မည် မဟုတ်ပါလား။ ဝူလျန်ကလည်း ရိုက်ကူးရေးအဖွဲ့နှင့်အတူ ပါလာသော စားဖိုမှူးအား ကောင်းမွန်သော အသားငါး၊ ဟင်းသီးဟင်းရွက်များဖြင့် ဧည့်ခံကျွေးမွေးရန် အလျင်အမြန် ညွှန်ကြားလိုက်လေသည်။
"မစ္စ မင်..."
ထောက်ပံ့ရေး ပစ္စည်းများကို စနစ်တကျ စီစဉ်ပြီးနောက် လင်ကျင်းသည် မိုဟန်ကျီ၏ နောက်တွင် လာရောက် ရပ်တန့်သည်။
"လက်ထောက်လင်"
လက်ထောက်လင်သည် ဥက္ကဋ္ဌမို အားထားရဆုံးသူ ဖြစ်ကြောင်း လူတိုင်းသိကြသည်။
သူက မင်ယွဲ့အပေါ် ရင်းနှီးလေးစားစွာ ဆက်ဆံနေသည်ကို မြင်သောအခါ မင်ယွဲ့တွင် သူတို့မသိသေးသော မည်သည့် ဂုဏ်ပုဒ်များ ရှိနေဦးမည်နည်းဟု အားလုံးက ပိုမို စိတ်ဝင်စားသွားကြသည်။
"ကိုယ့်ကို ပတ်ဝန်းကျင်လေး လိုက်မပြဘူးလား"
မိုဟန်ကျီ ရောက်လာကတည်းက သူ၏ မျက်ဝန်းအစုံသည် မင်ယွဲ့ထံမှ တစ်ဖဝါးမှ မခွာခဲ့ပေ။
"ရပါတယ်"
မင်ယွဲ့ကလည်း အိမ်ရှင်ပီသစွာ ဧည့်ဝတ်ကျေပွန်ရမည်မှာ သူမ၏ တာဝန်ဟု မှတ်ယူကာ သဘောတူလိုက်သည်။
"ကိုယ် ကူသယ်ပေးရမလား"
မိုဟန်ကျီက သူမရင်ခွင်ထဲရှိ ရွှေတုံးလေး (ယွမ်ပေါ့) ကို ကြည့်ရင်း မေးသည်။
မင်ယွဲ့သည် သူမ၏ ရင်ခွင်ထဲရှိ ယွမ်ပေါ့ကို ငုံ့ကြည့်လိုက်ရာ ၎င်းက သိသိသာသာပင် စိတ်လှုပ်ရှား တက်ကြွနေသည်ကို တွေ့လိုက်ရသည်။
“ဟင်း... ဒီစနစ်က ရုပ်ချောတာကိုပဲ မက်တာလား၊ ဒါမှမဟုတ် ပစ္စည်းဥစ္စာ မက်တာလား မဟုတ်ရင် ယွမ်ပေါ့က ဘာလို့ မိုဟန်ကျီကို မြင်တာနဲ့ ဒီလောက် အသည်းအသန် ဖြစ်နေရတာလဲ”
သူမက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့်
“ရော့... ရတယ်"
ဟု ဆိုကာ ယွမ်ပေါ့ကို လွှဲပေးလိုက်သည်။
"ဆောရီး... ကိုယ် မင်းရဲ့ အချစ်တော်လေးကို အတင်းယူသလို ဖြစ်သွားလား မင်းမပေးချင်ရင် ကိုယ် မချီတော့ပါဘူး"
မိုဟန်ကျီက သူမ စိတ်ဆိုးသွားသည်ဟု ထင်မှတ်ကာ အလျင်အမြန် ချော့မော့ပြောဆိုသည်။
မင်ယွဲ့က ခြေလှမ်းရပ်ပြီး သူ့ကို လှည့်ကြည့်လိုက်မိ၏။ အမြင့်ဆုံးနေရာတွင် ရှိနေသော ဥက္ကဋ္ဌတစ်ယောက်က သူမရှေ့တွင် ယခုကဲ့သို့ အလျှော့ပေး ပြောဆိုနေသည်မှာ နားမလည်နိုင်စရာပင်။
"ကျွန်မ စိတ်မဆိုးပါဘူး"
ဟု မင်ယွဲ့က ရှင်းပြလိုက်သည်။
"လာပါ... ဒီက ကျောင်းလေးကို အရင်သွားကြည့်ရအောင် ဒီမှာ အရင်ဆုံး ကျောင်းဆောက်ပေးဖို့ ကျွန်မ စီစဉ်ထားတယ်"
မင်ယွဲ့က သူ့ကို ရွာ၏ တစ်ခုတည်းသော ကျောင်းလေးဆီသို့ ခေါ်ဆောင်သွားသည်။
ထိုကျောင်းတွင် အတန်း ခြောက်တန်း ရှိသော်လည်း ကျောင်းသားမှာ ၁၉ ဦးသာ ရှိသည်။ ဆရာမှာ နှစ်ဦးတည်းဖြစ်ပြီး ဘာသာရပ် အားလုံးကို နိုင်အောင် သင်ကြားနေရသည်။
ဤကဲ့သို့ နိမ့်ကျသော ပညာရေး အရင်းအမြစ်နှင့် ပတ်ဝန်းကျင်တွင် ကလေးငယ်များအနေဖြင့် ပညာရေးဖြင့် တောင်တန်းကြီးများကို ကျော်
ဖြတ်ရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။
သို့သော် ဤကဲ့သို့ အဆက်အသွယ် ပြတ်တောက်နေသော ရွာလေးအတွက် ကျောင်းသည်သာ ပြင်ပလောကသို့ ဆက်သွယ်ပေးနိုင်သည့် တစ်ခုတည်းသော တံခါးပေါက် ဖြစ်သည်။
မင်ယွဲ့သည် ဤနေရာ၏ ပညာရေးစနစ်ကို အဆင့်မြှင့်တင်ပေးရန် ပြင်းပြသော ရည်မှန်းချက် ရှိနေသည်။
"မင်းရဲ့ စိတ်ကူးက တကယ့်ကို မွန်မြတ်ပါတယ်
ပညာရေးဆိုတာ နိုင်ငံတစ်ခုရဲ့ အုတ်မြစ်ဖြစ်
သလို ကျေးရွာတစ်ရွာရဲ့ အနာဂတ်လည်း ဖြစ်
တယ်"
ဟု မိုဟန်ကျီက ထောက်ခံသည်။
မိုဟန်ကျီသည် ဟောင်းနွမ်းစုတ်ပြတ်နေသော အဆောက်အဦကို ကြည့်လိုက်မိသည်။
မင်ယွဲ့က ကျောင်းဟု မပြောလျှင် သူ သိနိုင်မည် မဟုတ်ပေ။ မြေစိုက်အဆောက်အဦလေးနှင့် စာသင်ခန်း အနည်းငယ်သာ ရှိသည်။ အတွင်းဘက်မှ ကလေးငယ်များ၏ စာဖတ်သံတို့သည် သိပ်မကျယ်လောင်သော်လည်း ဤရွာလေးအတွက်တော့ ပညာရေး မီးအိမ်လေး မငြိမ်းသေးကြောင်း ပြသနေသည့် မျှော်လင့်ချက် သံစဉ်များပင် ဖြစ်သည်။
အပြင်ဘက်တွင် ဆရာတစ်ဦးက စာအုပ်များကို ပိုက်လျက် သစ်ပင်အနီးသို့ သွားကာ ကျောင်းဆင်းချိန်အဖြစ် ခေါင်းလောင်းကို လက်ဖြင့် လှုပ်ခတ်လိုက်သည်။ ကျောင်းသား တစ်ဒါဇင်ခန့်သည် စာသင်ခန်းထဲမှ ပြေးထွက်လာကြပြီး ကွန်ကရစ်ပင် မခင်းရသေးသော ကွင်းပြင်
ကျယ်လေးထဲတွင် ဆော့ကစားကြတော့သည်။
"ပညာရေး မြှင့်တင်ဖို့က အရေးတကြီး လိုအပ်နေတာ လမ်းတွေ ဖောက်ရမယ်၊ ဆရာတွေ ငှားရမယ် ဒါတွေကို တစ်ဆင့်ချင်း လုပ်သွားရမှာ"
"ငါးဖမ်းပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုထိရောက်တယ် မဟုတ်လား အခု မင်းရဲ့ အစီအစဉ်က လူစိတ်ဝင်စားမှု ရနေတုန်းပဲ အလှူငွေတွေနဲ့ ရွာရဲ့ အခြေခံ အဆောက်အဦတွေကို တိုးတက်အောင် လုပ်ပေးလို့ ရပေမယ့် ဒါက သူတို့ကို ရေရှည် ချမ်းသာအောင် မလုပ်ပေးနိုင်ဘူးအခြေခံ လိုအပ်ချက်လောက်ပဲ ဖြေရှင်းပေးနိုင်
မှာ"
မိုဟန်ကျီက သူမအတွက် အခြေအနေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ ပေးနေခြင်း ဖြစ်သည်။
"ရှင့်မှာ ဘာအကြံပြုချက် ရှိလဲ"
ဟု မင်ယွဲ့က သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
သူမ၏ ကြည်လင်သော မျက်ဝန်းအစုံနှင့် ဆုံလိုက်ရသောအခါ မိုဟန်ကျီ၏ ရင်ခုန်သံတို့က တစ်ဒိန်းဒိန်း ဖြစ်သွားရသည်။
"ကိုယ် မင်းရဲ့ အစီအစဉ်ကို ကြည့်ဖူးတယ် ဒီက လိမ္မော်သီးတွေက တကယ် အရည်အသွေး ကောင်းပါတယ် လှူဒါန်းငွေရဲ့ တစ်စိတ်တစ်ပိုင်းကို သစ်သီးပင် စိုက်ပျိုးနည်း နည်းပညာ ပေးနိုင်မယ့် ပညာရှင်တွေ ငှားဖို့ သုံးသင့်တယ်"
"ဒါပေမဲ့ ဒီကနေ အပြင်ကို သယ်ယူဖို့က သိပ်
ခက်ခဲနေတယ်လေ"
ဟု မင်ယွဲ့က လက်တွေ့ကျသော အခက်အခဲကို ထောက်ပြသည်။
"ဘာလို့ အရင်က သူတို့ မရောင်းနိုင်ခဲ့တာလဲဆိုတော့ ပထမက လမ်းခရီးက အရမ်းဝေးပြီး ခက်ခဲတယ် ဒုတိယက ဝယ်လက် အသေအချာ မရှိဘူး။ တတိယကတော့ ကုန်ကျစရိတ်ကို ပြန်မကာမိတာပဲ"
ဟု မိုဟန်ကျီက ပြဿနာများကို တစ်ခုချင်း ထောက်ပြလိုက်သည်။
"နောက်တစ်ခုက သူတို့ စိုက်ပျိုးတာ နည်းလွန်းတော့ အဝေးကို ပို့ဆောင်တဲ့အခါ သယ်ယူ
စရိတ်က မကိုက်တာလည်း ပါတယ်"
ဟု မင်ယွဲ့က ဖြည့်စွက်ပြောသည်။
"မှန်တယ်"
မင်ယွဲ့၏ တက်ကြွဖြတ်လတ်နေသော ပုံစံလေးကို မိုဟန်ကျီက မြတ်နိုးစွာ ကြည့်နေမိသည်။
"အရင်ဆုံး ရွာနဲ့ မြို့ကို ဆက်သွယ်ပေးမယ့် လမ်းကို အချောသတ်မယ် ပြီးရင် ပညာရှင်တွေခေါ်ပြီး အကြီးအကျယ် စိုက်ပျိုးခိုင်းမယ် ဒီရွာက တောင်ပတ်လည် ဝိုင်းနေပြီး မြေဆီလွှာ ကောင်းတော့ စိုက်ပျိုးဖို့ အရမ်းသင့်တော်တယ် နောက်ဆုံးကတော့..."
"နောက်ဆုံးကတော့... ကျွန်မ သူတို့အတွက် ဝယ်လက် ရှာပေးမယ် အလယ်အလတ် ပွဲစားခတွေကို လျှော့ချပြီး တိုက်ရိုက် တင်ပို့နိုင်အောင် စီစဉ်ပေးမယ်"
နှစ်ဦးသား အကြံချင်း တိုက်ဆိုင်သွားကာ ပြုံးလိုက်ကြသည်။ လီယွမ်ရွာလေး ဆင်းရဲတွင်းမှ လွတ်ကင်းစေရန်အတွက် အကြမ်းဖျင်း စီမံကိန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ထိုစဉ် ဖုန်းမြည်လာသည်။
ဒါရိုက်တာက ထမင်းစားရန် လှမ်းခေါ်ခြင်း ဖြစ်၏။
"သွားကြရအောင်... မစ္စတာမိုကို ဒီက စစ်မှန်တဲ့ တောဓလေ့ ဟင်းလျာတွေ ကျွေးရမယ်"
ဟု မင်ယွဲ့က ပြုံးလျက် ဆိုသည်။
ယခုတစ်ခေါက်တွင်မူ ဥက္ကဋ္ဌမိုသည် အရင်ကကဲ့သို့ အလှမ်းဝေးသော သူတစ်ယောက် မဟုတ်တော့ဘဲ သူမအပေါ် ရင်းရင်းနှီးနှီး ရှိလာသည်ကို ခံစားမိသည်။
မိုဟန်ကျီသည် မိန်းကလေး၏ နောက်မှ လိုက်ပါသွားစဉ် သူ၏ မျက်ဝန်းထဲ၌ သူမ၏ ကျောပြင်လေးသာ ထင်ဟပ်နေတော့သည်။
လက်ထောက်လင်မှာမူ မစ္စမင် နှင့် သူ၏ အလုပ်ရှင်တို့၏ ကိုယ်ပိုင်အချိန်ကို မနှောင့်ယှက်လိုသဖြင့် ဝိုင်းတွင် ကြိုတင် နေရာယူထားနှင့်ပြီ ဖြစ်သည်။
လူစိမ်းဆိုလျှင် အနားမကပ်သော ယွမ်ပေါ့က ဥက္ကဋ္ဌမို၏ ရင်ခွင်ထဲတွင် ငြိမ်သက်နေသည်ကို မြင်သောအခါ အားလုံးက အမျိုးမျိုး တွေးတောနေကြတော့သည်။ မင်ယွဲ့ကမူ ဘာမှ သတိမထားမိဘဲ မိုဟန်ကျီကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ပေ။
ကျန်ရှိနေသော ထိုင်ခုံနှစ်လုံးတွင် သူတို့နှစ်ဦး သဘာဝကျကျပင် ယှဉ်တွဲ ထိုင်လိုက်ကြသည်။ မိုဟန်ကျီက မင်ယွဲ့အတွက် ထိုင်ခုံကို လက်တစ်ဖက်ဖြင့် ဆွဲထုတ်ပေးပြီးမှ သူကိုယ်တိုင် ထိုင်ကာ ယွမ်ပေါ့ကို ပေါင်ပေါ်တွင် တင်ထားလိုက်သည်။
"မစ္စတာမို... ကျွန်တော်တို့ ရိုက်ကူးရေးအဖွဲ့ဆီ လာလည်တာ တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ"
ဟု ဒါရိုက်တာ ဝူလျန်က ဖန်ခွက်ကို မြှောက်ကာ နှုတ်ဆက်သည်။
"ခင်ဗျားတို့အဖွဲ့ရဲ့ မွန်မြတ်တဲ့ စိတ်ထားကြောင့်သာ ကျွန်တော်က လာပြီး အားပေးရတာပါ"
ဟု မိုဟန်ကျီက ပြန်လည် တုံ့ပြန်သည်။
မင်ယွဲ့က သူမ၏ အိတ်ကပ်ထဲမှ မုန့်အချို့ကို ထုတ်ကာ ယွမ်ပေါ့ကို ကျွေးရန် ပြင်သည်။
မိုဟန်ကျီက လှမ်းယူလိုက်စဉ် သူတို့၏ လက်ဖျားချင်း မတော်တဆ ထိမိသွားကြသည်။
မင်ယွဲ့က ထိတ်လန့်သွားဟန်ဖြင့် လက်ကို အမြန် ပြန်ရုပ်လိုက်မိ၏။ သူမသည် တစ်ကိုယ်တည်း နေလာသည်မှာ ကြာပြီဖြစ်သဖြင့် အမျိုးသားတစ်ဦးနှင့် ယခုကဲ့သို့ နီးကပ်သော ထိတွေ့မှုကို မရင်းနှီးပေ။
မိုဟန်ကျီ၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားသော်လည်း မျက်နှာကမူ တည်ငြိမ်မြဲ ဖြစ်သည်။
"ကိုယ်ပဲ လုပ်လိုက်ပါ့မယ်"
ဟု သူက မင်ယွဲ့၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
သူ၏ ထွက်သက်ငွေ့နွေးနွေးက ပါးပြင်ကို လာထိသောအခါ မင်ယွဲ့၏ နားရွက်ကလေးများ ရဲတက်သွားသည်။
သူမက လက်ထဲရှိ မုန့်အားလုံးကို သူ၏ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်မိ၏။ ထို မရှောင်လွှဲနိုင်သော ထိတွေ့မှုက နှစ်ဦးသား၏ ရင်ထဲတွင် လျှပ်စစ်စီးသကဲ့သို့ ဖြစ်သွားစေသည်။
သူတို့နှစ်ဦး စက္ကန့်အနည်းငယ်ခန့် အကြည့်ချင်း ဆုံသွားပြီးနောက် မင်ယွဲ့က အကြည့်လွှဲကာ ဘာမှမဖြစ်သကဲ့သို့ ထမင်းကိုသာ အေးအေးဆေးဆေး ဆက်စားနေတော့သည်။
မိုဟန်ကျီကလည်း အကြည့်ကို ရုပ်သိမ်းလိုက်သော်လည်း သူ၏ ပေါင်ပေါ်ရှိ ယွမ်ပေါ့ကိုမူ သတိထား ကြည့်ပေးနေသည်။
မင်ယွဲ့ ပေးထားသော မုန့်များကို ဝတ်စုံအိတ်ကပ်ထဲ ထည့်ထားပြီး ယွမ်ပေါ့ စားပြီးတိုင်း တစ်ခုချင်း ထုတ်ကျွေးနေ၏။
ထိုမြင်ကွင်းကို ကြည့်နေသော လျိုယဲ့၏ စိတ်ထဲတွင် ချိုမြိန်လွန်းသော အချစ်ဇာတ်လမ်း တစ်
ပုဒ်ကို ပုံဖော်နေမိပြီ ဖြစ်သည်။
အာဏာရှိသော ဥက္ကဋ္ဌနှင့် ပါရမီရှင် မိန်းကလေး၊ ပြီးတော့ ပန်ဒါလေးနှင့် တူသောအချစ်တော်လေး။
ကြည့်စမ်း... ဒီမိသားစုလေးက တကယ့်ကို လိုက်ဖက်လွန်းလို့ ရင်ထဲကို ထိလိုက်တာ
လျိုယဲ့သည် မင်ယွဲ့ကို ကြည့်လေလေ ဝတ္ထုထဲမှ မင်းသမီးလေးနှင့် တူလေလေဟု ခံစားနေရသည်။
မိုဟန်ကျီက မင်ယွဲ့ကို ဟင်းများ ခပ်ပေးနေသည်ကို မြင်သောအခါ သူမမှာ ရင်ခုန်လွန်း၍ အော်ဟစ်ချင်စိတ်ကိုပင် အသာအယာ ထိန်းထားရတော့သည်။